နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ကံကျက်ဘက်ကံပြင် အုပ်ချုပ်ရေးမှူးက အမျိုးသမီးများကို ရိုက်နှက်ခြိမ်းခြောက်၍ မုဒိမ်းကျင့်ရန် ကြိုးစား

RB News
8.4.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သာက တပ်ရာရွာမှ ဒေသခံရိုဟင်ဂျာအမျိုးသမီးများကို ရိုက်နှက်၍ မုဒိမ်းကျင့်ရန်အထိ ကြိုးစားခဲ့သည်။

ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ တပ်ရာရွာရှိ ဒေါ်ရာဘီယာခါတူ၏ နေအိမ်သို့ ဧပြီလ (၄) ရက်နေ့မှ (၆) ရက်နေ့အတွင်း (၃) ညတိတိ ညတိုင်း ကျူးကျော်ဝင်ရောက်၍ နားမခံသာအောင် ဆဲဆိုကြိမ်းမောင်း၍ ရိုက်နှက်ခဲ့သည်။ ဒေါ်ရာဘီယာခါတူတွင် သမီးပျို နှစ်ဦးရှိပြီး ၎င်းတို့အား အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ညသန်းခေါင်ယံအချိန်တွင် အပြင်သို့ ခေါ်ထုတ်၍ မေးမြန်းစရာရှိသည်ဟု အကြောင်းပြ၍ မုဒိမ်းကျင့်ရန် ကြံစည်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်ကျော်သာသည် ၎င်းနှင့်အတူ အပေါင်းပါ နှစ်ဦး ခေါ်ဆောင်လာပြီး အင်အားဖြင့် အမျိုးသမီးများကို ကာအိနြေ္ဒပျက်ပြားစေသည့်အထိ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ ဦးမောင်ကျော်သာက နယ်ခြားစောင့်ရဲများကို ဖုန်းဆက်ခြင်း၊ ရဲစခန်းသို့ ဖုန်းဆက်ခြင်းများ ပြုလုပ်၍ ဒေါ်ရာဘီယာခါတူကို ဖမ်းဆီးခေါ်ဆောင်သွားမည်ခြင်းဟု ခြိမ်းခြောက်ခြင်း၊ နောင်တွင်လည်း ညတိုင်း လာ၍ နှောက်ယှက် ရိုက်နှက်မည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။

အလားတူ ဦးမောင်ကျော်သာသည် ဧပြီလ (၆) ရက်နေ့ ည (၈) နာရီမှာ ညသန်းခေါင်ယံကျော် ဧပြီလ (၇) ရက်နေ့ နံနက် (၁) နာရီထိ တပ်ရာရွာမှ ဒေါ်ဟူဆောင်းဘာနို၏ နေအိမ် အိပ်ခန်းထဲသို့ ကျူးကျော်ဝင်ရောက်၍ မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သည်။ ဒေါ်ဟူဆောင်းဘာနိုသည် အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး၊ ကလေးများကိုရှေ့သို့ ပို့၍ အကာအကွယ်ယူကာ ဦးမောင်ကျော်သာ၏ မုဒိမ်းကျင့်ရန် ကြိုးစားမှုကို ရှောင်ရှားနိုင်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ မုဒိမ်းကျင့်ရန် ကြံစည်သည့် အကြံ မအောင်မြင်သောအခါ ဒေါ်ဟူဆောင်းဘာနိုကို ရိုက်နှက်ကန်ကျောက်ခြင်းများ လူမဆန်စွာ ပြုလုပ်ခဲ့သည်။

ထို့အပြင် ယင်းနေ့ ဧပြီလ (၆) ရက်နေ့ ညပိုင်းတွင် ဒေါ်အာမီနာခါတူ၏ နေအိမ်သို့ ဦးမောင်ကျော်သာနှင့် အပေါင်းပါ နှစ်ဦး ကျူးကျော်ဝင်ရောက်၍ ဒေါ်အာမီနာခါတူ၏ သားဖြစ်သူ မိုဟာမတ်ရှာကေရ်သည် အိမ်နီးချင်း ဒေါ်ဟူဆောင်းဘာနိုနှင့် တရားမ၀င် ခိုး၍ ပေါင်းသင်းနေသည်ဟု လုပ်ကြံစွပ်စွဲ၍ မိုဟာမတ်ရှာကေရ်ကို ဖမ်းဆီးရန် ရှာဖွေခဲ့သည်။ မိုဟာမတ်ရှာကေရ်ကို နေအိမ်တွင် ရှာမတွေ့သောအခါ ထမင်းထိုင်စားနေသည့် မိသားစုဝင်များ အားလုံးကို အထိတ်တလန့် ဖြစ်အောင် ပြုလုပ်ခြင်း၊ သုံးဘီးကားကို ခြေဖြင့် ကန်ကျောက်ခြင်း၊ ဖိုက်ဘာထိုင်ခုံတစ်လုံးကို ရိုက်ချိုးခြင်းများ ပြုလုပ်ခဲ့သည်။

မိသားစုဝင်များ ထမင်းစားပြီးနောက် အားလုံးကို လူမဆန်စွာ ရိုက်နှက်၍ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန် ပြောဆိုခဲ့သည်။ အကယ်၍ ဘင်္ဂလားဒေ့ရှ်သို့ ထွက်မပြေးပါက သတ်ပစ်မည်ဟု ဦးမောင်ကျော်သာက ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။




Comment ရေးရန်

Rohingya Exodus