နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်တော်မြို့ ဒုက္ကံချောင်းအုပ်စုရှိ ချောင်း၌ မျက်နှာပေါ်တွင် ဒဏ်ရာများဖြင့် ရိုဟင်ဂျာရုပ်အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိ

MYARF
RB News
2.9.2018

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ဒုက္ကံချောင်းကျေးရွာအုပ်စုရှိ ချောင်းသို့ မျက်နှာပေါ်တွင် ဒဏ်ရာများဖြင့် ရိုဟင်ဂျာ ရုပ်အလောင်းတစ်လောင်း မျောပါလာသည်ကို တွေ့ရှိခဲ့သည်။

ကျောက်တော်မြို့နယ် အောက်ပိုင်း ဆင်အိုးချိုင်ကျေးရွာအုပ်စု၊ ဆင်အိုးပေါက်တောရွာမှ အာဆားအူဒ္ဒိန်း (ဘ) ဦးနူရှ်ရှဘိ (အသက် ၂၅ နှစ်) သည် နားမကျန်းဖြစ်နေသည့် မိခင်ကို ဆရာဝန်နှင့် ပြသရန် မိခင်ဖြစ်သူနှင့် အတူ ကျောက်တော် အထက်ပိုင်း ပိုက်သေကျေးရွာအုပ်စုသို့ သွားရောက်ခဲ့သည်။ လေးငါးရက်ခန့် အကြာတွင် မိခင်ဖြစ်သူ ဆေးကုသမှုခံယူနေစဉ် အသုံးစရိတ် ကုန်သွားသဖြင့် သြဂုတ်လ (၃၁) ရက်နေ့က ရွာသို့ ပြန်၍ ငွေကြေး ရှာဖွေရန် စက်လှေတစ်စီးဖြင့် ပိုက်သေရွာမှ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံး သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

စက်တင်ဘာလ (၁) ရက်နေ့ ညပိုင်းတွင် ဒုက္ကချောင်းကျေးရွာအုပ်စုရှိ ချောင်းတွင် ရိုဟင်ဂျာအလောင်းတစ်လောင်း တွေ့ရှိသည်ဟု ဒုက္ကံချောင်း အုပ်ချုပ်ရေးမှူးက ပြောကြားပြီးနောက် ဒေသခံများက စုံစမ်းခဲ့ရာ အာဆားအူဒ္ဒိန်း၏ ရုပ်အလောင်း ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ 

ကျောက်တော်မြို့ အတွင်းရှိ အဆိုပါရွာများကြားတွင် သွားလာနိုင်သည့် ကုန်းလမ်းရှိသော်လည်း ရိုဟင်ဂျာများကို ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ အသွားအလာ မလုပ်ရန် အာဏာပိုင်များက တားမြစ်ထားသဖြင့် အန္တရာယ်ရှိသည့် ရေလမ်းတစ်ခုတည်းကိုသာ သွားနိုင်လာနိုင်ရန် အသုံးပြုနေရသည်။ 

ယခု ရုပ်အလောင်းမျောပါလာသည့် ရေလမ်းအတိုင်း အမြဲသွားလာလေ့ရှိသည့် စက်လှေသမား နှစ်ဦးက “ကျွန်တော်တို့ကိုလည်း စက်လှေကြီးတွေနဲ့ သွားလာတဲ့ ရခိုင်လူမျိုးတွေက ခြိမ်းခြောက်လို့ အသက်လု ထွက်ပြေးရတာ နှစ်ခါ ဖြစ်ခဲ့ဖူးတယ်။ အခုတစ်ပတ်အတွင်း ဒီလိုကြုံခဲ့ရတာ။ အရင်တုန်းကတော့ အဲလိုမျိုး သိပ်မကြုံခဲ့ရဘူး။ ကျွန်တော်တို့ကတော့ ဒီလူကို အဲဒီစက်လှေကြီးတွေက သတ်လိုက်သလားလို့ သံသယ ဖြစ်မိတယ်” ဟု မှတ်ချက်ပေးသည်။ 




Comment ရေးရန်

Rohingya Exodus