နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဘုရားပြင်အောင်ပမှ နယ်မြေရုံး ဂိတ်စာရေးက ဒေသခံတစ်ဦးထံမှ ငွေညှစ်၊ လယ်မြေများ သိမ်းပိုက်ထား

MYARF
RB News
19.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အမှတ် (၁၀) နယ်မြေစခန်းမှ ဂိတ်စာရေးနှင့် နယ်ခြားစောင့်ရဲ အချို့ ပူးပေါင်း၍ ဒေသခံရိုဟင်ဂျာတစ်ဦးထံမှ ငွေကျပ် ၁၃ သိန်းညှစ်ယူခဲ့သည်။ 

၂၀၁၈ ခုနှစ် နွေရာသီတွင် ဘုရားပြင်အာင်ပ ကျေးရွာအုပ်စု၊ ဘုရားပြင်အောင်ပရွာမှ လယ်သမား ဦးအစ္စမိုင်လ် (ဘ) ဦးဆုလ်တာန် (အသက် ၃၅ နှစ်) သည် ဘုရားပြင်အောင်ပ အမှတ် (၈) ရပ်ကွက်မှ ဦးမာမတ်ဂျူနိုက်ဒ် (ဘ) ဦးတာဟဲရ် (အသက် ၃၀ နှစ်) ကို စပါး အစည်း ၃၀၀၀ ပေးမည်ဟု ဆိုကာ ကြိုတင်ငွေ ၁၃ သိန်း ရယူခဲ့ပြီး စပါးအစည်း ၂၀၀၀ သာ ပေးနိုင်ခဲ့သောကြောင့် ဦးမာမတ်ဂျူနိုက်ဒ်က ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးက အကြောင်းစုံကို စုံစမ်းပြီးနောက် ဦးဆုလ်တာန်တွင် အခက်အခဲရှိ၍ လက်ကျန် စပါးအစည်း ၁၀၀၀ ကို ပေးနိုင်မည် မဟုတ်ကြောင်း၊ သို့သော်လည်း ပေးထားသည့် စပါး အစည်း ၂၀၀၀ သည် ကြိုတင်ယူခဲ့သည့် ငွေကျပ် ၁၃ သိန်းနှင့် ညီမျှနေသည့် အတွက် ထပ်မံ၍ မတောင်းရန် ပြောဆို၍ အုပ်ချုပ်ရေးမှူးက လွန်ခဲ့သည့် ဇူလိုင်လတွင် နှစ်ဦးစလုံးအား နှုတ်ကတိပေးခိုင်းပြီး ဖြေရှင်းပေးခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးက ဦးအစ္စမိုင်လ်အား ကတိအတိုင်း မပေးနိုင်ခဲ့သောကြောင့် ရွာရှိ လမ်းတွင် ခင်းပေးရန်အတွက် ကျောက်စရစ် ငွေကျပ် နှစ်သိန်းဖိုး ၀ယ်ပေးရရန် ဒဏ်ရိုက်ခဲ့သည်။ 

ပြဿနာ ပြေလည်သွားသော်လည်း ယခုလတွင် စပါးဈေး မြင့်တက်လာသောကြောင့် ဦးမာမတ်ဂျူနိုက်ဒ်က ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဆုံးဖြတ်ချက်ကို လွန်ဆန်၍ ၎င်း၏ အစ်ကိုဖြစ်သူ အတွင်းရေးမှူးဟောင်း ဦးဂျူဘိုက်ရ်နှင့် အလွန်ရင်းနှီးသည့် ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်း (၁၀) ရှိ ဂိတ်စာရေး ဦးသန်းမှ တဆင့် နယ်ခြားစောင့်ရဲအချို့ စေလွှတ်၍ ဦးဆုလ်တာန်ကို ဖမ်းဆီးခေါ်ဆောင် သွားစေခဲ့သည်။ ၎င်းအား စခန်းတွင် ချုပ်နှောင်ထားပြီးနောက် နောက်တစ်နေ့ သြဂုတ်လ (၁၃) ရက်နေ့ နံနက် ၁၀ နာရီတွင် ဂိတ်စာရေးဖြစ်သူ ဦးသန်းက ငွေကျပ် ၁၃ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဂိတ်စာရေး ဦးသန်း (အသက် ၃၇ နှစ်) သည် ရသေ့တောင်မြို့သားတစ်ဦး ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပ သို့ ပြောင်းရွှေ့၍ တာဝန်ထမ်းဆောင်နေသည်မှာ ၃ နှစ် ၀န်းကျင်ရှိနေပြီ ဖြစ်သည်။ ၎င်းသည် စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်သူ ဇီယာဘုလ်ဟောက် (အသက် ၂၈ နှစ်) ၏ လုပ်ငန်းတွင် အစုရှယ်ယာထည့်ဝင်၍ ဘုရားပြင်အောင်ပ အပါအ၀င် အနီးအနားရှိ ရွာများဖြစ်သည့် သိမ်တောင်ပြင်နှင့် ဒု-အိုးသည်မ ကျေးရွာများတွင် ဒေသခံရိုဟင်ဂျာများ လုပ်ကိုင်လျက်ရှိသော စီးပွားရေးလုပ်ငန်းများကို လုပ်ငန်း မလည်ပတ်တော့အောင် ပြုလုပ်သည်ဟု ဒေသခံများက ပြောပါသည်။ 

