နောက်ဆုံးသတင်း/ဆောင်းပါးများ



Rohingya Eye
RB News
12.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်းမှ သက်ကြီးရွယ်အို အဖွားအို နှစ်ဦးက ယာယီ သက်သေခံ ကဒ်ပြားများ အပ်နှံရာတွင် မူရင်း မရှိ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ငွေကျပ် ၅ သိန်း ပေးခဲ့ရကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း (နတ်ခေါင်းဒီးယား) ကျေးရွာ အုပ်စု၊ ဆောန်းခေါသ်ဒါးဘီလ် ရွာမှ ဦးမိုဟာမတ်အာမီးန်၏ ဇနီး ဒေါ်ဇော်လာခါတူ (အသက် ၇၀ နှစ်) နှင့် ဦးအော်လီအူလ္လာ၏ ဇနီး ဒေါ်ရိုရှောန် (အသက် ၇၃ နှစ်) တို့သည် ဧပြီလ (၆) ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးထံ သွားရောက်၍ ယာယီ သက်သေခံ ကဒ်ပြားများကို အပ်နှံခဲ့သည်။ နာရီဝက်ခန့် အကြာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆရာဇူလ္လာက ၎င်းတို့၏ ယာယီ သက်သေခံ ကဒ်ပြားများမှာ မူရင်းမဟုတ်ဘဲ ဓါတ်ပုံ ရိုက်ကူးထားသည့် မိတ္တူများသာ ဖြစ်သည့်အတွက် နယ်မြေ (၇) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရုံးသို့ သွားရမည်ဟု ပြောဆိုခဲ့သည်။

ထို့ကြောင့် သက်ကြီး အဖွားအို နှစ်ဦးက မိမိတို့သည် အသက်ကြီးပြီ ဖြစ်၍ လမ်းမလျှောက်နိုင် တော့သဖြင့် နယ်မြေရုံးသို့ သွားနိုင်တော့မည် မဟုတ်ကြောင်း အုပ်ချုပ်ရေးမှူးကို တောင်းပန် ပြောဆိုရာ အုပ်ချုပ်ရေးမှူးက ငွေကျပ် ၅ သိန်း ပေးလျှင် ပြဿနာ ပြီးဆုံးသွားမည်ဟု ပြောဆိုသဖြင့် မတရားသဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ညနေ ၅း၃၀ နာရီ အချိန်တွင် အုပ်ချုပ်ရေးမှူး တောင်းခံသည့် ငွေကျပ် ၅ သိန်းကို ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ယာယီ သက်သေခံ ကဒ်ပြား အပ်နှံခြင်းနှင့် ပတ်သက်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွင် လုပ်ပိုင်ခွင့် မရှိသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးက လက်နက်ကိုင် အဖွဲ့အစည်းကို အကြောင်းပြ၍ မတရားသဖြင့် ငွေညှစ်ခြင်း ဖြစ်သည်။



Rohingya Eye
RB News
12.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ၊ ကမ်းဖူးကျေးရွာတွင် လူကုန်ကူးရာ၌ အာဏာပိုင်များက ငွေယူ၍ ကာကွယ်ပေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ ကမ်းဖူးရွာမှ လူကုန်ကူးမှု လုပ်ငန်း လုပ်ကိုင်သူများ ဖြစ်ကြသည့် ဦးဟာရှိမ်းမုလ္လာ(ဘ) ဦးဟာဆောင်း (အသက် ၅၃ နှစ်)၊ ဦးကော်ရိမ်း (ဘ) ဦးမာမတ်အာမီးန် (အသက် ၄၈ နှစ်) နှင့် ဦးမာမတ်အာယုဖ် (ဘ) ဦးအဟမတ် (အသက် ၄၅ နှစ်) တို့၏ စီစဉ်မှုဖြင့် ဧပြီလ (၈) ရက်နေ့ ည ၈ နာရီ အချိန်တွင် ကမ်းဖူးကျေးရွာ၏ ချောင်းကမ်းဘေးမှ လူ (၁၂) ဦးကို လှေဖြင့် ကျောက်ပန္ဒူ ကျေးရွာ ချောင်းတွင် ဆိုက်ကပ်ထားသော သင်္ဘောပေါ်သို့ ပို့ဆောင် ခဲ့သည်။ လူ (၁၂) ဦးထံမှ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း ငါးသောင်းစီ ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

စ.ရ.ဖ၊ အထူးသတင်းတပ်ဖွဲ့ (SB)၊ နယ်မြေ (၇) နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင် တို့ (၅) ဖွဲ့ကို တစ်ဖွဲ့လျှင် ငွေကျပ် ၅ သောင်းစီ ပေးပြီး အဆိုပါ လူ (၁၂) ဦးကို လှေပေါ်သို့ တင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ လူ (၁၂) ဦးကို ပို့ဆောင်ရာတွင် လူကုန်ကူးမှု ပွဲစား (၃) ဦးနှင့် အတူ နယ်ခြားစောင့်ရဲ (၄) ဦးက အစောင့်အကျပ် အဖြစ် လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ငွေ ၅ သောင်းစီ ယူခဲ့သည့် အဖွဲ့ (၅) ဖွဲ့မှ တစ်စုံတစ်ခု လိုအပ်လျှင် လူကုန်ကူးမှု ပွဲစား (၃) ဦးက အမြဲ ကူညီပေးနေသည့် အတွက် ဒေသခံများက တိုင်ကြားလျှင်လည်း တိုင်ကြားသူကိုသာ အရေးယူလေ့ ရှိကြောင်း၊ လူကုန်ကူးမှု လုပ်ငန်းကို တားဆီးရန် တာဝန်ရှိသူများ ကိုယ်တိုင် ပါဝင် ပတ်သက်နေခြင်းကြောင့် မည်သို့မျှ ဟန့်တားနိုင်ခြင်း မရှိဟု ဆိုသည်။



MYARF
RB News
12.4.2015

မောင်တော ။ ။ မောင်တော မြို့နယ် မြောက်ပိုင်း လောင်းဒုံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးသည် ဆေးဆိုင် ပိုင်ရှင် တစ်ဦးကို ဖမ်းဆီး၍ ရိုက်နှက်၍ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၁၁) ရက်နေ့ ည ၉ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံ ကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့် ရဲကင်း စခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးသည် ၎င်းကျေးရွာအုပ်စု ဆင်သေပြင် အရှေ့ရွာသို့ သွားရောက်ပြီး ဆေးဆိုင် ပိတ်ပြီး ဆေးဝါး အချို့ အိတ်ထဲသို့ ထည့်၍ အိမ်ပြန်ရန် ပြင်ဆင်နေသော ဆေးဆိုင်ပိုင်ရှင် ဦးလာလူးကို ဖမ်းဆီးပြီး ဆိုင်ရောင်းရန် ခွင့်ပြုချက်နှင့် ပတ်သက်၍ မေးမြန်းရာ ဦးလာလူးက မြို့နယ် ဆရာဝန်ထံမှ ရယူထားသည့် ခွင့်ပြုချက်စာကို ထုတ်ပြသော်လည်း နယ်ခြားစောင့် ရဲများက နယ်ခြားစောင့် ရဲကင်းခစန်းသို့ သတင်းပို့ထားခြင်း မရှိဟု ဆိုကာ ၎င်းကို နယ်ခြားစောင့် ရဲကင်းစခန်းသို့ ခေါ်ဆောင် သွားပြီး ငွေကျပ် ၅ သိန်း တောင်းခံခဲ့သည်။

ဦးလာလူးက နယ်ခြားစောင့် ရဲများ တောင်းခံသည့် ငွေကျပ် ၅ သိန်းကို ပေးရန် ငြင်းဆန်ခဲ့သဖြင့် လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ နယ်ခြားစောင့် ရဲများ၏ လူမဆန်စွာ ရိုက်နှက်မှု ဒဏ်ကို မခံနိုင်တော့၍ နောက်ဆုံးတွင် ငွေကျပ် ၃ သိန်း ပေး၍ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဧပြီလ (၁၀) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ကံပူးကျေးရွာမှ ဦးဟိုင်ဘုလ္လာ (ဘ) ဦးကာဆိမ်းသည် ၎င်း၏ နေအိမ်အမိုး ပျက်စီးသွား၍ အိမ်အမိုးမိုးရန် အတွက် တောင်ပေါ်သို့ သွားရောက်၍ သက်ကယ် ခုတ်နေစဉ် တပ်မတော်သားများက ဖမ်းဆီးပြီး ၎င်းခုတ်ထားသော သက်ကယ်များကို သိမ်းယူသည့် အပြင် တစ်နေ့လုံး သက်ကယ်များ ခုတ်စေကာ ညနေချိန်တွင် ၎င်းသက်ကယ်များကို မောရ၀တီ စစ်တပ် စခန်းသို့ ပို့စေခိုင်းကာ အပြစ် ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။




RB News
12.4.2015

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် သရက်အုပ် ဒုက္ခသည် စခန်းမှ တန်းလျားများ ဖြိုဖျက်ပြီးနောက် ဒုက္ခသည်များ နေအိမ် ဆောက်လုပ်ရန် ပြည်နယ် အစိုးရက ငွေများ ထုတ်ပေးသော်လည်း မြို့နယ် အုပ်ချုပ်ရေးနှင့် ရာအိမ်မှူး တို့က ခေါင်းပုံဖြတ်နေမှုကြောင့် ဒုက္ခသည်များထံ ငွေမရောက်ကြောင်း သတင်း ရရှိပါသည်။

မင်းပြားမြို့နယ် သရက်အုပ် ဒုက္ခသည်စခန်းမှ တန်းလျားများ ဖြိုဖျက်ပြီးနောက် နေအိမ်များ ဆောက်လုပ်ရန် ပြည်နယ် အစိုးရက အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၀ သိန်းစီ ထုတ်ပေးမည်ဟု ကြေညာခဲ့သည်။ ယခုအခါ မြို့နယ် အုပ်ချုပ်ရေးက တစ်အိမ်ထောင်လျှင် ငွေကျပ် ၈ သိန်းစီ ထုတ်ပေးပြီး ငွေကျပ် ၁၀ သိန်းစီ လက်ခံ ရရှိကြောင်း ဒုက္ခသည် စခန်းမှ ရပ်မိရပ်ဖများကို လက်မှတ် ရေးထိုးခိုင်းကြောင်း ဒေသခံများက RB News သို့ပြောသည်။

တစ်ဖန် ကျေးရွာ ရာအိမ်မှူး ဦးကျော်သိန်း (ခ) ဦးဒိလ်မိုဟာမတ်က ဒုက္ခသည်များ အတွက် ထုတ်ပေးသည့် ငွေများကို လက်ခံရယူပြီး အိမ်ထောင်စု များကို ထုတ်မပေးဘဲ ၎င်းကိုယ်တိုင် နေအိမ်များ ဆောက်လုပ်လျက် ရှိသည်။ ၎င်းတာဝန်ယူ ဆောက်လုပ်ပေး နေသည့် အစီအစဉ်ကို ဒုက္ခသည်များက လက်မခံကြဘဲ ၎င်းတို့အတွက် အစိုးရမှ ပေးထားသည့် ငွေများကို တောင်းခံကြရာ ဦးကျော်သိန်းက ၎င်း၏ အစီအစဉ်ကို လက်မခံလျှင်လည်း ငွေထုတ်ပေးမည် မဟုတ်ဘဲ၊ နေအိမ်များသာ ဆောက်လုပ်ပေးမည်ဟု ပြောကြားကြောင်း ဒေသခံများက ပြောပါသည်။ ၎င်းသည် နေအိမ်များကို သစ်အညံ့စားများဖြင့် ဆောက်လုပ်ပေး၍ ရရှိသည့် ငွေများထဲမှ ခေါင်းပုံဖြတ်လျက် ရှိသည်ဟု ဆိုသည်။

ဒုက္ခသည် အိမ်ထောင်စု များကို တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၀ သိန်းစီ အစိုးရမှ ခွင့်ပြု၍ ပေးအပ်သော်လည်း မြို့နယ် အုပ်ချုပ်ရေးနှင့် ရာအိမ်မှူး ဦးကျော်သိန်း တို့၏ ခေါင်းပုံဖြတ်မှုကြောင့် ဒုက္ခသည်များ လက်ထဲသို့ ငွေတစ်ပြားတစ်ချပ်မျှ ရောက်ရှိခြင်း မရှိကြောင်း သိရသည်။



Rohingya Eye
RB News
11.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သ၀န်းချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့် ရဲများ၏ ခွေးစားသည့် မုန့်ဖိုးကို တောင်းမိ၍ လဘက်ရည် ပိုင်ရှင် တစ်ဦး လူမဆန်စွာ ရိုက်နှက် ခံခဲ့ရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း သ၀န်းချောင်း ကျေးရွာအုပ်စု၊ ဆူးရာလီဖာရာရှိ ဦးနူရူအာမီးန် (ဘ) ဦးအစ္စမိုင်လ် (အသက် ၃၀ နှစ်) ၏ စားကုန်နှင့် လဘက်ရည် တွဲရောင်းသည့် ဆိုင်သို့ ဧပြီလ (၉) ရက်နေ့ ည (၈) နာရီ အချိန်တွင် ယင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၄) ဦးသည် ခွေးတစ်ကောင်နှင့် အတူ ရောက်ရှိလာပြီး မုန့်များနှင့် လဘက်ရည်များ သုံးဆောင်ကြပြီး၊ ၎င်းတို့၏ ခွေးကိုလည်း မုန့်များ ကျွေးခဲ့ကြသည်။ ထို့နောက် ပြန်မည့် အချိန်တွင် ငွေရှင်းရာ၌ ၎င်းတို့ စားသောက်ကြသည့် မုန့်နှင့် လဘက်ရည်များ အတွက် ကျသင့်ငွေကို ရှင်းပေးခဲ့သော်လည်း ၎င်းတို့၏ ခွေးက စားခဲ့သည့် မုန့်များအတွက် ကျသင့်ငွေကို မရှင်းပေးသောကြောင့် ဆိုင်ရှင် ဖြစ်သူက ငွေတောင်းခံရာ နယ်ခြားစောင့် ရဲများက “မင်းတို့ ကုလားတွေ ဘာဆိုင်ပိုင်ရှင်လဲ၊ ဘာပစ္စည်း ပိုင်ရှင်လဲ” ဟုဆိုကာ ဆဲဆိုပြီး ၀ိုင်းဝန်း၍ လူမဆန်စွာ ရိုက်နှက်သောကြောင့် ဆိုင်ရှင်ဖြစ်သူ၏ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သေလု မျောပါး ဖြစ်လျက် ရှိနေကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဒေသခံများက ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် ဆိုင်ပိုင်ရှင်ကို ထမ်း၍ အင်းဒင်ရှိ နယ်ခြားစောင့် ရဲကင်း စခန်းသို့ သွားရောက် တိုင်ကြားရာ အင်းဒင် ကင်းစခန်းမှ ဆိုင်ပိုင်ရှင် ဖြစ်သူ ဦးနူရူအာမီးန်ကို ထိန်းသိမ်းထား၍ ဆေးကုသ ပေးလျက် ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ဆေးကုသ ပေးလျက် ရှိသော်လည်း အခြေအနေ ဆိုးရွားလျက် ရှိကြောင်း သိရသည်။

အဆိုပါ နယ်ခြားစောင့်ရဲ (၄) ဦးသည် ရခိုင်လူမျိုးများ ဖြစ်ပြီး၊ ၎င်းတို့သည် မကြာခဏ ရွာထဲသို့ လာပြီး ဆိုင်များမှ ပစ္စည်းများ ၀ယ်ယူပြီး ငွေအပြည့်အ၀ ပေးလေ့မရှိကြောင်း၊ တောင်းလျှင်လည်း ရန်စလေ့ ရှိကြောင်း၊ ဤသို့ မကြာခဏ ပြုလုပ်လျှင် မလိုလားအပ်သော ပြဿနာ ဖြစ်မည်ကို စိုးရိမ်ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
11.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ကြပ် တစ်ဦးနှင့် ရခိုင်ရွာသား တစ်ဦး တို့ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ဖမ်းဆီး ရိုက်နှက်ပြီး ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် မြောက်ပိုင်း လောင်းဒုံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ကြပ် တစ်ဦးသည် ၎င်းကျေးရွာအုပ်စု စေတီပြင် ရခိုင်ရွာမှ ဇေယျာအောင် (ဘ) ဦးအောင်မြင့်နှင့် ပူးပေါင်း၍ ဧပြီလ (၉) ရက်နေ့ ည ၇ နာရီ အချိန်တွင် လောင်းဒုံ ကျေးရွာအုပ်စု စေတီပြင်ရွာမှ ဦးဇာဖော်ရ်အာလောမ် (ဘ) ဦးမာမတ်ဟူစိန်းကို လမ်းသွားနေစဉ် အကြောင်းမဲ့ ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် ၎င်းအား ၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်းတွင် ပါဝင်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲကာ ညလုံးပေါက် လူမဆန်စွာ ရိုက်နှက်ခဲ့သည်။

၎င်းကို ရိုက်နှက် နေစဉ် နယ်ခြားစောင့် ရဲတစ်ဦးက “ငါတို့ တပ်ထဲဝင်တာ လစာရဖို့ အတွက် မဟုတ်ဘူး။ မင်းတို့ ကုလားတွေကို ဒီနိုင်ငံထဲက မောင်းထုတ်ဖို့သာ ဖြစ်တယ်” ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ ဧပြီလ (၁၁) ရက်နေ့ နံနက် (၄) နာရီ အချိန်တွင် ၎င်းထံမှ ငွေကျပ် ၃ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

နယ်ခြားစောင့် ရဲများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဦးဇာဖောရ်အာလောမ်၏ မျက်နှာနှင့် ဦးခေါင်းတို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး၊ လည်ပင်းလည်း လှုပ်မရဖြစ်နေသည့် အပြင် စကားပင် ကောင်းမွန်စွာ မပြောနိုင်တော့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဇေယျာအောင် ဆိုသည့် ရခိုင်ရွာသားသည် လောင်းဒုံ ကျေးရွာ နယ်ခြားစောင့် ရဲကင်းစခန်းတွင် နယ်ခြားစောင့် ရဲများနှင့် အမြဲအတူ နေထိုင်ပြီး နယ်ခြားစောင့် ရဲများနှင့် ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာများကို မတရား ညှဉ်းပန်း နှိပ်စက်မှုများတွင် အမြဲ ပါဝင်နေသူ တစ်ဦး ဖြစ်သည်ဟု ဆိုသည်။




