နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ရွာသစ်ကေ အနီး ရဲကင်းစခန်းက ဖြတ်သန်းသွားလာသည့် ကားများမှ ငွေကောက်ခံနေ

MYARF
RB News
21.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွာသစ်ကေရပ်ကွက် အနီးရှိ ရဲကင်းစခန်းမှ ရဲများသည် ကင်းစခန်းရှေ့မှ ဖြတ်သန်းသွားလာသော ကားများထံမှ ငွေကောက်ခံလျက်ရှိသည်။

မောင်တောမြို့နယ် ရွာသစ်ကေရပ်ကွက် (အမှတ် ၅ ရပ်ကွက်) အရှေ့တောင်ဘက်စွန်း မြို့မကညင်တန်းသို့ သွားသည့်လမ်းတွင် ရှိသော ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့များသည် စခန်းရှေ့မှ ဖြတ်သန်းသွားလာသော ကားများ၊ စီအန်ဂျီ ကားများကို နံပါတ်များနှင့် ယာဉ်မောင်းများ၏ အမည်များကို ရေးမှတ်ကာ ကားတစ်စီးလျှင် ငွေကျပ် တစ်ထောင်၊ စီအန်ဂျီတစ်စီးလျှင် ငွေကျပ် ငါးရာစီ နေ့စဉ် ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

“ဖြတ်တိုင်း ပေးရတာတော့ မဟုတ်ဘူး။ တစ်နေ့ကို တစ်ကြိမ်တော့ အနည်းဆုံး ပေးရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကားပေါ်ရှိ ခရီးသည်များကို ဆင်းခိုင်း၍ စစ်ဆေးခြင်း ပြုလုပ်လေ့ရှိပြီး၊ ဖုန်းများကိုသာ ဦးစားပေး၍ စစ်ဆေးကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နံပါတ်တစ်ခုခု သိမ်းထားသည်ကို တွေ့လျှင် ငွေညှစ်သည်ဟု အဆိုပါ ဒေသခံကပြောသည်။

ဦးထုပ်ဆောင်းထားသည့် အစ္စလာမ်ဘာသာဝင်ဆိုလျှင် ဦးထုပ်ချွတ်ခိုင်းသည်ဟု အဆိုပါ ဒေသခံက ဖြည့်စွက်ပြောပါသည်။



Comment ရေးရန်

Rohingya Exodus