“ဥပမာအားဖြင့် ပြောရင် နွေရာသီတုန်းက မီးသွေးနဲ့ သစ်သားလုပ်ငန်းကို ဦးသန်းတို့က လုပ်တော့ အခြားသူတွေရဲ့ မီးသွေးနဲ့ သစ်သားတွေ ရောင်းဖို့ အဆင်မပြေအောင် သယ်လာတဲ့ ကားတွေကို ရပ်ခိုင်းတာ၊ လုပ်ငန်းရှင်တွေကို မဟုတ်မမှန် စွပ်စွဲချက်တွေ ဖန်တီးပြီး ဖမ်းဆီး ချုပ်နှောင် ငွေညှစ်တာ၊ အလုပ်သမားတွေကို ခြိမ်းခြောက်တာတွေ၊ နည်းမျိုးစုံနဲ့ ဟန့်တား နှောက်ယှက်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဂိတ်စာရေး ဦးသန်းသည် သိမ်တောင်ပြင်ကျေးရွာအုပ်စုရှိ ယခင်က ဘိုးစဉ်ဘောင်ဆက် ရိုဟင်ဂျာများ ပိုင်ဆိုင်လာပြီး ရွာ၏ အဓိက လုပ်ငန်းဖြစ်သည့် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြု မှီခိုအားထား နေရသည့် တောင်ကုန်း မြေနေရာ ဧက ၂၀ ကျော်ကို သိမ်းပိုက်၍ ခြံစည်းရိုးကာကာ သစ်ပင်များ စိုက်ပျိုးနေကြောင်း ဒေသခံများက ပြောပါသည်။

အလားတူ ဘုရားပြင်အောင်ပရွာမှ ရဲတပ်ဖွဲ့ဝင် အောင်ဇော်ဝင်း (အသက် ၃၀ နှစ်) ကလည်း ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် မြေ ၁၀ ဧကနီးပါး သိမ်းပိုက်လိုက်သည်ဟု ဒေသခံများက ဆိုသည်။ 

“ကျွန်တော်တို့ ပိုင်တဲ့ မြေနေရာတွေကို မတရားသိမ်းလိုက်တော့ တောင်ယာလုပ်ငန်းလည်း လုပ်လို့မရတော့ဘူး။ အဲဒီမြေနေရာတွေထဲကို ကျွန်တော်တို့ ကျွဲနွားတွေ ၀င်ရင်တောင် ခေါ်ပြီး ငွေညှစ်တာကြောင့် ပိုဒုက္ခရောက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

ရပ်ရွာလူကြီးတစ်ဦးက “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူ ဆောင်ရွက်နေတဲ့ ဒေါက်တာဝင်းမြတ်အေး အနေနဲ့ ဒီလိုကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းပေးဖို့နဲ့ နောက်နောင် မဖြစ်အောင် တားမြစ်ပေးဖို့ အားလုံးကိုယ်စား တောင်းဆိုပါတယ်” ဟု ပြောပါသည်။




Comment ရေးရန်

Rohingya Exodus