နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့တွင် ထွက်ပေါ်နေသည့် သတင်းများကြောင့် ရိုဟင်ဂျာများ စိုးရိမ်နေ

MYARF & Rohingya Eye
RB News
22.8.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် သြဂုတ်လ (၂၅) ရက်နေ့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်မည်ဟု သတင်းများကို အာဏာပိုင်များဖက် ထုတ်ဖော်ပြောပြီး လုံခြုံရေး တိုးမြှင့်ထားခြင်းများ ပြုလုပ်ထားသည်။

သြဂုတ်လ (၂၀) ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ရေတွင်းပြင် ကျေးရွာအုပ်စုသို့ ဇီးပင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ ရဲမှူးကြီး ဦးဆောင်သည့် အင်အား ၃၀ ဦး ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ၎င်းတို့သည် ရွာသူရွာသားများကို ကာကွယ်ထိန်းသိမ်းပေးရန် ရောက်ရှိလာခြင်း ဖြစ်ပြီး သြဂုတ်လ (၂၅) ရက်နေ့ထိ ရှိနေမည် ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများနှင့် ပတ်သက်ခြင်း မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း၊ သူစိမ်းမြင်လျှင် ချက်ချင်းသတင်းပို့ရန်၊ သတင်းပို့ပါက ရွာသားများအတွက် အလွန်ကောင်းမည် ဖြစ်ပြီး သတင်းမပို့ဘဲ ပူးပေါင်းပါက ကယ်တင်နိုင်မည် မဟုတ်ဘဲ ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်မည် ဖြစ်ကြောင်း စသည်တို့ကို အသံချဲ့စက်ဖြင့် ရွာပတ်ပတ်လည်တွင် ကြေညာခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အလားတူ မောင်တောမြို့ပေါ်တွင်လည်း ပညာရေးဌာနမှ တာဝန်ရှိသူများက ဆရာ/မများနှင့် လျှို့ဝှက်အစည်းအဝေး တစ်ခုကို သြဂုတ်လ (၁၆) ရက်နေ့တွင် ကျင်းပခဲ့ကြောင်း စုံစမ်းသိရှိရသည်။ 

အစည်းအဝေးတွင် သြဂုတ်လ (၂၅) ရက်နေ့အတွင်း လုံခြုံရေးအရ ရိုဟင်ဂျာကျေးရွာများသို့ အ၀င်အထွက် မပြုလုပ်ရန် သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။ 

အလားတူ ရခိုင်အမျိုးသားပါတီမှလည်း ရခိုင်လူမျိုးများကို ရိုဟင်ဂျာကျေးရွာများသို့ အ၀င် အထွက် မပြုလုပ်ရန် တားမြစ်ထားကြောင်း သိရသည်။ 

မောင်တောမြို့ပေါ်၌ ရခိုင်လူမျိုးများက အကြမ်းဖက်သမားများ ၀င်လာမည်ဖြစ်ကြောင်း၊ သြဂုတ်လ (၂၅) ရက်နေ့အတွင်း တိုက်ခိုက်မည်ဖြစ်ကြောင်း သတင်းဖြန့်လျက် ရှိသည်ဟု မြို့ခံများက ဆိုသည်။ 

“အဓိက ဒီလိုသတင်းတွေက အာဏာပိုင်တွေဘက်ကနေ ထုတ်တယ်။ ပြီးတော့ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေက ထုတ်တယ်။ ဒီလိုသတင်းတွေကြောင်း ကျေးလက်ဒေသလူတွေ မြို့ပေါ်ကို လာတာ နည်းသွားတယ်။ ၁၅ ရက်နေ့လောက်ကစပြီး စစ်သားတွေ အများကြီးရောက်လာတယ်။ နယ်ခြားစောင့်ရဲတွေနဲ့ စစ်သားတွေ ပေါင်းပြီး ကားဆယ်စီးလောက်နဲ့ မြို့ထဲမှာ ပတ်နေတယ်။ ဒါမျိုးတွေကြောင့် မြို့ထဲမှာ အရောင်းအ၀ယ် နည်းလာတယ်။ သူတို့ တပ်စွဲထားတဲ့ နေရာတွေမှာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဆီက ရိက္ခာတောင်းတာကြောင့် ရိက္ခာပေးနေရတယ်။ မဟုတ်မမှန် သတင်းတွေထုတ်ပြီး တကယ်တမ်း သူတို့လုပ်ပြီး ရိုဟင်ဂျာတွေ အပေါ် သတင်းပုံချမှာ တော်တော် စိုးရိမ်နေရတယ်” ဟု မြို့ခံတစ်ဦးက RB News သို့ပြောပါသည်။


Comment ရေးရန်

Rohingya Exodus