နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမြို့မှ ငါးဖမ်းစက်လှေပိုင်ရှင်များကို လ.၀.က က NVC ကိုင်ရန် ဖိအားပေးသော်လည်း လက်မခံနိုင်ဟု တုန့်ပြန်

Saed Arkani
RB News
30.12.2017

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ငါးဖမ်းခြင်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများကို မြို့နယ် လ.၀.က မှ အရာရှိများက NVC လက်ခံရန် ထပ်မံ၍ ဖိအားပေးကြောင်း သတင်းရရှိပါသည်။ 

ယနေ့ ဒီဇင်ဘာလ (၃၀) ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် စစ်တွေမြို့နယ် လ.၀.က ဦးစီးအရာရှိနှင့် အခြားဒေသဆိုင်ရာ အာဏာပိုင်များသည် စစ်တွေမြို့နယ် ဘုမေရပ်ကွက် ၀ယာလစ်ရွာရှိ အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိလာပြီး ငါးဖမ်းစက်လှေပိုင်ရှင်များနှင့် တွေ့ဆုံ၍ NVC လက်ခံရန် ဖိအားပေးခဲ့သည်။

လ.၀.က ဦးစီးအရာရှိ ဦးကျော်သန်းက NVC လျှောက်ထားရန်လိုကြောင်း၊ ပြီးလျှင် နိုင်ငံသားကဒ် လျှောက်နိုင်မည် ဖြစ်ကြောင်း၊ ငါးဖမ်းနိုင်ရန်အတွက် NVC လိုကြောင်း၊ NVC မရှိလျှင် ငါးဖမ်းခွင့်ရမည် မဟုတ်ကြောင်း၊ တစ်ဆင့်ပြီး တစ်ဆင့် သွားရမည် ဖြစ်ကြောင်း၊ တစ်ကြိမ်တည်းဖြင့် အကုန်မရနိုင်ကြောင်း ပြောဆို၍ NVC လက်ခံမှ ငါးဖမ်းခွင့်ပေးမည်ဟု ဖိအားပေး ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ဒေသခံရိုဟင်ဂျာများဘက်မှ မိမိတို့တွင် အမျိုးသားမှတ်ပုံတင်ကဒ် ရှိနေသည့်အတွက် NVC ယူရန် မလိုကြောင်း၊ NVC ဆိုသည်မှာ မည်သည့် အထောက်အထားမှ မရှိသူများ အတွက် ဖြစ်ကြောင်း၊ အစိုးရအာဏာပိုင်များက မိမိတို့အား လှည့်ဖြားနေသည်မှာ ဆယ်စုနှစ်ချီနေပြီ ဖြစ်ကြောင်း၊ မိမိတို့အား ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ်ဟု ပါးစပ်ဖြင့် ပြောဆိုခြင်းသာ ရှိကြောင်း၊ စာရွက်စာတမ်း အထောက်အထားများဖြင့် ပြောဆိုခြင်း မရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အာဏာပိုင်များကို မည်သည့်အခါ ယုံကြည်နိုင်မည် မဟုတ်ကြောင်း၊ ယခုအခါ လ.၀.က ၀န်ထမ်းများက လူတစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ မှ သိန်း ၄၀ ယူ၍ ဘင်္ဂလီ လူမျိုးအမည်ဖြင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားများ ထုတ်ပေးလျက် ရှိကြောင်း၊ မိမိတို့ အနေဖြင့် NVC ကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ကြောင်း၊ နောက်နောင် NVC နှင့် ပတ်သက်၍ အစည်းအဝေး မခေါ်ရန် ပန်ကြားလိုကြောင်း ပြောဆို၍ တုန့်ပြန်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

လ.၀.က ဦးစီးအရာရှိ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ငါးဖမ်းစက်လှေ ပိုင်ရှင်များ၏ တွေ့ဆုံပွဲကို နံနက် ၁၁း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။ 




Comment ရေးရန်

Rohingya Exodus