နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော အထက်တန်းကျောင်းများမှ ရိုဟင်ဂျာကျောင်းသား/သူ များကို NVC ထုတ်ပေးရန် အိမ်ထောင်စုစာရင်းနှင့် ဓါတ်ပုံများ ယူလာရန် ဆရာ/မများက မှာကြား

MYARF
RB News
17.8.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ရိုဟင်ဂျာကျောင်းသား/သူ များကို NVC ထုတ်ပေးရန် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဓါတ်ပုံများ ယူလာရန် ဆရာ/မ များက မှာကြားထားသည်။ 

သြဂုတ်လ (၁၇) ရက်နေ့ နေ့လည် ၁၂း၃၀ နာရီအချိန်တွင် မောင်တောမြို့နယ် ကညင်တန်း (မြို့မ) ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) ၌ ရိုဟင်ဂျာကျောင်းသား/သူများကို လာမည့် တနင်္လာနေ့ သြဂုတ်လ (၂၀) ရက်နေ့တွင် NVC (နိုင်ငံသားစိစစ်ခံရမည့်သူများ၏ သက်သေခံကတ်ပြား) ထုတ်ပေးရန်အတွက်ဟုဆိုကာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဓါတ်ပုံ (၅) ပုံ ယူလာရန် ဆရာ/မများက ကျောင်းအုပ်ကြီးမှ ပေးပို့သည့်စာကို စာသင်ခန်းတိုင်းတွင် ဖတ်ပြ၍ ကြေညာခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

အလားတူ မြို့မတောင်ရပ်ကွက် (ယခင် အမှတ် (၂) ရပ်ကွက်) ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၂) တွင်လည်း ထိုကဲ့သို့ ကြေညာခဲ့သည်။ 

အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) တွင် ကျောင်းသားအချို့က “ကျွန်တော်တို့က NVC ယူစရာမလိုဘူး၊ ကျွန်တော်တို့ရဲ့ မိဘတွေက နိုင်ငံခြားသားတွေ မဟုတ်တဲ့အတွက် မယူနိုင်ဘူး” ဟု ပြောဆိုသောအခါ ဆရာ/မ အချို့က “နင်တို့ NVC ယူကိုရယူရမယ်၊  NVC ရှိမှ ကျောင်းဆက်တက်ခွင့်ရမယ်၊ ဆယ်တန်းအောင်ရင် တက္ကသိုလ်သွားတက်ခွင့်ရမယ်၊ ရန်ကုန်သွားလို့ရမယ်” ဟု မက်လုံးများ ပေးခဲ့ကြောင်း သိရသည်။ 

ရိုဟင်ဂျာများကို ၁၉၅၀ ခုနှစ် အစောပိုင်းတွင် အခြားသော တိုင်းရင်းသားများနည်းတူ အမျိုးသားမှတ်ပုံတင်များ ထုတ်ပေးခဲ့ပြီး၊ တိုင်းရင်းသားဟု အသိအမှတ်ပြုခဲ့သော်လည်း၊ ၁၉၈၉ ခုနှစ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးမည်ဟု လျှောက်လွှာများ တင်ခိုင်းပြီးနောက် ၁၉၉၄ ခုနှစ်တွင် ယာယီသက်သေခံကတ်ပြားများ ထုတ်ပေး၍ နိုင်ငံမဲ့များ ပမာ ပြုလုပ်ခဲ့ပြီး၊ ယာယီသက်သေခံကတ်ပြားများကို ၂၀၁၅ ခုနှစ်တွင် တရားမ၀င်တော့ဟု ဆိုကာ NVC များ ထုတ်ပေးခဲ့ရာ၊ သန်းဂဏန်းကျော် ရိုဟင်ဂျာများမှ နှစ်ထောင်ဝန်းကျင်ခန့်သာ အတင်းအဓမ္မ ပေးခြင်း၊ အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် ရယူခဲ့သည်။ 




Comment ရေးရန်

Rohingya Exodus