နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် လူကုန်ကူးမှုတားဆီးရေးအဖွဲ့မှ အရာရှိတစ်ဦးက ရိုဟင်ဂျာများကို မဟုတ်မမှန် စွပ်စွဲခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိ

MYARF
RB News
17.9.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးရေးအဖွဲ့မှ ရဲအရာရှိတစ်ဦးက ရိုဟင်ဂျာများကို မဟုတ်မမှန် စွပ်စွဲခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိသည်။ 

စက်တင်ဘာလ (၁၁) ရက်နေ့တွင် လူကုန်ကူးမှုတားဆီးရေးအဖွဲ့မှ ရဲအရာရှိတစ်ဦးဖြစ်သည့် တင်ဦးကျော်က ဘူးသီးတောင်မြို့ပေါ်သို့ ဈေးဝယ်ရန် သွားနေသည့် စိမ်းညှင်းပြားကျေးရွာအုပ်စုမှ ဦးအာယုပ် (ဘ) ဦးမိုဟာမတ်ဟူစိန်း (အသက် ၅၂ နှစ်) ကို လမ်းတစ်ပိုင်းမှ ခေါ်ယူသွားပြီး “မင်း လူကုန်ကူးမှု လုပ်နေတာ ငါတို့သိတယ်” ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက် ပြောဆိုပြီး ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ 

စက်တင်ဘာလ (၁၄) ရက်နေ့တွင်လည်း ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စုမှ ဦးရှော်ဘီရောန် (ဘ) ဦးမူဇာဖောရ် (အသက် ၄၅ နှစ်) အား သားဖြစ်သူ မောန်ဇူရ်အာလောမ် ထွက်ပြေးသွားသည်ကို အကြောင်းပြ၍ ဖခင်က သားဖြစ်သူကို ဆော်ဒီအာရေဗျားနိုင်ငံသို့ သွားရန် ဘင်္ဂလားဒေ့ရှ်သို့ ပို့ဆောင်ပေးခဲ့သည်ဟု စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း ဘူးသီးတောင်မြို့ခံတစ်ဦးက RB News သို့ပြောပါသည်။ 

တင်ဦးကျော်သည် ဘူးသီးတောင်ဒေသခံ ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် မဟုတ်မမှန် ခြိမ်းခြောက်၍ ငွေညှစ်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေခြင်းမှာ ၎င်း၏ မတရားမှုဒဏ်များကို သည်းမခံနိုင်တော့လျှင် တဖက်နိုင်ငံသို့ ထွက်ပြေးသွားမည်ဟု တွက်ဆ၍ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ရခိုင်လူမျိုး ဒေသခံအရာရှိများ၏ ငွေညှစ်မှုကြောင့် တဖက်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံနေရသူများ ရှိပြီး၊ ယခုအခါ ထွက်ပြေးသွားသူများ၏ ဆွေမျိုးများကို ပစ်မှတ်ထား၍ မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်နေသည်ကို တွေ့နေရသည်။ 

မတရားသဖြင့် စွပ်စွဲ ခြိမ်းခြောက်မှုများကြောင့် ဘူးသီးတောင်မြို့နယ်တွင် ကျန်ရှိနေသည့် ရိုဟင်ဂျာများ တဖြေးဖြေး ထွက်ပြေးသွားမည်ဟု စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောပါသည်။ 

ရဲအရာရှိ တင်ဦးကျော်

Comment ရေးရန်

Rohingya Exodus