နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ် နတ်မြစ် မြန်မာ ဘက်ခြမ်းမှာ လုံခြုံရေး ယူထားတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ (ဓာတ်ပုံ-ဗွီအိုအေ မြန်မာပိုင်း)

မအေးအေးမာ
17.6.2015

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြား ဒေသမှာ ၂ နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင် တွေကြား ဒီကနေ့ အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင် တဦး ဒဏ်ရာ ရရှိပြီး၊ နောက်တဦး ကိုတော့ မြန်မာ အာဏာပိုင်တွေက ဖမ်းဆီး ထားပါတယ်။

မူးယစ် ဆေးဝါးနဲ့ လူမှောင်ခိုမှုလို ရာဇ၀တ်မှု မကင်းတဲ့ လုပ်ရပ်တွေ ရှိနေတဲ့ အတွက် မကြာသေးခင် ကစလို့ လုံခြုံရေး အတွက် တင်းတင်း ကျပ်ကျပ် စောင့်ကြပ် နေချိန်မှာပဲ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်း ပေးပို့ထား ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရေတွင်းကျွန်း ချောင်းဝကင်းစခန်းကို တာဝန်ယူနေတဲ့ မြန်မာနယ်ခြားစောင့်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ နယ်ခြားစောင့်တပ်တွေကြား နှစ်ဖက်ပစ်ခတ်မူတွေ ဖြစ်ခဲ့တာပါ။ မြန်မာရေပိုင်နက်အတွင်း ၀င်ရောက်လာတဲ့အတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့လည်း ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ မြန်မာနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့က ဒုတိယ ရဲမှူးကြီးမျိုးဆွေ က ပြောပါတယ်။

“မနက်က ကျနော်တို့ ခြံစည်းရိုးဘေးမှာ လှည့်ကင်းလှည့်တယ်။ လှည့်တဲ့အခါမှာ ကျနော်တို့ဘက် ကမ်းစပ်မှာ စက်လှေတစီး လာပြီးတော့ ရပ်တဲ့အသံကြားလို့ ဆင်းပြီးတော့ ကြည့်တဲ့အခါမှာ အဲဒီစက်လှေပေါ်ကနေ စပြီးတော့ ပစ်ပါတယ်။ စစ်ဆေးမေးမြန်းမလို့ စစစ်မေးတဲ့အချိန်မှာ သူတို့ဘက်ကနေ သေနတ်နဲ့ စပစ်တာဖြစ်ပါတယ်။ ကျနော်တို့ဘက်ကနေ ပြန်ပစ်တဲ့အခါမှာ သူတို့က ဟိုဘက်နိုင်ငံထဲကို မြစ်ထဲကိုခုန်ချသွားတာပေါ့။ တယောက်ကတော့ ကျနော်တို့ဆီက မိလိုက်တာပေါ့၊ သေနတ်တလက်နဲ့ မိလိုက်ပါတယ်။ ရေတွင်းကျွန်း ချောင်းဝကင်းစခန်းကနေပြီးတော့ ခြံစည်းရိုးဘက်ကို ကင်းလှည့်ရင်းနဲ့ တွေ့တာဖြစ်ပါတယ်။ နတ်မြစ် ကျနော်တို့ဘက်ကမ်းမှာပါ။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တပ်ကြပ်ကြီးတယောက်နဲ့ တပ်သား ၂ ယောက်လို့ သိရပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေမှာတော့ စက်လှေတစင်းနဲ့ စိတ်ကြွဆေးတွေ မှောင်ခိုသယ်လာတယ်ဆိုတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့တွေက ၂ နိုင်ငံ နယ်ခြားဒေသမှာ ကင်းလှည့်ရှာဖွေနေရင်း မြန်မာတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တာ ခံခဲ့ရတာလို့ ဖော်ပြကြပါတယ်။ မသင်္ကာတဲ့ စက်လှေကို ရပ်တန့်စစ်ဆေးနေစဉ် ပစ်ခတ်ခံရတာလို့လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်း ၄၂ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အဘူဇာ အယ်လ်ဇာဟစ် (Abu Zar Al Zahid) ကို ကိုးကား ဖော်ပြခဲ့ကြတာပါ။ မြန်မာဘက်က ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်ကိုလည်း ပြန်လည် လွှဲပြောင်းပေးနိုင်ဖို့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အခုလိုမျိုးပစ်ခတ်မှုတွေ ရှိခဲ့ပေမဲ့ ဒီနှစ်ထဲမှာတော့ အခုဖြစ်ရပ်ဟာ ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်းလည်း ဒုရဲမှူးကြီးမျိုးဆွေက ပြောပါတယ်။

“ဒါကတော့ ကျနော်တို့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ မနှစ်ကတော့ ကုန်းတွင်းပိုင်းမှာတကြိမ် ကျနော်တို့ဖြစ်တာ ရှိပါတယ်။ ကုန်းတွင်းပိုင်း ခြံစည်းရိုးဘေးမှာ ဒီလိုမျိုးပဲ ကျနော်တို့ ပစ်ခတ်တာ တကြိမ်ဖြစ်ဖူးပါတယ်။ ဒီတခါကတော့ နတ်မြစ်ထဲမှာ ဖြစ်တာပါ။ ဟိုတခါကတော့ ကုန်းပေါ်မှာဖြစ်တာပါ။”

အခုပစ်ခတ်မှုနဲ့ ပတ်သက်လို ၂ နိုင်ငံအစိုးရချင်း ကြားမှာရော၊ နယ်ခြားစောင့်တပ်ဖွဲ့တွေ အချင်းချင်းကြားမှာပါ ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့လည်း ပြောပါတယ်။ အခုနောက်ဆုံး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ နယ်ခြားဒေသဟာ မကြာသေးခင် လတွေကစလို့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေကို လှေစီးထွက်ပြေးသူတွေ အဓိက ထွက်ခွာလာရာ ဒေသတခုအဖြစ်နဲ့လည်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြောဆိုထားကြတာပါ။ မြန်မာအာဏာပိုင်တွေကတော့ လူမှောင်ခိုမှုတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေလို ရာဇ၀တ်မှုတွေ ပေါ်ပေါက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်ဒေသမှာ လုံခြုံရေးအတွက် မကြာသေးခင်ကစလို့ ပိုမို တင်းတင်းကျပ်ကျပ် ဆောင်ရွက်လာနေပြီး နယ်ခြားစောင့်တပ်ဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။




MYARF
RB News
16.6.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် ပုံစံ (၄) သွားထုတ်သူ ရိုဟင်ဂျာများကို မြို့နယ် လ.၀.က ရုံးမှ ၀န်ထမ်းများက နိုင်ငံသား စီစစ်ခံရမည့်သူ၏ သက်သေခံ ကဒ်ပြား (ခေါ်) အစိမ်းနုရောင် ကဒ်ပြားကို အတင်းအဓမ္မ ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇွန်လ (၁၆) ရက်နေ့တွင် ဘူးသီးတောင် မြို့သို့ ခေတ္တ သွားလိုသည့် ရိုဟင်ဂျာများသည် မြို့နယ် လ.၀.က ရုံး၌ ပုံစံ (၄) ခေါ် ယာယီ ခရီးသွားခွင့် လက်မှတ် သွားထုတ်ယူရာတွင် မြို့နယ် လ.၀.က ရုံးမှ ၀န်ထမ်းများက ခရီးသွားလိုသူများကို ပုံစံ (၄) ထုတ်လိုလျှင် ယာယီ သက်သေခံ ကဒ်ပြား အပ်နှံပြီး ရရှိသော လက်ခံ ပြေစာကို အပ်ပြီး နိုင်ငံသား စီစစ်ခံရမည့်သူ၏ သက်သေခံ ကဒ်ပြား (ခေါ်) အစိမ်းနုရောင် ကဒ်ပြားကို ထုတ်ယူမှသာ ပုံစံ (၄) ထုတ်ပေးနိုင်မည် ဖြစ်သည်ဟု ဆိုကာ အတင်းအဓမ္မ ထုတ်ပေးခဲ့သည်။ အချို့သော ခရီးသွားလိုသူများက ထိုအစိမ်းနုရောင် ကဒ်ပြားကို လက်မခံလိုသော်လည်း မြို့နယ် လ.၀.က မှ ၀န်ထမ်းများက အတင်း အဓမ္မ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ 

နိုင်ငံသား စီစစ်ခံရမည့်သူ၏ သက်သေခံ ကဒ်ပြား ခေါ် အစိမ်းနုရောင် ကဒ်ပြားသည် မြန်မာနိုင်ငံ အတွင်း နှစ်နှစ် နေထိုင်ခွင့် ပေးသည့် သဘောဖြင့် ထုတ်ပေးနေခြင်း ဖြစ်သဖြင့် ရိုဟင်ဂျာ တစ်မျိုးသားလုံးက ထိုကဒ်ပြားကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း ပြောဆိုနေကြသည်။ ရိုဟင်ဂျာများသည် ယခု ရခိုင်ပြည်နယ် ခေါ် အာရ်ကာန် ဒေသတွင် နှစ်ပေါင်းများစွာ ကတည်းက ဘိုးစဉ်ဘောင်ဆက် အစဉ်တစိုက် နေထိုင်လာသော လူမျိုး ဖြစ်သောကြောင့် ယခု အစိုးရက ထုတ်ပေးနေသော နိုင်ငံသား စီစစ်ခံရမည့်သူ၏ သက်သေခံ ကဒ်ပြား ခေါ် အစိမ်းနုရောင် ကဒ်ပြားကို ကိုင်ဆောင်ရန် မလိုအပ်ကြောင်း ဥပဒေ ကျွမ်းကျင်သူများက မှတ်ချက် ပေးသည်။ ထိုကဒ်ပြားသည် နိုင်ငံခြားသား များကိုသာ ယာယီ နေထိုင်ခွင့် ပေးသည့် သဘောဖြင့် ထုတ်ပေးရသည့် ကဒ်ပြား ဖြစ်သည်။ ဒီမိုကရေစီ အစိုးရခေတ်တွင် လူအများစု၏ ဆန္ဒနှင့် ဆန့်ကျင်လျက် ထိုကဲ့သို့ ဥပဒေမဲ့ ထုတ်ပေးနေသော ကဒ်ပြားကို လက်မခံလိုသော ပြည်သူများကို အတင်း အဓမ္မ ပြုကျင့်နေခြင်းမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်လည်း ကိုက်ညီမှု မရှိကြောင်း ဥပဒေ ကျွမ်းကျင်သူများက မှတ်ချက် ပြုပါသည်။ 

ဇွန်လ (၁၅) ရက်နေ့တွင် ခရိုင် လ.၀.က မှူးနှင့် မြို့နယ် လ.၀.က မှူးတို့ ဦးဆောင်သော အဖွဲ့သည် အငြိမ်းစား ရှေ့နေကြီး ဦးအာမာန်အုလ္လာ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမြင့် (ခ) ဦးဂျာန်ဂိရ် အပါအ၀င် မောင်တော မြို့ပေါ်မှ မြို့မိမြို့မများကို မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ နိုင်ငံသား စီစစ်ခံရမည့်သူ၏ သက်သေခံ ကဒ်ပြား ခေါ် အစိမ်းနုရောင် ကဒ်ပြားသည် ယခင်က ကိုင်ဆောင်ခဲ့သည့် ယာယီ သက်သေခံ လက်မှတ်ထက် အဆင့်မြင့်ကြောင်း၊ ထိုကဒ်ပြားကို မဖြစ်မနေ လက်ခံရမည် ဖြစ်ကြောင်း၊ လက်မခံသူများကို နည်းအမျိုးမျိုး သုံး၍ လက်ခံလာအောင် လုပ်မည် ဖြစ်ကြောင်း စသည်ဖြင့် အမျိုးမျိုး ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ အစည်းအဝေး တက်ရောက်ခဲ့သူ မြို့မိမြို့ဖ တစ်ဦးက ခရိုင် လ.၀.က မှူးနှင့် မြို့နယ် လ.၀.က မှူး တို့ကို ယခုပေးအပ်မည့် နိုင်ငံသား စီစစ်ခံရမည့်သူ၏ သက်သေခံ ကဒ်ပြား ခေါ် အစိမ်းနုရောင် ကဒ်ပြားသည် ယာယီ သက်သေခံ လက်မှတ်ထက် အဆင့်မြင့်သည် ဆိုလျှင် ထိုကဒ်ပြားဖြင့် တစ်မြို့နယ်မှ တစ်မြို့နယ်သို့ လွတ်လပ်စွာ သွားလာခွင့် ပြုပါမည်လားဟု မေးမြန်းခဲ့ရာ ခရိုင် လ.၀.က မှူးက လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်း ဖြေဆိုခဲ့သည်။ အခြားသော မြို့မိမြို့ဖ တစ်ဦးက အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင်နေသူများက နိုင်ငံသား စီစစ်ခံရမည့်သူ၏ သက်သေခံ ကဒ်ပြား ခေါ် အစိမ်းနုရောင် ကဒ်ပြားကို လဲလှယ် ကိုင်ဆောင် ရမည်လားဟု မေးမြန်းခဲ့ရာ ခရိုင် လ.၀.က မှူးက အမျိုးသား မှတ်ပုံတင် ကဒ်ပြားသည် ယခုပေးအပ်မည့် ကဒ်ပြားထက် အဆင့်မြင့်သည့် ကဒ်ပြား ဖြစ်နေသဖြင့် လုံးဝ လဲလှယ် ကိုင်ဆောင်ရန် မလိုဟု ဖြေကြားခဲ့သည်။ 

အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင်သူများတွင် ယာယီ သက်သေခံ လက်မှတ်လည်း ရှိရာ ၎င်းတို့လည်း လဲလှယ် ရပါမည်လားဟု မြို့မိမြို့ဖ တစ်ဦးက မေးမြန်းရာ ခရိုင် လ.၀.က မှူးက လူပုဂ္ဂိုလ် တစ်ဦးသည် ကဒ်ပြား နှစ်မျိုး တစ်ပါတည်း ကိုင်ဆောင်ခွင့် မရှိကြောင်းဟု ဖြေကြားရာ မေးမြန်းသူက ကိုင်ဆောင်ချင်၍ တစ်ပါတည်း နှစ်ခု ကိုင်ဆောင် ခဲ့ခြင်း မဟုတ်ကြောင်း၊ န.စ.က မှ အတင်း အဓမ္မ ထုတ်ပေး၍ ကိုင်ဆောင် ခဲ့ရခြင်း ဖြစ်ကြောင်း ဟူ၍ ရှင်းလင်း ပြောပြရာ လ.၀.က မှူးက ထိုကိစ္စကို မဖြေဆိုနိုင်ကြောင်း ပြောကြားခဲ့သည်။ 

မောင်တော မြို့နယ်မှ ခေတ်ပညာတတ် လူငယ်တစ်ဦးက “ကျွန်တော်တို့က ဒီနိုင်ငံမှာ မွေးတာ၊ ကျွန်တော်တို့ ဘိုးစဉ် ဘောင်ဆက် ကလည်း ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာ ကြီးပြင်း ဒီနိုင်ငံမှာ သေခဲ့တာ၊ အခုကျတော့ ကျွန်တော်တို့ကို တစ်ဖက်နိုင်ငံက ၀င်လာသလိုလို ပုံစံမျိုးနဲ့ နှစ်နှစ် နေထိုင်ခွင့် ဆိုပြီး လာပေးတာကိုတော့ ဘာလို့ လက်ခံရမှာလဲ။ ကျွန်တော်တို့မှာလည်း အမှန်တရားကို ထုတ်ဖော်ခွင့် ရှိတယ်။ ကျွန်တော်တို့ကို လူသားပါဗျာ။ လူလို ဆက်ဆံဖို့ လိုပါတယ်။ နိုင်ငံသား စီစစ်ခံရမည့်သူ၏ သက်သေခံ ကဒ်ပြား ခေါ် အစိမ်းနုရောင် ကဒ်ပြားကိုတော့ လုံးဝ လက်ခံမှာ မဟုတ်ဘူး။ သေနတ်နဲ့ ပစ်သတ်လည်း အသေခံ ရဲတယ်” ဟု ပြောပါသည်။ 



ကိုမိုးဇော်
16.6.2015

ရခိုင်ပြည်နယ်မှာ White Card လို့ခေါ်တဲ့ ယာယီ သက်သေခံ လက်မှတ် အပ်နှံသူ ၄ သိန်း နီးပါး အတွက် ဒီရက်ပိုင်းတွေ အတွင်းမှာ အစိမ်းရောင် နေထိုင်ခွင့် ကဒ်တွေ အသစ် ထပ်မံ ထုတ်ပေး နေရာမှာ အပ်နှံသူ ၄ သိန်း နီးပါး အနက် ၁၀ ရက်တာ ကာလ အတွင်းမှာ အစိမ်းရောင်ကဒ် ထုတ်ယူသူ ၃၀ ကျော်သာ ရှိပါတယ်။

ဒီလို ထုတ်ယူသူ နည်းပါးတာ ကတော့ အစိမ်းရောင်ကဒ် အပေါ် စိတ်ဝင်စားခြင်း မရှိတာနဲ့ တချို့ ဒေသတွေမှာ ကဒ်အသစ်ထုတ် ပေးတာကို မသိတာကြောင့် ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုမိုးဇော် က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်တဲ့ မိုးပွင့်အထူးစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ White Card ခေါ် ယာယီသက်သေခံ လက်မှတ်တွေကို ပြန်လည်အပ်နှံဖို့ ကြေညာခဲ့တဲ့နောက် ရခိုင်ပြည်နယ်မှာ White Card ကိုင်ဆောင်သူ ၆ သိန်းကျော်အနက် ၃ သိန်း ၉ သောင်း ပြန်လည်အပ်နှံခဲ့ပါတယ်။

White Card အပ်နှံသူတွေကို ကဒ်အသစ်တမျိုး ထပ်မံ ထုတ်ပေးရာမှာတော့ ၁၀ ရက်တာ ကာလအတွင်းမှာ လူအနည်းငယ်သာ ပြန်လည်ထုတ်ယူခဲ့ကြကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက အခုလို ပြောပါတယ်။

“White cards အပ်နှံတဲ့သူတွေကို အခုလက်ရှိကျနော်တို့ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြားဆိုတာ လဲပြီးထုတ်ပေးနေပါတယ်။ အဲဒါကတော့ အပြာနုရယ်၊ အစိမ်းနုရယ် နည်းနည်းလေး သန်းပါတယ်ခင်ဗျ။ ကာလာ ၂ ကာလာ ထွက်တဲ့သဘောလိုပေါ့။ အခုကျနော်တို့ ၅ ရက်နေ့ကနေ စထုတ်ပေးတာပါခင်ဗျ။ ၃၇ ကဒ် ပေးထားပေးပါပြီ။ White cards တွေအပ်တာ လက်ခံတဲ့ နေရာတိုင်းမှာ၊ ကျနော်တို့ရဲ့ အခုလက်ရှိကဒ်ပြား ထုတ်ပေးရေးအဖွဲ့တွေ အဲဒီမှာ ကျနော်တို့စောင့်ပြီး လက်ခံ ဆောင်ရွက်ပေးနေပါတယ်။”

အစိမ်းရောင်ကဒ်ပြားသစ် ထုတ်ပေးချိန်မှာပဲ နိုင်ငံသားလျှောက်ထားတာကို လက်ခံပေးနေတယ်လို့ ဦးခင်စိုးက ဆက်ပြောပါတယ်။

“အဲဒီ အပြာနုနဲ့ အစိမ်းနုနဲ့ သန်းထားတဲ့ ကဒ်ပြားလေးကို ထုတ်ပေးနေရင်းနဲ့ သူတို့နိုင်ငံသား ပြုခွင့်ရသူဆိုင်ရာ လျှောက်ထားမယ်ဆို စိစစ်ပေးပါတယ်။ ဒါကိုလျှောက်ထားနိုင်ပါတယ်။ လျှောက်ရင်လည်း ကျနော်တို့ စိစစ်ပေးပါမယ်လို့ လျှောက်လွှာတွေကို စိစစ်ပြီး လက်ခံတဲ့အလုပ် ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ။”

လက်ရှိ ထုတ်ပေးတဲ့ အစိမ်းရောင်ကဒ်ပြားသစ်ဟာ နေထိုင်ခွင့်အတွက် အာမခံပြီး နိုင်ငံသားလျှောက်ထားပြီးနောက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စတဲ့ သတ်မှတ်ချက်အပေါ် မူတည်ပြီး ဥပဒေအရ ခံစားခွင့်ရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ စစ်တွေမြို့ အောင်မင်္ဂလာစခန်းမှာ နေထိုင်သူတဦးကတော့ အစိမ်းရောင်ကဒ်ကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

“နေထိုင်ခွင့်လက်မှတ်ဆိုတာက အရင်ပေးထားတဲ့ ယာယီ သက်သေခံလက်မှတ်ထက်တောင် ပိုပြီး အဆင့်နိမ့်တဲ့ဟာ တခုပဲရှိတယ်။ ကျနော်တို့က မြန်မာနိုင်ငံမှာ နေထိုင်ပြီးသားလူလေ။ ကျနော်တို့ နှစ်ပေါင်းများစွာရှိနေပြီ။ ရာနဲ့ချီပြီးရှိနေပြီ။ ကျနော်တို့လိုချင်တာက ကျနော်တို့ မြန်မာပြည်မှာ နိုင်ငံသားနဲ့ဆိုင်တဲ့ အထောက်အထားတခုကိုပဲ လိုချင်တယ်။ လူအများစုကတော့ ဒုက္ခသည်စခန်းမှာရော၊ ရွာတွေမှာရော၊ အစိမ်းရောင်ကဒ်တွေ နေထိုင်ခွင့်လက်မှတ်ကို ကျနော်တို့ လုံးဝ မစဉ်းစားဘူး။ လက်လည်းမခံဘူး။ ကျနော်တို့ကတော့ ဒီအတိုင်းပဲ နေသွားမှာပဲ။”

မောင်တောမြို့ခံ အစ္စလာမ်ဘာသာဝင် တဦးကတော့ သူတို့ဆီမှာ အစိမ်းရောင်ကဒ် ထုတ်ပေးတာ မရှိသေးကြောင်း ပြောပါတယ်။

“ကျနော်တို့မောင်တောမှာတော့ အဲဒီဟာမျိုးတွေ မလုပ်ရသေးပါဘူး။ မြို့ပေါ်မှာတောင်မှ မစရသေးဘူး။ နယ်မှာလည်း မစရသေးပါဘူး။”

မောင်တောမြို့ခံက နိုင်ငံသားဖြစ်ခွင့် အရည်အချင်းပြည့်မီတယ်ဆိုရင် ခရီးသွားလာခွင့်၊ အလုပ်လုပ်ပိုင်ခွင့် အပါအ၀င် နိုင်ငံသားအားလုံးနဲ့ တန်းတူတဲ့ အခွင့်အရေးကို ရလိုကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ နိုင်ငံသားစိစစ်မှု ဆောင်ရွက်ရာမှာ ဘင်္ဂါလီဆိုတာကို လက်မခံတာကြောင့် အခက်အခဲတွေ ဖြစ်ခဲ့ပါတယ်။

လောလောဆယ်မှာတော့ အစိုးရက ဘင်္ဂါလီလို့ ခေါ်ဝေါ်သုံးစွဲနေတဲ့ ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေကို သူတို့နေထိုင်ရာ မြို့နယ်က ကျော်လွန်ပြီး ခရီးသွားလာမယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနက ခွင့်ပြုချက်ရယူဖို့ လိုအပ်နေပါတယ်။

တနင်္လာနေ့က ဂျနီဗာမြို့မှာကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက မြန်မာနိုင်ငံအတွင်း ဖိနှိပ်ခံရတာကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ အစာရေစာမပါဘဲ အိန္ဒိယသမုဒ္ဒရာထဲမှာ မျောပါနေတဲ့ကိစ္စအတွက် စိုးရိမ်ကြောင်းနဲ့ ဒီပြဿနာရဲ့ အခြေခံဖြစ်တဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး အပါအ၀င် တခြားသက်ဆိုင်တဲ့ အခွင့်အရေးတွေကို မပေးမချင်း ဒီပြဿနာဟာ ပြေလည်သွားမှာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရကတော့ လှေစီးပြေးဒုက္ခသည်တွေဟာ မြန်မာပြည်က သွားရောက်သူတွေ မဟုတ်ကြောင်းနဲ့ ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေအရေးကို နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက လှေစီး ထွက်ပြေး လာသူ တွေကို မြန်မာ ရေတပ်က ကယ်တင်ပြီး ရခိုင်ပြည်နယ်၊ အလယ်သံကျော် ကျေးရွာက မွတ်ဆလင် ဗလီကျေင်းမှာ ယာယီ နေထိုင်ခွင့် ပေးထားစဉ်။ (မေ ၂၃၊ ၂၀၁၅)

ကိုဇော်ဝင်းလှိုင်
16.6.2015

မြန်မာနိုင်ငံ အတွင်း ရိုဟင်ဂျာတွေ ဖိနှိပ် ခံနေရမှု အပေါ် စိုးရိမ် ပူပန်ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein က တနင်္လာနေ့က ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံ အတွင်း ပြောကြား လိုက်ပါတယ်။ အလားတူပဲ ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာတွေ အပေါ် မြန်မာ အစိုးရက လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ အပေါ် အထူး စိုးရိမ်ကြောင်း OIC အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့က ပြောပါတယ်။ အပြည့်အစုံ ကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထား ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီရဲ့ ၂၉ ကြိမ်မြောက် ညီလာခံ အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein က ကမ္ဘာတ၀ှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရွေ့ပြောင်း နေထိုင်သူများအရေးနဲ့ ပတ်သက်လို့ အကျယ်တ၀င့် ပြောဆိုသွားတာမှာ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ ဖိနှိပ် ချုပ်ချယ်ခံနေရတဲ့ အရေးနဲ့ပတ်သက်လို့ သူ့အနေနဲ့ အထူးစိုးရိမ် ပူပန်ကြောင်း အခုလို ထည့်သွင်း ပြောကြားသွားတာပါ။

“မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေအပေါ် ဖိနှိပ် ချုပ်ချယ်မှုတွေအပေါ် ကျနော့်အနေနဲ့ အထူး စိုးရိမ် ပူပန်မိပါတယ်။ ဒီအကြမ်းဖက်မှုတွေ ဘယ်လောက် ကြီးမားတယ်ဆိုတာနဲ့ ဒီကိစ္စကို ဘယ်လို ထိထိရောက်ရောက် ဖြေရှင်းနိုင်မလဲ ဆိုတာတွေကို လူ့အခွင့်အရေး ကောင်စီအနေနဲ့ စုံစမ်း စစ်ဆေး အချိန်တန်နေပြီလို့ ကျနော်ထင်ပါတယ်။”

အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေကနေ မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပတိုက်ကို ထွက်ပြေးလာကြတဲ့ သူတွေနဲ့ အရှေ့တောင်အာရှတိုက် အတွင်း မြန်မာနိုင်ငံက ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆင်းရဲနွမ်းပါးမှုတွေကြောင့် ဒေသတွင်း နိုင်ငံတွေကို ထွက်ခွာလာကြသူတွေရဲ့ ဖြစ်ရပ်ဟာ တူညီနေကြောင်း လူ့အခွင့်အရေး မဟာမင်းကြီးက ကောက်ချက်ဆွဲ ပြောသွားပါတယ်။

လွန်ခဲ့တဲ့ နှစ်အနဲငယ်ကစပြီး မြန်မာနိုင်ငံထဲမှာ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာခဲ့တဲ့အတွက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်သလို နိုင်ငံရေးအရ ထိန်းချုပ်ထားမှုတွေကိုပါ လျော့ချပေးလာတာကို တွေ့ရတဲ့အကြောင်း၊ ဒါပေမယ့် အဲဒီ ပြုပြင်ပြောင်းလဲမှုတွေက ရိုဟင်ဂျာတွေအပေါ် စံနစ်တကျ ခွဲခြား ဆက်ဆံမှုတွေနဲ့ ရခိုင်ပြည်နယ်အတွင်း မတူညီတဲ့ လူမျိုးစုတွေအကြား သဟဇာတဖြစ်စေမယ့် တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်း လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုတွေ ဖြစ်နေတာဟာ ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ထွက်ပြေးစေတဲ့ အခြေခံအကြောင်းတရားလို့ ယူဆလို့ ရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလို ဖြစ်နေတာတွေက အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် တာလီဘန်တွေက ကြေညာချက်တွေ ထုတ်ပြန် ပြောဆိုထားသလို ကြီးမားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တဲ့ အစွန်းရောက်တွေရဲ့ ၀င်ရောက် စွက်ဖက်မှုတွေနဲ့ ရင်ဆိုင်ရမှာကို သူ့အနေနဲ့ စိုးရိမ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတဲ့ပြဿနာကို ရေရှည် အဖြေရှာဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး Zamir Akram ကလည်း OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား လူ့အခွင့်အရေး ညီလာခံမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

“ရခိုင်ပြည်နယ်အတွင်းနဲ့ မြန်မာနိုင်ငံအတွင်းက တခြားဒေသတွေမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတဲ့ကိစ္စကို စိုးရိမ် ပူပန်ကြောင်း OIC အနေနဲ့ အကြိမ်ကြိမ် ပြောခဲ့ပြီး ဖြစ်ပါတယ်။ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ အစာရေစာ မပါပဲ အိန္ဒိယ သမုဒ္ဒယာထဲမှာ မျောပါနေတဲ့ ကိစ္စဟာ စိုးရိမ်စရာ ဖြစ်ပါတယ်။ သူတို့ကို ကူညီဖို့ ဒေသတွင်းနိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကျနော်တို့အနေနဲ့ ချီးကျူးပါတယ်။ ဒါပေမယ့် ဒါဟာ ရေတို ဖြေရှင်းပဲ ဖြစ်ပါတယ်။ ဒီပြဿနာရဲ့ အခြေခံ အကြောင်းရင်းတွေဖြစ်တဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးပါအ၀င် တခြား သက်ဆိုင်တဲ့ အခွင့်အရေးတွေကို မပေးမချင်းတော့ ဒီပြဿနာဟာ ပြေလည်သွားမှာ မဟုတ်ပါဘူး။”

အလားတူပဲ Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း ကမ္ဘာ့တလွှား ဖြစ်ပေါ်နေတဲ့ ဒုက္ခသည်တွေအရေး ပဋိပက္ခဟာ တာဝန်ရှိသူတွေက သူတို့အရေးကို မျက်ကွယ်ပြုထားတဲ့အတွက် ဖြစ်တဲ့အကြောင်း - The Global Refugee Crisis: A Conspiracy of Neglect လို့ အမည်ပေးထားတဲ့ ဒုက္ခသည်တွေအရေးနဲ့ဆိုင်တဲ့ အစီရင်ခံစာတခု ဇွန်လ ၁၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာအတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖော်ပြထားတာမှာတော့ - ၂၀၁၅ ခုနှစ် ပထမ ၄ လအတွင်း ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၂၅,၀၀၀ ရှိခဲ့တယ်လို့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းရုံးက အစီရင်ခံစာ ထုတ်ပြန်ထားကြောင်း၊ ဒါဟာ ၂၀၁၄ ခုနှစ် အလားတူ အချိန်ကနဲ့ နှိုင်းယှဉ်လိုက်ရင် ထွက်ပြေးလာသူ အရေအတွက် ၂ ဆ တိုးလာခြင်း ဖြစ်ကြောင်း၊ ဒီဘင်္ဂလားပင်လယ်အော် ရေကြောင်းလမ်းကို မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက အများစု အသုံးပြုနေခြင်း ဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အရှေ့အလယ်ပိုင်း၊ အာဖရိကတိုက်အတွင်းနဲ့ အာရှိတိုက်တလွှားမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဒုက္ခသည်တွေအရေးဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း အဆိုးရွားဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ကမ်းခြေအနီးကပ်လာတဲ့ စက်လှေတွေပေါ် ပါလာသူ လှေစီးပြေး ဒုက္ခသည် ၈,၀၀၀ လောက်ထဲက အများစုဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေလို့ ယူဆရကြောင်း IOM - နိုင်ငံတကာ ရွေ့ပြောင်းနေထိုင်သူများရေး ဆောင်ရွက်နေတဲ့အဖွဲ့က မေလ ၁၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရကတော့ - ရိုဟင်ဂျာတွေအရေး ရေရှည် အဖြေရှာနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းဝိုင်းနဲ့ ညှိနှိုင်း ဆောင်ရွက်နေကြောင်း ပြီးခဲ့တဲ့လ အတွင်း ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင်က ပြောကြားခဲ့ပါတယ်။

အခင်း ဖြစ်ပွားသည့် နေရာ (ဓါတ်ပုံ - RB News)

Rohingya Eye
RB News
13.6.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အမှတ် (၁) ရပ်ကွက်နေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ် အတွင်းရေးမှူး ဦးထွန်းလှစိန်၏ ယောက်ဖ တော်စပ်သူ၊ ရခိုင်လူမျိုး လုပ်ငန်းရှင်ကြီး ဦးဝေသာမောင်၏ သားဖြစ်သူ ထွန်းမင်းနိုင် (ခ) ဘော်လာဇူးရီး (အသက် ၄၁ နှစ်) သည် ဇွန်လ (၇) ရက်နေ့တွင် ၎င်းစီးသည့် Surf အမျိုးအစား အမည်းရောင် ကားဖြင့် ရွှေဇား စေတီပြင် ဈေးသို့ ရောက်ရှိလာပြီး လမ်းတစ်ဖက်တွင် ရိုဟင်ဂျာ လူငယ်တစ်ဦး ရောင်းချနေသည့် ဟင်းသီးဟင်းရွက်များကို ကားဖြင့် ကြိတ်၍ ဖျက်ဆီးခဲ့သည့် အပြင် ဟင်းသီးဟင်းရွက် အချို့ကိုလည်း လုယက် ယူဆောင် သွားခဲ့သည်။

ထို့အပြင် ဇွန်လ (၁၃) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ရွှေဇား တံတားပေါ်မှ မောင်းနှင်လာသော ဒေသခံ ရိုဟင်ဂျာပိုင် ကားသုံးစီးကို ရပ်တန့်ခိုင်းပြီး ကားသော့များကို အတင်း အဓမ္မ လုယူ၍ အကြောင်းမဲ့ ရေထဲသို့ ပစ်ချခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အလားတူ နေ့လည် ၁း၃၀ နာရီ အချိန်တွင် ၎င်းသည် ကားတစ်စီးဖြင့် မြို့ပေါ် သင်္ဘောဆိပ် လမ်းရှိ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ဆိုင်ခန်းများ ရှေ့တွင် ကားရပ်၍ ဆိုင်ခန်းများထဲသို့ ၀င်ရောက်၍ ဗီဒိုများကို အကြောင်းမဲ့ ဖျက်ဆီးခဲ့သည်။ ထို့အပြင် အမှတ် (၅) ရပ်ကွက်မှ ဦးနူးရူး၏ တူတော်မောင်ကိုလည်း လူမဆန်စွာ ရိုက်နှက်ခဲ့သဖြင့် ဆေးရုံတင်လိုက် ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဆိုင်ခန်းများ ရှေ့တွင် ရပ်ထားသည့် ရိုဟင်ဂျာပိုင် မှန်လုံကား တစ်စီးကိုလည်း ဖျက်ဆီးခဲ့ပြီး၊ လမ်းဘေးရှိ ရိုဟင်ဂျာများပိုင် ကွမ်းယာဆိုင်ငယ် အချို့ကိုလည်း ဖြိုဖျက်ခဲ့ကြောင်း သိရသည်။ ထွန်းမင်းနိုင်မှ မင်းမဲ့စရိုက် ဆန်ဆန် သောင်းကျန်း နေစဉ် ပြဿနာ ပိုမို တိုးပွားလာစေရန် အနီးအနား ပတ်ဝန်းကျင်မှ ရခိုင်လူမျိုးများ ၀န်းရံလာသော်လည်း ဆိုင်ရှေ့တွင် ရဲများ ရှိနေပါလျက် တစ်စုံတစ်ရာ ဟန့်တားခြင်း မပြုလုပ်ဘဲ ရပ်ကြည့်နေခဲ့ကြောင်း မျက်မြင် သက်သေများက ပြောပါသည်။

အခင်း ဖြစ်ပွားနေသည့် နေရာသို့ မောင်တော မြို့နယ် မြို့မ ကညင်တန်း အ.ထ.က ကျောင်းခြံဝင်း အတွင်းတွင် အခြေချထားသည့် စစ်တပ်မှ တပ်ရင်းမှူး ကိုယ်တိုင် ဦးဆောင်သည့် တပ်မတော်သားများ အဖွဲ့ ရောက်ရှိလာပြီး တပ်ရင်းမှူးက ရပ်ကြည့်နေသည့် ရဲများကို ဆဲဆိုကာ ထွန်းမင်းနိုင်ကို ဖမ်းဆီး၍ ရဲလက်သို့ အပ်နှံခဲ့ကြောင်း သိရှိရပါသည်။

“ဒီလူ- ထွန်းမင်းနိုင်က ၂၀၁၂ ခုနှစ် ပဋိပက္ခ မဖြစ်ပွားမှီမှာ ဒီလိုပုံစံမျိုးနဲ့ အကြမ်းဖက် ရန်ပြုခဲ့ပေမယ့် ကျွန်တော်တို့ ဒေသခံ ရိုဟင်ဂျာ တွေက ဘာမှ မတုံ့ပြန်ခဲ့ဘူး။ အခု နောက်တစ်ကြိမ် ပဋိပက္ခ ဖြစ်လာအောင် အခုလိုမျိုး ဆက်တိုက် လုပ်နေတာကို လုံခြုံရေး ရဲတွေက ချက်ချင်း အရေးယူ ဆောင်ရွက်ဖို့ လိုပါတယ်။ အခု ရဲတွေက လက်ပိုက်ပြီး ကြည့်နေတယ်၊ စစ်တပ်လာပြီး ဆဲတာတောင် မဖမ်းသေးဘူး၊ စစ်တပ်က ဖမ်းပေးရတယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

ထွန်းမင်းနိုင်သည် ၂၀၁၂ ခုနှစ် ဇွန်လ (၈) ရက်နေ့က မောင်တော မြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဦးဆောင် ပါဝင်ခဲ့ပြီး အပြစ်မဲ့ ရိုဟင်ဂျာများကို ရန်ပြု အနိုင်ကျင့်ခဲ့သူ တစ်ဦး ဖြစ်ပြီး၊ မောင်တော မြို့တွင် WY မူးယစ်ဆေးဝါးနှင့် ဘိန်းရောင်းချသည့် ဘိန်းဘုရင် တစ်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
13.6.2014

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ အောက်နန်းရာ ကျေးရွာ (ရာဇာဘိလ်) မှ ရိုဟင်ဂျာ (၄) ဦးကို ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သည့် ဆွဲ၊တင်၊စစ် စစ်ဆေးချိန်တွင် ရွာသားများကို စစ်ဆေး မခံရန် စည်းရုံးခဲ့သည်ဟု ဆို၍ ဖမ်းဆီးပြီး စေတီပြင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ထားခဲ့ရာ ချုပ်နှောင်ခံရသူ (၄) ဦးလုံး ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။

