နောက်ဆုံးသတင်း/ဆောင်းပါးများ

No Man’s Land ကို မြန်မာစစ်တပ်က ၀င်ရောက် စီးနင်းရန် စီစဉ်နေသည်ဟု ဒုက္ခသည်များပြော

RB News
19.8.2018

No Man’s Land -- မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားတွင် ရိုဟင်ဂျာဒုက္ခသည်များ ခိုလှုံနေသည့် No Man’s Land ကို မြန်မာစစ်တပ်က ၀င်ရောက် စီးနင်းမည်ဟု ဒုက္ခသည်များက ပြောဆိုသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားရှိ No Man’s Land တွင် ရိုဟင်ဂျာဒုက္ခသည် ၅၀၀၀ ခန့် ခိုလှုံလျက်ရှိသည်မှာ တစ်နှစ်နီးပါးရှိနေပြီ ဖြစ်သည်။ ယခင်က ၆၀၀၀ ကျော်ရှိခဲ့သော်လည်း မြန်မာလက်နက်ကိုင်တပ်ဖွဲ့များက ခြိမ်းခြောက်ခြင်း၊ ကလေးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခြင်း တို့ကြောင့် တစ်ထောင်ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ၀င်ရောက် သွားကြသည်။

ယခုလ သြဂုတ်လ (၉) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်၍ ရိုဟင်ဂျာများ နေရပ်ပြန်ရေးအတွက် ဆွေးနွေးစဉ် နယ်စပ်မျဉ်းတွင် ခိုလှုံနေသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လူသားချင်းစာနာသည့် အထောက်အပံ့များ ပေးခွင့် မပေးရန် တားမြစ်ခဲ့သည်။ 

ဒုက္ခသည်များအား မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ၀င်ရောက်လာရန် ဒေသဆိုင်ရာအာဏာပိုင်များ၊ နေပြည်တော်မှ ၀န်ကြီးများ သွားရောက်၍ ပြောဆိုခဲ့သော်လည်း မိမိတို့၏ တောင်းဆိုချက်များ မရပါက ပြန်သွားမည် မဟုတ်ကြောင်း ဒုက္ခသည်များက အကြောင်းပြန်ခဲ့သည်။ 

ယခုအခါ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းရန် ပြင်ဆင်လျက် ရှိသည်ဟု ဒုက္ခသည်များက ပြောပါသည်။

“ကျွန်တော်တို့ တိကျတဲ့ သတင်းရင်းမြစ်တွေနေ သတင်းတွေ ရထားတယ်။ မြန်မာစစ်တပ်က ကျွန်တော်တို့ No Man’s Land ကို ၀င်စီးမယ်၊ ကျွန်တော်တို့ ကိုယ်တိုင်က အကုန်မြင်နေရတော့ လက်နက်တွေနဲ့ position ယူနေတာလည်း မြင်နေရတယ်။ ကျွန်တော်တို့ကို အကြမ်းဖက် သတ်ဖြတ်မှာကို ကြောက်နေရတယ်၊ အခုလည်း ခြံစည်းရိုးနားမှာ ကင်းလှည့်နေတယ်” ဟု ဒုက္ခသည်များ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးဒိလ်မိုဟာမတ်က RB News သို့ပြောပါသည်။

ဒုက္ခသည်တစ်ဦးဖြစ်သူ ဦးအာရိဖ်အုလ္လာ ကလည်း “ညကျရင် တစ်ညလုံး ခြံစည်းရိုးနားမှာ ကင်းလှည့်လိုက် တောင်ပေါ်တက် နေရာယူပြလိုက်နဲ့ အမျိုးမျိုး ခြိမ်းခြောက်ပြတယ်။ ကျွန်တော်တို့ စိုးရိမ်တာက လက်နက်အားကိုးနဲ့ ကျွန်တော်တို့ကို သတ်ဖြတ်မှာကိုပဲ၊ ကျွန်တော်တို့ကို ဒီလို ခြိမ်းခြောက်တာထက် ကျွန်တော်တို့ တောင်းဆိုနေတာတွေ လိုက်လျောပြီး ညှိနှိုင်းတာမျိုးသာ လုပ်သင့်တယ်” ဟု ဆိုသည်။

မြန်မာဘက် အခြမ်းတွင် နေရာယူထားသည့် တပ်ရင်းမှာ တပ်ရင်း ၃၅၂ ဖြစ်သည်ဟု သိရှိရပြီး၊ တပ်ရင်းမှူး ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး နေဌေးအောင် သည် တောင်ပြိုလက်ယာရှိ ကျောင်းတွင် အခြေစိုက်၍ ၎င်း၏ လက်အောက်ငယ်သားများကို အမိန့်ပေးနေခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။




Comment ရေးရန်

Rohingya Exodus