နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ညောင်ချောင်း နယ်မြေစခန်းမှ နယ်ခြားစောင့်ရဲများက ဒေသခံရိုဟင်ဂျာများထံမှ နေ့စဉ်နေ့တိုင်း ငွေညှစ်

RB News
10.1.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာရွာများ အတွင်းသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာများကို အကြောင်းပြချက်မဲ့ ဖမ်းဆီးကာ နေ့စဉ်နေ့တိုင်း ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ယနေ့ ဇန်န၀ါရီလ (၁၀) ရက်နေ့ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် ညောင်ချောင်း နယ်မြေစခန်းမှ သန်းစိန်ဆိုသူနှင့် တပ်ဖွဲ့ဝင်များသည် ညောင်ချောင်း ဘုရားပြင်အောင်ပ ကျေးရွာအုပ်စုသို့ ၀င်ရောက်၍ ရိုဟင်ဂျာ လူငယ်နှစ်ဦး ဖြစ်သူ တစ်ကူရိုနီ (ဘ) ဦးအစ္စမိုင်လ်နှင့် အာယာစ် (ဘ) ဦးအစ္စမိုင်လ် တို့ကို အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီးရန် ရှာဖွေခဲ့သည်။ ၎င်းတို့ နှစ်ဦးကို ရှာဖွေ မတွေ့ရှိသောအခါ မိဘများကို ဇန်န၀ါရီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် နယ်မြေစခန်းသို့ ကိုယ်တိုင် လာရောက်ပို့ဆောင်ပေးရန် ပြောဆိုသွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းကြောင့် လူငယ်နှစ်ဦးကို နယ်မြေစခန်းသို့ ပို့ဆောင်လျှင် ငွေညှစ်ခံရမည်ကို စိုးရိမ်လျက်ရှိနေကြသည်။ သွားရောက် မပို့ဆောင်လျှင်လည်း လာရောက် ဖမ်းဆီးပြီး ငွေညှစ်မည်ကို စိုးရိမ်နေကြသည်ဟု အဆိုပါ ဒေသခံကပြောပါသည်။ 

အဆိုပါ နယ်ခြားစောင့်ရဲများသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ဦးအာနိုဝါရ် (ဘ) ဦးအာမွတ်ဆောင်း ထံမှ ငွေကျပ် သိန်း (၃၀)၊ ဦးရွှေလုံး (ဘ) ဦးအစ္စမိုင်လ် ထံမှ ငွေကျပ် သိန်း (၃၀)၊ ဦးကာဆိမ်း (ဘ) ဦးအာဘူလ်ဟူဆောင်း ထံမှ ငွေကျပ် (၁၀) သိန်းနှင့် ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးတော်ဘီအာမတ် ထံမှ ငွေကျပ် (၈) သိန်း ညှစ်ယူခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။ 


Comment ရေးရန်

Rohingya Exodus