နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့တွင် တိုက်ခိုက်မှုများ၊ ပေါက်ကွဲမှုများ ဖြစ်မည်ဟု သတင်းများ ထွက်နေ

MYARF
RB News
24.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မကြာခင် တိုက်ခိုက်မှုများ၊ ပေါက်ကွဲမှုများ ဖြစ်ပွားမည်ဟု အာဏာပိုင်များနှင့် ရခိုင်အသိုင်းအ၀ိုင်းများက ပြောဆိုနေကြသည်ဟု ဒေသခံများက ပြောသည်။ 

မောင်တောမြို့နယ်တွင် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ARSA အဖွဲ့က ကင်းစခန်းများကို တိုက်ခိုက်သည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ်တပ်က အပြစ်မဲ့ ရိုဟင်ဂျာများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို မုဒိမ်းကျင့်ခြင်း တို့ကြောင့် ဒေသခံရိုဟင်ဂျာ (၇) သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံနေရသည်။ 

ယခုအခါ နယ်မြေ အေးချမ်းတည်ငြိမ်လာသည့် အခြေအနေတွင် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပေါ်လာမည်ဟု သတင်းထွက်ပေါ်လာသည်။ 

ဇွန်လ (၂၂) ရက်နေ့ညပိုင်းက မောင်တော မုခ်ဦးစခန်း (မြို့မကညင်တန်းနှင့် မြို့သူကြီးကြားရှိ တံတားကင်းစခန်း) မှ သေနတ်ပစ်ဖောက်သံများ ကြားခဲ့ရသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ဇွန်လ (၂၄) ရက်နေ့ နံနက် အစောပိုင်းတွင် ဝေသာလီကျေးရွာတွင် စခန်းချထားသည့် တပ်ရင်း (၅၅၁) မှ ဒု-တပ်ရင်းမှူးနှင့် အင်အား ၃၀ ခန့်ရှိ အဖွဲ့သည် အမှတ် (၅) ရပ်ကွက်နှင့် မြို့မကညင်တန်း ကျေးရွာတွင် ကင်းလှည့်ခဲ့သည်။ ထို့နောက် မြို့မကညင်တန်းနှင့် ပန်းတောပြင် ကြားရှိ တံတားကင်းစခန်းသို့ သွားရောက် နယ်ခြားစောင့်ရဲများနေရာတွင် အစားထိုး၍ နေရာယူထားသည်။ 

မောင်တောမြို့ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းများမှ တပ်ဖွဲ့ဝင်များကိုလည်း အပြောင်းအရွှေ့ လုပ်နေသည်ဟု သိရသည်။ အချို့စခန်းများတွင် နယ်ခြားစောင့်ရဲများ နေရာတွင် စစ်သားများကို အစားထိုးထားကြောင်း၊ အင်အားကိုလည်း တိုးချဲ့ထားကြောင်း ဒေသခံများက ဆိုသည်။ 

ဇွန်လ (၂၄) ရက်နေ့ နေ့လည်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စိမ့်ညှင်းပြားကျေးရွာ အနောက်ဘက် တောတောင်ထဲတွင် ပေါက်ကွဲသံများ ကြားခဲ့ရသော်လည်း တောတောင်များထဲသို့ ရိုဟင်ဂျာများ သွားခွင့်မရှိသောကြောင့် အသေးစိတ် စုံစမ်း၍ မရပေ။

“မောင်တောမြို့ပေါ်မှာ တိုက်ခိုက်မယ်၊ ပေါက်ကွဲမှုတွေ ဖြစ်မယ်လို့ အာဏာပိုင်တွေ၊ ရခိုင်တွေ ဘက်ကနေ တဆင့် ကြားရတာပါ။ သူတို့ဆီမှာ အကုန်သတင်းရှိတယ်လို့ ပြောတယ်။ လူစိမ်းတွေလည်း မြင်နေရတာ ရှိတယ်။ မောင်တောမှာ နေရာတိုင်းမှာ လုံခြုံရေး ထူထူထပ်ထပ် ချထားတယ်၊ အာဏာပိုင်တွေမှာ သတင်းလည်း ရှိတယ်။ အဲဒီကြားက ဖြစ်လာရင်တော့ အာဏာပိုင်တွေ ကိုယ်တိုင် အလိုတူအလိုပါ ဖြစ်လို့ ဒီလို ဖြစ်ရတယ်လို့သာ ပြောရမှာပါ” ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက RB News သို့ပြောသည်။ 




Comment ရေးရန်

Rohingya Exodus