နောက်ဆုံးသတင်း/ဆောင်းပါးများ




RB News
17.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်မောင်သည် ဥဒေါင်းကျေးရွာမှ ကျွဲနွား ကျောင်းနေသည့် ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်မောင်နှင့် ၎င်း၏ တပည့်များ ဖြစ်သည့် ဦးခေါ်ရီမုလ္လာနှင့် ဦးဖော်ယာဇူလ္လာ တို့က ဒေသခံ ရိုဟင်ဂျာ လယ်သမားများအား လယ်မြေ ဧက ၂၀ ခန့်ကို အတင်းအဓမ္မ ထွန်ယက် ခိုင်းစေခြင်းနှင့် ကောက်စိုက် ပေးစေခြင်းတို့ကြောင့် ဆင်းရဲသည့် ဒေသခံ ရိုဟင်ဂျာ လယ်သမားများ ဒုက္ခနှင့် ရင်ဆိုင် နေရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ လွန်ခဲ့သည့် ၁၇ နှစ်ခန့်က ဥဒေါင်း ကျေးရွာ၌ န.တ.လ ရခိုင်ရွာ တည်ဆောက်စဉ် ရိုဟင်ဂျာ လယ်သမားများထံမှ လယ်မြေဧက ၄၀၀ ကျော်ကို န.စ.က မှ အတင်း အဓမ္မ သိမ်းယူပြီး ရခိုင်လူမျိုး များကို ခွဲဝေပေးခဲ့သည်။ လယ်ယာမြေများ အလကား အချောင် ရရှိခဲ့သည့် ရခိုင်များသည် အဆိုပါ လယ်မြေများကို မူလပိုင်ရှင်များကို ပြန်လည် ငှားရမ်းပြီး အသက်မွေးဝမ်းကြောင်း ပြုနေကြပြီး၊ မူလပိုင်ရှင်များ ဖြစ်သည့် ဒေသခံ ရိုဟင်ဂျာများမှာ မိမိတို့၏ လယ်မြေများကို ပြန်လည် ငှားရမ်း၍ လုပ်ကိုင်နေ ရသည့်ဘ၀သို့ ရောက်ရှိ နေရသည်။

၂၀၁၂ ခုနှစ်တွင် ပြဿနာများ ဖြစ်ပွားပြီးနောက် ဒေသခံ ရိုဟင်ဂျာများသည် ရခိုင်များထံမှ လယ်မြေများ ငှားရမ်း၍ လုပ်ကိုင်ချင်စိတ် မရှိတော့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်၏ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ဆက်လက်၍ ငှားရမ်း လုပ်ကိုင်ခဲ့ရသည်။ စပါးအထွက်နှုန်း နည်းနေပြီး အရှုံးပေါ်နေ၍ မငှားရမ်း လိုသော်လည်း ငှားရမ်း၍ လုပ်ကိုင် နေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ယခုရက်ပိုင်းတွင် ဥဒေါင်းရွာနှင့် မေယုတောင်ခြေ ဆက်သွယ် ထားသည့် လမ်းမှ ကျွဲနွား ကျောင်းနေသည့် ဒေသခံ ရိုဟင်ဂျာ (၁၉) ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်မောင်က အဆိုပါလမ်းမှ ကျွဲနွား ကျောင်းသည်ကို အကြောင်းပြ၍ ငွေကျပ် ၅ သိန်းနီးပါး ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။
ငွေညှစ်ခံရသူများမှာ --

(၁) ဦးလာလ်မာမတ် (ဘ) ဦးဖဇိလ်အာမတ် (ညှစ်ခံရသည့် ငွေကျပ် ၆ သောင်း)
(၂) ဦးယူဆုဖ် (ဘ) ဦးရှိုက်ရ်မာမတ် (ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း ၅ ထောင်)
(၃) ဦးအဒူကာဒဲရ် (ဘ) ဦးကာလာမျာ (ညှစ်ခံရသည့် ငွေကျပ် ၂ သောင်း)
(၄) ဦးရော်ဟီမုလ္လာ (ဘ) ဦးအေဇာရ်မျာ (ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း)
(၅) ဦးဆော်လိမ်အုလ္လာ (ဘ) ဦးအေဇာရ်မျာ (ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း)
(၆) မော်လ၀ီ ဦးအဒူဇလိလ် (ဘ) ဦးရှုနာမျာ (ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း)
(၇) ဦးအလီ (ဘ) ဦးရှုနာမျာ -- တို့ဖြစ်သည်။

ထို့အပြင် ဦးနာဂူး (ဘ) ဦးအဘူဘော်ကော်ရ် အပါအ၀င် (၁၂) ဦးထံမှ ငွေကျပ် ၂ သောင်းစီ - စုစုပေါင်း ငွေကျပ် ၂ သိန်း ၄ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



MYARF
RB News
16.8.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးက မတရားသဖြင့် ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၁) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးသည် အဆိုပါ ကျေးရွာမှ လဘက်ရည်ဆိုင် ရောင်း၍ အသက်မွေးဝမ်းကြောင်း ပြုနေသူ ဒေသခံ ရိုဟင်ဂျာ ဦးမိုဟာမတ်ဆော်လိမ် (ဘ) ဦးနူရ်ဟူစိန်း ထံမှ ပလတ်စတစ် ထိုင်ခုံ (၅) ခုံတောင်းရာ၊ ဦးမိုဟာမတ်ဆော်လိမ်က ထိုင်ခုံ တစ်ခုံလျှင် ငွေကျပ် ၈၅၀၀/- ထိုင်ခုံ ၅ ခုံလျှင် ငွေကျပ် ၄၂၅၀၀/- ပေးမှသာ ပေးနိုင်မည်ဟု ပြောသဖြင့် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်သန်းဌေးက ဦးမိုဟာမတ် ဆော်လိမ်ကို အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင်သွားပြီး လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးသည် လွန်ခဲ့သည့် ဇွန်လတွင်လည်း ဂျော်မိလ် (ဘ) ဦးအိန္နားမီးန်အား ၎င်း၏ နေအိမ်သို့ လုပ်အားပေးရန် ခေါ်ခဲ့ရာ လာရောက်ရန် ပျက်ကွက်ခဲ့သဖြင့် လူမဆန်စွာ ရိုက်နှက် နှိပ်စက် ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဦးမောင်သန်းဌေးသည် ဒေသခံ ရွာသားများ ထံမှ ပစ္စည်းများ မတရား ရယူရန် အမြဲတစေ ကြိုးစားလေ့ ရှိသူဖြစ်ပြီး၊ ၎င်းအလိုကျ မရရှိပါက လူမဆန်စွာ ရိုက်နှက်လေ့ ရှိသည်ဟု သိရှိရပါသည်။



Rohingya Eye
RB News
16.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကြိုးဖုန်း သုံးစွဲနေသူများ၊ မိုဘိုင်းဖုန်း ဆင်းမ်ကဒ်လို နေသူများမှာ ဆယ်သွယ်ရေး တာဝန်ခံ ဦးအောင်ဇော်၏ မတရားသည့် နည်းလမ်းဖြင့် ငွေရှာနေခြင်းကြောင့် အခက်ကြုံတွေ့ နေရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်တွင် ကြိုးဖုန်း သုံးစွဲနေသူ (၄၀၀) ဦးကျော်ရှိပြီး၊ ပြည်နယ် ဆက်သွယ်ရေး ဌာနမှ ပေးပို့သည့် တယ်လီဖုန်း ဘီလ်များကို မောင်တောမြို့နယ် ဒီဂျစ်တယ် အော်တို တယ်လီဖုန်း ဆက်သွယ်ရေး တာဝန်ခံ အင်ဂျင်နီယာ ဦးအောင်ဇော်က သုံးစွဲသူများထံ မပေးပို့ဘဲ တယ်လီဖုန်း လိုင်းများကို ဖြတ်တောက် ထားသည်ဟု သုံးစွဲသူများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။ တယ်လီဖုန်း ဘီလ်များကို ပေးသွင်းပါကလည်း ချက်ချင်း ပြန်လည် ချိတ်ဆက် ပေးခြင်းမရှိဘဲ တစ်ပတ်ခန့် ကြာမှသာ ပြန်လည် ချိတ်ဆက် ပေးသဖြင့် သုံးစွဲနေသူများ အခက်ကြုံနေ ရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် တယ်လီဖုန်း ဘီလ် ပေးသွင်းလျှင်လည်း တယ်လီဖုန်း ဘီလ် အပြင် ငွေကျပ် ၃၀၀/- ကို မဖြစ်မနေ ပေးဆောင် နေရပြီး၊ တယ်လီဖုန်း လိုင်းပြတ်တောက် သွားပါက ပြန်လည် ချိတ်ဆက်ဟု ဆိုကာ ငွေကျပ် ၃၀၀၀/- မဖြစ်မနေ ပေးနေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ တယ်လီဖုန်း လိုင်းကို တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ ပါကလည်း အင်ဂျင်နီယာ ဦးအောင်ဇော်ကို ငွေကျပ် ငါးသောင်း ပေးရသည်ဟု ဆိုသည်။

နိုင်ငံတော်မှ ငွေကျပ် ၁၅၀၀/- ဖြင့် ချပေးသည့် ဂျီအက်စ်အမ် ဆင်းမ်ကဒ်များကိုလည်း ဒေသခံ ရိုဟင်ဂျာများကို နိုင်ငံသား စီစစ်ရေး ကဒ်ပြားမရှိဟု ဆိုကာ တိုက်ရိုက် မရောင်းချဘဲ၊ ဗုဒ္ဓဘာသာဝင် တစ်ဦးကို ကြားခံ ထားကာ ငွေကျပ် (၈) သောင်းဖြင့် အဆိုပါ အင်ဂျင်နီယာ ဦးအောင်ဇော်က ရောင်းချ နေကြောင်း သိရှိရပါသည်။

မောင်တောမြို့နယ်တွင် ဆက်သွယ်ရေးမှ ကြိုးဖုန်းများကို တရားဝင် သုံးစွဲခွင့် ရရှိနေသော်လည်း အင်ဂျင်နီယာ ဦးအောင်ဇော်၏ မတရားသဖြင့် ငွေညှစ်နေမှုများကြောင့် သုံးစွဲနေသူများ အခက်ကြုံနေရသလို၊ ငွေကျပ် ၁၅၀၀/ ဖြင့် အစိုးရမှ ချပေးသည့် ဆင်းမ်ကဒ်များကိုလည်း ဈေးကြီးပေး၍ သုံးစွဲနေရသည်ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။



Rohingya Eye
RB News
16.8.2014

မောင်တော ။ ။ မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ ကမ်းခြေတွင် ကင်းလှည့်နေသည့် တပ်မတော် စစ်ကြောင်းက ဒေသခံ ရိုဟင်ဂျာ (၃) ဦးထံမှ ငွေကျပ် ၁၉ သိန်း ငါးသောင်းကို မတရား သဖြင့် ရယူသည့် အပြင် အဆိုပါ ဒေသခံ (၃) ဦးကို ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ် (၁၂) ရက်နေ့ ည (၈) နာရီခန့် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ မဒီနာရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးသည် အလယ်သံကျော် ကမ်းခြေမှ ငါးဖမ်း၍ ပြန်လာစဉ် ကင်းလှည့်နေသည့် (၁၇) ဦးပါ တပ်မတော် စစ်ကြောင်းအဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး၍ ခန္ဓာကိုယ် အနှံ့ ရှာဖွေပြီး၊ ၎င်းတို့ (၃) ဦးထံတွင် ပါလာသည့် ငွေကျပ် (၁၈) သိန်းကို သိမ်းယူခဲ့သည်။ ထို့အပြင် သြဂုတ်လ (၁၂) ရက်နေ့ ညတစ်ညလုံး လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သြဂုတ်လ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် မဒီနာရွာမှ ရာအိမ်မှူးများ သွားရောက်၍ ပြန်လည် လွှတ်ပေးရန် တောင်းဆိုခဲ့ရာ၊ အဆိုပါ စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ၎င်းတို့အနေဖြင့် ငွေကျပ် တစ်သိန်း ငါးသောင်း ရမှသာ ပြန်လည် လွှတ်ပေးနိုင်မည်ဟု ပြောကြားခဲ့သည်။ အကြောင်းမဲ့ ဖမ်းဆီးခံရသည့် ဒေသခံ ရိုဟင်ဂျာ (၃) ဦးက ငွေကျပ် (၁၈) သိန်းမှ ငွေကျပ် တစ်သိန်း ငါးသောင်းယူပြီး ကျန်ငွေများကို ပေး၍ ပြန်လွှတ်ပေးရန် ပြောသည့် အခါ စစ်ကြောင်း တာဝန်ခံ ဗိုလ်ကြီးက ထပ်မံ၍ ရိုက်နှက် နှိပ်စက်ခဲ့သည်။ ထို့အပြင် တာဝန်ခံ ဗိုလ်ကြီးက ၎င်းတို့ အနေဖြင့် ငွေကျပ် (၁၈) သိန်းနှင့် ပတ်သက်၍ မသိကြောင်း၊ မိမိတို့ မယူကြောင်း၊ လိမ်ညာပြောကြားပြီး ငွေကျပ် တစ်သိန်း ငါးသောင်း ထပ်မံ၍ ရမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခံရသည့် အပြစ်မဲ့ (၃) ဦးမှာ ငါး အရောင်းအ၀ယ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူများ ဖြစ်ပြီး၊ ငွေကျပ် (၁၈) သိန်း မတရားသဖြင့် သိမ်းဆည်း ခံရသောကြောင့် ၎င်းတို့၏ အရင်းအနှီးများ ဆုံးရှုံးသွားပြီး၊ လုပ်ကိုင် စားသောက်ရန်ပင် ခက်ခဲလျက် ရှိကြောင်း အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခံရပြီး ငွေကျပ် ၁၉ သိန်း ငါးသောင်း ဆုံးရှုံးခံရသူ (၃) ဦးမှာ ---

(၁) ဦးဟာဖ်ဇူရာမန် (ဘ) ဦးဆာဒန်မျာ (အသက် ၂၈ နှစ်)
(၂) ဦးမိုဟာမတ်ဟူဆောင်း (ဘ) ဦးမိုဟာမတ်အီဆာခ် (အသက် ၃၃ နှစ်)
(၃) ဦးဂူလာမ်ရှရီဖ်၏ သား (အသက် ၁၈ နှစ်) -- တို့ဖြစ်သည်။

၎င်းတို့ (၃) ဦးထံမှ ငွေကျပ် (၁၈) သိန်းကို သြဂုတ်လ (၁၂) ရက်နေ့ ည (၈) နာရီခန့် အချိန်တွင် ကင်းလှည့်နေသည့် စစ်ကြောင်းမှ သိမ်းယူခဲ့ပြီး၊ သြဂုတ် (၁၃) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ငွေကျပ် တစ်သိန်း ငါးသောင်း ထပ်မံ ယူ၍ ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စစ်ကြောင်းသည် အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာမှူး ရွာတွင် အခြေစိုက်သည့် စစ်တပ်မှ မဟုတ်ဘဲ၊ ကမ်းခြေတွင် ကင်းလှည့်လေ့ ရှိသည့် စစ်ကြောင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။



RB News
12.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ် ကျေးရွာ အုပ်စုသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGP)၊ မ.က.ဖ နှင့် စစ်တပ်များ ၀င်ရောက်ပြီး ၎င်းတို့၏ လူဦးရေ စစ်ဆေးမှုတွင် ပါဝင်ရန် သေနတ် ၁၈ ချက်ဖောက်၍ ဒေသခံများကို ခြိမ်းခြောက်ပြီး အထိတ်တလန့် ဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့နှင့် မ.က.ဖ အဖွဲ့တို့သည် သြဂုတ်လ (၉) ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ ခမောင်းဆိပ် ကျေးရွာအုပ်စု၊ ခမောင်းဆိပ်ရွာသို့ ရောက်ရှိလာပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၊ ကျေးရွာ တာဝန်ခံ ဦးစိုးနိုင်၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ပူးပေါင်း၍ လူဦးရေ စစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။ လူဦးရေ စစ်ဆေးခြင်းဟု ခေါင်းစဉ် တပ်ထားသော်လည်း တရားမ၀င် ခိုးဝင် လာသည့် ဘင်္ဂလီများဟု မှတ်တမ်းတင်လျက် ရှိသောကြောင့် ဒေသခံ ရိုဟင်ဂျာ အများစုက စစ်ဆေးခံရန် ငြင်းဆန်ခဲ့ရာ ည ၈ နာရီ အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၏ မျက်နှာချင်းဆိုင်ရှိ လက်သမား ဦးရှောမ်ရှု၏ နေအိမ် တံခါးကို သေနတ်ဖြင့် ရိုက်ချိုး၍ အိမ်ထဲသို့ ၀င်ရောက်ပြီး ဦးရှောမ်ရှုကို ရှာဖွေခဲ့သည်။

ထို့နောက် လက်နက်ကိုင် အာဏာပိုင်များသည် အဆိုပါ နေအိမ်မှ ထွက်လာပြီး၊ သေနတ် (၁၈) ချက် ပစ်ဖောက်၍ ဒေသခံများကို ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုကဲ့သို့ သေနတ် ပစ်ဖောက်၍ ခြိမ်းခြောက်ပြီး စစ်ဆေးခံရန် ပြုလုပ်မှုကြောင့် ဒေသခံ ရွာသား အချို့ ရွာမှ တိမ်းရှောင် သွားခဲ့ကြောင်း ရွာသားများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

ဘူးသီးတောင်မြို့နယ်တွင် လူဦးရေ စစ်ဆေးခြင်း ဟု၍ လူမျိုး အမည် မပါဘဲ စစ်ဆေးခဲ့သော်လည်း မောင်တောမြို့နယ်တွင် တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများဟု စာရင်းပြုစု၍ ကောက်ခံလျက် ရှိသည့် အတွက် ဒေသခံ ရိုဟင်ဂျာများမှာ ပါဝင် စစ်ဆေးခံခြင်း မရှိသောကြောင့် လက်နက် အာဏာပိုင်များ၏ ခြိမ်းခြောက်မှု ပေါင်းစုံကို ရင်ဆိုင် နေရသည်။




Rohingya Eye
RB News
12.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ ပူးပေါင်း၍ လူဦးရေ စစ်ဆေးရန် လာရောက်စဉ် မ.က.ဖ တာဝန်ခံ တစ်ဦးက ယခု လူဦးရေ စစ်ဆေးမှုများ ပြီးဆုံးပါက ဘင်္ဂလီဖြင့် ပြုနိုင်ငံသား ပေးရန် အစီအစဉ် ရှိသည်ဟု ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၀) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ အဖွဲ့တို့သည် မောင်တောမြို့နယ် မြို့မ ကညင်တန်း ကျေးရွာသို့ ရောက်ရှိလာပြီး၊ ၎င်းတို့ စစ်ဆေးနေသည့် လူဦးရေ စာရင်း စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံရန် အမိန့်စာ ထုတ်ပြန်ထားသည့် ဒေသခံ ရိုဟင်ဂျာ (၂၀) ဦးနှင့် တွေ့ဆုံ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒေသခံ အချို့က ယခု လူဦးရေ စစ်ဆေးခြင်းနှင့် ပတ်သက်၍ စစ်ဆေးရသည့် အကြောင်းရင်း များကို မေးမြန်းရာ၊ မ.က.ဖ တာဝန်ခံ တစ်ဦးက ယခု စစ်ဆေးနေခြင်းသည် ဘင်္ဂလီများကို စစ်ဆေးနေခြင်း ဖြစ်ကြောင်း၊ ယခု စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံသူ များသည် နောက် (၃) လ ကြာလျှင် နိုင်ငံသား စီစစ်ရေး စစ်ဆေးမှုတွင် ပါဝင် စစ်ဆေး ခံရမည် ဖြစ်ကြောင်း၊ ထိုသို့ စစ်ဆေးခံပြီးပါက ဘင်္ဂလီဖြင့် ပြုနိုင်ငံသား ရရှိမည် ဖြစ်ကြောင်း၊ မိမိတို့၏ သဘောဖြင့် စစ်ဆေးခံ နေသူများ ရှိကြောင်း၊ မည်သူ့ကိုမှ အတင်း စစ်ဆေးနေခြင်း မရှိကြောင်း ပြန်လည် ဖြေဆိုခဲ့ကြောင်း သိရှိရပါသည်။

မေးမြန်းသူများက မိမိတို့သည် မျိုးရိုး စဉ်ဆက် ရိုဟင်ဂျာ လူမျိုးများ ဖြစ်၍ ပါဝင် စစ်ဆေးခံမည် မဟုတ်ကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတော်၏ အမိန့်ကို လိုက်နာချင် သော်လည်း၊ မိမိတို့ မဟုတ်သည့် လူမျိုးအမည်ကို ထည့်သွင်း၍ စစ်ဆေးခံမည် မဟုတ်ကြောင်း ပြောဆိုရာ၊ မ.က.ဖ တာဝန်ခံက တစ်ပတ်ခန့် ပြန်လည် စဉ်းစားပြီး စစ်ဆေးခံရန် အသင့်ရှိပါက အကြောင်းကြားရန် မှာကြားပြီး ပြန်လည် ထွက်ခွာသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင် နိုင်ငံသား မဟုတ်သူများသာ နိုင်ငံသား လျှောက်ထား ရသည့် ခေတ်တွင်လည်း ရိုဟင်ဂျာများမှာ နိုင်ငံသား လျှောက်ထားရန် မလိုခဲ့ဘဲ၊ အမျိုးသား မှတ်ပုံတင်များ ထုတ်ပေးသည့် ကာလတွင် ရိုဟင်ဂျာများ အားလုံး အမျိုးသား မှတ်ပုံတင် ကိုင်ဆောင်ခွင့် ရရှိခဲ့သည်။ စစ်အစိုးရ လက်ထက်တွင် အမျိုးသား မှတ်ပုံတင်များကို အတင်း အဓမ္မ သိမ်းယူခဲ့ပြီး ယာယီကဒ်ပြားများ ထုတ်ပေး၍ နိုင်ငံမဲ့များ ပုံစံဖြင့် ဆက်ဆံ လာခဲ့ပြီးနောက် ယခုအခါ ရိုဟင်ဂျာများကို ဘင်္ဂလီများ အသွင်ဖြင့် ပြုနိုင်ငံသား လက်မှတ်များ ထုတ်ပေးရန် အစိုးရမှ မရိုးသားသည့် နည်းလမ်းများဖြင့် ကြိုးစားလျက် ရှိနေသည့် အတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့မှ စစ်ဆေးသည့် လူဦးရေ စာရင်း စစ်ဆေးမှုတွင် ပါဝင်ရန် ငြင်းဆို နေကြခြင်း ဖြစ်သည်။



Rohingya Eye
RB News
12.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ပူးပေါင်း၍ စစ်ဆေး နေသည့် လူဦးရေ စစ်ဆေးမှုတွင် ပါဝင်ရန် တိုက်တွန်းသည့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့မိမြို့ဖ တို့၏ တိုက်တွန်းမှု များကို ပြည်သူများက လက်မခံကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၀) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ နယ်မြေ (၅) ရုံးခန်းတွင် အစည်းအဝေး တစ်ရပ် ကျင်းပရာ ကျေးရွာ (၂၁) ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ (၂) ဦးစီ တက်ရောက်ခဲ့ပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ထိပ်ပိုင်း အရာရှိများ၊ စစ်တပ်မှ အရာရှိများနှင့် အတူ မောင်တောမြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းနှင့် ကြံ့ခိုင်ရေး ပါတီမှ ပါတီဝင်များ၊ ဘူးသီးတောင် မြို့နယ်မှ မြို့မိမြို့ဖ ဦးရော်ဖိတ် တို့လည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ပူးပေါင်း၍ ပြုလုပ်နေသည့် လူဦးရေ စစ်ဆေးခြင်းသည် ယခင် န.စ.က မှ ပြုလုပ်ခဲ့သည့် ဆွဲ၊ တင်၊ စစ်နှင့် အလား သဏ္ဍန်တူလျက် ရှိပြီး၊ စာရင်းသွင်း မှတ်တမ်းရာတွင်လည်း တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများဟု ရေးသွင်းလျက် ရှိသည့် အတွက် ရိုဟင်ဂျာ လူမျိုးများဖြစ်သည့် ဒေသခံများက ပါဝင် စစ်ဆေးခံရန် ငြင်းဆိုလျက် ရှိနေကြသည်။

သြဂုတ်လ (၁၀) ရက်နေ့က ကျင်းပသည့် အစည်းအဝေးတွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ယခု စစ်ဆေးနေသည့် လူဦးရေ စစ်ဆေးခြင်းတွင် စစ်ဆေးခံနိုင်ကြောင်း၊ မိမိတို့အား အစိုးရမှ စေခိုင်း၍ လာရောက် ပြောဆိုနေခြင်း ဖြစ်ကြောင်း၊ ယခု အခွင့်အရေးကို လက်လွှတ် မခံသင့်ကြောင်း၊ ယခု စစ်ဆေးမှုတွင် ပါဝင်ပါက ပြဿနာ မရှိနိုင်ကြောင်း၊ စစ်ဆေးနေသည်မှာ လူမျိုးနှင့် မသက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။

ဘူးသီးတောင်မြို့နယ်မှ မြို့မိမြို့ဖ တစ်ဦး ဖြစ်သည့် ဦးရော်ဖိတ် ကလည်း မိမိတို့လည်း အစစ်ဆေးခံခဲ့ကြောင်း၊ အားလုံး ပါဝင် စစ်ဆေးခံ နိုင်ကြောင်း၊ သို့သော်လည်း မိမိတို့၏ သဘော အတိုင်း လုပ်ဆောင် နိုင်ကြောင်း ပြောကြားခဲ့သည်။

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းနှင့် ဘူးသီးတောင်မြို့နယ်မှ မြို့မိမြို့ဖ ဦးရော်ဖိတ် တို့က ယခုကဲ့သို့ တိုက်တွန်းသည့် အတွက်ဟု ဆိုကာ ဒေသခံ များက မကျေမနပ် ဖြစ်လျက် ရှိပြီး၊ ဒေသခံ ရိုဟင်ဂျာများအား ဘင်္ဂလီများ စာရင်းတွင် ထည့်သွင်းခြင်း မပြုဟု အာမခံ ပေးနိုင်ခြင်း မရှိဘဲ ယခုကဲ့သို့ တိုက်တွန်းခြင်းကို လုံးဝ လက်ခံမှာ မဟုတ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

သြဂုတ်လ (၁၁) ရက်နေ့တွင် အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က ဒေသခံ ရွာသားများကို အိမ်ထောင်စု စာရင်း မိတ္တူ၊ မွေးတိုး စာရင်း၊ သေဆုံးသူများ စာရင်းနှင့် နိုင်ငံခြားသို့ ထွက်သွားသူများ စာရင်းများ လာရောက် ပေးအပ်ရန် အုပ်ချုပ်ရေးမှူး ရုံးတွင် ကြေညာ၍ မရိုးသားသည့် နည်းလမ်းဖြင့် လူဦးရေ စာရင်း ကောက်ခံရန် ကြိုးစားခဲ့သည့် အလယ်သံကျော် ရွာသားများ၏ ပြောကြားချက် များအရ သိရှိရပါသည်။




MYARF
RB News
12.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းမှ မောင်တောမြို့သို့ သွားနေသည့် ခရီးသွား (၁၀) ဦးကို သြဂုတ်လ (၁၀) ရက်နေ့က စစ်သားများက လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၀) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာမှ ရိုဟင်ဂျာ အမျိုးသား (၄) ဦး၊ အမျိုးသမီး တစ်ဦး၊ မြင်းလွတ်ကျေးရွာမှ စိုက်ပျိုးရေး လုပ်ကိုင်သည့် ရိုဟင်ဂျာ အမျိုးသား (၁၀) ဦးတို့သည် ရခိုင် အမျိုးသား တစ်ဦး မောင်းနှင်သည့် မိုက်ခရိုကားဖြင့် မောင်တောမြို့သို့ သွားနေစဉ် ယာဉ်မောင်း ဖြစ်သူက လမ်းမကောင်းသဖြင့် အသစ် ဖောက်လုပ်နေသည့် ကွန်ဂရစ်လမ်း (ရခိုင်များ အခေါ် တိုင်းရင်းသားလမ်း) မှ သွားနေစဉ် မောင်တောမြို့ (၃) မိုင်ရှိ ဝေသာလီ န.တ.လ ကျေးရွာသို့ အရောက်တွင် ရခိုင် လူမျိုး နှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး၊ ကားကို ရပ်ခိုင်း၍ ယာဉ်မောင်း ဖြစ်သူကို “ဒီလမ်းကနေ ကုလားတွေ အသွားအလာ မလုပ်ရတာ မင်းမသိဘူးလား” ဟု ဆဲဆိုကြိမ်းမောင်းပြီး ကားကို ထိုနေရာတွင်ပင် ရပ်ခိုင်းထားကာ၊ မေယု ဂေါက်ကွင်းရှိ စစ်စခန်းမှ စစ်သား (၅) ကို ခေါ်ဆောင် လာခဲ့သည်။

ထို့နောက် စစ်သားများက အဆိုပါကားကို စစ်စခန်းကို ခေါ်ဆောင်သွားပြီး၊ စစ်စခန်းသို့ ရောက်သည့် အခါ တပ်ရင်းမှူးက ကားပေါ်တွင် ပါလာသည့် ခရီးသွားများ အားလုံးကို အထောက်အထားများ စစ်ဆေးပြီး၊ တစ်ဦးချင်းစီ ဓါတ်ပုံ ရိုက်၍ မှတ်တမ်းတင် ခဲ့ကြောင်း သိရှိရပါသည်။ တပ်ရင်းမှူးက ခရီးသွားများ ထံမှ အထောက်အထား အပြည့်အစုံ ရရှိသော်လည်း စစ်သားများက ခရီးသွားများထဲမှ စိုက်ပျိုးရေး လုပ်ကိုင်သည့် ကောက်စိုက်သမား ၁၀ ဦးကို စခန်းတွင်းတွင် လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ စစ်သားများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် (၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

စစ်သားများက စိတ်တိုင်းကျ လူမဆန်စွာ ရိုက်နှက်ပြီးနောက် (၃) မိုင်စခန်းမှ လ.၀.က များကို ခေါ်ပြီး အပ်နှံခဲ့ပြီး၊ လ.၀.က များက စစ်ဆေးပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။



ကိုသားညွန့်ဦး
12.8.2014

အာဆီယံ ဒေသတွင်း အစည်း အဝေးတွေ တက်ရောက်ဖို့ မြန်မာနိုင်ငံ ရောက်လာ ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ နေထိုင်စဉ် အမေရိကန် အစိုးရက ပစ်မှတ်ထား ဒဏ်ခတ် အရေးယူ ထားသူ တစ်ဦး ပိုင်ဆိုင်တဲ့ ဟိုတယ်မှာ တည်းခို ခဲ့တာကြောင့် ရန်ကုန်မှာတော့ လူပြောများတဲ့ သတင်း တပုဒ် ဖြစ်လာ ပါတယ်။ ဒါပေမယ့်လည်း ခရီးစဉ် အတွင်း နိုင်ငံခြားရေး ၀န်ကြီး တည်းခိုဖို့ စီစဉ် ဆောင်ရွက် ပေးသူဟာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ကတော့ တုံ့ပြန် ခဲ့ပါတယ်။ ဒီအကြောင်း စုံစမ်း မေးမြန်း ထားတဲ့ ကိုသားညွန့်ဦးက တင်ပြ ပေးထား ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ အစည်းအဝေး တက်ရောက်စဉ် အတွင်း Lake Garden ဟိုတယ်မှာ တည်းခို ခဲ့သလို နိုင်ငံခြားရေး ၀န်ကြီးများ အစည်း အဝေး ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ ကိုလည်း အဲဒီ ဟိုတယ်မှာပဲ ပြုလုပ် ခဲ့တာပါ။ ဒီ ဟိုတယ်ကို ဦးဇော်ဇော်ပိုင်တဲ့ Max Myanmar ကုမ္ပဏီက ပိုင်ဆိုင်တာ ဖြစ်တယ် ဆိုတာကို Max Myanmar တာဝန်ရှိသူ တွေကို ကိုးကားပြီး ရန်ကုန် အခြေစိုက် Myanmar Times သတင်းမှာ ရေးသား ဖော်ပြလိုက် တာကြောင့် ရန်ကုန်မှာ လူပြောများတဲ့ သတင်း တပုဒ် ဖြစ်နေတယ်လို့ မြန်မာ့ အရေး လေ့လာသူ ဒေါက်တာ ဖုန်းဝင်းက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ ၂၀၀၈ ခုနှစ် JADE လို့ လူသိကြတဲ့ မြန်မာနိုင်ငံ အပေါ် ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှု ဥပဒေ အရ ပြစ်ဒဏ်ခတ် ခံစာရင်း ထဲမှာ ဦးဇော်ဇော်ကိုရော သူ့ရဲ့ Max Myanmar ကုမ္ပဏီကိုပါ ၂၀၀၉ခုနှစ်မှာ စတင် ထည့်သွင်း ထားတာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ အဲဒီ စာရင်းကို ထပ်မံ ဖြည့်စွက်တော့လည်း ဦးဇော်ဇော်ရဲ့နာမည်က ပါနေတုန်းပါ။

“Foreign Ministers meeting ပေါ့။ အဲဒါနဲ့တွဲလုပ်တဲ့ ARF ပေါ့လေ၊ Asean Region Forum ပေါ့၊ လာတဲ့ အချိန်မှာ သူတို့က တည်းတဲ့ ဟော်တယ်လ်က အမေရိကန် အစိုးရက Sanction လုပ်ထားတဲ့ သူရဲ့ ဟော်တယ်လ် ဖြစ်နေတယ်လေ။ အဲဒီဟာက ဟိုးလေးတကြော် ဖြစ်သွားတာပေါ့။ ပထမတော့ လူတွေက မယုံဘူးပေါ့၊ နောက်တော့မှ မီဒီယာတွေ ကလည်း သေသေချာချာ ထည့်ရေး လိုက်တဲ့ အချိန်ကျတော့မှပဲ လူတွေက တအံ့တသြ ဖြစ်ရတာပေါ့လေ။”

ဦးဇော်ဇော် အပါအ၀င် အရင် စစ်အစိုးရနဲ့ နီးစပ် ပတ်သက်မှု ရှိတဲ့ ခရိုနီ စီးပွားရေး သမားတွေကို အမေရိကန် ပြည်ထောင်စုရဲ့ ပစ်မှတ်ထား အရေးယူမှု စာရင်းထဲမှာ ထည့်ထားပြီး ဒီလူတွေနဲ့ စီးပွားရေး ပတ်သက်တာ ငွေကြေး အလွှဲအပြောင်း လုပ်တာတွေ အပေါ် အမေရိကန် ပြည်ထောင်စုက တားမြစ် ထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနကို စုံစမ်း မေးမြန်းရာ မှာတော့ ဒီခရီးစဉ် အတွင်း နိုင်ငံခြားရေး ၀န်ကြီး တည်းခို နေရာ ချထားဖို့ ကိစ္စကို မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာန ဖက်က စီစဉ် ဆောင်ရွက်တာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဌာန အရာရှိ တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် IEEPA ခေါ်တဲ့ International Emergency Economic Power Act အရဆိုရင် ထူးခြားတဲ့ အခြေအနေ တရပ်အောက်မှာ အမေရိကန် တာဝန်ရှိသူတွေ အထူးသဖြင့် ခရီးသွားလာ ရတဲ့ အခါမှာ ဒီတားမြစ် ကန့်သတ်ချက် အပေါ် ယာယီ ဖြေလျှော့ခွင့် ပေးတဲ့ အချက် ရှိတယ်လို့လည်း နိုင်ငံခြားရေး ဌာန အရာရှိက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ဒါပေမယ့်လို့ နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံ မရောက်ခင်မှာ သူတည်းခိုမယ့် ဟိုတယ်ဟာ ဦးဇော်ဇော်ပိုင် ဟိုတယ်ဆိုတာ ကြိုသိထား သလား၊ ဒါမှမဟုတ် အဲဒီ အတွက် ယာယီ ဖြေလျှော့ခွင့်ယူ ထားလား ဆိုတာတွေ ကိုတော့ အသေအချာ ရှင်းရှင်း လင်းလင်း မသိရ သေးပါဘူး။



"ပီသပါစ"

ရေးသားသူ - ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
11.8.2014

ပီသပါစ
ရိုဟင်ဂျာကွယ်
ဒီလူမျိုးဟာ
စံထိုက်သူတွေ
ဘိုးစဉ်ဆက်မွေ
အာရ်ကာန်မြေ။

ပီသပါစ
ရိုဟင်ဂျာနွယ်
ပညာရှင်တွေ
ရုန်းကြပါလေ
လွတ်မြောက်ဖို့ပေ
ရိုဟင်ဂျာမွေ။

ယနေ့ချိန်ခါ
မျိုးရိုဟင်ဂျာ
စဉ်လာကြီးဘိ
မျိုးဇာတိကို
အထိမခံ
ထိန်းသိမ်းဖို့ဝန်
ရိုဟင်ဂျာတွေ
စည်းလုံးပါ့မယ်။



ဒေါ်ခင်စိုးဝင်း
ဗွီအိုအေမြန်မာပိုင်း
10.8.2014

မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ ပြုပြင် ပြောင်းလဲရေးကို ဖော်ဆောင်နေပြီး အချိန်ယူ ဖြေရှင်းရမယ့် စိန်ခေါ် အကဲစမ်းမှု တွေနဲ့ ရင်ဆိုင် နေရတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry ကပြောလိုက် ပါတယ်။ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးမှာ အမေရိကန် ပြည်ထောင်စုက တောင်းဆို နေတာတွေကို မြန်မာ အစိုးရက လိုက်လုပ် ပေးဖို့ မဟုတ်ဘဲ မြန်မာ ပြည်သူတွေ အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ အလား အလာ တွေကို ဖြည့်ဆည်း ပေးဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီကနေ့ သြဂုတ်လ (၁၀) ရက်နေ့မှာ ကျင်းပတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို လိုက်တာပါ။ နေပြည်တော်ရောက် ဒေါ်ခင်စိုးဝင်းက သတင်းပေး ပို့ထားပါတယ်။

သမ္မတ အိုဘားမား အစိုးရဟာ မြန်မာ အစိုးရနဲ့ ဆက်ဆံတဲ့ နေရာမှာ သဘောထား ပျော့ပျောင်း လွန်းတယ်လို့ ပြောကြ ပြီးတော့ အမေရိကန် လွှတ်တော် အမတ်တွေ ပါးလိုက်တဲ့ အမှာ စကားကို ထိထိ ရောက်ရောက် လက်ဆင့်ကမ်း နိုင်ပါမလား ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက အခုလို တုံ့ပြန် လိုက်ပါတယ်။

“မြန်မာ ခေါင်းဆောင်တွေ အပေါ် မျက်စိမှိတ် ယုံစားပြီး ဆက်ဆံ နေတာ မဟုတ်ပါဘူး။ မသိ နားမလည် လို့လည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုတွေ အများကြီးကို စာရင်းလုပ်ပြီး ယူလာ ခဲ့တာပါ။ ဒီစိန်ခေါ်ချက်တွေ တစ်ခုချင်းစီကို အိမ်ရှင် ခေါင်းဆောင်တွေနဲ့ အသေးစိတ် ဆွေးနွေး ခဲ့ပါတယ်။ ပွင့်ပွင့် လင်းလင်း တိုက်ရိုက် ပြောဆို နိုင်ခဲ့ပါတယ်။ ပြည်တွင်းစစ် အဆုံးသတ်ရေး၊ တိုင်းရင်းသား လူနည်းစုတွေ အရေး၊ ရခိုင်ပြည်နယ် အရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ လူထု အတွက် ဒီမိုကရေစီနဲ့ အညီ ဥပဒေတွေ ပြင်ဆင်ရေး စတာတွေကို ထောက်ပြ ပြောဆို နိုင်ခဲ့ပါတယ်။”

မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ လက္ခဏာကြောင့် အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးကို ပြန်လည် သုံးသပ်ဖို့ တိုက်တွန်းချက်တွေ အပေါ် သမ္မတ အိုဘားမား အစိုးရရဲ့ရပ်တည်ချက်ကို ဝန်ကြီး ကယ်ရီက အခုလို ရှင်းပြပါတယ်။

“ဒီလိုလုပ်မှ ရမယ်။ ဒီလိုလုပ်မှ ဖြစ်မယ်လို့ အမိန့်ပေးနေလို့ လိုချင်တဲ့ အဖြေ မဟုတ်ပါဘူး။ သူတို့ရဲ့ သမိုင်း ယဉ်ကျေးမှု ကိုးကွယ်ရာ ဘာသာ ယုံကြည်မှုတွေ ရှိတဲ့ အများ ပြည်သူနေတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ သူတို့မှာ အားကျ အတုယူစရာတွေ၊ အတွေးအခေါ်တွေ အသီးသီး ရှိကြပါတယ်။ ဒီလို အံ့သြစရာ ကောင်းတဲ့ ခရီး ရောက်အောင် အတော်လေး လျှောက်လှမ်း ခဲ့ကြရတာပါ။ ကျနော်တို့ ရောက်စေချင်တဲ့ အထိ လျှောက်ဖို့တော့ လိုပါသေးတယ်။ အမေရိကန် အစိုးရက အမျှော်အမြင် ကြီးကြီးနဲ့ မြန်မာ အစိုးရကို ဆက်ဆံ နေတာပါ။ ပိတ်ဆို့မှုတွေ အားလုံး မဟုတ်ပေမယ့် တချို့ကို ရုပ်သိမ်းပေးပြီး ဖြစ်ပါတယ်။ အခြေခံ အားဖြင့်တော့ အစိုးရသစ် တစ်ရပ် အနေနဲ့ အားလုံးကို အဆင်ပြေ ချောမွေ့စွာ ကိုင်တွယ် နိုင်သေး တာတော့ မဟုတ်ပါဘူး။ ဒါတွေကို ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့တဲ့ အခါမှာလည်း ပြောပြဦးမှာပါ။ ကျနော်ကတော့ ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည် နောက်က ထောက်ခံ ပေးမှာပါ။”

မြန်မာပြည် အတွင်း လတ်တလော ရင်ဆိုင်နေရတဲ့ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေ၊ တိုင်းရင်း ဒေသတွေမှာ ငြိမ်းချမ်းရေး မရသေးတာတွေနဲ့ ရခိုင်ပြည်နယ် အရေး စတာတွေကို အသေးစိတ် ဆွေးနွေးခဲ့ပြီး မြန်မာ ခေါင်းဆောင်တွေ ဘက်ကလည်း အဲဒီပြဿနာတွေ ရှိနေတဲ့ အကြောင်း အသိအမှတ် ပြုတာမို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဒီအခက် အခဲတွေကို ဖြေရှင်းရာမှာ ဝိုင်းဝန်း ကူညီ အားပေးသွားမယ့် အကြောင်းလည်း ပြောပါတယ်။

“မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ ပြုပြင် ပြောင်းလဲရေးကို ဖော်ဆောင် နေပါတယ်။ အချိန်ယူပြီး ဖြေရှင်းရမယ့် စိန်ခေါ်မှု တွေနဲ့လည်း ရင်ဆိုင်နေ ရပါတယ်။ မြန်မာပြည်သူ တွေထဲမှာလည်း ဒီအပြောင်း အလဲကို မလိုချင်တဲ့ သူတွေ ရှိနိုင်သလို တချို့ကလည်း အပြောင်း အလဲကို တစိုက်မတ်မတ် လိုချင်တဲ့ ဆန္ဒနဲ့ ကြိုးစားနေတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကျင်းပပေးရမှာပါ။ အခု အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးမှာ အမေရိကန်က တောင်းဆို နေတာတွေကို မြန်မာနိုင်ငံက နေ့စဉ် လိုက်လုပ်ပေးဖို့ မဟုတ်ပါဘူး။ ပြည်သူတွေ အတွက် ဖြစ်နိုင်ခြေရှိတဲ့ အလား အလာကို နိုင်ငံအနေနဲ့ ဖြည့်ဆည်း ပေးဖို့ပဲ ဖြစ်ပါတယ်။”

ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို အမေရိကန် လွှတ်တော် အမတ်တွေနဲ့ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေး နိုင်ပါရန် အမေရိကန် ပြည်ထောင်စုကို လာရောက်ဖို့လည်း ၀န်ကြီး Kerry က ဖိတ်ကြား ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော် ကနေ ရန်ကုန်မြို့ကို ထွက်ခွာ ပြီးတော့ ရန်ကုန်မြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။



Rohingya Eye
RB News
8.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သ၀န်းချောင်း (ဘားစော်ရား) ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လုပ်ကြံ ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ် (၅) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် လမ်းတွင် သွားလာနေသည့် မောင်တောမြို့နယ် တောင်ပိုင်း သ၀န်းချောင်း ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို အင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည့် အချိန်တွင် သွားလာနေသည်ဟု မဟုတ်မမှန် လုပ်ကြံ၍ ဖမ်းဆီးခဲ့သည်။ ထို့နောက် သြဂုတ်လ (၆) ရက်နေ့တွင် ၎င်းတို့ (၃) ဦးထံမှ ငွေညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်သည် ည ၁၁ နာရီမှ နံနက် ၄ နာရီ အထိ ဖြစ်သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၀င်များက တမင် လုပ်ကြံ၍ ဖမ်းဆီးပြီး ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

လုပ်ကြံ ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူ (၃) ဦးမှာ --

(၁) ဦးခါယာ့စ် (ဘ) ဦးဖော်ဇော်ဟောက်ခ် (အသက် ၂၅ နှစ်) - သ၀န်းချောင်း ရွာသား ဖြစ်ပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ငွေကျပ် ၂ သိန်း ၅ သောင်း ညှစ်ယူခြင်းကို ခံခဲ့ရသည်။

(၂) ဦးဒိလ်မိုဟာမတ် (ဘ) ဦးနော်ဘီဟူစိန်း (အသက် ၅၀ နှစ်) - ရသေ့တောင် မြို့နယ်၊ ကိုးတန်ကောက် ရွာသား ဖြစ်ပြီး၊ သ၀န်းချောင်း ရွာတွင် လယ်ထွန်ရန် ရောက်ရှိနေသူ ဖြစ်သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ငွေကျပ် ၂ သိန်း ညှစ်ယူခြင်းကို ခံခဲ့ရသည်။

(၃) ဆော်လိမ်မုလ္လာ (ဘ) ဦးဟာရှီးမ် (အသက် ၁၈ နှစ်) - သ၀န်းချောင်း ရွာသားဖြစ်ပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ငွေကျပ် ၃ သိန်း ညှစ်ယူခြင်းကို ခံခဲ့ရသည်။



Rohingya Eye
RB News
8.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အစွန်းရှိ သ၀န်းချောင်း (ဘားစော်ရား) ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၁၅) ဦးကို လူဦးရေ စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံရန် အမိန့်စာထုတ်ပြန် ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ် (၆) ရက်နေ့တွင် မောင်တောမြို့နယ် အင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးက သ၀န်းချောင်း (ဘာစော်ရား) ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၁၅) ဦးကို သြဂုတ်လ (၁၀) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် အင်းဒင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်၍ အစစ်ဆေးခံရန်၊ အကယ်၍ အစစ်ဆေး မခံပါက ထိရောက်စွာ အရေးယူမည်ဟု အမိန့်စာ တစ်စောင် ထုတ်ပြန် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုကဲ့သို့ ခြိမ်းခြောက်၍ အမိန့်စာ ထုတ်ပြန်ခဲ့ခြင်းကြောင့် ဒေသခံ ရပ်မိရပ်ဖ များက စိုးရိမ် ပူပန်လျက် ရှိပြီး၊ ဒေသခံများက ၎င်းတို့ အပေါ် ခြိမ်းခြောက် နေခြင်းကို မလိုလားကြောင်း၊ ပွင့်လင်းမြင်သာမှု မရှိဘဲ သံသယ တိုးပွားနေသည့် စစ်ဆေးမှုကို နှစ်သက်မှု မရှိကြောင်း ပြောဆိုနေကြသည်။

အင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူး၏ အမိန့်စာဖြင့် ခြိမ်းခြောက်ခံရသူ များမှာ --

(၁) ဦးမော့န်တာစ်အုလ္လာ (ဘ) ဦးအဒူဆလာမ် (အသက် ၃၃ နှစ်)
(၂) ဦးအာမာန် (ဘ) ဦးအာမာဒူ (အသက် ၄၇ နှစ်)
(၃) ဦးရော်ရှိတ်အုလ္လာ (ဘ) ဦးရှော်ဖီအုလ္လာ (အသက် ၄၀ နှစ်)
(၄) ဦးအေဇာရူလ်ဟောက် (ဘ) ဦးဆွေယာဒူရာမန် (အသက် ၄၅ နှစ်)
(၅) ဦးဆော်လိမ် (ဘ) ဦးအာလီ (အသက် ၃၅ နှစ်)
(၆) ဦးဇီယာဘူရာမန် (ဘ) ဦးဘော်ရှော်ရ် (အသက် ၃၅ နှစ်)
(၇) ဦးအာရှော်ဖ်ဇော်မာ (ဘ) ဦးအေရ်ရှာဒူလ္လာ (အသက် ၄၅ နှစ်)
(၈) ဦးအာမန်အူလ္လာ (ဘ) ဦးတာဇာမူလုခ် (အသက် ၃၅ နှစ်)
(၉) ဦးကာဇီး (ဘ) ဦးလာလ်မျာ (အသက် ၆၀ နှစ်)
(၁၀) ဦးအဒူဟောက်ခ် (ဘ) ဟာဂျီနော်ဇူမျာ (အသက် ၆၀ နှစ်) -- တို့အပါအ၀င် အခြား (၅) ဦး ဖြစ်ပါသည်။




RB News
5.8.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်တွင် မတ်လနှင့် ဧပြီလများတွင် ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းကို အစိုးရက မကောက်ခံ နိုင်ခဲ့သော်လည်း ယခုအခါ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ပူးပေါင်း၍ ရှောင်တခင် လူဦးရေ စစ်ဆေးခြင်း ခေါင်းစဉ် တပ်၍ လူဦးရေ စစ်ဆေးလျက် ရှိရာ ဒေသခံ ရိုဟင်ဂျာ အများစုက စိုးရိမ်လျက် ရှိကြသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရာတွင် ရိုဟင်ဂျာ လူမျိုး အမည်ကို ထည့်သွင်းခွင့် ပေးမည်ဟု ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက အကြိမ်ကြိမ် ကတိပေးခဲ့သော်လည်း စတင် ကောက်ခံသည့် နေ့တွင် ရိုဟင်ဂျာ လူမျိုးကို ထည့်သွင်းခွင့် ပေးမည် မဟုတ်ဟု ကြေညာခဲ့ပြီး၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူမျိုးများကို သန်းခေါင်စာရင်း မကောက်ခံဘဲ ချန်လှပ်ခဲ့သည်။ ယခုအခါ မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် မ.က.ဖ အဖွဲ့တို့ ပူးပေါင်း၍ ရှောင်တခင် လူဦးရေ စစ်ဆေးခြင်းဟု ဆိုကာ ခေါင်းစဉ်တပ်၍ လူဦးရေ စစ်ဆေးလျက် ရှိသော်လည်း မောင်တောမြို့နယ်တွင် တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ စာရင်းဟု မှတ်တမ်းတင်လျက် ရှိပြီး၊ ဘူးသီးတောင်မြို့နယ်တွင် လူမျိုးအမည်ကို ချန်လှပ်ကာ စာရင်း ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများဟု မှတ်တမ်းတင်ခြင်းကြောင့် ဒေသခံ ရိုဟင်ဂျာများ အစစ်ဆေးခံခြင်း မရှိသဖြင့် ဖမ်းဆီး ထောင်ချမည်၊ ညှဉ်းပန်း နှိပ်စက်မည်ဟု ခြိမ်းခြောက်၍ စစ်ဆေးလျက် ရှိသည်။ အချို့သော အပြစ်မဲ့ ဒေသခံများကို အစစ်ဆေး မခံဟု ဆိုကာ ဖမ်းဆီးထားခြင်းလည်း ရှိကြောင်း သိရှိရသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ယခု ကောက်ခံ နေသည့် လူဦးရေ စာရင်းကို သန်းခေါင် စာရင်းတွင် ထည့်သွင်း အသုံးပြုမည် မဟုတ်ဟု ကတိပေး ထားပြီး၊ သန်းခေါင် စာရင်း အဖွဲ့က ကောက်ခံခြင်း မဟုတ်သဖြင့် သန်းခေါင် စာရင်း ကောက်ခံခြင်း မဟုတ်ကြောင်း၊ ယခင် န.စ.က က လူဦးရေ စာရင်း ကောက်ခံသည့် အတိုင်း ကောက်ခံခြင်း ဖြစ်သည်ဟု အကြိမ်ကြိမ် ပြောဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

လူဦးရေ စာရင်း ကောက်ခံနေသည့် အဖွဲ့က အိမ်ထောင်စု စာရင်းကို ကြည့်၍ လူဦးရေ စာရင်းကို ရေးမှတ်ပြီး မွေးတိုးနှင့် သေဆုံးများကို စီစစ်၍ မှတ်တမ်းတင် ပေးမည်ဟု ရပ်မိရပ်ဖ များနှင့် တွေ့ဆုံ၍ ပြောဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။

သို့သော်လည်း အမှန်တကယ် ကွင်းဆင်း၍ စစ်ဆေးရာတွင် ပြောဆိုထားသည်နှင့် ကွာဟမှုများ ရှိနေသည့် အပြင် မောင်တောမြို့တွင် တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ စာရင်းဟု ရေးသွင်း မှတ်တမ်းတင်ခြင်းကြောင့် ဒေသခံ အများစုက စိုးရိမ်လျက် ရှိပြီး၊ ဘူးသီးတောင်မြို့တွင် အသုံးပြုခဲ့သော ဖြည့်သွင်း ပုံစံများနှင့် ကွာဟမှုများကို အထက် အာဏာပိုင်များက ပြန်လည် စီစစ်ပေးရန် လိုအပ်သည်ဟု ဆိုသည်။



ဘီဘီစီမြန်မာပိုင်း
5.8.2014

ဂါဇာ အရေးနဲ့ ပတ်သက်ပြီး ဗြိတိန် အစိုးရ ထားရှိတဲ့ ဝါဒ သဘောထားဟာ ကျင့်ဝတ်ပိုင်း ဆိုင်ရာ ဘယ်လိုမှ လက်ခံနိုဖွယ် မရှိတဲ့ အတွက်လို့ ဆိုကာ ဗြိတိသျှ နိုင်ငံခြားရေး ဌာနရဲ့ အငယ်တန်း ဝန်ကြီး တစ်ဦး ဖြစ်တဲ့ Sayeeda Warsi ဟာ ရာထူးကနေ နှုတ်ထွက် သွားပါတယ်။

Baroness ဆိုတဲ့ အမျိုးသမီးတွေကို ပေးတဲ့ သူကောင်းဘွဲ့ ရရှိထားတဲ့ Baroness Warsi ဟာ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကို ပေးတဲ့ သူမရဲ့ စာထဲမှာ အခုလို ရာထူးက နှုတ်ထွက်ရတဲ့ အတွက် ဝမ်းနည်းပါကြောင်း၊ ဒါပေမယ့် ဂါဇာနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ မူဝါဒဟာ ဗြိတိန် နိုင်ငံရဲ့ ဂုဏ်သိက္ခာ အစဉ်အလာကို ထိခိုက် ပျက်စီး စေတယ်လို့ ယုံကြည်ပါကြောင်း ရေးသားထား ပါတယ်။

Baroness Warsi ဟာ ဗြိတိသျှ အစိုးရ ကက်ဘိနက် အဖွဲ့ဝင် ပထမဦးဆုံး မွတ်ဆလင် အမျိုးသမီး ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ကင်မရွန်း ဘက်ကလည်း Baroness Warsi နှုတ်ထွက်တဲ့ အပေါ် စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပြီး၊ ဗြိတိန် အစိုးရဟာလည်း ဂါဇာမှာ ဖြစ်ပျက် နေတာတွေနဲ့ ပတ်သက်ပြီး လက်မခံ နိုင်ကြောင်း အမြဲ ပြောဆို နေခဲ့တာ ဖြစ်သလို၊ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဘက် စလုံးက ခြွင်းချက်မရှိ အပစ်ရပ်ကြဖို့ ဆက်တိုက် တောင်းဆို နေခဲ့တာလည်း ဖြစ်ပါတယ်လို့ တုံ့ပြန်ခဲ့ ပါတယ်။

ရိုဟင်ဂျာ လူမျိုးများကို သန်းခေါင်စာရင်း ကောက်ခံ နေစဉ် (ဓါတ်ပုံ - အေပီ / ခင်မောင်ဝင်း)

5.8.2014

ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာ မြန်မာ နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားတဲ့ မွတ်စလင် တစ်ထောင်ကျော်ကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေနဲ့ အညီ လူတွေ့ စစ်ဆေး မေးမြန်းမှုကို မြို့နယ် အဆင့် အဖြစ် ဒီနေ့ စတင် စစ်ဆေး နေပါတယ်။

စစ်ဆေးပုံ အဆင့်ဆင့်နဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့ အထဲမှာ ပါဝင်တဲ့ ရခိုင် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက အခုလို ပြောပါတယ်။

"သူတို့ အဖေ၊ အမေ၊ အဖိုး၊ အဘွားတွေရဲ့ အချက်တွေ ချည်းပဲ ပြောပြီးတော့ တို့ဆီမှာ လျှောက်လွှာ တင်ထားတာ ပေါ့နော် အဲ့လျှောက်လွှာကို ရုံးချုပ်မှာ ရှိတဲ့ မှတ်တမ်း မှတ်ရာ တွေနဲ့ ရှာဖွေ ပြီးတော့မှ အဲ့သူတို့ရဲ့ အဖေ မှတ်တမ်း၊ အမေ မှတ်တမ်း တွေထည့်၊ ထည့်ပြီးတော့မှ အမှုတွဲ တည်ဆောက် ထားပြီးတော့မှ အဲ့တည်ဆောက် ထားပြီးသား အမှုတွဲ တွေကို မြို့နယ် နိုင်ငံသား စိစစ်ရေး အဖွဲ့ကနေ ပြီး ခေါ်ယူ တွေ့ဆုံပြီးမှ တစ်ဦးချင်း မှတ်တမ်းနဲ့ တိုက်ပြီး နည်းနည်း အပြင်မှာ ရှိတဲ့ အနေ အထား တွေကို မှတ်တမ်း မှတ်ရာမှတ် မှန်မမှန် ပေါ့နော် တစ်ဦးချင်းရဲ့ အဖေ၊ အမေ ရှိမရှိ ဒါတွေ စစ်ပေးတာ ပေါ့နော်"

မြန်မာ နိုင်ငံသား ဖြစ်ခွင့် လျှောက်လွှာ တွေကို ဇွန်လ ၁၅ ရက်နေ့မှာ စတင် လက်ခံ ခဲ့တာ ဖြစ်ပြီး ဒီနေ့က စပြီး နိုဝင်ဘာ လမှာ အပြီး စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကို မြန်မာ နိုင်ငံသား ဖြစ်ခွင့် စစ်ဆေးပြီး သွားရင် အသိအမှတ်ပြု ကတ်ပြား ထုတ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



ကိုအောင်လွင်ဦး
5.8.2014

မြန်မာနိုင်ငံမှာ ဒီသီတင်း ပတ်ကုန် ကျင်းပမယ့် အာဆီယံ လုံခြုံရေး ထိပ်သီး အစည်း အဝေးပွဲကို တက်ရောက်မယ့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry ဟာ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ တိုးမြှင့် လုပ်ဆောင်ဖို့ ဖိအားပေး ပြောဆိုမှာ ဖြစ်ပါတယ်။

အပြောင်း အလဲတွေ လုပ်ဆောင် နေတာ တွေကို အမေရိကန် ပြည်ထောင်စုက အားပေး သွားမှာ ဖြစ်ပေမဲ့ ပြင်ဆင်ဖို့ လိုအပ် နေတာ တွေကိုလည်း ပြောဆိုသွားမှာ ဖြစ်တဲ့ အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အဆင့်မြင့် အရာရှိတဦးက ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြ ထားပါတယ်။

မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဌ အဖြစ် တာဝန်ယူ ထားတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း (Asean) ရဲ့ ဒေသတွင်း လုံခြုံရေး ဆိုင်ရာ ထိပ်သီး အစည်း အဝေးပွဲ ARF ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry တက်ရောက်ရင်း မြန်မာနိုင်ငံက ပြုပြင်ဖို့ လိုအပ်နေဆဲ ကိစ္စတွေကို ဖိအားပေး ပြောဆိုမှာ ဖြစ်ပါတယ်။ မကြာသေးခင် နှစ်တွေ အတွင်း မြန်မာနိုင်ငံမှာ အပြောင်း အလဲတွေ လုပ်ဆောင် လာတဲ့ အပေါ် အမေရိကန် ပြည်ထောင်စုက အားပေးပေမဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတာ ကိုလည်း ထောက်ပြမှာ ဖြစ်တယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Daniel Russel က ပြောဆို ခဲ့တာပါ။

“အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူတာ အပါအ၀င် အခု အချိန် အထိ မြန်မာနိုင်ငံ ဆောင်ရွက် ခဲ့သမျှ တိုးတက်မှုတွေ အပေါ် ၀န်ကြီး Kerry အနေနဲ့ လေးစားတယ် ဆိုတာ ကျနော် သိပါတယ်။ ဒါပေမဲ့ လုပ်စရာတွေ တပုံကြီး ကျန်သေးတယ် ဆိုတာ ကိုလည်း သူ့အနေနဲ့ အပြည့်အ၀ သဘောပေါက် ပါတယ်။”

အထူးသဖြင့် ရှေ့နှစ် ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတာဟာ မြန်မာနိုင်ငံ အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်မယ် လို့လည်း လက်ထောက် ၀န်ကြီး Russel က ပြောပါတယ်။ မြန်မာ အစိုးရ အနေနဲ့ အပြောင်း အလဲ တွေမှာ ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ကြိုးစား နေတာ တွေ့ရပေမဲ့ မအောင်မြင် သေးတဲ့ လက္ခဏာတွေ ကိုလည်း တွေ့ရတယ်လို့ တနင်္လာနေ့က ၀ါရှင်တန် ဒီစီမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားတာပါ။

“ကာလ ကြာရှည် ဖြစ်ပွား နေတဲ့ ပြည်တွင်းစစ်၊ လူသားချင်း စာနာ ထောက်ထား ရမယ့် အကျပ် အတည်းတွေ၊ လူနည်းစုတွေ၊ ဘာသာရေး ကွဲပြားမှု အပေါ် လက်မခံ နိုင်တာ တွေကြောင့် ဖြစ်ပွား နေတဲ့ သွေးထွက် သံယို အကြမ်းဖက်မှုတွေ၊ ဒါတွေကို ဟန့်တားနိုင်ဖို့ အစိုးရ ကတော့ ကြိုးပမ်းနေ ပါတယ်။ ဒီလိုပဲ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ စစ်တပ်ရဲ့ အခန်း ကဏ္ဍနဲ့ ပတ်သက်လို့ အကြီးအကျယ် မေးခွန်း ထုတ်နေတာ တွေကိုလည်း ဖြေရှင်းနိုင်ဖို့ ကြိုးစားနေ ရတာပါ။”

ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ ရင်ဆိုင် နေရတဲ့ အခက် အခဲ တွေကို ဖြေရှင်းရာမှာ အမေရိကန် အနေနဲ့ ၀ိုင်းဝန်း ကူညီဖို့ အသင့် ရှိနေတဲ့ အကြောင်းလည်း လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Russel က ပြောဆို ခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ နေပြည်တော် ခရီးစဉ် မတိုင်မီမှာပဲ အမေရိကန် အောက်လွှတ်တော် အမတ် ၇၂ ယောက်ဟာလည်း လူ့အခွင့် အရေး အခြေ အနေတွေ တိုးတက်မှု မရှိသေးတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာ အစိုးရကို ဖိအားပေးဖို့ တိုက်တွန်း စာတစောင် ပေးပို့ခဲ့ ကြပါတယ်။

ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုတွေ အပေါ် အခြေခံတဲ့ သွေးထွက် သံယို ပဋိပက္ခတွေ၊ မကြာသေးခင် တုန်းက သတင်း မီဒီယာသမား တွေကို အရေးယူ၊ ထောင်ချတာ တွေလို တိုးတက်မှုတွေ နောက်ပြန်ဆုတ် နေတဲ့ အခြေအနေ မျိုးတွေကိုလည်း ဥပဒေပြု အမတ်တွေက ထောက်ပြ ခဲ့ကြတာပါ။ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Russel ကတော့ ၀န်ကြီး Kerry အနေနဲ့ မြန်မာ အစိုးရရဲ့ အဆင့်မြင့် တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံရာမှာ ဒီကိစ္စတွေကို ပြောဆိုဖို့ ရည်ရွယ် ထားတယ်လို့ ဆိုပါတယ်။

“မြန်မာပြည်သူ တရပ်လုံးရဲ့ အခွင့်အရေး တွေကို လေးစား၊ အကာ အကွယ်ပေးဖို့၊ လူ့အခွင့် အရေးနဲ့ အခြေခံ လွတ်လပ်ခွင့် တွေကို ကာကွယ် စောင့်ရှောက်ဖို့ ၀န်ကြီး Kerry အနေနဲ့ မြန်မာ အစိုးရ ခေါင်းဆောင် တွေကို ဖိအား ပေးမယ်လို့ မျှော်လင့် ထားပါတယ်။”

ဝန်ကြီး Kerry ရဲ့ ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ နောက်ကြောင်းပြန် လှည့်မယ့် အခြေ အနေတွေ ပေါ်ပေါက် နေတာ တွေကို မြန်မာ အစိုးရ တာဝန်ရှိ သူတွေကို သတိပေး ဖို့လည်း လူ့အခွင့် အရေး လှုပ်ရှားမှု အဖွဲ့ အစည်းတွေက တိုက်တွန်း နေကြတာပါ။ အမေရိကန် ပြည်ထောင်စု နယူးယောက် အခြေစိုက် လူ့အခွင့် အရေး စောင့်ကြည့် အကဲခတ် အဖွဲ့ Human Rights Watch ကလည်း တိုးတက် ဖြစ်ထွန်းမှုတွေ ရပ်တန့်နေပြီး၊ နောက်ပြန်ဆုတ်တဲ့ လုပ်ရပ်တွေတောင် တွေ့မြင် နေရတဲ့ မြန်မာနိုင်ငံက အခြေ အနေ တွေကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ပွင့်ပွင့် လင်းလင်း ထောက်ပြဖို့ လိုအပ်တယ် လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

RB News
3.8.2014

လ.၀.က ပုံစံ (နိုင် - ၂) ဖြင့် နိုင်ငံသား လျှောက်ထားပြီး သူများအား ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ - ၆၅ အရ နိုင်ငံသား တစ်မျိုးမျိုး ဟုတ်မဟုတ် ထပ်မံ လျှောက်ထားစေခြင်း အပေါ် ဥပဒေများနှင့် အညီ ပြန်လည် သုံးသပ် စီစစ်ပေးပါရန် ရန်ကုန်မြို့ အခြေစိုက် အမျိုးသား ဖွံ့ဖြိုးတိုးတက် ဒီမိုကရက်တစ် ပါတီနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီတို့က သြဂုတ်လ (၁) ရက်နေ့က နိုင်ငံတော် သမ္မတ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် ရခိုင်ပြည်နယ် အစိုးရ ၀န်ကြီးချုပ် တို့ထံ လိပ်မူ၍ ရေးသား တင်ပြခဲ့သည်။ 











Rohingya Eye
RB News
2.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သံဒါကျေးရွာ၊ ၀ါးချကျေးရွာနှင့် ရှီလ်ခါလီ ကျေးရွာများသို့ စစ်တပ်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ အထူးသတင်းတပ်ဖွဲ့နှင့် စ.ရ.ဖ များဝင်ရောက်၍ ဒေသခံများ၏ နေအိမ်များ အတွင်းရှိ ပစ္စည်းများ ဖျက်ဆီး၊ လုယက် ခဲ့သည်။

ဇူလိုင်လ (၂၉) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် ဘူးသီးတောင်မြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်း ခေါင်းဆောင်သည့် အဖွဲ့၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ အထူး သတင်းတပ်ဖွဲ့နှင့် စ.ရ.ဖ အဖွဲ့တို့ပါဝင်သည့် အင်အား ၁၂၀ ကျော်တို့သည် သံဒါကျေးရွာ၊ ၀ါးချ ကျေးရွာနှင့် ရှီလ်ခါလီ ကျေးရွာများ အတွင်းသို့ ၀င်ရောက်၍ ရွာများကို ၀န်းရံ ပိတ်ဆို့ပြီးနောက် တစ်အိမ်တက်ဆင်း ရှာဖွေခဲ့သည်။ သံဒါကျေးရွာမှ လူငယ် တစ်ဦး ဖြစ်သည့် အာမောစ်အုလ္လာ (ဘ) ဦးနူရ်မာမတ် (အသက် ၁၇ နှစ်) ကို ဗမာစကားဖြင့် မေးခွန်း အချို့ မေးမြန်းသော်လည်း အဆိုပါ လူငယ်မှ ဗမာစကား မပြောတတ် သောကြောင့် ဖြေဆိုနိုင်ခြင်း မရှိသဖြင့် လက်နက်ကိုင် အာဏာပိုင်များက စစ်ဖိနပ်ဖြင့် ၀ိုင်းဝန်း၍ ကန်ကျောက် ခဲ့ရာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် လက်နက်ကိုင် အာဏာပိုင်များသည် နေအိမ်များ အတွင်းရှိ ပစ္စည်းများ အပါအ၀င် ဆိုက်ကား တစ်စီးကို ဖျက်ဆီး ပစ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ရွာများအတွင်းတွင် တဖက်နိုင်ငံမှ RSO များ ရောက်ရှိနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဝါးချကျေးရွာမှ ပစ္စည်းများ ဖျက်ဆီးခံရသူများမှာ --

(၁) ဦးဟာမိတ်ဟူစိန်း (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၃၀ နှစ်) (ဆိုက်ကား တစ်စီး ဖျက်ဆီးခံရ)
(၂) ဦးရှော်ရီအာမတ် (ဘ) ဦးအဒူရှကူရ် (အသက် ၇၀ နှစ်) (နေအိမ်တံခါး၊ ထမင်းအိုး အပါအ၀င် မီးဖိုချောင်သုံး ပစ္စည်းများ၊ အခြား အိမ်အသုံး အဆောင် ပစ္စည်းများ ဖျက်ဆီးခံရ)
(၃) ဦးအဒူဟာဖီးဇ် (ဘ) ဦးဘော်ရှော်ရ် (အသက် ၃၀ နှစ်) (နေအိမ်တွင် မိသားစုများ စားသုံးရန် ချက်ပြုတ် ထားသည့် အမဲသား ၂ ပိဿာခန့် လုယက်ခံရ)
(၄) မော်လ၀ီအီလီယာစ် (ဘ) မော်လ၀ီအာမီးရ် ဟူဆောင်း (နေအိမ်၏ ပြူတင်းပေါက်မှန် များကို ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးခံရ၊ နေအိမ်တံခါးမှန်များ ဖျက်ဆီးခံရ) -- တို့ ဖြစ်သည်။

လက်နက်ကိုင် စစ်တပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များက အကြမ်းဖက် လုယက် နေသည်များကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်း၊ ခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ရွှေသိန်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အရာရှိ များက တွေ့ရှိသော်လည်း ဟန့်တားခြင်း လုံးဝ မရှိခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။ နိုင်ငံတော် အစိုးရမှ ကောင်းမွန်သည့် အစိုးရ၊ သန့်ရှင်းသည့် အစိုးရဟု ပြောဆိုလျက် ရှိသော်လည်း အမှန်တကယ် မြေပြင်တွင် ဖြစ်ပျက် နေသည်များမှာ ယခင် စစ်အစိုးရ လက်ထက် ကထက် ပိုမို ဆိုးရွားလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



2.8.2014

မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ အခြေအနေကို ဦးတည် နေတဲ့ အတွက် ဒီဆောင်ရွက်ချက် တွေဟာ အမေရိကန် -မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက် စေနိုင်တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ အနေနဲ့ မြန်မာ အစိုးရကို သတိပေး ပြောဆိုဖို့  အမေရိကန် လွှတ်တော် အမတ် အယောက် ၇၀ ကျော် က စာရေးသား တိုက်တွန်း လိုက်ပါတယ်။

အောက်လွှတ်တော်က ဒီမိုကရက် ပါတီရော၊ ရီပတ်ပလစ်ကန် ပါတီ အမတ်တွေပါ စုပေါင်း တိုက်တွန်းတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဆုံးမသတ် နိုင်သေး တဲ့ လူမျိုးရေး- ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် ပဋိပက္ခတွေ၊ တိုင်းရင်းသားတွေ အပေါ် စစ်တပ်က အနိုင် အထက်ပြုကျင့် နေတာတွေ၊ သတင်းထောက် တွေကို ဖမ်းဆီး ထောင်ချ နေတာတွေ၊ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ကိစ္စတွေကို အမေရိကန် လွှတ်တော် အမတ်တွေက ထောက်ပြကြတာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ သြဂုတ်လ ၁၀ ရက်နေ့ ကျင်းပမယ့် အာဆီယံ နိုင်ငံရေး ဝန်ကြီးများ အစည်း အဝေးကို တက်ရောက်မှာ ဖြစ်သလို၊ ခရီးစဉ် အတွင်း မြန်မာ အစိုးရ ခေါင်းဆောင် တွေနဲ့လည်း နှစ်နိုင်ငံ ကိစ္စတွေ အတွက် တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်တဲ့ အတွက် အောက်လွှတ်တော် အမတ်တွေက အခုလို စာရေးသား တိုက်တွန်း လိုက်တာပါ။

ကြာသပတေးနေ့ ရက်စွဲနဲ့ ရေးသား တိုက်တွန်း လိုက်တဲ့ အဲဒီစာမှာ လွှတ်တော် အမတ်တွေ ကြားမှာ သြဇာကြီးတဲ့ ဂျိုးဇက် ခရောက်လီ၊ စတိဗ်ချား ဘော့ထ်တို့ ပါဝင် လက်မှတ် ရေးထိုးထား ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် ကလဲ ရီပတ် ပလစ်ကန် အမတ် မစ္စတာ မစ်ခ်ျမက် ကောနဲလ်က ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင်ရောက် အရွေးခံ နိုင်အောင် အခြေခံ ဥပဒေ ပြင်ဆင်ဖို့ မြန်မာ အစိုးရကို တောင်းဆို ထားပါတယ်။



Rohingya Eye
RB News
2.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ (၁၂) ဦးကို အစစ်ဆေးခံရန် အမိန့်စာ ထုတ်ပြန်ပြီးနောက် သြဂုတ်လ (၁) ရက်နေ့ နံနက် အစောပိုင်းတွင် ဒေသခံ (၉) ဦးကို ဖမ်းဆီးသွားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ (၁၂) ဦးကို အစစ်ဆေးခံရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ (၆) ရုံးက အမိန့်စာ ထုတ်ပြန်ပြီးနောက် သြဂုတ်လ (၁) ရက်နေ့ နံနက် (၃) နာရီ အချိန်တွင် ဒေသခံ (၉) ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ ဒေသခံ (၉) ဦးကို ဖမ်းဆီးရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ကား (၆) စီးဖြင့် ရောက်ရှိလာခဲ့ပြီး ကျီးကန်းပြင် ဌာနချုပ်သို့ ခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရပါသည်။

ဖမ်းဆီးခံရသူများမှာ --

(၁) အီဒီရီစ် (ဘ) ဦးဇော်ဟိရ်အာမတ် (အသက် ၁၈ နှစ်)
(၂) ဦးနူရ်အာလာမ် (ဘ) ဦးဆွေယာဒူရောန် (အသက် ၄၂ နှစ်)
(၃) မာမတ်နူရ် (ဘ) ဦးနူရ်အာလာမ် (အသက် ၂၅ နှစ်)
(၄) ကိုချီနား (ဘ) ဦးနူရ်အာလာမ် (အသက် ၁၇ နှစ်)
(၅) နူရူအာမီးန် (အသက် ၁၈ နှစ်)
(၆) ဦးဇော်ဟိရ်အာမတ် (အသက် ၅၀ နှစ်)
(၇) ဟာဖီးဇ် ရှော်ဘူးအာလာမ် (အသက် ၂၈ နှစ်)
(၈) ဟာဖီးဇ် ရှော်ဘူးအာလာမ်၏ တူတော်မောင် တစ်ဦး
(၉) ဦးနူရ်အာလာမ်၏ နွားကျောင်းသား တစ်ဦး - တို့ဖြစ်သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့က လူဦးရေ စာရင်း စစ်ဆေးမည်ဟု ခေါင်းစဉ်တပ်၍ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂလီများဟု စာရင်းပြုစု နေသည့် အတွက် ဒေသခံ ရိုဟင်ဂျာများက ပါဝင် အစစ်ဆေးခံရန် ငြင်းဆန် နေခြင်း ဖြစ်သည်။ အစစ်ဆေး မခံသည့် အတွက်ဟု ဆိုကာ ဖမ်းဆီး နေခြင်း ဖြစ်ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးနူရူအာမီးန်က ကျီးကန်းပြင် ဌာနချုပ်သို့ သွားရောက်၍ စုံစမ်း မေးမြန်း ခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

ယနေ့ ရရှိသည့် သတင်းများ အရ ဟာဖီးဇ် ရှော်ဘူးအာလာမ်၏ တူတော်မောင် (အသက် ၁၇ နှစ်) အား ပြန်လည် လွှတ်ပေးသည်ဟု သိရှိရပြီး၊ ၎င်းတို့ကို ဖမ်းဆီးစဉ်က နေအိမ်များရှိ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ငွေများ လုယက်ခြင်း များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ခြင်းများ ရှိခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



1.8.2014

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံကို လာမယ့်လ သွားရောက်တဲ့ အခါမှာ မြန်မာ အစိုးရရဲ့ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှု တွေကို ဦးစားပေး ဆွေးနွေးဖို့ ဆိုပြီး အမေရိကန် အခြေစိုက်တဲ့ ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်း အသင်းတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စုပြီး နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီထံကို စာရေးသား တောင်းဆို ထားပါတယ်။

မြန်မာနိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှုတွေ ရှိနေတယ် ဆိုပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပါအ၀င် အတော်လေး စိုးရိမ် မကင်း ဖြစ်စရာ ကောင်းတဲ့ အခြေအနေ တွေထဲမှာ ဘာသာရေး အရ အကဲစပ်မှု တိုးမြင့် လာတာ ဖြစ်တယ်လို့ အဲဒီ အဖွဲ့ အစည်းတွေ စုပြီး မစ္စတာကယ်ရီထံ ပေးပို့တဲ့ စာထဲမှာ ပါရှိပါတယ်။

အဓိက အချက် ကတော့ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ မူဆလင်တွေကို ပစ်မှတ်ထား အကြမ်းဖက်တာ တွေအပြင်၊ ပြီးခဲ့တဲ့ မိထ္ထီလာ၊ ဥက္ကံ၊ လားရှိုး၊ မန္တလေး မြို့တွေက ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှု တွေကို ထောက်ပြ ဖော်ပြပါတယ်။ ဒါ့အပြင် ယုံကြည်မှု ဘာသာ အကူး အပြောင်း ဆိုင်ရာ တင်းကြပ်တဲ့ ဥပဒေကြမ်း တွေကိုလည်း အတည်ပြုနိုင်ဖို့ မြန်မာ အစိုးရက လွှတ်တော်ကို တင်ပြထားတယ် လို့ ထောက်ပြ ပါတယ်။

ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အဖွဲ့ အစည်းတွေနဲ့ လူပုဂ္ဂိုလ် လက်မှတ် ၂၂ ခုပါဝင်တဲ့ အဲဒီ စာထဲမှာ မြန်မာ အစိုးရ အနေနဲ့ ဒီဥပဒေကြမ်း တင်သွင်းမှုကို ပယ်ဖျက်ပြီး ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်စေတဲ့ အကြောင်းရပ် တွေကို အရေးယူ ကိုင်တွယ်နိုင်ဖို့ ဖိအားပေး သွားရေး မစ္စတာ ကယ်ရီကို တိုက်တွန်း ထားပါတယ်။

လက်မှတ်ထိုး ထားတဲ့ အထဲမှာ မြန်မာ့ အရေးကို တစိုက် မက်မက် ဆောင်ရွက်နေတဲ့ CSW ကမ္ဘာလုံး ဆိုင်ရာ ခရစ်ယာန် သွေးစည်း ညီညွတ်ရေး အဖွဲ့ဆိုတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းလည်း ပါဝင်ပါတယ်။ နိုင်ငံခြားရေး ၀န်ကြီးကယ်ရီဟာ အခုလာမယ့် သြဂုတ်လထဲမှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ဒေသတွင်း အစည်းအဝေးကို တတ်ရောက်ဖို့ ရှိနေတာပါ။

ဝန်ကြီးကယ်ရီ အနေနဲ့ မြန်မာနိုင်ငံ ရောက်တဲ့ အခါမှာ လက်ရှိ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးမှာ ရှိနေတဲ့ စိန်ခေါ် အကဲစမ်းချက်တွေ ကို လေ့လာ စူးစမ်း သွားဖို့ ရှိတယ်လို့ တနေ့တုန်းကပဲ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Dineal Russel က ပြောခဲ့ပါတယ်။ သမ္မတ အိုဘားမား ဟာလည်း မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာ ကျင်းပမယ့် အရှေ့အာရှ နိုင်ငံများ ထိပ်သီး အစည်း အဝေးကို တတ်ရောက်ဖို့ ရှိနေပါတယ်။



အောင်ရဲမောင်မောင်
31.7.2014

မြန်မာနိုင်ငံမှာ ငွေကျပ် သိန်းသောင်းချီ ပေးဝယ်ခဲ့ရတဲ့ မိုဘိုင်းလ်ဖုန်း ဆင်းကတ်တွေကို ကာတာနိုင်ငံ အခြေစိုက် Ooredoo တယ်လီဖုန်း ဝန်ဆောင်မှုကနေ ငွေ ကျပ် ၁၅၀၀ နဲ့ ရောင်းချ ပေးနေတာကြောင့် ရန်ကုန် နဲ့ မန္တလေးမြို့မှာ ဒီကနေ့ ပြည်သူ အများအပြား ၀ယ်ယူ ခဲ့ကြတာပါ။ တရားဝင် ရောင်းချရမယ့် ရက်ဟာ သြဂုတ်လ အတွင်း ဖြစ်ပေမဲ့ ဇူလိုင်လ ၃၀ နဲ့ ၃၁ ရက်တွေမှာ ရန်ကုန် မန္တလေး မြို့ကြီးတွေမှာ ကိုယ်စားလှယ် ဆိုင်တွေက စတင် ရောင်းချ ပေးနေတာပါ။ အပြည့်အစုံ ကိုတော့ ဆက်သွယ် မေးမြန်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲ မောင်မောင်က ပြောပြမှာပါ။

ဇူလိုင်လ ၃၀ နဲ့ ၃၁ ရက်နေ့ တွေဟာ မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ် ဖုန်းဆင်းကတ် ဈေးကွက် တစ်ဆစ်ချိုး ပြောင်းလဲခဲ့တဲ့ နေ့ရက်တွေလို့ ပြောရမှာပါ။ ငွေကျပ် သိန်း ၃၀ ကစလို့ နောက်ဆုံး ငွေ ၃၀၀၀၀ ပေးမှ မိုဘိုင်းလ် ဆင်းကတ် ၀ယ်နိုင်တာကနေ ငွေကျပ် ၁၅၀၀ နဲ့ မိုဘိုင်း ဆင်းကတ် တွေကို ကာတာ အခြေစိုက် Ooredoo တယ်လီဖုန်း ၀န်ဆောင်မှု က အများ ပြည်သူ အကြား ၀ယ်ယူ နိုင်အောင် ဖန်တီး ပေးခဲ့တဲ့ အချိန်မှာ ရန်ကုန်၊ မန္တလေး မှာ ရှိတဲ့ ပြည်သူတွေ အကြား လှုပ်လှုပ် ခတ်ခတ်တွေ ဖြစ်ခဲ့ ရပါတယ်။


Ooredoo ဆင်းကတ်တွေကို တရားဝင် ရောင်းချခွင့် ရထားတဲ့ ရန်ကုန် မန္တလေးက ဆိုင်အချို့က သူတို့ လက်ထဲ မှာ ရှိနေတဲ့ မိုဘိုင်းလ် ဖုန်းကတ်တွေကို ဒီကနေ့ မနက် အစောပိုင်းက စလို့ ရန်ကုန်မြို့ ပန်းဆိုးတန်းနဲ့ ဆူးလေ ဘုရား လမ်းမပေါ်က ဆိုင်တွေမှာ ရောင်းချ ခဲ့တာကြောင့် ပြည်သူတွေက
ကျိတ်ကျိတ်တိုး ၀ယ်ယူတာ တွေလည်း ဖြစ်ခဲ့ ပါတယ်။ Ooredoo ဖုန်းကတ် ၀ယ်လိုတဲ့သူ တွေကို မှတ်ပုံတင် မိတ္တူ နဲ့ အတူ ရောင်းချ ပေးခဲ့တာ ဖြစ်ပြီးတော့ လိုချင်တဲ့သူတွေ အနေနဲ့ လွတ်လွတ် လပ်လပ် ပြင်ပ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်တွေ မှာ ၀ယ်ယူနိုင်တယ်လို့ ဆူးလေ ဘုရား လမ်းမ ပေါ်က မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် ပိုင်ရှင် တစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"လူတိုင်းတော့ဝယ် လို့ရတယ်။ ဒါပေမဲ့ ဝယ်တဲ့ အခါကျရင် မှတ်ပုံတင် မိတ္တူ လိုမယ်။ နောက် ဓာတ်ပုံ မူရင်း လိုမယ်။ နောက် ဝယ်ပြီးရင် လက်မှတ်ထိုး ပေးရမယ်။ မှတ်ပုံတင် မိတ္တူအောက်မှာ လက်မှတ်ထိုး ပေးရမယ်။ အဲ့တာလေး တွေပေါ့။ ဈေးကတော့ တခုပဲ သတ်မှတ် ထားတယ်။ ပိုလို့လဲ မရဘူး။ လျော့ယူလို့လဲ မရဘူး။ ၁၅၀၀ ကျပ်ပဲ ရောင်းလို့ ရမယ်။"

တကယ်တော့ Ooredoo မိုဘိုင်းဖုန်း ဆင်းကတ်တွေကို သြဂုတ်လ ၂ ရက်နေ့မှ တရားဝင် ရောင်းချခွင့် ပေးထားတာ ဖြစ်တယ် လို့လည်း Ooredoo မြန်မာရဲ့ လူမှု ဆက်ဆံရေးနှင့် ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက ပြောပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာတော့ ဆင်းကတ် လက်ဝယ် ရထားတဲ့ ကိုယ်စားလှယ် တွေက ဒီရက်ပိုင်းမှာ ဈေးကွက် လက်ဦးမှု ရယူပြီး ဈေးကွက် အတွင်း စတင် ရောင်းချ ခဲ့တာကြောင့် မိုဘိုင်းလ် ဖုန်းကတ်တွေရဲ့ ဈေးဟာ ငွေကျပ် ၁၀၀၀၀ ထိ အပြင်မှာ ပေါက်ဈေး ရှိလာတာကို တွေ့ရတယ်လို့ Ooredoo ဖုန်းကတ် သွားရောက် ဝယ်ခဲ့တဲ့ ကိုမင်းညိုအံ့က ဗွီအိုအေ ကိုပြောပါတယ်။

"တချို့ဆိုင်တွေက တစ်သောင်း အထိ ပေါက်တယ်။ ဆယ်ကဒ် ဝယ်ပြီးတဲ့ သူတွေက အပြင်မှာ ပြန်ရောင်းတာက ခုနှစ်ထောင်၊ တစ်သောင်းလောက် အထိ ပြန်ရောင်းတယ် ခင်ဗျ။ ဘယ်အချိန်မှာ ဘယ်ဆိုင်တွေက ဘယ်လိုရောင်း သလဲဆိုတာ၊ တစ်ဆိုင်နဲ့တစ်ဆိုင် မတူဘူး။ ဒီတစ်ဆိုင် ရောင်းရပြီဆိုရင် နောက်တစ်ဆိုင်က မရှိတော့ဘူး။ အဲ့လို ပေးတဲ့ပုံစံခြင်း မတူဘူးခင်ဗျ။ ရောင်းလို့ ရပြီဆိုလို့ ရောင်းတာတဲ့။ အဲ့လိုပြောတယ် ရောင်းလို့ရပြီ ပြောလည်း ပြောပြီးရော၊ မြန်မာပြည် ဈေးကွက် စီးပွားရေး အရ လျှင်သူ စားစတမ်း ဆိုတော့ ဈေးတင် ရောင်းတယ်တဲ့။ တစ်ထောင့်ငါးရာကနေ အဲ့လို ပြောတယ် ခင်ဗျ။ ဆိုင်ရှင်တချို့က။"

Ooredoo အနေနဲ့ လက်ရှိမှာ သူတို့နဲ့ ဆင်းဒ်ကတ် ရောင်းချခွင့် စာချုပ် ချုပ်ဆိုထားတဲ့ စာချုပ်အရ ဆင်းကတ် တွေကို ခွဲတမ်းနဲ့ ချထားပေးတာ ဖြစ်ပြီးတော့ ရွှေအဆင့်မှ ဆင်းကတ် ၈၀၀၊ ငွေအဆင့်မှာ ဆင်းကတ် ၄၀၀ နဲ့ ကြေးအဆင့်မှာ ဆင်းကတ် ၂၀၀ အထိသာရောင်း ချထားပေးတာ ဖြစ်တယ်လို့
မိုဘိုင်းဖုန်း အရောင်းဆိုင်တွေက ပြောပါတယ်။

Ooredoo ကုမ္ပဏီက လတ်တလော သတ်မှတ် ထားတဲ့ ဖုန်းခေါ်ဆိုခ နှုန်းထားတွေ ကတော့ ၎င်းတို့ ဆင်းကတ် အချင်းချင်း ဖုန်းခေါ်ဆိုရင် တစ်မိနစ်လျှင် ၂၅ ကျပ်ပေးရမှာ ဖြစ်ပြီးတော့ အခြား အော်ပရေတာ (MPT, Telenor, Mectel)တွေကို ဖုန်း ခေါ်ရင် တစ်မိနစ်လျှင် ၃၅ ကျပ် ၊ SMS စာတို ပေးပို့ပါက တစ်စောင်ကို ၂၅ ကျပ်နှင့် အင်တာနက် အသုံးပြုမည် ဆိုပါက 1MB လျှင် ၂၅ ကျပ် ပေးရမယ်လို့ ဆိုထားပါတယ်။

အစောပိုင်း ကာလတွေ တုန်းကတော့ Ooredoo ကုမ္ပဏီဟာ မွတ်စလင်တွေ အများစု နေထိုင်တဲ့ ကာတာနိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခု ဖြစ်တာကြောင့် မြန်မာတွေ အနေနဲ့ ၀ယ်ယူ မသုံးစွဲကြဖို့၊ အကယ်လို့ Ooredoo နံပတ်နဲ့ ဖုန်းတွေ ဝင်လာရင်လည်း မကိုင်ကြဖို့ ၀ါဒဖြန့်ချိမှုတွေ ရှိထားတာပါတယ်။

Ooredoo နဲ့အတူ မြန်မာနိုင်ငံ ဆက်သွယ်ရေး လုပ်ငန်း အော်ပရေတာ လုပ်ကိုင်ခွင့် ရထားတဲ့ နောက်ထပ် ကုမ္ပဏီ တစ်ခု ကတော့ နော်ဝေ အခြေစိုက် တယ်လီနော် ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါအပြင် လက်ရှိ မြန်မာနိုင်ငံက လူအများစု ကိုင်တွယ်နေတဲ့ မြန်မာ ဆက်သွယ်ရေး လုပ်ငန်းကလည်း လက်ရှိ ဖုန်းတွေကို
ဝန်ဆောင်မှု ပေးနိုင်ဖို့နဲ့ နောက်ထပ် မိုဘိုင်း ဆင်းကတ်တွေကို နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ အပြိုင် ရောင်းချနိုင်ဖို့ ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ KDDI နဲ့ ပူးတွဲပြီး လုပ်ငန်းတွေ လုပ်ကိုင်မယ် ဆိုပြီးတော့လည်း တရားဝင် ကြေညာ ထားတာပါ။



RB News
30.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဝေသာလီ ကင်းစခန်းမှူး၊ တပ်ရင်း ၅၃၇ မှ ဗိုလ်ကြီးမျိုးသန်းသည် ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ရိုက်နှက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၂၇) ရက်နေ့ နံနက် (၇) နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း အောင်ဇံ ကျေးရွာအုပ်စု၊ ကြောင်တူရွာမှ ဦးဒိလ်ဒါရ်ဟူစိန်း (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၃၂ နှစ်)၊ ဦးမာမတ်ကာလူ (ဘ) ဦးဆွေတာလမ် (အသက် ၂၈ နှစ်) နှင့် ဦးအာဘူရှာမား (ဘ) ဦးအဒူရာမန် (အသက် ၃၆ နှစ်) တို့ကို အမှတ် (၂) နယ်မြေ အပိုင် ဝေသာလီ ကင်းစခန်းမှူး၊ တပ်ရင်း ၅၃၇ မှ ဗိုလ်ကြီးမျိုးသန်းက ဖမ်းဆီး၍ ခေါ်ဆောင် သွားခဲ့သည်။

ဖမ်းဆီးခံရသူ (၃) ဦးကို ဗိုလ်ကြီးမျိုးသန်းက တဖက်နိုင်ငံမှ ပစ္စည်းများ တရားမ၀င် ရောင်းဝယ် ဖောက်ကားနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ရိုက်နှက်ခဲ့ပြီး ညနေ (၆) နာရီ အချိန်တွင် ငွေကျပ် တစ်သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် ဖမ်းဆီး ငွေညှစ်ခံရသူ (၃) ဦးကို ဗိုလ်ကြီးမျိုးသန်းက အစပိုင်းတွင် ရာအိမ်မှူး ဖြစ်သူ ဦးနူရ်အာလမ်မှ တဆင့် ခေါ်ခိုင်းခဲ့ရာ၊ ရာအိမ်မှူး ဖြစ်သူက ခေါ်ပေးရန် ငြင်းဆန်သဖြင့် လူမဆန်စွာ ရိုက်နှက်ခဲ့ရာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



RB News
30.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်စု၊ ယခင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်သည် ဒေသခံ ရိုဟင်ဂျာ များကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်စု၊ ယခင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်သည် ယခင် ကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန် ယူထားစဉ် အချိန်တွင် ဒေသခံ ရိုဟင်ဂျာများကို မတရား သဖြင့် အမှုဆင် စွပ်စွဲခဲ့ပြီး ငွေကျပ် သိန်းရာချီ၍ ညှစ်ခဲ့ယူသည်။ ယခင်က မည်သည့် ပိုင်ဆိုင်မှုမှ မရှိခဲ့သည့် န.တ.လ ရွာသား ဖြစ်သည့် ဦးတင်မောင်သည် ယခုအခါ သိန်းရာကျော်တန် လော်ရီကား ပိုင်ဆိုင်နေခြင်း၊ သားမက်ဖြစ်သူ ဦးမောင်သက်နိုင်၏ အမည်ခံ၍ သိန်းနှစ်ရာကျော်တန် တိုက်ဆောက်ခြင်းနှင့် ၎င်း၏ မိသားစုများ ရွှေတ၀င်းဝင်း ဖြစ်နေသည်ကို ကြည့်ခြင်း အားဖြင့် ဒေသခံ ရိုဟင်ဂျာများကို မည်မျှ ဓါးပြတိုက်ပြီး ရယူထားသည်ကို သိရှိနိုင်သည်။

၎င်း၏ ညှဉ်းပန်းနှိပ်စက် ငွေညှစ်မှုများကြောင့် လွန်ခဲ့သည့် ၆ လခန့်က တာဝန်မှ ရပ်စဲခြင်း ခံခဲ့ရသော်လည်း၊ ယောက်ဖဖြစ်သူ ဦးမောင်မြမှာ ယာယီ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည့် အတွက် ယောက်ဖ ဖြစ်သူကို ရုပ်သေး ပုံစံဖြင့် ထား၍ ဦးတင်မောင် ကိုယ်တိုင် ဆက်လက်၍ ရုံးထိုင်ကာ ယခင်အတိုင်း မဟုတ်မမှန် အမှုများ ဆင်၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လွန်ခဲ့သည့် တပတ်ခန့်က မေယုတောင်ခြေ ကွန်ဂရစ်လမ်း (ယခုနှစ် တရုတ် ကုမ္ပဏီမှ ဖောက်လုပ် ပေးနေသည့်လမ်း) ၌ ရခိုင်လူမျိုး တစ်ဦး ဆိုင်ကယ်မှောက်၍ သေဆုံးသွားသည်ကို ဥဒေါင်း ရွာသားများ၏ နွားများကြောင့် ဖြစ်ရသည်ဟု ဦးတင်မောင်က လုပ်ကြံ ဖန်တီးကာ အဆိုပါ လမ်းအနီးအနားရှိ လယ်ပိုင်ရှင် ၅ ဦးထံမှ ငွေကျပ် ၁၀ သိန်းစီ တောင်းခံလျက် ရှိကြောင်း သိရှိရပါသည်။ သေဆုံးသွားသည့် ရခိုင်လူမျိုး၏ မိသားစုဝင်များက စွပ်စွဲခြင်း လုံးဝ မရှိသော်လည်း ဦးတင်မောင်က လုပ်ကြံ ဖန်တီး၍ ငွေညှစ်နေခြင်းသာ ဖြစ်သည်။ ဇူလိုင်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် ဥဒေါင်း ကုန်တန်းရွာမှ ဦးဟာရှိမ်အုလ္လာ (ဘ) ဦးအာမီးန်နှင့် ဦးဘော်ဒီရောင်း (ဘ) ဦးနိုက်ဂါး တို့ကို ဦးတင်မောင်က ဆင့်ခေါ်ပြီး ငွေကျပ် ၁၀ သိန်းစီ တောင်းရာ၊ အပြစ်မဲ့ နှစ်ဦးက မပေးနိုင်ဟု ပြောသဖြင့် လူမဆန်စွာ ရိုက်နှက်၍ ဖမ်းဆီးထား ခဲ့သည်။ နောက်ဆုံးတွင် ငွေကျပ် နှစ်သိန်းစီ ပေးမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် ဦးအဒူလ်ဟာဘီ (ဘ) ဦးဒေါ်လိလ် အပါအ၀င် (၃) ဦးကိုလည်း ဦးတင်မောင်က ဆင့်ခေါ် ထားသဖြင့် တိမ်းရှောင် နေရသည်ဟု ဆိုသည်။

သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်များက အုပ်ချုပ်ရေးမှူး အသစ် မခန့်ဘဲ ယာယီ အုပ်ချုပ်ရေးမှူးဖြင့် ထားရှိ၍ ဦးတင်မောင်၏ လူမဆန်မှုများကို ဥပက္ခော ပြုထားခြင်းမှာ ဦးတင်မောင်မှ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများကို တစ်လလျှင် ငွေကျပ် ၁၀ သိန်း ပေးနေသည့် အတွက် ဖြစ်သည်ဟု အမည်မဖော်လိုသည့် န.တ.လ ရွာသား တစ်ဦးက ပြောပါသည်။

ကွန်ဂရစ်လမ်း အသစ်ကို ဘူးသီးတောင် ၃ မိုင်မှ တောင်ဘက် န.တ.လ ရခိုင်ရွာများနားမှ ဖြတ်သန်း ဖောက်လုပ်ပြီး ဥဒေါင်းရွာကို ကျော်၍ အလယ်သံကျော် - အငူမော် အထိ ဖောက်လုပ်လျက် ရှိပြီး၊ ၁၆ မိုင်ခန့် ရှည်လျားသည်။ ၎င်းလမ်းမှ ရိုဟင်ဂျာ လူမျိုးများကို ဖြတ်သန်း သွားလာခွင့် မပြုကြောင်း ဒေသခံများက ပြောပါသည်။



RB News
30.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ၀ါချကျေးရွာနှင့် သံဒါ ကျေးရွာများသို့ ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်ဗျူဟာမှူးနှင့် အဖွဲ့ ရောက်ရှိလာပြီး ရွာထဲတွင် RSO များ ရောက်ရှိနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဒေသခံ ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။

ယမန်နေ့ (ဇူလိုင် ၂၉) နေ့လည်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်ဗျူဟာမှူးနှင့် စစ်သား ၈၀ ကျော်တို့သည် မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချကျေးရွာနှင့် သံဒါကျေးရွာများသို့ ကားများဖြင့် ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူး များကို ဆင့်ခေါ်ကာ ရွာနှစ်ရွာတွင် တဖက်နိုင်ငံမှ RSO အဖွဲ့ရောက်နေသည်ဟု ပြောဆို၍ ဒေသခံ ရိုဟင်ဂျာ များ၏ နေအိမ်များကို ၀င်ရောက် ရှာဖွေခဲ့သည်။ ထိုသို့ ရှာဖွေရာတွင် ၎င်းတို့ မျက်စိရှေ့တွင် တွေ့သည့် တံခါးများ၊ ဗီဒိုများ၊ သေတ္တာများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ ဟင်းအိုးပါ မကျန် ဖျက်ဆီး သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အချို့ အိမ်များတွင် ချက်ပြုတ်ထားသည့် ဟင်းများ၊ အီးဒ်နေ့တွင် ဧည့်ခံရန် ချက်ထားသည့် ဆမိုင်မုန့် များကိုလည်း အိမ်ရှင်များ၏ ခွင့်ပြုချက် မပါဘဲ စားသုံးသွားသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဗျူဟာမှူးနှင့် တပ်ဖွဲ့ဝင်များက ကျေးရွာ နှစ်ရွာ အတွင်းရှိ ငွေကြေး တတ်နိုင်သူများကို ပစ်မှတ်ထား၍ လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ အချို့ ရွာသားများမှာ အကြောင်းမဲ့ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ တိမ်းရှောင်သွား ခဲ့ရသည်။

ဒေသခံများက မောရ၀တီ န.တ.လ ရွာမှ ယခင် ကြီးကြပ်ရေးမှူး ဦးခိုင်ထွန်း (ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား) နှင့် ယခု ၀ါးချကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိန်တို့က ရွာထဲတွင် RSO ရောက်နေသည်ဟု မဟုတ်မမှန် သတင်းပို့ခြင်းကြောင့် စစ်တပ်မှ လာရောက်၍ ယခုကဲ့သို့ မတရားသဖြင့် ဖျက်ဆီးမှုများ ပြုလုပ်သည်ဟု ထင်မြင်ကြောင်း ပြောကြားပါသည်။

အဆိုပါ စစ်သားများသည် ယမန်နေ့ညက ချိန်ခါလီရှိ ကျောင်းတွင် စခန်းချ၍ နေထိုင်ခဲ့ပြီး ဗျူဟာမှူး ဖြစ်သူသည် မောရ၀တီရွာတွင် တည်းခိုခဲ့ကြောင်း သိရှိရပါသည်။

အခြားသော ဒေသခံ တစ်ဦးက န.တ.လ ရွာသားများကို ဒေသခံ ရိုဟင်ဂျာများက လယ်ယာမြေများ မငှားရမ်းသည့် အတွက် လုပ်ကြံခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။ ဇူလိုင်လ လဆန်းပိုင်းတွင်လည်း န.တ.လ ရွာသားများသည် ဦးခိုင်ထွန်း၊ ဦးမောင်မောင်စိန် တို့နှင့် ပူးပေါင်း၍ ၀ါချနှင့် သံဒါ ရွာသားများ၏ စုပေါင်း စိုက်ခင်းများမှ အပင်ပေါင်း ၄၀၀ ကျော်ကို ခိုးခုတ်ခဲ့ပြီး၊ အုပ်ချုပ်ရေးမှူး များက နယ်မြေ စခန်းများသို့ တိုင်တန်းမှသာ ရပ်တန့် ခဲ့သည်။ ဇူလိုင်လ ၂၀ ရက်နေ့ ကလည်း စစ်တပ်နှင့် ပူးပေါင်း၍ ၀ါးချ ရွာသားများ၏ နွား ၁၉ ကောင်ကို ဖမ်းဆီးပြီး တစ်ကောင်လျှင် ငွေကျပ် နှစ်သောင်းစီ ညှစ်ယူပြီးမှ ပြန်လည် ပေးအပ်ခဲ့သည်။



အောင်ရဲမောင်မောင်
30.7.2014

ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အထူး စိုးရိမ်ရတဲ့ နိုင်ငံ အဖြစ် မြန်မာ နိုင်ငံကို အမေရိကန် ပြည်ထောင်စုရဲ့ အစီရင်ခံစာ သစ်မှာ သတ်မှတ် လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတွင်း ဘာသာရေး ခေါင်းဆောင်တွေမှာ သဘောထား အမြင် အမျိုးမျိုး ရှိနေကြပါတယ်။ ဖြစ်ခဲ့တဲ့ ဘာသာရေး အသွင်ဆောင် ပဋိပက္ခ တွေကြောင့် အခုလို သတ်မှတ် ခံရတယ် ဆိုတာကို လက်မခံ ပယ်ချသူ ရှိသလို သဘောတူ သူလည်း ရှိနေတာပါ။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်း ပေးပို့ ထားပါတယ်။

မြန်မာနိုင်ငံကို ဘာသာရေးအရ လွတ်လပ်ခွင့် စိုးရိမ်စရာ ကောင်းတဲ့ အဆင့်ထဲမှာ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဆူဒန်၊ ဆော်ဒီ အာရေးဗီးယား နိုင်ငံတွေနဲ့အတူ Tier 1 အဆင့် နိုင်ငံအဖြစ် အမေရိကန် ပြည်ထောင်စု သတ်မှတ် လိုက်တာ ဖြစ်ပါတယ်။ ဘာသာရေး အကြမ်းဖက်မှု တွေကြောင့် မြန်မာနိုင်ငံမှာ ထောင်ဂဏန်း ရှိတဲ့ မူဆလင်တွေ အိုးအိမ် စွန့်ခွာ ထွက်ပြေး နေရတယ်လို့ နိုင်ငံခြားရေး ၀န်ကြီး John Kerry က ဒီအစီရင်ခံစာ ထုတ်ပြန်တဲ့ ရှင်းလင်းပွဲမှာ ပြောဆိုသွား ခဲ့ပါတယ်။

ဒီအချက်ကို ၉၆၉ လှုပ်ရှားမှု မှာရော၊ မျိုးစောင့် လှုပ်ရှားမှုမှာရော ဦးဆောင်နေတဲ့ မန္တလေးတိုင်း ဒေသကြီး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် အပြည့်အ၀ ရှိတယ်လို့ အခိုင်အမာ ယုံကြည်တဲ့ အကြောင်း အခုလို ဗွီအိုအေ ကို မိန့်ပါတယ်။

“သူတို့ တဖက်သတ် တိုင်ကြားတဲ့သူတွေရဲ့ တိုင်စာတွေကိုပဲ ယုံကြည်ပြီးတော့ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာပါ။ တကယ်တမ်း ကျတော့ ပကတိ အခြေအနေနဲ့ လုံးဝ ဆန့်ကျင်ဘက်ကြီး ဖြစ်နေပါတယ်။ ဘာသာရေး ပဋိပက္ခတွေ ဖြစ်တာ ခွဲခြား ဆက်ဆံမှုကြောင့် မဟုတ်ပါဘူး ခင်ဗျ။ ဘာသာရေး ပဋိပက္ခတွေ ဖြစ်တာ လူမျိုးတမျိုး၊ ဘာသာတခုကို ပစ်မှတ်ထားပြီးတော့ အဓမ္မ အနိုင်ကျင့်တာတွေ၊ အကြမ်းဖက်တာတွေ လုပ်လို့ပါ။ အဲ့ဒါပါ။ နောက်တခု ကတော့ ဦးဇင်းတို့ ဘာသာတရားက လူတိုင်းကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားပါတယ်။ နောက်ပြီးတော့ တခြား တခြားသော နိုင်ငံတွေ ထက်ကို မြန်မာနိုင်ငံက လွတ်လပ်စွာ ကိုးကွယ်ခွင့် ရပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့် မပေးတာ ဘာသာ တခုပဲ ရှိပါတယ်။ အဲ့ဒီဘာသာ တခုကတော့ ခရစ်ယာန်ကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် မပေးဘူး။ ဟိန္ဒူကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် မပေးဘူး။ ဗုဒ္ဓဘာသာ ကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် မပေးဘူး။ သူတို့တွေကို ရည်ရွယ်ပြီး ပြောတာ ဆိုရင်တော့ မှန်ပါတယ်နော်။”

မြန်မာနိုင်ငံကို ဘာသာရေး အရ စိုးရိမ်စရာ ကောင်းတဲ့ နိုင်ငံ အဖြစ် သတ်မှတ်ခံ ရတာဟာ ပြည်တွင်းမှာ ဖြစ်တဲ့ ဘာသာရေး အသွင်ဆောင် ပဋိပက္ခ တွေကြောင့်လို့ ဘာသာ ပေါင်းစုံ ချစ်ကြည်ရေး ဆောင်ရွက် နေတဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေက လက်ခံ ထားပါတယ်။

မြန်မာနိုင်ငံ အတွင်းမှာ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင် ပဋိပက္ခတွေ ဖြစ်ဖြစ် နေတာဟာ မြန်မာ တနိုင်ငံလုံး နီးပါးနဲ့ မသက်ဆိုင်ဘဲ အစွန်းရောက် လူနည်းစု တစုရဲ့ လုပ်ရပ်ကြောင့် ဖြစ်လာ ရတာလို့ ရှုမြင်သူ ကတော့ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင် တဦးလည်းဖြစ်၊ ဘာသာ ပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ရဲ့ နာယက တဦးလည်းဖြစ်တဲ့ သိက္ခာတော်ရ ဒေါက်တာ စောမာဂျေကြီးက ပြောပါတယ်။

“ဘာသာရေးရဲ့ လွတ်လပ်ခွင့် ကတော့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပေးထား ပြီးသားပဲ။ အဲတော့ မြန်မာပြည်မှာ ပေါ်ပေါက်နေတဲ့ ကိစ္စတွေ ကတော့ ဒါကတော့ ဘာသာရေး ပဋိပက္ခထက် ဘာသာရေး အသွင်ဆောင်တဲ့ ဟာတွေ ဖြစ်တယ်။ ဒီမြန်မာနိုင်ငံမှာ Myanmar Interfaith Group လို့ ခေါ်တဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဘာသာ ပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့လည်း ရှိပါတယ်။ နောက် ခုနပြောတဲ့ ဟာမျိုး ဆိုတာထက် တကယ့် တကယ်တမ်းတော့ မြန်မာပြည်မှာ မပြောလောက်တဲ့ လူနည်းစု အထူးသဖြင့် အစွန်းရောက်တဲ့ လူနည်းစုရဲ့ လုပ်ဆောင်မှုကြောင့် ဘာသာရေး အသွင်ဆောင်တဲ့ ကိစ္စတွေ ပေါ်လာပါတယ်။”

ဟိန္ဒူ ဘာသာရေး ခေါင်းဆောင် တဦးလည်းဖြစ်၊ ဓမ္မပါလ (ဟိန္ဒူ) အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် တဦးလည်း ဖြစ်တဲ့ ဒေါက်တာ လှထွန်းကတော့ ပြည်တွင်းမှာ ဘာသာရေး အရ ခွဲခြားမှုတွေ ရှိတယ် ဆိုတဲ့ အချက်ကို လက်ခံ ပြီးတော့ အကြမ်းဖက် အသွင်ဆောင် ပဋိပက္ခတွေဟာ ဘာသာ တခုရဲ့အကြောင်းကို အခြား ဘာသာဝင်တွေက သေချာ ဂဃဏန မသိတာကနေ နားလည်မှု တွေလွဲပြီး ပဋိပက္ခတွေ ဖြစ်လာတာလို့ သူက သုံးသပ်ပါတယ်။

“ဒါ ခွဲခြားတယ် ဆိုတာတော့ ဟုတ်ပါတယ်။ မြင်နေရတာပဲလေ အားလုံးက။ ရှိတော့ ရှိပါတယ်။ သို့သော်လည်း ဘာသာပေါင်းစုံနဲ့ ပတ်သက်ပြီးတော့ လူတွေမှာ မသိတဲ့ အပိုင်းပေါ်မှာ တဘက်ကိုပဲ စွဲစွဲပြီးတော့ သွားနေတဲ့ အပိုင်း ကျနော် အဲ့လိုပဲ ထင်ပါတယ်။ ရှိတာကတော့ ဟိုးအောက်ခြေ grassroots level မှာ ရှိကောင်းတော့ ရှိတယ်။ ဒါကတော့ ငြင်းဆို လို့လည်း မရပါဘူး။ အဲ့ဒါကလည်း လူတွေက ဘာသာတခုနဲ့ တခု အကြောင်းကို မသိလို့ပဲ ဒီလိုမျိုး ဖြစ်နေတယ်လို့ ကျနော့် အနေနဲ့ သုံးသပ်တယ်။”

မြန်မာနိုင်ငံ တွင်းမှာ ဘာသာရေး ခွဲခြားမှု ကတော့ မြို့ကြီးတွေမှာ သိသိ သာသာကြီး မရှိပေမဲ့ မူဆလင် ဆိုရင် အစိုးရ အလုပ်အကိုင်က စလို့ အားကစား နယ်ပယ် အထိပါ ခွဲခြားမှုတွေ ကတော့ ရှိသင့် သလောက် အခုထိ ရှိနေသေးတယ် ဆိုတာကို တွေ့ရတယ်လို့ အစ္စလာမ် ဓမ္မဗိမာန်က ဦးဆောင် ဆော်သြရေးမှူး ဦးအေးလွင်က ပြောပါတယ်။

“ကျနော်တို့ အစ္စလာမ် ဘာသာဝင်များ အရည်အသွေး၊ အရည်အချင်း ရှိသော်ငြားလည်းပဲ အလုပ် အကိုင်တွေ မရဘူး။ ကျနော်သည် ပင်လျှင် အားကစား နယ်ပယ်မှာ ရွှေတံဆိပ်ဆု ရအောင်လို့ ကြိုးစား ခဲ့ရပါတယ်။ ဒါပေမဲ့လည်း အခြား အခြားသော မိတ်ဆွေတွေ ဆီက ကြားရတာ ကတော့ ဒီအားကစား နယ်ပယ်၊ အနုပညာ နယ်ပယ်၊ စာပေ နယ်ပယ်လို နယ်ပယ်မှာ တောင်မှ ဘာသာရေးကို အကြောင်းပြု ပြီးတော့ နှိပ်ချတာ၊ ခွဲခြားတာတွေ ဆိုတာက ရှိနေပါတယ် ဆိုတာကို ကျနော်တို့ သိနေရပါတယ်။ ဟို အလုပ်အကိုင် ရတာတို့၊ ဒီနိုင်ငံခြားသွားရေး ဆိုတာတွေ ကတော့ ခဏထား လိုက်ဦး။ ပြည်တွင်းမှာကိုက အဲ့ဒီလို ဟာမျိုးလေးတွေက ရှိနေတယ် ဆိုတာကတော့ ဒါ စိတ်မကောင်း ဖွယ်ရာ ဒါ အမှန်တရား တခုပါ။”

ဒီလို ဘာသာရေး အရ ခွဲခြား ဆက်ဆံမှုတွေဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အနှောင့် အယှက် ပေးတဲ့ အနေအထား တရပ် ဖြစ်လာနိုင်တယ် လို့လည်း ဒီမိုကရေစီ၊ လူ့အခွင့် အရေးနဲ့ အလုပ်သမားရေး ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Tom Malinowski က မနေ့က VOA နဲ့ မေးမြန်းခန်းမှာ ထောက်ပြ ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်သစ် မစ္စ Yanghee Lee ကလည်း ဘာသာရေး အသွင်ဆောင် ပဋိပက္ခတွေ၊ အမုန်းစကား ပြန့်ပွားမှုတွေနဲ့ ရခိုင်ပြည်နယ်ရှိ မူဆလင်တွေ အပေါ် ချုပ်ချယ် ကန့်သတ်တာ တွေနဲ့ ပတ်သက်ပြီး စိုးရိမ် မကင်း ဖြစ်ရကြောင်း အစိုးရ အနေနဲ့ တာဝန်သိစွာနဲ့ ထိထိ ရောက်ရောက် ကိုင်တွယ် နိုင်ပါရန် သတင်းစာ ရှင်းပွဲမှာ တိုက်တွန်း ခဲ့ပါသေးတယ်။

စစ်တွေမြို့ ဘောဒူဘ မူဆလင် ဒုက္ခသည် စခန်းကို အမေရိကန် သံအမတ်ကြီး Derek Mitchell နဲ့ အမေရိကန် သံတမန်တွေ သွားရောက်စဉ် (၈ စက်တင်ဘာ ၂၀၁၂)

ဒေါ်ခင်စိုးဝင်း
30.7.2014

ရခိုင်ပြည်နယ်မှာ ဘယ်လို အစီအစဉ်မျိုးပဲ လုပ်လုပ် အနာဂတ်မှာ ယုံကြည်မှု တည်ဆောက် နိုင်ဖို့နဲ့ နားလည်မှု လွဲမှားတာ တွေကို အကာကွယ် ပေးနိုင်ဖို့ အတွက် အစိုးရ အနေနဲ့ရော နိုင်ငံတကာ အသိုင်း အ၀ိုင်း ကပါ လူမှု အဖွဲ့အစည်း တွေကို လက်လှမ်း မှီအောင်၊ ပွင့်လင်း မြင်သာမှုနဲ့ ထိတွေ့ ဆက်ဆံ အကူအညီ ပေးဖို့ အတွက် ရန်ကုန် အမေရိကန် သံရုံးက တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell နဲ့ ဗြိတိန် သံအမတ်ကြီး Andrew Patrick တို့ဟာ ရခိုင်ပြည်နယ်ကို ဇူလိုင်လ ၂၇ နဲ့ ၂၈ ရက်နေ့က ခရီးထွက်ခဲ့ပြီး အမေရိကန် သံရုံးက ကြေညာချက် ထုတ်ပြန် လိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် မေးမြန်း ထားတဲ့ ရန်ကုန် - ဗွီအိုအေ ရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်းက တင်ပြထား ပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell နဲ့ ဗြိတိန် သံအမတ်ကြီး Andrew Patrick တို့ ပူးတွဲ ပါဝင်တဲ့ သံတမန် ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းနဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဦးစီးဌာန၀န်ကြီး ဦးခင်ရီတို့နဲ့ အတူ ရခိုင်ပြည်နယ်ကို ၂ ရက်ကြာ လေ့လာရေး ခရီး ထွက်ခဲ့ ကြတယ်လို့ အမေရိကန် သံရုံး ပြောခွင့်ရ Jamie Ravetz က အခုလို ပြောပါတယ်။

“သံအမတ်ကြီး တို့အဖွဲ့ဟာ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့နဲ့ အနီးတ၀ိုက်ကို သွားပြီး အစိုးရ တာဝန်ရှိသူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ဒေသခံ မြို့မိ မြို့ဖတွေ၊ လူထု အခြေပြု အဖွဲ့အစည်းတွေ၊ လူသားချင်း စာနာမှု အကူအညီ ပေးရေး အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။ ပဋိပက္ခကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေး ခဲ့ရတဲ့ IDP ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး ပကတိ အခြေ အနေကို လေ့လာ ခဲ့ပါတယ်။”

သံတမန် ကိုယ်စားလှယ် အဖွဲ့ဟာ သက်ဆိုင်သူ တွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ဒေသခံတွေရဲ့ စိုးရိမ်မကင်း ဖြစ်ရတာ တွေနဲ့ ရေရှည် ဦးစား ပေးရမယ့် လုပ်ငန်း တွေကိုလည်း မေးမြန်းခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန် သံရုံး အနေနဲ့ ရခိုင်ပြည်နယ်က လူထုအတွက် ပါးလိုတဲ့ အမှာစကားကို ပြောခွင့်ရသူ Jamie Ravetz က အခုလို အလေးအနက် ပြောဆို လိုက်ပါတယ်။

“ရခိုင်ပြည်နယ်မှာ ဘယ်လို အစီအစဉ်မျိုးကိုပဲ လုပ်လုပ် အသိုင်းအ၀ိုင်း နှစ်ခုအကြား အနာဂတ်မှာ ယုံကြည်မှု တည်ဆောက် နိုင်ဖို့နဲ့ နားလည်မှု လွဲမှားတာတွေကို အကာအကွယ် ပေးနိုင်ဖို့ အတွက် အစိုးရ အနေနဲ့ကော၊ နိုင်ငံတကာ အသိုင်းအ၀ိုင်း ကပါ အောက်ခြေ လူမှု အဖွဲ့အစည်း တွေကို ပိုပြီး ထိထိ ရောက်ရောက် လက်လှမ်း မှီအောင် ပွင့်လင်း မြင်သာမှုနဲ့ ကူညီသွားဖို့ တိုက်တွန်း လိုတယ်လို့ ပြတ်ပြတ် သားသား အမှာစကား ပါးလိုပါတယ်။”

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry ကလည်း နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မူဆလင်တွေ အရေးကိုပါ ထည့်သွင်း ပြောဆိုခဲ့ ပါသေးတယ်။ ဘာသာရေး အကြမ်းဖက်မှု တွေကြောင့် မြန်မာနိုင်ငံမှာ ထောင်ဂဏန်း ရှိတဲ့ ရိုဟင်ဂျာ မူဆလင်တွေ အိုးအိမ် စွန့်ခွာ ထွက်ပြေး ကြရတယ်။ နောက်ထပ် လူဦးရေ သောင်းဂဏန်းဟာလည်း လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရှိတဲ့ ညစ်ပတ် စုတ်ပြတ်နေတဲ့ စခန်းတွေမှာ နေထိုင်ကြ ရတယ်လို့ ပြောဆိုသွား ပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသူတွေ အများအပြား ရှိနေတာကြောင့် ရခိုင်ပြည်နယ် အစိုးရကနေ MSF ခေါ် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ကို ပြန်လည် ခွင့်ပြု လိုက်ပါတယ်။ ဒီလို ခွင့်ပြုလိုက်တဲ့ အပေါ် MSF ကတော့ သတိနဲ့ ကြိုဆိုကြောင်း သူတို့အနေနဲ့ လုပ်ငန်းတွေကို အမြန်ဆုံး ပြန်လည် လည်ပတ်နိုင် လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း MSF အဖွဲ့ရဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို နယ်စည်းမထား ဆရာဝန်များ အဖွဲ့ကို ပြန်လည် ခွင့်ပြုလိုက်တဲ့ အပေါ် ဒေသခံတွေက မကျေမနပ် ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ဇူလိုင်လ ၂၉ ရက်နေ့က တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်တဲ့ အချိန်အခါ ဖြစ်ပေါ် နေခြင်းနဲ့ လက်ရှိ နိုင်ငံတကာ မျက်နှာစာမှာ လွန်ကဲစွာ ဝေဖန် သုံးသပ်ခံ နေရခြင်းနဲ့ အတူ ဆိုးရွားတဲ့ မကောင်းတဲ့ ပုံရိပ်တွေကို ဖော်ဆောင် ခံနေရတာတွေကို ထင်သာ မြင်သာရှိအောင် မဖြစ်မနေ အရေးကြီးတဲ့ အချိန်အခါ ဖြစ်လို့ ဒီလို ထုတ်ပြန် ဖိတ်ခေါ်ရခြင်း ဖြစ်တဲ့ အကြောင်း ရေးသား ဖော်ပြထားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့များရဲ့ ရခိုင်ပြည်နယ် အတွင်း ဆောင်ရွက်ချက်တွေ အတွက်လည်း ရခိုင်ပြည်နယ် အစိုးရက လုံးဝ တာဝန်ယူတဲ့ အကြောင်း အဲ့ဒီ တောင်းပန်စာမှာ ဖော်ပြထားပါတယ်။



RB News
29.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ခြေမြန် တပ်ရင်း ၅၃၅ မှ ဗိုလ်ကြီး ဖြိုးကိုကိုက လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် အခြေစိုက် မြေမြန် တပ်ရင်း ၅၃၅ မှ ဗိုလ်ကြီး ဖြိုးကိုကိုသည် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် ၄၀ တွင် တာဝန်ကျနေသူ တစ်ဦး ဖြစ်ပြီး၊ ယနေ့ (ဇူလိုင်လ ၂၉) ရက်နေ့တွင် ခမောင်းဆိပ် ဈေးသို့ ရောက်ရှိလာ၍၊ ခမောင်းဆိပ် မြောက်ရွာမှ ဦးမာမတ်ရော်ရှိတ် (ဘ) ဦးဇာဖောရ် အာလမ်ကို အလုပ် တစ်ခုကို ကျွန်သဖွယ် ခိုင်းစေခဲ့သည်။ ဦးမာမတ်ရော်ရှိတ်က လက်နက်ဖြင့် အနိုင်ကျင့်သည့် ဗိုလ်ကြီး ဖြိုးကိုကို၏ အမိန့်ကို မလွန်ဆန်နိုင်၍ လုပ်ပေးခဲ့သော်လည်း၊ လူမဆန်သည့် တိရစ္ဆာန် သဖွယ် ဗိုလ်ကြီး ဖြိုးကိုကိုက အချိန်ကြာသည်ဟု ဆိုကာ ဈေးတွင် လူအများရှေ့၌ လူမဆန်စွာ ထိုးကြိတ် ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယနေ့သည် မြန်မာနိုင်ငံရှိ အစ္စလာမ် ဘာသာဝင်များ၏ မွန်မြတ်သည့် ၀ါကျွတ် အီးဒ်နေ့ဖြစ်ပြီး၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ များမှာ ပျော်ရွှင်စွာ ကျင်းပနိုင်ခွင့် မရှိသည့် အချိန်၊ နေ့ကြီး ရက်ကြီး၌ ယခုကဲ့သို့ လက်နက်ပြ၍ အနိုင်ကျင့်သည့် အတွက် ခမောင်းဆိပ် ရွာသားများက အလွန် စိတ်ပျက်၍ ဒေါသ ထွက်ခဲ့သော်လည်း အာဏာပိုင်များနှင့် ပဋိပက္ခ ဖြစ်မည်ကို မလိုလားသည့် အတွက် မသိကျိုးကျွံ နေခဲ့ရသည်ဟု ဆိုသည်။

ဒေသခံများက ယခုကဲ့သို့ ကိုယ်ထိ လက်ရောက် စော်ကား နေမှုများကို ပြည်ထောင်စု အစိုးရက ပြင်းထန်သည့် အမိန့်များ ထုတ်ပြန်၍ ရပ်တန့် ပေးရန် လိုကြောင်း၊ အကယ်၍ ယခုကဲ့သို့ လက်နက် အားကိုးဖြင့် ဆက်လက်၍ အနိုင်ကျင့် နေမည်ဆိုလျှင် သည်းခံနိုင်သည့် အတိုင်းအတာ ကုန်ဆုံးလာပါက လက်နက်ကိုင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများနှင့် ဒေသခံများ အကြား ပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ်သည်ဟု ဆိုသည်။

လုပ်ကြံ သတင်း ရောင်းစား၊ ပြဿနာ ရှာနေသည့် ခိုးဝင် ဘင်္ဂလီ - ရခိုင်


RB News
29.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂလီ - ရခိုင် ဗုဒ္ဓဘာသာဝင်များ အများအပြား တရားမ၀င် ခိုး၍ ၀င်ရောက် လာပြီး၊ ဒေသခံ ရိုဟင်ဂျာများနှင့် ပြဿနာ ဖြစ်ပွားရန် အကြောင်း အမျိုးမျိုး ဖန်တီးလျက် ရှိသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီ-ရခိုင် တစ်ဦးသည် မောင်တောမြို့နယ်၊ မြို့မတောင် ရပ်ကွက်မှ ဒေသခံ ရိုဟင်ဂျာ တစ်ဦး ဖြစ်သည့် သားသတ် လိုင်စင် လုပ်ငန်းရှင် ဦးမောင်မောင်စိန် (ခ) ဦးမူရ်တော်ဘီစ်၏ မြို့မ အနောက် ရပ်ကွက်ရှိ နေအိမ်တွင် ငှားရမ်း နေထိုင်လျက် ရှိသည်။ ဇူလိုင်လ (၂၅) ရက်နေ့ ည ၉ နာရီခန့် အချိန်တွင် အမှတ် (၄) ရပ်ကွက်ရှိ အာဖား ကွမ်းယာဆိုင်သို့ သွားရောက်၍ ကွမ်းယာဆိုင် ဆိုင်ရှင်ကို အကြောင်းမဲ့ ပြဿနာ ရှာခဲ့သော်လည်း ဆိုင်ရှင်မှ ပြဿနာ တစ်စုံတစ်ရာ မဖြစ်လိုသဖြင့် ဆိုင်ကို ပိတ်၍ အိမ်ပြန်သွားခဲ့သည်။ ၎င်းသည် ညနေပိုင်း အချိန်များတွင် ဒေသခံ ရိုဟင်ဂျာများ၏ ဆိုင်များသို့ သွားရောက်၍ အကြောင်းမဲ့ ပြဿနာ ရှာခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုးဆုံး အနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်များ အကြောင်းဟု ဆိုကာ လုပ်ကြံ သတင်းများကို မောင်တောမြို့နယ် အာဏာပိုင်များထံ ပေးပို့ပြီး၊ မောင်တောဘက်မှ ဒေသခံ ရိုဟင်ဂျာများ၏ သတင်းများကို ဘင်္ဂလား ဒေ့ရှ် အာဏာပိုင်များထံ လုပ်ကြံ၍ သတင်းရောင်းစားမှုများ အကြီး အကျယ် ပြုလုပ်လျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ထို့အပြင် ၎င်း၏ နေအိမ်တွင် ဓါးရှည် ၁၀ လက်ခန့် စုဆောင်းထားသည်ကို ဒေသခံ အချို့က မြင်တွေ့ခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာများနှင့် နေ့စဉ် အဆက် မပြတ် ပြဿနာ ရှာနေမှုကြောင့် ဒေသခံများ အကြား စိုးရိမ်မှုများ တိုးပွားလျက် ရှိသည်ဟု ဆိုသည်။

Rohingya Exodus