နောက်ဆုံးသတင်း/ဆောင်းပါးများ



RB News
24.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ငါးရန့်ချောင်း ကျေးရွာအုပ်စု၊ ကျီးနှုတ်သီးရွာမှ ရာအိမ်မှူး ဦးအဘာစ်မျာ (ဘ) ဦးနော်ဇူမျာသည် (၂၇) နှစ်ကြာ ရာအိမ်မှူး အဖြစ် တာဝန်ထမ်းဆောင်ပြီးမှ လွန်ခဲ့သည့် ဇွန်လ (၂၂) ရက်နေ့က ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူးက တရားဝင် အမိန့်စာ ထုတ်ပြန်၍ ရာထူးမှ ရပ်စဲခဲ့သည်။

ဦးအဘာစ်မျာသည် ၂၇ နှစ်ကြာ ရာအိမ်မှူး တာဝန်ထမ်းဆောင်စဉ် ကာလတွင် ဒေသခံရွာသားများကို လူသားချင်း မစာနာ ညှဉ်းပန်းနှိပ်စက် ငွေညှစ်ခဲ့သည်။ ၎င်းအား မြို့နယ် အုပ်ချုပ်ရေးမှူးက ရာထူးမှ ရပ်စဲသည့် အမိန့်စာတွင်လည်း ၎င်း၏ လုပ်ရပ်များကို ထည့်သွင်းရေးသားထားသည်ကို တွေ့ရသည်။ ၎င်းသည် ညှဉ်းပန်း နှိပ်စက် ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း စသည်တို့ကို တစ်ဦးတည်း ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှနှင့် အတူ ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ကျေးရွာအတွင်း လိုင်စင်ရ ဓါးပြ၊ သောင်းကျန်းသူ သဖွယ် ရွာသားများကို ညှဉ်းပန်း နှိပ်စက် ခြိမ်းခြောက် ငွေညှစ်ရန် ကျေးရွာအတွင်း အမြင့်ဆုံး အာဏာရှိသူ၏ ခွင့်ပြုချက် မပါဘဲ လုပ်ဆောင်၍ မရသည်ကို သုံးသပ်ရန် လိုအပ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။

“ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှရဲ့ ခွင့်ပြုချက်နဲ့ အဘာစ်မျာက ဆိုးသွမ်းခဲ့တာ။ အဘာစ်မျာက ရွာသား တစ်ယောက်ဆီက ငွေ ၃ သိန်း ညှစ်တယ်ဆိုရင် ၂ သိန်းက ကောင်းစိန်လှ ယူတယ်။ အဘာစ်မျာက ၁ သိန်းပဲ ရတယ်။ အဲလိုဆိုတော့ ကောင်းစိန်လှက အဘာစ်မျာကို ဒုစရိုက်လုပ်ခိုင်းပြီး ထိုင်စားနေတာ။ အခု အဘာစ်မျာကို ဖြုတ်လိုက်တော့လည်း အဘာစ်မျာ နေရာမှာ အခြားလူဆိုး တစ်ယောက်ဖြစ်လာအောင် ကောင်းစိန်လှက နောက်ကွယ်ကနေ ကြိုးကိုင်မှာဘဲ။ အဲဒါကြောင့် ကျွန်တော်တို့ ဒေသခံတွေက ကောင်းစိန်လှကိုပါ ဖြုတ်စေချင်တယ်၊ ကောင်းစိန်လှရဲ့ လုပ်ရပ်တွေ အားလုံးကိုလည်း စစ်ဆေး ကြည့်စေချင်တယ်” ဟု ဒေသခံများ ကိုယ်စား ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဦးအဘာစ်မျာသည် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများမှ တဆင့် လာဘ်ငွေပေး၍ ရာအိမ်မှူး ရာထူး ပြန်ရရန်လည်း ကြိုးစားနေကြောင်း ဒေသခံများက ပြောပါသည်။ ဒေသခံများ အနေဖြင့် ဦးအဘာစ်မျာ ရာထူးပြန်ရသည်ကို လုံးဝ မလိုလားသည့် အပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှအား ရာထူး ဖယ်ရှားပေးရန်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးကို RB News မှ တဆင့် တောင်းဆိုသည်ဟု ပြောပါသည်။



RB News
23.6.2016

ဝါ၊ ပဲခူး – ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန် ကျေးရွာမှ မွတ်စလင်တစ်ဦးနှင့် ဗုဒ္ဓဘာသာဝင် တစ်ဦးတို့ အချင်းများသည်ကို အကြောင်းပြု၍ ကျေးရွာရှိ ဗုဒ္ဓဘာသာဝင် များက အစ္စလာမ်ဘာသာဝင် များ၏ အထွဋ်အမြတ် ထားရာ ဗလီဝတ်ကျောင်းတော်နှင့် အရဗီစာသင်ကျောင်း တို့ကို ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် သူရဲသမိန် ကျေးရွာမှ ဗုဒ္ဓဘာသာဝင် များသည် ယင်းကျေးရွာရှိ ဗလီနှင့် အရဗီ စာသင်ကျောင်းများကို ဖျက်ဆီးခဲ့သည့် အပြင် ကျေးရွာမှ မွတ်စလင်များကိုလည်း ရိုက်နှက်ခဲ့သည်။ ၎င်းတို့နှင့် ရိုက်နှက်မှုကြောင့် မွတ်စလင် အများစုမှာ လယ်ကွင်းများထဲသို့ ရှောင်ပုန်းခဲ့ရသည်။ မွတ်စလင် တစ်ဦးက ၎င်းတို့သည် အစပိုင်းတွင် ဆေးရုံထဲသို့ ၀င်ရောက်၍ တိမ်းရှောင်ခဲ့သော်လည်း ဆေးရုံအတွင်းထဲသို့ပင် လိုက်လာ၍ ရိုက်နှက်ရန် ကြိုးစားရာ ဆေးရုံဝင်းရှိ ရဲစခန်းထဲသို့ ၀င်ရောက်ခိုလှုံခဲ့ရသည်ဟု Myanmar Muslim Media သို့ပြောသည်။ 

ဟာဂျီဦးအဒူရရှစ်၏ အိမ်ဆောက်ပစ္စည်းဆိုင်ကို နေ့လည် ၁ နာရီတွင် ဖျက်ဆီးပြီးနောက် နေ့လည် ၃ နာရီ အချိန်တွင် ကုလားများ အားလုံး ကလေးများပါ မကျန် သတ်ဟု ဗုဒ္ဓဘာသာဝင် များက ကြုံးဝါး၍ ဗလီနှင့် အရဗီ စာသင်ကျောင်း များကို ဖျက်ဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။ 

ဗုဒ္ဓဘာသာဝင် များ၏ ရိုက်နှက်မှုကြောင့် အိမ်ဆောက် ပစ္စည်းဆိုင် ပိုင်ရှင် ဟာဂျီဦးအဒူရရှစ်ကို ဆေးရုံတင်ခဲ့ရပြီး၊ ညဦးပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ကိုယ်တိုင် ရဲစခန်းသို့ ပို့ဆောင်၍ လုံခြုံအောင် ထားခဲ့ကြောင်း သိရသည်။ 

Myanmar Muslim Media တွင် ရေးသား ဖော်ပြချက် အရ သူရဲသမိန် ကျေးရွာတွင် မွတ်စလင် အိမ်ခြေ ၃၀ ခန့် ရှိပြီး လူဦးရေအားဖြင့် ၁၂၀ ခန့် ရှိကြောင်း သိရသည်။ မွတ်စလင် ရွာသား ၈၀ ခန့်မှာ ရဲစခန်းတွင် ယာယီ ခိုလှုံလျက်ရှိပြီး ကျန်သည့် သူများမှာ အဆက်အသွယ်ပင် မရဟု ဆိုသည်။ ၎င်းတို့သည် ဥပုသ်လတွင် ဥပုသ်စောင့်ထားသော်လည်း ဥပုသ်ထွက်သည့် အချိန်တွင် ၀ါဖြေရန်ပင် ခက်ခဲခဲ့သည်ဟု ရေးသား ဖော်ပြထားသည်။ 

ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ၀န်ကြီးအချို့က အခင်းဖြစ်ပွားသည့် နေရာသို့ သွားရောက်ကြည့်ရှု၍ ပြေလည်အောင် ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း မည်ကဲ့သို့ ပြေလည်အောင် ပြုလုပ်ပေးမည်၊ မွတ်စလင်များ၏ အသက်အိုးအိမ် စည်းစိမ်များကို လုံခြုံအောင် ဆောင်ရွက်ပေးမည်ကို မသိရှိရသေးပေ။

မွတ်စလင်များကို အကြမ်းဖက်နေသည့် အချိန်တွင် ဖေ့စ်ဘုတ် အကောင့် အချို့တွင် ဓါတ်ပုံများကို အချိန်နှင့် တပြေးညီ တင်ပြပြီးနောက် နာရီပိုင်း အကြာတွင် အဆိုပါ ဖေ့စ်ဘုတ် အကောင့်များ ဖျက်သိမ်းသွားသည်မှာ ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်က ဖြစ်ပွားသည့် အဓိကရုဏ်းများ အချိန်က ပြုလုပ်ခဲ့သည်များနှင့် ပုံစံတူနေသည်ကို တွေ့ရသည်။ 

အစိုးရသစ် ပြောင်းလဲလာပြီးနောက် မြန်မာမွတ်စလင်များ အပေါ် အကြမ်းဖက်ခြင်း၊ ခွဲခြား ဆက်ဆံခြင်းများ ပျောက်ကွယ် သွားမည်ဟု ယူဆခဲ့ကြသော်လည်း ယခုအချိန်ထိ ယခင်အစိုးရများ ကဲ့သို့ ခွဲခြားဆက်ဆံခြင်းများ ရှိနေပြီး၊ အစိုးရသစ် လက်ထက်တွင် ဗလီဖျက်ခြင်း၊ အကြမ်းဖက်ခြင်းများ ယနေ့ ပထမဦးဆုံး ဖြစ်ပွားခဲ့သည်။










RB News
23.6.2016

ဘူးသီးတောင်
။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အထက်ပိုင်းရှိ ဗလီများမှ ဂေါပကများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာဖြင့် ဆင့်ခေါ်ထားကြောင်း သတင်း ရရှိပါသည်။

“ခေါ်တာက ဒီနေ့ ၂၃ ရက်နေ့မှာပါ။ စာထုတ်တာ ၂၂ ရက်နေ့၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တွေကနေ တဆင့်ပို့တော့ ဒီနေ့မှ စာရောက်တယ်။ အဲဒီတော့ ၂၄ ရက်နေ့ မနက် ၁၀ နာရီမှာ သွားတွေ့ကြရမယ်။ ဗလီတစ်လုံးစီက ဂေါပက နှစ်ဦးစီပါ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဂေါပကများကို ဆင့်ခေါ်ရခြင်း အကြောင်းရင်းမှာ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် မုန်တိုင်း ဒဏ်ကြောင့် ပျက်စီး သွားသည့် ဗလီများကို ပြုပြင်သည့် အတွက် ဖြစ်သည်ဟု သိရသည်။

“၂၀၁၅ ဇူလိုင်မှာ ဗလီတွေ တော်တော်များများ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားတယ်။ အဲဒါတွေကို ပြုပြင်ဖို့ အဲဒီအချိန်က သမ္မတ ဦးသိန်းစိန် လာတော့ ဒေသခံတွေက သမ္မတ ဆီကနေ ခွင့်ပြုချက် တောင်းတယ်။ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် နှုတ်မိန့်နဲ့ ပြင်ခွင့် ပေးခဲ့တယ်။ သမ္မတက နိုင်ငံတော်ရဲ့ အမြင့်ဆုံး အာဏာ ရှိတဲ့သူ ဆိုတော့ သမ္မတ နှုတ်မိန့်နဲ့ အကုန် ပြုပြင်ခဲ့တယ်။ အခုတော့ သမ္မတ ဦးသိန်းစိန် လက်ထက် မဟုတ်တော့ဘူး ဆိုတော့ အဲဒါကို ပြန်ပြီး ပြဿနာ ရှာမယ့် သဘော ရှိတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Yanghee Leeနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ ဇွန်လ ၂၂ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေ လေဆိပ် ခန်းမဆောင်မှာ တွေ့ဆုံ ဆွေးနွေးနေစဉ် (Photo: Thein Aung / RFA)

22.6.2016

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Yanghee Lee က ရခိုင်ပြည်သူပြည်သား အားလုံး တိုးတက် ပြောင်းလဲဖို့ အတွက် ကူညီသွားမယ်လို့ ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေလေဆိပ် ခန်းမဆောင်မှာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ တွေ့ဆုံရာမှာ ပြောတာဖြစ်ပါတယ်။

"ကျွန်မ ဒီကိုလာတာ ရခိုင်ပြည်သူတွေရဲ့ မိတ်ဆွေအစစ်အမှန်တစ်ဦးအနေနဲ့ လာရောက်တာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ လူတိုင်းတိုးတက်ပြောင်းလဲမှုတွေ ရရှိအောင်ဆောင်ရွက်မှာဖြစ်တယ်" ပြောတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အရေး ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီးဆောင်ရွက်နေတာကို ဝမ်းသာမိကြောင်းလည်း ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စရပ်တွေကို ဆောင်ရွက်ရာမှာ အားလုံးက ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

Yanghee Lee ဟာ နိုင်ငံသားစိစစ်မယ့်အစီအစဉ်ကို ငြင်းဆိုနေကြတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကာဒီကျေးရွာက မွတ်စလင်တွေနဲ့ တွေ့ဆုံခဲ့သလို ကျောက်တော် မြို့နယ် ပညာဝကျေးရွာက ရခိုင်စစ်ဘေးဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ကာဒီကျေးရွာမှာ အစိုးရကထုတ်ပေးနေတဲ့ NVC အစိမ်းရောင်ကဒ်တွေကို ဘာကြောင့် ငြင်းဆန်နေရတယ် ဆိုတာကို တင်ပြခဲ့တယ်လို့ ကာဒီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်နီက ပြောပါတယ်။

ဒါ့အပြင် ကာဒီကျေးရွာမှာနေထိုင်တဲ့ မွတ်စလင်တွေရဲ့ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ အခွင့်အရေးဆုံးရှုံးနေ ရတာတွေကို တင်ပြခဲ့ကြတယ်လို့ လည်း ပြောပါတယ်။ Yanghee Lee ဟာ မနက်ဖြန်မှာ စစ်တွေမြို့ပေါ်က ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို ဒုက္ခသည် စခန်းကိုလည်း သွားရောက် မှာဖြစ်ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ စစ်တွေမြို့မှာရှိတဲ့ ရခိုင်အမျိုးသားပါတီ ANP နဲ့တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ပေ မယ့် ANP ပါတီက လက်ခံတွေ့ဆုံမှာ မဟုတ်ကြောင်း ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂနဲ့ လက်အောက်ခံအဖွဲ့တွေအနေနဲ့ ပြည်သူတွေလက်မခံနိုင်တဲ့ "ရိုဟင်ဂျာ"ဆိုတဲ့ စကားလုံးကို တစိုက်မတ်မတ်သုံးစွဲတာ၊ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းတဲ့အခါ မွတ်စလင်တွေဘက်က အသားပေးဖော်ပြ တင်သွင်းတာအပြင် ဆက်လက်တင်သွင်းမယ့် အစီရင်ခံစာဟာ မျှတမှာမဟုတ်ဘူးလို့ ယူဆတာကြောင့် တွေ့ဆုံဖို့ ကမ်းလှမ်းတာကို ငြင်းဆိုတာလို့ကြေညာချက်မှာ ပါရှိပါတယ်။

တွေ့ဆုံပွဲဟာ အရာထင်မယ်လို့ မယူဆတာကြောင့် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက မနက်ဖြန် ဇွန်လ ၂၃ ရက်နေ့တွေ့ဖို့ ကမ်းလှမ်းတာကို ANP ပါတီက ငြင်းဆိုလိုက်တာဖြစ်တယ်လို့ ANP ရဲ့ ဒုတိယဥက္ကဌ ဒေါ်အေးနုစိန် က ပြောပါတယ်။

၂၀၁၄ ဇူလိုင်လ တုန်းက Ms. Yanghee Lee ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများကို သွားရောက် လေ့လာစဉ်

မသိင်္ဂီလင်း
ဗွီအိုအေမြန်မာပိုင်း
22.6.2016

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီနေ့မှာတော့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ စစ်တွေမြို့မှာ ပြည်နယ် အစိုးရတွေနဲ့ တွေ့ဆုံခဲ့ပြီး ပုဏ္ဏားကျွန်း နဲ့ ကျောက်တော် မြို့နယ်တွေက ဒုက္ခသည်တွေ ကိုလည်း သွားရောက်ခဲ့ပါတယ်။ VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee lee ဟာ ဒီနေ့မှာတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“ဒီနေ့ ၂၂ ရက်နေ့မနက် ၉နာရီ ၅၅ မှာ စစ်တွေကိုရောက်ပါတယ်။ ရောက်ပြီးတော့ သူ့ရဲ့ အစီရင်ခံစာကိစ္စအတွက် သူလာတာပါ။ သူသိချင်တဲ့ကိစ္စလေးတွေ၊ သူကြည့်ချင်တဲ့နေရာလေးတွေကို ကျနော်တို့က အဆင်ပြေအောင်ဆောင်ရွက်ပေးတာပါ။ အစိုးရ နဲ့တွေ့တဲ့အချိန်မှာ သူနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဘယ်လိုညှိနှိုင်းဆောင်ရွက်ခဲ့တယ် ဘာတွေပြောခဲ့တယ်ဆိုတာတွေကတော့သတင်းတွေလည်းထုတ်ပြန်ပြီးသားဖြစ်ပါတယ်။ သူနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သူတွေ့ဆုံခဲ့တဲ့အကြောင်း ပြောပါတယ်။ ကျနော်တို့အနေနဲ့ကလည်း လိုအပ်တာကို ကူညီဆောင်ရွက်ပေးမယ့်အကြောင်း ဒီလောက်ပဲပြောပါတယ်။”

အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ မူစလင်များနေထိုင်တဲ့ ကာဒီကျေးရွာကို သွားရောက်ခဲ့ပြီးနောက် ကျောက်တော်မြို့နယ်၊ ပညာဝကျေးရွာမှာရှိတဲ့ ဒုက္ခသည်စခန်းကို သွားခဲ့တယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“၁၀ နာရီခွဲလောက်မှာသူတို့ စစ်တွေကနေထွက်သွားပါတယ်။ ပုဏ္ဏားကျွန်းမှာရှိတဲ့ ကာဒီကျေးရွာသွားပါတယ်။ အဲဒီ ကာဒီကျေးရွာကနေတဆင့် ကျောက်တော်ကို သွားနေပါတယ်။”

လက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်မှာ အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်မှာပါဝင်တဲ့ နိုင်ငံသားစိစစ်ရေးနဲ့ ပတ်သက်ပြီး လက်မခံနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

ဒါ့အပြင် Ms. Yanghee Lee ရဲ့အရင် ရခိုင်ပြည်နယ် ခရီးစဉ်တွေမှာ ဆန္ဒထုတ်ဖော်မှုတွေရှိခဲ့သလို ၂၀၁၅ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ်ကို သွားရောက်ခွင့်မရခဲ့ပါဘူး။ ရိုဟင်ဂျာ ဆိုတဲ့ စကားအသုံးအနှုန်းကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုပ်ချခံထားရတာပါ။

တဖက်မှာတော့ လူမျိုးစုကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းတွေဟာ ရခိုင်ပြည်နယ်က လူမှုအသိုင်းအ၀ိုင်းကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အရေး ဖြေရှင်းရာမှာ အဟန့်အတား ဖြစ်စေနိုင်တာကြောင့် "ရခိုင်ပြည်နယ်ရှိ မူစလင်အသိုင်းအဝိုင်း" လို့ ခေါ်ဝေါ်သုံးစွဲဖို့ မြန်မာအစိုးရဖက်က ကုသမဂ္ဂကို တိုက်တွန်းထားပါတယ်။

Ms. Yanghee Lee ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် လွှတ်တော်မှာ နေရာအများစုအနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီ ANP နဲ့တွေ့ဆုံဖို့စီစဉ်ပေမယ့် ANP ပါတီဘက်ကတော့ တွေ့ဆုံမှာမဟုတ်ဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေဟာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တစိုက်မတ်မတ်သုံးစွဲနေသလို၊ Ms. Yanghee Lee ရဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေစာတမ်းတွေမှာလည်း ဘက်လိုက်ရေးသားမှုတွေကြောင့် တွေ့ဆုံဖို့ ငြင်းဆန်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Ms. Yanghee Lee ရဲ့ ကျန်ရှိနေသေးတဲ့ ခရီးစဉ်အရ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ကို သွားရောက်ဖို့ရှိပါတယ်။

ဂျနီဗာမှာ ကျင်းပနေတဲ့ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်း ဆွေးနွေးစဉ်။

မအင်ကြင်းနိုင်
ဗွီအိုအေမြန်မာပိုင်း
22.6.2016

နိုင်ငံအလိုက် လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်တွေကို တာဝန်ပေးခြင်း အားဖြင့် ပြဿနာတွေ ပိုပြီးကြီးထွားစေနိုင်ပြီး နားလည်မှု လွှဲမှားတာတွေကို ဖြစ်စေနိုင်တယ်လို့ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလ လူ့အခွင့်အရေး ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ်က မနေ့က ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတဲ့ နိုင်ငံမျိုးမှာတော့ ကုလသမဂ္ဂကတာဝန်ပေး ခန့်အပ်တဲ့ အထူး ကိုယ်စားလှယ်တွေ ဆက်ပြီး လိုအပ်နေသေးကြောင်း မြန်မာလူထု အခြေပြုအဖွဲ့တွေဘက်ကပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာကျင်းပနေတဲ့ (၃၂) ကြိမ်မြောက်လူ့အခွင့်အရေးညီလာခံမှာ မနေ့က Belarus နိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Miklos Haraszti က သူရဲ့အစီရင်ခံစာတင်သွင်းရာမှာ မြန်မာကိုယ်စားလှယ်အဖွဲ့က သူတို့ရဲ့သဘောထားကို တုန့်ပြန်ပြောဆိုခဲ့တာပါ။ အထူးသဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ်တွေခန့်အပ်ထားတာနဲ့ပတ်သက်လို့ ပြဿနာတွေပိုပြီးကြီးထွားလာစေကြောင်း မြန်မာအစိုးရကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက အခုလို ပြောကြားခဲ့ပါတယ်။

"ကျမတို့ ကိုယ်စားလှယ်အဖွဲ့ရဲ့ အမြင်ကတော့ လူ့အခွင့်အရေးကောင်စီအနေနဲ့ နိုင်ငံအလိုက် လူ့အခွင့်အရေးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ အထူးကိုယ်စားလှယ်တွေကို တာဝန်ပေးခြင်းဟာ အပြုသဘောဆောင်မယ့်အစား အကျိုးယုတ်စေနိုင်ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ အမြင်ကွဲပြားမှုတွေ၊ သဘောထားမတူတာတွေ နားလည်မှုလွှဲမှားတာတွေကို ဖြစ်စေနိုင်တယ်လို့ ယူဆပါတယ်။ အထူးကိုယ်စားလှယ်တွေအနေနဲ့ သဟဇာတရှိစေမယ့် အခြေအနေမျိုးကို ဖန်တီးပေးပြီး စစ်မှန်တဲ့အခြေအတင်ဆွေးနွေးမှုမျိုးဖြစ်အောင် ဆောင်ရွက်ပေးဖို့တာဝန်ရှိသလို သက်ဆိုင်ရာနိုင်ငံနဲ့ အထူးကိုယ်စားလှယ်ကြား ထိရောက်တဲ့ပူးပေါင်းဆောင်ရွက်မှုမျိုးကို ရရှိစေဖို့လဲ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အများအားဖြင့် အထူးကိုယ်စားလှယ်တွေအနေနဲ့ အခုလို ထားရှိတဲ့ ဦးတည်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတာတွေ့ရပါတယ်။"

ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေအများဆုံးရှိနေတဲ့နိုင်ငံတွေအတွက် သီးသန့်ခန့်အပ်တာဖြစ်ပြီး ဒီအတွက်လည်း လူ့အခွင့်အရေးကောင်စီညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့သဘောတူညီချက်ခံယူရတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံလို လူ့အခွင့်အရေးအခြေအနေတွေဆိုးရွားနေဆဲနိုင်ငံအတွက် အထူးကိုယ်စားလှယ်ရှိဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ GPS စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့ ညွန်ကြားရေးမှူး ကိုသွင်လင်းအောင်ကပြောပါတယ်။

"UN ရဲ့လုပ်ဆောင်မှုထဲက တစိတ်တပိုင်းဖြစ်တဲ့အတွက် သူတို့ကတော့ ပိုပြီးတင်တယ်ဆိုတာမျိုးရှိမှာမဟုတ်ဘူး။ သူတို့မြင်တာကို မြင်တဲ့အတိုင်း တင်တာပါ။ ဒီမတိုင်ခင် အရင်တုန်းကလဲ အထူးကိုယ်စားလှယ်တွေနဲ့ တောက်လျှောက် ဆက်ဆံခဲ့ပြီး သူတို့အစီရင်ခံစာတွေကို ကျနော်တို့ တွေ့နေတာပဲ။ ဖြစ်တဲ့အခြေအနေတွေအတိုင်းပဲ တင်ပြနေတာဆိုတော့ ပြဿနာကိုဆိုးလာမယ်လိုတော့ မမြင်ပါဘူး။ သူတို့ပြောတဲ့ အထူးကိုယ်စားလှယ်ထားတဲ့အတွက် ကောင်းကျိုးမဖြစ်ဘူးပေါ့နော်၊ ဆိုးကျိုးတွေဖြစ်နိုင်တယ်ဆိုတာ ဘယ်သူ့အပေါ်မှာ ဆိုးကျိုးဖြစ်မှာလဲဆိုတာ သူတို့ကို မေးခွန်းထုတ်ဖို့ပဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးကောင်စီက ပြည်သူတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအရမ်းဆိုးရွားနေလို့ အထူးသံတမန်ကိုထားတာပါ။ အထူးသံတမန်ထားတဲ့အတွက် ကျနော်ယုံကြည်တာကတော့ တကယ့်ပြည်သူလူထုအပေါ်မှာတော့ ကောင်းကျိုးပဲရှိမယ်၊ ဆိုးကျိုးဆိုတာကတော့ ချိုးဖောက်သူတွေဘက်က အမြင်ပဲဖြစ်ပါလိမ့်မယ်။"

မနေ့က လူ့အခွင့်အရေးညီလာခံမှာတော့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွေကိုခန့်အပ်မယ့်အစား UPR ခေါ် တနိုင်ငံချင်းစီအလိုက် လူ့အခွင့်အရေးပြန်လည်သုံးသပ်တဲ့ လုပ်ငန်းစဉ်ဟာ ပိုပြီးသင့်တော်တဲ့စနစ်ဖြစ်တယ်လို့ မြန်မာအစိုးရဘက်ကမြင်ကြောင်း ဒေါ်သက်သင်ဇာထွန်းက ပြောကြားခဲ့ပါတယ်။

"ကျမတို့အနေနဲ့ UPR ခေါ် တနိုင်ငံချင်းစီအလိုက် လူ့အခွင့်အရေးပုံမှန်ပြန်လည်သုံးသပ်တဲ့ လုပ်ငန်းစဉ်ဟာ ပြည်တွင်းမှာရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးအကဲစမ်းမှုတွေကို နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖြေရှင်းရာမှာ နိုင်ငံတိုင်းအတွက်သင့်တော်တဲ့ စနစ်တရပ်ဖြစ်တယ်လို့ ယူဆပါတယ်။ ကျမတို့ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အလေးအနက်ပြောလိုတာကတော့ လူ့အခွင့်အရေးကို လူသားအားလုံးအတွက် ထောက်ခံအားပေးရာမှာနဲ့ ကာကွယ်စောင့်ရှောက်ဖို့ ဖေါ်ဆောင်မှုဟာ အားလုံးအတွက် တပြေးညီရှိဖို့လိုအပ်ပြီး ဓမ္မဓိဌာန်ကျမှုအပေါ်မှာ အမြဲပဲ အခြေခံရမှာဖြစ်ပါတယ်။ သီးခြားရွေးထုတ်တာ၊ တသတ်မတ်တည်းလိုက်နာဆောင်ရွက်ခြင်းမရှိတာ၊ နိုင်ငံရေးအကြောင်းတွေအပေါ်မှာ အခြေခံတာတွေမဖြစ်သင့်ပါဘူး။"

အခုလို UPR ဆိုတဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ လူထုအခြေပြုအဖွဲ့တွေရဲ့ သဘောထားကို ကိုသွင်လင်းအောင်က အခုလိုပြောပါတယ်။

"UPR ကနိုင်ငံတိုင်းက လုပ်ရတဲ့ကိစ္စလေ။ နိုင်ငံတခုတည်းကို ဆိုးတယ်ဆိုပြီး သတ်မှတ်ပြီးလုပ်တဲ့ဟာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ အားလုံးလဲသိကြတဲ့အတိုင်း အရမ်းဆိုးရွားတဲ့အခြေအနေဖြစ်နေတော့ အဲဒီလို အထူးကိုယ်စားလှယ်ခန့်အပ်ထားတာ ပိုပြီးဖြစ်သင့်တယ်ထင်တယ်။ နောက်တခုက UPR မှာကငြင်းလို့ရတယ်။ အထူးသဖြင့် လူ့အခွင့်အရေးမဟာမင်းကြီးရုံး မြန်မာပြည်မှာဖွင့်ဖို့ ကျနော်တို့က တောက်လျှောက်ပြောခဲ့တာ။ အရင်တုန်းက သမ္မတဦးသိန်းစိန်ကိုယ်တိုင် သမ္မတ အိုဘားမားလာတုန်းက အဲဒီလိုလုပ်ပေးမယ်ဆိုတာ ကတိပေးခဲ့တယ်။ အဲတော့ UPR ကျတော့လုပ်တော့လုပ်သင့်တယ်။ ဒါပေမဲ့ အထူးကိုယ်စားလှယ်ထားတဲ့အဆင့်လောက်ထိတော့ အားကိုးလို့ရတဲ့ဟာမဟုတ်ဘူး။ ဒါကိုတော့ ရှင်းရှင်းလင်းလင်းကျနော်တို့မြင်ပါတယ်။"

မြန်မာနိုင်ငံအတွက် လက်ရှိအထူးကိုယ်စားလှယ် Ms. Yanghee Lee ကို ၂၀၁၄ခုနှစ် မတ်လမှာ ရာထူးတာဝန်မပေးအပ်ခင်မှာ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးက စတင်အဆိုပြုခဲ့ပြီးနောက် ၂၅ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အများသဘောတူညီချက်နဲ့ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် သြဂုတ်လမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွေကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ၁၉၉၂ခုနှစ်က စတင်ခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ ပထမဦးဆုံး အထူးကိုယ်စားလှယ်ကတော့ Mr. Yozo Yokota ဖြစ်ပြီး ၁၉၉၂ခုနှစ်က ၁၉၉၆ခုနှစ်ထိ၊ သူရဲ့နောက်မှာ Mr. Rajsoomer Lallah က ၁၉၉၆ခုနှစ်ကနေ ၂၀၀၀ပြည့်နှစ်ထိ ထမ်းဆောင်ခဲ့ပြီးနောက် Mr. Paulo Pinheiro ကတော့ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၈ခုနှစ်ထိဆောင်ရွက်ခဲ့ပြီး Mr. Tomas Quintana ကတော့ ၂၀၀၈ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ဒီအထူးကိုယ်စားလှယ်တွေအနေနဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းစစ်ဆေးပြီး နှစ်စဉ် ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ အစီရင်ခံစာတင်သွင်းရတာဖြစ်ပါတယ်။



MYARF
RB News
22.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် P.O.E အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ရိုဟင်ဂျာ တံငါးသည် သုံးဦးကို လူမဆန်စွာ ထိုးကြိတ်ရိုက်နှက်ခဲ့ရာ တစ်ဦး သေဆုံးသွားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ပဒင်း ကျေးရွာအုပ်စုမှ အောက်ဖော်ပြပါ ရိုဟင်ဂျာ တံငါးသည်များသည် ဇွန်လ (၂၁) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် သက်ဆိုင်ရာ မန်ကျည်းချောင်းဝ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ သွားရောက် သတင်းပို့ပြီး လှေတစ်စီးဖြင့် ငါးဖမ်းရန် အတွက် ထွက်ခွာခဲ့သည်။ ည (၁၀) နာရီ အချိန်ခန့်တွင် ၎င်းတို့သည် နတ်မြစ် ကမ်းခြေတစ်လျှောက် ငါးဖမ်းရင်း မောင်တော ချောင်းဝနားသို့ ရောက်သည့်အခါ မောင်တော P.O.E အခြေစိုက် နယ်ခြားစောင့်ရဲများက အမြန်ရေယာဉ် တစ်စီးဖြင့် ကင်းလှည့်နေစဉ် ၎င်းတို့အား တွေ့ရှိပြီး တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုလုပ်ဘဲ ဖမ်းဆီးချုပ်နှောင်၍ ၎င်းတို့တွင် ရှိသည့် MPT ဆင်းမ်ကဒ်သုံး မိုဘိုင်းဖုန်း သုံးလုံး၊ ငါးရောင်းရငွေ နှစ်သိန်းခုနှစ်သောင်းကျပ် တို့ကို လုယူပြီး “ငါ-ိုးမကောင်တွေ မင်တို့ ဘယ်ဒေသကလဲ မင်းတို့က မြန်မာနိုင်ငံသား မဟုတ်ဘူး၊ ဘင်္ဂလားဒေ့ရှ်ကလည်း မဟုတ်ဘူး၊ မင်းတို့ ဘယ်နိုင်ငံကလဲပြော” ဟုဆဲဆို၍ မညှာမတာ ထိုးကြိတ် ရိုက်နှက်ခဲ့သည့် အပြင် သေလုမျှောပါး ဖြစ်နေသည့် တံငါးသည်များကို နတ်မြတ်ရေပြင်တွင် ပစ်ချခဲ့သည်။

ထိုးကြိတ်ရိုက်နှက်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည့် တံငါးသည်များမှာ --

(၁) ဦးအဒူလ်ဟာမိတ် (ဘ) ဦးရှုကူရ်
(၂) ဦးအီလီယာစ် (ဘ) ဦးအဒူလ်ဟာလိမ်
(၃) ဦးမာမူရော်ရှိတ် (ဘ) ဦးအဒူလ်ဟာလိမ် -- တို့ဖြစ်သည်။

ထိုးကြိတ်ရိုက်နှက်ခံရပြီး သေလုမျှောပါး ဖြစ်နေသည့် တံငါးသည်များ၏ သတင်းကို ၎င်းတို့၏ ဆွေမျိုးသားချင်း များက ရရှိပြီးနောက် ဇွန်လ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် လိုက်လံ ရှာဖွေခဲ့ပြီး နံနက် (၉) နာရီ အချိန်တွင် ရှာဖွေ တွေ့ရှိခဲ့ကာ မောင်တောဆေးရုံသို့ ဆေးကုသရန် ခေါ်ဆောင် သွားစဉ် ဒဏ်ရာပြင်းထန်နေသည့် ဦးမာမူရော်ရှိတ် (ဘ) ဦးအဒူလ်ဟာလိမ်မှာ လမ်းတစ်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထို့နောက် ရုပ်အလောင်းကို နေရပ်သို့ ပြန်လည် သယ်ဆောင်နေစဉ် မန်ကျည်းချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးက တွေ့ရှိခဲ့ပြီး၊ စခန်းမှူးက “မင်းတို့က ဌာနတစ်ခုခုကို ဒီဟာနဲ့ ပတ်သက်ပြီး ဘာလို့ မတိုင်တာလဲ” ဟု ပြောဆိုပြီး ရုပ်အလောင်းကို ခွဲစိတ်ရန် မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် စေခဲ့ပြီး ရဲထောက်ခံချက် အတွက် ၎င်းကိုယ်တိုင် သေဆုံးသွားသူ၏ မိသားစုများနှင့် အတူ လိုက်ပါခဲ့သည်။ ရဲစခန်းမှ အပြန်တွင် စခန်းမှူးက သေဆုံးသူ ဦးမာမူရော်ရှိတ်၏ ဖခင်ကိုခေါ်၍ “ဟိုကောင်တွေဆီက ထိန်းသိမ်းခဲ့တဲ့ ဖုန်းတွေ၊ ပိုက်ဆံတွေကို တာဝန်ယူပြီးတော့ အကုန်ပေးလိုက်မယ်၊ မင်းတို့ ဘယ်ဌာနကိုမှ ဒီအကြောင်း သွားမတိုင်နဲ့” ဟု ပြောဆိုခဲ့ရာ ဦးမာမူရော်ရှိတ်၏ ဖခင်က လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စခန်းမှူးက “ကဲ မင်းတို့ သဘောပဲ” ဟု ပြောဆိုပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်။

နေ့လည် (၃) နာရီအချိန်တွင် မြို့နယ် ပြည်သူ့ဆေးရုံမှ ဦးမာမူရော်ရှိတ်၏ ရုပ်အလောင်းကို မိသားစုထံ လွှဲပြောင်း ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။



RB News
21.6.2016

တိုကျို ။ ။ ဇွန်လ (၂၁) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် ဂျပန်နိုင်ငံ နိုင်ငံခြားရေး ရုံး၌ အကြီးတန်း အရာရှိ၊ နိုင်ငံခြားရေး ဌာနမှ ညွန်ကြားရေးမှူး Mrs Yoko Takshiam နှင့် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) တို့ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အရေးနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်းမှ ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်၊ ဒု-ဥက္ကဌ ဦးအောင်တင်နှင့် အထွေထွေ အတွင်းရေးမှူး ဦးမာမတ်ခါန်းတို့ တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲတွင် အဓိက အားဖြင့် မြန်မာနိုင်ငံတွင် လက်ရှိ အစိုးရသစ်က မြန်မာနိုင်ငံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဆောင်ရွက်၍ အဖွဲ့ဝင် ၁၉ ဦး ပါဝင်သော ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ ဖွဲ့စည်းပြီး ရိုဟင်ဂျာများအား လူမျိုး၊ ဘာသာ မပါသော အစိမ်းနုရောင် NVC ကဒ်များ ထုတ်ပေးလျက် ရှိရာ အစပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ပြီး ရိုဟင်ဂျာ အချို့လက်ခံ ရယူခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထိုကဒ်၏ ကောင်းကျိုး ဆိုးကျိုးများကို နားလည်လာပြီး မည်သူတစ်ဦးမှ လက်မခံတော့သည့် အကြောင်း၊ အဆိုပါ ကဒ်ကို လက်ခံခြင်းဖြင့် နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ ရောက်လာသူများ ပမာ ဖြစ်သွားကြောင်း၊ အဆိုပါကဒ်ဖြင့် ရိုဟင်ဂျာများ၏ သွားလာရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အိမ်ထောင်ရေး များကို ကန့်သတ် ထားဦးမည် ဖြစ်ပြီး၊ လူမျိုးအမည် ဖျောက်ပစ်ရန် အဓိက ရည်ရွယ်နေခြင်းလည်း ဖြစ်ကြောင်း တို့ကို အကျယ်အ၀န့် ဆွေးနွေးခဲ့သည်။

ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေး မိတ်ဆွေကောင်း ဖြစ်သည့် အပြင် ODA အများဆုံး ပေးသည့်နိုင်ငံ ဖြစ်သည့် အလျောက် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုးများကို ၎င်းတို့၏ လူမျိုးအမည်ဖြင့် အခြားသော တိုင်းရင်းသားများ နည်းတူ အခွင့်အရေး အပြည့်အ၀ ပေးရန်အတွက် ဂျပန်နိုင်ငံမှ ဖိအားပေးရန်နှင့် အပြည်ပြည်ဆိုင်ရာ စုံစမ်း စစ်ဆေးရေး စေလွှတ်ပြီး ရိုဟင်ဂျာများ အပေါ် ကျူးလွန်နေသည့် ရာဇ၀တ်မှုများကို စစ်ဆေးပေးရန် အတွက် ဂျပန်နိုင်ငံမှ ပါဝင်ပေးရန် တို့ကို မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (BRAJ) မှ တင်ပြခဲ့သည်။

ထို့အပြင် ရိုဟင်ဂျာလူမျိုးများ အပေါ် နေ့စဉ်နှင့် အမျှ ဖြစ်ပေါ်နေသော ဒုက္ခ အမျိုးမျိုးကို လည်းကောင်း၊ ဂျပန်နိုင်ငံတွင် နေထိုင်ခွင့် မရသေးသည့် ရိုဟင်ဂျာများ၏ လူနေမှုဘ၀ များကို ထည့်သွင်း စဉ်းစားရန် တင်ပြခဲ့ပြီး၊ ဂျပန်နိုင်ငံ အစိုးရသို့ BRAJ မှ မေတ္တာရပ်ခံစာ တစ်စောင်ကိုလည်း ပေးခဲ့သည်။


RB News
21.6.2016

စစ်တွေ ။ ။ ယနေ့ ဇွန်လ (၂၁) ရက်နေ့တွင် လ.၀.က နှင့် ရဲတပ်ဖွဲ့ဝင် များသည် စစ်တွေမြို့နယ် အောင်မင်္ဂလာ ရပ်ကွက်သို့ ရောက်ရှိလာပြီး တနေကုန် စောင့်ဆိုင်းခဲ့သော်လည်း အောင်မင်္ဂလာ ရပ်ကွက်ရှိ ရိုဟင်ဂျာ တစ်ဦးတစ်ယောက်မှ NVC ကဒ် ထုတ်ယူခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

အောင်မင်္ဂလာမှ ရပ်ကွက်သူ/သား တစ်ဦး တစ်ယောက်မှ ထုတ်ယူခြင်း မရှိသောကြောင့် နောက်ဆုံးတွင် ပြည်နယ် လ.၀.က မှူး ဦးဝင်းလွင်က အောင်မင်္ဂလာ ရပ်ကွက်မှ ရပ်မိရပ်ဖ ဦးရွှေလှကို ခေါ်ယူ၍ “မင်းတို့ အောင်မင်္ဂလာ ရပ်ကွက်က လူတွေ တော်တော်ခေါင်းမာတယ်၊ ငါတို့ တနေကုန် ထိုင်စောင့်နေတာတောင် ဘယ်သူမှ ကဒ်ထုတ်ယူဖို့ မလာဘူး။ မင်းတို့ဟာ IS ကို အားကိုးပြီး ခေါင်းမာနေတာလား၊ မင်းတို့ ဒုက္ခရောက်ရင် IS လာကယ်မလား” ဟု လုပ်ကြံ ပြောဆိုပြီး အောင်မင်္ဂလာ ရပ်ကွက်မှ ထွက်ခွာသွားခဲ့သည်။

တစ်ဖန် နေ့လည် (၃) နာရီ အချိန်တွင် ဦးဝင်းလွင်က ဦးသိန်းစိန်ခေတ်က ရိုဟင်ဂျာ အချို့ ရန်ကုန်သွားရန် ပုံစံ (၄) လုပ်ရာတွင် အောင်မင်္ဂလာ လိပ်စာဖြင့် လုပ်ခဲ့သည့် နှစ်နှစ် သက်တမ်းရှိ အစိမ်းကဒ်များ၏ ဖိုင်များကို ယူဆောင်လာကာ အောင်မင်္ဂလာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်တင်လှိုင်ကို ခေါ်ယူ၍ ကာယကံရှင်များကို ခေါ်ခိုင်းခဲ့သည်။ အုပ်ချုပ်ရေးမှူးက ယင်းကဒ်များ ကိုင်ဆောင်သူများမှာ ယခုလက်ရှိ ရပ်ကွက်အတွင်း မနေထိုင်တော့ကြောင်း၊ ၎င်းတို့သည် ရန်ကုန်မှ မလေးရှား၊ တရုတ် စသည့်နိုင်ငံများသို့ ပြောင်းရွှေ့ သွားကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အုပ်ချုပ်ရေးမှူးကို လက်မှတ်ထိုးခိုင်းပြီး အဆိုပါ ပုဂ္ဂိုလ်များ၏ ကိုယ်စား NVC ၅၁ ကဒ်ကို လက်ခံစေခဲ့ကြောင်း မျက်မြင် သက်သေ တစ်ဦးက ပြောပါသည်။

အလားတူ သက္ကေပြင် ကျေးရွာတွင်လည်း ထိုကဲ့သို့ ခရီးသွားသူ ၄၀ ဦးကျော်၏ NVC ကဒ်များကို အုပ်ချုပ်ရေးမှူးအား လက်မှတ်ထိုးခိုင်း၍ ယူခိုင်းခဲ့ကြောင်း သိရှိရသည်။ သက္ကေပြင် ကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင် အချို့သာ လက်ခံခဲ့ကြောင်း RFA မြန်မာပိုင်း သတင်းတွင် ရေးသားထားသော်လည်း RB News မှ သီးခြား အတည်ပြုနိုင်ခဲ့ခြင်း မရှိပါ။

Peace Muhammad Arkani မှ သတင်းပေးပို့သည်။



RB News
21.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဒါးပိုင်ဆရာ ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဆော်လာမတ်အုလ္လာသည် ဖောင်တော်ပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူးနှင့် ပူးပေါင်း၍ ရွာသားများ ထံမှ မတရားသဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ ထို့အပြင် ၎င်းသည် သားဖြစ်သူ ရော်ဟီမူလ္လာ ကိုပါ ငွေညှစ်သည့် အခါတွင် အသုံးချလျက် ရှိကြောင်း သိရှိရသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးသည် အုပ်ချုပ်ရေးမှူး ရုံးသစ် ဆောက်လုပ်ရန် အတွက်ဟု ဆိုကာ အိမ်တစ်အိမ်လျှင် ငွေကျပ် တစ်ထောင်မှ နှစ်ထောင်ထိ လည်းကောင်း၊ လူဦးရေ စာရင်း ကောက်ခံရန် အတွက်ဟု ဆိုကာ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ငါးရာစီ လည်းကောင်း မတရားသဖြင့် ကောက်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထို့အပြင် အောက်ဖော်ပြပါ ရွာသားများထံမှ အကြောင်း အမျိုးမျိုး ခေါင်းစဉ်တပ်၍ ငွေညှစ်ခဲ့သည်။

ဒါးပိုင်ဆရာ ကျေးရွာမှ --

(၁) ဦးဇူဘိုင်ရ် (ဘ) ဦးအာဘူလ်ဟူဆောင်း (ညှစ်ခံရငွေကျပ် နှစ်သိန်း)
(၂) ဦးရှောမ်ရှုအာလောမ် (ဘ) ဦးအာရှာရာဖ်ဇာမာ (ညှစ်ခံရငွေကျပ် တစ်သိန်း)
(၃) ဦးရှုနာလီ (ဘ) ဦးမောဂုလ်အာမတ် (ညှစ်ခံရငွေကျပ် နှစ်သိန်း)
(၄) ဦးဖေတင် (ဘ) ဦးအေဇာရ်မျာ (ညှစ်ခံရငွေကျပ် နှစ်သိန်း)
(၅) ဦးအက်တောရာမန် (ဘ) ဦးနူရ်အစ္စလာမ် (ညှစ်ခံရငွေကျပ် နှစ်သိန်း)
(၆) ဦးမာဘူရာမန် (ဘ) ဦးနူရ်အစ္စလာမ် (ညှစ်ခံရငွေကျပ် ၅ သောင်း)
(၇) ဦးနူရ်အစ္စလာမ် (ဘ) ဦးဒါနူမျာ (ညှစ်ခံရငွေကျပ် ၅ သောင်း)
(၈) ဦးနော်ဇူမူဒိန် (ဘ) ဦးဘူဇူရ်မျာ (ညှစ်ခံရငွေကျပ် တစ်သိန်းငါးသောင်း)
(၉) ဦးလာလူး (ဘ) ဦးအာရှုမျာ (ညှစ်ခံရငွေကျပ် တစ်သိန်းငါးသောင်း)
(၁၀) ဦးအဒူမာလဲခ် (ဘ) ဦးဆွေတာလောမ် (ညှစ်ခံရငွေကျပ် တစ်သိန်းငါးသောင်း)
(၁၁) ဦးတာဟဲရ် (ဘ) ဦးမာမတ်ဆွေယာဒ် (ညှစ်ခံရငွေကျပ် တစ်သိန်းငါးသောင်း)
(၁၂) ဦးမူဆာလီ (ဘ) ဦးမာလ်ဟူဆောင်း (ညှစ်ခံရငွေကျပ် တစ်သိန်း)

ဂေါ်နီရွာမှ --

(၁) ဦးမာမတ်တာဟဲရ် (ဘ) ဦးရှုနာမျာ (ညှစ်ခံရငွေကျပ် နှစ်သိန်းငါးသောင်း)
(၂) ဦးကာဆိမ်း (ဘ) ဦးအလီဟူဆောင်း (ညှစ်ခံရငွေကျပ် တစ်သိန်း)

စဥ့်အောင်းရွာမှ --
(၁) ဦးအစ္စမိုင်လ် (ဘ) ဦးဆုလ်တာန် (ညှစ်ခံရငွေကျပ် တစ်ဆယ့်နှစ်သိန်း) -- တို့ဖြစ်သည်။



RB News
21.6.2016

ဘူးသီးတောင် ။ ။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် အခြေခံပညာ စာသင်ကျောင်း များကို ဇွန်လ (၁) ရက်နေ့မှ စတင်၍ ဖွင့်လှစ်ပြီး ပညာသင်ကြား နေပြီ ဖြစ်သော်လည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ဦးလှဖေ ကျေးရွာရှိ မူလတန်းလွန်ကျောင်းကို ယခုအချိန်ထိ ဖွင့်လှစ် သင်ကြားခြင်း မရှိသေးကြောင်း သတင်း ရရှိပါသည်။

ဦးလှဖေ ကျေးရွာရှိ မူလတန်းလွန် ကျောင်းတွင် ကျောင်းသား/သူ ဦးရေ ၅၆၀ ခန့် ရှိပြီး၊ ကျောင်းအုပ်ကြီး တစ်ဦး အပါအ၀င် ဆရာ/မ (၅) ဦး ရှိသည်။ ဆရာ/မ များ၏ ပျက်ကွက်မှုကြောင့် ၂၀၁၂ ခုနှစ်မှ စ၍ ရွာခန့် ဆရာများဖြင့်သာ ကျောင်းသား/သူ များကို ပညာသင်ကြား ပေးခဲ့ရသည်။ ယခုအခါ ဆရာ/မ တစ်ဦး တစ်ယောက်မှ လာရောက်ခြင်း မရှိသလို ကျောင်းအုပ်ကြီးလည်း လာရောက်ခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

ကျောင်းသား/သူ များကို ကျောင်းလက်ခံခြင်း မရှိကြောင်း၊ ကျောင်းလည်း ဖွင့်လှစ်ထားခြင်း မရှိကြောင်း၊ အခြားသော ကျေးရွာများတွင် ကျောင်းများ ဖွင့်၍ ကျောင်းသား/သူ များ ပညာသင်ကြား နေပြီ ဖြစ်သော်လည်း ဦးလှဖေ ကျေးရွာမှ ကျောင်းသား/သူများ ပညာသင်ကြား နိုင်ခြင်း မရှိသေးကြောင်း၊ မြို့နယ် ပညာရေးမှူး ရုံးမှလည်း စီစစ်ခြင်း မရှိကြောင်း အဆိုပါ ဒေသခံများက ပြောပါသည်။



MYARF
RB News
21.6.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာ တာဝန်ခံ (အုပ်ချုပ်ရေးမှူး) ဦးဟာလဲစ်အာမတ်သည် နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ရိုဟင်ဂျာ ရွာသား တစ်ဦးထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၂၁) ရက်နေ့ နေ့လည် ၁ နာရီ အချိန်ခန့်တွင် ကျောက်ပြင်ဆိပ် ကျေးရွာမှ ဦးရှေခ်အာမတ် (ဘ) ဦးနော်ဘီဟူစိန်းနှင့် ဦးရော်ဖိတ် (ဘ) ဦးမုစ်တော်ဖိစ် တို့နှစ်ဦးသည် ကျောက်ပြင်ဆိပ် တောင်ရွာရှိ အသုဘတစ်ခုမှ ဆိုင်ကယ်တစ်စီးဖြင့် ပြန်လာနေစဉ် ယင်းကျေးရွာရှိ သင်္ချိုင်းနားတွင် ကစားနေသည့် ဦးအာဘူလ်ဘော်ရှော်ရ် (ဘ) ဦးအဒူရှကူရ်၏ ကလေးတစ်ဦးကို ၎င်းတို့၏ ဆိုင်ကယ်ဖြင့် အနည်းငယ်မျှ ထိမိခဲ့သည်။ ထိုသို့ ထိမိသည်ကို အကြောင်းပြ၍ ဆိုင်ကယ်နှင့် ထိမိသော ကလေး၏ ဖခင်ဖြစ်သူ ဦးအာဘူလ်ဘော်ရှော်ရ် က ကျေးရွာ အုပ်ချုပ်ရေးမှူးထံ တိုင်တန်းခဲ့ရာ အုပ်ချုပ်ရေးမှူးက ယင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းခစန်းမှ တပ်ဖွဲ့ဝင် (၃) ဦးကို ချက်ချင်း ခေါ်လာပြီး ဦးရော်ဖိတ်ကို အုပ်ချုပ်ရေးမှူး ရုံးသို့ ဖမ်းဆီး ခေါ်ဆောင် စေခဲ့သည်။

