နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် အခြေစိုက် တပ်ရင်း (၅၅၁) နှင့် တပ်မ (၁၅) တို့မှ ရိုဟင်ဂျာများကို အတင်းအဓမ္မ ခိုင်းစေမှုများ ပြုလုပ်နေ

RB News
1.5.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်းငှက်သေကျေးရွာအုပ်စု အခြေစိုက် တပ်ရင်း (၅၅၁) နှင့် တပ်မ (၁၅) တို့မှ ဒေသခံရိုဟင်ဂျာများကို အတင်းအဓမ္မ ခိုင်းစေမှုများ ပြုလုပ်လျက် ရှိသည်။ 

အတွင်းငှက်သေကျေးရွာအုပ်စု အခြေစိုက် တပ်ရင်း (၅၅၁) တွင် သန့်ရှင်းရေး၊ အ၀တ်လျှော်၊ ၀က်အစာကျွေး အပါအ၀င် စစ်သားများ ခိုင်းသမျှ လုပ်ရန်အတွက် အတွင်းငှက်သေကျေးရွာမှ ဒေသခံရိုဟင်ဂျာ (၂၅) ဦးမှ (၃၀) ဦးထိ နေ့စဉ် အတင်းအဓမ္မ ခိုင်းစေခံနေရသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

၎င်းတို့အား တစ်နေကုန် အလုပ်ခိုင်းပြီးလျှင် ညနေ ပြန်ချိန်၌ စာရွက်အလွတ်တွင် လက်မှတ်ရေးထိုးခိုင်းသည်။ တစ်ခါတစ်ရံ ကျေးရွာအုပ်ချုပ်ရေးမှူးအား ၎င်းတို့အား လုပ်ခရှင်းပေးပြီးကြောင်း အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းသည်ဟု ဒေသခံများက ဆိုသည်။

“တစ်နေကုန် အလုပ်ခိုင်းတယ်။ ငွေတစ်ပြားတစ်ချပ်မှ မပေးတဲ့အပြင် ညနေကျရင် စာရွက်အလွတ်မှာ လက်မှတ်ထိုးခိုင်းတယ်။ ရ.ယ.က တွေကိုလည်း သူတို့ကို ငွေရှင်းပေးထားတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ လူတွေကို ရ.ယ.က က တဆင့် ခေါ်တာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

တပ်ရင်းမှအမိန့်တိုင်း ဒေသခံရွာသားများ မသွားလျှင် ရွာထဲသို့ စစ်သားများ ၀င်ရောက်လာပြီး ကျွဲ၊ နွား၊ ဆိတ် တွေ့သမျှ အကုန်ဖမ်းဆီးသွားကြောင်း၊ ပြန်ရွေးလျှင် အနည်းဆုံး ၄ သိန်းမှ ၅ သိန်း အထိ ပေးရကြောင်း ဒေသခံများက ပြောပါသည်။ 

ထို့အပြင် ဦးလှဖေကျေးရွာမှလည်း အပတ်စဉ် အနည်းဆုံး (၁၀) ဦးကို ဆင့်ခေါ်၍ အတင်းအဓမ္မ ခိုင်းစေလျက် ရှိသည်။ 

အလားတူ တပ်မ (၁၅) မှ အတွင်းငှက်သေမှ အနည်းဆုံး (၁၀) ဦး၊ သပြုချောင်းမှ အနည်းဆုံး (၁၀) ဦးစီ အပတ်စဉ် ဆင့်ခေါ်၍ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းပြီး ငွေမပေးကြောင်း ဒေသခံများက ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus