နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ပန်းတောပြင်ကို စစ်တပ်၊ လ.၀.က နှင့် နယ်ခြားစောင့်ရဲတို့ ၀န်းရံပိတ်ဆို့၍ တစ်ပတ်အတွင်း နှစ်ကြိမ်စစ်ဆေး

MYARF
RB News
22.8.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပန်းတောပြင်ရွာကို စစ်တပ်၊ လ.၀.က နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့မှ ၀န်းရံပိတ်ဆို့၍ တစ်ပတ်အတွင်း နှစ်ကြိမ် စစ်ဆေးခဲ့သည်။

သြဂုတ်လ (၂၀) ရက်နေ့ နံနက် (၅) နာရီ အချိန်တွင် မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာသို့ စစ်တပ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်ခြားစောင့်တပ်တို့မှ အင်အား၂၀၀-ကျော်ပါသည့်အဖွဲ့ ရောက်ရှိလာပြီး ရွာကိုဝန်းရံပိတ်ဆို့ပြီးနောက် (၆) နာရီအချိန်တွင် စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့က ပန်းတောပြင်အနောက်ရွာရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတွင် နေရာယူထားကာ ရွာသူရွာသားများကို လာရောက် စစ်ဆေးခံရန်  အမိန့်ထုတ်ပြီးနောက် ရွာသူရွာသားများအားလုံးကို ယင်းစာသင်ကျောင်းခြံဝင်းထဲတွင် စုစေပြီး မိသားစုတစ်စုချင်းစီကို ၎င်းတို့၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မိသားစုဓါတ်ပုံများတွဲ၍ စစ်ဆေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထိုသို့ရွာကို ပိတ်ဆို့၍ ရွာသူရွာသားများ အားလုံးကို စစ်ဆေးရာတွင် ကလေးမွေးရန် ရက်စေ့နေသော ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများပါမ ကျန်လာရောက်စ စ်ဆေးခံခဲ့ရသဖြင့် ၎င်းတို့သည်များစွာ ဒုက္ခရောက်ခဲ့ရကြောင်း ရွာသားများက ပြောသည်။

ထို့အပြင် ရွာသားအချို့က မိမိတို့အိမ်ကိုသော့ခတ်ထားပြီး စစ်ဆေးခံရန်ရောက်ရှိနေစ ဉ်အခြားအဖွဲ့တစ်ဖွဲ့က  သော့ခတ်ထားသည့်အိမ်များကို တံခါးများရိုက်ချိုးပြီး ဝင်ရောက်စစ်ဆေးပြီးနောက် ဘီဒိုနှင့်သေတ္တာများ ရိုက်ချိုး ဖျက်ဆီးခဲ့သည်။ အလားတူ ဗလီဝတ်ကျောင်းတော်ထဲသို့ ဖိနပ်များစီး၍  ၀င်ရောက်ခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါအဖွဲ့သည် ညနေ (၄) နာရီအချိန်တွင် ပန်းတောပြင်ရွာမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။

အလားတူ သြဂုတ်လ (၁၄) ရက်နေ့ကလည်း ပန်းတောပြင်ရွာသို့  စစ်တပ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်နယ်ခြားစောင့်တပ်တို့မှ အင်အား ၁၀၀-ကျော်ပါသည့် ပူးပေါင်းအဖွဲ့တစ်ဖွဲ့ လာရောက် စစ်ဆေးခဲ့သည်။

တစ်ပတ်အတွင်း ၂-ကြိမ်တိုင်တိုင် လာရောက်၍ ဝန်းရံပိတ်ဆို့ကာ တင်းကျပ်စွာစစ်ဆေးပြီး ဥပဒေနှင့်ဆန့်ကျင်သည့် ပစ္စည်းတစ်စုံတစ်ရာ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့သော်လည်း စစ်ဆေးရေးအဖွဲ့ ဦးဆောင်သူများထဲမှ တပ်ရင်း ၅၅၁ တပ်ရင်းမှူး (ဟာန်ဘော်အိထ္ထာ--နားရွက်လိမ်နာမည်ဖြင့်လူသိများသူ) က“မင်းတို့က ငါတို့ကို ဘာလို့ သတင်းမပို့တာလဲ၊ မင်းတို့ သူတို့ ၀ှက်ထားတာဖြစ်မယ်” ဟုဆိုကာ ရွာရှိ ဆယ်အိမ်မှူး၊ ရာအိမ်မှူး စသည့် အုပ်ချုပ်ရေးအဖွဲ့ဝင် အချို့ကို လူမဆန်စွာ ပါးရိုက်ခြင်း၊ တုတ်ဖြင့်မတရား ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ ပြုလုပ်ခဲ့ခြင်းကြောင့် ရွာသားများက စစ်ဆေးရေးအဖွဲ့က ရွာထဲတွင် ဥပဒေနှင့် ဆန့်ကျင်သည့် အရာတစ်ခုခု ထည့်ထားပြီး လုပ်ကြံဖမ်းဆီး ချုပ်နှောင်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်လျက်ရှိနေကြသည်။



Comment ရေးရန်

Rohingya Exodus