ထို့အပြင် အုပ်ချုပ်ရေးမှူးက ညနေ (၄) နာရီ အချိန်တွင် ဦးရော်ဖိတ်ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ညှစ်ယူခဲ့သည့် ငွေကျပ် နှစ်သိန်းကို အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲများ ဝေစုခွဲ ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ လွန်ခဲ့သည့် ဇွန်လ (၁၇) ရက်နေ့တွင် ကျောက်ပြင်ဆိပ် ကျေးရွာမှ ဦးအိုမောရ်ဟမ်ဇာ (ဘ) ဦးအာမိရ်ဘေခ်ရှု (အသက် ၄၅ နှစ်) ၏ ကလေးများနှင့် ယင်းကျေးရွာမှ ဒေါ်မော်ဂျူနာ (ဘ) ဦးဒူဒူမျာ၏ ကလေးများ ကစားနေကြစဉ် အချင်းချင်း စကားများခဲ့ရာ ဒေါ်မော်ဂျူနာက ဦးအိုမောရ်ဟမ်ဇာ၏ ကလေးများက ၎င်း၏ ကလေးများကို တဖက်သတ် ရိုက်နှက်ခဲ့သည်ဟု မဟုတ်မမှန် ချဲ့ထွင်၍ အုပ်ချုပ်ရေးမှူးထံ တိုင်တန်းခဲ့သည်။ ထို့နောက် အုပ်ချုပ်ရေးမှူးက တစ်စုံတစ်ရာ စုံစမ်းခြင်း မပြုလုပ်ဘဲ ဦးအိုမောရ်ဟမ်ဇာကို ရုံးသို့ ဆင့်ခေါ်ပြီး ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။

ထိုကဲ့သို့ အကွက်ရှာ၍ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာ အာဏာပိုင်များက အချိန်မှီ ဟန့်တား အရေးယူ ပေးပါရန် ဒေသခံများက တောင်းဆိုကြောင်း RB News သို့ပြောပါသည်။



MYARF
RB News
21.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ကင်းချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ဖွဲ့ဝင် သုံးဦးက ရိုဟင်ဂျာ မုဆိုးတစ်ဦးထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၁၆) ရက်နေ့ နေ့လည် (၂) နာရီ အချိန်ခန့်တွင် အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ဖွဲ့ဝင် (၃) ဦးသည် ၎င်းတို့၏ သတင်းပေး၊ အလယ်ချောင်း ကျေးရွာမှ ကေဖာယာတ်အုလ္လာ (ဘ) မော်လ၀ီ ရော်ရှိဒုလ္လာနှင့် အတူ မုဆိုးမ ဒေါ်အုမ္မေဟာဘီဘာ (ဘ) ဦးအူလာမျာ (အသက် ၃၅ နှစ်) ၏ နေအိမ်သို့ အိမ်ခြံဝင်း နောက်ဖေး ၀ါးထရံ ခြံစည်းရိုးကာများ ရိုက်ချိုး၍ ၀င်ရောက်ပြီး ခြံဝင်းထဲတွင် သစ်ခွဲနေသည့် အလုပ်သမား (၃) ဦးနှင့် အိမ်ရှင်အမျိုးသမီး (မုဆိုးမ) တို့ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ယင်းနေ့တွင်ပင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

မုဆိုးမ ဒေါ်အုမ္မေဟာဘီဘာအိမ်တွင် အလုပ်သမားများက စီးပွားရေး ရည်ရွယ်ချက်ဖြင့် သစ်ခွဲနေခြင်း မဟုတ်ဘဲ အိမ်ရှိ အပင်ငယ် တစ်ပင်ခုတ်ပြီး အိမ်၌ အသုံးပြုရန်သာ ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ နယ်ခြားစောင့်ရဲ များက အကြောင်းမဲ့ ငွေညှစ်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Hussein. (Photo: UN/Jean-Marc Ferré)

ကိုဇော်ဝင်းလှိုင်
ဗွီအိုအေမြန်မာပိုင်း
21.6.2016

မြန်မာနိုင်ငံအတွင်း လူနဲစုတွေအပေါ် စံနစ်တကျ နှိမ်ချ ဆက်ဆံနေတာ ရပ်တန့်ရေး အတွက် အစိုးရ အနေနဲ့ ခိုင်မာတဲ့ ခြေလှမ်းတွေ ချမှတ် ဆောင်ရွက်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ Crime against humanity လို့ခေါ်တဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု သက်ရောက် စေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေအကြောင်း တရားဝင် မတင်သွင်းခင် ကြိုတင် ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein က - မြန်မာနိုင်ငံအတွင်းက လူနဲစုဝင်တွေ၊ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု သက်ရောက်စေတယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုတာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရှိရတဲ့အတွက် မဟာမင်းကြီးအနေနဲ့ ဒီကိစ္စကို အစီရင်ခံစာထဲမှာ ထည့်သွင်း ဖော်ပြရခြင်း ဖြစ်တယ်လို့ မဟာမင်းကြီး Zeid Ra’ad Al Hussein ရဲ့ ပြောခွင့်ရအမျိုးသမီး Ravina Shamdasani က ပြောပါတယ်။

“ကျမတို့ ရရှိတဲ့ အစီရင်ခံစာအရ ရိုဟင်ဂျာတွေအပေါ် ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ထားတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာ ဖော်ပြထားချက်အရ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ထားတဲ့ ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှု သက်ရောက်စေနိုင်တယ်လို့ မဟာမင်းကြီးက ပြောထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ကျူးလွန်မှုတွေဟာ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်မမြောက်ဆိုတာကိုတော့ တရားစီရင်ရေးစံနစ်က အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့ လက်ခံ ရရှိထားတဲ့ ချိုးဖောက်မှုတွေဟာ စံတကျ စီစဉ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေတယ်ဆိုတာကို တွေ့ခဲ့ရတဲ့အတွက် လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်လောက်တဲ့အထိ ဖြစ်နိုင်ခြေရှိတာကို တွေ့ရပါတယ်။”

လက်ရှိ NLD အစိုးရအနေနဲ့ အရင်အစိုးရတွေလက်ထက်က ကျူးလွန်ခဲ့တဲ့ ချိုးဖောက်မှု အမွေတွေကို ဆက်ခံလိုက်ရတယ်ဆိုတာကို မဟာမင်းကြီးအနေနဲ့ နားလည် သဘောပေါက်ထားကြောင်းလည်း Ravina Shamdasani က ပြောပါတယ်။

“လူနဲစုတွေရဲ့ အခြေခံ အခွင့်အရေးတွေ၊ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေကို ငြင်းပယ်ဖို့ ရည်ရွယ် ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ မူဝါဒတွေကို အစိုးရသစ်အနေနဲ့ အမွေအဖြစ်နဲ့ ဆက်ခံလိုက်ရတယ် ဆိုတာကို မဟာမင်းကြီးက နားလည် သဘောပေါက်ပါတယ်။ နိုင်ငံသားဖြစ်ပိုင်ခွင့်မရှိအောင် တမင် လုပ်ဆောင်ထားတာ၊ လွတ်လပ်စွာ သွားလာခွင့်မရှိအောင် ကန့်သတ်ထားတာ၊ သူတို့ရဲ့ဘ၀နဲ့ လုံခြုံရေးတွေအတွက် ခြိမ်းချောက်မှုတွေ လုပ်ဆောင်တာ၊ သူတို့တွေ ပညာသင်ကြားခွင့်မရအောင် ကန့်သတ်ထားတာ စတဲ့ အစီရင်ခံစာတွေကို ကျမတို့ ရရှိထားပါတယ်။ ဒါတွေဟာ အခြေခံအခွင့်အရေးတွေ ဖြစ်တယ်ဆိုတာကိုလည်း မဟာမင်းကြီးက အလေးပေး ပြောကြားထားပါတယ်။ ဒါတွေဟာ နှိမ့်ချ ဆက်ဆံမှုတွေ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့အတွက် ဖြစ်တယ်ဆိုတာနဲ့ ဒါတွေကို ဖြေရှင်းဖို့ လုပ်ဆောင်တဲ့နေရာမှာ စိန်ခေါ်မှုတွေ ရှိနိုင်တယ်ဆိုတာကို မဟာမင်းကြီးက သဘောပေါက်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် သူက ဒီအခြေအနေတွေ ပြေလည်စေမယ့် လုပ်ဆောင်မှုတွေ အစိုးရအနေနဲ့ အမြန်ဆုံး လုပ်ဆောင်ဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။”

မဟာမင်းကြီး Zeid Hussein ရဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အစီရင်ခံစာ နိုင်ငံတကာ အသိုင်းဝိုင်းကို မထုတ်ပြန်ခင် ဇွန်လ ၁၆ ရက်နေ့က မြန်မာအစိုးရထံ ကြိုတင် ပေးပို့ခဲ့တဲ့အတွက် မြန်မာအစိုးရဖက်ကလည်း ဒီအစီရင်ခံစာ အပေါ် ပြန်လည် တုန့်ပြန်ခဲ့တာမှာ - လက်ရှိ အစိုးရသစ်အနေနဲ့ အုပ်ချုပ်ရေးအာဏာကို လွဲပြောင်းရယူခဲ့တဲ့ အချိန်ကစလို့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေ ငြိမ်းချမ်းစွာ ပြေလည်ရေးအတွက် ဦးစားပေး လုပ်ဆောင်နေကြောင်း၊ ဒီကိစ္စဟာ ထိလွယ် ခိုက်လွယ်တဲ့ကိစ္စဖြစ်တဲ့အတွက် အကောင်းဆုံးနည်းလမ်းကို အချိန်ယူ ရှာဖွေပြီး လုပ်ဆောင်ရမှာဖြစ်ကြောင်း အကြောင်း ပြန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေက သူတို့တို့ကိုယ် သူတို့ ခေါ်ဝေါ် သုံးစွဲနေတဲ့အတိုင်း ရိုဟင်ဂျာ၊ ဒါမှမဟုတ် အရင် ဦးသိန်းစိန်အစိုးရက ခေါ်ဝေါ်တဲ့အတိုင်း ဘင်္ဂါလီရယ်လို့ ၂ မျိုးစလုံး ခေါ်ဆိုခြင်းမပြုပဲ ရခိုင်ပြည်နယ်အတွင်းက မူဆလင်တွေအဖြစ် ခေါ်ဆိုတာကို လိုလားကြောင်း လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရကိုယ်စားလှယ်က ပြောကြားခဲ့သလိုပဲ၊ မနေ့က နေပြည်တော်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီးနဲ့ တွေ့ဆုံစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရရဲ့ သဘောထားကို အသိပေး ပြောကြားခဲ့တဲ့အကြောင်းနိုင်ငံခြားရေးဌာန အရာရှိတွေက ပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့တော့ မြန်မာအစိုးရက ခေါ်ဆိုစေချင်တာထက် ရိုဟင်ဂျာတွေက အခေါ်ခံချင်တဲ့ ဝေါဟာရအတိုင်း ဆက်လက် ခေါ်ဆိုရမှာဖြစ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein ရဲ့ ပြောခွင့်ရအမျိုးသမီး Ravina Shamdasani က ပြောပါတယ်။

“ဒီနေရာမှာ ပြဿနာက ၂ ခု ရှိပါတယ်။ တခုကတော့ လူမျိုးစုတွေက သူတို့ကို ခေါ်စေချင်တဲ့ နံမည်အတိုင်း ခေါ်ဆိုရမယ်ဆိုတဲ့ ကုလသမဂ္ဂ ပေါ်လစီရှိပါတယ်။ ဒီနေရာမှာတော့ သူတို့ကို ရိုဟင်ဂျာ မူဆလင်လို့ ခေါ်ဝေါ် သုံးစွဲပါတယ်။ ဒါပေမယ့် ဒီနေရာမှာ အဓိက ဖြစ်နေတဲ့ အကြောင်းအရာကိုလည်း ပျောက်ကွယ် မသွားစေချင်ပါဘူး။ အဲဒါကတော့ သူတို့ကိုယ် သူတို့ ဘယ်သူပါလို့ သတ်မှတ်တဲ့အတွက် သူတို့အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ကိစ္စပါ။ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာတွေအတွက် သက်သက်ရည်ရွယ်ပြီး ထုတ်ထားတဲ့ ဥပဒေတွေ ရှိနေပါတယ်။ သူတို့ကို ဘယ်လိုပဲခေါ်ခေါ်၊ အဓိကကတော့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို ကိုင်တွယ် ဖြေရှင်းပေးဖို့ပဲ ဖြစ်ပါတယ်။”

လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein အနေနဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာကို အခုလ ၂၉ ရက်နေ့ကျရင် လူ့အခွင့်အရေး ညီလာခံမှာ တရားဝင် တင်သွင်းမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၃၂) ကြိမ်မြောက် ညီလာခံကို ဇွန်လ ၁၃ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတာ ဖြစ်ပါတယ်။

ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင် တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃) (AP Photo)

ဗွီအိုအေမြန်မာပိုင်း
21.6.2016

ပင်လယ်ပြင်မှာ လူကုန်ကူးသူတွေ စွန့်ပြစ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံက မွတ်ဆလင် ဒုက္ခသည် ၇ ထောင်လောက် အခြေချ နေထိုင်နိုင်ရေး တိုးတက်မှုရှိစေဖို့ အာဆီယံ အဖွဲ့အနေနဲ့ ဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆို လိုက်ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက လူကုန်ကူးသူတွေ အပေါ် ထိုင်း အာဏာပိုင်တွေ နှိမ်နှင်းခဲ့တဲ့ အတွက် လူကုန်ကူးသူတွေဟာ ငွေကြေး လက်ခံခေါ်လာသူ ထောင်နဲ့ချီကို ပင်လယ်ထဲမှာ စွန့်ပစ်ခဲ့တာပါ၊

အဲဒီထဲက အများစုဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဖြစ်ကြပါတယ်။ သူတို့ကို ကယ်တင်ခဲ့ပြီး ၁ နှစ်ကြာလာတဲ့အထိ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ထိန်းသိမ်းရေး စခန်းတွေမှာပဲ ရှိနေကြဆဲဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အဆိုအရ မလေးရှားနိုင်ငံမှာတင် ၂၅၀၀ လောက်ရှိပြီး ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက စခန်းတွေမှာလဲ ထောင်နဲ့ချီရှိနေကြပါတယ်။

ထိုင်း အစိုးရနဲ့ အာဆီယံအဖွဲ့ကြီးဆီမှာ ဒီလူကုန်ကူးခံရသူတွေပြဿနာ ဖြေရှင်းဖို့ တိကျတဲ့ မူဝါဒမရှိဘူးလို့ လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြကြပါတယ်။

ထိုင်းနိုင်ငံကို အခု သီတင်းပါတ်ထဲမှာ သွားရောက်မဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံကို အချိန်ပေးဖို့ ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ရေးကိစ္စအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် အတွင်း အကြံပြုချက်တွေ ပေးနိုင်ဖို့ အရပ်ဖက် လူထုအခြေပြု အဖွဲ့တွေက မျှော်လင့် နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စ Yanghee lee တွေ့ဆုံ နေစဉ်။ ဓါတ်ပုံ (MOFA)

အောင်အောင်
ဗွီအိုအေမြန်မာပိုင်း
21.6.2016

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လူမှု အသိုင်းအ၀ိုင်းကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အရေး ဖြေရှင်းရာမှာ အဟန့်အတား ဖြစ်စေ နိုင်တာကြောင့် ရိုဟင်ဂျာ ဆိုတဲ့ အမည်ကို အစိုးရက သုံးနှုန်းမှာ မဟုတ်တဲ့ အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ ဒီကနေ့ တွေ့ဆုံရာမှာ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Yanghee Lee နဲ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ အစိုးရရဲ့ ရပ်တည်ချက်ကို အခုလို ရှင်းပြခဲ့တာပါ။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းက အခုလို လူ့ အသိုင်းအ၀ိုင်း ၂ ရပ်ကြားက ပဋိပက္ခတွေကို ဖြေရှင်းရာမှာ အနှောက်အယှက်ဖြစ်စေတဲ့ အသုံးအနှုန်း မျိုးကို ရှောင်ကျဉ်စေလိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီးနဲ့ တွေ့ဆုံ ရာမှာ ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးအောင်လင်းက ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂ ကြားထဲမှာ ကျွန်တော်တို့ ရခိုင်ကိစ္စကို ပြေလည်ဖို့ကို အထောက်အကူ မဖြစ်စေတဲ့ စကားလုံး အသုံးအနှုန်းတွေကို မသုံးသင့်ပါဘူး ဆိုတဲ့ ဟာကို ကျွန်တော်တို့ နိုင်ငံခြားရေး ၀န်ကြီးက ပြောခဲ့ပါတယ်။ ”

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က မြန်မာအစိုးရသစ် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ဖို့ တိုက်တွန်းချက်တွေကို ပြီးခဲ့တဲ့ မတ်လထဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြရာမှာတော့ ရိုဟင်ဂျာမူဆလင်တွေရဲ့ နိမ့်ကျတဲ့ အခြေအနေတွေကို တိုးတက်အောင် ဆောင်ရွက်ဖို့ ထည့်သွင်းထားတာပါ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေ မလုပ်ဖို့ဆိုပြီး တိုက်တွန်းမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ HRW လို့ ခေါ်တဲ့ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ အာရှရေးရာ ညွှန်ကြားရေးမှုး Brad Adam ကတော့ လူမျိုးစုတစုရဲ့ တည်ရှိမှုကို ဖုံးကွယ်ဖို့ ကြိုးစားတာ ဟာ ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ ပိုကြီးထွားစေတယ်လို့ ဆိုပါတယ်။

”သူတို့ဟာ ဘင်္ဂါလီဆိုတာထက် ရိုဟင်ဂျာလို့ ခံယူထားသူတွေပါ။ သူတို့ကို မြန်မာနိုင်ငံသား ရိုဟင်ဂျာလို့ပဲ သုံးနှုန်းသင့်ပါတယ်။ သူတို့ဟာ နိုင်ငံသားတွေ ဖြစ်သင့်ပါတယ်။ ဒါကို လစ်လျူရှုတယ်ဆိုရင်တော့ ရလာဘ် ကောင်းထွက်မှာမဟုတ်ဘဲပြဿနာပိုကြီးထွားဖို့ပဲရှိပါတယ်။ အသားအရောင်နဲ့ ကိုးကွယ်တဲ့ ဘာသာကြောင့် ခွဲခြားဆက်ဆံတာဆိုရင် ဒါဟာ လူမျိုးရေးခွဲခြားမှုပါ။ လက်ရှိ အစိုးရအနေနဲ့ ရိုဟင်ဂျာအပေါ် နိုင်ငံသားတွေလို တန်းတူထား ဆက်ဆံ သင့်ပါတယ်။”

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက်တုန်းက ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုကို အဆုံးသတ်ဖို့ တောင်းဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်ကို ယန်ဟီးလီးကို သဘောထားပြင်းထန်တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးနဲ့ လူပုဂ္ဂိုလ် တချို့က ပြင်းပြင်းထန်ထန် စကားလုံးတွေနဲ့ တိုက်ခိုက် ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေး အဖွဲ့ဖြစ်တဲ့ HRW ကတော့ လူမျိုးတမျိုးရဲ့ ဖြစ်တည်မှုကို လစ်လျူရှုလို့ မရဘူးလို့ ဆိုပါတယ်။ Brad Adam က ခုလို ပြောပါတယ်။

“မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာတာတော့ အမှန်ပါ။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလာတယ်။ မီဒီယာ လွတ်လပ်ခွင့်တွေလည်း ရှိလာပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးနဲ့ ပါတ်သတ်ပြီး ဖြေရှင်းရမှာတွေ အများကြီးရှိနေပါသေးတယ်။ ကျနော်တို့ကတော့ ရိုဟင်ဂျာဆိုတာကို ဆက်သုံးသွားမှာပါ။ မြန်မာနိုင်ငံအပြင်ဘက်က အစိုးရ၊ အဖွဲ့အစည်းတွေ၊ မီဒီယာတွေအနေနဲ့လည်း ဆက်သုံးသင့်ပါတယ်။”

ရခိုင်ပြည်နယ်က အသိုင်းအ၀ိုင်းနှစ်ခုကြားက ပဋိပက္ခကို ဖြေရှင်းရာမှာ လုံလောက်တဲ့ အချိန်ပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သလိုဒီပြသနာကိုဖြေရှင်းရာမှာ အမေရိကန် ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကူညီပြီး ပူးပေါင်းဆောင်ရွက် မှာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက လည်း ပြောကြားခဲ့ဘူးပါတယ်။

ကျော်ဇေယျာဦး

MYARF
RB News
20.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ သတင်းပေး ဖြစ်သူ ကျော်ဇေယျာဦး (ခ) အာဆော်ဒူလ္လာ (ဘ) ဦးကာဒိရ်ဟူဆောင်းသည် ရွာသူရွာသား များကို အမျိုးမျိုး ခြိမ်းခြောက်ခြင်း၊ မတရားအနိုင်ကျင့်ခြင်း၊ ရွာသူရွာသားများကို အကြောင်း တစ်စုံတစ်ရာ မရှိဘဲ အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်ခြင်းများ ပြုလုပ်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာရွာမှ ကျော်ဇေယျာဦးသည် ယခင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထူး တို့၏ တပည့်ဖြစ်ပြီး လွန်ခဲ့သည့် ၄ နှစ်ခန့်မှ စ၍ ဒေသခံ ပြည်သူများကို မတရားသဖြင့် အမျိုးမျိုး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခဲ့ကြောင်း RB News တွင် အကြိမ်ပေါင်းများစွာ ဖော်ပြခဲ့သည်။

သက်ဆိုင်ရာ အာဏာပိုင်များက စစ်ဆေး အရေးယူခြင်း မရှိသည့်အပြင် ၎င်းနှင့် ပူးပေါင်းပြီး ဝေစုခွဲယူနေသည့် ပမာ ဖြစ်နေသည်ကို ထင်ရှားစွာ မြင်တွေ့နေရသည်။ ကျော်ဇေယျာဦး၏ ညှဉ်းပန်းနှိပ်စက် ငွေညှစ်ခြင်းများကို ဒေသခံများက မီဒီယာမှ တဆင့် သက်ဆိုင်ရာသို့ အကြိမ်ပေါင်းများစွာ တိုင်ကြားခဲ့သည့် သာမက ရွာသားအချို့က အနစ်နာခံ၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ကိုယ်တိုင် သွားရောက် တိုင်ကြားခဲ့သော်လည်း အုပ်ချုပ်ရေးမှူးက ၎င်းကို မည်သို့မျှ အရေးယူ ဟန့်တားခဲ့ခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ နောက်ဆုံးတွင် ၎င်း၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်တော့၍ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့တွင် အမည်မသိ လူတစ်စုက ၎င်းကို သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် အုပ်ချုပ်ရေးမှူး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့နှင့် ပိုမို၍ ရင်းနှီးမှု ခိုင်မာလာပြီး ရွာသားများကို ပို၍ ရက်စက် ယုတ်မာ ကြမ်းကြုတ်နေသည်ဟု ဒေသခံများက ဆိုသည်။

၎င်း၏ နောက်ဆက်တွဲ ရက်စက်၍ ငွေညှစ်၊ မတရား အနိုင်ကျင့်မှု အချို့မှာ ---

(၁) ဇွန်လ (၁၄) ရက်နေ့တွင် အလယ်သံကျော် ကျေးရွာမှ ဦးဆုလ်တာန်အာမတ် (ဘ) ဦးနေဇာမ် (အသက် ၃၅ နှစ်) သည် စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အိမ်နီးချင်း ဖြစ်သူ ဦးအဒူဆလာမ် (ဘ) ဦးအဒူဟာလီ (အသက် ၅၅ နှစ်) ကို ၎င်း၏ အိမ်ခြံမြေ၀င်းမှ တစ်ပိုင်းကို ရောင်းချခဲ့သည်။ ရောင်းလိုက်သည်ကို ရာအိမ်မှူး ကျော်ဇေယျာဦးက ကြားသိသည်နှင့် အိမ်ခြံမြေ ရောင်းသူ ၀ယ်သူ နှစ်ဦးစလုံးကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ “မင်းတို့ အိမ်ခြံမြေ အရောင်းအ၀ယ် လုပ်တာ ဘယ်သူ့ကို သတင်းပို့ခဲ့သလဲ” ဟု ကြမ်းတမ်းစွာ ပြောဆိုပြီး ငွေကျပ် ၅ သောင်းစီ ညှစ်ယူခဲ့သည်။

(၂) ဇွန်လ (၁၆) ရက်နေ့တွင် အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာရွာမှ ဦးအဒူရှကူရ် (ဘ) ဦးခေါ်ရီမူလ္လာ (အသက် ၃၅ နှစ်) ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးမှ စာထုတ်၍ ဆင့်ခေါ်ပြီး ၎င်းအတွက် ရွာသား တစ်ဦးက တိုင်တန်း ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲကာ ငွေကျပ် ၄ သောင်း ညှစ်ယူခဲ့သည်။

(၃) ဇွန်လ (၁၇) ရက်နေ့တွင် အလယ်သံကျော် ကျေးရွာအုပ်စု၊ အောက်မောင်တူလာရွာမှ ဦးဝါဒူလောက် (ဘ) ဦးရှော်မ်မူလောက် (အသက် ၆၅ နှစ်) ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ ငွေညှစ်ရခြင်းမှာ ၎င်းတို့၏ မိသားစု အတွင်း အချင်းချင်း ခိုက်ရန် ဖြစ်ပွားခဲ့သည်ကို ကျော်ဇေယျာဦးမှ သိရှိခဲ့၍ ဖြစ်သည်။ ဦးဝါဒူလောက်၏ မိသားစုတွင်း ခိုက်ရန် ဖြစ်ပွားခဲ့သော်လည်း မည်သူ တစ်ဦးတစ်ယောက်ကမှ ကျော်ဇေယျာဦးနှင့် အခြား မည်သည့် ဌာနကိုမှ တိုင်တန်းခြင်း မရှိခဲ့ဟု ဒေသခံများက ပြောပါသည်။

(၄) ဇွန်လ (၅) ရက်နေ့ ညနေ (၄) နာရီခန့် အချိန်တွင် ကျော်ဇေယျာဦး၏ ရက်စက်မှုဒဏ်ကို မခံနိုင်တော့၍ ရွာသား အချို့က ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထူးထံသို့ တိုင်တန်းရန် သွားနေစဉ် ကျော်ဇေယျာဦးက ရွာသား တစ်ဦးဖြစ်သူ ဦးအာဘူးလူး (ဘ) ဦးဇူဘိုင်ရ်အာမတ်ကို တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။

(၅) အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာရွာတွင် အိမ်ခြေပေါင်း ၃၅၀ ကျော် ရှိပြီး ငွေကြေး ချမ်းသာသော ရွာသားများထံမှ လစဉ် ဆက်ကြေး ကောက်ခံပြီး ရွာကင်း အလှည့်ကျ တာဝန်မှ ကင်းလွတ်စေပြီး မရှိဆင်းရဲသား များကို နှစ်ဆသုံးဆ တိုး၍ ရွာကင်း တာဝန် အတင်းအဓမ္မ ထမ်းရွက်စေသည့် အပြင် ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့တွင် အမည်မသိ လူတစ်စုက ၎င်းကို သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ၎င်း၏ ဘေးကင်း လုံခြုံရေးအတွက် ကင်းစောင့်ပေးရသော ရွာသားများကို လူသားမဆန် ဆက်ဆံခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ခရိုင် / မြို့နယ် အုပ်ချုပ်ရေးမှူးများ အနေဖြင့် ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို ဆိုးရွားစွာ ပျက်ပြား စေနိုင်သည့် အလယ်သံကျော်မှ ရာအိမ်မှူး ကျော်ဇေယျာဦးကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် ပေးပါရန်နှင့် တည်ငြိမ်ရေးကို လိုလားသည့် သာမာန် ပြည်သူ/သား များကို အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ မတရား အနိုင်ကျင့်ပြီး ထင်ရာစိုင်းနေသည့် ကျော်ဇေယျာဦးကို အမြန်ဆုံး အရေးယူပေးပါရန် ဒေသခံများက လိုလားလျက် ရှိကြောင်း၊ အကယ်၍ ကျော်ဇေယျာဦး၏ ရက်စက် ကြမ်းကြုတ်မှု ဒဏ်ကို မခံနိုင်၍ အတိဒုက္ခရောက်နေသည့် ပြည်သူများ အနေဖြင့် မခံနိုင်သည့် အဆုံး လက်တုန့်ပြန်လာပါက ဒေသတွင်း တည်ငြိမ်မှုကို အင်မတန် ထိခိုက်စေမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ တာဝန်ရှိ အာဏာပိုင်များ အနေဖြင့် ဥပဒေဘောင် အတွင်း အေးချမ်းစွာ နေထိုင်သော ဒေသခံ ပြည်သူများကို ကျော်ဇေယျာဦး၏ ဒုက္ခပေးနေမှုမှ ကာကွယ်ပေးပါရန် RB News မှ တဆင့် တောင်းဆိုပါသည်ဟု ဒေသခံများက ပြောပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Yanghee lee နှင့် နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ (MOFA)

မသိင်္ဂီလင်း
ဗွီအိုအေမြန်မာပိုင်း
20.6.2016

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီနေ့မှာတော့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး လူ့အခွင့်အရေးဆိုင်ရာ အကြံပြုချက်တွေကို ဆွေးနွေးသွား တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောဆိုပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပါမယ်။

မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ခရီးစဉ် ပထမနေ့၊ ဒီနေ့ မနက် ၉ နာရီခန့်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပါတယ်။

လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းမယ့် အစီရင်ခံစာအတွက်လိုအပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ အကြံပြုချက်တွေကို အဓိကထားဆွေးနွေးသွားတယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက အခုလို ပြောပါတယ်။

“Ms. Yanghee Lee က မြန်မာနဲ့ပတ်သက်ပြီးတော့ အမြဲတမ်းသူက report တွေရေးတယ်၊ အကြံပြုချက်တွေရှိတယ်။ သူစိတ်ထဲမှာ မြန်မာနဲ့ ပတ်သက်ပြီးတော့ အကြံပြုချက်တွေရှိတယ် ဆိုတော့ ဒီ အကြံပြုချက်တွေကိုပဲ အဓိက အခြေခံပြီးတော့ ဆွေးနွေးသွားပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးမြင့်တင်ရေးနှင့် ကာကွယ်ရေး ကိစ္စရပ်တွေ ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကိစ္စ၊ လွတ်လပ်စွာစုဝေးခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကိစ္စ၊ စီးပွားရေး၊ လူမှုရေး အခွင့်အရေးများဆိုင်ရာ ကိစ္စ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ရေးကိစ္စနှင့် မြန်မာနိုင်ငံအနေနဲ့ ပါဝင်ဖို့ ကျန်ရှိသည့် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ အဓိကစာချုပ်များ လက်မှတ်ထိုးရေးကိစ္စ စတဲ့ အကြောင်းအရာတွေ ဆွေးနွေး ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မစ္စယန်ဟီလီ အနေနဲ့ ဒီခရီးစဉ်မှာ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေ တိုးတက်လာဖို့ မြန်မာအစိုးရနဲ့ရော ပြည်သူလူထုနဲ့ပါ အနီးကပ်တွေ့ဆုံ သွားဖို့ရှိတယ်လို့ ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

၁၂ ရက် ကြာမြင့်မယ့် မစ္စယန်ဟီလီရဲ့ စတုတ္ထကြိမ်မြောက် မြန်မာခရီးစဉ်မှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေကိုလည်း သွားရောက်လေ့လာ မှာဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန၊ လူ့အခွင့်အရေးကော်မရှင်၊ စာနယ်ဇင်းကောင်စီ စတဲ့အဖွဲ့အစည်းတွေအပြင် အရပ်ဖက်လူမှု့အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံသွားဖို့ရှိပါတယ်။



MYARF
RB News
20.6.2016

NVC ကဒ် ကိုင်ဆောင်ရန် စည်းရုံး​ရေးဆင်းသူ ​များက ​မောင်​​တော​ မြို့ဖိမြို့ဖများ​၏ ​မေးခွန်းများကို ​သေချာစွာ ​ဖြေကြားနိုင်​ခြင်းမရှိ၊ ၎င်းတို့၏ စည်းရုံးမှုလည်း မအောင်မြင်
မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ယနေ့ ဇွန်လ (၂၀) ရက်နေ့၊ နံနက်​ ၉ နာရီခွဲခန့်​ အချိန်တွင် ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ရခိုင်ပြည်နယ် လူဝင်​မှုကြီးကြပ်​​ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး​ ဦးဝင်းလွင်​ တို့နှင့် အဖွဲ့က ​မောင်​​တောမြို့နယ်​မှ ဒေသခံ ရိုဟင်ဂျာ မြု့မိမြို့ဖ (၁၀၀) ဦးခန့်​နှင့် တွေ့ဆုံ၍ NVC ကဒ်နှင့် ပတ်သက်ပြီး အစည်းအဝေး တစ်ရပ် ကျင်းပခဲ့​ကြောင်း သတင်း ရရှိပါသည်​။

အဆိုပါ အစည်းအဝေးတွင် ဗိုလ်မှူးကြီးထိန်လင်းက --

"အထောက်အထားမဲ့ ဖြစ်နေ​တဲ့ ခင်​​ဗျားတို့ ရခိုင်ပြည်နယ်က မူဆလင်တွေကို NVC ထုတ်ပေးမယ်​။ ဒါက ပထမအဆင့် အနေနဲ့ ခင်ဗျားတို့ကို အထောက်အထား တစ်ခု အဖြစ် ပေးနေခြင်း ဖြစ်တယ်။ ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်​ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်​​ဆောင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွန်မှာကြားချက်အတိုင်း ဒီကဒ်​ကို ထုတ်​​ပေးရတာ ဖြစ်​​တယ်​။ အထူးသဖြင့် ခင်​​ဗျားတို့ မူဆလင်​​တွေကိုလည်း ကိုယ့်မိသားစုသဖွယ် သတ်​မှတ်​တာမို့ ကူညီစောင့်ရှောက်ဖို့ ဒီ​နေ့ ​ရောက်​လာပြီး ​ပြောပြရတာဖြစ်​တယ်။ NVC ကဒ်​ ကိုင်​​ဆောင်​ရင်​ ခင်​​ဗျားတို့ရဲ့ ပြဿနာအရပ်​ရပ်​​တွေ ​ပြေလည်​သွားဖို့ လမ်းစပွင့်လာမယ်​" စ​သော အချိုသတ်​ စကားမျိုးကို ​ပြောကြားခဲ့​ကြောင်း အစည်းအ​ဝေးတက်​​ရောက်​ခဲ့သူ တစ်ဦးက RB News သို့ပြောသည်။

ဆက်​လက်​၍ ရခိုင်ပြည်နယ် လူဝင်​မှုကြီးကြပ်​​ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က--

"၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားစီစစ်ရေးကိစ္စ အကောင်အထည် ဖေါ်ဆောင်ရွက်ရာမှာ NVC ကဒ်ဟာ ပထမအဆင့်ခြေလှမ်းသာဖြစ်တာမို့ ခင်ဗျားတို့အနေနဲ့ ဒီ NVC ကဒ်ကို လက်ခံသင့်တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရကို ယုံကြည်ကြပါ" စသည်​ဖြင့်​ အကျယ်တ၀န့် ပြောကြားခဲ့​ကြောင်း အဆိုပါ အစည်းအ​ဝေး တက်​​ရောက်​ခဲ့သူက ​ပြောပါသည်​။

ထို့​နောက်​ အစည်းအ​ဝေး တက်​​ရောက်​လာသည့်​ ​မောင်​​တောမြို့နယ်​၊ ကညင်​တန်း(မြို့မ)​ကျေးရွာမှ အထက်​တန်းပြ ​အငြိမ်းစား ကျောင်းဆရာဖြစ်​သူ ဦးဆုလ်​တာန်​က -

"အခုနက နယ်​လုံဝန်​ကြီး ​ပြောခဲ့တဲ့အထဲမှာ အ​ထောက်​အထားမဲ့ ရခိုင်​ပြည်​က မူဆလင်​​တွေ ဆိုပြီး ​စကားလုံး​တွေ ပါခဲ့တာ ကျ​နော်​ ရိပ်​မိပါတယ်။ လွတ်​လပ်​​ရေးရပြီး​ နောက်​ပိုင်း မြန်​မာပြည်​တစ်​နိုင်​ငံလုံးက လူ​တွေ ရလာတဲ့ အ​ထောက်​အထားတိုင်း ကျ​နော်​တို့ လူ​တွေလည်း ရခဲ့တာပဲ။ ပြီး​တော့ နှစ်​စဉ်​ နှစ်​တိုင်းလည်း အနည်းဆုံး နှစ်​ကြိမ်​ စီစစ်​တဲ့ အ​ထောက်​အထား​တွေ အကုန်​ရှိတယ်​။ ဒီ​တော့ အ​ထောက်​အထားမဲ့ ရခိုင်​ပြည်​က မူဆလင်​​တွေ ဆိုတာက​ရော ဘာကို ဆိုလိုတာပါလဲ။ ဒီတစ်​ချက်​ ဦးစွာ သိချင်​ပါတယ်​။

ပြီး​တော့ ​သမိုင်း​ကြောင်းအရ ဒီ​ဒေသရဲ့ မူလဘူတ ဖြစ်​တဲ့ ကျ​နော့်​တို့ လူ​တွေမှာ ဒီ နိုင်​ငံသားစီစစ်​ခံရမယ့်​ ကဒ်​ပြားလို အကျပ်​ကိုင် NVC ကဒ်ကို လက်ခံစရာ အကြောင်းမရှိပါဘူး။ ဒါ​ကြောင့်​ နိုင်ငံတော် ဘဏ္ဍာငွေတွေကို အလာဟသ မဖြုန်းတီးပါနဲ့ လို့ပဲ ​ပြောပါရ​စေ" ဆိုပြီး ​ပြောကြားခဲ့​သောအခါ နယ်​လုံဝန်​ကြီးက အ​ထောက်​အထားမဲ့ ရခိုင်​ပြည်​က မူဆလင်​​တွေ ဆိုတာ ပဋိပက္ခတုန်းက မိမိတို့ အ​ထောက်​အထား​တွေ မီးထဲပါသွားတဲ့ လူ​တွေကိုပဲ ဆိုလိုခဲ့တာပါလို့ ​ရှေ့​နောက်​မညီ ​ဖြေဆိုခဲ့​ကြောင်း သိရှိရသည်။

အစည်းအဝေး တက်​ရောက်​ခဲ့သူများထဲမှ ဟာဘီရွာသား ဦးဇာကဲရ်​ဆိုသူက "ကျ​နော်​ ရိုဟင်ဂျာလူမျိုး ဦးဇာကဲရ်​ပါ။ ကျ​နော်​တို့ လူ​တွေက နိုင်​ငံသားဖြစ်​ထိုက်​တဲ့ အ​ထောက်​အထား​တွေ ပိုင်​ဆိုင်​​နေကြသူ​တွေပါ။ အဲ့လို လူ​တွေကို ဘယ်​ဥပ​ဒေအရ ထုတ်​​ပေးတာလဲ​တောင်​မသိတဲ့ NVC ကဒ်​​တွေ ကိုင်​​ဆောင်​ပါ ​ပြော​နေတာကို​တော့ သိပ်​ဘဝင်​မကျပါဘူး။ ဒါက တစ်​ချက်​။ ​နောက်​တစ်​ချက်​က ကျ​နော်​တို့ကို ၁၉၈၂ ဥပ​ဒေ နဲ့ စီစစ်​မယ်​​တော့ ​ပြော​နေပြီ​ပေါ့​နော်​ ... အဲ့ဒီ ၁၉၈၂ နိုင်​ငံသားဥပ​ဒေထဲက ဘယ်​အပိုင်းနဲ့ ဘယ်​ပုဒ်​မနဲ့ စီစစ်​မှာလဲ ဆိုတာလဲ သိချင်​ပါတယ်​" လို့ ​မေးလိုက်​တဲ့အခါ လူဝင်​မှုကြီးကြပ်​​ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး​ ဦးဝင်းလွင်​က သူလည်း ဒီအချက်​ကို ယခုအချိန်​ထိ ​သေချာစွာ မသိရှိရ​သေး​ကြောင်း ဆိုပြီး ​ဖြေကြားပုံမှာ အလွန်​ပင်​ ဘဝင်​မကျစရာ တစ်​ခုထဲက ဖြစ်​​နေ​ကြောင်း အစည်းအ​ဝေး တက်​​ရောက်​ခဲ့သူများက ​ဝေဖန်​​​ပြောဆိုနေကြသည်။



ထို့​နောက်​ မောင်တောမြောက်ပိုင်း သက်ကိုင်ညာမှ ဦးမူဟိဘူလာက --

"ခင်​​ဗျားတို့က ဒီအစိုးရကို ယုံပါ​ပြော​နေကြတယ်​။ ကျ​နော်​တို့က အမျိုးသားမှတ်​ပုံတင်​ကဒ်​ ကိုင်ခဲ့သူ​တွေ၊ ကိုင်​​နေဆဲ လူ​တွေလည်း ရှိပါတယ်​။ ဒါ​ပေမယ့်​ ကျ​နော်​တို့က ကိုင်​​ဆောင်​ခဲ့တဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ကို အစိုးရတစ်​ရပ်​က သိမ်းလိုက်​ပြီး ​နောက်​ထပ်​ ကဒ်​တစ်​ခု ​ထုတ်​​ပေးတယ်​။ ​နောက်​အစိုးရတစ်​ရပ်​ တက်​လာတယ်​။ အရင်​အစိုးရ ထုတ်​​ပေးတဲ့ဟာ​တွေ တရားမဝင်​ဖြစ်​သွားပြန်​​ရော့။ အစိုးရတစ်ရပ်က ထုတ်ပေးတဲ့ကဒ်​​တွေ နောက်တက်လာတဲ့အစိုးရက သိမ်းလိုက်၊ သူတို့တစ်​မျိုး ထုတ်​​ပေးလိုက်​ ပုံစံနဲ့ဆိုရင် အခုထုတ်ပေးနေတဲ့ NVC ကဒ်အတွက်လည်း ဘာအာမခံချက်ရှိလဲ​ပေါ့။ ဒီအစိုးရသက်တမ်း (၅)နှစ် ကုန်သွားပြီး ​နောက်​အစိုးရတစ်​ရပ်​တက်​လာရင် ဒီ NVC ကဒ်​လည်း တရားမဝင်​ကဒ်​ပဲ ဖြစ်​သွားမယ့်​ သ​ဘော​ပေါ့။ ဒီပုံစံနဲ့ဆို ဘယ်လိုလုပ်မလဲ" ယုတ္တိရှိရှိ ​မေးခွန်းထုတ်​ခဲ့မှုကို ​ရောက်​ရှိလာတဲ့ အာဏာပိုင်​​တွေက ​ဒေါ်​အောင်​ဆန်းစုကြည်​အစိုးရကို ယုံကြည်​ပါလို့ပဲ ယုတ္တိမရှိ ပြန်​​ဖြေခဲ့​ပါတယ်​။

နောက်​ဆုံးတွင်​ ၁၉၉၀ ​ရွေး​ကောက်ခံ လွှတ်တော်အမတ် ဖြစ်သည့် အမျိုးသား ဒီမိုကရက်တစ် လူ့အခွင့်​အ​ရေးပါတီမှ ဦး​ဖော်​​ဇောလ်​အမတ်​က- "ကျ​နော်​တို့ဟာ ခေတ်အဆက်ဆက်မှ မဲပေးပိုင်​ခွင့်​၊ အရွေးခံပိုင်ခွင့်​ ရရှိခဲ့ပြီး ဝန်ကြီး​တောင်​ ဖြစ်နိုင်ခဲ့သူ​တွေပါ။ ကျ​နော်​တို့ လူ​တွေ နိုင်ငံ့ဝန်ထမ်း ဖြစ်နိုင်ခဲ့တယ်​။ နိုင်ငံသားဖြစ်မှ နိုင်​ငံ့ဝန်​ထမ်း ဖြစ်​နိုင်​တာပါ။ အခုက နိုင်​ငံဝန်​ထမ်း​တွေကိုလည်း ဖြုတ်​၊ ​ရွေး​ကောက်​ပွဲမှာ မဲ​ပေးပိုင်​ခွင့်​ အ​ရွေးခံပိုင်​ခွင့်​လည်း မ​ပေး၊ အခု​နောက်​ဆုံးမှာ လာပြီး ဒီ NVC ကဒ်​ထုတ်​​ပေးပြီး ၁၉၈၂ နိုင်​ငံသား ဥပ​ဒေနဲ့ စီစစ်ရတဲ့အထိ လုပ်​လာတယ်​​ပေါ့​နော်​။ အမျိုးသားမှတ်ပုံတင်ကဒ် ကိုင်ပြီး အခြားတိုင်းရင်းသားတွေလို တန်းတူရည်တူ အခွင့်အရေးရရှိခဲ့သူ​တွေကို ဘာလို့ တစ်​ဖန်​ စီစစ်​နေရတာလဲ" ဟု ​မေးခွန်း ထုတ်​ခဲ့​သော်​လည်း ​ရောက်​ရှိလာသည့်​ နယ်​လုံဝန်​ကြီးတို့အဖွဲ့က မည်​သို့မျှ ယုတ္တိဆန်​​သော အ​ဖြေမျိုးကို မ​ပေးနိုင်​ခဲ့​ပေ။ "အရင်​အစိုးရ မဟုတ်​ပါ။ ဒီအစိုးရကို ယုံကြည်​ပါ" လို​သာ ထပ်​တလဲလဲ ​ပြောကြားခဲ့​ကြောင်း အစည်းအ​ဝေးတက်​​ရောက်​ခဲ့သူများက ​ပြောပါသည်။

အစည်းအ​ဝေးပြီးသွားသည့် အခါ Group discussion ပုံစံမျိုးနှင့်​ ဆက်လက်ဆွေးနွေးရာတွင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ယခုကဲ့သို့ NVC ကဒ် ထုတ်ပေးခြင်းဖြင့် နိုင်ငံသားစီစစ်ခြင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ မူဝါဒဖြစ်ကြောင်း ​ပြောပြရာ အထက်​ပါ ​ဆွေး​နွေးခဲ့သူ အငြိမ်းစား အထက်​တန်းပြ ​ကျောင်းဆရာ ဒီမိုကရေစီနိုင်ငံတော်၏ မူဝါဒများသည် ပြည်သူများ၏ ဆန္ဒအတိုင်းသာ ဖြစ်သင့်ကြောင်း၊ ဗဟိုအစိုးရ၏ ယခုကဲ့သို့ ပြည်သူများ၏ ဆန္ဒမပါရှိဘဲ မူဝါဒချမှတ်ခြင်းမှာ လုံးဝမှားယွင်းနေကြောင်း ပြောဆိုခဲ့သည်။

နောက်​ဆုံးအ​နေဖြင့် ဗိုလ်မှူးကြီး ထိန်လင်းက NVC ကဒ်​ကို အတင်းအဓမ္မနည်းဖြင့် ထုတ်ပေးမည် မဟုတ်ကြောင်း၊ NVC ကို လက်ခံမည့်သူလည်း ရှိသည်ဟု ယူဆကြောင်း၊ ထို့​ကြောင်း ခင်ဗျားတို့ လက်​မခံသူများအနေဖြင့်​ NVC ကဒ်​ လက်​ခံမည့်​သူများကို သွား​ရောက်​ စည်းရုံးခြင်း မပြုလုပ်​ရန်​ မှာကြားချင်​​ကြောင်းဟု ပြောဆိုကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူ တစ်ဦးက RB News သို့ပြောပါသည်။

အစည်းအ​ဝေး မတက်​​ရောက်​ခဲ့သည့် မောင်​​တောမြို့နယ်​မှ ​ခေတ်​ပညာတတ်​ လူငယ်​တစ်ဦးက -

"နယ်​လုံဝန်​ကြီး ဦး​ဆောင်​​တဲ့ အဖွဲ့က​တော့ ​ဒေါ်​အောင်​ဆန်းစုကြည်​ အစိုးရကို ယုံကြည်​ပါ လို့ ​နှုတ်​ဖြင့်​သာ ​ပြော​နေတာပါ။ ​ဒေါ်​အောင်​ဆန်းစုကြည်​ ကိုယ်​တိုင်​ လက်​မှတ်​ထိုး​ပေးတဲ့ NLD ပါတီဝင်​ကဒ်​ပြားမှာ​တောင်​ ရိုဟင်​ဂျာ လူမျိုးလို့ ​ရေးထားတာကို အခုကျ​တော့ NLD က ငြင်းပယ်​​နေတယ်​​လေ။ ဒီ​နေရာမှာ ကိုးကွယ်​တဲ့ ဘာသာကပဲ အဓိက စကား​ပြော​နေတာပါ။ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံက မ​နေ့က ဝင်​လာတဲ့ ရခိုင်​​တွေ အတွက်​​ကျတော့ ဘာ ၈၂ ဥပ​ဒေမှ မရှိဘူး။ သူတို့က ဗုဒ္ဓဘာသာကိုးကွယ်​တာကို .. ။ 

ရိုဟင်​ဂျာအ​ရေးကို ဒီအစိုးရမှာ အမှန်​တကယ်​ ကိုင်​တွယ်​ ​ဖြေရှင်းချင်​တယ်​ ဆိုလို့ ရှိရင်​ အမှန်​တရားကို ရဲရဲဝံ့ဝံ့ ထုတ်​​ဖော်​ရဲရမယ်​။ ရိုဟင်​ဂျာ ​ပြော​နေသူ​တွေကို ​ခေါ်ပြီး သမိုင်း​ကြောင်းအရ ​ဖြေရှင်းချက်​​ပေးခိုင်း​ပေါ့။ တစ်​ဖက်​က ရိုဟင်​ဂျာကို လက်​မခံဘူး ​ပြောပြီး ဘင်္ဂလီလို့ စွပ်​စွဲ​နေသူ​တွေကိုလည်း ဒီလူ​တွေ တကယ်​ ခိုးဝင်​လာ​ခဲ့တာဖြစ်​​ကြောင်း အ​ထောက်​အထား ပြခိုင်း​ပေါ့။ ကြားက​နေ နှစ်​ဖက်​စလုံးရဲ့ ​ဖြေရှင်းချက်​ထဲက အမှန်​တရားကို အစိုးရက ​ရဲရဲဝံ့ဝံ့ တရားဝင်​ ဖော်​ထုတ်​​ပေး​ပေါ့။ ပြဿနက ​ပြီးပြီ။ ဒီဟာ​တွေ လုပ်​မယ့်​အစား တစ်​ဖက်​သားကို လက်​နက်​အားနဲ့ ဖိအား​ပေးပြီး မတရားသဖြင့်​ အတင်းအဓမ္မ ကဒ်​​တွေ ထုတ်​​ပေးဖို့ ဟန်​ပြင်​​နေတာက​တော့ ဒီအစိုးရကလည်း လူ့အခွင့်​အ​ရေး လူနည်းစုအခွင့်​အ​ရေးကို ချိုး​ဖောက်​​နေတာပဲလို့ ​ပြောချင်​ပါတယ်​။" ဟု ဝေဖန်ပြောဆိုသည်။



19.6.2016

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms.Yang Hee Lee ဟာ မြန်မာနိုင်ငံကို ဒီနေ့ ရောက်ရှိလာပြီး သူ့ရဲ့ခရီးစဉ် အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

Ms.Yang Hee Lee ဟာ နေပြည်တော်၊ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေကို သွားရောက်ဖို့ စီစဉ်ထားတယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်မိုးထွန်း က ပြောပါတယ်။

"သူလာရင် သွားမယ့်နေရာလေးတွေပေါ့နော် ရန်ကုန်၊ နေပြည်တော်၊ ရှမ်း၊ ကချင်၊ ရခိုင် အဲ့ဒီနေရာလေးတွေတော့ ပုံမှန်အဆိုပြုတဲ့အတိုင်း အဆိုပြုထားတာရှိပါတယ်ခင်ဗျ၊ သူတို့အဆိုပြုတာရယ် ကျနော်တို့ဘက်က သွားခွင့်ပေးနိုင်တဲ့နေရာလေးတွေရယ် အဓိကတော့ အခုနကပြောတဲ့ လုံခြုံရေးရှုထောင့်ကသော်လည်းကောင်း၊ ရာသီဥတု ရှုထောင့်ကသော်လည်းကောင်း အဲ့လိုနေရာမျိုးလေးတွေကို ကျနော်တို့ ပြည်ထဲရေးရယ်၊ ကျနော်တို့ရယ် နောက်ပြီးတော့ သက်ဆိုင်ရာ UN ရယ် ကျနော်တို့ ညှိပြီးတော့ လုပ်ပေးပါမယ်"

ဒီခရီးစဉ်ဟာ ဇူလိုင် ၁ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး ခရီးစဉ်အတွင်း အငြင်းပွားဖွယ် စကားလုံးအသုံးအနှုန်းတွေ မသုံးဖို့အတွက် တိုက်တွန်းသွားမယ်လို့လည်း ဦးကျော်မိုးထွန်း က ပြောပါတယ်။

Ms.Yang Hee Lee ဟာ မနက်ဖြန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး ခရီးစဉ် အတွင်းမှာ ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေးကော်မတီ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တို့နဲ့ တွေ့ဆုံမှာဖြစ် သလို အင်းစိန်အကျဉ်းထောင်ကိုလည်း သွားရောက် လေ့လာမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

အစိုးရသစ်လက်ထက်မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms.Yang Hee Lee ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ဒါပထမဆုံး အကြိမ်ဖြစ်ပါတယ်။



Rohingya Eye
RB News
19.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဇော်မတက် ကျေးရွာမှ မော်လ၀ီ မာမတ်ဟာရှိမ်း (ဘ) ဦးအာဘူလ်ကာလာမ် (အသက် ၃၅ နှစ်) သည် ဇွန်လ (၁၅) ရက်နေ့ နံနက် ၉း၃၀ နာရီအချိန်တွင် ပ-ညောင်ပင်ကြီး ကျေးရွာမှ ပြန်လာနေစဉ် သရေကုန်ဘောင် (န.တ.လ) ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက ၎င်းကို ရပ်တန့်ခိုင်းပြီးနောက် တပ်ဖွဲ့ဝင် တစ်ဦးက အကြောင်းမဲ့ ပါးရိုက်ခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲ များက ငွေကျပ် ငါးထောင် တောင်းခံရာ၊ ၎င်းက မိမိတွင် မည်သည့် အပြစ်မှ မရှိသည့် အတွက် ငွေပေးရန် မလိုအပ်ကြောင်း ပြန်လည် တုန့်ပြန် ပြောဆိုသဖြင့် ၎င်းကို စခန်းတွင် ထိန်းသိမ်း ထားခဲ့သည်။

ထိုသို့ ပါးရိုက်၍ ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ ၎င်း၏ မိသားစုဝင် တစ်ဦးက နယ်မြေ (၇) နယ်မြေမှူးထံ တိုင်ကြားခဲ့သဖြင့် နယ်မြေမှူးသည် ချက်ချင်း ကားဖြင့် ရောက်ရှိလာပြီး ၎င်းကို ပြန်လည် လွှတ်ပေးခဲ့သည်။ ထို့နောက် အဆိုပါ ကင်းစခန်းမှ တာဝန်ကျ ဒု-ရဲအုပ်ကို ကားပေါ်တင်၍ နယ်မြေရုံးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ နယ်မြေမှူးသည် အလယ်သံကျော်မှ သရေကုန်ဘောင်သို့ ကားဖြင့် လာရောက်ရာတွင် ကားဓါတ်ဆီခ ငွေလေးသောင်းကျပ် ပေးခဲ့ရကြောင်း နယ်မြေမှူးနှင့် နီးစပ်သူ တစ်ဦးထံမှ သိရှိရပါသည်။



RB News
19.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်ရှိ ဒေသခံ ရိုဟင်ဂျာများကို နိုင်ငံတော်အစိုးရက NVC ကဒ်များ ပေးရန် ကြိုးစားလျက်ရှိရာ မောင်တော မြို့နယ်မှ မြို့မိမြို့ဖ (၁၀) ဦးကို ဇွန်လ (၂၀) ရက်နေ့တွင် အစည်းအဝေး ခေါ်ယူထားကြောင်း သတင်း ရရှိပါသည်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဖြင့် နိုင်ငံသား စီစစ်မည်ဟု အစိုးရမှ ကြေညာထားသော်လည်း အမှန်တကယ်တွင် နိုင်ငံသား ဥပဒေ၌ မပါရှိသည့် နိုင်ငံသား စီစစ်ခံယူမည့်သူ၏ သက်သေခံကဒ်ပြားဟု ဆိုကာ NVC ကဒ်များ ထုတ်ပေးရန် ကြိုးစားလျက် ရှိပြီး၊ မြေပုံနှင့် ကျောက်ဖြူ မြို့နယ်များတွင် ဥပဒေ ဗဟုသုတ နည်းပါးသူ အချို့ လက်ခံ ရယူခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ဥပဒေ၌ မပါရှိသည့် ကဒ်များ ထုတ်ပေးခြင်းကို ဒေသခံ ရိုဟင်ဂျာများ သိရှိသွားပြီး မည်သည့် အရပ်ဒေသတွင်မှ ဆက်လက်၍ လက်ခံ ရယူခြင်း မရှိတော့သည်ကို တွေ့ရသည်။

စစ်တွေမြို့၌ လွန်ခဲ့သည့် ရက်ပိုင်းတွင် ပြည်နယ် လ.၀.က ဦးစီးမှူး ကိုယ်တိုင် စည်းရုံးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခုအခါ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာများကို စည်းရုံးရန် အတွက် ရပ်ကွက် (၆) ခုမှ မြို့မိမြို့ဖ (၁၀) ဦးကို ဇွန်လ (၂၀) ရက်နေ့တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင် အစည်းအဝေး တစ်ရပ် တက်ရောက်ရန် ခေါ်ထားကြောင်း ဒေသခံများက RB News သို့ပြောသည်။

မည်သို့ပင်ဆိုစေကာမူ ယခုအစိုးရသစ်မှ ယခင် အစိုးရ ကဲ့သို့ ဥပဒေတွင် မပါရှိသည့် ကဒ်တစ်မျိုး ထုတ်ပေးနေခြင်းကို လက်ခံသွားမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာများ အနေဖြင့် မွေးရာပါ နိုင်ငံသား အခွင့်အရေး ရှိပြီး၊ ယခင်ကလည်း တိုင်းရင်းသားများ တန်းတူ အမျိုးသားမှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင်ခဲ့သူ ဖြစ်သည့် အတွက် တန်းတူ အခွင့်အရေးကိုသာ လိုလားကြောင်း၊ NVC ကဒ်များကို လက်ခံရန် စည်းရုံးလျှင်လည်း အချည်းနှီးသာ ဖြစ်မည် ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ရှိ အစ္စလာမ် ဘာသာဝင် များကို ၂၀၁၂ခုနှစ် အောက်တိုဘာလ ကတွေ့ရစဉ်။ (AP Photo/Khin Maung Win)

မဆုမွန်
ဗွီအိုအေမြန်မာပိုင်း
18.6.2016

လူမှု အသိုင်းအ၀ိုင်း နှစ်ဘက်ကြား အဆင်ပြေပြီး အပြန်အလှန် ယုံကြည်မှုရဖို့ “ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအ၀ိုင်း”လို့ သုံးနှုန်းပြောဆိုဖို့ မြန်မာ အစိုးရက ကုလသမဂ္ဂမှာ တရားဝင် ပြောကြား လိုက်တာဟာ ပြဿနာကို အမှန်တကယ် ပြေလည်အောင် ဖြေရှင်း နိုင်မယ့် နည်းလမ်း မဟုတ်ဘူး လို့ နှစ်ဘက် အသိုင်းအဝိုင်းက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက တင်းမာနေဆဲ ဘာသာရေး အသွင်ဆောင် လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ရတာဟာ အခွင့်အရေး တန်းတူမရတဲ့ မညီမျှမှုတွေနဲ့ အခြေခံ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေကြောင့် ဖြစ်တယ်လို့လည်း ထောက်ပြကြပါတယ်။ အပြည့်အစုံ မဆုမွန် က စုစည်း တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်း မတူညီတဲ့ လူမှုအသိုင်းအဝိုင်း နှစ်ခုအကြား နာမည် အသုံးအနှုန်း ကွဲပြားမှုတွေကြောင့် ပိုပြီးတော့မှ အခြေအနေ မဆိုးရွားရလေအောင် “ရခိုင်ပြည်နယ်က မူဆလင်တွေ” လို့ သုံးနှုန်း ပြောဆို ကြဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ (၃၂) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မနေ့ သောကြာနေ့က ပထမဆုံး အကြိမ် တရားဝင် ပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပေါ် ညှင်းပမ်းနှိပ်စက်မှုတွေ အဓိက ဖြစ်ပေါ်စေတာဟာ ဘာသာရေး အခြေခံ ၀ါဒီ ကြောင့် ဖြစ်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သုံးနှုံးပြောဆိုခဲ့တဲ့ အပေါ်မှာ မြန်မာအစိုးရ ကိုယ်စားလှယ်ဘက်က တုန့်ပြန် ပြောကြား လိုက်တာ ဖြစ်ပါတယ်။

အခုလိုမျိုး ရိုဟင်ဂျာလို့မသုံးပဲ ရခိုင်ပြည်နယ်က မူဆလင်တွေလို့ နာမည် ပြောင်းသုံးပါလို့ မြန်မာ အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို ပြောလိုက်ရုံနဲ့လည်း တကယ် ဖြစ်နေတဲ့ ပြဿနာတွေ ဟာ ပြေလည်သွားမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး လှုပ်ရှားသူ မဝေဝေနုက ထောက်ပြပါတယ်။

“သူတို့တွေရဲ့ နာမည်နဲ့ identity ကို အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ အဲဒီလို အသိအမှတ်မပြုပဲနဲ့ နာမည်ကို ငြင်းပယ်ခြင်းဟာ သူတို့ရဲ့ ရပ်တည်ချက် အခြေခံ အခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ငြင်းပယ်တာနဲ့ အတူတူပဲ။ အဲဒီလို ငြင်းပယ်ခြင်း အားဖြင့် မှန်ကန်တဲ့ အဖြေတစ်ခု ရလိမ့်မယ်လို့ မထင်ပါဘူး။ ရခိုင်ပြည်နယ်က မွတ်စလင်တွေလို့ သုံးတော့ ဒါဟာ အရမ်းကို broad ဖြစ်ပါတယ်။ အရမ်း generalize ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မွတ်စလင် လူမျိုးစုတွေ အများကြီး ရှိပါတယ်။ ဒီလို ပြောလိုက်ခြင်းဖြင့် အဖြေ ဖြေရှင်းသွားနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်မှု မရှိပါဘူး။ အဓိကကတော့ ရေရှည်အတွက်မှန်တဲ့ အဖြေကို ဒီမိုကရေစီ မူဝါဒတွေ၊ လူ့အခွင့်အရေးရဲ့ စံနှုန်းတွေ အပေါ်မှာ ရပ်တည်ပြီးတော့ အစိုးရက ရဲရဲဝံ့ဝံ့နဲ့ လူနည်းစုတွေရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ လိုမယ်လို့ ထင်ပါတယ်။ ”

လူမှု အသိုင်းအဝိုင်း နှစ်ဘက်ကြား အဆင်ပြေပြီး အပြန်အလှန် ယုံကြည်မှုရအောင် ရခိုင်ပြည်နယ်က မူဆလင် အသိုင်းဝိုင်းလို့ သုံးပါလို့ ဆိုရုံနဲ့တော့ နှစ်ရှည် လများ ဖြစ်တည်နေတဲ့ ပြဿနာတခုကို ရေတိုနည်းလမ်းနဲ့ မှန်ကန်တဲ့ ဖြေရှင်းမှု မဟုတ်ဘူး ဆိုတာကိုလည်း ရခိုင်စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောခင်တင့် ဒေါ်စောခင်တင့်က သုံးသပ်ပါတယ်။

“အဲဒီလို တစ်ဖက်သက်ရှောင်ထွက်လို့ကတော့ ပြဿနာ ပြေလည်စရာ အကြောင်းမရှိဘူး။ ဒီ တစ်ဖက်နိုင်ငံက ကူးလာတဲ့ လူမျိုးဖြစ်တယ်ဆိုတာ အန်တီတို့ ရခိုင်ဘက်က အခိုင်အမာ သက်သေ၊ သမိုင်း သက်သေ အကုန် ပြလို့ရတယ်။ အဲဒီလို ကူးလာတဲ့ လူမျိုးတွေ အပေါ်မှာ၊ ဟုတ်ပြီ။ ဒီ ၁၉၈၂ ဥပဒေအရ သူတို့တွေ ကို နိုင်ငံသားအဖြစ် ဘယ်လောက် ပေးနိုင်မလဲ။ ဒါကိုပဲ အစိုးရက လုပ်စေချင်တယ်။ အန်တီတို့က။ သူတို့တွေဟာ တစ်ဖက်နိုင်ငံက လာတဲ့ ဘင်္ဂါလီတွေ ပဲ။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂါလီလူမျိုးတွေ ဖြစ်တယ်။ ဒါကိုတော့ ဘယ်လိုမှ ငြင်းလို့ မရဘူး။ သမိုင်းအရလည်း ငြင်းလို့ မရဘူး။ အဲတော့ ငြင်းလို့မရတဲ့ ဟာကို ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်များဆိုတော့ ရခိုင်ပြည်နယ်မှာ ရောက်နေတဲ့ မွတ်စလင်တွေဟာ နဂိုကတည်းက ရောက်နေတဲ့ မွတ်စလင်တွေ မဟုတ်ဘူး။ သူတို့တွေဟာ ဒီဘင်္ဂလားဒေ့ရှ် ဘက်က ကျွန်မတို့ ဘက်ကို ကူးလာတဲ့ မွတ်စလင်တွေပါ။ အဲတော့ ဘင်္ဂလားဒေ့ရှ် က လာတဲ့ ဘင်္ဂါလီတွေဆိုတာ ကျွန်မတို့မှာ သမိုင်းသက်သေ အကုန်လုံး ရှိရဲ့သားနဲ့ ဒါကို ဘင်္ဂါလီလို့ ခေါ်လို့ မရဘူးဆိုရင် ဘယ်လိုမှ မှန်ကန်မှု မရှိဘူး။ ”

မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာတွေ အဖိနှိပ်ခံနေရတာဟာ ဘာသာရေး အခြေခံဝါဒီ တခုတည်းကြောင့်မဟုတ်ပဲ အခြေခံ လူသား အခွင့်အရေး တန်းတူညီမျှမရပဲ ရပ်တည်မှု ဆုံးရှုံးမှုတွေနဲ့ နှစ်ရှည်လများ ရင်ဆိုင် နေရတာကြောင့်ဖြစ်တယ်လို့ မဝေဝေနုက ပြောဆို လိုက်ပါတယ်။

“မမျှတမှုနဲ့ ခွဲခြား ဆက်ဆံမှု၊ ဒီ ဖိနှိပ်မှုတွေပေါ့နော်။ ဗိုလ်ချုပ် ဦးနေ၀င်း လက်ထက် ကတည်းက ဒီလိုမျိုး လူမျိုးစုတွေ အပေါ်မှာ၊ လူနည်းစုတွေ အပေါ်မှာ၊ တိုင်းရင်းသားလူမျိုးတွေ အပေါ်မှာ ဖိနှိပ်လာတဲ့၊ ဒီလိုမျိုး ကျင့်သုံးလာတဲ့ ခွဲခြား ဆက်ဆံတဲ့ မူဝါဒတွေနဲ့၊ ဖိနှိပ်မှုတွေကနေ အခြေခံပြီး ဖြစ်လာတာလို့ ကျွန်မပြောချင်ပါတယ်။ အဲဒီကနေပြီး သူတို့တွေရဲ့ အခြေခံ အခွင့်အရေးတွေ လုံးဝကို ရုတ်သိမ်း ခံရတယ်။ နိုင်ငံသား ဥပဒေတွေ ပြဒါန်းတယ်။ တိုင်းရင်းသား စာရင်းတွေ ပြဒါန်းတယ်။ အဲဒီကနေမှ ဒီလူတွေရဲ့ အခွင့်အရေးတွေ အားလုံး ဆုံးရှုံးသွားတဲ့အထိ ပြုမူလာခဲ့တဲ့ အကျိုးဆက်တွေရဲ့ ရလဒ်ကို တွေ့ကြုံနေရတယ် လို့ ကျွန်မ ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ်တွင်းက ဘာသာရေး အသွင်ဆောင် လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ရတာ ဟာ ဘာသာရေး အခြေခံဝါဒီကြောင့် ဖြစ်ရတယ် ဆိုတဲ့အပေါ် ရခိုင် အမျိုးသမီး အဖွဲ့ ဒု ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒေါ်စောခင်တင့်ကတော့ လက်မခံပါဘူး။ ရခိုင်ပြည်နယ် တွင်း ဖြစ်နေတဲ့ တကယ့် ပြဿနာ အရင်းမြစ်ကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂက သမိုင်းကြောင်းနဲ့တကွ စနစ်တကျ လာရောက် လေ့လာ သုံးသပ် စေချင်ပါတယ် လို့လည်း ဒေါ်စောခင်တင့်က ပြောပါတယ်။