ထို့ကြောင့် စေတီပြင် စခန်းမှ နယ်ခြားစောင့် ရဲများက ထွက်ပြေးသွားသူ (၄) ဦးကို အကြောင်းပြ၍ ရွာသားများကို နည်းလမ်း မျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်ခဲ့သည်။

ရသေ့တောင် မြို့နယ် အောက်နန်းရာ ကျေးရွာမှ မော်လ၀ီ မာမတ်ကာဆိမ် (ဘ) ဦးဒိလ်မာမတ် ဆိုသူသည် ဇွန်လ (၉) ရက်နေ့တွင် ၎င်းကျေးရွာရှိ ယောက္ခမအိမ်သို့ အလည် သွားနေချိန်တွင် စေတီပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ထွက်ပြေးသွားသူ (၄) ဦးမှ မော်လ၀ီမာမတ်ကာဆိမ်၏ ဇနီးနှင့် မောင်နှမ တော်စပ်သူ ဦးအီမာန်ဟူစိန်း (ခ) ကာလာ (ဘ) ဦးဖူရုခ်အာမတ် ဆိုသူလည်း ထိုအိမ်သို့ ရောက်ရှိလာခဲ့သည်။ ထိုသတင်းကို စေတီပြင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ကြားသိပြီးနောက် ည ၉ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲများက ယင်းအိမ်ကို ၀ိုင်း၍ ဦးအီမာန်ဟူစိန်းကို ဖမ်းဆီးခဲ့သည်။ မော်လ၀ီ မာမတ်ကာဆိမ်သည် ထိုအမှုတွဲတွင် ပါဝင်သွားမည်ကို စိုးရိမ်၍ ထွက်သွားနေစဉ် နယ်ခြားစောင့် ရဲများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ၎င်း၏ လက်မောင်းတွင် ထိမှန်ပြီး ထိုနေရာတွင်ပင် လဲကျသွားခဲ့သည်။ မော်လ၀ီ မာမတ်ကာဆိမ် လဲကျသွားပြီးနောက် နယ်ခြားစောင့်ရဲများက ၎င်း၏ ရင်ဘတ် တည့်တည့်သို့ သေနတ်ဖြင့် နှစ်ချက် တိတိ ပစ်ခတ်ခဲ့သည်။ ထို့နောက် မော်လ၀ီ မာမတ်ကာဆိမ်ကို လမ်းဘေးတွင် ပစ်ထား၍ နယ်ခြားစောင့် ရဲများ ထွက်ခွာသွားခဲ့သည်။

နယ်ခြားစောင့် ရဲများ၏ ပစ်ခတ်မှုကြောင့် မော်လ၀ီ မာမတ်ကာဆိမ်မှာ ထိုနေရာတွင်ပင် သေဆုံး သွားခဲ့ရသည်။ ထို့နောက် ရွာသားများက ၎င်း၏ ရုပ်အလောင်းကို နေအိမ်သို့ သယ်ဆောင် သွားခဲ့သည်။ ဇွန်လ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် စေတီပြင် စခန်းမှ နယ်ခြားစောင့် ရဲများက ၎င်း၏ ရုပ်အလောင်းကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ယူဆောင် သွားပြီး၊ ထိုမှ တဆင့် စေတီပြင်ရှိ ကျေးလက် ဆေးခန်းသို့ ယူဆောင် သွားကာ ကျည်ဆံထုတ်ယူပြီးနောက် ရသေ့တောင် ဆေးရုံသို့ ပို့ဆောင် ခဲ့သည်။

ဆေးရုံမှ တစ်ဖန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ပြန်လည် ယူဆောင် သွားပြီး မော်လ၀ီ မာမတ်ကာဆိမ်၏ ဖခင် ဖြစ်သူ ဦးဒိလ်မာမတ်ကို ဆင့်ခေါ်၍ ခြိမ်းခြောက်ကာ မော်လ၀ီ မာမတ်ကာဆိမ်က နယ်ခြားစောင့် ရဲများအား ဓါးဖြင့် ရန်ပြုရန် လာသဖြင့် နယ်ခြားစောင့် ရဲများက ပစ်ခတ်ရခြင်း ဖြစ်သည်ဟု အတင်း အဓမ္မ ထွက်ဆိုခိုင်း၍ လက်မှတ် ရေးထိုးမှသာ အလောင်းကို ထုတ်ပေးခဲ့သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ထွက်ပြေး ခဲ့သူ ဦးအီမာန်ဟူစိန်း (ခ) ကာလာကို နယ်ခြားစောင့် ရဲများက လူမဆန်စွာ ရိုက်နှက်သဖြင့် သေလုမျောပါး ဖြစ်သွားသောကြောင့် ရသေ့တောင် ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပြီး စေတီပြင် စခန်းသို့ ပြန်လည် ခေါ်ဆောင် သွားခဲ့သည်။ နယ်ခြားစောင့် ရဲများ၏ ရိုက်နှက်မှုကြောင့် ၎င်း၏ ကျန်းမာရေး အခြေအနေမှာ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



RB News
13.6.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ရွက်ညိုတောင် ကျေးရွာ အုပ်ချုပ်ရေးမှူးသည် နိုင်ငံတော်မှ အခမဲ့ ပညာရေး စနစ်ဖြင့် ပညာသင်ကြားခွင့် ပေးထားသော်လည်း မူလတန်း ကျောင်းသား တစ်ဦးထံမှ ငွေကျပ် ၁၀၀၀/- စီ၊ မူလတန်းလွန် ကျောင်းသားများ - ၅ တန်းမှ ၇ တန်းထိ တစ်ဦးထံမှ ငွေကျပ် တစ်သောင်း နှစ်ထောင်စီ ကောက်ခံလျက် ရှိပြီး ပင်ရင်းကျောင်း ဖြစ်သော အ.ထ.က (ခွဲ) – (၃) သို့ ပေးသွင်းရန်ဟု ဆိုကြောင်း ဒေသခံများက RB News သို့ပြောသည်။  

အုပ်ချုပ်ရေးမှူးက လွန်ခဲ့သည့် ၂၀၁၄-၁၅ ပညာသင်နှစ်တွင် နိုင်ငံတော်မှ အသေးသုံး အဖြစ် ငွေကျပ် ၁၆ သိန်း ချပေးခဲ့ရာ ၈ သိန်းသာ ကျောင်းအတွက် အသုံးပြုပြီး ကျန်သည့် ၈ သိန်းကို ကျောင်းအုပ်ကြီးမှ ကိုယ်ကျိုး အတွက် သုံးခဲ့သည်ကို အကြောင်းပြ၍ ကျောင်းအုပ်ကြီးကို အသိမပေးဘဲ ၎င်းနှင့် သင့်မြတ်သည့် ရပ်မိရပ်ဖ အချို့ကို ကောက်ခံနေခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူသည် မြို့နယ် အုပ်ချုပ်ရေးမှူး၏ မွေးစား တပည့်တစ်ဦး ဖြစ်သဖြင့် ရွာသားများက ပြန်လည်၍ မေးခွန်း ထုတ်ရဲခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ မေးခွန်းထုတ်သူ များကို မြို့နယ် အုပ်ချုပ်ရေးမှူးထံ မဟုတ်မမှန် တိုင်ကြား၍ ငွေညှစ်ခြင်းများ ပြုလုပ်သဖြင့် အခက်ကြုံနေရသည်ဟု ဆိုသည်။

ငွေကောက်ခံမှုကြောင့် မရှိဆင်းရဲသည့် ကျောင်းသားများ ပညာသင်ကြားရန် အခက်ကြုံတွေ့ နေရသဖြင့် သက်ဆိုင်ရာမှ စီစစ်ပြီး လိုအပ်သလို အရေးယူ ဆောင်ရွက် ပေးစေလိုကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးက မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့မ ရဲစခန်းမှ ရဲအုပ် မြတ်ထွေး တို့၏ အမည်ဖြင့် ရွာသားများကို ခြိမ်းခြောက်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



13.6.2015

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ လူမှု အ၀န်း အ၀ိုင်း နှစ်ခု အကြား ရုန်းရင်း ဆန်ခတ် အခြေအနေ တွေဖြစ်ခဲ့တာ သုံးနှစ်ကြာ လာပြီးတဲ့ နောက် လူပေါင်း ၄၁၆,၀၀၀ ကျော် ဟာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေ ဆက်ပြီး လိုအပ်နေတုန်း ပဲလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှု အကူအညီ ပေးရေး ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်မှုရုံး (UNOCHA) က ပြောလိုက် ပါတယ်။

အဲဒီထဲမှာ ဒုက္ခသည် စခန်းတွေထဲ ဆိုးရွားတဲ့ အခြေအနေ အောက်မှာ နေထိုင်နေရတဲ့ လူပေါင်း ၁၄၀,၀၀၀ နီးပါးနဲ့ သီးခြားရွာလေး တွေမှာ နိုင်ငံသား မဟုတ် ဘဲ နေထိုင်နေကြ ရသူ အများအပြားပါတယ်လို့ သောကြာနေ့က နယူးယောက်မှာ လုပ်တဲ့ ကုလသမဂ္ဂ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း UNOCHA အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ပြောခွင့်ရ Stephane Dujarric ကပြောသွားပါတယ်။

ရခိုင်ပြည်နယ်က အိုးအိမ်စွန့် ထွက်ပြေးရသူတွေနဲ့ အကာအကွယ်မဲ့နေသူတွေ အတွက် သင့်တင့်လျောက်ပတ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အသက်မွေး ၀မ်းကျောင်းမှု တို့ဟာ အဓိက စိုးရိမ်ဖွယ်တခုအဖြစ် ဆက်ရှိနေတုန်းပဲလို့ ကုလသမဂ္ဂက ပြောပါ တယ်။

ရခိုင်ပြည်နယ်က ထောင်ပေါင်းများစွာသော လူတွေရဲ့ လွတ်လပ်စွာ သွားလာခွင့် အပေါ် ကန့်သတ်ထားတာကြောင့် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ တခြားအခြေခံလိုအပ်ချက်တွေ ဆိုးဆိုးရွားရွား ထိခိုက်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေါ်မှာပဲ မှီခိုအားထားနေကြရတယ်လို့ ဆိုပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးရသူ လူပေါင်း ၄၀,၀၀၀ လောက်ထိဟာ ကမ်းရိုးတန်းနဲ့ မီတာ ၅၀၀ လောက်အတွင်းမှာရှိတဲ့ စခန်းတွေမှာ နေထိုင်နေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မုတ်သုံရာသီဝင်လာတော့မှာ ဖြစ်တာနဲ့အတူ ကမ်းရိုးတန်းတလျှောက် ရာသီဥတုအခြေအနေ ဆိုးရွားလာဖွယ်ရှိတယ်လို့ UNOCHA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



ယျတင် (MYARF)
RB News
13.6.2015

ခွဲခြားဆက်​ဆံ ရက်​စက်​ ဖိနှိပ်​ခံ​နေရ​ပေမယ့်​ ကျ​နော့်​ အ​သွေးအသားထဲမှာ မြန်​မာ့​သွေး​တွေ အရှိန်​အဟုန်​မပျက်​ စီးဆင်း​နေပါတယ်​။

ကျ​နော်​ စာ​ရေးသူဟာ ကမ္ဘာ့အဖိနှိပ်​ခံဆုံးလူသားလို့ သတ်​မှတ်​ခံထားရတဲ့ မြန်​မာနိုင်​ငံက လူနည်းစု ရိုဟင်​ဂျာတစ်​ဦးပါ။

မြန်​မာအစိုးရက တစ်​ချို့လူ​တွေရဲ့ မမှန်​မကန်​ ဝါဒဖြန့်​မှုကို အားပြုပြီး ကျ​နော်​တို့ ရိုဟင်​ဂျာများကို ခွဲခြားဆက်​ဆံပြီး အမျိုးမျိုး နှိပ်​စက်​​နေတယ်​​။ တစ်​ရွာက တစ်​ရွာသို့​တောင်​ လွတ်​လပ်​စွာ သွားခွင့်​မ​ပေးဘူး။ အဆင့်​မြင့်​ ပညာ​ရေး သင်​ယူခွင့်​ ပိတ်​ပင်​ထားတယ်​။ လွတ်​လပ်​စွာ စီးပွားရှာခွင့်​မ​ပေးဘူး။ ကုလားဆိုပြီး အရာရာမှာ နှိမ်​ချဆက်ဆံ​တယ်​။ အ​ကြောင်းမဲ့ဖမ်းဆီး ​ငွေညှစ်​တယ်​။ ​တရားဥပ​ဒေမဲ့ ​ထောင်​ချတယ်​။ သတ်​ချင်​တဲ့အချိန်​မှာ သတ်​ပစ်​တယ်​။ ကျ​နော်​တို့ရဲ့ အိုးအိမ်​​တွေ မီးရှို့ပြီး ဒုက္ခသည်​စခန်းထဲမှာ လူမဆန်​စွာ ​နေ​စေတယ်​။ ဘိုးဘွား​တွေ အစဉ်​အဆက်​ ပိုင်​ဆိုင်​လာတဲ့ ကျ​နော့်​တို့ လယ်​ယာ​မြေ​တွေကို အတင်းသိမ်းယူလိုက်​ပြီး အလုပ်​လက်​မဲ့ ဖြစ်​​စေတယ်​။ အစားအ​သောက်​​တွေ ပိတ်​ပင်​​ရင်း ငတ်​​စေတယ်​။ စတဲ့ လူမဆန်​မှု​ပေါင်းများစွာနဲ့ ကျ​နော်​တို့ လူနည်းစု ရိုဟင်​ဂျာများကို လူသားမဆန်​စွာပဲ ရက်​စက်​​နေတယ်​။ အဆိုးဆုံးက ရခိုင်​ပြည်​နယ်​လို့ ​ခေါ်တဲ့ အာရ်​ကာန် ​​ဒေသမှာ နှစ်​​ပေါင်း​ ထောင်​​ပေါင်းများစွာ ကတည်းက ​​ဘိုးစဉ်​​ဘောင်​ဆက်​ အ​ခြေတကျ ​နေ​နေလာတဲ့ ကျ​နော်​တို့ ရိုဟင်​ဂျာ​တွေကို မ​နေ့တစ်​​နေ့ကမှ တစ်​ဖက်​နိုင်​ငံက ခိုးဝင်​လာတယ်​ဆိုပြီး စွပ်​စွဲရင်း နိုင်​ငံသားအခွင့်​​အ​ရေးမှ ​ဘေးဖယ်​ထားတာပါပဲ။

ဒါ​ပေမယ့်​ ​ပြောပါရ​စေ.......။ ဘယ်​​လောက်​ပဲ ခွဲခြားဆက်​ဆံ ခံ​နေပါ​စေ၊ ဘယ်​​လောက်​ပဲ ရက်​စက်​ဖိနှိပ်​​ ခံနေပါ​စေ၊ အမိနိုင်​ငံကို မုန်းတီးချင်​တဲ့ အ​တွေး ကျ​နော့်​ ဦး​နှောက်​ထဲမှာ ဘယ်​တုန်းကမှ မ​ဝင်​ဖူးပါဘူး။ အမိနိုင်​ငံအ​ပေါ် တစ်​ကြိမ်​တစ်​ခါမှ သံ​ယောဇဉ်​ မပြတ်​ခဲ့ပါဘူး။ အမိနိုင်​ငံကို ဘယ်​တုန်းကမှ စိတ်​မကုန်​ခဲ့ပါဘူး။ ဖိနှိပ်​ခံ​​နေရတဲ့ နိုင်​ငံမှာ ​မွေးဖွားလာ​တဲ့ အ​ပေါ်မှာလည်း ဘယ်​တုန်းကမှ စိတ်​မပျက်​ခဲ့ပါဘူး။ လူသားတစ်​ဦးရဲ့ အ​ခြေခံအခွင့်​အ​ရေး မှန်​သမျှကို ချိုး​ဖောက်​ခြင်း ခံ​နေရ​ပေမယ့်​လည်း ဒီနိုင်ငံထဲက လူသားဖြစ်​​နေတဲ့အ​ပေါ်မှာလည်း ဘယ်​တုန်းကမှ အားမငယ်​တတ်​ပါဘူး။

ထပ်​ပြီး ​ပြောပြပါရ​စေ......။ ကျ​နော်​ ဖိနှိပ်​ခံ ရိုဟင်​ဂျာသားက မြန်​မာ​ဘောလုံးအသင်း ကန်​တဲ့ပွဲတိုင်းကို မလွှတ်​စတမ်း ကြည့်​ရှုအား​ပေးတတ်​တာဟာ ကျ​နော့်​ အကြောထဲမှာ အမိနိုင်​ငံကို ချစ်​ခင်​မြတ်​နိုးတဲ့ ​သွေး​တွေ စီးဆင်း​နေလို့ပါ။ ပွဲမစခင်​ မြန်​မာအသင်း သီဆိုတဲ့ နိုင်​ငံ​တော်​ သီချင်းကို ကြားရတိုင်း ကြက်​သီး​မွှေး​တွေ ​ထောင်​​ထောင်​ ထသွားတတ်​တာဟာ အမိနိုင်​ငံ​တော်​အ​ပေါ် ကျ​နော်​သစ္စာရှိတတ်​လို့ပါ။ မြန်​မာအသင်း ကန်​တဲ့ပွဲကို ကြည့်​တိုင်း ရင်​ခုန်​နှုန်း ခပ်​မြန်​မြန်​ ဖြစ်​​နေတတ်​တာဟာ ကျ​နော့်​ ခန္ဓာကိုယ်​ထဲမှာ အမိနိုင်​ငံကို မြတ်​နိုးတွယ်​တာတဲ့ နှလုံးသား တစ်​ခု ပါဝင်​​နေလို့ပါ။ မြန်​မာအသင်း ဂိုးသွင်းတိုင်း စိတ်​ထဲကြည်းနူးသွားပြီး ထခုန်​ ​အောင်​ပွဲခံတတ်​တာဟာ ကျ​နော့်​ အသိဉာဏ်​ထဲက ပြင်းပြတဲ့ ဆန္ဒက အမိနိုင်​ငံ​တော်​ကို ​အောင်​ပွဲရ​စေချင်​လို့ပါ။ မြန်​မာအသင်းသားများ ဂိုးသွင်းပြီး ​အောင်​ပွဲခံချိန်​မှာ ​ကျ​နော့်​ စိတ်​ထဲသို့ အပျော်​​တွေ ဓာတ်​ကူးလာတာဟာ ကျ​နော်​ အမိနိုင်​ငံ​တော်​ရဲ့ ​အောင်​ပွဲကို ဆာ​လောင်​စွာ ခံစား​နေတတ်​လို့ပါ။ မြန်​မာအသင်း အနိုင်​ဂိုး သွင်းလိုက်​ချိန်​မှာ နာရီလက်​တံ​တွေကို လက်​နဲ့လှည့်​​ပေးပြီး ပွဲချိန်​ကို မြန်​မြန်​ ကုန်​​စေချင်​တာဟာ အမိနိုင်​ငံ​တော်​ရဲ့ ​အောင်​ပွဲ မ​တော်​တဆ ပျက်​စီးသွားမှာကို လွန်​လွန်​ကဲကဲ စိုးရိမ်​တတ်​လို့ပါ။ မြန်​မာအသင်းသား​တွေကို ဒဏ်​ရာရ​အောင်​ ဖျက်​ထုတ်​တဲ့ တစ်​ပါးအသင်းသားအ​ပေါ် ​ဒေါသလှိုင်​လှိုင်​ ထွက်​မိတတ်​တာဟာ အမိနိုင်​ငံသား​တွေကို အနိုင်​ကျင့်​တတ်​တာ မခံနိုင်​လွန်းလို့ပါ။ မြန်​မာအသင်း ရှုံးနိမ့်​တိုင်း သည်းသည်းမဲ့မဲ့ ငိုမိတာဟာ ကမ္ဘာ့အလယ်​မှာ အမိနိုင်​ငံရဲ့ ဂုဏ်​သိက္ခာ ကျဆင်းသွားမှာကို မကြည့်​ရက်​လို့ပါ။

အို .. ခွဲခြားဆက်​ဆံ ဖိနှိပ်​ချုပ်​ချယ်​ ကြမ်းကြုတ်​ရက်​စက်​ ချင်​​နေသူတို့...... ကျ​နော်​ ရိုဟင်​ဂျာသားဟာ မြန်​မာနိုင်​ငံမှာ​မွေး၊ မြန်​မာ​မြေ​ပေါ်မှာ​နေ၊ မြန်​မာ့​ရေကို​သောက်​လာသူမို့၊ ကျ​နော့်​အ​သွေးအသားထဲမှာ အမိနိုင်​ငံ​တော်​ကို မြတ်​နိုးတဲ့ စိတ်ဓာတ်​​တွေ အပြည့်​ပါဝင်​​နေတာမို့၊ ကျ​နော့်​ ခန္ဓာကိုယ်​က အမိနိုင်​ငံ​တော်​ကို ချစ်​ခင်​တဲ့ နှလုံးသားတစ်​ခု ပိုင်​ဆိုင်​​နေတာမို့၊ ကျ​နော့်​ မသိစိတ်​က အမိနိုင်​ငံရဲ့​မြေ​ပေါ်မှာ ​မွေးဖွားတာကို အမြဲ ဂုဏ်​ယူတတ်​တာမို့၊ ကျ​နော့်​ မ​နော စိတ်​ထဲမှာလည်း အမိနိုင်​ငံ​တော်​ကို တိုးတက်​​အေးချမ်းသာယာ ​စေချင်​တဲ့ ဆန္ဒမွန်​​တွေ ကိန်း​အောင်း​နေတာမို့၊ နိုင်​ငံသား ဖြစ်​ခွင့်​မ​ပေးလည်းပဲ နိုင်​ငံသား စိတ်​ဓာတ်​​တွေ အလိုလိုရှိ​နေပြီးသားမို့ ကျ​နော်​ လူနည်းစု ရိုဟင်​ဂျာသားကို သင်​တို့ ဘယ်​​လောက်​ပဲ ခွဲခြားဆက်​ဆံ​နေပါ​စေ၊ ဘယ်​​လောက်​ပဲ ရက်​စက်​ဖိနှိပ်​​ ချုပ်​ချယ်​နေပါ​စေ၊ ဘယ်​လိုပဲ ခိုးဝင်​လာတဲ့ ဘင်္ဂလီလို့ မဟုတ်​မတရား ​စွပ်​စွဲ​ပြော​နေပါ​စေ ကျ​နော်​ ရိုဟင်​ဂျာသားရဲ့အ​သွေးအသားထဲ ကိန်း​အောင်း​နေပြီးသား အမိနိုင်​ငံ​တော်​အ​ပေါ်ထားတဲ့ ချစ်​ခင်​ မြတ်​နိုး တွယ်​တာတဲ့ စိတ်​မြတ်​​လေးကို သင်​တို့ ဘယ်​​တော့မှ ဖျက်​ဆီးပစ်​နိုင်​မှာ မဟုတ်​ပါ။ အမိနိုင်​ငံအ​ပေါ်ထားတဲ့ ကျ​နော်​ ရိုဟင်​ဂျာသားရဲ့ သစ္စာတရားကို သင်​တို့ ဘယ်​​တော့မှ ​ဖြိုခွင်း လျှော့ပစ်​နိုင်​မှာ မဟုတ်​ပါ။ အမိနိုင်​ငံကို ​အေးချမ်း​သာယာ​ တိုးတက် စေချင်​တဲ့ ကျ​နော်​ ရိုဟင်​ဂျာသားရဲ့ စိတ်​ဓာတ်​ကို သင်​တို့ ဘယ်​​တော့မှ လွယ်​လွယ်​နဲ့ ​ပြောင်းနိုင်​လိမ့်​မယ်​ မဟုတ်​ပါ။

ဒါ​ကြောင့်​ မြန်​မာ​​မြေဖွား ​မြန်​မာ့​ရေ​သောက်​ပြီး ကြီးပြင်းလာတဲ့ မြန်​မာ့ထွက်​ကုန်​ပစ္စည်း မြန်​မာနိုင်​ငံသား လူနည်းစု ကျ​နော်​ ရိုဟင်​ဂျာသားကို ​ကျေးဇူးပြုပြီး ​ခိုးဝင်​ဘင်္ဂလီအဖြစ်​ မမှန်​မကန်​ စွပ်​စွဲ၍ နောက်​ထပ်​ အနိုင်​မကျင့်​ပါနဲ့လား။ မြန်​မာ့ထွက်​ကုန်​ မြန်​မာနိုင်​ငံက ကျ​နော်​ ရိုဟင်​ဂျာသားမှာ အဲ့လို မဟုတ်​မတရား အ​ခေါ်ခံရတာကို သည်းခံနိုင်​တဲ့ ခံနိုင်​ရည်​ မရှိလို့ပါ။ ကျ​နော်​ ရိုဟင်​ဂျာသားကို မြန်​မာနိုင်​ငံသားဖြစ်​ရတာ ဂုဏ်​ယူခွင့်​​ပေးပါ။




ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
13.6.2015

အဲ့ဒီပွဲပေါ့
×××××

အဲ့ဒီပွဲပေါ့
ငါ့ရင်ခုန်နှုန်းကို မြန်စေခဲ့တာ။

အဲ့ဒီပွဲပေါ့
ငါ့ခန္ဓာပေါ် ချွေးထွက်စေခဲ့တာ။

အဲ့ဒီပွဲပေါ့
နာရီကို ပိုမြန်စေချင်ခဲ့တာ။

အဲ့ဒီပွဲပေါ့
ငါ့အသားတွေကို တုန်ရီစေခဲ့တာ။

အဲ့ဒီပွဲပေါ့
ငါ့နှလုံးသားထဲ ကြည်နူးမှုတွေမွေးဖွားပေးခဲ့တာ။

အဲ့ဒီပွဲပေါ့
အားပါတရ လက်ခုပ်တီးခွင့်ပေးခဲ့တာ။

အဲ့ဒီပွဲပေါ့
အနိုင်ရဲ့အရသာကို စားခွင့်ပေးခဲ့တာ။

အဲ့ဒီပွဲပေါ့
အော်ဟစ်အားပေးရ ကျိုးနပ်စေခဲ့တာ။

အဲ့ဒီပွဲပေါ့
ခုန်ပေါက်ပြေးလွှား အောင်ပွဲခံခွင့်ပေးခဲ့တာ။

အဲ့ဒီပွဲပေါ့
ငါ့အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့တာ။

အဲ့ဒီပွဲပေါ့
မြန်မာ့အလံကို အမြတ်တနိုးဝှေ့ခွင့်ပေးခဲ့တာ။

အဲ့ဒီပွဲပေါ့
ငါ့မျက်လုံးကို အပျော်မျက်ရည်ပြည့်စေခဲ့တာ။

အဲ့ဒီပွဲပေါ့
မြန်မာနိုင်ငံသားဖြစ်တာကို ဂုဏ်ယူစေခဲ့တာ။

---------
##၂၀၁၅ ခုနှစ် ဇွန်လ (၁၃) ရက်နေ့၊ ဆီးဂိမ်ပြိုင်ပွဲ၌ ဗီယမ်နမ် ယူ-၂၃ ဘောလုံးအသင်းကို ထိုက်ထိုက်တန်တန် အနိုင်ယူခဲ့သော မြန်မာ ယူ-၂၃ ဘော်လုံးအသင်းကို ဂုဏ်ပြု၍ ရေးဖွဲ့လိုက်သည်။

ရခိုင်ပြည်နယ်တွင်း ဒုက္ခသည် စခန်းတွေကို သွားရောက် လေ့လာခဲ့သူ အမေရိကန် ရုပ်ရှင် မင်းသား Matt Dillon (မေ ၂၉၊ ၂၀၁၅)

ဗွီအိုအေမြန်မာပိုင်း
12.6.2015

ကုလသမဂ္ဂရဲ့အဆို ရခိုင်ပြည်နယ်၊ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ ထဲမှာ လူသားချင်း စာနာမှု အကူအညီတွေ ဘယ်လောက် အထိ လိုအပ်နေတယ် ဆိုတာ ကမ္ဘာက သိစေချင်တယ်လို့ သိပ်မကြာခင် တုန်းကပဲ ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေ ထဲကို သွားရောက် ခဲ့တဲ့ အမေရိကန် ဟောလိဝုဒ် မင်းသား Matt Dillon က ပြောပါတယ်။

"ဒီဒုက္ခသည်စခန်းတွေဟာ ပူလောင်ခြောက်သွေ့ပြီး သစ်ပင်ဆိုလို့ တပင်မှ မရှိကြောင်းနဲ့ ရွေးချယ်ခွင့်သာရှိမယ်ဆိုရင် အဲဒီလိုနေရာမျိုးကို ဘယ်သူမှ နေချင်ကြမှာမဟုတ်ကြောင်း၊ ဒုက္ခသည်တွေအတွက် ကျန်းမာရေးဆိုင်ရာ အထောက် အပံ့တွေ အလုံအလောက် မရှိတဲ့အကြောင်း၊ Matt Dillon က ၀ါရှင်တန်မြို့တော်က အမျိုးသားသတင်းထောက်များ အသင်းမှာ ပြောသွားပါတယ်။

ဟောလိဝုဒ် မင်းသား Dillon ဟာ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲက လူသားချင်း စာနာမှု လိုအပ်နေတဲ့ အခြေအနေတွေကို မီးမှောင်းထိုးပြတဲ့ အနေနဲ့ ဒီလအစောပိုင်းတုန်းကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာပါ။ မြန်မာနိုင်ငံတွင်းဆိုးရွားတဲ့ အခြေအနေတွေကြောင့် ရိုဟင်ဂျာဒုက္ခသည် အများအပြားဟာ ပင်လယ်ထဲမှာ စက်လှေတွေနဲ့ အသက်စွန့် ဖြတ်ကျော်ပြီး အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ခွာနေကြတယ်လို့ ဆိုပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကလည်း မြန်မာအစိုးရကို ဝေဖန်ပြောဆိုနေကြပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရကတော့ ပင်လယ်တွင်း လှေစီးဒုက္ခသည်တွေ ဟာ နိုင်ငံတကာက ပြောသလို ရိုဟင်ဂျာ ဒုက္ခသည်တွေ မဟုတ်တဲ့အကြောင်း တုံ့ပြန်ထားပြီး မြန်မာ့ ရေပိုင်နက်တွင်းမှာကိုပဲ တွေ့ရှိ ကယ်တင်ခဲ့ရတဲ့ လှေစီးပြေး ၉၀၀ ကျော် ရှိခဲ့တဲ့အကြောင်းနဲ့ သူတို့ကို စိစစ်မှုတွေလုပ်ပြီး မူရင်းထွက်ခွာလာရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပြန်လည် ပို့ပေးနေတယ်လို့လည်း ပြောဆိုထားပါတယ်။

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကြစဉ်။

12.6.2015

ရိုဟင်ဂျာ မွတ်စလင် တွေကို ဖိနှိပ်နေတဲ့ မြန်မာ နိုင်ငံကို အာဆီယံ နိုင်ငံများ အဖွဲ့ကနေ ထုတ်ပယ် သင့်တယ်လို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ဒီနေ့ ပြောကြား လိုက်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလာမ်ပူ မြို့တော်မှာ ပြုလုပ်တဲ့ ရိုဟင်ဂျာ မွတ်စလင် အရေး နိုင်ငံတကာ ညီလာခံ အဖွင့် မိန့်ခွန်းမှာ မဟာသီယာက အခုလို ပြောလိုက်တာ ဖြစ်ပြီး မြန်မာလို နိုင်ငံမျိုး အာဆီယံ အဖွဲ့မှာ ထည့်သွင်း ထားတာဟာ အဖွဲ့ နာမည်ပျက် ရုံသာ ဖြစ်ကြောင်း၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးကို ဆက်ကျူးလွန်နေမယ်ဆိုရင် အာဆီယံအဖွဲ့ကနေ ထွက်သွားဖို့လိုကြောင်းလည်း ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို အရေးယူသင့်ပြီး အရေးမယူနိုင်ရင်လည်း မိမိတို့အနေနဲ့ ဖိအားပေးရ မှာ ဖြစ်တယ်လို့လည်း မဟာသီယာက ပြောပါတယ်။ သူ့အနေနဲ့ ရိုဟင်ဂျာအရေးကို ဒေါ်အောင်ဆန်းစုကြည် ကို ဆောင်ရွက်ပေးဖို့ စာရေးသားပေးခဲ့ပေမယ့် ဘာအကြောင်းပြန်ချက်မှ မရခဲ့ကြောင်း၊ ဒါ့ကြောင့် ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ကံကြမ္မာကို ပြည်ပကသာ အကာကွယ်ပေးဖို့ ရှိတော့ကြောင်းလည်း သူက ပြောပါတယ်။

အာဆီယံရဲ့ ပြည်တွင်းရေး ဝင်မစွက်ရေးမူဝါဒဟာ အကန့်သတ်ရှိပြီး လှေစီးဒုက္ခသည်အရေး မြန်မာက မဆောင်ရွက်သရွေ့ အဆုံးသတ်ဖို့ မရှိကြောင်း၊ ပြည်တွင်းရေး ဝင်မစွက်ရေးမူဝါဒကို မြန်မာနိုင်ငံက ချိုးဖောက်နေကြောင်းလည်း မဟာသီယာက စွပ်စွဲပြောဆိုပါတယ်။

မဟာသီယာဟာ မလေးရှားနိုင်ငံခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ၁၉၉၇ ခုနှစ်မှာ အာဆီယံအဖွဲ့ထဲဝင်ရောက်ဖို့ ဦးဆောင်လက်ခံခဲ့သူ ဖြစ်ပါတယ်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပုံ

RFA မြန်မာပိုင်း
12.6.2015

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မာန်အောင် မြို့နယ် ကနေ ပြည်နယ် လွှတ်တော် ကိုယ်စား လှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် ရခိုင် အမျိုးသား ပါတီ ANP ဥက္ကဌ ဒေါက်တာ အေးမောင်ကို ဒေသခံ ပါတီဝင် တွေက မကျေနပ် တာကြောင့် လာမယ့် ဇွန်လ ၁၇ ရက်နေ့မှာ ဆန္ဒပြဖို့ ဒီနေ့ ခွင့်ပြုချက် တင်လိုက် ပါတယ်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းကို မြို့ခံတွေထဲက လူတွေကိုသာ ဝင်ရောက်ယှဉ်ပြိုင်စေလိုတာကြောင့် ဆန္ဒပြမှာဖြစ်တယ်လို့ ဒေါက်တာအေးမောင်ကို ရှုံးနိမ့်သွားခဲ့တဲ့ မာန်အောင်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP ဗဟိုကော်မတီဝင် ဦးတင်ရွှေက ပြောပါတယ်။

"ကျနော်တို့ ၁၇ ရက်နေ့ပြဖို့အတွက် တင်လိုက်တယ်၊ စီစဉ်လိုက်တော့ လွှတ်တော်က ဒေါက်တာ အေးမောင်က ဝင်ပြီးရင် သူကလုပ်တယ်လေ၊ အဲ့ဒီဟာကို ပြည်သူတွေကလည်း ပါတီဝင်တွေကလည်း မကျေနပ်ဘူးပေါ့နော် ၊ ဒေသခံရှိရဲ့သားနဲ့ ဒေသခံမဟုတ်ပဲနဲ့ တစ်ဘက်မြို့နယ်က လာပြီးရင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လုပ်တဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ပြည်သူကမကျေနပ်လို့ တင်တာပါ"

မာန်အောင်မြို့နယ်မှာ ANP ပါတီတွင်း ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး အမှတ် ၂ မဲဆန္ဒနယ်အတွက် ဒေါက်တာအေးမောင်နဲ့ ဗဟိုကော်မတီဝင် ဦးတင်ရွှေတို့ ဝင်ရောက်ရွေးချယ်ခံရာ မှာ ဒေါက်တာအေးမောင်က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ပါတီတွင်း ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဦးတင်ရွှေ ဦးဆောင်ပြီး မြို့ပေါ်မှာရှိတဲ့ ရခိုင်အမျိုးသား ပါတီဝင်တွေအပြင် ကျီးညို၊ မင်းပြင်၊ ပုံးဆိုးကြီးစတဲ့ ကျေးရွာတွေက ဒေသခံ၂ဝဝ လောက် ပါဝင်မယ်လို့လည်း သိရပါတယ်။

အဲ့ဒီလို ကန့်ကွက်မှုနဲ့ပတ်သက်ပြီး ဒေါက်တာအေးမောင်ရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာတော့ သူ့အပေါ်ကန့်ကွက်သူနဲ့ ထောက်ခံသူတွေ ဒွန်တွဲရှိနေနိုင်တာကြောင့် ဒီကိစ္စအပေါ် အထူးတလည်ဖြေရှင်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒေါက်တာအေးမောင်ဟာ ရသေ့တောင်မြို့ဇာတိဖြစ်ပြီး လက်ရှိစစ်တွေမြို့မှာ နေထိုင်နေသူဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံထားရသူဖြစ်ပါတယ်။



MYARF
RB News
11.6.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အနောက် ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုတ်ကျလျက် ရှိသော ဘုရားရုပ်ပုံ ကားချပ် တစ်ခုကို ပြန်တင်ပေးနေသာ သတ္တမတန်း ရိုဟင်ဂျာ ကျောင်းသား နှစ်ဦးကို ဆရာမတစ်ဦးက မြင်တွေ့သွားပြီး ဘုရားပုံတော်ကို စော်ကားခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဆရာမကြီးမှ တဆင့် အဆင့်ဆင့် တိုင်ကြားရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ ထိုမှတဆင့် ရဲစခန်းထိ တိုင်ကြားပြီး ကျောင်းသား နှစ်ဦးကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၁၀) ရက်နေ့ နေ့လည် ၁၂ နာရီကျော် အချိန်တွင် သတ္တမတန်း (B) ရှေ့၌ ကပ်ထားသော ဘုရားရုပ်ပုံ ကားချပ်သည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျနေသဖြင့် ထိုအခန်းမှ ရိုဟင်ဂျာ ကျောင်းသား ကလေးနှစ်ဦးက ကောက်ယူပြီး ပြန်ချိတ်ပေးရာ ဘုရားပုံတော်သည် ၎င်းတို့၏ လက်မှ မတော်မဆ လွတ်ကျသွားသည်ကို ဆရာမ တစ်ဦးက မြင်တွေ့သွားပြီး ထိုဘုရားပုံ ကားချပ်ကို ခြေဖြင့် နင်းသည်ဟု ဆိုကာ ချက်ချင်းပင် တာဝန်ခံ ဆရာမကြီးကို တိုင်တန်းခဲ့သည်။ ထို့နောက် အဆိုပါ ကျောင်းသား နှစ်ဦးကို ဆရာမကြီး၏ ရုံးခန်းသို့ ခေါ်ယူသွားပြီး၊ ဆရာမကြီးမှ တဆင့် ပညာရေးမှူးရုံး၊ ထိုမှတဆင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တဆင့်ပြီးတဆင့် ချက်ချင်းဆိုသလိုပင် တိုင်ကြားပြီးနောက် မြို့နယ် ဒု-အုပ်ချုပ်ရေးမှူးနှင့် ရဲအချို့ ကျောင်းသို့ လိုက်လာခဲ့သည်။ အဆိုပါ ကျောင်းသားများ၏ မိဘများကိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှ တဆင့် ကျောင်းသို့ ဆင့်ခေါ်ပြီး ခြိမ်းခြောက်၍ စုံစမ်း စစ်ဆေးခဲ့ရာ စွပ်စွဲခံရသည့် ကျောင်းသားများက ဘုရားပုံတော်ကို ခြေဖြင့် နင်းခဲ့ခြင်း မဟုတ်ကြောင်း၊ ပြုတ်ကျနေသဖြင့် ပြန်တင်ပေးရာတွင် မတော်မဆ လက်မှ လွတ်ကျသွားခဲ့ခြင်းသာ ဖြစ်ကြောင်း ဆိုကာ အကျိုးအကြောင်းကို မှန်မှန်ကန်ကန် ရှင်းပြ ပြောဆိုခဲ့သည်။ သို့သော် အခြား ကျောင်းသားများကို ခေါ်ယူ စစ်ဆေးရန် ရှိသည်ဟု ဆိုသည်။ ထိုသို့ စုံစမ်း စစ်ဆေးနေစဉ် ရခိုင်လူမျိုး အချို့က အတင်းအဓမ္မ ၀န်ခံရန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု ကျောင်းသား မိဘတစ်ဦးထံမှ စုံစမ်း သိရှိရပါသည်။

မဟုတ်မမှန် လုပ်ကြံ စွပ်စွဲခံရပြီး ခေါ်ယူ စစ်ဆေးခံရသော ကျောင်းသား နှစ်ဦးမှာ --

(၁) မောင်အာယာတူလ္လာ (ဘ) ဦးဆိုက်ဖုလ်အစ္စလာမ် -- (အသက် ၁၃ နှစ်)
(၂) မောင်မုစ်တာဖာကာမာလ် (ဘ) ဦးဆုလ်တာန် -- (အသက် ၁၃ နှစ်) -- တို့ဖြစ်သည်။

မောင်ယာဟာယာ (ဘ) ဦးဆွေယောတ်နူရ် (အသက် ၁၃ နှစ်) ကိုလည်း ခေါ်ယူ စစ်ဆေးရန် ဆင့်ခေါ် ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဖြစ်ပွားခဲ့သည့် လုပ်ကြံ စွပ်စွဲမှုကို သုံးသပ်ရလျှင် ဘူးသီးတောင် မြို့နယ်တွင် ၂၀၁၄-၁၅ ခုနှစ် ပညာသင်နှစ်၌ ရိုဟင်ဂျာ မိန်းကလေး တစ်ဦး ၆ ဘာသာ ဂုဏ်ထူးဖြင့် ထူးထူးချွန်ချွန် အောင်မြင်ခဲ့သည်ကို မကျေနပ်၍ ကျောင်းအတွင်း ပြဿနာ ပေါ်ပေါက်လာစေရန် ဆရာမ ကိုယ်တိုင် ဖန်တီးခြင်း ဖြစ်သည်။

အဆိုပါ အထက်တန်းကျောင်းတွင် ရခိုင်လူမျိုး ကျောင်းသားများကို အခန်း (A)၊ ရိုဟင်ဂျာ ကျောင်းသားများကို အခန်း (B) တွင် သီးခြား ခွဲထားပြီး သင်ပြနေခြင်း ဖြစ်သည်။ ဆရာ၊ ဆရာမများက အခန်း (A) တွင်သာ စာကို ကောင်းမွန်စွာ သင်ပြနေတတ်ပြီး ရိုဟင်ဂျာ ကျောင်းသားများ၏ အခန်း (B) ကိုမူ ၀တ်ကျေတန်းကျေသာ သင်ပြ နေတတ်သည်။

(ဓါတ်ပုံ - မောင်တော Facebook)

MYARF
RB News
10.6.2015

မောင်တော ။ ။ ဇွန်လ (၅) ရက်နေ့ နံနက် တစ်နာရီခန့် အချိန်တွင် ရခိုင်ပြည်နယ် မောင်တော မြို့နယ်၊ မြို့မ စည်ပင်သာယာ ဈေးကြီး အတွင်း ဆိုင်တန်း အမှတ် 6-E တွင် မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်။ မီးသည် ဆိုင်အမှတ် 6-E-9 မှ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး၊ 6-E 10, 11, 12, 7, 6 -- ဆိုင်ခန်း ၆ ခန်း မီးလောင် ပျက်စီးခဲ့ရသည်။ 6-E တန်းတွင် ဆိုင်ခန်း ၁၆ ခန်း ရှိသည့် အနက် ၆ ခန်း မီးလောင် ပျက်စီး သွားခဲ့ပြီး ကျန်သည့် ၁၀ ခန်း အနက် ၉ ခန်းမှာ ရခိုင်အစွန်းရောက် များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ဖောက်ထွင်း လုယက်ခြင်းကို ခံခဲ့ရသည်။ ကျန်သည့် ဆိုင်ခန်း 6-E-8 မှာ ဟိန္ဒူလူမျိုး ပိုင်ဆိုင်သည့် ဆိုင်ခန်း ဖြစ်၍ မည်သူမှ လုယက်ခြင်း မပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့သည်။ မီးလောင် ပျက်စီးခြင်း၊ လုယက်ခြင်း ခံရသည့် ဆိုင်ခန်း (၁၅) ခန်းမှာ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ဆိုင်ခန်းများ ဖြစ်သည်။

မီးလောင်ခံရသည့် ဆိုင်ခန်း ၆ ခန်းမှာလည်း မီးလောင်ခြင်းကြောင့် လုံးဝ ပျက်စီးသွားခြင်း မဟုတ်ဘဲ ကုန်ပစ္စည်း အချို့သာ မီးလောင် ပျက်စီးခံရပြီး၊ ကျန်ပစ္စည်းများမှာ ရခိုင် အစွန်းရောက်များနှင့် နယ်ခြားစောင့် ရဲများ၏ လုယက်ခြင်းကို ခံခဲ့ရသည်။ ရခိုင်အစွန်းရောက်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်ရဲများက ဆိုင်ခန်းများမှ ပစ္စည်းများ လုယက် နေစဉ် စစ်သားများ ရောက်ရှိလာ၍ ဆိုင်ခန်း အချို့တွင် ပစ္စည်းများ အနည်းငယ် ကျန်ရစ်ခဲ့သည်။ သို့သော်လည်း ၎င်းပစ္စည်းများမှာ ဆိုင်ခန်းထဲတွင် ကျန်ရစ် နေခြင်းမဟုတ်ဘဲ ဆိုင်ရှေ့လမ်းမပေါ်တွင် ရောက်ရှိနေခဲ့သည်။

မီးသတ်ကား ရောက်လာခဲ့သော်လည်း ပုံမှန်အတိုင်း မီးမသတ်ဘဲ ရေအနည်းငယ် လောင်းကာ ရေကုန်သွားသည်ဟု ဆိုကာ ပြန်သွားခဲ့သည်။ မီးသတ်ကားများ ထပ်မံ ရောက်ရှိလာခဲ့သော်လည်း မီးမသတ်ဘဲ ရပ်နေခဲ့ကြသည်။ စစ်တပ်များ ရောက်ရှိလာပြီး နောက်ပိုင်းတွင်သာ မီးသတ်ခဲ့ကြသည်။

နံနက် ၁၁ နာရီ အချိန်ထိ ဈေးကြီး တံခါးများ ပိတ်ထားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် များမှ အပ မည်သူ တစ်ဦး တစ်ယောက်ကိုမှ ၀င်ရောက်ခွင့် မပြုခဲ့ပေ။ နံနက် ၁၁ နာရီ အချိန်တွင် 6-E ဆိုင်တန်းရှိ ဈေးဆိုင် ပိုင်ရှင် ၁၆ ဦးကို ဈေးထဲသို့ ခေါ်သွင်းကာ မိမိတို့၏ ဆိုင်ခန်းရှေ့တွင် ရပ်စေ၍ အာဏာပိုင်များက ဓါတ်ပုံ ရိုက်ယူပြီးနောက် ဆိုင်အတွင်းရှိ မီးစမီးကျန်များကို ထုတ်ယူစေခဲ့သည်။

မြို့မ စည်ပင်သာယာဈေးတွင် ညစောင့် (၈) ဦးရှိပြီး၊ ၎င်းတို့မှာ ရခိုင်လူမျိုးများ ဖြစ်သည်။ ဈေးကို နံနက် ၆ နာရီ အချိန်တွင် အ၀င် တံခါးဖွင့်ပြီး ညနေ ၆ နာရီ အချိန်တွင် တံခါးပိတ်သည်။ သို့ဖြစ်၍ ဈေးဆိုင် ရောင်းချသူများမှာ ညနေ ၅း၃၀ နာရီ အချိန်တွင် ဆိုင်သိမ်း၍ ဈေးအပြင်သို့ ထွက်ရသည်။ ဈေးထဲတွင် မီးထွန်းခွင့်လည်း မပြုပေ။ ထိုသို့သော အခြေအနေမျိုးတွင် ညသန်းခေါင်ယံ အချိန်၌ ဆိုင်ခန်း မီးလောင်သည်မှာ အံ့သြဖွယ် ကောင်းလှသည်ဟု ဈေးဆိုင် ပိုင်ရှင်များက ပြောပါသည်။ ဈေး၏ ပတ်ပတ်လည်တွင် ရခိုင်လူမျိုးများသာ နေထိုင်ကြသည်။ မောင်တောမြို့တွင် မကြာခဏ ဆိုသလို ရိုဟင်ဂျာ ဆိုင်ခန်းများ မီးလောင်ခံ နေရခြင်းကြောင်း ရိုဟင်ဂျာများ ဆိုင်ရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုရန်ပင် ကြောက်ရွံနေကြသည်။

ဒေသခံ ရိုဟင်ဂျာများနှင့် အချို့သော စိတ်သဘောထား ပြည့်ဝသည့် ရခိုင် လုပ်ငန်းရှင်များက ရခိုင်အစွန်းရောက် များနှင့် ညစောင့် (၈) ဦးတို့ ပူးပေါင်း၍ ရိုဟင်ဂျာများ၏ လုပ်ငန်းများကို စနစ်တကျ ဖျက်ဆီး နေခြင်းသာ ဖြစ်သည်ဟု ဝေဖန် ပြောဆို နေကြသည်။

ဇွန်လ (၃) ရက်နေ့ ညပိုင်းတွင်လည်း ရခိုင် အစွန်းရောက် အချို့က ၎င်းတို့ သိကျွမ်းသော ရိုဟင်ဂျာ ဈေးဆိုင် ပိုင်ရှင်များထံ ဖုန်းဆက်၍ ဆိုင်ခန်း မီးလောင် နေသည်ဟု ပြောဆိုခဲ့သည်။ ဤသည်ကို ကြည့်ခြင်း အားဖြင့် ရခိုင် အစွန်းရောက်များက ဇွန်လ (၃) ရက်နေ့ ညပိုင်းတွင်လည်း ဈေးဆိုင်ခန်းများ မီးရှို့ရန် စီစဉ် ထားခဲ့သည်ဟု သုံးသပ်နိုင်သည်။

မီးလောင်ခြင်းနှင့် ပတ်သက်၍ မောင်တော ရဲစခန်းမှ ဒုရဲအုပ် ၀င်းထွန်းဦး (အမှုစစ်) နှင့်အဖွဲ့က 6-E ဆိုင်တန်းမှ ဆိုင်ရှင် တစ်ဦးထံမှ ငွေကျပ် ၄ သိန်း ညှစ်ယူပြီး အခြား (၇) ဦးကိုလည်း ခြိမ်းခြောက်၍ ငွေညှစ်နေကြောင်း သိရသည်။

ဇွန်လ (၈) ရက်နေ့တွင် ဒုရဲအုပ် ၀င်းထွန်းဦးနှင့် အဖွဲ့သည် ဆိုင်မီးလောင်ခံရသည့် ဆိုင်တန်းမှ 6-E-13 ဆိုင်ရှင် ရွှေဇား ရွာသား ဦးဇော်လာလ် (ဘ) ဦးနော်ဇိရ်အာမတ် ကိုခေါ်၍ ငွေညှစ်ရာ ဦးဇော်လာလ်က ငွေမပေးသဖြင့် ဒုရဲအုပ် ၀င်းထွန်းဦးက ငွေမပေးပါက မီးပေါ့ဆမှုနှင့် ထောင်ချခံရမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့သည်။ ထို့နောက် ယင်းနေ့တွင်ပင် 6-E ဆိုင်တန်းမှ အခြားဆိုင် ပိုင်ရှင်များ ဖြစ်သည့် --

(၁) ဦးမာမတ်အစ္စလာမ် (ဘ) ဦးနူရ်မာတ် (ဆိုင်အမှတ် 6-E-13 ရွှေဇားကျေးရွာသား)
(၂) ဦးဇော်လာအာမတ် (ဘ) ဦးမောန်အလီ (ဆိုင်အမှတ် 6-E-12 ရွှေဇားကျေးရွာသား)
(၃) ဦးအီဆုဖ် (ဘ) ဦးမောဂုလ်အာမတ် (ဆိုင်အမှတ် 6-E-11 ရွှေဇားကျေးရွာသား)
(၄) ဦးဟူဆောင်းအာမတ် (ဘ) ဦးအာမာန်အုလ္လာ (ဆိုင်အမှတ် 6-E-3 အမှတ် (၅) ရပ်ကွက်သား)
(၅) ဦးအေဆန်အိုလောက် (ဘ) ဦးဒိလ်မာမတ် (ဆိုင်အမှတ် 6-E-4 ရွှေဇားကျေးရွာသား)
(၆) ဦးအာဆောဒူလ္လာ (ဘ) ဦးဇိုင်တူဆောင်း (ဆိုင်အမှတ် 6-E-5 ရွှေဇားကျေးရွာသား)
(၇) ဦးအာနိုစ်အုလ္လာ (ဘ) ဦးဖော်ဇောလ်အာမတ် (ဆိုင်အမှတ် 6-E-6) --

တို့ထံမှလည်း ဒုရဲအုပ် ၀င်းထွန်းဦးနှင့် အဖွဲ့က ခြိမ်းခြောက်၍ ငွေတောင်းခံလျက် ရှိကြောင်း သိရသည်။ အကယ်၍ ငွေမပေးပါက မီးပေါ့ဆမှုနှင့် အရေးယူခံရမည်ဟု ခြိမ်းခြောက်လျက် ရှိသည်။ သို့သော် ဆိုင်ရှင်များက ငွေမပေးလို၍ ဒုရဲအုပ် ၀င်းထွန်းဦးနှင့် တွေ့ဆုံခြင်း မရှိကြောင်း သိရှိရပါသည်။



MYARF
RB News
10.6.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဖရုံချောင်း ပြိုင်းတောင်ရွာမှ စစ်တပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့၏ သတင်းပေး ဦးဆော်လီမူလ္လာ (ဘ) ဦးအီမာန်ဟူစိန်းက ၎င်းကျေးရွာတွင် ရွာသူကြီး ပုံစံဖြစ်လျက် ရှိပြီး ဒေသခံများကို ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်။ ရွာသားများကို ၎င်း၏ အိမ်ွင် အလုပ်လုပ်ခိုင်းကာ လုပ်အားခ မပေးဘဲ လုပ်ခတောင်းလျှင်လည်း လုပ်အားခ ပေးခိုင်းသည်ဟု လိမ်ညာ ပြောကာ၊ အပြန်အလှန် စကားအချေအတင် ပြောဆိုသူများကို စစ်တပ်နှင့် နယ်ခြားစောင့် ရဲများနှင့် ဖမ်းဆီးစေမည်ဟု ခြိမ်းခြောက်ခြင်း၊ အချို့ကို ရိုက်နှက်ခြင်း၊ အချို့ထံမှ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

လွန်ခဲ့သည့် မေလ နောက်ဆုံးပတ်တွင် ဖရုံချောင်း ပြိုင်းတောင်ရွာမှ ကော်လီမူလ္လာ (ဘ) ဦးဘော်ဒီအာလောမ်နှင့် အီနုစ် (ဘ) ဦးနော်ဇိရ်အာမတ် တို့အပါအ၀င် ဒေသခံ (၁၀) ဦးကို တစ်နေ့ လုပ်ခ ၄၀၀၀ ကျပ်စီ ပေးမည်ဟု ဆိုကာ ဂူတာပြင် ကျေးရွာရှိ မြို့နယ် အုပ်ချုပ်ရေးမှူးပိုင် ရေကန်ကို တစ်နေကုန် တူးစေ၍ ညနေချိန်တွင် လုပ်အားပေးခိုင်သည်ဟု ဆိုကာ လုပ်အားခ မပေးခဲ့ကြောင်း သိရသည်။ ခိုင်းစေခံရသူ ၁၀ ဦးထဲမှ နှစ်ဦးက ငွေပေးရမည်ဟု ပြောဆိုသဖြင့် ၎င်းတို့ နှစ်ဦးကို ရိုက်နှက်ခဲ့သည်။

မေလ (၂၄) ရက်နေ့ ည ၈ နာရီ အချိန်တွင် မုဆိုးမ တစ်ဦး ဖြစ်သည့် ဒေါ်ရာဘီယာခါတူ၏ သား အီဆုဖ် (အသက် ၁၄ နှစ်) ကို ကင်းစောင့် နေစဉ် ဦးဆော်လီမူလ္လာက ၎င်း၏ နေအိမ်သို့ ခေါ်ဆောင်သွားပြီး ဒေါ်ရာဘီယာခါတူအား ငွေတစ်သိန်း နှင့်အတူ လာရောက်၍ ရွေးယူရန် ဆင့်ခေါ်ခဲ့သည်။ အီဆုဖ်၏ မိခင်ဖြစ်သူက ဦးဆော်လီမူလ္လာသည် အရက်သေစာ သောက်သုံးသူ ဖြစ်၍ ညအချိန်တွင် မသွားသင့်ဟု ဆိုကာ မေလ (၂၅) ရက်နေ့ နံနက်ချိန်တွင် သွားတွေ့ရာ ညပိုင်းတွင် မလာခဲ့ဟု ဆိုကာ ဆဲဆိုပြီးနောက် သားဖြစ်သူ အီဆုဖ်ထံတွင် ဘင်္ဂလားဖုန်း ရှိသည်ဟု သတင်း ရရှိထားသဖြင့် ငွေကျပ် တစ်သိန်း ပေးရန် လိုအပ်ကြောင်း ပြောခဲ့သည်။ ဒေါ်ရာဘီယာခါတူက မိမိသည် အလွန်ဆင်းရဲသူ ဖြစ်၍ ငွေကျပ် တစ်သိန်း မတတ်နိုင်ဟု ဆိုကာ ငွေမပေးဘဲ ပြန်ထွက်သွား ခဲ့သည်။ ဦးဆော်လီမူလ္လာက သူမအား သတ်မည်၊ ဖမ်းမည်၊ အိမ်တွင် WY မူးယစ်ဆေးဝါး ထည့်၍ စစ်တပ်ခေါ်လာပြီး ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်သည့် အပြင်၊ ဓါးတစ်လက်ကိုင်ကာ ဒေါ်ရာဘီယာခါတူ၏ အိမ်သို့ အကြိမ်ကြိမ် သွားရောက်၍ သတ်ရန် ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ဦးဆော်လီမူလ္လာ၏ ခြိမ်းခြောက်မှုကြောင့် ဒေါ်ရာဘီယာခါတူမှာ မိမိ၏ နေအိမ်တွင် မနေရဲတော့ဘဲ အခြားရွာရှိ ဆွေမျိုးများ အိမ်တွင် ပုန်းအောင်းနေရသည်ဟု ဆိုသည်။

မေလ (၂၆) ရက်နေ့တွင် ဖရုံချောင်း ပြိုင်းတောင်ရွာမှ ကွမ်းယာရောင်းသူ ဟူဆောင်း (ဘ) ဦးဘော်ဒီအာလောမ် (အသက် ၃၂ နှစ်) က သူငယ်ချင်း တစ်ဦး၏ ဖုန်းမှ သီချင်း ကူးယူခဲ့ရာ ဦးဆော်လီမူလ္လာက အခြားသူ၏ ဖုန်းမှ သီချင်း ကူးယူခဲ့သည်ဟု ဆိုကာ ငွေကျပ် နှစ်သိန်း တောင်းခံလျက် ရှိသည်။ ဆယ်အိမ်မှူး ဦးမော်တော်လောဖ်နှင့် ဦးအီဆုဖ် တို့ကို အကြိမ်ကြိမ် စေလွှတ်၍ ငွေတောင်းခံသော်လည်း ဟူဆောင်းက ငွေမပေးခဲ့ကြောင်း၊ သို့ဖြစ်၍ ဦးဆော်လီမူလ္လာက ဟူဆောင်း၏ နွားရုံတွင် WY မူးယစ်ဆေးဝါး ထည့်၍ စစ်တပ်ဖြင့် ဖမ်းဆီးစေမည်ဟု ခြိမ်းခြောက်လျက် ရှိသည်။ ထိုသို့ ဒေသခံ ရွာသားများကို နေ့စဉ် ကျွန်သဖွယ် ပြုလုပ်လျက် ရှိသဖြင့် အထက် အာဏာပိုင်များက အရေးယူ ဆောင်ရွက် ပေးရန် အထူးလိုလားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



MYARF
RB News
10.6.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သင်္ဘောကွေ့ ကျေးရွာမှ မြို့မ ကညင်တန်း ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်သော အောင်သစ္စာ တည်းခိုခန်း ပိုင်ရှင်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး တို့၏ အမာခံ သတင်းပေး နေဇာမ်နှင့် ၎င်း၏ သားကြီး အာယာစ် တို့က လွန်ခဲ့သည့် ၃ လ ခန့်တွင် ဘင်္ဘောကွေ့ ကျေးရွာမှ ကလေး၊ အမျိုးသမီးများ အပါအ၀င် ဒေသခံ အချို့ကို မလေးရှားနိုင်ငံသို့ ပို့ပေးမည်ဟု ဆိုကာ ငွေကျပ် ၁၀ သိန်းစီ ယူပြီး ထိုင်းနိုင်ငံသို့ ရောက်လျှင် နေဇာမ်၏ တူအရင်း ဖြစ်သော မလေးရှားနိုင်ငံတွင် နေထိုင်သည့် ဆော်လီမူလ္လာ (ဘ) ဦးဆုရ်အလီက လာရောက် ခေါ်ယူသွားမည်၊ မလေးရှားနိုင်ငံသို့ ရောက်လျှင် ကျန်ငွေ ၁၀ သိန်းစီ ပေးရန်ဟု ဆိုကာ နေဇာမ်၏ သား အာယာစ်က ၎င်းပိုင်ကားဖြင့် ပညောင်ပင်ကြီး ကျေးရွာသို့ ခေါ်ဆောင်သွားပြီး ထိုမှတဆင့် စက်လှေပေါ်ရှိ လူကုန်ကူးပွဲစား များထံ ရောင်းချခဲ့သည်။

လူကုန်ကူး ပွဲစားထံ ရောင်းချခံရသူများမှာ --

(၁) ဆုလ်တာန် (ဘ) ဦးအီဆုဖ်အလီ
(၂) ဒေါ်ဟာဆီနာ (ဘ) ဦးဆုလ်တာန် နှင့် ကလေး (၄) ဦး
(၃) ဒေါ်ဇုရ်ဂျာနီ (ဘ) ဦးဆုလ်တာန် နှင့် ကလေး (၁) ဦး
(၄) အေရှားဒုလ္လာ (ဘ) ဦးလေဒူး
(၅) အေကေရာမ်အုလ္လာ (ဘ) ဦးလေဒူး
(၆) ဒေါ်လှဘာနူ (ဘ) ဦးဇာဖောရ် နှင့် ကလေး (၁) ဦး
(၇) ဇိုင်တူဆောင်း (ဘ) ဦးဆီရာဇူ
(၈) ဆော်ယော်ဒူလ္လာ (ဘ) ဦးအဒူဆူဗာန် -- တို့ဖြစ်သည်။

၎င်းတို့ထဲမှ ဇိုင်တူဆောင်း ဆိုသူမှာ ပွဲစားများ၏ ရက်စက်မှုဒဏ်နှင့် ငတ်မွတ်မှုဒဏ် မခံနိုင်၍ စက်လှေပေါ်တွင် သေဆုံး ခဲ့ရကြောင်း သိရသည်။ ဆော်ယော်ဒူလ္လာသည် ငွေမရှိ၍ လယ်မြေ ၂.၂၀ ဧကကို နေဇာမ်အား ပေးခဲ့သည်။ ယခုအချိန်တွင် လူကုန်ကူး ပွဲစားထံ ရောင်းချခံရသူများမှာ မလေးရှားနိုင်ငံသို့ မရောက်ဘဲ အင်ဒိုနီးရှား နိုင်ငံတွင် ထိန်းသိမ်း ခံနေရကြောင်း သိရ၍ ၎င်းတို့၏ မိသားစုများက နေဇာမ်အား ပေးခဲ့သော ငွေကျပ် ၁၀ သိန်းစီ ပြန်တောင်းကြရာ နေဇာမ်က ငွေပြန် မပေးဘဲ ၎င်းတို့၏ မိသားစုများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များဖြင့် ဖမ်းဆီး စေ၍ ထောင်ချမည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် နေဇာမ်၏ သား အာယာစ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ် ရှေ့မှ ကားမောင်း၍ ဖြတ်သန်း သွားနေစဉ် နယ်ခြားစောင့် ရဲများက ယာဉ်မောင်း လိုင်စင်မရှိ၊ ယာဉ်မှတ်ပုံတင် လိုင်စင် မရှိဟု ဆိုကာ ဖမ်းဆီးခဲ့သည်။ မတ်လ ၁ ရက်နေ့တွင် နေဇာမ်၏ သားဖြစ်သူ အာယာစ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ G-1 ဖြစ်သူက ပြန်လည် လွှတ်ပေးမည်၊ ကားလည်း ပြန်ပေးမည်ဟု ဆိုကာ ငွေကျပ် သိန်း ၁၅၀ ယူခဲ့သည်။ ထို့နောက် မတ်လ ၂ ရက်နေ့တွင် မောင်တော မြို့နယ် တရားရုံးသို့ ပို့ဆောင်၍ ယာဉ်မောင်း လိုင်စင် မပါဘဲ ကားမောင်းသည့် အမှုဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သည်။ မတ်လ ၁၆ ရက်နေ့တွင် တစ်ဖန် မောင်တော မြို့နယ် တရားရုံးမှပင် ယာဉ်မှတ်ပုံတင် လိုင်စင်မဲ့ ကားပိုင်ဆိုင်မှုနှင့် လမ်းပေါ်တွင် မောင်းနှင်မှုဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်။ စုစုပေါင်း ထောင်ဒဏ် တစ်နှစ် ခြောက်လ ချမှတ်ခဲ့သည်ဟု နေဇာမ်၏ ပြောပြချက် အရသိရသည်။ နေဇာမ်က အာဏာပိုင်များနှင့် နှစ်ပေါင်း များစွာကတည်းကပင် ရင်းနှီး ပေါင်းသင်း နေထိုင်လာသည့်ကြားက ဤမျှလောက်ပင် စာနာခြင်းမရှိ၊ ငွေကျပ် သိန်း ၁၅၀ ကုန်သည့် အပြင်၊ ကားလည်း သိမ်းခံရ၊ သားလည်း ထောင်ကျခံရကြောင်း ညဉ်းထွား ပြောဆိုလျက် ရှိကြောင်း သိရသည်။



ဗွီအိုအေမြန်မာပိုင်း
10.6.2015

မြန်မာ့ ပင်လယ်ပြင်မှာ ဖမ်းမိခဲ့ပြီး ရခိုင်ပြည်နယ်မှာ ထိန်းသိမ်း စောင့်ရှောက် ထားတဲ့ လှေစီး ဒုက္ခသည် ၉၀၀ ထဲက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၀ ကို ဇွန်လ ၈ ရက်နေ့က တဘက် နိုင်ငံကို မြန်မာ အစိုးရက ပြန်လည် လွှဲအပ် ခဲ့ပါတယ်။

မြန်မာ အစိုးရရဲ့ ဖိနှပ်မှု ခံနေရတယ် ဆိုတဲ့ ရိုဟင်ဂျာ ဆိုသူတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ပါဝင်တဲ့ လှေစီးပြေး ဒုက္ခသည်တွေ လိုက်ပါလာတဲ့ စက်လှေတွေ ပင်လယ်ပြင်မှာ မျောနေတုန်း မြန်မာရေတပ်က မေလ ၂၁ ရက် ရခိုင်ကမ်းရိုးတမ်း မောင်တောမြို့အနီးမှာ ပထမအသုတ်အဖြစ် လူ ၂၀၀ ကျော် ဖမ်းမိခဲ့သလို၊ မေလ၂၉ ရက်နေ့က ဧရာဝတီတိုင်း ဖျာပုံအနီး ဟိုင်းကြီးကျွန်းနားမှာ လူ ၇၀၀ ကျော်ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို မောင်တောမြို့နယ် တောင်ပြိုလက်ဝဲစခန်းမှာ ထိန်းသိမ်းထားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက စိစစ်ခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ပါဝင်တဲ့အတွက် နေရပ်ရင်းကို ပြန်ပို့ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့ခံရသူ ၁၅၀ အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ အမေရိကန်အစိုးရက တိုက်တွန်းကြောင်း ဇွန်လ ၉ ရက် အင်္ဂါနေ့ အမေရိကန် နိုင်ငံခြားရေးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Jeff Rathke က တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေ့ပြောင်းနေထိုင်သူ ၁၅၀ ကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံကို ပြန်ပို့လိုက်တယ်ဆိုတာကို သိရှိကြောင်း၊ ဒါဟာ ဒီလူတွေအရေးနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်တဲ့ ရလဒ်ဖြစ်ကြောင်း၊ UNHCR နဲ့ IOM လို နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အကန့်အသတ်မရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ကို အမေရိကန် ပြည်ထောင်စုအနေနဲ့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Jeff Rathke က ပြောဆိုသွားတာပါ။

လှေစီးဒုက္ခသည် ၉၀၀ ထဲက ကျန်ရှိသူတွေကိုလည်း စိစစ်ပြီး တဘက်နိုင်ငံသားတွေကို မကြာခင်လွှဲပြောင်းဖို့ ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ လ၀က ဦးစီးဌာနက ဗွီအိုအေနဲ့ ဆက်သွယ်မေးမြန်းစဉ်မှာ ပြောဆိုခဲ့ပါတယ်။ လူကုန်ကူးသူတွေရဲ့ စွန့်ပစ်ခြင်းခံရတဲ့ လှေစီးပြေးဒုက္ခသည် အရေးကြောင့် နိုင်ငံတကာရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေ တိုးလာခဲ့တာ ဖြစ်ပါတယ်။

လှေစီး ဒုက္ခသည် တွေကို ဇွန်လ ၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ပြန်လွှဲပြောင်းစဉ် (ဓါတ်ပုံ - AFP)

10.6.2015

မြန်မာနိုင်ငံ ကနေ ဘင်္ဂလားဒေ့ရှ် နိုငံကို တနင်္လာနေ့က ပြန်ပို့လိုက်တဲ့ လှေစီး ဒုက္ခသည် ၁၅၀ ထဲမှာ ရိုဟင်ဂျာ နှစ်ဦး ပါလာတာ တွေ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် bd news သတင်းက ဖေါ်ပြပါတယ်။

မြန်မာ့ ရေပိုင်နက် အတွင်း တွေ့ရှိခဲ့လို့ ရခိုင်ပြည်နယ်ကို ခေါ်ယူ ကယ်ဆယ် ထားတဲ့ လှေစီး ဒုက္ခသည် ၂၀၀ ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေ စိစစ် စစ်ဆေး ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် တွေ့ရှိခဲ့ရသူ ၁၅၀ ကို နယ်စပ် ကတဆင့် မူလနိုင်ငံကို ပြန်ပို့ ခဲ့ပါတယ်။

မနေ့ကတော့ အဲဒီပြန်ပို့သူတွေထဲက နှစ်ဦးဟာ ရိုဟင်ဂျာတွေ ဖြစ်နေတယ်လို့ သိရတဲ့အတွက် လူမှောင်ခိုမှုနဲ့ ဖမ်းဆီးထားတယ်လို့ bd news သတင်းက ဖေါ်ပြပါတယ်။

ဖမ်းမိသူတွေဟာ အသက် ၂၆ နှစ် နဲ့ ၁၉နှစ်အရွယ် ရိုဟင်ဂျာတွေဖြစ်ကြပြီး၊ တစ်ဦးက ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခုမှာ မှတ်ပုံတင်ထားသူဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးက ပြောပါတယ်။

ဒုက္ခသည်စိစစ်ရေးလုပ်ငန်းကို လွန်ခဲ့တဲ့ တနင်္လာနေ့ညက ပြီးစီးခဲ့ပြီဖြစ်လို့ သူတို့နှစ်ယောက်ကို ရိုဟင်ဂျာတွေလို့ ဘယ်လိုထပ်ပြီး စိစစ်တွေ့ရှိခဲ့သလဲဆိုတာတော့ သတင်းမှာဖေါ်ပြမထားပါဘူး။

ဒိကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ဘင်္ဂလားဒေ့ရှ် ကောက်စ်ဘဇားရဲတပ်ဖွဲ့ က ပြောပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေကို စားနပ်ရိက္ခာ ပေးပို့ရေးအတွက် အမေရိကန် ဒေါ်လာ ၅ သန်းအပါအ၀င် တခြားလိုအပ်တဲ့ အကူအညီတွေပေးမယ်လို့ ပါကစ္စတန်အစိုးရက မနေ့က ကြေညာပါတယ်။

အဲ့ဒီ စားနပ်ရိက္ခာတွေကို ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က တဆင့်ပေးပို့မှာဖြစ်ကြောင်း၊ ဒီအစီအစဉ်ကို ၀န်ကြီးချုပ် န၀ပ်ရှရစ်က အတည်ပြုလိုက်ကြောင်း ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ခဲ့ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေ အတိဒုက္ခရောက်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး၊ ပါကစ္စတန်ရဲ့ ရပ်တည်ချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ ၀န်ကြီးချုပ် န၀ပ်ရှရစ်က စာရေးသား တင်ပြမှာဖြစ်သလို၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုလည်း စာရေးသားပေးပို့မယ်လို့ ဆိုပါတယ်။

ပါကစ္စတန် အထက်လွှတ်တော်ကလည်း ဇွန်လ ၁၂ ရက်နေ့ကို မြန်မာနိုင်ငံက မွတ်စလင်များ နဲ့ သွေးစည်းညီညွတ်ရေးနေ့အဖြစ် သတ်မှတ်သင့်ကြောင်း မနေ့က ဆုံးဖြတ်ခဲ့ပါတယ်။



ဗွီအိုအေမြန်မာပိုင်း
9.6.2015

မြန်မာနိုင်ငံ အတွင်း ရိုဟင်ဂျာတွေ ဖိနှိပ်ခံ နေရတာ အဆုံးသတ်ရေး အတွက် ကမ္ဘာ့ ခေါင်းဆောင်တွေ အနေနဲ့ ဝိုင်းဝန်း တောင်းဆို ပေးကြဖို့ ၂၀၁၄ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ပါကစ္စတန် နိုင်ငံသူ Malala Yousafzai က တနင်္လာနေ့က တောင်းဆို လိုက်ပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင် လူနည်းစုတွေ အပေါ် လူမဆန်စွာ ဖိနှိပ် ညှဉ်းပန်း နေတာတွေ ရပ်တန့်ဖို့အတွက် မြန်မာ အစိုးရ ခေါင်းဆောင်တွေကို တောင်းဆိုကြောင်း၊ ကမ္ဘာ့ အသိုင်းအဝိုင်း ကလည်း ဝိုင်းဝန်း တိုက်တွန်းကြဖို့ အသက် ၁၇ နှစ် အရွယ် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်က တောင်းဆိုကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။

ရိုဟင်ဂျာတွေအနေနဲ့ သူတို့ မွေးဖွားတဲ့ တိုင်းပြည်အတွင်း နှစ်ပေါင်းများစွာ နေထိုင်လာပြီးတဲ့နောက် အဲဒီနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်ရှိကြောင်း၊ သူတို့အနေနဲ့ တန်းတူအခွင့်အရေးတွေ ရသင့်ကြောင်း၊ သူတို့အနေနဲ့လည်း ကျန်သူတွေ အားလုံးနည်းတူ ဂုဏ်သိက္ခာရှိစွာ လေးလေးစားစား ဆက်ဆံခံရသင့်ကြောင်း၊ ဒီကနေ့ကစပြီး နေ့စဉ် ရိုဟင်ဂျာတွေနဲ့အတူ သူ့အနေနဲ့ ရပ်တည်ကြောင်း၊ ကျန်တဲ့သူတွေ အားလုံးလည်း အလားတူ လုပ်ဆောင်ကြဖို့ တိုက်တွန်းကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေဟာ မကြာသေးခင်က မြန်မာအစိုးရရဲ့ ဖိနှိပ်မှုအောက်ကနေ လွတ်မြောက်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေကို လှေစီးပြေး ဒုက္ခသည်တွေ အဖြစ် လူမှောင်ခိုကူးသူတွေကတဆင့် ထွက်ပြေးဖို့ကြိုးစားရာမှာ ပင်လယ်ပြင်မှာ စက်လှေတွေပေါ်မှာ စွန့်ပစ်ခြင်းခံခဲ့ရတဲ့အတွက် နိုင်ငံတကာရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေ တိုးလာခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်က နော်ဝေနိုင်ငံမှာ ကျင်းပတဲ့ ညီလာခံတခုအတွင်းမှာလည်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေဖြစ်ကြတဲ့ ဘုန်းတော်ကြီး Desmond Tutu နဲ့ အိုင်ယာလန်နိုင်ငံသူ Mairead Macguire တို့ကလည်း ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအဖြစ် ခံယူခွင့်ပြုဖို့ တိုက်တွန်းခဲ့ကြပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာတွေကို ဘင်္ဂါလီတွေအဖြစ်သတ်မှတ်ပြီး ယာယီနိုင်ငံသား လက်မှတ် ပြန်လည်အပ်နှံထားသူတွေအတွက် အခုလအတွင်း နိုင်ငံသား စိစစ်ရေး လုပ်ငန်းတွေကို စတင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။



MYARF
RB News
9.6.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မတောင် ရပ်ကွက်၊ ဖေဇီရွာတွင် ဇွန်လ (၇) ရက်နေ့ ည (၈) နာရီကျော်ခန့် အချိန်တွင် ၎င်းရွာမှ ဒေသခံ နှစ်ဦးကို အမည်မသိ လူ (၃) ဦးက လုပ်သေနတ်ဖြင့် ပစ်ခတ် သွားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြို့မတောင် ရပ်ကွက်၊ ဖေဇီရွာမှ အုစ်မာန် (ခ) ဂျိန္နာ (ဘ) ဦးမာမတ်အာလောမ်သည် ည (၈) နာရီ ကျော်ခန့် အချိန်တွင် ၎င်း၏ နေအိမ်မှ အပြင်ထွက်လာစဉ် အိမ်ရှေ့ ဂိတ်ဝ၌ အသင့်စောင့်ဆိုင်း နေသော အမည်မသိ လူ (၃) ဦးက အုစ်မာန်၏ လည်ပင်း တည့်တည့်ကို သေနတ်ဖြင့် ပစ်ခတ်၍ ထွက်ပြေး သွားနေခိုက် အခင်းဖြစ်ပွားမှုကို ၀ါးထရံ ခြံစည်းရိုးမှ ချောင်းကြည့် နေသည့် အုစ်မာန်၏ အိမ်နီးချင်း အမျိုးသမီး မဖာရ်မိန် (ဘ) ဦးဆူးဖီက အနီးအနားမှ ရွာသားများကို အော်ဟစ် အကူအညီ တောင်းခဲ့ရာ သေနတ်သမားများက ထိုအမျိုးသမီးဖက်ကို သေနတ် နှစ်ချက် ပစ်ခတ်ပြီး ထွက်ပြေး သွားခဲ့သည်။ 

သေနတ်များ ပစ်ခတ်သည့် ကျည်ဆံသည် အမျိုးသမီး၏ ခြေထောက်ကို ထိမှန်ခဲ့သည်။ အခင်းဖြစ်ပွားသော နေရာသည် မောင်တော ရဲစခန်း၏ အနောက်ဖက် ဖာလုံဝက်သာ ကွာဝေးသော နေရာဖြစ်သည်။ အခင်းဖြစ်ပွားပြီး ခဏအကြာတွင် မောင်တော ရဲစခန်းမှ ရဲများနှင့် အတူ ခရိုင် ရဲမှူးတို့ ရောက်ရှိလာပြီး အနီးအနားမှ ရွာသားများကို ခေါ်ယူ၍ တစ်နေရာတည်းတွင် စုဝေးစေခဲ့ပြီး၊ သေနတ်သမား များကို ဖမ်းဆီး၍ ရဲစခန်းသို့ အပ်နှံရန်၊ ဖမ်းဆီး မပေးပါက တစ်ရွာလုံးကို ဖြိုခွင်း ရမည် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုနေစဉ် မောင်တောမြို့နယ်၊ ကညင်တန်း (မြို့) အ.ထ.က ကျောင်း ခြံဝင်း အတွင်းတွင် အခြေချထားသည့် စစ်တပ်မှ တပ်ရင်းမှူး ကိုယ်တိုင် ဦးဆောင်သည့် တပ်မတော်သားများ အဖွဲ့ ရောက်ရှိလာခဲ့သည်။ တပ်ရင်းမှူးက ဖြစ်ပွားပုံ မေးမြန်းခဲ့ရာ ခရိုင်ရဲမှူးက လူနှစ်ဦးကို သေနတ်သမား (၃) ဦးက ပစ်ခတ်သွားခဲ့ကြောင်း ဖြေဆိုခဲ့သည်။ တပ်ရင်းမှူးက ပစ်ခတ်သည့် သေနတ်မှာ ပစ္စတို သေနတ် အစစ် မဟုတ်နိုင်ကြောင်း မှတ်ချက် ပေးသဖြင့် ခရိုင်ရဲမှူးက သေနတ် အစစ်ဖြင့် ပစ်ခတ်၍သာ အပေါက် ဖြစ်နေခြင်း ဖြစ်ကြောင်း စောဒက တက်ခဲ့သည်။ တပ်ရင်းမှူးက ပစ္စတို သေနတ် အစစ်ဖြင့် ပစ်ခတ်လျှင် ကျည်ဆံမှာ လည်ပင်းမှ ဖောက်ထွက်၍ ထွက်သွားမည် ဖြစ်ကြောင်း၊ သေနတ် ပစ်ခတ်သံလည်း အလွန် ကျယ်လောင်မှာ ဖြစ်ကြောင်း၊ ယခု ပစ်ခတ်ခဲ့သည့် သေနတ်မှာ အမျိုးအစား ကောင်းသော ပလတ်စတ် သေနတ်ထဲတွင် ပါသည့် စပရိန်းကို တွန်းပို့မှု အားကောင်းသော စပရိန်း တစ်ခုလဲ၍ သံကျည်ဆံဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း အသေးစိတ် ရှင်းပြခဲ့သည်။

တပ်ရင်းမှူးက ထိုနေရာမှပင် အထက် အဆင့်ဆင့်သို့ ဖုန်းဆက်၍ ဖြစ်စဉ် အမှန်ကို ရှင်းပြ အသိပေးခဲ့သဖြင့် ခရိုင်ရဲမှူးက ရွာသားများကို မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးရန် ကြိုးစားခဲ့ခြင်း မအောင်မြင် ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ထို့နောက် ဒဏ်ရာ ရရှိသည့် လူနာများကို မောင်တော ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့သည်။ ဆေးရုံတွင် ဆရာဝန်များက အတန်ကြာ ကြိုးစားခဲ့သော်လည်း လူနာ၏ လည်ပင်းတွင် ကျည်ဆံ မတွေ့ရှိခဲ့ကြောင်း သိရသည်။ 

တရားခံ ဖြစ်နိုင်သူများကို သုံးသပ်ကြည့်ခြင်း --

(၁) မောင်တောမြို့နယ် ရဲစခန်းမှ စခန်းမှူး၊ မြို့နယ်မှူး၊ နယ်ထိန်း အဖွဲ့ ခေါင်းဆောင် ရဲအုပ်တိုးတိုး၊ ဒုစရိုက် နှိမ်နင်းရေး အဖွဲ့ ခေါင်းဆောင် ရဲအုပ် သောင်းထွန်း တို့သည် WY ခေါ် မူးယစ်ဆေးဝါး အကြီးအကျယ် အရောင်း အ၀ယ် ပြုလုပ် နေကြသူများ ဖြစ်သည်။ ယခု သေနတ်ဖြင့် ပစ်ခံရသူ အုစ်မာန်မှာ အဆိုပါ ရဲအရာရှိ များ၏ WY မူးယစ်ဆေးဝါး များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပို့ဆောင် ရောင်းချ ပေးနေသော မူးယစ်ဆေးဝါး ပွဲစား တစ်ဦး ဖြစ်သည်။ ၎င်းအရာရှိများ၏ WY မူးယစ်ဆေးဝါးများ ရောင်းချပေးသောကြောင့် အုစ်မာန်သည် ၎င်းအရာရှိကြီးများနှင့် ခင်မင် အရင်းနှီးဆုံးသောသူ တစ်ဦး ဖြစ်လာခဲ့သည်။ တစ်ခါတစ်ရံ အငယ်တန်း အဆင့်ရှိသော ရဲသားများက မူးယစ်ဆေးဝါး ရောင်းသော အုစ်မာန်ထံမှ ငွေတောင်းလေ့ရှိရာ အုစ်မာန်က ၎င်းအရာရှိကြီးမျာါ်နှင့် ခင်မင်ရင်းနှီးသဖြင့် အငယ်တန်း အဆင့် ရဲသားများကို ငွေပေးခြင်း မရှိကြောင်း သိရသည်။ အရာရှိကြီးများနှင့် ခင်မင်ရင်းနှီးသော အုစ်မာန်ကို ရခိုင် အရပ်သားများနှင့် အငယ်တန်း အဆင့် ရဲသားများက မနှစ်မြို့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ ယခင်က ရခိုင်လူမျိုး အုပ်စု တစ်စုမှ ကုလားတစ်ဦးက တိုင်းရင်းသား လူကြီးများနှင့် ဤကဲ့သို့ ခင်မင်ခွင့် ရသင့်သလားဟု မနာလို ဖြစ်ကာ အုစ်မာန်နှင့် မကြာခဏ စကားများကာ ရန်မူလေ့ ရှိပြီး၊ အသက်အန္တရာယ် ခြိမ်းခြောက်မှု အထိ ဖြစ်ဖူးခဲ့ခြင်း ရှိကြောင်း အုစ်မာန်၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ သို့ဖြစ်၍ သေနတ်ဖြင့် ပစ်ခတ်မှုမှာ မောင်တော ရဲစခန်းမှ အငယ်တန်း အဆင့် ရဲဘော်များနှင့် မောင်တောမြို့မှ ရခိုင် အစွန်းရောက်များ၏ လက်ချက်ပင် ဖြစ်နိုင်သည်ဟု ဒေသခံ ရွာသားများက သုံးသပ်နေကြသည်။ 

(၂) အုစ်မာန်သည် ရဲအရာရှိကြီးများ၏ မူးယစ်ဆေးဝါး များကို အများဆုံး ဖြန့်ဝေ ရောင်းချ ပေးနေသူ တစ်ဦး ဖြစ်သည်နှင့် အညီ ၎င်းထံမှ အကြွေးဖြင့် ၀ယ်ယူပြီး တစ်ဖက်နိုင်ငံသို့ သွားရောက် ရောင်းဝယ် နေသူများနှင့်လည်း ပတ်သက်လျက် ရှိသည်။ တစ်ဖက်နိုင်ငံသို့ သွားရောက် ရောင်းချရာတွင် တစ်ခါတစ်ရံ အဖမ်းခံရ၍ ငွေများ ဆုံးရှုံးရသူများလည်း ရှိရာ အုစ်မာန်ထံမှ ၀ယ်ယူ၍ ရောင်းချနေသူများလည်း ထိုကဲ့သို့ အဖမ်းခံရ၍ ငွေများဆုံးရှုံးနေသူများလည်း ရှိနိုင်သည်။ ထိုသို့ ငွေဆုံးရှုံးသူများက အုစ်မာန်၏ အကြောင်းကို သိရှိသဖြင့် ရဲအင်အားဖြင့် ငွေမတောင်းမှီ လာရောက် ပစ်ခတ်သွားခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြောင်း ဒေသခံများက ပြောပါသည်။ 

(၃) လွန်ခဲ့သည့် လေးရက်ခန့် အတွင်း မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင် စစ်တပ်စခန်းတွင် သိန်းပေါင်းများစွာသော မူးယစ်ဆေးပြားများ ဖမ်းဆီးမိခဲ့ခြင်းနှင့်လည်း ပတ်သက်နေမည်ဟု သုံးသပ်ကြောင်း ဒေသခံများက ဆိုသည်။ မည်သို့ပင်ဖြစ်စေ ယခု ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ပြုလုပ်နေခြင်းနှင့် လုံးဝ ပတ်သက်နေမည်ဟု ဒေသခံများက ယုံကြည်ကြောင်း RB News သို့ပြောသည်။

မြန်မာ့ ရေတပ်က ထိန်းသိမ်းပြီး ရခိုင်ပြည်နယ် အတွင်းမှာ စောင့်ရှောက် ထားတဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား တွေကို နေရပ်ရင်း ပြန်ပို့စဉ်။ (ဇွန် ၈၊ ၂၀၁၅)

ကိုမိုးဇော်
8.6.2015

မြန်မာ့ ပင်လယ်ပြင်မှာ ဖမ်းဆီး ရမိပြီး ရခိုင်ပြည်နယ်မှာ ထိန်းသိမ်း စောင့်ရှောက် ထားတဲ့ လှေစီးပြေး ဒုက္ခသည် ၉၀၀ ကျော်ထဲက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၀ ဦးကို ဒီကနေ့ တဘက် နိုင်ငံကို ပြန်လည် လွှဲအပ်လိုက်ပြီ ဖြစ်ပါတယ်။ ကျန်ရှိနေသူ တွေကို စိစစ်လျှက် ရှိနေပြီး မကြာခင် လွှဲပြောင်းဖို့ ပြင်ဆင် နေတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူးက ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြ ထားပါတယ်။

လှေစီးပြေးဒုက္ခသည်တွေကို မေလ ၂၁ ရက်နေ့က ရခိုင်ကမ်းရိုးတမ်းက ၂ဝဝ ကျော်နဲ့ မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်း ဖျာပုံမြို့အနီး ပင်လယ်ပြင်က ၇၀၀ ကျော်ကို မြန်မာရေတပ်က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမှာ ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေကို မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေကစစ်ဆေးတဲ့အခါ ပထမအသုတ်ဖမ်းဆီးရမိတဲ့ လှေစီးပြေး ဒုက္ခသည် ၂၀၀ ဟာ ဘင်္ဂလားဒေ့ရှိနိုင်ငံသားတွေဖြစ်တာကြောင့် သူတို့ကို နေရပ်ရင်း ပြန်ပို့နိုင်ဖို့အတွက် စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ လှေစီးပြေး ဒုက္ခသည် ၁၅၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောပါတယ်။

“သုံးနာရီမှာပေါ့နော်၊ တဘက်နိုင်ငံကိုပေါ့- ဘင်္ဂလားဒေ့ရှ်ဘက်ကို ၁၅၀ ဦးကို အပြီးလွှဲပြောင်းပြီး ဖြစ်ပါတယ်။ ဟိုဘက်က အဖွဲ့တွေကတော့ ၁၁ နာရီ၊ ၄၅ မှာ ရောက်ပါတယ်။ ရောက်ပြီးတော့ ၁ နာရီခွဲမှာ လက်မှတ်တွေ ထိုးပါတယ်။ လက်မှတ်ထိုးပြီးတော့မှ ၁၅၀ ကို ကား ၆ စီးနဲ့လာခေါ်သွားတာ ၃ နာရီမှာ အပြီး လွှဲပြောင်းပြီးဖြစ်ပါတယ်။ အခု ကျနော်တို့ကလည်း ဒီ ၅၀ ကို အမြန်ဆုံးလွှဲပြောင်းလက်ခံဖို့ပေါ့နော်၊ ပြောနေပါတယ်ခင်ဗျ။ ဒါလေးကတော့ သူတို့ဆီက ကောင်စစ်ဝန်ကိုယ်နှိုက် ဒီမှာလာပြီးတော့ စိစစ်ပြီးတော့မှ တင်ပြတာလေ။ ကျန်တဲ့ ၅၀ ကိုလည်း ကျနော်တို့က အမြန်ဆုံး စိစစ်လက်ခံဖို့ပေါ့၊ ဒါတွေ ပြောနေပါတယ်ခင်ဗျ။”

ဒုတိယအသုတ်ဖမ်းစီးရမိသူ ၇၀၀ ကျော်ကိုစိစစ်ရာမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၀၀ ကျော်ပါဝင်ပြီး သူတို့ကို အမြန်ဆုံးလွှဲပြောင်းဖို့ ဆောင်ရွက်နေတယ်လို့ ဦးခင်စိုးက ဆက်ပြောပါတယ်။

“ကျနော်တို့ စိစစ်ပြီးသွားပါပြီ။ ကျနော်တို့ဆီမှာ စိစစ်တာက ကျနော်တို့ မြန်မာနိုင်ငံဘက်က ဘင်္ဂလီက ၁၈၇ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဘင်္ဂလီက ၅၄၆ ဦးပေါ့။ ဒါလေးတွေ တဦးချင်း ကိုယ်ရေးမှတ်တမ်းတွေ ကျနော်တို့ ဖြည့်တာပေါ့။ အဲဒါက ဘင်္ဂလားဒေ့ရှ်ဘာသာနဲ့ကော၊ ကျနော်တို့ဘက်က မြန်မာဘာသာနဲ့ရော ပြုစုပြီးတော့မှ ထားပါတယ်။ ထားတဲ့အခါကျ သူတို့ဘက်က ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်က စစ်တွေ ကနေလာပြီးတော့ အပြီးစစ်ပြီးသွားပြီ။ စစ်တာကတော့ ၆ ရက်နေ့က စပြီးစစ်တယ်။ ၆ ရက်၊ ၇ ရက်၊ ၂ ရက်စစ်တာပေါ့။ ကျနော်တို့ ဘက်ကတော့ သူတို့ဘက်ကို လူစာရင်းပေးထားပြီးတော့ အမြန်ဆုံး လွှဲပြောင်းလက်ခံပေးဖို့ သူတို့ကို ပြောလိုက်တာပေါ့ဗျာ။ သူတို့ကလည်းပဲ သူတို့ဒီမှာ လာစစ်တဲ့ ဘင်္ဂလားဒေ့ရှ်က စစ်တွေကောင်စစ်ဝန်ကလည်း သူတို့ရဲ့ ဘင်္ဂလားဒေ့ရှ်သံရုံးကို အကြောင်းကြားရတယ်။ အဲဒီကမှတဆင့် သူတို့နိုင်ငံမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် အမြန်ဆုံးစိစစ်ပြီးတော့ လက်ခံဖို့ ဆောင်ရွက်နေတာပါခင်ဗျ။”

တောင်ပြိုလက်ဝဲမှာ ထိန်းသိမ်းထားသူ ၇၀၀ ကျော်အနက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦး စခန်းက နေထွက်ပြေးသွားတယ်လို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်က ဒေသခံပြည်သူတွေ ကတော့ ပထမအသုတ်ဖမ်းဆီးလိုက်တဲ့ လှေစီးပြေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုအရ ရခိုင်ပြည်နယ်မှာ ထိန်းသိမ်းထားတာကို လက်ခံပြီး ဧရာဝတီတိုင်း ပင်လယ်ပြင်က ဖမ်းဆီးလိုက်တဲ့လှေစီးပြေး ၇၀၀ ကို ရခိုင် ပြည်နယ်ကို ပို့ဆောင်တာကို လက်မခံနိုင်တာကြောင့် ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေတယ်လို့ စစ်တွေမြို့က မြို့မိမြို့ဖအဖွဲ့ဝင် ဦးသန်းထွန်းက ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ လူသားချင်းစာနာတယ်ဆိုရင် ဧရာဝတီတိုင်းမှာ လက်ခံထားပေးလို့ရတယ်လေ။ အခုဟာက ရခိုင်လူထုရဲ့အမြင်က ဘာဖြစ်နေပြီလဲဆိုတော့ အဲဒီ မွတ်ဆလင်တွေကို တွေ့တယ်ဆိုရင်ပဲ ရခိုင်ပြည်ကို ပို့ပေးရတော့မယ်ဆိုတဲ့ အစဉ်အလာကြီးတခုကို ကျနော်တို့က မနှစ်သက်တာပါ။”

ဒီလ ၁၄ ရက်နေ့ကိုဆန္ဒထုတ်ဖော်မယ့်ရက်အဖြစ် သတ်မှတ်ထားပြီး ရခိုင်တပြည်နယ်လုံး ပါဝင်လာစေဖို့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ လှေစီးပြီး ထွက်ပြေးသူတွေအရေး ကိုင်တွယ်ဖြေရှင်းဖို့ ပြဿနာကိုဖြေရှင်းရာမှာ တစိတ်တပိုင်း အဖြစ်နဲ့ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်ခံဖို့ကို ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာက ဖိအားပေးဆောင်ရွက်နေပါတယ်။

ဒီလ ၆ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က လှေစီးတွေဟာ ဖိနှိပ်မှုကြောင့် ထွက်ပြေးကြရတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အများစု ဖြစ်တယ်လို့ နိုင်ငံတကာမှာ ပြောဆိုနေကြတာတွေဟာ မမှန်ကန်ကြောင်း နိုင်ငံတကာ သံတမန်တွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။


MYARF
RB News
7.6.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မ ကညင်တန်း ကျေးရွာရှိ BAJ ရုံးရှေ့တွင် နယ်ထိန်းရဲများနှင့် မြို့နယ် အုပ်ချုပ်ရေး ရုံးမှ စာရေးများ စခန်းချ၍ လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများထံမှ လုယက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် ရဲစခန်းမှ နယ်ထိန်း ရဲများနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ စာရေးများသည် မြို့မ ကညင်တန်း ကျေးရွာ BAJ ရုံးရှေ့တွင် တစ်နေကုန် စခန်းချ၍ ဖြတ်သန်း သွားလာသည့် ဒေသခံ ရိုဟင်ဂျာများကို ရွာထွက် လက်မှတ် ရှိ/မရှိ စစ်ဆေးပြီး ရွာထွက် လက်မှတ် မရှိသူများထံမှ ငွေကျပ် ၅၀၀၀ စီ ဒဏ်ငွေဆိုကာ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ ပြောဆို တတ်သူများ ထံမှ ငွေမညှစ်သော်လည်း သွားခွင့် မပေးဘဲ ပြန်စေကြောင်းနှင့် အချို့သောသူ များကို မသင်္ကာဟု ဆိုကာ ပါလာသည့် အထုတ်များနှင့် ခန္ဓာကိုယ်ပါ စစ်ဆေးကြောင်း ဒေသခံများက ပြောပါသည်။

ထိုသို့ စစ်ဆေးရာတွင် မော်လ၀ီ ဘာသာရေး ဆရာများကို အဓိက ပစ်မှတ်ထား၍ စစ်ဆေးကြောင်း၊ မပြောဆိုတတ်သူ များထံမှ ငွေနှင့် ပစ္စည်းများ လုယက်သည်ဟု ဆိုသည်။ ၎င်းရဲများနှင့် အတူ မြို့မ ကညင်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဒူရာမန်လည်း အမြဲရှိနေတတ်သော်လည်း ၎င်း၏ ရှေ့မှောက်တွင် ရဲများက လုယက်နေသည်ကို မည်သို့မျှ ဟန့်တားခြင်း မရှိသည့်အပြင် ၎င်းကိုယ်တိုင်လည်း အထုတ်များနှင့် ခန္ဓာကိုယ်များ စစ်ဆေးလေ့ ရှိသည်ဟု ငွေညှစ်ခံရသူ တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

မေလ (၂၉) ရက်နေ့က ဂေါ်ဒူသာရ ကျေးရွာမှ ဟာဖီးဇ် ဦးအဒူဟာနန်သည် မောင်တောမြို့ထဲသို့ သွားနေစဉ် အဆိုပါ ရဲများက စစ်ဆေးရာ MPT GSM ဖုန်းတစ်လုံးနှင့် ငွေကျပ် နှစ်သိန်း တွေ့ရာ ဖုန်းကို ပြန်ပေးခဲ့သော်လည်း ငွေကျပ် နှစ်သိန်းကို လုယက်ထားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

ကား၊ ဆိုင်ကယ်၊ ဆိုက်ကား များကိုလည်း စစ်ဆေး၍ ဆိုင်ကယ်စီးသူများကို ဦးထုပ် မဆောင်းဟု ဆိုကာ ငွေကျပ် ၅၀၀၀ မှ ၁၅၀၀၀ အထိ ညှစ်ယူကြောင်း၊ ယာဉ်မောင်း များကိုလည်း ယာဉ်မောင်း လိုင်စင်နှင့် ယာဉ်မှတ်ပုံတင် လိုင်စင်များ စစ်ဆေးပြီး ငွေညှစ်များ ပြုလုပ်ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
7.6.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် နယ်မြေ ၅) မှ နယ်ခြားစောင့် ရဲများသည် ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များမှ လုယက်၍ အပြစ်မဲ့ ဒေသခံ (၃) ဦးကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများသည် ဇွန်လ (၇) ရက်နေ့ နံနက် ၁၂း၁၅ နာရီ အချိန်တွင် အောက်ပြူးမ ကျေးရွာသို့ ၀င်ရောက်၍ ဦးရှောမ်ရှုအာလောမ် (အသက် ၄၇ နှစ်) ၏ နေအိမ်ကို စစ်ဆေးခဲ့သည်။ စစ်ဆေးပြီးနောက် ဦးရှော်မ်ရှုအာလောမ်၏ နေအိမ်မှ ကော်ဖီမစ် အထုတ်ကြီး တစ်ထုတ်နှင့် သရက်သီးယိုဘူး တစ်ဘူး ပိုင်ရှင်၏ ခွင့်ပြုချက် မပါဘဲ ယူဆောင် သွားခဲ့သည်။ ထို့နောက် ဦးရှောမ်ရှုအာလောမ်၏ သားနှစ်ဦး ဖြစ်သည့် ဖိုက်ဆဲလ် (အသက် ၁၆ နှစ်) နှင့် (အမည်မသိ) နှင့် အိမ်သို့ အလည်ရောက်နေသည့် ကျော်ကျော်တို့ကို ရိုက်နှက်၍ ကျော်ကျော်နှင့် ဖိုက်ဆဲလ်တို့ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

နံနက် ၁ နာရီ အချိန်တွင် ၎င်းကျေးရွာမှ မော်လ၀ီ ဦးဇူဘိုင်ရ် (ဘ) ဦးအစ္စာလာမ်၏ နေအိမ်ကို ၀င်ရောက် စစ်ဆေးပြီး မော်လ၀ီ ဦးဇူဘိုင်ရ်ကို ရိုက်နှက်၍ ဖမ်းဆီးခဲ့သည်။ နေအိမ် စစ်ဆေးစဉ် တွေ့ရှိသည့် ငွေကျပ် ၅ သိန်းကိုလည်း နယ်ခြားစောင့် ရဲများက လုယက် ယူဆောင်သွားခဲ့သည်။

ဖမ်းဆီး ထားသည့် အပြစ်မဲ့ (၃) ဦးကို ငါးခူရ စခန်းသို့ ခေါ်ဆောင် သွားပြီး စခန်းသို့ ရောက်သည်နှင့် လူမဆန်စွာ ထပ်မံ၍ ရိုက်နှက်ခဲ့သည်။ ထို့နောက် နယ်ခြားစောင့် ရဲများက မော်လ၀ီ ဦးဇူဘိုင်ရ်ထံမှ ငွေကျပ် ၇ သိန်း၊ ဖိုက်ဆဲလ် (ဘ) ဦးရှော်မ်ရှုအာလာမ် ထံမှ ငွေကျပ် ၂ သိန်း ၅ သောင်း၊ ကျော်ကျော်ထံမှ ငွေကျပ် ၂ သိန်း ၅ သောင်း - စုစုပေါင်း ငွေကျပ် ၁၂ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
7.6.2015

ဘူးသီးတောင် ။ ။ ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်တွင် အခြေခံပညာ သင်ကြားမည့် ကျောင်းသားများ ထံမှ ကျောင်းဝင်ကြေး၊ လစဉ်ကြေး လုံးဝ ကောက်ခံခြင်း ပြုလုပ်မည် မဟုတ်ဘဲ အခမဲ့ သင်ကြား ပေးသွားမည်ဟု နိုင်ငံတော်မှ ကြေညာခဲ့သော်လည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်နှင့် မောင်တော မြို့နယ်များရှိ အချို့ကျောင်းများတွင် ကျောင်းဝင်ကြေးများ ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာရှိ အထက်တန်းကျောင်းမှ ယာယီ ကျောင်းအုပ် တာဝန်ခံ ဆရာ ဦးထွန်းမြင့်စိုး၊ ဆရာမ ဒေါ်စောမြသိန်းနှင့် ဒေါ်မေရီသိန်း တို့က မူလတန်း ကျောင်းသားများ ထံမှ ငွေကျပ် ၅၀၀ စီ၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများမှ ငွေကျပ် ၁၀၀၀ စီကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

မောင်တော မြို့နယ် မြို့မကညင်တန်း ကျေးရွာရှိ မူလတန်းလွန် စံပြကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြမြသိန်းက ကျောင်းဝင်ကြေး မကောက်ခံသော်လည်း ကျောင်းဝင် လျှောက်လွှာ ပုံစံကြေး ဟုဆိုကာ ကျောင်းသား တစ်ဦးစီ ထံမှ ငွေကျပ် ၅၀၀ စီ ကောက်ခံလျက် ရှိသည်။ အဆိုပါ ပုံစံ အတွက် ငွေကျပ် ၃၀ သာ ကုန်ကျသည် ဖြစ်၍ ဆရာမကြီး ဒေါ်မြမြသိန်းမှ ပုံစံကြေး ကောက်ခံလိုလျှင် ၅၀ ကျပ် (သို့မဟုတ်) ၁၀၀ ကျပ် ကောက်ခံလျှင် ရသော်လည်း ငွေကျပ် ၃၀ အစား ၅၀၀ ကျပ် ကောက်ခံနေသဖြင့် ဆင်းရဲသား ကျောင်းသား မိဘများက ငွေကျပ် ၅၀၀ ပေးရန် ၀န်ထုတ်ဝန်ပိုး ဖြစ်လျက် ရှိနေသည်။ သို့ဖြစ်၍ အချို့သော ဆင်းရဲသည့် မိဘများက ၎င်းတို့၏ သားသမီးများကို ယခု အချိန်ထိ ကျောင်းအပ်၍ မရနိုင်သေးကြောင်း ဒေသခံများက ပြောပါသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင် အမျိုးသား ပါတီ ANP ဌာနချုပ်ကို တွေ့ရစဉ်

7.6.2015

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် အတွက် ရခိုင် အမျိုးသား ပါတီ ANP က ကိုယ်စားပြု ယှဉ်ပြိုင်မယ့်သူ တွေဟာ မြို့ခံတွေ မဟုတ်တဲ့ အတွက် ဆိုပြီး ဒေသခံ ၁၀၀ ကျော်က ဒီနေ့ ကန့်ကွက် ဆန္ဒပြကြပါတယ်။

မြို့ခံ မဟုတ်တဲ့ ကိုယ်စားလှယ်လောင်းတွေကို အလိုမရှိကြောင်း ကန့်ကွက်တာ ဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူ တစ်ဦးဖြစ်တဲ့ ANP ပါတီဝင် ဦးမောင်အေးလှိုင် က ပြောပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေသခံတွေကမကြိုက်လို့ပါ၊ ကျနော်တို့ဒေသကို ကိုယ်စားမပြုတဲ့ ကိုယ်စား လှယ်တွေဖြစ်နေလို့ ကျနော်တို့က ဆန္ဒပြရခြင်းဖြစ် ပါတယ်၊ ဒေသခံမဟုတ်သူလွှတ်တော် ကိုယ်စားလှယ်အား အလိုမရှိ၊ ဆိုတာပါတယ်၊ နောက်တစ်ခုက လုပ်စားနိုင်ငံရေးသမား အလိုမရှိဆိုတာပါတယ်၊ နောက်ဆန္ဒမဲ ကို ငွေပေးဝယ်ခြင်းအားဖြင့် ဒို့လက်မခံဆိုတာပါတယ်"
ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က ပါတီတွင်းရွေးကောက်ပွဲ ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ဦးဦးသန်းနိုင်နဲ့ ဦးဖိုးမင်း တို့က ရွေးချယ်ခံရပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဒေါ်ခင်စောဝေနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးခင်မောင်လတ် တို့ ရွေးချယ်ခံခဲ့ရပါတယ်။

ဦးဖိုးမင်းဟာ စစ်တွေမြို့မှာ အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး ဒေါ်ခင်စောဝေနဲ့ ဦးခင်မောင်လတ်က ရန်ကုန်မြို့ မှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ၃ ဦးဟာ လက်ရှိ ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ပေမယ့် ဒေသခံတွေနဲ့ တွေ့ဆုံမှု နည်းတာကြောင့် မမြင်ဖူးသူတွေများတယ်လို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာ ရသေ့တောင်မြို့နယ် ကံပြင်၊ ကန့်ချောင်း၊ ကူတောင်၊ ရွှေလောင်း တောင်၊ ကြက်ရိုးဆိပ် စတဲ့ကျေးရွာပေါင်း ၃၀ ကျော်က ရခိုင်အမျိုးသားပါတီ ဝင်တွေ ပါဝင်ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရွှေ့ပြောင်း လှေစီး ဒုက္ခသည် များကို မေလ ၂၃ ရက်နေ့က အလယ်သံကျော် ကျေးရွာမှာ တွေ့ရစဉ်

7.6.2015

ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှာ ယာယီ ကယ်တင် ထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ ထဲက ၁၅၀ ကို မနက်ဖြန် လွှဲပြောင်း ယူမယ်လို့ ဘင်္ဂလား ဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့က ဒီနေ့ အကြောင်းကြား ထားတယ်လို့ သိရပါတယ်။

ကျန်ရှိတဲ့သူတွေ ကိုလည်း ဆက်လက် လွှဲပြောင်းပေး နိုင်အောင် ဆောင်ရွက် နေတယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီး ကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုး က ပြောပါတယ်။

"ဟိုဖက်ကတော့ မြန်မာစံတော်ချိန် ၈ ရက်နေ့ နံနက် ၁၁ နာရီမှာ လွှဲပြောင်းလက်ခံမှု လုပ်ငန်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းပေါ့၊ တရားဝင်ပေးပို့သော အကြောင်းကြား စာကို မောင်တောအနေဖြင့်လက်ခံရရှိပါတယ်၊ သူတို့နိုင်ငံကနေ လောလောဆယ် ၁၅၀ ကိုလွှဲပြောင်းလက်ခံတယ်ဆိုတာ သူတို့ကအကြောင်း ကြားတာပါ၊ ကျန်တဲ့ ၅၀ ကိုလည်း အမြန်ဆုံးလက်ခံဆောင်ရွက်ပေးဖို့ ကျနော်တို့ဖက်က ညှိနှိုင်းဆောင်ရွက်နေပါတယ်"

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က မောင်တောမြို့နယ်အနီး မြန်မာ့ရေပိုင်နက်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ ပါဝင်တဲ့ စက်လှေတစ်စီးကို ရေတပ်က တွေ့ရှိ ခဲ့တဲ့အတွက် ကယ်တင်ထားပြီး တောင်ပြိုလက်ဝဲမြို့နယ်ခွဲကို ပို့ဆောင်ထားတာပါ။

ဒါ့အပြင် မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အနီးမှာ ကယ်တင် ထားတဲ့ လှေစီးဒုက္ခသည် ၇၀၀ ကျော်ကိုလည်း ရခိုင်ပြည် နယ် မောင်တောမြို့နယ်မှာ ယာယီနေရာချထားပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကိုယ်တိုင် မနေ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ၇၀၀ ကျော်ကို ရခိုင်ပြည်နယ်မှာ ယာယီကယ်ဆယ်ထားတာကို မကျေနပ် တာကြောင့် လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာ ရခိုင်ပြည်နယ်တစ်ခုလုံး ကန့်ကွက် ဆန္ဒပြသွားဖို့ စစ်တွေမြို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက မနေ့က ဆုံးဖြတ်ခဲ့ကြပါတယ်။



ဗွီအိုအေမြန်မာပိုင်း
6.6.2015

အရှေ့တောင် အာရှ ဒေသက နိုင်ငံတွေမှာ ရောက်နေတဲ့ လှေစီးပြေး ဒုက္ခသည် တွေကို အကူအညီ ပေးဖို့ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၃ သန်း အကူအညီ ပေးကြပါလို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သောကြာနေ့ မှာ ပန်ကြား လိုက်ပါတယ်။ ထောင်ပေါင်း များစွာသော ဒုက္ခသည်တွေ နဲ့ ရွှေ့ပြောင်း ၀င်ရောက်သူတွေ ဟာ ဘင်္ဂလား ပင်လယ်အော်နဲ့ ကပ္ပလီ ပင်လယ်တို့ကို စက်လှေတွေနဲ့ ဖြတ် သွားနေကြတာပါ။

မကြာခင်မှာပဲ မုတ်သုန်မိုးရာသီ ကျရောက်တော့မှာ ဖြစ်ပြီး လူထောင်ပေါင်း များစွာဟာ ပင်လယ်ထဲမှာပဲ ရှိနေနိုင် သေးတယ်လို့ UNHCR ရုံးပြောခွင့်ရ Melissa Fleming က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက လူပေါင်း ၄,၈၀၀ လောက်ကို အကာအကွယ်ပေးရေး UNHCR ရဲ့လုပ်ငန်းကို အရှိန်မြှင့် လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ ရန်ပုံငွေကို ကြာသပတေးနေ့ကပဲ ပန်ကြားလိုက်တာဖြစ်ပါတယ်။ အဲဒီလူတွေဟာ လူမှောင်ခိုကူးသူ တွေရဲ့ လှေတွေပေါ်ကနေ ပြီးခဲ့တဲ့လက ကမ်းပေါ်ရောက်သွားကြတာပါ။

နောက်ဆုံးဖြစ်ရပ်မှာဆိုရင် အမျိုးသမီးနဲ့ကလေးငယ် ၁၂၀ လောက်အပါအ၀င် လူပေါင်း ၇၀၀ ကျော်ဟာ ဒီသီတင်းပတ် အစော ပိုင်းမှာပဲ ရခိုင်ပြည်နယ် မှာ ရောက်သွားကြတာပါ။ အဲဒီလူတွေက သူတို့ဟာ ပင်လယ်ထဲမှာ သုံးလထက် မနည်း ကြာခဲ့တယ်လို့ ပြောကြပါတယ်။ အင်ဒိုနီးရှား နိုင်ငံမှာ နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်သူ အယောက် ၁,၀၀၀ ကျော်ကို UNHCR က မှတ်ပုံတင် ထားပါတယ်။



RB News
6.6.2015

လန်ဒန် ။ ။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အမှတ် (၁၀) ဒေါင်းနင်းလမ်းရှိ ဗြိတိန် ၀န်ကြီးချုပ်၏ နေအိမ် ရှေ့တွင် ဗြိတိန်နိုင်ငံသား များနှင့် ဗြိတိန်နိုင်ငံရောက် ရိုဟင်ဂျာ အရေး လှုပ်ရှားသူများ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို လူမျိုးပြုတ်သုတ်သင်ခြင်း အဆုံးသတ်ရေး အတွက် ဆန္ဒပြပွဲ တစ်ရပ်ကို ယနေ့ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီထိ ကျင်းပခဲ့သည်။ 

ဆန္ဒပြပွဲသို့ RB News | Rohingya Blogger တည်ထောင်သူ ဦးဘစိန်နှင့် ဒေါ်ခင်လှ၊ မြန်မာ ရိုဟင်ဂျာ အသင်း (ယူကေ) မှ ဥက္ကဌ ဦးထွန်းခင်နှင့် အဖွဲ့ဝင်များ၊ မြန်မာ မွတ်စလင် အစည်းအရုံး (ယူကေ) မှ ဥက္ကဌ ဦးကျော်စွာတို့နှင့်အတူ တက်ကြွ လှုပ်ရှားသူပေါင်း များစွာ တက်ရောက်ခဲ့သည်။

ဆန္ဒပြပွဲ ကျင်းပနေစဉ် ဗြိတိန်နိုင်ငံသား ဆိုင်ကယ်စီးသမားများ ရောက်ရှိလာပြီး ဆန္ဒပြပွဲတွင် ကိုင်ဆောင်ထားသည့် ဆိုင်းဘုတ်ငယ်များကို ယူဆောင်၍ လန်ဒန်မြို့ အနှံ့ စီတန်းလှည့်လည် ခဲ့သည်။ ဆန္ဒပြပွဲတွင် တက်ကြွလှုပ်ရှားသူပေါင်းစွာက မိန့်ခွန်းများ ပြောကြားခဲ့သည်။ 

ဓါတ်ပုံများကို အောက်ပါ လင့်ခ်များတွင် ကြည့်ရှုနိုင်ပါသည်။

http://on.fb.me/1JzbCRv

http://on.fb.me/1MehleX

Rohingya Exodus