နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်တွင် ညမထွက်ရ အမိန့် ည ၁၀ နာရီတွင် စတင်သော်လည်း နယ်ခြားစောင့်ရဲများက ဒေသခံ (၄) ဦးကို ည ၇း၄၀ နာရီတွင် ဖမ်းဆီး၍ ငွေညှစ်

RB News
20.4.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာမှ ဒေသခံရိုဟင်ဂျာ (၄) ဦးကို ည ၇း၄၀ နာရီတွင် နယ်ခြားစောင့်ရဲများက ဖမ်းဆီးပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် အချိန်တွင် အပြင်ထွက်သည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေညှစ်ခဲ့သည်။ 

ဧပြီလ (၁၇) ရက်နေ့ ည ၇း၄၀ နာရီ အချိန်တွင် ဦးလှဖေကျေးရွာမှ ဒေသခံရိုဟင်ဂျာ (၄) ဦးသည် ကမ်းနားမှ ၀ါးများ သယ်ယူနေစဉ် ဦးလှဖေကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၁၀) ဦး ရောက်ရှိလာပြီး ၎င်းတို့ကို ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် အချိန်တွင် အပြင်ထွက်သည်ဟု လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးသွားခဲ့သည်။ 

၎င်းတို့ကို ကင်းစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဧပြီလ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဖမ်းဆီးခံရသူ (၄) ဦးအနက် (၃) ဦးထံမှ ငွေကျပ် ငါးသောင်းစီ ညှစ်ယူခဲ့သည့် အပြင် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ဦးဇိုက်တူလ္လာ (ဘ) ဦးဟာဖီးဇ်အာမတ် (အသက် ၃၀ နှစ်) သည် ဆယ်အိမ်မှူးတစ်ဦး ဖြစ်သောကြောင့် ငွေညှစ်မခံရသော်လည်း နယ်ခြားစောင့်ရဲများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ အလားတူ ဦးနာဆိရ်အာမတ် (ဘ) ဦးဟာဖီးဇ်အာမတ် (အသက် ၄၅ နှစ်)၊ ဦးဒူဒူမျာ (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၄၀ နှစ်) နှင့် ဦးအလီဇူဟာရ် (ဘ) ဦးအိုလာမျာ (အသက် ၄၂ နှစ်) တို့ကိုလည်း နယ်ခြားစောင့်ရဲများက ရိုက်နှက်ခဲ့ပြီး ငွေကျပ် ငါးသောင်းစီ ညှစ်ယူခဲ့သည်။ 

ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များတွင် ညမထွက်ရ အမိန့်ကို ၂၀၁၂ ခုနှစ် ဇွန်လမှစတင်၍ ထုတ်ပြန်ခဲ့ပြီး နှစ်လတစ်ကြိမ် သက်တမ်းတိုးလာခဲ့ရာ ဧပြီလ (၁၂) ရက်နေ့တွင် ထပ်မံ သက်တမ်းတိုးခဲ့ပြီး ဘူးသီးတောင်မြို့နယ်တွင် ည ၁၀ နာရီမှ နံနက် ၅ နာရီထိ၊ မောင်တောမြို့နယ်တွင် ည ၉ နာရီမှ နံနက် ၅ နာရီထိ ဟု ပြင်ဆင် သတ်မှတ်ခဲ့သည်။ 

ယခု ဦးလှဖေကျေးရွာတွင် ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူများမှာ ညမထွက်ရ အမိန့် မတိုင်မီ ၂ နာရီ မိနစ် ၂၀ အလိုတွင် ဖမ်းဆီးခံရပြီး ညမထွက်ရ အမိန့်ကို ဖောက်ဖျက်သည်ဟု လုပ်ကြံ စွပ်စွဲခံခဲ့ရခြင်း ဖြစ်သည်။




Comment ရေးရန်

Rohingya Exodus