နောက်ဆုံးသတင်း/ဆောင်းပါးများ




MYARF
RB News
11.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်စိန်သည် ဒေသခံ ရိုဟင်ဂျာများ ထံမှ သစ်များ သိမ်းယူခြင်း၊ အကြောင်းမဲ့ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၇) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် ကျောက်ပန္ဒူ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်စိန်သည် ကျောက်ပန္ဒူ စေတီရွာမှ ရာအိမ်မှူးများ ဖြစ်သည့် ဦးအဒူလ်ဟာကီးမ် (ဘ) ဦးဟာဘီအုလ္လာ၊ ဦးဟာရှီးမ် (ဘ) ဦးအဒူရှကူရ်၊ ဦးအဘုလ်ဟာရှီးမ် (ဘ) ဦးဟာဆောင်နှင့် ဆယ်အိမ်မှူးများ ဖြစ်သည့် ကျောက်ပန္ဒူ စေတီရွာမှ ဦးအိုမာရ်ဟာကီးမ် (ဘ) ဦးဟူစိန်းအလီ၊ ကျောက်ပန္ဒူ ရွာကြီးမှ ဦးဂျိုနိုက်အလီ၊ ဦးဟာမိတ် (ဘ) ဦးမာမတ်ဟူစိန်း တို့ကို ကျောက်ပန္ဒူ စေတီရွာစုသို့ စေလွှတ်၍ ဦးရော်ဟီမုလ္လာ (ဘ) ဦးအဒူဆာလမ် (အသက် ၄၂ နှစ်) က ကွမ်းခြံတွင် ရောင်းရန် စုဆောင်း ထားသည့် သစ်များကို သိမ်းယူ ခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ သိမ်းယူခံ ရသည့် သစ်များ၏ တန်ဖိုးမှာ ငွေကျပ် ၄၀၀၀၀ ကျော်ဖိုး ရှိကြောင်း သိရှိရပါသည်။

ဧပြီလ (၂) ရက်နေ့ကလည်း အုပ်ချုပ်ရေးမှူး ဦးကျော်စိန်သည် ရာအိမ်မှူး ဦးအဒူလ်ဟာကီးမ် (ဘ) ဦးဟာဘီအုလ္လာကို ကျောက်ပန္ဒူ စေတီရွာသို့ စေလွှတ်၍ မော်လ၀ီ ဦးဟာရှီမ်အုလ္လာ (ဘ) ဦးလာလ်မျာ ထံမှ အကြောင်းမဲ့ ငွေ ငါးသောင်း ညှစ်ရန် စေလွှတ်ခဲ့သည်။ မော်လ၀ီ ဦးဟာရှီမ်အုလ္လာက မပေးနိုင်ဟု ငြင်းဆိုလိုက်သဖြင့် အုပ်ချုပ်ရေးမှူး ဦးကျော်စိန်က ရဲများကို တိုင်တန်းခဲ့သည်။ ရဲများက မော်လ၀ီ ဦးဟာရှီမ်အုလ္လာကို နေ့စဉ် သုံးကြိမ်ခန့် အကြောင်းမဲ့ ဖမ်းဆီးရန် လိုက်လံ ရှာဖွေ သောကြောင့် စိတ်အနှောက် အယှက် အဖြစ်မခံနိုင်တော့ သဖြင့် နောက်ဆုံးတွင် အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ကို ငွေကျပ် ငါးသောင်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



Rohingya Eye
RB News
11.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သ၀န်ချောင်း ကျေးရွာ အခြေစိုက် ရဲကင်းစခန်းမှ လုံထိန်း (၆) ဦးက အသက် ၁၄ နှစ် အရွယ် ရိုဟင်ဂျာ ကလေး တစ်ဦးကို ပြင်းထန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အစွန်ဆုံး ကျေးရွာ ဖြစ်သော သ၀န်ချောင်း ကျေးရွာတွင် လုံထိန်း ရဲကင်း စခန်း တစ်ခု ရှိပြီး အဆိုပါ စခန်းသည် အင်းဒင် အခြေစိုက် စခန်း အမှတ် (၁၈) လက်အောက်ခံ ဖြစ်ရာ မြင်းလွှတ် အခြေစိုက် အမှတ် (၈) နယ်မြေမှ နယ်မြေမှူးက ကွပ်ကဲကြောင်း သိရှိရသည်။ လုံထိန်း စခန်းတွင် လုံထိန်း တပ်ဖွဲ့ဝင် ၆ ဦးရှိပြီး ဒုရဲအုပ် မောင်တိုးသည် ကင်းစခန်း တာဝန်ခံ ဖြစ်သည်။ လုံထိန်း တပ်ဖွဲ့ဝင်များ အားလုံးသည် ရခိုင် လူမျိုးများ ဖြစ်ကြသည်။

၎င်းတို့ကို ချက်ပြုတ် ကျွေးမွေးရန်၊ သန့်ရှင်း ပြုလုပ်ပေးရန်နှင့် ခန္ဓာကိုယ်ကို နှိပ်ပေးရန် နေ့စဉ် နေ့တိုင်း ဒေသခံ ရိုဟင်ဂျာ တစ်ဦးစီ အလှည့်ကျ နံနက် ၆ နာရီမှ ညနေ ၆ နာရီခွဲ အထိ ခေါ်ယူ၍ အတင်းအဓမ္မ ခိုင်းစေလျက် ရှိသည်။ ဧပြီလ (၈) နေ့တွင် အလှည့်ကျသည့် ကာဆိမ်းအလီ (ဘ) ဦးနာရှုမျာ (အသက် ၁၄ နှစ်) ကို နောက်ကျမှ ရောက်သည်ဟု ဆိုကာ အဆိုပါ လုံထိန်း တပ်ဖွဲ့ဝင် (၆) ဦးက ၀ိုင်းဝန်း ထိုးကြိတ် ခဲ့ရာ လမ်းမလျှောက် နိုင်တော့သည့် အထိ ပြင်းထန်စွာ ဒဏ်ရာ ရခဲ့ပြီး စခန်း အပြင်ဘက်တွင် လဲကျနေခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လဲကျနေသည့် ၁၄ နှစ်အရွယ် ကာဆိမ်းအလီကို ရွာသားများက တွေ့၍ ဖခင် ဖြစ်သူကို သတင်းပို့သည့် အခါမှ ဖခင်က သားဖြစ်သူကို အိမ်သို့ ထမ်း၍ ခေါ်သွားခဲ့ရသည်။ ရိုက်နှက်ခံရသည့် ကလေးသည် လမ်းပင် မလျှောက် နိုင်တော့သည့် အပြင် အစား အသောက်လည်း မစားနိုင်တော့ဘဲ ပြင်းထန်စွာ ဝေဒနာ ခံစား နေရကြောင်း ဒေသခံများက ပြောပါသည်။

လုံထိန်းများက အတင်းအဓမ္မ စေခိုင်းခြင်းမှာ ဥပဒေကို ချိုးဖောက်၍ ခိုင်းစေခြင်း ဖြစ်သော်လည်း၊ ဒေသခံ ရိုဟင်ဂျာများက ပြဿနာ မဖြစ်ပွားလို၍ ခိုင်းစေသည့် အတိုင်း အလှည့်ကျ နေ့စဉ် ဆောင်ရွက် ပေးနေသည်ကို ယခုကဲ့သို့ ရက်စက်စွာ ရိုက်နှက်သည့် အတွက် အထက် အာဏာပိုင်များက အရေးယူပေးရန် တောင်းဆိုကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဗလီပိုင်မြေ ပေါ်တွင် ဒေါ်သန်းသန်းက ကျူးကျော်ဆောက်လုပ် နေသည့်အိမ်

MYARF
RB News
11.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်း ကျေးရွာရှိ ဗလီမြေကို ရဲအရာရှိ၏ ဇနီးက ကျူးကျော်၍ အိမ်ဆောက်လုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

၂၀၁၁ ခုနှစ်မှစ၍ မောင်တောမြို့နယ် ကြိမ်ချောင်း အလယ်ရွာရှိ ကြိမ်ချောင်း ရဲစခန်း ရှေ့တွင် ရှိသော ဇာဟေဒီယာ ဗလီမြေပေါ်တွင် ရဲအရာရှိ ဦးစိုးချေ၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းက လစဉ် လစာ ပေးမည်ဟု ဆိုကာ ဆိုင်ဆောက်လုပ် ခဲ့သည်။ သို့သော်လည်း မြေငှားရမ်းခ အတွက် လစဉ် လစာ မပေးခဲ့သည့် အပြင် ယခုအခါ ဗလီမြေကို ကျူးကျော်၍ အိမ်ဆောက်လုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထိုသို့ ကျူးကျော်ခြင်းနှင့် ပတ်သက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ထံသို့ ဗလီ ဂေါပက အဖွဲ့က တိုင်ကြားရန် သွားခဲ့ရာ အုပ်ချုပ်ရေးရုံး စာရေးကြီး ဦးထွန်းဝင်းက တိုင်ကြားစာကို လက်မခံဘဲ မြေပေါ်သို့ ရိုင်းပျစွာ ပစ်ချ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

“ရဲအရာရှိ ဦးစိုးချေရဲ့ ဇနီး ဒေါ်သန်းသန်း ဆောက်လုပ် နေတဲ့ အိမ်နဲ့ ဗလီနဲ့ ဆိုရင် ပေ ၅၀ လောက် ဝေးပါတယ်။ ဒေါ်သန်းသန်း ဆောက်လုပ်နေတဲ့ အိမ်မြေနေရာက ဗလီပိုင်မြေ ဖြစ်ပါတယ်။ အခု ဆောက်နေတဲ့ အိမ်ရဲ့နောက်မှာ ဗလီက အိမ်သာရှိပါတယ်။ အဲဒီ အိမ်သာကိုပါ ဖျက်ပြီး ဆောက်ဖို့ စီစဉ်နေတယ်။ အစပိုင်းက လစဉ် လစာ ပေးမယ်ဆိုပြီး ဆိုင်ဆောက်တယ်။ ပြီးတော့ လစာလည်း မပေးတဲ့ အပြင် အခု အိမ်ဆောက်ပြီး ကျူးကျော်တယ်။ ရဲစခန်းကို တိုင်တော့လည်း အရေးမယူဘူး။ ကျေးရွာ အုပ်ချုပ်ရေးကို တိုင်တော့လည်း တိုင်စာကိုပါ မြေပေါ်ကို ပစ်ချပြီး ရိုင်းရိုင်း စိုင်းစိုင်းတွေ ပြောတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။



RB News
11.4.2014

ပုဏ္ဏားကျွန်း ။ ။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ ကာဒီရွာမှ ဒေသခံ ရိုဟင်ဂျာ ၃၅ ဦးကို ဗိုလ်ကြီး မြတ်မင်းဟိန်းက အကြောင်းမဲ့ ရိုက်နှက်ခဲ့ရာ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၈) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် ကျောက်တော်မြို့နယ် အခြေစိုက် တပ်ရင်း တစ်ခုမှ ဗိုလ်ကြီး မြတ်မင်းဟိန်းနှင့် အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် ကာဒီရွာသို့ ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာ ၃၅ ဦးကို အကြောင်းမဲ့ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အရိုက်ခံရသူ ၃၅ ဦးတွင် အမျိုးသမီး ၃ ဦးလည်း ပါဝင်ပြီး၊ ရိုက်နှက်မှုကြောင့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဗိုလ်ကြီး မြတ်မင်းဟိန်းက ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွာသား ၃၅ ဦးကို ရိုက်နှက်ခြင်းနှင့် ပတ်သက်၍ အထက် အာဏာပိုင်များကို အကြောင်းကြားပါက သေနတ်ဖြင့် ပစ်သတ်မည် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆို၍ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။ ကာဒီရွာသည် ပုဏ္ဏားကျွန်း မြို့နယ်တွင် တစ်ခုတည်းသော ရိုဟင်ဂျာရွာဖြစ်ပြီး၊ အိမ်ခြေ ၃၆၀ ခန့်ရှိသည်။ သွားလာခွင့် ကန့်သတ် ထားခြင်းကြောင့် စားဝတ် နေရေး ဒုက္ခရောက် နေသူများ ဖြစ်ပြီး၊ ယခု အခါ အန်ဂျီအိုများ မရှိသောကြောင့် ပိုမို ဒုက္ခရောက်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးထံတွင် ပုဏ္ဏားကျွန်း မြို့နယ် အခြေစိုက် တပ်ရင်းမှ တပ်ရင်းမှူး၏ ဖုန်းနံပါတ် ရှိသော်လည်း ဖုန်းဆက်လျှင် မကိုင်သောကြောင့် ယခုကဲ့သို့ ညှဉ်းပန်း နှိပ်စက်မှုများကို တင်ပြနိုင်ခြင်း မရှိဘဲ၊ ဗိုလ်ကြီး မြတ်မင်းဟိန်းမှ ဒေသခံများကို ဆက်လက် ညှဉ်းပန်း ရိုက်နှက် နှိပ်စက်မည်ကို စိုးရိမ်လျက် ရှိကြောင်း သိရှိရပါသည်။




RB News
11.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇား တံတားပေါ်ရှိ လုံခြုံရေး ရဲကင်းတွင် တာဝန်ထမ်းဆောင် နေသည့် လ.၀.က ၀န်ထမ်းများသည် ခရီးသွား ပြည်သူများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် ရွှေဇား တံတားပေါ်ရှိ လုံခြုံရေး ရဲကင်းတွင် ယခင်က လုံထိန်းများက ငွေညှစ်ခဲ့သော်လည်း၊ ယခု အခါ လုံထိန်းများက မစစ်ဆေးတော့ဘဲ လ.၀.က ၀န်ထမ်းများက ယာယီကဒ်ပြားများ၊ ခရီးသွားလာခွင့် လက်မှတ်များကို စစ်ဆေးလျက် ရှိသည်။ ထိုသို့ စစ်ဆေးရာတွင် ငွေညှစ်ရုံသာမက ရိုင်းပျစွာ ဆက်ဆံမှုများပင် ပြုလုပ်နေကြောင်း ဒေသခံ တစ်ဦးက ယခုကဲ့သို့ ပြောပါသည်။

“အရင်ရက်တွေက လုံထိန်းတွေက စစ်တယ်။ ငွေညှစ်တယ်။ အခု လုံထိန်းတွေက ကားအနားကိုတောင် မလာတော့ ပေမယ့် လ.၀.က တွေက အင်မတန် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်။ အမျိုးသမီးတွေကိုလည်း အရှက်ရစေတဲ့ အထိ ထိပါး ရိသဲ့ပြီး ပြောဆိုတယ်။ ကားပေါ်မှာ ပါတဲ့ ခရီးသည်တွေကို ခရီးသွားလာခွင့် လက်မှတ်၊ ယာယီလက်မှတ် ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ၊ တစ်ခေါက် ဖြတ်ရင် တစ်ယောက်ကို ၅၀၀ ကျပ် ပေးနေရတယ်။ အသွားမှာ တစ်ကြိမ်၊ အပြန်မှာ တစ်ကြိမ်၊ တက္ကစီကားတွေလည်း အဲဒီအတိုင်းပါဘဲ၊ တစ်ခါ ဖြတ်ရင် ၅၀၀ ကျပ် ပေးရတယ်။ အဲဒီတော့ ရွာတွေကနေ မောင်တောမြို့ပေါ်သွားရင် အသွားအပြန် တံတား ဖြတ်ခ ငွေ ၁၀၀၀ ပေးနေရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံ ရိုဟင်ဂျာ အများစုမှာ ဆင်းရဲ နွမ်းပါးသူများ ဖြစ်ကြပြီး၊ မောင်တောမြို့ပေါ်သို့ လာရာတွင် တံတားဖြတ်သန်းခ အဖြစ် ငွေကျပ် ၁၀၀၀ ပေးနေရသည့် အတွက် ၀န်ထုပ် ၀န်ပိုး ဖြစ်လာသလို၊ လ.၀.က မှ ငွေညှစ်ခြင်းမှာလည်း ဥပဒေကို ချိုးဖောက်ခြင်းသာ ဖြစ်သဖြင့် နိုင်ငံတော် အစိုးရမှ အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
11.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အခြေစိုက် ခလရ ၂၃၄ မှ တပ်ရင်းမှူးနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၆ ဦးတို့က ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် ခလရ ၂၃၄ မှ တပ်ရင်းမှူးက သပြေတော ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို တစ်ဖက်နိုင်ငံသို့ ဆိတ်နှင့် နွားများ တရားမ၀င် တင်ပို့နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေကျပ် တစ်သိန်းစီ ညှစ်ခံရသူ (၄) ဦးမှာ --

(၁) မော်လ၀ီ ဦးအဒူလ်ဟာဘဲစ် (ဘ) ဦးဒိလ်မာမတ်
(၂) ဦးအီလီယာစ် (ဘ) ဦးအဒူဆလာမ်
(၃) မော်လ၀ီ ဦးနူရ်ဟူစိန်း (ဘ) ဦးတာဇောမူလုခ် -- တို့ ဖြစ်သည်။

မောင်တောမြို့နယ်၊ တောင်ပိုင်း မြင်းလွတ် ကျေးရွာ အုပ်စု၊ ဂျင်တောရွာမှ အာရှော၊ ဟာမိတ် (ဘ) ဦးနာဂူ၊ မောင်တာစ်အုလ္လာ (ဘ) ဦးမာမတ်ရှော်ဘိ၊ အေဘာဒူ (ဘ) ဦးရှုနာမျာနှင့် ရှောမ်ရှုအာလမ် (ဘ) မော်လ၀ီ ဟူစိန်း တို့သည် ထင်းခုတ်၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်သည်။ ၎င်းတို့ (၅) ဦးက ထင်းခုတ်၍ ရရှိလာသည့် ထင်းများကို လမ်းဘေးတွင် ပုံထားသည့် အချိန်တွင် ဂျင်တောရွာ အခြေစိုက် လုံခြုံရေး စခန်း (အမှတ် ၈ နယ်မြေ စခန်းခွဲ) မှ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၆ ဦး ရောက်ရှိလာပြီး ထင်းခုတ်သည့် အတွက် တရားစွဲမည်ဟု ဆိုကာ ခြိမ်းခြောက်၍ တစ်ဦးထံမှ ငွေကျပ် ၃ သောင်းစီနှင့် ထင်းအချို့ကို ဓါးပြသဖွယ် ယူဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။




MYARF
RB News
11.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၇) ရပ်ကွက်သို့ မီးရှို့ရန် ၀င်ရောက်လာသည့် ရခိုင် အစွန်းရောက်များကို မောင်းထုတ်ခဲ့သည့် ဒေသခံ ရိုဟင်ဂျာ (၄) ဦးကို ရဲက ဖမ်းဆီး၍ ထောင်ချလိုက်ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၇) ရက်နေ့ ည ၉ နာရီကျော် အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက် အတွင်းသို့ ရခိုင် အစွန်းရောက် အုပ်စု တစ်စုက ဓါတ်ဆီပုံးများ ကိုင်ဆောင်၍ မီးရှို့ရန် ၀င်ရောက် လာရာ၊ ရပ်ကွက်အတွင်းမှ ရိုဟင်ဂျာ (၄) ဦး မြင်တွေ့ သွားသဖြင့် မောင်းထုတ်ခဲ့ သဖြင့် မီးရှို့ရန် ၀င်လာသူများ ထွက်ပြေး သွားခဲ့ရသည်။ ထို့နောက် ရဲတစ်ဦး ချက်ချင်းဆိုသလို ရောက်ရှိလာပြီး မောင်းထုတ်ခဲ့သည့် ရိုဟင်ဂျာ (၄) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဧပြီလ (၈) ရက်နေ့တွင် ၎င်းရိုဟင်ဂျာ (၄) ဦးကို ထောင်ဒဏ် (၁၅) ရက်စီ အမိန့်ချခဲ့သည်။ ၎င်းတို့ (၄) ဦးကို ဖမ်းဆီးစဉ် အချိန်က ည ၉း၄၅ နာရီသာ ရှိခဲ့သော်လည်း ၎င်းတို့ကို ည ၁၁း၃၀ နာရီတွင် တွေ့ရှိသည်ဟု လိမ်လည်၍ ထောင်ချခဲ့ခြင်း ဖြစ်သည်။ မီးရှို့ရန် လာသည့် အုပ်စုနှင့် ရဲတို့ ချိတ်ဆက်၍ ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဧပြီလ (၅) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်စု၊ ပြင်တောင်ရွာ အနောက်ဘက်မှ မောင်လှမြ (ဘ) ဦးထွန်းအောင် (ဖရုံချောင်း ရခိုင်ရွာမှ) အပါအ၀င် ရခိုင် အစွန်းရောက် ၁၀ ဦးခန့်က လက်နက်များ၊ ဓါတ်ဆီပုံးများ ကိုင်ဆောင်၍ ၀င်ရောက် လာသည်ကို ဒေသခံ ရိုဟင်ဂျာများ တွေ့သဖြင့် ပြန်လည် ထွက်သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။

ရခိုင် အစွန်းရောက် များသည် ဘင်္ဂလားဒေ့ရှ်မှာ ဘင်္ဂလီ-ရခိုင်များနှင့် ပူးပေါင်း၍ အကြမ်းဖက်ရန် နည်းမျိုးဖြင့် ကြိုးပမ်းလျက်ရှိရာ ဧပြီလ (၆) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ဂူတာပြင် ကျေးရွာ အုပ်စု ငှက်ပျောချောင်း ကျေးရွာမှ အောင်နိုင် (ဘ) ဦးအောင်ကျော်လှ၊ မောင်ဖြူ၊ အောင်လှဖြူ တို့အပါအ၀င် ရခိုင် ၂၀ ဦးခန့်တို့သည် လက်နက် သေတ္တာ ၁၀ လုံးကို ငှက်ပျောချောင်းရှိ တောင်ထဲတွင် ၀ှက်ထားခဲ့သည်ကို ဒေသခံများက တွေ့မြင်ခဲ့ပြီး၊ ဧပြီလ (၇) ရက်နေ့တွင်လည်း ဒေါလ္လာဇီရိဟု ခေါ်သည့် တောင်ကြားတွင် ထပ်မံ တွေ့ရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဘူးသီးတောင်မြို့နယ် ဖရုံချောင်း၊ ဘုရားပြင်အောင်ပ၊ သိမ်တောင်ပြင်၊ ဒုအိုးသည်မ စသော ကျေးရွာများ အတွင်းသို့ ရခိုင်များက ဖားရှာရန် အကြောင်းပြ၍ ဓါးများ၊ ဓါတ်ဆီပုံးများ ကိုင်၍ မကြာခဏ ၀င်ရောက် နေသည့် အတွက် မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံး ကျေးရွာနှင့် ငါးစားကြူး ကျေးရွာများကဲ့သို့ မီးရှို့ခံရမည်ကို စိုးရိမ်လျက် ရှိနေကြသည်။



MYARF
RB News
11.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် ကကျက်ဘက် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ၉ ဦးက ၎င်းတို့၏ အိမ်တွင် ရိုဟင်ဂျာ ဖြည့်ခွင့် ရမှသာ သန်းခေါင် စာရင်းတွင် ပါဝင်မည်ဟု ပိုစတာ ရေးသား ချိတ်ဆွဲ ခဲ့သည့် အတွက် ငွေညှစ်ခံ ခဲ့ရကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၄) ရက်နေ့က ဘူးသီးတောင်မြို့နယ် ကကျက်ဘက် ကျေးရွာသို့ သန်းခေါင်စာရင်း ကောက်ယူရေး အဖွဲ့ ရောက်သည့် အချိန်တွင် ဒေသခံ ရိုဟင်ဂျာ (၉) ဦးက ၎င်းတို့၏ အိမ်ရှေ့တွင် ရိုဟင်ဂျာ ဖြည့်ခွင့် ရမှသာ သန်းခေါင်စာရင်းတွင် ပါဝင်မည်ဟု ရေးသား၍ ပိုစတာများ ချိတ်ဆွဲခဲ့သည်။ ထိုသို့ ရေးသားခဲ့ခြင်းနှင့် ပတ်သက်၍ ဧပြီလ (၁၀) ရက်နေ့ ညနေ ၄း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ရဲစခန်းမှ ရဲအုပ် မြတ်ထွေး ရောက်ရှိလာပြီး၊ တစ်ဦးလျှင် ငွေကျပ် ၅ သောင်းစီ မပေးပါက တရားစွဲ ခံရမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၄ သိန်း ၅ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေညှစ်ခံရသူ (၉) ဦးမှာ --

(၁) ဦးမိုဟာမတ်ရှော်ဖီ (ဘ) ဦးဖောယာစ်
(၂) ဦးရော်ဖိတ် (ဘ) ဦးဖောယာစ်
(၃) ဦးဖော်ဇော်လ်အာမတ် (ဘ) ဦးဟားဆူ
(၄) ဦးမိုဟာမတ်ကော်ရိမ် (ဘ) ဦးဆယာဒ်ဒူရာမန်
(၅) ဦးဆယာဒ်ကရီးမ် (ဘ) ဦးဆယာဒ်ဒူရာမန်
(၆) မော်လ၀ီ ဦးမာမတ်ဒူဟောက် (ဘ) ဦးအဒူစောမောတ်
(၇) ဦးဝါဒုလ်ဟောက် (ဘ) ဦးအဒူစောမောတ်
(၈) ဒေါ်ဟာဇာရာခါတူ (ဘ) ဦးဂျာနီအာလမ်
(၉) အမည်မသိ -- တို့ဖြစ်သည်။

မဟာဆီနာဘေဂမ်


RB News
10.4.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေ ဆေးရုံတွင် သူနာပြုများက အသက် ၂၀ နှစ်အရွယ် အမျိုးသမီး ကိုယ်ဝန်ဆောင် လူနာ တစ်ဦးကို ဆေးထိုးသတ်ပြီးနောက်၊ အလောင်းကို လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ကိုယ်ဝန် နှစ်လဖြင့် ၀မ်းလျှောရောဂါနှင့် ဆီးဝေဒနာ ခံစားနေရသည့် မဟာဆီနာဘေဂမ် (ဘ) ဦးဘော်ဒီအာလမ် (အသက် ၂၀ နှစ်) ကို ဧပြီလ (၇) ရက်နေ့က ဒါးပိုင် ဆေးခန်းတွင် ဆေးကုသရန် ခင်ပွန်းဖြစ်သူ ကိုရှမ်ရှုအာလမ် (ဘ) ဦးမိုဟာမတ်အာမီးန် (အသက် ၂၅ နှစ်) က ခေါ်သွားခဲ့ရာ၊ ဆရာဝန်က စစ်တွေ ဆေးရုံသို့ ပို့၍ ဆေးကုသမှသာ ရောဂါသက်သာမည် ဖြစ်ကြောင်း ပြောသဖြင့် ယင်းနေ့တွင်ပင် စစ်တွေ ဆေးရုံကြီးသို့ ဆရာဝန်၏ ထောက်ခံချက်ဖြင့် မဟာဆီနာဘေဂမ်၏ အစ်မ ဖြစ်သူ မဂျမီလာဘေဂမ် (အသက် ၃၀ နှစ်) နှင့်အတူ ဆရာဝန်၏ အစီအစဉ်ဖြင့် ပို့ဆောင်ခဲ့သည်။ ယမန်နေ့ ဧပြီလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် မဟာဆီနာဘေဂမ်၏ အလောင်းကို ရဲများက အစ်မဖြစ်သူ မဂျမီလာဘေဂမ်နှင့် အတူ လာရောက်ပို့ သွားခဲ့ကြောင်း သိရှိရပါသည်။

မဟာဆီနာဘေဂမ်သည် သာမာန်သေဆုံးခဲ့ခြင်း မဟုတ်ဘဲ သူနာပြုများက ဆေးထိုး၍ သတ်ခဲ့ခြင်း ဖြစ်သည်။ မဟာဆီနာဘေဂမ်၏ ခင်ပွန်းဖြစ်သူက ယခုကဲ့သို့ ပြောပါသည်။

“လွန်ခဲ့တဲ့ အပတ်က စပြီး ကျွန်တော့်ရဲ့ ဇနီးက ၀မ်းလျှောရောဂါနဲ့ ဆီးဝေဒနာ ခံစားနေရလို့ (၇) ရက်နေ့က ဒါးပိုင်ဆေးခန်းမှာ သွားပြပါတယ်။ အဲဒီက ဆရာဝန်က စစ်တွေ ဆေးရုံပို့မှ ဖြစ်မယ်လို့ ပြောတော့ ကျွန်တော်တို့က စိတ်ပူကြတယ်။ အဲဒီမှာ ဆရာဝန်က ဘာမှ မဖြစ်စေရဘူးလို့ အာမခံတယ်။ ဆေးရုံတက်မှ ကောင်းမယ်လို့ ပြောတော့ နောက်ဆုံးမှာ အစ်မဖြစ်သူနဲ့ ဆေးရုံကို ဒါးပိုင်ဆေးခန်းက ဆရာဝန်ရဲ့ အစီအစဉ်နဲ့ ပို့လိုက်ပါတယ်။ နောက်နေ့မှာ ဖုန်းနံပါတ် ၀၄၃ ၂၂၇၈၆ ကို ဖုန်းဆက်မေးတော့ သက်သာနေပြီ၊ နောက်နေ့ ဆေးရုံက ပြန်ဆင်းလာ လိမ့်မယ်၊ စိတ်မပူပါနဲ့လို့ ပြောတယ်။ အဲဒါနဲ့ ဆေးရုံက ပြန်ဆင်းလာမယ်လို့ မျှော်နေပေမယ့် နောက်ဆုံး နေ့လည် ၁၂ နာရီလောက်မှာ အလောင်းဘဲ ရတယ်။ သေဆုံးသွားသူကို ရိုက်နှက် ထားတာ ရစရာ မရှိဘူး။ နားရွက်ကို ပလာယာနဲ့ ဆွဲဖြတ်ထားတယ်။ ပြီးတော့ ခန္ဓာကိုယ် တစ်ခုလုံး ရစရာမရှိဘူး။ ၀ါယာကြိုးနဲ့ ရိုက်ထားတဲ့ ဒဏ်ရာတွေ အများကြီးပါ။ အဲဒါတွေက အသတ်ခံရပြီးတဲ့နောက်မှာ ရက်စက် ခံခဲ့ရတာပါ” ဟု မဟာဆီနာဘေဂမ်၏ ခင်ပွန်းက ပြောပါသည်။

မဟာဆီနာကို ဆေးရုံတင်ပြီးနောက် ဧပြီလ (၈) ရက်နေ့တွင် အခြေအနေ တိုးတက်လာခဲ့ပြီး၊ လမ်းပင် လျှောက်၍ ရခဲ့သည်။ သို့သော်လည်း ဧပြီလ (၉) ရက်နေ့ နံနက် ၃ နာရီ အချိန်တွင် သူနာပြုတစ်ဦးက သေဆေးထိုး ပေးခဲ့ခြင်း ဖြစ်ပြီး၊ လူနာစောင့် ဖြစ်သူ မဂျမီလာက ညီမဖြစ်သူကို ကာကွယ်ရန် ကြိုးစားခဲ့သော်လည်း အခြားသော သူနာပြုများက ၀ိုင်းဝန်း၍ ချုပ်ထားခဲ့သဖြင့် ညီမကို မကာကွယ်နိုင်ခဲ့ဟု ယခုကဲ့သို့ ပြောပါသည်။

“ကျွန်မရဲ့ ညီမဖြစ်သူနဲ့ ဆေးရုံကို လူနာစောင့် အဖြစ်နဲ့ လိုက်သွားပါတယ်။ ရောက်ကတည်းက ဆရာဝန်၊ သူနာပြု တွေရဲ့ ဆဲဆိုကြိမ်းမောင်းမှု ပေါင်းစုံကို ခံရပါတယ်။ ကျွန်မတို့ကို ဒါရိုဟင်ဂျာ ဆေးရုံ မဟုတ်ဘူး။ ရိုဟင်ဂျာ ဆေးရုံမှာ သွားကု ဘာညာနဲ့ အမျိုးမျိုး ဆဲဆိုတယ်။ ဆေးရုံတက်ပြီး နောက်နေ့မှာတော့ ကျွန်မ ညီမရဲ့ အခြေအနေ တော်တော်လေး ကောင်းလာခဲ့ပါတယ်။ လမ်းတောင် လျှောက်လို့ ရနေပြီ။ ဒါပေမယ့် ၈ ရက်နေ့ ညသန်းခေါင်ယံ၊ ၉ ရက်နေ့ မနက် ၃ နာရီမှာ ကျွန်မ ညီမကို သူနာပြုတွေ အုပ်စုလိုက် လာပြီး အစိမ်းရောက် ဆေးတစ်မျိုးထိုးတယ်။ ရောဂါ သက်သာနေတဲ့ သူကို ဆေးထိုးဖို့ မလိုတော့ဘူး ထင်လို့ ကျွန်မတားတယ်။ ၀င်ဆွဲတယ်။ အဲဒီမှာ ကျွန်မကို သူနာတွေ အားလုံးက ၀ိုင်းချုပ်တယ်။ ရိုက်တယ်။ ပါးရိုက်တယ်။ ရိုက်တာကြောင့် သွေးတောင် ထွက်တယ်။ ဆေးထိုးပြီး ခဏအကြာမှာ ကျွန်မ ညီမ သေဆုံး သွားပါတယ်။ အဲဒီ အချိန်မှာ ရဲအစောင့်က သူနာပြုတွေကို လှမ်းဆူလိုက်တယ်။ သေသွားတဲ့ သူကို ကုတင်ကနေ ပြောင်းမယ်ပြောတော့ ဟိန္ဒူ အလုပ်သမားတွေကို ကျွန်မ ငွေ ၁၀၅၀၀ ပေးလိုက်ပါတယ်။ အလောင်းကို ကောင်းကောင်းမွန်မွန် ထားဖို့ အတွက်ပါ။ ဒါပေမယ့် အလောင်းကို အောက်မှာ ပစ်ချလိုက်တဲ့ အသံကို ကျွန်မ ကြားလိုက်ရတယ်။ ရိုက်နေတဲ့ အသံတွေလည်း အချိန် အတော်ကြာ ကြားလိုက်ရတယ်။ အဲဒီလို ကြားလို့ ကျွန်မ အော်တော့ ဆရာဝန်တွေနဲ့ သူနာပြုတွေ ၀ိုင်းလာတယ်။ ကျွန်မကိုလည်း သတ်ပစ်မယ့် အနေအထားမှာ ရှိခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန် ကျွန်မနဲ့ အတူ ရဲအစောင့် ရှိနေလို့ ကျွန်မကို သတ်လို့ မရခဲ့ဘူး။ ဒီလိုနဲ့ နေ့လည် ၁၂ နာရီမှာ အိမ်ကို ပြန်ရောက်ခဲ့တယ်” ဟု လူနာစောင့်ရန် လိုက်ပါသွားခဲ့သူ မဂျမီလာဘေဂမ်က ပြောပါသည်။

(ဓါတ်ပုံ - ရိုက်တာ) 


O'Laie Manzu
RB News
10.4.2014

လူ့အခွင့်အရေး အပြည့်အဝ အာမခံချက် ရရှိစေရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ် ထွန်းကား စေရေး အတွက် မြန်မာပြည်သားတွေ ကြိုးပမ်း နေကြတာကို စိတ်ဝင်စား နေခဲ့တာ ကြာခဲ့ပြီ ဖြစ်တဲ့ ကျနော့် အဖို့ကတော့ ပြုပြင် ပြောင်းလဲရေး ကတိကဝတ်တွေကို ကမ္ဘာတဝှမ်းက အခြားသူများ နည်းတူ စောင့်မျှော် နေခဲ့ပါတယ်။ US Campaign for Burma ကို စတင် ဖွဲ့စည်းခဲ့သူ တစ်ဦးလည်းဖြစ်၊ လူမျိုးစုတိုင်းရဲ့အရေးကိုလည်း အကျိုးတော်ဆောင် ပေးနေတဲ့ လူတစ်ယောက်လည်း ဖြစ်တဲ့ ကျနော့် အနေနဲ့ကတော့ မြန်မာနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှု အောက်မှ အာဏာရှင် ဖိနှိပ်မှုတွေကနေ လွတ်မြောက်ပြီး ပြောင်မြှောက်တဲ့ အနာဂါတ်ကြီး အသွင်ကူးပြောင်း လာလိမ့်မလား ဆိုတဲ့ မျှော်လင့်ချက် တွေနဲ့အတူ ပျော့ပျောင်း လာပြီလို့ ဆိုတဲ့ မြန်မာ နိုင်ငံရေးကို အသက် မရှုတမ်း စောင့်ကြည့် နေခဲ့ပါတယ်။ ရွေးကောက်ပွဲလည်း ကျင်းပ ခဲ့ပြီးပြီ၊ ပိတ်ပင်တဲ့ လူတွေစာရင်း ကိုလည်း ပယ်ဖျက်ပြီးပြီ၊ ရှေ့ပြေးနိုင်ငံတွေနဲ့ ရင်ဘောင်တန်းလို့ အမှီလိုက် ကြမယ့် ဆိုတဲ့ စိတ်ကူး တွေလည်း ပုံဖော် လာကြပြီ ဆိုတော့ အကျဉ်းတန် လှတဲ့ အချိန်တွေကို ကျော်လွှားပြီး အချိန်အခါ ကောင်းလေးများ ရောက်လေ မလားလို့ ကျနော်မျှော်လင့် မိတယ်။

တောင်အာဖရိက ကတော့ နိုင်ငံသားတွေကို အားမြှင့် ပေးဖို့အတွက် အပြောင်းအလဲ ကာလမှာ အခက်အခဲ တွေကို ရင်ဆိုင်ခဲ့ ရတယ်။ ဂွတာမာလာ၊ ချီလီ၊ အာဂျင်တီးနား၊ အင်ဒိုနီးရှား နဲ့ အခြား နိုင်ငံတွေရဲ့ ရုန်းကန် ခဲ့ရမှုတွေ ကလည်း ဒီလို ခရီးလမ်းတွေ ပေါ်က အခက် အခဲတွေကို သတိမှုဖို့ လိုကြောင်း အချက်ပြ ပေးခဲ့သလို ပိုမို သာယာတဲ့ မနက်ဖြန် နေ့သစ်တွေကို လျင်မြန်စွာ ရောက်ရှိနိုင်မယ့် အလားအလာ တွေကိုလည်း ဖော်ကျူးပြသခဲ့ ပါတယ်။ ဖယ်ကျဉ် ထားမယ် ဆိုတဲ့ မူဝါဒတွေက ဒီနေ့ အထိတော့ ရလဒ်ကောင်းတွေ သိပ်မတွေ့ရတဲ့ အတွက် အနည်းဆုံးတော့ ပူးတွဲ လုပ်ကိုင် ကြည့်မယ် ဆိုတဲ့ အတွေးက မဆိုးလောက် ပါဘူး။ တစ်ကမ္ဘာလုံး နည်းတူဘဲ ကျနော်တို့လည်း စောင့်ကြည့် ခဲ့တယ်၊ မျှော်နေ ခဲ့တယ်။ ကျနော်တို့ အများစုကလည်း ဆုလည်း တောင်းပေး ခဲ့ကြပါတယ်။

အခုတော့ အနာဂါတ် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေး အခြေအနေတွေ ကလည်း ထပ်တဖန် ယိုယွင်း နေတဲ့ အနေ အထားကို ရောက်ရှိ နေသလို ပါဘဲ။ အသစ်ပေါ် လာခဲ့တဲ့ နေပြည်တော် အစိုးရဲ့ လမ်းကြောင်း ကလည်း ပြဿနာတွေ တစီတတန်းနဲ့။ ဒါတွေဟာ ယိုယွင်းနေမှု တွေကို အချက်ပြ နေတာ ပါဘဲ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကိုပါ ဖွဲ့စည်းပုံ အရ စနစ်တကျ ချည်နှောင် ပိတ်ပင် ထားတာတွေ၊ လူမျိုးစုတွေ အပေါ် တပ်မတော်က ပြစ်မှတ်ထား အဓမ္မကျင့်မှု တွေကို ထိန်းချုပ်ဖို့ ပျက်ကွက် နေတာတွေ၊ ပြောင်သလင်း ချစားမှုတွေ၊ နိုင်ငံရေး မျှော်ကိုး အမြတ်ထုတ်တဲ့ မြေယာ သိမ်းယူမှုတွေနဲ့ စီရင်ထုံး လုပ်နည်း လုပ်ဟန်တွေ၊ သယံဇတ ပေါကြွယ်ဝတဲ့ အရပ် ဒေသမှာ နိုင်ငံသား အများစုကို ဆင်းရဲတွင်းနက်အောင် လုပ်နေတာတွေ ဟာ အနာဂါတ် လှပလာပါတော့မယ့်လို့ မကြာသေး မီကမှ ကတိ ပေးထားတဲ့ နိုင်ငံရဲ့ စိတ်ပျက်စရာ အခြေအနေ တွေဖြစ် ပါတယ်။

ရိုဟင်ဂျာ အရေး ကိစ္စကို လေ့လာ ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံရဲ့ ယိုယွင်း ပျက်ပြား နေတဲ့ အခြားသော အခြေအနေထက် ရိုဟင်ဂျာ အရေး ကိစ္စပိုပြီး ပေါ်လွင် နေတာကို တွေ့ရပါလိမ့်မယ်။ ရိုဟင်ဂျာ ဆိုတာက အစ္စလာမ် ဘာသာကို လက်ခံ ကျင့်သုံးနေပြီး ဗြိတိသျှ အုပ်ချုပ်ရေး မတိုင်မှီ ကတည်းက ရခိုင်ပြည် (အာရကန်) မှာ ရောက်ရှိ နေထိုင်ကြတဲ့ လူမျိုးစုဖြစ်ပါတယ်။ လူဦးရေအားဖြင့်တော့ ၀.၈ ရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်းပါတယ်။ သူတို့တွေဟာ ဘက်လိုက်မှု တွေအောက်မှ အလူးအလှဲ ခံနေရသူ တွေဖြစ်ပြီး အစိုးရ ကိုယ်တိုင် တိုက်ရိုက် စီမံတဲ့ အကြမ်းဖက်မှု ကြီးတွေ ကိုခံနေရတာ များလားလို့တောင် ထင်ရပါတယ်။ ဒါမှမဟုတ် ရန်ကုန်နဲ့ နေပြည်တော်က သတင်း မီဒီယာတွေရဲ့ ဗျူဟာကျကျ ဥပက္ခာ ပြုထားတဲ့ အကြမ်းဖက်မှု ကြီးကြောင့် လည်းဖြစ်ပါ လိမ့်မယ်။

၁၉၈၂ ခုနှစ်မှာ အာဏာရှင် ဟောင်းကြီး ဦးနေဝင်းရဲ့ တရားဝင် အာဏာ အမိန့်တွေ အရ နယ်ပျောက် နေသူတွေအဖြစ် ဖယ်ကြဉ်ခြင်း ဆက်တိုက် ခံနေရသူတွေ ဖြစ်ပါတယ်။ ရိုဟင်ဂျာ တွေဟာ အခွင့်မရှိဘဲ အိမ်ထောင်လည်း ပြုလို့မရသလို ကလေးလည်း ယူလို့မရအောင် တားမြစ်ခြင်း ခံနေကြ ရပါတယ်။ မှန်းဆမရ နိုင်လောက်အောင် အမြဲ ပြောင်းလဲ နေတက်တဲ့ ယာယီ ဒုက္ခသည် စခန်းတွေ နဲ့ ကျေးရွာတွေရဲ့အပြင်ဖက်တွေ ကိုတောင် အခွင့်မရှိဘဲ သွားလာလို့ မရပါဘူး။

လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ကစပြီး ဗုဒ္ဓ သံယာတော်တွေ ကိုယ်တိုင် ဦးဆောင်တဲ့ အမှန်းပွား လှုပ်ရှားမှုကြီး ပေါ်ပေါက် လာတာကို တွေ့ရပါတယ်။ ကလေးတွေကို မီးရှို့တာတွေ၊ ဆေးဝါးနဲ့ ကယ်ဆယ်ရေး တွေကို ပိတ်ပင်တာ တွေလည်း တွေ့ရပါတယ်။ Medicins Sans Frontieres (MSF) အဖွဲ့ရဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို နေပြည်တော် အစိုးရ ကိုယ်နှိုက် ရပ်ဆိုင်း ပိတ်ပင်လိုက်တာ တွေလည်း တွေ့ပြီးကြပါပြီ။

United Nation၊ Fortify Rights International၊ Human Rights Watch၊ Initiative for Asia၊ နဲ့ Amnesty International တွေအပါ အဝင် အပြည်ပြည် ဆိုင်ရာ အသိုင်း အဝိုင်းကြီးက ပြင်းပြင်း ထန်ထန် တောင်းဆို နေတဲ့ကြားက ဆယ်စုနှစ်ပေါင်း များစွာ အတွင်း ပထမဆုံး ကောက်ခံတဲ့ (ရာစုနှစ် ထက်ဝက်ကျော် အတွင်း စနစ်အကျဆုံးလို့ ဆိုနိုင် လောက်တဲ့) သန်းခေါင် စာရင်းမှာပါ ရိုဟင်ဂျာ တွေကို ထည့်သွင်း ရေတွက် ခွင့်မပြုဘူးလို့ အစိုးရက ငြင်းဆိုလိုက် ပါသေးတယ်။ ဒါကတော့ ဘယ်လိုမှ လက်ခံနိုင် စရာ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ကို ထောက်ခံပါတယ်လို့ ဟစ်ကြွေး နေသူတွေ ကိုယ်နှိုက် နှုတ်ဆိတ် နေတာတွေဟာ လက်ခံနိုင် စရာ မရှိသလို အမုန်း မီးလောင်ကျွမ်း နေတာကို လေပင့် ပေးနေတဲ့ ကိစ္စရပ်ကြီးကို ထောက်ခံ နေကြတာတွေ ကိုလည်း လက်ခံ နိုင်စရာ မရှိပါဘူး။ ဘယ်နိုင်ငံမှ ဒီလို ကိစ္စမျိုးမှာ နှုတ်ဆိတ် မနေသင့်ပါဘူး။ စဉ်းစားတတ်တဲ့ ဒါမှမဟုတ် ခံစားချက်ရှိတဲ့ လူသားတွေ ဒီကိစ္စရပ်မှာ နှုတ်ဆိတ် နေတယ် ဆိုရင်လည်း လက်ခံနိုင် စရာ မရှိပါဘူး။

ဒွိဟဖြစ် မနေဘဲ ခင်ဗျားတို့ရဲ့ လွတ်တော် ကိုယ်စားလှယ် တွေကို ချက်ချင်း ဆက်သွယ်ပြီး မြန်မာပြည်က ရိုဟင်ဂျာတိုင်း၊ မွတ်စလင်တိုင်း၊ ဘာသာ အသီးသီးက ပြည်သူတိုင်း၊ နိုင်ငံသားတိုင်း လူ့အခွင့် အရေး ကြေညာ စာတမ်းနဲ့ အညီ လူ့အခွင့်အရေး အာမခံချက် ရရှိဖို့အတွက် ဘာတွေများ လုပ်နေ သလဲလို့ မေးပါ။ လွတ်တော် ကိုယ်စားလှယ် တွေကို ဒီ အင်တာနက် စာမျက်နှာ ပေါ်မှာ ရှာဖွေ နိုင်ပါတယ်။ www.contactingthecongress.org

မြန်မာ နိုင်ငံဟာ ခြောက်ကမ်းပါးမှာ လျောက်လှမ်း နေခဲ့ ပေမယ့် အခုတော့ အခြေခံလူ့အခွင့် အရေး တွေကို ထိန်ချန် နေတာရယ်… ဒီကိစ္စ အပေါ်မှာ နှုတ်ဆိတ် နေကြတာ တွေရယ်ကြောင့် မြန်မာ နိုင်ငံဟာ အောက်ဆုံးကို ပြိုင်ဆင်း နေသလိုဘဲ။ ခင်ဗျားတို့ရဲ့ အသံကို မှတ်တမ်း တင်ပါ။ ကိုယ်စားလှယ် တွေကို ဒီနေ့ဘဲ စာရေးပါ။ အီးမေး ပို့တာတွေ - ဖုန်းခေါ်တာ တွေထက် စာရေးပြီး စာတိုက်က ပို့တာက အကောင်းဆုံးပါ။ ဒီအရေး ကိစ္စကို အထူး တလည် အာရုဏ်ပြု ကြဖို့ ဟစ်ကြွေး တောင်းဆိုနေသူ တွေနဲ့ ကျွန်ုပ်တို့ရဲ့ HRAC နဲ့အတူ ရပ်တည် ပေးကြဖို့ [အမေရိကန် လွတ်တော် ကိုယ်စားလှယ် တွေကို] တိုက်တွန်းကြပါ။ [အမေရိကန် နိုင်ငံရဲ့] နိုင်ငံရေး ပါတီ နှစ်ခုလုံးက ဒီလို အရေးကြီး ကိစ္စမှာ ရှင်းရှင်း လင်းလင်း ပြတ်ပြတ် သားသား ရပ်တည် ပေးဖို့ တာဝန် ရှိပါတယ်။ လူ့အခွင့်အရေး ဆိုတာဟာ တဖက်ကမ်းခတ် နိုင်ငံရေးထက် ပိုပါတယ်။ ရိုဟင်ဂျာတွေရဲ့ အခက်အခဲ တွေကို ဆက်ပြီး ဥပက္ခာပြု နေတာကိုတော့ ဘယ်အရပ် ဘယ်ဒေသက ဘယ်ပါတီ - ဘယ်လူကိုမှ လက်မခံ နိုင်ပါဘူး။

Human Rights Action Center ကိုဖွဲ့စည်း တည်ထောင်ခဲ့တဲ့ Jack Healey ရေးသားပြီး Huffington Post မှာဖော်ပြခဲ့တဲ့ Counting Down: Burma's Race to the Bottom for Human Rights ဆောင်းပါးကို O’Laie Manzu မှ ဆီလျော်အာင် ဘာသာပြန်သည်။



Rohingya Eye
RB News
9.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံးကျေးရွာ အုပ်စု၊ ကြာကန်းရွာမှ အသက် (၁၂) နှစ်အရွယ် ကလေးငယ် တစ်ဦးကို ရခိုင်အစွန်းရောက် တစ်ဦးက လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၇) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မောင်တောမြို့နယ်၊ လောင်းဒုံး ကျေးရွာ အုပ်စု၊ ကြာကန်းရွာမှ အသက် (၁၂) နှစ်အရွယ် ကလေးငယ် တစ်ဦးသည် ထင်းများကို တွန်းလှည်းပေါ်တွင် တင်၍ ဒုတန်းရွာသို့ သွားရောက်ပြီး ရောင်းချခဲ့ရာ အပြန်လမ်းတွင် ဆင်သေပြင်ရွာ၏ အနောက်ဘက် န.တ.လ ရွာအနီးရှိ ရေကန် တစ်ကန် ရှေ့တွင် ရခိုင်အစွန်းရောက် တစ်ဦး မောင်းနှင် လာသည့် ဟိုင်းလပ်ကားနှင့် အနည်းငယ် ပွတ်မိခဲ့သည်။ ဟိုင်းလပ် မောင်းသူက ကားပေါ်မှ ဆင်းလာပြီး အဆိုပါ ကလေးငယ်ကို လူမဆန်စွာ ရိုက်နှက်ပြီးနောက် ကားပေါ်တင်၍ မောင်တောမြို့သို့ ခေါ်ဆောင် သွားခဲ့သည်။

ကလေးငယ် ပြန်ရောက်မည့် အချိန်တွင် ရောက်မလာ သဖြင့် ရွာမှ လူကြီး တစ်ဦးက ကြိမ်ချောင်း ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ရဲစခန်းသို့ အကြောင်းကြားပြီး နောက် ညနေ ၄ နာရီခန့်တွင် အဆိုပါကလေးကို ကားသမားက လာရောက် အပ်နှံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကလေးငယ်ကို ရိုက်နှက် ထားသည့် အတွက် ခန္ဓာကိုယ် အတွင်း၊ အတွင်း ဒဏ်ရာ ပြင်းထန်စွာ ရရှိသည်ဟု ယူဆရပြီး၊ စကားပြောရာတွင်လည်း ယခင်ကဲ့သို့ ကြည်လင် ပြတ်သားစွာ ပြောဆိုနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ ကလေးငယ်ကို ရိုက်နှက်ခဲ့သည့် ရခိုင် အစွန်းရောက်က ငွေကြေး ပေးလျော်ခြင်းလည်း မရှိသလို တောင်းပန်ခြင်းလည်း မရှိကြောင်း၊ အာဏာပိုင်များကလည်း အရေးယူခြင်း၊ သတိပေးခြင်း မပြုလုပ် ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ထိုကဲ့သို့ ဖြစ်စဉ်မျိုးကို ရိုဟင်ဂျာ တစ်ဦးက ကျူးလွန်ပါက အမြင့်ဆုံး ပြစ်ဒဏ်ကိုပင် ကျော်လွန်၍ အပြစ်ပေးမည်မှာ ဧကန်မလွဲဟု ဒေသခံများက ဆိုသည်။



ကိုသားညွန့်ဦး
9.4.2014

မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေတုန်းက စစ်တွေမြို့မှာရှိတဲ့ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းရုံးခန်းတွေ၊ နေအိမ်တွေ၊ အကြမ်းဖက် တိုက်ခိုက်ခံရမှုကိစ္စမှာ၊ အဖွဲ့တဖွဲ့ကနေ မမှန်သတင်းဖြန့်ပြီး လှုံ့ဆော်ဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ စုံစမ်းရေးကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

စုံစမ်းရေးကော်မရှင် တာဝန်ရှိသူတွေဟာ သူတို့တွေ့ရှိချက် အစီရင်ခံစာနဲ့ ပတ်သက်လို့ ရန်ကုန်အခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ခေါ်ယူရှင်းလင်းမှု လုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ ၅ ဦးပါ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ကို တင်ပြခဲ့ပြီးနောက်၊ ဒီကနေ့မှာတော့ ရန်ကုန်အခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂရုံး တာဝန်ရှိသူတွေကို ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ရန်ကုန်ငြိမ်းချမ်းရေးစင်တာမှာ ရှင်းလင်းပြောဆိုတာပါ။ အခုဖြစ်ရပ်မှာတော့ NGO ၀န်ထမ်းတဦးကနေ သံဿနာ့အလံကို မဖွယ်မရာပြုလုပ်တယ်ဆိုတဲ့ အရင်သတင်းတွေအစား၊ သဘောရိုးနဲ့ အလံဖြုတ်ချခဲ့တာကို အခွင့်ကောင်းယူပြီး ဆူပူအောင်လှုံ့ဆော်တဲ့ အဖွဲ့တဖွဲ့ရှိတယ်လို့ ဗိုလ်ချုပ် မောင်မောင်အုန်းက သတင်းထောက်တွေကို ပြောသွားပါတယ်။

“အမေရိကန်နိုင်ငံသူပေါ့နော် သူက အလံကို ဖြုတ်တဲ့အခါမှာ သဘောရိုးနဲ့ဖြုတ်တယ်လို့ ကျနော်တို့ စစ်ဆေးတဲ့အခါမှာ တွေ့ရပါတယ်။ သို့သော်ငြားလည်း ဒီသဘောရိုးနဲ့ ဖြုတ်တာကိုပဲ ဒီအချိန်မှာ တိုက်ဆိုင်မှုတွေကတော့ သန်းခေါင်စာရင်းကို ကန့်ကွက်တဲ့ ရခိုင်လူမျိုးတွေရဲ့ သတ်မှတ်ချက်ဖြစ်တဲ့ ဒီသာသနာ့အလံကို ဖြုတ်တဲ့အချိန်နဲ့ တိုက်ဆိုင်မှုတွေရောပေါ့နော် အရင်တုန်းက ဒါ ဒီ UN အဖွဲ့အစည်းတွေအပေါ်မှာ ကျနော်တို့ တိုင်းရင်းသားများရဲ့ အမြင်မကြည်လင်မှုတွေရော၊ နောက်ပြီးတော့ ဒီ သာသနာ့အလံဟာ ကျနော်တို့ရဲ့ အထွတ်အမြတ်ဆိုပြီးတော့မှ ဒီလိုမျိုးတွေ ခံစားမှု ဒါ အရှိန်အမြင့်ဆုံးအချိန်မှာ အဖွဲ့တဖွဲ့ကနေ ဒါကို လှုံ့ဆော်ပြီးတော့မှ ဒေသခံ ကျနော်တို့ ဒီရခိုင်တိုင်းရင်းသားများပါ ပါဝင်လာအောင် စည်းရုံးခဲ့တဲ့အနေအထား ရှိပါတယ်။”

ရခိုင်တိုင်းရင်းသားတွေဘက်ကတော့ ရိုးသားမှုရှိပြီး ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို ထိခိုက်စော်ကားလိုတဲ့ သဘောတော့မဟုတ်ဘဲ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဒေသခံဝန်ထမ်းတွေရဲ့ အပြုအမူ လုပ်ကိုင်ပုံတွေကို အရင်ကတည်းက မကျေနပ်ချက် အခြေခံရှိခဲ့တယ်လို့ ဗိုလ်ချုပ် မောင်မောင်အုန်းက ရှင်းပြပါတယ်။ ဒါကြောင့်လည်း အခု ကုလသမဂ္ဂနဲ့ INGO တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံရှင်းလင်းရာမှာ၊ နောက်ပိုင်းမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်သင့်သလဲဆိုတဲ့ အခြေခံကို ညှိနှိုင်းဖို့လည်း ဖြစ်တယ်လို့ သတင်းထောက်တွေကို ရှင်းပြပါတယ်။

“ခုနက UN နဲ့ INGO အဖွဲ့အစည်းတွေမှာလည်း တချို့တွေ အားနည်းချက်တွေ ရှိပါတယ်။ local staff တွေရဲ့ အားနည်းချက်တွေ၊ နောက် ကျနော်တို့ ရခိုင်တိုင်းရင်းသားများရဲ့ ခံစားမှုမှာလည်း ထောက်ပံ့မှုတွေက မမျှတဘူးလို့၊ နောက်ပြီးတော့ တဘက်အဖွဲ့အစည်းကိုပဲ အလေးသာတယ်လို့လည်း ထင်ချင်ပါတယ်။ ဒါကြောင့် ဒီနေ့ ဒါ ကျနော်တို့ ဒီအဖွဲ့အစည်းနဲ့ ပြောတဲ့အခါမှာလည်း ရခိုင်တိုင်းရင်းသားများရဲ့ အရေးအရာကို ဆောင်ရွက်တဲ့အခါမှာ မျှတစွာ ဆောင်ရွက်ပေးဖို့၊ ပြီးရင် ပွင့်လင်းမြင်သာစွာရှိဖို့ ယနေ့ ဒါ ကျနော် UN နဲ့ INGO အဖွဲ့အစည်းများကို ဆွေးနွေးပြီးတော့မှ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မယ့် Plan တွေကို ဒါ ကျနော်တို့ ပေါင်းစပ်ညှိနှိုင်းမှာဖြစ်ပါတယ်။”

စုံစမ်းရေးကော်မရှင် အနေနဲ့ကတော့ ဌာနဆိုင်ရာ ၀န်ထမ်းတွေ၊ လုံခြုံရေး တာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေ၊ UN နဲ့ INGO ၀န်ထမ်းတွေ စသဖြင့် အလွှာစုံ၊ လူစုံ မေးမြန်းစုံစမ်းမှု လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ရခိုင်တိုင်းရင်းသားတွေဘက်ကလည်း မကျေနပ်ချက် ခံစားမှုတွေ ရှိတယ်ဆိုတာ နားလည်ပေမဲ့၊ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ဖို့တော့ လိုတယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

အခုဖြစ်ရပ်မျိုးတွေဟာ ရခိုင်တိုင်းရင်းသားတွေ တင်မဟုတ်ဘဲ မြန်မာတိုင်းရင်းသား အားလုံးအတွက်လည်း မျက်နှာပျက်စရာ ဖြစ်ရပ်လို့ ဗိုလ်ချုပ် မောင်မောင်အုန်း က ပြောပါတယ်။ အဖြစ်အပျက် ဖြစ်သွားတဲ့ကိစ္စမှာ ဒေသအာဏာပိုင်တွေဘက်က ထိရောက်တဲ့ ကာကွယ်ဆောင်ရွက်မှုတွေ မရှိခဲ့ဘူးလို့ ဝေဖန်သလိုပဲ၊ ဒါကြောင့် နောက်ပိုင်း ဒါမျိုးတွေ မဖြစ်အောင် ကာကွယ်ဖို့အတွက် အရေးပေါ် အထောက်အကူအဖွဲ့ ဖွဲ့စည်းပြီး ဒေသတည်ငြိမ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပြည်နယ်အစိုးရနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ လုံခြုံရေးပိုင်းကလည်း အားနည်းတဲ့အတွက် အချိန်မှီ မတားဆီးနိုင်လို့ ဖြစ်တယ်ဆိုတဲ့အတွက် အားနည်းချက်ရှိတယ်ဆိုတာလည်း ပါပြီးဖြစ်ပါတယ်။ ဒါကလည်း ကျနော်တို့က ယနေ့ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့အတိုင်းပဲ အားမြှင့်အောင် ဆက်လက်ဆောင်ရွက်သွားမယ်။ နောက် ဒီ အရေးပေါ် အထောက်အကူအဖွဲ့ပေါ့နော် ဒီအဖွဲ့ကိုလည်း ကျနော်တို့ သွားရောက်ပြီးတော့ ဒေသတည်ငြိမ်ပြီးတော့မှ ပုံမှန်အနေအထားဖြစ်အောင် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

မကြာခင်မှာပဲ ကုလသမဂ္ဂနဲ့ INGO အဖွဲ့တွေ ရခိုင်ပြည်နယ်အတွင်း ပုံမှန် ပြန်လည် အလုပ်လုပ်ကိုင်နိုင်အောင်လို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။ ဒီအတွက်လည်း ဒီအဖွဲ့အစည်းတွေကို လုံခြုံရေး အပြည့်အ၀ အကာအကွယ်ပေးနိုင်အောင် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခု အကြမ်းဖက် ဖြစ်ရပ်တွေမှာ ပါဝင်ကျူးလွန်သူတွေနဲ့ မမှန်မကန် သတင်းဖြန့် လှုံ့ဆော်သူတွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပေမဲ့လို့၊ နောက်ကွယ်မှာ လှုံ့ဆော်ပါဝင်တယ်လို့ ယူဆတဲ့အဖွဲ့ ဘယ်အဖွဲ့လဲဆိုတာကိုတော့ ဗိုလ်ချုပ် မောင်မောင်အုန်းက အတိအကျ ပြောဆိုနိုင်ခြင်း မရှိပါဘူး။ လက်ရှိအားဖြင့် စုံစမ်းဖော်ထုတ်ပြီး ဖမ်းဆီးထားသူကတော့ ၁၂ ဦးထက်မနည်းရှိပြီး၊ သူတို့ဟာ အဲဒီအဖွဲ့နဲ့ ပတ်သက်ဆက်နွယ်မှု ရှိ မရှိ ဆိုတာကိုတော့ မသိရပါဘူး။



RB News
9.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ ရိုဟင်ဂျာလူထုကို လ.၀.က ညွန်ချုပ် ဦးမောင်မောင်သန်းက တွေ့ဆုံ၍ ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဧပြီလ (၉) ရက်နေ့ နေ့လည် ၃း၃၀ နာရီတွင် မောင်တောမြို့ရှိ ခရိုင် အုပ်ချုပ်ရေးမှူး ရုံး၌ လ.၀.က ညွန်ချုပ် ဦးမောင်မောင်သန်း ရိုဟင်ဂျာ ရပ်မိရပ်ဖ များကို တွေ့ဆုံ၍ သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူ သွားမည် ဖြစ်ကြောင်း၊ လူမျိုး အမည် နေရာတွင် ကုဒ်နံပါတ် ၉၁၄ ဘေး၌ ကွက်လပ် ထား၍ ကောက်ယူ သွားမည် ဖြစ်ကြောင်း၊ မြို့နယ် သန်းခေါင်စာရင်း ကောက်ခံရေး ကော်မတီ ဥက္ကဌမှ ဧပြီလ (၁၀) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်မည် ဖြစ်ကြောင်း၊ အကယ်၍ ကြေညာချက် ထုတ်ပြန်ပြီးနောက် မပါဝင်သူများကို နိုင်ငံခြားသား အဖြစ် သတ်မှတ် သွားမည် ဖြစ်ကြောင်း၊ အစစ်ဆေး မခံသူများကို နေထိုင် သွားလာရေး များတွင် ပိုမို၍ ကန့်သတ် သွားမည် ဖြစ်ကြောင်း ခြိမ်းခြောက်၍ ပြောဆို သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ ဘူးသီးတောင် မြို့နယ်တွင်လည်း ရိုဟင်ဂျာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ထိုကဲ့သို့ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

၁၉၇၃ နှင့် ၁၉၈၃ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူစဉ်က ရိုဟင်ဂျာ လူမျိုးများသည် ရိုဟင်ဂျာဟု ဖြည့်ခဲ့သော်လည်း အစိုးရမှ သန်းခေါင်စာရင်း ပုံစံများကို ပြင်ဆင်၍ ဘင်္ဂလီဟု ရေးသားခဲ့သည်။ ယခုလည်း လူမျိုး အမည် နေရာတွင် ကွက်လပ်ထားခြင်းမှာ နောက်ဆုံးတွင် အစိုးရ၏ စိတ်တိုင်းကျ ဘင်္ဂလီဟု ဖြည့်သွင်းရန်သာ ဖြစ်သည်။

အစပိုင်းတွင် ရိုဟင်ဂျာဟု ပြောဆိုသူများကို သန်းခေါင်စာရင်း မကောက်ခံဟု ပြောဆိုခဲ့သော်လည်း ယခုအခါ အလှူရှင် နိုင်ငံများ၏ ဖိအားပေးမှုကြောင့် ခြိမ်းခြောက်၍ ကောက်ခံရန် စီစဉ် နေခြင်း ဖြစ်ပါသည်။

သန်းခေါင်စာရင်း ဥပဒေ အရ လူမျိုးအမည်ကို လွတ်လပ်စွာ ဖြည့်ခွင့် ရှိသော်လည်း ရိုဟင်ဂျာ လူမျိုး တစ်မျိုးကိုသာ အစိုးရ ကိုယ်တိုင် ဥပဒေ ချိုးဖောက်၍ ပြုလုပ် နေခြင်း ဖြစ်သဖြင့် ဒေသခံများက ယခုကဲ့သို့ ခြိမ်းခြောက်မှုများကို လက်ခံသွားမည် မဟုတ်ဟု ပြောပါသည်။ ဒေသခံများက ၎င်းတို့၏ လူမျိုးအမည်ကို ခြိမ်းခြောက်မှု ပေါင်းစုံကြားက ကာကွယ် စောင့်ရှောက် သွားမည် ဖြစ်ကြောင်း RB News သို့ပြောပါသည်။




RB News
9.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဇား တံတား ရဲကင်းစခန်းတွင် လုံခြုံရေး တာဝန်ယူထားသည့် ရဲများက ခရီးသွား ရိုဟင်ဂျာများအား ရိုဟင်ဂျာကဒ် မပြနိုင်ဟု ဆိုကာ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ အမှတ် (၆) နယ်မြေ အပိုင် မင်္ဂလာကြီး ကျေးရွာမှ မောင်တောမြို့ပေါ်သို့ သွားနေသည့် တက္ကစီကား တစ်စီးကို ရွှေဇား တံတားရှိ လုံခြုံရေး လုံထိန်းများက တားပြီး ခရီးသွား များအား ရိုဟင်ဂျာ ကဒ်မပြနိုင်ဟု ဆိုကာ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“ဒီနေ့ မနက် ၁၀ နာရီက မင်္ဂလာကြီး ကနေ မောင်တောမြို့ပေါ် သွားနေတဲ့ ဦးမာဘူလူ မောင်းတဲ့ တက္ကစီ သုံးဘီးကားကို ရွှေဇား တံတား ပေါ်က လုံခြုံရေး တွေက စစ်တယ်။ ကားပေါ်မှာ ခရီးသည် ၁၀ ယောက် ပါပါတယ်။ လုံထိန်းတွေက မင်းတို့ ရိုဟင်ဂျာကဒ် ပြလို့ ပြောတော့၊ ဘယ်သူ့မှ မပြနိုင်ကြဘူး။ အဲဒီတော့ လုံထိန်းက ရိုဟင်ဂျာ ကဒ်မရှိရင် တစ်ယောက်ကို ငွေတစ်ထောင် ပေးရမယ်လို့ ညစ်တယ်။ နောက်ဆုံးတော့ ခရီးသွားလာရတာ နှောင့်နှေးမှာ စိုးလို့ ခရီးသည် ၁၀ ယောက်က ငွေတစ်သောင်း ပေးမှ သွားခွင့် ပေးလိုက်တယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

“ကျွန်တော်တို့ ကိုင်ထားတဲ့ ၀ှိုက်ကဒ်မှာ ဘင်္ဂလီ ရေးထားတာ မှန်ပါတယ်။ တချို့ကို မွတ်စလင်လို့ ရေးထားတယ်။ ၁၉၉၄ ခုနှစ်ကစပြီး ကျွန်တော်တို့ရဲ့ အမျိုးသား မှတ်ပုံတင်တွေကို အိမ်တိုင်ရာရောက် အတင်း အဓမ္မ သိမ်းခဲ့တယ်။ ပြီးတော့ ၀ှိုက်ကဒ်ကို အတင်း အဓမ္မ ပေးခဲ့တယ်။ ၀ှိုက်ကဒ်မှာ ရေးထားတဲ့ ဘင်္ဂလီကို ကန့်ကွက်ဖို့ ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ကို သေနတ်နဲ့ ချိန်ပြီး ပေးခဲ့တာ။ အဲဒီတုန်းက စစ်အစိုးရက ဘယ်လောက် ရက်စက်တယ် ဆိုတာ လူတိုင်း သိပါတယ်။ အဲဒါကို အဲဒီတုန်းက ဘာလို့ မကန့်ကွက်ခဲ့ဘူးလို့ သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က စောဒက တက်တာ တွေ့ရပါတယ်။ သူလည်း အဲဒီတုန်းက စစ်တပ်မှာ တာဝန်ထမ်းဆောင် နေခဲ့တဲ့ အချိန်ဖြစ်ပြီး၊ လူတွေကို ဘယ်လို ရက်ရက်စက်စက် ရိုက်နှက် သတ်ဖြတ်ခဲ့တယ် ဆိုတာ သူကိုယ်တိုင် သိပါတယ်။ အခု သန်းခေါင်စာရင်းမှာ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ လူမျိုး အမည်မှန် ရိုဟင်ဂျာလို့ ပြောတာကို အငြိုးထားပြီး အမျိုးမျိုး ဒုက္ခ ပေးနေတယ်” ဟု အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။

ယနေ့ ငွေညှစ်ခံရသူ၏ ပစ္စည်းများနှင့် တင်ဆောင်လာသည့် ဆိုက်ကား


RB News
9.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၂) ရပ်ကွက် နာရီစင် အနီးရှိ လုံခြုံရေး လုံထိန်းများက ဈေးမှ ပစ္စည်း ၀ယ်ယူပြီး ပြန်နေသူ တစ်ဦးထံမှ အကြောင်းမဲ့ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နေ့လည် ၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ မြို့မ စည်ပင်သာယာဈေးမှ ကုန်ပစ္စည်းများ ၀ယ်ယူ၍ အလယ်သံကျော် ကျေးရွာ အုပ်စုသို့ ပြန်နေသည့် သူတစ်ဦးသည် ပစ္စည်းများကို ဆိုက်ကားဖြင့် တင်ဆောင်၍ မြို့မကညင်တန်း ကားဂိတ်သို့ ယူလာနေစဉ် မောင်တော နာရီစင်ဘေး၊ မီးစက်ခွဆုံရှိ လုံခြုံရေး လုံထိန်းများက ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

“နေ့လည် တစ်နာခွဲမှာပါ။ အလယ်သံကျော်က ရိုဟင်ဂျာ တစ်ယောက်က မောင်တောမှာ ဈေးဝယ်ပြီး သူ့ရဲ့ ပစ္စည်းတွေကို မြို့မ ကညင်တန်းမှာ ရှိတဲ့ ကားဂိတ်ကို ဆိုက်ကားနဲ့ ယူသွားနေတဲ့ အချိန်မှာ နာရီစင်ဘေး မီးစက်ခွဆုံမှာ လုံခြုံရေး တာဝန်ယူထားတဲ့ လုံထိန်းတွေက ဆိုက်ကား သမားကို ရပ်ခိုင်းပြီး ပိုင်ရှင်ကို ခေါ်ခိုင်းတယ်။ ပိုင်ရှင် ရောက်လာတော့ ပိုင်ရှင်ကို လုံထိန်းတွေက ငွေ နှစ်သောင်းခွဲ တောင်းတယ်။ ပိုင်ရှင်က ငွေမပေးနိုင်ဘူး ပြောတော့ သေနတ်နဲ့ ချိန်ပြီး ပစ်သတ်မယ်လို့ ခြိမ်းခြောက်တယ်၊ နောက်ဆုံးမှာ အဲဒီလုံထိန်းတွေကို ငွေ ငါးထောင် ပေးတော့မှ သွားခွင့် ပေးလိုက်တယ်” ဟု ဖြစ်စဉ် အားလုံးကို မြင်တွေ့သည့် ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“ကျွန်တော်တို့ မောင်တောမြို့ပေါ်မှာ နာရီစင်ဘေး မီးစက်ခွဆုံမှာ လုံခြုံရေး ယူထားတဲ့ အဲဒီ လုံထိန်းတွေက လမ်းသွား လမ်းလာတွေကို နေ့စဉ်နဲ့ အမျှ အမျိုးမျိုး နှောက်ယှက်တယ်။ မကြာခဏ လမ်းသွားလမ်းသာ တွေကို ရိုက်တယ်။ ငွေညှစ်တယ်။” ဟု အဆိုပါ ဒေသခံမှ ဆက်လက် ပြောပါသည်။

မီးစက်ခွဆုံ လုံခြုံရေး ကင်းစခန်း ရှေ့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ရှိသော်လည်း ဖြစ်စဉ်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးကို တိုင်ကြားလျှင် ပြစ်မှု ကျူးလွန်သူများမှာ လုံထိန်းများ ဖြစ်သောကြောင့် အရေးယူ ဆောင်ရွက် ပေးနိုင်ခြင်း မရှိဟု အဆိုပါ ဒေသခံမှ ပြောပါသည်။


RB News
8.4.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ မြို့နယ်ခွဲ ကျန်းမာရေး ဦးစီးဌာန လက်အောက်ခံ အစိုးရ ဆေးရုံတွင် ရိုဟင်ဂျာ လူမျိုး လူနာများကို ဆေးကုသခွင့် ပိတ်ပင် လိုက်ကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၅) ရပ်ကွက်နေ ဦးဆယာဒ်နူးရ်၏ သားဖြစ်သူ မောင်ဟာမိတ်ဟူစိန်း (အသက် ၈ နှစ်) သည် ၀မ်းရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရသဖြင့် ဖခင်ဖြစ်သူက ထမ်း၍ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ဆေးရုံသို့ ခေါ်သွားရာ ဆေးရုံ အထွေထွေ လုပ်သား ဦးလှမောင် (ဘ) ဦးနီရောလှ က ဤဆေးရုံသည် ရိုဟင်ဂျာ ဆေးရုံ မဟုတ်ကြောင်း၊ ရိုဟင်ဂျာ ဆေးရုံသည် ဘင်္ဂလားဒေ့ရှ်၊ ကူတူပါလောင်တွင် ရှိကြောင်း ပြောဆို ကြိမ်းမောင်း၍ ဆေးရုံသို့ ၀င်ခွင့် မပေးဘဲ မောင်းထုတ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကလေးငယ်၏ ဖခင်ဖြစ်သူက မြို့နယ်ခွဲ ကျန်းမာရေး ဦးစီးဌာနမှူး (ဆရာဝန်) ထံသို့ သွား၍ သားဖြစ်သူ ခံစားနေရသည့် ဝေဒနာနှင့် ဆေးရုံမှ အထွေထွေ လုပ်သား ဦးလှမောင် မောင်းထုတ် လိုက်ပုံများကို ပြောပြပြီး အကူအညီ တောင်းခံ ခဲ့သော်လည်း၊ မြို့နယ်ခွဲ ကျန်းမာရေးမှူးက ဆေးကုသ ပေးခြင်း မရှိဘဲ ဦးလှမောင် ပြုမှု ဆက်ဆံ သကဲ့သို့ပင် မောင်းထုတ်ခဲ့ကြောင်း သိရှိရပါသည်။

သန်းခေါင်စာရင်း ကိစ္စကို အကြောင်းပြ၍ အစိုးရ ဌာနများ၊ စစ်ဆေးရေး ဂိတ်များတွင် ရိုဟင်ဂျာကဒ် ပြပါဟု ပြောဆို၍ အနှောက် အယှက်မျိုးစုံ ပေးလျက် ရှိပြီး၊ အဆိုပါ ဆေးရုံတွင်လည်း ထိုနည်းတူစွာ ပြောဆို ခဲ့ကြောင်း သိရှိရပါသည်။



MYARF
RB News
8.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြိမ်ချောင်း ကျေးရွာ အခြေစိုက် ရဲစခန်းမှ ရဲများသည် ဆင်းမ်ကဒ် မပါသည့် ဖုန်းပိုင်ရှင်ကို တရားမ၀င် ဖုန်းသုံးစွဲ နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် ၅ သိန်း ညှစ်ယူ ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယမန်နေ့ ဧပြီလ (၇) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ နတ်ချောင်း ကျေးရွာ အုပ်စု၊ လောင်းဘုန်းရွာမှ ဦးကမာလ်ဟူစိန်း (ဘ) ဦးအဒူရဟီးမ်နှင့် ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးယာကုဘ်နော်ဘီ တို့သည် မော်လ၀ီ ဦးနူရ်ကဘီရ်၏ ဆိုင်တွင် ထိုင်၍ ရိုဟင်ဂျာ တေးသီချင်း နားထောင် နေစဉ် ဆိုင်ရှေ့မှ ဆိုင်ကယ်စီး၍ ဖြတ်သွား နေသည့် ကြိမ်ချောင်း ရဲစခန်းမှ ရဲနှစ်ဦးက ဆိုင်ကယ်ရပ်ပြီး၊ တရားမ၀င် ဖုန်းသုံးစွဲ နေသည်ဟု စွပ်စွဲကာ ဖမ်းဆီး၍ ကြိမ်ချောင်း ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ၎င်းတို့နှစ်ဦးထံမှ ရရှိသည့် ဖုန်းတွင် ဆင်းမ်ကဒ် မပါသော်လည်း ရဲများက ငွေညှစ်ရန် အမှုဆင်ကာ အမျိုးမျိုး ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယနေ့ ဧပြီလ (၈) ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံရသူ နှစ်ဦးထံမှ ရဲများက ငွေကျပ် ၅ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။ ကြိမ်ချောင်း ရဲစခန်းမှ ရဲများသည် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများထဲသို့ အမြဲတစေ ၀င်ထွက် သွားလာပြီး အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ဖမ်းဆီး၍ ခြိမ်းခြောက်ပြီး ငွေညှစ် နေသည်မှာ နှစ်ရှည်လများ ဖြစ်နေပြီ ဖြစ်သော်လည်း အထက် အာဏာပိုင်များက အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
8.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာ အုပ်စုတွင် ယမန်နေ့က မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့ပြီး၊ ကျောက်ပန္ဒု ရွာတွင်လည်း ရခိုင်များ ၀င်ရောက်၍ လှည့်လည်လျက် ရှိသည့်အတွက် မီးရှို့ခံရမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယမန်နေ့ ဧပြီလ (၇) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ မြို့မကညင်တန်း ကျေးရွာ အုပ်စု၊ အနောက်ရွာရှိ ဦးရာမတ်အုလ္လာ (ဘ) ဦးနော်ဘီဟူစိန်း၏ နေအိမ် ခေါင်မိုးမှ မီးစတင် လောင်ကျွမ်းခဲ့ရာ ရွာသားများက အချိန်မှီ ၀ိုင်းဝန်း ငြိမ်းသတ် နိုင်ခဲ့ခြင်းကြောင့် ပျက်စီး ဆုံးရှုံးမှု နည်းပါး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဦးရာမတ်အုလ္လာ၏ နေအိမ် မြောက်ဘက်တွင် စည်ပင်သာယာ ဦးစီးဌာနမှ ၀န်ထမ်း အိမ်ရာရှိပြီး၊ ၀န်ထမ်းများ အားလုံးမှာ ရခိုင်လူမျိုးများ ဖြစ်ကြောင်း သိရှိရပါသည်။

မောင်တောမြို့နယ် ကျောက်ပန္ဒု ကျေးရွာ အုပ်စု၊ ရခိုင်ရွာမှ ဦးကျော်အေးသည် အဖော်နှစ်ဦးနှင့် အတူ ဓါးရှည်၊ ပေါက်တူးများ ကိုင်လျက် နေ့အချိန်နှင့် ညအချိန်များတွင် ရိုဟင်ဂျာရွာများသို့ ဖားရှာရန်ဟု ဆိုကာ ၀င်ရောက်၍ လှည့်လည် လျက်ရှိသည်။ လောင်းဒုံးကျေးရွာ အုပ်စုနှင့် ငါးစားကြူး ကျေးရွာ အုပ်စုများတွင် ဓါတု ပစ္စည်းများ သုံး၍ မီးရှို့ခြင်း ခံခဲ့ရသဖြင့် ယခုကဲ့သို့ နေ့ရော ညပါ ၀င်ထွက်နေခြင်း အတွက် စိုးရိမ်မှုများ တိုးပွားလျက် ရှိပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ကို အကြောင်းကြား သော်လည်း ဦးကျော်စိန်က ရိုးရိုးသားသား စားဝတ်နေရေး အတွက် ဖားရှာခြင်းသာ ဖြစ်သည်ဟု အကြောင်းပြန်ကြားပြီး၊ ဟန့်တားခြင်း၊ အာမခံ၍ ပြောကြားခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။

ဧပြီလ (၆) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် သရက်အုပ် ကျေးရွာ အုပ်စုမှ ဦးဆယာဒ်ကရီးမ် (ဘ) ဦးဆယာဒ်အာမတ်၏ နွားတစ်ကောင်သည် သရက်အုပ် ရခိုင်ရွာ အနီးရှိ ရေကန်တွင် ရေသောက် နေစဉ် ရခိုင်များက အဆိပ်စိမ်ထားသည့် လှံဖြင့် နားပေါက် နှစ်ဖက်ကို ထိုးပြီးနောက် ထိုနေရာတွင် သေဆုံးသွား ခဲ့သည်။ ရခိုင်များ၏ ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် သေဆုံး သွားသည့် နွားမှာ ငွေကျပ် သုံးသိန်းကျော် တန်ဖိုးရှိသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။




MYARF
RB News
8.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးသည် နားမလည်သူ ၆ ဦးထံမှ သန်းခေါင်စာရင်း ကောက်ခဟု ဆိုကာ ငွေကျပ် နှစ်သောင်းစီ လိမ်လည်၍ ရယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၂၃ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးသည် နားမလည်သည့် ဒေသခံ ရိုဟင်ဂျာ (၆) ဦးထံမှ သန်းခေါင်စာရင်း ကောက်ခဟု ဆိုကာ ငွေကျပ် နှစ်သောင်းစီ လိမ်လည်၍ ရယူခဲ့သည်။ ဦးမောင်သန်းဌေးက အဆိုပါ ရိုဟင်ဂျာ (၆) ဦးကို သန်းခေါင်စာရင်းတွင် ပါဝင်ရန် ငွေပေးရမည် ဖြစ်ကြောင်း၊ အကယ်၍ ငွေမပေးပါက သန်းခေါင်စာရင်းတွင် ပါဝင်ခွင့် ရမည် မဟုတ်ကြောင်း လိမ်ညာ လှည့်ဖျား၍ ငွေကျပ် နှစ်သောင်းစီ၊ စုစုပေါင်း ငွေကျပ် တစ်သိန်း နှစ်သောင်း ရယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေကျပ် နှစ်သောင်းစီ အလိမ်ခံရသူ (၆) ဦးမှာ --

(၁) ဦးဆယာဒ်အာလမ် (ဘ) ဦးမိုဂူလ်ဟောက် (အသက် ၄၅ နှစ်)
(၂) ဦးအီဗရာဟီးမ် (ဘ) ဦးဆယာဒ်ဟူစိန်း (အသက် ၃၂ နှစ်)
(၃) ဦးဟန်ဖူးရူး (ဘ) ဦးအဒူဆောတာရ် (အသက် ၂၇ နှစ်)
(၄) ဆယာဒ်ကာစီးမ် (ဘ) ဦးအိုလာမျာ (အသက် ၁၆ နှစ်)
(၅) မိုဟာမတ် ဟူစိန်း (ဘ) ဦးဂူရာမီယာ (အသက် ၂၃ နှစ်)
(၆) ဆယာဒ်ကာစီးမ် (ဘ) ဦးအာဘူအာမတ် (အသက် ၁၅ နှစ်) -- တို့ဖြစ်သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် များတွင် သန်းခေါင်စာရင်း ကောက်ခံရေး စရိတ်ဟု ဆိုကာ အာဏာပိုင် များက အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀ မှ ၅၀၀၀ အထိ ကောက်ခံ ခဲ့သည့် အပြင် စာရင်းကောက် များကို နေ့လည်စာ ကျွေးမွေးရန်ပါ တာဝန် ပေးခဲ့သည်။ ရိုဟင်ဂျာ လူမျိုးများကို သန်းခေါင်စာရင်း ကောက်ခံခြင်း မရှိသော်လည်း အကျွေးအမွေး စရိတ်၊ ကောက်ခံ စရိတ်များဖြင့် ၀န်ထိုး ၀န်ပိုးဖြစ်အောင် လုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
8.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဦးရှည်ကျ ကျေးရွာ အုပ်စုမှ ပုဇွန်ကန်တဲတွင် အိပ်နေသည့် ရိုဟင်ဂျာ တစ်ဦးကို ရခိုင် အစွန်းရောက် အုပ်စု တစ်စုက ဓါးဖြင့်ခုတ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာအုပ်စု၊ ရေတွင်းကျွန်း ကျေးရွာမှ ဦးအာဘူအာမတ် (ဘ) ဦးဘော်နီ အာမီးန်သည် ၎င်းပိုင်ဆိုင်သည် ပုဇွန်ကန်ရှိ တဲ၌ ယနေ့ ဧပြီလ ၈ ရက်နေ့ နံနက် လင်းအားကြီး ၃း၃၀ နာရီတွင် အိပ်ပျော် နေစဉ် တုတ်၊ ဓါးများ ကိုင်ဆောင် ထားသော ရခိုင် အစွန်းရောက် (၇) ဦး ရောက်ရှိလာပြီး၊ လူမဆန်စွာ ရိုက်နှက်၍ ဓါးဖြင့် ခုတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

မှောင်မိုက်နေသည့် အချိန် ဖြစ်သဖြင့် ရိုက်နှက်၍ ဓါးဖြင့် ခုတ်သည့် ရခိုင် အစွန်းရောက်များကို မည်သူမည်ဝါမှန်း မသိခဲ့ကြောင်း ဓါးဖြင့် အခုတ်ခံရသူက ပြောပါသည်။ ဦးခေါင်းတွင် ဓါးဖြင့် (၄) ချက် ခုတ်ခံခဲ့ရပြီး၊ ဘယ်လက်မှာ အရေပြား အထိကပ်၍ ခုတ်ခံခဲ့ရပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

ရေတွင်းကျွန်း ကျေးရွာသည် ရခိုင်အစွန်းရောက် အများစု နေထိုင်သည့် ခြံပြင်ကျေးရွာနှင့် အနီးစပ်ဆုံး ရွာတစ်ရွာ ဖြစ်သည်။ မတ်လကုန်ပိုင်းမှ စ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂလီ-ရခိုင် ၁၂၀ ဦးထက် မနည်း ရခိုင်ပြည်နယ် မောင်တောမြို့သို့ ရောက်ရှိ လာပြီးနောက် အကြမ်းဖက်ရန် ကြိုးစားမှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ နံနက်လင်းအားကြီး အချိန်တွင် ဦးအာဘူအာမတ်ကို ဓါးဖြင့် ခုတ်ခံရခြင်း ဖြစ်သည်။

ယခု အခါ ဒေသခံ ရိုဟင်ဂျာများက ပုဇွန်ကန်တဲ၊ တောင်ယာတဲနှင့် စိုက်ခင်းတဲ များတွင် ညစောင့် အိပ်သောသူများကို သတိဝီရိယဖြင့် အိပ်ရန် နိုးဆော်ထားကြောင်း သိရှိရပါသည်။

နိုင်ငံတကာ NGO အဖွဲ့တွေ စစ်တွေမြို့က ထွက်ခွာ သွားကြစဉ်။


8.4.2014

မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု တွေကြောင့် အကူအညီ ပေးရေး အဖွဲ့ အစည်းတွေ လုပ်ငန်းတွေ မလုပ်နိုင်ဘဲ ဖြစ်နေရတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်မကင်းမှုတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojae Quintana ကလည်း ဒုက္ခသည်တွေနဲ့ လက်လှမ်းမမီတဲ့ ဒေသက လူတွေအတွက် ကျန်းမာရေး၊ ရေနဲ့ အစားအစာ အပါအဝင် အရေးပေါ် အကူအညီတွေ မပေးနိုင်တာကြောင့် စိုးရိမ်စရာ ဖြစ်ရတဲ့အကြောင်း တနင်္လာနေ့ကပဲ ပြောဆိုခဲ့တာပါ။

ကျန်းမာရေး အကူအညီတွေ မပေးနိုင်တဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ လူပေါင်း ၁ သိန်း ၄ သောင်းနဲ့ ပြင်ပမှာနေထိုင်သူ ၇ သိန်းလောက် အခက်အခဲတွေ ရင်ဆိုင်ရလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

တနင်္လာနေ့မှာပဲ ဗြိတိန် နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီး Hugo Swire ကလည်း မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး မတ်လနှောင်းပိုင်း စစ်တွေမြို့က တိုက်ခိုက်မှုတွေကြောင့် ပြောင်းရွှေ့ခဲ့ကြရတဲ့ NGOs တွေကို အမြန်ဆုံး ပြန်ဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ လူနည်းစုတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ကြောင်းလည်း ဝန်ကြီး Swire က ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားကတော့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ယူတဲ့ အစီအစဉ်မှာ ရိုဟင်ဂျာတွေအဖြစ် စာရင်းသွင်းခွင့် မပြုဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

နိုင်ငံခြားရေးနှင့် ဓနသဟာယ ၀န်ကြီးဌာန ဒု-၀န်ကြီး Hugo Swire


RB News
8.4.2014

လန်ဒန် ။ ။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ခံရမှုကြောင့် ဒုက္ခသည် စခန်းသို့ ရောက်ရှိ နေသည့် ရိုဟင်ဂျာများကို ကူညီနေသည့် နိုင်ငံတကာ အန်ဂျီအို များကို လုပ်ကိုင်ခွင့် ပိတ်ပင်ထားခြင်းနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ်ကြီးကို ဗြိတိန် နိုင်ငံခြားရေးရုံးက ဧပြီလ (၇) ရက်နေ့တွင် ဆင့်ခေါ်ပြီး ပြောဆိုခဲ့ကြောင်း ရိုက်တာ သတင်း တစ်ရပ်တွင် ရေးသား ဖော်ပြထားပါသည်။

လွန်ခဲ့သည့်လက ဂျာမဏီနိုင်ငံမှ အန်ဂျီအို ၀န်ထမ်း အမေရိကန် နိုင်ငံသူ အမျိုးသမီး တစ်ဦးက သာသနာ့အလံကို မဖွယ်မရာ ပြုလုပ်သည်ဟု မဟုတ်မမှန်သည့် သတင်းများ လွှင့်ထုတ်ပြီး အန်ဂျီအို ၀န်ထမ်းများ၏ အိမ်များ၊ ရုံးများ၊ ကားများ၊ စက်လှေများနှင့် ဂိုဒေါင်များကို ရခိုင်အစွန်းရောက် များက ဖျက်ဆီး ခဲ့ပြီးနောက် အန်ဂျီအို ၀န်ထမ်း အများစုကို ပြည်ထောင်စု အစိုးရက ရန်ကုန်မြို့သို့ ပြောင်းရွှေ့ စေခဲ့ပြီး၊ အန်ဂျီအိုများ လုပ်ကိုင်နေသည့် လူမှု အထောက် အကူပြု လုပ်ငန်းများ၊ လူသားချင်း စာနာ၍ ထောက်ပံ့သည့် လုပ်ငန်းများကို ရပ်ဆိုင်း ထားခဲ့သည်။

ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ ပြောရေး ဆိုခွင့် ရှိသူက မြန်မာ သံအမတ်ကြီးကို နိုင်ငံခြားရေးနှင့် ဓနသဟာယ ၀န်ကြီးဌာန ဒု-၀န်ကြီး Mr Hugo Swire က ဆင့်ခေါ်၍ ပြောကြား ခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းတို့ အနေဖြင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး ဆက်လက်၍ လေးနက်စွာ စိုးရိမ် ပူပန် နေဦးမည်ဟု ပြောဆိုခဲ့ကြောင်း ရိုက်တာ သတင်းတွင် ရေးသား ထားပါသည်။

ဒု-၀န်ကြီး Hugo Swire က မြန်မာ အစိုးရကို လူသားချင်း စာနာ၍ ထောက်ပံ့သည့် အထောက် အပံ့များ လိုအပ်သည့် လှုမှု အသိုင်းအ၀ိုင်း များကို အထောက် အပံ့များ ပြန်လည် ပေးအပ် နိုင်ရန် အမြန်ဆုံး ပြုလုပ်ပေးရန်နှင့် အထောက်အကူပြု ၀န်ထမ်းများ၏ လုံခြုံရေးကို သေချာ တာဝန်ယူ ဆောင်ရွက် ပေးရန် ပြောကြားခဲ့သည်။

Hugo Swire ၏ Twitter တွင်လည်း သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ ဗြိတိန် အစိုးရက လေးနက်သည့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု ရေးသား ထားသည်။ သန်းခေါင်စာရင်း ကောက်ခံရန် ဗြိတိန် အစိုးရ စတာလင်ပေါင် ၁၀ သန်း လှူဒါန်းခဲ့ပြီး၊ မြန်မာအစိုးရက ရိုဟင်ဂျာကို ထည့်သွင်း ရေးသားခွင့်ပြုမည်ဟု ကတိပြုခဲ့ကြောင်း သိရှိရပါသည်။




MYARF
RB News
7.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ပန္ဒု ကျေးရွာ အခြေစိုက် လုံခြုံရေး စခန်းမှ နယ်ခြားစောင့် တပ်ဖွဲ့ဝင် သုံးဦးက ငွေညှစ်ခြင်း၊ အတင်း အဓမ္မ သိမ်းယူခြင်းများကို အဆက်မပြတ် ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၆ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် မောင်တောမြို့နယ် ကျောက်ပန္ဒု ကျေးရွာ အခြေစိုက် လုံခြုံရေး စခန်းမှ နယ်ခြားစောင့် တပ်ဖွဲ့ဝင် သုံးဦးသည် ကျောက်ပန္ဒု ကျေးရွာကြီးမှ ဦးမူဘာရက်ကို တရားမ၀င် မိုဘိုင်းဖုန်း သုံးစွဲနေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ ဦးမူဘာရက်သည် ဆင်းရဲသူ တစ်ဦး ဖြစ်ပြီး အဆိုပါ ဓါးပြသဖွယ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ တောင်းသည့် ငွေကျပ် တစ်သိန်းကို မပေးနိုင်သဖြင့် ငွေကျပ် ၄၀၀၀၀ ကိုလက်ငင်း ပေးခဲ့ပြီး ကျန်သည့် ငွေကျပ် ၆၀၀၀၀ အတွက် ၀ါးဆိုင်မှ ၀ါးများ အကြွေးဝယ်၍ ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ နယ်ခြားစောင့် တပ်ဖွဲ့ဝင် သုံးဦးတွင် ကျောက်ပန္ဒု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်၏ သားမက် ဖြစ်သူ စိုးသူလည်း ပါဝင်ကြောင်း သိရှိရပါသည်။

ဧပြီလ ၅ ရက်နေ့ ကလည်း ကျောက်ပန္ဒု ဈေးမှ ဈေးခေါင်း ဖြစ်သူ ဦးဆယာဒ်ကာဆီးမ်ကို ည ၁၀ နာရီ အချိန်တွင် ဈေးလုံခြုံရေး တာဝန် ထမ်းဆောင် နေစဉ် အဆိုပါ တပ်ဖွဲ့ဝင် ၃ ဦးက ဖမ်းဆီး၍ ငွေကျပ် ၄၀၀၀၀ ညှစ်ယူခဲ့ကြောင်း သိရှိ ရပါသည်။

ဧပြီလ ၄ ရက်နေ့တွင် ကျောက်ပန္ဒု ကျေးရွာရှိ စက်လှေများ ကမ်းဆိုက်သည့် နေရာသို့ သွားရောက်၍ ကံပူကျေးရွာမှ ဦးအေနာမုလ် ဟာဆောင်က စက်လှေ ပြုလုပ်ရန် စုဆောင်းထားသည့် သစ်များကို အကြောင်းမဲ့ သိမ်းဆည်း သွားခဲ့သည်။ နယ်ခြားစောင့် တပ်ဖွဲ့ဝင် သုံးဦးမှ မတရား သိမ်းဆည်း သွားသည့် သစ်များမှာ ငွေကျပ် ၅ သိန်းဖိုးခန့် တန်ဖိုး ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။



MYARF & Sindi Khan
RB News
7.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် လက်နက်ကိုင်ဆောင် ထားသည့် ရခိုင် (၄) ဦးကို ဧပြီလ (၃) ရက်နေ့ ညသန်းခေါင်ယံတွင် ဖမ်းဆီး ရမိခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဧပြီလ ၃ ရက်နေ့ ညသန်းခေါင်ယံ ၁၂း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ ဒေါ်မက်မန်သီး၏ နေအိမ်ကို စစ်တပ်က ၀င်ရောက် ရှာဖွေခဲ့ရာ လက်နက်ကိုင် ရခိုင် သူစိမ်း (၄) ဦးကို သေနတ် (၄) လက်နှင့် အတူ ဖမ်းဆီး ရမိခဲ့သည်။ အိမ်ရှင် ဖြစ်သူ ဒေါ်မက်မန်သီးကိုပါ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သော်လည်း ဧပြီလ ၆ ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဒေါ်မက်မန်သီးသည် မောင်တောမြို့အတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်ရန် ရည်ရွယ်ချက်ဖြင့် ဧပြီလ ၆ ရက်နေ့ ည ၁၀း၃၀ နာရီ အချိန်တွင် “ငါ့အိမ်ကို ဘင်္ဂလီ တွေက ခဲနဲ့ ထုနေတယ်” ဟု အော်ဟစ်ခဲ့ရာ အမှတ် (၃) နှင့် (၄) ရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူး များဖြစ်သည့် ဦးတင်ညိုနှင့် ဦးရင်ထွနားတို့သည် ရဲတပ်ဖွဲ့ဝင် (၈) ဦး၊ ရခိုင်လူမျိုး (၃၀) ဦးတို့နှင့် အတူ အမှတ် (၅) ရပ်ကွက်သို့ ၀င်ရောက်၍ ကင်းစောင့်နေသည့် ရိုဟင်ဂျာ ကင်းသမား ၃ ဦး၊ ရာအိမ်မှူး ဦးမာမတ်နှင့် ဆယ်အိမ်မှူး ဦးဒိလ်မာမတ် တို့ကို အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီးနောက် လမ်းတ၀က်မှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ဒေါ်မက်မန်သီး၏ လုပ်ကြံ လီဆယ်မှုကြောင့် ယမန်နေ့ ဧပြီလ (၆) ရက်နေ့ ည ၁၂ နာရီခန့်တွင် ရခိုင်အုပ်စုများက အနီးအနားရှိ ရိုဟင်ဂျာ အိမ်များကို ခဲများဖြင့် ပေါက်၍ မီးရှို့မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း သိရှိရပါသည်။ 

သန်းခေါင်စာရင်း ကောက်ယူမှု စတင်သည့် အချိန်မှ စ၍ ဒေသခံ ရိုဟင်ဂျာများကို အကြမ်းဖက် တိုက်ခိုက်မည်ဟု သတင်းများ လွှင့်ထုတ်လျက် ရှိပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂလီ-ရခိုင် အုပ်စု အနည်းဆုံး ၁၂၀ ခန့်ကို မောင်တောမြို့သို့ ဌာနဆိုင်ရာများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ခေါ်ယူလာပြီး ကျွေးမွေး စောင့်ရှောက်ထားသည့် အပြင် စစ်သင်တန်းများလည်း ပို့ချလျက် ရှိသည်။ 

ဧပြီလ ၄ ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ လောင်းဒုံး ကျေးရွာအုပ်စု၊ ဆင်သေပြင် ကျေးရွာ၏ အရှေ့ဘက်ရှိ သီးနှံစိုက်ခင်းတွင် ရှိသော ဦးဇာဖာရ်အလီ (ဘ) ဦးဟာကီးမ်အလီ (အသက် ၆၀ နှစ်) ၏ နွားတဲနှင့် ကောက်ရိုးပုံ များကို ရခိုင် အစွန်းရောက် ၁၄ ဦးခန့်က မီးတင်ရှို့ခဲ့သည်။ ရွာသားများက အချိန်မှီ ငြိမ်းသတ် နိုင်ခဲ့ပြီး၊ အဆိုပါ အစွန်းရောက် အုပ်စုကို လိုက်လံ ဖမ်းဆီးရာ အနီးရှိ ခမီးရွာ ထဲသို့ ပြေးဝင်သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။




Sindi Khan
RB News
7.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မေယုတောင်တန်းတွင် အခြေစိုက်ပြီး လှုပ်ရှားနေသည့် ရခိုင်အစွန်းရောက် အဖွဲ့မှ ၆ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၆ ရက်နေ့ နံနက် အစောပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်း ကျေးရွာ အုပ်စု၊ ဂူနာရွာမှ ရိုဟင်ဂျာ လူငယ် အချို့သည် ရွာ၏ အရှေ့ဘက်ရှိ မေယုတောင်တန်းတွင် ထင်းခုတ်ရန် သွားခဲ့ပြီး၊ တောင်ပေါ်တွင် ရခိုင်အစွန်းရောက် ၂၅ ဦးခန့် ရှိသည့် အဖွဲ့တစ်ဖွဲ့ကို တွေ့ရှိ ခဲ့၍ ထင်းမခုတ်ဘဲ ရွာသို့ ပြန်လာ၍ မိဘများမှ တဆင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးကို အကြောင်းကြားခဲ့သည်။ အုပ်ချုပ်ရေးမှူးက စံပယ်ကုံး ကျေးရွာ အခြေစိုက် အမှတ် (၅) နယ်မြေ စခန်းရှိ စစ်တပ်ကို အကြောင်းကြား ခဲ့သည်။ ထို့နောက် စစ်ကြောင်း အဖွဲ့ရောက်ရှိ လာပြီး ရွာသားများနှင့် အတူ မေယုတောင်တန်းသို့ သွား၍ လိုက်လံ ရှာဖွေရာ ရခိုင် အစွန်းရောက် ၆ ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဖမ်းဆီးရမိခဲ့သည့် ရခိုင် အစွန်းရောက် ၆ ဦးကို ကျေးရွာ အထက်တန်း ကျောင်းခွဲတွင် ထိန်းသိမ်း ထားခဲ့ရာ နံနက် ၁၁ နာရီ အချိန်တွင် ဖားဝပ်ချောင်း ကျေးရွာ (န.တ.လ ရွာ) အုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး ဖမ်းဆီးခံရထားသူ များမှာ ၎င်း၏ ရွာသားများ ဖြစ်ပြီး တောင်ပေါ်တွင် ဖားရှာရန် သွားနေသူများ ဖြစ်သည်ဟု ပြောဆို၍ ဖမ်းဆီးခဲ့သည့် အမှတ် (၅) နယ်မြေမှ ဗိုလ်ကြီးကို အဆိုပါ ရခိုင်များကို လွှတ်ပေးရန် တောင်းဆိုသဖြင့် ဗိုလ်ကြီးက ပြန်လည် လွှတ်ပေးခဲ့သည်။ ဖမ်းဆီး ခံရသူ ၆ ဦးမှ ၄ ဦးမှာ ဖားဝပ်ချောင်း ကျေးရွာမှ ဖြစ်သော်လည်း ၂ ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဖြစ်ကြောင်း စုံစမ်း သိရှိရပါသည်။

ဖားဝပ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဖားရှာရန် သွားသည်ဟု ပြောဆိုခြင်းမှာ ယုတ္တိ မရှိသည့် စကားသာ ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလီ-ရခိုင် ဗုဒ္ဓဘာသာဝင် အကြမ်းဖက် အဖွဲ့သည် မောင်တောမြို့ရှိ ကျေးရွာ အနှံ့အပြားမှ ရခိုင် အစွန်းရောက် ပူးတွဲ လှုပ်ရှားလျက် ရှိသည်။ အဆိုပါ ဘင်္ဂလီ-ရခိုင် အဖွဲ့နှင့် ဌာနဆိုင်ရာများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ တိုက်ရိုက် ပတ်သက်မှု ရှိနေကြောင်း ဒေသခံများက အခိုင်အမာ ပြောဆို နေကြသည်။




MYARF
RB News
6.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူရာတွင် ဒေသခံ ရိုဟင်ဂျာများ အားလုံးက ရိုဟင်ဂျာ လူမျိုးဟု ပြောဆိုသည်ကို မကျေနပ်၍ မောင်တော အာဏာပိုင်များက လုပ်ကြံမှုများ စတင် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၂ ရက်နေ့ ည ၁၁ နာရီတွင် မောင်တောမြို့နယ် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ညိုနှင့် ရဲတပ်ဖွဲ့ ၈ ဦးတို့သည် အမှတ် (၅) ရပ်ကွက်သို့ ၀င်ရောက်လာသည်ကို ကင်းသမားများက ဓါတ်မီးဖြင့် ထိုးကြည့်ခဲ့ရာ၊ ဓါတ်မီးဖြင့် ထိုးကြည့်သည့်အတွက် ဆိုကာ အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ကင်းသမား ၅ ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ထိုအချိန်တွင် အမှတ် (၃) ရပ်ကွက်နှင့် (၄) ရပ်ကွက်တွင် နေထိုင်သော ရခိုင်လူမျိုးများ ဓါးများ ကိုင်လျက် စုရုံး နေကြသည်ကို မြင်တွေ့ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ဆေးရုံနှင့် လိပ်ရ ကျေးရွာ အုပ်စု (ယခင် န.စ.က နယ်မြေ ၄) ရှိဘုန်းကြီးကျောင်းတွင် သာမာန် ရောဂါဖြင့် သေဆုံးသွားသော ရခိုင် အလောင်းများ စုဆောင်း ထားကာ ညပိုင်း အချိန်တွင် ရိုဟင်ဂျာရွာများ ထဲသို့ ၀င်ရောက်၍ ထားရှိရန် ကြိုးစား နေခြင်းများ ရှိနေသဖြင့် ရိုဟင်ဂျာ ရွာများတွင် ဒေသခံများက ညလုံးပေါက် လုံခြုံရေး ထူထပ်စွာ ချပြီး နေနေ ရကြောင်း ဒေသခံများက ပြောပါသည်။ ထိုကဲ့သို့ လုပ်ကြံနေမှုနှင့် ပတ်သက်၍ ဗျူဟာမှူးကို ဒေသခံ ရိုဟင်ဂျာများက တိုင်တန်းခဲ့သော်လည်း “မင်းတို့ ရွာထဲ လာရင် ငါ့ကို သတင်းပို့” ဟုသာ ဖြေကြားခဲ့ပြီး၊ ဖြစ်ပျက်နေသည့် နေရာများသို့ သွားရောက် စစ်ဆေးခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

ဧပြီလ ၃ ရက်နေ့က မောင်တောမြို့ နယ်စပ် ကုန်သွယ်ရေးရုံးမှ တဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နေ့ချင်းပြန်နှင့် (၇) ရက် နိုင်ငံကူး လက်မှတ်ဖြင့် သွားရန် လျှောက်ထားသည့် ဒေသခံ ရိုဟင်ဂျာများကို နယ်စပ် ကုန်သွယ်ရေးရုံးက ရိုဟင်ဂျာ ကဒ်ပြနိုင်မှသာ သွားခွင့် ပြုမည်ဟု ဆိုပြီး သွားခွင့် မပြုခဲ့ကြောင်း သိရှိရပါသည်။ အလားတူ မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက်ကျေးရွာ တံတား ကင်းစခန်းနှင့် ရွှေဇား တံတား ကင်းစခန်းမှ လုံခြုံရေး တပ်ဖွဲ့ဝင်များက လမ်းသွား လမ်းလာ ရိုဟင်ဂျာများကို ရိုဟင်ဂျာကဒ် ပြနိုင်မှသာ သွားလာခွင့်ပြုမည်၊ ရိုဟင်ဂျာ ကဒ်မရှိလျှင် သွားလာခွင့် မရှိဟု ဆိုကာ အနှောက်အယှက် ပေးလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
6.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်း၊ သရက်အုပ် ကျေးရွာ အုပ်စုတွင် ၉၆၉ အဖွဲ့များ ရောက်ရှိ နေပြီး ဒေသခံ ရခိုင်လူမျိုး များကို သေနတ်ပစ် သင်တန်းများ ပေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ် ကျေးရွာအုပ်စု ရခိုင်ရွာရှိ ကျေးလက် ဆေးခန်းတွင် ၉၆၉ အဖွဲ့များ ရောက်ရှိလာပြီး သေနတ်ပစ်နည်း၊ တုတ်၊ ဓါးများဖြင့် တိုက်ခိုက်နည်း များကို ဒေသခံ ရခိုင်လူမျိုး များကို သင်ကြား ပေးလျက် ရှိကြောင်း မျက်မြင် သက်သေ တစ်ဦးက RB News သို့ပြောပါသည်။ ၎င်းကျေးလက် ဆေးခန်းတွင် ယခင်က လူမျိုး ဘာသာ မရွေး ဆေးကုသခွင့် ရှိခဲ့သော်လည်း ယခုအခါ ဆေးကုသရန် သွားသည့် ဒေသခံ ရိုဟင်ဂျာ များကို ဆရာဝန်က “မင်းတို့ ဘင်္ဂလီ တွေကို ငါဆေးမကု” ဟုပြောဆို၍ နှင်ထုတ် ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ဆေးခန်းတွင် လက်နက်များ သိုလှောင် ထား၍ စစ်သင်တန်း ပေးလျက် ရှိသောကြောင့် ဤကဲ့သို့ ပြုမှုဆက်ဆံခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဧပြီလ ၅ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ခြံပြင် ကျေးရွာသို့ ၉၆၉ အဖွဲ့ဝင်များဟု ယူဆရသော လူစိမ်း နှစ်ဦး ရောက်လာပြီးနောက်၊ ကတုံးတုံး သင်္ကန်းစည်းကာ ဆိုင်ကယ်စီး၍ သရက်အုပ် ကျေးရွာ အရှေ့ဘက်ရှိ လုံခြုံရေး ကင်းစခန်းသို့ သွားရောက်ခဲ့သည်။ လုံခြုံရေး စခန်းတွင် ဆိုင်ကယ်ထား၍ ထိုမှတဆင့် လမ်းလျှောက်၍ အနီးရှိ ရခိုင်ရွာသို့ ၀င်ရောက် သွားခဲ့သည်။ အဆိုပါ နှစ်ဦးမှာ ထိုနယ်မြေသို့ ရောက်ရှိလာခြင်းကို လုံခြုံရေး ကင်းစခန်းသို့ သတင်းပို့ခြင်း ဖြစ်ပြီး၊ အာဏာပိုင်များနှင့် ဆက်နွယ်မှု ရှိနိုင်သည်ဟု ယူဆကြောင်း ဒေသခံများက ပြောပါသည်။

မောင်တောမြို့တွင် မတ်လကုန်မှ စ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂလီ-ရခိုင် ဗုဒ္ဓဘာသာ အကြမ်းဖက် အဖွဲ့များ ၀င်ရောက်လာခဲ့ပြီး ဖောက်ခွဲမှုများ ပြုလုပ်မည်ဟု သတင်းများ ပြန့်နှံ့ လျက်ရှိပြီး၊ ယခု ၉၆၉ အဖွဲ့များ လှုပ်ရှားနေသည်ကို တွေ့မြင်ရပြီး ဒေသခံ ရိုဟင်ဂျာများက ၎င်းတို့၏ နေအိမ်များ မီးရှို့ခံရမည်ကို စိုးရိမ်ပူပန် လျက်ရှိကြသည်။




RB News
6.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရ ကျေးရွာ အုပ်စု အခြေစိုက် လုံထိန်း တပ်ရင်း တာဝန်ခံက သန်းခေါင် စာရင်းတွင် ဒေသခံ ရိုဟင်ဂျာများက ရိုဟင်ဂျာဟု ပြောဆိုသည်ကို မကျေနပ်၍ အတင်း အဓမ္မ ခိုင်းစေမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရ ကျေးရွာအုပ်စု အခြေစိုက် (ယခင် န.စ.က နယ်မြေ ၄) အမှတ် (၂) လုံထိန်း တပ်ရင်း တာဝန်ခံ ဒုရဲမှူးကြီး ဝေလင်းကိုသည် သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂလီဟု ထွက်ဆိုရန် ဒေသခံ ရိုဟင်ဂျာ များကို အမျိုးမျိုး ဖိအားပေး ခြိမ်းခြောက် ခဲ့သော်လည်း အောင်မြင် ခဲ့ခြင်း မရှိသောကြောင့် ဒေသခံ ရိုဟင်ဂျာများကို အငြိုးထားပြီး အတင်း အဓမ္မ ခိုင်းစေမှုများ ပြုလုပ်နေကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒုရဲမှူးကြီး ဝေလင်းကိုသည် ယနေ့ နေ့လည်ပိုင်းတွင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များကို ဆင့်ခေါ်၍ စခန်းဝင်းခြံ သံဆူးကြိုး ကာရံရေး အတွက် လိုအပ်သည့် တိုင်များကို အောက်ပါ ကျေးရွာ အုပ်စုများမှ ပေးရမည်ဟု အမိန့်ထုတ်ပြန် လိုက်ကြောင်း သိရှိရပါသည်။

(၁) ကျောက်ချောင်း ကျေးရွာ အုပ်စု - တိုင်အလုံးရေ (၁၀၀)
(၂) ကျွန်းပေါက်ပြုစု ကျေးရွာ အုပ်စု - တိုင်အလုံးရေ (၁၀၀)
(၃) ကျွန်းပေါက် ဆင်အိုး ကျေးရွာ အုပ်စု - တိုင်အလုံးရေ (၇၅) -- တို့ကို (၃) ရက်အတွင်း ပေးရန် ဒုရဲမှူးကြီး ဝေလင်းကိုက အမိန့်ထုတ်ခဲ့ကြောင်း သိရှိရသည်။

လိပ်ရကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာများက အဆိုပါ တိုင် ၂၇၅ လုံးကို စိုက်ထူ ပေးရမည် ဖြစ်ပြီး၊ ၎င်းထုတ်ပြန်သည့် အမိန့်ကို မလိုက်နာပါက ဒုချီးရားတန်း ဖြစ်စဉ်ကို စုံစမ်းကြည့်ကြရန် ပြောဆို ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။




RB News
6.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဘုရားပြင် ကျေးရွာ အုပ်စုမှ အပြစ်မဲ့ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို လုံခြုံရေး တာဝန်ယူ ထားသည့် ဗိုလ်ကြီး တစ်ဦးက ခြောက်ပေါက် ထိတ်တုံးခတ် ထားကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဧပြီလ ၆ ရက်နေ့ နေ့လည် တစ်နာရီခန့် အချိန်တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဘုရားပြင် ကျေးရွာ အုပ်စု၊ အောင်ပရွာတွင် လုံခြုံရေး တာဝန် ယူထားသည့် ခလရ ၂၆၃ မှ ဗိုလ်ကြီး တစ်ဦးက အောင်ပရွာမှ ဒေသခံ ဦးအီလီယာစ်ကို ကောက်ရိုးပုံ မီးရှို့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးရန် လိုက်ရှာရာတွင် မတွေ့သဖြင့် ဦးအီလီယာစ်၏ ဇနီး ဖြစ်သူ ဒေါ်ဂုလ်ဘာရ်ကို ဖမ်းဆီးပြီး ခြောက်ပေါက် ထိတ်တုံး ခတ်ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် ညောင်ချောင်း ကျေးရွာမှ ကျေးရွာ ဒု-အုပ်ချုပ်ရေးမှူး ဦးစိုးလုကိုလည်း ရွာထဲတွင် တရားမ၀င် လက်ထပ် ပေါင်းသင်းခြင်းများ ရှိနေသည်ကို အကြောင်းမကြားဟု မဟုတ်မမှန် စွပ်စွဲပြီး ဖမ်းဆီး၍ ခြောက်ပေါက် ထိတ်တုံး ခတ်ထား ခဲ့သည်။ သို့သော်လည်း နာရီပိုင်း အကြာတွင် ၎င်းကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

သိမ်တောင်ပြင် ကျေးရွာ အုပ်စု ကျေးရွာ ဒု-အုပ်ချုပ်ရေးမှူး ဦးအဗ်ဒုလ္လာ ကိုလည်း သန်းခေါင်စာရင်း အစစ်ဆေးခံရန် ခရီးလွန် နေရာမှ ပြန်ရောက်လာသည့် ဒေသခံများ အတွက် ငွေပေးခြင်း မရှိဟု ဆိုကာ ဖမ်းဆီးထားကြောင်း ဒေသခံ တစ်ဦးက RB News သို့သည်။

အဆိုပါ ဗိုလ်ကြီးသည် လုံခြုံရေး တာဝန်ယူသည်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်း မရှိဘဲ ဒေသခံ ရွာသားများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်လျက် ရှိပြီး၊ ဗျူဟာမှူးကို ဒေသခံများက အကြောင်းကြား ခဲ့သော်လည်း ယခုအချိန်ထိ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသေးဟု ဒေသခံများက ပြောပါသည်။



RB News
5.4.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မရှိတော့သည့် RSO ရိုဟင်ဂျာ စည်းလုံရေး အဖွဲ့က ၀င်ရောက်၍ အကြမ်းဖက် မည်ဟု ပြည်တွင်း အခြေစိုက် 7 Day Daily သတင်းက မဟုတ်မမှန် ၀ါဒဖြန့်လျက် ရှိသည်။

RSO ဆိုသည်မှာ 7 Day Daily, The Voice Weekly နှင့် မှူးဇော်တို့က အဓိပ္ပာယ် ဖွင့်ဆိုသကဲ့သို့ ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ မဟုတ်ဘဲ၊ ယင်းအဖွဲ့ ရပ်တည်စဉ်က ရိုဟင်ဂျာ စည်းလုံးရေး အဖွဲ့ဟုသာ ခေါ်ဝေါ် သုံးစွဲခဲ့သည်။ RSO အဖွဲ့သည် လက်နက်ကိုင် လမ်းစဉ်ကို လွန်ခဲ့သည့် ၁၅ နှစ်ကျော် ကတည်းက စွန့်လွှတ်ပြီး နိုင်ငံရေး လမ်းစဉ်ဖြင့်သာ ရိုဟင်ဂျာ အရေးကို ကြိုးပမ်းမည်ဟု တရားဝင် ကြေညာခဲ့သည်။ ယခုအခါ အဆိုပါ RSO အဖွဲ့ကို ဦးဆောင် ခဲ့သူများမှာ အမေရိကန် နိုင်ငံသို့ပင် သွားလာ လည်ပတ်လျက် ရှိသည်မှာ အမေရိကန် နိုင်ငံ၏ လက်နက်ကိုင် အဖွဲ့များကို စောင့်ကြည့်သည့် စာရင်းမှ ပယ်ဖျက်ခံ ရခြင်းကြောင့် ဖြစ်သည်။

၂၀၁၂ ခုနှစ် ဇွန်လမှစ၍ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဇော်ဌေး (မှူးဇော်) က ၎င်း၏ Facebook စာမျက်နှာတွင် RSO နှင့်ပတ်သက်၍ မဟုတ်မမှန် မျိုးစုံ ရေးသား၍ ၀ါဒဖြန့်ရာမှ ယခုအချိန်ထိ ပြည်တွင်း အခြေစိုက် သတင်း ဂျာနယ်များက လုပ်ကြံ၍ ၀ါဒဖြန့် နေခြင်း ဖြစ်သည်။ ယနေ့ထုတ် 7 Day Daily သတင်းစာတွင် စစ်တွေမြို့မှ မြို့မိမြို့ဖ ဦးသန်းထွန်း ပြောသည်ကို ကိုးကား၍ ရေးသားခြင်းမှာ လုံးဝ မှန်ကန်မှု မရှိဘဲ လိမ်လည်၍ ၀ါဒဖြန့်မှု တစ်ခုသာ ဖြစ်သည်။

ထို့အပြင် သူရိယနေ၀န်း အပတ်စဉ် ဂျာနယ်၏ မျက်နှာဖုံးတွင် ဖော်ပြသည့် ဓါတ်ပုံမှာလည်း ဖြတ်ညှပ်ကပ် Photoshop ဖြင့်ပြုလုပ်ထားသည့် ဓါတ်ပုံများ ဖြစ်ပြီး၊ အဆိုပါ ဓါတ်ပုံများကို ၂၀၁၃ ခုနှစ် သြဂုတ်လက တူရကီ နိုင်ငံမှ အွန်လိုင်း သတင်း စာမျက်နှာ ဖြစ်သည့် INCA News တွင်လည်း ဖော်ပြခဲ့သည်။ INCA News ၏ အယ်ဒီတာ ဖြစ်သူ Mr. Abdulkadir Sen ကို RB News မှ အဆိုပါ ဓါတ်ပုံများနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ အမည်မသိသူ တစ်စုမှ မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ အသွင်ဖြင့် ပေးပို့ခဲ့ခြင်းကြောင့် ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဓါတ်ပုံများမှာ Photoshop ဖြင့် ပြင်ဆင် ထားသည်ကို ဖော်ပြပြီးမှ သိရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

RSO ရိုဟင်ဂျာ စည်းလုံးရေး အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် သာမက မည်သည့် နေရာတွင်မှ တည်ရှိ မနေဘဲ၊ ရခိုင် ပြည်နယ် အတွင်းရှိ အစွန်းရောက် အဖွဲ့၊ နိုင်ငံတော် သမ္မတရုံးမှ မှူးဇော်နှင့် ပြည်တွင်း အခြေစိုက် သတင်း ဂျာနယ် အချို့က ပူးပေါင်း၍ ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် သွေးထိုး လှုံ့ဆော် နေခြင်းသာ ဖြစ်သည်။

၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားအောင် နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှု၊ ပေါ်ပေါ်တင်တင် Facebook စာမျက်နှာ ပေါ်မှ သွေးထိုး လှုံ့ဆော်မှု ပြုလုပ်နေသည့် အဓိက တရားခံများတွင် ဗိုလ်မှူးဟောင်း ဇော်ဌေး (မှူးဇော်) ပါဝင်ပြီး၊ လူမှု ကွန်ယက်များ ပေါ်တွင် သွေးထိုး လှုံ့ဆော်သူများနှင့် မည်ကဲ့သို့ ချိတ်ဆက်မှု ရှိနေသည်ကို ၎င်း၏ Facebook ပေါ်တွင် ရေးသားသည့် ပို့စ်များတွင် Tag လုပ်သူများကို လေ့လာခြင်းဖြင့် သိရှိ နိုင်မည် ဖြစ်သည်။

Rohingya Exodus