နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာအစိုးရနဲ့ စစ်တပ်ကို ကုလ အထွေထွေညီလာခံကနေ တဆင့် နိုင်ငံတကာ ရာဇ၀တ် ခုံရုံးမှာ တရားစွဲဖို့ လူ့အခွင့်အရေး မဟာမင်းကြီးပြော

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra'ad al-Hussein (ဓါတ်ပုံ - Reuters)

RB News
9.3.2018

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြီးအကဲဖြစ်သူ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေ အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အတွက်  ကုလသမဂ္ဂ အထွေထွေ ညီလာခံက မြန်မာအစိုးရ ကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ တရားစွဲဆိုဖို့ ဒီနေ့ သောကြာနေ့ (မတ်လ ၉) မှာ ပြောကြားလိုက်တယ်လို့ Reuters သတင်းဌာနက ရေးသား ဖော်ပြထားပါတယ်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra'ad al-Hussein က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်တွေ ကျူးလွန်ထားတယ်လို့ သံသယ ဖြစ်နေရတဲ့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးခွင့်တွေ ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားတယ်။

ဆွဇ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က သတင်းစာရှင်းလင်းပွဲမှာ “ကျွန်တော်တို့ကတော့ လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်တွေ ဖြစ်ပွားခဲ့တယ်လို့ ခိုင်ခိုင်မာမာ သံသယ ဖြစ်နေတယ်။ ဒါပေမယ့် ဒါကို တရားရုံးကနေသာ အတည်ပြုလို့ရမယ်” လို့ Zeid Ra'ad al-Hussein ပြောကြားခဲ့ပါတယ်။ 

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းမှာ မြန်မာအစိုးရနဲ့ စစ်တပ်က ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ သေနတ်၊ လောင်ချာတွေနဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဓါးနဲ့ လည်လှီး ခုတ်ဖြတ် သတ်ဖြတ်ခြင်း၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို မုဒိမ်းကျင့်ခြင်း၊ ရိုဟင်ဂျာများရဲ့ ရွာပေါင်း ၃၆၀ နီးပါးကို မီးရှို့ ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့ပြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid က လူမျိုးစုရှင်းလင်းသုတ်သင်ခြင်းရဲ့ ပြဌာန်းပါ ဥပမာအတိုင်း လို့ ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှာ ပြောကြားခဲ့ပြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ကိုယ်စားလှယ်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို အကြိမ်ကြိမ် သွားရောက် စစ်ဆေးပြီးတဲ့နောက် ယခုအခါ လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်လို့ ပြောကြားနေခြင်း ဖြစ်ပါတယ်။ 

မြန်မာအစိုးရက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပါမောက္ခ ရန်ဟီးလီ ကိုလည်း ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားလိုက်တဲ့ အပြင်၊ နိုင်ငံတကာ က တောင်းဆိုနေတဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့ကိုလည်း ပြည်ဝင်ခွင့် မပေးတာကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာတော့ မြန်မာအစိုးရနဲ့ စစ်တပ်ကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတင်ဖို့ အပူတပြင်း ကြိုးပမ်းနေတာ အများအပြား ရှိနေပါတယ်။ 

မြန်မာနိုင်ငံကို အကြိမ်ကြိမ် ၀င်ရောက် လေ့လာခဲ့တဲ့ ပါမောက္ခ ရန်ဟီးလီ ကတော့ လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ အသွင်အပြင် လက္ခဏာတွေကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံ အခြေစိုက် Channel 4 သတင်းဌာနဲ့ သီးသန့် အင်တာဗျူးမှာ ပြောဆိုထားပြီး၊ မကြာသေးခင်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း အလားတူ ပြောဆိုခဲ့ပါတယ်။ 

မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ရာဇ၀တ်မှု တစ်ခုမှ ကျူးလွန်ထားခြင်း မရှိသယောင် အမြဲပြောဆိုလေ့ရှိပြီး၊ လွန်ခဲ့တဲ့ ရက်ပိုင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းစဉ်က ဓါတ်ပုံတွေကို ၁၉၄၂ ခုနှစ်တုန်း ရိုဟင်ဂျာ-ရခိုင် အဓိကရုဏ်းမှာ ရိုဟင်ဂျာတွေက ရခိုင်တွေကို သတ်ဖြတ်ခဲ့တဲ့ ဓါတ်ပုံတွေ ဖြစ်တယ်လို့ ဓါတ်ပုံတွေနဲ့ ၀ါဒဖြန့်နေတာတွေလည်း ရှိနေပါတယ်။

Comment ရေးရန်

Rohingya Exodus