နောက်ဆုံးသတင်း/ဆောင်းပါးများ

တည်ငြိမ်မှု ယိမ်းယိုင်လာနေတဲ့ ရခိုင်ပြည် နိုင်ငံရေး အခြေအနေတွေကြားက ရိုဟင်ဂျာများ

Photo: Nyo Ban/ Irrawaddy

အမ်၊အက်စ် အဏ္ဏ၀ါ
RB News
31.1.2018

လွန်ခဲ့တဲ့ ဇန်န၀ါရီလ (၁၈) ရက်နေ့မှာ ရခိုင်ပြည်မှာ စိတ်ကူးထဲမှာတောင် ဖြစ်လိမ့်မယ်လို့ မတွေးဖူးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။ မြန်မာအာဏာပိုင်တွေက ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဌ ဒေါက်တာအေးမောင် ဖမ်းဆီးလိုက်တာပါ။ ဒေါက်တာအေးမောင်နှင့် အတူ ဖမ်းဆီးထားတဲ့ စာရေးဆရာ ဦးဝေဟင်အောင် တို့နှစ်ဦးကို ဇန်န၀ါရီလ (၂၉) ရက်နေ့ တနင်္လာနေ့မှာ စစ်တွေ အကျဉ်းထောင်ကနေ ရသေ့တောင်ကို ခေါ်ဆောင်သွားပြီး တရားရုံးမှာ စစ်ဆေးခဲ့တယ်။ ပြီးခဲ့တဲ့ဇန်န၀ါရီလ (၁၇) ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်အရ ဆိုရင် ဒေါက်တာအေးမောင် ကို မတရားအသင်း ဆက်သွယ်ရေး ပုဒ်မ ၁၇ (၁)၊ ဆူပူသောင်းကျန်းမှု ပုဒ်မ ၅၀၅ (ခ) နဲ့ နိုင်ငံတော် သစ္စာဖောက်မှု အကြီးစား ပုဒ်မ ၁၂၂ တို့နဲ့ စွဲချက်တင်ထားတာပါ။

ရှင်းရှင်းလင်းလင်း ပြောရရင် ဒေါက်တာအေးမောင်က ဗမာစစ်တပ်နဲ့ ပူးပေါင်းပြီး ၂၀၁၂ ဇွန်လကစပြီး အခု ဖမ်းခံရတဲ့အချိန်ထိ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင် လှုပ်ရှားခဲ့တဲ့ ဖက်ဆစ်ဝါဒီဆန်တဲ့ နိုင်ငံရေးသမား တစ်ယောက် ဖြစ်ပါတယ်။ သို့ပေမယ့်လည်း မြန်မာစစ်တစ်ပိုင်း အစိုးရရဲ့ လူမျိုးတုန်းသတ်ဖြတ်နေမှုမှာ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်နေသူကို ဖမ်းဆီးဖို့ ဘယ်အကြောင်းအရာတွေက လှုံ့ဆော်ခဲ့သလဲ။

စစ်အစိုးရက သူတို့နဲ့ ပူပေါင်းဆောင်ရွက်သူတွေ၊ သူတို့ရဲ့ ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံရေးသမားများနဲ့ သာမန်ပြည်သူတွေကို လိုအပ်သလို အသုံးချပြီးသွားတဲ့ အချိန်မှာ အစွန့်အပစ်ခံ ပစ္စည်းတွေလို ဆက်ဆံတာဟာ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ အသုံးချခံတွေကို စစ်အစိုးရက နောက်ထပ်အသုံးမ၀င်တော့ (သို့မဟုတ်) အန္တရာယ်စိန်ခေါ်မှု အဖြစ် မြင်လာတဲ့အခါ သူတို့ဟာ တစ်ခါသုံး ပစ္စည်းတွေလို စွန့်ပစ်ခံကြရတယ်။ အဲဒါကြောင့် ဒေါက်တာအေးမောင်လည်း စစ်တပ်အတွက် ခြွင်းချက်တစ်ခု မဖြစ်ခဲ့ဘဲ ထုံးစံအတိုင်း နိုင်ငံရေး ကစားကွက်ထဲက အသုံးချခံတစ်ဦးသာ ဖြစ်လာခဲ့တယ်။

ရခိုင့်တပ်မတော် AA, ရခိုင်လွတ်မြောက်ရေးပါတီ ALP စတဲ့ သူပုန်အဖွဲ့အစည်းတွေနဲ့ ဒေါက်တာအေးမောင်တို့ အချိန်ကြာကြာ ဆက်နွယ်မှု ရှိခဲ့ပေမယ့်လည်း အဲဒီဆက်နွယ်မှုတွေက ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်၊ စိန်ခေါ်မှုတွေထက် စစ်တပ်က ဒေါက်တာအေးမောင်ကို နိုင်ငံရေးအရ အသုံးချရာမှာ ပိုပြီး အကျိုးရှိနေတာကို မြင်တာကြောင့် သူတို့ရဲ့ အသုံးချခံ ကိုယ်စားလှယ် တစ်ယောက် အဖြစ် အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ စစ်ဗိုလ်ချုပ်တွေက ဒေါက်တာအေးမောင်ကို အသုံးချခံ နိုင်ငံရေးသမား တစ်ဦးထက် သူတို့ရဲ့ သြဇာအာဏာနဲ့ နိုင်ငံ့အချုပ်အခြာ အာဏာကို ထိပါးလာနေတာ မြင်လာတာကြောင့် ဖမ်းဆီးလိုက်တာပါ။

ရိုဟင်ဂျာတွေ စတင်အကြမ်းဖက်ခံရတဲ့ ၂၀၁၂ ဇွန်လကစပြီး ရခိုင်ပြည်ရဲ့ လူမှုရေးနဲ့ နိုင်ငံရေး အခြေအနေတွေက သိသိသာသာ ယိုယွင်းလာခဲ့တယ်။ အထူးသဖြင့် ၂၀၁၆ အောက်တိုဘာလမှာ ပြည်တွင်းဖြစ် (တုတ်၊ ဓါး ကိုင် အာရ်ကာန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် ARSA အမည်ခံ) လက်နက်ကိုင် အဖွဲ့တစ်ခုက မောင်တောမြို့က လုံခြုံရေးတပ်ဖွဲ့ စခန်းအချို့ ကို ၀င်စီး တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ ဗမာစစ်တပ်နဲ့ ဒေါက်တာအေးမောင်ရဲ့ နောက်လိုက် ရခိုင်-ဗုဒ္ဓဘာသာဝင် အစွန်းရောက်တွေ ပူးပေါင်းပြီး သက်ကြီးရွယ်အို၊ လူကြီး လူငယ် မရွေး အပြစ်မဲ့ ရိုဟင်ဂျာ ရွာသူရွာသားတွေကို စနစ်တကျ လူမျိုးတုန်း သတ်ဖြတ်မှု ပြုလုပ်လာခဲ့တယ်။

အဲဒီအချိန်ကစပြီး ဗမာစစ်တပ်၊ လုံခြုံရေးတပ်ဖွဲ့များနဲ့ ရခိုင်အစွန်းရောက်တွေ ပူးပေါင်းပြီး မောင်တောခရိုင်နဲ့ ရသေ့တောင်မြို့နယ် အတွင်းမှာရှိတဲ့ ရိုဟင်ဂျာ ပြည်သူတစ်သောင်းကျော်ကို သတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့ပြီး ရိုဟင်ဂျာ သိန်းပေါင်းများစွာကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မောင်းထုတ်ခဲ့တာက လူ့သမိုင်းရဲ့ အကြီးမားဆုံး ဘေးဒုက္ခတစ်ခုကို မောင်းခလုတ်နှိပ် (အစပျိုးပေး) လိုက်တာဖြစ်ကြောင်း ကျွန်တော်တို့ မျက်မြင် ကိုယ်တွေ့ ဖြစ်ပါတယ်။

ဇန်န၀ါရီလ (၁၆) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၃၃ ကြိမ်မြောက် ရခိုင့်နိုင်ငံတော်ကျဆုံးခြင်း အထိမ်းအမှတ်ပွဲမှာ ဒေါက်တာအေးမောင်၊ မျက်မှောက်ရေးရာ စာပေဟောပြောသူ ဦးဝေဟင်အောင်နဲ့ အခြားသော ရခိုင်အမျိုးသားအချို့က "ဗမာတွေက ရခိုင်တွေကို သူတို့ရဲ့ ကျွန်များသဖွယ် ဆက်ဆံပါတယ်။ အခုအချိန်က ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေး အခြေအနေအရ ရခိုင်ပြည်နယ်ခွဲထွက်ရေးနဲ့ သီးခြားနိုင်ငံထူထောင်ရေးသို့ ချီတက်ရန် သင့်တော်သည့် အချိန်ဖြစ်တယ်' စသည်ဖြင့် ဟောပြောခဲ့ကြောင်း သတင်းတွေထွက်လာပါတယ်။ သူတို့က အခမ်းအနား တက်ရောက်လာတဲ့ ရခိုင်-ဗုဒ္ဓဘာသာဝင်တွေကို ဗမာအစိုးရရဲ့ လက်အောက်မှာ မနေတော့ဘဲ လက်နက်ကိုင်တပ်ဖွဲ့ (AA ကိုညွန်းခြင်း) နဲ့ပေါင်းပြီး လက်နက်ကိုင်တော်လှန်ကြရန် တိုက်တွန်းခဲ့ကြောင်း သတင်းတွေမှာ ပါလာတယ်။

မြို့ဟောင်းလို့ ယခင်က လူသိများတဲ့ မြောက်ဦးမြို့က အခမ်းအနားကို အာဏာပိုင်တွေက ကြိုတင်ပိတ်ပင်ခဲ့ပေမယ့်လည်း ရခိုင်လူထု ၄၀၀၀ ကျော်လောက် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ပွဲ လုပ်ခဲ့တယ်။ ဆန္ဒဖော်ထုတ်နေသူတွေက လွတ်လပ်ရေး ကြွေးကြော်သံတွေနဲ့ အတူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး လက်နက်တွေ လုယက်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်တယ်။ ရဲတွေက ထုံးစံအတိုင်း လူအုပ်ထဲကို မဆင်မခြင် သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဆန္ဒဖော်ထုတ်နေသူ (၇) ဦး သေဆုံးခဲ့ရပြီး (၁၂) ဦး ဒဏ်ရာရခဲ့တယ်။

အဲဒီဖြစ်စဉ်က မြန်မာအစိုးရအတွက် မဟာမိတ်ကောင်း ရန်သူလှည့်ပြောင်း ဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ဖမ်းဆီးဖို့နဲ့ သူတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းကနေ ဖယ်ထုတ်ဖို့ အချိန်ကိုက် အကြောင်းခံတစ်ခု ဖန်တီးပေးခဲ့သလို ဖြစ်ခဲ့တယ်။ တကယ်လို့ ဒေါက်တာအေးမောင်က ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် (မြန်မာနိုင်ငံရဲ့ တရားရေးစနစ်က စစ်တပ်ကိုသာ ဦးစားပေးပြီး အခြားဟူသမျှကို အလေးမထားတာကြောင့် များသောအားဖြင့် ပြစ်မှုထင်ရှားနိုင်ဖွယ် ရှိပါတယ်) ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရမှာ ဖြစ်ပြီး သေဒဏ်တောင် ခံရနိုင်ဖွယ် ရှိပါတယ်။ (မှတ်ချက် ။ ။ ပြစ်မှုနဲ့ ပြစ်ဒဏ်က အယူခံဝင်ခြင်းနဲ့ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လျော့လာနိုင်ပါတယ်)

ကျွန်တော့်ရဲ့ မေးခွန်းတွေကတော့ “ရန်လိုမှုတွေ တိုးပွားလာနေတဲ့ ရခိုင်ပြည်နယ် နိုင်ငံရေး အခြေအနေ ကစားကွက်ထဲ လူမျိုးတုန်းသတ်ဖြတ်ခံနေရတဲ့ ရိုဟင်ဂျာတွေ ဘယ်မှာ ရပ်တည်နေကြသလဲ၊ သူတို့ရဲ့ နိုင်ငံရေး အကျပ်အတည်းမှာ တစ်စုံတစ်ရာ ရယူနိုင်စွမ်း (သို့မဟုတ်) ဆုံးရှုံးဖို့ ရှိနေသလား၊ သူတို့အတွက် နိုင်ငံရေး၊ လူမှုရေးအရ အသက်ရှုမှန်လာနိုင်မယ့် နေရာတစ်ခု ရနိုင်မလား” ဆိုတာတွေပါ။

ဒေါက်တာအေးမောင်က ရခိုင်ပြည်ရဲ့ လက်တလော အထိမခံတဲ့ ယိုယွင်းနေတဲ့ နိုင်ငံရေးနယ်ပယ်မှာ (အကယ်၍ ကောင်းမွန်စွာ အသုံးချနိုင်ခဲ့ရင်) သီးခြားနိုင်ငံတစ်ခု ထူထောင်လို့ ရလောက်တဲ့အထိ ကြီးမားတဲ့ နိုင်ငံရေး အခွင့်အရေးတစ်ခုကို သိသိသာသာ ထင်ထင်ရှားရှား မြင်ခဲ့တယ်။ ဒါ့ကြောင့် သူက သူ့ရဲ့အလုပ်၊ သူ့ဘ၀မှာ ဘေးအန္တရာယ်ကြုံရမယ် (သို့မဟုတ်) ကာလကြာမြင့်စွာ အကျဉ်းသားဘ၀ကို ရင်ဆိုင်ရမယ် ဆိုတာသိသိနဲ့ ရခိုင်ပြည်သူတွေကို ဗမာအစိုးရကို လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ ပြောရဲခဲ့တာပါ။

ရိုဟင်ဂျာလူထုကို ဦးဆောင်နေတဲ့ ရိုဟင်ဂျာတွေထဲက တစ်ဦးတစ်ယောက်က ရိုဟင်ဂျာတွေ နေ့စဉ်နဲ့ အမျှ ခံနေရတဲ့ အကြမ်းဖက်မှု၊ ဗမာနဲ့ ရခိုင်တွေ (အထူးသဖြင့် ဒေါက်တာအေးမောင် ဦးဆောင်တဲ့ အုပ်စု) ကြားမှာ ကြီးမားလာနေတဲ့ နိုင်ငံရေးဟာကွက်ထဲက ရိုဟင်ဂျာတွေ ရုန်းထွက်နိုင်ဖို့ အတွက် အနည်းဆုံး ရိုဟင်ဂျာတွေရဲ့ အခြေခံ လူ့အခွင့်အရေးနဲ့ ဘ၀လုံခြုံမှုကို ရရှိနိုင်တဲ့ အခွင့်အလမ်းတစ်ခုခု မြင်ရဲ့လား? ဒါမှမဟုတ် ဗမာစစ်တပ်နဲ့ အခြားသူတွေက အခြေအနေတွေ အပေါ် အမြဲတမ်း အမြတ်ထုတ်လေ့ရှိသလို အမြတ်ထုတ်နေတာကို လက်ပိုက်ကြည့်နေလား? ရိုဟင်ဂျာခေါင်းဆောင် တစ်ဦးတစ်ယောက်က ဒေါက်တာအေးမောင်လို စွန့်စားနိုင်မှာလား?

မကြာခင်အချိန်တစ်ခုမှာ ရခိုင်ပြည်က ရခိုင်ခွဲထွက်ရေးဝါဒီ ခေါင်းဆောင်တွေကို ချိန်ညှိဖို့၊ တိုက်ဖျက်ဖို့ အတွက် ဗမာစစ်တပ်က ရိုဟင်ဂျာတွေကို လိုအပ်လာနိုင်ဖွယ် ရှိပါတယ်။ အဲဒါကြောင့် ရိုဟင်ဂျာတွေကို ပြန်လည် လက်ခံရေးနဲ့ အခြားသော နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ စသဖြင့် အကြောင်းအရာ အမျိုးမျိုးနဲ့ ရိုဟင်ဂျာပြည်သူတွေကို ချွေးသိပ်ဖို့ သွေးဆောင်ဖြားယောင်ဖို့ ပြည်တွင်းနဲ့ ပြည်ပမှာ ရှိတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေကို ဗမာအစိုးရက မဟာဗျူဟာအသစ်တွေနဲ့ ချဉ်းကပ်နိုင်တယ်။ ရခိုင်ပြည်နဲ့ ပတ်သက်ပြီး ဗမာစစ်တပ်ရဲ့ မဟာဗျူဟာအသစ်မှာ ARSA နဲ့ အပြန်အလှန် တွေ့ဆုံဆွေးနွေးဖို့တောင် ပါဝင်လာနိုင်တယ်။ အတိအကျတော့ ဘယ်သူသိနိုင်မှာလဲ။

ဒါပေမယ့် စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေက အမြဲတမ်း ယုတ်မာ ကောက်ကျစ်ပြီး၊ ရခိုင်ပြည်မှာရှိတဲ့ လူမျိုးစုတွေကို တစ်စုနဲ့တစ်စု စိတ်ဝမ်းကွဲစေပြီး အပြန်အလှန် တိုက်ခိုက်ဖို့ အဓိကထား လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ဗမာစစ်တပ်ရဲ့ နိုင်ငံရေး သားကောင် အဖြစ်ခံမလား၊ နိုင်ငံရေး အသုံးချခံအဖြစ် အသုံးချခံမလား (သို့မဟုတ်) နိုင်ငံရေးကစားကွက်ထဲက မိမိတို့ရဲ့ လူထုအတွက် အမြတ်တစ်စုံတစ်ရာ ရရှိနိုင်ဖို့ စဉ်းစားကြမှာလား။

ပြည်တွင်းပြည်ပက ရိုဟင်ဂျာအရေးကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်များနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူများ ခင်ဗျား။

မိမိရဲ့ ကိုယ်ကျိုးကိုသာမြင်တဲ့ ကျဉ်းမြောင်းတဲ့ နိုင်ငံရေးအမြင်နဲ့ မိမိကိုယ်ကို ဗမာစစ်တပ်ရဲ့ ညစ်ပတ်တဲ့နိုင်ငံရေး လက်အောက်ခံ အဖြစ်မခံပါနဲ့။ သင်တို့အတွက် သင်တို့ရဲ့ အနာဂတ်ကို အခြားသူများကို ဆုံးဖြတ်ခွင့် မပေးပါနဲ့။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကစားကွက်ထဲက တစ်စုံတစ်ခု ရယူနိုင်ဖို့ စေ့စပ်သေချာတဲ့ မဟာဗျူဟာများ တည်ဆောက်ကြပါ။ လက်ရှိနိုင်ငံရေး အခြေအနေက သင်တို့အတွက် သမိုင်းကပေးတဲ့ နောက်ထပ် အခွင့်ကောင်းတစ်ခုလို့ မှတ်သားကြပါ။ ဒါကို အချည်းအနှီး မဖြစ်ပါစေနဲ့။

စဉ်းစားတွေးတောကြပါ။ လိမ္မာပါးနပ်ကြပါ။ သတိရှိကြပါ။ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါ။ ဖြစ်လာမှ တုန့်ပြန်ခြင်းထက် အခြေအနေတစ်ခု ဖြစ်လာဖို့ ဖန်တီးကြပါ။

***

ဖြည့်စွက်ချက် ။ ။ တကယ်တမ်းပြောရရင် ဟစ်တလာက ကမ္ဘာ့အထူးချွန်ဆုံး ခေါင်းဆောင်ထဲက တစ်ယောက်ပါ။ ဒါပေမယ့် အကောင်းဆုံးထဲက တစ်ယောက်လားလို့ မေးရင် မဟုတ်တာ လူတိုင်းသိတယ်။

အလားတူ ဒေါက်တာအေးမောင်ကလည်း ထက်မြက်တယ်၊ ရဲဝံ့တယ်၊ စွန့်လွှတ် အနစ်နာခံလိုစိတ်ရှိတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ အယူဝါဒ စိတ်နေစိတ်ထားသာ ရှိခဲ့မယ်ဆိုရင် ရခိုင်ပြည်မှာ ရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ရဲ့ ကိုယ်စားပြု ခေါင်းဆောင်တစ်ယောက် ဖြစ်လာမှာ မလွဲဧကန်ပါ။

ကမ္ဘာကျော် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ မဆိုထားနဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ချင်ရင် ကိုယ့်အနွယ်တူ သွေးတူများအတွက် သာမက ကိုယ်နဲ့မတူ ကွဲပြားခြားနားတဲ့ သူများအတွက်လည်း ကောင်းမွန်ရမယ်၊ စေတနာ ထားနိုင်ရမယ်၊ အကျိုးပြုနိုင်ရမယ်။ အဲလိုမဟုတ်ဘဲ ဟစ်တလာ လို ကိုယ့်လူမျိုးတစ်မျိုးအတွက်သာ ကောင်းမွန်မယ်၊ အခြားလူမျိုးတွေကို ရက်စက်မယ်၊ နှိပ်စက်မယ်ဆိုရင် ဟစ်တလာ လိုပဲ ကမ္ဘာ့လူသားတစ်ရပ်လုံးရဲ့ တရားခံ ဖက်ဆစ်ဝါဒီ တစ်ဦး အဖြစ်သာ သမိုင်းဝင်သွားမှာ ဖြစ်ပါတယ်။

အချိန်မနှောင်းသေးပါ။ Better late than never.

စအီးဒ် အာရ်ကာနီ ဘာသာပြန်သည်။

Comment ရေးရန်

Rohingya Exodus