နောက်ဆုံးသတင်း/ဆောင်းပါးများ



Rohingya Eye
RB News
15.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြောက်ပိုင်း နယ်မြေ (၆) နယ်ခြားစောင့် ရဲတပ်ဖွဲ့ အပိုင် ကျေးရွာ အသီးသီးမှ ပုဇွန်ကန် ပိုင်ရှင်များနှင့် ပုဇွန် လုပ်ငန်းရှင် (၃၈) ဦးကို နယ်မြေ (၆) နယ်မြေမှူး ကိုယ်စား ဒုရဲအုပ် အဆင့် ရှိသူ တစ်ဦးက ကျောက်လှေကား ကျေးရွာရှိ လဘက်ရည်ဆိုင် တစ်ဆိုင်တွင် မေလ (၁၁) ရက်နေ့ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

ဒုရဲအုပ် အဆင့်ရှိသူက “နယ်မြေ (၆) ပိုင်နက် အတွင်း နယ်စပ်ခြံစည်းရိုးတွေ ပျက်စီးသွားတယ်။ ပြန်လည် ပြုပြင်ဖို့ နိုင်ငံတော်ကနေ ဘက်ဂျက်ချ မပေးဘူး၊ ပြုပြင်ဖို့ အတွက် (၃၇) သိန်း လိုအပ်နေတယ်၊ မင်းတို့ လုပ်ငန်းရှင်တွေဆီက အဲဒီ ငွေ (၃၇) သိန်းကို ယူဖို့ အထက် လူကြီးတွေက ပြောထားတယ်” ဟု ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

လုပ်ငန်းရှင် တစ်ဦးက “ကျွန်တော်တို့က လုပ်ငန်း အဆင်မပြေ ဖြစ်နေတယ်။ တဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တင်ပို့ဖို့လည်း ဈေးမကိုက်တာကြောင့် မရောင်းနိုင်ဘူး၊ ဒါကြောင့် ကျွန်တော်တို့ ပေးနိုင်မှာ မဟုတ်ဘူး” ဟု ပြောဆိုခဲ့သော်လည်း ဒုရဲအုပ်က ပုဇွန်ကန် ပိုင်ရှင်တစ်ဦးစီမှ ငွေကျပ် တစ်သိန်းနှစ်သောင်းစီ ပေးသွင်းရန်နှင့် ပုဇွန်လုပ်ငန်းရှင် တစ်ဦးစီမှ ငွေကျပ် ရှစ်သောင်းစီ ပေးသွင်းရမည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။


MYARF
RB News
15.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့သူကြီး ကျေးရွာတွင် ယာဉ်တိုက်မိ၍ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် တစ်ဦး သေဆုံးခဲ့ရကြောင်း သတင်း ရရှိပါသည်။

မေလ (၁၄) ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်ခန့်တွင် မြို့သူကြီး ကျေးရွာအုပ်စု၊ ရာဇာဘိလ်ရွာမှ ဒေါ်အာမီနာခါတူ (ဘ) ဦးအေဇာရ်မျာ (အသက် ၄၀ နှစ်) သည် (၂၄) ရက်သား အရွယ်ရှိသည့် ၎င်း၏ မြေးဖြစ်သူ အိုမောရ်ဖိုင်ဆဲလ် (ဘ) ဦးနူရ်ဟာရှိမ်ကို ပွေ့ချီ၍ မောင်တောမြို့မ ဈေးမှ ဆေးကုသမှု ခံယူ၍ ပြန်လာနေစဉ် မြို့သူကြီး ကျေးရွာ အရှေ့ဘက် ရာဇာဘိလ် လမ်းဝသို့ရောက်သည့် အခါ (၃) မိုင်ဘက်မှ အရှိန်ဖြင့် မောင်းနှင်လာသည့် Tiba ကုန်တင်ကား တစ်စီးက ၀င်တိုက်ခဲ့သည်။ ယာဉ်တိုက်ခံရသည့် မြေးအဖွား နှစ်ဦးလုံးသည် ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက RB News သို့ပြောသည်။

ယာဉ်မောင်းဖြစ်သူ ဦးပူရီသည် ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ကားကို ယင်းရွာထဲတွင် ထား၍ ထွက်ပြေး သွားခဲ့သည်။ နာရီပိုင်းအတွင်း ယာဉ်ထိန်းရဲများက လာရောက် စစ်ဆေးပြီးနောက် အမျိုးသမီးနှင့် ကလေးငယ်တို့၏ ရုပ်အလောင်းများကို ခွဲစိတ် စစ်ဆေးရန် မြို့နယ် ပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့သည်။ ညနေ (၄) နာရီ အချိန်တွင် အလောင်းများကို မိသားစု ထံသို့ လွှဲပြောင်း ပေးခဲ့ပြီး၊ ည (၇) နာရီခန့် အချိန်တွင် မြေမြှပ် သဂြိုဟ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ 

အမျိုးသမီးနှင့် ကလေးငယ်ကို တိုက်ခဲ့သည့် ကားနံပါတ်မှာ YNG – 5T – 1649 ဖြစ်ပြီး၊ ကားပိုင်ရှင်မှာ (၄) မိုင် ရခိုင်ရွာမှ ဦကျော်စိန် ဖြစ်သည်။ ယာဉ်မောင်း ဦးပူရီသည် မြို့သူကြီး ကျေးရွာအုပ်စု ဝေသာလီရွာမှ ဖြစ်သည်။ 

“အခု ယာဉ်တိုက်မှုက မတော်တဆ ဖြစ်ခဲ့တာ မဟုတ်ဘူး။ မဆင်မခြင် အရှိန်နဲ့ မောင်းလို့ ဖြစ်တာ။ ရခိုင် ယာဉ်မောင်းတွေက ရိုဟင်ဂျာရွာတွေထဲ ၀င်လာတာနဲ့ အရှိန်ပြင်းပြင်းနဲ့ ကားမောင်းတယ်။ အဲလို မဆင်မခြင် မောင်းတာကြောင့် အခုလို ယာဉ်တိုက်မှု ဖြစ်ရတာ” ဟု ယင်းရွာသား တစ်ဦးက ပြောပါသည်။ 

သက်ဆိုင်ရာ ရဲစခန်းမှ ယာဉ်တိုက်မှု ကျူးလွန်သူကို ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန်နှင့် သေဆုံးသူ များ၏ မိသားစုများကို လျော်ကြေးပေးရန် ဒေသခံများက မေတ္တာရပ်ခံသည်ဟု အဆိုပါ ရွာသားက ပြောပါသည်။



MYARF
RB News
15.5.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင်၊ တောင်ပြို (ယာ) ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွားစားကျက်မြေနှင့် တောင်ကုန်းမြေ များကို သိမ်းဆည်း၍ အပင်များ စိုက်နေသည်ဟု သတင်း ရရှိပါသည်။

တောင်ပြို (ယာ) ကျေးရွာ တာဝန်ခံ ဦးအာဖ်ဆာရ်အာလောမ်သည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ မြေတိုင်းစာရေး ဦးခင်မောင်သန်း ဆိုသူနှင့် ပူးပေါင်း၍ အောက်ဖော်ပြပါ ဒေသခံများ၏ နွားစားကျက်မြေနှင့် တောင်ကုန်းများကို သိမ်းဆည်း၍ အပင်များ စိုက်ပျိုးနေကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထိုကဲ့သို့ သိမ်းဆည်းမှုကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် မူလပိုင်ရှင်များမှာ နွားမွေးမြူရေး အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ ထို့ကြောင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အခြေစိုက် စစ်ဗျူဟာမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အခြား ဌာနဆိုင်ရာ အကြီးအကဲများက အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် ဖော်ထုတ်ပြီး စီရင်ဆုံးဖြတ်ရန်နှင့် ခေါင်းပုံဖြတ် နေသည့် ကျေးရွာ တာဝန်ခံအား ထိရောက်စွာ အရေးယူပေးပါရန် ဒေသခံများက မေတ္တာရပ်ခံလိုသည်ဟု ပြောပါသည်။

နွားစားကျက်မြေနှင့် တောင်ကုန်းမှ မြေများ သိမ်းခံရသည့် ဒေသခံများမှာ --

(၁) ဦးနူရ်အာမတ် (ဘ) ဦးအာမတ်ဒူရာမာန်
(၂) ဦးယာကုဖ် (ဘ) ဦးမာတ်ဟူဆောင်း
(၃) ဦးနူရ်ဘော်ရှော်ရ် (ဘ) ဦးမာမတ်ဟူဆောင်း
(၄) ဦးဇာဟိတ်အာလောမ် (ဘ) ဦးဘော်ဒီရော်မာန်
(၅) ဒေါ်ဂူရာနီ (ဘ) ဦးမော်ဟော်လောစ်
(၆) ဦးဇာဟိတ်ဟူဆောင်း (ဘ) ဦးအာဖ်လာတွန်
(၇) ဦးမာမတ်ဟူဆောင်း (ဘ) ဦးအာဖ်လာတွန်
(၈) ဦးရှော်ဖိတ် (ဘ) ဦးမာမတ်ဟူဆောင်း
(၉) ဦးဂျာဘူလ်ဟောက် (ဘ) ဦးဘော်ဒီရာမန်
(၁၀) ဦးဇော်ကိရ်အာမတ် (ဘ) ဦးဆိဒိတ်အာမတ်
(၁၁) ဦးနူရ်အာမတ် (ဘ) ဦးအာမဒူရာမာန်
(၁၂) ဦးနူရ်ကာမာလ် (ဘ) ဦးမာမတ်အာမီးန် -- တို့ဖြစ်သည်။

ရိုဟင်ဂျာလို့ ခေါ်ဝေါ် သုံးစွဲမှု မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးရှေ့ ဆန့်ကျင် ဆန္ဒပြ။

အင်ကြင်းနိုင်
ဗွီအိုအေမြန်မာပိုင်း
14.5.2016

ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အနေနဲ့ ဆက်လက် သုံးစွဲသွားမှာ ဖြစ်သလို ဒီလူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်းနဲ့ ပတ်သက်လို့ လူသားချင်း စာနာမှု ဆိုင်ရာ စိုးရိမ်မကင်း ဖြစ်မှုတွေကိုလည်း ကုလသမဂ္ဂ အနေနဲ့ ထုတ်ဖေါ် ပြောဆိုခဲ့ကြောင်း ကုလ အတွင်းရေးမှုးချုပ်ရုံးက ပြောဆိုလို က်ပါတယ်။

ဒါပေမဲ့ NLD နာယက ဦးတင်ဦးကတော့ စိန်ခေါ်မှုတွေ အများကြီးရင် ဆိုင်နေရတဲ့ မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ ပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်ပြည်ကိစ္စကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ သတိထား သုံးနှုံးပြောဆိုဖို့ လိုကြောင်း ပြောပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

ရခိုင်ပြည်နယ်က မူဆလင် လူနည်းစုတွေကို ရိုဟင်ဂျာလို့ ခေါ်ဝေါ်မှုအပေါ် အမျိုးသားရေးဝါဒီ မဘသနဲ့ သူရဲ့နောက်လိုက်အဖွဲ့တွေက ဒီသတင်းပတ်တွေ အတွင်း ပြင်းပြင်းထန်ထန်ကန့်ကွက်နေတဲ့ကြားမှာ အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့က ဒီအခေါ်အဝေါ်ကို ဆက်လက် သုံးစွဲသွား မှာဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဒီလူ့အသိုင်းအ၀ိုင်းကို လူသားချင်းဆိုင်ရာ အကူအညီတွေ ကို နှစ်ပေါင်းများစွာ ထောက်ပံ့ခဲ့တာဖြစ်ပြီး အခုချိန်မှ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ် ကို ပြောင်းပြီး အခြားအမည်ခေါ်ဖို့ အကြောင်းမရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ရဲ့ ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေကိုပြောပါတယ်။

"ဒီအသုံးအနှုန်းကို ဒီလိုအခြေအနေတွေ မတိုင်ခင် အရင်ကတည်းက သုံးနှုန်းခဲ့တာပါ။ ဒါကြောင့် ဒီအခေါ်အဝေါ်ကို ရှောင်လွှဲဖို့ အကြောင်းလဲမရှိပါဘူး။"

VOA။ ။ မြန်မာအစိုးရဘက်ကရော ဒီရိုဟင်ဂျာဆိုတဲ့အခေါ်အဝေါ်ကိုရှောင်လွှဲဖို့ ကုလသမဂ္ဂကို မေတ္တာရပ်ခံထားရော ရှိပါသလားရှင့်

"အစိုးရဘက်က ဒီလိုမျိုးမေတ္တာရပ်ခံတယ်ဆိုတာမျိုးတော့ ကျမ မသိပါဘူး။ ဒါပေမဲ့လို့ ဒီအခေါ်အဝေါ်ကို ကျမတို့အရင်ကတည်းကသုံးနှုန်းခဲ့တာဖြစ်တဲ့အပြင် ဒီလူ့အဖွဲ့အစည်းနဲ့ ပတ်သက်လို့ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်မကင်းဖြစ်မှုတွေ ကို ကုလသမဂ္ဂအနေနဲ့ ထုတ်ဖေါ်ပြောဆိုခဲ့တာပါ။"

ဒါပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ ရဲ့အခြေအနေကိုနားလည်သင့်ပြီး ဒီအကြပ်အတည်းပြသနာနဲ့ ပတ်သက်လို့ သတိထားသုံးနှုံးဖို့လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကပြောပါတယ်။

"ရိုဟင်ဂျာဆိုတဲ့ ကိစ္စ စကားကတော့ အခုအချိန်အခါမှာ တဖက်နဲ့တဖက် စကားလုံး သုံးခြင်းအားဖြင့်ပေါ့နော် ဒါ ပိုပြီးတော့ ငြိမ်းချမ်းရေးဖြစ်မယ့်ကိစ္စမှာ အနှောင့်အယှက်တော့ ဖြစ်တာပေါ့ဗျာ။ အထူးသဖြင့်ကတော့ အမေရိကန်အစိုးရတာဝန်ရှိတဲ့ သံအမတ် ဆိုတော့ ဒါဟာ အစိုးရပေါ့။ သူတို့ရဲ့ ရပ်တည်မှုတွေကို ပြောတဲ့အခါကျတော့ နည်းနည်း ဘဝင်မကျ စရာလေးတွေ ဖြစ်လာတာပေါ့။ အဲ့တာတွေကတော့ ဒီလိုပြောမယ့် ဆိုမယ့်ဟာတွေ လုပ်မယ့်အစားထက်တော့ စကားတွေ ဘာတွေကို တတ်နိုင်သမျှ တဘက်နဲ့တဘက် ပိုမိုပြီးတော့ အငြင်းပွားမယ့် ပိုပြီးတော့ ထိလွယ်ရှလွယ် နောက်ပြီးတော့ စိတ်တွေမှာ အနှောင့်အယှက်ဖြစ်ဖွယ်ရာ စကားတွေကို ပြောတာဆိုတာ နဲ့ပတ်သက်ပြီးတော့ မပြောတာကောင်းမယ်လို့ထင်တယ်ပေါ့ဗျာ။"

ရခိုင်ပြည်နယ်အရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေ သတိထားကြဖို့နဲ့ အကျပ်အတည်းတွေ အများကြီးရှိနေတဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေကို မျှမျှတတမြင်ကြည့်ဖို့လိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မေလ (၁၁)ရက်နေ့က နိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပွဲ မှာ ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာတိုင်းရင်းသား လူမျိုးတွေထဲမှာ ရိုဟင်ဂျာ မရှိကြောင်း နိုင်ငံတော်အစိုးရအနေနဲ့ တရားဝင်ကြေညာပေးဖို့ အမျိုးသားရေးဝါဒီ မဘသနဲ့ သူရဲ့နောက်လိုက်အဖွဲ့တွေက တောင်းဆိုနေကြပါတယ်။

နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ Elizabeth Trudeau

မနန္ဒာချမ်း
ဗွီအိုအေမြန်မာပိုင်း
13.5.2016

Burma – Rohingya စတဲ့ အသုံးအနှုန်းတွေကို အမေရိကန် အစိုးရက ဘာကြောင့် သုံးနှုန်း ခေါ်ဝေါ်ရတယ် ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားသွားပါတယ်။ မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း သတင်းထောက်တွေက Burma – Rohingya အသုံးအနှုန်းနဲ့ ပတ်သက်လို့ မေးမြန်းချိန်မှာ အမေရိကန် အစိုးရရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဖြေကြားခဲ့တာပါ။ အသေးစိတ်ကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

သူရဦးရွှေမန်းနဲ့ အမေရိကန်သံအမတ်ကြီး Scot Marciel တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းရဲ့ Facebook မှာ ရေးသားဖော်ပြချက်တွေကို - မေလ ၁၂ ရက် ကြာသပတေးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း - သတင်းထောက်တွေ က မေးခွန်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

သူရဦးရွှေမန်းက သူ့ရဲ့ Facebook စာမျက်နှာမှာ - မကြာသေးခင်က အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ရတာဟာ မြန်မာနိုင်ငံသားတွေ လက်မခံနိုင်တဲ့ စကားအသုံးအနှုန်း ပါဝင်ခြင်းကြောင့်ဖြစ်ပြီး၊ ဒီကိစ္စမျိုးကို သံအမတ်ကြီးအနေနဲ့ သတိပြုရမယ့် အချက်ဖြစ်တဲ့အကြောင်း ဒါမှသာ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ပိုမို တိုးတက်ကောင်းမွန်မှာ ဖြစ်တယ်လို့ - သူရဦးရွှေမန်း က သံအမတ်ကြီး Scot Marciel ကို ပြောဆိုခဲ့ပါတယ်။

သံအမတ်ကြီးဘက်ကလည်း - ဒီလို သုံးနှုန်းတာဟာ အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်ပေါ် ဆောင်ရွက်နေရ တာ ဖြစ်ကြောင်း၊ နောင်ကို မြန်မာနိုင်ငံသားတွေ လက်မခံတဲ့ အသုံးအနှုန်းတွေကို သတိထား ဆောင်ရွက်သွားမယ့် အကြောင်းတွေ ပြန်လည် ပြောကြားခဲ့ တယ်လို့ ဖော်ပြထားတာပါ။

ဒါနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက သံအမတ်ကြီး Scot Marciel အနေနဲ့ တကယ်ပဲ အဲ့လို ပြန်လည် ပြောကြားခဲ့သလား လို့ မေးမြန်းရာမှာ နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ Elizabeth Trudeau က Facebook က သတင်းကို ကိုယ်တိုင် မတွေ့ရတဲ့အတွက် မှတ်ချက်မပေးလိုကြောင်း ပြောကြားခဲ့ပေမဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်လို့တော့ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

“အမေရိကန် ပြည်ထောင်စုအနေနဲ့ တိုင်းပြည်တပြည်မှာ နေထိုင်သူတွေက ကိုယ့်ကိုယ်ကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း ရည်ညွှန်းပြောဆိုမှုတွေ အားလုံးကို အားပေးပါတယ်။ ရိုဟင်ဂျာလို့ ကာယကံရှင်တွေက သူတို့ကိုယ် သူတို့ ခေါ်တယ် ဆိုရင်လည်း ကျမတို့ အနေနဲ့ လေးစားရမှာပါ။ ဒီအတိုင်း ခေါ်ဝေါ် သုံးစွဲရမှာလည်း ဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အခုလို ဖြေကြားချက်အပေါ် သတင်းထောက်တွေက - ပြန်လည် မေးခွန်းထုတ်ကြရာမှာ - အရင် မြန်မာအစိုးရ လက်ထက်တွေ တုန်းက နိုင်ငံရဲ့ အမည်ကို အင်္ဂလိပ်လို Myanmar လို့ ခေါ်စေချင်ခဲ့ပေမဲ့ အမေရိကန်အစိုးရက နှစ်ပေါင်းများစွာ Burma လို့သာ ခေါ်ဝေါ် သုံးနှုန်းခဲ့တာကိုလည်း ထောက်ပြခဲ့ကြတာပါ။

အထူးသဖြင့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံပေမဲ့ ကာယကံရှင်တွေက ခေါ်စေချင်တဲ့အတိုင်းခေါ်တယ်ဆိုရင်၊ အစိုးရက တရားဝင် သုံးစွဲနေတဲ့ နိုင်ငံအမည်ကို လက်မခံတဲ့ အကြောင်းရင်းကို ရှင်းပြဖို့ မေးမြန်း ရာမှာတော့ - “အမေရိကန်ရဲ့ ရပ်တည်ချက်” အတိုင်း သုံးစွဲတာ ဖြစ်တဲ့ အကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Elizabeth Trudeau က တုံ့ပြန်သွားခဲ့ပါတယ်။



RB News
13.5.2016

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် မြို့လယ်ခေါင်၌ တစ်ခုတည်းသော ရိုဟင်ဂျာ မွတ်စလင်များ နေထိုင်သည့် အောင်မင်္ဂလာ ရပ်ကွက်၌ ၂၀၁၂ ခုနှစ် ပဋိပက္ခ ဖြစ်စဉ်က လူဦးရေ တစ်သောင်းကျော် ရှိခဲံသည်။ ပဋိပက္ခ ဖြစ်နေစဉ် အချိန်မှစ၍ ယခုအချိန်ထိ အောင်မင်္ဂလာ ရပ်ကွက်ကို လေးဖက်လုံးမှ ရဲလုံထိန်းများနှင့် စစ်တပ်များက ၀န်းရံထားပြီး၊ ရပ်ကွက် အတွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များ အ၀င်အထွက်၊ အသွားအလာ၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာတွင် အခက်အခဲ ပေါင်းစုံ ရင်ဆိုင်နေရသည်။ ထိုကဲ့သို့ အခက်အခဲ ပေါင်းများစွာနှင့် ရင်ဆိုင်ရသဖြင့် ဒေသခံ ၅၀၀၀ ကျော်ခန့် ဒုက္ခသည် စခန်းရှိရာသို့ လူသားချင်း စာနာကူညီ ထောက်ပံ့မှု တစ်စုံတစ်ရာ ရမည်ဟု မျှော်လင့်၍ ရွှေ့ပြောင်း သွားခဲ့ကြသည်။

ယခုလက်ရှိ အစိုးရ အဖွဲ့၏ မှတ်တမ်း စာရင်းအရ အောင်မင်္ဂလာ ရပ်ကွက်၌ စုစုပေါင်း အိမ်ထောင်စု ၉၆၅ စု၊ လူဦးရေ အားဖြင့် ၄၃၅၀ ဦး ရှိသည်။ မေလ (၉) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် စစ်တွေမြို့ရှိ “အတုလမာရဇိန် ဘုရားကြီး” ရင်ပြင်၌ နိုင်ငံတော် သံဃာ နာယက အဖွဲ့ဝင် “ဘဒ္ဒန္တသောမ” (မဏိရတနာကျောင်း ဆရာတော်)၊ ထေရ်ကြီးဝါကြီး ဆရာတော်များ၊ စည်း/ထိန်း ဆရာတော်များနှင့် ရခိုင်အစွန်းရောက် ၁၀၀၀ ကျော်ခန့် စုဝေးပြီး အောင်မင်္ဂလာ ရပ်ကွက်၌ ၂၀၁၂ ခုနှစ်တွင် လူဦးရေ ၄၃၀၀ ဦးသာ ရှိခဲ့ပြီး၊ ယခုအခါ လူဦးရေ ၂၀၀၀၀ နီးပါး ရှိလာပြီဟူ၍ မဟုတ်မမှန် လုပ်ကြံ ဖန်တီး၍ အစည်းအဝေး ပြုလုပ်ပြီး သက်ဆိုင်ရာ အာဏာပိုင် များကို တိုင်ကြားခဲ့သည်။

ထို့နောက် မေလ (၁၂) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အောင်မင်္ဂလာ ရပ်ကွက်မှ ရပ်မိရပ်ဖ (၁၀) ဦးကို ပြည်နယ် အစိုးရရုံးသို့ ခေါ်ဆောင်ပြီး ရခိုင်လူထု အချို့နှင့် တွေ့ဆုံစေကာ အပြန်အလှန် ဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ရခိုင်လူထုက အောင်မင်္ဂလာ ရပ်ကွက်တွင် ပြင်ပမှ လူဦးရေ ၂၀၀၀၀ ခိုးသွင်းထားကြောင်း၊ ထို့ကြောင့် ရခိုင်လူထု အနေဖြင့် အဆိုပါ ကိစ္စကို သံသယ ဖြစ်နေကြောင်း ပြောဆိုခဲ့သည်။ ရိုဟင်ဂျာ ရပ်မိရပ်ဖ များက အောင်မင်္ဂလာ ရပ်ကွက်ကို ရဲလုံထိန်းများနှင့် စစ်တပ်က ၀ိုင်းရံ ထားကြောင်း၊ ရပ်ကွက်သူ/သားများ အ၀င်အထွက်ကို ရဲလုံထိန်းများထံ အကြောင်းကြား ရကြောင်း၊ ဒုက္ခ အခက်အခဲ ပေါင်းစုံ ရင်ဆိုင်နေရသောကြောင့် ရပ်ကွက်တွင်းမှ ဒုက္ခသည် စခန်းသို့ ရွှေ့ပြောင်း သွားသည်မှာ များပြားကြောင်း၊ လူဦးရေ ၂၀၀၀၀ ခိုးသွင်းသည် ဆိုသည်မှာ အခြေအမြစ် မရှိသည့် စကားသာ ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

ရခိုင်လူထုက တစ်ဖန် ရဲလုံထိန်းများကို လာဘ်ထိုး၍ အဆိုပါ လူ ၂၀၀၀၀ ကိုခိုးသွင်းထားကြောင်း၊ ထို့ကြောင့် အောင်မင်္ဂလာ ရပ်ကွက်သို့ ကွင်းဆင်း၍ စစ်ဆေးလိုကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် ယင်းနေ့ နံနက် (၉) နာရီ အချိန်တွင် အောင်မင်္ဂလာ ရပ်ကွက်မှ ရပ်မိရပ်ဖ များကို အစိုးရအဖွဲ့မှ ရပ်ကွက်သို့ ပြန်လည် ပို့ဆောင် ပေးခဲ့သည်။ တစ်ဖန် ယင်းနေ့ နေ့လည် ၂ နာရီ အချိန်တွင် စစ်တွေမြို့နယ် လ.၀.က ဦးစီးမှူး ရုံးသို့ ခေါ်ဆောင်၍ အောင်မင်္ဂလာ ရပ်ကွက်တွင် ပြင်ပမှ လူ ၂၀၀၀၀ ခိုးသွင်းထားသည်ဟု ရခိုင်များ တိုင်ကြားထားသည်နှင့် စပ်လျဉ်း၍ ရခိုင်များ၏ သံသယ ကင်းရှင်းစေရန် လ.၀.က အဖွဲ့၊ ရဲလုံထိန်းအဖွဲ့နှင့် ရခိုင်လူထုမှ ပုဂ္ဂိုလ်အချို့ တို့သည် မေလ (၂၁) ရက်နေ့နှင့် (၂၂) ရက်နေ့ နှစ်ရက်ဆက်တိုက် အောင်မင်္ဂလာ ရပ်ကွက်သို့ ကွင်းဆင်း၍ တစ်အိမ်ဝင် တစ်အိမ်ထွက် လူဦးရေ စစ်ဆေးမည် ဖြစ်ကြောင်း သတိပေး ပြောဆိုပြီး ပြန်လွှတ်ခဲ့ကြောင်း အောင်မင်္ဂလာ ရပ်ကွက်မှ ရပ်မိရပ်ဖ တစ်ဦးက ပြောပါသည်။

ယျာတင် (ရိုဟင်းသား)
RB News
13.5.2016

အဘိုးတို့ စကားဝိုင်းထဲက ဒေါ်အောင်ဆန်းစုကြည် နှင့် ကျနော်

(၁)

သူတို့က ည ၉ နာရီလောက်ဆို စုံကြပြီပေါ့။

ကျနော့်အဘိုးက နေ့ခင်းကတည်းက သူတို့အဖွဲ့သား အတွက် အကုန်စီစဉ် ထားတတ်တာ။ လက်ဖက်ရည်က အစ ကွမ်းက အလယ် ဆေးလိပ်က အဆုံးပေါ့ဗျာ။ သူ့ပါတာနာတွေ အတွက်ဆို အဘိုးက လိုလေသေးမရှိအောင် စီစဉ်ထားတတ်တာ။

လက်ဖက်ရည် စပြီး သောက်တာနဲ့ အဘိုးတို့ စကားဝိုင်းကလည်း စတင်လာတာပဲ။

ရယက အတွင်းရေးမှူးက စကားပွဲကို စပေးလိုက်တာက ဒီလို --

"ဒီနေ့ BBC သတင်းက နားဝင်ပီယံပဲ ... ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွတ်ပေးဖို့ ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်ပြီ"

အင်။ ပွဲက စပြီ။

အခန်းထဲ စာကျက်နေတဲ့ ကျနော့် နားရွက်က အဘိုးတို့ စကားဝိုင်း ဖက်ကို အလိုလို လှည့်သွားတယ်။

ပွဲစတဲ့ အတွင်းရေးမှူးဆိုသူဟာ ရေဒီယို ပုံမှန် နားဆင်သူ။ BBC, RFA, VOA အပြင် လူအများ စိတ်မစားတတ်တဲ့ မြန်မာအသံကိုပါ သူ လွတ်တယ်လို့မရှိ။ လူပျိုဘဝ တုန်းက အထက်မြန်မာနိုင်ငံဖက် အလုပ်သွားခဲ့သူပီပီ သူ့ ဗမာစကားကလည်း ပီသလား မပြောနဲ့တော့။ ရေဒီယိုက လွင့်ခဲ့တဲ့ အသံအနေအထားနဲ့ ဗမာလို ပြောပြလာတဲ့ သူ့စကားတွေ အဲ့တုန်းက ကျနော် အကုန်နားမလည်ပေမယ့် နားထောင်လို့ အရသာရှိခဲ့လိုက်တာ ပြောမနေနဲ့တော့။ ကျနော်က အလယ်တန်း တက်နေတုန်းကာလ။

ခါတိုင်းဆို အဘိုးတို့စကားဝိုင်းက ထွက်ထွက်လာနေတဲ့ အသံကိုပဲ နားစွင့်တတ်ခဲ့တာ။ ဒီနေ့တော့ ဒေါ်အောင်ဆန်းစုကြည် အမည်ပါလာတော့ စာအုပ်ကို ပိတ် အခန်းက ထွက်လာပြီး အဘိုးတို့ စကားဝိုင်းနားကို သွားချင်ခဲ့ပေမယ့် အမေက ဟန့်ထားလိုက်လို့ မသွားလိုက်ဘူး။ အခန်းထဲ ပြန်ဝင်သွားခဲ့ရပေမယ့် စိတ်က စာအုပ်ထဲမှာ မရှိ။ အဘိုးတို့ စကားဝိုင်းနားကိုရောက်သွားတာ။

တစ်အိမ်သားလုံးကလည်း စိတ်ဝင်တစားနဲ့ စကားဝိုင်း အနားကို အလိုလို ရောက်ရှိလို့။

"သူတို့က တောင်းဆိုတာပေါ့။ ဒီအာဏာရှင်တွေကရော့ လွှတ်ပေးမှာလား။ ငါ တော့ သိပ်မထင်ပေါင်။

အဲ့လို ပြောလာသူက မူလတန်းကျောင်းဆရာကြီး လုပ်နေသူ။

ကျောင်းဆရာရဲ့ အားမရတဲ့ အသံကြောင့် စာကျက်ခန်းထဲက ကျနော့်စိတ်ထဲ အလိုလို နာကျင်ခံစားခဲ့ရတာ။

အပေါ့သွားချင်ယောင်ဆောင်ပြီး အခန်းအပြင် ပြန်ထွက်ကြည့်တော့ တစ်အိမ်သားလုံး မျက်နှာကလည်း စီးပွားရေးမှာ အရှုံးကြီးကြီးပေါ်ခဲ့ဟန်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားတဲ့ စစ်အာဏာရှင်ထက် အခုဏက "လွှတ်ပေးပါ့မလား" ဆိုပြီး အားမလိုအားမရတဲ့ အသံနဲ့ ပြောတဲ့ ကျောင်းဆရာအပေါ် ဒေါသ ပိုမိသလိုလို။

"လွှတ်မပေးလို့လဲ ဘယ်ရမလဲ။ အနှေးနဲ့ အမြန်ပေါ့။ မတရားမှုက တာရှည်ခံတတ်လို့လား။ ဒေါ်စုအတွက် ကျနော်တို့ ဆုတောင်းနေသလို တစ်နိုင်ငံလုံးလည် ဆုတောင်းနေတာပဲ။ နိုင်ငံတကာ ဖိအားကို ဒီအာဏာရှင်တွေ ခံနိုင်လည်း ကာလတိုပေါ့။"

ဒီတစ်ခါ အဘိုးက ဝင်ပြောလိုက်တာ။ အဘိုးကလည်း ကျောင်းဆရာ။

အဘိုးအကြောင်း နည်းနည်း ပြောပြရရင် လူပျိုဘဝက စပြောရအောင်။ အဘိုးက ၈ တန်းအောင်တော့ စစ်တပ်ဝင်ဖို့ လုပ်ခဲ့တာတဲ့။ အဘိုးအဖေက သူတို့ရွာမှာ စာသင်ကျောင်းတစ်ကျောင်း မရှိတော့ သူ့ ၈ တန်းအောင်သားလေးကို ရွာမှာနေပြီး ကလေးတွေကို စာပြဖို့ ဖျောင်းဖျ တောင်းဆိုလို့ စစ်သားဖြစ်ဖို့ နီးစပ်ခဲ့ရက ကျောင်းဆရာ ဖြစ်သွားခဲ့တာပေါ့။

ဒီလိုနဲ့ အဘိုးက ရွာက ကလေးတွေကို နေအိမ်တစ်အိမ်မှာ ခေါ်စုပြီး စာ စပြတာတဲ့။ အဲ့ချိန် အစိုးရကျောင်း ဆိုလို့ ကျေးရွာ ဆယ်အုပ်စု ပေါင်းပြီး ကျောင်းတစ်ကျောင်း ရှိရင်တောင် ကံကောင်းတဲ့ ကာလပေါ့။

ဒီလိုနဲ့ ကိုယ်ထူကိုယ်ထ ကျောင်းတည်၊ လစာမဲ့ တစ်နှစ်တိတိ စာပြ၊ နောက်တော့ အစိုးရဆီ လျှောက်ခဲ့တာ အမိန့်ကျလာတော့ တရားဝင် အစိုးရကျောင်း ဖြစ်ခဲ့တယ်ပေါ့။ အဘိုးက အဲ့ကျောင်းမှာပဲ သူ့ဘဝကို မြုပ်နှံခဲ့လိုက်တာ နှစ်ပေါင်း ၄၃ နှစ်တိတိ။ ကြားကာလမှာ ပိုပြီးဝေးတဲ့ နယ်ကို နှစ်ကြိမ် ပြောင်းရွေ့ခံခဲ့ရပေမယ့် တစ်နှစ်စီ နေပြီး ကိုယ်ထူကိုယ်ထ တည်ခဲ့တဲ့ ကိုယ့်ရွာက ကျောင်းအပေါ် သံယောဇဉ်ပိုမိလို့ ပညာရေးဌာနဆီ လျှောက်ပြီး ရွာပြန်လာခဲ့တာ။

အဘိုးရဲ့ ကျောင်းဆရာဘဝ သမိုင်းကောင်းက အခု အဘိုးမရှိတော့ပေမယ့် ကျေးရွာက လူတွေရဲ့ နှုတ်ဖျားပေါ်မှာတော့ ကျန်ရစ်နေခဲ့တာ အဘိုးက ရိုးသားလို့။ စေတနာ အနစ်နာ ဝါသနာ ဆိုတဲ့ နာသုံးနာနဲ့ ပြည်စုံတဲ့ ကျောင်းဆရာမို့လို့။ အပြောင်းအရွေ့များများ ဖြစ်မှ ရာထူးတက်တယ်တဲ့။ အဘိုးကတော့ ရာထူးဂုဏ်ကို မမက်ခဲ့။ အရင်က ကျောင်းမရှိလို့ ပညာရေးပိုင်းမှာ အားနည်းခဲ့တဲ့ သူ့ရွာက ပညာရေးကို မြှင့်ပေးချင်လို့ ရာထူးမက်ပြီး အပြောင်းအရွှေ့နဲ့ မျှောပါ မသွားခဲ့တော့ ၄၃ နှစ်ကာလရှည်ကြီးကို လက်ထောက် မူလတန်းပြဆရာ ဘဝနဲ့ ကုန်ဆုံးစေခဲ့သူ။

အဘိုးရဲ့ တပည့်တွေက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာလည်း ပထမဆွတ်ခဲ့ဖူးတယ်။ ရန်ကုန် တက္ကသိုလ်မှာလည်း မဟာတန်းထိ တက်ဖူးတယ်။ ရာပေါင်းများစွာသော ဘွဲ့ရပညာတတ်တွေလည်း ကမ္ဘာအနှံ့မှာ ဖြစ်လို့။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖူးတဲ့ လွှတ်တော်အမတ်တစ်ယောက်တောင် အဘိုးရဲ့ ကျောင်းထွက်။ အဘိုးရဲ့ တပည့်ရင်း။

အဘိုး အမြဲပြောနေကျ စကားတစ်ခွန်းက စာမရလို့ တပည့်တွေကို သူရိုက်နှက်မဆုံးပါဘူးတဲ့။ ရိုက်နှက်ဆုံးမလို့ စာရတာမှမဟုတ်တာတဲ့။ ဒါပေမယ့် အကြောင်းမဲ့ ကျောင်းပျက်တော့ ပြစ်ဒဏ်ကြမ်းကြမ်းလေး ပေးတတ်တာပဲတဲ့။ အကျင့်ဆိုးဖြစ်တဲ့ ဆေးလိပ်သောက်မိတာတို့ ကွမ်းစားမိတာတို့ တွေ့ရင်လည်း ပြစ်ဒဏ် ကြီးကြီးပေးတတ်တာတဲ့။

ကျောင်းသူတွေကို ကျတော့ ချစ်လွန်အား ကြီးတယ်ဆိုပဲ။ သူ့ရည်ရွယ်ချက်က ကျောင်းသားတွေနဲ့ ရင်ပေါင်တန်းပြီး ကျောင်းသူတွေကိုလည်း အတန်းကြီးကြီးထိ ဆက်လက် ကျောင်းတက်စေချင်တာတဲ့။ အဲ့တုန်းက လူတွေအမျာစုက အမျိုးသမီးတွေ ကျောင်းတက်လည်း ဘာအကျိုးမှ မရှိဘူး ဆိုပြီး အယူသန်အားကြီးခဲ့တာကို။

ဒီစာရေးနေသူ ကျနော်ကိုယ်တိုင်လည်း အဘိုးရဲ့ တပည့်ရင်း။ ကျနော်က တတိယတန်း အောင်တဲ့နှစ် အဘိုးကလည်း ပင်စင်ယူလိုက်တယ်။ အဘိုးက တတိယတန်း အတန်းပိုင်။

ဒါနဲ့ ကြုံတုန်းပြောပြမယ်ဗျာ။ အဘိုးရဲ့ ဝန်ထမ်းကဒ်ပြားမှာပါတဲ့ လူမျိုးကော်လံမှာ ရိုဟင်ဂျာပဲ။ ပြီးတော့ သူ့စာရွက်စာတမ်း အဟောင်းတွေကို ထုတ်ထုတ်ကြည့်တိုင်း လူမျိုးရေးရတဲ့ နေရာမှာ ရိုဟင်ဂျာလို့ ရေးထားတာချည်းပဲ။ နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့ အဘိုး၊ တစ်နိုင်ငံလုံးက တိုင်းရင်းသား နိုင်ငံသားတိုင်းကို ထုတ်ပေးခဲ့တဲ့ သုံးခေါက်ချိုးလို့ခေါ်တဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ကိုင်ခဲ့တဲ့ အဘိုး၊ အဲ့အဘိုးရဲ့ သားသမီးတွေထဲက သားကြီးနဲ့ သမီးကြီး(ကျနော့်အမေ) တို့နှစ်ယောက်လည်း အမျိုးသားမှတ်ပုံတင်ကဒ် ရတယ်။ ဒါပေမယ့် နောက်သားသမီးတွေကတော့ ဗုန်းခနဲပေါ်လာတဲ့ န၊စ၊က ရဲ့ အတင်းအဓမ္မ ထုတ်ပေးတဲ့ ယာယီ သက်သေခံ လက်မှတ်ကို မကိုင်ချင်လည်း ကိုင်နေရတယ်။

ဟော ... စကားဝိုင်း အကြောင်း ပြောနေတာနဲ့ အဘိုးအကြောင်းဆီ ရောက်ရှိပြီ။

လိုရင်းကို ဆက်ပြောပြပါ့မယ်။

------

(၂)

အဘိုးတို့ စကားဝိုင်းက ညည့်နက်လေ ပိုစည်းကားလာပဲ။

ရေနွေးကြမ်းက အဘိုးတို့ စကားဝိုင်းရဲ့ ဆိုးတူကောင်းဖက် အဖော်ပမာ။ ရေနွေးကြမ်းသောက်ရင်းနဲ့ ပွဲကျနေတတ်တာ ညတိုင်း ၁၂ ကျော်ထိ။

၁၁ နာရီ ထိုးပြီဆိုတာနဲ့ ကျနော်လည်း စာကျက်ခန်းထဲက ထွက် အဖိုးတို့ အနားကို သွားပြီး လဲနေတတ်တာ။ အိပ်နေယောင်ဆောင်ပြီး အဘိုးတို့ စကားဝိုင်းထဲ မျောလိုက်နေတတ်တာ။ အဲ့လိုနဲ့ ငယ်ငယ်ကတည်းက စောစောအိပ်တတ်တဲ့ အကျင့် ကျနော့်မှာ ပါမလာသေးတာ။

" ဒေါ်စု တစ်နေ့နေ့ သမ္မတ ဖြစ်နိုင်မယ် ထင်လား"

အဘိုးတို့ထဲမှာ ဒီတစ်ယောက်က ပညာအရည်အချင်း အနိမ့်ဆုံးပေမယ့် ဉာဏ်ထက်မြက်တဲ့ လူ။ သူ့ကို အဘိုးတို့က ဦးဉာဏ်ထက် လို့ နောက်ပြောင် ခေါ်မိတဲ့အထိ ဉာဏ်ထက်မြက်တဲ့ ပုဂ္ဂိုလ်။

"ငါတော့ မဖြစ်နိုင်ဘူး ထင်တယ် ... ဒီအာဏာရှင်တွေက နိုင်ငံ့ကောင်းစားရေးကို ကြည့်တဲ့ လူမဟုတ် ... ဒေါ်စု အာဏာရရင် အာဏာရှင်တွေ စားကွက်ကုန်မှာလေ ..."

ဦးဉာဏ်ထက်ရဲ့ မေးခွန်းကို ဖြေခဲ့သူက စောစောက ကျောင်းဆရာကြီးပဲ။

ဟွန်း ... ဒီဆရာကြီးက စကားကို အကောင်းမပြောဘူး။
ဒေါ်စု သမ္မတ မဖြစ်နိုင်ဘူးပြောတဲ့ ဆရာကြီးကို ကြားထဲက ကျနော် စိတ်နာမိတယ်။

" ဖြစ်ကောင်း ဖြစ်နိုင်တယ် ... မဖြစ်နိုင်ဘူးလို့ ယတိပြတ် ဘယ်ပြောလို့ ရမလဲ ... အဖေရိက က နယ်ဆယ်မန်းဒယ်လားတောင် ၂၇ နှစ် ထိန်းသိမ်းခံခဲ့ရပြီး နောက်ဆုံး နိုင်ငံ့ ဥသျှောင် ဖြစ်ခဲ့တာပဲ ... အဓိကက ပြည်သူတွေ ထောက်ခံဖို့လိုတာ ..."

ကျနော့် အဘိုးက သူတို့အဖွဲ့ထဲမှာ အသက်အကြီးဆုံး။ အရင့်ကျက်ဆုံးပေါ့။

အဘိုးက မျှော်လင့်ချက် ကြီးကြီးထားတတ်သူ။ လွယ်လွယ် လက်မလျော့တတ်သူ။

" ဒါမှပေါ့ ဆရာရေ ... ဒေါ်စု သမ္မတ ဖြစ်မှ တစ်နိုင်ငံလုံး အေးချမ်းမှာ... အဲ့ချိန်ဆို ငါတို့ ရိုဟင်ဂျာတွေလည်း အာဏာရှင်တွေရဲ့ ဖိနှိပ်ခံရမှုက လွတ်မှာလေ ... မြန်မြန်သာ လွတ်ပြီး မြန်မြန်သာ သမ္မတ ဖြစ်ပါစေတော့ ဒေါစုရယ် ..."

ဦးဉာဏ်ထက်က သူ့မေးခွန်းနဲ့ အဆက်အစပ် အဖြေကို သူကိုယ်တိုင် ဖြေခဲ့တော့ ကျတော်လည်း အိပ်နေယောင်ဆောင်နေရာမှ တစ်ချက်ပြုံးလိုက်ရတယ်။

ကျနော်က ငယ်သေးပေမယ့် ကျောင်းသွားတုန်း ဖြတ်သန်းသွားနေရတဲ့ န၊စ၊က စခန်းတွေမှာ ရိုဟင်ဂျာတွေကို နိမ့်တာ မြင်မြင်နေကျမို့ အဲ့ကတည်းက အာဏာရှင်တွေကို မုန်းတတ်တာ။ လူတွေ မြို့ကျော်ရင် ပုံစံလေး ကိုင်ရတာကိုလည်း ဒေါသထွက်မိတာ။
တစ်ဖြည်းဖြည်း ကြီးလာတာနဲ့ အာဏာရှင်တွေက ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံတာ ပိုပို မြင်တွေ့နေရတော့ အဲ့ကတည်းက လွတ်မြောက်ချင်စိတ်က ကျနော့် အတွေးထဲမှာ။ ကျနော့် နှလုံးသားဗဟိုမှာ။

ဒီလိုနဲ့ ညစဉ်ညတိုင်း အဘိုးတို့ စကားဝိုင်းမှာ အသံတိတ်လျက်နဲ့ ကျနော် စီးမျောခဲ့ဖူးတာ။

အဘိုးတို့ စကားဝိုင်းလည်း ဒေါ်အောင်ဆန်းစုကြည် အကြောင်း မပါလို့ မပြီး။ တစ်ခါတလေ ၈၈ ကျောင်သားခေါင်းဆောင်တွေ အကြောင်းလည်း ပါသေးတာ။

သူတို့အကြောင်းပါလာရင် ကျနော့် စိတ်က အလိုလို ရွှင်လာတတ်ခဲ့တာ အဲ့အချိန်မှာ ကျနော့်အကြောင်း ကျနော် တစ်ယောက်တည်းသာ သိခဲ့တယ်။

အဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ကျနော် ရုပ်ပုံတောင် မမြင်ဖူးသေး။ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရုပ်ပုံတွေလည်း မမြင်ဖူးသေး။ ဒါပေမယ့် ကျနော့် မသိစိတ်က သူတို့ကို အလိုလို လေးစားခဲ့တယ်။ အားကျခဲ့တယ်။ ပြီးတော့ သူတို့အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျောင်းသားခေါင်းဆောင်တွေ အမြန်ဆုံး လွှတ်မြောင်လာဖို့ အသံတိတ် ဆုတောင်းဖူးတာလည်း အကြိမ်ကြိမ် အခါခါပဲ။
ကြီးလာတော့ သူတို့အကြောင်း ပိုသိလာလေလေ သူတို့ကို ကျနော်ပို၍ လေးစားလာလေလေ။ သူတို့အပေါ် ပို၍ မျှော်လင့်ချက် ထားလာလေ။
သူတို့က အမှန်တရား ဘက်တော်သားတွေမို့လို့ပါ။

ဒါပေမယ့် ယခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသား ခေါင်းဆောင်တို့ လွတ်မြောက်ဖို့ တောင်းခဲ့တဲ့ ကျနော့် ဆုတောင်းမှုက ပြည့်ဝလာခဲ့ပေမယ့် သူတို့အပေါ် ထားခဲ့တဲ့ ကျနော့် မျှော်လင့်ကြီးကြီးထဲက သေးသေးလေးတောင် မပြည့်ဝ လာခဲ့ပါဘူး။ ဖြစ်ချင်တော့ ပိုတောင် ဆိုးကုန်လာသလို ခံစားရတယ်။

အဘိုးတို့ စကားဝိုင်း အဖွဲ့သားတွေ အားလုံးလည်း လောကကြီးကို နှုတ်ဆက်ခဲ့လေပြီ။

ဒါပေမယ့် သူတို့ မျှော်လင့်ရင်း ဆုတောင်းဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်းလည်း သမ္မတ မဟုတ်ပေမယ့် သမ္မတ အဆင့်လောက်ရှိတဲ့ ရာထူးနဲ့ ဖြစ်လေပြီ။

ဒီအချိန် အဘိုးတို့ သက်ရှိထင်ရှား ရှိနေခဲ့ရင် သူတို့ မျှော်လင့်ချက်ထားခဲ့တဲ့ ပုဂ္ဂိုလ်ကို ဘယ်လို မှတ်ချက်ပြု ဂုဏ်ပြုမလဲ မသိ။ သူတို့ တောင်းဆိုခဲ့တဲ့ ဆုတောင်းမှုက သူတို့ကို လှောင်များ လှောင်ပြောင်နေမလားလို့ပါ။

-----

(၃)

အဘိုးရေ ... ကိုယ်ယုံကြည်လေးစားတဲ့ လူက ကိုယ့်ကို လာထိုးနှက်တာလောက် နာကျင်စရာ ထပ်ရှိဦးမလားဆိုတာ အဘိုးတို့ရဲ့ စကားဝိုင်းထဲက မြေးလေး ယခုအချိန်မှာ ဘယ်သူ့ကို သွားမေးရမှာလဲ။

ပင်လယ်အောက်က အပ်ကို ရှာတွေ့ဖို့ ခက်နေတာထက် အမှန်တရားကို မြင်တွေ့ခွင့် ရဖို့ ပိုခက်နေပါပြီ။

______________________
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
-----------------------
Yar Tin ( YarTin Rohinthar )

မှတ်ချက်။ ။ ကျနော့် ကိုယ်ပိုင်ဘဝရဲ့ ဖြစ်ရပ်မှန်။



RB News
12.5.2016

စစ်တွေ ။ ။ ရခိုင်ပြည်နယ် စစ်တွေမြို့၊ အောင်မင်္ဂလာ ရပ်ကွက်ရှိ ဒေသခံ ရိုဟင်ဂျာ များကို ရန်ကုန်မြို့ အခြေစိုက် အမေရိကန် သံရုံးမှ ကိုယ်စားလှယ်များက ယနေ့ မေလ (၁၂) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် သွားရောက် တွေ့ဆုံခဲ့သည်။

အမေရိကန် သံရုံးမှ ကိုယ်စားလှယ် အဖွဲ့သည် ရိုဟင်ဂျာ အသိုင်းအ၀ိုင်းမှ ခေါင်းဆောင်များ ဖြစ်သည့် ဦးကျော်လှအောင်၊ ဦးအောင်ဝင်း၊ ဦးရွှေလှ၊ ဦးအောင်သိန်း စသည်တို့နှင့် တွေ့ဆုံ၍ ကျန်းမာရေး၊ ပညာရေး၊ သွားလာရေးနှင့် နိုင်ငံသား ဖြစ်မှု ကိစ္စများကို ရင်းနှီး ပွင့်လင်းစွာ မေးမြန်းခဲ့သည်။

ဦးကျော်လှအောင်နှင့် ဦးအောင်ဝင်းတို့က မိမိတို့သည် မိမိတို့ကိုယ် မိမိ ရိုဟင်ဂျာဟု ခေါ်ခြင်းသက်သက် မဟုတ်ကြောင်း၊ မိမိတို့တွင် သမိုင်းဆိုင်ရာ အချက်အလက်များ ရှိကြောင်း၊ မိမိတို့ကို ရှေးယခင်ကတည်းကပင် ရိုဟင်ဂျာ လူမျိုး ဖြစ်သည့် အထောက်အထား များစွာ ရှိကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

သံရုံး ကိုယ်စားလှယ်များက လက်ရှိ အခြေနေနှင့် ပတ်သက်၍ မေးမြန်းရာ ဦးရွှေလှက ရခိုင်လူမျိုးများက ၎င်းတို့၏ နေအိမ်များတွင် လူစိမ်းများ ခေါ်ထားကြောင်း၊ အဆိုပါ လူစိမ်းများမှာ ရခိုင်တပ်မတော် - AA တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ ၎င်းတို့က လူစိမ်းများ အိမ်တွင်ထား၍ ရိုဟင်ဂျာများက အောင်မင်္ဂလာ ရပ်ကွက်တွင် လူစိမ်းများ ခေါ်ထားသည်ဟု ၀ါဒဖြန့်လျက် ရှိကြောင်း၊ မိမိတို့သည် ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ လုံခြုံရေးတပ်ဖွဲ့ အစောင့်အရှောက်ဖြင့် နေထိုင်ရသူများ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လုံခြုံရေး တပ်ဖွဲ့၏ ခွင့်ပြုချက် မပါဘဲ ရပ်ကွက်မှ အပြင်သို့ ထွက်၍ပင် မရကြောင်း၊ ထို့အပြင် အောင်မင်္ဂလာ ရပ်ကွက် အတွင်းရှိ လူများသည် နိုင်ငံတကာ အန်ဂျီအို များမှ အကူအညီ မရသဖြင့် ဒုက္ခသည် စခန်းသို့ ပြောင်းရွှေ့ သွားသည်ပင် ရှိကြောင်း၊ ဤရပ်ကွက်အတွင်းသို့ မည်သည့် လူစိမ်းမှ ၀င်၍ မရကြောင်း၊ ယခုကဲ့သို့ ၀ါဒဖြန့်မှုကြောင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း တင်ပြခဲ့သည်။

အမေရိကန် သံရုံးမှ ကိုယ်စားလှယ် များသည် နံနက် ၁၀ နာရီ အချိန်တွင် အောင်မင်္ဂလာ ရပ်ကွက်မှ ပြန်လည် ထွက်ခွာ သွားကြောင်း သိရှိရသည်။

သတင်းနှင့် ဓါတ်ပုံများကို Peace Muhammad Arkani မှ ပေးပို့သည်။







Rohingya Eye
RB News
12.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်စု၊ နခေါင်းဒီးယား အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ များသည် ငါဖမ်းစက်လှေများ ငါးဖမ်း၍ ပြန်လာစဉ် ရပ်တန့်ခိုင်းပြီး ငါးဖမ်းခွင့် စာအုပ်များ တောင်းခံခဲ့သည်။ ငါးဖမ်းသမားများက ငါးဖမ်းခွင့် စာအုပ်များ ပြသည့်အခါ ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်ပြီး ငါးဖမ်းစက်လှေ ပဲ့ထိန်း (၃) ဦးထံမှ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ငွေညှစ်ခံရသူ (၃) ဦးမှာ --

(၁) ဦးရာမောတ်အုလ္လာ (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၅၃ နှစ်) -- ညှစ်ခံရငွေကျပ် လေးသောင်း
(၂) ဦးမာမတ်အုလ္လာ (ဘ) ဦးအေနာမုလ်ဟောခ် (အသက် ၂၇ နှစ်) -- ညှစ်ခံရငွေကျပ် လေးသောင်း
(၃) ဦးဟူဆောင်းဂျူဟာရ် (ဘ) ဦးဖော်ဇော်လ်ဟောက် -- ညှစ်ခံရငွေကျပ် လေးသောင်း -- တို့ဖြစ်သည်။

မောင်တောမြို့တွင် ငါးဖမ်းသမား အများစုမှာ ရိုဟင်ဂျာများ ဖြစ်ကြသည်။ ၎င်းတို့၏ မိရိုးဖလာ လုပ်ငန်းဟု ဆိုလျှင်လည်း မှားမည်မဟုတ် ဒေသခံများက ပြောကြသည်။ အဆိုပါ လုပ်ငန်းကို အဓိက အားထားပြီး အသက်မွေးဝမ်းကျောင်း ပြုလျက် ရှိနေကြသည်။ ယခင် န.စ.က လက်ထက်တွင် ငါးဖမ်း စက်လှေများမှ ဆက်ကြေး ယူသော်လည်း ပိတ်ပင်ခြင်း မရှိဟု ဆိုသည်။ ယခု နယ်ခြားစောင့် ရဲတပ်ဖွဲ့ လက်ထက်တွင် မောင်တောမြို့နယ် တောင်ပိုင်းမှ ငါးဖမ်းသမား များမှာ တစ်ကြိမ် ငါးဖမ်းခွင့်ရ၊ တစ်ကြိမ် ငွေညှစ်ခံရဖြင့် အလွန်ပင် ဒုက္ခရောက်လျက် ရှိနေကြသည်။ မြို့ပေါ် မောင်နီရွာမှ ငါးဖမ်း စက်လှေများကို တစ်ကြိမ် ငါးဖမ်းခွင့်ပေး၊ တစ်ကြိမ်ပိတ်ဖြင့် နှောက်ယှက်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ မောင်နီရွာမှ ငါးဖမ်းစက်လှေ များအား ငါးဖမ်းခွင့်ကို ဧပြီလ (၄) ရက်နေ့မှ (၁၇) ရက်နေ့ထိ ပိတ်ပင်ခဲ့ပြီး၊ ယခုတစ်ဖန် မေလ (၄) ရက်နေ့မှစ၍ ပြန်လည် ပိတ်ပင်ထားကြောင်း ငါးဖမ်း စက်လှေ ပိုင်ရှင် တစ်ဦးက ပြောပါသည်။

မောင်နီရွာမှ ငါးဖမ်းစက်လှေများ ငါးဖမ်းထွက်နိုင်ရန် မောင်နီရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းကို စက်လှေ တစ်စီးလျှင် ငွေကျပ် (၇) သိန်းစီ ပေးသွင်း နေရသည်ဟု အဆိုပါ စက်လှေ ပိုင်ရှင်က ပြောပါသည်။ “ဒါကျွန်တော်တို့ လုပ်ငန်းတွေ ပျက်သွားအောင် တမင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ၊ ကျွန်တော်တို့ လုပ်ငန်း ပျက်သွားရင် တိုင်းပြည်ကနေ ထွက်သွားမယ်၊ အဲလို အကြံအစည်နဲ့ ပိတ်ပင်နေတာ၊ နှောက်ယှက် နေတာ” ဟု ပြောပါသည်။



RB News
12.5.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေး ဖြစ်သူ ဦးရဲနိုင်ထွန်းသည် ခြင်းသမား ကျေးရွာအုပ်စုတွင် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ လဆန်းပိုင်းမှ စ၍ တာဝန်ထမ်းဆောင် လျက်ရှိသည်။

၂၀၁၅ ခုနှစ်တွင် ရေဘေးနှင့် လေဘေးသင့်ပြီး နေအိမ်များ ပြိုလဲ ပျက်စီး၍ ဒုက္ခရောက်နေသည့် ဒေသခံများသည် မိုးရာသီ နီးကပ်လာပြီ ဖြစ်၍ ၎င်းတို့၏ နေအိမ်များကို မိုးဒဏ်မှ ကာကွယ်နိုင်ရန် မဖြစ်မနေ လိုအပ်သည် များကို ပြုပြင်လျက် ရှိရာ ဦးရဲနိုင်ထွန်းက ဖောင်တော်ပြင်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ငွေညှစ်လျက် ရှိနေကြောင်း ဒေသခံများက RB News သို့ပြောသည်။ ဦးသိန်းစိန် အစိုးရလက်ထက်က အဆိုပါ ရေဘေးနှင့် လေဘေးသင့် အဆောက်အဦ များကို ပြင်ဆင်ခွင့် ပေးခဲ့သော်လည်း ယခုအခါ ဦးရဲနိုင်ထွန်းက နေအိမ် ပြုပြင်နေသူ များကို မြို့နယ် အုပ်ချုပ်ရေးမှူးက ခေါ်သည်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ခေါ်သည်ဟု ခြိမ်းခြောက်၍ ငွေညှစ်နေသည်ဟု ဆိုသည်။

ဦးရဲနိုင်ထွန်းသည် ၎င်းကိုယ်၎င်း ၀န်ကြီးမျိုးရိုးဟု ကြွားဝါးလေ့ ရှိပြီ၊ ယခင် ပြည်ခိုင်ဖြိုးပါတီမှ ဦးမောင်စံရွှေ (ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်၊ ဘူးသီးတောင် မဲဆန္ဒနယ် ၁) ၏ တူတော်စပ်သူ ဖြစ်သည်ဟု ပြောလေ့ရှိသည်။ ထို့အပြင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေကို အမာခံ ငွေရှာပေးနေသူ ဖြစ်သောကြောင့် ၎င်းသည် အခြားသော အရာရှိ၊ ၀န်ထမ်း မည်သူ တစ်ဦးတစ်ယောက်ကိုမှ ဂရုစိုက်ခြင်းပင် မရှိဟု ဒေသခံများက ပြောပါသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာရော်ဖ် အာမတ်ကလည်း မြို့နယ် အုပ်ချုပ်ရေးမှူးကို လာဘ်ငွေပေါင်းများစွာ ပေးခဲ့ရသဖြင့် ၎င်း၏ ငွေများ ပြန်လည်ရရှိရန် ဦးရဲနိုင်ထွန်းထံမှ ဝေစုယူကာ နှုတ်ဆိတ်နေသည်ဟု ဆိုသည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးမိုဟာမတ်ကာဆိမ်း (ဘ) ဦးရှော်မုလုခ် (ညှစ်ခံရငွေကျပ် ၁၅၀၀၀/- ပုလဲတောင်ရွာမှ)
(၂) ဦးဆော်လိမ် (ဘ) ဦးမာမတ်ရှော်ဖီ (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၃) ဦးဇော်မိရ်ဟူဆောင်း (ဘ) ဦးအာမိရ်ဟူဆောင်း (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၄) ဦးမာမတ်ဟူဆောင်း (ဘ) ဦးအာမိရ်ဟူဆောင်း (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၅) ဦးအာမာနူလ္လာ (ဘ) ဦးအာဘူလူဆောင်း (ညှစ်ခံရငွေကျပ် ၇၅၀၀၀/- ပုလဲတောင်ရွာမှ)
(၆) ဦးမာမတ်နော်ဆိမ် (ဘ) ဦးအလီအာမတ် (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၇) ဦးအဒူရော်မန် (ဘ) ဦးအာဘူဘော်ရှော်ရ် (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၈) ဒေါ်ဟာမီဒါ (ဘ) ဦးအဒူလ်ဟာမိတ် (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၉) ဒေါ်နော်ဇော်မာ (ဘ) ဦးမော်ဂုလ်အာမတ် (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၁၀) ဦးမာမတ်ရော်ဖိတ် (ဘ) ဦးအာမိရ်ဟမ်ဇား (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၁၁) ဦးအီမာန်ဟူဆောင်း (ဘ) ဦးအာနူမျာ (ညှစ်ခံရငွေကျပ် ၁၂၀၀၀/- ပုလဲတောင်ရွာမှ)
(၁၂) ဦးအန်ဝါလ် (ဘ) ဦးမာမတ်ရှော်ဖီ (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၁၃) ဦးအဒူဆလာမ် (ဘ) ဦးဘာဆဲရ် (ညှစ်ခံရငွေကျပ် ၂၅၀၀၀/- ပုလဲတောင်ရွာမှ)
(၁၄) ဦးမူဆာ (ဘ) ဦးအဘူဆူဖီယန် (ညှစ်ခံရငွေကျပ် ၂၀၀၀၀/- ပုလဲတောင်ရွာမှ)
(၁၅) ဦးအဒူမာဇဲဒ် (ညှစ်ခံရငွေကျပ် ၂၅၀၀၀/- ပုလဲတောင်ရွာမှ)
(၁၆) ဦးဆွေယာဒ်နူရ် (ဘ) ဦးဆူရ်အာမတ် (ညှစ်ခံရငွေကျပ် ၂၅၀၀၀/- ပုလဲတောင်ရွာမှ)
(၁၇) ဦးမာနူရ် (ဘ) ဦးအဒူဇော်လိလ် (ညှစ်ခံရငွေကျပ် ၂၀၀၀၀/- ပုလဲတောင်ရွာမှ)
(၁၈) မော်လ၀ီ အီလီယာစ် (ဘ) ဦးမီရာမောတ် (ညှစ်ခံရငွေကျပ် ၁၅၀၀၀၀/- ပုလဲတောင်ရွာမှ) -- တို့ဖြစ်ပြီး၊ ခြင်းသမား၊ မောင်နူ၊ ဖောင်တော်ပြင် စသည် ကျေးရွာ (၃) ရွာမှလည်း ငွေသိန်းချီ ညှစ်ယူထားကြောင်း ဒေသခံများက ပြောပါသည်။



RB News
11.5.2016

လန်ဒန် ။ ။ ဗြိတိန်နိုင်ငံ အော့စ်ဖို့ဒ် တက္ကသိုလ်တွင် မေလ (၁၁) ရက်နေ့၌ ရိုဟင်ဂျာ များအား လူမျိုးတုန်း သတ်ဖြတ်နေခြင်းနှင့် ပတ်သက်၍ ကျင်းပခဲ့သည့် ကွန်ဖရင့် အကြောင်းကို ဘီဘီစီ မြန်မာပိုင်းမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ရိုရွှေမောင်၊ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ဟောင်း မစ္စတာ သောမတ်စ် ကင်တားနားနှင့် မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး တို့ကို မေးမြန်းထားသည်။

အောက်ပါ အသံဖိုင်တွင် နားဆင်နိုင်ပါသည်။

MYARF
RB News
11.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် လောင်းဒုံး ကျေးရွာအုပ်စု၊ ကြိုက်ချောင်းရွာ၌ ပြူးမချောင်း ကမ်းပြိုမှုတွင် ပါသွားသည့် အိမ်များမှ မိသားစုများ ရွှေ့ပြောင်း နေထိုင်သော တဲအိမ်များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ကွပ်ကဲရေးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး တို့က ဖျက်ခိုင်းလိုက်သဖြင့် အဆိုပါ မိသားစုများ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း သတင်း ရရှိပါသည်။

ကြိုက်ချောင်းရွာမှ အောက်ဖော်ပြပါ တို့၏ နေအိမ်များသည် ပြူးမချောင်း ကမ်းပါးတွင် တည်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် မိုးရာသီ ကမ်းပြိုမှုတွင် ၎င်းတို့၏ နေအိမ်များ ပါသွားခဲ့ပြီး၊ အနီးအနားတွင် နေရာလပ် မရှိသဖြင့် ၎င်းတို့ပိုင်သည့် တောင်ပေါ် မြေပြန့် တစ်နေရာတွင် ယာယီတဲများ ထိုး၍ နေထိုင်ခဲ့ကြရသည်။ ယင်းယာယီ တဲအိမ်များကို လွန်ခဲ့သည့် ဧပြီလတွင် ကျီးကန်းပြင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးက ၎င်း၏ ကြိမ်ချောင်း ခရီးစဉ် တစ်ခုတွင် တွေ့ရှိသွားပြီး ချက်ချင်း ဖျက်ပစ်ရန် ကြိမ်ချောင်းရှိ အာဏာပိုင်များကို မှာကြားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

တစ်ဖန် ဧပြီလ (၂၈) ရက်နေ့တွင် အဆိုပါ မိသားစုများ၏ အိမ်ထောင်ဦးစီး များကို မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်၍ ၎င်းတို့၏ တဲအိမ်များကို (၇) ရက်အတွင်း မဖြစ်ဖြစ်သည့်နည်းဖြင့် ဖြိုပျက်ရမည် ဖြစ်ကြောင်း၊ လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ထိရောက်စွာ အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း၊ နောက်ဆုံး အနေနှင့် သတိပေး ပြောဆိုခြင်း ဖြစ်သည်ဟု ပြောဆိုသောကြောင့် ယခုလ (၈) ရက်နေ့တွင် ယင်းတဲအိမ်များကို နေထိုင်သူများ ကိုယ်တိုင် ၎င်းတို့၏ တဲများကို ဖျက်ခဲ့ရသည်။ တဲအိမ်များ ဖျက်လိုက်ရသဖြင့် အဆိုပါ မိသားစုများသည် ယခုအခါ အိုးမဲ့အိမ်မဲ့ ဘ၀ရောက်နေရသည်ဟု ဒေသခံများက ပြောပါသည်။

ပြူးမချောင်း၏ အထက်အစွန်းမှ ဒလဟော စီးဆင်းလာသည့် တောင်ကျမိုးရေသည် ကြိမ်ချောင်း ကမ်းနားသို့ ပြင်းပြင်းထန်ထန် စီးဝင် တိုက်စား၍ ပျမ်းမျှ ကမ်းခြေ ဧရိယာ ပမာဏ ၁၀ ပေမှ ပေ ၃၀ အထိ နှစ်စဉ်လိုလို ပြိုပျက်လျက် ရှိသည်။ န.စ.က လက်ထက်၌ ကမ်းပြိုမှုတွင် နေအိမ်များ ပါသွားသည့် မိသားစုများ ယာယီတဲများဖြင့် နေထိုင်နိုင်ရန် လာဘ်ငွေယူ၍ ခွင့်ပြုလေ့ ရှိသည်။ ယခုအခါ သဘာဝ ဘေးဒဏ်သင့် ပြည်သူများ၏ ယာယီတဲ များကို ဖြိုခိုင်းခြင်းမှာ ရိုဟင်ဂျာများ အိုးမဲ့အိမ်မဲ့ ဘ၀ဖြင့် နေရအောင် လုပ်နေသည့် စီမံချက်လားဟု ဒေသခံများက ဝေဖန် ပြောဆို နေကြသည်။

ဖြိုဖျက်လိုက်ရသည့် ယာယီတဲအိမ် များ၏ အထစ နံပါတ်များနှင့် အိမ်ထောင်ဦးစီးများမှာ -- 

(၁) ဦးအာဘူဆီဒိတ် (ဘ) ဦးအာဘူရှာမား (အသက် ၅၅ နှစ်) - အထစ (၃၉)
(၂) ဦးအေဆာန်အုလ္လာ (ဘ) ဦးအဒူလာကိမ်း (အသက် ၅၃ နှစ်) - အထစ (၈၁)
(၃) ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးမော်တုလ်ဟူဆောင်း (အသက် ၅၀ နှစ်) - အထစ (၁၀၆)
(၄) ဦးဇာဖောရ်အာလောမ် (ဘ) ဦးဘေဆာအလီ (အသက် ၄၈ နှစ်) - အထစ (၁၃၈)
(၅) ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၄၀ နှစ်) - အထစ (၁၄၀) -- တို့ဖြစ်သည်။






ဓါတ်ပုံ - RB News
MYARF
RB News
11.5.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင် ကျွန်းပေါက်ပြုစု ကျေးရွာရှိ အခြေခံပညာ မူလတန်းလွန် ကျောင်းသည် ၂၀၁၅ ခုနှစ် သြဂုတ်လတွင် တိုက်ခတ်ခဲ့သော လေမုန်တိုင်း ဒဏ်ကြောင့် ဆိုးရွားစွာ ပြိုလဲ ပျက်စီးသွားပြီး ယခုအချိန်ထိ ပြန်လည် ပြုပြင် မွမ်းမံခြင်း မရှိသေးကြောင်း သတင်း ရရှိပါသည်။

၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် နီးကပ်လာပြီ ဖြစ်၍ ပြိုပျက်သွားသည့် ကျောင်းအဆောက်အဦးကို အချိန်မှီ ပြုပြင် ဆောက်လုပ်ခြင်း မရှိပါက ရာချီသည့် မူလတန်း၊ အလယ်တန်း အဆင့်ရှိ ရိုဟင်ဂျာ ကျောင်းသား/သူ များ၏ ပညာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေမည် ဖြစ်ကြောင်း၊ ကျောင်းသား/သူ များမှာ ဆက်လက် ပညာသင်ကြား မရှိတော့ဘဲ ပညာသင်ကြားခြင်းမှ ရာသက်ပန် အနားယူရသည့် ဘ၀သို့ ရောက်ရတော့မည် ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ကျွန်းပေါက်ပြုစုရှိ မူလတန်းလွန် ကျောင်းတွင် ယင်းကျေးရွာမှ ကျောင်းသား/သူ များသာမက ဝေးလံသည့် ရွာများ ဖြစ်သည့် ရေတွင်းပြင်နှင့် ဇီးပင်ချောင်း တို့မှ ကျောင်းသား/သူ များလည်း ပညာသင်ကြားလျက် ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးမှ အမြန်ဆုံး ကွင်းဆင်း စစ်ဆေးပြီး ပြိုပျက်သွားသည့် မူလတန်းလွန် ကျောင်းကို အချိန်မှီ ပြုပြင် တည်ဆောက်ပေးရန် အလွန် အရေးကြီးကြောင်း၊ ကျောင်းသား/သူ များ ပညာသင်ကြား နိုင်ရေး အတွက် အချိန်မှီ တည်ဆောက် ပေးစေလိုကြောင်း ဒေသခံများက ပြောပါသည်။





ဓါတ်ပုံ - RB News -- ကျွန်းပေါက်ပြုစုမှ မူလတန်းလွန်ကျောင်း
MYARF
RB News
11.5.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင် ကျွန်းပေါက်ပြုစု ကျေးရွာရှိ ကျေးလက် ကျန်းမာရေး ဌာနခွဲသည် ၂၀၁၅ ခုနှစ်တွင် လေမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားပြီး ယခုအချိန်ထိ ပြန်လည် ပြုပြင် ဖွင့်လှစ်ခြင်း မရှိ၍ ထောင်ပေါင်းများစွာသော ဒေသခံ ပြည်သူများ ဆေးဝါး ကုသမှု ခံယူရန် အခက်ကြုံလျက် ရှိနေကြောင်း သတင်း ရရှိပါသည်။

ကျွန်းပေါက်ပြုစု ကျေးရွာရှိ ကျေးလက် ကျန်းမာရေး ဌာနခွဲသည် ကျွန်းပေါက်ပြုစု အပါအ၀င် အနီးအနားရှိ ကျေးရွာများ ဖြစ်ကြသည့် ရေတွင်းပြင်၊ ဇီးပင်ချောင်း၊ ကျောက်ချောင်းနှင့် လိပ်ရ ကျေးရွာရှိ ရိုဟင်ဂျာများ အတွက် မရှိမဖြစ် လိုအပ်သော ဆေးပေးခန်း တစ်ခန်း ဖြစ်ပြီး ၂၀၁၅ ခုနှစ် လေမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ယင်းကျန်းမာရေးဌာနခွဲ မရှိခင်က ကြုံတွေ့ခဲ့ရသကဲ့သို့ အခက်ကြုံနေရသည်ဟု ဒေသခံများက RB News သို့ပြောသည်။ ယင်းဒေသသည် သွားလာရေး အဆင်မပြေသည့် နေရာဒေသ တစ်ခု ဖြစ်သည်က တစ်ကြောင်း၊ လတ်တလောတွင် ပုံမှန်၊ အရေးပေါ် ဆေးဝါးကုသမှု ခံယူနိုင်မည့် ကျန်းမာရေး ဌာန မရှိသည်က တစ်ကြောင်း ဒေသခံ လူနာအများအပြားမှာ မသေသင့်ဘဲ သေနေရသည်ဟု ဒေသခံများက ဆိုသည်။ သေဆုံးသူ အများစုမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး၊ မွေးကင်းစ ကလေးများနှင့် နာတာရှည် ရောဂါရှင်များ ဖြစ်ကြသည်။ ၀မ်းပျက် ၀မ်းလျှောကြောင့် သေဆုံးရသူ အရေအတွက်မှာလည်း မနည်းတော့ကြောင်း ဒေသခံများက ပြောပါသည်။

ထို့ကြောင့် သက်ဆိုင်ရာ ကျန်းမာရေး ၀န်ကြီးဌာနမှ ပျက်စီးသွားခဲ့သည့် ကျွန်းပေါက် ပြုစုရှိ ကျေးလက် ကျန်းမာရေး ဌာနကို ဒေသခံ ပြည်သူများ ဆေးဝါး ကုသမှု လွယ်ကူ ချော့မော လာစေရန်အတွက် အမြန်ဆုံး ပြန်လည် တည်ဆောက်၍ ကျန်းမာရေး ၀န်ဆောင်မှုများ ပေးရန် ဒေသခံများက တောင်းဆိုသည်ဟု ပြောပါသည်။





ဓါတ်ပုံ - RB News -- ကျွန်းပေါက်ပြုစုမှ ကျန်းမာရေးဌာနခွဲ 



RB News
10.5.2016

လန်ဒန် ။ ။ မေလ (၁၁) ရက်နေ့ ဗြိတိန် စံတော်ချိန် နံနက် ၈း၃၀ နာရီမှ ၄း၃၀ နာရီထိ အော့စ်ဖို့ဒ် တက္ကသိုလ် ၀ုဖ်ဆင်ကောလိပ်တွင် ကျင်းပမည့် -- မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှု: "လူမျိုးရေးဖိနှိပ်ခံ ရိုဟင်ဂျာများ အတွက် ဘယ်လို အဓိပ္ပါယ် သက်ရောက်သလဲ" -- ကွန်ဖရင့်ကို မေလ (၁၁) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၂) နာရီမှ ည (၁၀) နာရီထိ အောက်ပါ လင့်ခ်မှ တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။





Rohingya Eye
RB News
9.5.2016

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်၊ ပေါင်းတုတ် ကျေးရွာအုပ်စုတွင် ရိုဟင်ဂျာများ နေထိုင်သည့် ရွာသုံးရွာ ရှိပြီး၊ လူဦးရေအားဖြင့် (၆၇၁၃) ဦးခန့် နေထိုင်လျက် ရှိသည်။ ရွာသားများက ငါးဖမ်းလုပ်ငန်း၊ မြေတူးခြင်း လုပ်ငန်း၊ ထွန်ယက် စိုက်ပျိုးခြင်း လုပ်ငန်းများ လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုလျက် ရှိနေကြသည်။

၂၀၁၂ ခုနှစ် ဆူပူ အကြမ်းဖက် ဖြစ်ပွားသည့် နောက်ပိုင်းတွင် အဆိုပါ လုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်း မရှိသလို ရွာအပြင် ထွက်၍ အလုပ်လုပ်ခွင့်လည်း မရှိဟု ဒေသခံများက RB News သို့ပြောသည်။ ကျေးရွာ အနီးအနားရှိ စစ်တပ် တပ်ရင်း၌ ထွန်ယက် စိုက်ပျိုးခြင်း လုပ်ငန်းကို လုပ်ကိုင်နိုင်ခဲ့သော်လည်း ရခိုင်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ စတင်ခဲ့သည့် အချိန်မှစ၍ ထိုလုပ်ငန်းကိုလည်း လုပ်ကိုင်နိုင်ခြင်း မရှိတော့ဟု ဆိုသည်။

ယခုအခါ အလုပ်လက်မဲ့ ဘ၀ဖြင့် စားသောက်ရန် အလွန်ပင် ခက်ခဲလာသဖြင့် အချို့က သားသမီးများကို တောင်းရမ်း ခိုင်းပြီး စားသောက်နေရသည့် အခြေအနေပင် ဖြစ်နေသည်ဟု ဆိုသည်။ ထို့အပြင် မိုးရာသီ ရောက်ရှိတော့မည် ဖြစ်၍ ၎င်းတို့၏ နေအိမ်များ အမိုးအကာ ပြုပြင်ရေး အတွက် အလွန်ပင် အခက်ကြုံလျက် ရှိကြောင်း၊ ကျန်းမာရေး အတွက်လည်း အခက်အခဲ မျိုးစုံ ကြုံတွေ့လျက် ရှိသဖြင့် အကူအညီများ ရရှိရန် ပန်ကြားကြောင်း၊ အလှူရှင်များက ၎င်းတို့အား တတ်နိုင်သရွေ့ ကူညီရန် မေတ္တာရပ်ခံသည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
9.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဓူ ကျေးရွာအုပ်စု၊ စေတီရွာမှ ဦးဒိလ်ဒါရ်အုလ္လာ (ဘ) ဦးဆုလ်တာန် (အသက် ၂၇ နှစ်) သည် မေလ (၇) ရက်နေ့ နေ့လည် (၃) နာရီအချိန်တွင် အိမ်အပြင်ထွက်၍ လမ်းလျှောက် နေစဉ် အဆိုပါ ကျေးရွာအုပ်စု၊ ရခိုင်ရွာတွင် အခြေစိုက်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက အရပ်သား ၀တ်စုံဖြင့် ကင်းလှည့်နေရာ၌ ၎င်းကို တွေ့ရှိပြီး ၎င်း၏ ဖုန်းကို စစ်ဆေးခဲ့သည်။

ဖုန်းမှာ MPT ဆင်းမ်ကဒ် ဖြစ်သော်လည်း ဖုန်းထဲတွင် ဘင်္ဂလားဒေ့ရှ် ဖုန်းနံပါတ် တစ်ခုတွေ့သဖြင့် ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု လုပ်ကြံ စွပ်စွဲကာ ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ကင်းစခန်းတွင် ၎င်းအား လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျောပြင်တွင် ဒဏ်ရာရရှိခဲ့သည်။ ညနေ (၅) နာရီ အချိန်တွင် ရဲများက ငွေကျပ် သုံးသိန်းငါးသောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပေးသည့် ဆင်းမ်ကဒ်ကို အသုံးပြုကာ တစ်မိနစ်လျှင် ငွေကျပ် ၂၀၀ နှုန်းဖြင့် နိုင်ငံပေါင်း (၁၆) နိုင်ငံ ခေါ်ဆိုနိုင်သည်။ မြန်မာ့ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ တရားဝင် ခွင့်ပြုထားခြင်း ဖြစ်သည်။ ထိုကဲ့သို့ တရားဝင် ခွင့်ပြုထားသည့် ဆင်းမ်ကဒ်ကို အသုံးပြု၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဖုန်းခေါ်ဆို ဆက်သွယ် ပြောဆိုသည်ကို နယ်ခြားစောင့်ရဲ များက ဖမ်းဆီး ငွေညှစ်နေခြင်းသည် မြန်မာ့ ဆက်သွယ်ရေး ၀န်ကြီးဌာန၏ တရားဝင် ခွင့်ပြုချက် အမိန့်ကို နယ်ခြားစောင့်ရဲ များက ဖီဆန်နေခြင်း ဖြစ်သဖြင့် အထက် အာဏာပိုင်များက ထိရောက်စွာ အရေးယူ ပေးပါရန် ဒေသခံများက တောင်းဆိုနေကြသည်။



MYARF
RB News
9.5.2016

ဘူးသီးတောင် 
။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ အနောက် ရပ်ကွက်နှင့် မြို့မ ရပ်ကွက်ကြားရှိ၊ မဟာဗန္ဓုလ လမ်းတွင် ဧပြီလ (၂၉) ရက်နေ့၊ ညနေ (၈) နာရီခန့် အချိန်၌ ရိုဟင်ဂျာ လူငယ် တစ်ဦး မောင်းလာသည့် မော်တော်ဆိုင်ကယ်သည် လမ်းလျှောက်လာနေသည့် ရခိုင်အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်တို့ နှင့် မတော်တဆ အနည်းငယ် ထိရုံမျှသာ တိုက်မိမှု တစ်ခု ဖြစ်ပွားခဲ့သည်။ မည်သူမျှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

ထိုသို့ မတော်တဆ တိုက်မိမှု ဖြစ်ပွားခဲ့ပြီးနောက် ရိုဟင်ဂျာ လူငယ်က ၎င်း၏ ဆိုင်ကယ်မှ ချက်ချင်းဆင်းပြီး ရခိုင်အမျိုးသားနှင့် အမျိုးသမီးတို့ကို အခြေအနေ မေးမြန်းပြီး တောင်းပန်ခဲ့သော်လည်း ရခိုင်အမျိုးသားနှင့် အမျိုးသမီးတို့ နှစ်ဦးတို့ ပူးပေါင်း၍ ရိုဟင်ဂျာ လူငယ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ထိုအချိန်တွင် ရိုဟင်ဂျာ လူငယ်က ရိုက်နှက်ခံနေရမှုမှ လွတ်မြောက်နိုင်ဖို့ ရုန်းကန် ကြိုးစားရာတွင် ရခိုင်အမျိုးသား၏ မျက်နှာတွင် အနည်းငယ် ပွန်းပဲ့ဒဏ်ရာ ရခဲ့သည်ကို အကြောင်းပြ၍ ၎င်းရခိုင်အမျိုးသားနှင့် အမျိုးသမီးတို့ နှစ်ဦးက ဘူးသီးတောင် မြို့မရဲစခန်းတွင် သွားရောက် တိုင်တန်းခဲ့သည်။ ရိုဟင်ဂျာ လူငယ်မှာမူ ရိုက်နှက်ခံခဲ့ရသည့်အပြင် ရဲများ၏ ဖမ်းဆီးခြင်း ခံရမည်ကို စိုးရိမ်၍ အခင်းဖြစ်ပွားရာ နေရာမှ ဆိုင်ကယ်မောင်း၍ ထွက်သွားခဲ့သည်။

ထို့နောက် မြို့မရဲစခန်းမှ ရဲများသည် အခင်းဖြစ်ပွားရာနေရာကို ရောက်လာ၍ အနီးအနား ပတ်ဝန်းကျင်ရှိ အိမ်များမှ ဒေသခံ များကို မေးမြန်းခဲ့ရာ မေးမြန်းခံရသူများက အဆိုပါ လူငယ်ကို သေချာ မသိကြောင်းဟု ဖြေလိုက်သောကြောင့် ရဲများက မကျေမနပ်ဖြစ်ပြီး ပြန်သွားခဲ့ပါသည်။

အဆိုပါ ကိစ္စကို အကြောင်းပြုကာ ဘူးသီးတောင် မြို့မရဲစခန်းမှ ရဲများက မေလ (၃) ရက်နေ့မှ စ၍ အပြစ်မဲ့ ပြည်သူများကို မတရားဖမ်းဆီး ချုပ်နှောင်ခြင်း၊ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်း များပြုလုပ်နေကြသည်။ မေလ (၃) ရက်နေ့၊ နေ့လည် (၂) နာရီခန့် အချိန်တွင် မြို့မစည်ပင် ဈေးအတွင်းမှ ဈေးဆိုင် ပိုင်ရှင်များဖြစ်ကြသော - ၁။ ဦးမောင်လှဝင်း ၂။ ဦးဆော်လိမ် ၃။ ဦးအီနုစ် နှင့် ၄။ ဦးနုရ်မာမတ် တို့ကို ၎င်းတို့၏ ဆိုင်များမှ ရဲများက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဘူးသီးတောင်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားခဲ့သည်။ ဖမ်းဆီးခံရသူများကို ၎င်းတို့၏ မိသားစုနှင့် တစ်ရက်တိတိ တွေ့ဆုံခွင့် မပေးဘဲ အချုပ်ထဲ ချုပ်နှောင်ထားခဲ့ သည်။ နောက်နေ့၊ မေလ (၄) ရက်၊ နေ့လည် (၁) နာရီခန့် အချိန်တွင် ငွေကျပ်သိန်း ၃၀ တိတိ ညှစ်ယူပြီး အဆိုပါ ဆိုင်ပိုင်ရှင် လေးဦးကို လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

အလားတူ မေလ (၅) ရက်နေ့တွင်လည်း အဆိုပါ မြို့မရဲစခန်းမှ ရဲများက မြို့မဈေးမှ ဈေးဆိုင်ပိုင်ရှင် ဖြစ်သူ ဦးအာယာတူလ္လာနှင့် ဦးအာနူဝါရ် တို့ကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး မြို့မရဲစခန်း၌ တစ်ညလုံး ချုပ်နှောင် ထားခဲ့ပြီးနောကှ် ငွေကျပ် ၅ သိန်းစီ ညှစ်ယူပြီး နောက်တစ်နေ့ နံနက်ပိုင်းတွင် လွတ်ပေးခဲ့သည်။

မြို့မရဲစခန်းမှ ရဲများက နောက်ထပ် (၁၅) ယောက်ဖမ်းဆီးရန် ရှိသည်ဟု ဆို၍ အမည်စာရင်း တစ်ခုကို အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ ပေးပို့ထားကြောင်း၊ အကယ်၍ ရဲများလာဖမ်းပါက အချုပ်ထဲ တစ်ညလည်း နေရပြီး ငွေလည်း အနည်းဆုံး ၅ သိန်း ညှစ်ခံရမည်ဖြစ်သဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ညှိပါက တစ်ဦးလျှင် ငွေကျပ် ၃ သိန်းဖြင့် ပြေလည်မှု ရယူနိုင်ကြောင်း သတင်းပို့ထားကြောင်းလည်း သိရှိရပါသည်။

မတော်တဆ ဖြစ်ပွားခဲ့သော သာမာန် ယာဉ်တိုက်မှု တစ်ခုကို အကြောင်းပြ၍ မည်သို့မျှ မသက်ဆိုင်သော အပြစ်မဲ့ ဒေသခံ များကို ဖမ်းဆီး ချုပ်နှောင် ငွေညှစ်နေသည့် ဘူးသီးတောင် မြို့မရဲစခန်းမှ ရဲများ၏ လုပ်ရပ်သည် အလွန်ပင် မင်းမဲ့စရိုက် ဆန်နေကြောင်း ဒေသခံများအကြား ဝေဖန် ပြောဆို နေကြသည်။ ယခုအခါ အနောက်ရပ်ကွက်သား များက အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခံရမည်ကို အလွန်တရာ ကြောက်ရွံ့နေကြသည်။

ဘူးသီးတောင် မြို့နယ်တွင် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့လျှင် ရဲများ ရောက်လာပြီး "တိုက်သူက ကုလားလား၊ တိုင်းရင်းသားလား" ဟုမေးမြန်းပြီး တိုက်ခဲ့သူက တိုင်းရင်းသားဟု ပြန်ဖြေလျှင် ရဲများက ဘာမှပြန်မပြောပဲ ငြိမ်သက်စွာ ထွက်သွားသည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။

သို့ဖြစ်၍ ဘူးသီးတောင်မြို့မရဲစခန်းမှ ရဲများ၏ မင်းမဲ့စရိုက် ဆန်ဆန် လုပ်ရပ်များကို တာဝန်ရှိ အာဏာပိုင်များက ဟန့်တား အရေးယူပေးပါရန် ဒေသခံများ အထူး လိုလားနေကြသည်။



မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှု: "လူမျိုးရေးဖိနှိပ်ခံ ရိုဟင်ဂျာများ အတွက် ဘယ်လို အဓိပ္ပါယ် သက်ရောက်သလဲ"


အောက်စဖို့ တက္ကသိုလ်၊ ဝုဖ်ဆင် ကောလိပ်၊ တောင်အာရှ သုတေသနအဖွဲ့မှ စီစဉ်ကျင်းပသည်။

မည်သူမဆို တက်ရောက် နိုင်သော တစ်ရက်တာ သုတေသန ကွန်ဖရင့်၊ အောက်စဖို့ဒ် တက္ကသိုလ်။

ကွန်ဖရင့်ကဏ္ဍ အများစုကို အင်တာနက်ပေါ်တွင်

http://live.oxfordvideostreaming.co.uk/myanmarspersecutedrohingya.html  တိုက်ရိုက် ထုတ်လွှင့်မည်။

နေ့စွဲ ။……..။ မေလ ၁၁ ရက်၊ ၂၀၁၆ ( နံနက် ၈း၃၀ - ညနေ ၄း၃၀)

နေရာ ။……။ Leonard Auditorium, Wolfson College, Linton Road, Oxford, O2 6UD
https://www.wolfson.ox.ac.uk/
အောက်စဖို့ တက္ကသိုလ်၊ ဝုဖ်ဆင် ကောလိပ်၊ တောင်အာရှ သုတေသနအဖွဲ့မှ စီစဉ် ကျင်းပသည်။

ကွန်ဖရင့် နံနက် ၈နာရီ ၃၀ မိနစ်တွင် စမည်။

တက်ရောက်မည့်သူများ ကြိုတင် အကြောင်းကြားရန် လိုအပ်ပါသည်။

အကြောင်းကြားရန် အတွက် ဒေါက်တာ မောင်ဇာနည် ကို အီးမေးလ် fanon2005@gmail.com သို့ ဆက်သွယ်နိုင်သည်။

ရည်ရွယ်ချက်များ -

အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ သမိုင်း၊ အများပြည်သူ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် နိုင်ငံရေး နယ်ပယ်များမှ သုတေသန သမားများနှင့် ကျွမ်းကျင်သူများ၊ အလားတူ ရိုဟင်ဂျာ လူ့အခွင့်အရေးကို ကာကွယ်ကြသူများ အားလုံးကို အတူတကွ စုဝေးပေးရန်။

၁။ လူမျိုးတစ်စုကို အမြစ်ဖြတ် ချေမှုန်းမှု သတ်ဖြတ်မှု အကြောင်း (genocide)၊ လူမျိုးရေး ဘာသာရေး အရ ရန်ပြု နှိပ်ကွပ်ခြင်း (Persecution), ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ခြင်း (Democratisation) စသည့် အခေါ်အဝေါ် များ၏ အနက် အဓိပ္ပါယ်များ၊ ယင်းတို့အကြား သီအိုရီအရ ဆက်နွယ်ပုံနှင့် သမိုင်းကြောင်းအရ ဆက်နွယ်ပုံ တို့ကို အနုလုံ ပဋိလုံ စစ်ဆေးရန်နှင့် အပြန်အလှန် ငြင်းခုန် ဆွေးနွေးကြရန်။

၂။ အပြည်ပြည်ဆိုင်ရာ လူမျိုးတုန်း သတ်ဖြတ်မှုနှင့် ဥပဒေရေးရာ ပညာရှင်များက သာမကဘဲ ကမ္ဘာ့ထင်ရှားသူများဖြစ်သည့် ဂျော့ဂ်ျဆိုးရို့စ်၊ ဒက်စမွန်တူးတူး၊ မိုင်းရိဒ် မက်ဂွဲ၊ အမ္မာတီယာ ဆင်၊ ဂျိုဒီ ဝေလီယံ၊ ရှီရှင် အက်ဘေဒီ၊ အဒေါ့လ်ဖိုလ် ပီရက် အက်ကီဗယ်၊ လေးမား ဘိုဝှီး နှင့် တာဝကော ကာမန် {George Soros, Desmond Tutu, Mairead Maguire, Amartya Sen, Jody Williams, Shirin Ebadi, and Adolfo Perez Esquivel, Leymah Gbowee and Tawakkol Karman} စသူတို့ကပါ ရိုဟင်ဂျာများ အပေါ် မြန်မာပြည်၏ တမြေ့မြေ့ ညှဉ်းသတ်သော လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် အသိအမှတ်ပြု ထားသည့် အကြောင်းအရာပေါ်တွင် တက္ကသိုလ်၏ အရေးပါသော မီးမောင်းထိုးပြမှုနှင့် လွတ်လပ်သော သုတေသန တို့ကို ဆက်လက် လုပ်ဆောင်သွား နိုင်ရန်။

၃။ နယူးယော့ခ်တိုင်းမ် က ၂၁ ရာစု နာဇီ အကျဉ်းစခန်းကြီးများဟု အမည်ပေးခံရသည့် ကြီးမားကျယ်ပြောသည့် ရိုဟင်ဂျာ အကျဉ်းထောင်များ (ရိုဟင်ဂျာမြို့ရွာ များဟု အဓိပ္ပါယ်ရ) နှင့် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်စခန်း များတွင် နေထိုင်ရသော ရိုဟင်ဂျာ လူမျိုး တစ်သန်းကျော် နေထိုင်နေရသော ဆိုးရွားသည့် ဘဝအခြေအနေ များအပေါ် မကြာမီက ပြုလုပ်ခဲ့သည့် သုတေသနအပေါ် အာရုံစိုက်လာမိ ကြစေရန်။

၎။ ဆယ်စုနှစ်ပေါင်း များစွာ ကြာအောင် ပြည်ထောင်စု အစိုးရက ဦးဆောင် ကျူးလွန်ခဲ့သည့် ရိုဟင်ဂျာ လူနည်းစုအပေါ် နှိပ်ကွပ်မှုကို အဆုံးသတ်ရေးသည် ပထမ ဦးစားပေးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် အစိုးရ သိသာ ထင်ရှားစေအောင် သက်သေ အထောက်အထား များကို တင်ပြရန်။

၅။ စစ်မှန်သော ဒီမိုကရေစီ စနစ် ထူထောင်ရာတွင် အကြီးမားဆုံး အတားအဆီးကြီး ဖြစ်သည့် "လူမျိုးစုကိုယ်ပိုင် အမှတ်အသားကြောင့် ကြီးမားသော လူ့အဖွဲ့အစည်း တစ်ခုကို ဆက်လက် ဖျက်ဆီးနေခြင်း" ကို ဖယ်ရှားနိုင်ရန် အတွက် မြန်မာဒီမိုကရက် များကို စွမ်းဆောင်ရည် ပေးနိုင်မည့် အရေးပါ၊ အပြုသဘောဆောင်သော အကြံဉာဏ် များကို ဝိုင်းဝန်း စဉ်းစား အဖြေရှာပေးကြရန်။

ကွန်ဖရင့် အစီအစဉ်

ကွန်ဖရင့် လက်ခံကျင်းပသူ၏ ကြိုဆိုခြင်း (နံနက် ၈.၃၀ နာရီ - ၈.၃၅ နာရီ)

ပါမောက္ခ Barbara Harriss – White (ပူးတွဲ စီစဉ်သူ၊ SARC, ဝုဖ်ဆင်ကောလိပ်)

အဖွင့်အမှာစကား (နံနက် ၈.၃၅ နာရီ - ၈ ၄၀ နာရီ)

ဒေါက်တာ မောင်ဇာနည် (သုတေသန ဆရာ၊ The Sleuk Rith Institute, Cambodia နှင့် "ဗမာ စစ်ဗိုလ်ချုပ်ကြီးများ ဘာကြောင့် ပြုပြင်ပြောင်းလဲ သနည်း၊ သို့မဟုတ် ပြောင်းလဲ တာရော ဟုတ်ပါ့မလား" အမည်ရ စာအုပ်ကို ရေးသား နေသူ, Forthcoming, Yale University Press)

ပထမ နံနက်ပိုင်း အစီအစဉ် (နံနက် ၈:၄၀ နာရီ - ၉:၂၅ နာရီ ။ ဟောပြောသူ တစ်ဦးလျှင် ဆယ်မိနစ်။ အမေးအဖြေ အတွက် ၁၅ မိနစ်)

"သမိုင်း နှင့် လူမျိုး အမှတ်အသား ဆိုင်ရာ နိုင်ငံရေး"

သဘာပတိ: ပါမောက္ခ Barbara Harrell-Bond (တည်ထောင်သူ၊ ဒုက္ခသည်ရေးရာ လေ့လာရေး ဗဟိုဌာန၊ အောက်စဖို့ဒ် တက္ကသိုလ် နှင့် ဒါရိုက်တာ၊ ဖာဟာမူ ဒုက္ခသည် အစီအစဉ်၊ အောက်စဖို့ဒ်။)

ဒေါ်ခင်လှ (ရိုဟင်ဂျာ ဒုက္ခသည်နှင့် အလယ်တန်းကျောင်းဆရာမဟောင်း၊ ရခိုင်ပြည်နယ်)
"မြန်မာပြည် ရိုဟင်ဂျာဘဝအကြောင်း"

ပါမောက္ခ Michael W. Charney (ပါမောက္ခ၊ အာရှ နှင့် စစ်တပ် သမိုင်း၊ သမိုင်းဌာန၊ အရှေ့တိုင်းနှင့် အာဖရိက လေ့လာရေှး (SOAS)၊ လန်ဒန်တက္ကသိုလ်)
"၁၄ ရာစုမှ စတင်ခဲ့သော ရခိုင်ပြည်နယ်အတွင်း နိုင်ငံနှင့် လူမှုအဖွဲ့အစည်း : ပါဝင်မှုမှာသည် အစွန်းပေါ်ခြင်း နှင့် ပထုတ်ခံရမှု"

မောင်ဘိုဘို (မြန်မာ Ph.D. ကျောင်းသား၊ သမိုင်းဌာန၊ SOAS)
"ဗမာပြည် အစိုးရ တရားဝင် မှတ်တမ်းမှတ်ရာများ အပေါ် အခြေခံသော ရခိုင်ပြည်တွင်း ရိုဟင်ဂျာလူမျိုးစု အမှတ်အသားနှင့် တည်ရှိမှု"

ဒုတိယ နံနက်ပိုင်း အစီအစဉ် (နံနက် ၉ : ၃၀ နာရီ - ၁၀ : ၁၅ နာရီ။ ဟောပြောသူ တစ်ဦးလျှင် ၁၀ မိနစ်စီ နှင့် အမေးအဖြေ ၁၅ မိနစ်)

အများပြည်သူ ကျန်းမာရေး၊ ခေါင်းပုံဖြတ်ခံရမှု နှင့် လူကုန်ကူးခြင်း


သဘာပတိ - ပါမောက္ခ Shapan Adnan (တွဲဖက်၊ ခေတ်ပြိုင် တောင်အာရှ လေ့လာရေး အစီအစဉ်၊ အောက်စဖို့ဒ်တက္ကသိုလ် (နှင့်) တွဲဖက် ပါမောက္ခဟောင်း၊ စင်္ကာပူ တက္ကသိုလ် လူမှုဗေဒ ဘာသာရပ်နှင့် ပါမောက္ခ၊ စစ်တကောင်း တက္ကသိုလ်၊ ဘင်္ဂလားဒေ့ရှ်။)

Dr. S. Saad Mahmood, (MD၊ ကထိက၊ ဟားဗတ်တက္ကသိုလ် ဆေးကျောင်း၊ ဘော့စတွန်၊ ယူအက်စ်အေ၊)
"ရိုဟင်ဂျာများ ပြည်သူ့ ကျန်းမာရေး အခြေအနေ: ဟားဗတ် လေ့လာချက်တစ်ခုမှ တွေ့ရှိချက်များ"

Dr Ambia Perveen (MD, ကလေး ရောဂါကု ဆရာဝန်၊ ဆန့်ခ် မေရီယိန်း ဆေးရုံ၊ ဒူအာရင်မြို့၊ ဂျာမဏီ။ ဥရောပ ရိုဟင်ဂျာကောင်စီမှ ရိုဟင်ဂျာ အရေး တက်ကြွ လှုပ်ရှားသူ)
"ရိုဟင်ဂျာများ အတွက် ကျန်းမာရေး စောင့်ရှောက်မှုကို မြန်မာပြည်၏ ငြင်းပယ်မှု"

Matthew Smith (အမှုဆောင် ဒါရိုက်တာ၊ အခွင့်အရေး အားဖြည့် ကာကွယ်မှု or Fortify Rights)
"ရခိုင်ပြည်တွင်း အပြည်ပြည်ဆိုင်ရာ မှုခင်းများ၊ ကြိုတင် ကာကွယ်ခြင်းနှင့် တာဝန်ယူမှုများ " (ကွန်ဖရင့်အတွက် ကြိုတင် မှတ်တမ်းတင် ရိုက်ကူးထားသော တင်ပြမှု ဖြစ်ပါသည်။)

လက်ဖက်ရည်၊ ကော်ဖီ သောက်ချိန် (နံနက် ၁၀:၁၅ နာရီ - ၁၀:၄၅ နာရီ)

တတိယ နံနက်ပိုင်း အစီအစဉ် (နံနက် ၁၀:၄၅ နာရီ - ၁၁:၃၀ နာရီ။ ဟောပြောသူ တစ်ဦးလျှင် ၁၀ မိနစ်။ အမေးအဖြေ ၁၅ မိနစ်)

ရိုဟင်ဂျာများ အပေါ် ဖိနှိပ်မှုနှင့် ပတ်သက်သော မြန်မာပြည်၏ မူဝါဒနှင့် လုပ်ဆောင်မှုများ
သဘာပတိ - ပါမောက္ခ Daniel Feierstein (လူမျိုးတုန်း သတ်ဖြတ်မှု ဆိုင်ရာ နိုင်ငံတကာ ပညာရျင်များအဖွဲ့, ဥက္ကဌဟောင်း၊ (၂၀၁၃ -၂၀၁၅)။ ဒါရိုက်တာ၊ စင်ထရို ဒီ အက်စတူဒီယိုစ် ဆိုဘာ၊ အာဂျင်တီနား အမျိုးသား တက္ကသိုလ်။ Genocide AS Social Practice: Reorganizing Society Under the Nazis and Argentina's Military Tuntas (Rutgers University Press, 2014) စာအုပ်ကို ရေးသားသူ။)

ဒေါက်တာ Nancy Hudson-Rodd (ဂုဏ်ထူးဆောင်ဆရာ၊ တက်စမေးနီးယား အာရှ အင်စတီကျု၊ သြစတေးလျ။
"ရိုဟင်ဂျာ မျိုးတုန်း သတ်ဖြတ်မှု: ဗမာပြည်၏ ပြည်တွင်း အကြမ်းဖက်မှုတွင် နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှု"

ပါမောက္ခ Penny Green နှင့် Dr Thomas MacManus ( မြန်မာပြည်မှ လူမျိုးတုန်းသတ်ဖြတ်မှု၊ ရိုဟင်ဂျာများကို အမြစ်ဖြတ် ချေမှုန်းမှု ဟူသည့် ၂၀၁၅ ခုနှစ် အစီရင်ခံစာကို ပူးတွဲ ရေးသားခဲ့သူများ။ အပြည်ပြည်ဆိုင်ရာ နိုင်ငံတော်က ကျူးလွန်သော ရာဇဝတ်မှု များကို လေ့လာ ဖော်ထုတ်ရေး၊ လန်ဒန် ကွင်းမေရီ တက္ကသိုလ်)
"မြန်မာပြည်မှ အမြစ်ဖြတ်ခြေမှုန်းမှု ရာဇဝတ်မှုများကို လေ့လာဖော်ထုတ်မှု" 

ဒေါက်တာ မောင်ဇာနည် (ပစိဖိတ် ဥပဒေနှင့် ပေါ်လစီ ဂျာနယ်တွင် ၂၀၁၄ ခုနှစ်က ဖော်ပြသော မြန်မာပြည်တွင်း တမြေ့မြေ့လောင်ကျွမ်းနေသော ရိုဟင်ဂျာလူမျိုးစုအား အမြစ်ဖြတ် ချေမှုန်းမှု စာတမ်းအား အဲလစ်ကောင်လီ နှင့်အတူ ပူးတွဲရေးသားသူ)
"တမြေ့မြေ့လောင်ကျွမ်းနေသော ရိုဟင်ဂျာလူမျိုးစုအား အမြစ်ဖြတ်ချေမှုန်းမှု"

အဓိက မိန့်ခွန်း (နံနက် ၁၁:၃၀ နာရီ - ၁၂:၃၀ နာရီ) -- (မိနစ် ၃၀ ကြာ မိန့်ခွန်း နှင့် အမေးအဖြေ ၁၅ မိနစ်)

သဘာပတိ - ပါမောက္ခ Barbara Harriss-White

"ရိုဟင်ဂျာတွေရဲ့ အသံကို ကမ္ဘာက ဘာကြောင့် မဖြစ်မနေ နားထောင်ရမယ် ဆိုတဲ့ အကြောင်း"
ဟောပြောသူ - ပါမောက္ခ Gayatri Chakravorty Spivak
(တက္ကသိုလ် ပါမောက္ခ၊ နှိုင်းရ စာပေနှင့် လူမှု အဖွဲ့အစည်းဆိုင်ရာ တက္ကသိုလ်၊ ကိုလံဘီယာ တက္ကသိုလ်၊ ကိုလိုနီခေတ်နောက်ပိုင်း aလ့လာမှုများကို တည်ထောင်သူ အဖွဲ့ဝင်တဦး)

နေ့လည်စာ၊ Haldane ခန်းမ၊ ဝုဖ်ဆင်ကောလိပ် (နေ့လည် ၁၂:၁၅ နာရီ - ၁:၁၅ နာရီ)

ပထမ နေ့လည်ပိုင်း အစီအစဉ် (နေ့လည် ၁:၁၅ နာရီ - ၁:၂၅ နာရီ)

"ရိုဟင်ဂျာများကို တဖြည်းဖြည်းမျှဉ်းပြီး လူမျိုးတုန်း သတ်ဖြတ်မှု"
၁၉၉၈ ခုနှစ်အတွက် ဘောဂဗေဒဆိုင်ရာ နိုဘဲလ်ဆုရှင် Amartya Sen -- ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ဟားဗတ်တွင် ရိုက်ကူးထားသော ဗီဒီယို

(သောမတ်စ် ဒဗလျူ လာမွန့် တက္ကသိုလ် ပါမောက္ခ နှင့် ဟားဗတ် တက္ကသိုလ် ဒဿနိကနှင့် ဘောဂဗေဒ ပါမောက္ခ)

ဒုတိယ နေ့လည်ပိုင်း အထူး အစီအစဉ် (နေ့လည် ၁:၂၅ နာရီ - ၂:၁၀ နာရီ။ ၂၀ မိနစ် စားပွဲဝိုင်း ဆွေးနွေးမှု။ အမေးအဖြေ- ၂၅ မိနစ်)

"အမြစ်ဖြတ်ချေမှုန်းမှု လူမျိုးတုန်းသတ်ဖြတ်မှု အကြောင်း ဆွေးနွေးမှု: ကုလသမဂ္ဂ၏ နိုင်ငံရေး၊ နိုင်ငံတကာ လူ့အခွင့်အရေး များနှင့် လူမျိုးတုန်း သတ်ဖြတ်မှု၏ လူမှုဗေဒ"

သဘာပတိ - ပါမောက္ခ Penny Green ( ဥပဒေ နှင့် ကလိုဘယ်လိုက်ဇေးရှင်းဆိုင်ရာ ပါမောက္ခ။ ဒါရိုက်တာ၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံတော်က ကျူးလွန်သော ရာဇဝတ်မှုခင်း သုတေသန အဖွဲ့၊ ကွင်းမေရီ တက္ကသိုလ်၊ လန်ဒန်)

ပါမောက္ခ Daniel Feierstein (လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ ပညာရျင်များအဖွဲ့ ဥက္ကဌဟောင်း၊ (၂၀၁၃ -၂၀၁၅)။ ဒါရိုက်တာ၊ စင်ထရို ဒီ အက်စတူဒီယိုစ် ဆိုဘာ၊ အာဂျင်တီနား အမျိုးသားတက္ကသိုလ်။ Genocide AS Social Practice: Reorganizing Society Under the Nazis and Argentina's Military Tuntas (Rutgers University Press, 2014)စာအုပ်ကို ရေးသားသူ။)

Tomas Ojea Quintana or Mr ကင်တာနား (လူ့အခွင့်အရေး ရှေ့နေ နှင့် မြန်မာပြည်တွင်း လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူး တာဝန် ပေးအပ်ခံရသော ကုလ ကိုယ်စားလှယ် (၂၀၀၈-၂၀၁၄))

တတိယ နေ့လည်ပိုင်း အစီအစဉ် (နေ့လည် ၂:၁၅ နာရီ - ၃:၀၀ နာရီ ။ ၁၅ မိနစ်တာ ဆွေးနွေးချက်များ ပါဝင်သည်။)

"ရိုဟင်ဂျာများအပေါ် နှိပ်ကွပ် အရေးယူမှု၊ ပြင်ပ လှုပ်ရှားသူများနှင့် ရှုထောင့်အမြင်များ"

သဘာပတိ - ဒေါက်တာ မောင်ဇာနည် (Sleuk Rith Institute, ကမ္ဘောဒီးယား)

ပါမောက္ခ Shapan Adnan (တွဲဖက်၊ ခေတ်ပြိုင် တောင်အာရှ လေ့လာရေး အစီအစဉ်၊ အောက်စဖို့ဒ်တက္ကသိုလ် (နှင့်) တွဲဖက်ပါမောက္ခဟောင်း၊ စင်္ကာပူတက္ကသိုလ် လူမှုဗေဒဘာသာရပ်နှင့် ပါမောက္ခ၊ စစ်တကောင်းတက္ကသိုလ်၊ ဘင်္ဂလားဒေ့ရှ်။)

အဇရေး မိုဟာမက် အာမင် (ရှေ့နေနှင့် အမှုဆောင်ချုပ်၊ လူ့အခွင့်အရေး သုတေသန ဗဟိုနှင့် မြှင့်တင်မှု (CENTHRA)၊ မလေးရှား)

Dr Azeem Ibrahim (ရိုသာမီယာ အမေရိကန် အင်စတီကျု ဖဲလိုး၊ အောက်စဖို့ တက္ကသိုလ်။ The rohingyas: Inside Myanmar's Hidden Genocide (Hurst, 2016) ကိုစာအုပ် ရေးသားသူ)

က်ာဖီ၊လက်ဘက်ရည် သုံးဆောင်ချိန် (နေ့လည် ၃:၀၀ နာရီ - ၃:၃၀ နာရီ)

