နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ မောင်တော မေယုတောင်တန်းသို့ ရောက်ရှိလာသူများနှင့် ၎င်းတို့ကို လမ်းပြသည့် ကျီးကန်းပြင်မှ ဆွေမျိုးတို့ ငွေညှစ်ခံရ

Rohingya Eye
RB News
2.2.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် နည်းမျိုးစုံဖြင့် ပိတ်ဆို့ခံရသူများသည် မေယုတောင်သို့ ရောက်ရှိနေစဉ် မောင်တောမြို့နယ် ကျီးကန်းပြင်မှ သွားရောက်ကူညီသူများ ငွေညှစ်ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

ဇန်န၀ါရီလ (၃၀) ရက်နေ့ နံနက်အစောပိုင်း အချိန်တွင် ကျီးကန်းပြင်ကျေးရွာတွင် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး ဒုက္ခသည်ဘ၀သို့ ရောက်နေသူနှစ်ဦးသည် ဘူးသီးတောင်မြို့နယ်တွင် နည်းမျိုးစုံဖြင့် ပိတ်ဆို့ခံထားရသောကြောင့် မေယုတောင်တန်းသို့ ရောက်ရှိလာသူများကို ကူညီရန်သွားရောက်ခဲ့သည်။ မေယုတောင်တန်းသို့ ရောက်ရှိနေသူများမှာ ၎င်းတို့၏ ဆွေမျိုးများ ဖြစ်ပြီး ဖုန်းဆက်၍ အကူအညီတောင်းခံသောကြောင့် ကူညီရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် မေယုတောင်တန်းမှ ပြန်ဆင်းလာစဉ် ကျီးကန်းပြင်ကျေးရွာအုပ်စု၊ န.၀.တ အောင်ဇေယျရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တွေ့သည့်အခါ ကူညီရန် သွားသူ နှစ်ဦးမှ တစ်ဦးသည် ချုံပုတ်ထဲတွင် ပုန်းနေခဲ့သောကြောင့် လွတ်မြောက်သွားသော်လည်း ၎င်းတို့နှင့် လိုက်ပါလာသည့် မိသားစုနှစ်စုနှင့် ကူညီသွားသူတစ်ဦးတို့ကို ဖမ်းဆီး၍ ယာယီစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

မိသားစုနှစ်စုကို ကူညီသူနှစ်ဦးမှ ဖမ်းဆီးခံရသူတစ်ဦးမှာ အဗ်ဒူရာမာန် (ဘ) ဦးရှော်ဖီရောန် (အသက် ၂၄ နှစ်) ဖြစ်ပြီး၊ ၎င်းကို လူကုန်ကူးနေသည်ဟု စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်မှုကြောင့် လမ်းပင်လျှောက်၍ မရတော့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။  နေ့လည် ၁၂ နာရီခန့် အချိန်တွင် ၎င်းတို့အား ဖမ်းဆီးထားသည့် ယာယီစခန်းသို့ ကျေးရွာအုပ်ချုပ်ရေးမှူး လိုက်သွားပြီး လူကုန်ကူးနေခြင်း မဟုတ်ဘဲ နေအိမ်စွန့်ခွာ၍ ထွက်ခွာလာသူများကို ကူညီရန် သွားခဲ့ခြင်း ဖြစ်သည်ဟု ရှင်းပြခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူး က တောင်းပန်ပြီး ရှင်းပြသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အဗ်ဒူရာမာန် ထံမှ ငွေကျပ် ၄ သိန်းခွဲနှင့် မိသားစုနှစ်စု ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus