နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမြို့မှ ဒူးဝါမြောင်ရွာသားတစ်ဦးကို လုံခြုံရေးရဲများက ရိုက်နှက်မှုကြောင့် မျက်စိတစ်ဖက် ဆုံးရှုံးရဖွယ်ရှိ

MYARF
RB News
13.9.2018

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရှိ ဒူးဝါမြောင်ရွာမှ ရိုဟင်ဂျာတစ်ဦးကို ကင်းလှည့်နေသည့် လုံခြုံရေးရဲများက လူမဆန်စွာ ရိုက်နှက်မှုကြောင့် မျက်စိတစ်ဖက် ဆုံးရှုံးသွားမည်ကို စိုးရိမ်နေရသည်။

စစ်တွေမြို့ ဥယျာဉ်သာကျေးရွာအုပ်စု၊ ဒူးဝါမြောင်ရွာမှ ဦးလုခ်မာန်ဟကီးမ် (ဘ) ဦးထန်းဒါမျာ (အသက် ၄၂ နှစ်) သည် စက်တင်ဘာလ (၁၁) ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် ဒါးပိုင်ဈေးရှိ ၎င်း၏ သံ၊ သွပ် သေတ္တာ အရောင်းဆိုင်ကို ပိတ်ပြီး အိမ်ပြန်နေစဉ် ဒူးဝါမြောင်နှင့် ဒါးပိုင်ရွာကြား မင်းဂံရခိုင်ရွာမှ မန်စီလမ်းဆုံထိ အသစ်ဖောက်လုပ်ထားသော ကတ္တရာလမ်းပေါ်တွင် ကင်းလှည့်နေသည့် တပ်ရင်း ၃၆ မှ လုံခြုံရေးရဲများက ၎င်းကို ခေါ်ကာ သံလက်သီးဖြင့် အကြိမ်ကြိမ်ထိုးကြိတ်ခဲ့ရာ မျက်စိတစ်ဖက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သတိလစ်သွားခဲ့သည်။ 

ထို့နောက် ရဲများက ဒူးဝါမြောင်သို့ သွားနေသည့် လူငယ် လေးငါးဦးကို ခေါ်၍ “ရွာကိုသွားပြီး သူ့ရဲ့ ဆွေမျိုးတွေကို သတင်းပို့ပြီး ယူသွားခိုင်း” ဟု ဆိုကာ ယင်းနေရာမှ ထွက်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

လူငယ်များ၏ သတင်းပေးပို့ချက်အတိုင်း ဆွေမျိုးများက ဦးလုခ်မာန်ဟကီးမ်ကို လမ်းဘေးရှိ ရေမြောင်းအနီး၌ မျက်နှာတွင် သွေးသံရဲရဲ ဒဏ်ရာပြင်းထန်စွာ လဲလျောင်းနေသည်ကို တွေ့ရှိပြီး ရွာသို့ ခေါ်ဆောင်သွားကာ ဆေးကုသပေးလျက် ရှိသည်။ 

လုံခြုံရေးရဲများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဦးလုခ်မာန်ဟကီးမ်၏ မျက်စိတစ်ဖက် ဆုံးရှုံးဖွယ် ရှိသည်ဟု ဒေသခံများက ဆိုသည်။ အထူးကု သမားတော်များ ရှိရာ နေရာသို့ သွားရောက်၍ ဆေးကုသခွင့် မရခြင်းကြောင့် မျက်စိကောင်းမွန်လာရန် အခွင့်အလမ်း နည်းပါးသည်ဟု ၎င်းတို့က ပြောပါသည်။




Comment ရေးရန်

Rohingya Exodus