နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် သေကံခွဆုံ၊ ၀က်မကျရွာမှ ရိုဟင်ဂျာမိသားစု ၁၅၀ ကျော် အငတ်ဘေးကြုံတွေ့နေရ

RB News
22.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သေကံခွဆုံကျေးရွာအုပ်စု၊ ၀က်မကျကျေးရွာမှ ရိုဟင်ဂျာမိသားစု ၁၅၀ ကျော် အငတ်ဘေးကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် သေကံခွဆုံကျေးရွာအုပ်စု၊ ၀က်မကျကျေးရွာတွင် မိသားစု ၃၅၀ ကျော်ရှိခဲ့ပြီး၊ စက်တင်ဘာလ အတွင်း မြန်မာစစ်တပ် (၃) ကြိမ်တိုင်တိုင် ၀င်ရောက်ခဲ့ခြင်းကြောင့် မိသားစု ၁၅၀ နီးပါး ကြောက်ရွံ၍ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

“ကျွန်တော်တို့ရွာမှာ မိသားစု ၃၅၀ ကျော်ရှိခဲ့တယ်။ ၁၅၀ နီးပါးက စစ်တပ်ဝင်လာတော့ ကြောက်ပြီး ထွက်ပြေးသွားကြတယ်။ အခြားရွာတွေမှာ စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်တာတွေရှိတော့ အကုန်လုံး စစ်တပ်ဝင်လာတာနဲ့ အရမ်းကြောက်ကြတယ်။ စက်တင်ဘာလ အတွင်း ၃ ကြိမ် ၀င်လာတော့ တစ်ခုခုလုပ်လိမ့်မယ်ဆိုပြီး အကုန်လုံး ကြောက်ခဲ့ကြတယ်” ဟု အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

“အခု ရွာထဲမှာ မိသားစု ၂၀၀ စွန်းစွန်းကျန်တယ်။ အဲဒီမှာ မိသားစု ၄၀ ကျော်လောက်က ရိက္ခာစုဆောင်း ထားတာတွေ ရှိလို့ စားနိုင်ပေမယ့် ကျန်တဲ့ ၁၅၀ ကျော်ကတော့ အငတ်ငေးကြုံနေရတယ်” ဟု ၎င်းက ဆိုသည်။

ဝက်မကျကျေးရွာမှ ဒေသခံရိုဟင်ဂျာများသည် ရွာမှ အပြင်သို့ထွက်ခွင့်မရှိခြင်း၊ ဈေးသို့ သွားရောက်၍ ဈေးဝယ်ခွင့် မရှိခြင်း အပြင် မည်သူတစ်ဦးတစ်ယောက်မှ အလုပ်အကိုင် လုပ်ခွင့်မရှိတို့ကြောင့် အငတ်ဘေးကြုံတွေ့နေရခြင်း ဖြစ်ပြီး၊ ယခုကဲ့သို့ ပိတ်ဆို့ထားခြင်းများ ဆက်လက်ရှိနေမည် ဆိုပါက မကြာခင်အတွင်း အငတ်ဘေးကြောင့် သေဆုံးမှုများပင် ရှိလာနိုင်သည်။

ဝက်မကျကျေးရွာမှ ရိုဟင်ဂျာအိမ်အချို့

Comment ရေးရန်

Rohingya Exodus