နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မင်္ဂလာကြီးမှ လောင်းလှေတစ်စီးဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားနေသည့် ရိုဟင်ဂျာများကို နယ်ခြားစောင့်ရဲများက ပစ်ခတ်သဖြင့် မိန်းကလေး နှစ်ဦး သေဆုံး

MYARF
RB News
28.9.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မင်္ဂလာကြီးကျေးရွာအုပ်စုမှ လောင်းလှေတစ်စီးဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးနေသူများကို နယ်ခြားစောင့်ရဲများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် မိန်းကလေးနှစ်ဦး ရေနစ်သေဆုံးသွားသည်။ 

မင်္ဂလာကြီးကျေးရွာအုပ်စုမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ သွားနေသည့် ဒေသခံ ရိုဟင်ဂျာအချို့သည် စက်တင်ဘာလ (၂၇) ရက်နေ့ ည ၈း၀၀ ခန့်အချိန်တွင် (လူကြီးခါးနစ်သည့်အထိ) ရေထဲသို့ဆင်း၍ လောင်းလှေတစ်စီးပေါ်တက်နေစဉ် နယ်ခြားစောင့်ရဲများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အသက်လု၍ ရှောင်ပြေးရန် ကြိုးစားခဲ့ရာ လူကြီးအချို့ ဖမ်းဆီးခံခဲ့ရပြီး မိန်းကလေး နှစ်ဦး ဖြစ်ကြသည့် ကညင်တန်း (မြို့မ) မှ အာသေဆာ (ဘ) ဦးနူရ်ကာလာမ် (အသက် ၉-နှစ်) နှင့် ရွှေဇားကျေးရွာအုပ်စု၊ ကညင်ချောင်းရွာမှ ဆေးနုဝါးရား (ဘ) ဦးဖောယာဇ်အဟ်မဒ် (အသက် ၁၇-နှစ်) တို့သည် ရေနစ်သေဆုံးသွား၍ ရုပ်အလောင်းများကို နယ်ခြားစောင့်ရဲကားဖြင့် ည ၉း၁၀ ခန့်အချိန်တွင် မောင်တော ပြည်သူ့ဆေးရုံသို့ ယူဆောင်သွားကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဖမ်ဆီးထားသူ ရိုဟင်ဂျာများကို စက်တင်ဘာလ (၂၈)ရက်နေ့တွင် မောင်တော မြို့နယ်တရားရုံးသို့ ခေါ်ဆောင်သွား၍ စစ်ဆေးခဲ့ပြီး ရုပ်အလောင်း ၂ လောင်းကို လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီး ညနေ ၄း၀၀ ခန့်အချိန်တွင် ကညင်တန်း (မြို့မ) သင်္ချိုင်း မြေမြုပ် သဂြိုဟ်ရန် ကညင်တန်းမှ ရပ်ရွာလူကြီးတစ်ဦးကို အပ်နှံခဲ့သည်။

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ ရိုဟင်ဂျာများသည် မောင်တောခရိုင်ရှိ မောင်တော ပြည်သူ့ဆးရုံတွင်ရှိသည့် ကျန်းမာရေးဝန်ဆောင်မှုထက် ပိုမိုကောင်းမွန်သည့် ဆေးဝါးကုသမှုလိုအပ်လျှင် မြန်မာပြည်အတွင်းရှိ အခြားနေရာများသို့ မသွားနိုင်သောကြောင့် ယခင်က ယာယီနိုင်ငံကူး ပါမစ်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ ကုသမှုခံယူပြီး ပြန်လာလေ့ရှိခဲ့သည်။ 

၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ ဖြစ်စဉ်မှ စ၍ ယင်းကဲ့သို့ သွားလာခွင့်ကို ပိတ်ပင်လိုက်သောကြောင့် အသည်းအသန် ဖြစ်နေသည့် လူနာများကို ဆေးကုသမှုပေးနိုင်ရန် နောက်ဆုံးတွင် မတတ်သာ၍ ခိုးကူးရသည့် လမ်းကြောင်းကို ရွေးချယ်ရသည်ဟု မြို့ခံတစ်ဦးကပြောပါသည်။ 

“ဟိုဘက် ဘင်္ဂလားဒေ့ရှ် ဘက်ကိုသွားတဲ့ ရိုဟင်ဂျာတွေထဲမှာ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေက မိသားစုတွေထဲက ဝင်ငွေရှာသူ အဖမ်းခံခဲ့ရပြီး အားကိုးရာမဲ့ဖြစ်နေသူတွေ၊ အိမ်မီးရှို့ခံရပြီး အိုးမဲ့အိမ်မဲ့ ဘဝနဲ့ အခြားနေရာတွေမှာ အကြာကြီး ခိုလှုံနေရပြီး အဆင်မပြေတော့ ထွက်ပြေးချင်ကြတဲ့လူတွေနဲ့ နောက်ဆုံး မောင်တော အဆင့်နဲ့ မရဘဲ ဟိုဘက်သွားပြီး ကုသမှုခံယူချင်ကြတဲ့ လူနာတွေ စတဲ့ လူတွေပဲ နောက်ဆုံးမှာ ဒီလမ်းကြောင်းကို ရွေးတာပါ'' လို့ မင်္ဂလာကြီး ရွာသား တစ်ဦးက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus