နောက်ဆုံးသတင်း/ဆောင်းပါးများ




MYARF
RB News
November 20, 2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် သိမ်တောင်ပြင် ကျေးရွာ တာဝန်ခံကို ညောင်ချောင်း ကျေးရွာတွင် ယာယီ လုံခြုံရေး တာဝန်ယူ ထားသည့် စစ်သားများက အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၀) ရက်နေ့က ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် ယာယီ လုံခြုံရေး တာဝန်ယူ ထားသည့် စစ်သား (၃) ဦးသည် သိမ်တောင်ပြင် ကျေးရွာသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ အိမ်ကို ၀င်ရောက် စီးနင်းခဲ့သည်။ စစ်သားများက အဆိုပါ အိမ်သို့ ၀င်ရောက် စီးနင်းပြီး အိမ်ရှင်ကို ဖမ်းဆီး၍ ငွေညှစ်ရန် ကြိုးစားခဲ့သော်လည်း အိမ်ရှင်က စစ်သားများ ၀င်လာသည်ကို မြင်၍ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။

ထို့နောက် စစ်သားများသည် သိမ်တောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ သွား၍ ကျေးရွာ တာဝန်ခံ ဦးအဒူလ္လာ (ဘ) ဦးအူလာမျာ (အသက် ၃၅ နှစ်) ကို အပြင်သို့ ခေါ်ထုတ် လာခဲ့သည်။ ကျေးရွာ တာဝန်ခံ ဖြစ်သူက စစ်သားများကို “ဘာအကူအညီ ပေးရမလဲ ခင်ဗျား” ဟု မေးမြန်းရာ စစ်သားများက မည်သို့မျှ ဖြေကြားခြင်း မရှိဘဲ ကျေးရွာ တာဝန်ခံ၏ မျက်နှာကို လက်သီးများဖြင့် ဆင့်ထိုးခဲ့ကြသည်။ ထို့အပြင် စစ်သားများက ဦးအဒူလ္လာကို “မင်းကြောင့် ငါတို့ သူ့ကို မဖမ်းနိုင်ခဲ့တာ၊ မင်းသတင်း ပေးလိုက်လို့ သူလွှတ်သွားနိုင်တာ” ဟု စွပ်စွဲ ပြောဆိုရာ၊ ဦးအဒူလ္လာက မိမိ ဘာမှ မသိကြောင်း၊ တစ်ဦးဦးကို ဖမ်းဆီးရန် လာသည်ကိုလည်း မိမိ အနေဖြင့် တကယ် မသိကြောင်း၊ အကျိုး အကြောင်း ရှင်းပြ ပြောဆိုသော်လည်း စစ်သားများက မသိချင် ယောင်ဆောင်သည်ဟု စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ကျေးရွာ တာဝန်ခံ ဦးအဒူလ္လာသည် ယခု အချိန်ထိ ဆေးကုသမှု ခံယူလျက် ရှိပြီး၊ စစ်သားများ လူမဆန်စွာ ရိုက်နှက်ခြင်းကြောင့် အတွင်း ဒဏ်ရာများ ရရှိခဲ့ပြီး၊ ယခု အချိန်ထိ သက်သာ လာခြင်း မရှိသေးကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
19.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၅) နယ်မြေ လက်အောက်ခံ ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်း အမှတ် (၁၂) တာဝန်ခံ၊ တပ်ရင်း ၅၅၁ မှ ဗိုလ်မှူး ထွန်းလှိုင်ဇော်သည် ဒေသခံ ရိုဟင်ဂျာ လူမျိုးများ အပေါ် လူသား မျိုးနွယ်စု အပေါ် ရာဇ၀တ်မှု ကျူးလွန်ရာ ရောက်သည့် အထိ သတ်ဖြတ် ရမ်းကားမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဗိုလ်မှူး ထွန်းလှိုင်ဇော်သည် နိုဝင်ဘာလ (၇) ရက်နေ့တွင် မောင်တောမြို့နယ် ရွက်ညိုတောင် ကျေးရွာမှ ဦးရှောမ်ရှု (ဘ) ဦးဆယာဒ်အာလမ် (အသက် ၆၀ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့သည့် အပြင် ၎င်းသည် အခြား ဒေသခံ ရိုဟင်ဂျာ (၂) ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဦးရှောမ်ရှုသည် အပြစ်မဲ့ တစ်ဦး ဖြစ်ပြီး ရွက်ညိုတောင် ကျေးရွာရှိ ယခင် န.စ.က စခန်းနှင့် ယခု နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ထမင်းချက် ပေးနေသည်မှာ (၁၅) နှစ်တိုင် ရှိနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

ဗိုလ်မှူး ထွန်းလှိုင်ဇော်သည် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို သတ်ဖြတ်ပြီးနောက် “ငါက လူတစ်ယောက်ကို ဖမ်းတယ်ဆိုရင် အဲဒီလူက အများဆုံး တစ်ပတ်လောက်သာ အသက်ရှင်နိုင်မှာ၊ သုံးယောက် သတ်လိုက်လို့ အခု ငါ့လစာလည်း ၅ သောင်း တက်လာတယ်၊ နောက်ထပ်လည်း ငါ့မှာ အယောက်တစ်ရာ တိတိ သတ်ဖို့ ရှိတယ်” ဟု ပြောဆိုပြီး ဒေသခံ ရိုဟင်ဂျာများကို ပေါ်ပေါ်တင်တင် ခြိမ်းခြောက် လျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။

၎င်းသည် အရက်သေစာများ သောက်စား၍ စခန်း၏ အနီးအနားရှိ ရွာများသို့ သွားရောက်၍ ရမ်းကား လေ့ရှိပြီး၊ နိုဝင်ဘာလ (၁၇) ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် ၎င်း၏ စခန်းမှ စစ်သား (၆) ဦးတို့သည် ကျားခေါင်းတောင် ကျေးရွာ လမ်းမ အနီးရှိ ဆိုင်တစ်ဆိုင်တွင် ထိုင်၍ လမ်းသွား လမ်းလာ ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ ထိုအချိန်တွင် ရေခဲချောင်း ခွဆုံရွာမှ လူငယ် တစ်ဦး ဖြစ်သည့် နူရ်မာမတ် (ဘ) ဦးနူရူအစ္စလာမ် (အသက် ၁၉ နှစ်) သည် ဆိုင်ကယ်မောင်း၍ အိမ်ပြန်နေချိန် စစ်သားများက ရပ်ခိုင်းပြီး ဆိုင်ကယ် ပေါ်မှ ဆွဲချ၍ လူကြီးများကို လေးစားမှု မရှိ၊ ရိုသေမှု မရှိဟု ပြောဆို၍ လူမဆန်စွာ ရိုက်နှက် ခဲ့သည်။ ၎င်းလူငယ်သည် စစ်သားများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဆိုင်ကယ် မောင်း၍ အိမ်မပြန်နိုင် တော့သဖြင့် ကျားခေါင်းတောင် ကျေးရွာသား တစ်ဦး၏ အကူအညီဖြင့် အိမ်ပြန်ခဲ့ရသည်။ စစ်သားများ၏ ရိုက်နှက်မှုကြောင့် ရရှိသည့် ဒဏ်ရာများကို ယခုအချိန်ထိ ဆေးကုသ နေရကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

ထို့အပြင် စစ်သားများသည် ၎င်းတို့နှင့် အတူ ယူဆောင် လာသော ခွေး (၃) ကောင်ဖြင့် ရေခဲချောင်း ခွဆုံ ရွာသို့ သွားနေစဉ် ခွေးများက လမ်းဘေးတွင် အစာစားနေသည့် ဒေသခံ ရိုဟင်ဂျာ တစ်ဦးပိုင် ဆိတ် (၂) ကောင်ကို ကိုက်လိုက် သောကြောင့် ဒဏ်ရာ ရရှိခဲ့သော်လည်း ဆိတ်များကို ပိုင်ရှင်ထံသို့ အပ်နှံခြင်း မရှိဘဲ၊ ရေခဲချောင်း ခွဆုံရွာရှိ အုပ်ချုပ်ရေးမှူး အိမ်သို့ ယူသွားပြီး ချက်ပြုတ် စားသောက် လိုက်ကြောင်း မျက်မြင်သက်သေ တစ်ဦး၏ ပြောပြချက် အရ သိရှိရပါသည်။

ဗိုလ်မှူး ထွန်းလှိုင်ဇော်၏ လုပ်ရပ်များမှာ လူသားမျိုးနွယ်စု အပေါ် ရာဇ၀တ်မှု ကျူးလွန်သည့် အထိ ဖြစ်နေပြီဟု ဒေသခံများက ပြောဆိုလျက် ရှိကြသည်။ ညပိုင်းတွင် ကျေးရွာများထဲသို့ ၀င်ရောက်၍ အကြမ်းဖက်ခြင်းကြောင့် အမျိုးသား အများစုမှာ မိမိတို့၏ နေအိမ်တွင်ပင် မအိပ်ဝံ့ဘဲ တိမ်းရှောင် နေရသည်ဟု ဒေသခံများက ဆိုသည်။

ဒေသခံများက လူသတ်မှုများကို ကျူးလွန်နေသည့် ဗိုလ်မှူး ထွန်းလှိုင်ဇော်ကို အထက် အာဏာပိုင်များမှ စီစစ်၍ အရေးယူ ပေးရန် အထူးလိုလားကြောင်း RB News သို့ပြောပါသည်။



MYARF
RB News
19.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ မလေးရှားနိုင်ငံသို့ အာဏာပိုင်များနှင့် ပူးပေါင်း၍ လူမှောင်ခိုမှုတွင် ပါဝင်နေသူ နှစ်ဦးကို အရေးယူပေးရန် မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာများက တောင်းဆို လိုက်ပါသည်။

နိုဝင်ဘာလ (၁၇) ရက်နေ့ ည (၁၀) နာရီခန့် အချိန်တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာတော့မည့် လူကုန်ကူးသည့် စက်လှေ တစ်စီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်းခြေစောင့်တပ်က ဖမ်းဆီးခဲ့သည်။ စက်လှေပေါ်တွင် လိုက်ပါနေသူ အများစုမှာ ရိုဟင်ဂျာ လူမျိုးများ ဖြစ်ပြီး အမျိုးသမီး (၂၀) ဦး နှင့် ကလေးငယ် (၁၈) ဦး အပါအ၀င် စုစုပေါင်း (၅၉၅) ဦး ပါဝင်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကမ်းခြေစောင့်တပ်က ဖမ်းဆီးလိုက်သည့် စက်လှေသည် ထိုင်းနိုင်ငံမှ ငါးဖမ်း စက်လှေကြီး ဖြစ်ပြီး၊ အဆိုပါ စက်လှေကို မောင်တောမြို့နယ် အာဏာပိုင် များနှင့် ရိုဟင်ဂျာ လူကုန်ကူးသူ နှစ်ဦးတို့ ပူးပေါင်း၍ ငှားရမ်းလာခြင်း ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထိုင်းနိုင်ငံမှ ငှားရမ်းလာသည့် စက်လှေကြီးကို ပင်လယ်ပြင်တွင် ရပ်ထားပြီး၊ မောင်တောမြို့နယ်ရှိ ကမ်းစပ်မှ စက်လှေငယ်များဖြင့် လူများကို တင်ဆောင်ပြီး စက်လှေကြီးသို့ ပို့ဆောင်ကြောင်း ဒေသခံများက ပြောပါသည်။ စက်လှေကြီး၏ အနီးတွင် မြန်မာ ရေတပ်မှ သင်္ဘော တစ်စီး ရပ်၍ လုံခြုံရေး ပေးထားပြီး၊ စက်လှေကြီး အတွက် လိုအပ်သည့် ဆီများကို မြန်မာ ရေတပ်မှ ၀ယ်ယူကြောင်း လွန်ခဲ့သည့်လက မလေးရှား နိုင်ငံသို့ ရောက်ရှိ သွားသူ တစ်ဦးက RB News သို့ပြောပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကမ်းခြေစောင့်တပ်မှ ဖမ်းဆီးလိုက်သည့် စက်လှေကြီးကို နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေ (၆) နာရီ အချိန်တွင် ကော့ဇ်ဘဇား ပြည်နယ်သို့ ယူဆောင် သွားကြောင်း စုံစမ်း သိရှိရပါသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က စတင်ခဲ့သည့် ဒေသခံ ရိုဟင်ဂျာများကို လူကုန်ကူးမှုတွင် မြန်မာ အစိုးရ အာဏာပိုင်များ ကိုယ်တိုင် ပါဝင်နေပြီး၊ ဒေသခံ ရိုဟင်ဂျာ အချို့ကို ၎င်းတို့၏ ပွဲစားများ အဖြစ် ထားရှိ၍ ဝေစုခွဲပေးကြောင်း ဒေသခံများက ပြောပါသည်။

အစိုးရ အာဏာပိုင်များနှင့် အတူ လူကုန်ကူးမှုတွင် တက်ကြွစွာ ပါဝင်လှုပ်ရှား နေသည့် မောင်တောမြို့နယ် ပန်းတောပြင် အရှေ့ရွာမှ ဦးနူနူ နှင့် ဘဂုံးနားရွာ ဦးအနိုဝါရ် ဟူဆောင်း တို့သည် ဒေသခံများကို မလေးရှား နိုင်ငံ သွားရန် လိုက်လံ စည်းရုံးပြီး၊ ၎င်းတို့၏ အိမ်များတွင် စက်လှေ ရောက်ရှိလာသည့် အချိန်ထိ နေရာထိုင်ခင်းပါ စီစဉ် ပေးနေသူများ ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ လွန်ခဲ့သည့် လအတွင်း ၎င်းတို့နှစ်ဦးနှင့် အာဏာပိုင်များ စီစဉ်ခဲ့သော စက်လှေ တစ်စီးမှာ ပျောက်ဆုံးလျက် ရှိကြောင်း စက်လှေပေါ် လိုက်ပါသွားသူ အချို့၏ မိသားစုဝင် များက ပြောပါသည်။ အခြား စက်လှေ တစ်စီး ပေါ်မှ လူအနည်းဆုံး ၈၀ အသတ်ခံရသည်ဟု သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။

ယခု ရက်ပိုင်းတွင် မြန်မာ အစိုးရဘက်မှ မြန်မာ့ ကမ်းရိုးတန်း တလျှောက်တွင် ရေတပ် သင်္ဘောများဖြင့် လုံခြုံရေး တိုးမြှင့် ထားသော်လည်း အဆိုပါ ရေတပ် လုံခြုံရေး များက လူကုန်ကူး နေသည့် စက်လှေများကို ဖမ်းဆီးခြင်း မရှိသည်ကို လေ့လာ တွေ့ရှိ ရပါသည်။

မောင်တောမြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာများက ၎င်းတို့ အနေဖြင့် အဆင့်မြင့် အာဏာပိုင်များထံ လူကုန်ကူးမှုကို မြို့နယ် အာဏာပိုင်များ ကိုယ်တိုင် ငွေယူ၍ ကြီးကြပ် နေခြင်းကို အရေးယူ ပေးရန် အကြိမ်ကြိမ် တိုင်ကြား ခဲ့သော်လည်း အရေးယူ ဟန့်တားခြင်း မရှိကြောင်း၊ မြို့နယ် အာဏာပိုင်များကို အရေး မယူလျှင်လည်း လူကုန်ကူးမှုတွင် တက်ကြွစွာ ပါဝင်လျက် ရှိသော ပန်းတောပြင် အရှေ့ရွာ ဦးနူနူနှင့် ဘဂုံးနားရွာမှ ဦးအနိုဝါရ်ဟူဆောင်း တို့ကို ထိရောက်စွာ အရေးယူ ပေးရန် တောင်းဆိုကြောင်း RB News သို့ပြောပါသည်။




Rohingya Eye
RB News
18.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ ကမ်းခြေတွင် စပါးများ ရိတ်သိမ်း၍ ပုံထားသူ (၃၅) ဦးထံမှ စစ်တပ်က ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၃) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ ကမ်းခြေတွင် စပါးရိတ်သိမ်း၍ ပုံထားသူ (၃၅) ဦးထံမှ ဗျူဟာမှူး ကျေးရွာ အခြေစိုက် စစ်တပ် စခန်းက ငွေကျပ် ၅၀၀၀/- စီညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ အဆိုပါ စစ်တပ် စခန်း တာဝန်ခံက “မင်းတို့ ဘင်္ဂလီတွေ ဖြစ်တဲ့ အတွက် ဒီမှာ ဘာလုပ်လုပ် ငါတို့ကို ပေးမှ လုပ်လို့ ရမယ်” ဟု ဥပဒေမဲ့ စကားများ ပြောဆို ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ငွေညှစ်ခံရသူများက စစ်တပ်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် အခြားသော အာဏာပိုင် များတွင် အာဏာနှင့် လက်နက် ရှိသောကြောင့် ကြောက်ရွံရ၍သာ ပေးခဲ့ရသော်လည်း ယခုကဲ့သို့ မတရား သဖြင့် ငွေညှစ်ခြင်းကို လုံးဝ မကျေနပ်ကြောင်း၊ သို့သော်လည်း နိုင်ငံတော်၏ ဥပဒေက လူမျိုးကို ခွဲခြား၍ အကာအကွယ် ပေးနေသောကြောင့် မိမိတို့အနေဖြင့် အာဏာပိုင်များ အနိုင်ကျင့် သမျှ သည်းခံနေရသည်ဟု ဆိုသည်။ ငွေကျပ် ၅၀၀၀/- စီကို မော်န်ဇူရ် (ဘ) ဦးအုမော်သ်အလီ (အသက် ၂၈ နှစ်) ကို ကောက်ခံခိုင်း ခဲ့ကြောင်း သိရှိရပါသည်။

ငွေညှစ်ခံရသူ အချို့မှာ --

(၁) ဦးအဒူဂေါ်ဖော်ရ် (ဘ) ဦးအဒူကာဒဲရ် (အသက် ၅၀ နှစ်)
(၂) ဦးအဒူကူဒူစ် (ဘ) ဦးအဒူမိုတာလာဖ် (အသက် ၆၅ နှစ်)
(၃) ဦးရှာကဲရ် (ဘ) ဦးအူလ္လာမျာ (အသက် ၅၅ နှစ်)
(၄) ဦးမာမတ်အီဆာခ် (ဘ) ဦးအာသာအူရာမန် (အသက် ၅၅ နှစ်)
(၅) ဦးဆုလ်တာန် (ဘ) ဦးအာသာအူရာမန် (အသက် ၇၅ နှစ်)
(၆) မော်လ၀ီဟာဒိရ်ဟာဆောင်း (ဘ) ဦးအဒူဆော်ဖူရ် (အသက် ၆၅ နှစ်)
(၇) ဦးရှော်ဖီအုလ္လာ (ဘ) ဦးအေရှာသ်အုလ္လာ (အသက် ၅၀ နှစ်) -- တို့အပါဝင် (၃၅) ဦး ဖြစ်ပါသည်။



Rohingya Eye
RB News
18.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ရွာရှိ ဗလီတွင် ၀တ်ပြုနေသော ဒေသခံ ရိုဟင်ဂျာ (၁၀) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၇) ရက်နေ့ နံနက် အာရုဏ်တက် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာ အုပ်စု အလယ်ရွာရှိ ဗလီတွင် ၀တ်ပြုနေသူ (၁၀) ဦးကို ခရေမြိုင် (န.တ.လ) ရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲများ ရောက်ရှိလာပြီး ဗလီကို ၀ိုင်း၍ ဖမ်းဆီးပြီး ခရေမြိုင်ရွာရှိ စခန်းတွင် နှစ်နာရီကြာ ချုပ်နှောင် ထားပြီး (၉) ဦးထံမှ ငွေကျပ် တစ်သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရသူ (၁၀) ဦးမှ (၉) ဦးမှာ ဒုချီးရားတန်း အလယ်ရွာမှ ဖြစ်ပြီး ကျန်သည့် တစ်ဦးမှာ ဥဒေါင်းရွာမှ ကိုယာစီးန် (ဘ) ဦးဖော်ဇော်လ် ဖြစ်ကြောင်း သိရှိရပါသည်။ ဒုချီးရားတန်း အလယ်ရွာမှ (၉) ဦးထံမှ ငွေကျပ် တစ်သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သော်လည်း ဥဒေါင်း ရွာသား ကိုယာစီးန်ကို မကြီးချောင်းရှိ ကင်းစခန်းသို့ ပို့ဆောင်၍ ချုပ်နှောင် ထားခဲ့ပြီး၊ နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် ငွေကျပ် ၅ သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ကိုယာစီးန်သည် ဒုချီးရားတန်းတွင် စပါးရိတ်ရန် ရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ဒုချီးရားတန်းသို့ ရဲများ ၀င်ရောက်ပြီး အထိတ်တလန့် ဖြစ်အောင် လုပ်သဖြင့် ဒေသခံများက ယခင်ကဲ့သို့ ပြဿနာများ ဖန်တီးမည်ကို စိုးရိမ်လျက် ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အလားတူ အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဘဂုံးနား ကျေးရွာရှိ ဈေးသို့ သွားရောက်၍ ဈေးဝယ် လာသူများကို အကြောင်းမဲ့ ဖမ်းဆီးရန် ကြိုးစားရာ ဒေသခံ ရိုဟင်ဂျာ များက ညှဉ်းပန်း နှိပ်စက်ခံရပြီး ငွေညှစ်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေး သောကြောင့် မည်သူ တစ်ဦး တစ်ယောက်ကိုမှ မဖမ်းဆီး နိုင်ခဲ့သော်လည်း ဦးအနူဝါရ်ဟူဆောင်း ပိုင်ဆိုင်သည့် ကားတစ်စီးကို ယူဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
18.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နူရူလ္လာ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့က အပြစ်မဲ့ ဒေသခံ တစ်ဦးကို ဖမ်းဆီး၍ လူကုန်ကူး နေသည်ဟု စွပ်စွဲပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၃) ရက်နေ့ မောင်တောမြို့နယ် နူရူလ္လာ ကျေးရွာရှိ တံတား အနီးမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းကို ဖြတ်ကျော် သွားသော ဒေသခံ ရိုဟင်ဂျာ ဦးအနူဝါရ် ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ အဖမ်းခံရသူ ဦးအနူဝါရ်သည် အဆိုပါ ကျေးရွာမှ ဒေသခံ တစ်ဦး ဖြစ်ပြီး၊ ၎င်းကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လူကုန်ကူး နေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ငါးသိန်း ပေးရန် ညှစ်ရန် ကြိုးစားခဲ့သည်။

မဟုတ်မမှန် လုပ်ကြံ စွပ်စွဲခံရသည့် ဦးအနူဝါရ်က ၎င်းသည် ကျဘမ်း အလုပ်သမား တစ်ဦး ဖြစ်ပြီး၊ လူကုန်ကူးသူ တစ်ဦး မဟုတ်ကြောင်း ပြောဆို၍ တောင်းပန် သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လူမဆန်စွာ ရိုက်နှက်၍ အတင်း အဓမ္မ ၀န်ခံခိုင်းခဲ့ရာ ညှဉ်းပန်း နှိပ်စက်မှု ဒဏ်ကို မခံနိုင်တော့၍ နောက်ဆုံးတွင် ငွေကျပ် တစ်သိန်း ပေး၍ လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နူရူလ္လာ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် နေ့စဉ် နေ့တိုင်း အပြစ်မဲ့ လမ်းသွား လမ်းလာများကို ရိုက်နှက်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခြင်းကြောင်း ဒေသခံ ရိုဟင်ဂျာများ သွားလာရေးပင် ခက်ခဲလျက် ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။



RB News
18.11.2014

ရန်ကုန် ။ ။ မြန်မာနိုင်ငံသို့ အမေရိကန် ပြည်ထောင်စု သမ္မတ ရောက်ရှိခဲ့စဉ်က လူမှုအဖွဲ့ အစည်းများနှင့် တွေ့ဆုံစဉ် ရိုဟင်ဂျာများသည် တရားမ၀င် ၀င်ရောက်လာများ မဟုတ်သဖြင့် နိုင်ငံသား အဖြစ် လက်ခံရမည်ဟု ပြောကြား ခဲ့ကြောင်း သတင်း ရရှိပါသည်။

အမေရိကန် သမ္မတ၏ ခရီးစဉ် အတွင်း နိုဝင်ဘာလ (၁၄) ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးတွင် လှုမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၄) ဦးနှင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် တို့ကို သီးသန့် ခေါ်ယူ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က လက်ရှိ ဒုက္ခသည် ၁၄၀၀၀၀ ကျော်တို့၏ အခြေအနေ၊ လူမျိုးနှင့် ဘာသာအပေါ် အခြေခံ၍ ရိုဟင်ဂျာနှင့် အခြားသော မွတ်စလင်များ လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုများ၊ နိုင်ငံသား ကဒ်ပြားပေါ်တွင် လူမျိုးနှင့် ဘာသာ ဖော်ပြထားခြင်းကြောင့် နိုင်ငံသား ကဒ်သည် လူမျိုးရေး၊ ဘာသာရေး ခွဲခြားနိုင်ရန် လိုင်စင် တစ်ခု ဖြစ်နေကြာင်း ရှင်းလင်း တင်ပြခဲ့သည်။

ဦးရွှေမောင်က ရိုဟင်ဂျာများသည် တရားမ၀င် ၀င်ရောက်လာသူများ မဟုတ်ကြောင်း၊ ရခိုင်ဒေသ၏ တိုင်းရင်းသားများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှစ၍ နိုင်ငံသား အခွင့်အရေးများကို အပြည့်အ၀ ခံစားခဲ့ကြောင်း၊ သို့သော်လည်း ယခုအခါ တရားမ၀င် ၀င်ရောက်လာသူများဟု စွပ်စွဲခံနေရကြောင်း၊ ရိုဟင်ဂျာများသည် ၁၈၂၃ ခုနှစ် မတိုင်မှီကတည်းက မြန်မာနိုင်ငံတွင် နေထိုင်လာသည့် အတွက် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရလည်း မွေးရာပါ နိုင်ငံသား ရထိုက်သူများ ဖြစ်ကြောင်း သမ္မတ အိုဘားမားကို ရှင်းလင်း တင်ပြခဲ့သည်။

တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသူ တစ်ဦး၏ ဆွေးနွေးမှုကို သမ္မတ အိုဘားမားက ဖြေကြားရာတွင် သမ္မတ အိုဘားမားက ရိုဟင်ဂျာ လူမျိုးစုဝင် များသည် တရားမ၀င် ၀င်ရောက်လာသူများ မဟုတ်ကြောင်း၊ ၎င်းတို့သည် မြန်မာနိုင်ငံတွင် ရှေးယခင် ကတည်းက နေထိုင်သူများ ဖြစ်ကြောင်း၊ ၎င်းတို့ကို နိုင်ငံသားများ အဖြစ်လက်ခံ ရမည် ဖြစ်ကြောင်း ထည့်သွင်း၍ ဖြေဆိုခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ၎င်း၏ Facebook နှင့် Twitter စာမျက်နှာများတွင် ရေးသား ဖော်ပြထားပါသည်။

ရိုဟင်ဂျာ ဆိုသည့် အမည်နာမကို သုံးစွဲမည်ဟုသာ ပြောကြားသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက အိတ်ဖွင့် ပေးစာ ရေးသား၍ လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်မှ လည်းကောင်း ကန့်ကွက်ခဲ့သော်လည်း၊ အမေရိကန် သမ္မတ အိုဘားမားက သတင်းစာ ရှင်းလင်းပွဲတွင် လည်းကောင်း၊ သမ္မတ ဦးသိန်းစိန်နှင့် သီးသန့် တွေ့ဆုံရာတွင် လည်းကောင်း ရည်ရွယ်ရှိရှိနှင့် ရိုဟင်ဂျာ ဆိုသည် အမည်ကို သုံးစွဲခဲ့သော်လည်း ကန့်ကွက်ခြင်း မရှိသည်ကို လေ့လာ တွေ့ရှိရပါသည်။



MYARF
RB News
16.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် အခြေစိုက် စစ်စခန်း အမှတ် (၁၂) မှ စစ်သားများက လုယက်ခဲ့သည့် ဆိုင်ကယ် ပိုင်ရှင် လူငယ် တစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၀) ရက်နေ့ ညနေ (၆) နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၅) နယ်မြေ လက်အောက်ခံ ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စခန်း အမှတ် (၁၂) မှ စစ်သား ၁၃ ဦးသည် ရေတွင်းကျွန်းနှင့် ကျားခေါင်းတောင် ကျေးရွာကြားရှိ လမ်းပေါ်မှ မော်တော်ဆိုင်ကယ်ဖြင့် ဖြတ်သွားသည့် ရိုဟင်ဂျာ လူငယ် တစ်ဦးကို ရပ်ခိုင်းခဲ့သည်။

ထို့နောက် စစ်သားများက လူငယ်ထံမှ မော်တော်ဆိုင်ကယ်ကို လုယက်ရာ၊ လူငယ်က ၎င်းတွင် အလွန် အရေးကြီးသည့် ကိစ္စရှိသဖြင့် ဆိုင်ကယ်ကို မယူကြရန် တောင်းပန်သော်လည်း စစ်သားများက ၎င်းတို့ကို ရန်မူသည်ဟု စွပ်စွဲ၍ ဆိုင်ကယ်ကို လုယက်ပြီး လူငယ်ကို ၎င်းတို့၏ ကင်းစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း မျက်မြင် သက်သေ တစ်ဦးက RB News သို့ပြောပါသည်။

ဆိုင်ကယ် လုယက်ခံရပြီး ဖမ်းဆီး ထိန်းသိမ်းခံရသည့် လူငယ်မှာ မောင်တောမြို့ပေါ်မှဟု ယူဆရပြီး၊ ၎င်းကို ချုပ်နှောင် ထားစဉ် ထွက်ပြေးသွားသည်ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပြောဆိုနေသော်လည်း ဒေသခံများက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ထွက်ပြေး သွားရန် မလွယ်ကူကြောင်း၊ ညပိုင်းတွင် ဒေသခံ ရိုဟင်ဂျာများမှာ အရေးကြီး ကိစ္စဖြင့် သွားလာရန်ပင် မဖြစ်နိုင်သဖြင့် ထွက်ပြေးသွားခြင်း မဖြစ်နိုင်ဘဲ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက အစ ဖျောက်လိုက်ခြင်းသာ ဖြစ်မည်ဟု ပြောပါသည်။ ၎င်းလူငယ်နှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်လျက် ရှိနေကြသည်။

အဆိုပါ စခန်းအမှတ် (၁၂) မှ ဗိုလ်မှူးနှင့် ၎င်း၏ လက်အောက်ငယ်သား များသည် ဒေသခံ ရိုဟင်ဂျာ လမ်းသွား လမ်းလာများကို အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ လုယက်ခြင်း၊ စော်ကားခြင်းများ အမြဲတစေ ပြုလုပ်သောကြောင့် စခန်း၏ အနီးတ၀ိုက် ကျေးရွာများမှ ရွာသူရွာသားများ၏ သွားလာရေးပင် အလွန်တရာ ခက်ခဲလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



RB News
16.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဇီးပင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များထဲသို့ ၀င်ရောက်၍ ဥပဒေမဲ့ ရမ်းကားမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဇီးပင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ညပိုင်းတွင် ဧည့်စာရင်း စစ်ရန် ရှိသည်ဟု ဆိုကာ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များ ထဲသို့ ၀င်ရောက်၍ မလိုလားအပ်သည့် ပြဿနာများ ဖန်တီးခြင်း၊ သေတ္တာနှင့် ဗီရိုများကို သေနတ်ဖြင့် ထောက်၍ အတင်း အဓမ္မ ဖွင့်ခိုင်း၍ လုယက်ခြင်းများကို ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် နီးစပ်သူများက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဒုချီးရားတန်းကဲ့သို့ ပြဿနာ ဖြစ်ပွားစေရန် တမင် ဖန်တီး နေခြင်း ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သည့် တစ်ပတ်ခန့်မှ စ၍ ဇီးပင်ချောင်း ကျေးရွာတွင် ညပိုင်း၌ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိပြီး၊ အိမ်ခန်းများ ထဲသို့ ၀င်ရောက် စစ်ဆေးစဉ် အိမ်ရှင်များကို လိုက်ပါခွင့် မပြုသောကြောင့် ဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်းများ ထည့်၍ အမှုဆင် ဖမ်းမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြသည်။

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ဦးဆောင်သည့် ရဲအုပ် (ဒေသ အခေါ် ဗိုလ်လေး) ကလည်း ၎င်း၏ လက်အောက် ငယ်သားများကို ထိန်းသိမ်းနိုင်ခြင်း မရှိဘဲ ဥပဒေမဲ့ ရမ်းကားမှုများကို လက်ပိုက် ကြည့်နေရသည်ဟု ဒေသခံများက ပြောပါသည်။




MYARF
RB News
16.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျောက်ပြင်ဆိပ်နှင့် လှဖိုးခေါင် ကြားစခန်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် အများသုံး ရေကန်တွင် ၀တ်လစ်စားလစ် ရေချိုး နေခြင်းကြောင့် အမျိုးသမီးများ ရေခပ်ရန် အခက်ကြုံနေကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ်နှင့် လှဖိုးခေါင် ကျေးရွာ ကြားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ကျောက်ပြင်ဆိပ် ကျေးရွာ အလယ်ရှိ အများပြည်သူသုံး ရေကန်သို့ ညနေ (၆) နာရီ နောက်ပိုင်း၊ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီးများ ရေခပ်သည့် အချိန်တွင် လာရောက်၍ ၀တ်လစ်စားလစ် ရေချိုးနေသောကြောင့် ဒေသခံ ရိုဟင်ဂျာ အမျိုးသမီးများ ရေခပ်ရန် အလွန် အခက်ကြုံနေရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ရေခပ်ရန် လာသည့် အမျိုးသမီးများကို မဖွယ်မရာ ပြောဆိုမှု ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

ထိုကဲ့သို့ ၀တ်လစ်စားလစ် ရေချိုးခြင်း၊ မဖွယ်မရာ ပြောဆိုခြင်းများနှင့် ပတ်သက်၍ ဒေသခံ ရွာသားများက ကျောက်ပြင်ဆိပ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်၍ အကြောင်းကြားခဲ့သော်လည်း စခန်းမှ တာဝန်ရှိသူ များက အရေးယူ ဆောင်ရွက် ပေးခြင်း၊ ၎င်းတို့၏ တပ်ဖွဲ့ဝင် များကို ဟန့်တားခြင်း လုံးဝ မရှိကြောင်း ဒေသခံများက ပြောပါသည်။

ထို့အပြင် လမ်းသွား လမ်းလာ ဒေသခံများကို အကြောင်းမဲ့ စစ်ဆေးခြင်း၊ ဈေးသည် များထံမှ ငွေကောက်ခံခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ အကြောင်းမဲ့ ရိုက်နှက်ခြင်း များလည်း မကြာခဏ ပြုလုပ်လေ့ ရှိကြောင်း သိရှိရပါသည်။ အမျိုးသမီး များကို ကိုယ်ထဲတွင် ဖုန်းများ ၀ှက်ထားသည်ဟု စွပ်စွဲ၍ စစ်ဆေးစဉ် မဖွယ်မရာများ ပြုလုပ်ကြောင်း ဒေသခံများက ဆိုသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ နှောက်ယှက် နေမှုများကြောင့် ကျောက်ပြင်ဆိပ် ရွာသားများ အနေဖြင့် သောက်သုံးရေ ရရန်ပင် ခက်ခဲလျက် ရှိပြီး၊ ရေခပ်သည့် အမျိုးသမီးများအား ကိုယ်ထိ လက်ရောက် စော်ကားမှုများ ပြုလုပ်ခြင်း၊ ရွာသား များနှင့် ပြဿနာ ဖန်တီးခြင်းများ ဖြစ်ပေါ်လာမည်ကို အထူး စိုးရိမ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
15.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပန်းတောပြင် တံတားအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ရဲအုပ်၏ ရိုင်းပျစွာ ဆက်ဆံမှုကြောင့် ဒေသခံများ သွားလာရေး အတွက်ပင် ခက်ခဲလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယခင်က ရွှေဇားတံတားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ရဲအုပ် (ဒေသ အခေါ် ဗိုလ်လေး) သည် ၀ါးများ တင်ဆောင်လာသည့် စစ်တပ်ပိုင် ကားတစ်စီးကို မချေမငံ ဆက်ဆံမှုကြောင့် စစ်တပ်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ တိုင်ကြားခဲ့သဖြင့် လွန်ခဲ့သည့် နှစ်ပတ်ကျော်က ပန်းတောပြင် တံတား အနီးရှိ ကင်းစခန်းသို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။

ယခုအခါ ပန်းတောပြင် တံတား အနီးရှိ ကင်းစခန်းရှေ့မှ ဖြတ်သန်း သွားလာသော ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ စစ်ဆေးခြင်း၊ အကြောင်းမဲ့ ရိုက်နှက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ အချို့သော လမ်းသွားလမ်းလာ များထံမှ ငွေကြေးများပါ လုယက်ကြောင်း ဒေသခံများက ပြောပါသည်။ ထို့အပြင် အမျိုးသမီး များကို ကားပေါ်မှ ဆင်းခိုင်း၍ မှတ်ပုံတင် စစ်ဆေး ရမည်ဟု ဆိုကာ ၀တ်ရုံချွတ်ခိုင်းခြင်း၊ မဖွယ်မရာများ ပြောဆို ဆက်ဆံခြင်းနှင့် ကိုယ်ထိ လက်ရောက် စော်ကားခြင်းများ၊ အကြမ်းဖက်သည့် လုပ်ရပ်များ နေ့စဉ် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများ၏ ပြောကြားချက် များအရ သိရှိရပါသည်။

ကင်းစခန်းရှေ့မှ ဖြတ်သန်း သွားလာသည့် ကားများမှလည်း ငွေကျပ် ၁၀၀၀/- စီကောက်ခံလျက် ရှိပြီး၊ ကျောင်းသွားသည့် ကျောင်းသား လူငယ်များကို အဆိုပါ ကင်းစခန်း တာဝန်ခံ ရဲအုပ်က “နွားကျောင်းသား၊ ဘင်္ဂလီ ကျောင်းသား၊ ကျောင်းတက်ပြီး ဘာလုပ်လို့ရမှာလဲ” အစရှိသဖြင့် နှိမ့်ချ၍ ရိုင်းစိုင်းစွာ ပြောဆိုမှုများ ပြုလုပ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အဆိုပါ ကင်းစခန်း တာဝန်ခံက ဒေသခံ ရိုဟင်ဂျာများကို လူမဆန်စွာ ဆက်ဆံနေခြင်းကြောင့် ဈေးသွား၊ ဈေးလာများနှင့် ကလေးငယ်များ ကျောင်းသွားရန်ပင် ခက်ခဲလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
15.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သီဟိုဠ် သရက် ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ အိမ်ထဲသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ပြီး မူးယစ်ဆေးများ ထဲပြီး အမှုဆင်၍ လုပ်ကြံ ဖမ်းဆီး ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၂) ရက်နေ့ ည (၁၀) နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း သီဟိုဠ် သရက် ကျေးရွာ (ဟိုက်ရ်ဖာရာ) ဟာဘီရွာရှိ ဦးရှုနာမျာ (ဘ) ဦးဘာဆာမျာ (အသက် ၅၅ နှစ်) ၏ နေအိမ်ထဲသို့ အဆိုပါ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်လာပြီး ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၀င်များက တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသဖြင့် ပြန်လည် ထွက်ခွာ သွားသော်လည်း၊ မိနစ် အနည်းငယ် အကြာတွင် ပြန်လည် ၀င်ရောက်လာပြီး၊ မီးဖိုချောင်ထဲတွင် WY ဆေးပြားများ တွေ့ရှိသည်ဟု ဆိုကာ ဦးရှုနာမျာကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လုပ်ကြံ ဖမ်းဆီးခံရသူမှာ လယ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်ပြီး၊ ဆင်းရဲသော မိသားစု တစ်စုကို ဦးဆောင် နေသူ ဖြစ်ကြောင်း သိရှိရပါသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပထမ အကြိမ် ၀င်ရောက် ရှာဖွေသည့် အချိန်တွင် မီးဖိုချောင်ထဲတွင် WY ဆေးပြားများ ထားရှိခဲ့ပြီး ဒုတိယ အကြိမ်တွင် ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီး၍ ငွေညှစ်ရန် နည်းလမ်း အမျိုးမျိုး သုံးလျက် ရှိပြီး၊ ရဲတပ်ဖွဲ့ဝင် များ၏ အိတ်များထဲတွင် WY ဆေးပြားများ၊ ဘင်္ဂလား ဆင်းမ်ကဒ်များ၊ ထားရှိ၍ အမြဲတစေ လုပ်ကြံပြီး ဖမ်းဆီးခြင်း ပြုလုပ်ကြောင်း ဘူးသီးတောင်မြို့နှင့် မောင်တောမြို့ရှိ ဒေသခံများက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အမှုဆင် လုပ်ကြံ၍ ဖမ်းဆီး သော်လည်း သက်သေ ခိုင်လုံမှု မရှိသဖြင့် ၎င်းတို့၏ လက်ကိုင်တုတ် ပုဒ်မများ ဖြစ်သည့် ပုဒ်မ ၁၄၄၊ ခြေချုပ်ပုဒ်မ၊ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်၍ BD ပြေးများဟု ဆိုကာ ပုဒ်မ ၁၃/၁ ဖြင့် တရားစွဲဆို၍ မတရားသဖြင့် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ကြောင်း ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
15.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၁) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာမှ ဦးမာမတ်ဆော်ယာဒ် (ဘ) ဦးဆော်လာမတ်အုလ္လာ (အသက် ၅၀ နှစ်) သည် မွန်းလွှဲ (၂) နာရီ အချိန်တွင် ကွမ်းခြံမှ ပြန်လာစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီး၍ ၎င်းတို့ကို ရန်ပြုတိုက်ခိုက်သည်ဟု လုပ်ကြံ ပြောဆိုပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ဦးမာမတ်ဆော်ယာဒ် ထံမှ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ပွင့်ဖြူချောင်း ကျေးရွာမှ ရော်ဖိခ်အာလမ် (ဘ) ဦးမော်ဂူအာလမ် (အသက် ၁၉) နှစ်ကို ရိုက်နှက်၍ ၎င်း၏ စက်ဘီးကိုလည်း ဖျက်ဆီးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ အလားတူ အဆိုပါရွာမှ အသက် (၂၁) နှစ် အရွယ် လူငယ် တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးရန် ကြိုးစားရာ ထွက်ပြေး လွတ်မြောက် သွားခဲ့သော်လည်း ထွက်ပြေးစဉ် ချော်လဲ၍ ခြေထောက်တွင် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

နိုဝင်ဘာလ (၈) ရက်နေ့ကလည်း ကျားခေါင်းတောင် ကျေးရွာမှ ဦးရော်ရှိတ်အာမတ် (အသက် ၃၈ နှစ်) သည် ပွင့်ဖြူချောင်း ကျေးရွာသို့ အလည်အပတ် ရောက်ရှိ နေစဉ် တဖက် နိုင်ငံနှင့် စီးပွားရေး လုပ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ ဖမ်းဆီး၍ ငွေကျပ် ၄၇၅၀၀၀/- ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



Rohingya Eye
RB News
15.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာမှ ဒေသခံ တစ်ဦး ကိုင်ဆောင် ထားသည့် မြန်မာ CDMA ဖုန်းကို ဘင်္ဂလားဖုန်းဟု စစ်တပ်က လုပ်ကြံ ပြောဆို၍ ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၂) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာမှ ယခင် ရ.၀.တ ဥက္ကဌ ဟောင်း ဦးနူရ်အာလမ် (ဘ) ဦးရာဘီအုလ္လာ (အသက် ၄၃ နှစ်) သည် ရေခဲချောင်း ခွဆုံ ကျေးရွာရှိ ယောက္ခမ အိမ်မှ ပြန်လာစဉ် မွန်းတည့် (၁၂) နာရီ အချိန်ခန့်တွင် ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်ကြောင်း အဖွဲ့မှ ၎င်းကိုင်ဆောင် ထားသည့် မြန်မာ့ ဆက်သွယ်ရေးမှ CDMA ဖုန်းကို ဘင်္ဂလားဖုန်းဟု ဆိုကာ မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။

ထို့နောက် ဦးနူရ်အာလမ်ကို မင်္ဂလာကြီး ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ထားပြီး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။ ရိုက်နှက်မှုကြောင့် လည်ပင်းတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဦးနူရ်အာလမ်က ၎င်းကို ရိုက်နှက် နှိပ်စက်သည့် ဒဏ်ကို မခံနိုင်တော့၍ စစ်သားများ တောင်းသည့် ငွေကျပ် (၃) သိန်း ပေးခဲ့ရကြောင်း၊ ငွေကျပ် (၃) သိန်း ပေးမှသာ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်းကို မြောက်ဦး ဇာတိ၊ ရခိုင်လူမျိုး ဗိုလ်ကြီး ထွန်းလင်းကျော်က ဦးဆောင်ပြီး၊ ၎င်းသည် ယခင်က ဒုချီးရားတန်း ပြဿနာတွင် ပါဝင် ပတ်သက်ဖူးသူ တစ်ဦးလည်း ဖြစ်သည်။ ဒုချီးရားတန်းတွင် ရိုဟင်ဂျာများကို အပြင်းထန်ဆုံး ညှဉ်းပန်း နှိပ်စက်ခဲ့သူဟု မိမိကိုယ်ကို မိမိ ဂုဏ်ယူ ၀င့်ကြွားသူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။



RB News
15.11.2014

ဘူးသီးတောင် ။ ။ အောက်တိုဘာလ (၃၁) ရက်နေ့ ညပိုင်းတွင် ဘူးသီးတောင်မြို့နယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု အာဏာပိုင်များနှင့် ရခိုင် အစွန်းရောက် များက ပူးပေါင်း၍ လုပ်ကြံ သတင်းဖြန့်ခဲ့ပြီး နောက်ပိုင်းတွင် ဒေသခံ ရိုဟင်ဂျာ များကို ဖမ်းဆီး၍ ငွေညှစ်ခြင်းများ နေ့စဉ်နှင့် အမျှ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၃၁) ရက်နေ့ ညပိုင်းတွင် ဘူးသီးတောင် မြို့နယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု လုပ်ကြံ သတင်း ဖြန့်ပြီးနောက် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ များကို ဖမ်းဆီး၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အာဏာပိုင် များနှင့် ရဲတပ်ဖွဲ့ဝင်များ အားလုံး နီးပါးမှာ ရခိုင် လူမျိုးများ ဖြစ်သည့် အတွက် ရိုဟင်ဂျာ များကို လူမျိုးရေး မုန်းတီးမှု ရှေ့တန်းတင်ပြီး ပိုမို၍ ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ဆိုသည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဘက်ရေးရာ ဆိုင်ရာ လုံခြုံရေး အဖွဲ့ (စ.ရ.ဖ) ကို စေလွှတ်ခဲ့သော်လည်း (၄) ရက်ခန့်မျှ စစ်ဆေးမှုများ ပြုလုပ် ခဲ့ပြီးနောက်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် အေးစေတီ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဘုန်းကြီးဖြင့် တွေ့ဆုံပြီး နောက်ပိုင်းတွင် ဒေသခ့ ရိုဟင်ဂျာ စီးပွားရေး သမားများကို ရဲများကဲ့သို့ ကြမ်းကြမ်း တမ်းတမ်း ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။

ဘူးသီးတောင် မြို့နယ် ရဲစခန်းမှ ရဲများသည် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ များကို နေ့စဉ် အဆက် မပြတ် ဖမ်းဆီးလျက် ရှိပြီး၊ အများစုကို ငွေညှစ်၍ ပြန်လည် လွှတ်ပေးလျက် ရှိသော်လည်း အပြစ်မဲ့ (၃) ဦးကို လက်နက် ကိုင်ဆောင်မှုဖြင့် အမှုဆင်၍ မတရားသဖြင့် ထောင်ချရန် ကြိုးစားလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကွန်ပျူတာ ဆိုင်ဖွင့်၍ အသက်မွေးဝမ်း ကျောင်း ပြုနေသည့် ဒေသခံ ရိုဟင်ဂျာ များကို ရခိုင် လူမျိုး ကွန်ပျူတာ ဆိုင်ပိုင်ရှင်များ၊ ရခိုင် အစွန်းရောက်များနှင့် ဘုန်းကြီးများက ဥပဒေမဲ့ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိနေသည်ဟုလည်း ဒေသခံများက ပြောပါသည်။

ဒေသခံ များက ဗုံးပေါက်ကွဲ ဖြစ်ပွားသည်ဟု လုပ်ကြံခြင်းနှင့် ပတ်သက်၍ ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရ တို့က မြို့နယ် အာဏာပိုင်များနှင့် ရခိုင် အစွန်းရောက် များက ဒေသခံ ရိုဟင်ဂျာ များကို လူမျိုး၊ ဘာသာ ခွဲခြားမှုကို အခြေခံ၍ မတရားသဖြင့် ပြုမှုနေသည် များကို ရပ်တန့် ပေးရန် အထူး လိုလားကြောင်း၊ ယခု ကိစ္စနှင့် ပတ်သက်၍ ဒေသခံ ရိုဟင်ဂျာ အများစုမှာ ငွေညှစ်ခံရခြင်း၊ ညှဉ်းပန်း နှိပ်စက်ခံရခြင်း၊ အမှုဆင် ခံနေရခြင်းများ နေ့စဉ် ကြုံတွေ့ နေရသဖြင့် အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် တောင်းဆိုသည်ဟု ပြောပါသည်။



ကိုမိုးဇော်
15.11.2014

အချိုးကျ ကိုယ်စားပြု စနစ် PR ကျင့်သုံးရေး နဲ့ပတ်သက်ပြီး ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးရာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက ဒီစနစ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီကြောင်း မှတ်ချက် ပြုတာကြောင့် ပြည်သူ့ လွှတ်တော်က ဒီစနစ်ကို မကျင့်သုံးဖို့ ဆုံးဖြတ် လိုက်ပါတယ်။ အမျိုးသား လွှတ်တော် ကတော့ PR စနစ် ကျင့်သုံးဖို့ အတည်ပြု ထားတာ ဖြစ်တာကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အမျိုးသား လွှတ်တော် အပေါ် ဘယ်လို သက်ရောက် မလဲ ဆိုတာတော့ ပြတ်သားမှု မရှိသေးပါဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲ စနစ်ကို လေ့လာဖို့ အတွက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ စနစ် လေ့လာ သုံးသပ်ရေး ကော်မရှင်က FPTP ခေါ် မဲများသူ အနိုင်ရတဲ့ စနစ် ဒါမှမဟုတ် PR ခေါ် အချိုးကျ ကိုယ်စားပြု စနစ် တခုစီကို သီးသန့် ကျင့်သုံးဖို့နဲ့ ဒီစနစ်နှစ်မျိုး ရောနှောတဲ့ ပုံစံ အပါအ၀င် ရွေးကောက်ပွဲ စနစ် ၈ မျိုးကို အောက်တိုဘာလ (၂၁)ရက်နေ့ တင်ပြထားခဲ့ရာက ဒီကနေ့ ပြည်သူ့ လွှတ်တော် အစည်း အဝေးမှာ ထပ်မံ ဆွေးနွေးတာ ဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ကိုယ်စားလှယ်တွေ က ရွေးကောက်ပွဲ စနစ် လေ့လာ သုံးသပ်ရေး ကော်မရှင်က တင်ပြတဲ့ PR နဲ့ ရောနှော အသုံးပြုတဲ့ စနစ် ၂ခုကို ထောက်ခံ ဆွေးနွေးခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက် ဆွေးနွေးပါတယ်။

ဆွေးနွေးပြီးချိန် မှာတော့ PR စနစ်ကို မကျင့်သုံးဖို့ ဆုံးဖြတ် ခဲ့တယ်လို့ ရခိုင် အမျိုးသားပါတီ က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပါတယ်။

" အဲ့လို ဆွေးနွေးပြီးတဲ့ အခါကျမှ လွှတ်တော် ဥက္ကဋ္ဌကြီးက သူ့အနေနဲ့ အချိုးကျ ရွေးကောက်ပွဲ စနစ်ကို ကျင့်သုံးဖို့ နေရာမှာ ဖွဲ့စည်းပုံ အခြေခံခုံရုံးနဲ့ ကိုက်ညီ မကိုက်ညီ ကို ၁၁ လပိုင်း ၁၃ ရက်နေ့က ခုံရုံးကို မေးပါတယ်။ အဲ့ဒီ့အချိန်မှာ ခုံရုံးကနေ ပြီးတော့မှ ၈မျိုး တင်ပြတဲ့အထဲမှာ ၂ ကနေပြီးတော့ ၈ အထိဟာ PR စနစ်ဖြစ်တဲ့ အတွက် ဖွဲ့စည်းပုံ အခြေခံ နဲ့ မကိုက်ညီ ပါဘူး ဆိုတာ ပြန်ကြားတာကို သူပြောပါတယ်။ အဲ့တာကြောင့်မို့ နံပတ်တစ် ဖြစ်တဲ့ နဂို ကျင့်သုံးနေတဲ့ နိုင်သူ အကုန်လုံး ယူဆိုတဲ့ စနစ်ကိုပဲ ကျင့်သုံး တော့မယ်လို့ လွှတ်တော်က ဆုံးဖြတ်လိုက် ပါတယ် ဆိုပြီးတော့ ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။"

PR စနစ် ကျင့်သုံးရေးကို ပြည်သူ့ လွှတ်တော်မှာ အဆို တင်သွင်း ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF က ဦးအောင်ဇင် ကတော့ သူ့အမြင် သဘောထားကို အခုလို ပြောပါတယ်။

" PR နဲ့ပတ်သက် ပြီးတော့ ခုံရုံးရဲ့ ဆုံးဖြတ်ချက်က အတည် ဖြစ်သွားတယ်လေ။ ကျနော်တို့က NDF ရဲ့ ရည်ရွယ်ချက် ကတော့ဗျာ PR စနစ်လေး ဖြစ်သွားရင် ဘာပဲပြောပြော ပေါ့ဗျာ။ လွှတ်တော် ထဲမှာ ပါတီစုံ ပါမယ်။ ဒါ ပထမဆုံး ကျနော်တို့ တင်တဲ့ ရည်ရွယ်ချက်ပေါ့။ ဟုတ်တယ်နော်။ အကယ်လို့ မဖြစ်တော့ လည်းပဲ ကျနော်တို့က အခု လွှတ်တော်မှာ လွှတ်တော်ရဲ့ ရွေးကောက်ပွဲ စနစ် တခုကို စတင်ပြီးတော့ စဉ်းစား ပြီးတော့ တွေးခေါ်တာ ဒီဥစ္စာ တချိန်မှာ လိုအပ်လာတဲ့ အခါ သုံးနိုင်တယ်ဆို သုံးဖို့ပါပဲ။ ဟုတ်ဘူးလား။ အဲ့ဒီ့ ရည်ရွယ်ချက် ပါပဲ ကျနော်တို့က။"

အမျိုးသား လွှတ်တော် ကတော့ PR စနစ် ကျင့်သုံးရေး အတွက် အတည်ပြု ထားပြီး ဒီစနစ် အကောင် အထည် ဖော်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

အခုလို ပြည်သူ့ လွှတ်တော်မှာ PR စနစ်က လက်ရှိ ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှု မရှိကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးက မှတ်ချက် ပေးခဲ့တာဟာ အမျိုးသား လွှတ်တော် အပေါ် သက်ရောက်မှု ရှိမရှိ ကတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် က သူ့အမြင်ကို အခုလို ပြောပါတယ်။

"ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးကနေ ပြီးတော့ အခု ပြည်သူ့ လွှတ်တော်မှာ တင်ပြတဲ့ အခါမှာ မြန်မာနိုင်ငံမှာ PR စနစ် ကျင့်သုံးဖို့ရာ အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲထားခြင်း မဟုတ်ဘူး။ ဒါကြောင့် လွှတ်တော်မှာ ဒီ PR ကို ကျင့်သုံး ဖို့ရာ အတွက် မဖြစ်နိုင်ဘူးလို့ ဆိုရင် အမျိုးသားလည်း အကျုံးဝင် သွားတယ် ဆိုရင် အမျိုးသားမှာလည်း 'First-past-the-post အဲ့လိုဖြစ်သွားဖို့ရာ အတွက် ကျနော်တို့ ကန့်ကွက်လို့ ရနိုင်သေး တာပေါ့။ တကယ်လို့ ကျနော်တို့ ကန့်ကွက်စရာ မလိုပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးအရ ဆိုပြီးတော့ အမျိုးသားမှာလည်း မသုံးတော့ဘူး ဆိုရင် ပြီးသွားနိုင်တာပေါ့။"

လောလောဆည်မှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးက မှတ်ချက်ဟာ အမျိုးသား လွှတ်တော်မှာပါ အကျုံးဝင်တယ် မ၀င်ဘူးဆိုတာ လွှတ်တော် ကိုယ်စားလှယ်တွေကို အသိပေးတာ မရှိသေးဘူး လို့လည်း ပြောပါတယ်။

Proportional Representative ခေါ် အချိုးကျ ကိုယ်စားပြု စနစ်ဟာ မဲရရှိတဲ့ အချိုးပေါ်မှာ မူတည်ပြီး ပါတီတွေကို ကိုယ်စားလှယ်တွေကို ကိုယ်စားပြုပြီး လွှတ်တော်မှာ ပါဝင်ရမှာ ဖြစ်ပါတယ်။ ဒီစနစ်ကိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား ပါတီတွေက ကန့်ကွက် ထားပါတယ်။ နိုင်ငံ အနှံ့အပြား မှာလည်း PR စနစ်ကို ကန့်ကွက်ကြောင်း မကြာခဏ ဆန္ဒ ထုတ်ဖော် ခဲ့ပါတယ်။

ဒီကနေ့ အမေရိကန် သမ္မတ အိုဘာမားနဲ့ အတူ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်မှာ နေ့တ၀က်လောက် ဆွေးနွေးပြီးချိန်မှာ PR စနစ်ဟာ မဖြစ်နိုင်တော့ကြောင်း၊ NLD ပါတီ အနေနဲ့ လွှတ်တော်မှာ လူနည်းစု ဖြစ်ပေမဲ့ တိုင်းပြည် အနာဂတ် အတွက် ဆောင်ရွက် ခဲ့တာ ဖြစ်ကြောင်း ထည့်သွင်း ပြောကြား ခဲ့ပါတယ်။




RB News
14.11.2014

ဘူးသီးတောင် ။ ။ ယခုရက်ပိုင်း အတွင်း ဘူးသီးတောင် မြို့နယ်ရှိ အကျဉ်းထောင်မှ မတရားသဖြင့် ထောင်ဒဏ် ချမှတ်ခံ ထားရသည့် အကျဉ်းသားများစွာကို ဝေးလံသည့် နေရာများသို့ ပြောင်းရွှေ့ ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် အကျဉ်းထောင်မှ မတရားသဖြင့် အကျဉ်းကျခံနေရသည့် ရိုဟင်ဂျာ အကျဉ်းသားများကို ယခု ရက်ပိုင်းတွင် နှစ်ကြိမ်တိုင်တိုင် ဝေးလံသည့် နေရာများသို့ ပြောင်းရွှေ့ ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အကျဉ်းသား တစ်ဦး၏ မိသားစုဝင် တစ်ဦးက အကျဉ်းသား အနည်းဆုံး ၁၀၀ ကျော်ခန့် ပြောင်းရွှေ့ခဲ့ပြီ ဖြစ်ကြောင်း၊ အကျဉ်းသားများ အားလုံးမှာ ရိုဟင်ဂျာ လူမျိုးများ ဖြစ်ကြောင်း၊ သံတွဲ၊ ကျောက်ဖြူ အစရှိသည့် ဝေးလံသည့် နေရာများရှိ အကျဉ်းထောင် များသို့ ပြောင်းရွှေ့လိုက်သည်ဟု ယူဆကြောင်း RB News သို့ပြောပါသည်။ ထောင်ပြောင်းရွှေ့ ခံရသူများ ထဲတွင် မတရား သဖြင့် နှစ်ရှည် ထောင်ဒဏ်ချ ခံရသူများ ပါဝင်သလို လွှတ်ရက်စေ့ နေသူများလည်း ပါဝင်သည်ဟု ၎င်းက ဆိုသည်။

၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ပါဝင် ပတ်သက် နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခံ ရသူများ ဖြစ်ပြီး၊ ဖမ်းဆီးခံရသူ များကို ရှေ့နေ ငှားရမ်းခွင့်၊ ပြန်လည် ချေပခွင့် မပေးဘဲ နှစ်ရှည် ထောင်ဒဏ် ချမှတ် ခဲ့ခြင်း ဖြစ်သည်။ အကျဉ်းခံနေရသူ တစ်ဦး၏ မိခင်က “ဟုတ်ပါတယ်၊ ကျွန်မရဲ့ သားလေးလည်း ပါတယ်၊ သံတွဲကို ပြောင်းလိုက်ပြီ ဆိုတော့ ဘယ်လို လုပ်ရမှန်းတောင် မသိဘူး ဖြစ်နေတယ်။ ပိုဝေးသွားတော့ ပိုပြီး နှိပ်စက်ခံရမှာကိုလည်း စိုးရိမ်တယ်။ သားအတွက်လည်း အရမ်းစိတ်ပူ နေတယ်” ဟုမျက်ရည်စက်လက်ဖြင့် ပြောပါသည်။

လာမည့် ၂၀၁၅ ဇန်န၀ါရီလတွင် ထောင်ဒဏ် ရက်စေ့၍ ပြန်လည် လွတ်မြောက် လာမည့် ညီဖြစ်သူ၏ ထောင်ပြောင်းရွှေ့ သတင်းကို ကြားရသည့် အစ်ကို ဖြစ်သူက “ထောင်ပြောင်းရွှေ့မယ် ကြားလို့ မနေ့က ဘူးသီးတောင် ထောင်မှာ ထောင်ဝင်စာ သွားတွေ့တာ၊ ဒါပေမယ့် မတွေ့လိုက်ဘူးဗျာ၊ ထောင်ပြောင်းလိုက်ပြီတဲ့။ ဘယ်ကို ပြောင်းလိုက်လဲ ဆိုတာကိုလည်း တိတိကျကျ မသိရဘူး၊ မိသားစု အားလုံးက စိတ်မကောင်း ဖြစ်နေသလို စိတ်လည်း အရမ်းပူ နေကြတယ်။ ကျွန်တော့် ညီလေးရဲ့ ကံကြမ္မာမှာ ပြန်လာခွင့်လေး ကုန်ဆုံး နေပြီလား မသိဘူး” ဟု စိတ်မကောင်း ကြီးစွာဖြင့် ပြောပါသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ် များရှိ ဒေသခံ ရိုဟင်ဂျာ များသည် ဘူးသီးတောင် အကျဉ်းထောင်မှ အကျဉ်းသားများ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့လိုက်ခြင်းနှင့် ပတ်သက်၍ ထင်မြင် ယူဆချက် အမျိုးမျိုး ပေးလျက် ရှိကြသည်။ အများစုက နေပြည်တော်သို့ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအ၀င် အမေရိကန် သမ္မတ အိုဘားမားနှင့် ကမ္ဘာ့ ထိပ်သီး ခေါင်းဆောင် အချို့က မြန်မာ အစိုးရ ထိပ်တန်း ခေါင်းဆောင် များနှင့် ရိုဟင်ဂျာ အရေး ဆွေးနွေးခဲ့မှုကို ဂလဲ့စားချေသည့် အနေဖြင့် ရခိုင် လူမျိုး အများအပြား ပါဝင်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့က အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို ၂၀၁၂ ကဲ့သို့ အစုလိုက် အပြုံလိုက် ဖမ်းဆီးရန် ကြိုတင် ပြင်ဆင်နေခြင်းလားဟု စိုးရိမ် ကြောင့်ကြလျက် ရှိနေကြသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန် သမ္မတ အိုဘားမား ပထမ အကြိမ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ်က ရန်ကုန် တက္ကသိုလ်၌ မိန့်ခွန်း ပြောကြား ခဲ့ရာတွင် ရိုဟင်ဂျာဟု အမည် ခေါ်ဝေါ်ခဲ့ခြင်း အပေါ် မကျေနပ်၍ ထိုနေ့ညတွင်ပင် လုံထိန်း ရဲများနှင့် ရခိုင်လူမျိုးများ ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာများ၏ အိမ်များကို မီးရှို့ခဲ့သည့် သာဓက ရှိသည်။

ယခုအခါ သမ္မတ အိုဘားမား ပြန်သွားသည့် နောက်ပိုင်းတွင် ဒေသခံများက မိမိတို့ အပေါ် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ရက်စက်မှုများ၊ နှိပ်စက်မှုများ ပိုမို ပြုလုပ်လာမည်ကို စိုးရိမ် ပူပန်လျက် ရှိနေကြသည်။

အချို့သော ဒေသခံများက နိုင်ငံတကာမှ အကျဉ်းထောင် စစ်ဆေးရေး အဖွဲ့များ ရောက်ရှိလာရန် ရှိသောကြောင့် အကျဉ်းထောင် စံချိန် စံညွန်းနှင့် မညီညွတ်သော၊ နာမည်ဆိုးဖြင့် ကျော်ကြားသော ဘူးသီးတောင် အကျဉ်းထောင်မှ အကျဉ်းသားများကို ထောင်ပြောင်းရွှေ့ခြင်း ဖြစ်မည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။ ယခင်က ထောင်ဝင်စာ တွေ့ခွင့် ရသူများ၏ ပြောပြချက် များအရ အကျဉ်းသား အများစုမှာ ဖော့ရောင် ရောဂါ ခံစားနေရကြောင်း သိရှိရပါသည်။
၂၀၁၂ ခုနှစ် ဇွန်လ နောက်ပိုင်းတွင် မောင်တောနှင့် ဘူးသီးတောင် မြို့နယ် များမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၈၀၀ ကျော်ခန့်ကို အာဏာပိုင်များက မတရားသဖြင့် ဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ထို့အပြင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ရာနှင့်ချီ၍ ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုး တပ်ကာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သေးသည်။



ကိုသားညွန့်ဦး
14.11.2014

သမ္မတ အိုဘားမားဟာ ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမမှာ မြန်မာ အပါအ၀င် အရှေ့တောင် အာရှ ဒေသ လူငယ်တွေနဲ့ တွေ့ဆုံရာမှာ ဒီ ဒေသတွင်း လူငယ်တွေဟာ အနာဂတ် ဒေသ တည်ငြိမ်မှု၊ ဖွံ့ဖြိုးမှု အတွက် အရေးကြီး သလို ဒီအတွက် အမေရိကန် ပြည်ထောင်စု အနေနဲ့ ပူးပေါင်း ကူညီ သွားမယ်လို့ အားပေး ပြောသွား ပါတယ်။ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်း စုကြည်တို့၊ မင်းကိုနိုင် တို့ကို စံထားပြီး ဒေသ ပြောင်းလဲ တိုးတက်မှုကို ဦးဆောင် သွားကြဖို့ ကိုလည်း တိုက်တွန်း သွားပါတယ်။ စိန်ရတု ခန်းမမှာ ပြောကြားတဲ့ သမ္မတ အိုဘားမား မိန့်ခွန်း ကောက်နုတ်ချက် အချို့ကို ကိုသားညွန့်ဦးက တင်ဆက် ပေးမှာပါ။

ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမမှာ ဒီကနေ့ ညနေ ၄ နာရီကစပြီး မြန်မာ အပါအ၀င် အရှေ့တောင် အာရှ လူငယ်တွေနဲ့ တနာရီ နီးပါးကြာ တွေ့ဆုံရာမှာ အရှေ့တောင် အာရှ လူငယ်တွေရဲ့ အရေးပါမှု၊ ဒီလူငယ် တွေကို အမေရိကန် ပြည်ထောင်စု အနေနဲ့ အလေးထားမှု တွေကို အဓိကထား ပြောဆို ခဲ့ပါတယ်။ ဒီဒေသတွင်း လူငယ်တွေဟာ အရှေ့တောင် အာရှတင်မက ၂၁ ရာစု ကမ္ဘာ့ ရုပ်လုံးကိုလည်း ပုံဖော် ပေးမယ့် သူတွေ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောသွားပါတယ်။

“အမေရိကန်နဲ့ အရှေ့တောင်အာရှဒေသ ဆက်ဆံမှု ခိုင်မာနက်ရှိုင်းအောင် အမေရိကန်သမ္မတအနေနဲ့ ဦးစားပေးဆောင်ရွက်သွားနေပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှဒေသ လူငယ်တွေနဲ့ ဆက်ဆံရေး ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ ကျနော်ငယ်စဉ်က ကြီးပြင်းခဲ့တဲ့အတွက် ဒီ ဒေသကို စွဲလန်းတွယ်တာ မိတာကြောင့်တင် မဟုတ်ပါဘူး။ ၁၀ နိုင်ငံပါ အာဆီယံဒေသဟာ ကမ္ဘာလူဦးရေ ၁၀ ပုံတပုံ ရှိသလို အာဆီယံဒေသ လူဦးရေ သုံးပုံနှစ်ပုံဟာ အသက် ၂၅ နှစ်အောက် လူငယ်တွေဖြစ်တယ်ဆိုတာက အဓိက အကြောင်းရပ်ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးလာပြီး ဒီမိုကရေစီ ပေါ်ထွန်းလာနေတဲ့ ဒီဒေသမှာ မတူကွဲပြားမှုတွေ စုံလင်ပါတယ်။ သမုဒ္ဒရာကြီးတွေ၊ ကျွန်းစုတေ၊ သစ်တောတွေ၊ မြို့ပြတွေ ရှိသလို မတူညီတဲ့လူမျိုးစုတွေ၊ ဘာသာအယူအဆတွေ ပေါင်းစုံပါတယ်။ ဒီဒေသဟာ ၂၁ ရာစုကို ပုံဖော်ပေးပါလိမ့်မယ်။”

မြန်မာနိုင်ငံနဲ့ ပတ်သက် လို့တော့ မြန်မာနိုင်ငံဟာ အစဉ်အလာ အရ မတူညီတဲ့ လူမျိုးတွေ၊ မတူညီတဲ့ ဘာသာတွေ ပေါင်းစုထားတဲ့ ဒေသတွင်း စံပြုနေရာ တခုဖြစ်ပြီး မကြာခင် နှစ်တွေ အတွင်း အပြောင်း အလဲတွေ၊ အတိုး အဆုတ် ရှိခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံ အပြောင်းအလဲမှာ လိုအပ်ချက်တွေ ရှိနေသေးတာ ကိုလည်း သမ္မတ အိုဘားမားက သူ့မိန့်ခွန်းထဲ ထောက်ပြသွားပါတယ်။

“လွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာ တိုးတက်မှုတွေမြင်ခဲ့ရတယ်။ ဒါတွေကို လျစ်လျူပြုထားလို့မရပါဘူး။ နိုင်ငံရေးအကျဉ်းသားလွတ်လာတယ်၊ ပြည်သူတွေ နိုင်ငံရေး ဆွေးနွေးပြောဆိုမှုတွေမှာ ပိုပြီး ပါဝင်ခွင့်ရတယ်။ လွှတ်တော်နဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ပေါ်လာတယ်။ ဒါပေမယ့် ဒီလို ပြုပြင်ပြောင်းလဲမှုတွေ မလုံလောက်သေးပါဘူး။ သတင်းထောက်တွေ၊ တိုင်းရင်းသား လူနည်းစုတွေအပေါ် နှိပ်ကွပ် တိုက်ခိုက်မှုတွေ ရှိနေတုန်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖိနှိပ်မှု သွေးခွဲဆက်ဆံခံရမှုတွေ ကြုံနေရတဲ့ လူနည်းစုတွေနဲ့ပတ်သက်လို့ လူ့ရပ်တည် ရှင်သန်မှုဆိုင်ရာ အခြေအနေတွေအပေါ်မှာ အမေရိကန်ပြည်ထောင်စုနဲ့ အထူးစိုးရိမ်မကင်းရှိနေဆဲပါ။”

၁၅ မိနစ်ကျော်ကြာပြောသွားတဲ့ မိန့်ခွန်းထဲမှာပဲ မကြာခင် မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုရဲ့ Peace Corps အစီအစဉ် စတင်မယ်ဆိုတာ ကြေညာသွားသလို ဒီအစီအစဉ်ဟာ အမေရိကန်လူငယ်တွေနဲ့ မြန်မာလူငယ်တွေ ပိုပြီး ထိတွေ့ ဆက်ဆံခွင့်ရမယ့် အစီအစဉ်ဖြစ်တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာတော့ ဒီမိုကရေစီနဲ့အခွင့်အရေးလှုပ်ရှားမှုတွေအတွက် စဉ်ဆက်မပြတ် ကြိုးစား လုပ်ဆောင်သွားဖို့ လိုအပ်ချက်ကို မြန်မာ စကားပုံကို မြန်မာလို ပြောဆိုသွားတာကြောင့် လူငယ်တွေ ပွဲကျခဲ့ပါတယ်။

“မြန်မာ စကားပုံ မှာလည်း ရှိပါတယ်။ ငုတ်မိသဲတိုင် တက်နိုင် ဖျားရောက် ဆိုတာပါပဲ။ ”

အခုခေတ် မျိုးဆက် လူငယ်တွေနဲ့ ပတ်သက်လို့ အရင်က မျိုးဆက် တွေထက် ပိုပြီး အခွင့်အလမ်း ရှိပြီး ကမ္ဘာကို အပြောင်း အလဲ လုပ်နိုင်အောင် စွမ်းအား ပိုရှိနေတယ်လို့ သမ္မတ အိုဘားမားက ပြောဆို အားပေးသွားပါတယ်။

“ဒီဒေသ အနာဂတ်ကို အာဏာရှင်တွေ စစ်တပ်တွေက ပုံဖော် ပြဌာန်းမှာ မဟုတ်ပါဘူး။ စွန့်ဦးထွင်သူတွေ၊ တီထွင်ဖန်တီးသမားတွေ၊ အနာဂတ်ကို မျှော်လင့် စိတ်ကူးသူတွေ၊ လူမှု အသိုင်းအ၀ိုင်းအတွက် ကူညီလုပ်ဆောင်နေသူတွေက ပြဌာန်းရမှာပါ။ ခင်ဗျားတို့ဟာ ဒီလိုဖြစ်အောင် ဦးဆောင်ရမယ့် သူတွေပါ။ ခင်ဗျားတို့ အခု လူငယ်မျိုးဆက်ဟာ ဒီလူမှုအဖွဲ့အစည်းကို ပုံဖော်ဖို့ အရင်မျိုးဆက်တွေထက်ကို ပိုပြီး အခွင့်သာပါတယ်။ ဘာကြောင့်လဲ ဆိုတာကို ခင်ဗျားတို့ဟာ ဘယ်ဒေသ ဘယ်အရပ်ကမဆို အသိပညာတွေကို ရယူနိုင်တဲ့ စွမ်းအားရှိလို့ပါ။ ခင်ဗျားတို့ မိဘ ဘိုးဘွားတွေထက်ကို ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေ ရထားလို့ပါ။ ဒါ့အပြင် ဒေသတွင်းရော ကမ္ဘာအနှံ့က အခြားလူငယ်တွေနဲ့ ခင်ဗျားတို့ အတွေ့အကြုံတွေ ဗဟုသုတတွေကို ဖလှယ်နိုင်ဖို့ အခွင့်အလမ်းတွေ ရနေပါပြီ။ လွန်ခဲ့တဲ့ နှစ် ၂၀၊ နှစ်၅၀ လောက်ကဆိုရင် ဒါမျိုးမဖြစ်နိုင်ခဲ့ပါဘူး။”

ဒေသတွင်း လူငယ်တွေကို ချီးကျူးပြောဆိုရာမှာ နာမည်တွေတပ်ပြီး ထုတ်ဖော်ပြောဆိုကြေညာသွားပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက လူငယ် အမျိုးသား အမျိုးသမီးအချို့လည်း ပါဝင်ပါတယ်။

“ ဝေေ၀နု၊ အကျဉ်းထောင်ထဲမှာ ၇ နှစ် အကျဉ်းချခံခဲ့ရပါတယ်။ ဒါကို သူက ဘ၀တက္ကသိုလ်လို့ ဆိုပါတယ်။ ခဲရာခဲဆစ် ရယူခဲ့တဲ့ ဒီ ဂုဏ်၊ ဒီဘွဲ့ကို သည်းခံခွင့်လွှတ် နားလည်ဖို့ ဒီမိုကရေစီအတွက် စွန့်လွှတ်အနစ်နာခံဖို့အတွက် အသုံးပြုနေပါတယ်။ ခင်ဗျားတို့မှာ မုန်းတီးမှုကို ကျော်လွှားနိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ ခင်ဗျားတို့ တိုင်းပြည်မှာ ဖိနှိပ်ချုပ်ခြယ်မှုထက် လွတ်လပ်မှု ကြီးစိုးဖို့၊ ကြောက်ရွံမှုထက် မျှော်လင့်ချက်ကြီးစိုးနိုင်ဖို့ လုပ်ရပါမယ်။ ခင်ဗျားတို့ တိုင်းပြည်မှာ လမ်းသစ်ထွင်ဖို့ အင်အားရှိပါတယ်။

ဒီလုပ်ငန်းတွေမှာ အမေရိကန် ပြည်ထောင်စုက လက်တွဲ ဆောင်ရွက် လိုပါတယ်။ ခင်ဗျားတို့ အနာဂတ်ကို ဖော်ဆောင်ရာမှာ ဖြစ်နိုင်တဲ့ဖက်က ကူညီချင်ပါတယ်။ ကမ္ဘာကြီးကို ပြောင်းလဲဖို့ လိုအပ်တဲ့ ယန္တယားတွေ၊ အဆက်သွယ်တွေ၊ အထောက်အကူတွေကို ပေးချင်ပါတယ်။ ဒီအတွက် အရှေ့တောင်အာရှ လူငယ် မွေးထုတ်မှု အစီအစဉ်တရပ်ကို တိုးချဲ့ဆောင်ရွက်သွားပါမယ်။ နှစ်တိုင်းလိုလို အရှေ့တောင်အာရှဒေသက လူငယ်ငါးရာကို လေ့လာရေး အစီအစဉ် အတွက် အမေရိကန် ပြည်ထောင်စုကို ခေါ်ယူ သွားပါမယ်။ ဒီအစီအစဉ် ကနေ ခေါင်းဆောင်မှု အတတ် ပညာတွေ အတွေးအမြင် တွေကို ဖလှယ်ကြမှာ ဖြစ်သလို သူတို့ဒေသကို ပြန်ရောက်ရင်လည်း သူတို့ဒေသကို ပိုမိုကောင်းမွန်တဲ့ ဦးဆောင်မှုပေးပြီး ကမ္ဘာကြီးကို အပြောင်းအလဲ လုပ်နိုင်မှာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း လူငယ်တွေကို အားပေးဖို့ အတွက် အမေရိကန် ပြည်ထောင်စု အနေနဲ့ အကူအညီ ပေးသွားမှာ ဖြစ်သလို တဖက်မှာ ထင်ရှားတဲ့ မြန်မာ ခေါင်းဆောင် တွေကို စံပြုပြီး အပြောင်း အလဲ အတွက် လုပ်ဆောင် သွားဖို့ ကိုလည်း တိုက်တွန်း သွားပါတယ်။

“နှစ်စဉ်လိုလို အရှေ့တောင် အာရှ လူငယ် ထိပ်သီး ဆွေးနွေးပွဲကို အမေရိကန်က ပြုလုပ်ပေး သွားမယ် ဆိုတာကို ဂုဏ်ယူ ၀မ်းမြောက်စွာ ကြေညာလိုပါတယ်။ သူတို့ အောင်မြင်မှုတွေကို အပြန်အလှန် ဖလှယ်ပြီး ပိုပြီး အောင်မြင်အောင် ဆောင်ရွက် နိုင်ကြဖို့ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အသုံးချပြီးတော့ ဒေါ်အောင်ဆန်း စုကြည်တို့၊ မင်းကိုနိုင်တို့ကို နမူနာယူပြီး တည်ငြိမ်တိုးတက်တဲ့ အရှေ့တောင် အာရှ ဒေသ ဖြစ်လာအောင် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်။”

သမ္မတ အိုဘားမားဟာ ဒီနောက်မှာတော့ တက်ရောက်လာတဲ့ မြန်မာ အပါအ၀င် အရှေ့တောင် အာရှ လူငယ်တွေနဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။

ယနေ့ ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမတွင် အရှေ့တောင် အာရှ လူငယ်များ ဦးဆောင်မှု အစီအစဉ် အရ ပြုလုပ်သော မြန်မာ လူငယ်များနှင့် တွေ့ဆုံပွဲ၌ မိန့်ခွန်း ပြောနေသော သမ္မတ အိုဘားမား (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

ထက်နိုင်ဇော်
14.11.2014

မြန်မာနိုင်ငံတွင် စုပေါင်း နေထိုင်ကြသည့် ဘာသာမတူသူ လူ့အဖွဲ့အစည်း များကြား စိတ်ရှည် သည်းခံပြီး မတူညီမှုများကို အင်အား အဖြစ် အသုံးချ၍ တိုင်းပြည် တည်ဆောက်ကြရန် အမေရိကန် သမ္မတ အိုဘာမားက တိုက်တွန်း ပြောဆိုလိုက်သည်။

ယနေ့ ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမတွင် အရှေ့တောင် အာရှ လူငယ်များ ဦးဆောင်မှု အစီအစဉ်အရ ပြုလုပ်သော မြန်မာ လူငယ် များနှင့် တွေ့ဆုံပွဲသို့ တက်ရောက် လာသည့် သမ္မတ အိုဘားမားက ရခိုင်ပြည်နယ် စစ်တွေ တက္ကသိုလ်မှ ကျောင်းသား တဦး၏ မေးခွန်းကို အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

စစ်တွေ တက္ကသိုလ်တွင် တက်ရောက် နေသည့် ရခိုင် ကျောင်းသား တဦးက သမ္မတ အိုဘားမားကို “ကျနော်တို့ ဒေသမှာ အားလုံး သိတဲ့အတိုင်းပဲ လူမျိုးရေး ပြဿနာတွေ ရှိပါတယ်။ ကျနော်သိလိုတဲ့ မေးခွန်းက ကျနော်တို့ သက်တမ်းမှာရှိတဲ့ လူငယ်တွေကို ဘယ်လို သည်းခံနိုင်မှုနဲ့ အတူ ရှင်သန်နိုင်အောင် ကြိုးစား ရမလဲဆိုတာ သိချင်ပါတယ်”ဟူ၍ ဖြစ်သည်။

ထိုမေးခွန်းကို သမ္မတ အိုဘားမားက ကမ္ဘာကြီးတွင် လူတိုင်းမှာ ကွဲပြား ခြားနားသော ယုံကြည်မှု၊ ယဉ်ကျေးမှုများ ရှိကြောင်း၊ ထို မတူညီမှုများကို တဦးနှင့်တဦး ဖလှယ်၍ အတူတကွ လက်တွဲလုပ်ဆောင်ကြရန် အလွန် အရေးကြီးကြောင်း ပြန်လည် ဖြေကြား သည်။

“လူတိုင်းဟာ စိတ်ရှည် သည်းခံပြီး နေကြဖို့ အရေးကြီးပါတယ်။ တယောက်ကို တယောက် အားပေးဖို့လည်း လိုအပ်ပါတယ်။ တယောက်နဲ့ တယောက် လေးစားဖို့နဲ့ စိတ်ရှည် သည်းခံစွာနဲ့ ရပ်တည်နိုင်ဖို့ လိုပါတယ်။ သည်းခံနိုင်ဖို့ အရေးကြီးဆုံးပါပဲ”ဟုလည်း သမ္မတ အိုဘားမားက ပြောဆိုသည်။

တိုင်းပြည်တိုင်းတွင် ဘာသာရေးအရ ကွဲပြားမှုများကြောင့် ပြဿနာမျိုးစုံ ကြုံတွေ့နေရကြောင်း၊ မွတ်စလင် ဖြစ်ခြင်း၊ ရှီဟိုက်၊ ဆွန် နီဖြစ်ခြင်း၊ ကက်သလစ်နှင့် ပရိုတက်စတင့် ဖြစ်ခြင်းတို့ကြောင့် တဦးနှင့်တဦး၊ တဘက်နှင့် တဘက် တိုက်ခိုက်နေရပြီး ယနေ့အချိန် အထိ ကမ္ဘာကြီးမှာ မငြိမ်းချမ်းသေးဟု ပြောသည်။

“သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ကြောက်လန့်မှု မရှိဘဲ ပြောပြနိုင်ဖို့ အရေးကြီးတယ်”ဟု သမ္မတ အိုဘားမား က ဆိုသည်။

တခြား ဘာသာဝင်များ၏ စိတ်ဓာတ်အား လေးစားစွာဖြင့် သည်းခံစိတ်ကို အားပေးသည့် စကားမျိုးသာ ပြောဆိုသင့်ကြောင်း၊ ထို ကိစ္စများသည် လူကြိုက်မများသော်လည်း လုပ်ကိုလုပ်ရမည့် ကိစ္စများ ဖြစ်ကြောင်းလည်း ပြောဆိုသည်။

အိုဘားမားက“ဒီလို အမူအကျင့်တွေဟာ တယောက်စီတိုင်းက စမှ ဖြစ်မှာပါ။ အစိုးရဆိုတာလည်း ကဏ္ဍတခုမှာပဲ ဦးဆောင်နိုင်မှာပါ။ အဖွဲ့တွေနဲ့လည်း လုပ်လို့မရပါဘူး။ အားလုံးဝိုင်းလုပ်မှ ရမှာပါ”ဟု ပြောသည်။

သမ္မတ အိုဘားမားနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် မြန်မာလူငယ်တချို့က Illusion၊ Reform is Fake ၊ Change စသည့် ပြည်တွင်းရေးနှင့် သက်ဆိုင်သော အကြောင်းအရာတချို့ကို စက္ကူပေါ်တွင် ရေးသားပြသပြီး ဆန္ဒထုတ်ဖော်မှု ပြုလုပ် ကြသည်ကို လည်း တွေ့ရသည်။

အိုဘားမားက“ကျနော်တို့ ဒီမှာ ဆိုင်းဘုတ်တွေ တွေ့ပါတယ်။ အပြောင်းအလဲ တဲ့၊ နောက်ပိုင်းတော့ မေးခွန်းတွေ မေးနိုင်ပါတယ်။ ဒါကြောင့်မို့လို ဒီနေရာကို လာရောက်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေရာမှာ ဆန္ဒပြစရာတော့ မလိုပါဘူး”ဟု ပြောဆိုသည်။

အမေရိကန် သမ္မတ အိုဘားမားသည် ရန်ကုန်မြို့သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ရောက်ရှိလာပြီး ကိုလိုနီ ခေတ် အဆောက်အဦ တခု ဖြစ်သည့် ၀န်ကြီးများရုံး (အတွင်းဝန်ရုံး) သို့ ၀င်ရောက် လေ့လာ ခဲ့သည်။

ထို့နောက် အမေရိကန် သံရုံးတွင် အရပ်ဘက် လူ့အဖွဲ့အစည်း များနှင့် တွေ့ဆုံပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံ၍ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတခု ကျင်းပခဲ့သည်။

ညနေပိုင်းတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမသို့ ရောက်ရှိလာပြီး မိန့်ခွန်းပြောဆို၍ လူငယ်များ၏ မေးခွန်းများကို ပြန်လည် ဖြေကြားပေးခဲ့သည်။



ကိုသားညွန့်ဦး
13.11.2014

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဟာ နေပြည်တော်မှာ ပြုလုပ်တဲ့ မနေ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံး သုံးခဲ့တဲ့အပေါ်၊ ကန့်ကွက်တဲ့ အကြောင်း ရခိုင်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အတွင်းရေးမှုးချုပ် ထံ စာရေးသား ပေးပို့ခဲ့ ပါတယ်။ မြန်မာ အစိုးရ အနေနဲ့ ရခိုင်ပြည်နယ်တွင်းက မူဆလင် လူနည်းစုတွေကို ဒီအသုံးအနှုံး သုံးတာကို လက်မခံပေမယ့်၊ သူတို့ အပေါ် နိုင်ငံသား ဆိုင်ရာ အခြေခံ ရပိုင်ခွင့် ရဖို့ စီစစ် ဆောင်ရွက်နေ ပါတယ်လို့ ဗွီအိုအေ ကို ပြောပါတယ်။ ရခိုင် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်း ထားတာပါ။

ရခိုင်ဝန်ကြီးချုပ်။ ။ "မစ္စတာ ဘန်ကီမွန်း အနေနဲ့ သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့ အခါမှာ ရိုဟင်ဂျာ အသုံးအနှုံးကို သုံးသွား တာတွေ ရှိပါတယ်။ ကျနော် ပြီးခဲ့တဲ့ နှစ်ပတ်၊ သုံးပတ်က ဆွစ်ဇာလန်က ဂျနီဗာကို ရောက်ခဲ့ပါတယ်။ အဲ့ဒီ့မှာ ကျနော် UN INGO တွေ အကုန်လုံး အပါအဝင် သံတမန်တွေ ကိုရော နောက်ပြီးတော့ ကျနော် မစ္စတာ ကိုဖီအာနန် ကိုလည်း တွေ့ခဲ့ပါတယ်။ ရိုဟင်ဂျာ ဆိုတာ ကျနော်တို့ နိုင်ငံမှာ မရှိပါဘူး။ ကျနော်တို့ နိုင်ငံတော် သမ္မတကြီး အနေနဲ့ လည်း ရေဒီယိုမှာ တရားဝင် မိန့်ခွန်းမှာ ရိုဟင်ဂျာ မရှိဘူး ဆိုတာ ပြောပြီးပါပြီ ဆိုတာ အသိ ပေးထား ခဲ့တာတွေ ရှိပါတယ်။ အခု မစ္စတာ ဘန်ကီမွန်း ကျနော်တို့ နိုင်ငံကို ရောက်တဲ့ အခါမှာ ရိုဟင်ဂျာကို လက်ခံရမှာ ရှိတယ်ဆိုတဲ့ အနေအထား မျိုးနဲ့ ဒီလိုပြောတဲ့ အတွက် ဒါ ကျနော် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တယောက် အနေနဲ့ လက်မခံနိုင်တဲ့ အတွက် ဒါကို မစ္စတာ ဘန်ကီမွန်း ထံကို စာရေး တင်ပြပြီးတော့မှ ဒါကို ကန့်ကွက်တယ် ဆိုတဲ့ အကြောင်း ကျနော် ဆောင်ရွက်တဲ့ အပိုင်း ဖြစ်ပါတယ် ခင်ဗျ။"

VOA ။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဒါကတော့ နံမည် အသုံးအနှုံးမှုနဲ့ပတ်သက်လို့ပေါ့။ ဒါပေမဲ့ တဖက်မှာ ဒီလူနည်းစု မူဆလင်တွေနဲ့ ပတ်သက်လို့ သူတို့က နိုင်ငံသား အခွင့်အရေးပေါ့ နိုင်ငံတကာ စံချိန် စံညွှန်းအတိုင်း ဖြစ်ရမယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ပေါ့ ဝန်ကြီးချုပ် သဘောထား ဘယ်လိုရှိပါသလဲ။

ရခိုင်ဝန်ကြီးချုပ်။ ။ "ဟုတ်ကဲ့။ ဒါကတော့ ကျနော်တို့ Action Plan ဆိုတဲ့ ဟာကို အချောသတ် လုပ်နေပါပြီ။ မကြာမှီမှာ ကျနော်တို့ ကမ္ဘာကို လည်း ဖြန့်ဝေ မှာဖြစ်ပါတယ်။ ဒီအခု ဘင်္ဂလီ လူမျိုးများနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့က ဥပဒေအတိုင်း လုပ်သင့်တာ လုပ်မှာပါ။ ကျနော်တို့က ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံတကာ စံချိန် စံနှုန်းနဲ့အညီ Humanitarian တို့ Human Rights တို့ကိုလည်း လေးစားလိုက်နာပြီးတော့ ဥပဒေဘောင် အတွင်းက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ 82 Act အရ စစ်ဆေးပြီးတဲ့ အခါကျရင် နိုင်ငံသားဖြစ်ရေးကို ဘောင်အတွင်းက လုပ်သွားမှာဖြစ်ပါတယ်။ သို့သော်လည်း ရိုဟင်ဂျာဆိုရင်တော့ ကျနော်တို့ နိုင်ငံမှာ မရှိတဲ့အတွက် ဒါကတော့ ကန့်သတ်ချက် နှောင့်နှေးမှု ရှိတာပေါ့လေ။ "

VOA။ ။ ဟုတ်ကဲ့။ တချို့ကတော့ ငြင်းချက်ထုတ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံး မြန်မာ့နိုင်ငံရေး မှာ သုံးခဲ့ဘူးတာရှိတယ်။ ဥပမာ မြန်မာ့အသံတို့ ဘာတို့မှာဆိုရင် ရိုဟင်ဂျာ အသံဆိုပြီး ပြောခဲ့ဖူးတာတွေရှိတဲ့အခါကျတော့ ရှိခဲ့ဖူးတဲ့ အနေအထားဆိုပြီး ထောက်ပြတဲ့သူတွေလည်း ရှိပါတယ်။ ဒီအပေါ်မှာရော...။

ရခိုင်ဝန်ကြီးချုပ်။ ။ အေးပေါ့လေ။ ပြောရရင်တော့ ဆွေးနွေးမယ် ဆိုရင်လည်း အများကြီးပေါ့လေ။ သို့သော် လူမျိးတမျိုး ဖြစ်ဖို့ မတည်ဖို့ဆိုတာက သမိုင်းနဲ့ချီပြီးမှ လူမျိုးစုကြီးနဲ့ ဆက်စပ်ပြီးမှ ဖြစ်လာတဲ့ဟာမျိုး မှာ ပိုပြီးတော့ ကွန်ဖမ်းဖြစ် ပါတယ်။ နှစ်အနည်းငယ်လောက် အတွင်းမှာ လူမျိုးတမျိုး ပေါ်လာဖို့ ဆိုတာ တော်တော် ခက်ခဲ ပါတယ်ခင်ဗျ။ အရင်တုန်းက ရှိခဲ့ဖူးတယ်ဆိုတဲ့ ဟာတွေကို လည်း သူ့ရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေမှာ ပါဝင်ခဲ့တဲ့ အချက် တချက်ပဲ ဖြစ်ပါလိမ့်မယ်။ မူရင်းဇစ်မြစ်ကို အားလုံး စဉ်းစားမယ်ဆိုရင်တော့ ဒါတွေဟာ ဖြစ်ဖို့ မလွယ်ဘူးပေါ့နော်။ ကျနော်ကတော့ ပြောနိုင်တာကတော့ ကျနော် ဝန်ကြီးချုပ် တယောက်အနေနဲ့ကတော့ ဒီကိစ္စတွေက နိုင်ငံတော်ပိုင်း၊ နိုင်ငံတကာ အပိုင်း နောက် လူထု ဆန္ဒ စသဖြင့် ကျနော်တို့ဆီမှာလည်း လွှတ်တော် အကုန်လုံးရဲ့ အဘက်ဘက်က စဉ်းစားပြီး ချင့်ချိန် ဆုံးဖြတ်ပြီးမှ အနာဂတ်ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တဖက်က သဘောမျိုးဖြစ်တယ် ဆိုရင်လည်း ကျနော်တို့ လူထုအနေနဲ့ကတော့ ယနေ့ ဆန့်ကျင်မှုလေးတွေရှိပါတယ်။"

VOA။ ။ အမေရိကန်သမ္မတ အိုဘားမားကလည်း အခု မြန်မာခေါင်းဆောင်တွေ ။ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့တဲ့အခါမှာ ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်က မူဆလင်လူနည်းစုတွေနဲ့ ပတ်သက်လို့ အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်ချက်တွေ ပြောမယ်လို့ ကျနော်တို့ သိရပါတယ်။ အဓိက အချက်နဲ့ကတော့ နိုင်ငံသားဖြစ်ခွင့်ပါပါတယ်။ နောက်တခုက ခွဲခြားဆက်ဆံခံရတယ် ဆိုတဲ့ စွတ်စွဲချက်တွေပေါ့နော်။

ရခိုင်ဝန်ကြီးချုပ်။ ။ " ဘင်္ဂလီလူမျိုးစုများအနေနဲ့ကလည်း ကျနော်တို့ အခုလက်ရှိ ဆောင်ရွက်နေတဲ့ ဥပဒေဘောင်အတွင်းက လုပ်ငန်းတွေမှာလည်း ပါဝင် ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုတယ်ဆိုတာ ကျနော်တို့ လည်း ဥပဒေအပိုင်း အနေနဲ့ ပြောချင်တာပေါ့နော်။ ကျနော်တို့လည်း သူတို့နဲ့တွေ့ရင် မေးတာက ရိုဟင်ဂျာဖြစ်ချင်တာလား။ နိုင်ငံသား ဖြစ်ချင်တာလား။ ကျနော် ဒီလိုပဲ မေးပါတယ်။ အဲ့တော့ ရိုဟင်ဂျာဆိုတာ တော်တော့်ကို ခက်ခဲ ပြီးတော့မှ စဉ်းစား သုံးသပ်ရမယ့် ကိစ္စကြီး ဖြစ်တာပေါ့။ နိုင်ငံသားဖြစ်ဖို့ဆိုတဲ့ကိစ္စက ၈၂ ဥပဒေအရ ကျနော်တို့က သူ့ဘောင်ထဲ ဝင်သွားတာပေါ့လေ။ ဆိုလိုတဲ့သဘောက ကျနော်တို့က တကယ်ကို ပြောရရင်တော့ ကျနော်တို့ နိုင်ငံအပေါ်မှာ မြေပေါ်မှာ ရောက်ရှိနေတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဘယ်သူ့ကိုမဆို ဘယ် လူသားချင်းကိုမဆို စာနာ သောအားဖြင့် ကျနော်တို့ကတော့ နိုင်ငံတော်အစိုးရရဲ့ မူ အတိုင်း စီမံ ဆောင်ရွက်သွားမှာပါ။ ယနေ့ ကမ္ဘာကြီးက ထင်သလိုမျိုး လုပ်တာတော့ မဟုတ်သေးပါဘူး။ တကယ့် တကယ်ကျတော့ ကျနော်တို့က တဘက်သတ် အပြောခံနေရတဲ့ ပုံစံမျိုးတော့ သွားဖြစ်ပါတယ်။ ဒီတော့ ကျနော်အနေနဲ့ Message ပေးချင်တာကတော့ ကာယကံရှင်များ က ရခိုင်ပြည်နယ် ကို လာခဲ့ပါ။ ကျနော်တို့နဲ့ ဆွေးနွေးပါ။ လူထု နဲ့ ဆွေးနွေးပါ။ ပြီးတော့မှ ဘာလုပ်သင့်တယ်ဆိုတာ အဲ့လိုလေးတွေဆိုရင် ပိုကောင်းတာပေါ့နော်။"

ကိုသားညွန့်ဦး ဆက်သွယ် မေးမြန်း ခဲ့တာပါ။

နိုင်ငံခြားရေး ၀န်ကြီးဌာန ကလည်း ဒီအသုံးအနှုံး အပေါ် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ထံ ကန့်ကွက် ထားတယ်လို့ သိရပါတယ်။ ဒီလို ကန့်ကွက်မှုတွေ ထွက်လာပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဒီကနေ့ ထပ်မံ ထုတ်ပြန်ချက် ထဲမှာတော့ ရိုဟင်ဂျာပဲဆိုဆို ဘင်္ဂါလီပဲ ပြောပြော ရခိုင်လူ့မှု အသိုက် အ၀န်း အတွင်းက လူမှုအဖွဲ့အစည်း နှစ်ရပ်စလုံး ကြားမှာ ရှိတဲ့ စိုးရိမ် ထိတ်လန့်မှုတွေ မကျေမချမ်းမှု တွေကို ဖြေရှင်းပြီး။ သူတို့ရဲ့ အခြေခံ လူ့အခွင့်ရေးတွေ ကို ဆောင်ရွက် ပေးနိုင်ဖို့ အနာဂတ် တည်ငြိမ်မှု ဖြစ်နိုင်မယ်လို့ အတွင်းရေးမှုးချုပ်က ပြောထားပါတယ်။



ဗွီအိုအေမြန်မာပိုင်း
13.11.2014

အမေရိကန် ပြည်ထောင်စုရဲ့ Peace Corps လို့ခေါ်တဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်အားပေး အစီအစဉ် တရပ်ကို မြန်မာနိုင်ငံမှာ ထူထောင် သွားမယ်လို့ အမေရိကန် ပြည်ထောင်စုက ကြေညာ လိုက်ပါတယ်။ ဒါဟာဖြင့် တချိန်က အထီးကျန် ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပြန်ပြီး ပူးပေါင်း ဆောင်ရွက်ရေး အမေရိကန်က ချဲ့ထွင် လုပ်ဆောင် နေတာ တွေထဲမှာ နောက်ဆုံး ထွက်လာတဲ့ နည်းလမ်းပါ။

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်ရဲ့သန္နိဋ္ဌာန်ကို အကောင်းဆုံး ဖော်ပြဖို့ရာ ဒီလိုမျိုး အောက်ခြေ အဆင့်မှာ လူထု အချင်းချင်း ဆက်သွယ် လုပ်ဆောင်တာမျိုး ကနေ တဆင့် ဖော်ပြတာထက် ပိုကောင်းတဲ့ နည်းလမ်း မရှိပါဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူ တော်ရဲ့ ထုတ်ပြန်ချက် တခုထဲမှာ ဖော်ပြထား ပါတယ်။

Peace Corps လုပ်အားပေး ပထမဆုံး အသုတ်ဟာ ၂၀၁၅ ခုနှစ် နှောင်းပိုင်း မြန်မာနိုင်ငံဆီ ရောက်လာမှာ ဖြစ်ပြီး သုံးလကြာ သင်တန်း ပြီးဆုံး ပြီးတဲ့နောက် သက်ဆိုင်ရာ လုပ်ငန်းခွင် တွေမှာ နှစ်နှစ်ကြာ တာဝန် ထမ်းဆောင် ကြပါမယ်။

ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးတွေ တက်ပြီး မြန်မာခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့ သမ္မတ ဘရာ့ခ် အိုဘားမား မြန်မာနိုင်ငံဆီ ရောက်နေချိန်မှာပဲ ဒီ Peace Corps အစီအစဉ် ကြေညာချက် ထွက်လာတာပါ။

Peace Corps အစီအစဉ်ကို ၁၉၆၁ ခုနှစ်မှာ စတင် ထူထောင်ပါတယ်။ အဲဒီအချိန်ကတည်းကစလို့ ကမ္ဘာတ၀န်း လုပ်အားပေး ပေါင်း ၂၂၀,၀၀၀ နီးပါးကို စေလွှတ်ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးလိုကဏ္ဍတွေမှာ ကူညီ လုပ်ဆောင်ပေးကြပါတယ်။ ဒီ အစီအစဉ်ရဲ့ ရည်မှန်းချက်တစိတ်တပိုင်းကတော့ အမေရိကန်လူထုနဲ့ တခြားနိုင်ငံတွေက လူထုတွေအကြောင်း နားလည်မှု ပိုရလာ စေဖို့ပါ။

မြန်မာနိုင်ငံဟာ Peace Corps အစီအစဉ်မှာ ပါဝင်တဲ့ ၁၄၁ ခု မြောက် နိုင်ငံ ဖြစ်လာ ပါမယ်။ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား အားကောင်းတဲ့ ပူးတွဲ လုပ်ဆောင်မှုနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတွေ ရှိနေတာကို ဒီအစီအစဉ်က နောက်ထပ် သက်သေပြ လိုက်တာဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။



ဥာဏ်ဝင်းအောင်
12.11.2014

အာရှဒေသတွင်း အရေးတကြီး ကိုင်တွယ်ရမယ့် ကိစ္စတွေထဲမှာ မြန်မာ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးဟာ တချက် အပါအဝင် ဖြစ်တယ်လို့ အာဆီယံ ထိပ်သီး ညီလာခံကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နေပြည်တော်မှာ ဒီကနေ့ ပြောကြား လိုက်ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ် အတွင်း မူဆလင် လူနည်းစုတွေ ကိစ္စမှာ နိုင်ငံတကာ စံနှုန်းတွေနဲ့ အညီ ကိုင်တွယ် ဆောင်ရွက်ဖို့ မစ္စတာ ဘန်ကီမွန်းက တိုက်တွန်း သွားပါတယ်။ သူ့ရဲ့ပြောကြားချက် တွေနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က ကောက်နှုတ် တင်ပြ ထားပါတယ်။

လက်ရှိ မြန်မာအစိုးရက လုပ်ဆောင်နေတဲ့ မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုဟာ အဆုံးအဖြတ် ပေးရမယ့် အချိန်ကို ရောက်နေပြီလို့ နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံ အဖွင့်နေ့ ဒီကနေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။
“ရှေ့နှစ် ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အားလုံးပါဝင်ခွင့်ရပြီး ပွင့်လင်းမြင်သာမှု ရှိဖို့လိုကြောင်း၊ ဒီမိုကရေစီ ပြောင်းလဲရေးကို အဆုံးအဖြတ် ပေးနိုင်မယ့် အရေးပါလှတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း” မစ္စတာဘန်ကီမွန်းက ပြောကြားသွားတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ ဒီကနေ့မှာ မြန်မာဒုသမ္မတ အပါအဝင် အစိုးရအဆင့်မြင့် အရာရှိကြီးတွေနဲ့ တွေ့ဆုံဆွေးနွေ့းပြီး ရခိုင်အရေးနဲ့ ပတ်သက်လို့လည်း တိုက်တွန်း ပြောကြားသွားပါတယ်။

“မြန်မာအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို စိတ်အားထက်သန်စွာနဲ့ ပြီးမြောက်အောင် လုပ်ဆောင်စေချင်ကြောင်း၊ ရခိုင်ပြည်နယ်မှာ ခွဲခြားဆက်ဆံခံနေရတဲ့ ရိုဟင်ဂျာတွေ အကြမ်းဖက်မှုနဲ့ ရင်ဆိုင်နေရတာကို သူ့အနေနဲ့ စိုးရိမ်ကြောင်း” မစ္စတာဘန်ကီမွန်းက ပြောသွားတာပါ။

လူနည်းစု ရိုဟင်ဂျာတွေကို နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်တွေမှာ မြန်မာနိုင်ငံရဲ့ ဥပဒေတွေအတိုင်း ဆောင်ရွက်နေတာ မှန်ပေမဲ့ နိုင်ငံတကာရဲ့ စံချိန်စံနှုန်းတွေနဲ့အညီ လုပ်ဆောင်ဖို့ လိုကြောင်းလည်း မစ္စတာဘန်ကီမွန်းက ဒုသမ္မတနဲ့ အဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။ ရိုဟင်ဂျာ လူနည်းစုတွေကို လူသားချင်းစာနာမှု အထောက်အကူ ရရှိစေဖို့နဲ့ အခြေခံ လူ့အခွင့်အရေးတွေပေးဖို့ မြန်မာခေါင်းဆောင်တွေကို သူက တိုက်တွန်းခဲ့တာပါ။ မစ္စတာဘန်ကီမွန်း ပြောတဲ့ ရိုဟင်ဂျာ ဆိုသူတွေကို မြန်မာအစိုးရကတော့ တဖက်နိုင်ငံက ၀င်လာကြတဲ့ ဘင်္ဂါလီတွေလို့သာ တောက်လျှောက် သုံးနှုန်းလာခဲ့တာပါ။

အခုဆိုရင် နိုင်ငံအတော်များများမှာ သည်းခံနားလည်မှုတွေ ကျဆင်းပြီး အစွန်းရောက်မှုတွေ တိုးလာနေချိန်မှာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်မှာ အောင်မြင်အောင် လုပ်ပြပြီး၊ နိုင်ငံတကာရဲ့ နားလည်မှုကို ပိုပြီးရယူဖို့ လိုတယ်လို့ မစ္စတာဘန်ကီမွန်းက ပြောပါတယ်။ မစ္စတာဘန်ကီမွန်းဟာ မနက်ဖြန်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ သီးသန့်တွေ့ဆုံဖို့ ရှိပါတယ်။

သူ့ရဲ့ဒီကနေ့ ပြောဆိုချက်တွေထဲမှာ အာရှဒေသတွင်း အရေးတကြီး လုပ်ဆောင်ဖို့လိုတဲ့ အပြောင်းအလဲ ၃ ခု ရှိကြောင်း၊ အဲဒီထဲမှာ အာရှရဲ့ ပင်လယ်ပြင်တွင်း ရေပိုင်နက် အငြင်းပွားမှုကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ အာဆီယံ ခေါင်းဆောင်တွေနဲ့ အာရှခေါင်းဆောင်တွေကြားမှာ တာဝန်ရှိတယ်လို့ ထောက်ပြသွားပါတယ်။ ဒါမှသာ နိုင်ငံတွေကြား အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင် နိုင်လိမ့်မယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် ဒေသတွင်း တည်ငြိမ်အောင် ဒီမိုကရေစီရေး လူ့အခွင့်အရေးတွေကို တိုးမြှင့်လုပ်ဆောင် သွားကြဖို့ကိုလည်း မစ္စတာဘန်ကီမွန်းက အလေးပေး ပြောဆိုသွားပြီး၊ ကမ္ဘာမှာ ကြောက်လန့်ဖွယ်ရာ ဖြစ်ပွားပျံ့နှံ့နေတဲ့ အီဘိုလာရောဂါ ပြဿနာကိုလည်း ပြောသွားပါတယ်။ တခါ ရာသီဥတုဖောက်ပြန် ပြောင်းလဲနေတဲ့ ကိစ္စကို ထိန်းနိုင်ဖို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ လျှော့ချရေး ကိစ္စမှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ တရုတ်သမ္မတ ရှီကျင့်ပင် တို့ သဘောတူညီချက် ထုတ်ပြန်ခဲ့တာကိုလည်း သူကကြိုဆိုလိုက်ပါတယ်။



ကိုအောင်လွင်ဦး
ဗွီအိုအေမြန်မာပိုင်း
12.11.2014

မြန်မာနိုင်ငံကို ဒုတိယ အကြိမ် ခရီးစဉ် အဖြစ် သွားရောက်နေတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား အနေနဲ့ မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေတဲ့ အခြေအနေ တွေကို အာရုံစိုက် ဆွေးနွေးမှာ ဖြစ်တဲ့ အကြောင်း အမေရိကန် အစိုးရ အဆင့်မြင့် အရာရှိတွေက ပြောပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေး ပွဲတွေ တက်ရောက်ရင်း သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ရောက်ရှိစဉ် အစိုးရ အရာရှိတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး တိုင်းပြည်မှာ ရင်ဆိုင်နေ ရတဲ့ စိန်ခေါ်မှုတွေ ဆွေးနွေး ကြမှာပါ။ အပြည့်အစုံ ကိုတော့ ကိုအောင်လွင်ဦး က တင်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်း များစွာ ပိတ်ဆို့ထားတဲ့ အခြေအနေ ကနေ ပြောင်းလဲ လာတာတွေကို လွန်ခဲ့တဲ့ ၅ နှစ်အတွင်း သိသိသာသာ တွေ့ခဲ့ရပေမဲ့ ပြုပြင် စရာတွေလည်း ရှိနေဆဲမို့ ဒီကိစ္စတွေကို အမေရိကန် သမ္မတရဲ့ ခရီးစဉ်မှာ ဆွေးနွေးမှာ ဖြစ်တဲ့ အကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေးပုဂ္ဂိုလ် Ben Rhodes ကပြောဆို လိုက်တာ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ နေ့ချင်းညချင်း မဖြစ်နိုင်ဘူးဆိုတာ မှန်ပေမဲ့ အခွင့်အလန်းကောင်းကို လက်မလွတ်ဖို့ လိုတယ်လို့လည်း သမ္မတ အိုဘားမား တက်ရောက်ခဲ့တဲ့ အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ထိပ်သီးညီလာခံ ကျင်းပရာ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့တာပါ။

ဒါကြောင့်လည်း တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ခရီးဆက်တဲ့အခါ ဒီကိစ္စတွေကို သမ္မတ အိုဘားမား အနေနဲ့ အဓိကထားမှာ ဖြစ်တယ်လို့လည်း အမေရိကန် အမျိုးသား လုံခြုံရေးအရာရှိ Ben Rhodes က ပြောပါတယ်။

“တိုးတက်မှု မတွေ့ရဘဲ ကြီးကြီးမားမား စိန်ခေါ်မှုတွေ ကြုံနေရတာတွေက ကျနော်တို့အတွက် စိုးရိမ်စရာ ကိစ္စတွေလို့ ထင်ပါတယ်။ အခုခရီးစဉ်မှာလည်း ကဏ္ဍ ၃ ခုကို ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။ တခုကတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ပါ။”

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ ရပ်တန့်နေတယ်၊ နောက်ပြန်ဆွဲတာတွေတောင် ရှိနေတယ်လို့ ပြည်တွင်းပြည်ပက ဝေဖန်သံတွေ ထွက်ပေါ်နေသလို၊ သမ္မတအိုဘားမားရဲ့ အခုခရီးစဉ်မှာ ဒီကိစ္စတွေကို အလေးထား ဆွေးနွေးဖို့ ၀ိုင်းဝန်း တိုက်တွန်းနေချိန်မှာပဲ အမေရိကန် အစိုးရတာဝန်ရှိသူတွေရဲ့ ပြောကြားချက်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်မီမှာပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ယှဉ်ပြိုင်နိုင်ခွင့် မရှိပဲ ဖြစ်နေရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး မြန်မာအစိုးရ တာဝန်ရှိသူတွေကို ဖိအားပေးဖို့လည်း အမေရိကန် လွှတ်တော်အမတ် ၂၀ ကျော်က တိုက်တွန်းခဲ့ကြတာပါ။

အမေရိကန် အမျိုးသား လုံခြုံရေးအရာရှိ Ben Rhodes ကတော့ အမေရိကန်အစိုးရ အနေနဲ့ မြန်မာ့အရေး လှုပ်ရှားနေသူတွေလိုပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပတာကို မြင်ချင်တယ်လို့ ပြောပါတယ်။

“ရှေ့နှစ်ရွေးကောက်ပွဲတွေမှာ မြန်မာလူထုအနေနဲ့ ကိုယ်ကြိုက်တဲ့ ခေါင်းဆောင်ကို ရွေးချယ်နိုင်မယ့် ယုံကြည်စိတ်ချရတဲ့ အခြေအနေမျိုး ဖြစ်လာဖို့ ကျနော်တို့လည်း မျှော်မှန်းထားပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံတွင်းက အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကိုလည်း အားပေးပါတယ်။ ရွေးကောက်ပွဲ တခုတည်းနဲ့တော့ ပြဿနာတွေ အားလုံးက ပြေလည်သွားမှာ မဟုတ်ပါဘူး။ ကိုယ့်အတွက် ခေါင်းဆောင်ကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး၊ စစ်ဖက်ကနေ အရပ်ဖက် အုပ်ချုပ်ရေးအဖြစ် အပြည့်အ၀ အသွင်ကူးပြောင်းနိုင်ဖို့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးလည်း လိုပါတယ်။”

သမ္မတ အိုဘားမား အနေနဲ့ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံရာမှာလည်း ရှေ့နှစ် ရွေးကောက်ပွဲအတွက် စီစဉ်ထားတာတွေ၊ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် အမေရိကန်လို အနောက်နိုင်ငံတွေက အကောင်းမြင်လွန်းနေတဲ့အကြောင်း သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်မီမှာပဲ သတိပေးထားတာပါ။

အမေရိကန် အမျိုးသား လုံခြုံရေးအရာရှိ Ben Rhodes ကတော့ ထိတွေ့ဆက်ဆံမှုတွေနဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စုက ယုံကြည်ထားတဲ့ အကြောင်း ပြောပါတယ်။ ဒါကြောင့်လည်း အခုခရီးစဉ်မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ သာမက လူငယ်တွေနဲ့ပါ သမ္မတ အိုဘားမား ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံ အနာဂတ်အတွက် အလေးထား တာကြောင့်ရော၊ တကယ့် အခွင့်အလန်း ကောင်းတွေကိုပါ တွေ့နေရ တာကြောင့်၊ ကျနော်တို့ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ ဆက်ဆံနေတယ် ဆိုတာကို သတင်းစကား ပါးနေရတာပါ။ ဒါပေမဲ့ အခွင့်အလန်း ကောင်းကို လက်မလွတ်ဖို့ကတော့ လမ်းကြောင်းမှန် အတိုင်း ဆက်လျှောက်ဖို့နဲ့ မကြာသေးခင်က ကြုံခဲ့ရတဲ့ စိန်ခေါ်မှုကြီးတွေကြောင့် လမ်းချော် မသွားဖို့လည်း လိုပါတယ်။”

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နောက်ထပ် စိန်ခေါ်မှုတွေ အဖြစ်နဲ့လည်း ရခိုင်ပြည်နယ်က ပဋိပက္ခတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြေလည်မှု မရသေးတာတွေကိုလည်း သမ္မတအိုဘားမား ဆွေးနွေးမှာ ဖြစ်တယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေးအရာရှိ Ben Rhodes ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှု အကူအညီ လိုအပ် နေတာတွေ၊ မြန်မာ အစိုးရက ဘင်္ဂါလီလို့ သတ်မှတ် ထားတဲ့ ရိုဟင်ဂျာတွေ နိုင်ငံသား အဖြစ် လက်ခံနိုင်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးဦးမှာပါ။ ဒီလိုပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းနေပေမဲ့ ငြိမ်းချမ်းရေး မရနိုင်သေးတာတွေကို ဆွေးနွေးမယ်လို့လည်း အမေရိကန် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေးပုဂ္ဂိုလ် Ben Rhodes က ဘေဂျင်းမြို့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။



Rohingya Eye
RB News
10.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့များ၏ တာဝန်ကို အခမဲ့ ထမ်းဆောင် ပေးနေသည့် ဒေသခံ ရိုဟင်ဂျာ ကင်းသမားများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က အကြောင်းမဲ့ ရိုက်နှက်၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်ရှိ ရွာများ၏ လုံခြုံရေး တာဝန်များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က ထမ်းဆောင် ရမည် ဖြစ်သော်လည်း၊ ရွာများရှိ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို တစ်လလျှင် နှစ်ကြိမ်စီ ညပိုင်း လုံခြုံရေး ကင်းသမားများ အဖြစ် မလုပ်မနေရ အခမဲ့ ထမ်းဆောင် ခိုင်းစေလျက် ရှိသည်။ တစ်ညလုံး မအိပ်ဘဲ ကင်းစောင့် ရသည့် ဒေသခံ ရိုဟင်ဂျာ ကင်းသမား များက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းလှည့် နေစဉ် အချိန်တွင် အော်ဟစ်ခြင်း၊ ဓါတ်မီးထိုးခြင်းများ ပြုလုပ်ရန် ပျက်ကွက်ပါက ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်၍ ငွေညှစ်လေ့ ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နိုဝင်ဘာလ (၈) ရက်နေ့ ညသန်းခေါင်ယံ (၁) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ မဒီနာရွာတွင် ကင်းစောင့် နေသည့် ဒေသခံ ရိုဟင်ဂျာ (၄) ဦးကို နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းလှည့် နေစဉ် တစ်နေရာထဲတွင် မတွေ့ဟု ဆိုကာ ခြေထောက်ဖြင့် ကန်၍ လက်သီးများဖြင့် ထိုးကြိတ်ပြီး ငွေကျပ် နှစ်သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုသို့ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် ငွေညှစ်ခြင်းကို နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တစ်ဦးက ဦးဆောင်၍ ပြုလုပ်ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ရိုက်နှက်ခံရပြီး ငွေကျပ် နှစ်သောင်းစီ ညှစ်ခံရသည့် ဒေသခံ ရိုဟင်ဂျာ (၄) ဦးမှာ ---

(၁) ရှာမ်မျာ (ဘ) ဦးနာဂူမျာ (အသက် ၂၈ နှစ်)
(၂) ဦးဟာလူ (ဘ) ဦးဆီဒိတ် (အသက် ၃၅ နှစ်)
(၃) နာဇီရ်ဟူစိန်း (ဘ) ဦးဖော်ဇော်လ် (အသက် ၂၇ နှစ်)
(၄) ကေဖာယာသ် အူလ္လာ (ဘ) ဦးရှုနာလီ (အသက် ၂၅ နှစ်) -- တို့ဖြစ်ပါသည်။

ရပ်ရွာ လုံခြုံရေးမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တာဝန် ဖြစ်သော်လည်း၊ ဒေသခံ ရိုဟင်ဂျာများကို အခမဲ့ ခိုင်းသည့် အပြင် ယခုကဲ့သို့ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခြင်းမှာ အလွန် စက်ဆုပ် ရွံ့ရှာစရာ ကောင်းသည်ဟု ဒေသခံများက ပြောပါသည်။



RB News
10.11.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မြို့နယ် အာဏာပိုင်များနှင့် ရခိုင် အစွန်းရောက် များက အောက်တိုဘာလ (၃၁) ရက်နေ့ ညပိုင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု သတင်းများ လွှင့်ထုတ်ပြီး နောက်ပိုင်းတွင် ဘူးသီးတောင်မြို့ရှိ ပညာတတ် ရိုဟင်ဂျာများ၊ စီးပွားရေး တောင့်တင်းသည့် ရိုဟင်ဂျာများကို ပစ်မှတ်ထား၍ ဖမ်းဆီးပြီး ငွေညှစ်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၃၁) ရက်နေ့ ည ၉း၃၀ နာရီတွင် ဘူးသီးတောင်မြို့နယ် ကုန်သွယ် လယ်ယာရုံးတွင် ဒေသခံ ရိုဟင်ဂျာများက ဗုံးဖောက်ခွဲသည်ဟု မြို့နယ် ရဲတပ်ဖွဲ့က ပြည်တွင်း ပြည်ပ မီဒီယာများကို လိမ်ညာ ပြောဆိုခဲ့သော်လည်း၊ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု သတင်းများ လွှင့်ထုတ်ရန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၊ လ.၀.က ဒု-ဦးစီးမှူး ဦးဇော်လင်း၊ ရခိုင် အစွန်းရောက်များ ဖြစ်သည့် ဦးမောင်မောင်၊ ဦးခင်အောင်ရွှေ၊ ဦးခင်မောင်ရွှေ၊ ဦးမောင်လှိုင်စိုး၊ ဦးထွန်းအောင်သိန်း၊ ဦးမောင်ကာလူ၊ ဦးအောင်ရွှေသန်းတို့က ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာ၏ သတင်း ဓါတ်ပုံများ ဖြန့်လျက် ရှိသော်လည်း အဆိုပါ ဓါတ်ပုံများမှာ လုပ်ကြံ၍ ရိုက်ကူး ထားခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ယခုအခါ အဆိုပါ လုပ်ကြံ သတင်းကို အကြောင်းပြ၍ ဒေသခံ ရိုဟင်ဂျာ ပညာတတ်များ၊ စီးပွားရေး သမားများကို အဓိက ပစ်မှတ်ထား၍ ဖမ်းဆီးပြီး ငွေညှစ်ခြင်း၊ ငွေမပေးနိုင်သူ များကို လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု သတင်းများ လွှင့်ထုတ်၍ ဒေသခံ ရိုဟင်ဂျာ ပြည်သူများ၏ အကြမ်းဖက်ရန်၊ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်နိုင်ရန် အတွက် အကြောင်းပြချက် တစ်ခု ဖန်တီးခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု ပြောဆိုနေသော်လည်း ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်စခန်းများမှ မသိရှိသောကြောင့်၊ ယခုအခါ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဖက်ရေးရာ လုံခြုံရေးတပ် (စ.ရ.ဖ) တပ်များ စေလွှတ်ပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသော်လည်း၊ မြို့နယ် အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးရန် ရောက်ရှိလျက် ရှိသော စ.ရ.ဖ များမသိအောင် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို လျှို့ဝှက်စွာ ဖမ်းဆီး၍ ငွေညှစ်ခြင်း၊ ငွေမပေးနိုင်သူ များကို ဗုံးဖောက်ခွဲသူများ စာရင်းတွင် ထည့်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးသည့် အချိန်မှ စ၍ ငွေညှစ်၍ မရမချင်း လူမဆန်စွာ ရိုက်နှက်ခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
8.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ ဈေးတွင် ဈေးရောင်း နေသည့် အသက် ၁၇ နှစ် အရွယ် ကလေး တစ်ဦးကို အထူး သတင်း တပ်ဖွဲ့မှ ရဲများက ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၃) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ ဆေးဆိုင် ရောင်းနေသည့် ဈေးတန်းကုန်းရွာမှ အသက် ၁၇ နှစ် အရွယ် မိုဟာမတ် ဆူဟိုက်ဖ် (ဘ) ဦးဟာဆူအား အထူးသတင်း တပ်ဖွဲ့ (SB) မှ ရဲများက မေးမြန်းစရာ ရှိသည်ဟု ဆိုကာ ခေါ်ဆောင် သွားပြီး ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။

ထို့နောက် ရဲများက အဆိုပါ ကလေးကို ဆိုင်တွင် တဖက်နိုင်ငံမှ ဖုန်းကဒ်များ ရောင်းနေသည်ဟု စွပ်စွဲ၍ ငွေကျပ် (၄) သိန်း ညှစ်ယူရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ဈေးရောင်းသည့် ကလေးက ၎င်းအနေဖြင့် ရဲများ စွပ်စွဲသကဲ့သို့ ဖုန်းကဒ် ရောင်းချခြင်း လုံးဝ မရှိခဲ့ကြောင်း၊ ရဲများတောင်းသည့် ငွေကျပ် (၄) သိန်းလည်း ၎င်းတွင် မရှိကြောင်း ပြောဆိုခဲ့သည်။

ရဲများက ဖုန်းကဒ် မရောင်းချလျှင်လည်း ဈေးဆိုင် ရောင်းနေသည့် အတွက် ၎င်းတို့ တောင်းသည့် ငွေကို ပေးရမည် ဖြစ်ကြောင်း၊ ငွေမပေးပါက ဆက်လက် ဖမ်းဆီး ချုပ်နှောင် ထားမည် ဖြစ်ကြောင်း အမျိုးမျိုး ခြိမ်းခြောက် ပြောဆိုသဖြင့် နောက်ဆုံးတွင် ငွေကျပ် (၂) သိန်း ပေးကာ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

၂၀၁၂ ခုနှစ်၊ ဧပြီလ ခရီးစဉ် အတွင်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ နေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်။

ဗွီအိုအေမြန်မာပိုင်း
8.11.2014

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ လာမယ့် တနင်္လာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံဆီ လာရောက်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ Stephane Dujarric က သောကြာနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲ အတွင်း ကြေညာ သွားပါတယ်။

နေပြည်တော်မှာ ကျင်းပမယ့် ကုလသမဂ္ဂနဲ့ အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ ASEAN အကြား အစည်း အဝေးနဲ့ ၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေး တို့ကို မစ္စတာဘန် တက်ရောက်မှာပါ။

ထိပ်သီး အစည်းအဝေးတွေ ပြင်ပမှာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို မြန်မာ အစိုးရ အဖွဲ့ အကြီးတန်း တာဝန်ရှိ သူတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးပါမယ်။

ကုလသမဂ္ဂက ရိုဟင်ဂျာလို့ ခေါ်ဆိုတဲ့ လူနည်းစု တွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး အတွင်းရေးမှူးချုပ် အနေနဲ့ ပြောဆို ဆွေးနွေးဖို့ ရှိသလားလို့ သတင်းထောက် တွေက မေးကြပါတယ်။

ကုလ အတွင်းရေးမှူးချုပ်ဟာ မြန်မာ သမ္မတနဲ့ အစိုးရ အဖွဲ့ တခြား တာဝန်ရှိသူတွေနဲ့ သီးခြား တွေ့ဆုံဖို့ ရှိသလို ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံဖို့ ရှိကြောင်း၊ ဒါကြောင့် မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ ကိစ္စရပ် တွေဟာ ဆွေးနွေးမယ့် အစီအစဉ်ထဲ သေချာပေါက် ပါဝင်မှာ ဖြစ်ကြောင်း ပြောခွင့်ရက ပြန်ဖြေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပချိန်မှာ သီးခြား လုပ်တဲ့ မြန်မာ့ အရေး ဆွေးနွေးပွဲ အတွင်း ရခိုင်ပြည်နယ်မှာ အိုးအိမ် စွန့်ခွာ ထွက်ပြေး ရသူတွေ နေထိုင် နေရတဲ့ စခန်းတွေဟာ ဘေးကင်း လုံခြုံမှု မရှိသလို ခိုင်မာမှုလည်း မရှိဘူးလို့ အတွင်းရေးမှူးချုပ်က ပြောထား ဖူးပါတယ်။ မူစလင်တွေရဲ့ အခြေ အနေနဲ့ ပတ်သက်ပြီး ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်ပြီးတော့ ဒါဟာ ဆွေးနွေးပွဲတွေမှာ ပါဝင်မယ်လို့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ ပြောခွင့်ရက ပြောသွားပါတယ်။

မြန်မာနိုင်ငံက အပြန်မှာတော့ သြစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့မှာ ကျင်းပမယ့် ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံ ၂၀ (G-20) ထိပ်သီး အစည်းအဝေးကို အတွင်းရေးမှူးချုပ် တက်ရောက်မှာ ဖြစ်ပါတယ်။



RB News
8.11.2014

အော်စလို၊ နော်ဝေး -- နော်ဝေးနိုင်ငံ၊ အော်စလိုမြို့တွင် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ရေးခွင့်နှင့် ပတ်သက်ပြီး နိုင်ငံတကာမှ ပါလီမန် အမတ်များ ရွေးချယ်၍ International Panel of Parliamentarians (IPP) for Freedom of Religion အဖွဲ့ ဖွဲ့စည်းခြင်းနှင့် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ (နိုဝင်ဘာလ ၈ ရက်) မြန်မာ စံတော်ချိန် ည ၈း၃၀ နာရီ အချိန်တွင် အောက်ပါ အင်တာနက် စာမျက်နှာမှ တိုက်ရိုက် ထုတ်လွှင့် သွားမည် ဖြစ်ပါသည်။

ကြည့်ရှုရမည့် အင်တာနက် စာမျက်နှာ -- http://bit.ly/1siryv2

International Panel of Parliamentarians (IPP) for Freedom of Religion အဖွဲ့တွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် ပါဝင်မည် ဖြစ်ပါသည်။

နော်ဝေးနိုင်ငံ၊ အော်စလိုမြို့တွင် နိုဝင်ဘာလ (၇) ရက်နေ့မှ (၈) ရက်နေ့ထိ IPP for Religion of Freedom နှင့် ပတ်သက်၍ အစည်းအဝေး ကျင်းပလျက်ရှိရာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် တက်ရောက်၍ ဆွေးနွေးလျက် ရှိကြောင်း သိရှိရပါသည်။



မသိင်္ဂီလင်း
7.11.2014

စစ်အစိုးရ လက်ထက်မှာ လူသားထု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တွေထဲ လက်ရှိ အစိုးရ အဖွဲ့ထဲက ထိပ်တန်း အရာရှိကြီးများ ပါဝင်ခဲ့တယ်လို့ ဟားဗတ် တက္ကသိုလ် ဥပဒေကျောင်း၊ နိုင်ငံတကာ လူ့အခွင့် အရေး အဖွဲ့အစည်းရဲ့ သုတေသီ တဦးက ပြောဆို လိုက်ပါတယ်။ မြန်မာ စစ်အရာရှိကြီး ၃ ဦးနဲ့ ပတ်သတ်လို့ နိုင်ငံ တကာ ရာဇဝတ်မှု ခုံရုံးက သူတို့ကို ဖမ်းဆီးနိုင်ဖို့ ကျေနပ်လောက်တဲ့ သက်သေ အထောက် အထားတွေ တွေ့ရှိ ထားတယ်လို့လည်း ဟားဗတ် ဥပဒေကျောင်း နိုင်ငံတကာ တရားရေးရာ သုတေသီ Matthew Bugher က ရန်ကုန်မြို့ ဆူးလေ Shangrila Hotel မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာပြောဆို လိုက်တာပါ။ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မသိဂီင်္လင်းက ပြောပြပေးမှာပါ။

လက်ရှိအစိုးရအဖွဲ့ထဲက ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ အထူး စစ်ဆင်ရေး အဖွဲ့မှူး ဗိုလ်ချုပ်ကြီးခင်ဇော်ဦးနဲ့ ဗိုလ်မှူးချုပ်မောင်မောင်အေးတို့ ဟာ လွန်ခဲ့တဲ့ ၆ နှစ်ခန့်က စစ်ရာဇဝတ်မှုနဲ့ လူသားထု အပေါ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ တယ်လို့ ပာားဗတ် ဥပဒေကျောင်းရဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဌာနက အစီအရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၀၅-၂၀၀၆ခုနှစ်အတွင်း သံတောင်မြို့ တစ်ဝိုက်မှာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ခြေမြန်တပ်မ ၆၆တို့ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ တိုက်ခိုက်ရာကနေ ကရင်လူမျိုးစုအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာပါ။ တာဝန်ရှိသူ သုံးဦးရဲ့ ပြစ်မှုကျူးလွန်တာနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ သက်သေတွေ ရှိတယ်လို့ ဟားဗတ်ဥပဒေကျောင်းက နိုင်ငံတကာတရားရေး လေ့လာသူ Matthew Bugher က အခုလိုပြောပါတယ်။

“၂၀၀၅-၂၀၀၆ ခုနှစ်အတွင်း ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ခြေမြန်တပ်မ ၆၆ က စစ်အရာရှိကြီး ၃ ဦးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဆီမှာ နိုင်ငံတကာရာဇဝတ်မှုခုံရုံးက သူတို့ကို ဖမ်းဆီးနိုင်ဖို့ ကျေနပ်လောက်တဲ့ သက်သေ အထောက်အထားတွေ ရှိပါတယ်။ တချိန်တည်းမှာပဲ ဒီပြစ်မှုတွေကို ကွပ်ကဲသူတွေဟာ အစိုးရအဖွဲ့ထဲမှာ အရေးပါတဲ့နေရာတွေ ရနေတာကို တွေ့ရပါတယ်။ ပြည်ထဲရေးဝန်ကြီးက ဒီလိုပြစ်မှုတွေကို ကျူးလွန်တာတွေ့ရတော့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ဘယ်လောက်ထိ စစ်မှန်သလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။”

လွတ်လပ်စွာ ပစ်ခတ်ခွင့်ပြုထားတဲ့ အမည်းရောင်နယ်မြေကို သံတောင် တစ်မြို့လုံးနီးပါးသတ်မှတ်ထားပြီး အဲ့ဒီနယ်မြေထဲ ဝင်ရောက် လာတဲ့လူ အားလုံးကို အရပ်သား၊ မိန်းမ၊ ကလေး မရွေးဘဲ ရန်သူအဖြစ်သတ်မှတ်ပြီး ပစ်ခတ်စေတယ် လို့လည်း မှတ်တမ်းကောက်ရာမှာ သိရတယ်လို့ ပြောပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ တောင်ပိုင်းတိုက်စစ်ဌာနချုပ်နဲ့ ခြေမြန်တပ်မ ၆၆တို့ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာတွေ အသေးစိတ်ဖော်ပြထားပါတယ်။ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုတော့ Matthew Bugher က အခုလို ခွဲခြားပြပါတယ်။

“အသေးစိတ်ပြောရမယ်ဆိုရင် စစ်ရာဇဝတ်မှုတွေဟာ အရပ်သားတွေကို တိုက်ခိုက်တာ၊ အိမ်ရာတွေကို စွန့်ခွာပြီးထွက်ပြေးစေတာ၊ ရန်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာ၊ အပိုင်သိမ်းတာ၊ လူသတ်တာ၊ ညှင်းပန်းနှိပ်စက်တာနဲ့ လူတစ်ဦးရဲ့သိက္ခာကျဆင်းအောင် ဆောင်ရွက်တာတို့ဖြစ်ပါတယ်။ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုတာကတော့ လူများစုကို အဓမ္မ နေရာပြောင်းရွှေ့ခိုင်းမှု၊ လူသတ်မှု၊ ကျွန်ပြုမှု၊ နှိပ်စက်ညှင်းပန်းမှုနဲ့ အခြား လူမဆန်တဲ့လုပ်ရပ်တွေကို ပြောတာပါ။”

အစီရင်ခံစာမှာ ပြစ်မှုကျူးလွန်တာတွေကို ထင်ထင်ရှားရှားထောက်ပြ ထားပေမဲ့လည်း မြန်မာနိုင်ငံဟာ Rome Statute အရ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှာ ပါဝင်ခြင်း မရှိတာကြောင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဌာနက ပြစ်မှုကိုအရေးယူဖို့ ဆောင်ရွက်မှာ မဟုတ်ပါဘူး။ ဒီအစီအရင်ခံစာ ကို ပြည်သူတွေလက်ထဲ၊ ပြည်တွင်းအဖွဲ့အစည်းတွေလက်ထဲ အရောက် ထည့်ပေးရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပြပါတယ်။

“ပထမဆုံး ကျွန်တော်တို့ဟာ အဓမ္မ ပြုကျင့်ခံရတဲ့ အများဆုံးနေရာတွေဖြစ်တဲ့ ကချင်ပြည်နယ် ရှမ်းပြည်မြောက်ပိုင်းတို့လို ဒေသတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးတဲ့ တိုင်းရင်းသားဒေသတွေ မှာ ဖြစ်ပွားနေတဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို အထူး စိတ်ပူပါတယ်။ ဒါ့အပြင် ၂၀၀၅ နဲ့ ၂၀၀၆ ခုနှစ်အတွင်း ကျူးလွန်သွားတဲ့ ပြစ်မှုတွေရဲ့ မူဝါဒတွေနဲ့ လက်တွေ့ဆောင်ရွက်မှုတွေကို အထက်က နေရာဒေကတွေမှာ ဆက်လက် ကျင့်သုံးနေမှာကို စိုးရိမ်ပါတယ်။ အခုစစ်ဖြစ်ပွားနေတဲ့နေရာတွေမှာ တိုက်ခိုက်နေတဲ့ စစ်သားတွေနဲ့ အရာရှိတွေဟာ သူတို့ရဲ့ လုပ်ရပ်တွေကို အထူးသတိထားဖို့ လိုပါတယ်။ နိုင်ငံက တာဝန်ရှိအကြီးအကဲတွေအနေနဲ့လည်း နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းဟာ အခုလို မတရားပြုကျင့်ခံနေရတာတွေကို အသေးစိတ် စုံစမ်းထောက်လှမ်းနိုင်တယ် ဆိုတာကို သိစေချင်ပါတယ်။ ဒါ့အပြင် ဒီအဖွဲ့အစည်းဟာ ပြစ်မှုကျူးလွန်သူများရဲ့အခြားပြစ်မှုဆိုင်ရာတွေကိုလည်း ဖော်ထုတ်သွားဖို့ တာဝန်ယူပါတယ်။”

စစ်ရာဇဝတ်မှုတွေနဲ့ လူသား မျိုးနွယ်စု အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တာ တွေကို မြန်မာ စစ်တပ် အပြင် အတိုက်အခံ တိုင်းရင်းသား တပ်ဖွဲ့များ ကလည်း သတိပြု ဆင်ခြင် သင့်တယ်လို့လည်း သုံးသပ် သွားပါတယ်။ ဒီအစီရင် ခံစာဟာ ပြည်သူတွေရဲ့ တစ်ဖက်သတ် အသံသာဖြစ်တယ် လို့ မြန်မာ အစိုးရဖက်က ပြောဆိုပေမယ့် ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ဒဏ်ခံနေရတဲ့ အရပ်သား တွေရဲ့အသံတွေ ခံစားချက်တွေကို လူအများ သိရအောင် မှတ်တမ်း ထုတ်ပြန် ပေးတာ ဖြစ်တယ်လို့ ပြောပြသွားပါတယ်။



ဒေါ်ခင်မျိုးသက်
7.11.2014

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် နိုင်ငံရေးနဲ့ စီးပွါးရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင် နေတာကို EU ဥရောပ သမဂ္ဂက ကြိုဆိုလိုက် ပေမယ့် ရခိုင်ပြည်နယ်ထဲက ဆိုးဝါးတဲ့ အခြေအနေ တွေလို လူ့အခွင့် အရေး ဆိုင်ရာ စိန်ခေါ်မှု တွေကို ဖြေရှင်းဖို့ နဲ့ မြန်မာနိုင်ငံတွင်း သတင်း သမားတွေနဲ့ လူ့အခွင့်ရေး လုပ်ဆောင်သူ တွေကို အန္တရာယ် မရှိအောင် လုပ်ဆောင် ပေးဖို့ တောင်းဆို လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး ဆိုင်ရာနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ လိုက်နာ စရာ မလိုတဲ့ ဆုံးဖြတ်ချက် မူကြမ်း တင်သွင်းပြီး အခုလို တောင်းဆို လိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထား ပါတယ်။

နိုဝင်ဘာလ ၆ ရက် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယ ကော်မတီ ၄၂ ကြိမ်မြောက် ဆွေးနွေးပွဲမှာ EU ဥရောပသမဂ္ဂနဲ့ မြန်မာ့ အရေး ဆောင်ရွက်တဲ့ နိုင်ငံတွေက ရေးဆွဲတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းကို EU အဖွဲ့ဝင် အီတလီနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးက ဖတ်ကြား တင်သွင်းခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကို ကြိုဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အတွင်း တိုးတက်မှုတွေ ဆက်ပြီး တွေ့ရတဲ့အတွက် ကြိုဆိုလိုက်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိသလို၊ ပြည်တွင်းနိုင်ငံရေး ဆောင်ရွက်နေသူတွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေ တွေ့ရတဲ့ အတွက် ကြိုဆိုလိုက်ပါတယ်။ လာမယ့် ၂၀၁၅ မှာ အဖွဲ့အားလုံး ပါဝင်တဲ့ ပွင့်လင်းပြီး အများလက်ခံနိုင်မယ့် ရွေးကောက်ပွဲမျိုး ကျင်းပပေးဖို့ ဆက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တိုက်တွန်းလိုပါတယ်။”

မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲစေဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက် မှုတွေကနေ အဖွဲ့အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ဖြစ်လာစေဖို့ လုပ်ဆောင်နေမှုတွေ အတွက် ကြိုဆိုတယ်လို့လည်း ပြောပါတယ်။ အခု ဆုံးဖြတ်ချက် မူကြမ်းကနေ မြန်မာနိုင်ငံမှာ အခုထိ ရှိနေသေးတဲ့ လူ့အခွင့်ရေး ဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့လည်း တိုက်တွန်း လိုက်ပါတယ်။

“ဒီ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေထဲမှာ လူနည်းစု တိုင်းရင်းသားတွေနဲ့ ဘာသာရေး ကိုးကွယ်မှုတွေ ပါဝင်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲက ဆိုးဝါးတဲ့ အခြေအနေတွေပါ။ အဲဒီဒေသမှာ မှီတင်းနေထိုင်သူတွေ အားလုံးအတွက် ကြိုးစား ဆောင်ရွက်ဖို့ပါ။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကျဘမ်းဖမ်းဆီး ထိန်းသိမ်းမှုတွေ၊ အတင်းအဓမ္မ အိုးအိမ်ရွှေ့ပြောင်းခိုင်းတာတွေ၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ လူမဆန်တဲ့ ညှင်းပမ်းမှုတွေနဲ့ အဓမ္မမြေယာ သိမ်းဆည်းမှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေတွေ့နေရဆဲမို့ ဒါတွေကို ရပ်ဆိုင်းသွားအောင် အမြန်ဆုံး တဆင့်တက် လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်တာပါ။

ဒါ့အပြင် အစိုးရအနေနဲ့ တာဝန်ယူမှု ရှိလာစေဖို့နဲ့ အပြစ်ရှိသူတွေ အရေးယူမခံရဘဲ လွတ်မြောက်နေမှုတွေအတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်သလို သတင်းသမားတွေနဲ့ လူ့အခွင့်အရေး ဆောင်ရွက်သူတွေ အန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးဖို့ပါ တောင်းဆိုလိုက်တာပါ။

“မြန်မာအစိုးရက လုပ်ဆောင်မယ်လို့ ကတိပေးထားတဲ့ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ သင်းပင်းဖွဲ့စည်းခွင့်တွေကို အပြည့်အဝ ပေးနိုင်အောင် ကြိုးစားဖို့ အခု ဆုံးဖြတ်ချက် မူကြမ်းကနေ အားပေးလိုက်သလို သတင်းသမားတွေနဲ့ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေ အန္တရာယ်မရှိအောင် တဆင့်တိုး ဆောင်ရွက်ဖို့ လုပ်လာဖို့ကိုလည်း တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ကောင်းမွန်နေပြီမို့ ကုလသမဂ္ဂက စောင့်ကြည့်ဖို့ မလိုအပ်တော့ဘူးလို့ မြန်မာအစိုးရဘက်က တင်ပြခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး EU ဥရောပ သမဂ္ဂက မြန်မာ့အရေး စိုးရိမ်မှုရှိတဲ့ နိုင်ငံတွေနဲ့အတူ အနီးကပ် စောင့်ကြည့် လေ့လာသွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

“ဒီ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေထဲမှာ လူနည်းစု တိုင်းရင်းသားတွေနဲ့ ဘာသာရေး ကိုးကွယ်မှုတွေ ပါဝင်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲက ဆိုးဝါးတဲ့အခြေအနေတွေပါ။ အဲဒီဒေသမှာ မှီတင်းနေထိုင်သူတွေအားလုံးအတွက် ကြိုးစား ဆောင်ရွက်ဖို့ပါ။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကျဘမ်းဖမ်းဆီး ထိန်းသိမ်းမှုတွေ၊ အတင်းအဓမ္မ အိုးအိမ်ရွှေ့ပြောင်းခိုင်းတာတွေ၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ လူမဆန်တဲ့ညှင်းပမ်းမှုတွေနဲ့ အဓမ္မမြေယာသိမ်းဆည်းမှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေတွေ့နေရဆဲမို့ ဒါတွေကို ရပ်ဆိုင်းသွားအောင် အမြန်ဆုံး တဆင့်တက် လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်တာပါ။ ဒါ့အပြင် အစိုးရအနေနဲ့ တာဝန်ယူမှု ရှိလာစေဖို့နဲ့ အပြစ်ရှိသူတွေ အရေးယူမခံရဘဲ လွတ်မြောက်နေမှုတွေအတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်သလို သတင်းသမားတွေနဲ့ လူ့အခွင့်အရေး ဆောင်ရွက်သူတွေအန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးဖို့ပါ တောင်းဆိုလိုက်တာပါ။

“မြန်မာအစိုးရက ဆောင်ရွယ်ပေးဖို့ ကတိပေးထားတဲ့ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ သင်းပင်းဖွဲ့စည်းခွင့်တွေကို အပြည့်အဝ ပေးနိုင်အောင် ကြိုးစားဖို့ အခု ဆုံးဖြတ်ချက် မူကြမ်းကနေ အားပေးလိုက်သလို သတင်းသမားတွေနဲ့ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေ အန္တရာယ်မရှိအောင် တဆင့်တိုး လုပ်ဆောင်လာဖို့ကိုလည်း တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ကောင်းမွန်နေပြီမို့ ကုလသမဂ္ဂက စောင့်ကြည့်ဖို့ မလိုအပ်တော့ဘူးလို့ မြန်မာ အစိုးရဘက်က တင်ပြခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အီးယူ ဥရောပ သမဂ္ဂက မြန်မာ့အရေး စိုးရိမ်မှုရှိတဲ့ နိုင်ငံတွေနဲ့ အတူ အနီးကပ် စောင့်ကြည့် လေ့လာသွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Rohingya Exodus