ပါမောက္ခ Maya Tudor မှ အထူးတင်ဆက်ခြင်း (နေ့လည် ၃:၀၀ နာရီ - ၃:၄၅ နာရီ)

"နှိုင်းရ တိုင်းရင်းသား အမျိုးသားဝါဒများအပေါ် ပြန်လှန်သုံးသပ်ခြင်း"

(တွဲဖက်ပါမောက္ခ၊ နိုင်ငံရေးနှင့်အများပြည်သူပေါ်လစီ ဌာန၊ ဘလဗက်နစ် အုပ်ချုပ်မှုကျောင်း၊ အောက်စဖို့တက္ကသိုလ်၊ မြန်မာပြည်တွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲအတွင်း ကာတာစင်တာတွင် နိုင်ငံတကာလေ့လာသူ)



နောက်ဆုံး နေ့လည်ပိုင်း နိဂုံးအစီအစဉ် ( နေ့လည် ၃:၄၅ နာရီ - ၄:၃၀ နာရီ)

"ရိုဟင်ဂျာများ အပေါ် ဖိနှိပ်မှု အဆုံးသတ်စေရန် နိုင်ငံတကာ လူ့အဖွဲ့အစည်းမှ ဘာတွေ လုပ်ပေးနိုင်သလဲ"
သဘာပတိ - Mark Farmaner (ဒါရိုက်တာ၊ ဘာမားကမ်ပိန်း - ယူကေ Burma Campaign UK)

ရို ရွှေမောင် Former MP (USDP) via Skype from USA

ရို ထွန်းခင် (ဥက္ကဌ၊ ဗမာရိုဟင်ဂျာအစည်းအရုံး၊ ယူကေ)

နူရူးအစ္စလာမ် (ရိုဟင်ဂျာရှေ့နေနှင့် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ၊ ယူကေ)

ဒေါက်တာလှကျော် (ရိုဟင်ဂျာ ဆေးဘက်ဆိုင်ရာ ဆရာဝန်နှင့် တက်ကြွ လှုပ်ရှားသူ၊ ဥရောပ ရိုဟင်ဂျာကောင်စီ)



မင်းသိန်း
8.5.2016

ဧည့်ခန်းကျယ်ကြီး အတွင်း လူသံတိတ်ဆိတ် နေသည်။ တချက်တချက် ခပ်ပြင်းပြင်း နှလုံးခုန်သံ တစ်ခု ကြားရရုံမှ အပ အခန်းတခန်းလုံး တိတ်ဆိတ်လျက် ရှိသည်။ အာရဗီ ကော်ဖီကရား ပူပူကို လက်တဖက်က ကိုင်ရင်း ခွက်ထဲကို ကော်ဖီငှဲ့ထည့် နေတဲ့ အသက် ၄၀ ကျော် အမျိုးသမီး တစ်ဦးရဲ့ မျက်နှာပြင်မှာ သူမရဲ့ ရင်တွင်းက ဝေဒနာ မီးတောက်ကို အထင်းသား မြင်နေကြ ရတယ်။

"ဒီလို မနက်စောစော ကော်ဖီ သောက်တဲ့ အချိန်ဟာ ကျွန်မအတွက် ရူးမတတ် ခံစားရတဲ့ အချိန်တချိန်ပါဘဲရှင်"။ သား၊သမီး ၄ ယောက်ရဲ့ မိခင် Hala က တိတ်ဆိတ် ငြိမ်သက်နေတဲ့ အခန်းကို သူမရဲ့ နှလုံးသားထဲက ပွင့်အံ ထွက်လာတဲ့ စကားလုံးတွေနှင့် ဖြိုခွင်းလိုက်တယ်။ ခရားရေလွှတ် ထွက်လာတဲ့ သူမရဲ့ စကားတွေကို နားထောင်ရင်း ဧည့်သည်တစ်စု အသက်ရှူ ဖို့ မေ့နေတဲ့ အလား ဖြစ်နေကြတယ်။

"မနက်စောစော အိပ်ယာထတိုင်း ကျွန်မရဲ့ ပထမဆုံးအလုပ်က ကော်ဖီ အိုးပြေးတည်ရတယ်။ သူနှင့်အတူ ကော်ဖီ ထိုင်သောက်ရတယ်။ သူအလုပ်သွားပြီ ဆိုမှ အိမ်အလုပ်တွေကို စလုပ်ရတာ။ တခါတခါ အလုပ်ထဲကနေ အလုပ်နားရင် သူ ကော်ဖီလာသောက်မယ် ဆိုပြီး ဖုန်းလှမ်းဆက်တယ်။ သူက ကော်ဖီ အရမ်းကြိုက်တာ။ အရသာခံပြီးလဲ တစိမ့်စိမ် သောက်တတ်တယ်။ စားစရာ ဘာမှမရှိရင် နေပါစေ၊ ကော်ဖီ ခါးခါးလေး တစ်ခွက်ရရင် သူ့အတွက် လုံလောက်ပြီ"။

Hala ပြောပြနေတဲ့ (သူ) ဆိုတာ အာဏာရှင် Assad ရဲ့ အစိုးရကို ပထမဆုံး လက်နက်ကိုင် တော်လှန်ခဲ့တဲ့ ပြည်သူထဲက တော်လှန်ရေး ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ သူမရဲ့ခင်ပွန်း Abu Ali အကြောင်းဘဲ ဖြစ်ပါတယ်။ Abu Ali ဟာ အာဏာရှင် Assad ရဲ့ စစ်တပ်တွေ Aleppo မြို့ကို တိုက်ခိုက်လာတဲ့ အချိန် Aleppo မြို့ အာဏာရှင် လက်ထဲ ကျရာက် မသွားအောင် ရရာ လက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပါတယ်။
 
"ဆီးရီးယားမှာ Assad အစိုးရကို ပြည်သူတွေ လက်မခံတော့ မြို့တိုင်းလိုလိုမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်။ အာဏာရှင် Assad စစ်တပ်က အကြမ်းနည်းနှင့် ဖြေရှင်းလာတော့ ပြည်သူတွေမှာ ရွေးချယ်စရာ လမ်းမရှိတော့ဘူး။ ရရာ လက်နက်စွဲကိုင် ကြရတယ်။ တချို့မိသားစုတွေက ကိုယ်ပိုင်ဆိုင်တာတွေထဲက သယ်နိုင်တာတွေ အားလုံးကို ယူပြီး ထွက်သွားကြတယ်။ တချို့ မိသားစုတွေမှာ ယောက်ျားတွေဟာ စစ်မြေပြင်မှာ ကျန်ခဲ့ပြီး မိသားစု သားသမီး အားလုံးကို အန္တရာယ် ကင်းမယ် ထင်တဲ့ နေရာတွေကို ပို့ကြတယ်။ သူများတွေလိုဘဲ ကျွန်မ ယောက်ျားက ကျွန်မကိုခေါ်ပြီး ခလေးတွေကို ခေါ်ပြီး စစ်မြေပြင်နှင့် ဝေးရာကို ထွက်သွားဖို့ ပြောလာတယ်။ သူကတော့ အာဏာရှင် လက်အောက်က ပြည်သူတွေ လွတ်မြောက်ရေး အတွက် အသက်ကို စတေးဖို့ ဆုံးဖြတ်လိုက်ပြီး ဖြစ်တဲ့အတွက် အာဏာရှင် ပြုတ်ကျသွားတဲ့ အထိ ဒီနေရာက ဘယ်မှမခွာတော့ဘူးလို့ ပြတ်ပြတ်သားသား ပြောလာခဲ့တယ်"။

အဆက်မပြတ် စီးကျလာနေတဲ့ မျက်ရည်တွေကို သုတ်ရင်း သူ့ရဲ့ငိုနေတဲ့ မျက်လုံးတွေနဲ့ ဧည့်သည်တွေကို စိုက်ကြည့်ရင်း မေးခွန်းတစ်ခု မေးလိုက်တယ်။ "တကယ်လို့ ရှင်တို့သာ ကျွန်မနေရာမှာ ဆိုရင် ဘယ်လိုဆုံးဖြတ်ကြမလဲ" မမျှော်လင့်ဘဲ မေးခွန်း မေးခံလိုက်ရတဲ့ ဧည့်သည်တွေက ဆွံ့အသလို ဖြစ်နေတဲ့အချိန် အဖြေ ကို စောင့်မနေတော့ဘဲ Hala က ပြောလက်စ စကားကို ဆက်ပြောလာတယ်။" ကျွန်မတို့ အိမ်ထောင်သက် ရှစ်နှစ်ပြည့်တဲ့ထိ သား၊သမီး မရနိုင်ခဲ့ဘူး။ ကျွန်မတို့ အမျိုးမျိုး ကြိုးစားကြည့်ခဲ့တယ်။ နောက်ဆုံး အသျှင်မြတ်ရဲ့ သနားကြင်နာမှုနှင့် ဒီခလေး လေးယောက် ရလာခဲ့တယ်။ သူဟာ ကျွန်မတို့ မိသားစု အတွက် မရှိမဖြစ်လိုအပ်တဲ့ ဖခင် တစ်ယောက် ဖြစ်တယ်။ သူဟာ ဆုံးဖြတ်ချက် တစ်ခုကို လွယ်လွယ်နှင့် မချတတ်သလို၊ လွယ်လွယ်နှင့် မဖျက်တတ်တာ သိနေတဲ့ ကျွန်မအတွက် အဲဒီညဟာ ကျွန်မအတွက် တကယ့် ကမ္ဘာပျက်တဲ့ညတညလို ပါဘဲ။ ရှင်တို့ စဉ်းစားကြည့်လေ အာဏာရှင် Assad ဟာ ခလေးတွေကိုဘဲ ရှာပြီးသတ်နေသလားလို့ ထင်ရလောက်အောင် Aleppo မြို့နှင့် နိုင်ငံတ၀န်းမှာ သေလိုက်တဲ့ ခလေးတွေ။ ကျွန်မခလေး တွေလဲ ဒီမှာနေရင် တနေ့ မဟုတ်တနေ့ ဒီအဖြစ်ဆိုးနှင့် ကြုံလာရမှာဘဲ။ ကျွန်မ ခလေးတွေ အားလုံးက လူမမယ်လေးတွေ၊ ဘာမှ သိတတ်ကြသေးတာ မဟုတ်ဘူး။သူတို့ အဖေကတော့ သူပြောချင်တာ ပြောပြီး သေနတ်တစ်လက်ကိုင်ပြီး ထွက်သွားလိုက်ပြီ။ အပြစ်ကင်းတဲ့ ကျွန်မ ခလေးတွေရဲ့ မျက်နှာကို အစိမ့်စိမ့်ကြည့်ရင်း ကျွန်မ နှလုံးသားထဲမှာ ဗလောင်ဆူနေ ခဲ့တယ်။ ကျွန်မဆုံးဖြတ်ချက် တခု ပီပီပြင်ပြင်ချဖို့ လိုအပ်ပြီလို့ အားတင်းလိုက်ပြီး ခလေးအားလုံးကို ကျွန်မအနားကို ခေါ်လိုက်တယ်။ ကျွန်မ အတတ်နိုင်ဆုံး ရင်ထဲက ခံစားချက်တွေကို ခလေးတွေ မရိပ်မိအောင် မြိုသိပ်ရင်း သူတို့အဖေ ပြောခဲ့တဲ့ စကားတွေထဲက လိုရင်းကို ပြောပြလိုက်တယ်။" 

နင်တို့အဖေက ငါတို့အားလုံးကို လုံခြုံတဲ့ နေရာကို ထွက်သွားခိုင်းတယ်။ ဒီမှာက တနေ့ထက်တနေ့ အန္တရာယ်က ပိုများလာနေတယ်။ နင်တို့ ဘယ်လိုသဘောရလဲလို့ မေးလိုက်တော့ ခြောက်နှစ်အရွယ် ကျွန်မသမီးလေး Sara က "ကျွန်မအဖေနှင့် အတူနေခဲ့မယ်" လို့ချက်ချင်းပြောပြီး သူ့အဖေရှိရာကို ထွက်သွားလိုက်တယ်။ ကျွန်မအတန်တန် အော်ခေါ်တာတောင် လှည့်မကြည့်ခဲ့ဘူး။ စဉ်းစားကြည့်ပါရှင် Abu Ali နှင့် ကျွန်မက အဆိုးအကောင်း အားလုံးကို မျှဝေ ခံစားမယ်ဆိုပြီး ဘ၀တစ်ခုကို အတူတူ လက်တွဲ တည်ဆောက် ခဲ့ကြတာလေ။ ပြီးတော့ ဒီအာဏာရှင်ရဲ့ ဖိနှိပ်မှုတွေကို ယောက်ျားတွေဘဲ သီးသန့် ခံနေရတာ မဟုတ်ဘူးလေး၊ ယောက်ျား၊ မိန်းမ၊ ခလေး၊ လူကြီး အားလုံးက ခံနေရတာ။ မိန်းမတွေ ကကော ဘာသားနှင့် ထုထားလို့လဲ ကျွန်မတို့မှာလဲ နိုင်ငံချစ်စိတ်၊ လွတ်မြောက်ချင်စိတ် ရှိတာပေါ့ရှင်။"

ရိုင်ဖယ်ကိုကိုင် ကာကွယ် နိုင်အောင်သာတိုက်ပါ မောင်ရယ်၊ မောင်တို့က ပုခုံးနှင့်ထမ်းလို့ မယ်တို့က ခေါင်းနှင့်ရွက်ပါ့မယ်" ဆိုသလို ဒီတော်လှန်ရေးမှာ ကျွန်မတို့လဲ ကိုယ့်ယောက်ျားနှင့် အတူ ကျရာ တာဝန်ကို ထမ်းဆောင်ခွင့် ရချင်တာပေါ့ရှင်။ မိခင် တယောက်ဖြစ်နေတဲ့ ကျွန်မအနေနှင့် စဉ်းစားတာ တခုဘဲ ရှိတယ်။ အပြစ်ကင်းစင်တဲ့ ခလေးတွေကို ကျွန်မတို့နှင့် အတူ နိုင်ငံအတွက် အသက်စွန့်ခိုင်းတာဟာ ကျွန်မတို့အတွက် သိပ်များ မတရားရာ ကျနေမလားလို့ပါ။ Sara လေးပြောလိုက်တဲ့ စကားကိုကြားပြီး ကျွန်မ မျက်လုံးတွေ လင်းဝင်းလာတယ်။ သားကြီးနှင့် သမီးကြီး မျက်နှာကိုလှည့် ကြည့်လိုက်တော့ သားကြီးက သူ့အဖေလို တည်ငြိမ်တယ်။ ကျွန်မ ပြောနေတာတွေကို တချိန်လုံး ခေါင်းငုံ့ပြီး နားထောင်နေရာကနေ ကျွန်မကို မော့ကြည့်ပြီး "အမေ သားတို့အားလုံး အဖေနှင့်အတူတူ ဒီမှာဘဲ နေရင်ကောင်းမယ်" လို့ ပြောလာတယ်။

ကျွန်မလေ သားကြီးစကားကို ကြားပြီး ၀မ်းသာလွန်းလို့ ချုံ့ပွဲချငိုပြစ် လိုက်မိတယ်။ ဘယ်လိုဝမ်းသာ သွားမှန်းကို မပြောတတ်တော့ ပါဘူးရှင်။ ခံတပ် လုပ်ထားတဲ့ နေရာကနေ သူ့အဖေ ပြန်ရောက်လာတော့ "ရှင့်ခလေးတွေ ရှင်နှင့်ခွဲပြီး ဘယ်မှမသွားဘူးလို့ ပြောကြတယ်။ သွားစေချင်ရင်တော့ ရှင်ကိုယ်တိုင် ရှင့်ခလေးတွေကို စည်းရုံးကြည့်" ပြောပြီး ကျွန်မ အိမ်ထဲဝင် သွားလိုက်တယ်။ သူကတော့ ဧည့်ခန်းက ဆိုဖာပေါ်မှာ ထိုင်ပြီး ဒီကိစ္စကို လေးလေးနက်နက် တွေးနေမယ်ဆိုတာ ကျွန်မသိနေတယ်။

Hala ရဲ့ လင်းဝင်း တက်ကြွလာတဲ့ မျက်နှာကိုကြည့်ပြီး ငြိမ်ပြီး နားထောင်နေကြတဲ့ ဧည့်သည်တွေဟာ အနည်းငယ် လှုပ်ရှား လာကြတယ်။ ခွက်ထဲက အေးစက်စက် ကော်ဖီကို မော့သောက်တဲ့သူကသောက်၊ ခန္ဓာကိုယ်သက်တောင့် သက်သာ အနေအထားဖြစ်အောင် နေရာ ရွေ့ထိုင်သူထိုင်နှင့် စကားဝိုင်းက နည်းနည်း လှုပ်ရှားလာတယ်။

"ISIS တွေ ဘယ်အချိန်လောက်က Aleppo မြို့ထဲကို ရောက်လာတာလဲ အမ" ဧည့်သည် တယောက်ရဲ့ မေးခွန်းက ပြန့်နေတဲ့ အာရုံတွေကို စုစည်းပေးလိုက်သလို ဖြစ်သွားတယ်။ တိုင်ပင် မထားဘဲ ဧည့်သည်အားလုံးရဲ့ မျက်လုံးဟာ Hala ဆီကို ဦးတည်လာပြီး သူမဆီက ထွက်လာမယ့် စကားသံကို နားစွင့်နေကြတယ်။

"၂၀၁၄ ခုနှစ် အစဟာ ကျွန်မတို့မိသားစု တစ်ခုရဲ့ ကမ္ဘာစပျက်တဲ့ ကာလပါဘဲရှင်။ ISIS တွေဟာ ကျွန်မတို့အိမ်ပေါ် တက်လာပြီး ကျွန်မယောက်ျားကို လက်ပြန် ကြိုးတုတ် ထားတယ်။ကျွန်မနှင့် ခလေးတွေကို သူနှင့် ခပ်လှမ်းလှမ်းက သူမြင်နိုင်လောက်တဲ့ တနေရာမှာ သေနတ်တွေနှင့် ချိန်ထားတယ်။ ကျွန်မ ယောက်ျားကို ရိုက်စစ်နေတဲ့လူတွေက မျက်ရိပ်ပြရင် ကျွန်မတို့ နားကကောင်တွေက ခလေးတွေရဲ့ ခေါင်းကို သေနတ်ပြောင်းနှင့် ထိုးချိန်တယ်။ အစ္စလာမ် နာမည်ကို အလွှဲသုံးစားလုပ်ပြီး ယုတ်မာနေတဲ့ လူတွေပါရှင်။ လူသားစိတ် တစ်စက်မှကို မရှိတဲ့ လူတွေလို့ဘဲ ကျွန်မကတော့ မြင်တယ်။ သူတို့ ကျွန်မယောက်ျားကို ကျွန်မရဲ့ ခလေးတွေရှေ့မှာ အမျိုးမျိုး နှိပ်စက်ပြီး နောက်ဆုံး ဖမ်းခေါ်သွားတယ်။ ဒီမိစ္ဆာတွေ အပေါ်ထားတဲ့ ဒေါသစိတ်ကြောင့် ကျွန်မ ခလေးတွေကို ထိမ်းဖို့မေ့နေတယ်။ ခလေးတွေကတော့ရှင် သူတို့အဖေ နှိပ်စက်ခံနေရတာကိုကြည့်ပြီး ကမ္ဘာ ပျက်နေကြတာပေါ့ရှင်။ ISIS တွေက အချုပ်ခန်းထဲမှာ သူ့ကိုနှိပ်စက်ပြီး သတ်ပြစ်လိုက်ပြီလို့ ပြောကြတယ်။ တချို့ကလဲ မသေသေးဘူး အသက်ရှင်လျက် ရှိနေသေးတယ်လို့ ပြောကြတယ်။ အတိအကျတော့ အခုထိ ဘယ်သူမှမသိကြဘူး။ သူ့တပ်သားတွေကတော့ သူနှင့်ပတ်သက်တဲ့ သတင်းတွေရရင် ကျွန်မဆီ ပို့ပေးပါတယ်။ 

သူမရှိတဲ့ နောက်ပိုင်း Aleppo မြို့ထဲက စစ်မြေပြင်မှာ မှတ်တမ်းယူနေတဲ့ ဂျာမန် သတင်းထောက် Marcel Mettelsiefen က ခလေးတွေရဲ့ အနာဂတ်အတွက် ဂျာမဏီနိုင်ငံကို ရွှေ့ပြောင်းဖို့ အကြိမ်ကြိမ် တိုက်တွန်းလာတယ်။ ကျွန်မ ယောက်ျား ရှိစဉ်တုန်းကလည်း အိမ်ကို ရောက်လာတိုင်း Marcel ကကျွန်မကို ဂျာမဏီကိုပြောင်းရွှေ့ဖို့ သူအစစအရာရာ ကူညီမယ်ဆိုတဲ့ အကြောင်းပြောခဲ့တယ်။ ကျွန်မ ယောက်ျားကိုလည်း သူခဏခဏ သွားပြောတယ်။ Abu Ali ကတော့ ဘာမှ ပြန်မပြော။ ကျွန်မကတော့ သူလာပြောတိုင်း ငြင်းတာပါဘဲ။ အခုလို ကျွန်မတို့ မိသားစုတွေ ဂျမဏီမှာ အဆင်ပြေပြေနေရတာ၊ ကျွန်မ ခလေးတွေ ကောင်းကောင်းမွန်မွန် ကျောင်းတက်နေရတာ သူရဲ့ အကူအညီတွေ အများကြီး ပါပါတယ်။

 ကျွန်မဟာ ဒီနိုင်ငံမှာ အဆင်ပြေပြေ နေရပေမယ့် ကျွန်မ ၀ိညာဉ် က Aleppo မြို့မှာ ကျန်ခဲ့ပါတယ်ရှင်။ ကျွန်မ ယောက်ျားက ISIS လက်က လွှတ်လာပြီး အသက်ရှင် နေသေးတယ် ဆိုရင်လည် သူ့ရဲ့ ဆုံးဖြတ်ချက် ချထားတဲ့ အတိုင်း တော်လှန်ရေးကို ဆက်ပြီး လုပ်စေချင်ပါတယ်။ ကျွန်မတို့ ဆီးရီးယား ပြည်သူတွေဟာ အာဏာရှင် Assad ကို တော်လှန်ကြတယ်။ အခုက မိစ္ဆာကောင်တွေကိုလည်း တိုက်ထုတ် နေကြရတယ်။ ကျွန်မတို့ ပြည်သူတွေ ဘယ်တော့များ ငြိမ်းငြိမ်း ချမ်းချမ်း နေကြရမလဲ မသိတော့ပါဘူးရှင်။ Hala ရဲ့ နိဂုံးချုပ်စကားကို ကြားပြီး ဧည့်သည်တွေဟာ တယောက် မျက်နှာ တယောက်ကြည့်ရင်း သူတို့ရဲ့ စာနာနားလည်မှုကို ကိုယ်စီ ဖော်ပြကြပြီး Hala ကို နှစ်သိမ့်ကြပါတယ်။ သား၊သမီးတွေ အတွက်ဘဲ အသက်ရှင်သန် နေရတဲ့ မိခင် တယောက်ရဲ့ ပုံရိပ်ကို Hala ဆီမှာ ပီပီပြင်ပြင် မြင်နေကြရတယ်။

မင်းသိန်း (မိခင်များနေ့ အမှတ်တရ မိခင်အားလုံးအား ဂုဏ်ပြုရင်း)

ဝန်ခံချက် ။ ။ ဂျာမန် TV ZDF မှ ပြသသော Der Kinder von Aleppo ကို ခံစားရေးဖွဲ့သည်။



RB News
7.5.2016

ပေါက်တော
။ ။ ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည် (၄) ဦးသည် မေလ (၄) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် လှေငယ် တစ်စီးဖြင့် ငါးဖမ်းရန် ထွက်ခွာလာရာ နံနက် ၁၁ နာရီခန့် အချိန်တွင် ပုဏ္ဏာကြီး ရခိုင်ရွာမှ ရခိုင်အစွန်းရောက် ၁၅ ဦးခန့်က ဓါးရှည်များ၊ မြှားများကိုင်ဆောင်၍ ရိုဟင်ဂျာ ဒုက္ခသည် (၄) ဦး၏ လှေငယ်ကို ၀န်းရံ၍ တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်နေစဉ် အတွင်း လှေပေါ်မှ (၃) ဦး ထွက်ပြေး လွတ်မြောက် ခဲ့သော်လည်း ဦးဘော်ရှီရ်အာမတ် (ဘ) ဦးဂူရာမျာ (အသက် ၅၀ နှစ်) မှာ ရခိုင်အစွန်းရောက် များ၏ ဓါးဖြင့် ခုတ်ခြင်းကို ခံခဲ့ရသည်။ ရခိုင်အစွန်းရောက် များက ၎င်း၏ ဦးခေါင်းကို ဓါးဖြင့် ခုတ်ပြီးနောက် “မင်းကို ငါတို့ မသတ်ဘူး၊ မင်းကို ငါတို့ အသက်ရှင်ခွင့် ပေးမယ်၊ ဒါပေမယ့် မင်းရဲ့ လူတွေကို ပြောလိုက်၊ ဧည့်သည်တွေ၊ တရားမ၀င် ရောက်လာသူတွေက ဒီမှာ အလုပ်လုပ်လို့ မရဘူး၊ ဧည့်သည်လိုပဲ နေရမယ်” ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဦးဘော်ရှီရ်အာမတ်သည် ဓါးဒဏ်ရာဖြင့် သတိလစ်သွားခဲ့ပြီး၊ ပေါက်တော ဒုက္ခသည် စခန်းမှ ဒုက္ခသည်များက ၎င်းကို နေ့လည် (၃) နာရီ အချိန်တွင် ပြန်လည် သယ်ဆောင် လာခဲ့ကြောင်း ဒုက္ခသည် တစ်ဦးက RB News သို့ပြောသည်။

သတင်းနှင့် ဓါတ်ပုံကို Peace Muhammad Arkani မှ ပေးပို့သည်။




RB News
7.5.2016

ပေါက်တော
။ ။ ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ်မှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒု-ဦးစီးမှူး ဦးကြည်အေး သည် ဆင်တက်မော် ရဲကင်း စခန်းမှ စခန်းမှူး ဦးကျော်ဇံ၊ အနောက်ရွဲ့ ဒုက္ခသည် စခန်း တာဝန်ခံ ဒုရဲအုပ် ထွန်းသာ တို့နှင့် အတူ မေလ (၄) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ပေါက်တော မြို့နယ် အနောက်ရွဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းသို့ သွားရောက်၍ ဒုက္ခသည် များနှင့် တွေ့ဆုံ ခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဦးကြည်အေးက “ခင်ဗျားတို့ နေထိုင်ရေး အဆင်ပြေ ချောမွေ့စေဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့က ဒီနေရာမှ လုံးချင်းအိမ်တွေ ဆောက်ပေးသွားမယ်၊ ခင်ဗျားတို့က အဲဒီ လုံးချင်းအိမ်တွေကို လက်ခံရမယ်၊ နောက်တစ်ချက်က ခင်ဗျား အုပ်ချုပ်ရေး အဖွဲ့ကို ပြန်လည် ဖွဲ့စည်း ပေးသွားမယ်၊ လုံးချင်းအိမ်တွေကို လက်ခံလာအောင် စည်းရုံးနိုင်တဲ့သူကိုသာ အုပ်ချုပ်ရေးမှူး ခန့်မယ်၊ အုပ်ချုပ်ရေးမှူး လုပ်ချင်တဲ့ ဆန္ဒရှိသူက ကျွန်တော်တို့ရဲ့ ၀မ်းရေးကိုလည်း ဦးစားပေးရမယ်” ဟု ပြောဆို၍ နံနက် ၁၀း၃၀ နာရီတွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

အုပ်ချုပ်ရေးမှူး လုပ်ချင်သူက ၎င်းတို့၏ ၀မ်းရေးကိုလည်း ဦးစားပေးရမည်ဟု ပြောဆိုခြင်းမှာ လာဘ်ငွေ ပေးရန် သွယ်ဝိုက်၍ ပြောဆိုသွားခြင်း ဖြစ်သည်ဟု ဒုက္ခသည် တစ်ဦးက RB News သို့ပြောသည်။

“အဲဒီ ဒု-ဦးစီးမှူး ဦးကြည်အေးက အုပ်ချုပ်ရေးမှူး ရာထူး မက်လုံး ပေးလိုက်တော့ အုပ်ချုပ်ရေးမှူး အသစ် ဖြစ်ချင်သူတွေနဲ့ ယခု လက်ရှိ အုပ်ချုပ်ရေးမှူး ဖြစ်နေတဲ့သူတွေရယ်၊ အရင် အဟောင်းတွေရယ် အားလုံးက သူတို့ အုပ်ချုပ်ရေးမှူး ဖြစ်လာရေး အတွက် လူတွေကို မူလနေရာ ပြန်မတောင်းဖို့၊ ဒုက္ခသည် စခန်းရှိတဲ့ အနောက်ရွဲ့မှဘဲ လုံးချင်းအိမ် ဆောက်ပေးတာကို လက်ခံပြီး အခြေချ နေထိုင်သွားဖို့ စည်းရုံးပြီး တစ်မျိုး ခြိမ်းခြောက်ပြီး တစ်ဖုံ နည်းမျိုးစုံနဲ့ ဒုက္ခပေး နေတယ်” ဟု အဆိုပါ ဒုက္ခသည်က ပြောပါသည်။

သတင်းနှင့် ဓါတ်ပုံကို Peace Muhammad Arkani မှ ပေးပို့သည်။
RB News
6.5.2016

မြေပုံ
။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်မှ ရန်ကုန်သို့ ရခိုင်လူမျိုး ပွဲစား၏ ကားဖြင့် သွားနေသည့် ရိုဟင်ဂျာ လူငယ် (၁၄) ဦးကို မြေပုံမြို့နယ်မှ အာဏာပိုင်များက မေလ (၄) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ဖမ်းဆီးရန် ကြိုးစားခဲ့ရာ (၃) ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ ကျန်သည့် (၁၁) ဦး ထွက်ပြေး လွတ်မြောက် သွားကြောင်း သတင်း ရရှိပါသည်။

ဖမ်းဆီးခံရသည့် လူငယ် (၃) ဦးကို အာဏာပိုင်များက အနီးအနားရှိ ရခိုင်လူမျိုး အိမ်တစ်အိမ်တွင် ကြိုးဖြင့် ချည်နှောင်၍ ထားခဲ့ပြီး ထိုမှတဆင့် မြေပုံ ရဲစခန်းသို့ ခေါ်ဆောင်သွားကာ နယ်ကျော်မှုဖြင့် တရားစွဲဆို၍ ချုပ်နှောင် ထားကြောင်း သိရှိရသည်။

အဆိုပါ လူငယ်များကို ရခိုင်လူမျိုး ပွဲစားမှ ရန်ကုန်တွင် အလုပ်အကိုင် ရှာဖွေပေးမည်ဟု ဆိုကာ ငွေကျပ် ဆယ်သိန်းခန့်စီ ယူ၍ ခေါ်ဆောင် သွားနေခြင်း ဖြစ်သည်။

လူငယ် (၃) ဦးကို ဖမ်းဆီး၍ ရခိုင်လူမျိုး အိမ်တစ်အိမ်တွင် ထားရှိချိန်တွင် ရခိုင်လူမျိုးများက ဓါတ်ပုံများ ရိုက်ယူခဲ့သည်။ ယခုအခါ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို မလိုလားသူ အချို့က အဆိုပါ လူငယ်များသည် ရခိုင်ရွာထဲသို့ ခိုးဝင်သည်၊ ရခိုင် အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့်ရန် ၀င်ရောက် လာခြင်း ဖြစ်သည်ဟု ဆိုကာ ဆိုရှယ်မီဒီယာမှ တဆင့် ၀ါဒဖြန့်လျက် ရှိသည်။

ထိုကဲ့သို့ မဟုတ်မမှန် ၀ါဒဖြန့်မှုကြောင့် တည်ငြိမ် အေးချမ်းမှု ပျက်ပြားနိုင်သဖြင့် တာဝန်ရှိ အာဏာပိုင်များက အမြန်ဆုံး မှန်ကန်သည့် သတင်းကို ထုတ်ပြန်ပေးရန် ရိုဟင်ဂျာ ပြည်သူများက အထူး လိုလားနေကြသည်။

သတင်းနှင့် ဓါတ်ပုံများကို Peace Muhammad Arkani မှ ပေးပို့သည်။







MYARF
RB News
6.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ယာယီ နိုင်ငံကူး လက်မှတ်ဖြင့် တရားဝင် ခရီးသွားရောက်သည့် ရိုဟင်ဂျာများသည် နယ်စပ် ဖြတ်ကျော်ရာတွင် အခက်အခဲပေါင်းစုံ ကြုံတွေ့နေရသည့် အပြင် မတရား ငွေညှစ်ခြင်းလည်း ခံနေရကြောင်း သတင်း ရရှိပါသည်။

မောင်တော နယ်စပ် ကုန်သည်များ အသင်းမှ ထုတ်ပေးသည့် (၇) ရက် ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားဝင် သွားလိုသူများသည် အောက်ပါ စခန်း အသီးသီးတွင် အခကြေးငွေများ ပေးသွင်းပြီး ကြိုတင် စာရင်းသွင်းရသည်။

(၁) နယ်စပ် ကုန်သည်များ အသင်း -- ၅၀၀ ကျပ်စီ ကောက်ခံ -- နံနက် (၉) နာရီမှ (၁၁) နာရီအတွင်း စာရင်းသွင်း ရသော်လည်း ၁၀း၃၀ နာရီမှ စ၍ အချိန်ကျော်ပြီဟု ဆိုကာ ၁၀၀၀ ကျပ်စီ ကောက်ခံ

(၂) P.O.E. -- ၅၀၀ ကျပ်စီ ကောက်ခံ

(၃) ခရိုင် လ.၀.က -- ၂၀၀၀ ကျပ်စီ ကောက်ခံ၊ နှစ်စဉ် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှင် ၅၀၀၀ ကျပ်စီ ကောက်ခံ

(၄) မြို့နယ် လူကုန်ကူးမှု တားဆီးရေး တပ်စခန်း -- ၅၀၀ ကျပ်စီ ကောက်ခံ -- (၂၀၁၅ မှ စ၍ ကောက်ခံခြင်း မရှိတော့)

(၅) ပို့ဆောင်ရေး ကိုယ်စားလှယ် -- ၄၅၀၀ ကျပ်စီ ကောက်ခံ

(၆) P.O.E. နယ်ခြားစောင့် ရဲတပ်ဖွဲ့ -- ၁၀၀၀ ကျပ်စီ ကောက်ခံ (နိုင်ငံကူး လက်မှတ် အသစ် ဖြစ်လျှင်)

အထက် ဖော်ပြပါ ဌာနများ အပြင် သာမာန် အရပ်သား တစ်ဦး ဖြစ်သည့် မောင်တော မြို့နယ် အမှတ် (၁) ရပ်ကွက်မှ ရခိုင်လူမျိုး ဦးထွန်းထွန်းနိုင် (အသက် ၄၂ နှစ်) ကလည်း ဆိပ်ကမ်းခ ဟုဆိုကာ ခရီးသည် တစ်ဦးထံမှ ငွေကျပ် ၁၀၀၀ မှ ၅၀၀၀ ထိ ဓါးပြသဖွယ် အတင်းအဓမ္မ ကောက်ခံလျက် ရှိသည့်အပြင် အမျိုးသမီးများကို တာဝန်မဲ့ စစ်ဆေးခြင်း၊ မဖွယ်မရာ ပြုလုပ်ခြင်းနှင့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို စော်ကားခြင်းများ ပြုလုပ်လျက် ရှိကြောင်း ခရီးသွား ပြည်သူများက RB News သို့ပြောသည်။

ထိုကဲ့သို့ အတင်းအဓမ္မ ကောက်ခံ နေခြင်းကို ဌာနဆိုင်ရာ ပေါင်းစုံ ရှေ့မှောက်တွင် ပြုလုပ်နေခြင်း ဖြစ်ပြီး၊ ငွေကောက်ခံရာတွင် ခရီးသည်များကို လူမဆန်စွာ ဆက်ဆံနေခြင်းကို အာဏာပိုင်များက ဟန့်တားခြင်း မရှိဟု ဆိုသည်။ ငွေကောက်ခံခြင်း အတွက် မြို့ပေါ် မည်သည့် နေရာတွင်မှ တရားဝင် ရုံးဖွင့်လှစ်၍ ဆိုင်းဘုတ် တင်ထားခြင်း မရှိသလို ငွေကောက်ခံပြီး ဖြတ်ပိုင်းလည်း ထုတ်ပေးခြင်း မရှိကြောင်း ခရီးသွား ပြည်သူများက ပြောပါသည်။

မောင်တော နယ်စပ် ကုန်သည်များ အသင်းမှ ထုတ်ပေးသည့် ယာယီ နိုင်ငံကူး လက်မှတ်နှင့် ယာယီ ခရီးသွားသူ များကို ၂၀၁၂ ခုနှစ် မတိုင်မှီက (၇) ရက် နေထိုင်ခွင့် ပြုခဲ့သော်လည်း ၂၀၁၂ ခုနှစ် နောက်ပိုင်းမှ စ၍ (၃) ရက်သာ နေထိုင်ခွင့်ပြုသည်။ ခွင့်ပြုသည့် (၃) ရက်တွင် ပထမရက်သည် ဌာနအသီးသီးတွင် စာရင်းသွင်းရာ၌ ကုန်ဆုံးသွားပြီး၊ ခွင့်ပြုကာလထက် ရက်ကျော်လွန် သွားပါက ဒဏ်ငွေအဖြစ် တစ်ရက်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် P.O.E. နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ ခရိုင် လ.၀.က၊ မြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့ တို့ကို ပေးသွင်းရကြောင်း သိရှိရသည်။

Rohingya Exodus