နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောခရိုင်မှ ရိုဟင်ဂျာ ကျောင်းသား/သူများကို မောင်တောအဝေးသင်ဌာနခွဲ၌ သမိုင်းနှင့် မြန်မာစာ အထူးပြု ဘာသာရပ်နှစ်ခုကိုသာ သင်ယူခွင့်ပေး

Rohingya Eye
RB News
27.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အဝေးသင်တက္ကသိုလ် စာစစ်ဌာနတစ်ခု ဖွင့်လှစ်၍ သင်ကြားပို့ချရာတွင် မြန်မာစာနှင့် သမိုင်း အထူးပြု ဘာသာရပ်နှစ်ရပ်သာ သင်ကြားပေးမည် ဖြစ်ပြီး၊ အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် ကျောင်းသားများ အကြား ဆွေးနွေးပွဲတစ်ရပ် ကျင်းပ၍ ဆွေးနွေးခဲ့သည်။

ဇွန်လ (၂၇) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မောင်တောမြို့ရှိ အထက်တန်းကျောင်းတွင် အဆင့်မြင့်ပညာဦးစီးဌာန ညွန်ကြားရေးမှူး၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်တို့က တက္ကသိုလ်တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည့် ရိုဟင်ဂျာကျောင်းသား/သူများနှင့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ 

ညွန်ကြားရေးမှူးနှင့် ပါမောက္ခချုပ်တို့က ကျောင်းသား/သူများ၏ ပညာရေးနှင့် ပတ်သက်၍ အစိုးရမှ ကူညီရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ မောင်တောခရိုင်မှ ကျောင်းသား/သူများ အင်္ဂလိပ်စာတော်သည့် အတွက် မြန်မာစာနှင့် သမိုင်း ဘာသာရပ် နှစ်ရပ်ကိုသာ ပို့ချသင်ကြား ပေးသွားမှာ ဖြစ်ကြောင်း၊ ဤသည်မှာ ပထမ ခြေလှမ်းဖြစ်ကြောင်း၊ ပူးပေါင်းမည် ဆိုလျှင် နောက်ထပ်လည်း ရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရိုဟင်ဂျာကျောင်းသားတစ်ဦးက မိမိတို့၏ အနာဂတ်ပညာရေးအတွက် မောင်တောသို့ ကွင်းဆင်း လာရောက် ရှင်းပြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအစိုးရမှ ကူညီပေးနေခြင်းတွင် အဝေးသင် မြန်မာစာနှင့် သမိုင်း အထူးပြု နှစ်ဘာသာကိုသာ သင်ယူရမည်ကိုလည်း နားလည်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးထူးချွန်ချွန် အောင်မြင်ထားသည့် ကျောင်းသား/သူများလည်း အဝေးသင် မြန်မာစာနှင့် သမိုင်းကိုသာ ရွေးချယ်သင်ယူရမည် ဆိုလျှင် မျှတမှု မရှိပါကြောင်း၊ နောင်နှစ်တွင် ၁၀ တန်းကျောင်းသားများ စိတ်ဓါတ်ကျ၍ စာမကြိုးစားလျှင် အောင်ချက် ရာခိုင်နှုန်း နည်းသွားနိုင်ကြောင်း၊ နိုင်ငံတော်အတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့် ဤ အထက်တန်းကျောင်းကို ဒေသကောလိပ်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပေးနိုင်လျှင် အားလုံးအတွက် အဆင်ပြေမည် ဖြစ်ကြောင်း တင်ပြခဲ့သည်။ 

အစိုးရ ကိုယ်စားလှယ် အဖွဲ့က ယခုအချိန်တွင် တောင်းဆိုချက်များကို လောလောဆယ် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ကြောင်း ပြန်ကြား၍ ကျောင်းသား/သူများ၏ တောင်းဆိုချက်များကို နိုင်ငံတော်အစိုးရ အကြီးအကဲများထံ တင်ပြပေးမည်ဟု ပြောဆို၍ အစည်းအဝေး ပြီးဆုံးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

မောင်တောမြို့ အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “၁၀ တန်းအောင်ကျောင်းသား/သူတွေ တက္ကသိုလ်တက်ခွင့်မရတာ ၆ နှစ်ရှိနေပြီ။ အခုတက်ခွင့်ပေးမယ်ဆိုတော့ အဝေးသင်၊ အဝေးသင်မှာလည်း သမိုင်းနဲ့ မြန်မာစာ နှစ်ဘာသာပဲ ဆိုတော့ ကြိုးစား ထူးချွန်ထားတဲ့ ကျောင်းသား/သူတွေရဲ့ အနာဂတ်ကို ရိုက်ချိုးလိုက်သလိုဖြစ်နေပြီ။ အရင်တုန်းက ရိုဟင်ဂျာကျောင်းသား/သူတွေ အမှတ်မှီရာ တက္ကသိုလ်တက်ခွင့်ရှိတယ်။ စစ်အစိုးရက ပိတ်ပင်ခဲ့လို့ ဒီလိုဖြစ်ရတာ။ အခု ဒေါ်အောင်ဆန်းစုကြည် အစိုးရ လုပ်နေတာက စစ်အစိုးရထက်တောင် ပိုဆိုးနေသလို ဖြစ်နေတယ်။ သွားလာခွင့် မပေးဘူးဆိုရင်တောင် မောင်တောခရိုင်မှာ တက္ကသိုလ်တွေ ဆောက်ပြီး သင်ခွင့်ပေးသင့်တယ်” ဟု ပြောသည်။ 

ဇွန်လ (၂၂) ရက်နေ့ က အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုပါမောက္ခချုပ် လက်မှတ်ရေးထိုး၍ သမိုင်းနှင့် မြန်မာစာ အထူးပြုဘာသာရပ် နှစ်ရပ် ပို့ချသင်ကြားပေးမည်ဟု ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ အစိုးရ အဖွဲ့အစည်း၏ ကြေညာချက်တွင် ဘင်္ဂါလီ ကျောင်းသားများဟု သုံးနှုန်းခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်အစိုးရကိုယ်တိုင် ရိုဟင်ဂျာကျောင်းသား/သူများကို လူမျိုးခွဲခြား၍ ပစ်မှတ်ထားသည်မှာ ပေါ်လွင်နေသည်။



Comment ရေးရန်

Rohingya Exodus