နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော စည်ပင်သာယာရေး လုပ်ငန်းများကို လူမျိုးခွဲခြား၍ လုပ်ဆောင်လျက်ရှိ




Rohingya Eye
RB News
4.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနက မြို့ပေါ်ရှိ ရခိုင်လူမျိုးများ၏ ရပ်ကွက်များရှိ ရေမြောင်းများကို ရှင်းလင်းပေးသော်လည်း ရိုဟင်ဂျာများ၏ ရပ်ကွက်များတွင် လုပ်ဆောင်မပေးဘဲ ထောင်ကျမည်ဟု ဆိုကာ ခြိမ်းခြောက်၍ မိမိတို့၏ အစီအစဉ်ဖြင့် လုပ်ဆောင်ရန် ခိုင်းစေလျက် ရှိသည်။

မောင်တောမြို့နယ် စည်ပင်သာယာရေး ဦးစီးအရာရှိ ဦးရွှေမောင်သည် မြို့မ လမ်းမကြီးတစ်လျှောက် ရှိ နေအိမ်များမှ အိမ်ရှင်များကို ဧပြီလတွင် ဆင့်ခေါ်ခဲ့ပြီး အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ဧပြီလ (၂၅) ရက်နေ့ နောက်ဆုံးထား၍ နေအိမ်များကို အစိမ်းနုရောင် ဆေး သုတ်ရန် ညွန်ကြားခဲ့သဖြင့်  ရိုဟင်ဂျာများအားလုံးက လိုက်နာဆောင်ရွက်ခဲ့ကြသည်။

ဇွန်လ (၁) ရက်နေ့တွင်လည်း လမ်းမကြီး၏ တစ်ဘက် မြို့မတောင်ရပ်ကွက်ရှိ အိမ်ရှေ့ရေမြောင်းများ တူးဖော်ရှင်းလင်းရန် စည်ပင်သာယာရေး ဦးစီးဌာနက စာထုတ်ခဲ့သည်။ အဆိုပါစာကို ဒု-ဦးစီးမှူး အဆင့်ရှိသူ ဦးညိုမျိုးထွန်းနှင့် အတူ ၀န်ထမ်းနှစ်ဦးက အိမ်ရှင်များအား ပေးအပ်ခဲ့သည်။ ယင်းစာကို ပေးအပ်စဉ် ၁၀ ရက်အတွင်း လုပ်ရမည်၊ မလုပ်လျှင် ထောင် (၁၀) နှစ် ကျမည်၊ ရေမြောင်းများ တူးဖော်ရှင်းလင်းပြီးလျှင် အမှိုက်များကို လမ်းတစ်ဘက်တွင် ပုံမထားရန်၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သယ်သွားရမည် ဟု မောက်မာစွာ ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

စည်ပင်သာယာရေးဦးစီးဌာနမှ နှစ်စဉ်နှစ်တိုင်း အိမ်ခွန်ဟုဆိုကာ ငွေကျပ် ၈၄၀၀ ကောက်ခံပြီး၊ အဆိုပါ အခွန်တွင် အိမ်ခွန်၊ လမ်းမီးခွန်နှင့် အမှိုက်ခွန်များ ပါရှိသည်။ ထို့အပြင် ဆိုင်များမှာ ဆိုင်လိုင်စင်ကြေးဟု ဆိုကာ တစ်နှစ်လျှင် ငွေကျပ် နှစ်သောင်းမှ သုံးသောင်းထိ ကောက်ခံလျက်ရှိသည်။

“ကောက်ခံရရှိတဲ့ အခွန်ငွေတွေနဲ့ မြို့ကို သန့်ရှင်းသပ်ရပ်လာအောင် လုပ်ဆောင်ရမယ့် တာဝန်က စည်ပင်ရဲ့ တာဝန်ဖြစ်ပေမယ့်လည်း အခုလို အိမ်ရှေ့ရေမြောင်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တူးဖော် ရှင်းလင်းရမယ်လို့ စာထုတ်တာက န.၀.တ၊ န.အ.ဖ ခေတ်က ပုံစံအတိုင်း လုပ်နေတာနဲ့ တူနေတယ်” ဟု ရပ်ကွက်လူကြီးတစ်ဦးက ဝေဖန်ပြောဆိုသည်။

“မြို့ထဲက ရေမြောင်းတွေက ရေတွေစီးပြီး ရိုဟင်ဂျာရွာတွေထဲကို ၀င်တယ်။ ရွာထဲမှာ ရေ၀ပ်နေတာကြောင့် မိုးရာသီကျရင် အသွားအလာလုပ်ဖို့ ခက်ခဲလာတယ်။ ရေ၀ပ်မနေအောင် ရေမြောင်းတွေ လုပ်ပေးဖို့ စည်ပင်ကို တင်ပြတော့လည်း ဘာမှ လုပ်မပေးဘူး။ ဆိုင်တွေရှေ့ ရေ၀ပ်နေတာမြင်ရင် ဆိုင်ရှင်တွေကို စည်ပင်ရုံးကို ဆင့်ခေါ်ပြီး ငွေညှစ်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ရခိုင်လူမျိုးများ နေထိုင်သည့် ရပ်ကွက်များတွင်မူ စည်ပင်သာယာရေး ဦးစီးဌာနမှ နှစ်စဉ်နှစ် တိုင်း ရေမြောင်း များမှ အမှိုက်များ ရှင်းလင်းရေးများ လုပ်ဆောင်ပေးသလို၊ ရပ်ကွက်ထဲရှိ ကြားလမ်းများ အားလုံးကိုလည်း ကွန်ကရစ်လမ်းဖောက်လုပ်ပေးနေသည်။

ရိုဟင်ဂျာရပ်ကွက်များတွင် ကွန်ကရစ်လမ်း ဖောက်လုပ်ပေးခြင်း မရှိသလို၊ ရေမြောင်းများလည်း ရှင်းလင်းပေးခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့် လူမျိုးခွဲခြား၍ လုပ်ဆောင်နေသည်ကို ကွက်ကွက် ကွင်းကွင်း မြင်နိုင်သည်ဟု ဒေသခံများက ဆိုသည်။

“ခွဲခြားပြီး လုပ်နေတာက အထက်အမိန့်အတိုင်း လုပ်နေတာလား၊ အောက်ခြေမှာ ခွဲခြားနေတာလား ဆိုတာ ကျွန်တော်တို့ သေချာသိချင်တယ်။ အခွန်တွေ ကောက်ပြီးတော့ တာဝန်မကျေနိုင်ဘူးဆိုရင် ဘာကြောင့် အခွန်တွေ ကောက်နေတာလဲ၊ ကျွန်တော်တို့ဆီကနေ ဓါးပြတိုက်နေတာ လားလို့ မေးခွန်း ထုတ်ချင်တယ်၊ နိုင်ငံတော်သမ္မတက နိုင်ငံ့ဝန်ထမ်းများ အလုပ်လုပ်ရာတွင် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမယ်လို့ ပြောတဲ့စကားကို ဆန့်ကျင်နေတဲ့ အတွက် အထက်အရာရှိများအနေနဲ့ ထိရောက်စွာ အရေး ယူပေးဖို့ တောင်းဆိုပါတယ်” ဟု ရပ်ကွက်လူကြီးက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus