နောက်ဆုံးသတင်း/ဆောင်းပါးများ

NVC လက်​ခံဖို့ မွတ်စလင်တွေ ဘာကြောင့် ထိတ်လန့်နေတာလဲ



ဖြိုးမေခင်
RB News
21.12.2017

NVC လက်​ခံဖို့ မွတ်စလင်တွေ ဘာကြောင့် ထိတ်လန့်နေတာလဲ

ဒီအဖြေကို တစ်​ခွန်းတည်း တည့်တည့်ဖြေရရင် "အစိုးရ ခေတ်အဆက်ဆက်မှာ လ.ဝ.က က မွတ်စလင်တွေကို သွေးနှောဆိုတဲ့ တံဆိပ်တပ်ပြီး ခွဲခြားဆက်ဆံခဲ့လိုပဲ" ဖြစ်ပါတယ်။

အရင်ကလည်း ယာယီသက်သေခံကဒ်ပြား (​ခေါ်) ဝှိုက်ကဒ် ဆိုတာကို ပေးခဲ့လို့ ရခိုင်ပြည်နယ်မှာ ပြသနာတွေ မီးခိုးကြွက်လျှောက်ဖြစ်နေခဲ့တာ ယနေ့တိုင်အောင် ရှင်းမရသေးပါဘူး။ အခုအချိန်မှာလည်း NVC ဆိုတာကို ပြည်မက မြန်မာမွတ်စလင်တွေကိုပါ ရောရိုက်သွင်းလာတာ တွေ့နေရပါတယ်​။ 

NVC လုပ်ပေး​နေတဲ့ ကိစ္စ ခဏထားပါဦး။ နိုင်ငံသားမှတ်ပုံတင်ကဒ် ရထားတဲ့သူတွေတောင် နိုင်ငံကူးလက်မှတ်ရုံးမှာ ခွဲခြားဆက်ဆံခံနေရခြင်း၊ လွတ်လပ်စွာသွားလာခွင့်မရရှိခြင်း၊ ရခိုင်ရွာ​တွေကို ဝင်ခွင့်မရရှိခြင်း၊ မြို့တစ်မြို့ကနေ အခြားတစ်​မြို့သို့ ဗုဒ္ဓဘာသာတွေလို လွတ်လပ်စွာ သွားခွင့်မရရှိခြင်း၊ ဒီလို ခွဲခြားဆက်ဆံခံနေရတာဟာ လ.ဝ.က လက်ချက်ပဲ မဟုတ်ပါလား။

ဒီလအ​စောပိုင်းပိုင်းမှာ တပ်​မ​တော်​ ကာကွယ်​​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်​မာနိုင်​ငံမှာ ဘာသာရေးဖိနှိပ်မှုနဲ့ ခွဲခြားဆက်ဆံမှု​တွေ မရှိပါဘူးလို့ ပြောသွားတာ တွေ့ရပါတယ်။ အဲ့ဒီတော့ တပ်ချုပ်ကြီးကို ပြောချင်တာက ခွဲခြားဆက်ဆံမှုဆိုတာ ဘာလဲသိအောင် လက်တွေ့စမ်းသပ်ကြည့်​ပါ။ 

- လဝကရုံးကိုသွားပြီး အစ္စလာမ်ဘာသာဝင်အဖြစ် နိုင်ငံသားမှတ်ပုံတင်ကဒ် သွားလျှောက်ကြည့်ပါ။ နိုင်ငံသားမှတ်ပုံတင်ကဒ် ထုတ်ပေးတဲ့အခါ အစ္စလာမ်​ဘာသာဝင်​ဖြစ်​တာနဲ့ ဘင်္ဂါလီ သွေးနှောအဖြစ်၊ အိန္ဒိယသွေးနှောအဖြစ်၊ ပါကစ္စတန်သွေးနှောအဖြစ် ထုတ်ပေးနေတာ  ကိုယ်တိုင် ကြုံဖူးသွားပါလိမ့်မယ်။

- ဘာသာရေးဖိနှိပ်မှု မရှိပါဘူးတဲ့လား။ မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာဝင်​တို့ ဝတ်ပြုသောဗလီ​တွေ များသောအားဖြင့် မီးရှို့ ခံရ၊ ဗလီများစွာ ​သော့ခတ်​ခံရ၊ ​ကောင်းမွန်​အေးချမ်းစွာ စိတ်ငြိမ်စွာဝတ်ပြုခွင့်မရ၊ ပျက်​စီးသွားသော ဗလီများနဲ့ ဟောင်းနွမ်းနေသော ဗလီများကို ပြန်လည်​ ပြုပြင်ခွင့်မရ၊ ဒါတွေက​ရော ဘာလဲ။ ဘာသာရေးဖိနှိပ်မှုမဟုတ်လား။ 

ရခိုင်ပြည်မှာ ယနေ့တိုင်အောင် မီးခိုးကြွက်လျှောက်ပြဿနာတွေဖြစ်နေဆဲ အနေအထားမှာ တစ်​ချိန်​က ယာယီသက်သေခံကဒ်ပြား (​ခေါ်) ဝှိုက်ကဒ်ကြီးကို လက်ခံမိလို့ အမှားကြီး မှားခဲ့ပြီ။ ထပ်​ပြီးတစ်​ခါ အမှားမခံချင်​ဘူး။ ​နောင်​တမရချင်​ဘူး။

NVC ရဲ့ အချိန်​ကာလလည်း သတ်မှတ်ထားခြင်းမရှိဘူး။ NVC ကိုင်ပြီး ဘယ်နှစ်​လအတွင်း နိုင်ငံသားမှတ်ပုံတင်ကဒ် ပြုလုပ်ပေးမယ်ဆိုတာလည်း ပွင့်လင်းမြင်သာမရှိဘူး။ 

လက်ရှိ နိုင်ငံသားမှတ်ပုံတင်ကဒ် တိုက်ရိုက်လုပ်ပေးလို့ရသူတွေကို အရင်​ဆုံး နိုင်ငံသားမှတ်ပုံတင်ကဒ် ထုတ်​မပေးဘဲ တစ်​ခြားလူ​တွေကို ရည်​ရွယ်​ချက်​ရှိရှိ အတင်းအဓမ္မ NVC ထုတ်​​ပေး​နေတာ​ဟာလည်း ​ကောက်​ကျစ်​မှု​တွေပါ​နေတာ အထင်းသား​မြင်​​နေရတယ်​။ 

မြန်မာနိုင်ငံသားစစ်​စစ်​ဆိုပြီး သက်​​သေပြခွင့်​ရရှိမှာမဟုတ်​တဲ့၊ တစ်​ဖက်နိုင်ငံနှင့် သွေးနှောဆိုပြီး သတ်မှတ်ခံနေရတဲ့ ဒီ NVC ကို ကျမတို့ ဘယ်တော့မှ ကိုင်မှာမဟုတ်ဘူး။ 

နိုင်ငံသားဖြစ်နေတဲ့ မွတ်စလင်တွေတောင် နိုင်ငံကူးလက်မှတ်ရုံးမှာ  ခွဲခြားဆက်ဆံခြင်းခံနေရတဲ့ အနေအထားမျိုးမှာ၊ လွတ်လပ်စွာ သွားလာခွင့်မရရှိနိုင်တဲ့ အနေအထားမျိုးမှာ၊ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် မရနိုင်တဲ့ အနေအထားမျိုးမှာ ဘာမှအာမခံချက်​မရှိတဲ့ NVC ကို ကိုင်ပါဆိုတာကတော့ အဆပေါင်းများစွာ နှိပ်ကွပ်နိုင်အောင် ကြိုတင်စီမံနေခြင်း ဖြစ်တယ်လို့သာ ကျမမြင်တယ်။

အမျိုးပျောက်မှာ စိုးကြောက်နေပါတယ်​ဆိုတဲ့ လ.ဝ.က ကြောင့် ကျမတို့ မွတ်စလင် လူနည်းစုတွေလည်း လက်​ရှိ ရင်​ဆိုင်​​နေရတဲ့ နိုင်ငံမဲ့၊ ပြည်မဲ့၊ အိမ်ခြံမဲ့၊ ပိုင်ဆိုင်မှုမဲ့၊ အ​ခြေခံ လူအခွင့်အရေးမဲ့၊ လုပ်ပိုင်ခွင့်မဲ့၊ ပညာသင်ယူခွင့်မဲ့၊ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်မဲ့​နေမှုများထက်​ ပိုပြီးဆိုးရွာ​သော အ​ခြေအ​နေမျိုးနဲ့ ရင်​ဆိုင်​ ဖြစ်​​နေမှာကို အချိန်ပြည့် စိုးကြောက်ထိတ်​လန့်​ နေရပါတယ်လို့ ကျမ ဝန်ခံပါရစေ။

ဆောင်းပါးရှင်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ တက္ကသိုလ်ကျောင်းသူ တစ်ဦး ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus