နောက်ဆုံးသတင်း/ဆောင်းပါးများ
န.စ.က လက်ထက်က ဆွဲ၊တင်၊စစ်
ကိုဘခက်
RB News
25.1.2015
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အခြေစိုက် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ရခိုင်ပြည်နယ် အနောက်ဘက် ဒေသ နိုင်ငံခြားသားများ မတရား ခိုးဝင်မှု ကာကွယ် တိုက်ဖျက်ရေး အဖွဲ့ (မ.က.ဖ) များသည် အဖွဲ့လိုက်ခွဲကာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် ဆွဲ၊တင်၊စစ် ဟုခေါ်သော အိမ်ထောင်စု လူဦးရေ စစ်ဆေးခြင်းနှင့် မိသားစု ဓါတ်ပုံ ရိုက်ကူးခြင်း လုပ်ငန်းများကို ၂၀၁၅ ဇန်န၀ါရီလ ၁၃ ရက်နေ့မှ စ၍ ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မိသားစု ဓါတ်ပုံ ရိုက်ခ ၁၀၀၀ ကျပ်၊ ကလေးတစ်ယောက် အိမ်ထောင်စု စာရင်းတွင် တင်လျှင် ၅၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိ (ကလေး အသက်အရွယ်ပေါ် မူတည်၍)၊ မိမိနေရပ်မှ နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာ သွားသူများကို အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ရန် အတွက် ၁၀၀၀၀ ကျပ်မှ ၄၀၀၀ ကျပ် အထိ (ကျေးရွာ တစ်ရွာနှင့် တစ်ရွာ မတူညီ)၊ သေဆုံး သွားသော မိသားစုဝင် များအား အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ရန် အတွက် ၅၀၀၀ ကျပ်၊ လက်ထပ်ခြင်း ကိစ္စများတွင် သတို့သမီး အိမ်ထောင်စု စာရင်း ပြောင်းဝင်နိုင်ရန်နှင့် လက်ထပ် စာချုပ် ဆောင်ရွက် ပေးရန် အတွက် ၃၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်အထိ စသည်ဖြင့် အိမ်ထောင်စု တစ်စုစီမှ ငွေကြေး မြောက်မြားစွာ ကောက်ခံလျက် ရှိသည်။
အသစ်မွေးဖွားလာသော ကလေးများကို အိမ်ထောင်စု လူဦးရေ စာရင်းတွင် တင်ပေးရာ၌ မိဘ နှစ်ပါး စလုံး အိမ်ထောင်စု လူဦးရေ စာရင်းတွင် ရှိမှသာ ဆောင်ရွက် ပေးသည်။ ဤသို့ ငွေကြေး မြောက်မြားစွာ ကောက်ခံခြင်းသည် ဇန်န၀ါရီလ ၁၈ ရက်နေ့က ဘူးသီးတောင်မြို့နယ် ဦးဥတ္တမ ခန်းမတွင် ကျင်းပသော အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို၏ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ လူကြီးများအား ပြောဆိုခဲ့သည်နှင့် လွန်စွာ ကွဲလွဲနေပါသည်။
ရိုဟင်ဂျာ လူထု အနေဖြင့် န.စ.က မှ ဆောင်ရွက်ခဲ့သော ဆွဲ၊တင်၊စစ် လုပ်ငန်းများကို ယခုအခါ ပြန်လည် လုပ်ဆောင် နေခြင်းနှင့် ပတ်သက်၍ သံသယများစွာ ဖြစ်ပေါ်လျက် ရှိသည်။ ရိုဟင်ဂျာ လူထုသည် ၎င်းတို့အား ဘင်္ဂါလီ ဇတ်သွင်း နေသည်ဟု ယူဆနေသည် သာမက၊ ယခုလတွင် ကြေညာထားသော နိုင်ငံသား စီစစ်ရေး လုပ်ငန်းများတွင် ရိုဟင်ဂျာ များအား ဘင်္ဂါလီဟု အတင်းအကျပ် ခံယူစေရန် စနစ်တကျ ဘက်ပေါင်းစုံမှ ဆောင်ရွက် နေခြင်း ဖြစ်သည်ဟု အလေးအနက် ယူဆနေကြသည်။ ထို့အပြင် အထက်တွင် ဆိုခဲ့သော ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ရဲမှူးချုပ်တင်ကိုကိုမှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် အမေရိကန် သမ္မတကြီး မစ္စတာ အိုဘားမား တို့၏ ရိုဟင်ဂျာများအား နိုင်ငံသား အခွင့်အရေးနှင့် တန်းတူ အခွင့်အရေးများ ပေးအပ်ရန် တောင်းဆိုခဲ့ခြင်း အပေါ် ပြက်ရယ်ပြု စော်ကားခဲ့သည်။ ၎င်းမှ မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာရှိသော နိုင်ငံဖြစ်၍ ပြည်ပမှ စွက်ဖက်ခြင်းသည် မည်သို့မျှ အကျိုးသက်ရောက်မည် မဟုတ်ဟု ပြောဆိုခဲ့သည်။ ရိုဟင်ဂျာ များကိုလည်း မည်သည့်အခါမှ မွေးရာပါ နိုင်ငံသား အခွင့်အရေး ရမည်ဟု အိပ်မက်တောင် မမက်ရန်နှင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ ရရှိသော၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြု အဆင့်အတန်း အတိုင်းသာ ရရှိမည်ဟု ပြောဆိုခဲ့သည်။
ရိုဟင်ဂျာ ဆက်လက် ပြောဆိုနေလျှင် ဒုက္ခသည် စခန်းများတွင် ထား၍ တတိယ နိုင်ငံသို့ ပို့ဆောင် ပေးမည်ဟု ခြိမ်းခြောက် ခဲ့သည်။ အမှန်ဆိုလျှင် ရိုဟင်ဂျာများသည် ဒုတိယနိုင်ငံသို့ ရောက်ရှိနေသည်ဟု မြန်မာအစိုးရက ခံယူနေပါက တတိယနိုင်ငံသို့ ပို့ရန် မဟုတ်ဘဲ၊ ပထမနိုင်ငံသို့သာ ပို့ရန် ကြိုးစားသင့်သည်။
လက်ရှိ ဆွဲ၊တင်၊စစ် ဆောင်ရွက်ရာတွင် ရိုဟင်ဂျာများမှ ပါဝင်မှု အနည်းငယ်သာ ရှိသည်။ ဇန်န၀ါရီလ ၁၃ ရက်နေ့မှ ၂၃ ရက်နေ့ အထိ မောင်တောမြို့နယ်တွင် ကျေးရွာ အုပ်စု ၁၀၄ စု အနက် ၉ အုပ်စုတွင် လည်းကောင်း၊ ဘူးသီးတောင် မြို့နယ်ရှိ ၈၅ အုပ်စု အနက် ၃ အုပ်စု၊ ရသေ့တောင် မြို့နယ်ရှိ ရိုဟင်ဂျာများ နေထိုင်ရာ ကျေးရွာအုပ်စု ၁၃ စု အနက် တစ်စုတွင်သာ ဆောင်ရွက်နိုင်ခဲ့သည်။ ကျန်အုပ်စုများတွင် ရိုဟင်ဂျာ လူထုက ဆွဲ၊တင်၊စစ် ဆောင်ရွက်နေမှုတွင် ပါဝင် ဆောင်ရွက်ခြင်း မရှိဘဲ ကန့်ကွက်လျက် ရှိသည်။
ဆွဲ၊တင်၊စစ် ဆောင်ရွက် ပြီးစီးခဲ့သည့် ကျေးရွာများ အနက် ဘူးသီးတောင် မြို့နယ်တွင် တောင်ခြေရပ်ကွက်နှင့် မောင်တောမြို့နယ်ရှိ ကြိမ်ချောင်း ကျေးရွာ တို့သည် ငွေကြေး အများဆုံး ကောက်ခံခဲ့သည့် နေရာများ ဖြစ်သည်။ ဘူးသီးတောင် မြို့နယ်ရှိ ငရန့်ချောင်း ကျေးရွာ အုပ်စုတွင် ဇန်န၀ါရီလ ၁၃ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ဖော်တော်ပြင် ကျေးရွာတွင် မိသားစု ၆ စု၊ ယင်းမရွာတွင် ၅ စု၊ ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် နယ်ခြားစောင့်တပ်မှ ဗိုလ်လေး တစ်ဦးနှင့် တပ်ဖွဲ့ဝင်များက ရိုဟင်ဂျာ မိသားစု ၁၀ စုအား သေနတ်ဖြင့် ချိန်၍ လုပ်ဆောင်ခဲ့သည် -- များအပါအ၀င် မိသားစု အနည်းငယ်သာ ဆွဲ၊တင်၊စစ် တွင် ပါဝင်ခဲ့သည်။
ဤကဲ့သို့ ရွာသားများ၏ ငြိမ်းချမ်းစွာ ကန့်ကွက် နေခြင်းအပေါ် မကျေနပ်သော အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးနှင့် အပေါင်းအပါ များသည် မြို့မိမြို့ဖ အချို့ ဖြစ်သော ဦးရော်ဖိတ်၊ ဆရာ ဦးအဘူကာလာမ် တို့နှင့် အတူ ဘူးသီးတောင် မြို့နယ် ငရန့်ချောင်း ကျေးရွာတွင် ရပ်ရွာလူကြီးများနှင့် တွေ့ဆုံ၍ ဆွဲ၊တင်၊စစ် လုပ်ငန်းတွင် ပါဝင်ရန် ဖိအားပေးခဲ့သည်။ ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် တောင်ဘဇား နယ်ခြားစောင့် စခန်းမှူးသည် ငရန့်ချောင်း ကျေးရွာ အုပ်စုမှ ရိုဟင်ဂျာလူမျိုး အစိုးရ ၀န်ထမ်းများ အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်များ၊ လယ်သမားကြီးများ စသည်တို့အား ခေါ်ယူ တွေ့ဆုံပြီး ခြိမ်းခြောက်မှုများစွာ ပြုလုပ်ခဲ့သည်။ ၎င်းက ဆွဲ၊တင်၊စစ် တွင် မပါသော ကျေးရွာသားများကို ရွာပြင် ထွက်ခွင့် ပေးမည် မဟုတ်ကြောင်း၊ စက်လှေများကို ခရီးထွက်ခွင့် ပိတ်ပင်ခြင်း၊ ဆိုင်ကယ် တက္ကစီ များကို ခရီးသွားခွင့် ပိတ်ပင်ခြင်း တို့ကို ကနဦး လုပ်ဆောင်၍ ဆက်လက်ပြီး ဆွဲ၊တင်၊စစ် တွင် ပါဝင် ဆောင်ရွက်ခြင်း မရှိပါက ဇန်န၀ါရီလ ၂၆ ရက်နေ့မှ စတင်၍ ကျေးရွာသား များကို ဖမ်းဆီး ချုပ်နှောင်ခြင်း တို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောခဲ့သည်။
ဤကဲ့သို့ ရိုဟင်ဂျာ လူထုအား ဖိအားပေးခြင်းသည် မြန်မာနိုင်ငံတွင် လက်ရှိ ဖော်ဆောင် နေသော ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် ဆန့်ကျင် နေပါသည်။ ထို့အပြင် ဆွဲ၊တင်၊စစ် လုပ်ငန်း ဆောင်ရွက်ရန် မည်သည့် ဥပဒေပေါ်တွင် အခြေပြု၍ ဆောင်ရွက် နေသည်ကိုလည်း ရိုဟင်ဂျာ လူထု အနေဖြင့် သိရှိခြင်း မရှိပါ။
ဤကဲ့သို့ ဥပဒေနှင့် မညီညွတ်သော ဆွဲ၊တင်၊စစ် လုပ်ငန်းအား ပြည်ထောင်စု အစိုးရမှ ချက်ချင်း ရပ်တန့်ပေးရန် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူထုက တောင်းဆိုပါကြောင်း တင်ပြအပ်ပါသည်။
MYARF
RB News
25.1.2015
မောင်တော ။ ။ ​ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာတွင် အတင်းအဓမ္မ ဆွဲ၊တင်၊စစ် ကို ယနေ့ ဆက်လက် ပြုလုပ်ခဲ့ပြီး၊ အတင်းအဓမ္မ ပါဝင် စစ်ဆေးခံရသူ များက ငွေပေးခဲ့ရသော်လည်း မ.က.ဖ များက ငွေမပေးရကြောင်း လက်မှတ်ထိုး ခိုင်းခဲ့သည်ဟု သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာတွင် အတင်းအဓမ္မ စစ်ဆေးနေသည့် ဆွဲ၊တင်၊စစ် ကို ယနေ့ ဇန်န၀ါရီလ (၂၅) ရက်နေ့တွင် ဆက်လက် ပြုလုပ်ခဲ့ပြီး၊ မ.က.ဖ က စားစရိတ်နှင့် ဓါတ်ပုံ ရိုက်ခကို မယူသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်နှင့် ရုံးစာရေး ဦးထွန်းဝင်း တို့က မွေးတိုး၊ သေဆုံး ပယ်ဖျယ်၊ ပြောင်းရွှေ့ တို့ကို ယခင် ရက်များ အတိုင်း ငွေညှစ်သည့် အပြင် ဒေသခံ ရွာသားများကို စော်ကား၍ ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
“ဒီနေ့ ဆွဲ၊တင်၊စစ် ဆက်လုပ်တယ်။ မ.က.ဖ က စားစရိတ်နဲ့ ဓါတ်ပုံ ရိုက်ခတွေ မယူဘူး။ စစ်ဆေးခံရသူ တွေဆီက သူတို့ မ.က.ဖ ကို ငွေမပေးရတဲ့ အကြောင်း လက်မှတ်ထိုး ခိုင်းတယ်။ ရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်နဲ့ ရုံးစာရေးက မွေးတိုး၊ သေဆုံး ပယ်ဖျက်၊ ပြောင်းရွှေ့ အားလုံး အတွက် အရင်ရက်တွေက အတိုင်း ငွေညှစ်နေတယ်။ ပြီးတော့ ‘မင်းတို့ ကုလားတွေဆီက ငွေကောက်ခံရင် ငါတို့ တိုင်းရင်းသားတွေ အတွက် ဘာပြဿနာမှ မရှိဘူး။ မင်းတို့ တိုင်ချင်တဲ့ နေရာ သွားတိုင်၊ ငါတို့ကို ဘာမှ မလုပ်နိုင်ဘူး၊ ဆက်ကောက်ခံသွားမယ်’ လို့ ပြောတယ်။ ဟိုနေ့ကလည်း တင်ကိုကို မကလို့ သမ္မတ တိုင်လည်း မကြောက်ဘူးလို့ ပြောသေးတယ်။ အခုလို ငွေညှစ်နိုင်အောင် မ.က.ဖ က ဖန်တီး ပေးထားတာ။ မ.က.ဖ နဲ့ ဝေစားမျှစားပေါ့။ မွေးတိုး၊ ပယ်ဖျက်၊ ပြောင်းရွှေ့ အတွက် ဖြည့်ရတဲ့ ပုံစံတွေမှာ ရွာအုပ်ချုပ်ရေးမှူး မှတ်ချက် ပေးဖို့ အကွက်ရှိတယ်။ အဲဒါကို အကြောင်းပြပြီး အုပ်ချုပ်ရေးမှူးက ငွေညှစ်တယ်။ ပြီးတော့ ရုံးစာရေး ဆီမှ တံဆိပ်တုံး နှိပ်ဖို့ သွားရင် စာရေးက ငါ့ကိုလည်း အုပ်ချုပ်ရေးမှူးကို ပေးရသလောက် ပေးရမယ် ဆိုပြီး ငွေထပ်ညှစ်တယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ကြိမ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်နှင့် ဦးထွန်းဝင်းတို့ နှစ်ဦးစလုံးသည် ရခိုင်လူမျိုးများ ဖြစ်ပြီး၊ ဦးထွန်းဝင်းသည် အစွန်းရောက် တစ်ဦး ဖြစ်သလို၊ ကြိမ်ချောင်းဈေး မီးရှို့မှုတွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။
မောင်တောမြို့နယ်၊ ကြိမ်ချောင်း ကျေးရွာတွင် ဓါတ်ပုံ ရိုက်ခ ၃၀၀၀ ကျပ်၊ ဆွဲ၊တင်၊စစ် အဖွဲ့ စားစရိတ် ၅၀၀ ကျပ်၊ မွေးတိုး (၅ လ အောက်) ၁၂၀၀၀ ကျပ်၊ မွေးတိုး (၅ လ အထက်) ၁၈၀၀၀ ကျပ်၊ သေဆုံး ပယ်ဖျက် ၁၀၀၀၀ ကျပ်၊ နိုင်ငံခြားထွက် (အုပ်ချုပ်ရေးမှူးသို့ အကြောင်းကြားခဲ့လျှင်) ၂၅၀၀၀ ကျပ်၊ နိုင်ငံခြားထွက် (အုပ်ချုပ်ရေးမှူးသို့ အကြောင်းမကြားခဲ့လျှင်) ၄၅၀၀၀ ကျပ် အထိ ကောက်ခံလျက် ရှိကြောင်း သိရသည်။
RB News
25.1.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ငါးရန့်ချောင်း ကျေးရွာ အုပ်စုတွင် ဒေသခံ ရိုဟင်ဂျာ အချို့ကို မ.က.ဖ များက ပြန်ပေးဆွဲ သကဲ့သို့ ခေါ်ဆောင် သွားပြီး အတင်း အဓမ္မ ဆွဲ၊တင်၊စစ် တွင် ပါဝင်စေခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ ဇန်န၀ါရီလ (၂၅) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ငါးရန့်ချောင်း ကျေးရွာ အုပ်စု၊ တောင်ဘဇား ကျေးရွာသို့ မ.က.ဖ နှင့် နယ်ခြားစောင့် ရဲများ သွားရောက်၍ ဒေသခံ ၃၀ ဦးခန့်ကို ခေါ်ဆောင် သွားပြီး၊ ဆွဲ၊တင်၊စစ် တွင် ပါဝင်မှသာ ပြန်လည် လွှတ်ပေးမည်ဟု ဆိုကာ အတင်း အဓမ္မ ပါဝင် အစစ်ဆေးခံ စေခဲ့ကြောင်း၊ ထို့အပြင် မ.က.ဖ မှ တာဝန် ရှိသူ တစ်ဦး ဖြစ်သည့် ဗိုလ်ကြီးမောင်ဖြူက ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အလားတူ တောင်ဘဇား ဈေးအနီးရှိ ယင်းမရွာမှ ဒေါက်တာ ဦးယာကုဗ်နှင့် ဦးဇာဖောရ် တို့ကိုလည်း မ.က.ဖ အဖွဲ့က ပြန်ပေးဆွဲ သကဲ့သို့ ခေါ်ဆောင် သွားပြီး၊ ဆွဲ၊တင်၊စစ် တွင် မပါဝင်ပါက ပြန်လည် လွှတ်ပေးမည် မဟုတ်ဟု ဗိုလ်ကြီးမောင်ဖြူက ခြိမ်းခြောက်၍ အတင်းအဓမ္မ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆွဲ၊တင်၊စစ် တွင် ဖြည့်စွက် နေသည့် ပုံစံအချို့ကို အစစ်ဆေးခံသူ များအား မပြသော်လည်း၊ မ.က.ဖ အဖွဲ့မှ လျှို့ဝှက် ဖြည့်စွက် နေသည့် ပုံစံတွင် ခိုးဝင် ဘင်္ဂါလီဟု ခေါင်းစဉ် တပ်ထားကြောင်း သိရသည်။
မ.က.ဖ ဆိုသည်မှာ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက် နေထိုင်မှု ကာကွယ် တားဆီး နှိမ်နင်းရေး အဖွဲ့ ဖြစ်ပြီး၊ ယခင်က န.စ.က များ ပြုလုပ်ခဲ့သည့် ဆွဲ၊တင်၊စစ် ကို ပြန်လည် အသက်သွင်း၍ ဒေသခံ ရိုဟင်ဂျာများကို အတင်း အဓမ္မ ခိုးဝင် ဘင်္ဂါလီ စာရင်းတွင် ရေးသား မှတ်တမ်း နေခြင်းကြောင့် ဒေသခံများ မပါဝင်ခြင်း ဖြစ်သည်။ မ.က.ဖ များက မြို့မိမြို့ဖ အချို့အား ဆွဲ၊တင်၊စစ် အောင်နိုင်ရေး ကော်မီတီဟု ဖွဲ့စည်းပေးပြီး၊ ဒေသခံများ ပါဝင် လာအောင် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ လှုံ့ဆော်မှုများ ပြုလုပ်လျက် ရှိသည်။ ဆွဲ၊တင်၊စစ် အောင်နိုင်ရေး ကော်မီတီတွင် ပါဝင်သည့် မြို့မိမြို့ဖ အများစုမှာ ၎င်းတို့၏ ဆန္ဒမပါဘဲ နာမည် ရေးသွင်းခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
အယ်ဒီတာ့အာဘော်
RB News
25.1.2015
၂၀၁၅ ဇန်န၀ါရီလ (၁၃) ရက်နေ့၌ ပြန်လည် အသက်သွင်း လိုက်သည့် ယခင် စစ်အစိုးရ လက်ထက်တွင် နယ်စပ်ဒေသ လှုဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်က နှစ်ပေါင်း နှစ်ဆယ်နီးပါး တစ်နှစ် နှစ်ကြိမ် ပြုလုပ်ခဲ့သော ဆွဲ၊တင်၊စစ် သည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေထိုင်ကြသော ရိုဟင်ဂျာ ပြည်သူများ အကြား အငြင်းပွားဖွယ်ရာ တစ်ခုဖြစ်လာသည်။
၁၉၇၄ ခုနှစ်ကစပြီး မြန်မာအစိုးရ အဆက်ဆက်က စီမံချက်မျိုးစုံ ဖန်တီးပြီး ရိုဟင်ဂျာလူမျိုးကို လူမျိုးသုဉ်း သုတ်သင်ရန် ကြိုးစားရင်းနှင့် ယခုအချိန်မှာ ဘင်္ဂါလီ ဇတ်သွင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသူများ အဖြစ် သတ်မှတ်ရန် အရှိန်အဟုန်မြှင့် ကြိုးစားလျက် ရှိနေသည်ကို တွေ့ရှိရသည်။ ၁၉၉၀ ခုနှစ်များတွင် စတင်ခဲ့သည့် ဆွဲ၊တင်၊စစ် ကို စစ်အစိုးရက လက်နက်ပြ ခြိမ်းခြောက်ခြင်းကြောင့် မတွန်းလှန်နိုင်ခဲ့သော်လည်း ဒီမိုကရေစီ အစိုးရဟု နိုင်ငံတကာက အသိအမှတ်ပြုခြင်း ခံနေရသည့် ယခု အစိုးရ လက်ထက်တွင် စစ်အစိုးရ၏ အစဉ်အလာ တစ်ခု ပြန်လည် အသက်သွင်းလာသည်ကို တွန်းလှန်ဖို့ လိုအပ်နေပါသည်။ ပိုမို ဆိုးရွားလာသည်က ယခု ဆွဲ၊တင်၊စစ် ကို မ.က.ဖ ဟုခေါ်သည့် နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်နေထိုင်မှု ကာကွယ် တားဆီး နှိမ်နင်းရေး အဖွဲ့က ဦးစီး၍ လုပ်ဆောင် နေခြင်း ဖြစ်သည်။
ဆွဲ၊တင်၊စစ် တွင် စစ်ဆေးပြီး ပြုလုပ်ပေးနေသည့် မွေးတိုး၊ သေဆုံး ပယ်ဖျယ်၊ ပြောင်းရွှေ့၊ နိုင်ငံခြားထွက် ကိစ္စရပ် များက သက်ဆိုင်ရာ ဌာနဖြစ်သည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတွင် အိမ်ထောင် ဦးစီးများ ကိုယ်တိုင် သွားရောက်၍ လုပ်ရမည့် ကိစ္စရပ်များ ဖြစ်သည်။ မ.က.ဖ ဆိုသည့် အဖွဲ့အစည်းနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပါ။ ယခုကဲ့သို့ မ.က.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လုပ်ဆောင်နေခြင်းမှာ ရိုဟင်ဂျာ လူမျိုး တစ်မျိုးထဲကိုသာ ပစ်မှတ်ထားပြီး ခွဲခြား၍ လုပ်ဆောင် နေခြင်း ဖြစ်သည့်အပြင် စာရင်းရေးသွင်း မှတ်တမ်းတင်ခြင်း များကို မ.က.ဖ က ပြုလုပ်နေသည့် အတွက် ပါဝင် အစစ်ဆေးခံခြင်း အားဖြင့် မိမိတို့ကိုမိမိ မ.က.ဖ ၏ တရားမ၀င် ၀င်ရောက် နေထိုင်သည့် နိုင်ငံခြားသားများ စာရင်းထဲ သွင်းလိုက်ခြင်း ဖြစ်သည်ကိုလည်း အထူး သတိပြုရန် လိုအပ်​​ပေသည်​။
ဆွဲ၊တင်၊စစ် တွင် ပါဝင် စစ်ဆေးခံ၍ စာရင်းပေးသွင်းပါက လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးခွင့် ရမည့် စာရင်းတွင် ပါဝင်ခံရမည်ဟု ၀ါဒဖြန့်၍ စည်းရုံးနေခြင်းများလည်း ရှိနေသည်။ သို့သော်လည်း ယာယီ သက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်သူ များအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပ​ဒေတွင် ဆန္ဒမဲပေးခွင့် ရှိသည်ဟု ဖြည့်စွက်သင့်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ သဘောထား မှတ်ချက်ကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ၂၀၁၅ ဇန်န၀ါရီလ ၂၂ ရက်နေ့က ပယ်ချခဲ့သည်ကို ထည့်သွင်း စဉ်းစား၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးခွင့် ဆိုသည်ထက် မိမိတို့၏ ပြည်သူများအတွက် ပိုမိုအရေးကြီးသည့် အခြေခံ အခွင့်အရေးများ ရရှိရေးကို ဦးစားပေး ရမည် ဖြစ်ပါသည်။ မဲပေးခွင့်၊ လွှတ်တော် ကိုယ်စားလှယ် ရွေးချယ်ခွင့် ရရှိခြင်းဖြင့် မိမိတို့ တစ်မျိုးသားလုံး၏ အခြေအနေကို ပြောင်းလဲနိုင်မည် မဟုတ်သည်ကို လွှတ်တော် သက်တမ်း (၄) နှစ်ခန့်ရှိနေသည့် ယခုအချိန်တွင် မှန်းဆ တွက်ချက်နိုင်မည်ဟု ယူဆပါသည်။
ရိုဟင်ဂျာ လူမျိုးသည် မြန်မာနိုင်ငံ၏ တည်ဆဲ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ တိုင်းရင်းသားများ စာရင်းတွင် ပါဝင်နိုင်ခဲ့သည့် သမိုင်း အထောက် အထားများ ရှိသော်လည်း ယင်းအချိန်က နိုင်ငံတော် ကောင်စီ၏ လူမျိုးနှင့် ကိုးကွယ်သော ဘာသာကို ခွဲခြား၍ တိုင်းရင်းသား သတ်မှတ်ခြင်းကြောင့် ယခင် ၁၉၇၂ ခုနှစ်မတိုင်မှီက ပါဝင်ခဲ့သည့် တိုင်းရင်းသား စာရင်းမှ ပယ်ဖျက်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။ ၁၉၇၄ ခုနှစ်မှစ၍ ရိုဟင်ဂျာ လူမျိုးများ လက်ထဲတွင် ရှိသော နိုင်ငံသားတိုင်း ကိုင်ဆောင်ခွင့် ရသည့် အမျိုးသား မှတ်ပုံတင် ကဒ်ပြားများကို နည်းလမ်းမျိုးစုံဖြင့် သိမ်းယူခဲ့သည်။ တစ်ဖန် ၁၉၉၀ နောက်ပိုင်းတွင် နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ လျှောက်ထားခိုင်းပြီး၊ နိုင်ငံသား စီစစ်ရေး ကဒ်ပြား (ပန်းရောင်) များ မထုတ်ပေးဘဲ၊ ယာယီ သက်သေခံ ကဒ်ပြား (White Card) များကို အတင်းအဓမ္မ ကိုင်ဆောင် စေခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် တိုင်းရင်းသား စာရင်းတွင် ပါဝင်၍ တန်းတူ ရည်တူ အခွင့်အရေး ရရှိခဲ့သည့် ရိုဟင်ဂျာ လူမျိုးများကို တိုင်းရင်းသား အဆင့်မှ တရားမ၀င် ၀င်ရောက် နေထိုင်သူ အဆင့်သို့ ပို့လိုက်ပြီ ဖြစ်သည်။
ရိုဟင်ဂျာများသည် မိမိတို့ ဆုံးရှုံးသွားသည့် အခွင့်အရေး ​အဆင့်အတန်း ပြန်လည် ရရှိရန် အတွက် ပြည်ထောင်စု အစိုးရ၊ ပြည်ထောင်စု လွှတ်တော်နှင့် ရခိုင်ပြည်နယ် အစိုးရ တို့၏ တရားဝင် ညွန်ကြားချက် မပါသည့် ဤ ဆွဲ၊တင်၊စစ်​ လုပ်​ငန်းတွင်​ မပါဝင်ခြင်းဖြင့် မိမိတို့ အမှန်တကယ် ရထိုက်သည့် အခွင့်အရေးများကို ရဲရဲဝံ့ဝံ့ တောင်းဆိုရမည် ဖြစ်သည်။ ဆွဲ၊တင်၊စစ် တွင် ပါဝင်ရန် တိုက်တွန်း ပြောဆိုနေသူများနှင့် ပတ်သက်၍ ၎င်းတို့၏ ထင်သာမြင်သာမှု၊ ပွင့်လင်းမှု၊ လူမျိုးအတွက် အမှန်တကယ် ကြိုးပမ်းမှုများ အပြင် ၎င်းတို့၏ ကိုယ်ပိုင် အခွင့်အရေးများနှင့် ဆက်စပ်မှု ရှိ/မရှိကိုလည်း လေ့လာရန် အထူး လိုအပ်ပေသည်။
နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုသည် ကျေးရွာအချို့သို့ ကွင်းဆင်း၍ ဆွဲ၊တင်၊စစ် တွင် ပါဝင်သူများကို နိုင်ငံသား “ပြု” ကဒ်ပြား (အစိမ်းရောင်) များ ထုတ်ပေးမည်ဟု ပြောဆို၍ စည်းရုံးခြင်း များလည်း ရှိနေသည်။ အထူး သတိပြုရန် လိုအပ်သည်မှာ ရိုဟင်ဂျာများ ဆုံးရှုံးသွားခဲ့သည်မှာ တိုင်းရင်းသား၊ နိုင်ငံသား အခွင့်အရေး ဖြစ်သည်။ ထိုဆုံးရှုံးမှုများကို အစိမ်းရောင် နိုင်ငံသား “ပြု” ကဒ်ပြားဖြင့် အစားထိုးပေး၍ နိုင်ငံခြားမှ ၀င်ရောက်လာသူ အဖြစ် သတ်မှတ်မည်ကို မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ မရှိပေ။
ရိုဟင်ဂျာများအား အမှန်တကယ် ပေးအပ်ရမည်မှာ မြန်မာနိုင်ငံတွင် အခြားသော တိုင်းရင်းသား၊ နိုင်ငံသားများ နည်းတူ ပန်းရောင် နိုင်ငံသား စီစစ်ရေး ကဒ်ပြား ဖြစ်ပြီး၊ လူမျိုးအမည်တွင်လည်း “ရိုဟင်ဂျာ” ဟု ရေးသား ပေးရမည် ဖြစ်သည်။ ရိုဟင်ဂျာများသည် အခြားသော မြန်မာနိုင်ငံသားများ ကဲ့သို့ ကျန်းမာရေး ဦးစီးဌာနတွင် ကလေး မွေးစာရင်း၊ သေစာရင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနတွင် လိပ်စာ အပြောင်းအရွှေ့၊ မွေးတိုး၊ သေဆုံး ပယ်ဖျယ်၊ နိုင်ငံခြားထွက် ပယ်ဖျက်များကို လုပ်ခွင့် ရှိရမည် ဖြစ်ပြီး၊ နိုင်ငံခြားမှ တရားမ၀င် ၀င်ရောက် နေထိုင်သူများ စာရင်းသို့ အတင်းအဓမ္မ မှတ်တမ်း၍ ငွေညှစ်နေသည့် ဆွဲ၊တင်၊စစ် လုပ်​ငန်း တွင် ပါဝင်ရန် မလိုအပ်ကြောင်း အသိပေးလိုပါသည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှလည်း ဤ ဆွဲ၊တင်၊စစ် ကို ဘင်္ဂါလီ ဇတ်သွင်းသည့် စီမံချက် တစ်ခုဟု သိရှိထားပြီး၊ ၎င်းတို့ အနေဖြင့် ပွင့်လင်းမြင်သာမှု မရှိဘဲ အတင်းအဓမ္မ နိုင်ငံခြားသား စာရင်း သွင်းသည့် ဤ ဆွဲ၊တင်၊စစ် အား ရပ်တန့်ရန် မြန်မာအစိုးရသို့ တိုက်တွန်းထားသည်ကို ရိုဟင်ဂျာ မိဘပြည်သူများအား သိရှိစေလိုပါသည်။
အာရ်ကာန်ဒေသ (ယခု အခေါ် ရခိုင်ပြည်နယ်) ၏ မူလဘူတ တိုင်းရင်းသား ဖြစ်လင့်ကစား ရိုဟင်ဂျာ လူမျိုးများအား မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်၍ နိုင်ငံသား၊ တိုင်းရင်းသား ဖြစ်ခဲ့ခြင်းများကို လျှော့ချပြီး နိုင်ငံခြားသား အသွင်သို့ ဖန်တီးနေခြင်းများကို နိုင်ငံတကာနှင့် ကုလသမဂ္ဂက ပါဝင် ဖြေရှင်းနေသည်ကို ရိုဟင်ဂျာများ အားလုံး သိရှိပြီး ဖြစ်သည်။ ယခု ဆွဲ၊တင်၊စစ် ကိစ္စတွင်လည်း ရိုဟင်ဂျာများနှင့် အတူ ၎င်းတို့ ရပ်တည်နေသည်ကို ထပ်မံ အသိပေးလိုပါသည်။
RB ၀ိုင်းတော်သားများ
MYARF
RB News
24.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများနှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံများထံမှ ငွေညှစ်ရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာ အုပ်စု ရွာသစ်မှ မူဂျိတ်အုလ္လာ (ဘ) ဦးအာဇီရာမန်သည် အလယ်သံကျော် ကျေးရွာတွင် ပညာသင်ကြား ခဲ့ပြီး၊ နေအိမ်သို့ ပြန်လည် ရောက်ရှိပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဆော်ယဒ်ဟူစိန်း ထံပြန်လည် ရောက်ရှိသည့် အကြောင်း သွားရောက် အကြောင်းကြားရာ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ပြန်လာသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ရန် ကြိုးစားလျက် ရှိကြောင်း သိရသည်။ အကယ်၍ ၎င်းတောင်းခံသည့် ငွေမပေးပါက ဖမ်းဆီးခံရမည်ဟု ခြိမ်းခြောက်လျက် ရှိသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
သင်္ဘောကွဲ ကျေးရွာမှ လက်သမား တစ်ဦး ဖြစ်သူ ဦးအန်ဇူလ်ဟူစိန်းသည် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ အိမ်ဆောက်လုပ်ခွင့် ခွင့်ပြုချက် ရယူပြီး၊ အင်းဒင်နှင့် သင်္ဘောကွဲရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ သတင်းပို့ရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ပွဲစားဖြစ်သူ ဦးမိုဟာမတ်နေဇာမ် ထံမှ အကူအညီ ယူခဲ့သည်။ ဦးအန်ဇူလ်ဟူစိန်းက အင်းဒင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အတွက် ငွေကျပ် ၄၅၀၀၀၊ ဘင်္ဘောကွဲ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အတွက် ငွေကျပ် ၃၀၀၀၀၊ တို့ကို ဦးမိုဟာမတ် နေဖာမ်အား ပေး၍ စခန်း နှစ်ခုသို့ သတင်းပို့ခဲ့သည်။ အိမ်ဆောက်လုပ် ပြီးသည်နှင့် အင်းဒင်မှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ၎င်းတို့ထံမှ ခွင့်ပြုချက် ယူ/မယူ မေးမြန်းရာ ဦးအန်ဇူလ်ဟူစိန်းက ခွင့်ပြုချက် အတွက် ဦးမိုဟာမတ် နေဇာမ်မှ တဆင့် ငွေကျပ် ၄၅၀၀၀ ပေးပို့ခဲ့ကြောင်း ရှင်းပြသော်လည်း နယ်ခြားစောင့် ရဲများက ငွေကို မရခဲ့သလို မည်သူမှ သတင်းမပို့ခဲ့ဟု ပြောဆို၍ ငွေကျပ် နှစ်သိန်း ပေးရန် တောင်းခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။
ကျောက်ပန္ဒူ ကျေးရွာတွင် နယ်ခြားစောင့် ရဲများနှင့် အုပ်ချုပ်ရေးမှူး တို့က အပြစ်မဲ့ ဒေသခံ ရွာသား များထံမှ နည်းအမျိုးမျိုးဖြင့် ငွေညှစ်လျက် ရှိပြီး၊ ဇန်န၀ါရီလ (၁) ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် ကျောက်ပန္ဒူ ကျေးရွာ လမ်းဘေးတွင် ဆင်းမ်ကဒ် မပါသည့် ဖုန်းဟန်းဆက် တစ်လုံးဖြင့် သီချင်း နားထောင် နေသည့် ရှောမ်ရှုအာလမ် (ဘ) ဦးဇော်လာလ် (အသက် ၂၀ နှစ်) ကို နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ ဘင်္ဂလား ဆင်းမ်ကဒ် ရသည်ဟု ဆိုကာ လုပ်ကြံ စွပ်စွဲပြီး ငွေကျပ် တစ်သိန်း နှစ်သောင်း ညှစ်ယူခဲ့သည်။
MYARF
RB News
24.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်တွင် အတင်း အဓမ္မ ဆွဲ၊တင်၊စစ် ပြုလုပ်၍ ငွေညှစ်ခြင်းများ ဆက်လက် ပြုလုပ်လျက်ရှိပြီး၊ ဘူးသီးတောင် မြို့နယ်တွင် မပါဝင်သူများကို ခြိမ်းခြောက်ခြင်းများ ရှိနေကြောင်း သတင်း ရရှိပါသည်။
ယနေ့ ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ဓါးကြီးစား ကျေးရွာတွင် ဆွဲ၊တင်၊စစ် စတင်ခဲ့သည်။ ဇန်န၀ါရီလ (၂၃) ရက်နေ့က ယင်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအုစ်မာန်က ရပ်မိရပ်ဖ များကို အစည်းအဝေး တစ်ရပ် ခေါ်ယူ၍ ဆွဲ၊တင်၊စစ် တွင် လုံးဝ ငွေကောက်ခံခြင်း ပြုလုပ်မှာ မဟုတ်ဘဲ စစ်ဆေးသွားမည်ဟု ပြောကြား ခဲ့သည်။ အကယ်၍ ငွေတောင်းခံပါက မည်သူမှ ငွေမပေးကြရန် ပြောကြားခဲ့သည်။ သို့သော် ယနေ့ ဆွဲ၊တင်၊စစ် အဖွဲ့ ရောက်ရှိလာပြီး ၅၃ အိမ် စစ်ဆေးခဲ့ပြီး၊ မ.က.ဖ နှင့် နယ်ခြားစောင့် ရဲများက ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့မှ တဆင့် ဆွဲ၊တင်၊စစ် အဖွဲ့ စားစရိတ် ၁၀၀၀ ကျပ်၊ မွေးတိုး ၇၅၀၀ ကျပ်၊ သေဆုံး ပယ်ဖျက် ၂၅၀၀ ကျပ်၊ ထွက်ပြေး ပယ်ဖျက် ၇၅၀၀ ကျပ်နှင့် ပြောင်းရွှေ့ ၁၅၀၀၀ ကျပ် အထိ ကောက်ခံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
အလားတူ ကျောက်ပြင်ဆိပ် ကျေးရွာ အုပ်စုတွင်လည်း စစ်ဆေးခဲ့သည်။ ကျောက်ပြင်ဆိပ် ကျေးရွာ အုပ်စု အရှေ့ရွာတွင် ငွေကြေး ကောက်ခံခြင်း မရှိသော်လည်း၊ တောင်ရွာတွင် တစ်ရွာလုံးမှ ရွာသားများ စုပေါင်း၍ ငွေကျပ် တစ်သိန်း ပေးခဲ့ရသည်။ အနောက်ရွာတွင်လည်း ဆွဲ၊တင်၊စစ် အဖွဲ့ စားစရိတ် ၅၀၀ ကျပ်၊ မွေးတိုး ၃၀၀၀ ကျပ်၊ သေဆုံး ပယ်ဖျယ် ၃၀၀၀ ကျပ်နှင့် ပြောင်းရွှေ့ ၅၀၀၀ ကျပ် ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။
ဘူးသီးတောင် မြို့နယ်၊ တောင်ဘဇား ကျေးရွာ အုပ်စုသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုကွပ်ကဲရေးမှူး၊ တပ်ရင်းမှူး တစ်ဦးနှင့် ကြံ့ခိုင်ရေး ပါတီမှ အလုပ်အမှုဆောင် (၆) ဦးတို့ သွားရောက်၍ ဆွဲ၊တင်၊စစ် တွင် မပါဝင်ပါက အင်အား သုံး၍ ပါဝင်အောင် လုပ်ဆောင် သွားမည်ဟု ပြောဆို၍ ဒေသခံများကို ခြိမ်းခြောက် ခဲ့ကြောင်း သိရှိရပါသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့ ညက မီးလောင်ခဲ့တဲ့ ကြိမ်နီပြင် မွတ်စလင် ဒုက္ခသည် စခန်းကို တွေ့ရစဉ်
24.1.2015
ရခိုင်ပြည်နယ် ပေါက်တော မြို့နယ် ကြိမ်နီပြင် မွတ်စလင် ဒုက္ခသည် စခန်းမှာ မနေ့က ညနေပိုင်းက မီးလောင်မှု ဖြစ်ပွား ခဲ့ရာမှာ ၈ ခန်းတွဲ အဆောင် ၁၀ လုံး စုစုပေါင်း အခန်းပေါင်း ၈၀ မီးလောင်ကျွမ်း သွားပါတယ်။
အဲဒီ မီးလောင်မှု အပြီး မီးဘေးသင့် ဒုက္ခသည် အိမ်ထောင် စုပေါင်း ၁၀၀ ကျော်ကို ယာယီ ရွက်ဖျန်တဲတွေ နဲ့ လောလောဆယ် နေရာချ ထားပေးဖို့ ပြင်ဆင်နေ တယ်လို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်နယ် ဝန်ကြီး ဦးလှဟန် က ပြောပါတယ်။
"မနေ့ကတော့ ကယ်ဆယ်ရေး ပစ္စည်းပေါ့ စောင် တို့၊ ခြင်ထောင်တို့ အပါ အဝင်ပေါ့ ပစ္စည်းကိုးမျိုး ပါတယ်၊ လောလောဆယ် ယာယီ ကယ်ဆယ်ရေး ရွက်ဖျင်တဲ ၁၁ဝ ဒီနေ့ အရောက် ပို့ဖို့ စီစဉ်ခဲ့တယ်၊ ၁ဝ၆ စုပေါ့နော်၊ ကျနော်တို့က ၈ ခန်းတွဲတဲက ၁၂ လုံးဆောက်မယ်၊ ၁ဝ ခန်းတွဲက ၁ လုံးဆောက်မယ်၊ အဲ့ဒါကို ၁ လခွဲ အပြီး ဆောက်ဖို့ စီစဉ်တယ်"
ဒုက္ခသည် စခန်းမှာ မနေ့ညနေက ထမင်းချက်ရာ ကနေ ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်း ခဲ့တာ ဖြစ်ပြီး ဆုံးရှုံးသွားတဲ့ ကာလ တန်ဖိုးဟာ ငွေကျပ် သိန်းပေါင်း ၈၀၀ လောက် ရှိတယ်လို့ သိရပါတယ်။
အခု လက်ရှိမှာတော့ ဒုက္ခသည်တွေဟာ နီးစပ်ရာ အဆောင်တွေမှာ မှီခို နေထိုင်နေကြ ရတယ် လို့လည်း သိရှိရပါတယ်။
ကြိမ်နီပြင် ဒုက္ခသည် စခန်းမှာ ၈ ခန်းတွဲ အဆောင် ၉၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၂ အတွင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ တွေကြောင့် ပေါက်တော အပါအဝင် မြေပုံနဲ့ ကျောက်ဖြူမြို့နယ်တွေက အိမ်ထောင်စုပေါင်း ၈၀၀ ကျော် စုပေါင်း နေထိုင်တဲ့ ဒုက္ခသည် စခန်း တစ်ခုလည်း ဖြစ်ပါတယ်။
MYARF
RB News
23.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်တွင် အတင်း အဓမ္မ စစ်ဆေးလျက် ရှိသည့် ဆွဲ၊တင်၊စစ် တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးက ရဲမှူးချုပ် တင်ကိုကိုက ငွေကြေး ကောက်ခံခြင်း လုံးဝ ပြုလုပ်မည် မဟုတ်ဟု အစည်းအဝေး များတွင် ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ငွေကြေး အဆမတန် ကောက်ခံလျက် ရှိပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးက ငွေကြေး ကောက်ခံခြင်းနှင့် ပတ်သက်၍ သမ္မတထံ တိုင်လျှင်ပင် ကြောက်မည် မဟုတ်ဟု ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာတွင် ဒေသခံ ရိုဟင်ဂျာ များက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ငွေကြေး ကောက်ခံခြင်း ပြုလုပ်မည်ဟု မဟုတ်ဟု ပြောကြားခဲ့ကြောင်း ဆွဲ၊တင်၊စစ် အဖွဲ့ကို ပြောဆိုသဖြင့် စစ်ဆေးရေး အဖွဲ့က ရဲမှူးချုပ် တင်ကိုကိုနှင့် မ.က.ဖ ညွန်ကြားရေးမှူး တို့၏ အမိန့်အရ ကောက်ခံ နေခြင်း ဖြစ်သည်ဟု ဆိုကာ ပိုမိုတိုးမြှင့်၍ ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ မ.က.ဖ နှင့် နယ်ခြားစောင့်ရဲ များက ငွေကို ၎င်းတို့ ကိုယ်တိုင် မယူဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူး များမှ တဆင့် ယူလျက် ရှိသည်ဟု ဆိုသည်။
မောင်တောမြို့နယ်၊ ကြိမ်ချောင်း ကျေးရွာတွင် --
ဓါတ်ပုံ ရိုက်ခ -- ၃၀၀၀ ကျပ်
ဆွဲ၊တင်၊စစ် အဖွဲ့ စားစရိတ် -- ၅၀၀ ကျပ်
မွေးတိုး (၅ လ အောက်) --- ၁၂၀၀၀ ကျပ်
မွေးတိုး (၅ လ အထက်) --- ၁၈၀၀၀ ကျပ်
သေဆုံး ပယ်ဖျက် --- ၁၀၀၀၀ ကျပ်
နိုင်ငံခြားထွက် (အုပ်ချုပ်ရေးမှူးသို့ အကြောင်းကြားခဲ့လျှင်) --- ၂၅၀၀၀ ကျပ်
နိုင်ငံခြားထွက် (အုပ်ချုပ်ရေးမှူးသို့ အကြောင်းမကြားခဲ့လျှင်) --- ၄၅၀၀၀ ကျပ် -- အထိ ကောက်ခံလျက် ရှိကြောင်း သိရသည်။
“ကြိမ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်က ငါတို့ ငွေယူတာ မင်းတို့ ကြိုက်တဲ့ နေရာ သွားတိုင်ကြ၊ ငါမကြောက်ဘူး။ ရဲမှူးချုပ် မပြောနဲ့၊ သမ္မတကိုတောင် မကြောက်ဘူးလို့ ကြုံးဝါး ပြောတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အခြားသော ကျေးရွာများတွင် အောက်ပါအတိုင်း ကောက်ခံလျက် ရှိသည်။
တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ --
ဆွဲ၊တင်၊စစ် အဖွဲ့ စားစရိတ် --- ၅၀၀ ကျပ်
မွေးတိုး --- ၅၀၀၀ ကျပ်
သေဆုံး ပယ်ဖျယ် --- ၂၀၀၀ ကျပ်
ပြောင်းရွှေ့ --- ၇၀၀၀ ကျပ်
တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရကျေးရွာ --
ဓါတ်ပုံ ရိုက်ခ --- ၂၀၀၀ ကျပ်
ဆွဲ၊တင်၊စစ် အဖွဲ့ စားစရိတ် --- ၁၀၀၀ ကျပ်
မွေးတိုး --- ၅၀၀၀ ကျပ်
သေဆုံး ပယ်ဖျယ် --- ၅၀၀၀ ကျပ်
ပြောင်းရွှေ့ ---- ၁၅၀၀၀ ကျပ်
မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ် ကျေးရွာ --
ဓါတ်ပုံ ရိုက်ခ --- ၂၀၀၀ ကျပ်
ဆွဲ၊တင်၊စစ် အဖွဲ့ စားစရိတ် --- ၁၀၀၀ ကျပ်
မွေးတိုး --- ၅၀၀၀ ကျပ်
သေဆုံး ပယ်ဖျယ် --- ၂၀၀၀ ကျပ်
ပြောင်းရွှေ့ ---- ၇၀၀၀ ကျပ်
မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ် ကျေးရွာ --
ဓါတ်ပုံ ရိုက်ခ --- ၂၅၀၀ ကျပ်
ဆွဲ၊တင်၊စစ် အဖွဲ့ စားစရိတ် --- ၅၀၀ ကျပ်
မွေးတိုး --- ၅၀၀၀ ကျပ်
သေဆုံး ပယ်ဖျယ် --- ၂၀၀၀ ကျပ်
ပြောင်းရွှေ့ ---- ၇၀၀၀ ကျပ်
မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင် ကျေးရွာ --
ဓါတ်ပုံ ရိုက်ခ --- ၂၀၀၀ ကျပ်
ဆွဲ၊တင်၊စစ် အဖွဲ့ စားစရိတ် --- ၁၀၀၀ ကျပ်
မွေးတိုး --- ၅၀၀၀ ကျပ်
သေဆုံး ပယ်ဖျယ် --- ၂၀၀၀ ကျပ်
ပြောင်းရွှေ့ ---- ၁၀၀၀၀ ကျပ်
မောင်တောမြို့နယ် တောင်ပိုင်း ပန်းတောပြင် ကျေးရွာ --
ဓါတ်ပုံ ရိုက်ခ --- ၂၀၀၀ ကျပ်
ဆွဲ၊တင်၊စစ် အဖွဲ့ စားစရိတ် --- ၁၀၀၀ ကျပ်
မွေးတိုး --- ၅၀၀၀ ကျပ်
သေဆုံး ပယ်ဖျယ် --- ၇၀၀၀ ကျပ်
မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ --
ဆွဲ၊တင်၊စစ် အဖွဲ့ စားစရိတ် --- ၅၀၀ ကျပ်
မွေးတိုး --- ၇၀၀၀ ကျပ်
သေဆုံး ပယ်ဖျယ် --- ၅၀၀၀ ကျပ်
ဘူးသီးတောင် မြို့နယ် အမှတ် (၅) ရပ်ကွက် --
ဆွဲ၊တင်၊စစ် အဖွဲ့ စားစရိတ် --- ၅၀၀ ကျပ်
မွေးတိုး --- ၁၀၀၀၀ ကျပ်
သေဆုံး ပယ်ဖျယ် --- ၁၀၀၀၀ ကျပ်
နိုင်ငံခြားထွက် ---- ၄၀၀၀၀ ကျပ်
ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာ --
ဆွဲ၊တင်၊စစ် အဖွဲ့ စားစရိတ် --- ၅၀၀ ကျပ်
မွေးတိုး --- ၅၀၀၀ ကျပ်
သေဆုံး ပယ်ဖျယ် --- ၅၀၀၀ ကျပ်
၂၀၁၃ ခုနှစ် ဇူလိုင်လတွင် န.စ.က ကို ဖျက်သိမ်းပြီးနောက် လက်ထပ်ခွင့် များကို ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူး များထံမှ ရယူရန် မြို့နယ် အုပ်ချုပ်ရေးမှူး များက လစဉ် ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့် အစည်းအဝေး များတွင် ပြောကြားခဲ့သည်။ ထို့နောက် အဆိုပါ ညွန်ကြားချက်သည် ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အတွက် အကွက်ကောင်း တစ်ခု ဖြစ်လာခဲ့ပြီး လက်ထပ်ခွင့် ရရေး အတွက် န.စ.က ကိုပေးရသကဲ့သို့ပင် ငွေကြေး ၅ သိန်းထိ ပေးခဲ့ရသည်များ ရှိလာခဲ့သည်။
ယခုအခါ မ.က.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ပြုလုပ်နေသည့် ဆွဲ၊တင်၊စစ် တွင် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်ဖြင့် လက်ထပ် ထားသူများကို ၎င်းတို့ထံမှ ခွင့်ပြုချက် မယူဟု ဆိုကာ ငွေညှစ်ရန် ဇတ်လမ်းများ ထွင်လျက် ရှိကြသည်။
“အခု ကျွန်တော်တို့ ဆီမှာ လက်ထပ်ထားသူ တွေကို အတင်း အဓမ္မ စစ်တဲ့ ဆွဲ၊တင်၊စစ် မှာ မစစ်တော့ဘဲ မ.က.ဖ အဖွဲ့ ရုံးကို ခေါ်နေတယ်။ အတွင်း သတင်းကြားတာတော့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တွေဆီက ခွင့်ပြုချက်နဲ့ လက်ထပ် ထားတဲ့ သူတွေဆီ ငွေကျပ် ၄ သိန်းအထိ ညှစ်မယ်လို့ သိရတယ်။ ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးက အဓိက ညွန်ကြားနေတာပါ။ အရင် န.စ.က ထက် ပိုဆိုးနေတယ်” ဘူးသီးတောင် မြို့နယ်မှ မြို့မိမြို့ဖ တစ်ဦးက RB News သို့ပြောပါသည်။
MYARF
RB News
23.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ  ကျေးရွာမှ လူကုန်ကူးသူ တစ်ဦးက နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ကလေးများကိုပါ လူကုန်ကူးလျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာမှ နယ်ခြားစောင့် ရဲများနှင့် ပူးပေါင်း၍ လူကုန်ကူး နေသည့် ဦးအဒူလ်ဟာရှိမ်း (ဘ) ဦးအီဆက်သည် ထိုင်းနှင့် မလေးရှားသို့ သွားရန် လိုက်လံ စည်းရုံးပြီး ကျောက်ပန္ဒူ ကျေးရွာမှ ဦးဖေယောဒ်အူလ္လာ (ဘ) ဦးကာဆိမ်း၏ စက်လှေဖြင့် ဘင်္ဂလား ပင်လယ်အော်တွင် အသင့်စောင့် နေသည့် ထိုင်းနိုင်ငံမှ စက်လှေကြီး အထိ ပို့ဆောင် ပေးလေ့ ရှိသည်။
နယ်ခြားစောင့် ရဲတပ်ဖွဲ့က လူတစ်ဦး အတွက် ငွေကျပ် နှစ်သောင်း ယူပြီး၊ ကျန်သည့် ငွေများကို စက်လှေသမား များနှင့် ဦးအဒူလ်ဟာရှိမ်းတို့ ခွဲဝေယူကြောင်း သိရသည်။ ၎င်းက လူများစုဆောင်းရာတွင် အရွယ်မရောက်သေးသော ကလေးငယ် များကိုပင် လမ်းဘေးက အတင်းအဓမ္မ ဆွဲခေါ်ပြီး စက်လှေပေါ်သို့ တင်ဆောင် ပေးလေ့ရှိသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ကျောက်ပန္ဒူ ကျေးရွာမှ ဦးဖော်ဇောလ်၏ ၁၂ နှစ် အရွယ်သား ဖြစ်သူ ဆော်လီမူလ္လာသည် ယာခင်းစောင့်နေစဉ် ဦးအဒူလ်ဟာရှိမ်းက အတင်းအဓမ္မ ဆွဲခေါ်သွားပြီး စက်လှေပေါ်တင်၍ ခေါ်ဆောင် သွားခဲ့သည်။ ယခုအခါ အဆိုပါ ကလေးငယ်သည် ထိုင်းနိုင်ငံရှိ ဦးအဒူလ်ဟာရှိမ်း၏ ညီအစ်ကိုများ ဖြစ်သော ဦးအဘာစ်နှင့် ဦးအစ္စလာမ် တို့လက်ထဲ ရောက်ရှိသွားပြီး၊ ၎င်းတို့ တောင်းသည့် ငွေကြေး ပမာဏကို မပေးနိုင်သဖြင့် ထိန်းသိမ်း ထားကြောင်း သိရှိရသည်။
ဦးအဒူလ်ဟာရှိမ်းသည် နယ်ခြားစောင့် ရဲများနှင့် ပူးပေါင်း၍ ၁၈-၁-၂၀၁၅ ရက်နေ့က လူ (၁၅) ယောက်၊ ၁၇-၁-၂၀၁၅ ရက်နေ့က လူ (၁၅) ယောက်၊ ၁၅-၁-၂၀၁၅ ရက်နေ့က လူ (၈) ယောက်၊ ၁၄-၁-၂၀၁၅ ရက်နေ့က လူ (၅) ယောက်၊ ၃-၁၂-၂၀၁၄ ရက်နေ့ လူ (၂၇) ယောက်နှင့် ၂၇-၁၁-၂၀၁၄ ရက်နေ့ လူ (၈၀) ယောက် စုဆောင်း၍ လူကုန်ကူး ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။
လူကုန်ကူးမှု လုပ်ငန်းကို အထူးသဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စ.ရ.ဖ နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များက ဦးစီး၍ လုပ်ကိုင်လျက် ရှိပြီး၊ ၎င်းတို့နှင့် အတူ ဒေသခံ အချို့ကို ကော်မရှင်စား အဖြစ် ထား၍ တရားဝင် စီးပွားရေး လုပ်ငန်း တစ်ခု အဖြစ် လုပ်ကိုင်လျက် ရှိကြသည်။ အထက် အာဏာပိုင်များ အားလုံးမှ သိရှိသော်လည်း ဒေသခံ ရိုဟင်ဂျာ ထွက်သွားခြင်းသည် အစိုးရ အတွက် မင်္ဂလာ တစ်ပါး ဖြစ်သည့် အတွက် နှုတ်ဆိတ် နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။
ကျော်ဇေယျာဦး
RB News
23.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်၏ တပည့် တစ်ဦး ဖြစ်သည့် ကျော်ဇေယျာဦးသည် ဒေသခံ ရွာသားများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ဒေါ်မော်ရီဂျာန် (ဘ) ဦးမောင်စိန်သည် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာမှူးရွာ ဇာတိဖြစ်ပြီး၊ မောင်တူလာရွာတွင် တရားဝင် အိမ်ထောင်ကျပြီးနောက် သားသမီး နှစ်ဦး ထွန်းကား ခဲ့သည်။ ငွေကြေး မပြည့်စုံသူ ဖြစ်ပြီး၊ ငွေကြေး အခက်အခဲကြောင့် ကလေးနှစ်ဦးကို အချိန်မှီ အိမ်ထောင်စု စာရင်းတွင် တင်နိုင်ခြင်း မရှိခဲ့ပေ။ ဇန်န၀ါရီလ (၂၀) ရက်နေ့က ဆွဲ၊တင်၊စစ် အဖွဲ့ လာသည့် အခါ စာရင်း တင်ရန် သွားခဲ့သည်။ စာရင်းတင်ရန် သွားသည့် ဒေါ်မောရီဂျာန်ကို အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်၏ တပည့်ဖြစ်သူ ကျော်ဇေယျာဦးက စာရင်းတင်ရန် နောက်ကျသည့် အတွက် ဒဏ်ငွေ ပေးရမည်ဟု ဆိုကာ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ယင်းနေ့တွင်ပင် ကျော်ဇေယျာဦးက မောင်တူလာရွာမှ မော်လ၀ီ ဟာရှိမ်း (ဘ) ဦးဆာလေ အာမတ် (အသက် ၄၅ နှစ်) ကို အိမ်ပြုပြင်ခဲ့သည်ဟု စွပ်စွဲ၍ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင် အတွက်ဟု ဆိုကာ ငွေကျပ် တစ်သိန်း ခြောက်သောင်း ညှစ်ယူခဲ့သည်။ ထို့အပြင် ယခုလအတွင်း တရားမ၀င် အိမ်ပြုပြင်သည်ဟု စွပ်စွဲ၍ မောင်တူလာ ရွာသား (၄) ဦးထံမှ ငွေကျပ် သုံးသိန်း နှစ်သောင်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
ငွေကျပ် သုံးသိန်း နှစ်သောင်း ညှစ်ခံရသည့် ရွာသား (၄) ဦးမှာ --
(၁) ဦးဘော်ဆိရ် (ဘ) ဦးမော်ဂျိတ် (အသက် ၆၈ နှစ်) -- ငွေကျပ် တစ်သိန်း
(၂) ဒေါ်ဆူရိုဂျမာလ် (ဘ) ဦးကာလူ - ငွေကျပ် ရှစ်သောင်း
(၃) ဦးဟာဘီအူလ္လာ (ဘ) ဦးလုခ်မာန်ဟာကိမ်း - ငွေကျပ် ခြောက်သောင်း ငါးထောင်
(၄) ဒေါ်နူရ်ဘာရ် (ဘ) ဦးလုခ်မာန်ဟာကိမ်း - ငွေကျပ် ခုနှစ်သောင်း ငါးထောင် -- တို့ဖြစ်သည်။
ကျော်ဇေယျာဦးသည် လွန်ခဲ့သည့် နှစ်ပေါင်း များစွာ ကတည်းက ဦးမောင်သက်နိုင်၏ အကာအကွယ်ကို ယူ၍ နည်းမျိုးစုံဖြင့် ဒေသခံများထံမှ ငွေညှစ်နေသူ ဖြစ်ပြီး၊ လွန်ခဲ့သည့် ဇန်န၀ါရီလ (၂၀) ရက်နေ့ ညပိုင်းတွင် ဗျူဟာမှူးရွာမှ အိမ်ထောင်သည် အမျိုးသမီး တစ်ဦးကို နယ်ခြားစောင့်ရဲ (၆) ဦးနှင့် အတူ အုပ်စုဖွဲ့ မုဒိန်းကျင့်၍ ငွေညှစ်ခဲ့သည့် အမှုတွင် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်သည်။ ၎င်းနှင့် ပတ်သက်၍ ဒေသခံများက ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ အကြိမ်ကြိမ် တိုင်ကြားခဲ့သော်လည်း မည်သည့် အခါကမျှ အရေးယူ တားမြစ်ခြင်း မပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
Rohingya Eye
RB News
23.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းပြင် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးသည် ဆွေမျိုးများ၏ အိမ်မှ လည်ပတ်ပြီး ပြန်လာနေစဉ် တပ်မတော်မှ ဗိုလ်ကြီးနှင့် ရဲဘော် (၆) ဦးတို့က လုယက်သည့် အပြင်၊ ပြန်လွှတ်ပေးရန် ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဇန်န၀ါရီလ (၂၀) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းပြင် (ကွာရ်ဘီးလ်) ကျေးရွာမှ ဦးရှော်မ်ရှု၏ ဇနီးဖြစ်သူ ဒေါ်ဟာဆီနာ (အသက် ၃၅ နှစ်) သည် ဆွေမျိုးများ အိမ်သို့ အလည်အပတ် သွားပြီး ပြန်လာစဉ် လိပ်ရကျေးရွာ အခြေစိုက် စစ်တပ်စခန်းမှ ဗိုလ်ကြီးနှင့် ရဲဘော် (၆) ဦးတို့က ရပ်ခိုင်းပြီး စစ်ဆေးခဲ့သည်။ ထို့နောက် ဒေါ်ဟာဆီနာ ထံတွင် ပါသည့် မိုဘိုင်းဖုန်းနှင့် ငါးမူးသား ရွှေဆွဲကြိုးတို့ကို လုယက်ပြီး ဒေါ်ဟာဆီနာကို ထိန်းသိမ်း ထားခဲ့သည်။ ဒေါ်ဟာဆီနာ ထံမှ ငွေကျပ် ၃ သိန်း ညှစ်ယူပြီး၊ မိုဘိုင်းဖုန်းကို ပြန်ပေးပြီး ပြန်လည် လွှတ်ပေး ခဲ့သော်လည်း ငါးမူးသား (ကာလတန်ဖိုး ၃၅၀၀၀၀ ကျပ်ကျော်) ရွှေဆွဲကြိုးကို ပြန်မပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ဒေါ်ဟာဆီနာက ၎င်း၏ ရွှေဆွဲကြိုးကို ပြန်ပြောရန် တောင်းသည့် အခါ ဗိုလ်ကြီးဖြစ်သူက မိမိတို့ မယူကြောင်း လိမ်ညာ ပြောဆို၍ ဒေါ်ဟာဆီနာကို လက်သီးဖြင့် ထိုးကြိတ် ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
လိုင်စင်ရ ဓါးပြ သောင်းကျန်းသူများ ကဲ့သို့ ဖြစ်နေသည့် လက်နက် အာဏာပိုင် များသည် ဒေသခံ ရိုဟင်ဂျာ များကို နေ့စဉ်နှင့် အမျှ နည်းမျိုးစုံဖြင့် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် ငွေညှစ်လျက် ရှိသည့် အပြင် လုယက်ခြင်း များကိုပါ ပေါ်ပေါ်တင်တင် ပြုလုပ်လျက် ရှိသည်။ ဒေါ်ဟာဆီနာ ထံမှ ရွှေဆွဲကြိုးနှင့် ငွေကျပ် ၃ သိန်း ရသဖြင့် လက်သီးဖြင့် ထိုးရုံဖြင့်သာ ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး၊ အကယ်၍ ရွှေနှင့် ငွေသား မရပါက ဒေါ်ဟာဆီနာကို အုပ်စုဖွဲ့ မုဒိန်းကျင့် လွှတ်မည်မှာ အသေအချာ ဖြစ်သည်ဟု ဆိုသည်။
MYARF
RB News
23.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သရေကုန်းဘောင် ကျေးရွာ အုပ်စု၊ ကိုင်းကြီး န.တ.လ ရွာ အနီးရှိ တောထဲတွင် လူသေ အလောင်း ၄ လောင်းကို ထင်းခုတ် သမားများက တွေ့ရှိခဲ့သော်လည်း သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အလောင်း မသယ်ယူ နိုင်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဇန်န၀ါရီလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း ပညောင်ပင်ကြီး ကျေးရွာမှ ထင်းခုတ်သမား အချို့သည် သရေကုန်းဘောင် ကျေးရွာ အုပ်စု၊ ကိုင်းကြီးရွာ အနီးရှိ တောထဲတွင် ထင်းရှာဖွေရန် သွားကြရာ၊ သစ်ရွက်ပုံတစ်ပုံကို ယင်ကောင်များ အုံနေသဖြင့် သံသယဖြစ်၍ စူးစမ်းကြည့်ရာ သစ်ရွက်ပုံထဲတွင် လူသေ အလောင်း (၄) လောင်းကို တွေ့ရှိခဲ့သည်။ ထင်းရှာသွားသည့် ထင်းခုတ်သမားများက အလောင်းများကို သေချာ ကြည့်ရှုရန် ကြိုးစားနေစဉ် ရခိုင် လက်နက်ကိုင် အဖွဲ့ဟု ယူဆရသူများက သေနတ် တစ်ချက် ပစ်ဖောက်၍ ခြောက်လှန့် သဖြင့် ထင်းခုတ်သမားများ ကြောက်လန့်ပြီး ထွက်ပြေး ခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
အဆိုပါ အလောင်းများမှာ ရိုဟင်ဂျာများ ဖြစ်ပြီး၊ ဘူးသီးတောင် မြို့ခံများ ဖြစ်နိုင်ကြောင်း၊ တောင်ကြားလမ်းမှ တဆင့် မောင်တောမြို့သို့ လာနေစဉ် တောထဲတွင် ရခိုင်လက်နက်ကိုင် အဖွဲ့၏ ဖမ်းဆီး သတ်ဖြတ်ခြင်းကို ခံရခြင်း ဖြစ်သည်ဟု ယူဆကြောင်း ထင်းခုတ်သမား များက ဆိုသည်။
ဒေသခံ ရိုဟင်ဂျာများကို ၂၀၁၂ ခုနှစ် နောက်ပိုင်းမှ စ၍ တောတောင်များ ထဲသို့ သွားခွင့် မပေးတော့သည့် အတွက် ၀မ်းရေး အတွက် မတတ်သာသည့် အဆုံးတွင် ခိုး၍ သွားကြရသည်။ ထို့ကြောင့် အလောင်း (၄) လောင်း တွေ့ရှိခဲ့သည့် ထင်းခုတ် သမားများက အလောင်း (၄) လောင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ အကြောင်းကြားလျှင် ခွင့်ပြုချက် မရှိဘဲ တောထဲသို့ သွားသည့် အမှုဖြင့် ဖမ်းဆီး အရေးယူ ခံရမည်ကို စိုးရိမ်၍ သက်ဆိုင်ရာသို့ အကြောင်းမကြား ခဲ့ကြောင်း၊ အကယ်၍ အလောင်းများကို တွေ့စဉ် သေနတ်ဖြင့် မပစ်ခတ်ပါက အလောင်း သယ်ယူ လာနိုင်အောင် စီစဉ်နိုင်ကြောင်း၊ မတရားသဖြင့် အသတ်ခံရသူ များကို သဂြိုဟ် ပေးခြင်းတော့ လုပ်ပေးနိုင်ကြောင်း ထင်းခုတ်သမား များက ပြောပါသည်။
MYARF
RB News
23.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဘင်္ဘောကွဲ ကျေးရွာမှ နယ်ခြားစောင့် ရဲများက မိသားစု တစ်စု၏ အိမ်ထောင်စု စာရင်း သိမ်းယူခဲ့ပြီး၊ ကျောက်ပန္ဒူ ကျေးရွာမှ နယ်ခြားစောင့် ရဲများက ငွေညှစ်ခံရသူများ ထံမှ ထပ်မံ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဇန်န၀ါရီလ (၂၁) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း ဘင်္ဘောကွဲ ကျေးရွာရှိ နယ်ခြားစောင့် ရဲများသည် ဘင်္ဘောကွဲ ကျေးရွာ အုပ်စု၊ ရွာကြီးနေ ဦးအဒူလာမီးန် (ဘ) ဦးအဒူဟားလေ၏ နေအိမ်သို့ သွားရောက်၍ ဦးအဒူလာမီးန်၏ သားဖြစ်သူကို ရှာဖွေရာ ဦးအဒူလာမီးန်က သားဖြစ်သူသည် အလယ်သံကျော်တွင် ပညာသင်ကြား နေသည်ဟု ပြောဆို ရှင်းပြသော်လည်း  နယ်ခြားစောင့် ရဲများက ဘင်္ဂလားဒေ့ရှ်သို့ သွားနေခြင်း ဖြစ်သည်ဟု စွပ်စွဲ၍ ဦးအဒူလာမီးန်ကို ရိုက်နှက်ခဲ့သည်။ အဆိုပါ နယ်ခြားစောင့်ရဲများသည် ဇန်န၀ါရီလ (၂၂) ရက်နေ့ ထပ်မံ၍ ရောက်ရှိလာပြီး ဦးအဒူလာမီးန်၏ သားဖြစ်သူကို ထပ်မံရှာဖွေရာ ဦးအဒူလာမီးန်က ယခင်နေ့က အတိုင်း ပြောဆို ရှင်းပြသော်လည်း နယ်ခြားစောင့် ရဲများက လက်ခံခြင်း မရှိဘဲ ဦးအဒူလာမီးန်၏ အိမ်ထောင်စု စာရင်းကို သိမ်းဆည်း သွားခဲ့သည်။ ယနေ့ ဇန်န၀ါရီလ (၂၃) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ဦးအဒူလာမီးန်၏ ဇနီးက နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ကင်းစခန်းသို့ သွားရောက်၍ ၎င်းတို့၏ အိမ်ထောင်စု စာရင်းကို သွားတောင်းသော်လည်း နယ်ခြားစောင့်ရဲ တစ်ဦးက ဗိုလ်လေး [ဒုရဲအုပ်] စစ်တွေ သွားနေသဖြင့် ဗိုလ်လေးလာမှသာ ပြန်လာရန် ပြောဆို၍ နှင်လွှတ်လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
ကျောက်ပန္ဒူ ကျေးရွာ
မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ လှုပ်ရှားရေး အဖွဲ့ ဗိုလ်လေး [ဒုရဲအုပ်] သည် ဇန်န၀ါရီလ (၁၇) ရက်နေ့ ည ၁၁း၃၀ နာရီ အတွင် ကျောက်ပန္ဒူ ကျေးရွာမှ ဒေသခံ ရွာသား (၃) ဦးဖြစ်သည့် အဒူရာမန်၊ ဦးကာလာနှင့် ဦးရော်ရှီဒူလ္လာ တို့ကို လူကုန်ကူးနေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ဇန်န၀ါရီလ (၁၈) ရက်နေ့ ညနေ (၄) နာရီ အထိ ချုပ်နှောင် ထားခဲ့ပြီးနောက် ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ အဆိုပါ သတင်းကို RB News တွင် ဇန်န၀ါရီလ (၁၉) ရက်နေ့တွင် ဖော်ပြခဲ့သည့် အတွက်ဟု ဆိုကာ ငွေညှစ်ခံရသည့် ရွာသား (၃) ဦးကို နယ်ခြားစောင့်ရဲ ကင်းစခန်းမှ ဒုရဲအုပ်က ဆင့်ခေါ်၍ RB News သို့ သတင်းပို့သည့် အတွက် ပြစ်တင် ဝေဖန်ပြီး ကြက် (၃) ကောင်ကို ငွေအစား ညှစ်ခဲ့ယူကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
သတင်းများကို RB News ၏ သတင်းထောက်များက ၎င်းတို့ နည်းလမ်းဖြင့် ရယူခဲ့ပြီး ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း ရွာသား (၃) ဦးက ရှင်းပြသော်လည်း ဒုရဲအုပ် ဖြစ်သူက လက်ခံခြင်း မရှိဘဲ၊ အရှက်မဲ့စွာဖြင့် ကြက် (၃) ကောင် ထပ်မံ၍ ယူခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။
မောင်တောခရိုင် အတွင်း ဖြစ်ပွားနေသည့် နယ်ခြားစောင့် ရဲများ၏ ပြစ်မှု သတင်းများကို အမှောင် ဖုံးထားရန် အတွက် ယခုကဲ့သို့ ငွေညှစ်ခံရသူ များထံမှ ထပ်မံ ငွေညှစ်၍ ခြိမ်းခြောက် လိုက်ခြင်း ဖြစ်သည်။ ယခင် န.စ.က လက်ထက်က ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ကြီးကလည်း ဤကဲ့သို့ ပြုလုပ်ရန် ၎င်း၏ တပ်ဖွဲ့ဝင်များကို ညွန်ကြားခဲ့ပြီး၊ ယခုလည်း ရဲမှူးချုပ် တင်ကိုကိုက ယခုကဲ့သို့ ညွန်ကြားထားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ဆိုသည်။ သို့သော်လည်း နောက်ဆုံး အချိန်တွင် ဗိုလ်မှူးချုပ် အောင်ကြီးလည်း ဖမ်းဆီး ထောင်ချခံရသည်ကို ရဲမှူးချုပ် တင်ကိုကိုက သတိပြုမှုရန် လိုအပ်ပြီး၊ လက်အောက်ငယ်သားများ လိုင်စင်ရ ဓါးပြများကဲ့သို့ ဆိုးသွမ်း သောင်းကျန်းလျက် ရှိသည်ကို အမြန်ဆုံး အရေးယူရန် လိုအပ်ကြောင်း ဒေသခံများက ပြောပါသည်။
RB News
23.1.2015
ရီယာဒ် ။ ။ ဆော်ဒီအာရေဗျာ ဘုရင် အဗ္ဗဒူလ္လာ ယနေ့ သောကြာနေ့ နံနက် ၁ နာရီမှာ ကွယ်လွန် သွားပြီလို့ ဆော်ဒီအာရေဗျာ အစိုးရပိုင် ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။ ကွယ်လွန်သွားတဲ့ ဘုရင်ရဲ့ အရိုက်အရာကို အိမ်ရှေ့ မင်းသားကြီး ဆလ်မာန်က ဆက်ခံမှာ ဖြစ်တယ်လို့ ထည့်သွင်း ကြေညာခဲ့တယ်။
ကွယ်လွန် သွားတဲ့ ဘုရင် အဗ္ဗဒူလ္လာဟာ အသက် ၉၀ နှစ် အရွယ်ရှိပြီး ၁၉၉၆ ခုနှစ်လောက် ကတည်းက ဘုရင် ဖာ့ဒ်ရဲ့ တာဝန်များကို ထမ်းဆောင် ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ ဘုရင် ဖာ့ဒ် ကွယ်လွန်ပြီး နောက်မှာ ဘုရင် ဖြစ်လာခဲ့တာပါ။ ဘုရင် အဗ္ဗဒူလ္လာရဲ့ လက်ထက်မှာ အမေရိကန်နဲ့ ဆက်ဆံ ပိုမိုကောင်းမွန် လာခဲ့ပြီး၊ နိုင်ငံအတွင်းမှာ အမျိုးသမီး များကို နိုင်ငံရေးနဲ့ စီးပွားရေး အခန်း ကဏ္ဍတွေမှာ ပိုမိုပါဝင် လာနိုင်အောင် အခွင့်အလမ်းများ ဖန်တီးခဲ့သူ ဖြစ်တယ်လို့ နိုင်ငံတကာက ရေးသားဖော်ပြမှုများ အများအပြား ပြုလုပ်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုကို လိုလားသူ အဖြစ် ကျော်ကြားလာခဲ့သလို၊ မြန်မာ အပါအ၀င် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံ အတော်များများကိုလည်း ထောက်ပံ့မှု အများအပြား ပြုလုပ်ခဲ့တယ်။
ရီယာဒ်မြို့မှာ ရှိတဲ့ တော်ဝင်နန်းတော်က ဘုရင် အဗ္ဗဒူလ္လာ အဆုတ်ရောဂါ ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရလို့ ဒီဇင်ဘာလက စပြီး ဆေးရုံမှာ ရက်အတော်ရှည် ဆေးကုသမှု ခံယူခဲ့တယ်လို့ ဆိုပါတယ်။
အခု ဆော်ဒီဘုရင်ရဲ့ အရိုက်အရာကို ဆက်ခံလိုက်တဲ့ ဘုရင် ဆလ်မာန်က ကွယ်လွန်သွားတဲ့ ဘုရင် အဗ္ဗဒူလ္လာရဲ့ ဖအေတူ မအေကွဲ ညီအစ်ကို ဖြစ်ပြီး အသက် ၇၉ နှစ် အရွယ်ရှိပြီး၊ ၂၀၁၂ ခုနှစ် ကစပြီး အိမ်ရှေ့ မင်းသားကြီး ဖြစ်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်စပြီး ကာကွယ်ရေး ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်ပါတယ်။ လစ်လပ်သွားတဲ့ အိမ်ရှေ့ မင်းသားကြီး နေရာမှာ မူက်ရီးန်က ဆက်ခံသွားမယ်လို့ ဆိုပါတယ်။
ဒီကနေ့ ဘုရင် ဖြစ်လာတဲ့ ဆလ်မာန်ကလည်း ကွယ်လွန် သွားတဲ့ ဘုရင် အဗ္ဗဒူလ္လာလို ပြုပြင် ပြောင်းလဲရေး လိုလားသူ တစ်ယောက် ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းများမှာ ရေးသား ဖော်ပြထားပါတယ်။
ဘုရင် အဗ္ဗဒူလ္လာရဲ့ ရုပ်ကလာပ်ကို ရီယာဒ်မြို့မှာဘဲ ယနေ့ ညနေပိုင်းမှာ သဂြိုဟ်မှာ ဖြစ်ပါတယ်။
RB News
22.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင်တွင် ဇန်န၀ါရီလ (၁၃) ရက်နေ့မှ စ၍ ယခင် န.စ.က လက်ထက်တွင် ပြုလုပ်ခဲ့သည့် ဆွဲ၊တင်၊စစ် ကို ပြန်လည် အသက်သွင်းခဲ့ပြီး၊ ရိုဟင်ဂျာ လူမျိုး တစ်မျိုးကိုသာ လက်နက်၊ အာဏာဖြင့် ခြိမ်းခြောက်၍ ပြုလုပ်ခြင်း ဖြစ်သဖြင့် အများစုက မပါဝင်သောကြောင့် ခြိမ်းခြောက် ခံနေရပြီး၊ အတင်း အဓမ္မ ပါဝင်ခိုင်းမှုကြောင့် စစ်ဆေးခံ နေရသူများမှာ ငွေညှစ်ခြင်းနှင့် ကြုံတွေ့နေရကြောင်း သတင်း ရရှိပါသည်။ 
“တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၄) နယ်မြေ၊ လိပ်ရကျေးရွာမှာတော့ ဒီနေ့ [ဇန်န၀ါရီလ ၂၂] မ.က.ဖ ဦးထွန်းရီနဲ့ ကျေးရွာ တာဝန်ခံတို့ ပူးပေါင်းပြီး နိုင်ငံခြားထွက် ဆိုရင် ၁၅၀၀၀ ကျပ်၊ မွေးတိုး ဆိုရင် ၇၀၀၀ ကျပ်၊ အ.ထ.စ [အိမ်ထောင်စု စာရင်း] ပြောင်း ၀င်/ထွက် ဆိုရင် ၂၅၀၀၀ ကျပ်နဲ့ ဓါတ်ပုံ ရိုက်ခ ၂၀၀၀ ကျပ်စီ ယူနေတယ်” ဟု တောင်ပြိုလက်ဝဲမှ ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 
“ကျွန်တော်တို့ ဘူးသီးတောင် မြို့နယ်၊ ဖုံညိုလိပ် ကျေးရွာမှာ မ.က.ဖ နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဆွဲ၊တင်၊စစ် လုပ်ဖို့ ၁၆ ရက်နေ့က လာတယ်။ ရွာသားတွေက အစစ်မခံခဲ့ဘူး။ အဲဒါကို ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးဖြစ်တဲ့ ယခင် အတွင်းရေးမှူး ဟောင်း ဦးဆုလ်တာန်ကို ခေါ်ပြီး မင်းကြောင့် ရွာသားတွေ စစ်ဆေးမခံတာ ဆိုပြီး စွပ်စွဲတဲ့ အပြင် မရိုမသေ ဆဲဆို ခြိမ်းခြောက် ခဲ့တယ်” ဟု ဘူးသီးတောင် မြို့မှ ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
“မောင်တော တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ မောင်တူလာရွာ မှာတော့ ဇန်န၀ါရီလ ၁၆ ရက်နေ့က ဆွဲ၊တင်၊စစ် စတယ်။ မွေးတိုး စာရင်း တင်ဖို့ မ.က.ဖ ကို ငါးထောင်၊ ရွာအုပ်ချုပ်ရေးမှူးကို တစ်ထောင် ပေးခဲ့ရတယ်။ သေဆုံး ပယ်ဖျယ်ဖို့ တစ်ထောင်၊ ဓါတ်ပုံ ရိုက်ခတော့ မယူဘူး။ (၁၇) ရက်နေ့က စပြီး ရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ တစ်စောင်ကို ငါးထောင်ထိ တိုးယူနေတယ်။ မနေ့ [ဇန်န၀ါရီလ ၂၁] ကစပြီး ဈေးကုန်တန်းရွာမှာ မွေးတိုး တစ်ဦးကို ၁၅၀၀၀ ကျပ်၊ အုပ်ချုပ်ရေးမှူး ထောက်ခံစာ ငါးထောင် - စုစုပေါင်း နှစ်သောင်းထိ ယူနေတယ်။ ပြီးတော့ စာရင်းက ပယ်ဖျက်ရင်လည်း နှစ်သောင်းထိ ယူနေတယ်။ ကျွန်တော်တို့ ဆီမှာ လွန်ခဲ့တဲ့ ငါးလလောက်က လူဦးရေ စာရင်း ကောက်တဲ့ အခါမှာ ဘယ်သူ့မှ ၀င်မပါခဲ့ဘူး။ အဲဒီတုန်းက ရွာသား တော်တော်များများ အရိုက်ခံခဲ့ရတယ်။ ဒီတစ်ကြိမ်မှာ ရဲမှူးချုပ် တင်ကိုကို ပြောတဲ့ စကားတွေကို ယုံကြည်ပြီး ၀င်ပြီး အစစ်ဆေးခံတာပါ။ ဒါပေမယ့် ရဲမှူးချုပ် တင်ကိုကို ပြောတဲ့ စကားနဲ့ တကယ့် လက်တွေ့က တစ်လွဲစီ ဖြစ်နေတယ်။ မ.က.ဖ၊ နယ်ခြားစောင့်ရဲနဲ့ ရွာအုပ်ချုပ်ရေးမှူး တို့က ငွေကို သူတို့ ကိုယ်တိုင် မယူဘဲ၊ ဦးရော်ဖိတ် (ဘ) ဦးကော်ရီမူလ္လာ၊ ဦးဂျမာလ်နဲ့ ကျော်ဇေယျဦးတို့ ကတဆင့် ယူခဲ့တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။ 
မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာ (ဇိုက်မူန္နား) တွင်လည်း ဇန်န၀ါရီလ (၁၉) ရက်နေ့မှ စ၍ ဆွဲ၊တင်၊စစ် စတင်လျက်ရှိပြီး ဓါတ်ပုံ ရိုက်ခ တစ်ထောင်ကျပ်၊ မွေးတိုး ၇၀၀၀ ကျပ်၊ သေဆုံး ၂၀၀၀ ကျပ်၊ နိုင်ငံခြားထွက် တစ်သောင်းထိ တောင်းနေသည့် အတွက် ရွာသားအများစုမှာ ငွေကြေး မတတ်နိုင်သောကြောင့် စတင်သည့် နေ့တွင် မပါဝင်ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ ထိုသို့ အစစ်ဆေး မခံခဲ့သည်ကို အကြောင်းပြု၍ ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများနှင့် ပွင့်ဖြူချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တို့က နေအိမ် (၃) အိမ်သို့ ၀င်ရောက်၍ ဒေသခံ ရွာသား (၃) ဦးကို ရွာတွင် ကင်းစောင့်ရန် ပျက်ကွက်သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၂၆၀၀၀ တန်ဖိုးရှိ ကြက် (၃) ကောင်ကို ညှစ်ယူခဲ့သည်။ 
စွပ်စွဲခံရပြီး ကြက် (၃) ကောင် ပေးရသည့် ရွာသား (၃) ဦးမှာ --
(၁) ဦးနူရ်မာမတ် (ဘ) ဦးနူရ်အဂျိမ်း (အသက် ၄၅ နှစ်) -- ငွေကျပ် ၈ ထောင် တန်ဖိုးရှိ ကြက်တစ်ကောင်
(၂) ဦးအဒူမာလဲခ် (ဘ) ဦးဂူရာမျာ (အသက် ၄၀ နှစ်) -- ငွေကျပ် ၈ ထောင် တန်ဖိုးရှိ ကြက်တစ်ကောင်
(၃) ဦးမာမတ်ဆလာမ် (ဘ) ဦးဆော်လာမတ်အုလ္လာ (အသက် ၅၀ နှစ်) - ငွေကျပ် တစ်သောင်း တန်ဖိုးရှိ ကြက်တစ်ကောင် --- တို့ဖြစ်သည်။ 
“ဆွဲ၊တင်၊စစ် မှာ အမိနဲ့အဖက အိမ်ထောင်စု စာရင်း တစ်ခုတည်းက မဟုတ်ဘဲ မွေးဖွားလာတဲ့ ကလေး ဆိုရင် အ.ထ.စ ထဲ မတင်ပေးဘူး။ ယခင် န.စ.က လက်ထက်က လက်ထပ်ခွင့် အမိန့် ဖျက်သိမ်းပြီးတဲ့ နောက်ပိုင်းမှာ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေက ဆီက ခွင့်ပြုချက် ယူရပါတယ်။ အခု မ.က.ဖ ရဲ့ ဆွဲ၊တင်၊စစ် ကျေးရွာ/အုပ်ချုပ်ရေးမှူး ဆီက ခွင့်ပြုချက် ယူပြီး လက်ထပ်ထားတဲ့ သူတွေဆီက မွေးလာတဲ့ ကလေးတွေကိုလည်း တင်မပေးဘူး။ သူတို့ဆီက ခွင့်ပြုချက် မယူထားလို့ လို့ဆိုတယ်။ ကျွန်တော်တို့ကို မြို့နယ် အုပ်ချုပ်ရေးမှူးက မ.က.ဖ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ခွင့်ပြုချက် ယူဖို့ မပြောခဲ့ဘူး။ အဓိက ဆွဲ၊တင်၊စစ် ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အကြီးအကျယ် ငွေညှစ်နေတာပါ” ဟု မောင်တော မြောက်ပိုင်းမှ ရပ်မိရပ်ဖ တစ်ဦးက RB News သို့ပြောပါသည်။ 
မောင်တောခရိုင်မှ မြို့မမြို့ဖ တစ်ဦးက “ကျွန်တော်တို့ဆီမှာ ပြည်ထောင်စု အစိုးရက ညွန်ကြားချက်လည်း မလာဘူး၊ ပြီးတော့ လွှတ်တော်၊ ပြည်နယ် အစိုးရ တို့ကလည်း ဘာမှ ပြောထားတာ မရှိဘူး။ နယ်ခြားစောင့်ရဲ တစ်ဖြစ်လဲ န.စ.က ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက အလွန်တရာ သြဇာ အာဏာသုံး၊ လက်နက် အားကိုးနဲ့ ကျွန်တော်တို့ကို အတင်းအဓမ္မ ဘင်္ဂလီ ဇတ်သွင်းဖို့ ကြိုးစားနေတာပါ။ အစည်းအဝေး တိုင်းမှာလည်း မောင်တောခရိုင်ကို ပြည်ထောင်စု အစိုးရက သူ့လက်ထဲ အပိုင်ရောင်းလိုက်သလို ဒီဒေသမှာ ငါက ရှင်ဘုရင် ဖြစ်တယ်လို့ လူမိုက်ဆန်ဆန် ပြောနေတာတွေလည်း ရှိနေတယ်။” ဟု ဆိုသည်။
၎င်းက ပြုပြင် ပြောင်းလဲနေသည့် ဒီမိုကရေစီ ခေတ်တွင် ဆွဲ၊တင်၊စစ် ခေါင်းစဉ် တပ်၍ ဆယ်အိမ်မှူးမှ စ၍ လာရောက် စစ်ဆေးသူများ အားလုံးက မွေးတိုး၊ သေဆုံး၊ နိုင်ငံခြားထွက်၊ လက်ထပ်ခွင့် စသော ခေါင်းစဉ်ငယ် များဖြင့် ငွေညှစ်နေခြင်း ဖြစ်ပြီး၊ ယခင် န.စ.က လက်ထက်ကလည်း နှစ်ပေါင်း ၂၀ ခန့် တစ်နှစ်လျှင် နှစ်ကြိမ် ပြုလုပ်၍ ငွေကျပ်သိန်း ထောင်ပေါင်းများစွာ ညှစ်ယူခဲ့သည်ဟု ပြောပါသည်။
Rohingya Eye နှင့် MYARF မှ အချက်အလက် အချို့ ပံ့ပိုးသည်။
Rohingya Eye
RB News
22.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲနှစ်ဦးက ဒေသခံ ရိုဟင်ဂျာ ရွာသား နှစ်ဦးထံမှ ပစ္စည်းများ လုယက်ခဲ့သည့် အပြင် ယာယီ ကဒ်ပြားများကို သိမ်းဆည်း ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဇန်န၀ါရီလ (၂၁) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲနှစ်ဦးသည် ကျားခေါင်းတောင် ကျေးရွာ၏ တောင်ဘက်သို့ သောက်စား မူးယစ်ပြီး ဆိုင်ကယ်ဖြင့် ၀င်ရောက် လာခဲ့သည်။ ထို့နောက် မောင်တောမြို့ပေါ်မှာ ဘတ်စ်ကားဖြင့် ရွက်ညိုတောင် ကျေးရွာသို့ ရောက်ရှိပြီး ထိုမှတဆင့် ပွင့်ဖြူချောင်း ကျေးရွာသို့ ခြေလျင် ပြန်နေသည့် သားအဖ နှစ်ဦးထံမှ ပစ္စည်းများ လုယက်သည့် အပြင်၊ ယာယီ ကဒ်ပြားများလည်း သိမ်းဆည်း သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ပစ္စည်းများ လုယက်ခံရသည့် အပြင် ယာယီကဒ်ပြားများပါ သိမ်းဆည်းခံရသည့် သားအဖ နှစ်ဦးမှာ ဦးဆော်ဒူရောန် (ဘ) ဦးအော်လ်ဟိုက်ရ် (အသက် ၄၀ နှစ်) နှင် ၎င်း၏ အသက် ၁၈ နှစ်ခန့် အရွယ် သမီးတို့ ဖြစ်ကြောင်း သိရသည်။ နယ်ခြားစောင့် ရဲနှစ်ဦးက ဦးဆော်ဒူရောန်၏ သမီးဖြစ်သူကို ကာအိနြေ္ဒ ဂုဏ်သိက္ခာ ပျက်ပြားစေသည့် အထိ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သားအဖနှစ်ဦး မြို့ပေါ်မှ ၀ယ်ယူလာသည့် ပစ္စည်းများကို လုယက်၍ ယာယီကဒ်ပြား များကို သိမ်းဆည်း သွားခြင်း ဖြစ်သည်။
ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခြင်း၊ လုယက်ခြင်း များကို ပိုမို အတင့်ရဲစွာ လုပ်ဆောင် နေသည်ကို တာဝန်ရှိသူ တစ်ဦး ဖြစ်သည့် ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက အရေးမယူဘဲ လျစ်လျူရှုထားသဖြင့် အခြေအနေ ပိုမိုဆိုးရွား လာနေသည်ဟု ဒေသခံများက ဆိုသည်။
၁၉၇၄ ခုနှစ်မှ စ၍ ဒေသခံ ရိုဟင်ဂျာများ ကိုင်ဆောင်သည့် အမျိုးသား မှတ်ပုံတင် များကို ယခုကဲ့သို့ သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့ပြီး၊ ယခုလည်း ယာယီကဒ်ပြားများကို သိမ်းဆည်းခြင်း၊ ဆုတ်ဖြဲ၍ လွှင့်ပစ်ခြင်းများကို လက်နက်ကိုင် အာဏာပိုင်များက မကြာခဏ ပြုလုပ်လျက် ရှိသည်။
RB News
21.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာမှူး ကျေးရွာမှ အိမ်ထောင်သည် အမျိုးသမီး တစ်ဦးကို နယ်ခြားစောင့်ရဲ (၆) ဦးက အုပ်စုဖွဲ့ မုဒိန်းကျင့်သည့် အပြင် ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဇန်န၀ါရီလ (၂၀) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု ဗျူဟာမှူး ကျေးရွာမှ ကျော်ဇေယျာဦးနှင့် မောင်တူလာ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲ (၆) ဦးတို့သည် ဆိုင်ကယ်ဖြင့် အိမ်ပြန်လာနေသည့် ဦးအီနုစ် (ဘ) ဦးကာဆိမ်းကို အကြောင်းမဲ့ ဖမ်းဆီး၍ ရိုက်နှက်ခဲ့ကြောင်း သိရသည်။
ဦးကျော်ဇေယျာဦးနှင့် နယ်ခြားစောင့်ရဲ (၆) ဦးတို့သည် ယင်းနေ့ ည ၁၀း၃၀ နာရီ အချိန်တွင် ဗျူဟာမှူးရွာမှ ဦး ---- ၏ ဇနီး ဖြစ်သူကို ရွာသားတစ်ဦးက တိုင်တန်း ထားသည်ကို စစ်ဆေးရန် ရှိသည်ဟု လုပ်ကြံ ပြောဆို၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ညသန်းခေါင်ယံ ၁း၃၀ နာရီ အထိ အုပ်စုဖွဲ့ မုဒိန်းကျင့်သည့် အပြင် ငွေကျပ် တစ်သိန်း သုံးသောင်း ညှစ်ယူပြီးမှ ပြန်လည် လွတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဒေသခံ ရိုဟင်ဂျာများ အတွက် ဥပဒေ မရှိတဲ့ မောင်တော ခရိုင်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ကျူးလွန်သည့် အမှုများကို တိုင်ကြားလျှင်လည်း တိုင်ကြားသူသာ ငွေညှစ်ခံရခြင်းနှင့် ကြုံနေရပြီး အထက် အာဏာပိုင်များ ကလည်း တရား ဥပဒေ စိုးမိုးရန် ကြိုးစားမှု လုံးဝ မရှိသည်ကို တွေ့နေရသည်။ ပြည်ထောင်စု အစိုးရ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၁၀ ခုနှစ်တွင် ကတိပေါင်းစုံ ပေး၍ မဲများ ယူသွားခဲ့ပြီး အခြေအနေကို ပိုမိုဆိုးရွားအောင် ပြုလုပ်ထား သဖြင့် ယင်းပါတီ အပေါ်ကိုလည်း ဒေသခံ ရိုဟင်ဂျာများ အလွန်တရာ စိတ်ပျက်လျက် ရှိသည်။ နယ်ခြားစောင့် ရဲများ ကျူးလွန်သည့် အမှုများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး အထိပင် တိုင်စာများ ပို့ခဲ့သော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။
MYARF
RB News
21.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဘင်္ဘောကွဲ ကျေးရွာမှ မုဆိုးမ တစ်ဦး၏ နေအိမ်သို့ နယ်ခြားစောင့်ရဲများ ၀င်ရောက်၍ နေအိမ်တွင်းမှ ပစ္စည်းများ ဖျက်ဆီးသည့် အပြင် ငွေသားများလည်း လုယက် သွားကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် ဘင်္ဘောကွဲ ကျေးရွာရှိ အိမ်ခြံဝင်း ဂိတ်တိုင်းရှေ့တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီထိ မီးထွန်း၍ ကင်းစောင့်ရသည်။ ဇန်န၀ါရီလ (၂၀) ရက်နေ့ ညပိုင်းတွင် ၎င်းကျေးရွာမှ မုဆိုးမ တစ်ဦး ဖြစ်သူ ဒေါ်အေလာမ်ဘာရ်၏ ခြံဝင်းထဲသို့ ဘင်္ဘောကွဲ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ၀င်ရောက်၍ မိသားစုဝင် အားလုံးကို အိမ်အပြင်သို့ အတင်း အဓမ္မ ထွက်ခိုင်းကာ၊ နယ်ခြားစောင့် ရဲများက နေအိမ်အတွင်းရှိ အိမ်သုံး ပစ္စည်းများနှင့် သေတ္တာများကို ဖျက်ဆီးခဲ့ပြီး၊ ဒေါ်အေလမ်ဘာရ်၏ သမီးဖြစ်သူ ထံမှ သေတ္တာသော့ကို ယူ၍ သေတ္တာဖွင့်၍ အတွင်းရှိ ငွေကျပ် တစ်သိန်းနှစ်သောင်းကို လုယက် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
အဆိုပါ နယ်ခြားစောင့် ရဲများသည် ည ၁၂ နာရီခန့် အချိန်တွင် သင်္ဘောကွဲ ကျေးရွာ အုပ်စု၊ ရွာသစ်ရှိ ဦးမောဂုလ်အာမတ်၏ နေအိမ်သို့ သွားရောက်ပြီး မလေးရှားရှိ သားဖြစ်သူ ပြန်လည် ရောက်ရှိနေသည်ဟု ကြားသဖြင့် စစ်ဆေးရန် ရှိသည်ဟု ဆိုကာ စခန်းသို့ ခေါ်ဆောင် သွားပြီး စစ်ဆေး၍ ကြက်ဖ တစ်ကောင်ကို ငွေအစား ညှစ်ယူခဲ့သည်။ ထို့အပြင် ဦးမောဂုလ်အာမတ်၏ သားဖြစ်သူနှင့် စေ့စပ်ထားသည့် မိန်းကလေးနှင့် ဖခင်ဖြစ်သူတို့ကိုလည်း ခေါ်ယူ၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
ရေခဲချောင်းခွဆုံ ကျေးရွာ
ဇန်န၀ါရီလ (၂၀) ရက်နေ့ ည ၈ နာရီ အချိန်တွင် ကျားခေါင်းတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအီဒီရီစ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ရေခဲချောင်းခွဆုံ ကျေးရွာ အုပ်စု၊ အရှေ့ရွာရှိ မော်လ၀ီ အာဇီဇူရာမန် (ဘ) ဦးဟာလူ၏ ဆိုင်ထဲသို့ ၀င်ရောက်၍ ဘင်္ဂလား ဆင်းမ်ကဒ် ပါသည့် မိုဘိုင်းဖုန်း သုံးလုံးကို ထားပြီး၊ ဘင်္ဂလားဖုန်း မိသည်ဟု ဆိုကာ လုပ်ကြံ၍ ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
RB News
20.1.2015
၁၉၇၈ ခုနှစ်ဝန်းကျင်က အစိုးရ ပညာသင်ကျောင်းများမှာ သင်ကြားတဲ့ ပထ၀ီဝင် ဘာသာရပ်မှာ မြန်မာနိုင်ငံမှာ မြေပုံမှာ ရိုဟင်ဂျာတွေ နေထိုင်တဲ့ အရပ်ဒေသကိုတောင် ထင်ထင်ရှားရှား ပြသပြီး ရိုဟင်ဂျာ ဆိုတဲ့ လူမျိုးက မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုခံ ခဲ့ရပေမယ့် ၁၉၈၂ ခုနှစ် နောက်ပိုင်းမှာ ရိုဟင်ဂျာ ဆိုတဲ့ အမည်ကို ပြောရင်တောင် အရေးယူခံရတဲ့ အခြေအနေ ဖြစ်လာခဲ့တယ်။
ပညာသင်ကြားခွင့် ကန့်သတ်၊ သွားလာ လှုပ်ရှားခွင့် ကန့်သတ်၊ ရိုဟင်ဂျာ ဆိုရင် အကျဉ်းထောင် ထဲက အကျဉ်းသားတွေ ထက်တောင် ဆိုးဆိုးရွားရွား ဆက်ဆံခံရလာတော့ ရိုဟင်ဂျာတွေ အကြားမှာ သမိုင်းကြောင်းကို ဖြန့်ဝေဖို့ အခွင့်မသာ ခဲ့ဘူး။
အင်တာနက်ဆိုတာကို ကမ္ဘာမှာ နေရာဒေသ မရွေး သုံးလို့ရနေပေမယ့်လည်း ရခိုင်ဒေသက ရိုဟင်ဂျာတွေ အနည်းငယ်သာ အခွင့်ရနေပြန်တယ်။ ဒါ့ကြောင့် အင်တာနက် သုံးနိုင်သူများက မသုံးနိုင်သူများထံ ဒီအသံဖိုင်ကို လက်ဆင့်ကမ်းပေးပါလို့ မေတ္တာရပ်ခံပါတယ်။
ရိုဟင်ဂျာ ဆိုတာ အာရ်ကာန် ဒေသရဲ့ မူလဘူတ တိုင်းရင်းသား ဆိုတာ ရဲရဲဝံ့ဝံ့ ပြောနိုင်ဖို့ မိမိတို့ရဲ့ သမိုင်းကြောင်း အမှန်ကို လေ့လာကြပါ။
ဤအသံဖိုင် ဖြစ်မြောက်လာအောင် အဖက်ဖက်မှ ကူညီပေးသူများကို RB Team မှ အထူး ကျေးဇူးတင်ပါကြောင်း။
ဒီဇမ္ဗူက မနုသား ငါ
ရေးသားသူ - ယျာတင် (MYARF)
RB News
20.1.2015
- ​ရေခံ​မြေခံကောင်း​ပေမယ့် 
ဖိနှိပ်​မှုရာသီဥတု​အောက်​မှာ ငါ့ကို​မွေး​လေ​တော့ 
ငါ့ခန္ဓာကိုယ်​က ထင်​သလိုမဖွံ့ဖြိုးခဲ့ဘူး။ 
ရှုရှိုက်​​နေရတဲ့ ​သွေး​ငွေ့ရော​အောက်​စီဂျင်​​က 
ငါ့နှလုံးသားကို သန့်​စင်​​ပေးမ​နေ​တော့ 
ခန္ဓာကိုယ်​မှာ ​သောက​တွေငြိလို့ 
ဝမ်းနည်​စရာ​တွေ အမြစ်​တွယ်​လာ​ခဲ့တယ်​ ...။ 
တစ်​ချို့က ဖိနှိပ်​ခံသံသရာမှာ​မျှော။ 
တစ်​မိုးတည်း​အောက်​​က မနုသားများအ​ကြောင်း 
ပြောရရင် အချိန်​ကုန်​သာအဖတ်​တင်​မယ်​။ 
စိတ်​ဓာတ်​ညံ့ဖျင်း​နေသူအချို့​ကြောင့် 
လျှံအန်​လာတဲ့ နှလုံးသားအက်​ကွဲသံ​တွေ 
နာကျင်​​​ရေရွတ်​သံ​တွေ 
သိမ်​ငယ်​ ငိုရှိုက်​သံ​တွေပဲ 
ငါ့နားရွက်​ကို အမြဲတိုက်​စား​နေ​လေတယ်​ ... ။
- ​​ရေခံ​မြေခံကောင်း​ပေမယ့် 
ညှဉ်းပန်းမှုရာသီဥတု​ပြင်းထန်​မှု​ကြောင့် 
မြေပြင်​နဲ့ ​လေဟာပြင်​တို့က 
ငါ့ကို ပိုင်​ဆိုင်​​နေ​ပေမယ့်
ငါတော့ ဘာကိုမှ ပိုင်​ဆိုင်​ခွင့်မရရှာဘူး။ 
စိမ်းလန်းတဲ့​မြေကြီးတစ်​ခွင်​မှာ 
မီး​တောင်​က ​ပေါက်​ကွဲ​နေ​လေ​တော့ 
ငါသာယာခဲ့ဖူးတဲ့ ပြည်​ကြီးလည်း 
ရစရာမရှိ​အောင်​ မျက်​နှာညိုး​နေရတယ်​။ 
လူသွားလာဖို့​ ဖောက်​တဲ့လမ်း​ပေါ်မှာ 
ငါ့အသွားအလာ​တွေ ကန့်​သတ်​​ခံ​နေရတယ်​။ 
ငြိမ်းချမ်းမှုပြယုဂ်​ဖြစ်​တဲ့ ဝတ်​ပြုအိမ်​​တော်​​တွေရဲ့ 
အဝင်​ဂိတ်​ဝမှာ ​သော့ခ​လောက်​ကြီးကြီးမားမား 
ဆင်​မြန်းထား​ရလေတယ်​။ 
ချိန်​ခွင်​လျှာ တစ်​ဖက်​​စောင်း​ဖြစ်​​နေတာ 
ချိန်​ခွင်​လျှာရဲ့ အပြစ်​လား 
ချိန်​ခွင်​လျှာ ထိန်းသိမ်းသူရဲ့ အပြစ်​လား 
ငါ့မှာ ​ဝေဖန်​ဖို့အခွင့်သာမ​နေပြန်​ပါဘူး ...။
- ​ရေခံ​မြေခံကောင်း​ပေမယ့် 
ဘောလုံးပွဲတစ်​ပွဲလည်း မဟုတ်​ဘဲနဲ့ 
ဘက်​လိုက်​ခံရတဲ့ မိနစ်​​တွေ 
ငါ့ဘဝမှာ နှစ်​များဖြစ်​လာခဲ့တယ်​။ 
ကြိုးဝိုင်းထဲ မဝင်​ချင်​တဲ့သူကိုမှ 
အတင်းဆွဲ​ခေါ်ပြီး ပွဲပြိုင်​​စေ​လေ​တော့ 
ငါ့မှာ သ​ရေပွဲ​တောင်​ ​မျှော်​လင့်ခွင့်မသာခဲ့ဘူး။ 
ဥပ​ဒေမဲ့ အနိုင်​ယူသူရဲ့ ​လှောင်​ရယ်​သံ​အောက်​မှာ 
ငါ့​မျှော်​လင့်ချက်​​တွေ တစ်​စစီမ​ကြေမွဖို့ပဲ 
အားတင်​ထားရတဲ့ အထဲ 
ငါ့​မျက်​ရည်​​တွေလည်း 
တစ်​ခါတစ်​ခါ ​သွေးစက်​ဖြစ်​လာခဲ့တယ်​။ 
ဒါ​ပေမယ့် ငါ လဲ​နေရာက အမြဲထပြဖို့ကြိုးစားမိပါရဲ့ ...။
- ​ရေခံ​မြေခံကောင်း​ပေမယ့် 
ရက်​စက်​မှုရာသီဥတု​ပြင်းထန်​မှု​ကြောင့် 
ငါ့ပညာ​ရေးအသီး​တွေ မှည့်လာခွင့် 
ငါ့​မျော်​လင့်ချက်​ပန်းပွင့်တွေ ​ဝေဆာခွင့် 
ငါ့လူသားဂုဏ်​သိက္ခာတွေ သာယာခွင့် 
ဘာအခွင့်မှ ငါ့ဘက်​ကရပ်​တည်​မ​နေဘူး။ 
အရာရာတစ်​ဖက်​သတ်​ဖိနင်းခံရမှု​ကြောင့် 
ငါ့နှလုံးသားနုနု​လေး​ထဲ 
အမာရွတ်​​​ပေါင်းများစွာ သ​န္ဓေတည်​လာတာ 
ထူး​တော့မထူးဆန်းပါဘူးထင်​ပါရဲ့။ 
ငါ့နှလုံးသားထဲကအမာရွတ်​တွေ 
တစ်​ဆစ်​ဆစ်​နာကျင်​လာတဲ့အခါ 
မှေးစက်​ခွင့်ရဖို့ ရင်​ခွင်​တစ်​ခုရယ် 
ဘာလို့ ဒီဇမ္ဗူတစ်​ခွင်​မှာ 
ငါ့အတွက်​ ရှား​ပါးနေရတာ​လဲ ...။
- ​ရေခံ​မြေခံကောင်း​ပေမယ့် 
ဓား၊ ​သေနတ်​ တို့ရဲ့ အစာဖြစ်​ခဲ့ရတဲ့ဇီဝန်​များ 
လောင်​ကျွမ်းသွားခြင်းခံရတဲ့ အသက်​များ 
ပင်​လယ်​ငါးစာ ဖြစ်​ခဲ့ရတဲ့ ခန္ဓာများ 
သိက္ခာဆယ်​ဖို့ ​ပေးဆပ်​ခဲ့ရတဲ့​သွေးစက်​များ 
မတရားသဖြင့် ​လှောင်​ပိတ်​ခံခဲ့ရမှုများ 
ခက်​ခဲစွာရှာ​ဖွေခဲ့တဲ့ တစ်​သက်​တာရိက္ခာများ 
တစ်​ခဏအတွင်း ညှစ်​ခံခဲ့ရမှုများ 
တစ်​ခဏအ​ပျော်​အတွက်​ တစ်​သက်​တာကို 
မညှာမတာ ရိုက်​ချိုးပစ်​ခြင်းခံခဲ့ရမှုများ 
မျှော်​လင့်ချက်​​ပေါင်းများစွာ အဆုံးသတ်​ခံခဲ့ရမှုများ 
မတရားအနိုင်​ကျင့်​ခံရမှု​ကြောင့် 
ကျခဲ့ရတဲ့မျက်​ရည်​များ 
စတဲ့ အ​ကြောင်းအရာ​များက 
ငါ့နှလုံးသား​ကျောက်​စာ စာမျက်​နှာမှာ 
နေ့စဉ်​နဲ့အမျှ ကမ္ဗည်းလာလာထိုး​နေ​တော့ 
လူမျိုးတုံးသတ်​ဖြတ်​မှုသမိုင်းစာအုပ်​ကလည်း 
ထူသထက်​ထူလာပါ​တော့တယ်​ ...။
ဖိနှိပ်​မှုရာသီဥတု 
ခွဲခြားမှုရာသီဥတု 
ရက်​စက်​မှုရာသီဥတု 
စတဲ့ အ​ရောင်​အနံ့ဆိုး​တဲ့ ရာသီဥတုများမှ 
လွတ်​လပ်​ပြီး ​အေးချမ်းသာယာတဲ့ 
တန်းတူပြီး ဂုဏ်​သိက္ခာပြည့်ဝတဲ့ 
ရာသီဥတု တစ်​ခု​ကို 
လှလှပပ ပုံ​ဖော်​ဖန်​တီးယူဖို့ 
အမာရွတ်ရင့်နေတဲ့ နှလုံးရည်​နဲ့ 
ရှေ့တိုးဖို့​ အခက်တွေ့​နေလည်း 
ရိုဟင်​ဂျာသား ငါ ဇွဲမ​လျှော့​ဘဲ 
ရှေ့သို့သာ ချီတက်​​နေ​​ဆဲပါ။
MYARF & Rohingya Eye
RB News
20.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် ဗလီထဲသို့ ဖိနပ်စီးဝင်​၍ ကျမ်းစာများကို မဖွယ်မရာ ပြုလုပ်သည့် အပြင် အပြစ်မဲ့ ဒေသခံ ရွာသားများကို လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဇန်န၀ါရီလ (၁၇) ရက်နေ့ ည ၁၀း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၄) ဦးသည် ကျားခေါင်းတောင် ကျေးရွာ အုပ်စု အလယ်ရွာနှင့် ဘဂုံးနား ကျေးရွာရှိ ဗလီများ ထဲသို့ ဖိနပ်စီး၍ ၀င်ရောက်ပြီး ကျမ်းစာအုပ် များကို ကြမ်းပြင်ပေါ်သို့ ပစ်ချ၍ မဖွယ်မရာ မျိုးစုံပြုလုပ်ပြီး၊ ကြမ်းခင်း ကော်ဇောများကို လှန်၍ ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထိုကဲ့သို့ ဗလီထဲသို့ ၀င်ရောက်၍ ကျမ်းစာအုပ် များကို မဖွယ်မရာ ပြုလုပ်၍ စော်ကားခြင်းနှင့် ပတ်သက်၍ တိုင်ကြားလျှင် အရေးယူပေးမည့်သူ မရှိသဖြင့် အာဏာပိုင်များကို မတိုင်ကြားသော်လည်း ဗလီများထဲသို့ ၀င်ရောက်ပြီး ပစ္စည်း တစ်စုံတစ်ရာ ထားကာ ရွာသားများကို လုပ်ကြံ စွပ်စွဲ၍ ဒုက္ခပေးမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ နယ်ခြားစောင့် ရဲများသည် ဇန်န၀ါရီလ (၁၈) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် ရေခဲချောင်းခွဆုံ ကျေးရွာသို့ သွားရောက်၍ အိမ်ပြန်နေသည့် ဆယ်အိမ်မှူး ဦးမိုဟာမတ်ရော်ဖိတ်ကို အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်ပြီး ကြက်ဖ တစ်ကောင် ယူခဲ့သည်။ ထို့နောက် စခန်းမှ ခွင့်ပြုချက် ရယူပြီး ဘောလုံးပွဲ ပြနေသည့် ဦးရော်ဖိတ်၏ ဗီဒီယိုရုံထဲသို့ ၀င်၍ ဘောလုံးပွဲ ကြည့်နေသူ များကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။ တစ်ဖန် ဗီဒီယိုရုံ ပိုင်ရှင်၏ ဂျာကင် အင်္ကျီထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် ပါသည့် ဖုန်းတစ်လုံး ထည့်ပေးပြီး၊ ဘင်္ဂလားဖုန်း ရရှိသည်ဟု လုပ်ကြံပြီး ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ဇန်န၀ါရီလ (၁၉) ရက်နေ့ မွန်းတည့် ၁၂ နာရီ ကျော် အချိန်တွင် အဆိုပါ ကျားခေါင်းတောင် ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးသည် ရေခဲချောင်းခွဆုံ ရွာသို့ သွားရောက်၍ ဇန်န၀ါရီလ (၁၈) ရက်နေ့ ညပိုင်းတွင် ဗီဒီယိုရုံ၌ လုပ်ကြံခဲ့သည့် ဘင်္ဂလားဖုန်းမှာ ဦးနူရ်အာမီးန် (ဘ) ဦးမာမတ်၏ ဖုန်းဖြစ်သည်ဟု လိမ်လည် လုပ်ကြံ၍ ဦးနူရ်အာမီးန်အား ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငွေကျပ် ၅ သိန်း ညှစ်ယူရန် ကြိုးစားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ငွေကျပ် တစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
ဇန်န၀ါရီလ (၁၆) ရက်နေ့ကလည်း မိမိ၏ ခြံအတွင်းမှ အပင်ကို ခုတ်၍ ထင်းလုပ်ရန် အပင် ခုတ်နေသည့် ဦးအာဘူဖော်ယာစ် (ဘ) ဦးအဘူရှော်မား (အသက် ၃၅ နှစ်) ကို နယ်ခြားစောင့် ရဲကင်း စခန်းသို့ ဆင့်ခေါ်၍ အပင်ခုတ်သည့် အတွက်ဟု ဆိုကာ ငွေကျပ် ၉၀၀၀ ကျော်နှင့် ညီမျှသည့် ဆန်အိတ်တစ်ဝက်ခန့် ညှစ်ယူခဲ့သည်။
ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲကင်းစခန်းမှ ရဲများသည် နေည မရွေး ရွာအတွင်းသို့ ၀င်ရောက်၍ အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်လျက် ရှိခြင်းကြောင့် ဒေသခံများ လွန်စွာ စိတ်အနှောက် အယှက် ဖြစ်လျက် ရှိသည်။ ငွေညှစ်ခံရသူ အများစုမှာ ပျံကျ အလုပ်လုပ်ကိုင် သူများ ဖြစ်ပြီး ဆင်းရဲသားများ ဖြစ်ကြသည်။ ယခင် န.စ.က လက်ထက်တွင် အိမ်မွေး၊ တိရစ္ဆာန် အပါအ၀င် ပိုင်ဆိုင်မှု ပစ္စည်းများ အားလုံးကို န.စ.က ထံ စာရင်း ပေးအပ်ရပြီး၊ န.စ.က များက အိမ်မွေး တိရစ္ဆာန် တိုးပွား လာလျှင်ပင် ငွေညှစ်လေ့ ရှိသည်။ ယခုအခါ န.စ.က နေရာတွင် အစားထိုး ရောက်ရှိလာသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့က န.စ.က ထက်ပင် ဆိုးရွားစွာ ငွေညှစ်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။
MYARF
RB News
20.1.2015
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှ တပ်ရင်းမှူး အပါအ၀င် နယ်ခြားစောင့် ရဲများသည် ဇီးပင်ချောင်းရွာရှိ ဆိုင်တစ်ဆိုင်မှ ငွေများနှင့် အစားအသောက်များ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဇန်န၀ါရီလ (၁၇) ရက်နေ့ ည ၁၀ နာရီခန့် အချိန်တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှ တပ်ရင်းမှူးနှင့် နယ်ခြားစောင့်ရဲ ၂၀ ကျော်တို့သည် ဇီးပင်ချောင်း ကျေးရွာတွင် ကင်းလှည့် နေစဉ် နယ်ခြားစောင့်ရဲ (၃) ဦးသည် ဦးမူဆာ၏ ဆိုင်မှ ဆေးလိပ်၊ ကွမ်းယာနှင့် မုန့်ခြောက်များ ယူ၍ ငွေမပေးဘဲ ထွက်သွားခဲ့သည်။
အဆိုပါ နယ်ခြားစောင့် ရဲများသည် မိနစ် ၃၀ ခန့်အကြာတွင် နောက်တစ်ကြိမ် လာရောက်၍ မုန့်များ ထပ်မံတောင်းရာ ဆိုင်ရှင်က မပေးသဖြင့် ဆိုင်ထဲသို့ ၀င်၍ ဆိုင်တံခါးကို ပိတ်ပြီး ရောင်းရငွေများ သိမ်းထားသည့် သေတ္တာငယ်ကို ဖျက်၍ ဆိုင်ရောင်းရငွေ ၁၂၀၀၀ ကျပ်၊ ဆေးလိပ်၊ အချိုရည်ဘူး၊ မုန့်ထုတ်များ တန်ဖိုးအားဖြင့် ငွေကျပ် ၁၀၀၀၀ ကျော်ဖိုး လုယက် ယူသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
မောင်တော ခရိုင်အတွင်း ကျေးလက် ဒေသများတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲများသည် လိုင်စင်ရ ဓါးပြများကဲ့သို့ လုယက်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ကာ ငွေညှစ်ခြင်း များကို နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိသော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ကွပ်ကဲရေးမှူး ဖြစ်သူ ရဲမှူးချုပ် တင်ကိုကိုက အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဘဲ ဒေသခံ ရိုဟင်ဂျာ များကို ခြိမ်းခြောက်ခြင်း များကိုသာ ဆက်လက် လုပ်ဆောင် နေသည်ကို တွေ့ရသည်။
RFA မြန်မာပိုင်း
20.1.2015
ရခိုင်ပြည်နယ်က မွတ်ဆလင် လူနည်းစုတွေ အပေါ် အစိုးရက ချမှတ်ထားတဲ့ မူဝါဒ တွေဟာ လူမျိုးရေး ဘာသာရေးကြောင့် ဒုက္ခ ရောက်နေသူ တွေကို ထပ်ပြီး ဖိနှိပ် ကန့်သတ် နေတယ်လို့ အမေရိကန် အစိုးရ ဒုက္ခသည်များ ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Anne Richard က ဝေဖန်လိုက်ပါတယ်။
ရခိုင်ပြည်နယ် ခရီးအပြီး အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက အခုလို ပြောကြား လိုက်တာ ဖြစ်ပြီး လက်ရှိ အခြေနေဟာ အလွန်တရာ ဖိနှိပ် ကန့်သတ် ထားရာ ရောက်နေကြောင်း၊ လူမှု အသိုင်းအဝိုင်း ၂ ဖက်စလုံး အဆက် အဆံ လုပ်နေတဲ့ နေရာ ဆိုလို့ တပြည်နယ်လုံးမှာ ဈေးတစ်ခုသာ ရှိကြောင်း၊ ကျန်နေရာတိုင်း မှာ ဘာသာရေး စည်းခြားပြီး ဆက်ဆံ နေထိုင် ကြတာ တွေ့ရကြောင်းလည်း Ms. Richard က ပြောသွားပါတယ်။
အရောင်း အဝယ် လုပ်ကြတဲ့ ဈေးမှာ ဘာသာ လူမျိုး မခွဲခြားဘဲ ဆက်ဆံ ကြတာ မျိုးကို မိမိတို့ တွေ့မြင် လိုတာ ဖြစ်ပေမဲ့ အခု လက်တွေ့ ဆောင်ရွက်ဖို့ မဖြစ်နိုင်ကြောင်း၊ လက်ရှိ ကျင့်သုံးနေတဲ့ အစိုးရ မူဝါဒတွေက လူတွေကို အမှန် တကယ် ဖိနှိပ်ထား ကြောင်းလည်း ပြောကြား ပါတယ်။ ဒီအခြေနေဟာ ဗုဒ္ဓဘာသာ ရခိုင်တွေနဲ့ မွတ်စလင် ရိုဟင်ဂျာတွေ ၂ ဖက်စလုံးကို ထိခိုက် နစ်နာ စေတာ တွေ့ရတယ် လို့လည်း ဆိုပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့ ဆိုရင် ဒေသခံ အာဏာတွေ ဖြေရှင်းလို့ မရဘဲ နေပြည်တော်က ပြည်ထောင်စု ဗဟို အစိုးရ ကိုယ်တိုင် ဝင်ရောက် ဆောင်ရွက်မှ ဖြစ်နိုင်တယ် လို့လည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
Ms. Richard ဟာ ပြီးခဲ့တဲ့ စနေနေ့က ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော မြို့နယ် တွေကို သွားရောက် ခဲ့တာ ဖြစ်ပြီး ခရီးစဉ် အပြီးမှာ တွေ့ရှိချက် တွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အမေရိကန် လွှတ်တော်ကို တင်ပြမယ်လို့ သိရပါတယ်။
MYARF
RB News
19.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ် များတွင် ဆွဲ၊တင်၊စစ် နှင့် ပတ်သက်၍ ကျင်းပခဲ့သည့် အစည်းအဝေး များတွင် ရဲမှူးချုပ် တင်ကိုကို ပြောခဲ့သည် များနှင့် တကယ့် မြေပြင်တွင် ဖြစ်ပျက် နေသည်များမှာ အလွန်ကွာခြား နေကြောင်း ဒေသခံများက ပြောပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာတွင် ဆွဲ၊တင်၊စစ် စတင် စစ်ဆေးသည့် နေ့တွင် ဓါတ်ပုံ ရိုက်ခ ၂၅၀၀ ကျပ်၊ မွေးတိုး ၅၀၀၀ ကျပ်၊ သေဆုံး ၂၀၀၀ ကျပ်၊ နိုင်ငံခြားထွက် ၂၅၀၀၀ ကျပ်၊ အထိ ကောက်ခံ၍ စစ်ဆေးခဲ့သည်။ ထိုသို့ ငွေကောက်နေခြင်းကို ရွာသူရွာသား များက ရဲမှူးချုပ် တင်ကိုကိုက အစည်းအဝေးတွင် ငွေမကောက်ခံဘဲ စစ်ဆေးမည်ဟု ပြောဆိုခဲ့ကြောင်း ရှင်းပြခဲ့သော်လည်း၊ စစ်ဆေးသူများက ထိုသို့ ရှင်းပြသည့် အတွက်ဟု ဆိုကာ ငွေပမာဏကို တိုးမြှင့်၍ ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ယခုအခါ စစ်ဆေးသူများ အတွက် ထမင်းစရိတ် ၁၀၀၀ ကျပ်၊ မွေးတိုး ၅ လအောက် ကလေးဆိုလျှင် ၁၂၀၀၀ ကျပ်၊ ၅ လ ကျော် ကလေး ဆိုလျှင် ၁၈၀၀၀ ကျပ်၊ သေဆုံး ၁၀၀၀၀ ကျပ်၊ နိုင်ငံခြားထွက် များအတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် (ခ) ဘုန်းကံနိုင်ကို အကြောင်းကြား ထားလျှင် ၂၅၀၀၀ ကျပ်၊ အကြောင်းမကြား ထားပါက ၄၅၀၀၀ ကျပ် အထိ ကောက်ခံလျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ အလားတူ ဘူးသီးတောင် မြို့နယ် အမှတ် (၅) ရပ်ကွက်တွင်လည်း မွေးတိုး ၁၀၀၀၀ ကျပ်၊ သေဆုံး ၁၀၀၀၀ ကျပ်၊ နိုင်ငံခြားထွက် ၄၀၀၀၀ ကျပ်နှင့် ဓါတ်ပုံရိုက်ခ ၅၀၀ ကျပ် အထိ ကောက်ခံလျက် ရှိကြောင်း ဘူးသီးတောင်မြို့မှ ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဆွဲ၊တင်၊စစ် ကို ယခင် စစ်အစိုးရ လက်ထက်က နှစ်ပေါင်း ၂၀ ကြာမျှ ပြုလုပ်ခဲ့ပြီး၊ ယခု အရပ်သား အစိုးရ လက်ထက်တွင် ပွင့်လင်း မြင်သာ လာမည်ဟု ဒေသခံများက မျှော်လင့်ခဲ့သော်လည်း၊ ယခင် စစ်အစိုးရ အတိုင်း ဆက်လက် ပြုလုပ် နေသဖြင့် မည်သူ တစ်ဦး တစ်ယောက်ကမှ ပါဝင် စစ်ဆေးခံရန် ဆန္ဒ မရှိသော်လည်း နယ်ခြားစောင့် ရဲများ၊ မ.က.ဖ များက ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်၍ စစ်ဆေးလျက် ရှိရာ အချို့သော ဒေသခံများ စစ်ဆေးခံနေရသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက အစည်းအဝေး များတွင် ငွေကြေး ကောက်ခံခြင်း လုံးဝ ပြုလုပ်မည် မဟုတ်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း တကယ်တမ်း လက်တွေ့တွင် ၎င်းပြောဆို သလို မဟုတ်ဘဲ၊ ဆွဲ၊တင်၊စစ် အမည်ခံ၍ ငွေညှစ်ခြင်း လုပ်ငန်း လုပ်နေသလို ဖြစ်နေသည်ကို တွေ့ရှိရသည်။
MYARF
RB News
19.1.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ (၄) ဦးက အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဇန်န၀ါရီလ (၁၇) ရက်နေ့ ည ၁၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဦးဆောင်သည့် နယ်ခြားစောင့်ရဲ (၄) ဦးသည် အဆိုပါ ကျေးရွာမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ရွာသား (၃) ဦးကို တဖက်နိုင်ငံသို့ တရားမ၀င် လူပို့နေသည်ဟု လုပ်ကြံ စွပ်စွဲပြီး ဖမ်းဆီး ခေါ်ဆောင် သွားခဲံသည်။ ၎င်းတို့ (၃) ဦးကို ဇန်န၀ါရီ လ (၁၈) ရက်နေ့ ညနေ (၄) နာရီ အချိန်ထိ ချုပ်နှောင် ထားခဲ့ပြီး ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ဖမ်းဆီးခံရပြီး ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ခံရသူ (၃) ဦးမှာ --
(၁) အဒူရာမန် (ဘ) ဦးအာမတ်ဟူစိန်း (အသက် ၂၀ နှစ်)
(၂) ဦးကာလာ (ဘ) ဦးအစ္စလာမ် (အသက် ၃၅ နှစ်)
(၃) ဦးရော်ရှီဒုလ္လာ (ဘ) မော်လ၀ီ ဆော်လီမုလ္လာ (အသက် ၄၀ နှစ်) -- တို့ဖြစ်သည်။
အဆိုပါ နယ်ခြားစောင့်ရဲ များသည် ဇန်န၀ါရီလ (၁၇) ရက်နေ့ နေ့လည် (၁) နာရီ အချိန်တွင် ကျောက်ပန္ဒူ ကျေးရွာ အုပ်စု၊ စေတီရွာမှ ဆိုင်ကယ်စီး၍ သွားနေသည့် ဒေသခံ ရိုဟင်ဂျာ ရွာသား နှစ်ဦးကို ဒုရဲအုပ် ဖြစ်သူက “မင်းတို့ ကုလားတွေကို ဆိုင်ကယ်နဲ့ မမြင်ချင်ဘူး” ဟု ဆိုကာ ဆိုင်ကယ်သမား နှစ်ဦးထံမှ ငွေကျပ် တစ်သောင်းစီ ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
ငွေကျပ် တစ်သောင်းစီ ညှစ်ခံရသူ နှစ်ဦးမှာ --
(၁) ဦးဟိုက်ရုလ်အာမီးန် (ဘ) ဦးဖော်ဇောလ်အာမတ်
(၂) ဦးရှောမ်ရှုအာလမ် (ဘ) ဦးဇော်လာလ် -- တို့ဖြစ်သည်။
ဒေါက်တာ မာတင် လူသာကင်း (ဂျူနီယာ) ချီကာဂိုင် တောင်ပိုင်းမှာ မိန့်ခွန်း ပြောကြားစဉ်။ (ဂျူလိုင် ၂၄၊ ၁၉၆၅)
19.1.2015
အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင် မာတင် လူသာကင်း ဂျူနီယာရဲ့ မွေးနေ့ အထိမ်း အမှတ် အဖြစ်နဲ့ ဒီကနေ့ တနင်္လာနေ့ကို နိုင်ငံတော် အားလပ်ရက် သတ်မှတ် ထားပါတယ်။ မာတင် လူသာကင်းဟာ အယ်လ် ဘားမား ပြည်နယ်၊ မောင်ဂိုမာရီမြို့က ဘတ်စ်ကား တွေမှာ လူဖြူလူမည်း ထိုင်ခုံနေရာ ခွဲခြား သတ်မှတ် တာကို အဆုံးသတ် သွားစေမယ့် ဆန့်ကျင် သပိတ်မှောက်မှုကြီးကို ဦးဆောင်ပြီးတော့ ၁၉၅၅ မှာ ထင်ရှား ကျော်ကြား လာတာပါ။
၁၉၅၀ ပြည့်လွန်နဲ့ ၁၉၆၀ ပြည့်လွန် ကာလ တွေမှာ နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုကို အဓိက ဦးဆောင်သူ တစ်ဦး ဖြစ်ခဲ့ပြီးတော့ ‘March on Washington’ လို့ခေါ်တဲ့ ၁၉၆၃ ခုနှစ်က နိုင်ငံသား အခွင့်အရေး တောင်းဆို ချီတက်ပွဲ အတွင်းမှာ သူဟောပြော ခဲ့တဲ့ ‘I hava a Draem.’ က လူသန်းပေါင်း များစွာကို စိတ်ဓာတ် ခွန်အား ပေးခဲ့ပါတယ်။ မစ္စတာကင်းဟာ ၁၉၆၄ ခုနှစ်မှာ နိုဘဲလ် ငြိမ်းချမ်းရေးဆု ရရှိခဲ့ပြီးတော့ အဲဒီ တနှစ်တည်းမှာပဲ သမ္မတ လင်ဒန် ဂျွန်ဆင် (Lyndon Johnson) က သမိုင်းဝင် နိုင်ငံသား အခွင့်အရေး ဥပဒေကို လက်မှတ် ရေးထိုး ပေးခဲ့ပါတယ်။
၁၉၆၈ ခုနှစ် မှာတော့ လစာ တန်းတူ ရရှိရေး အတွက် ဆန္ဒပြတဲ့ လူမည်း အမှိုက်သိမ်း လုပ်သားတွေကို ကူညီပေးဖို့ တန်နက်ဆီ ပြည်နယ်၊ မဲန်းဖစ္စ်မြို့ကိုသွားရောက်တုန်း ဧပြီလ (၄) ရက်နေ့မှာ အဲဒီမြို့မှာ လုပ်ကြံ ခံခဲ့ရပါတယ်။
ဇန်နဝါရီလ (၁၅) ရက်နေ့မှာ ဖွားမြင်တဲ့ မစ္စတာကင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ဇန်နဝါရီလ တတိယပတ်ရဲ့ တနင်္လာနေ့ တိုင်းကို သူ့ရဲ့အထိမ်း အမှတ် အားလပ်ရက် အဖြစ်နဲ့ သတ်မှတ်ဖို့ ၁၉၈၃ ခုနှစ်မှာ သမ္မတ ရော်နယ်ရေဂင်က လက်မှတ်ရေးထိုး ပြဌာန်းခဲ့ပါတယ်။ အမေရိကန် နိုင်ငံသားတွေ ရပ်ရွာ လုပ်ငန်းတွေမှာ ပါဝင်ဖို့ အားပေးတဲ့ အနေနဲ့ မစ္စတာကင်း အားလပ်ရက်ကို နိုင်ငံမှာ အများပြည်သူ အကျိုးကို ဆောင်ရွက်တဲ့နေ့ အဖြစ်နဲ့ ၁၉၉၄ မှာ လွှတ်တော်က သတ်မှတ် လိုက်ပါတယ်။
ဒီကနေ့ မာတင်လူသာကင်းနေ့ မှာတော့ မတူတဲ့ လူမျိုးနွယ်တွေနဲ့ ပတ်သက်ပြီးတော့ ပြောဆို ဆွေးနွေးကြဖို့ အားပေးတဲ့ အနေနဲ့ MTV ဂီတ ရုပ်သံ တီဗွီလိုင်းကနေပြီး သူ့ရဲ့အစီ အစဉ် တွေကို ရုပ်/သံကြည့် ပရိသတ်တွေ အတွက် အဖြူအမည်းနဲ့ (၁၂) နာရီကြာ ပြသမှာ ဖြစ်ပါတယ်။ ဒါဟာ MTV ဂီတ ရုပ်သံလိုင်းရဲ့ (၃၄) နှစ်တာ သက်တမ်း အတွင်းမှာ ပထမဦးဆုံး အကြိမ် ထုတ်လွှင့် ပြသတာ ဖြစ်ပါတယ်။
19.1.2015
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ရခိုင်ပြည် နယ် မောင်တော မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင် တိုင်းရင်း သားတွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ အကြား ပဋိပက္ခ နဲ့ ဆက်နွယ်ပြီး အင်းစိန် အကျဉ်းထောင်မှာ ထောင်ဒဏ် နှစ်ရှည်ကျ ခံနေရတဲ့ ဒေါက်တာ ထွန်းအောင်ကို နိုင်ငံတော် သမ္မတရဲ့ အထူး လွတ်ငြိမ်းချမ်း သာခွင့် အမိန့် နဲ့ ဒီကနေ့ ညနေ ၄ နာရီမှာ လွှတ်ပေး လိုက်ပါတယ်။
ဒီလို လွတ်မြောက်ဖို့ အတွက် ကြိုးပမ်း ဆောင်ရွက် ပေးသူ ကတော့ အမေရိကန် အောက် လွှတ်တော် အမတ် Aaron Schock ဖြစ်ပြီး ၀ိုင်းဝန်း ကူညီခဲ့တဲ့ အဖွဲ့အစည်း ကတော့ ချက်နိုင်ငံ အခြေစိုက် Prague Freedom Foundation ဖြစ်ပါတယ်။
ဒေါက်တာ ထွန်းအောင်ဟာ မူလက ထောင်ဒဏ် ၁၇ နှစ် ချမှတ် ခံထားရာ ကနေ နောက်ပိုင်းမှာ ပြစ်ဒဏ်ကို ၉ နှစ်လျှော့ပေါ့ သတ်မှတ် ခံခဲ့ပါတယ်။
အောက်လွှတ်တော် အမတ် Aaron Schock က အခုလို ဒေါက်တာ ထွန်းအောင်ကို လွှတ်ပေးလိုက် တာကြောင့် မြန်မာ အစိုးရဟာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် ကြိုးစားတယ် ဆိုတာ သက်သေ ပြတာ ဖြစ်ကြောင်း၊ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး ကောင်းမွန်လာတဲ့ သက်သေ ဖြစ်ကြောင်း ပြောပါတယ်။
RB News
18.1.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၌ ယနေ့ ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ကျင်းပသည့် ရပ်မိရပ်ဖများနှင့် အစည်းအဝေးတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက မချေမငံ ပြောဆို၍ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ ဇန်န၀ါရီလ ၁၈ ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ်နှင့် ရသေ့တောင် မြို့နယ် တို့ရှိ ကျေးရွာ အုပ်စုနှင့် ရပ်ကွက်များမှ ဘာသာရေး ဆရာ တစ်ဦးစီ၊ အုပ်ချုပ်ရေးမှူး တစ်ဦးစီ၊ ရွာခွဲတာဝန်ခံ တစ်ဦးစီ၊ ရာအိမ်မှူး တစ်ဦးစီနှင့် ရပ်မိရပ်ဖ တစ်ဦးစီ တို့ကို ဆင့်ခေါ်၍ ဘူးသီးတောင် မြို့နယ်ရှိ ဦးဥတ္တမ ခန်းမတွင် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။
“အစည်းအဝေးမှာ ရွာတွေ ရပ်ကွက်တွေက ၅ ဦးစီပေါ့။ ရဲမှူးချုပ် တင်ကိုကိုက တော်တော်လေး မချေမငံ၊ ပြီးတော့ မဟုတ်တာတွေ ပြောဆိုပြီး တော်တော်လေး ခြိမ်းခြောက်တယ်။ သူက ခင်ဗျားတို့ ဘင်္ဂလီတွေ ဒုချီးရားတန်းမှာ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို သတ်တယ်။ မကြာခင်ကလည်း ဘူးသီးတောင်မြို့မှာ ဗုံးဖောက်ကွဲမှု တစ်ခု ဖန်တီးတယ်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့က န.စ.က ထက် အဆပေါင်းများစွာ ဆိုးတဲ့ အဖွဲ့ဖြစ်တယ်။ အရင်က န.စ.က မလုပ်နိုင်ခဲ့တဲ့ RSO ၂၆ ယောက်ကို ဖမ်းပြီး ထောင်ချလိုက်ပြီ” ဟု ပြောဆိုကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ဒုချီးရားတန်းတွင် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အသတ်ခံရသည်လား ပျောက်ဆုံးသွားသည်လား ဆိုတာမှာပင် ယခု အချိန်ထိ သဲသဲကွဲကွဲ မသိဘဲ၊ အာဏာပိုင်များက ဒေသခံ ရိုဟင်ဂျာ ၁၀၀ ခန့်ကို ရက်ရက်စက်စက် သတ်ဖြတ်၍ အလောင်းများ ဖျောက်ပစ်ခဲ့သည်။ ဒေသခံ အများအပြားကို ရဲတပ်ကြပ်ကြီးကို သတ်ဖြတ်သည်ဟု ဆိုကာ ဖမ်းဆီး၍ ထောင်ချခြင်းများကို မတရားသဖြင့် ပြုလုပ်ခဲ့သည်။ ဘူးသီးတောင်မြို့တွင် ဗုံးပေါက်ကွဲသည် ဆိုသည်မှာလည်း လုပ်ကြံမှု တစ်ခုသာ ဖြစ်ပြီး အမှန်တကယ် ဗုံးပေါက်ကွဲခြင်း မရှိသည်ကို နေပြည်တော်မှ စစ်ဆေးရေး အဖွဲ့က သိရှိခဲ့သည်။ မရှိသည့် RSO ကို ခေါင်းစဉ်တပ်၍ အပြစ်မဲ့ ရိုဟင်ဂျာ များကို ဖမ်းဆီး၍ ထောင်ချခြင်းကို ရဲမှူးချုပ်တင်ကိုကိုက ပြောဆို၍ ဂုဏ်ယူ နေသည်မှာလည်း မိမိကိုယ့်ကို ကိုယ်ရည်သွေး ပြောခြင်းမှ လွဲ၍ တရားသည့် လုပ်ရပ် မဟုတ်သည်ကို မောင်တော ခရိုင်မှ ပြည်သူများ အားလုံး သိရှိပြီး ဖြစ်သည်။
“နောက်တစ်ခုက ကျွန်တော်တို့ဆီ ကနေ RB News ကို နေ့စဉ် သတင်းတွေ ပို့နေတဲ့ ကိစ္စ။ ဒုချီးရားတန်း တုန်းကလည်း RB News က သတင်းတွေကြောင့် တော်တော်လေး အနှောက်အယှက် ဖြစ်ခဲ့ရတဲ့ အကြောင်း၊ နောက်တော့ သူဖြေရှင်း နိုင်ခဲ့တဲ့ အကြောင်း၊ သူ့အနေနဲ့ သတင်းမှာ ရေးတာတွေကို ဂရုစိုက်မှာ မဟုတ်တဲ့ အကြောင်းတွေ ထည့်ပြောတယ်။ ဂရုမစိုက်လို့ သူနေ့တိုင်း ဖတ်နေရတာတော့ ထပ်မပြောသွားဘူး” ဟု ၎င်းကဆိုသည်။
ရဲမှူးချုပ် တင်ကိုကိုက နိုင်ငံတကာမှ ခေါင်းဆောင် များနှင့် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တို့ကိုလည်း အလေးမထားကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
“နိုင်ငံတကာက ခေါင်းဆောင်တွေ၊ အိုဘားမား၊ ဘန်ကီမွန်းတို့ ပြောတာတွေ စဉ်းတောင် မစဉ်းစားဘူး။ အလေးလည်း မထားဘူး၊ သူတို့က မြန်မာနိုင်ငံကို ဘာမှ လုပ်လို့ မရဘူး ဆိုပြီး ကြုံးဝါးပြီး ပြောတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။
“မ.က.ဖ ဒုညွန်မှူး ဦးအောင်သူက အခု ဆွဲ၊တင်၊စစ်မှာ ဘင်္ဂလီတွေ အားလုံး ပါရမယ်။ မပါရင် ထောင်ဒဏ် နှစ်နှစ် ချမယ်။ ငွေတော့ ပေးစရာ မလိုဘူး။ ငွေပေးရရင် ဖုန်းနံပါတ် ပေးထားမယ်။ အဲဒီကို ဖုန်းဆက်တိုင် ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဆွဲ၊တင်၊စစ် လုပ်တာက ဥပဒေနဲ့ ဘောင်မ၀င်ဘူး။ ဒါကျွန်တော် တို့ကို တမင် သက်သက် ခွဲခြားပြီး လူ့အခွင့်အရေး ချိုးဖောက်တာ။ အမျိုးသမီးတွေကို ပုဝါချွတ်ခိုင်း၊ ခြုံထည် ချွတ်ခိုင်းနဲ့ မော်လ၀ီတွေကိုလည်း ၀တ်စုံချွတ်၊ ဦးထုပ်ချွတ်ခိုင်း တာတွေ လုပ်တယ်။ အဲဒီတော့ ခြိမ်းခြောက်ရင်လည်း ကျွန်တော်တို့ ပါမှာ မဟုတ်ဘူး။ ဒါမောင်တော ခရိုင်က ပြည်သူ အများစုရဲ့ ဆန္ဒ။ ၀င်မပါလို့ ရိုက်နှက် နေတာတွေလည်း ရှိနေတယ်” ဟု ဆိုသည်။
ဆွဲ၊တင်၊စစ် တွင် ကလေး မွေးတိုး၊ သေဆုံး၊ နိုင်ငံခြားထွက်၊ လက်ထပ်ခွင့် အားလုံးကို မှတ်တမ်းတင်မည် ဖြစ်ပြီး၊ အထောက်အထားမဲ့ ကလေးများကို Black List သွင်းမည် ဖြစ်ကြောင်း၊ အစစ်ဆေး မခံသူများကို ၀တ္တရား နှောက်ယှက်မှုဖြင့် အရေးယူမည် ဖြစ်ကြောင်း မ.က.ဖ ဒုညွန်မှူး ဦးအောင်သူက ပြောကြားခဲ့သည်။
ရဲမှူးချုပ် တင်ကိုကိုက ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင် မွေးရာပါ နိုင်ငံသား အခွင့်အရေး မရှိကြောင်း၊ ဥပဒေ အရ ပေးသည့် နိုင်ငံသား၊ ပြုနိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ယာယီကဒ်ပြား များကိုသာ ရမည် ဖြစ်ကြောင်း၊ မွေးရာပါ နိုင်ငံသား လိုချင်ပါက ဤနိုင်ငံမှ ထွက်သွားရန်နှင့် အစိုးရမှ တတိယ နိုင်ငံပို့မည် ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်လျှင်လည်း ဒီအတိုင်း သေရမည် ဖြစ်ကြောင်း ရိုင်းပျစွာ မချေမငံ ပြောဆိုခဲ့ကြောင်း သိရသည်။
ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ရိုဟင်ဂျာများ၏ လက်ထပ်ခွင့်ကို ပြန်လည် ကိုင်တွယ် သွားမည် ဖြစ်ကြောင်း၊ ကလေး မွေးဖွားမှု များကိုလည်း ပြန်လည် ကိုယ်တွယ် သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
အစည်းအဝေး မပြီးဆုံးမှီတွင် ရဲမှူးချုပ် တင်ကိုကိုက ရိုဟင်ဂျာ ဟူသည့် အမည်ကို ဆက်လက် သုံးစွဲနေပါက မည်သည့် ဌာနဆိုင်ရာနှင့်မှ အဆင်ပြေမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာများ၏ နောင်ရေး လွန်စွာ ဆိုးရွားလာမည် ဖြစ်ကြောင်း၊ ဘင်္ဂလီဖြင့်သာ အစစ်ခံရမည် ဖြစ်ကြောင်း၊ လက်မခံပါက မိမိတို့၏ ကံကြမ္မာကို မိမိတို့ ဖန်တီးကြရန်နှင့် ကံကြမ္မာလည်း ကောင်းလာမည် မဟုတ်ကြောင်း ခြိမ်းခြောက်သည့် လေသံများဖြင့် ကြုံးဝါး၍ ပြောဆိုခဲ့ပြီး အစည်းအဝေးကို နေ့လည် ၃ နာရီ အချိန်တွင် ရုတ်သိမ်း ခဲ့ကြောင်း သိရှိရပါသည်။
“အစိုးရ အာဏာပိုင်တွေကတော့ သူတို့ ပြောချင်ရာ ပြောပေါ့။ သူတို့မှာ သူတို့ ဆန္ဒရှိသလို ကျွန်တော်တို့ ဒေသခံ တွေမှာလည်း ကျွန်တော်တို့ ဆန္ဒ ရှိတယ် ဆိုတာကိုလည်း သတိပြုဖို့ လိုပါမယ်။ သူတို့က လက်နက်ကိုင် အာဏာပိုင်တွေ၊ လူသတ်ဖို့လည်း ၀န်လေးတဲ့ သူတွေ မဟုတ်ဘူး။ အမြဲတမ်း သတ်နေတာပါဘဲ။ ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ ရိုဟင်ဂျာ ဆိုတဲ့ ဘိုးစဉ်ဘောင်ဆက် လူမျိုး နာမည် အတွက် အသက်ပေါင်း များစွာ ပေးဆပ်ပြီးပြီ။ ကျွန်တော်တို့ကတော့ don’t give up ဘဲ။ ဘယ်တော့မှ အရှုံး မပေးဘူး။ ကျွန်တော်တို့ ဥပဒေ ဘောင်အတွင်းမှာ နေတယ်။ အခု ဆွဲ၊တင်၊စစ် ဆိုတာ ဥပဒေ ပြင်ပကနေ လက်နက်နဲ့ ခြိမ်းခြောက်ပြီး လုပ်နေတာ။ ဒေသခံတွေကို ရိုက်နှက်တယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်။ ငွေညှစ်တယ်။ ရှင်းရှင်း ပြောရရင် ကျွန်တော်တို့ ဒေသမှာ ဌာနဆိုင်ရာ ဆိုတာ လိုင်စင်ရ ဓါးပြဘဲ။ နိုင်ငံတော် အစိုးရဆီက ကျွန်တော်တို့ တောင်းဆိုနေတာ identity တစ်ခုဘဲ။ ကျွန်တော်တို့ အရင်က နိုင်ငံသားတိုင်း ခံစားခွင့်ရတာ အကုန် ရခဲ့တယ်။ ကျွန်တော်တို့ရဲ့ မှတ်ပုံတင်တွေ မတရားသဖြင့် သိမ်းပြီး ၀ှိုက်ကဒ်တွေ ထုတ်ပေးခဲ့တယ်။ အခုမှ ခိုးဝင် ဘာညာဆိုပြီး ဇတ်လမ်းဆင်တယ်။ တကယ်လို့ အာဏာပိုင်တွေ ပွင့်လင်းမြင်သာတယ် ဆိုရင် ကျွန်တော်တို့ရဲ့ အဖြစ်မှန်တွေကို သိဖို့ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တွေ လွှတ်ပေးလိုက်ပါ။ အဲဒီတော့မှ အစိုးရက လိမ်နေသလား၊ ကျွန်တော်တို့က လိမ်နေသလား ဆိုတာ သိပါမယ်။ မွေးတိုး၊ သေဆုံး၊ သန်းခေါင်စာရင်းနဲ့ သက်ဆိုင်တာတွေ လ.၀.က ရုံးမှာ လုပ်ရမှာ ဖြစ်ပါတယ်။ နယ်ခြားစောင့်ရဲ၊ မ.က.ဖ နဲ့ ဘာမှ မဆိုင်ပါဘူး။ အရင်က စစ်အစိုးရ လက်ထက်မှာ စစ်အစိုးရမို့ လုပ်ခဲ့တယ်။ အခု ဒီမိုကရေစီ အစိုးရမှာလည်း စစ်အစိုးရ အတိုင်း လုပ်နေမယ် ဆိုရင် အစိုးရ ပြောင်းလဲခြင်းရဲ့ အနှစ်သာရလည်း ဘာမှ ရှိမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဒေသခံတွေကတော့ ဒီ ဆွဲ၊တင်၊စစ် မှာ လုံးဝ မပါနိုင်ဘူးလို့သာ ပြောချင်တယ်” ဟု မြို့မိမြို့ဖ တစ်ဦးက RB News သို့ပြောပါသည်။
Rohingya Exodus