နောက်ဆုံးသတင်း/ဆောင်းပါးများ



MYARF
RB News
14.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်းတွင် အသစ်ချထားသည့် တပ်မတော် တပ်ရင်းနှစ်ခုက ဒေသခံ ရိုဟင်ဂျာများကို ရိုက်နှက်ခြင်း၊ ပစ္စည်များ လုယက်ခြင်းများ ပြုလုပ်၍ သောင်းကျန်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၂) နယ်မြေတွင် ယခုလပိုင်းတွင် အသစ်ချထားသည့် အမှတ် (၅၆၄) နှင့် (၃၇၈) တပ်မတော် တပ်ရင်း နှစ်ခုတို့သည် လှိုင်သီ ကျေးရွာအုပ်စု၊ ခမောင်းဆိပ် ကျေးရွာအုပ်နှင့် အောင်ဇံ ကျေးရွာအုပ်စု များတွင် ကင်းစခန်းများ အပြိုင်အဆိုင် ချထားကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အဆိုပါ တပ်ရင်းများ၏ ကင်းစခန်းများမှ တပ်မတော်သား များသည် အထက်ပါ ကျေးရွာအုပ်စု (၃) စု ထဲသို့ နေ့ရောညပါ မကျန် ကင်းလှည့်၍ လမ်းတွင် တွေ့သမျှ ဒေသခံ ရိုဟင်ဂျာများကို တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုဘဲ အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ ပစ္စည်းများ လုက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ တပ်မတော်သား များက ဒေသခံ ရိုဟင်ဂျာများကို ကြောက်လန့်၍ ရွာထဲတွင် မနေ၀ံ့တော့ဘဲ ရေကြည်ရာ မြက်နုရာသို့ ထွက်ပြေး သွားအောင် ရည်ရွယ်ချက် ရှိရှိဖြင့် ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်ဟု ဆိုသည်။ 

ဇူလိုင်လ (၁၁) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ခမောင်းဆိပ် ကျေးရွာအုပ်စု၊ တန်းဘင်္ဂါးရွာမှ အလီဟူစိန်း (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၂၅ နှစ်) သည် အောင်ဇံကျေးရွာရှိ ဇော်ဂျီထံမှ ရေမန်း ယူလာရန် သွားနေစဉ် လမ်းတစ်ဝက်၌ (၅၆၄) တပ်ရင်းမှ ဒုတပ်ရင်းမှူး ပါဝင်သော ကင်းလှည့် အဖွဲ့က တွေ့လျှင် တွေ့ချင်း တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုဘဲ၊ ရန်သူမိသကဲ့သို့ ခြေထောက်ဖြင့် ကန်ကျောက်၊ လက်သီးဖြင့် ထိုးသောကြောင့် ထိုနေရာတွင်ပင် သတိလစ်သွား ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ 

ဇူလိုင်လ (၁၂) ရက်နေ့တွင်လည်း အောင်ဇံ ကျေးရွာအုပ်စု၊ ရှိတာ ကျေးရွာမှ ဦးအီဆက် (ဘ) ဦးဖော်အီဇုလ်ကော်ဘိရ်၏ နွားများကို နွားထိန်းက စားကျက်၌ ကျောင်းနေစဉ် (၅၆၄) တပ်ရင်းမှ ဒုတပ်ရင်းမှူး ပါဝင်သော ကင်းလှည့်အဖွဲ့က နွားအုပ်ထဲမှ နွားနှစ်ကောင်ကို ဆွဲယူသွားပြီး ပိုင်ရှင်သို့ ပြန်လည် မပေးဘဲ တစ်နေ့လျှင် တစ်ကောင်ကျစီ သတ်စား ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ထို့အပြင် (၅၆၄) တပ်ရင်းက နယ်စပ်ခြံစည်းရိုး အနီးရှိ ရိုဟင်ဂျာပိုင် လယ်မြေများကို တပ်ရင်းအတွက် လိုအပ်မည်ဟု ဆိုကာ တွန်ယက် စိုက်ပျိုးခွင့် ပိတ်ပင် ထားကြောင်း သိရှိရသည်။ 

ဇူလိုင်လ (၁၁) ရက်နေ့ကလည်း (၃၇၈) တပ်ရင်းမှ တပ်စခန်း ချထားသည့် ဆာလေတောင် ခြံစည်းရိုး အနီးရှိ ကင်းစခန်းမှ တပ်မတော်သား များသည် ဆာလေတောင် ရွာမှ ဇာဖောရ်အာလောမ် (ဘ) ဦးကော်ဘိရ်အာမတ် (အသက် ၂၆ နှစ်) ကို သစ်ခိုးထုတ်သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့သည်။ ဇူလိုင်လ (၁၂) ရက်နေ့တွင် အဆိုပါ ကင်းစခန်းမှ တပ်မတော်သား များသည် ဆာလေတောင် ရွာမှ နူရ်အစ္စလာမ် (ဘ) ဦးကော်ဘိရ်အာမတ် (အသက် ၃၀ နှစ်) ကို အိမ်တွင် အမျိုးသမီး ဧည့်သည် တစ်ဦး ရောက်နေသည်ကို စခန်းသို့ အကြောင်းကြားရန် ပျက်ကွက် ခဲ့သည်ဟု ဆိုကာ ရိုက်နှက်၍ ငွေကျပ် နှစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
14.7.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ ပြန်ချောင်း ကျေးရွာမှ ကိုးတန်ကောက် ကျေးရွာရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းရှိ ဒုက္ခသည်များ အဖြစ် နေထိုင်သော ဒေါ်ရော်ကိမ်းဘာနူ (ဘ) ဦးရှော်ရ်မုလုခ်နှင့် ဒေါ်ဟာမီဒါခါတူ (ဘ) ဦးရှုနာမီယာ တို့အတွက် အခြား မြို့နယ်များရှိ ၎င်းတို့၏ ဆွေမျိုးသားချင်း များက အလှူငွေ ပေးပို့ထားသည်ကို ယင်းဒုက္ခသည် စခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အကူ ဖြစ်သူ ဦးရှာလောမ် (ဘ) ဦးမောင်ဂိုလ်အာမတ်က သိရှိသွားပြီး ကိုးတန်ကောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ခင်လင်းစိုးထံ အကြောင်းကြား ခဲ့သည်။ 

သို့ဖြစ်၍ ဇူလိုင်လ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ ဒုက္ခသည် အမျိုးသမီး နှစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဆင့်ခေါ်ပြီး လူကုန်ကူးမှု ပြုလုပ်နေသည်ဟု လုပ်ကြံစွပ်စွဲ၍ တုတ်များဖြင့် ရိုက်နှက်ကာ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ပြီး တစ်နေကုန် စခန်းတွင် ထိန်းသိမ်း ထားရာ နေ၀င်ချိန်တွင် အမျိုးသမီးများက ၎င်းတို့၏ ကာအိနြေ္ဒနှင့် အသက် အန္တရာယ် ရှိလာနိုင်သည်ကို စိုးရိမ်၍ နယ်ခြားစောင့် ရဲများ တောင်းသည့် ငွေကို ပေးရန် သဘောတူခဲ့သည်။ 

နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး ခင်လင်းစိုးက ဒုက္ခသည် အမျိုးသမီး နှစ်ဦး ရရှိထားသည့် အလှူငွေ ငါးသိန်း ငါးသောင်းကို ရမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဒုက္ခသည် အမျိုးသမီး နှစ်ဦးမှာ ရရှိသည့် အလှူငွေများ အားလုံး နယ်ခြားစောင့်ရဲကို ပေးလိုက်ရသဖြင့် ၎င်းတို့၏ သားသမီးများ အတွက် တစ်ပြားပင် မကျန်တော့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
14.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မ အလယ် ရပ်ကွက် (အမှတ် ၄ ရပ်ကွက်၊ မြို့မ ဘောလုံးကွင်း၏ အရှေ့ဘက်ရှိ မူလတန်းကျောင်းမှ အထွေထွေ လုပ်သား ဖြစ်သူ ရခိုင် လူမျိုး တစ်ဦးသည် ကျောင်းသားများအား ပေးရန် နိုင်ငံတော်မှ ထောက်ပံ့ ထားသော ဗလာစာအုပ်များကို မြို့မ အလယ် ရပ်ကွက်အုပ်စု ဟာလာရ်ဘာဗ် ဖာရာမှ ရိုဟင်ဂျာ လူငယ် တစ်ဦးမှ တဆင့် ရွာသစ်ကေ ရပ်ကွက် (အမှတ် ၅ ရပ်ကွက်) မှ ဈေးဆိုင် ပိုင်ရှင် သုံးဦးထံ ဇူလိုင်လဆန်းပိုင်းက ရောင်းချ ခဲ့သည်။ 

ထို့နောက် ဇူလိုင်လ (၅) ရက်နေ့တွင် ရောင်းချခဲ့သူ ကျောင်းအထွေထွေ လုပ်သားက ရဲနှင့် ပူးပေါင်း၍ ကျောင်းသုံး ဗလာစာအုပ်များကို ခိုးယူသည်ဟု လုပ်ကြံကာ ၀ယ်ယူထားစည့် ဆိုင်ရှင်များကို ဖမ်းဆီးရန် ရှာဖွေခဲ့သည်။ ဆိုင်ရှင် နှစ်ဦးကို မတရားသဖြင့် ဖမ်းဆီးရမိသော်လည်း ကျန်သည့် တစ်ဦးဖြစ်သည့် ဦးဖိုင်ဆဲလ်ကို ဖမ်းဆီး မရခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဦးဖိုင်ဆဲလ်ကို ရှာဖွေ မတွေ့ရှိသောကြောင့် ၎င်း၏ မည်သို့မျှ ပတ်သက်ခြင်း မရှိသော ဦးဖာရုခ်ကို ဖမ်းဆီး၍ ငွေကျပ် ၂ သိန်း ညှစ်ယူသည့် အပြင်၊ ဦးဖိုင်ဆဲလ်ကို မဖမ်းဆီးဟု ဆိုကာ ငွေကျပ် ၅ သိန်း ထပ်မံ ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ရဲနှင့် ကျောင်းအထွေထွေ လုပ်သားတို့ ပူးပေါင်း၍ ဈေးဆိုင်ရှင် (၄) ဦး ထံမှ စုစုပေါင်း ငွေကျပ် ၁၅ သိန်း ညှစ်ယူခဲ့သည်။ 

အခြားသော ငွေညှစ်ခံရသူ နှစ်ဦးမှာ ဦးရော်ရှိတ်အာမတ် (ဘ) ဦးရှိခါန်ဒေါရ် (ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း) နှင့် ဦးဖော်ယာစ် (ဘ) ဦးရော်ရှိတ်အာမတ် (ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း) တို့ဖြစ်သည်။ 

ဈေးဆိုင်ရှင် (၄) ဦးထံမှ ညှစ်၍ ရသည့်ငွေ ၁၅ သိန်းကို ရဲနှင့် ကျောင်းအထွေထွေ လုပ်သားတို့ ဝေစုခွဲ ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။


MYARF
RB News
14.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် စံပယ်ကုံး ကျေးရွာမှ လူကုန်ကူးသူ ပွဲစား တစ်ဦးကို နယ်ခြားစောင့် ရဲများက ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ပြီး ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင် လိုက်ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၁၀) ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်တွင် မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် အမှတ် (၅) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၅၀) ဦးခန့်သည် စံပယ်ကုံး ကျေးရွာသို့ ရောက်ရှိလာပြီး ယင်းကျေးရွာမှ လူကုန်ကူးသူ ပွဲစား ဖြစ်သူ မော်လ၀ီ အလီဇူဟာရ်၏ အိမ်ကို ၀န်းရံပြီး အိမ်ကို စစ်ဆေး၍ မော်လ၀ီ အလီဇူဟာရ်ကို ဖမ်းဆီးပြီး ထိုနေရာတွင်ပင် လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ ကျေးရွာသား များက RB News သို့ပြောသည်။ ထို့နောက် ၎င်းကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားပြီး နေ့လည်ပိုင်း အချိန်တွင် ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင် လိုက်ကြောင်း သိရသည်။ 

နယ်ခြားစောင့် ရဲများက စံပယ်ကုံး ကျေးရွာ အုပ်စု ဥက္ကဌဟောင်း ဦးအဘူဂျော်မိလ်၏ နေအိမ်ကို သွားရောက် ရှာဖွေ ခဲ့သော်လည်း ဦးအဘူဂျော်မိလ်ကို မတွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ဒေသခံများက မော်လ၀ီ အလီဇူဟာရ်သည် လူကုန်ကူးသူ ပွဲစား တစ်ဦး ဖြစ်သော်လည်း ဖမ်းဆီး၍ ဥပဒေနဲ့ အညီ အရေးယူရမည် ဖြစ်ကြောင်း၊ လူမဆန်စွာ ရိုက်နှက်ခြင်းသည် ဥပဒေနှင့် မညီညွတ်ကြောင်း၊ ယခုကဲ့သို့ ရိုက်နှက်ခြင်းမှာလည်း နယ်ခြားစောင့် ရဲများက လူမျိုး၊ ဘာသာ ခွဲခြားကာ တမင် ရည်ရွယ်ချက် ရှိရှိဖြင့် ရိုက်နှက် ခြင်းသာ ဖြစ်ကြောင်း ဝေဖန် ပြောဆိုနေကြသည်။ နယ်ခြားစောင့် ရဲများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် လူသေဆုံးမှုများ မကြာခဏ ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။



MYARF
RB News
14.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာ အုပ်စု၊ စေတီပြင်ရွာမှ ဦးဆော်ယီဒူလ္လာ (ဘ) ဦးနော်ဇူမျာ (အသက် ၄၂ နှစ်)၊ ဦးဖွေဇာမတ် (ဘ) ဦးအောလ်ဟိုင်ရ် (အသက် ၆၀ နှစ်) နှင့် ဦးဟာရှိမူလ္လာ (ဘ) ဦးနော်ဇူမျာ တို့သည် ဇူလိုင် (၁၀) ရက်နေ့ နေ၀င်ချိန်ခန့်တွင် လုပ်ငန်းခွင်မှ အိမ်အပြင် ကျောက်ပန္ဒူ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း ရှေ့မှ ဖြတ်သန်း သွားနေစဉ် နယ်ခြားစောင့်ရဲ (၃) ဦး ထွက်လာ၍ ဤအချိန်တွင် စခန်းရှေ့မှ ဖြတ်သန်း သွားလာခွင့် မရှိဟု ဆိုကာ အဆိုပါ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

နယ်ခြားစောင့် ရဲများ၏ ရိုက်နှက်မှုကြောင့် ဦးဆော်ယီဒူလ္လာမှာ နှုတ်ခမ်း ကွဲပြတ်၍ သွေးများစွာ ယိုစီးခဲ့ရသည်။ ယင်းအပြစ်မဲ့ (၃) ဦးကို လူမဆန်စွာ ရိုက်နှက်နေစဉ် မြင်းလွတ် ကျေးရွာမှ ဆိုင်ကယ် တက္ကစီ သမား တစ်ဦး ရောက်ရှိလာရာ ၎င်းကိုလည်း စခန်းရှေ့မှ ဖြတ်သန်းခွင့် မရှိဟု ဆိုကာ နယ်ခြားစောင့် ရဲများက ရိုက်နှက်ခဲ့သည်။ 

အဆိုပါ နယ်ခြားစောင့် ရဲများသည် လမ်းသွား လမ်းလာများကို ရိုက်နှက်ခြင်း၊ ပစ္စည်များ လုယက်ခြင်း၊ မတရားသဖြင့် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။

အောင်နိုင်ဆွေ

Rohingya Eye
RB News
14.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မတောင် ရပ်ကွက်မှ အောင်နိုင်ဆွေ (ခ) မာမတ်ဇူဘိုင်ရ် (ဘ) ရှေ့နေ ဦးဖွေယာစ် (အသက် ၂၈ နှစ်) သည် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို၏ လူယုံတော် တစ်ဦး ဖြစ်သည်။ ၎င်းသည် ရဲမှူးချုပ် တင်ကိုကိုနှင့် စီးပွားရေးအရ ရင်းနှီးနေသူ မဟုတ်သလို၊ ရာထူး အရှိန်အ၀ါကြောင့် ရင်းနှီး နေခြင်းလည်း မဟုတ်ဘဲ၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှ မဟုတ်မမှန် သတင်းများ၊ သတင်းစာ များကို လစဉ် ရဲမှူးချုပ် တင်ကိုကိုထံ ပို့ပေး နေရမှုကြောင့် ရင်းနှီးနေခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရပါသည်။

၎င်းသည် ရဲမှူးချုပ် တင်ကိုကိုနှင့် ရင်းနှီးမှုကို အခွင့်ကောင်းယူ၍ ၎င်းနှင့် ဆက်ဆံရေး မပြေလည်သူများကို အကြောင်းမဲ့ အရှိန်အ၀ါသုံး သြဇာ ပြနေသူ တစ်ဦး ဖြစ်သည်။ မြို့မတောင် ရပ်ကွက်နေ မိုဟာတ် ဇူဘိုင်ရ် (ဘ) ဦးကာလာ (အသက် ၃၀ နှစ်) နှင့် အောင်နိုင်ဆွေ တို့သည် တစ်ရပ်တည်းနေ သူငယ်ချင်းများ ဖြစ်ကြသည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်က အောင်နိုင်ဆွေအား မဟုတ်မမှန် သတင်းပေး၍ စီးပွားရှာနေခြင်း ဆက်လက် မပြုလုပ်ရန် ပြောဆိုသဖြင့် သူငယ်ချင်း နှစ်ဦး စကားများ ပြဿနာ ဖြစ်ခဲ့ရသည်။ 

ဇူလိုင်လ (၁၁) ရက်နေ့တွင် မြို့မတောင် ရပ်ကွက်၊ ဇာမိုက်ဖာရာရှိ ရိုဟင်ဂျာ လူငယ် အချို့က အောင်နိုင်ဆွေအား မဟုတ်မမှန် သတင်းပေးပြီး ကျေးရွာသား များကို ဒုက္ခမပေးရန် ပြောဆိုခဲ့သည်။ လူငယ်များက ပြောဆိုပြီးနောက် ၎င်းတို့အား အောင်နိုင်ဆွေမှ မတရားသဖြင့် ဒုက္ခပေးမည်ကို စိုးရိမ်၍ ယင်းနေ့ ည ၈း၃၀ နာရီ အချိန်တွင် အောင်နိုင်ဆွေ၏ အိမ်သို့ သွားရောက်၍ တောင်းပန် နေစဉ်၊ အောင်နိုင်ဆွေက အခန်းထဲသို့ ၀င်ရောက်ပြီး ရဲမှူးချုပ် တင်ကိုကိုထံ ဖုန်းဆက်ကာ ဇာမိုက်ဖာရာရှိ လူငယ် (၂၀) ဦးသည် တစ်ဖက်နိုင်ငံမှ RSO သင်တန်းတက်ပြီး ပြန်လည် ရောက်ရှိနေကြောင်း၊ ၎င်းတို့ကို မိုဟာမတ်ဇူဘိုင်ရ် (ဘ) ဦးကာလာက အကူအညီ ပေးနေကြောင်း မဟုတ်မမှန် သတင်းပေးပို့ခဲ့ရာ၊ ချက်ချင်းဆိုသလို နယ်ခြားစောင့် ရဲများနှင့် မြို့နယ် ရဲစခန်းမှ ရဲအင်အား (၆၀) ခန့် ည ၁၀ နာရီ အချိန်တွင် ဇာမိုက်ဖာရာသို့ ရောက်ရှိလာပြီး ရွာကို ၀န်းရံကာ မွှေနှောက် ရှာဖွေခဲ့သော်လည်း RSO နှင့် ဆက်နွယ်နေသည့် လူငယ် တစ်ဦးတစ်ယောက်ကိုမှ ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိဘဲ၊ နောက်ဆုံးတွင် အပြစ်မဲ့ တစ်ဦးဖြစ်သည့် ဟာဖီးစ် မာမတ်နူရ် (ဘ) ဦးယာစီးန် (အသက် ၁၇ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီး၍ မောင်တော ရဲစခန်းသို့ အပ်နှံခဲ့သည်။ အပြစ်မဲ့ ဖမ်းဆီးခံရသူ ဟာဖီးစ် မာမတ်နူရ်ကို ရဲများက နည်းမျိုးစုံ သုံး၍ လူမဆန်စွာ ရိုက်နှက် နှိပ်စက်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အောင်နိုင်ဆွေက တစ်ဖက်နိုင်ငံမှ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ရောက်ရှိနေကြောင်း မဟုတ်မမှန် သတင်းပေးမှုကြောင့် ခရိုင် ရဲတပ်ဖွဲ့မှ ဓါး၊တုတ်၊လှံ၊ ဂျင်ကလိများကို ရဲစခန်းသို့ အပ်နှံရန် ဇူလိုင်လ (၁၀) ရက်နေ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း အောင်နိုင်ဆွေ၏ အသိုင်းအ၀ိုင်းက ပြောဆို နေကြသည်။ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် RSO လှုပ်ရှားမှု လုံးဝ မရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အခိုင်အမာ ပြောဆိုထား သော်လည်း၊ အောင်နိုင်ဆွေက မိမိ၏ အကျိုးကိုသာ ရှေ့ရှုပြီး မဟုတ်မမှန် သတင်း ပေးပို့မှုကြောင့် ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြား လာလျက် ရှိနေသည်ကို အထက် အာဏာပိုင်များ အနေဖြင့် ပွင့်လင်း မြင်သာစွာနှင့် စုံစမ်း စစ်ဆေးပြီး၊ မမှန်မကန် သတင်းပေး၍ အကျိုး စီးပွား ရှာနေသူများကို ထိထိရောက်ရောက် အရေးယူပေးပါရန် ဒေသခံများက အထူး လိုလားလျက် ရှိသည်ဟု ဆိုသည်။



Rohingya Eye
RB News
13.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မ ကညင်တန်းရှိ အထက်တန်းကျောင်း၌ အနောက်ဘက် တစ်ထပ်ဆောင်ရှိ စာသင်ခန်း တစ်ခန်းတွင် မိုးရေကျလျက် ရှိသည်။ အဆိုပါ စာသင်ခန်းတွင် ကျောင်းသား/သူ ၄၉ ဦး ရှိပြီး၊ အားလုံးမှာ ရိုဟင်ဂျာ ကျောင်းသား/သူ များဖြစ်ကြောင်း သိရသည်။ စာသင်ခန်းမှာ ဒသမတန်း (B) ဖြစ်ပြီး၊ ယခင်က ရခိုင် ကျောင်းသား/သူ များ၏ စာသင်ခန်း ဖြစ်သော်လည်း၊ ယခုအခါ ရိုဟင်ဂျာ ကျောင်းသား/သူ များကိုသာ ယင်းစာသင်ခန်းတွင် မိုးရေအောက်၌ စာသင်ခိုင်းပြီး၊ အချို့မှာ ထီးဆောင်း၍ စာသင် နေရသည်။

ထို့အပြင် ယာယီ ကျောင်းအုပ် ဆရာမကြီး ဒေါ်ရွှေညွန့်က “မင်းတို့ ဘင်္ဂလီတွေ ဖြစ်တဲ့အတွက် ဒီလို အခန်းမှာဘဲ စာသင်ရမယ်၊ ကျောင်းချိန် အတွင်းမှာ အခန်းပြင် မထွက်ရဘူး၊ ထွက်ရင် အရေးယူမယ်” ဟုပြောဆိုသဖြင့် ကျောင်းသား/သူ များမှာ အခန်း အပြင်သို့ပင် မထွက်ရဲဘဲ ရေစိုနေသည့် အ၀တ်အစား များဖြင့် စာသင်ကြား နေရကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အဆိုပါ စာသင်ခန်းတွင် မိုးရေ မကျတော့အောင် အမိုးကို ပြုပြင်ရန် ယခု အချိန်ထိ အစီအစဉ် ရှိနေသည်ဟု ပြောဆိုသံ မကြားရကြောင်း ကျောင်းသားများက ပြောပါသည်။ 

၂၀၁၂ ခုနှစ် ပဋိပက္ခ နောက်ပိုင်းမှ စ၍ ရိုဟင်ဂျာ ကျောင်းသား/သူ များနှင့် ရခိုင် ကျောင်းသား/သူ များကို စာသင်ခန်း တစ်ခန်းထဲတွင် အတူ စာသင်ကြားခြင်း မရှိတော့ဘဲ၊ သီးသန့် အခန်းခွဲ၍ စာသင်ကြား လျက်ရှိပြီး၊ သူငယ်တန်း ကျောင်းအပ်သည့် ရိုဟင်ဂျာ ကျောင်းသား/သူ များကို မြန်မာနာမည်ဖြင့် လက်ခံခြင်း မရှိတော့ဘဲ မွတ်စလင် နာမည်ဖြင့်သာ ကျောင်းသား လက်ခံသည့် တာဝန်ခံများက လက်ခံကြောင်း ဒေသခံများက ပြောပါသည်။ အိမ်ထောင်စု စာရင်း (သို့) မွေးစာရင်းတွင် မြန်မာနာမည်နှင့် မွတ်စလင် နာမည် တွဲ၍ ပါရှိပါက ကျောင်းအပ်ခြင်းကို လုံးဝ လက်မခံကြောင်း ကျောင်းသား မိဘများက ပြောပါသည်။ 

ထိုကဲ့သို့ ခွဲခြား ဆက်ဆံနေသည့် ကျောင်းများမှာ ကညင်တန်း အထက်တန်း ကျောင်းနှင့် မြို့မတောင် ရပ်ကွက်ရှိ အထက်တန်း ကျောင်းတို့ ဖြစ်ကြောင်း သိရပါသည်။



RB News
12.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းမှ ရဲအုပ်မြတ်ထွေးနှင့် အမှတ် (၅) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုး တို့သည် ရဲတပ်ဖွဲ့ဝင် (၆) ဦးတို့နှင့် အတူ မော်တော်ယာဉ် ဂိတ်တွင် ဆိုင်ကယ်၊ ကားများကို ရပ်တန့်ခိုင်းပြီး နည်းမျိုးစုံဖြင့် နှောက်ယှက်၍ စော်ကား ပြောဆိုခြင်းများ အပြင် ငွေညှစ်ခြင်း၊ လမ်းသွား လမ်းလာများကို နှောက်ယှက်၍ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

၎င်းတို့က ကားများကို ရပ်တန့်ခိုင်းပြီး ပုံစံ (၄) စစ်ဆေးခြင်း၊ ကားယာဉ်မောင်း များထံမှ ယာဉ်မောင်း လိုင်စင် စစ်ဆေးခြင်း အပြင်၊ ယာဉ်မောင်းများအား ပုံစံ (၄) ကိုင်ဆောင် ရမည်ဟု ဆိုကာ မရှိသည့် စည်းကမ်း ထုတ်ပြ၍ ခြိမ်းခြောက် ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ ခေတ်အဆက်ဆက်က ရိုဟင်ဂျာများ ကိုင်ဆောင်ခဲ့သည့် အမျိုးသား မှတ်ပုံတင် ကဒ်ပြားဖြင့် ဘူးသီးတောင် မြို့မှ မောင်တော မြို့သို့ သွားလာခွင့် ရှိသော်လည်း ရဲအုပ်မြတ်ထွေးနှင့် လ.၀.က များက အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခြင်းများ ပြုလုပ်သည့် အပြင် ထောင်ချခြင်းများပါ ပြုလုပ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

ဘူးသီးတောင်မြို့ (၆) မိုင်တွင်လည်း ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင့် လ.၀.က များက ခရီးသွားလာသူ များကို အမြဲ နှောက်ယှက် လျက်ရှိသည်ဟု ဆိုသည်။ ဘူးသီးတောင် - မောင်တော လမ်းတွင် စစ်ဆေးရေး ဂိတ် (၃) ခု ရှိသော်လည်း ခရီးသွားလာသည့် ဒေသခံ ရိုဟင်ဂျာများကို ပိုမို နှောက်ယှက် နိုင်ရန်အတွက် ဂိတ်များ တိုးချဲ့ဖွင့်လှစ်သွားမည်ဟု ပြောဆိုလျက် ရှိသည်။ 

ရဲအုပ်မြတ်ထွေး၏ လုပ်ရပ်များသည် ဘူးသီးတောင်မြို့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားလျက် ရှိပြီး၊ တရား ဥပဒေ စိုးမိုးရေး ကိုပါ ထိခိုက်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ ဥပဒေ အထက်တွင် ရဲအုပ်မြတ်ထွေး ရှိနေပြီး၊ ၎င်း၏ မတရား သဖြင့် ပြုလုပ်နေခြင်း များအတွက် မည်သည့် ဥပဒေကမှ ဟန့်တား အရေးယူ ဆောင်ရွက်ခြင်း မရှိဟု ဆိုသည်။ 

ရဲအုပ်မြတ်ထွေး ကားယာဉ်မောင်း တစ်ဦး ဖြစ်သူ ဦးအာမာန်အူလ္လာ (ဘ) ဦးနေအာအူလ္လာ ကို ပုံစံ (၄) မရှိဟု အကြောင်းပြကာ ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့သည်။ ၎င်း၏ လုပ်ရပ်များကြောင့် ဘူးသီးတောင် မြို့အတွင်း စီးပွားရှာရန်ပင် ခက်ခဲလျက် ရှိပြီး၊ နယ်ပိုင်းမှ ဒေသခံများက မြို့ပေါ်တွင် ဈေးဝယ်လာရန်ပင် ခက်ခဲလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
12.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် ဆေးကုသရန် ခေါ်ယူသွားသည့် ကလေး လူနာကို ဆရာဝန်နှင့် တွေ့ခွင့် မပေးဘဲ လူမျိုးရေး ခွဲခြား စော်ကားမှုများ ပြုလုပ်နေသဖြင့် ဆေးကုသရန် အချိန်မမှီတော့ဘဲ အသက်ဆုံးရှုံး ခဲ့ရကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇူလိုင်လ (၁၂) ရက်နေ့တွင် မောင်တော မြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာအုပ်စု၊ ဒိလ်ဖာရာမှ ဦးဟာဘဲစ်အာမတ် (ဘ) ဦးနူရ်မာမတ်၏ အသက် တစ်နှစ်ခွဲ အရွယ်ရှိ ကလေးငယ် တစ်ဦးမှာ လူမျိုးရေး ခွဲခြား ဆက်ဆံသော ဆေးခန်း ကြီးကြပ်သူ တစ်ဦး၏ လုပ်ရပ်ကြောင့် အသက်ဆုံးရှုံး ခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဖြစ်စဉ်မှာ ဦးဟာဘဲစ်အာမတ်၏ ကလေးငယ် ဖျားနေသည်မှာ သုံးရက်ခန့် ရှိနေပြီ ဖြစ်ပြီး၊ ဖျားသည့်နေ့မှစ၍ လွန်ခဲ့သည့် နှစ်ရက်ကလည်း ကလေးငယ်ကို မောင်တော ပြည်သူ့ ဆေးရုံမှ ဓါတ်ခွဲခန်းမှူး ဦးအောင်ကျော်စိန်၏ ကိုယ်ပိုင် ဆေးခန်း ဖြစ်သည့် “သုခမွန် အထူး ဆေးခန်း” သို့ခေါ်ဆောင် သွားပြီး ကလေး အထူးကု ဆရာဝန် ဒေါက်တာမိုးသူကျော် ထံတွင် ဆေးကုသမှု ခံယူခဲ့သည်။ ဆရာဝန်၏ ညွန်ကြားချက် အရ တစ်ရက်အကြာတွင် ပြန်လည် ခေါ်ဆောင်လာရန် ဖြစ်ရာ၊ ယနေ့ ထပ်မံ၍ ခေါ်ဆောင်သွားရာ၊ အဖျားအလွန် တက်နေသည့် ကလေးငယ်ကို ဆေးခန်း ကြီးကြပ်သူ ဦးအောင်ကျော်စိန်၏ ဇနီး မရွှေစည်က ဆရာဝန်နှင့် တွေ့ခွင့်မပေးဘဲ အချိန်ဆွဲထားခဲ့သဖြင့် နံနက် ၁၀း၃၀ နာရီ အချိန်တွင် အသက် ဆုံးရှုံး သွားခဲ့ရသည်။ 

သေလုမျောပါး ဖြစ်နေသည့် ကလေးငယ်ကို ဆရာဝန်နှင့် ပေးတွေ့ရန် အတွက် ဖခင်ဖြစ်သူ ဦးဟာဘဲစ်အာမတ်က ဆေးခန်းကြီးကြပ်သူ မရွှေစည်ထံ အကြိမ်ကြိမ် တောင်းပန်၍ ပြောဆိုခဲ့သော်လည်း မရွှေစည်က ဆရာဝန်နှင့် တွေ့ဆုံခွင့် မပေးဘဲ လူမျိုးရေး ခွဲခြား၍ ပြောဆိုပြီး စော်ကားမှုများ ပြုလုပ်ခဲ့သည်။ 

ထိုသို့ ပြောဆို စော်ကားနေစဉ် အချိန်မှာပင် ကလေးငယ် သေဆုံးသွားသည်ကို မရွှေစည်က သိသွားသည့် အခါ ဦးဟာဘဲစ်အာမတ်ကို လက်ဆွဲ၍ ဆေးခန်း အပြင်သို့ နှင်ထုတ်ခဲ့သည်။ ကလေးငယ် ဆေးခန်းသို့ ရောက်ရှိပြီး အသက် သေဆုံးသွားသည်ကို ကလေး အထူးကု ဆရာဝန် ဒေါက်တာ မိုးသူကျော်က မသိရှိခဲ့ပေ။ 

ဆေးခန်း ကြီးကြပ်သူ မရွှေစည်နှင့် ဆေးခန်း အကူ ၀န်ထမ်းများက လူနာများကို အမြဲ ရိုင်းရိုင်းစိုင်းစိုင်း ခွဲခြား ဆက်ဆံလေ့ ရှိသည်ဟု ဒေသခံများ ပြောပါသည်။ ဒေါက်တာ မိုးသူကျော်သည် လူနာများကို ယခင်က ကောင်းကောင်းမွန်မွန် ပြောဆို ဆက်ဆံ၍ ဆေးကုသ ပေးသည့် အတွက် သုခမွန် ဆေးခန်းမှာ မောင်တော မြို့တွင် ထင်ရှား လာခဲ့သည်။ ယခုအခါ ဆေးခန်း၏ အမည်ကျော်ကြား လာပြီးနောက် လူစည်ကားလာသည်နှင့် အမျှ ဆေးခန်း ပိုင်ရှင် ဦးအောင်ကျော်စိန်၏ ဖိအားပေးမှုကြောင့် ဆရာဝန် ဒေါက်တာ မိုးသူကျော်က ယခင်ကလို ကောင်းကောင်းမွန်မွန် ကုသပေးခြင်း မရှိဘဲ အလျင် စလို ကုသပေးနေခြင်းများ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။



MYARF
RB News
12.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ပန်းတောပြင် တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၇) ဦးသည် ဇူလိုင်လ (၁၁) ရက်နေ့ ည (၈) နာရီ အချိန်တွင် ညောင်ချောင်း ကျေးရွာသို့ သွားရောက်ပြီး ကွမ်းယာဆိုင်တွင် ထိုင်၍ ကွမ်း၊ ဆေးလိပ် သောက်နေသော လူငယ် (၄) ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ကင်းစခန်းသို့ ခေါ်ဆောင် သွားကာ ချုပ်နှောင် ထားပြီး လူမဆန်စွာ ရိုက်နှက်၍ ညမထွက်ရ အချိန် ကျော်လွန်ပြီး ထွက်ခဲ့သည်ဟု အတင်း အဓမ္မ ၀န်ခံခိုင်းခဲ့သည်။

ထို့နောက် ည ၁၁ နာရီ ကျော်ခန့်တွင် ကျေးရွာ တာဝန်ခံ ဦးမာမတ်အနိုဝါရ်နှင့် အဖွဲ့ကို ခေါ်ယူလာပြီး ဖမ်းဆီးခံထားရသည့် အပြစ်မဲ့ (၄) ဦးထံမှ ငွေကျပ် ၁၄ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

နယ်ခြားစောင့် ရဲများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် အပြစ်မဲ့ လူငယ် (၄) ဦးလုံးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး၊ ၎င်းတို့ထဲမှ ဟူစိန်းအာမတ်၏ အခြေအနေမှာ အသက် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိ နေသည်။ ဇူလိုင်လ (၁၂) ရက်နေ့တွင် ဟူစိန်းအာမတ်၏ မိဘများက အခြေအနေ စိုးရိမ်ရသဖြင့် မောင်တော ဆေးရုံသို့ ပို့၍ ဆေးကုသခွင့် ရရန် ကျေးရွာ တာဝန်ခံ ဖြစ်သူ ဦးမာမတ်အာနိုဝါရ် ထံမှ ထောက်ခံချက် တောင်းရာ ကျေးရွာ တာဝန်ခံက ဆေးရုံသို့ ပို့လျှင် လူသိရှင်ကြား ဖြစ်သွားမည် ဖြစ်၍ ထောက်ခံချက် မပေးဘဲ ၎င်းရွာမှ ရမ်းကု တစ်ယောက် ဖြစ်သူ ဦးအစ္စမိုင်လ် ထံတွင် ဆေးကုသမှု ခံယူခိုင်းကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ရမ်းကုက ဆေးကုသ ပေးနေသော်လည်း အခြေအနေမှာ တိုးတက်မှု မရှိဘဲ ဆက်လက် စိုးရိမ်နေရသည်ဟု ဆိုသည်။ 

ငွေကျပ် ၁၄ သိန်း ညှစ်ခံရသူများမှာ -- 

(၁) ဟူစိန်းအာမတ် (ဘ) ဦးအလီဟူစိန်း (အသက် ၂၅ နှစ်)
(၂) မာမတ်ဟာရွန် (ဘ) ဦးအဒူလာကိမ်း (အသက် ၂၄ နှစ်)
(၃) အဒူလ်ဟာကိမ်း (ဘ) ဦးလာလ်မာမတ် (အသက် ၁၆ နှစ်)
(၄) မာမတ်ကာဆိမ်း (ဘ) ဦးအစ္စလာမ် (အသက် ၂၀ နှစ်) -- တို့ဖြစ်သည်။

အခမ်းအနားသို့ တက်ရောက် လာသူများ 


RB News
12.7.2015

နယူးယောက် ။ ။ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်ရှိ အမေရိကန် အဖွဲ့အစည်း အချို့မှ Rohingya Blogger / RB News အား ရိုဟင်ဂျာများ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ် ခံနေရခြင်း များအား ကမ္ဘာသိအောင် လုပ်ဆောင် ပေးနိုင်ခြင်းကို အသိအမှတ် ပြု၍ ဆုချီးမြှင့်ခဲ့သည်။

ဦးနေဆန်းဦးက ကျေးဇူးတင် စကား ပြောကြား နေစဉ်

ဆုချီးမြှင့်ခြင်း အခမ်းအနားကို နယူးယောက်မြို့တွင် ဇူလိုင်လ (၇) ရက်နေ့ ညပိုင်းတွင် ကျင်းပခဲ့ပြီး၊ Rohingya Blogger / RB News တည်ထောင်သူ ဦးဘစိန် ကိုယ်စား ဦးနေဆန်းဦးက တက်ရောက် လက်ခံ ရယူခဲ့ပြီး၊ Rohingya Blogger ၏ ကြိုးပမ်းနေမှုများ၊ ရိုဟင်ဂျာများ၏ နေ့စဉ် ရက်ဆက် ညှဉ်းပန်း နှိပ်စက်ခံနေရမှုများနှင့် ဆုချီးမြှင့်ခြင်း အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

Rohingya Blogger အား ချီးမြှင့်သည့် ဆုကို -- Islamic Leadership Council of New York, Islamic Centre at New York, Muslim Bar Association of New York, Women for Afghan Women, Turkish Cultural Centre of Queens, Chhaya CDC, Burma Task Force, Turning Point for Women and Families နှင့် ICNA Relief USA တို့မှ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

Rohingya Blogger / RB News ကို လက်ရှိ အင်္ဂလန်နိုင်ငံတွင် နေထိုင်သူ ဦးဘစိန်မှ တည်ထောင်ခဲ့ပြီး၊ မည်သည့် အဖွဲ့အစည်း၏ လက်အောက်ခံ မဟုတ်သည့် အပြင် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တစ်ဦးချင်း၏ ငွေကြေး အထောက်အပံ့ လုံးဝ ရယူထားခြင်း မရှိဘဲ၊ သီးခြား ရပ်တည်နေခြင်း ဖြစ်သည်။ Rohingya Blogger / RB News team အဖွဲ့ဝင် အဖြစ် လုပ်ကိုင် နေသူများ အားလုံးမှာ မိမိတို့၏ ကိုယ်ပိုင် စရိတ်ဖြင့် ရိုဟင်ဂျာ လူမျိုး အတွက် အကောင်းဆုံး ကြိုးပမ်း နေသူများသာ ဖြစ်ကြပြီး၊ အထူးသဖြင့် ပြည်တွင်းမှ သတင်းပေးပို့ နေသူများမှာ မိမိတို့၏ အသက် အန္တရာယ်ရှိနေသည့် ကြားမှ လုပ်ဆောင်နေသူများ ဖြစ်သည်။



RB News
12.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းတွင် တပ်ရင်းမှူး နေရာတွင် အစားထိုး ရောက်ရှိလာသူ ဒု-ရဲမှူးနှင့် တပ်ဖွဲ့ဝင် (၇) ဦး၊ ယင်းတပ်ရင်း လက်အောက်ခံ ချိန်ခါလီ စခန်းမှ စခန်းမှ ရဲအုပ်မျိုးမင်းသန်းနှင့် တပ်ဖွဲ့ဝင် ၄ ဦး၊ စုစုပေါင်း ၁၃ ဦး တို့သည် ဇူလိုင်လ (၆) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဈေးကုန်တန်း ရပ်ကွက်နေ ကွမ်းယာဆိုင် ရောင်းသူ ဦးရော်ဟီးမူလ္လာ (ဘ) ဦးကာဒဲရ်ဟူဆောင်း (အသက် ၄၅ နှစ်) နှင့် သားမက် ဖြစ်သူ ဦးမာမတ်တာဟဲရ် (ခ) တာကူး (ပဲသုတ်ဆိုင်) (အသက် ၃၀ နှစ်) တို့၏ နေအိမ် ခြံစည်းရိုးဂိတ်ကို ရိုက်ချိုး ၀င်ရောက်ကာ ၎င်းတို့နှစ်ဦးကို နေအိမ် အပြင်သို့ ခေါ်ထုတ်လာပြီး ဦးခေါင်းများကို ဦးညွတ်ခိုင်းပြီး ငုတ်တုတ်ထိုင်ခိုင်းကာ ရာဇ၀တ်မှု ကျူးလွန် ထားသူများ သကဲ့သို့ နယ်ခြားစောင့် ရဲများက ၀န်းရံထားပြီး ဦးခေါင်းများကို သေနတ်ဖြင့် ချိန်ထားပြီး ဆဲဆို ကြိမ်းမောင်း ခဲ့သည်။ 

နယ်ခြားစောင့် ရဲများက “မင်းတို့ ဘင်္ဂလီတွေ ခွေးမြှီးတွေလိုပဲ ဘယ်လို ဖြောင့်ဖြောင့် ဖြောင့်တာမဟုတ်ဘူး၊ နိုင်ငံတော်ကို သစ္စာဖောက်ပြီး ဘင်္ဂလားဖုန်း သုံးစွဲနေတယ်” ဟု လုပ်ကြံ စွပ်စွဲ၍ ရိုင်းပျစွာ ပြောဆိုခဲ့သည်။ ထို့နောက် နေအိမ်ထဲတွင် စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ဒု-ရဲမှူးနှင့် ရဲအုပ်တို့ ၀င်ရောက်၍ ဦးရော်ဟီးမူလ္လာ၏ သမီးနှင့် ဦးမာမတ်တာဟဲရ်၏ ခယ်မ တို့ကို စခန်းသို့ ခေါ်သွားရမည်ဟု ခြိမ်းခြောက်ကာ နံနက် နှစ်နာရီခွဲ အချိန်ထိ စိတ်တိုင်းကျ မဖွယ်မရာ ပြုလုပ်ပြီးမှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အရာရှိများ ထိုသို့ ကျူးလွန်နိုင်ရန် လမ်းပြပေးသူမှာ အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်၏ တပည့်ဖြစ်သူ ကျော်ဇေယျာဦး၏ သား မောင်ကျော်နိုင် ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

