နောက်ဆုံးသတင်း/ဆောင်းပါးများ

အဖျက်မခံဘူး သင့်သမိုင်း




အဖျက်မခံဘူး သင့်သမိုင်း

ကျော်သူရ (ရှင်ပက္ခိ)
RB ကဗျာ
3.3.2018

ရှင်မွေးသန်မွေး ရိုကလေးရယ်...
ချော​မောလှပ သင့်​ခန္ဓာ
သပ်​ရပ်​​ပြေပြစ်​ သင့်​အသွင်
စကားမတတ် သင့်ပါးစပ်
လျှောက်ဖို့မစွမ်း သင့်ခြေနု
ရေးဖတ်မမှီ သင့်အရွယ်
ကောင်းဆိုးမခွဲ သင့်ပညာ
သို့ပေမယ့်...
လူစိတ်ကင်းစွာ ယုတ်မာခံရ
သနားမဲ့စွာ သတ်ဖြတ်ခံရ
ခံလိုက်ရတဲ့ သင့်ဘဝ
အို... ရိုကလေး​ရေ...
သင့်​သမိုင်း ငါတို့ အဖျက်​မခံဘူး။

အဆွေမသိ သင်အငုံ
မောင်နှမ မကျွမ်း သင်အဖူး
မြေမှာမထား ပုရွက်ဆိတ်စိုး
ခေါင်းပေါ်မတင် သန်း​သေးကိုစိုး
ခြင်ထောင်ခြုံထား ခြင်အကိုက်စိုး
သို့ပေမယ့် ...
လူ့စိတ်လစ်စွာ ပက်စက်ခံရ
ကရုဏာမဲ့စွာ နင်းသတ်ခံရ
ခံလိုက်ရတဲ့ သင့်ဘဝ
အို...ရိုကလေး​ရေ ...
သင့်​သမိုင်း ငါတို့ အဖျက်​မခံဘူး။


အငိုပြေနိဗ္ဗာန် အမိရင်ခွင်
အဆာပြေစိန်စာ အမိနို့ရည်
ပုခက်အအိပ် သားချော့တေး
ချဉ်းကပ်မခွာ သင့်အနား
ထိုသို့ပြုစု စောင့်ရှောက်မှု
မြတ်နိုးမှုလျှံ အမိနှင့်သား
သို့ပေမယ့် ...
အမိရင်ခွင်မှ ဆတ်​ခနဲလု
ညှာတာလျှင်းစွာ စွန့်လွှတ်ခံရ
မီးငရဲထဲ သင့်ကိုယ်လေးကို
ပစ်​ချလိုက်​တဲ့ အ​ကြောင်း​တွေ
အို...ရိုကလေး​ရေ ...
သင့်​သမိုင်း ငါတို့ အဖျက်​မခံဘူး။


မွေးဌာနေစုပ် သင့်သွေးပူပူ
သင့်အသားတွေ မြေစာဖြစ်​သို့
သင့်အရိုးတွေ သက်သေထူ
သင့်အတွက် အ​ဆွေးမဆုံး
သင်​ခံရတဲ့ ဒီဖြစ်​ရပ်​ဆိုး
ကမ္ဘာတည်သရွေ့ တည်​တံ့​စေဖို့
အို့ ... ရိုက​လေး​ရေ ...
သင့်​သမိုင်း ငါတို့ အဖျက်​မခံဘူး။


အသွားအပြန်​ ​အ​မှောင်​အလင်း
အသာအနာ အမြင့်​အနိမ့်
လောကဓမ္မတာ ဝဋ်​အရစ်​ကျ
သူတို့ခံလတ္တံ့ ...
သင်နေနေတော့ နိဗ္ဗာန်ရိပ်အောက်
အို...ရိုကလေး​ရေ...
ဒီမှာ ...
သင့်​သမိုင်း ငါတို့ အဖျက်​မခံဘူး။




Comment ရေးရန်

Rohingya Exodus