နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ရွှေဇားတံတားကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများကို NVC လက်ခံရန် ခြိမ်းခြောက်ပြောဆို

MYARF
RB News
19.3.2018

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု မြို့အ၀င် တံတားရှိ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများကို NVC လက်ခံရန် ခြိမ်းခြောက်နေသည်ဟု ဒေသခံများက ဆိုသည်။ 

ရွှေဇားကျေးရွာအုပ်စု မြို့အ၀င် တံတားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက တံတားပေါ်မှ ဖြတ်သန်းသွားသည့် ရိုဟင်ဂျာများကို စစ်ဆေး၍ NVC လက်ခံယူရန်၊ မယူပါက သွားလာခွင့်ပြုမှာ မဟုတ်ကြောင်း ခြိမ်းခြောက် ပြောဆိုသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

မတ်လ (၁၇) ရက်နေ့တွင် ရွှေဇားကျေးရွာနှင့် အခြားကျေးရွာများမှ ရိုဟင်ဂျာများသည် ရွှေဇားတံတားကို ဖြတ်၍ မြို့ထဲဈေးသို့ သွားနေစဉ် နယ်ခြားစောင့်ရဲများက ၎င်းတို့ကို စစ်ဆေး၍ NVC ယူရန် ပြောကြားခဲ့သည်။ နောက်တစ်ကြိမ်ဆိုလျှင် NVC မပါဘဲ သွားလာခွင့် ပြုမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။ 

ယနေ့ မတ်လ (၁၉) ရက်နေ့တွင်လည်း အဆိုပါ နယ်ခြားစောင့်ရဲများက တံတားပေါ်မှ ဖြတ်သန်းသွားလာသည့် ရိုဟင်ဂျာများကို စစ်ဆေး၍ NVC မရှိဟု ဆိုကာ ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ 

ရွှေဇားကျေးရွာနှင့် ယင်းရွာ၏ မြောက်ဘက်ရှိ ကျေးရွာများမှ ရိုဟင်ဂျာ အများစုမှာ မြို့ထဲတွင် အရောင်းအ၀ယ် ပြုလုပ်သူများ ဖြစ်ကြသောကြောင့် ရွှေဇားတံတားကို ဖြတ်သန်း မသွားလာနိုင်လျှင် စားဝတ်နေရေးပါ ကျပ်တည်းလာမည်ကို အထူးစိုးရိမ်ရသည်ဟု ဒေသခံများက ဆိုသည်။ 

ယခင်က နိုင်ငံသားများသာ ကိုင်ဆောင်ရသည့် အမျိုးသားမှတ်ပုံတင်များကို ရိုဟင်ဂျာများ ကိုင်ဆောင်ခဲ့ပြီး၊ နိုင်ငံတော်မှ ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုကို ပယ်ဖျက်ရန် အတွက် နှစ်ရှည်စီမံကိန်းဖြင့် ယာယီသက်သေခံကတ်ပြားများ ထုတ်ပေးခြင်း ပြုလုပ်ခဲ့ပြီးနောက် ၀ှိုက်ကတ်ဟု လူသိများခဲ့သည့် ယာယီသက်သေခံကတ်ပြားများကို ဖျက်သိမ်း၍ ၂၀၁၅ ခုနှစ်မှစ၍ နိုင်ငံသားစိစစ်ခံရမည့်သူများ ကိုင်ဆောင်ရသည့်ကတ်ပြား ခေါ် NVC ကိုထုတ်ပေးလျက်ရှိရာ ရိုဟင်ဂျာများက ကိုင်ဆောင်ရန် ငြင်းဆိုနေသော်လည်း အစိုးရက နည်းမျိုးစုံဖြင့် အတင်းအဓမ္မ ထုတ်ပေးရန် ကြိုးစားလျက်ရှိသည်။ 



Comment ရေးရန်

Rohingya Exodus