MYARF
RB News
11.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စ.ရ.ဖ တို့က အပြစ်မဲ့ ဒေသခံများ ထံမှ အကြောင်းမဲ့ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၁၀) ရက်နေ့ ည ၁၂း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲအုပ်အပါဝင် နယ်ခြားစောင့်ရဲ (၇) ဦးတို့သည် ၎င်းကျေးရွာအုပ်စု၊ ရွှေထား ကျေးရွာသို့ သွားရောက်ပြီး နံနက် ၁ နာရီထိ ကင်းလှည့်၍ အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီးရန် ကြိုးစားသော်လည်း တစ်ဦးကိုမှ ဖမ်းဆီး မရနိုင်ခဲ့ပေ။ ထို့နောက် နံနက် ၁း၃၀ နာရီခန့် အချိန်တွင် အဆိုပါ နယ်ခြားစောင့်ရဲ များသည် ဒုအိုးသည်မ ကျေးရွာသို့ သွားရောက်ပြီး ဦးဟိုက်ရုလ်အာမီးန် (ဘ) ဦးဇာဖောရ် (အသက် ၃၀ နှစ်) ၏ နေအိမ်သို့ ၀င်ရောက်၍ ဦးဟိုက်ရုလ်အာမီးန်ကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားပြီး လူမဆန်စွာ ရိုက်နှက်ကာ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဧပြီလ (၁၀) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာတွင် တာဝန်ကျ နေသည့် စ.ရ.ဖ တပ်ဆွယ်မှူး ဇော်ဇော်နိုင်သည် ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ ရပ်ကွက် (၈) မှ ရာအိမ်မှူး ဦးရှာကဲရ် (ဘ) ဦးမူဇဲရ် (အသက် ၄၀ နှစ်) နှင့် ပူးပေါင်း၍ ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ ရပ်ကွက် (၈) မှ ဦးအဒူရော်မန် (ဘ) ဦးဟာဘီ (အသက် ၃၀ နှစ်) ကို ဖမ်းဆီးပြီး တစ်ဖက်နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲကာ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ ဦးအဒူရော်မန်သည် တစ်ဖက်နိုင်ငံသို့ သွားရောက်ခဲ့ခြင်း မရှိဘဲ မောင်တောမြို့သို့သာ သွားရောက်၍ အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။



သိဂီထိုက်
11.4.2015

မနေ့တုန်းက ကျင်းပခဲ့တဲ့ ထိပ်သီး ခေါင်းဆောင် ၆ ဦးရဲ့ ဆွေးနွေးပွဲ အတွင်း မှာတော့ ဖွဲ့စည်းပုံပါ အချက်အလက် အချို့ ပြင်ဆင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးနိုင် ခဲ့ကြတာမို့ နောက်တကြိမ် လုပ်မယ့် ဆွေးနွေးပွဲဟာ ပိုပြီး အရေးကြီး လိမ့်မယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူ တဦးဖြစ်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ဗွီအိုအေကို ပြောပါတယ်။ မသိဂီထိုက်က တင်ပြ ပေးထားပါတယ်။

လက်ရှိ ပဋိပက္ခတွေ လျှော့ချဖို့နဲ့ ရွေးကောက်ပွဲ အောင်မြင်ဖို့ နိုင်ငံရေး တည်ငြိမ်မှု ရဖို့ ဆွေးနွေးကြရင်း၊ ဖွဲ့စည်းပုံပါ အချက်အလက် အချို့ ပြင်ဆင်ဖို့ လိုအပ်ချက်တွေ ရှိတယ် ဆိုတာကို အပြန်အလှန် ဆွေးနွေး ခဲ့ကြတယ် လို့ ဒေါက်တာအေးမောင် က ပြောပါတယ်။ ပြင်ဆင်ရာမှာ နှစ်ဘက် စလုံးက အလျှော့အတင်း လုပ်သွားဖို့ လိုအပ်ချက် ကိုလည်း ဆွေးနွေး ပြောဆို ခဲ့ကြတယ်လို့ ဆိုပါတယ်။

“တိုင်းရင်းသား အများစု လိုလားတဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ အုပ်ချုပ်ခွင့် ဆိုတဲ့ ကဏ္ဍကို ဖွဲ့စည်းပုံက ဘယ်လောက် အထိ ဖြေလျှော့ ပေးနိုင်မလဲ ဆိုတဲ့ ကဏ္ဍကို ကာကွယ်ရေး ဦးစီးချုပ် တို့ဘက်က စဉ်းစားတဲ့ အခါ မှာတော့ဖြင့်- အရေးကြီး အဆိုမှာ ပါခဲ့တဲ့ အတိုင်းပါပဲ၊ ဇယား (၁) က ပြည်ထောင်စုရဲ့ ဥပဒေပြုပိုင်ခွင့် တော်တော်များများကို ဇယား (၂) ကို ပြောင်းပေး။ နောက် Resourcing Sharing လုပ်သင့်သလောက်ကို လုပ်ပေး။ နောက် …တနည်းအားဖြင့် ဇယား (၁) နဲ့ (၅) ကို အခြေခံဥပဒေပုဒ်မ ၄၃၆ (ခ) ပါအတိုင်း referendum မလုပ်ဘဲနဲ့ decentralize လုပ်သင့်သလောက်လုပ်ပြီး အချိန်ကာလကလည်း အင်မတန် တိုတောင်းတာမို့လို့ ဆောင်ရွက်ပေးရုံနဲ့ ကျနော်တို့လိုလားတဲ့ ဖွဲ့စည်းပုံကြီးတခုဟာ အကျိုးရှိရှိနဲ့ အားလုံးအတွက် အဆင်ပြေနိုင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ချဉ်းကပ်တဲ့အခါမှာ ကျနော်တို့အားလုံးကတော့ ထပ်မံဆွေးနွေးပြီးမှ ၄၃၆ (က) ပါ အချို့ပုဒ်မများကိုလည်း အသေးစိတ်နီးပါးလောက် သူ့ဘက် ကိုယ့်ဘက် ပြောင်းလဲဖို့ ညှိနှိုင်းပြီးမှ ကိုယ်တောင်းချင်တာ- ကိုယ်ပြောင်းချင်ပေမယ့်လို့ ပြောင်းသင့်မှပြောင်း၊ ကိုယ်မပြောင်းချင်ပေမယ့်လည်း ပြောင်းသင့်ရင်ပြောင်း စသဖြင့်ပေါ့- ကိုယ့်ဘက် သူ့ဘက်ကို အလျှော့အတင်းနဲ့ ဆွေးနွေးဖို့လိုအပ်တယ်၊ အထွေထွေသဟဇာတဖြစ်ရေး မူဘောင်တခုအောက်မှာ သွားသင့်တယ်ဆိုတာမျိုးနဲ့ အပြန်ပြန်အလှန်လှန် ဆွေးနွေးကြတာ နှစ်နာရီ မိနစ်နှစ်ဆယ်လောက် ရောက်ပါတယ်။”

တက်ရောက်သူ ခေါင်းဆောင်တွေအကြား ပိုပြီး ရင်းနှီးနွေးထွေးအောင်လို့ ဆွေးနွေးပွဲပုံစံကို ပြောင်းလဲသွားဖို့၊ ဆွေးနွေးပွဲမူဘောင်ချမှတ်ဖို့ ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အခြမ်းဘက်ကို ရောက်တဲ့အခါမှာ ဆွေးနွေးပွဲ မူဘောင်တခုတော့လိုပါတယ်၊ ဆွေးနွေးပွဲ ပုံသဏ္ဍန်လေးကလည်း အလှမ်းကွာဝေး နေတဲ့အခါမှာ ပိုပြီး ရင်းနှီးချစ်ကြည်ပြီးမှ နွေးထွေးတဲ့ပုံစံလေးဖြစ်အောင် နီးနီးကပ်ကပ် ဆွေးနွေးတဲ့ပုံစံလေး ဖန်တီးပေးပါ၊ အဲဒါမျိုးလေးနဲ့ချဉ်းကပ်မှ ဆွေးနွေးမှုရဲ့ frame-work တခု ပုံစံလေးနဲ့ ဘာပြီးရင်ဘာဆွေးနွေးမယ်၊ ဘာအကြောင်းအရာကို အဓိကထားမယ်-စသဖြင့် ပိုပြီး ထိထိရောက်ရောက် လေးနဲ့ အကွက်စိတ်စိတ်လေး ဆွေးနွေးသွားကြရအောင်ဆိုတဲ့သဘောနဲ့ တင်ပြပါတယ်။”

အခုဆွေးနွေးပွဲဟာ ဦးတည်ချက်ကို ခြုံငုံအောင် ဆွေးနွေးနိုင်ခဲ့ပြီး အကျိုးရှိတဲ့ဆွေးနွေးမှု၊ အောင်မြင်တဲ့ ဆွေးနွေးမှုတရပ်ဖြစ်တယ်လို့လည်း ဒေါက်တာ အေးမောင်က သူ့အမြင်ကို ပြောခဲ့ပါတယ်။

“ကျနော်တို့သုံးသပ်တာက ဒီ ဒုတိယတကြိမ်ဆွေးနွေးပွဲဟာ အင်မတန် အရေးကြီးပါတယ်။ ပထမတကြိမ် ဆွေးနွေးပွဲကနေ ဦးရဲထွဋ်တင်ပြသလိုပါပဲ၊ ယုံကြည်မှုနဲ့ နွေးထွေးမှု ခံစားကြရပါတယ်။ အပြန်အလှန် ပွင့်ပွင့်လင်းလင်း တင်ပြကြတာပါ။”

ဖွဲ့စည်းပုံပြင်ရေးအပါအ၀င် နိုင်ငံရေးပြဿနာရပ်တွေကို ဖြေရှင်းဖို့ သမ္မတ၊ ပြည်ထေင်စုလွှတ်တော်နာယက၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ လေးပွင့်ဆိုင် ဆွေးနွေးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကနဦး တင်ပြတောင်းဆိုခဲ့တာပါ။ ပြည်ထောင်စုလွှတ်တော်ကတော့ ၆ ပွင့်ဆိုင် ဆွေးနွေးဖို့ လူထပ်တိုး အဆိုပြုခဲ့ပေမယ့် ဒီမတိုင်ခင်ကတော့ ၄၈ ဦးတဲ့၊ ၄၄ ဦးပါ စတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကိုပဲ အစိုးရဘက်က ပြင်ဆင် လုပ်ခဲ့တာပါ။ အခု ၆ ပွင့်ဆိုင် ဆွေးနွေးမှုအတွင်းမှာလည်း ဒီထက်လူတိုးဖို့ သမ္မတဘက်က အဆိုပြုတာတွေရှိခဲ့ပါတယ်။

“တိုင်းရင်းသားကဏ္ဍနဲ့ပတ်သက်လို့ ညှိနှိုင်းတင်ပြကြတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော်နာယကကြီးတို့ဘက်ကတော့ဖြင့် လက်ရှိ (၆) ဦးပါ အခြေအနေဟာ အင်မတန် ကျစ်လျစ်ပြီးမှ ထိရောက်တဲ့ဆွေးနွေးဘက်ဖြစ်ကြောင်းနဲ့ ဒီထက်မက တိုးချဲ့လာရင်လည်းပဲ ဒီကဏ္ဍ၊ ဒီ frame အတွင်းမှာပဲ ဆွေးနွေးမှာဖြစ်တဲ့အကြောင်း၊ သမ္မတကြီးတို့ဘက်က အထူးသဖြင့် တိုင်းရင်းသားကဏ္ဍမှာ ထပ်မံတိုးချဲ့စေချင်တဲ့သဘော ဒေါ်အောင်ဆန်းစုကြည်တို့ဘက်ကလည်း ခြောက်ဦးပဲ ထိရောက်စွာ ဆွေးနွေးနိုင်မယ့်သဘောကို တင်ပြပါတယ်။”

ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့သဘောထားမှာတော့ မပြင်သင့်တဲ့ ကာလမှာ မပြင်ဘဲ ဆက်သွားသင့်တယ်ဆိုတဲ့ အမြင်ရှိပေမယ့် လိုအပ်ရင် ပြင်ရမယ် ဆိုတာကိုလည်း သဘောပေါက်နားလည်တာ တွေ့ရတယ် လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။ ဆွေးနွေးပွဲအသေးစိတ်နဲ့ ပတ်သက်လို့ ခေါင်းဆောင်တွေအကြား အပြန်အလှန် လျှိ့ဝှက်ထားမယ်ဆိုပေမယ့်လည်း ပွင့်လင်းမြင်သာမှုရှိတဲ့ ဆွေးနွေးပွဲဖြစ် ပါတယ်လို့ ဒေါက်တာ အေးမောင်က ပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်လည်း တင်ပြပါတယ်။ ‘ဦးအေးမောင်က ၁၂ ပါတီရဲ့ mandate နဲ့ ဒီဆွေးနွေးပွဲကို ပါလာတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အခါမှာ ဒီဆွေးနွေးပွဲရဲ့ ရလဒ် အသေးစိတ်နီးပါးလောက်ကို ၁၂ ပါတီကို ပြန်တင်ပြရမယ့်တာဝန် သူ့မှာရှိတယ်။ အဲဒါကြောင့် ဆွေးနွေးပွဲမှာ တကယ်တန်း ပေါက်ကြားနိုင်တာဟာ ဦးအေးမောင် တစ်ယောက်ပဲ ရှိတယ်။ သို့သော်လည်းပဲ ဦးအေးမောင်ဘက်က ပေါက်ကြားတာဟာ တာဝန်အရ ပေါက်ကြားတာဖြစ်တယ်၊ မပေါက်ကြားပါနဲ့လို့ ပိတ်လို့လည်းမရဘူး။ ဒါမျိုးသူ ဆွေးနွေးပါတယ်။ အဲဒီအခါမှာ ဒိထက်မက လူပုဂ္ဂိုလ်များလာလို့ ရှိရင် ပေါက်ကြားတဲ့လမ်းကြောင်းဟာ ပိုပြီးတော့ရှိမယ်။ ကျမတို့ကတော့ ကျမတို့ပါတီရဲ့ mandate အရ ဆွေးနွေးတာဖြစ်တဲ့အခါမှာ လုံးဝ မပေါက်ကြားဘူး၊ အာမခံရဲတယ်။’ - အဲဒါမျိုး ကျနော်တို့ အမြင်ချင်းဖလှယ်ကြတဲ့အခါမှာ ဒီ ခြောက်ဦးပါ ဆွေးနွေးပွဲရဲ့ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် အခြေအနေအကြောင်းအရပ်ရပ်ကို ပြည်သူသိအောင် ကျနော်တို့ ဆွေးနွေးပွဲကြီးရလဒ်၊ ဆွေးနွေးပွဲကြီး အောင်မြင်နိုင်ခြေ အားလုံးကို ပြန်လှန်သုံးသပ်နိုင်အောင် ကျနော်တို့ဘက်က ပွင့်လင်းမှု ရှိလာပါတယ်။”

ဆွေးနွေးပွဲကိုတော့ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ လွှတ်တော်တွင်း တိုင်းရင်းသားပါတီတွေကို ကိုယ်စား ပြုတဲ့ ဒေါက်တာအေးမောင်တို့ ၆ ဦး ဟာ ဧပြီလ (၁၀) ရက်နေ့က နှစ်နာရီကျော်လောက် အပြန်အလှန် ဆွေးနွေးခဲ့ကြတာပါ။ နောက်တကြိမ် ဆွေးနွေးပွဲကိုတော့ သင်္ကြန်အပြီး လွှတ်တော်တွေ ပြန်စမယ့်ကာလမှာ ထပ်လုပ်ဖို့ စီစဉ်ထားကြပါတယ်။



ကိုစည်သူ, ကိုသားညွန့်ဦး
10.4.2015

အများ စောင့်မျှော်နေကြတဲ့ ခြောက်ပွင့်ဆိုင် ထိပ်သီး ဆွေးနွေးပွဲ မကြာခင်ကပဲ ပြီးဆုံးသွား ခဲ့ပါတယ်။ နောက်တကြိမ် ဆွေးနွေးပွဲ အတွက် မူဘောင် ချမှတ် ခဲ့ကြတယ်လို့ သိရပါတယ်။ ထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်နေရာ နေပြည်တော် သမ္မတ အိမ်တော်ဝင်း အတွင်း ခန်းမမှာ ကိုယ်တိုင် သတင်းရယူနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုစည်သူကို ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်း ထားပါတယ်။

ကိုသားညွန့်ဦး။ ။ ကိုစည်သူရေ ဒီခြောက်ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲပေါ့။ ဒီဆွေးနွေးပွဲက အခုပြီးသွားပြီ ဆိုတော့ ကိုစည်သူကလည်း အဲ့ဒီ့သတင်းယူနေတော့ သူတို့ဆွေးနွေးပွဲ ဘာတွေ ဆွေးနွေးဖြစ်လဲ။ နောက် သတင်းစာရှင်းလင်းပွဲ လုပ်တယ်လည်း ကြားပါတယ်။ ဘာတွေများ ထူးခြားတဲ့အချက်တွေ တွေ့ရလဲ။

ကိုစည်သူ။ ။ ဟုတ်ကဲ့ဗျ။ ဒီနေ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ အပြီးမှာ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သူကတော့ ဆွေးနွေးပွဲ အသေးစိတ်ကိုတော့ သူပြောပိုင်ခွင့်မရှိလို့ မပြောသွားပါဘူး။ အဲ့တော့ ချုပ်ပြီးပြောရရင် ဒီဆွေးနွေးပွဲက မပြီးပြတ်သေးဘူး။ လာမယ့် သင်္ကြန်အပြီးမှာ ဆွေးနွေးပွဲတွေကို ဆက်ပြီးတော့ လုပ်သွားဦးမယ်လို့ ဦးရဲထွဋ်က ဒီလိုပြောသွားပါတယ်ဗျ။

ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်

"ဒီဆွေးနွေးပွဲအတွင်းမှာ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်များ၊ ပါဝင်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်များ အနေနဲ့ အချက်သုံးချက်ကို ကျနော်တို့ ဆွေးနွေးပြီးတော့မှ သဘောတူခဲ့ပါတယ်။ တစ်ကတော့ ဆွေးနွေးပွဲ ရဲ့ framework ပေါ့ ဆွေးနွေးပွဲ အပေါ် အခြေခံပြီး ဆွေးနွေးရမယ့် အကြောင်းအရာတွေ အပေါ်မှာ သဘောတူခဲ့ပါတယ်။ ဒုတိယ အချက်ကတော့ ကျနော်တို့ ဆွေးနွေးပွဲ ကျင်းပမယ့် ပုံစံ Format ကို သဘောတူခဲ့ပါတယ်။ တတိယအချက်ကတော့ နောက်တကြိမ် ထပ်ပြီးတော့ တွေ့ဆုံမယ့် အချိန်သတ်မှတ်ချက်ကို ကျနော်တို့ သဘောတူခဲ့ပါတယ်။

ဆွေးနွေးမယ့်အကြောင်းအရာတွေကတော့ Framework ကိုတော့ အသေးစိတ် ကျနော် ပြောလို့မရပါဘူး။ အဓိကအားဖြင့် အကြောင်းအရာ အရ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ နောက်တခါ ငြိမ်းချမ်းရေး ကိစ္စနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပခြင်းနဲ့ ရွေးကောက်ပွဲလွန် ကာလ တည်ငြိမ်အေးချမ်းရေး ကိစ္စများနဲ့ပတ်သက်ပြီးတော့မှ ဒါဆွေးနွေးဖို့ ကျနော်တို့ သဘောတူခဲ့ကြပါတယ်။ အသေးစိတ် Framework ကတော့ ကျနော် ပြောလို့မရပါဘူး။

ဒုတိယတချက်က နောက်တကြိမ် ကျနော်တို့ ပြန်လည်တွေ့ဆုံဖို့ကိုတော့ သင်္ကြန်ကာလအတွင်း လွှတ်တော်များ ရပ်နားထားပြီးနောက်ပိုင်း လွှတ်တော်များ ပြန်လည်စတင်ချိန်မှာ အားလုံးအဆင်ပြေတဲ့အချိန်ကို သတ်မှတ်ပြီးတော့မှ တွေ့ဆုံဖို့ ကျနော်တို့ သဘောတူခဲ့ကြပါတယ်။

အဲ့ဒီ့တော့ နှစ်နာရီကျော် တွေ့ဆုံတဲ့ ဆွေးနွေးမှုအတွင်းမှာ ပါဝင်တက်ရောက်တဲ့ ပုဂ္ဂိုလ်များအနေနဲ့ ညီအကို မောင်နှမ စိတ်ဓာတ်နဲ့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲပြီးတဲ့အခါမှာလည်း ဒီဆွေးနွေးပွဲဟာ အောင်မြင်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ အားလုံးက သဘောတူခဲ့ကြပါတယ်။ ဒီလောက်ပါပဲ။"

ဒါကတော့ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ကိုသားညွန့်ဦး။ ။ အဲ့တော့ ကိုစည်သူရေ။ ဒီဆွေးနွေးပွဲကျင်းပပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အခါမှာ ကိုစည်သူတို့ သတင်းထောက်တွေအနေနဲ့ ခန်းမအတွင်း ဝင်ပြီး သတင်းယူခွင့်၊ သတင်းဓာတ်ပုံရိုက်ခွင့်၊ ရတယ်ဆိုတော့ ဆွေးနွေးပွဲရဲ့ အခင်းအကျင်း အနေအထား၊ သူတို့ခေါင်းဆောင်တွေချင်း ဆက်ဆံရေး အနေအထား ဘယ်လိုမြင်ရလဲ ခင်ဗျ။

ကိုစည်သူ။ ။ ဟုတ်ကဲ့ပါ။ ဒီနေ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ က နေ့လည် နှစ်နာရီလောက် မှာ စပါတယ်။ နေ့လည် နှစ်နာရီ မတိုင်ခင်မှာ ခြောက်ပွင့် ခေါင်းဆောင်တွေက ရောက်လာပါတယ်။ တစ်ယောက်ချင်း၊ တစ်ဦးချင်းစီ လာတဲ့ သဘောပါ။ ပြီးတော့ နောက်ဆုံးမှာ သမ္မတ ဦးသိန်းစိန် ရောက်လာတယ်။ သမ္မတဦးသိန်းစိန် ရောက်လာပြီးတာနဲ့ သူတို့က အခန်းတခုထဲ ကနေပြီးတော့ ဆွေးနွေးပွဲ လုပ်မယ့်အခန်းထဲ ဝင်သွားပါတယ်။

ဆွေးနွေးပွဲ လုပ်တဲ့ အခန်းပုံစံကတော့ ထိုင်ခုံတွေက တယောက်နဲ့တယောက် အတော်လေးကို အလှမ်းဝေးတဲ့ အနေအထားမျိုးနဲ့ ဒီစက်ဝိုင်းပုံစံ စီထားတာ ကို တွေ့ရပါတယ်။ သေချာတာကတော့ သူတို့က သိပ်ပြီး နီးနီးကပ်ကပ် ဆွေးနွေး တာမျိုး မဟုတ်ပဲနဲ့ ခပ်လှမ်းလှမ်းကနေ ဆွေးနွေးတဲ့ သဘောမျိုးပါခင်ဗျ။

ဒါပေမဲ့ ဒီဆွေးနွေးပွဲက ဦးရဲထွဋ်ကတော့ သတင်းစာရှင်းလင်းပွဲမှာ ဆွေးနွေးပွဲမှာ ပါဝင်တဲ့သူတွေဟာ တယောက်နဲ့တယောက် ညီအကို မောင်နှမတွေလိုပဲ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံရေး ရှိခဲ့တယ်လို့ ဦးရဲထွဋ် ကတော့ ပြောသွား ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဆွေးနွေးတဲ့ အခင်းအကျင်းပုံစံ ကတော့ လူတယောက်နဲ့ တယောက်က အတော်လေးကို အလှမ်းဝေးတဲ့ သဘောမျိုး ကျနော်တို့ တွေ့ခဲ့ရပါတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ အခု ဒီဆွေးနွေးပွဲလည်း ပြီးသွားပြီ ဆိုတော့ ခေါင်းဆောင်ခြောက်ဦး ထဲက တချို့ခေါင်းဆောင်တွေများ သတင်းစာ ရှင်းလင်းပွဲ လုပ်တာ။ သတင်းထောက်တွေကို လက်ခံတွေ့ဆုံတာ နောက် ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ပြောတာ ဆိုတာရော ရှိလားခင်ဗျ။

ကိုစည်သူ။ ။ သမ္မတပြောရေးဆိုခွင့်ရှိတဲ့ ဦးရဲထွဋ်ကတော့ သူ အကြမ်းဖျင်းပြောလို့ရတဲ့ ခြုံငုံပြီးပြောလို့ရတာတွေကို သတင်းစာရှင်းလင်းပွဲ လာလုပ်တာကလွဲရင် ကျန်တာ မရှိပါဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ကိုတော့ သတင်းထောက်တချို့ သွားပြီးတော့ စောင့်နေကြတယ်လို့သိရတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် က ရောက်လာပြီးတော့ တစုံတရာ ဘာမှ ပြောသွားတာ မရှိပါဘူးခင်ဗျ။ ဒီတိုင်းရင်းသား ကိုယ်စားလှယ် အနေနဲ့ ဆွေးနွေးပွဲကို လာတက်တဲ့ ဒေါက်တာအေးမောင်ကလည်း ဒီဆွေးနွေးပွဲရဲ့ ရလာဒ်ကို တိုင်းရင်းသားတွေကို ပြန်ပြီးတင်ပြရမှာမို့ ဒီသတင်းမီဒီယာတွေကို သူအခု မပြောနိုင်သေးပါဘူးလို့ သူက ပြောထားပါတယ်ဗျ။ ဆိုတော့ သတင်းစာ ရှင်းလင်းပွဲသဘောမျိးကတော့ ဦးရဲထွဋ် တယောက်တည်းကပဲ ဆွေးနွေးပွဲ အကြောင်းကို ခြုံငုံပြီးပြောတာ ရှိပါတယ်ခင်ဗျ။ ကျန်တာ မရှိပါဘူးဗျ။

ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နေရာ နေပြည်တော် သမ္မတ အိမ်တော်ဝင်း အတွင်း ခန်းမမှာ ကိုယ်တိုင် သတင်းရယူနေတဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူကို ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။



Rohingya Eye
RB News
10.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ငါးခူရ ကျေးရွာ အခြေစိုက် စ.ရ.ဖ တာဝန်ခံ တစ်ဦးနှင့် အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗိုလ်မှူးရွာ ကျေးရွာ အခြေစိုက် တပ်မတော် စစ်စခန်းမှ တာဝန်ခံ ဗိုလ်ကြီး တစ်ဦးတို့က ဒေသခံများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် ငါးခူရ ကျေးရွာ အခြေစိုက် စ.ရ.ဖ မှ တာဝန်ခံ တစ်ဦးသည် ဧပြီလ (၇) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ဦးရှဥ့်ကျ ကျေးရွာရှိ ဈေးသို့ ရောက်ရှိလာပြီး၊ ဈေးပိုင်ရှင်နှင့် ရပ်မိရပ်ဖများကို ခေါ်ယူ တွေ့ဆုံကာ “အင်တာနက်မှာ ငါတို့အတွက် သတင်းတင်တယ်၊ ငါတို့ကို ဘယ်သူ့မှ အရေးမယူနိုင်ဘူး၊ ငါတို့တောင်းတဲ့ဟာကို မင်းတို့ ပေးရမယ်၊ ငါတို့နဲ့ ပတ်သက်ပြီး အင်တာနက်မှာ သတင်းတင်လို့ရှိရင် ဈေးခေါင်းခံရမှာဘဲ” ဟု ပြောဆိုခဲ့သည်။ ဈေးခေါင်း ဖြစ်သူက “ကျွန်တော်တို့ ပြောတာလည်း မရှိဘူး၊ အင်တာနက် ကိစ္စ ကျွန်တော်တို့ သိလည်း မသိဘူး” ဟု ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

စ.ရ.ဖ တာဝန်ခံက ၎င်း၏ ရုံးအတွက် အင်ဗာတာ တစ်လုံး ၀ယ်ရန်အတွက် ငွေကျပ် တစ်သိန်း အတင်းအဓမ္မ တောင်းခံရာ ဈေးခေါင်းက ငွေကျပ် ငါးသောင်း ပေး၍ ကျန်သည့် ငွေကျပ် ငါးသောင်းကို ရှေ့အပတ်တွင် ပေးမည်ဟု ဖြောင်းဖျ ပြောဆို၍ စ.ရ.ဖ တာဝန်ခံကို ပြန်သွားခိုင်းခဲ့သည်။ အလားတူ ကြက်ရိုးပြင် ကျေးရွာရှိ ကိုယ်ပိုင်ဈေးသို့ သွားရောက်၍ အထက်ပါ အတိုင်း ပြောကြားပြီး ဈေးခေါင်း ဖြစ်သူထံမှ ငွေကျပ် တစ်သိန်း ရှစ်သောင်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဧပြီလ (၆) ရက်နေ့ ညနေ (၆) နာရီ အချိန်တွင် မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ ဗိုလ်မှူးရွာ အခြေစိုက် တပ်မတော် စစ်စခန်းမှ တာဝန်ခံ ဗိုလ်ကြီးတစ်ဦးသည် ကမ်ဖူးရွာသို့ သွားရောက်နေစဉ် အာရဗီ ကျောင်းသား တစ်ဦး ဖြစ်သူ ရီယာဇူကော်ရိမ်း (ဘ) ဦးမော်ဂုလ်အာမတ် (အသက် ၂၀ နှစ်) က ၎င်းကို မြင်၍ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ရိုက်နှက်မည်ကို စိုးရိမ်၍ ပြေးလွှားရာ၊ ၎င်းကို ဖမ်းဆီး၍ ဘင်္ဂလား ဆင်းမ်ကဒ် သုံးစွဲနေသည်ဟု လုပ်ကြံစွပ်စွဲပြီး ကျောင်းသား၏ မိခင် ဖြစ်သူ ထံမှ ငွေကျပ် နှစ်သိန်း တောင်းခံရာ မိခင် ဖြစ်သူက ပေးရန် ငြင်းဆန်သော်လည်း နောက်ဆုံးတွင် လက်နက်အားကိုးဖြင့် အာဏာ အလွဲသုံးစား ပြုလုပ်ကာ ထောင်ချမည်ကို စိုးရိမ်၍ ငွေကျပ် တစ်သိန်း ပေးခဲ့ရောကာင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။



MYARF
RB News
10.4.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ရေတွင်းပြင် ကျေးရွာအုပ်စုမှ ဒေသခံ ငါးဖမ်းသမား များကို နယ်ခြားစောင့် ရဲများက ၎င်းတို့ တောင်းသည့် ငွေကို မပေးသဖြင့် လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာအုပ်စု၊ အလယ်ရွာနေ ဦးမာဂျဲတ် (ဘ) ဦးရှော်ဖိတ် (အသက် ၅၀ နှစ်) နှင့် အာယာစ် (ဘ) ဦးမာမတ်ဆိဒိခ် (အသက် ၂၆ နှစ်) တို့သည် ဧပြီလ (၉) ရက်နေ့ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် လိပ်ရကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက ထုတ်ပေးသည့် ငါးဖမ်း လိုင်စင် စာအုပ်များကို ယူ၍ လှေတစ်စီးဖြင့် မျှောပိုက်နှင့်အတူ ရေတွင်းပြင်နှင့် ဇီးပင်ချောင်း ကြားရှိ ဇီးပင်ချောင်း ချောင်းဝ စခန်းသို့ သွားရောက်၍ ငါးဖမ်းခွင့် စာအုပ်များ အပ်နှံ၍ ငါးဖမ်းရန် သွားခဲ့သည်။

၎င်းတို့ နှစ်ဦးသည် ဖမ်း၍ ရသမျှ ငါးများကို ဘင်္ဂလားဒေ့ရှ်မှ လှေဖြင့် လာရောက်သော ဖောက်သည်များကို အကြွေးဖြင့် ရောင်းချခဲ့သည်။ ထို့နောက် ဇီးပင်ချောင်း ချောင်းဝ စခန်းသို့ ပြန်လည် ရောက်ရှိလာပြီး ၎င်းတို့ အပ်နှံထားခဲ့သည့် ငါးဖမ်းခွင့် စာအုပ်များကို နယ်ခြားစောင့် ရဲများထံမှ ပြန်လည် တောင်းရာ နယ်ခြားစောင့် ရဲများက ငွေ ၄၀၀၀/- ပေးမှသာ ရမည်ဟု ပြောသဖြင့် ၎င်းတို့က ငါးများ အကြွေးရောင်းခဲ့ရ၍ ငွေမရှိကြောင်း၊ ယခင်က ယခုကဲ့သို့ ငွေပေးရန် မလိုခဲ့၍ နေအိမ်မှ ငွေယူလာခြင်း မရှိကြောင်း၊ နောက်နေ့ ငါးဖမ်းလာချိန်တွင် ငွေပေးမည်ဟု ပြောဆိုသော်လည်း နယ်ခြားစောင့် ရဲများက ၎င်းတို့ နှစ်ဦးကို မှောက်ခိုင်းပြီး တုတ်များဖြင့် လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ထို့နောက် ၎င်းတို့၏ ငါးဖမ်းခွင့် စာအုပ်များကိုလည်း ပြန်လည် မပေးဘဲ လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

နယ်ခြားစောင့် ရဲများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး လမ်းမလျှောက်နိုင်တော့ဘဲ လမ်းတစ်ဝက်တွင် လဲကျနေခဲ့သည်။ လမ်းတစ်ဝက်တွင် လဲကျနေသော ၎င်းတို့နှစ်ဦးကို ရွာသားများက တွေ့ရှိပြီး နေအိမ် အသီသီးတို့ ပို့ဆောင် ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ အဆိုပါ နယ်ခြားစောင့် ရဲများသည် ငါးဖမ်းသွားသူ များကို ယခုကဲ့သို့ မကြာခဏ ရိုက်နှက်လေ့ ရှိကြောင်း သိရသည်။



MYARF
RB News
10.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာတွင် အာဏာပိုင် များ၏ သတင်းပေး ဦးဆော်လီမူလ္လာက မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူများ ထံမှ ငွေ သိန်းချီ၍ ညှစ်ယူမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာမှ ဦးဘုလ္လာ (ခ) အဒူနော်ဘီ (ဘ) ဦးအဒူဆော်လာမ် (အသက် ၅၀ နှစ်) သည် လွန်ခဲ့သည့် ၅ နှစ်ကျော်ခန့်က မိသားစု စားဝတ်နေရေး အခက်အခဲကြောင့် မလေးရှား နိုင်ငံသို့ ထွက်ခွာ သွားခဲ့ပြီး စီးပွားရှာခဲ့သည်။ ၎င်းသည် ၂၀၁၅ ခုနှစ် မတ်လတွင် ကျောက်ပြင်ဆိပ် ကျေးရွာရှိ ၎င်း၏ နေအိမ်သို့ ရောက်ရှိလာခဲ့ပြီးနောက် ၎င်းကျေးရွာရှိ အာဏာပိုင်များ၏ သတင်းပေး ဦးဆော်လီမူလ္လာက ကြားသိသည့်အခါ ၎င်းထံ သွားရောက်၍ အမှတ် (၅) နယ်မြေ ကျောက်လှေကား စခန်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးနှင့် ညှိနှိုင်းပေးရန်ဟု ဆိုကာ ငွေကျပ် သိန်း ၂၀ ညှစ်ယူခဲ့ပြီး ၎င်းကို နေအိမ်တွင် နေထိုင်ရန် ပြောကြားခဲ့သည်။