ဖြစ်စဉ် အစအဆုံးကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်သက်နိုင် ထံသို့ အားကိုးတကြီးဖြင့် တိုင်ကြားခဲ့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူမှာလည်း လိုင်စင်ရ ဓါးပြ တစ်ဦး ပမာ ဖြစ်သောကြောင့် ကျေးရွာသူ/သား များမှ ကာကွယ်၍ အထက် အာဏာပိုင်များ ထံသို့ တိုင်ကြား ပေးခြင်း မရှိကြောင်း သိရသည်။



MYARF
RB News
11.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သင်္ဘောကွေ့ ကျေးရွာမှ မလေးရှား နိုင်ငံသို့ လူကုန်ကူးသူ ပွဲစားမှ တဆင့် သွားသူများသည် မလေးရှား နိုင်ငံသို့ မရောက်ဘဲ အင်ဒိုနီးရှား နိုင်ငံသို့ ရောက်ရှိ သွားသဖြင့် မိသားစု များက ငွေပြန်တောင်းရာ ခြိမ်းခြောက် ခံနေရကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ကျေးရွာမှ မြို့မ ကညင်တန်း ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်သူ ဦးနေဇာမ် (ဘ) ဦးကော်ရီမူလ္လာသည် လွန်ခဲ့သည့် ၄ လခန့်က သင်္ဘောကွေ့ ကျေးရွာမှ ကလေး၊ အမျိုးသမီး၊ အမျိုးသား အချို့ကို မလေးရှားနိုင်ငံသို့ ပို့ပေးမည်ဟု ဆိုကာ ငွေကျပ် ၁၀ သိန်းစီ ယူပြီး ပညောင်ပင်ကြီး ကျေးရွာမှ တဆင့် စက်လှေ ပေါ်သို့ တင်ပေးခဲ့သည်။ ယခုအခါ ဦးနေဇာမ်မှ စက်လှေပေါ်သို့ တင်ပေးခဲ့သည့် သူများမှာ မလေးရှား နိုင်ငံသို့ မရောက်ရှိဘဲ အင်ဒိုနီးရှား နိုင်ငံတွင် ထိန်းသိမ်းခံနေရသည်ကို ၎င်းတို့၏ မိသားစုဝင်များက သိရှိ၍ ဦးနေဇာမ်အား ပေးခဲ့သည့် ငွေကျပ် ၁၀ သိန်းစီကို ပြန်တောင်းကြသဖြင့် ဦးနေဇာမ်က ၎င်းနှင့် ယောက္ခထီး တော်စပ်သူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်ဟူစိန်း မှတဆင့် ဦးဆော်ယာဒ်ဟူစိန်း အိမ်သို့ ဆင့်ခေါ်၍ နောက်တစ်ကြိမ် ငွေတောင်းလျှင် နယ်ခြားစောင့် ရဲများနှင့် ဖမ်းဆီးခိုင်းပြီး ထောင်ချခိုင်းမည်၊ သင်္ဘောကွေ့ ကျေးရွာတွင် မနေနိုင်အောင် ပြုလုပ်မည်ဟု ခြိမ်းခြောက် ခဲ့သဖြင့် ထပ်မံ၍ မတောင်းရဲတော့အောင် ဖြစ်နေကြကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဦးနေဇာမ်က လူကုန်ကူးမှု ပွဲစား ပြုလုပ်နေသည်ကို ယခင်က အင်းဒင် စခန်းတွင် တာဝန်ကျဖူးသော မောင်တော မြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး သက်မောင်ကြီးက သိရှိသွားပြီး ဦးနေဇာမ် ထံမှ ငွေကျပ် သိန်း ၂၀ ယူ၍ ဦးနေဇာမ်ကို ခေတ္တ ရှောင်နေရန် ပြောဆိုခဲ့ရာ နေရပ်ဟောင်း ဖြစ်သည့် သင်္ဘောကွေ့ ကျေးရွာတွင် ၁၅ ရက်ခန့် တိမ်းရှောင် နေခဲ့ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
11.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းနှင့် ၎င်း၏ တပည့် ဖြစ်သူ ဦးဇော်လာအာမတ် (ဘ) ဦးဘိုင်လာ (အသက် ၄၇ နှစ်) တို့သည် WY သုံးစွဲရန် ငွေမရှိသဖြင့် အမျိုးသမီး နှစ်ဦး ထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် အမှတ် (၃) ရပ်ကွက်နေ ဦးကာမာလ်နှင့် ဒေါ်ရော်မီဒါ တို့ထံတွင် ရှုလ်ဘီနှင့် ယာစ်မီးန် ဆိုသည့် သမီးနှစ်ဦး ရှိပြီး ၎င်းတို့ နှစ်ဦးစလုံး အဆိုပါ ရပ်ကွက်တွင်ပင် အိမ်ထောင်ကျ ခဲ့သည်။ လွန်ခဲ့သည့် ၂၀၁၄ ခုနှစ် အဆိုပါ အမျိုးသမီး နှစ်ဦး၏ ခင်ပွန်းများမှာ လုပ်ကိုင် စားသောက်ရန် ခက်ခဲနေသဖြင့် မလေးရှား နိုင်ငံသို့ ထွက်ခွာ သွားခဲ့သည်။ ခင်ပွန်းသည်များ မရှိတော့သည့် ဇနီးများမှာလည်း စားဝတ်နေရေး ခက်ခဲလာသဖြင့် မိဘများ အိမ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ 

ဇူလိုင်လ (၁၀) ရက်နေ့တွင် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးဝင်း (ရခိုင် လူမျိုး) နှင့် ၎င်း၏ တပည့် ဖြစ်သူ ဦးဇော်လာအာမတ် တို့သည် ဦးကာမာလ်နှင့် ဒေါ်ရော်မီဒါ တို့၏ သမီးနှစ်ဦးကို ဆင့်ခေါ်ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သွားရောက် ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲကာ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းနှင့် ဦးဇော်လာအာမတ် တို့သည် WY မူးယစ်ဆေးဝါး သုံးစွဲ နေသူများ ဖြစ်ပြီး ယင်းနေ့တွင် ၎င်းတို့ နှစ်ဦးထံတွင် မူးယစ် ဆေးဝါး ၀ယ်ယူရန် ငွေမရှိ၍ နောက်ဆုံး ကြံရာမရ ဖြစ်ကာ အဆိုပါ အမျိုးသမီး နှစ်ဦးကို ဆင့်ခေါ်၍ ငွေညှစ်ပြီး WY မူးယစ်ဆေးဝါး ၀ယ်ယူ သုံးစွဲခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။



MYARF
RB News
11.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း အခြေစိုက် စ.ရ.ဖ တပ်ဆွယ်မှူး ဇော်ဇော်နိုင်သည် ဇူလိုင်လ (၅) ရက်နေ့က ဘုရားပြင် အောင်ပ ကျေးရွာ အုပ်စု အကွက် (၁) နေ ဦးမာမတ်တော်ယုဖ် (ဘ) ဦးမာမတ်ဆီဒိခ် (အသက် ၃၀ နှစ်) ကို လမ်းမှ ဖမ်းဆီး၍ စ.ရ.ဖ ရုံးသို့ ခေါ်ဆောင် သွားပြီး တရားမ၀င် ဘင်္ဂလားဖုန်း သုံးစွဲ နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ထိပ်တုံး ခတ်ကာ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့သည်။ 

ထို့အပြင် ဇူလိုင်လ (၁) ရက်နေ့ကလည်း အဆိုပါ စ.ရ.ဖ တပ်ဆွယ်မှူး ဇော်ဇော်နိုင်သည် ဘုရားပြင် အောင်ပ ကျေးရွာ အုပ်စု အကွက် (၈) နေ မော်လ၀ီ အဗ်ဒူလ္လာကို စခန်းသို့ ခေါ်ဆောင် သွားပြီး နိုင်ငံခြားမှ အလှူငွေ ရောက်ရှိနေသည်ဟု ဆိုကာ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ မော်လ၀ီ အဗ်ဒူလ္လာ ထံမှ ငွေညှစ်ခြင်းသည် တစ်ရွာတည်းနေ န.စ.က လက်ထက်ကတည်းက အစိုးရ သတင်းပေး အဖြစ် ကျော်ကြားနေသူ တပည့် ကာဆိမ် (ဘ) ဦးအာမိရ်ဟမ်ဇား (အသက် ၄၀ နှစ်) ၏ မဟုတ်မမှန် သတင်း ပေးမှုကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

တဖန် ဇူလိုင်လ (၂) ရက်နေ့တွင်လည်း တပည့် ကာဆိမ် ဆိုသူက မော်လ၀ီ အဗ်ဒူလ္လာ ထံသွားရောက်၍ ငွေညှစ်ရာ မော်လ၀ီက ငွေပေးရန် ငြင်းဆိုသဖြင့် အခြား အာဏာပိုင်များထံ တိုင်တန်း၍ ငွေညှစ်ခိုင်းမည်၊ ထောင်ချ ခိုင်းမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၅ သိန်း ထပ်မံ ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ တပည့်ကာဆိမ် ဆိုသူသည် န.စ.က လက်ထက် ကတည်းက အာဏာပိုင်များ လက်သပ် မွေးထားသည့် သတင်းပေး တစ်ဦး ဖြစ်ပြီး ရွာသားများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးလျက် ရှိနေသူ ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။



MYARF
RB News
11.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် အစ္စလာမ် ဘာသာဝင် များ၏ အီးဒ်ပွဲတော် နီးကပ် လာသည့်နှင့် အမျှ ရခိုင်အစွန်းရောက် များ၏ ရန်စခြင်းကို ခံနေရကြောင်း ဒေသခံများက ပြောပါသည်။

အစ္စလာမ် ဘာသာဝင် များ၏ ဥပုသ်လ ကုန်ဆုံးတော့မည် ဖြစ်ပြီး အီးဒ်ပွဲတော် နီးကပ်လာသည်၍ ဘူးသီးတောင် မြို့နယ် မြို့မဈေးတွင် ဈေးဝယ်သူ များနှင့် စည်ကားလျက် ရှိသည်။ ဈေးတွင် ဈေးဝယ်ရန် လာသော ရိုဟင်ဂျာ လူအုပ် ထဲသို့ ရခိုင် အစွန်းရောက်များ ၀င်၍ ကိုယ်ဖြင့် တိုက်ခြင်း၊ ခြေထောက်ဖြင့် နင်းခြင်း၊ နောက်မှ ထိုးခြင်း အမျိုးမျိုး ပြုလုပ်ကာ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း၊ ပစ္စည်းများ လုယက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

ထိုသို့ ရန်စနေသည့် ရခိုင်အစွန်းရောက် များမှာ မည်သည့် အခါမှ ဘူးသီးတောင် မြို့ပေါ်တွင် မမြင်ဖူးသော သူစိမ်းများသာ ဖြစ်သည်ဟု ဒေသခံများ ဆိုသည်။ ဘူးသီးတောင် မြောက်ပိုင်းနှင့် တောင်ပိုင်းမှ တက်လာသော ရိုဟင်ဂျာများကို မေးသည့် အခါ ၎င်းတို့ကလည်း ၎င်းတို့၏ နယ်များတွင် မည်သည့် အခါကမှ မမြင်ဖူးကြောင်း ဖြေဆိုကြသည်။ ဘူးသီးတောင် မြို့ပေါ်တွင် ကား၊ ဆိုင်ကယ်များဖြင့် သွားလာနေသည့် ရခိုင် သူစိမ်း အများအပြား တွေ့နေရသည်ဟု မြို့ပေါ်မှ ဒေသခံများက RB News သို့ပြောပါသည်။ အဆိုပါ သူစိမ်းများ၏ ပြောဆို ပြုမှု ဆက်ဆံပုံများမှာလည်း အလွန်း ရိုင်းစိုင်းသည်ဟု ဆိုသည်။ 

အခြေအနေကို သုံးသပ်ရလျှင် ဥပုသ်လ ကုန်ဆုံး၍ အီးဒ် ပွဲတော်နှင့် နီးကပ်လာသည်နှင့် အမျှ ရခိုင်အစွန်းရောက် များက ပြဿနာ တစ်စုံတစ်ရာ ဖန်တီးရန် စီစဉ် နေသည်ကို တွေ့ရှိရသည်။ ထိုသို့ ဖန်တီးနေသည့် အချိန်တွင် မောင်တော ခရိုင်ရဲတပ်ဖွဲ့က ဒေသခံ ရိုဟင်ဂျာများ၏ လက်ဝယ်တွင် ရှိသည့် ဓါး၊ တုတ်၊ လှံ၊ လေးခွ၊ ဂျင်ကလိ စသည့် လူကို အန္တရာယ် ပြုနိုင်သည့် လက်နက်များကို ရဲစခန်းသို့ အပ်နှံရန် ကြေညာထားသည်။ ဤသည်ကို ကြည့်လျှင် ရခိုင် အစွန်းရောက်များနှင့် အာဏာပိုင်များ ပူးပေါင်း၍ အကြမ်းဖက်မှု တစ်ခုခု ပြုလုပ်ရန် စီစဉ်ထားသည်ဟု ယူဆနိုင်သည်။

(ဓါတ်ပုံ - BBC)

ငြိမ်းချမ်းရေးဖခင် (MYARF)
RB News
11.7.2015

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပါလီမန် ဒီမိုကရေစီ ခေတ်တွင် ကျွန်ုပ်တို့ ရိုဟင်ဂျာ လူမျိုးများက အခြား တိုင်းရင်းသား များနှင့် အတူ ရွေးကောက်ပွဲတွင် ရွေးကောက် ခံနိုင်ခြင်း၊ မဲပေးနိုင်ခြင်း၊ အမျိုးသား မှတ်ပုံတင်များကို အတူတူ ကိုင်လာခဲ့သော်လည်း ၁၉၆၂ ခုနှစ် နောက်ပိုင်း စစ်အစိုးရ တက်လာပြီး လိမ်လည်လှည့်စားမှု အမျိုးမျိုး ပြုလုပ်ပြီး ရိုဟင်ဂျာများထံမှ အမျိုးသား မှတ်ပုံတင်များကို သိမ်းဆည်းခဲ့သည်။

၁၉၈၉ ခုနှစ်တွင် အခြားသော တိုင်းရင်းသားများ နှင့်နည်းတူ နိုင်ငံသား စီစစ်ရေး ကဒ်ပြားအစား တစ်လသက်တမ်းဖြင့် ယာယီ သက်သေခံ ကဒ်ပြား (White Card) များ ထုတ်ပေးခဲ့သည်။ အဆိုပါ လိမ်လည်မှုနှင့် မပြီးဘဲ အစိုးရ၏ စီမံချက် အရာမရောက် ဖြစ်ခဲ့သည်ဟု ယူဆရသည်။ ၂၀၁၅ ခုနှစ် မတ်လတွင် အဆိုပါ ယာယီ သက်သေခံ ကဒ်ပြားများ သက်တမ်း ကုန်ဆုံးသည်ဟု ဆိုကာ ပြန်သိမ်း၍ လက်ခံရ ပြေစာများ ထုတ်ပေးခဲ့သည်။ ယခုတဖန် လိမ်လည်လှည့်ဖျား၍ နှုတ်ချိုသာစွာ ပြောလာသည်ကား ယာယီ သက်သေခံ ကဒ်ပြား အပ်နှံ ပြေစာများကို ပြန်အပ်ပြီး၊ အစိမ်းနုရောင်ကဒ် (ခေါ်) နိုင်ငံသား စီစဉ်ခံရမည့် သူ၏ သက်သေခံ ကဒ်ပြားများ လက်ခံယူရန် ဖြစ်သည်။

ရိုဟင်ဂျာများမှာ နား၊ မျက်စိ ပွင့်လာပြီး ဖြစ်ပြီး၊ ယခင်လို လှည့်စား၍ ရမည့် အနေအထားတွင် မရှိတော့ပေ။ မြန်မာအစိုးရက တစ်လအတွက်ဟု ဆိုကာ ပေးခဲ့သည့် ယာယီ သက်သေခံ ကဒ်ပြားကို နှစ်ပေါင်း ၂၀ ကျော် တိုင်တိုင် ကိုင်ဆောင် စေခဲ့ခြင်းဖြင့် ကြုံတွေ့ခဲ့ရသည့် ဒုက္ခပေါင်း များစွာမှာ ခါးသီးလှကြောင်း ရိုဟင်ဂျာ ပြည်သူများ သိရှိသွားပြီ ဖြစ်သည်။

ယခု လိမ်လည် လှည့်စားရန် ကြိုးစားနေခြင်းမှာ အောင်မြင်မည် မဟုတ်ဘဲ၊ ရိုဟင်ဂျာများက အစိုးရက ထုတ်ပေးနေသည့် အစိမ်းကဒ် များကို မည်သည့် အခါမှ လက်ခံယူမည် မဟုတ်ဟု ဆိုနေကြသည်။ မောင်တော ခရိုင် လ.၀.က မှူးက မိမိ ခရိုင် အတွင်းရှိ ရိုဟင်ဂျာများ၏ ရပိုင်ခွင့်ကို အမှန်တကယ် လေးစားလျှင် အစိမ်းရောင် ကဒ်များ ယူရန် နှုတ်ချိုသာစွာ စည်ရုံးနေမည့် အစား နိုင်ငံသား လျှောက်ထားရန် နိုင် ပုံစံ (၂) ထုတ်ပေးဖို့ လိုပေမည်။

ထပ်မံ ပြောရရလျှင် ဤတစ်ကြိမ်တွင် ရိုဟင်ဂျာများက လွယ်လွယ်နှင့် လှည့်စားခံမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာ လူမျိုး အမည်ဖြင့် နိုင်ငံသား စီစစ်ရေး ကဒ်ပြား ရမှသာ ယူမည် ဖြစ်ကြောင်း၊ ဘယ်လို ဒုက္ခမျိုး ခံရခံရ ခံရန် အသင့်ရှိကြောင်း၊ ယခင်ကလည်း ဒုက္ခပေါင်း များစွာ ခံစားခံရသဖြင့် အတွေ့အကြုံ ရင့်ကျက်လာပြီ ဖြစ်ကြောင်း၊ မြန်မာ အစိုးရ အာဏာပိုင် အဆင့်ဆင့် သိရှိစေရန် RB News မှ တဆင့် သတင်းစကား ပါးလိုက်ပါသည်။



MYARF
RB News
11.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း အမှတ် (၆) နယ်မြေ၊ ကျောက်လှေကား စခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ငါးဦးသည် ဇင်ပိုင်ညာ ခွဆုံသို့ သွားရောက်၍ တစ်နေကုန် စောင့်ဆိုင်းကာ လမ်းမှ ဖြတ်သန်း သွားလာသူများကို စစ်ဆေးလျက် ရှိသည်။ ၎င်းတို့သည် အမျိုးသမီးများကိုပါ စစ်ဆေးလျက် ရှိပြီး၊ စစ်ဆေးရာတွင်လည်း ခန္ဓာကိုယ် အနှံ့ကို ကိုင်တွယ်ကာ စစ်ဆေးလေ့ ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

နယ်ခြားစောင့် ရဲများသည် ဆိုင်ကယ်နှင့် ကားများကို ရပ်တန့်ခိုင်းကာ ယာဉ်မောင်းလိုင်စင်၊ ယာဉ်မှတ်ပုံတင်၊ ဘီးခွန်သွင်း ပြေစာ၊ ဆိုင်ကယ် ဦးထုပ် တို့ကို စစ်ဆေး၍ ငွေညှစ်လေ့ ရှိသည်ဟု ဆိုသည်။ ငွေညှစ်သည့် အခါ ငွေမပေးနိုင်သူများကို ရိုက်နှက်၍ ပါလာသည့် ပစ္စည်းများကို လုယက်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

အမှတ် (၅) နယ်မြေ စခန်း၊ ငါးခူရမှ နယ်ခြားစောင့် ရဲများသည်လည်း အချိန်မတော် ရိုဟင်ဂျာရွာများ အတွင်းသို့ ၀င်ရောက်၍ လှည့်လည်ကာ လမ်းသွားလမ်းလာ အမျိုးသား အမျိုးသမီး မရွေး ကိုယ်ထိလက်ရောက် စော်ကား၍ ငွေများ၊ ပစ္စည်းများ လုယက်လျက် ရှိသည်ဟု ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။ ဒေသခံ ရွာသားများ ထံတွင် MPT GSM ဖုန်းနှင့် CDMA ဖုန်းများ တွေ့လျှင်လည်း ၎င်းဖုန်းများထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ်များ တွေ့ရှိသည်ဟု လုပ်ကြံ၍ ငွေညှစ်လေ့ ရှိသည်ဟု ဆိုသည်။ 

ရွက်ညိုတောင် စခန်း (၁၀) မှ စစ်သားများသည် ရွက်ညိုတောင် တံတားပေါ်မှ ဖြတ်သန်း သွားလာသော ငါးရောင်းသူများ၊ ဟင်းသီးဟင်းရွက် ရောင်းသူများထံမှ စိတ်တိုင်းကျ လုယက်ပြီး၊ ဈေးသည်များက ဟန့်တားလျှင် လူမဆန်စွာ ရိုက်နှက်ကြောင်း၊ ချောင်းမှ ငါးဖမ်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသော ငါးဖမ်းသမား များထံမှလည်း အဆိုပါ စစ်သားများ လုယက်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ ငါးမပေးသည့် ငါးဖမ်းသမားများကို ရိုက်နှက်၍ ပိုက်ကွန်များကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်သည်ဟု ဆိုသည်။



MYARF
RB News
10.7.2015

မောင်တော ။ ။ ယနေ့ ဇူလိုင်လ (၁၀) ရက်နေ့တွင် မောင်တော ခရိုင် ရဲတပ်ဖွဲ့၊ ဒုစရိုက် နှိမ်နင်းရေး အဖွဲ့နှင့် မြို့နယ် နယ်ထိန်း အဖွဲ့တို့မှ ကြေညာချက် တစ်စောင် ထုတ်ပြန် ကြေညာခဲ့သည်။ ကြေညာချက်မှာ “၂၀၁၅ ခုနှစ် ဇူလိုင် (၁၀) ရက်နေ့ နံနက် ၁၂ နာရီ ထုတ်ပြန် ကြေညာချက်” “ယနေ့ ကြေညာချက် ထုတ်ပြန် ကြေညာသည့် နေ့မှစ၍ မိမိတို့ လက်ဝယ်တွင် ရှိသည့် ဓါး၊ တုတ်၊ လှံ၊ လေးခွ၊ ဂျင်ကလိ စသော လူကို အန္တရာယ် ပြုနိုင်သည့် လက်နက် ပစ္စည်းများကို ရဲစခန်းသို့ အပ်နှံရန် ဖြစ်ပြီး၊ မအပ်နှံဘဲ နေရာ ပြောင်းရွှေ့ ထားခြင်း၊ ဖုံးဝှက်ထားခြင်း ပြုလုပ်ပါက စစ်ဆေးသည့် အခါ တွေ့ရလျှင် ဥပဒေနှင့် အညီ အရေးယူခြင်း ခံရမည်” ဟု ပါရှိသည်။

ထိုကြေညာချက်တွင် ဓါး၊ တုတ်၊ လှံ၊ လေးခွ၊ ဂျင်ကလိ စသော လူကို အန္တရာယ် ပြုနိုင်သည့် ပစ္စည်းများဟု ဆိုထားခြင်းမှာ အိမ်သုံး ဓါးငယ်များ၊ လယ်သမားများ လုပ်ငန်းသုံး ပေါက်တူး၊ ပေါက်ပြားများ၊ တူရင်းများ၊ လက်သမားသုံး လွှများ၊ စောက်များ၊ ပုဆိန်များလည်း အကျုံးဝင်သည်။ သို့ဖြစ်၍ လုပ်သား ပြည်သူများက လုပ်ငန်းခွင်ကို ရပ်ဆိုင်းပြီး ၎င်းတို့၏ ကိရိယာ တန်ဆာပလာများကို အပ်နှံရမည့် အခြေအနေ ဖြစ်လျက် ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ဤကြေညာချက်နှင့် ပတ်သက်၍ ဒေသခံ ရိုဟင်ဂျာများက “မြန်မာအစိုးရ ယခု လက်ရှိ ထုတ်ပေးရန် ကြိုးစားနေသာ အစိမ်းကဒ် (နိုင်ငံသား စီစစ်ခံရမည့် သူ၏ သက်သေခံ ကဒ်ပြား) ကို လက်မခံသောကြောင့် ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက်ရန် အစီအစဉ်သစ် တစ်ခု ဆောင်ရွက် နေခြင်းသာ ဖြစ်သည်”ဟု သုံးသပ် ဝေဖန် နေကြသည်။ 

ရိုဟင်ဂျာ သက်ကြီး ရွယ်အို တစ်ဦးက “မြန်မာအစိုးရက စစ်ဆေးရေးတိုင်းတွင် ရိုဟင်ဂျာ လူမျိုးမှ အပ အခြား လူမျိုးများကို စစ်ဆေးခြင်း မရှိသောကြောင့် ဤကြေညာချက်သည်လည်း ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက်ရန် ရည်ရွယ်ချက်ရှိရှိ စီစဉ် ထုတ်ပြန်တာ ဖြစ်ကြောင်း” သုံးသပ်သည်။ 

လက်တွေ့ ဖြစ်ပျက်နေသည်ကို ဆန်းစစ်လျှင် ရခိုင်လူမျိုးများ၊ န.တ.လ များ၊ ဗမာလူမျိုးများနှင့် ရဲများ၊ နယ်ခြားစောင့် ရဲများ စသော အာဏာပိုင်များက ဘင်္ဂလားဖုန်း များကို လမ်း၊ ဈေးဆိုင်များ၊ ရုံးများတွင် တရားဝင် သဖွယ် အသုံးပြုနေကြသော်လည်း မည်သည့် အခါမှ တားမြစ်ခြင်း၊ ဖမ်းဆီး သိမ်းဆည်းခြင်း မရှိဘဲ ရိုဟင်ဂျာများကိုမူ ဘင်္ဂလားဖုန်း မတွေ့ရှိသော်လည်း ရှိသည်ဟု လုပ်ကြံ စွပ်စွဲကာ ဖမ်းဆီး ထောင်ချခြင်း၊ ငွေညှစ်ခြင်းများ နေ့စဉ် ပြုလုပ်လျက် ရှိသည်။

RB News
10.7.2015

တိုကျို၊ ဂျပန် ။ ။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာ သံရုံးရှေ့တွင် ယနေ့ ဇူလိုင်လ (၁၀) ရက်နေ့တွင် ဂျပန်နိုင်ငံရှိ Helps & Protect Welfare Trust (PAK) Group နှင့် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) BRAJ တို့ပူးပေါင်း၍ ဆန္ဒပြပွဲ တစ်ရပ် ကျင်းပခဲ့ကြောင်း သတင်း ရရှိပါသည်။

အဆိုပါ ဆန္ဒပြပွဲသို့ Helps & Protect Welfare Trust (PAK) Group နှင့် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) BRAJ တို့မှ အဖွဲ့ဝင်များ ပါဝင် တက်ရောက်ခဲ့ပြီး၊ Helps & Protect Welfare Trust (PAK) Group မှ ခေါင်းဆောင်း နှစ်ဦး၊ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) BRAJ မှ ဥက္ကဌ ဦးအောင်တင်၊ ဘဏ္ဍာရေးမှူး ဦးမိုဟာမတ်ဆော်လိမ် တို့က မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာများ အပေါ် လူမျိုးတုန်း သတ်ဖြတ် ညှဉ်းပန်း နှိပ်စက်နေမှုများ အကြောင်း၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို လွတ်လပ်ရေး ရပြီးသည့် အချိန်မှစ၍ တိုင်းရင်းသား လူမျိုးတစ်မျိုး အဖြစ် သတ်မှတ်ခဲ့ပြီးမှ ၁၉၆၂ ခုနှစ်မှစ၍ တိုင်းရင်းသား၊ နိုင်ငံသား အဆင့်အတန်းများ လျှော့ချ၍ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် နိုင်ငံမဲ့ဘ၀သို့ တွန်းပို့ နေသည်များကို အကျယ်တ၀န့် ရှင်းလင်း ပြောကြားခဲ့ပြီး၊ ရိုဟင်ဂျာများ၏ ဘ၀များမှာ ရွေးချယ်စရာ လမ်းနှစ်လမ်းသာ ရှိနေကြောင်း၊ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာများမှာ နိုင်ငံတကာ အထောက်အပံ့ များဖြင့်သာ ရပ်တည်နေရကြောင်း၊ စခန်းအပြင်သို့ ထွက်ခွင့် မရသဖြင့် အလုပ်အကိုင် အခွင့်အလမ်း မရှိဘဲ၊ ရရှိသည့် ရိက္ခာများ မလုံလောက်မှုကြောင့် ငတ်ဘေး ကြုံနေရမှုများ၊ ကျန်းမာရေး ချို့တဲ့နေရမှုများနှင့် ရင်ဆိုင် နေရသဖြင့် စခန်းတွင်း သေမည့်လမ်းနှင့် ပင်လယ်ပြင်သို့ ထွက်၍ နေရာကောင်းတစ်ခု ရမည်လားဟုသည့် မျှော်လင့်ချက်ဖြင့် သေကြေနေရသည်များ ရှိနေကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။ 

ထို့အပြင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရမှ ရိုဟင်ဂျာများကို လွတ်လပ်ခွင့် အပြည့် ပေးထား သယောင် လိမ်လည် ပြောဆိုနေသည်များကို မီးမောင်းထိုးပြခဲ့သည်။ 

ဆန္ဒပြပွဲကို နေ့လည် ၃ နာရီမှ ၄ နာရီထိ မြန်မာသံရုံး ရှေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။












ငြိမ်းချမ်းရေးဖခင် (MYARF)
RB News
10.7.2015

ရိုဟင်ဂျာများကို နိုင်ငံမဲ့ဘ၀ ပို့ဆောင်နိုင်အောင် (၁) ဗိုလ်တင်ကျော် စီမံကိန်း၊ (၂) ပြည်သူပိုင် စီမံကိန်း၊ (၃) နဂါးမင်း စီမံကိန်း၊ (၄) ဟင်္သာ စီမံကိန်း၊ (၅) ပြည်သာယာ စီမံကိန်း၊ (၆) မိသားစု စီမံကိန်း စသည့် လူမျိုးတုန်းအောင် အမြစ်ဖြတ်မည့် စီမံကိန်း အမျိုးမျိုး ချမှတ်ပြီး ဆောင်ရွက်လာသည်မှာ ၁၉၆၂ ခုနှစ် ကတည်းက ဖြစ်သည်။

သို့သော် စီမံကိန်း အမျိုးမျိုး ချမှတ်ပြီး ဆောင်ရွက် လာခဲ့သော်လည်း ရာနှုန်းပြည့် မအောင်မြင်သောကြောင့် ရာနှုန်းပြည့် အောင်မြင်နိုင်အောင် ၂၀၁၂ ခုနှစ် ဇွန်လ (၈) ရက်နေ့တွင် အရေးအခင်း တစ်ခု ဖန်တီးပေးပြီး ခိုးဝင်လာသူ ဘင်္ဂလီများကို ဒုက္ခသည် စခန်းသွင်းကာ တတိယနိုင်ငံသို့ ပို့ဆောင်မည်ဟု သမ္မတ ဦးသိန်းစိန်က ကြေညာခဲ့သည်။ ထို့အပြင် Rakhine Action Plan တစ်ခု ရေးဆွဲပြီး ရိုဟင်ဂျာများကို စနစ်တကျ ဘင်္ဂလီ ဇတ်သွင်းနိုင်အောင် ဆောင်ရွက် လာပါသည်။ 

ပထမဆုံး ရိုဟင်ဂျာ ရပ်ကွက် / ကျေးရွာ များကို မီးရှို့ပြီး ရိုဟင်ဂျာများကို လူနေထိုင်ရန် မသင့်တော်သည့် နေရာများသို့ စုစည်း ပြောင်းရွှေ့ ပို့ဆောင်ပြီး ယာယီတဲများ ထိုးကာ ဒုက္ခသည် အဖြစ် အသိအမှတ်ပြု၍ နေထိုင်စေခဲ့သည်။ သမ္မတ ဦးသိန်းစိန်၏ အဆိုဖြစ်သော ပထမ အဆင့်မှာ ရိုဟင်ဂျာများကို ဒုက္ခသည် စခန်း သွင်းရန် ဖြစ်သည်နှင့် အညီ ရိုဟင်ဂျာများ ကိုယ့်အရပ် ကိုယ့်ဒေသထဲတွင် မိမိတို့၏ နေအိမ်များကို စွန့်လွှတ်ပြီး ဒုက္ခသည် စခန်းများသို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။ 

ဒုတိယအဆင့် ဖြစ်သော ဘင်္ဂလီ ဇတ်သွင်းပြီး တတိယနိုင်ငံသို့ ပို့ဆောင်ရေး အတွင် နိုင်ငံသား စီစစ်ရေးဟု ခေါင်းစဉ်တပ်ကာ စီမံကိန်းများ ပြကာ မြေပုံမြို့၌ စတင် ဆောင်ရွက်ခဲ့သည်။ ထိုစီမံကိန်းအရ ရိုဟင်ဂျာ ကင်းစင် နယ်မြေ ဖြစ်လာဖွယ် မရှိဟု သုံးသပ်ပြီး စီမံကိန်း အသစ် တစ်ခု ထပ်မံ ချမှတ်ကာ ကြိုးစား ဆောင်ရွက်လာသည်။ သို့သော် ရိုဟင်ဂျာ လူမျိုးများက သန်းခေါင် စာရင်း ကောက်ခံရာတွင် လည်းကောင်း၊ မိသားစု အလိုက် ဆွဲ၊တင်၊စစ် စစ်ဆေးခံရာတွင် လည်းကောင်း၊ မည်သည့် စစ်ဆေးမှုတွင် မဆို လူမျိုး အမည်ကို ရိုဟင်ဂျာဟု ဖြေဆိုထားသဖြင့် ၎င်းတို့ လိုရာ ဆွဲထားသည့် စီမံကိန်း မအောင်မြင်ခဲ့ပေ။ 

ထို့ကြောင့် ပြည်နယ် အစိုးရ အပါအ၀င် ပြည်ထောင်စု အစိုးရ တို့က ရိုဟင်ဂျာ လူမျိုးများကို လိမ်လည် လှည့်ဖြားရန် ရည်ရွယ်ပြီး လူမျိုး အမည်နှင့် ကိုးကွယ်သည့် ဘာသာ အတွက် နေရာ ပေးမထားသော အမျိုးသား မှတ်ပုံတင် ကဒ်ပြား ပုံစံနှင့် အရောင်တူသည့် အစိမ်းရောင် ကဒ်ပြား တစ်မျိုး ထုတ်ပေးပြီး၊ အတင်း အကျပ် ကိုင်ဆောင် စေရန် ဖိအားပေးလျက် ရှိသည်။ ထိုအစိမ်းရောင် ကဒ်ပြားသည် အမျိုးသား မှတ်ပုံတင် ကဒ်ပြားနှင့် အရောင်တူနေသော်လည်း ထိုကဒ်ပြား၏ အမည်မှာ “နိုင်ငံသား စီစစ်ခံရမည့်သူ၏ သက်သေခံ ကဒ်ပြား” သာဖြစ်ပြီး အနက် အဓိပ္ပာယ်မှာ ရိုဟင်ဂျာ လူမျိုးများကို နိုင်ငံခြားသား ဖြစ်အောင် ဆောင်ရွက် နေခြင်းသာ ဖြစ်သည်။ 

အကယ်၍ ရိုဟင်ဂျာ လူမျိုးများက သမ္မတ ဦးသိန်းစိန် အစိုးရ၏ လိမ်လည် ဖြာယောင်းမှုကို သတိမမူဘဲ မသိနားမလည်စွာဖြင့် လက်ခံလိုက်လျှင် ပထမဆုံး အနေဖြင့် ဦးသိန်းစိန် အစိုးရ၏ မတရားသဖြင့် နိုင်ငံသား စီစစ်ခံရမည် ဖြစ်သဖြင့် နိုင်ငံခြားသား ဖြစ်သွား၍ ဒုက္ခသည် စခန်းသို့ ရောက်ရမည်မှာ ဧကန်မုချ ဖြစ်သည်။ ဤစီမံကိန်းသည် သမ္မတ ဦးသိန်းစိန်၏ ရိုဟင်ဂျာများကို တတိယနိုင်ငံသို့ ပို့ဆောင်ရန် နောက်ဆုံး စီမံကိန်းပင် ဖြစ်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။



MYARF
RB News
10.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် လ.၀.က မှ ဒု-ဦးစီးမှူး ဦးဆောင်သော အဖွဲ့ဝင် (၅) ဦးပါ အဖွဲ့ တစ်ဖွဲ့သည် ဇူလိုင်လ (၉) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မြို့မ ကညင်တန်း ကျေးရွာ အုပ်စုသို့ ရောက်ရှိလာပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် အခြေချကာ ရွာဆော်အား အသံချဲ့စက်ဖြင့် ဓါတ်ပုံ နှစ်ပုံစီနှင့် လာရောက်၍ နိုင်ငံသား စီစစ်ခံရမည့်သူ၏ သက်သေခံ ကဒ်ပြား (အစိမ်းနုရောင် ကဒ်ပြား) များ လာရောက် ထုတ်ယူရန် ကြေညာ စေခဲ့သည်။

တစ်နေကုန် ကြေညာနေခဲ့သော်လည်း ရွာသူ/သား တစ်ဦး တစ်ယောက်မှ လာရောက်၍ ထုတ်ယူခဲ့ခြင်း မရှိကြောင်း ဒေသခံ ရွာသားများက RB News သို့ပြောသည်။ 

အဆိုပါ အစိမ်းရောင် ကဒ်ကို လက်ခံယူ၍ ဒုက္ခ၀န် မထမ်းဟု ဆိုက္ကားသမားများနှင့် နေ့စား အလုပ်သမား များကပါ ဝေဖန် ပြောဆိုနေကြသည်။ 

အခြားသော လ.၀.က အဖွဲ့ တစ်ဖွဲ့လည်း ရွှေဇား ကျေးရွာသို့ ၃ ရက်တိတိ သွားရောက်ပြီး အစိမ်းရောင် ကဒ်ပြားများ ထုတ်ပေးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင် ခဲ့ကြောင်း သိရသည်။ 

ဇူလိုင်လ (၆) ရက်နေ့တွင် ခရိုင် လ.၀.က ဦးစီးမှူး ဦးစောနိုင်နှင့် အဖွဲ့သည် မောင်တော မြို့နယ် မြောက်ပိုင်း၊ ဖားဝပ်ချောင်း ကျေးရွာနှင့် မြို့မကညင်တန်း ကျေးရွာသို့ လည်းကောင်း၊ ဇူလိုင်လ (၄) ရက်နေ့တွင် ရွှေဇား ကျေးရွာသို့ လည်းကောင်း သွားရောက်ပြီး အစိမ်းရောင် ကဒ်ပြားများ လက်ခံရယူရန် စည်းရုံး၍ မရသဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သော်လည်း ဒေသခံ ရိုဟင်ဂျာများက အစိုးရ၏ လှည့်စားမှုကို ရိပ်မိ၍ မည်သူ တစ်ဦး တစ်ယောက်ကမှ အစိမ်းရောင် ကဒ်ပြားကို လက်ခံခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ဇူလိုင်လ (၇) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာသို့ လ.၀.က အဖွဲ့ သွားရောက်ရန် အစီအစဉ် ရှိခဲ့သော်လည်း၊ နောက်ဆုံးတွင် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ 

ဇူလိုင်လ (၁၁) ရက်နေ့တွင် မောင်တော မြို့နယ် မြောက်ပိုင်း၊ ရွက်ညိုတောင် စခန်း (စခန်း ၁၂) ပိုင် ကျေးရွာ အုပ်စု ၁၀ စုကို စခန်းတွင် စုဝေးရန် ချိန်းထားကြောင်း သိရသည်။ အခြားသော ကျေးရွာများတွင် စည်းရုံးရေး မအောင်မြင်ခဲ့၍ ယခုအခါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများထဲသို့ ခေါ်၍ ခြိမ်းခြောက်ရန် စီစဉ် ထားခြင်း ဖြစ်မည်ဟု ဒေသခံများ ဝေဖန် ပြောဆိုနေကြသည်။ 

အစိုးရ အာဏာပိုင်များက မည်သို့ပင် ခြိမ်းခြောက်သည် ဖြစ်စေ ယင်းအစိမ်းရောင် ကဒ်ပြားများကို လုံးဝ လက်ခံမည် မဟုတ်ဟု ဒေသခံ ရိုဟင်ဂျာများက ပြောဆိုနေကြသည်။



MYARF
RB News
10.7.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အကျဉ်းထောင်မှ လွတ်မြောက် လာကြသည့် ရသေ့တောင် မြို့နယ် အနောက်ပြင် ကျေးရွာမှ ရိုဟင်ဂျာ (၁၂) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ရခိုင်များက နှောက်ယှက် နေမှုကြောင့် မိမိတို့၏ နေအိမ်များတွင် မနေနိုင်ဘဲ တိမ်းရှောင် နေရကြောင်း သတင်း ရရှိပါသည်။

၂၀၁၂ ခုနှစ် ဇွန်လ ပဋိပက္ခ နောက်ပိုင်းတွင် ရခိုင်အိမ်များကို မီးရှို့ဖျက်ဆီး ခဲ့သည်၊ ရခိုင်များကို တိုက်ခိုက် ခဲ့သည်ဟု စွပ်စွဲ၍ ရသေ့တောင် မြို့နယ်မှ ရိုဟင်ဂျာ ၆၀ ကျော် ဖမ်းဆီးပြီး ထောင်ဒဏ် (၅) နှစ် အထက် ချမှတ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဧပြီလ နောက်ဆုံးပတ်နှင့် မေလဆန်းပိုင်းတွင် အကျဉ်းကျခံရသူ ၆၀ ကျော်ထဲမှ အနောက်ပြင် ရွာသား ၁၂ ဦးကို နိုင်ငံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

လွတ်မြောက်လာသူ ၁၂ ဦးကို လွတ်မြောက်လာသည့် အချိန်မှစ၍ ရသေ့တောင် မြို့နယ် ကူတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး ကျော်ကျော်နှင့် အဖွဲ့က ရခိုင်အစွန်းရောက် များနှင့် ပူးပေါင်း၍ လူအင်အား ၃၀ ခန့်ဖြင့် တုတ်၊ ဓားများ ကိုင်ဆောင်ပြီး လွတ်မြောက်လာသူများ၏ နေအိမ်များသို့ သွားရောက်၍ ရှာဖွေလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

ရခိုင်အစွန်းရောက် များက လွတ်မြောက် လာသူများမှာ ရခိုင်များ၏ နေအိမ်များ မီးရှို့ခဲ့သည်၊ ရခိုင်များကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲ၍ လွတ်မြောက် လာခြင်း အပေါ် လုံးဝ မကျေနပ်ကြောင်း၊ လွှတ်ပေးခြင်းနှင့် ပတ်သက်၍ အာဏာပိုင်များနှင့် ရင်ဆိုင်ရလျှင်ပင် ရင်ဆိုင်ရန် အသင့် ရှိသည်ဟု ပြောဆိုနေကြသည်။ ထို့အပြင် လွတ်မြောက် လာသူများ၏ မိသားစုဝင် များကိုလည်း ၎င်းတို့အား တွေ့လျှင် အသေသတ်ပစ်မည်ဟု ခြိမ်းခြောက် သဖြင့် လွတ်မြောက် လာသူများမှာ နေအိမ်များတွင် မနေရဲတော့ဘဲ တိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောပါသည်။ 

လွတ်မြောက်လာပြီး ခြိမ်းခြောက် ခံနေရသည့် အနောက်ပြင်ရွာသား (၁၂) ဦးမှာ -- 

(၁) ဦးဇာဟိတ်ဟူစိန်း (ဘ) ဦးမျာဟူစိန်း (အသက် ၃၅ နှစ်)
(၂) ဦးအဒူလ္လာ (ဘ) ဦးဆောလာမတ် (အသက် ၅၀ နှစ်)
(၃) ရော်ဖိခ် (ဘ) ဦးနူရ်အာမတ် (အသက် ၂၄ နှစ်)
(၄) ဆော်လီမူလ္လာ (ဘ) ဦးအဒူလ္လာ (အသက် ၁၈ နှစ်)
(၅) နော်ဘီဟူစိန်း (ဘ) ဦးအာဘူဒ္ဒိန် (အသက် ၂၇ နှစ်)
(၆) ကော်လီမူလ္လာ (ဘ) ဦးမာမတ်ရှား (အသက် ၁၄ နှစ်)
(၇) မာမတ်ဆာဒဲခ် (ဘ) ဦးရော်ဘီအုလ္လာ (အသက် ၁၅ နှစ်)
(၈) ဦးရော်ဖိခ် (ဘ) ဦးအဒူမာလဲခ် (အသက် ၄၂ နှစ်)
(၉) ဦးကာလာမီယာ (အသက် ၅၀ နှစ်)
(၁၀) အစ္စလာမ် (ဘ) ဦးအလီဇူဟာရ် (အသက် ၂၀ နှစ်)
(၁၁) ဦးရှာဖ်မီယာ (ဘ) ဦးဖော်ဇောလ်ကော်ရိမ် (အသက် ၃၅ နှစ်)
(၁၂) အလီဟူစိန်း (ဘ) ဦးကာလူ (အသက် ၂၂ နှစ်) -- တို့ဖြစ်သည်။



MYARF
RB News
10.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ (နယ်မြေ ၅) မှ နယ်ခြားစောင့် ရဲများသည် ငါးစကြူး ကျေးရွာ အုပ်စု၊ နိယာရ်ဘိလ်ရွာမှ ၎င်းတို့၏ တပည့်များ ဖြစ်သည့် ဦးနူရ်မာမတ် (ဘ) ဦးအာယုဖ်နှင့် ဦးရှာအာလောမ် (ဘ) ဦးဆာလေးအာမတ် (ရာအိမ်မှူး) တို့နှင့် ပူးပေါင်း၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး၏ အမည်ဖြင့် ရွာသားများကို ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၈) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲများ၏ တပည့်များသည် နယ်မြေ (၅) ရဲမှူး ထံမှ ဆင့်ခေါ်စာ တစ်စောင် ယူလာပြီး ငါးစကြူး ကျေးရွာ အုပ်စု၊ နိယာရ်ဘိလ်ရွာမှ ဒေသခံ အမျိုးသမီး (၄) ဦးကို လူကုန်ကူးမှုနှင့် ဆက်နွယ်နေသည်ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ငွေညှစ်ခံရသည့် အမျိုးသမီး (၄) ဦးမှာ --

(၁) ဦးနူရ်ကော်ဘိရ်၏ ဇနီး ဒေါ်မေရီ
(၂) ဦးနူရ်ဟူဆောင်း၏ ဇနီး ဒေါ်ဟိုင်ဒူ
(၃) ဦးဆော်ယာဒ်ဟူစိန်း၏ သမီး
(၄) ဦးမာမတ်ဖာရဲစ်၏ မိခင် -- တို့ဖြစ်သည်။

အဆိုပါ အမျိုးသမီး (၄) ဦး၏ သားများမှာ မလေးရှား နိုင်ငံသို့ ရောက်ရှိနေသည်ကို အကြောင်းပြု၍ လူကုန်ကူးမှုနှင့် ဆက်နွယ်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။




တော်လှန်ရေး ကောင်စီခေတ်က စစ်ဆေးခံပြီးမှ တိုင်းရင်းသား သတ်မှတ်ခံရသည့် ရိုဟင်ဂျာ (၇) ဦး

RB News
9.7.2015

၁၉၆၃ ခုနှစ်က မေယု နယ်ခြား ခရိုင်က အမျိုးသား မှတ်ပုံတင် ကိုင်ဆောင်သူ ရိုဟင်ဂျာ (၇) ဦးကို တိုင်းရင်းသား ဟုတ်/မဟုတ် စစ်ဆေး ခဲ့ရာမှာ စစ်ဆေးခံ ရသူများက နိုင်ငံသားများ ဖြစ်ကြတဲ့ အပြင် တိုင်းရင်းသားများပါ ဖြစ်တယ်လို့ ဘူးသီးတောင်မြို့က နယ်ခြား ခရိုင် တရားသူကြီးက ဆုံးဖြတ်ချက် ချခဲ့တယ်။

အထောက် အထား မူရင်းနဲ့ မိတ္တူကို လေ့လာ ဖတ်ရှုနိုင်ပြီး စစ်ဆေး ခံရသူများရဲ့ အမည်များနဲ့ အမျိုးသားမှတ်ပုံတင်နံပါတ် များလည်း တွေ့ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်မှာ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာများက မြန်မာနိုင်ငံရဲ့ မူရင်းဌာနေ တိုင်းရင်းသား လူမျိုးဖြစ်လို့ နိုင်ငံသား လျှောက်ထားဖို့ မလိုခဲ့ဘဲ၊ နိုင်ငံသားဟုတ်/မဟုတ် သံသယ ဖြစ်ခံရသူ အချို့ကို စစ်ဆေးခဲ့တာမျိုး ရှိခဲ့တယ်။ အဲလို စစ်ဆေးပြီးတဲ့နောက်မှာ နိုင်ငံသားလက်မှတ်များ ထုတ်ပေးခဲ့တယ်။

၁၉၅၀ နောက်ပိုင်းမှာ မြန်မာတစ်နိုင်ငံလုံးမှာ အမျိုးသားမှတ်ပုံတင်ကဒ်ပြားနဲ့ နိုင်ငံခြားသား မှတ်ပုံတင်ကဒ်ပြားများ စတင်ထုတ်ပေးခဲ့တယ်။ နိုင်ငံသားဖြစ်သူများက ဂဏန်း ၆ လုံးပါ အမျိုးသားမှတ်ပုံတင်ကဒ်ပြားများ ကိုင်ဆောင်ရပြီး၊ နိုင်ငံခြားသား သတ်မှတ်ခံရသူများက ဂဏန်း ၅ လုံးပါ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြား ကိုင်ဆောင်ခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတိုင်းရင်းသားများ အားလုံးက အခြားသော တိုင်းရင်းသား၊ နိုင်ငံသားများနဲ့ တန်းတူ အမျိုးသားမှတ်ပုံတင်ကဒ်ပြားများ ကိုင်ဆောင်ခဲ့တယ်။ ၁၉၈၉ ခုနှစ်ကစပြီး တစ်နိုင်ငံလုံးမှာ နိုင်ငံသား စီစစ်ရေး ကဒ်ပြား (ပန်းရောင်) များထုတ်ပေးမယ်ဆိုတော့လည်း ရိုဟင်ဂျာများကို အများနည်းတူ လျှောက်လွှာများ တင်ခိုင်းခဲ့တယ်။ ဒါပေမယ့် တိုင်းရင်းသား ဖြစ်ခြင်း၊ နိုင်ငံသား ဖြစ်ခြင်း ရာဇ၀င်ကို ဖျောက်ပစ်ဖို့ ၁၉၇၄ ခုနှစ်ကတည်းက ရေရှည်စီမံကိန်း ရှိနေတဲ့အတွက် ရိုဟင်ဂျာများကို ပန်းရောင် ကဒ်ပြားများ မထုတ်ပေးဘဲ၊ အဖြူရောင်ကဒ်ပြားများ (၀ှိုက်ကဒ်) ထုတ်ပေးပြီး မျိုးဆက်တစ်ခုမက ကိုင်ဆောင်ခိုင်းပြီး ယခုအခါမှာတော့ အဖြူရောင်ကဒ်များကို သိမ်းပြီး ယာယီနေထိုင်ခွင့် လက်မှတ်လို သဘောရတဲ့ အစိမ်းနုရောင် ကဒ်ပြားများ အတင်းအဓမ္မ ကိုင်ဆောင်ခိုင်းဖို့ ဖိအားပေးနေပါတယ်။

အစိုးရအနေနဲ့ ဘယ်လိုလုပ်လုပ် .. ရိုဟင်ဂျာသည် အာရ်ကာန်ဒေသရဲ့ မူရင်းဘူတ တိုင်းရင်းသား ဆိုတာ သမိုင်းကနေ ဘယ်တော့မှ ဖျောက်ပစ်လို့ ရမှာ မဟုတ်ပါဘူး။


MYARF
RB News
8.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၅) ဦးသည် ဇူလိုင်လ (၆) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ဦးရှည့်ကျ ကျေးရွာ (ဘူရားချိဒ္ဒါ ဖာရာ) သို့သွားရောက်ပြီး ဆိုင်တွင် ထိုင်၍ စကားပြောနေသည့် ဒေသခံ ရွာသား လေးဦးကို အကြောင်းမဲ့ ဖမ်းဆီး စစ်ဆေးပြီး အပြစ်ရှာ မရသော်လည်း နောက်ဆုံးတွင် ဘင်္ဂလား ဖုန်းမိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ 

လုပ်ကြံ စွပ်စွဲ ဖမ်းဆီးခံရသူ လေးဦးမှ ဆေးဆိုင်ရောင်းသူ ဦးမာမတ်အာလောမ် (ဘ) ဦးနူရ်အာမတ်က နယ်ခြားစောင့် ရဲများ တောင်းခံသည့် ငွေကျပ် ၄ သိန်းကို ချက်ချင်း ပေးနိုင်သဖြင့် ချက်ချင်း ပြန်လည် လွှတ်ပေးခဲ့သော်လည်း၊ ကျန်သည့် ၃ ဦးကို နယ်မြေ စခန်းသို့ ခေါ်ဆောင် သွားကာ ချုပ်နှောင် ထားခဲ့သည်။ ၎င်းတို့ (၃) ဦးကို ဇူလိုင်လ (၇) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ငွေညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဇူလိုင်လ (၇) ရက်နေ့ နံနက် ၁၁ နာရီတွင် ငွေညှစ်ခံရပြီး ပြန်လည် လွတ်မြောက် လာသူများမှာ -- 

(၁) မော်လ၀ီဇော်ကော်ရီယာ (ဘ) ဦးယိုရှား (အသက် ၃၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း
(၂) မာမတ်ဖာရုခ် (အသက် ၁၆ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း
(၃) အာယာတိုလ္လာ (ဘ) ဦးနုရ်အာမီးန် (အသက် ၁၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ငါးသောင်း -- တို့ဖြစ်သည်။



MYARF
RB News
8.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာတွင် တာဝန်ကျ နေသည့် စ.ရ.ဖ တပ်ဆွယ်မှူး ဇော်ဇော်နိုင်သည် ၎င်း၏ တပည့်များ ဖြစ်သည့် ဘုရားပြင် အောင်ပ ကျေးရွာအုပ်စု၊ အကွက် ၅ မှ ဦးအာဘူလ်ဖော်ယာစ် (ခ) ရှိရာ (ဘ) ဦးရှော်ရိဟူစိန်း၊ ဦးဟာဘဲစ်အာမတ် (ဘ) ဦးအာနောရ်အလီနှင့် အကွက် ၉ မှ ဦးမာဆောင်း (ဘ) ဦးကာဆိမ် တို့နှင့် ပူးပေါင်း၍ ဇူလိုင် (၇) ရက်နေ့ ည ၁၀း၃၀ နာရီ အချိန်တွင် ဘုရားပြင် အောင်ပ ကျေးရွာအုပ်စု၊ အကွက် ၅ သို့ သွားရောက်ပြီး နေအိမ်များထဲတွင် သောင်းကျန်းသူများ အောင်းနေသည်ကို ရှာဖွေရန်ဟု ဆိုကာ ၀င်ရောက် စစ်ဆေးပြီး အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

စ.ရ.ဖ တပ်ဆွယ်မှူး ဇော်ဇော်နိုင်က အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခဲ့သည့် နေအိမ်များမှာ -- 

(၁) ဦးမာမတ်တော်ယုဖ် (ဘ) ဦးကာဆိမ်
(၂) ဒေါ်အာချီမာခါတူ (ဘ) ဦးဂူလာမ်ရှော်ရိဖ် (မုဆိုးမ)
(၃) ဦးယာစီးန် (ဘ) ဦးဟာဆောင်ရှော်ရိဖ် -- တို့၏ နေအိမ်များ ဖြစ်သည်။ 

ထို့နောက် ၎င်းကျေးရွာ အုပ်စု အကွက် (၁၀) သို့ သွားရောက်ပြီး ဦးယူနုစ်၏ ဇနီး ဒေါ်ရော်ရှိဒါ (အသက် ၃၇ နှစ်) ၏ နေအိမ်သို့ ၀င်ရောက်ပြီး မဖွယ်မရာ ပြုလုပ်ခဲ့သည်။ 

အဆိုပါ စ.ရ.ဖ တပ်ဆွယ်မှူးသည် မကြာခဏ ဆိုသလို ရိုဟင်ဂျာ ရွာများထဲသို့ သွားရောက်၍ နေအိမ်များ ထဲသို့ ၀င်ရောက်ပြီး အမျိုးသားများ မတွေ့လျှင် အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ် ဆက်ဆံပြီး အမျိုးသားများ တွေ့သွားလျှင် အကြောင်း အမျိုးမျိုး ဖန်တီးကာ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လေ့ ရှိသည်။ 

ဇူလိုင်လ (၈) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ညောင်ချောင်း ဈေးသို့ ဈေးဝယ်ရန် လာသော သိမ်တောင်ပြင် ကျေးရွာမှ ဦးအဒူကာဒဲရ် (ဘ) ဦးအာမတ်ဟူစိန်းကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
8.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မကညင်တန်း ကျေးရွာရှိ စံပြ မူလွန်ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး တောင်းခံသည့် ငွေကို မပေးနိုင်သည့် ကျောင်းသား/သူများ စာသင်ခန်းမှ မောင်းထုတ်ခံ ရသည့် အပြင် ရိုက်နှက်ခံရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ မြို့မကညင်တန်း ကျေးရွာရှိ စံပြမူလွန် ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြမြသိန်းက ကျောင်းသားများထံမှ ငွေကျပ် တစ်ထောင်စီ ကောက်ခံလျက် ရှိသည်။ အချို့သော ဆင်းရဲသည့် ကျောင်းသား မိဘများက ကျောင်းအုပ် ဆရာမကြီး ဒေါ်မြမြသိန်း တောင်းခံသည့် ငွေကို အချိန်မှီ မပေးနိုင်၍ ကျောင်းမှ အထွေထွေ လုပ်သား နုရ်အစ္စလာမ် (ဘ) ဦဆာလေးအား ငွေမပေးသော ကျောင်းသားများကို ရိုက်နှက်၍ စာသင်ခန်းမှ နှင်ထုတ် စေခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ရိုက်နှက် နှင်ထုတ်ခံရသည့် ကျောင်းသားများမှာ ငိုရှိုက်၍ အိမ်သို့ ပြန်လာခဲ့ရသည်။ 

ယခု ဥပုသ်လတွင် သားသမီးများကို လုံလောက်စွာ ရှာဖွေ မကျွေးနိုင်သည့် အတွက် စိတ်အားငယ်သည့် ခံစားချက်များ ခံစားနေရချိန်တွင် ငိုရှိုက်၍ အိမ်ပြန်ရောက်လာသော သားသမီးများကို မြင်တွေ့၍ ဒေါသ အမျက်ထွက် သွားသည့် ကျောင်းသား မိဘ နှစ်ဦး ကျောင်းသို့ သွားရောက်ပြီး ကျောင်းမှ အထွေထွေ လုပ်သား နုရ်အစ္စလာမ်ကို မေးမြန်းခဲ့ရာ နုရ်အစ္စလာမ်က စော်ကား ပြောဆိုသဖြင့် အချင်းများ ရန်ဖြစ်ပြီးနောက် ကျောင်းသား မိဘနှစ်ဦးက နုရ်အစ္စလာမ်ကို ရိုက်နှက်ခဲ့သည်။ 

၎င်းကျောင်းတွင် ကျောင်းသား/သူ ၁၇၀၀ ကျော်ရှိသည်။ ငွေကျပ် တစ်ထောင်စီ ကောက်လျှင် ငွေကျပ် ၁၇ သိန်းကျော် ရရှိမည် ဖြစ်သည်။ ကျောင်းစတင် ဖွင့်သည်နှင့် ကျောင်းသား တစ်ဦးလျှင် ငွေကျပ် ၅၀၀ နှင့် ရက်အနည်းငယ် အကြာတွင် ငွေကျပ် ၂၀၀ စီ ကောက်ခ့ခဲ့သည်။ 

ယခုနှစ်တွင် အခြေခံပညာကို အခမဲ့ သင်ကြား ပေးသွားမည်ဟု နိုင်ငံတော်က ကြေညာခဲ့သော်လည်း အဆိုပါ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြမြသိန်းက အကြိမ်ကြိမ် ငွေကောက်ခံလျက် ရှိသည်။ ကျောင်းအုပ် ဆရာမကြီးက ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို စာသင်ခွင့် မပေးဘဲ ပြန်လွှတ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဒေါ်မြမြသိန်းသည် ယခု စာသင်နှစ်ကုန်လျှင် အငြိမ်းစား ယူရမည် အချိန်ရောက်တော့မည် ဖြစ်၍ နာမည်ပျက်မည်၊ အရေးယူခံရမည်ကို ဂရုမစိုက်ဘဲ ငွေကိုသာ မက်မော၍ ငွေကောက်ခံလျက် ရှိပြီး၊ ယခင်နှစ်များကလည်း ငွေကြေး အဆမတန် ကောက်ခံခဲ့ကြောင်း ဒေသခံများက ဆိုသည်။



Rohingya Eye
RB News
8.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် ၂၀၁၅ - ၂၀၁၆ ခုနှစ် အတွက် မြို့မ သားသတ် လိုင်စင်စီကို မြို့မတောင် ရပ်ကွက်မှ ဦးမောင်မောင်စိန် (ခ) ဦးမူစ်တော်ဖီးစ် (ယခင် စစ်ထောက်လှမ်းရေး တပည့်ဟောင်း) က ငွေကျပ် သိန်း ၉၀၀ ကျော်ဖြင့် ရရှိခဲ့သည်။ 

ဦးမောင်မောင်စိန်က နွားတစ်ကောင် ဖော်တိုင်း ငွေကျပ် တစ်သိန်း ၎င်းအား ပေးရန် သတ်မှတ်ထားပြီး၊ မြို့မတောင် ရပ်ကွက်ဈေးတွင် ရောင်းချသူ ဦးအဘူယာ (ဘ) ဦးဟာလာဟူဆောင်း (အသက် ၃၆ နှစ်) အပါအ၀င် (၅) ဦးကို နွားတစ်ကောင်လျှင် ငွေကျပ် တစ်သိန်းဖြင့် လည်းကောင်း၊ မြို့မကညင်တန်း ဈေးတွင် ရောင်းချသူ ဦးဆူနာလီ (အသက် ၅၀ နှစ်) ကို နွားတစ်ကောင်လျှင် တစ်သိန်းကျပ်ဖြင့် လည်းကောင်း၊ ရပ်ကွက် (၅) ဈေးတွင် ရောင်းချရန် ဦးမောင်သာနုကို နွားတစ်ကောင်လျှင် ငွေကျပ် ကိုးသောင်းဖြင့် လည်းကောင်း တစ်ဆင့် လိုင်စင် ရောင်းချ ထားရာ၊ လက်လီ ရောင်းချသူများက ၎င်းတို့ စိတ်တိုင်းကျ အမဲသား တစ်ပိဿာလျှင် ငွေကျပ် ရှစ်ထောင်မှ တစ်သောင်းထိ ရောင်းချလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဦးမောင်မောင်စိန်အား နိုင်ငံတော် အစိုးရမှ သားသတ် လိုင်စင်စီ ချပေးရာတွင် အမဲသား တစ်ပိဿာလျှင် ငွေကျပ် ခုနှစ်ထောင် အထက် မရောင်းရန် ပါရှိသော်လည်း တစ်ဆင့် လိုင်စင်ယူ ထားသူများက ဈေးနှုန်းကို ၎င်းတို့ စိတ်တိုင်းကျ ရောင်းချ နေခြင်း ဖြစ်သည်။ 

ဦးမောင်မောင်စိန်သည် စ.ရ.ဖ အဖွဲ့အား တစ်လလျှင် အမဲသား လေးပိဿာ၊ ခရိုင် ရဲတပ်ဖွဲ့မှူးအား တစ်လလျှင် အမဲသား လေးပိဿာစီ ပေးနေရသည့် အပြင်၊ မောင်တော မြို့နယ်တွင် တာဝန်ကျဖူးသည့် စည်ပင် အရာရှိများထဲတွင် အရည်အချင်း အညံ့ဖျင်းဆုံးနှင့်၊ လာဘ်စားမှု အများဆုံး စည်ပင် သာယာရေး ဦးစီးဌာန ဦးစီးအရာရှိ ဖြစ်သူ ဦးမောင်တင်ဦး ကိုလည်း လစဉ် ငွေကျပ် တစ်သိန်း ငါးသောင်းစီ ပေးနေရသဖြင့် အမဲသား ဈေးနှုန်းမှာ ယခုကဲ့သို့ အဆမတန် မြင့်တက် နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

နေ့စား အလုပ်သမားများမှာ နေ့စဉ် ငွေကျပ် ၃ ထောင်ပင် ၀င်ငွေရရန် အနိုင်နိုင် ဖြစ်နေသည့် အချိန်တွင် အမဲသားကို တစ်လ တစ်ကြိမ်ပင် စားသုံးရန် မလွယ်ကူဟု နေ့စား အလုပ်သမား တစ်ဦးက ပြောပါသည်။ 

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆင်းရဲမွဲတေမှု ပပျောက်ရန် ပြုလုပ်နေသည်ဟု ပြောဆိုလျက် ရှိသော်လည်း နိုင်ငံတော် ၀န်ထမ်းများ၏ အကျင့်ပျက် လာဘ်စားမှု၊ ငွေညှစ်မှုများကြောင့် ရောင်းချသူများမှ ဈေးနှုန်း တိုးမြှင့်ရောင်းချ နေရသဖြင့် စားသုံးသူများမှာ ၀န်ထုတ်ဝန်ပိုး ဖြစ်လာပြီး ဆင်းရဲမွဲတေသူများမှာ ကောင်းမွန်စွာ စားသောက်နိုင်သည့် အခြေအနေကို တစ်လတွင် တစ်ရက်ပင် မရဖြစ်နေသည့် အတွက် အကျင့်ပျက် ၀န်ထမ်းများကို အရေးယူ ပေးပါရန် တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။



RB News
8.7.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက်ဆင်အိုး ကျေးရွာနေ ဦးမိုဂျို (ဘ) ဦးနုရ်မိုဟာမတ်၏ နေအိမ်ကို လွန်ခဲ့သည့် လအနည်းငယ်က အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်မှ ဓါးပြ အုပ်စုတစ်စု တိတ်တဆိတ် ရောက်ရှိလာပြီး ကျေးရွာထဲတွင် ကင်းလှည့်နေသည့် နယ်ခြားစောင့် ရဲများ အသွင်ဆောင်ပြီး ၀င်ရောက်၍ နေအိမ်ထဲမှ ရွှေ၊ ငွေနှင့် အ၀တ်အထည်များကိုပါ လုယက် ယူဆောင် သွားခဲ့သည်။ 

ထိုသို့ ဓါးပြများ ၀င်ရောက်၍ ဓါးပြတိုက်ခဲ့သည်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးရှော်ဘိရ်အာမတ်က အခွင့်ကောင်းယူ၍ ဆင်းရဲသည့် ဒေသခံ ရွာသား (၆) ဦးကို ဓါးပြတိုက်မှုတွင် ပါဝင် ပတ်သက်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့သည့် အပြင် ငွေမပေးနိုင်သူ တစ်ဦးကို သက်ဆိုင်ရာသို့ အကြောင်းကြား၍ ဖမ်းဆီး စေခဲ့ပြီး အပြစ်မဲ့ တစ်ဦးမှာ ယခု အချိန်ထိ ထောင်ဒဏ် ၅ နှစ် ကျခံနေရဆဲ ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူးက ဓါးပြတိုက်မှုနှင့် ပါဝင် ပတ်သက်နေသည့်ဟု စွပ်စွဲခံရသူများမှာ --

(၁) ဦးမိုစ်တာဖာ (ဘ) ဟာဂျီဦးဂူရာဆောန်
(၂) ဦးနုရ်ကာမာလ် (ဘ) ဦးဒိလ်မိုဟာမတ်
(၃) ဦးဇော်မိလ် (ဘ) ဦးဟူစိန်းအာမတ်
(၄) ဦးရှာလီ (ဘ) ဦးဖော်ဇော်လ်အာမတ်
(၅) ဦးအာနိုဝါရ်အစ္စလာမ် (ဘ) ဦးဒေါလ်မိုဟာမတ်
(၆) ဦးနုရ်မိုဟာမတ် (ဘ) ဦးအဒူရှုကူရ် -- တို့ဖြစ်သည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူးက ၎င်းတို့ (၆) ဦးထံမှ ငွေကျပ် ၅ သိန်းစီ ညှစ်ရာ (၅) ဦးက ငွေကျပ် ၅ သိန်းစီ - စုစုပေါင်း ၂၅ သိန်း ပေးနိုင်ခဲ့သော်လည်း၊ ဦးမိုစ်တာဖာ (ဘ) ဦးဂူရာဆောန်မှာ ငွေကြေး မတတ်နိုင်သောကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးက အမှုဖွင့် တရားစွဲဆိုသဖြင့် ထောင်ဒဏ် (၅) နှစ် အပြစ်ပေးခံရကြောင်း ဒေသခံများက ပြောပါသည်။ 

ထို့အပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ၎င်းကျေးရွာမှ ဦးကာဒိရ်ဟူဆောင်း (ဘ) ဦးရှော်ရီဟူဆောင်းကို လွန်ခဲ့သည့် လအနည်းငယ်က ဒေသခံ အမျိုးသမီး တစ်ဦးကို မဖွယ်မရာ ပြုလုပ်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ် (၇) သိန်း ညှစ်ယူခဲ့သည်။ အလားတူ ၎င်းကျေးရွာမှ ဦးဆော်ယီဒိုလ်အစ္စလာမ် (ဘ) ဦးဆော်ယောဒ်ဟာရှိမ်းက လွန်ခဲ့သည့် နှစ်နှစ်ခန့်က နှစ်ဖက် ကာယကံရှင် သဘောတူညီချက်ဖြင့် တရားဝင် အရောင်းအ၀ယ် စာချုပ်ချုပ်၍ ၀ယ်ယူထားသည် စားကျက် မြေကွက် တစ်ဧက ပေါ်တွင် ကျွဲ၊ နွားနှင့် ဆိတ်များ မကျောင်းရန် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်၍ သတိပေး တားမြစ်သည့် အပြင် အရောင်းအ၀ယ် စာချုပ်မှာ တရားမ၀င်ဟု ဆိုကာ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ၂ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ယခုတလော တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် သောင်တင် နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီးပြေး ဒုက္ခသည်များကို ကူညီ ထောက်ပံ့ရန်ဟု ဆိုကာ ကျေးရွာ အတွင်းရှိ အိမ်ခြေ ၁၇၀ မှ တစ်အိမ်လျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ကောက်ခံပြီး စုစုပေါင်း ငွေကျပ် ငါးသိန်းတစ်သောင်းကို ၎င်း၏ ကိုယ်ကျိုးအတွက် အသုံးပြုလိုက်သည်ဟု ဒေသခံများက ဆိုသည်။ 

ထို့အပြင် ဦးအဒူရှုကူရ် (ဘ) ဦးဂူလာဟူဆောင်းမှ စိုက်ပျိုးထားသည့် အပင်ကြီး တစ်ပင်၊ ဦးဇာမာလ် (ဘ) ဦးအဒူမိုဂျိတ်က စိုက်ပျိုးထားသည့် အပင်ကြီး နှစ်ပင် တို့ကို ကျေးရွာ အုပ်ချုပ်ရေးမှူးက ၎င်း၏ သြဇာ အာဏာဖြင့် ခုတ်လှဲ၍ ၎င်း၏ နေအိမ်သစ် ဆောက်လုပ်ရာတွင် အသုံးပြုခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ၎င်းသည် သက်ဆိုင်ရာမှ နေအိမ် ဆောက်လုပ်ခွင့် ပါမစ် ရယူပြီး ဒေသခံ ရွာသားများ ထံမှ နည်းမျိုးစုံဖြင့် မတရားသဖြင့် ရယူထားသည့် ငွေများဖြင့် နေအိမ်သစ် ဆောက်လုပ်လျက် ရှိရာ ငွေကျပ် သိန်း ၇၀ တန်ဖိုးရှိ နှစ်ထပ် သွပ်မိုး ပျဉ်ထောင် အိမ်မှာ ဆောက်လုပ်ပြီးစီးလု နီးပါး ဖြစ်နေကြောင်း သိရသည်။ နေအိမ် ဆောက်လုပ်၍ ကျန်သည့် သစ်တန်ချိန် (၂၀) ကို တစ်တန်လျှင် ဘင်္ဂလား တာကာငွေ ၄ သောင်းနှုန်း - စုစုပေါင်း တာကာငွေ ၈ သိန်းဖြင့် တစ်ဖက်နိုင်ငံသို့ ခိုးထုတ် ရောင်းချ လိုက်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။ 

ဒေသခံများက ၎င်းတို့အား နည်းမျိုးစုံဖြင့် မတရားသဖြင့် ငွေညှစ်လျက် ရှိသော ကျေးရွာ အုပ်ချုပ်ရေးမှူးကို တရားဥပဒေနှင့် အညီ အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးပါရန် အထူးလိုလားနေကြသည်ဟု ဆိုသည်။
Rohingya Exodus