“ကျွန်မတို့ရဲ့ ရခိုင်ဒေသမှာ ရှိတဲ့ ဒီ လူမျိုး နှစ်လုံးပေါ်မှာ တကယ့်ကို ထဲထဲ ၀င်ဝင် ကြည့်မယ်ဆိုရင် ကျွန်မတို့က သူတို့ကို ဖိနှိပ်နေတာ မဟုတ်ဘူး။ သူတို့တွေက အင်အားများစွာနဲ့ ကျွန်မတို့ ရခိုင်တွေကို မနေနိုင်အောင် ဖိနှိပ်နေတာ ပါ။ ဒါဟာ တကယ်ကို ပြောင်းပြန် ကြီး ဖြစ်နေတာကို ကမ္ဘာကြီးက အသေအချာ မမြင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တကယ့် နှိုက်နှိုက်ချွတ်ချွတ် သိချင်တယ်ဆိုရင် ကျွန်မတို့ လို့ လူမှုရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီးတော့ တကယ်လိုက်ပြီးတော့ စုံစမ်းကြည့်ပါလို့။ ဒါကို ကျွန်မ ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်နေတဲ့ လူမှုအသိုင်းအ၀ိုင်း နှစ်ဘက်ကြား နာမည် အသုံးအနှုန်းကြောင့် အခြေအနေတွေ ပိုပြီး ဆိုးရွားမသွားရအောင် NLD အစိုးရ အနေနဲ့ ကြိုးစား ကိုင်တွယ်သွားမှာ ဖြစ်တယ် ဆိုတာကိုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့လက ပြောဆို ခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ဘယ်လို အမည်နဲ့ သုံးနှုန်းခေါ်ဆိုရမလဲ ဆိုတာ မြန်မာအစိုးရဘက်က ကုလသမဂ္ဂမှာ မနေ့က တရားဝင် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေနဲ့ မမှန်ကန်တဲ့ နာမည်တွေပေးပြီး သုံးနှုန်းပြောဆို သွားတာကို မြန်မာအစိုးရက ထောက်ခံမှာ မဟုတ်ကြောင်းနဲ့ အဲဒီလို မှန်ကန်မှု မရှိတဲ့ အမည်တွေ သုံးခြင်းအားဖြင့် အခြေအနေတွေကို ပိုပြီး ဆိုးရွား စေကြောင်း မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက တုန့်ပြန် ပြောဆိုခဲ့သလို မြန်မာနိုင်ငံမှာ Buddhist Fundamentalist လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ အခြေခံဝါဒီ ဆိုတာမျိုး မရှိကြောင်း ငြင်းဆိုသွားခဲ့ ပါတယ်။

ဂျနီဗာမှာ ကျင်းပနေတဲ့ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်း ဆွေးနွေးစဉ်။

မအင်ကြင်းနိုင်
ဗွီအိုအေမြန်မာပိုင်း
18.6.2016

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက် ဘင်္ဂလီလို့ခေါ်ပြီး သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်နေကြသူတွေနဲ့ ပတ်သက်ပြီးတော့ “ရခိုင်ပြည်နယ်က မူဆလင်” လို့ သုံးနှုန်း ပြောဆိုကြဖို့ မြန်မာအစိုးရက ကုလသမဂ္ဂမှာ မနေ့ သောကြာနေ့က ပထမဆုံး အကြိမ် တရားဝင် ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပေါ် ညှင်းပမ်းနှိပ်စက်မှုတွေ အဓိကဖြစ်ပေါ်စေတာဟာ ဘာသာရေး အခြေခံ ၀ါဒီကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Maina Kiai က သုံးနှုံးပြောဆို ခဲ့တဲ့အပေါ်မှာ တုန့်ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်နေတဲ့ လူမှုအသိုင်းအ၀ိုင်းနှစ်ဘက်ကြား နာမည် အသုံးအနှုန်းကြောင့် အခြေအနေတွေပိုပြီးဆိုးရွားမသွားရအောင် NLD အစိုးရ အနေနဲ့ ကြိုးစားကိုင်တွယ် သွားမှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့လက ပြောဆိုခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာ့အသိုင်းအ၀ိုင်းတခုလုံးကို ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ဘယ်လို အမည်နဲ့ သုံးနှုန်းခေါ်ဆိုရမလဲ ဆိုတာ မြန်မာအစိုးရဘက်က ကုလသမဂ္ဂမှာ မနေ့က တရားဝင်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဂျနီဗာမှာကျင်းပနေတဲ့ ၃၂ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက အခုလိုပြောဆိုသွားတာပါ။

"လူမှု အသိုင်းအ၀ိုင်းနှစ်ဘက်ကြားမှာ အဆင်ပြေပြီး အပြန်အလှန် ယုံကြည်မှုရဖို့ အတွက် “ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအ၀ိုင်း”လို့ သုံးနှုန်းပြောဆိုဖို့ မြန်မာ အစိုးရအနေနဲ့ အားလုံးကို အကြံပြုတင်ပြချင်ပါတယ်။"

မနေ့က လူ့အခွင့်အရေးကောင်စီညီလာခံမှာ နိုင်ငံတကာမှာ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခွင့်နဲ့ပတ်သက်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Maina Kiai ရဲ့ အစီရင်ခံစာ အပေါ် မြန်မာအပါအ၀င် အဖွဲ့ဝင်နိုင်ငံတွေက တုန့်ပြန်ဆွေးနွေး ခဲ့ကြတာပါ။ ဒီအစီရင်ခံစာမှာ ဘာသာ၊ အယူအဆ တင်းကျပ်တဲ့ အခြေခံဝါဒီတွေကြောင့် အကြမ်းဖက်မှုတွေဖြစ်ပေါ်စေ တဲ့နိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံလည်း ပါဝင်နေ ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Kiai က ပြောဆိုခဲ့တာပါ။

"မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းနှိပ်စက်မှုအများအပြားကို အဓိကဖြစ်ပေါ်စေတာဟာ ဗုဒ္ဓဘာသာအခြေခံဝါဒီကြောင့်ဖြစ်ပါတယ်။"

အခုလို ကုလသမဂ္ဂအထူးကိုယ်စားလှယ်အနေနဲ့ မမှန်ကန်တဲ့ နာမည်တွေပေးပြီး သုံးနှုန်းပြောဆိုသွားတာကို မြန်မာအစိုးရက ထောက်ခံမှာမဟုတ်ကြောင်းနဲ့ အဲဒီလို မှန်ကန်မှုမရှိတဲ့အမည်တွေသုံးခြင်းအားဖြင့် အခြေအနေတွေကို ပိုပြီး ဆိုးရွားစေကြောင်း မြန်မာအစိုးရကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ Buddhist Fundamentalist လို့ခေါ်တဲ့ ဗုဒ္ဓဘာသာအခြေခံဝါဒီ ဆိုတာမျိုးမရှိကြောင်းအခုလို ငြင်းဆိုသွားပါတယ်။

"မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာအခြေခံဝါဒီဆိုတာလို့ မရှိပါဘူး။ စေတနာ၊ မေတ္တာနဲ့ သည်းခံဖို့ စတာတွေကိုပဲ ဗုဒ္ဓက အဓိကပြောကြားခဲ့တာပါ။ ဒေါသ၊ အမုန်းနဲ့ သည်းခံတဲ့ တရားမရှိတာမျိုးကို ဗုဒ္ဓက သင်ကြားမပေးခဲ့ပါဘူး။ ကျမတို့မြေပေါ်မှာ ဘာသာ၊ အယူအဆ တင်းကျပ်တဲ့ ဘယ်အခြေခံဝါဒီမဆို ကျမတို့အသိုင်းအ၀ိုင်း အများစုက လက်မခံကြပါဘူး။"

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ဇွန်လ (၁၃)ရက်နေ့ကနေ ဇူလိုင် (၁)ရက်နေ့အထိ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Maina Kiai ကမနေ့ကတင်သွင်းတဲ့ အစီရင်ခံစာမှာ ဘာသာ၊ အယူအဆတင်းကျပ်တဲ့အခြေခံဝါဒီတွေဟာ တကမ္ဘာလုံးမှာ ကြီးထွားလာနေပြီး ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်ကို စိုးရိမ်စရာကောင်းလောက်အောင် ခြိမ်းခြောက်နေကြောင်း သတိပေးပြောကြားခဲ့ပါတယ်။



Rohingya Eye
RB News
18.6.2016

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် မြောက်ပိုင်း၊ တောင်ကြီးပြောင်း (စိမ်းဂရီးဖာရာ) ကျေးရွာမှ ဦးဟာဆောင်း (ဘ) ဦးမော်နူမျာ၏ ဒုတိယမြောက်သား အတွက် သတို့သမီး ခေါ်ဆောင်လာရန် ဇွန်လ (၁၃) ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်တွင် မင်္ဂလာဧည့် ပရိသတ် (၂၂) ဦးနှင့် မြောက်ဦးမြို့နယ်၊ အရှေ့ပိုင်း ပေါင်းတုတ်ကျေးရွာရှိ ဦးအာယုပ် (ဘ) ဦးမော်နူဇော်မာ (အသက် ၅၃ နှစ်) ၏ နေအိမ်သို့ စက်လှေဖြင့် သွားနေစဉ်၊ မင်းပြားနှင့် မြောက်ဦး တံတားအနီး၊ မြောင်းဘွယ် ရဲကင်းစခန်းရှေ့တွင် စစ်ဆေးခံခဲ့ရသည်။ ထိုသို့ စစ်ဆေးနေစဉ် မင်္ဂလာဧည့် ပရိသတ် (၂၂) ဦးထဲမှ မမိနာရာဘေဂမ် (ဘ) ဦးဟာလူမျာ (အသက် ၂၃ နှစ်) ထံမှ ဖိနပ်တစ်ရံ၊ ခေါင်းခြုံပုဝါ တစ်ခုနှင့် မိုဘိုင်းဖုန်း တစ်လုံး လုယက်ခဲ့သည်။ ၎င်းက ပြန်တောင်းသည့် အခါ ကင်းစခန်းထဲသို့ ခေါ်ဆောင်သွားမည်ဟု ခြိမ်းခြောက်သဖြင့် ပြန်မတောင်းရဲတော့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ထို့နောက် မင်္ဂလာဧည့် ပရိသတ်ထဲမှာ လူငယ် (၃) ဦးကို ကင်းစခန်းမှ ရဲများက ဖမ်းဆီးထားပြီး ကျန်သည့်လူများကို သွားခွင့်ပြုခဲ့သည်။

ရဲများက ဖမ်းဆီးထားသည့် လူငယ် (၃) ဦးကို ပြန်လွှတ်ပေးရန် ငွေကျပ် (၆) သိန်း တောင်းခံခဲ့ရာ၊ တောင်းကြီးပြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက အာမခံပေးသဖြင့် အဆိုပါ လူငယ် (၃) ဦးကို ပြန်လည် လွှတ်ပေးခဲ့သည်။ ရဲများတောင်းသည့် ငွေများကို ဇွန်လ (၁၄) ရက်နေ့ နံနက် (၁၀) နာရီတွင် ပေးခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။

ဖမ်းဆီးခံရသည့် လူငယ် (၃) ဦးမှာ --

(၁) ဦးမာမတ်ဆာဒဲခ် (ဘ) ဦးမာမတ်တာဟဲရ် (အသက် ၃၅ နှစ်)
(၂) ဦးမာမတ်နူရ် (ဘ) ဦးမာမတ်တာဟဲရ် (အသက် ၂၅ နှစ်)
(၃) ဦးအုမောရ်ဟာကိမ်း (ဘ) ဦးဆီရာဇူလ်ဟောက် (အသက် ၃၅ နှစ်) -- တို့ဖြစ်ပြီး ၎င်းတို့သည် ငွေရေးကြေးရေး အဆင်မပြေသူများ ဖြစ်ကြသည်။

အဆိုပါ ကင်းစခန်းကို ဖြတ်ကျော်သွားလျှင် ငွေကျပ် ငါးရာစီ ပေးနေရသည့် အပြင် ရဲများက ဒေသခံများကို နည်းမျိုးစုံဖြင့် နှောက်ယှက် ပေးနေသည့် ကင်းစခန်း တစ်ခုဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
18.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဘုရားပြင်အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သူ မူဟိဘူလ္လာသည် ရွာသားများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်နေကြောင်း သတင်း ရရှိပါသည်။

ဘုရားပြင်အောင်ပ ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် အလွန်ရင်းနှီးပြီး တပည့်သဖွယ် ဖြစ်နေသူ မူဟိဘူလ္လာ (ဘ) ဦးဆွေယာဒ်ကာဆိမ်း (အသက် ၃၂ နှစ်) ကို အုပ်ချုပ်ရေးမှူးက လိုသလို အသုံးချ၍ ဒေသခံ ရိုဟင်ဂျာများကို နှိပ်စက်စေသည့် အပြင် နည်းမျိုးစုံဖြင့် ငွေညှစ်ခိုင်းကြောင်း ဒေသခံများက RB News သို့ပြောသည်

တပည့် မူဟိဘူလ္လာသည် ဘုရားပြင်အောင်ပ ကျေးရွာမှ အာဘူတောလ်ဟာ (ဘ) ဦးဘာဆဲရ် (အသက် ၁၉ နှစ်) ထံမှ လွန်ခဲ့သော ဇွန်လ (၂) ရက်နေ့က အုပ်ချုပ်ရေးမှူးကို ဖုန်းဖြင့် ဆဲဆိုခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် (၅) သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

အလားတူ ဇွန်လ (၅) ရက်နေ့တွင် မူဟိဘူလ္လာသည် သစ်တောဦးစီးဌာနမှ အရာရှိ (၃) ဦးကို ခေါ်လာပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ခွင့်ပြုချက်ခြင့် အိမ်ဆောက်ခဲ့သည် ဦးအစ္စလာမ် (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၄၂ နှစ်) ကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် (၄) သောင်း ညှစ်ယူခဲ့သည်။ ဦးအစ္စလာမ်သည် အိမ်ဆောက်ရာတွင် လိုအပ်သည့် သစ်ဝါးများကို မိမိကိုယ်တိုင် သစ်ဝါးခုတ်ပြီး အိမ်ဆောက်ခဲ့ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာမှ တရားဝင် လိုင်စင်ရယူပြီး သစ်ဝါးရောင်းချနေသူများ ထံမှ ၀ယ်ယူ၍ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။



MYARF
RB News
17.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တပ်ရင်းမှူး၏ ကိုယ်ရေးအရာရှိ တပ်သား ဇော်နိုင်ထွန်းသည် ဒေသခံ ရိုဟင်ဂျာ တစ်ဦးထံမှ ငွေကျပ် သုံးသိန်းခုနှစ်သောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၁၂) ရက်နေ့တွင် တပ်သား ဇော်နိုင်ထွန်းသည် ငါးခူရကျေးရွာမှ ဦးရော်ရှိတ်အာမတ် (ဘ) ဦးဆိဒိတ်အာမတ်၏ နေအိမ်သို့ သွားရောက်၍ ဦးရော်ရှိအာမတ်၏ မိခင်သည် BD ပြေး တရားခံ တစ်ဦးဖြစ်သည်ဟု ခြိမ်းခြောက် ပြောဆို၍ ငွေကျပ် တစ်သိန်း နှစ်သောင်း ညှစ်ယူခဲ့သည်။

တစ်ဖန် ဇွန်လ (၁၅) ရက်နေ့တွင် အဆိုပါ တပ်သား ဇော်နိုင်ထွန်းသည် ဦးရော်ရှိတ်အာမတ်၏ နေအိမ်ကို သွားရောက်၍ ဖမ်းဆီးရန် သွားရာ ရှာမတွေ့သဖြင့် အိမ်ရှေ့တွင် ထားသည့် ဆိုင်ကယ်တစ်စီးကို စခန်းမှူးအမိန့်အရဟု ဆိုကာ အတင်းအဓမ္မ သိမ်းယူသွားခဲ့သည်။

ဆိုင်ကယ်ကို သိမ်းယူသွားပြီးနောက် ဦးရော်ရှိတ်အာမတ်ကို လိုက်လံဖမ်းဆီးပြီး စခန်းသို့ ခေါ်ဆောင်သွားကာ ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူ၍ ဆိုင်ကယ်ကို ပြန်လည် ပေးအပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

“တပ်သား ဇော်နိုင်ထွန်းက ငါးခူရကျေးရွာမှာ နေတဲ့ သူ့ရဲ့ ယောက္ခထီး ဦးအပျော်အောင်နဲ့ ပူးပေါင်းပြီး လောင်စာဆီ အရောင်းဆိုင် တစ်ဆိုင် ဖွင့်ခဲ့တယ်။ အဲဒီဆိုင်ကနေ ဆိုင်ကယ်ဆီ မ၀ယ်တဲ့ ကျေးရွာပေါင်း (၈) ရွာလောက်က ကယ်ရီသမားတွေ ဆီက ငွေကျပ် တစ်သောင်းနဲ့ ဆီနှစ်ဂါလံစီ လစဉ် ဆက်ကြေးလို ကောက်တယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး အနေဖြင့် ဒေသခံ ရိုဟင်ဂျာများကို မတရားနှိပ်စက်ပြီး ငွေညှစ်နေသည့် လက်အောက်ငယ်သား တပ်ဖွဲ့ဝင်များကို အချိန်မှီ ဆိုဆုံးမပေးပါရန် ဒေသခံများက လိုလားနေကြောင်း အဆိုပါ ဒေသခံက ဆက်လက်ပြောပါသည်။

Rohingya Exodus