မလေးရှား နိုင်ငံတွင် နေထိုင်သော ၎င်းကျေးရွာသား လူကုန်ကူးမှု ပွဲစား ဦးမာဒူလ္လာ (ဘ) ဦးမာတာမီးန်လည်း မကြာခဏ ကျောက်ပြင်ဆိပ် ကျေးရွာသို့ ရောက်ရှိလာပြီး ဦးဆော်လီမူလ္လာနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ကို ငွေပေး၍ ဒေသခံရွာသား များကို စည်းရုံးပြီး ထိုင်းနိုင်ငံသို့ ခေါ်ယူသွားပြီး အခြား လူကုန်ကူးမှု ပွဲစားများ လက်ထဲသို့ ရောင်းချလေ့ ရှိသည်။ ယခုအခါ ဦးမာဒူလ္လာသည် ကျောက်ပြင်ဆိပ်ရွာသို့ ရောက်ရှိနေပြီး အာဏာပိုင်များ၏ သတင်းပေး ဦးဆော်လီမူလ္လာကို ငွေကျပ် သိန်း ၂၀ ပေးကာ ၎င်း၏ နေအိမ်တွင် နေထိုင်လျက် ရှိသည်။ ဧပြီလ (၂) ရက်နေ့တွင် ဦးဆော်လီမူလ္လာက မလေးရှားမှ ရောက်ရှိလာသူ နှစ်ဦးထံမှ ထပ်မံ၍ ငွေကျပ် ၃ သိန်းစီ တောင်းခံရာ ၎င်းတို့ နှစ်ဦးက ငွေမပေးခဲ့သဖြင့် ဦးဆော်လီမူလ္လာက မလေးရှားနိုင်ငံမှ တရားမ၀င် ရောက်ရှိလာသည်ဟု နယ်မြေ (၅) မှ ရဲမှူးထံ အကြောင်းကြားခဲ့သည်။

ဧပြီလ (၄) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် နယ်မြေ (၅) မှ ရဲမှူးသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၁၀) ဦးနှင့် အတူ ကားတစ်စီးဖြင့် ကျောက်ပြင်ဆိပ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်းသို့ ရောက်ရှိလာပြီး ယူနီဖောင်း ချွတ်ကာ နေ့လည် ၂ နာရီ အချိန်တွင် ဦးအဒူနော်ဘီ၏ အိမ်သို့ သွား၍ အိမ်ခြံဝင်း ဂိတ်ကို ပြိုဖျက် ၀င်ရောက်၍ ဦးအဒူနော်ဘီအား မိသားစုဝင်များ၏ ရှေ့မှောက်တွင် လူမဆန်စွာ ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် လူကုန်ကူးမှု ပွဲစား ဦးမာဒူလ္လာ၏ နေအိမ်သို့ သွားရောက်၍ ရှာဖွေခဲ့သော်လည်း ဦးမာဒူလ္လာကို မတွေ့ရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဧပြီလ (၅) ရက်နေ့တွင် ဦးအဒူနော်ဘီကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ညနေပိုင်းတွင် ကျောက်လှေကား စခန်း (နယ်မြေ ၅ စခန်း) သို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။ ဧပြီလ (၈) ရက်နေ့တွင် ဦးမာဒူလ္လာကို ဖမ်းဆီးပြီး ဘူးသီးတောင် မြို့နယ်ရှိ အကျဉ်းထောင်သို့ ပို့ခဲ့ကြောင်း သိရသည်။ ဧပြီလ (၇) ရက်နေ့တွင် အာဏာပိုင်များ၏ သတင်းပေး ဦးဆော်လီမူလ္လာက ဦးမာဒူလ္လာထံမှ ထပ်မံ၍ ငွေကျပ် ၆ သိန်း ရယူခဲ့သည်။

အာဏာပိုင်များ၏ သတင်းပေးဖြစ်သူ ဦးဆော်လီမူလ္လာသည် ဒေသခံ ရွာသားများကို လိမ်လည်၍ ငွေအဆမတန် ရယူပြီး ပြဿနာ ဖြေရှင်းပေးခြင်း မရှိဘဲ ဒုက္ခပေးလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
9.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း အထက်ပြူးမ ကျေးရွာအုပ်စု ရခိုင်ရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၌ တာဝန်ကျ နယ်ခြားစောင့် ရဲများသည် ဒေသခံ ရိုဟင်ဂျာ များကို အကြောင်း အမျိုးမျိုး ခေါင်းစဉ်တပ်၍ ညှဉ်းပန်း နှိပ်စက်ခြင်း၊ မတရားသဖြင့် ချုပ်နှောင် ထားခြင်း၊ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ နေ့စဉ်နှင့် အမျှ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ညမထွက်ရ အမိန့်သည် ည ၁၁ နာရီမှ နံနက် ၅ နာရီ အထိ ဖြစ်သော်လည်း အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ည ၈ နာရီမှ စ၍ လမ်းသွားလမ်းလာများ၊ တံငါသည်များ၊ ဆိုင်ရှင်များ၊ ဈေးသည်များနှင့် ဈေးဝယ်သူများ၊ ပုဇွန်ကန်သို့ သွားသူများ စသည့် ဒေသခံများကို အနှောက်အယှက် အမျိုးမျိုး ပေးလျက် ရှိသည်။ ထို့အပြင် ဒေသခံ ရွာသား ကင်းသမားများကိုလည်း အိပ်ပျော်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်။

ဧပြီလ (၂) ရက်နေ့ ည ၁၂ နာရီခန့် အချိန်တွင် အထက်ပြူးမ ကျေးရွာ၌ ညကင်း တာဝန် ထမ်းဆောင် နေသော ကင်းသမား (၄) ဦးတို့ကို နယ်ခြားစောင့် ရဲများက အိပ်ပျော်နေသည်ဟု စွပ်စွဲ၍ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့သည်။ ငွေညှစ်ခံရသည့် ကင်းသမားများမှာ -- ဦးကာမာလ်ဟူဆောင်း (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၃၀ နှစ်)၊ ဦးအာဘူလ်ဟာရှိမ်း (အသက် ၃၅ နှစ်)၊ ဦးနူရူအာမီးန် (ဘ) ဦးမိုဟာမတ်ဟူစိန်း (အသက် ၃၀ နှစ်) နှင့် ဦးဂူရာမီးန် (ဘ) ဦးမိုဟာမတ်ဟူစိန်း (အသက် ၃၅ နှစ်) တို့ဖြစ်ကြသည်။

မတ်လ (၃၀) ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် အထက်ပြူးမ ကျေးရွာမှ ယာစီးန် (ဘ) ဦးနူရူဟောက် (အသက် ၁၉ နှစ်) သည် ဆိုင်ရှေ့ ခုံတစ်ခုံတွင် ထိုင်၍ ဆင်းမ်ကဒ် မပါသည့် ဖုန်းတစ်လုံးဖြင့် သီချင်း နားထောင် နေစဉ် အဆိုပါ နယ်ခြားစောင့် ရဲများက ၎င်းတွင် ဘင်္ဂလား ဆင်းမ်ကဒ် ရှိသည်ဟု စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့သည့် အပြင် ဖုန်းဟန်းဆက်ကိုလည်း သိမ်းယူခဲ့သည်။ မတ်လ (၂၉) ရက်နေ့ ည ၈း၃၀ နာရီခန့် အချိန်တွင်လည်း အာနိုစ်အုလ္လာ (ဘ) ဦးလော်ကူမျာ (အသက် ၁၈ နှစ်) သည် ဆိုင်မှ ဈေးဝယ်ပြီး အိမ်ပြန်နေစဉ် ကင်းလှည့်နေသည့် နယ်ခြားစောင့် ရဲများက ၎င်း၏ အင်္ကျီအိမ်မှ ဘင်္ဂလား တာကာငွေ ၅၀၀ တန်တစ်ရွက် တွေ့ရှိခဲ့၍ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။ အာနိုစ်အုလ္လာသည် နတ်မြစ် တလျှောက် ငါးဖမ်းသည့် တံငါသည် တစ်ဦး ဖြစ်ပြီး၊ ငါးများကို ဘင်္ဂလားသုံး တာကာငွေဖြင့် ရောင်းချလေ့ ရှိသောကြောင့် ၎င်းထံတွင် တာကာငွေ ရှိနေခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဧပြီလ (၂) ရက်နေ့က လူငယ်များ ဘောလုံးကစားရာတွင် အာမီးရ်ခါန် (ဘ) ဦးဒိလ်မာမတ် (ဆယ်အိမ်မှူး) (အသက် ၁၇ နှစ်) နှင့် အိဒီရိစ် (ဘ) ဦးနူရူအာမီးန် (အသက် ၂၀ နှစ်) တို့ အပြန်အလှန် စကားများခဲ့ပြီး၊ ဆယ်အိမ်မှူး ဖြစ်သူ ဦးဒိလ်မာမတ်က အထက် ဖော်ပြပါ ကင်းစခန်းသို့ တိုင်ကြားရာ ည ၇ နာရီခန့် အချိန်တွင် စခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အိဒီရိစ်နှင့်အတူ ဆွေမျိုးတော်စပ်သူ လူငယ် နှစ်ဦး ဖြစ်သည့် အာရော်ဖူလ္လာ (ဘ) ဦးနိုရိုဇာမာ (အသက် ၂၂ နှစ်) နှင့် မာတာမီးန် (ဘ) ဦးဘော်ဒူဇာမာ (အသက် ၂၅ နှစ်) တို့ကိုပါ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် တစ်နာရီခန့် အကြာတွင် တစ်စုံတစ်ရာ မေးမြန်းခြင်း မရှိဘဲ ငွေကျပ် ကိုးသောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့သည်။ အိဒီရိစ်နှင့်သာ စကားများခဲ့၍ တိုင်ကြားခဲ့သော်လည်း မည်သို့မျှ ဆက်နွယ်မှု မရှိသော ၎င်း၏ ဆွေမျိုး လူငယ်နှစ်ဦးကိုပါ နယ်ခြားစောင့် ရဲများက ဖမ်းဆီး၍ ငွေညှစ်ခဲ့သည်။

မတ်လ (၂၇) ရက်နေ့ ည ၉ နာရီခန့် အချိန်တွင် ဒေသခံ ရိုဟင်ဂျာ ရွာသား (၅) ဦးတို့သည် ပြူးမချောင်း အနီးရှိ နှစ်လုံး (ဘ) ဦးဆန်ကျော် (ရခိုင်လူမျိုး) ပိုင် ဂဏန်း အ၀ယ်ဒိုင်၌ ဂဏန်းရှာပြီး နားနေစဉ် နယ်ခြားစောင့် ရဲများ ရောက်ရှိလာပြီး ၎င်းတို့အား လောင်းကစား နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်ကာ ငွေကျပ် နှစ်သောင်း ငါးထောင် ညှစ်ယူခဲ့သည်။ ငွေညှစ်ခံရသူ (၅) ဦးမှာ -- မိုဟာမတ်ရှော်ဖိတ် (ဘ) ဦးဇော်ကိရ်အာလောမ် (အသက် ၂၅ နှစ်)၊ မာမတ်အီနုစ် (ဘ) ဦးဟာမိတ်ဟူဆောင်း (အသက် ၂၃ နှစ်)၊ အီဆုပ် (ဘ) ဦးနူရ်မာမတ် (အသက် ၁၉ နှစ်)၊ အစ္စလာမ် (ဘ) ဦးနူရ်ဂျူဟာရ် (အသက် ၂၁ နှစ်) နှင့် ခါလဲဒ်ဟူဆောင်း (ဘ) ဦးဂျာဖောရ်အစ္စလာမ် (အသက် ၂၀ နှစ်) တို့ဖြစ်သည်။

ဧပြီလ (၆) ရက်နေ့တွင် အဆိုပါ နယ်ခြားစောင့် ရဲများနှင့် တပည့်ဖြစ်သူ ဆွေတာမောတ် (အထက်ပြူးမ) တို့သည် ပြူးမချောင်း ကမ်းစပ်တွင် ထိုင်စောင့်၍ ဖြတ်သန်း သွားလာသည့် စက်လှေများနှင့် လောင်းလှေများကို ဆိုက်ကပ်ခိုင်းပြီး ခရီးသည်တင် စက်လှေ တစ်စီးမှ ငွေကျပ် တစ်ထောင်စီ ညှစ်ယူပြီး၊ ငါးဖမ်းလှေ များမှ ၎င်းတို့ ကြိုက်နှစ်သက်ရာ ငါးများ လုယက်ခဲ့သည်။ နယ်ခြားစောင့် ရဲများ၏ ညှဉ်းပန်း နှိပ်စက်မှု မှန်သမျှတွင် အထက်ပြူးမ ကျေးရွာသားများ ဖြစ်သည့် ဆွေတာမောတ် (ဘ) ဦးနူရ်အာလောမ် (အသက် ၃၅ နှစ်) နှင့် ဇူရ်အာလောမ် (ရာအိမ်မှူး) တို့သည် ရဲများ၏ လမ်းပြများ အဖြစ် အမြဲပါဝင်လေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။



ကိုဇော်ဝင်းလှိုင်
9.4.2015

မြန်မာနိုင်ငံ အစိုးရ ပညာရေး ၀န်ကြီးဌာန အောက်မှာရှိတဲ့ အဝေးသင် တက္ကသိုလ်တွေကို အသိအမှတ် မပြုတဲ့ သဘော အစိုးရ တာဝန်ရှိသူတွေဘက်က ပြောဆိုမှုကို AHRC အာရှ လူ့အခွင့် အရေး ကော်မရှင်က ကန့်ကွက် လိုက်ပါတယ်။

ပညာရေး ဥပဒေ ပြင်ဆင် ရေးဆွဲရေး အတွက် ဆန္ဒပြ တောင်းဆိုမှုတွေမှာ ပါဝင်မှုနဲ့ ဖမ်းဆီးခံ ထားရသူတွေ ထဲမှာ ပါဝင်တဲ့ အဝေးသင် တက္ကသိုလ် ကျောင်းသား တွေဟာ ကျောင်းသား မဟုတ်ဘူးလို့ အစိုးရ တာဝန်ရှိသူ တွေက ပြောဆိုခဲ့တဲ့ အပေါ် AHRC က ကန့်ကွက် လိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံ ကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထား ပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်အရ စီးပွားရေး အခြေအနေ၊ ငွေကြေး အခြေအနေနဲ့ ပထ၀ီ အနေအထား အရ သွားလာရေး ခက်ခဲမှုတွေ ရှိနေကြတဲ့ ကျောင်းသားတွေ အတွက် အဆင်ပြေအောင် လုပ်ဆောင်တဲ့ အနေနဲ့ အဝေးသင် ပညာရေးစနစ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက စတင် ဖွင့်လှစ် ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပညာရေး ဥပဒေ ပြင်ဆင် ရေးဆွဲရေး အတွက် ငြိမ်းချမ်းစွာ ဆောင်းဆို ဆန္ဒပြကြတဲ့ ကျောင်းသားတွေကို မတ်လ ၁၀ ရက်နေ့က ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အတွင်းမှာ ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့အထဲမှာပါတဲ့ အဝေးသင်တက္ကသိုလ် ကျောင်းသားတွေဟာ ကျောင်းသားမဟုတ်ဘူးလို့ အစိုးရ တာဝန်ရှိသူတွေဘက်က ပြောဆိုလိုက်တဲ့အပေါ် AHRC အာရှ လူ့အခွင့်အရေးကော်မရှင်က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ခြင်းဖြစ်ကြောင်း AHRCH က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ဒီပညာရေးဥပဒေမူကြမ်းကို ပြင်ဆင်ဖို့အတွက် ဆန္ဒထုတ်ဖော်ကြတဲ့အခါမှာ ကျနော်တို့ အဝေးသင်တက္ကသိုလ် ကျောင်းသားတွေလည်း ပါတယ်။ ၀န်းရံတဲ့သူတွေထဲမှာလည်း အဝေးသင်တက္ကသိုလ် စာပေးစာယူတက်နေတဲ့ ကျောင်းသားတွေ တော်တော်များများလည်း ပါပါတယ်။ အဲဒါတွေကို ကျောင်းသူကျောင်းသားတွေအဖြစ် မသတ်မှတ်ဘူးလို့ အစိုးရအာဏာပိုင်တွေ ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုခြင်းဟာ ကျနော်တို့ တက္ကသိုလ်ဝန်ကြီးဌာနအောက်မှာရှိတဲ့ စာပေးစာယူ အဝေးသင်ဌာနကို လုံးဝ အသိအမှတ်မပြုတဲ့ သဘောမျိုးဖြစ်နေတဲ့အတွက် ဒါတွေဟာ မဖြစ်သင့်ဘူးဆိုပြီးတော့ ကျနော်တို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။ ဒီအဝေးသင်တက္ကသိုလ်ပညာ စာပေးစာယူသင်တန်းနဲ့ ကျောင်းပြီးကြတဲ့သူ တော်တော်များများ ရှိတယ်ဆိုတာကို မနေ့က ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကိုယ်တိုင်ပြောသွားတဲ့ အထဲမှာလည်း ပါပါတယ်။”

ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ဦးဆောင်ဆန္ဒပြတဲ့သူတွေဟာ ကျောင်းသားမဟုတ်ဘဲ အပြင်လူတွေ ဖြစ်တယ်ဆိုတာကို ပြသချင်တဲ့အတွက် အစိုးရဘက်က အဲဒီလို ပြောဆိုခြင်း ဖြစ်နိုင်တယ်လို့ ဦးမင်းလွင်ဦးက ဆက်ပြောပါတယ်။

“ကျောင်းသားဆိုတာကိုလည်း ကျောင်းသားလို့ သတ်မှတ်သင့်တယ်။ နောက်ပြီးတော့ ကျနော်ဆိုလိုတာက ၀န်းရံတဲ့သူတွေထဲမှာလည်း တက္ကသိုလ် စာပေးစာယူ အဝေးသင်သင်တန်း တက်နေတဲ့သူတွေလည်းပါတယ်။ ဒါတွေကိုလည်း ကျောင်းသားလို့ ကျနော်တို့က သတ်မှတ်ရမှာ ဖြစ်တယ်။ အဲတော့ ဒီ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ပွဲတွေမှာ ဦးဆောင်တဲ့သူတွေက လက်ရှိ တက္ကိသိုလ်တွေမှာ တက်ရောက် သင်ကြားနေကြတဲ့သူတွေ မဟုတ်ဘူးဆိုတာကို အာဏာပိုင်တွေက လက်ညှိုးထိုးပြောချင်တဲ့အတွက် ဒီလိုမျိုးကျောင်းသားမဟုတ်ဘူး ဆိုတဲ့အချက်ကို ထုတ်ဖော် ပြောဆိုလာတာဖြစ်တယ်။”

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့ ဆန့်ကျင်ပြီး ဖမ်းဆီးထားတဲ့ ကျောင်းသူလေးတွေကို လက်ထိပ်ခတ် ရုံးထုတ်လာတာကို ကြည့်ခြင်းအားဖြင့် ဒီအမှုဟာ ဥပဒေလမ်းကြောင်းအတိုင်း မျှမျှတတ တရားစီရင်မှုမျိုး ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ထင်ဟပ် ပေါ်လွင်နေတယ်လို့ ဦးမင်းလွင်ဦးက ဆက်ပြောပါတယ်။

“ကျနော်တို့ ဒီ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာလည်း ပါတယ်။ ရဲလက်စွဲ ဥပဒေ မှာလည်းပါတယ်။ ဒီအမှုစွဲတင်ရုံနဲ့ စွဲတင်ခံရတဲ့သူတွေကို အပြစ်ရှိတယ်လို့ ကျနော်တို့ သတ်မှတ်လို့ မရပါဘူး။ ဥပဒေမှာ အတိအလင်း ဆိုပြထားတာက စွပ်စွဲခံရသူ အဆင့်မှာပဲ ရှိပါတယ်။ အဲဒီလိုလူတွေကို ရုံးထုတ်တယ်ဆိုရင် စောစောက အမျိုးသမီးများဆိုရင် လက်ထိပ်ခတ်ခြင်း၊ ကြိုးဖြင့်ချည်ခြင်း စတာတွေ မလုပ်ရပါဘူး။ လုံခြုံရေးအနေနဲ့ ရဲမေတွေကနေ အတူပူးတွဲပြီးတော့ ခေါ်ဆောင်လာရမှာဖြစ်တယ်။ အဲတော့ အခု ကျနော်တို့ ကျောင်းသူကျောင်းသားတွေကို လက်ထိပ်ခတ်ပြီးတော့ ရုံးထုတ်တယ်ဆိုတဲ့ကိစ္စက တော်တော်ကြီးကို ဆိုးဆိုးရွားရွား ဖြစ်တယ်ဆိုတာကို ကျနော်တို့ပြောချင်တယ်။ ဥပဒေပြဌာန်းချက်တွေ မည်သို့ပင်ရှိစေကာမူ ငါတို့လုပ်ချင်ရင် လုပ်လို့ရတယ်ဆိုတဲ့ သဘောမျိုး ဆောင်နေတယ်ဆိုတာကို ကျနော်တို့ မြင်ရတယ်။ ဒါတွေဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မကောင်းတဲ့ အလားအလာတွေ ဖြစ်တယ်လို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။ စွပ်စွဲခံရတဲ့သူတွေကို တရားရုံးတင် စစ်ဆေးတဲ့အခါမှာလည်း တရားရုံးအနေနဲ့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကိုပဲ လိုက်နာ ဆောင်ရွက်နေရဦးမယ်ဆိုတာကို ကျနော်တို့ ယခင်ဖြစ်ခဲ့ဖူးတဲ့ အမှုတွေအရ သိနေရတာဖြစ်တယ်။ လွတ်လပ်တဲ့ တရားစီရင်ရေး မဖြစ်နိုင်ဘူးဆိုတာကို ကျနော်တို့ အာရှလူ့အခွင့်အရေးကော်မရှင်က ပြောနိုင်ပါတယ်။”

ဖမ်းဆီခံထားရတဲ့ ကျောင်းသူ၊ ကျောင်းသား ၇၀ ကို ဧပြီလ ၇ ရက်နေ့က ရုံးထုတ် စစ်ဆေးခဲ့ပြီး အမှုကို ဧပြီလ ၉ ရက်၊ ဒီကနေ့မှာ ပြန်လည် စစ်ဆေးဖို့အတွက် အမိန့်ချလိုက်ပါတယ်။ ဒီအတောအတွင်း ပညာရေးဥပဒေ ပြင်ဆင်ရေး တောင်းဆို ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ ဗကသ အဖွဲ့ဝင်တွေကို အာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်ပြီး လိုက်လံ ဖမ်းဆီးနေတာမှာ မနေ့ ဗုဒ္ဓဟူးနေ့ကတော့ ဗကသ ကျောင်းသူ မပိုပို (ခေါ်) မရတနာဆုပိုပိုင်ကို သံလျင်မြို့နယ်အတွင်းမှာ ဖမ်းဆီးပြီး အခု ကမာရွတ်မြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မပိုပိုကို ပုဒ်မ ၁၄၃ - ဥပဒေနှင့်ဆန်ကျင်သော အစုအဝေးတွင် ပါဝင်မှု၊ ပုဒ်မ ၁၄၅ - ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးကို လူစုခွဲရန် ထုတ်ပြန်ထားသည့်အမိန့်ကို မလိုက်နာမှု၊ ပုဒ်မ ၁၄၇ - ရုန်းရင်းဆန်ခတ်မှု၊ ပုဒ်မ ၅၀၅ (ခ) - နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု စတဲ့ စွဲချက်တွေနဲ့ ဖမ်းဝရမ်း ထုတ်ထားတာ ဖြစ်ပါတယ်။



ကိုစည်သူ
9.4.2015

ရွေးကောက်ပွဲကို သပိတ်မှောက်မယ် ဆိုတဲ့ ကိစ္စဟာ နိုင်ငံရေးမှာ မမျှော်လင့်တဲ့ အခြေအနေ တရပ်ရပ် ကြုံလာရမှာသာ ထည့်သွင်း စဉ်းစားမယ့် နည်းလမ်း တရပ် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ အခုလာမယ့် ခြောက်ပွင့်ဆိုင် ထိပ်သီး ဆွေးနွေးပွဲနဲ့ ပတ်သက် လို့လည်း ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်ပြီး၊ နိုင်ငံအတွက် အကျိုးရှိမယ့် ရလာဒ်တွေ ရလာဖို့ ပို အရေးကြီးမယ်လို့ လွှတ်တော် အဆောက်အဦး မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်း မီဒီယာနဲ့ တွေ့ဆုံပွဲ မှာ ပြောဆို သွားပါတယ်။ နေပြည်တော် မှာ သတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုစည်သူက တင်ဆက် ပေးမှာပါ။

လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ မမျှော်လင့်တဲ့ နိုင်ငံရေး အခြေအနေ အပြောင်းအလဲ တစ်ရပ် ဖြစ်ပေါ် လာခဲ့ရင် ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ နည်းလမ်း တခုကို ထည့်သွင်း စဉ်းစား ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆို လိုက်တာပါ။

"အန်တီပြောတာ ရှင်းရှင်းလေးပဲ သူတို့က ရွေးကောက်ပွဲကို သပိတ်မှောက် နိုင်တဲ့ အခြေအနေမျိုး ဖြစ်နိုင်လား ဆိုတော့ ဒါ ပြောလို့မရဘူးလို့။ နိုင်ငံရေးမှာ ဆိုရင် ဟိုဟာ လုံးဝ မဖြစ်နိုင်ဘူး။ ဒီဟာ လုံးဝ မဖြစ်နိုင်ဘူး ဘယ်တော့မှ အပြတ်ပြောလို့ မရဘူးလို့။ ဒါပါပဲ။ နိုင်ငံရေး အခြေအနေ ဆိုတာ တွက်လို့ရတာ မဟုတ်ဘူးနော်။ ဒီနေ့နဲ့ မနက်ဖြန် ဘာဖြစ်မယ်လို့ ပြောလို့ ရတာ မဟုတ်ဘူး။ ဥပမာ အားဖြင့် အစွန်းရောက်တဲ့ ဥပမာ တခုပြောရမယ် ဆိုရင် သဘာဝ ဘေးအန္တရာယ်ကြီး ဆိုတာ ကိုယ်မထင်မှတ်ပဲနဲ့ နေ့ခြင်းညခြင်း ဖြစ်သွားနိုင်တယ်။ တခါတလေ အဲ့သလို ကိစ္စတွေကိုက ဒါ လူတွေ ဖန်တီးတာ မဟုတ်ဘူး။ သဘာဝ အရဖြစ်သွားတာ။ ဘယ်အဖွဲ့အစည်းကမှ ဖန်တီးတာ မဟုတ်ဘူး။ အဲ့တာတွေကတောင်မှ နိုင်ငံတခုရဲ့ လမ်းကြောင်းတခုကို ပြောင်းသွားစေတာမျိုးတွေ ဖြစ်တတ်တယ်လေ။ အဲ့တာကြောင့်မို့လို့ နိုင်ငံရေး လုပ်တဲ့အခါမှာ ဟိုဟာတော့ လုံးဝ မလုပ်ဘူး။ ဒီဟာတော့ လုံးဝ မဖြစ်ဘူးဆိုတာကို အဲ့ဒီ့လို အန်တီက ဘယ်တော့မှ အပြတ်မပြောချင်ဘူး။ ဘာဖြစ်လို့ဆိုတော့ နောက်တော့မှ ဒီလိုမှားသွားပါတယ်။ ဒီလိုပြောချင်လို့ မဟုတ်ပါဘူးလို့ ပြန်ပြီးတော့ စကားကို ပြင်ရတဲ့ အနေအထားမျိုး မဖြစ်စေချင်ဘူး။ တတ်နိုင်သမျှတော့ ဖြစ်နိုင်ခြေရှိတာ မဖြစ်နိုင်ခြေရှိတာ မသေချာလို့ရှိရင် မသေချာတဲ့အတိုင်းပဲ ပြောတယ်။ သေသေချာချာ အပြတ်မပြောဘူး။"

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာတွေ နဲ့ တွေ့ဆုံစဉ်မှာ အခုလိုပြောဆိုလိုက်တာပါ။ လွှတ်တော်မှာ ဆွေးနွေးနေတဲ့ အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သတ်လို့လည်း အဖွဲ့အစည်းတစ်ခုရဲ့ အကြံပြုဆွေးနွေးချက်တွေကို အားမပြုပဲ အားလုံး ၀ိုင်းဝန်း ဆောင်ရွက်နိုင်ကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

" ဘယ်အဖွဲ့က တင်တာနဲ့ ကောင်းတယ်။ မကောင်းဘူးဆိုတာ အဖွဲ့ပေါ်မှာ မူတည်တာ မဟုတ်ဘူး။ ပုဂ္ဂိုလ်ပေါ်မှာ တည်တာမဟုတ်ဘူး။ အကြောင်းအရာပေါ် မှာ တည်တာ။ အဲ့တော့ အဖွဲ့တဖွဲ့က သူတို့တင်တာ အားလုံးကောင်းတယ်။ ဒါဟာ NNER ပဲဖြစ်ဖြစ် အစိုးရဌာနပဲဖြစ်ဖြစ် အမျိုးသား လွှတ်တော် ပဲဖြစ်ဖြစ် ကျောင်းသားတွေပဲ ဖြစ်ဖြစ် သူတို့ တင်သမျှဟာ အားလုံး ကောင်းပါတယ် ဆိုလို့ရှိရင် ဒီအမြင်ကိုက မမှန်တော့ဘူး။ ဒါ ကောင်းတယ် မကောင်းဘူးဆိုတာ ကိုယ် တင်တာ ကောင်းရင် ကောင်းမယ်။ ဒါထက်ကောင်းတာလည်း ရှိရင် ရှိမယ်။ အဲ့ဒီ့ဟာကိုတော့ အမြဲတစေ ခေါင်းထဲမှာ ထားရမယ်။ ငါတို့ တင်တာထက် ကောင်းတာ မရှိနိုင်ဘူး ဆိုတဲ့ အမြင်ကတော့ မှားပြီဆိုတာတော့ ဒီအတိုင်းပဲ ဆင်ခြင်ရမှာပဲ။ အန်တီတို့ တင်တာလည်း ရှိတယ်။ အဖွဲ့ချုပ်ကနေ တင်တာတွေရှိတယ်။ တချို့ဟာတွေကို လက်မခံဘူး။ လွှတ်တော်က အဲ့ဒီ့ဟာကို။ လက်မခံဘူး။ လက်မခံတဲ့ဟာမှာ အန်တီတို့အနေနဲ့ ဒေါသထွက်တာတို့၊ မကျေနပ်တာတို့ မရှိပါဘူး။ အပေးအယူဆိုတာတော့ ရှိတာပေါ့။ ယေဘူယျ အားဖြင့်ဆိုရင်တော့ တော်တော်ညှိညှိနှိုင်းနှိုင်းနဲ့ အကောင်းဆုံးကို ဦးတည်ပြီးတော့ ဘယ်သူ့ကိုမှ ချွေးသိပ်ဖို့ မဟုတ်ဘူး။ အကောင်းဆုံးထင်တဲ့ အချက်တွေကို ယူပြီးတော့ ဒီဥပဒေကြမ်းကို ဆွဲနိုင်ခဲ့တယ်လို့ ဒီလိုပဲ အန်တီယုံကြည်တယ်။"

မနက်ဖြန် ဧပြီလ(၁၀) ရက်နေ့မှာ ပြုလုပ်မယ့် (၆) ပွင့်ဆိုင်ဆွေးနွေးပွဲအကြောင်းနဲ့ ပတ်သတ်လို့တော့ ဆွေးနွေးပွဲကို လက်ခံကြိုဆိုကြောင်းနဲ့ အနာဂတ်ဆွေးနွေးပွဲတွေ အတွက် အလားအလာကောင်းဖြစ်ကြောင်း အခုလိုပြောပါတယ်။

"ဒီလို စ လိုက်တာ ကောင်းပါတယ်။ ဒါဟာ ပြည်ထောင်စု လွှတ်တော်ရဲ့ တောင်းဆိုချက် ပါပဲ။ ဒါ ကျမ တောင်းဆိုချက်နဲ့ မဆိုင်ပါဘူး။ ကျမ တောင်းထားတာ ဟိုး ၂၀၁၃နှစ်ပေါ့။ နှစ်နှစ် ကျော်ကျော် ကတည်းက တောင်းထားတာက လေးပွင့်ဆိုင်ပါ။ ဒါပေမဲ့လည်း ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့ ခြောက်ဦးပေါ့နော်။ တွေ့ဆုံပွဲ တောင်းတော့လည်း ကျမတို့အနေနဲ့ သဘောတူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်စလုံး ပါတယ်။ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ် ပါတယ် ဆိုတော့ ဒါ ဘာမှ ကျမတို့ ကန့်ကွက်စရာလည်း မရှိပါဘူး။ ဒါ ပြည်ထောင်စု လွှတ်တော်ရဲ့ အဆိုပြုချက်ကို သမ္မတက လက်ခံပြီးတော့ စတင်တွေ့ဆုံတယ် ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ဆက်လက်ပြီးတော့ တွေ့ဆုံဖို့၊ နောက်ပြီးတော့ ဒီတွေ့ဆုံပွဲတွေဟာ တကယ်ပဲ နိုင်ငံအတွက် အကျိုးဖြစ်စေမယ့် သဘောတူညီချက်တွေ ရနိုင်ဖို့ ဒါကသာ အရေးကြီးတာပါ။"

ဒါပေမယ့် ဆွေးနွေးပွဲမှာ ဆွေးနွေးမယ့်အချက်တွေကို ကြိုတင်ပြောကြားခြင်းတော့ မပြုခဲ့ပါဘူး။ သတင်းစာ ရှင်းလင်းပွဲအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ် အပြောင်းအလဲပေါ် မူတည်ပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ရွှေ့ဆိုင်းနှောင့်နှေးတာမျိုးမဖြစ်စေလိုတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားပါတယ်။ အဲဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးစားအားထုတ်မှုတွေလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆက်လက် ကြိုးစားနေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။



ကိုစည်သူ
8.4.2015

ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို လာမယ့် သောကြာနေ့ ဧပြီလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားဖို့ ရှိတယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတနဲ့ နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲမှာ ဆုံးဖြတ် လိုက်ပါတယ်။

ဆွေးနွေးပွဲမှာ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး လတ်မှတ် ရေးထိုးနိုင်ဖို့ကိုလည်း ထည့်သွင်း ဆွေးနွေး ခဲ့တာ အပြင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အချက်တွေ ပါဝင်ပါတယ်။ အပြည့်အစုံကို နေပြည်တော်မှာ ကိုယ်တိုင်သတင်းယူနေတဲ့ ကိုစည်သူက သတင်းပေးပို့လိုက်ပါတယ်။

သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တဦးတို့ ပါဝင်တဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို လာမယ့် သောကြာနေ့ ဧပြီလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားဖို့ သမ္မတနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေက ဒီကနေ့မှာ သဘောတူ အတည်ပြုကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဆွေးနွေးပွဲအပြီးမှာ သတင်းမီဒီယာတွေကို ပြောခဲ့တာပါ။

“ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့မှ အရေးကြီးအဆိုအဖြစ် တင်သွင်းပြီး ဆုံးဖြတ်ထားတဲ့ ခင်ဗျားတို့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲလို့ ခေါ်နေတဲ့ လူကြီး ၆ ယောက်ရဲ့ နိုင်ငံ့ရေးရာ ဆွေးနွေးပွဲကို ကျနော်တို့ ၁၀ ရက်နေ့မှာ လုပ်ပါမယ်။ နိုင်ငံတော်သမ္မတ အိမ်တော်မှာ လုပ်ပါမယ်။”

ပြည်ထောင်စုလွှတ်တော်ရဲ့ တောင်းဆိုချက်အရ တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင်တဦးတည်းနဲ့ မလုံလောက်နိုင်ဘူးလို့ ဝေဖန်သံတွေ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ အစည်းအဝေးကို တက်ရောက်လာတဲ့ တိုင်းရင်းသားကိုယ်စားလှယ်အားလုံးက သဘောတူခဲ့ကြတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲအတွင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးတာတွေ၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပြင်ဆင်မှုနဲ့ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

“ပြီးရင် ဒီ NCA ကို အားလုံး သဘောတူနိုင်ဖို့ တိုင်းရင်းသားတွေဖက်က သဘောတူနိုင်ဖို့အတွက် အားလုံးဝိုင်းဝန်း ပါဝင်ပူးပေါင်းပြီးတော့မှ တိုက်တွန်းကြဖို့၊ ပူးပေါင်းဆောင်ရွက်ကြဖို့ ဆိုတဲ့ဟာကို ကျနော်တို့ ဆွေးနွေးတာ ရှိပါတယ်။ နောက်တခုကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေတင် မကဘဲနဲ့ ကျန်တခြား တိုင်းရင်းသား ခေါင်းဆောင်တွေ ပါဝင်နိုင်ဖို့၊ ပါဝင်မယ်၊ နောက်တခါ တခြားနိုင်ငံရေး ပါတီတွေအပြင်၊ တခြားပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်မှာဖြစ်တယ် ဆိုတာကို ကျနော်တို့ ပြောသွားခဲ့ပါတယ်။ နောက်တခုကတော့ ကြားကာလ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုနဲ့ ပတ်သက်ပြီးတော့မှ အားလုံးပါဝင် ဆောင်ရွက်သင့်တဲ့ လုပ်ငန်းတွေ၊ ထားရှိရမယ့် သဘောထားတွေကို ဆွေးနွေးသလိုပဲ၊ ရွေးကောက်ပွဲမတိုင်ခင် ကြားကာလ နိုင်ငံရေး တည်ငြိမ်မှုသာမက ရွေးကောက်ပွဲအလွန်၊ ကျနော်တို့ နိုင်ငံရေး တည်ငြိမ်မှုကိုပါ စဉ်းစားဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကိုလည်း ဆွေးနွေးသွားတဲ့လူတွေ ရှိပါတယ်။”

အဲဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သတ်လို့ တချို့အချက်အလက်တွေကိုလည်း ထည့်သွင်းဆွေးနွေးပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တချို့တော့ ထည့်ပြီးတော့မှ တချို့ပုဒ်မတွေကို ထည့်ပြောသွားတာမျိုးတွေ ရှိတယ်။ Power-sharing ကိစ္စလိုမျိုး၊ နောက်တခါ သယံဇာတ ခွဲဝေခြင်းလို ကိစ္စမျိုး၊ အခွန်ခွဲဝေခြင်းလို ကိစ္စမျိုးတွေကို ဆွေးနွေးသွားတာတွေလည်း ရှိတယ်။ ဆိုလိုတာက ဒီမှာဆွေးနွေးလိုက်တဲ့အခါမှာ တက်ရောက်တဲ့ သူတွေထဲမှာ မကြာခင်မှာလုပ်မယ့် ခေါင်းဆောင် ၆ ယောက် ဆွေးနွေးပွဲမှာ တက်ရောက်မယ့်လူတွေ ပါနေတာကိုး။ ပါနေတဲ့အတွက်ကြောင့်မို့ သူတို့အနေနဲ့က ကိုယ့်ရဲ့ကိုယ်ပိုင်အမြင် အပြင်ကို ကျန်တဲ့အဖွဲ့အစည်းတွေ၊ ပါတီတွေ၊ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေ၊ တိုင်းရင်းသားတွေရဲ့ အမြင်တွေလည်း စဉ်းစားသွားခွင့်ရတာပေါ့။ ဒါကြောင့်မို့လို့ ဒီမှာအားလုံးဝိုင်းပြီး အမြင်ဖလှယ်တဲ့ ဟာတွေဟာ ခုနပြောတဲ့ ၆ ပွင့်ဆိုင်၊ ခင်ဗျားတို့ပြောနေတဲ့ ၆ ပွင့်ဆိုင်ခေါ်တဲ့ ဆွေးနွေးပွဲ ကျရင်တော့ လူကြီးတွေအတွက် ဆွေးနွေးစရာ အချက်တွေ ပိုပြီးတော့ ရသွားနိုင်တယ်။ ကိုယ်မစဉ်းစားမိတဲ့ ရှုဒေါင့်တွေလည်း စဉ်းစားခွင့် ရသွားနိုင်တာပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့က ပိုအကျိုးရှိတယ်လို့တော့ ပြောလို့ရတယ်။”

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဘယ်အချက်တွေကို အဓိကထားပြီး ဆွေးနွေးကြမလဲ ဆိုတာကတော့ ခေါင်းဆောင် ၆ ဦးအပေါ်မှာပဲ မူတည်ကြောင်း ဦးရဲထွဋ်က ဆက်ပြောခဲ့ပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တိုင်းရင်းသားကိုယ်စားလှယ်တွေ တွေ့ဆုံတဲ့ပွဲဟာ ဒုတိယအကြိမ် လုပ်တာပါ။ ၂၀၁၅ ဇန်န၀ါရီလ ၁၂ ရက်နေ့တုန်းက တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ် ၄၈ ဦးကို ဖိတ်ကြားခဲ့ပေမဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်ပြည်နယ်ကို ခရီးလွန်နေတာကြောင့် မတက်ရောက်နိုင်တဲ့အပြင် တိုင်းရင်းသားကိုယ်စားလှယ် ၃ ဦးလည်း မတက်ရောက်နိုင်ဘဲ ကိုယ်စားလှယ် ၄၄ ဦးနဲ့ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။



RB News
8.4.2015

မောင်တော ။ ။ မောင်တော မြို့နယ်၊ ပဒင်း ကျေးရွာအုပ်စု၊ ရေဗုံးပြင် ကျေးရွာ စာသင်ကျောင်းတွင် ယာယီ စခန်းချထားသည့် နယ်ခြားစောင့် ရဲများသည် နေ့စဉ် ညနေပိုင်းတွင် အရက်သေစာ သောက်စား မူးယစ်ပြီးနောက် စခန်း တာဝန်ခံ ဒုရဲအုပ် အောင်နိုင် အပါအ၀င် ရဲဘော် (၆) ဦးတို့သည် ရွာထဲသို့ ၀င်ရောက်၍ အမျိုးသမီးများ ရှိသည့် အိမ်တိုင်းသို့ ၀င်ရောက်ပြီး မုဒိန်းကျင့်ရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဒုရဲအုပ် အောင်နိုင်နှင့် အပေါင်းအပါ နယ်ခြားစောင့်ရဲ (၆) ဦးတို့သည် ညစဉ်ညတိုင်း လက်နက် အားကိုးဖြင့် ဒေသခံ ရွာသားများ၏ အိမ်များသို့ ၀င်ရောက်၍ မိန်းကလေးများကို ထုတ်ပေးရန်၊ မုဒိန်းကျင့်ရန်ဟု အော်ဟစ် ပြောဆိုခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ “မင်းတို့ ကုလား မိန်းကလေးတွေ အိမ်ပြင်ထုတ်ပေး၊ မုဒိန်းကျင့်မယ်၊ မင်းတို့ ကုလားတွေ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး” ဟု ညစဉ်ညတိုင်း အော်ဟစ်၍ ဒေသခံများကို နှောက်ယှက်လျက် ရှိသည်ဟု ဆိုသည်။

ထို့အပြင် ဧပြီလ (၅) ရက်နေ့ ည (၈) နာရီအချိန်တွင် ပန်းတောပြင် ရွာမှ ဆိုင်ကယ် ပြုပြင်သူ မောင်နူရ်ဟူဒါသည် အစ်မ အိမ်သို့ ထမင်း သွားပို့ရန် ပန်းတောပြင်မှ မကျည်ချောင်းရွာသို့ သွားနေစဉ် ရေဗုံးပြင် ကျေးရွာ စာသင်ကျောင်းမှ သောက်စား မူးယစ်နေသည့် နယ်ခြားစောင့်ရဲများက အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ လူမဆန်စွာ ရိုက်နှက်ခဲ့ရာ သေလုမျောပါး ဖြစ်ခဲ့ရကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ ၎င်းကို လူမဆန်စွာ ရိုက်နှက်ခဲ့သည့် နယ်ခြားစောင့်ရဲ (၃) ဦးမှာ စောညီ၊ အေးနိုင်နှင့် နေလင်းဦးတို့ ဖြစ်ကြောင်း သိရသည်။ မောင်နူရ်ဟူဒါ သေလုမျောပါး ဖြစ်နေချိန်တွင် ဒုရဲအုပ် အောင်နိုင် ရောက်ရှိလာပြီး ဆိုင်ကယ်နှင့် လူကို စစ်ဆေး၍ အပြစ်မရှိဆိုကာ ပြန်လည် လွှတ်ပေးခဲ့သည်။ ထို့နောက် ရေဗုံးပြင် ရွာသား နှစ်ဦးက ၎င်းကို ထမ်း၍ နေအိမ်သို့ ပြန်လည် ပို့ပေးခဲ့သည်။ ယခု အချိန်ထိ ဆေးဝါး ကုသမှု ခံယူလျက် ရှိပြီး အသက် အန္တရာယ်ပင် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ယင်းနေ့ ညနေ (၆) နာရီ အချိန်တွင် ရေဗုံးပြင် စာသင်ကျောင်းမှ နယ်ခြားစောင့် ရဲများအားလုံး သောက်စား မူးယစ်၍ အော်ဟစ် သောင်းကျန်း နေချိန်တွင် မကျည်ချောင်းမှ ဗိုလ်ကြီး တစ်ဦး ရောက်ရှိလာပြီး ၎င်းတို့ကို ဟန့်တားခဲ့ရာ၊ ဗိုလ်ကြီး ပြန်လည် ထွက်ခွာသွားချိန်တွင် ၎င်းတို့က နောက်နောင် ဗိုလ်ကြီးမှ လာရောက်၍ ဟန့်တားလျှင် ဗိုလ်ကြီး၏ ဆိုင်ကယ်တွင် WY မူးယစ်ဆေးဝါးများ ပါသည်ဟု ဆိုကာ ဖမ်းဆီးမည် ဖြစ်ကြောင်း အော်ဟစ်၍ ဆဲဆိုမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

ဖေဖော်ဝါရီလ (၂၉) ရက်နေ့တွင်လည်း ဒုရဲအုပ် အောင်နိုင်နှင့် တပ်ဖွဲ့ဝင်များသည် ခရေမြိုင် န.တ.လ ရွာတွင် အရက် အလွန်အကျွံ သောက်သုံး၍ ရေဗုံးပြင် (ရိုဟင်ဂျာ) ရွာသို့ ပြန်လာစဉ် “ရေဗုံးပြင် ကုလားရွာကို မီးရှို့မယ်၊ ကုလားတွေ အားလုံးကို သတ်မယ်၊ ရဲဘော်တို့ သေနတ်ပစ်ပြီး ကုလားတွေ အားလုံးကို သတ်ကြ၊ ကုလားမတွေကို မုဒိန်းကျင့်ကြ” ဟု အော်ဟစ်၍ ပြဿနာ ဖန်တီးရန် ကြိုးစားခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ထိုကဲ့သို့ ရမ်းကားနေခြင်းကို မောင်တောမြို့ ဒေသခံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ဖြစ်သည့် တပ်သား စိုးဝင်းက ၀င်ရောက် ထိန်းသိမ်းခြင်းကြောင့် ပြဿနာ တစ်စုံတစ်ရာ မဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

မောင်တောခရိုင် အတွင်းရှိ ရွာများတွင် နယ်ခြားစောင့် ရဲကင်း စခန်းများ နှစ်ခုမှ လေးခု အထိ တိုးချဲ့၍ ဒေသခံ ရွာသားများကို လက်နက် အားကိုးဖြင့် နေ့စဉ် နှောက်ယှက်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ နယ်ခြားစောင့် ရဲများ၏ တာဝန်မှာ နယ်စပ် ဒေသ လုံခြုံရေး အတွက် ဖြစ်သော်လည်း အမှန်တကယ်မှာ လိုင်စင်ရ ဓါးပြများကဲ့သို့ ဖြစ်နေပြီး၊ လမ်းသွားလမ်းလာ များထံမှ ပစ္စည်းမျိုးစုံ လုယက်ခြင်း၊ ရွှေ၊ငွေများ လုယက်ခြင်းများကို လက်နက် အားကိုးဖြင့် ပြုလုပ်လျက် ရှိပြီး၊ ၎င်းတို့ တောင်းသည့် အတိုင်း မပေးလျှင် ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ခြင်းများ ပြုလုပ်လျက် ရှိသည်။



RB News
8.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ခြင်းသမား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ယာယီ သက်သေခံ ကဒ်ပြားများ အပ်နှံသူများကို လက်ခံဖြတ်ပိုင်း ထုတ်ပေးရာတွင် ငွေကြေး ကောက်ခံမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ရခိုင်ပြည်နယ် အ၀န်းတွင် ယာယီ သက်သေခံ ကဒ်ပြားများကို ဧပြီလ (၁) ရက်နေ့မှစ၍ ပြန်လည် သိမ်းဆည်းလျက်ရှိရာ၊ ယာယီ သက်သေခံ ကဒ်ပြားများ အပ်နှံသူများကို လက်ခံဖြတ်ပိုင်း ထုတ်ပေးရာတွင် ဘူးသီးတောင် မြို့နယ် ခြင်းသမား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအာရော်ဖ်က ရာအိမ်မှူး ဆယ်အိမ်မှူး များမှ တဆင့် ငွေကျပ် ၃၀၀ စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ယခင် တပ်မတော် ထောက်လှမ်းရေးနှင့် ပူးပေါင်း၍ တစ်ဦးတည်း ကိုယ်စားလှယ် လုပ်ငန်းများ ရယူပြီး ဒေသခံ ရွာသားများကို ခေါင်းပုံဖြတ်ပြီး စီးပွားရှာကာ ချမ်းသာ လာသူ တစ်ဦး ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ် ဆွဲ၊တင်၊စစ် တွင်လည်း ရွာသားများကို အမှုအမျိုးမျိုးဆင်ကာ ငွေကျပ် သိန်း ၁၀၀ ကျော် ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ယာယီ သက်သေခံ ကဒ်ပြားများ သိမ်းဆည်း၍ လက်ခံဖြတ်ပိုင်း ထုတ်ပေးရာတွင် ငွေကြေး ကောက်ခံရန် နိုင်ငံတော်မှ ညွန်ကြားထားခြင်း မရှိသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အခွင့် အာဏာကို အလွဲသုံးစား ပြုလုပ်၍ ငွေကြေး ကောက်ခံနေသဖြင့် ဒေသခံ ပြည်သူများမှာ ၀န်ထိုးဝန်ပိုး ဖြစ်လာသည့် အတွက် သက်ဆိုင်ရာ အာဏာပိုင်များမှ အမြန်ဆုံး အရေးယူ ဟန့်တား ပေးပါရန် တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။



RB News
8.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ၊ လေးမြို့ အမှတ် (၂၁) စခန်းမှ စခန်းမှူး၏ တပည့်များ ဖြစ်သူ တပ်ကြပ်ကြီး စံရွှေလှနှင့် ဦးလေဒူ (ဘ) ဦးလာလူမျာ တို့သည် စခန်းမှူး၏ သြဇာ အရှိန်အ၀ါကို အသုံးချ၍ ဒေသခံ ပြည်သူများထံမှ ဆက်လက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

တပ်ကြပ်ကြီး စံရွှေလှနှင့် ဦးလေဒူတို့က မဟုတ်မမှန် စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိသည့် အတွက် ကျေးရွာအတွင်း အေးချမ်းသာယာရေးပါ ပျက်ပြား လာစေနိုင်သည်ဟု ဒေသခံများက ပြောပါသည်။ ၎င်းတို့သည် ယခင်ကလည်း ဒေသခံများကို ဒုက္ခပေးခဲ့သလို ယခုလည်း ဆက်လက် ဒုက္ခပေးလျက် ရှိနေသည်ဟု ဆိုသည်။

ဦးလေဒူက စခန်းမှူး၏ သြဇာ အာဏာကိုသုံး၍ ဒေသခံ ပြည်သူများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်လျက် ရှိပြီး၊ ၎င်း၏ လုပ်ရပ်များကို သက်ဆိုင်ရာ အာဏာပိုင်များက အမြန်ဆုံး ရပ်တန့် မပေးပါက ဒေသခံများ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ရပ်တန့်အောင် ဆောင်ရွက် ရလိမ့်မည်ဟု ဒေသခံများက RB News သို့ပြောသည်။ ၎င်းသည် မည်သည့် အုပ်ချုပ်ရေး အဖွဲ့အစည်းမှ မပါဘဲ ရွာသားများ၏ နေအိမ်များထဲသို့ ညအချိန်မတော် ၀င်ရောက်ခြင်း၊ ဖမ်းဆီး ၀ရမ်း တစ်စုံတစ်ရာ မပါရှိဘဲ မိမိ စိတ်တိုင်းကျ ဖမ်းဆီး ခေါ်ဆောင် သွားခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးရှော်ဖိခ် (ဘ) ဦးအဒူရော်ဟိမ်း -- ရပ်ကွက် (၁၂) မှ -- ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း
(၂) ဦးအာဘူတာရ် (ဘ) ဦးအာဘူရှာမား -- ရပ်ကွက် (၃) မှ -- ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၅ သောင်း
(၃) ဦးအာဘူကာလာမ် (ဘ) ဦးအေဟာယာ -- ရပ်ကွက် (၃) မှ -- ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း
(၄) ဦးကာလာယာ (ဘ) ဦးမော်ဇူလူဆောင်း -- ရပ်ကွက် (၁) မှ -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း
(၅) ဒေါ်နော်ဆီမာ (ဘ) ဦးနူရ်အာမတ် -- ရပ်ကွက် (၁) မှ -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း -- တို့ဖြစ်သည်။



Rohingya Eye
RB News
7.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အလယ်သံကျော် ကျေးရွာ အခြေစိုက် တပ်မတော် စခန်းမှ ဗိုလ်ကြီး တစ်ဦးနှင့် နယ်ခြားစောင့် ရဲများက အပြစ်မဲ့ ဒေသခံ လူငယ် (၅) ဦးကို လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် တပ်မတော် စခန်းမှ ဗိုလ်ကြီး တစ်ဦးနှင့် တပည့်များ ဖြစ်သည့် ဈေးကုန်တန်း ရွာသား ဟူဆောင်းအာမတ် (ဘ) ဦးနော်ဇိရ်အာမတ် (အသက် ၂၅ နှစ်)၊ ဒဲလ်ဖာရာရွာသား ဟာဖီဇူလ္လာ (ဘ) ဦးဆွေယော့ဒူလ္လာ (အသက် ၂၇ နှစ်) တို့သည် ဧပြီလ (၄) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ကာမ်ဖူးရွာသို့ သွားရောက်ကာ လယ်ကွင်းတွင် ဘောလုံး ကစားနေသည့် လူငယ် ၄ ဦးအား ဘင်္ဂလား ဆင်းမ်ကဒ်ဖြင့် ဖုန်းသုံးစွဲနေသည်ဟု အခြေအမြစ် မရှိ စွပ်စွဲမှုများ ပြုလုပ်ပြီး ရွာထဲသို့ ခေါ်ဆောင် သွားခဲ့ပြီး အတင်း အဓမ္မ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ငွေညှစ်ခံရသူသည့် လူငယ် (၄) ဦးမှာ --

(၁) နော်ဇီမူလ္လာ (ဘ) ဦးဆော်လိမ်မူလ္လာ (အသက် ၂၁ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း
(၂) ဆော်လာမတ် (ဘ) ဦးအေဘာဒူလ္လာ (အသက် ၂၇ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း
(၃) ရှာဘူးဒ္ဒိန်း (ဘ) ဦးအခ်သော်အာလီ (အသက် ၂၇ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၄ သောင်း
(၄) ဇီယာဘူရာမန် (ဘ) ဦးအလီအာမတ် (အသက် ၂၈ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- တို့ဖြစ်သည်။

အဆိုပါ ကာမ်ဖူးရွာမှ ဟူဆောင်း (ဘ) ဦးမာမတ်ယူနုစ် (အသက် ၂၆ နှစ်) သည် ယင်းနေ့ နံနက် ၉ နာရီ အချိန်တွင် ၎င်း၏ နေအိမ်မှ ထွက်လာစဉ် နယ်မြေ (၇) နယ်ခြားစောင့် ရဲတပ်ဖွဲ့ရုံးမှ နယ်ခြားစောင့် ရဲများက ဖမ်းဆီးပြီး ဘင်္ဂလား ဖုန်းသုံးစွဲနေသည်ဟု စွပ်စွဲ၍ ငွေကျပ် ၂ သိန်း အတင်း အဓမ္မ ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

“စစ်တပ်က ဗိုလ်ကြီးက သူ့ရဲ့ တပည့်တွေကို ရွာထဲကို အရင်လွှတ်ပြီး စုံစမ်းခိုင်းတယ်။ ဘယ်သူ့ကို ဘယ်လို စွပ်စွဲရင် ငွေရနိုင်မယ်၊ အဲဒီလို စုံစမ်းပြီး ဗိုလ်ကြီးနဲ့ အပေါင်းအပါ တွေက ဆိုင်ကယ်တွေက ရုပ်ရှင်ထဲက လူဆိုးဂိုဏ်း အဖွဲ့ ရွာထဲကို ၀င်လာသလို ၀င်လာပြီး မတော်မတရား ဖမ်းဆီးပြီး မဟုတ်မမှန် အခြေအမြစ် မရှိတာတွေ စွပ်စွဲတယ်၊ ခြိမ်းခြောက်တယ်၊ နောက်ဆုံးမှ ငွေညှစ်တော့တာပဲ” ဟု အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
7.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇား ကျေးရွာအုပ်စုရှိ ချောင်းဝ စခန်းမှ နယ်ခြားစောင့် ရဲများသည် တံငါသည် (၁၄) ဦးကို လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် ရွှေဇား ကျေးရွာအုပ်စုရှိ တံငါးသည်များသည် ငါးဖမ်းထွက်လိုလျှင် ရွှေဇား ကျေးရွာအုပ်စု၊ ကန်ဘဲရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် န.စ.က စခန်း ၁၄) မှ ခွင့်ပြုချက် ရယူရပြီး ချောင်းဝ စခန်းသို့ ငွေကျပ် ၃၀၀၀ စီ ပေးကာ သတင်းပို့ရသည်။

ဧပြီလ (၅) ရက်နေ့ ညပိုင်းတွင် ရွှေဇား ကျေးရွာအုပ်စု၊ စေတီပြင်ရွာမှ ဦးနူရ်ကော်ဘိရ် ဦးဆောင်သည့် တံငါးသည် ၁၄ ဦးသည် ဆွဲပိုက်နှင့် ငါးဖမ်းရန် ကန်ဘဲ စခန်းမှ ခွင့်ပြုချက် ရယူပြီး ချောင်းဝ စခန်းသို့ သွားရောက် သတင်းပို့သော်လည်း နယ်ခြားစောင့် ရဲများက “ဒီနေ့ မင်းတို့ဆီက ငွေ ၃၀၀၀ စီ မယူချင်ဘူး၊ ဒီနေ့ မင်းတို့ကို ရိုက်ချင်တယ်” ဟုပြောဆိုပြီး တံငါးသည် ၁၄ ဦး တို့ကို တန်းစီစေခဲ့သည်။ တံငါးသည် ခေါင်းဆောင် ဦးနူရ်ကော်ဘိရ်က “ကျွန်တော်တို့ ခွင့်ပြုချက် ရယူပြီး ငါးဖမ်းဖို့ ထွက်တာကို ဘာကြောင့် ရိုက်ရမှာလဲ” ဟု မေးမြန်းရာ နယ်ခြားစောင့် ရဲများက “သိပ်စကားမများနဲ့” ဟု ပြောဆို၍ ဆဲဆိုပြီးနောက် နယ်ခြားစောင့်ရဲ (၃) ဦးက ဖိနပ်ဖြင့် တံငါးသည်များ၏ ပါးပြင်များကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ထို့နောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ခံ ဒုရဲအုပ်က ခြေထောက်ဖြင့် ကန်ကျောက်၊ လက်သီးဖြင့် ထိုးနှက်ခဲ့ပြီး “မင်းတို့ ကုလားတွေကို ရိုက်ရင် ငါတို့အတွက် ဘာပြဿနာမှ မရှိဘူး” ဟု ဆဲဆိုကာ “အခု ငါးသွားဖမ်း” ဟု ဆိုကာ လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

နယ်ခြားစောင့် ရဲများ၏ ရိုက်နှက်မှုကြောင့် တံငါးသည် ၄ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး၊ ၃ ဦးမှာ နှုတ်ခမ်းများ ကွဲပြတ်၍ တစ်ဦးမှာ လည်ပင်း လှုပ်၍ မရတော့သည့် အထိ ဒဏ်ရာ ရရှိခဲ့သည်။ ရရှိသည့် ဒဏ်ရာများကြောင့် တံငါးသည်များက ငါးမဖမ်းဘဲ အိမ်ပြန်ချင်ခဲ့သော်လည်း နယ်ခြားစောင့် ရဲများက အိမ်ပြန်ခွင့် မပေးဘဲ အတင်းအဓမ္မ ငါးဖမ်းရန် ထွက်စေခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

RB News
7.4.2015

တိုကျို ။ ။ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) ၏ ၂၀၁၅ ခုနှစ် သုံးလပတ် အစည်းအဝေးကို ဧပြီလ (၅) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ဂျပန်နိုင်ငံ Gunma ခရိုင် Tatebayashi မြို့ရှိ မြို့တော် ခန်းမတွင် ကျင်းပ ခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံသား ရိုဟင်ဂျာ အသင်းမှ အသင်းသား ၄၀ ကျော်နှင့် ဂျပန်တက္ကသိုလ် SAL မှ ကျောင်းသား၊ Internal Social Service Japan (ISSJ) မှ အဖွဲ့ဝင်များ၊ အာဆာဟီ သတင်းတိုက်မှာ သတင်းသမားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဦးအာဗ်ဒူရော်ရှိတ်က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပြီး၊ အသင်း၏ နာယက ဦးနူရ်မိုဟာမတ်က အသင်းသားများ စည်းလုံး ညီညွတ်ပြီး မိမိတို့၏ လူမျိုးအတွက် လှုပ်ရှားမှုများ ပိုမိုပြုလုပ်ရန်၊ ဒု-ဥက္ကဌ ဖြစ်သူ ဦးဟာရွန်ရော်ရှိတ်က ရိုဟင်ဂျာ ပြည်သူများ၏ ပြည်တွင်း ပြည်ပ အခြေအနေများ၊ ဧည့်သည် အဖြစ် ရောက်ရှိနေသည့် ဦးတော်ယုဖ်အူဒင်က ပြည်တွင်းရှိ ရိုဟင်ဂျာများ၏ အခြေအနေနှင့် ၀ှိုက်ကဒ်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးမိုဟာမတ်ခါန်းက ၂၀၁၅ ဇန်န၀ါရီလမှ စ၍ အသင်းသားများ၏ လှုပ်ရှားမှုများ၊ ISSJ အဖွဲ့မှ ဂျပန်ရောက် မြန်မာနိုင်ငံသား ရိုဟင်ဂျာများအား ကူညီဆောင်ရွက် သွားမည်များနှင့် SAL အဖွဲ့မှ ဂျပန်ရောက် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ၏ ဂျပန်နိုင်ငံတွင် သွားလာ လှုပ်ရှားမှုများအား ရိုက်ကူးထားသော ရုပ်ရှင်နှင့် ပတ်သက်၍ လည်းကောင်း၊ အသင်းသားများမှ မေးမြန်း ဆွေးနွေးမှုများ ဆွေးနွေးကြပြီး အစည်းအဝေးကို ညနေ ၅ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

















MYARF
RB News
7.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှ ယာဉ်နောက်လိုက် တစ်ဦးကို ယာဉ်မောင်းက ကားနောက်ဆုတ်နေစဉ် တိုက်မိပြီး သေဆုံး သွားသော်လည်း နစ်နာကြေး ပေးခြင်းမရှိသလို၊ ယာဉ်မောင်းကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ့ခြင်း မရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်၊ အမှတ် (၅) ရပ်ကွက်မှ ဦးမာမတ်ရော်ဖိခ် (ဘ) ဦးအီဒီရိစ်သည် ဘူးသီးတောင် မြို့နယ်မှ ရခိုင် လူမျိုး တစ်ဦးမောင်းသည့် Lifan ကားတွင် ယာဉ်နောက်လိုက် အဖြစ် လိုက်လေ့ရှိသည်။ ဧပြီလ (၁) ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါကားတွင် သစ်များတင်၍ မောင်တောမြို့နယ် တောင်ပိုင်း ကံပူး ကျေးရွာ၏ အရှေ့ဘက်ရှိ တပ်မတော် တပ်ရင်း၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားခဲ့သည်။ ထိုနေရာတွင် ကားနောက်ဆုတ်ရန် ဦးမာမတ်ရော်ဖိခ်က ကားနောက်မှ ယာဉ်မောင်းအား လမ်းပြနေစဉ် ယာဉ်မောင်းက ကားကို တဟုန်ထိုး မဆင်မခြင် မောင်း၍ နောက်ဆုတ်ခြင်းကြောင့် ဦးမာမတ်ရော်ဖိခ်ကို တိုက်မိပြီး ထိုနေရာတွင်ပင် ပွချင်းပြီး သေဆုံး သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် ယာဉ်မောင်းဖြစ်သူက ဦးမာမတ်ရော်ဖိခ်၏ ရုပ်အလောင်းကို ကားပေါ်တင်၍ ဘူးသီးတောင် မြို့နယ်သို့ သယ်ဆောင်လာပြီး မိဘများထံ အပ်နှံခဲ့သည်။ ယာဉ်မောင်း ဖြစ်သူနှင့် ကားပိုင်ရှင်တို့က ဦးမာမတ်ရော်ဖိခ်၏ မိဘများကို နစ်နာကြေး တစ်စုံတစ်ရာ ပေးခြင်းမရှိသလို ယာဉ်မောင်းဖြစ်သူမှာ ရခိုင်လူမျိုး ဖြစ်၍ သက်ဆိုင်ရာ အာဏာပိုင်များက မည်သို့မျှ အရေးယူခြင်း မရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
6.4.2015

မောင်တော ။ ။ မောင်တော မြို့နယ် မြောက်ပိုင်း၊ ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် အမှတ် ၅ နယ်မြေ စခန်း) မှ ရဲမှူး အပါအ၀င် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၆ ဦးသည် ဧပြီလ (၃) ရက်နေ့ နေ့လည်ပိုင်း အချိန်တွင် ကားတစ်စီးဖြင့် လောင်းဒုံကျေးရွာ၊ ငန်းချောင်း ကျေးရွာ၊ ဖားဝပ်ချောင်း ကျေးရွာ၊ ရေတွင်းကျွန်း ကျေးရွာ၊ ကျားခေါင်းတောင် ကျေးရွာ စသော ကျေးရွာများရှိ ဈေး၊ လူစည်ကားရာ ခွဆုံ စသော နေရာများသို့ သွားရောက်ပြီး ဈေးဆိုင်များကို စစ်ဆေးခြင်း၊ ဈေးဆိုင်များမှ ကုန်ပစ္စည်းများ လုယက်ခြင်း၊ လမ်းသွားလမ်းလာ များကို စစ်ဆေးခြင်း၊ မတရား ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

အဆိုပါ ရဲမှူးနှင့် အဖွဲ့သည် ညနေ ၅း၃၀ နာရီ အချိန်တွင် ကျားခေါင်းတောင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အနောက်ဘက်ရှိ ခွဆုံသို့ သွားရောက်ပြီး ဒေသခံများကို စစ်ဆေး ရိုက်နှက်သဖြင့် ဒေသခံများ ကြောက်ရွံပြီး ထွက်ပြေးခဲ့ရသည်။ ထို့နောက် နယ်ခြားစောင့် ရဲများသည် အဆိုပါ ခွဆုံရှိ ကျားခေါင်းတောင် ရွာသား ဦးအဒူလ္လာ (ဘ) ဦးအဒူဘာရီ၏ ဆိုင်သို့ ၀င်ရောက်ပြီး ရှာဖွေ စစ်ဆေးခဲ့ရာ မည်သည့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း နယ်ခြားစောင့် ရဲများက ဆိုင်မှ စားကုန်ပစ္စည်းအချို့၊ ဆေးလိပ်ဘူး၊ အချိုရည်ဘူးများ လုယက်သွားခဲ့သည်။ ၎င်းတို့ လုယက်နေစဉ် ဆိုင်ရှင် ဖြစ်သူ ဦးအဒူလ္လာသည် ဆိုင်တွင် ရှိမနေခဲ့ဘဲ ဆိုင်စောင့် နေသည့် ၉ နှစ်အရွယ် ဦးအဒူလ္လာ၏ ညီငယ်ကို နယ်ခြားစောင့် ရဲများက ဘင်္ဂလားဖုန်း ဘယ်မှာထားခဲ့လဲ၊ WY တွေ ဘယ်မှာထားလဲ ဟုဆိုကာ ကလေးငယ်ကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ ၎င်းတို့ လုယက်သွားသည့် ပစ္စည်းများမှာ ငွေကျပ် တစ်သောင်းကျော်ဖိုး ရှိသည်ဟု ဆိုသည်။

ဧပြီလ (၄) ရက်နေ့တွင်လည်း အဆိုပါ ရဲမှူးနှင့် အဖွဲ့သည် ယင်းကျေးရွာများသို့ သွားရောက်ပြီး ဒေသခံများကို အကြောင်းမဲ့ စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်းများ ဆက်လက် ပြုလုပ်ခဲ့သည်။ ဧပြီလ (၅) ရက်နေ့တွင်လည်း ရဲမှူးနှင့် နယ်ခြားစောင့်ရဲ (၁၀) ဦးပါ အဖွဲ့သည် နေ့လည် ၁၂း၁၅ နာရီ အချိန်တွင် ကျားခေါင်းတောင် ခွဆုံသို့ သွားရောက်ပြီး လမ်းသွားနေသည့် အမျိုးသမီး (၈) ဦးကို ၀တ်ရုံ (ဘုရ်ခါ) များ ချွတ်ခိုင်းပြီး နယ်ခြားစောင့် ရဲများကိုယ်တိုင် အမျိုးသမီး များကို ကာအိနြေ္ဒ ပျက်ပြားစေသည့် အထိ ကိုယ်ထိလက်ရောက် စော်ကားမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ရဲမှူးနှင့် အတူပါဝင်သည့် နယ်ခြားစောင့်ရဲ (၆) ဦးတို့သည် ဦးအဒူလ္လာသို့ တစ်ဖန် သွားရောက်၍ စားကုန် ပစ္စည်း ငွေကျပ် ၈၅၀၀ ဖိုး လုယက်ပြီး ထွက်သွားကြရာ ဆိုင်စောင့်နေသည့် ကလေးငယ်က ကားပေါ်ရှိ ရဲမှူးထံသို့ သွားရောက်၍ ငွေမပေးဘဲ ပစ္စည်းများ ယူသွားကြောင်း ပြောဆို၍ ငွေတောင်းခဲ့သည်။ ရဲမှူးက ၎င်း၏ တပ်ဖွဲ့ဝင် များကို ငွေရှင်း/မရှင်း မေးမြန်းရာ ငွေရှင်းပြီးကြောင်း လိမ်ညာပြောဆိုပြီး ကလေးငယ်ကို ငွေကျပ် ၂၅၀၀ ပေးခဲ့သည်။ သို့သော်လည်း ကလေးငယ်က နယ်ခြားစောင့် ရဲများ ပေးသည့် ငွေကျပ် ၂၅၀၀ ကို လက်ခံမယူဘဲ ငိုကြွေး၍ ဆိုင်သို့ ထွက်သွားခဲ့သည်။ ထို့နောက် နယ်ခြားစောင့် ရဲများသို့ ဆိုင်အတွင်းသို့ တစ်ဖန် သွားရောက်ပြီး လိုက်ချီ အအေးဗူး ၆ ဘူးကို ငွေမပေးဘဲ ယူပြီး ရဲမှူးကို တစ်ဗူးပေးကာ ကျန် ၅ ဘူးကို ၎င်းတို့ သောက်သုံးကာ ဆိုင်မှ ထွက်သွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
6.4.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ သဲချောင်း ကျေးရွာ အုပ်စု၊ သဲချောင်း ချောင်းဝ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲတစ်ဦးက ဒေသခံတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အပစ်ခံရသူနှင့် အတူ ပါသည့် ထင်းရောင်းသမား (၂) ဦးကိုပါ မောင်တော မြို့နယ် တရားရုံးမှ ထောင်ဒဏ် (၈) လစီ ချမှတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်ဒုံ ကျေးရွာအုပ်စု၊ မျှာဇင်ရွာမှ ဆော်ဒူလ်အာမီးန် (ဘ) ဦးအာဘူလ်ဟိုက်ရ် (အသက် ၂၅ နှစ်)နှင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ သင်္ဘောလှ ကျေးရွာမှ ဟာလာရှုနာ (ဘ) ဦးအာဘူအီဆုပ် (အသက် ၂၀ နှစ်) တို့သည် သက်ဆိုင်ရာမှ ခွင့်ပြုချက် ရယူပြီး တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ သင်္ဘောလှ ကျေးရွာမှ ထင်းများ ၀ယ်ယူပြီး စက်လှေတစ်စီးဖြင့် မောင်တောမြို့သို့ သယ်ယူသွားပြီး ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်သည်။

မတ်လ (၁၃) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ဆော်ဒူလ်အာမီးန်နှင့် အပေါင်းအပါ ၃ ဦးတို့သည် စက်လှေဖြင့် သင်္ဘောလှ ကျေးရွာသို့ ထင်းများ ၀ယ်ယူရန် သွားနေစဉ် ချောင်းကမ်း တောထဲတွင် ပုန်းအောင်း နေသည့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ သဲချောင်း ကျေးရွာ၊ ချောင်းဝစခန်းမှ နယ်ခြားစောင့် ရဲများက စက်လှေ ဆိုက်ကပ်ရန် ခေါ်သည်ကို အသံလည်းမကြား၊ လူကိုလည်း မမြင်သဖြင့် စက်လှေကို ဆက်လက် မောင်းနှင်သွားရာ နယ်ခြားစောင့် ရဲများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဆော်ဒူလ်အာမီးန်၏ ပေါင်ကို ကျည်ဆံထိမှန်၍ ပေါင်ထဲမှာ ကျည်ဆံ ပေါက်ထွက်သွားခဲ့သည်။ ထို့နောက် နယ်ခြားစောင့် ရဲများက ဆော်ဒူလ်အာမီးန်နှင့် အပေါင်းအပါ ၃ ဦးကို ဖမ်းဆီး၍ ဆော်ဒူလ်အာမီးန်ကို ကြိမ်ချောင်း ဆေးရုံသို့ ခေါ်ဆောင် သွားပြီး ဆေးကုသပေးပြီးနောက် သဲချောင်း၊ ချောင်းဝ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ကျန်နှစ်ဦးကိုလည်း သဲချောင်း၊ ချောင်းဝ စခန်းတွင် ချုပ်နှောင် ထားခဲ့သည်။

ညအချိန်တွင် ဆော်ဒူလ်အာမီးန်၏ ကျန်းမာရေး အခြေအနေ ဆိုးရွားလာရာ မတ်လ (၁၄) ရက်နေ့ နံနက် ၂ နာရီအချိန်တွင် နယ်ခြားစောင့် ရဲများက ကြိမ်ချောင်း ဆေးရုံသို့ တစ်ဖန် ခေါ်ဆောင်သွားပြီး အစောင့်အကျပ်များ ထား၍ ဆေးကုပေးလျက် ရှိသည်ဟု ဆိုသည်။ သို့သော်လည်း မည်သူ တစ်ဦးတစ်ယောက်ကိုမှ ၀င်ရောက် ကြည့်ရှုခွင့် မပေးခဲ့ကြောင်း သိရသည်။

သဲချောင်း၊ ချောင်းဝစခန်းသည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် နယ်မြေ ၄ စခန်း) ၏ လက်အောက်ခံ စခန်းဖြစ်သည်။ ယခုလို နေ့အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ရန် လိပ်ရစခန်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း ရဲမှူး၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးနှင့် နည်းဗျူဟာမှူး တို့က ညွန်ကြားထားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ဝေဖန် ပြောဆို နေကြသည်။ နယ်ခြားစောင့် ရဲများ၏ ပစ်ခတ်မှုကြောင့် ဒေသခံ တစ်ဦး အသက်ဆုံးရှုံး ရမည့် အခြေအနေသို့ ရောက်ရှိနေချိန်တွင်ပင် အဆိုပါ အရာရှိကြီးများက ပြစ်မှု ကျူးလွန်သည့် နယ်ခြားစောင့် ရဲများကို စစ်ဆေး၍ အရေးယူခြင်း မရှိသည့်အပြင် သေလုမျောပါး ဖြစ်နေသည့် အပြစ်မဲ့ ဒေသခံ လူနာကိုလည်း လာရောက် ကြည့်ရှု အားပေးခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ယခုအခါ နယ်ခြားစောင့် ရဲများက ဆော်ဒူလ်အာမီးန်နှင့် အပေါင်းအပါများ၏ စက်လှေပေါ်တွင် ဘင်္ဂလားဖုန်း သုံးလုံးနှင့် ဓါးရှည်သုံးလက် တွေ့ရှိခဲ့သည်ဟု လုပ်ကြံ၍ တရားစွဲ အရေးယူရန် ပြင်ဆင်ခဲ့ပြီး၊ ၎င်းတို့၏ မဆင်မခြင် ပစ်ခတ်မှုကို အရေးယူခံရခြင်းမှ ရှောင်ရှားရန် ယခုကဲ့သို့ အပြစ်မဲ့ ၃ ဦးကို လုပ်ကြံ၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထင်းရောင်းသမား ၃ ဦးကို မတ်လ (၃၁) ရက်နေ့တွင် မောင်တော တရားရုံးမှ ထောင်ဒဏ် (၈) လစီ ချမှတ်ပြီး ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင် ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။



RB News
5.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း ပန်ဇီရွာ၊ ဘဒဂါး ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာများ၏ ဘိုးဘွားပိုင် လယ်ယာမြေများကို သိမ်းဆည်း၍ အနီးအနားရှိ တောင်ပေါ်မှ မြို၊ ခမီးနှင့် ဒိုင်းနက်များနှင့် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသည့် မြို၊ ခမီး၊ ဒိုင်းနက် လူမျိုးများ အတွက် အိမ်များ ဆောက်လုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

အိမ်များ ဆောက်လုပ်နေသည့် လယ်ယာမြေများသည် ဒေသခံ ရိုဟင်ဂျာများ၏ ဘိုးဘွားပိုင် လယ်ယာမြေများ ဖြစ်ပြီး၊ နှစ်ပေါင်းများစွာ ထွန်ယက် လုပ်ကိုင်နေစဉ် ၂၀၀၈ ခုနှစ်တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ယာယီဟု ဆိုကာ အကြောင်းမဲ့ သိမ်းဆည်းခဲ့ပြီး၊ ယခုအချိန်ထိ မြို့နယ် အုပ်ချုပ်ရေးမှူးကို တစ်နှစ်လျှင် ငွေကျပ် သိန်း ၂၀ ပေးသွင်းကာ ထွန်ယက် လုပ်ကိုင်နေရသည့် လယ်ယာမြေများ ဖြစ်သည်။ အဆိုပါ လယ်မြေများမှာ ဦးပိုင် အမည်ပေါက် လယ်ယာမြေများ ဖြစ်နေပြီး၊ မြို့နယ် အုပ်ချုပ်ရေးနှင့် မြေစာရင်း ဦးစီးဌာနတို့က မူရင်း ပိုင်ရှင်များကို အကြောင်းမကြားဘဲ မြို၊ ခမီးနှင့် ဒိုင်းနက် လူမျိုးများအတွက် အိမ်ဆောက်ရန် လျှို့ဝှက် ညွန်ကြားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

မတရားသဖြင့် သိမ်းဆည်းခံရထားသည့် လယ်ယာမြေ ၉၃ ဧက ကျော်ပေါ်တွင် မြို၊ ခမီးနှင့် ဒိုင်းနက် လူမျိုးများ အတွက် အိမ်ဆောက်လုပ် ပေးမည်ဆိုပါက မူရင်းပိုင်ရှင်များနှင့် ပြဿနာ ဖြစ်ပွားလာနိုင်ဖွယ်ရှိပြီး၊ သာမာန် ပြဿနာမှ လူမျိုးရေး အသွင်ဆောင်သည့် ပြဿနာ အထိ ဖြစ်ပွားနိုင်သည်ဟု ဒေသခံများက ဆိုသည်။

သိမ်းဆည်းခံရသည့် လယ်ယာမြေများနှင့် ပတ်သက်၍ မူရင်းပိုင်ရှင်များက နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ လွှတ်တော် ကိုယ်စားလှယ် များမှ တဆင့် တိုင်ကြား ထားကြောင်း သိရသည်။ လယ်ယာမြေများ သိမ်းဆည်းခံထားရသည့် ပိုင်ရှင်များက အိမ်ဆောက်လုပ်ခြင်း လုပ်ငန်းများ ရပ်ဆိုင်းထားရန်၊ ဆက်လက် ကျူးကျော်ပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာနိုင်ဖွယ် ရှိသဖြင့် နိုင်ငံတော်မှ တားဆီးပေးရန် တောင်းဆိုလျက် ရှိကြသည်။

လယ်ယာမြေ သိမ်းဆည်းခံထားရသည့် ပိုင်ရှင်များမှာ --

(၁) ဦးမောန်ဇူအာမတ်
(၂) ဦးနူရ်အာမီးန်
(၃) ဦးနူရ်ကော်ဘိရ်
(၄) ဒေါ်ဒိလာရာဘေဂမ်
(၅) ဦးနူရူဟောက်ခ်
(၆) ဦးအာမီးရ်ဟူဆောင်း
(၇) ဦးဖော်ကုရ်အစ္စလာမ်
(၈) ဦးအာနောရ်အလီ
(၉) ဦးအာဇီဇူလ်ဟောက်ခ်
(၁၀) ဦးအာဘူလ်အာဖာ
(၁၁) ဦးအာဇီဇူလ်ဟောက်
(၁၂) ဦးအဒူလာကိမ်း
(၁၃) ဦးကာမာလ်ဟူစိန်း
(၁၄) ဦးမာမတ်ဆော်ယာဒ်
(၁၅) ဦးယာစီးန်အာရာဖတ် -- တို့ဖြစ်သည်။



RB News
5.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ၊ လေးမြို့ အမှတ် (၂၁) စခန်းမှ စခန်းမှူး၏ တပည့်များ ဖြစ်သူ တပ်ကြပ်ကြီး စံရွှေလှနှင့် ဦးလေဒူ (ဘ) ဦးလာလူမျာ တို့သည် ဖုံညိုလိပ်၊ ရေကျွန်းနှင့် ဆေးအိုးကျ ကျေးရွာအုပ်စုများမှ အပြစ်မဲ့ ဒေသခံ ပြည်သူများကို ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

တပ်ကြပ်ကြီး စံရွှေလှနှင့် ဦးလေဒူတို့သည် စခန်းမှူးထက်ပင် သြဇာ အာဏာပိုမိုသုံးလျက် ရှိပြီး၊ ဦးလေဒူသည် ယခင် န.စ.က လက်ထက်ကလည်း မဟုတ်မမှန် သတင်းပေး၍ ဒေသခံ ပြည်သူများကို ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခဲ့သူ တစ်ဦး ဖြစ်သည်။ ယခုလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဒေသခံ ပြည်သူများကို ဒုက္ခပေးလျက် ရှိကြောင်း သိရသည်။ ၎င်းတို့နှစ်ဦး လုပ်ဆောင်နေမှုများကို စခန်းမှူးက သိရှိခြင်း မရှိဟု ဒေသခံများက ဆိုသည်။ ထိုကဲ့သို့ စခန်းမှူး၏ အမိန့် မပါဘဲ လုပ်ဆောင်မှုများကို စခန်းမှူးက တင်းကြပ်စွာ တားမြစ်ပေးရန် အရေးယူ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောပါသည်။

ဦးလေဒူနဲ့ ပတ်သက်၍ စခန်းတွင်းသို့ ၀င်/ထွက်ခြင်းကိုပင် တားဆီးပေးရန်နှင့် ၎င်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ချိတ်ဆက် ရှိမှုကို အကြောင်းပြ၍ ဆက်လက် ငွေညှစ်နေမည် ဆိုပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာ လိမ့်မည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦး ပူးပေါင်း၍ ဒေသခံ (၄) ဦးထံမှ ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ငွေညှစ်ခံရသူ များမှာ --

(၁) ဦးဒုစ်မာမတ် (ဘ) ဦးမော်တူလ်မျာ - ဆေးအိုးကျ ကျေးရွာမှ - ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း
(၂) ဦးကာမာလ်ဟူဆောင်း (ဘ) ဦးအီဆုဖ် - ဖုံညိုလိပ် အမှတ် (၁၁) ရပ်ကွက်မှ - ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း
(၃) ဦးအာယာတုလ္လာ (ဘ) ဦးဇော်မိရ်အူဒင် - ဖုံညိုလိပ် အမှတ် (၁၂) ရပ်ကွက်မှ - ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း
(၄) ဦးမာမတ်ဆိဒိခ် (ဘ) ဦးအဗ်ဒူဆော်ဒါန် - ဖုံညိုလိပ် အမှတ် (၁) ရပ်ကွက်မှ - ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း -- တို့ဖြစ်သည်။



RFA မြန်မာပိုင်း
5.4.2015

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစိုးရ တပ်မတော်နဲ့ ရခိုင်တပ်မတော် AA တို့ရဲ့ တိုက်ပွဲတွေမှာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP က တပ်ဖွဲ့ဝင် ၈ ဦး ပါဝင် ပတ်သက်မှု ရှိနေတယ်ဆိုပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ALP ခေါင်းဆောင်တွေကို ခေါ်ယူ စစ်ဆေးခဲ့ ပါတယ်။

ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း ဦးဆောင်တဲ့ အဖွဲ့က မနေ့က ခေါ်ယူ စစ်ဆေးမေးမြန်းတာဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ရဲ့ စွပ်စွဲမှုဟာ မမှန်ကန်ကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ ALP ပါတီရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးခိုင်အောင်စိုးသန်းက ပြောပါတယ်။

"အဓိက ကတော့ ၂၉ ရက်နေ့က တိုက်ပွဲဖြစ်သွားခဲ့တာ၊ အဲ့ဒီကိစ္စကိုမေးတာပေါ့၊ မေးတော့ကျနော်တို့တပ်ဖွဲ့ ကလူ ၈ ယောက်ပါတယ်ဆိုပြီးတော့ ကျနော် တို့ကို စွပ်စွဲတဲ့ သဘောရှိတာပေါ့၊ ကျနော်တို့က ကျနော်တို့ လမ်းကြောင်းနဲ့ ကျနော်တို့သွားနေတာဆို တော့ တစ်ခါတလေကျတော့ ကျနော်တို့နဲ့ ဘာမှ ပတ်သက်မှု မရှိဘူး၊ ဒီလိုငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာသွားနေတော့ ဒီလိုသံသယဝင်တာတွေကမကောင်းဘူးပေါ့"

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အနေနဲ့ ရခိုင်တပ်မတော် AA နဲ့ ပတ်သက်မှု မရှိကြောင်း ဖြေရှင်းချက်ပေးဖို့ အစိုးရဘက်က တောင်းဆိုထားတဲ့အပြင် AA က ဖမ်းဆီး ထားတဲ့ တပ်မတော်သား ၂ ဦးကို ပြန်လွှတ်ပေးဖို့ လည်း တောင်းဆိုထားတယ်လို့ ဦးခိုင်အောင်စိုးသန်းက ပြောပါတယ်။

ALP ပါတီခေါင်းဆောင်တွေကို ရခိုင့်တပ်မတော် AA နဲ့ ပတ်သက်မှုရှိ၊ မရှိကို အခုလို ခေါ်ယူစစ်ဆေးတာ ဒုတိယ အကြိမ်မြောက်ဖြစ်ပါတယ်။

အစိုးရတပ်မတော်နဲ့ ရခိုင်တပ်မတော် AA တို့ဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်ဆိုကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ အစိုးရတပ်မတော်အရာရှိတစ်ဦး ကျဆုံးခဲ့ပြီး တပ်သား ၂ ဦး ဖမ်းဆီး ခံထားရပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကစပြီး အစိုးရနဲ့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။



RB News
4.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အခြေစိုက် အမှတ် (၅၆၄) ခြေမြန်တပ်ရင်းမှ တပ်ထောက် ဗိုလ်ကြီး စိုးမင်းဌေးသည် ၎င်း၏ လက်ကိုင်ဖုန်း ပျောက်သည်ကို အကြောင်းပြု၍ ကလေးငယ် (၃) ဦးကို ဖမ်းဆီး ရိုက်နှက် နှိပ်စက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် အခြေစိုက် အမှတ် (၅၆၄) ခြေမြန်တပ်ရင်းမှ တပ်ထောက် ဗိုလ်ကြီး စိုးမင်းဌေးသည် ၎င်း၏ Huawei ဖုန်း ပျောက်ဆုံးသွားသည်ကို အကြောင်းပြု၍ ခြင်းသမား ကျေးရွာမှ ကလေးငယ် (၃) ဦးကို မတ်လ (၂၉) ရက်နေ့ နေ့လည် (၁၂) နာရီ အချိန်တွင် နေအိမ် အသီးသီးမှ ဖမ်းဆီး၍ ဖော်တော်ပြင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲကင်း စခန်းသို့ ခေါ်ဆောင် သွားပြီး လူမဆန်စွာ ရိုက်နှက် နှိပ်စက်ကာ ငွေကျပ် ၆ သိန်း ၅ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့နောက် ၎င်းတို့ကို မည်သည့် ဌာနဆိုင်ရာ အဖွဲ့အစည်းကိုမှ တိုင်ကြားခြင်း မပြုပါဟု ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

“သံဆူကြိုး အထပ်ထပ် ကာထားတဲ့ တပ်ရင်းထဲမှာ ရှိတဲ့ တပ်မတော် အရာရှိ တစ်ယောက်က သူ့ရဲ့ ဖုန်းတစ်လုံးကို မစောင့်ရှောက် နိုင်ဘူးဆိုရင် နိုင်ငံတော်နဲ့ ပြည်သူကို ဘယ်လို စောင့်ရှောက်မှာလဲ။ အခုပျောက်သွားတဲ့ ဖုန်းဆိုတာက သူ့ရဲ့ တပ်ရင်းထဲမှာ ပျောက်သွားတာ။ အဲဒီထဲကို အပြစ်မဲ့ ဖမ်းဆီး ရိုက်နှက် ငွေညှစ်ခံရတဲ့ ကလေးတွေ ၀င်ပြီး ခိုးဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။ တမင် လက်နက်နဲ့ အာဏာကို အသုံးပြုပြီး လုပ်ကြံ ငွေညှစ်တာပါ။ တရားဝင် လိုင်စင်ရ ဓါးပြတွေလိုပါပဲ” ဟု အုပ်ထိန်းသူ တစ်ဦးက ပြောပါသည်။

လုပ်ကြံ စွပ်စွဲ ဖမ်းဆီး ရိုက်နှက် နှိပ်စက်ခံရပြီး ငွေကျပ် ၆ သိန်း ၅ သောင်း ညှစ်ခံရသည့် ခြင်းသမား ကျေးရွာမှ ကလေးငယ် (၃) ဦးမှာ --

(၁) ရော်ဟီးမူလ္လာ (ဘ) ဦးအာမီးရ်ဟာကိမ်း (အသက် ၁၃ နှစ်)
(၂) အဒူလ္လာ (ဘ) ဦးဆော်ယာဒ်ကရီးမ် (အသက် ၁၄ နှစ်)
(၃) အာဘူဒေါရ်ဒါ (ဘ) ဦးကော်ဘိရ် (အသက် ၁၄ နှစ်) -- တို့ဖြစ်သည်။

Rohingya Exodus