နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဂူတာပြင်တွင် ရိုဟင်ဂျာအိမ်များ မီးရှို့ခံရပြီးနောက် တဲထိုးနေခဲ့သည့် အိမ်ထောင်စု ၇၆ စုအတွက် အလွန်သေးငယ်သည့် မြေနေရာတစ်ခု သတ်မှတ်ပေး

MYARF
RB News
19.9.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာတွင် လွန်ခဲ့သည့်နှစ်က မီးရှို့ခံခဲ့ရသည့် ရိုဟင်ဂျာအိမ်ခြေ ၂၀၀ ကျော်မှ တဲထိုးနေသည့် အိမ်ထောင်စု ၇၆ စုအတွက် အာဏာပိုင်များက အိမ်ဆောက်ပေးရန် အလွန်သေးငယ်သည့် နေရာတစ်ခု သတ်မှတ်ပေးခဲ့သည်။ 

စက်တင်ဘာလ (၁၈) ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန စသည့် ဌာနများမှ အရာရှိများ အပါအ၀င် တာဝန်ရှိသူ ၁၀ ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် ဂူတာပြင်ကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ၂၀၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် မီးရှို့ခံခဲ့ရပြီး ယခုနှစ် မေလတွင် မီးရှို့ခံရသည့် နေရာများတွင် ပြန်လည် တဲထိုးနေထိုင်သည့် အိမ် ၇၇ လုံး (အစိုးရ စာရင်းအရ ၇၆ လုံး) ကို အစိုးရအစီအစဉ်ဖြင့် အိမ်ဆောက်လုပ်ပေးရန် ဂူတာပြင်ရွာကြီး၏ မြောက်ဖက်အစွန်းတွင် ဂူတာပြင်ချောင်းနှင့် လမ်းမကြီးတို့ကြားရှိ နေရာတစ်နေရာ ရွေးချယ်ပေးပြီး နေ့လည် ၂ နာရီအချိန်တွင် အရာရှိများ ထွက်ခွာသွားသည်။ 

ထို့နောက် ဌာနဆိုင်ရာများမှ လိုက်ပါလာသည့် အခြားတာဝန်ရှိသူများက အိမ်တစ်အိမ်လျှင် အလျား ပေ ၄၀၊ အနံ ပေ ၃၀ (ဒေသအခေါ် ခေါ်ရဖြင့် တွက်ချက်လျှင် ၈.၇ ခေါ်ရ) စီချမှတ်၍ ၇၆ ကွက် သတ်မှတ်ပေးပြီး ညနေ ၅ နာရီအချိန်တွင် ပြန်လည်ထွက်ခွာ သွားကြောင်း ဒေသခံများက RB News သို့ပြောသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ ဖြစ်စဉ် နောက်ပိုင်းတွင် ဂူတာပြင်ရွာရှိ ရိုဟင်ဂျာရွာ (၃) ရွာမှ ရိုဟင်ဂျာ အိမ်ခြေ (၂၀၀) ခန့်ကို နယ်ခြားစောင့်ရဲများက ရခိုင်ရွာသား အချို့နှင့် ပူးပေါင်း၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အနီးအနားရှိ အခြားသော ရိုဟင်ဂျာရွာများသို့ သွားရောက်၍ ခိုလှုံနေခဲ့ရသည်။ 

အိုးမဲ့အိမ်မဲ့ဘ၀ဖြင့် အခြားရွာများတွင် ၉ လ တိတိ ခိုလှုံနေခဲ့ပြီး အခြေအနေ တည်ငြိမ်လာသဖြင့် ယခုနှစ် မေလကုန်ပိုင်းတွင် ရွာသားများ အချင်းချင်းတိုင်ပင်ကာ မိမိတို့၏ မူလအရပ် ဂူတာပြင်ရွာကြီးနှင့် တောင်ရွာတို့တွင် စတင်၍ တဲထိုးနေလာခဲ့ရာ တဲ (၇၇) လုံး ဆောက်လုပ်ပြီး တစ်ပတ်အကြာတွင် ဌာနဆိုင်ရာပေါင်းစုံမှ လာရောက် စစ်ဆေးခဲ့ပြီး ခွင့်ပြုချက်မဲ့ တဲထိုး၍ မရကြောင်း၊ ဆက်လက်၍ တဲထိုးမည်ဆိုပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ပြောကြား၍ ဟန့်တားခဲ့သည်။ 

စက်တင်ဘာလ (၁၈) ရက်နေ့က သတ်မှတ်ပေးသည့်နေရာသည် မီးရှို့ခံထားရသည့်နေရာများမှ နေရာအစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး၊ ယခင်က နေအိမ် ၁၆ လုံးသာ ရှိသည့် နေရာတွင် ဂူတာပြင်ရွာကြီးနှင့် တောင်ရွာ နှစ်ရွာစလုံးမှ တဲထိုးနေသည့် အိမ်ထောင်စု ၇၆ စု အတွက် အိမ်ငယ်လေးများ ဆောက်လုပ်ပေး၍ ခြံစည်းရိုးကာရံကာ ဒုက္ခသည်စခန်း (အကျဉ်းစခန်း) ပုံစံဖြင့် အစိုးရ ထိန်းချုပ်မှုအောက်တွင် ထားသွားမည် ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အခု အစိုးရ မြေနေရာသတ်မှတ်ပေးတာက မီးရှို့ခံရတဲ့ အိမ် ၂၀၀ လောက်ထဲက တဲထိုးပြီးနေတဲ့ ၇၆ အိမ်အတွက်သာ သတ်မှတ်ပေးတာပါ။ ကျန်တဲ့ အိမ် ၁၀၀ ကျော်အတွက်တော့ ဘာမှ မပြောသေးဘူး။ အခု ကျွန်တော်တို့ကို ဒုက္ခသည်စခန်းထဲ ထည့်တဲ့ပုံစံဖြစ်လာရင်တော့ ဒီနေရာကနေ ထွက်ပြေးသွားရမယ်” ဟု အဆိုပါ ဒေသခံက စိုးရိမ်မကင်းစွာဖြင့် ပြောပါသည်။ 

“ကျွန်တော်တို့အိမ်တွေ သူတို့က မီးရှို့ပြီး ရွာသားတွေကို အိုးမဲ့အိမ်မဲ့ ဖြစ်အောင် လုပ်တယ်။ ဒုက္ခရောက်နေတဲ့ လူတွေကို ကူညီထောက်ပံ့ပြီး အိမ်ဆောက်ပေးနေသလို ဟန်ပြတာလည်း သူတို့ပဲ၊ မီးရှို့ခံရတာကိုက ပြစ်မှုတစ်ခုကျူးလွန်နေသလိုနဲ့ မီးလောင်တာကို အကြောင်းပြပြီး နေရာသေးသေးလေးမှာ အရမ်းသေးငယ်တဲ့ အိမ်လေးတွေဆောက်ပေး၊ မက်လုံးပေးပြီး ဒုက္ခသည်စခန်းထဲ တွန်းပို့ပြီးတာနဲ့ ဒီလူတွေ ပိုင်ဆိုင်ခဲ့တဲ့ ကြီးကျယ်တဲ့ အိမ်ခြံမြေ၊ လယ်မြေယာတွေကို သိမ်းလိုက်မယ်၊ ဒုက္ခသည်ဆိုတာက လွတ်လပ်မှု ဘာမှမရှိဘူးလေ၊ သူတို့ပေးရင်စား၊ မပေးရင်ငတ်၊ ဒါပါပဲ။ ကိုယ့်ဟာကိုယ် ဘာမှ လုပ်လို့မရဘူးဗျာ” ဟု အိမ်မီးရှို့ခံရပြီး အခြားနေရာတွင် ခိုလှုံနေရသည့် ဒုက္ခသည်တစ်ဦးက ရင်ဖွင့်သည်။ 



Comment ရေးရန်

Rohingya Exodus