နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် သိမ်တောင်ပြင်တွင် ကျေးရွာတာဝန်ခံနှင့် ဂိတ်စာရေးတို့ ပူးပေါင်း၍ ရိုဟင်ဂျာတစ်ဦးထံမှ ငွေညှစ်

MYARF
RB News
13.9.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သိမ်တောင်ပြင်တွင် လင်မယားရန်ဖြစ်ခဲ့သည်ကို အကြောင်းကြားခြင်း မရှိဟုဆိုကာ ကျေးရွာတာဝန်ခံနှင့် နယ်မြေစခန်း ဂိတ်စာရေးတို့က ပူးပေါင်းပြီး ငွေညှစ်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ သိမ်တောင်ပြင်ရွာမှ ဆောယိဒုလ္လာ (ဘ) ဦးဆာလေအာမတ် (အသက် ၂၆ နှစ်) နှင့် ၎င်း၏ ဇနီး ဆောမုဒါး (ဘ) ဦးဘုဇားမျာ (အသက် ၂၄ နှစ်) တို့သည် စက်တင်ဘာလ (၉) ရက်နေ့ နံနက် ၇း၃၀ နာရီအချိန်တွင် အချင်းချင်း စကားများပြီး ခင်ပွန်းဖြစ်သူက ဇနီးကို ဓါးဖြင့်တစ်ချက်ခုတ်သဖြင့် ဦးခေါင်းတွင် ဒဏ်ရာရရှိသွားခဲ့သော်လည်း နှစ်ဦးနှစ်ဖက် နားလည်မှုဖြင့် ပြေလည်သွားခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျေးရွာတာဝန်ခံထံ အကြောင်းကြားခြင်း မရှိဟုဆိုကာ နံနက် ၁၀း၃၀ နာရီအချိန်တွင် ကျေးရွာတာဝန်ခံ ဦးရော်ရှိဒ် (ဘ) ဦးဟာဆောင်း (အသက် ၃၆ နှစ်) နှင့် အဖွဲ့ဝင်ဟောင်း ဦးလာလ်မျာ (ဘ) ဦးအဒူလ္လာမျာ (အသက် ၅၆ နှစ်) တို့ နှစ်ဦးက ဆောယိဒုလ္လာ ကိုခေါ်ပြီး ကြိုးနှင့် ချည်နှောင်ကာ လူမဆန်စွာ ရိုက်နှက်၍ ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းသို့ အပ်နှံခဲ့သည်။ 

ဆောယိဒုလ္လာအား နယ်မြေစခန်းတွင် တစ်ညချုပ်နှောင်ထားပြီး နောက်တစ်နေ့ စက်တင်ဘာလ (၁၀) ရက်နေ့ ညနေပိုင်းတွင် ငွေကျပ် (၇) သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဆောယိဒုလ္လာ အား နယ်မြေစခန်းသို့ပို့ဆောင်၍ ချုပ်နှောင်ထားစဉ် ကျေးရွာတာဝန်ခံနှင့် ဦးလာလ်မျာ တို့သည် ဆောယိဒုလ္လာ၏ ဖခင်ဖြစ်သူထံ သွားရောက်၍ သားဖြစ်သူ လွတ်မြောက်အောင် လုပ်ပေးမည်ဟု ဆိုကာ ငွေကျပ် တစ်သိန်းငါးသောင်း ယူဆောင်သွားခဲ့သော်လည်း လွတ်မြောက်လာချိန်တွင် နယ်မြေစခန်းမှ ဂိတ်စာရေး ဦးသန်းကို ငွေကျပ် (၇) သိန်း ပေးခဲ့ရသည်ဟု ဒေသခံများက ဖြည့်စွက်ပြောသည်။ 

ဦးလာလ်မျာ သည် သိမ်တောင်ပြင်ရွာတွင် ယခင်က နှစ် ၂၀ တိတိ ရ.ယ.က အဖွဲ့ဝင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရွာသားများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်းမှစ၍ ကျေးရွာတာဝန်ခံ၊ နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ၎င်းတို့၏ လက်ကိုင်တုတ်အဖြစ် တာဝန်ယူကာ ရွာသားများကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲပြီး ငွေညှစ်၍ ဝေစုရယူနေသူ ဖြစ်သည်။ 



Comment ရေးရန်

Rohingya Exodus