နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ ယာဉ်ထိန်းရဲ (၃) ဦး၏ ငွေညှစ်မှု၊ လုယက်မှု များကြောင့် ဒေသခံများက အခက်ကြုံနေရ



RB News
4.3.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ယာဉ်ထိန်းရဲ (၃) ဦးသည် ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခြင်း၊ ငွေကြေးများ လုယက်ယူခြင်းများ နေ့စဉ်နေ့တိုင်း ပြုလုပ်နေသည်။

ယာဉ်ထိန်းရဲ (၃) ဦးမှာ တပ်ကြပ်ကြီး သန်းရွှေ၊ ထွန်းထွန်းဦးနှင့် ထွန်းမြင့် တို့ဖြစ်ကြပြီး၊ များသောအားဖြင့် အမှတ် (၅) ရပ်ကွက်တွင် အခြေစိုက်၍ ဆိုက်ကယ်ကယ်ရီသမားများ၊ တက္ကစီသမားများအပြင် နယ်ပိုင်းမှ ဈေးဝယ်ရန် လာရောက်သူများကို ပစ်မှတ်ထား၍ ငွေညှစ်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။

“သန်းရွှေဆိုတဲ့ လူက နယ်ကလူတွေကို အဓိက ပစ်မှတ်ထားပြီး ငွေညှစ်တယ်။ အဲလို ငွေညှစ်ရင်းနဲ့ ငွေကြေးလည်း တော်တော်ချမ်းသာနေပြီ။ သူ့သမီးအလတ် သီရိပိုင် ဆိုသူက ၂၀၁၁ မှာ တက္ကသိုလ်တက်နေရင်း စိတ်ကြွဆေးပြား ရောင်းဝယ်ခဲ့လို့ အဖမ်းခံခဲ့ဖူးတယ်။ စခန်းမှူးနဲ့ ပိုင်တော့ ချက်ချင်း ပြန်လွတ်လာတယ်။ ပြည်သူ့ဝန်ထမ်း တစ်ယောက် ဖြစ်ပြီး ဥပဒေကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေသူတစ်ယောက်ပါ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

အခြားဒေသခံတစ်ဦးက “သန်းရွှေ၊ ထွန်းထွန်းဦးနဲ့ ထွန်းမြင့် တို့ကြောင့် ကျွန်တော်တို့ ဆိုင်ကယ်ကယ်ရီ လုပ်ရတာ မလွယ်ဘူး။ တွေ့တဲ့နေရာမှာ ဆိုင်ကယ်ကို တားပြီး၊ အိတ်ထဲ ရှိသမျှ ငွေကို လိုင်စင်ရ ဒမြလို လုယူတယ်” ဟု လုယက်ခံရသည့် ဆိုင်ကယ်ကယ်ရီသမား တစ်ဦးက ပြောသည်။

ရခိုင်လူမျိုးများ ဆိုင်ကယ်ဦးထုပ် မဆောင်းလျှင် ပြဿနာမရှိသော်လည်း ရိုဟင်ဂျာများ ဆိုင်ကယ် ဦးထုပ် မဆောင်းမိလျှင် ကြီးမားသော ပြဿနာ ဖြစ်ကြောင်း၊ ရခိုင်လူမျိုးတစ်ဦးဦးက ရိုဟင်ဂျာလူမျိုးတစ်ဦးဦးကို ယာဉ်ဖြင့် တိုက်မိလျှင် မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

နှစ်ပေါင်းများစွာ နေ့စဉ်နေ့တိုင်း ငွေညှစ်ခြင်း၊ လုယက်ခြင်းများကြောင့် ဒေသခံများ အခက်ကြုံနေရပြီး၊ လွန်ခဲ့သည့် ၆ လ ကျော်မှစ၍ လုပ်ကိုင်စားသောက်၍ မရသောကြောင့် ငွေညှစ်၊ လုယက်ခံရလျှင် စားဝတ်နေရေး အတွက်ပင် အလွန်ခက်ခဲသွားကြောင်း ဆိုင်ကယ်ကယ်ရီသမားများနှင့် တက္ကစီသမားများက ပြောပါသည်။

အဆိုပါ ယာဉ်ထိန်းရဲ (၃) ဦးကို နိုင်ငံတော်အစိုးရမှ တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက် ပေးပါရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus