နောက်ဆုံးသတင်း/ဆောင်းပါးများ

MYARF
RB News
19.9.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အထက်ကျွဲကြိုမော် ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ဒေသခံ ရွာသား (၁၄) ဦးထံမှ ငွေကျပ် (၁၅) သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ အထက်ကျွဲကြိုမော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလင်းလင်း (ဘ) ဦးရွှေမောင်သည် စက်တင်ဘာလ (၁၀) ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် ကျေးရွာ ယာယီ အုပ်ချုပ်ရေးမှူး (ကျေးရွာတာဝန်ခံ) ဦးဆော်လိမ်၊ ရာအိမ်မှူး (၄) ဦးတို့နှင့် အတူ ရိုဟင်ဂျာရွာအတွင်းသို့ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို ကျေးရွာတွင် ဆူပူသောင်းကျန်းအောင် ပြုလုပ်နေသည်ဟု သက်သေ အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ မတရားသဖြင့် လုပ်ကြံဖန်တီး၍ စွပ်စွဲပြောဆိုကာ ငွေတောင်းခံခဲ့ကြောင်း၊ ငွေမပေးပါက မြို့နယ် အုပ်ချုပ်ရေးသို့ ကျေးရွာ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားရန် ကြံစည်မှုနှင့် အစီရင်ခံ တင်ပြမည်ဟု ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခဲ့ကြောင်း၊ မတရားသဖြင့် ခြိမ်းခြောက်ခံခဲ့ရသည့် ရွာသားများကလည်း စာရင်းပါသွားလျှင် သက်ဆိုင်ရာမှ တရားမျှတစွာ စုံစမ်းစစ်ဆေးမှုမရှိဘဲ အရေးယူခံရမည်ကို စိုးရိမ်ကြောင့်ကြ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က တောင်းခံနေသည့် ငွေပမာဏကို ပေး၍ ပြန်လည် လွတ်မြောက်လာခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

အုပ်ချုပ်ရေးမှူးနှင့် အတူ လိုက်ပါသွားသည့် ရာအိမ်မှူး များမှာ --

(၁) ဦးကာလာမျာ (ဘ) ဦးဟော်လိလ်
(၂) ဦးမာမတ်ဂျော်မိလ် (ဘ) ဦးအီဆုပ်
(၃) ဦးဟာဘီအုလ္လာ (ဘ) ဦးဆော်လာမတ်
(၄) ဦးဂျော်မိလ် (ဘ) ဦးတာဟဲရ် -- တို့ဖြစ်သည်။

ငွေညှစ်ခံရသူ ရွာသား (၁၄) ဦးမှာ --

(၁) ဦးနုရုလာမိန် (ဘ) ဦးအဒူလာမိန် (အသက် ၃၅ နှစ်) (ညှစ်ခံရငွေကျပ် တစ်သိန်းငါးသောင်း)
(၂) ဦးအာနိုဝါရ် (ဘ) ဦးဒေါ်လီရာမတ် (အသက် ၂၈ နှစ်) (ညှစ်ခံရငွေကျပ် တစ်သိန်း)
(၃) ဦးအဘုလ်ကာဆိမ်း (ဘ) ဦးနာဂူမျာ (အသက် ၃၀ နှစ်) (ညှစ်ခံရငွေကျပ် ၇ သောင်း)
(၄) ဦးအဘုလ်ကာဆိမ်း (ဘ) ဦးဟူဆောင်း (အသက် ၂၇ နှစ်) (ညှစ်ခံရငွေကျပ် ၇ သောင်း)
(၅) ဦးအာဘူတာဟေရ် (ဘ) ဦးအီမာန်ရှော်ရိဖ် (အသက် ၃၃ နှစ်) (ညှစ်ခံရငွေကျပ် ၇ သောင်း)
(၆) ဦးနုရ်အာလောမ် (ဘ) ဦးကာလာမျာ (အသက် ၃၆ နှစ်) (ညှစ်ခံရငွေကျပ် ၇ သောင်း)
(၇) ဦးရှော်ဖီအုလ္လာ (ဘ) ဦးဆော်လာမတ် (အသက် ၃၅ နှစ်) (ညှစ်ခံရငွေကျပ် ၇ သောင်း)
(၈) ဦးမုခ်တာရ်အာမတ် (ဘ) ဦးဆွေတာမတ် (အသက် ၅၆ နှစ်) (ညှစ်ခံရငွေကျပ် ၇ သောင်း)
(၉) ဦးအဘုလ်ဖော်ယာစ် (ဘ) ဦးအဘုလ်ဟူဆောင်း (အသက် ၃၀ နှစ်) (ညှစ်ခံရငွေကျပ် တစ်သိန်း)
(၁၀) ဦးအဒူလ္လာ (ဘ) ဦးဒိလ်မာမတ် (အသက် ၃၅ နှစ်) (ညှစ်ခံရငွေကျပ် နှစ်သိန်း)
(၁၁) ဦးမာဆော်လာမ် (ဘ) ဦးဘာရိုး (အသက် ၄၅ နှစ်) (ညှစ်ခံရငွေကျပ် သုံးသိန်း)
(၁၂) ဦးလာလ်မျာ (ဘ) ဦးဟူဆောင်းအလီ (အသက် ၂၈ နှစ်) (ညှစ်ခံရငွေကျပ် တစ်သိန်း)
(၁၃) ဦးအာဇော်လ်ကော်ရိမ်း (ဘ) ဦးဆွေယာဒ်ကော်ရိမ်း (အသက် ၃၀ နှစ်) (ညှစ်ခံရငွေကျပ် တစ်သိန်း)
(၁၄) ဦးလူလာမိန်း (ဘ) ဦးအလီအာဘောရ် (အသက် ၅၂ နှစ်) (ညှစ်ခံရငွေကျပ် တစ်သိန်း) -- တို့ဖြစ်သည်။

အုပ်ချုပ်ရေးမှူး ဦးလင်းလင်းသည် အုပ်ချုပ်ရေးမှူး ရာထူးဖြင့် ရွာသားများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်လာသည်မှာ ၂၀၀၇ ခုနှစ်ကစ၍ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။




MYARF
RB News
19.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍ ရွာသူ/သား များထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဟာလေစ်အာမတ် က အမှုတစ်ခုပေါ်တိုင်း ယင်းကျေးရွာအုပ်စုရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး အပါအ၀င် အနည်းဆုံး နယ်ခြားစောင့်ရဲ (၃) ဦး ခေါ်ယူပြီး မဟုတ်မမှန် ခြိမ်းခြောက်ခိုင်းကာ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

စက်တင်ဘာလ (၁၄) ရက်နေ့တွင် ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စုရှိ လဘက်ရည်ဆိုင် ပိုင်ရှင်များ ဖြစ်ကြသည့် (၁) အဘူကာလာမ် (ဘ) ဦးနော်ဇိရ်အာမတ် (အသက် ၁၈ နှစ်) (၂) အီနုစ် (ဘ) ဦးကာမာလ် (အသက် ၂၈ နှစ်) နှင့် (၃) ဂျမာလ် (ဘ) ဦးအဒူရှကုရ် (အသက် ၂၉ နှစ်) တို့ (၃) ဦးထံမှ အုပ်ချုပ်ရေးမှူး၏ အစ်ကိုဖြစ်သူ ရပ်မိရပ်ဖ ဦးဟာဘီအုလ္လာက ငွေကျပ် တစ်သောင်းစီကို အုပ်ချုပ်ရေးမှူး၏ ကိုယ်စား ကောက်ခံခဲ့သည်။ လဘက်ရည်ဆိုင်တွင် Laptop ဖွင့်ခွင့် ပေးထားသော်လည်း နယ်ခြားစောင့်ရဲ (၃) ဦး ခေါ်ယူကာ မတရားသဖြင့် ဖမ်းဆီး၍ ငွေကျပ် ၈၀၀၀ စီ ဒဏ်ခတ်ခဲ့သည်။ ထို့အပြင် ကလေးများကို ဒန်းစီးပြနေသူ ရှောမ်ရှုအာလောမ် (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၂၂ နှစ်) ထံမှလည်း အကြောင်းမဲ့ ငွေကျပ် တစ်သောင်း ညှစ်ယူခဲ့သည်။

ကုရ်ဘာနီ ရက်အတွင်းတွင်လည်း သားကောင်တစ်ကောင်လျှင် ငွေကျပ် ၇၀၀၀ မှ ၈၀၀၀ ကျပ်စီ ကောက်ခံခဲ့သည်။

စက်တင်ဘာလ (၁၇) ရက်နေ့တွင် လူငယ်နှစ်ဦး ရန်ဖြစ်ခဲ့ကြရာ အရိုက်ခံရသူ အဒူမာလေခ် (ဘ) ဦးဟာဆူ (အသက် ၂၀ နှစ်) က ရိုက်သူ အေဟ်ဆာန် (ဘ) ဦးဖော်ဇော်လ် (အသက် ၁၅ နှစ်) အတွက် အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့သည်။ အုပ်ချုပ်ရေးမှူးက တရားခံဖြစ်သူ၏ ညီအစ်ကို (၃) ဦးကို ရုံးသို့ ဆင့်ခေါ်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လွှဲအပ်ခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲ များက အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေးနှင့် ဥပဒေစိုးမိုးရေးကို မစဉ်းစား မဆောင်ရွက်ဘဲ ၎င်း၏ မိသားစု ကြီးပွားချမ်းသာရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ အုပ်ချုပ်ရေးမှူး ရာထူးရလာသည့် ငါးလတာ ကာလအတွင်း ပေးနေသည့် ဒုက္ခများပင် မခံစားနိုင်လျှင် လာမည့် ငါးနှစ်တာ ကာလတာ အတွင်း မည်ကဲ့သို့ ပြုလုပ်ရမည်ကို စဉ်းစား၍ပင် မရနိုင်ကြောင်း၊ ရွာသားများ အားလုံး ဥစ္စာပစ္စည်းများ အားလုံး အုပ်ချုပ်ရေးမှူးကို အပိုင်ပေး၍ ထွက်ပြေးရမည့် အနေအထားပင် ဖြစ်နေသောကြောင့် သက်ဆိုင်ရာ အာဏာပိုင်များက လိုအပ်သလို အရေးယူ ဆောင်ရွက် ပေးနိုင်ရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
19.9.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ်မှ တပ်ဖွဲ့ဝင် (၇) ဦးသည် သီဟိုဠ်ကျွန်း ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာလူငယ် (၃) ဦးကို ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သည်ဟု မတရားသဖြင့် စွပ်စွဲ ဖမ်းဆီး ရိုက်နှက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ငွေညှစ်ခြင်း ခံရသူများမှာ --

(၁) ဦးအာန်ဆာရ်အုလ္လာ (ဘ) ဦးဇာဖောရ် (ညှစ်ခံရငွေ ကျပ် ၅ သောင်း)
(၂) ဦးနူရ်ဘော်ရှော်ရ် (ဘ) ဦးနူရ်ဆောလာမ် (ညှစ်ခံရငွေကျပ် ၂၅၀၀၀)
(၃) ဦးနူရ်မာမတ်၏ အသက် (၁၅) နှစ် အရွယ်သား (ညှစ်ခံရငွေကျပ် ၂၅၀၀၀) - တို့ဖြစ်သည်။

စက်တင်ဘာလ (၁၅) ရက်နေ့ ည ၉း၃၀ နာရီတွင် မောင်တောမြို့နယ် မြောက်ပိုင်း သီဟိုဠ်ကျွန်း (ယခင် ဘက္ကားဂုံးနား) ကျေးရွာ အတွင်းရှိ ကွမ်းယာဆိုင်မှ ကွမ်းယာ ၀ယ်နေသည့် ဒေသခံ ရိုဟင်ဂျာ လူငယ် (၃) ဦးကို ကျီးကန်းပြင် အခြေစိုက် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်မှ ကားတစ်စီးဖြင့် ကင်းလှည့်နေသည့် တပ်ဖွဲ့ဝင် (၇) ဦးက ညမထွက်ရ အမိန့်ကို ဖောက်ဖျက် ကျူးလွန်သည် လုပ်ကြံ စွပ်စွဲ၍ လက်ထိပ်ခတ်ဖမ်းဆီးကာ ကားပေါ်တင်ပြီးနောက် ငွေကျပ် တစ်သိန်း ညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

အလားတူ တစ်ချိန်တည်းတွင် အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဟာဘီရွာမှ ဆိုင်ကယ်တစ်စီးဖြင့် အိမ်ပြန်နေသည့် သီဟိုဠ်ကျွန်း ကျေးရွာ ဦးနိုမာန် (ဘ) မော်လ၀ီယာစီးန်နှင့် ရိုဟင်ဂျာတစ်ဦး ကိုလည်း ညမထွက်ရ အမိန့် ဖောက်ဖျက် ကျူးလွန်သည်ဟု စွပ်စွဲ၍ ထိုးကြိတ် ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင် သွားနေစဉ် လူငယ်နှစ်ဦးက ငွေကျပ် တစ်သိန်းငါးသောင်း ပေး၍ ပြန်လည် လွတ်မြောက်လာခဲ့သည်။

မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် ညမထွက်ရအမိန့်မှာ ည ၁၁ နာရီမှစ၍ နံနက် ၅ နာရီထိ ဖြစ်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များက အတိအလင်း ကြေညာထားသော်လည်း ယခုရက်ပိုင်းတွင် ကျီးကန်းပြင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ တပ်ဖွဲ့ဝင် အချို့သည် ရွာများထဲသို့ ကားများ၊ ဆိုင်ကယ်များဖြင့် ညမထွက်ရ အချိန်မတိုင်မီ ကင်းလှည့်၍ လမ်းတစ်လျှောက်တွင် တွေ့မြင်သမျှ ရိုဟင်ဂျာများကို ညမထွက်ရ အမိန့် ဖောက်ဖျက်ကျူးလွန်သည်ဟု လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးခြင်း၊ အနှောက်အယှက်ပေးခြင်း၊ ထိုးကြိတ်ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။


 

Rohingya Eye
RB News
18.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ငါးခူရ ကျေးရွာ အခြေစိုက် နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ များသည် စက်တင်ဘာလ (၁၂) ရက်နေ့တွင် ဦးရှဥ့်ကျရွာမှ ဒေသခံရိုဟင်ဂျာ ရွာသား (၈)ဦးကို ပြင်ပလောကတွင် မရှိသည့် RSO အဖွဲ့နှင့် ဆက်သွယ်ကာ လက်နက်များ သိုဝှက် ထားသည်ဟု လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်လျက်ရှိရာ ဖမ်းဆီးထားသူများထံမှ (၃) ဦးအတွက် စက်တင်ဘာလ (၁၆) ရက်နေ့က မောင်တော မြို့နယ် တရားရုံးမှ ရမန်ယူခဲ့သည်။ 

ရမန်ယူပြီးနောက် နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ဆက်လက် ချုပ်နှောင်ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

တရားရုံးတွင် ရမန် ယူရန် အတွက် ဖမ်းဆီးခံထားရသူ (၃) ဦးကို ခေါ်ဆောင်လာစဉ် မော်လ၀ီ အာယုဖ် (ဘ) ဦးကာမာလ် (အသက် ၂၇ နှစ်) ၏ လက်သည်း၊ ခြေသည်းများ မရှိတော့သည်ကို တွေ့ရကြောင်း၊ ထို့အပြင် မုတ်ဆိတ်များကိုလည်း မီးရှို့ထားသည်ကို တွေ့ရသည်ဟု မျက်မြင်သက်သေ တစ်ဦးက ပြောပါသည်။ (၃) ဦးစလုံးကို မတရားအသင်းအဖွဲ့နှင့် ဆက်သွယ်မှု ပုဒ်မ (၁၇/၁) ဖြင့် ရမန်ယူထားကြောင်း သိရသည်။ ၎င်းတို့ (၃) ဦးမှာ --

(၁) မော်လ၀ီအာယုဖ် (ဘ) ဦးကာမာလ် (အသက် ၂၇ နှစ်)
(၂) အာရော်ဖ် (ဘ) ဦးနူအာလာမ် (အသက် ၂၁ နှစ်)
(၃) ခိုက်ဆဲရ် (ဘ) ဦးမိုဟာမတ်အလီ (အသက် ၂၈ နှစ်) - တို့ဖြစ်သည်။ 

၎င်းတို့နှင့် အတူ ဖမ်းဆီးထားသည့် အခြား (၅) ဦးကို စက်တင်ဘာလ (၁၆) ရက်နေ့ နံနက် ၉  နာရီခွဲ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။ လွှတ်ပေးလိုက်သူများ ဖြစ်ကြသည့် အပ်ချုပ်သမား ဦးဖော်ရီဇူလ္လာ (ဘ) ဦးမိုဟာမတ်ဆော်ယောဒ် (အသက် ၃၉  နှစ်) ထံမှ ငွေကျပ် (၁၀) သိန်းကို နယ်မြေ (၅) တာဝန်ခံ ဒုရဲအုပ်က လည်းကောင်း၊ ကျန် (၄) ဦးအတွက် နယ်မြေ (၅) ရဲမှူးမှ တဆင့် ကွပ်ကဲရေးမှူး အားလည်းကောင်း ပေးခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ထို့အပြင် ၎င်းတို့ (၅) ဦးလုံးထံမှ လွှတ်ပေးရာတွင် ငွေညှစ်ခံရခြင်း မရှိကြောင်း၊ ပြင်ပဆေးခန်းတွင် ဆေးကုသမှု ပြုလုပ်မည် မဟုတ်ကြောင်း အတင်းအဓမ္မ ခံဝန်ချက် ယူခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ ၎င်းတို့သည် ညှဉ်းပန်းနှိပ်စက်ခံရမှုများကြောင့် ယခုအချိန်ထိ အိပ်ရာတွင်လှဲနေရပြီး၊ စကားပင် ကောင်းမွန်စွာ ပြောဆိုနိုင်ခြင်း မရှိသေးဟု ဒေသခံများက ဆိုသည်။ 

ရမန်ယူ၍ ဆက်လက် ချုပ်နှောင်ထားသူ (၃) ဦးကို ပြန်လည် လွှတ်ပေးရန် အတွက် ငွေကျပ် သိန်း ၁၀၀ တောင်းခံလျက် ရှိကြောင်း သိရသည်။ 

ယနေ့ စက်တင်ဘာလ (၁၈) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ဦးရှဥ့်ကျ ရွာသား (၄) ဦးကို နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ကိုယ်တိုင် လာရောက် အစစ်ဆေးခံရန် ဆင့်ခေါ်စာ ပို့ခဲ့သည်။ အဆိုပါစာတွင် ကိုယ်တိုင် လာရောက် စစ်ဆေးမခံလျှင် BD  ပြေးအဖြစ် ကြေညာမည်ဟု ခြိမ်းခြောက် ရေးသားထားကြောင်း ရွာသားများက ပြောပါသည်။ 

"ရွာထဲမှာ မောင်မောင်စိုး ဆိုတဲ့လူက နယ်မြေရုံး အတွက် အလုပ်လုပ်တယ်။ နယ်မြေရုံးကို ငွေရှာပေးဖို့ အတွက် မဟုတ်မမှန် သတင်းတွေ အစီရင်ခံရတယ်။ အဲဒီတော့ မောင်မောင်စိုး ကြောင့် ကျွန်တော်တို့ ရွာသားတွေ ဒုက္ခရောက်ရတဲ့ အပိုင်းတွေလည်း ရှိနေတယ်။ အဲဒါကြောင့် အထက် အာဏာပိုင်တွေ အနေနဲ့ မောင်မောင်စိုး ကိုလည်း ပြင်းပြင်းထန်ထန် အရေးယူ ဟန့်တား ပေးဖို့ လိုတယ်" ဟု ဒေသခံလူကြီး တစ်ဦးက ပြောပါသည်။ 








ရိုဟင်ဂျာတို့ရဲ့အိပ်မက်များ 

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
18.9.2016


ကျနော်တို့ ရိုဟင်ဂျာတွေက-
အာဏာရှင်တွေ လုယူလိုက်တဲ့
ရိုဟင်ဂျာတွေရဲ့မူလ အခွင့်အရေးကို တောင်းဆိုနေကြတယ်။

တစ်ချိန်တည်းမှာပဲ-
တစ်ဌာနေနေ ညီအစ်ကို မောင်နှမ
ရခိုင်တွေရဲ့ လူ့အခွင့်အရေးနဲ့
အဖက်ဖက်က ဆုတ်ယုတ်လာတဲ့
စီးပွားရေးတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ၊
ပညာရေးတွေ၊ လူမှုဘဝတွေ
အရာရာ တိုးတက်လာဖို့ ဆန္ဒရှိတယ်။ 

ထို့အတူပဲ- 
မြန်မာတစ်နိုင်ငံလုံးက ပြည်သူပြည်သားတိုင်းလည်း 
ရခဲလှတဲ့ လူ့ဘဝတိုတိုလေးကို
လွတ်လွတ်လပ်လပ်နဲ့၊
လုံလုံခြုံခြုံနဲ့၊
လူ့အခွင့်အရေးအပြည့်အဝနဲ့၊
ပျော်ပျော်ရွှင်ရွှင်နဲ့၊
အေးအေးချမ်းချမ်းနဲ့
နေထိုင်ဖြတ်သန်းနိုင်ကြဖို့ မျှော်လင့်ပါတယ်။ 

ထို့အပြင်-
အမိမြန်မာနိုင်ငံကိုလည်း
လူမျိုးဘာသာ၊ အသားအရောင်၊ လိင်အင်္ဂါ၊
နေရာဒေသ မခွဲမခြားတဲ့၊
တန်းတူညီမျှတဲ့၊
ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်
ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်တယ်။

RB News
17.9.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် မယူမြစ် အရှေ့ဘက်ကမ်း ကျောက်တန်း နယ်မြေအတွင်းရှိသည့် (၁) အာကာတောင် ကျေးရွာ၊ ရက်ခုန်းတိုင် ကျေးရွာအုပ်စု​ (၂) ကံဆိပ်ကျေးရွာ၊ အုတ်ဖို ကျေးရွာအုပ်စု (၃) ဆင်ခုန်းတိုင် ကျေးရွာ တို့မှ ဒေသခံ ရိုဟင်ဂျာများသည် လယ်ယာ စိုက်ပျိုးရေး၊ ကျွဲ၊နွား၊ဆိတ် မွေးမြူရေး၊ ကျွဲ၊နွား အရောင်းအ၀ယ် လုပ်ငန်းတို့ဖြင့် အဓိက အသက်မွေးဝမ်းကျောင်း ပြုကြသည်။ 

၂၀၁၂ ခုနှစ်တွင် ရခိုင်လူမျိုးများ၏ ဖိနှိပ်ခြင်း၊ စီးပွားရေးအရ ပိတ်ဆို့ခြင်းများကို ခံခဲ့ရသည်။ ၂၀၁၄ ခုနှစ်မှ စ၍ ယခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့ထိ ရိုဟင်ဂျာလူမျိုးများနှင့် ရခိုင်လူမျိုးများ အကြား ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာခဲ့သည်။ 

သို့သော်လည်း စက်တင်ဘာလ (၁၁) ရက်နေ့မှ စ၍ ရသေ့တောင်မြို့နယ်၊ ကျောက်တန်း နယ်မြေမှ ရခိုင်လူမျိုးများက ရိုဟင်ဂျာလူမျိုး များကို စီးပွားရေး ပိတ်ဆို့ခြင်း၊ ရခိုင်ရွာများနှင့် နီးစပ်သော လယ်ယာမြေ များတွင် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် မပေးတော့ခြင်းများ ခံနေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

၂၀၁၂ ခုနှစ်ကဲ့သို့ ပိတ်ဆို့မှုများ ထပ်မံ ဖြစ်ပေါ်လာခြင်းကြောင့် ဒေသခံ ရိုဟင်ဂျာများက စိုးရိမ်လျက် ရှိနေကြသည်ဟု ဆိုသည်။







MYARF
RB News
17.9.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် သင်္ဂနက် ကျေးရွာ အခြေစိုက် ခမရ (၅၅၂) တပ်ရင်းမှ စစ်သား နှစ်ဦးက အသက် ၆၀ ကျော် ရိုဟင်ဂျာ အဖွားအို တစ်ဦးကို ဓါးဖြင့် ထိုးပြီးနောက် ပစ်ချထားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

စက်တင်ဘာလ (၁၅) ရက်နေ့ ည ၁၀း၃၀ နာရီခန့် အချိန်တွင် သင်္ဂနက် ကျေးရွာ အခြေစိုက် ခမရ (၅၅၂) တပ်ရင်းမှ ရိက္ခာမှူး ဆရာကြီး စန်းထွန်းနှင့် စစ်သား တစ်ဦးတို့သည် အရက်သေစာ သောက်သုံးပြီး၊ သင်္ဂနား ကျေးရွာအုပ်စု၊ ရှူတောင်ရွာမှ ဦးဇော်ကော်ရီယာ၏ နေအိမ်သို့ တိတ်တဆိတ် ကျူးကျော်ဝင်ရောက်ကာ ဦးဇော်ကော်ရီယာ၏ ဇနီး (အသက် ၂၃ နှစ်ခန့်) ကို အတင်းအဓမ္မ မုဒိန်းကျင့်ရန် ဆွဲနေသည့် အချိန်တွင် ဦးဇော်ကော်ရီယာ၏ မိခင်ဖြစ်သူ ဒေါ်ဟာလေမာ (အသက် ၆၀ ကျော်) က အော်ဟစ် တားဆီးရန် ကြိုးစားခဲ့သည်။ ထိုစဉ် စစ်သားနှစ်ဦးက ၎င်းကို အိမ်အပြင်ဆွဲထုတ်၍ ကန်ကျောက်ခဲ့သည်။ 

ထို့နောက် စစ်သားနှစ်ဦးက နေအိမ်ထဲသို့ ပြန်ဝင်၍ ဦးဇော်ကော်ရီယာ၏ ဇနီးကို အဓမ္မပြုကျင့်ရန် ဆက်လက်၍ ကြိုးစားနေစဉ် ဒေါ်ဟာလေမာက ငိုကြွေး အော်ဟစ်သောကြောင့် စစ်သားနှစ်ဦးက ၎င်းကို ရွာအပြင်ဘက်ရှိ အုတ်ဖိုကျင်း ရှိရာသို့ ဆွဲယူသွားပြီး သတိလစ်သည် အထိ လူမဆန်စွာ ရိုက်နှက်သည့်အပြင် ခေါင်းကို ဓါးဖြင့် တစ်ချက်ထိုး၍ ပစ်ချသွားခဲ့ကြောင်း ဒေသခံ ရွာသားများက RB News  သို့ပြောသည်။ 

ခမရ (၅၅၂) တပ်ရင်းမှ တပ်ရင်းမှူး ဖြစ်သူသည် ခရီးလွန်နေ၍ ဗိုလ်မှူးတစ်ဦးကို ယာယီ တပ်ရင်းမှူး တာဝန် ပေးအပ်ထားသည်။ ရွာသားများက ယာယီ တပ်ရင်းမှူး ဖြစ်သူ ဗိုလ်မှူးကို ဖြစ်စဉ် အသေးစိတ်ကို ရှင်းပြပြီး တိုင်ကြားခဲ့သော်လည်း ရာဇ၀တ်မှု ကျူးလွန်သည့် စစ်သားများကို အပြစ်ပေး အရေးယူရမည့် အစား၊ သတင်းပေါက်ကြားသွားမည်ကို စိုးရိမ်၍ ဓါးထိုးခံရသူ အဖွားအိုကို မည်သည့် ဆေးရုံသို့မှ မပို့နိုင်အောင် ပိတ်ပင် တားဆီးလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

ယာယီ တပ်ရင်းမှူး ဗိုလ်မှူးက တောင်ဘဇာရှိ သွားဖွားဆရာမ တစ်ဦးကို ခေါ်ပေးပြီး ဓါးထိုးခံရသည့် အဖွားအိုကို ဆေးကုသပေးလျက် ရှိသော်လည်း အဖွားအိုမှာ ဓါးထိုးခံရသည့် ဒဏ်ရာ၊ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ ပြင်းထန်သောကြောင့် လုံလောက်သည့် အရေးပေါ် ဆေးကုသမှု မရရှိပါက အသက်ပါ ဆုံးရှုံးသွားမည်ကို ဒေသခံများက အထူး စိုးရိမ်လျက် ရှိနေကြသည်။ 





Rohingya Eye
RB News
15.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်သည် စက်တင်ဘာလ (၈) ရက်နေ့တွင် နှုတ်အမိန့်ဖြင့် ကုရ်ဘာနီ သားကောင်များကို ဒေသခံ ရိုဟင်ဂျာများ၏ အိမ်ခြံဝင်း အတွင်း လုပ်ခွင့် ပိတ်ပင်ခဲ့သော်လည်း အဆိုပါ အမိန့်ကို ဒေသခံ ရိုဟင်ဂျာများက လက်မခံသဖြင့် စက်တင်ဘာလ (၁၁) ရက်နေ့တွင် သားကောင် တစ်ကောင်လျှင် ငွေကျပ် နှစ်ထောင်စီ ကောက်ခံရန် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို ညွန်ကြားခဲ့သည်။ အုပ်ချုပ်ရေးမှူး များကလည်း မြို့နယ် အုပ်ချုပ်ရေးမှူး၏ အမိန့်ကြောင့် အချို့ရပ်ကွက်များတွင် ကောက်ခံခိုင်းသည်ထက် ပိုမို၍ ကောက်ခံခဲ့သည်။

(၁) အမှတ် (၂)၊ (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး များက သားကောင် တစ်ကောင်လျှင် ငွေကျပ် (၃) ထောင်စီ ကောက်ခံခဲ့ပြီး၊ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ငွေကျပ် (၄) ထောင်စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

(၂) အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းရွေက ငွေကျပ် နှစ်ထောင်စီ ကောက်ခံခဲ့ပြီး၊ အီးဒ်နေ့ စက်တင်ဘာလ (၁၃) ရက်နေ့တွင်လည်း နေအိမ်များတွင် ကုရ်ဘာနီ လုပ်သည်ဟု ဆိုကာ ငွေကျပ် ၅ ထောင်စီ ထပ်မံ၍ ကောက်ခံခဲ့သည်။

(၃) အင်းဒင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းချေက သားကောင် တစ်ကောင်လျှင် ငွေကျပ် (၇) ထောင်စီ ကောက်ခံခဲ့ပြီး၊ အီးဒ်နေ့တွင်လည်း ၎င်းအတွက်ဟု ဆိုကာ အမဲသား ၆၀ ကျပ်သားစီ ကောက်ခံခဲ့သည်။

(၄) သ၀န်းချောင်း အုပ်ချုပ်ရေးမှူး ဦးဆော်လိမ်က သားကောင်တစ်ကောင်လျှင် ငွေကျပ် တစ်သောင်းစီ ကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ရပ်ရွာ လူကြီးတစ်ဦးက “ကုရ်ဘာနီက ဘာသာရေးအရ လုပ်တာပါ။ ဘာသာရေးပွဲမှာ ဒီလို ဆက်ကြေးတွေ ကောက်ခံနေတာ အလွန်ရှက်ဖို့ ကောင်းတယ်။ အချို့နေရာတွေမှာ စစ်ဆေးရေး အဖွဲ့ လာမယ်၊ ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုပြီး ခြိမ်းခြောက်လို့ ကုရ်ဘာနီကို မနက် ၁၁ နာရီကျော်မှ လုပ်ရတယ်။ ဘာသာရေး လွတ်လပ်ခွင့် ဆိုတာ ဒါမျိုးလား၊ ဒီနှစ်မှာ ဒီလောက် ကန့်သတ် နေရင် နောက်နှစ်တွေမှာ ဘယ်လို လုပ်ဦးမလဲ ဆိုတာ မပြောတတ်ဘူး။ အာဏာရှင် အစိုးရ လက်ထက်မှာ လွတ်လွတ်လပ်လပ် ကုရ်ဘာနီ လုပ်ခွင့် ပေးခဲ့ပေမယ့် အခု ဒီမိုကရေစီ အစိုးရ လက်ထက်မှာ အဟန့်အတားတွေ လုပ်နေတာ တကယ့်ကို အံ့သြစရာပဲ” ဟု ပြောပါသည်။




MYARF
RB News
15.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် (၃) မိုင် အခြေစိုက် စစ်တပ်စခန်းမှ ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦးအပါအ၀င် တပ်ဖွဲ့ဝင် (၇) ဦးတို့သည် သားသတ်လိုင်စင်စီ ကောက်ခံနေသည့် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို အကြောင်းမဲ့ ထိုးကြိတ် ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

စက်တင်ဘာလ (၁၂) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်ခန့်တွင် သီဟိုဠ်ကျွန်း ကျေးရွာ (ယခင် ဘက္ကားကုံးနား) ၌ အီးဒ်နေ့အကြို ရောင်းဝယ်နေသော ကုရ်ဘာနီ သားကောင်များမှ ဈေးကောက် ကောက်ခံနေသည့် ယင်းကျေးရွာမှ ဦးအာဇိတ် (ဘ) ဦးဂျာန်းဂျို အား အထက်ဖော်ပြပါ စစ်တပ်စခန်းမှ ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦး အပါအ၀င် စစ်သား (၇) ဦးတို့က တစ်စုံတစ်ရာ မေးမြန်းခြင်း မရှိဘဲ ထိုးကြိတ် ရိုက်နှက်ခဲ့ရာ ရိုက်နှက်ခံရသူ ဦးအာဇိတ်က မခံနိုင်တော့သည့် အဆုံး ထွက်ပြေးရန် ကြိုးစားခဲ့သည်။ စစ်သားနှစ်ဦးက လက်နှစ်ဖက်ကို ကိုင်ထားပြီး ကျန်သည့် စစ်သားများက ကန်ကျောက်ခဲ့သည်။ ဈေးတွင် စည်ကားနေသည့် အချိန်ဖြစ်၍ ဈေးသည်များနှင့် ဈေးဝယ်သူများက မနီးမဝေးမှ ကြည့်နေစဉ် ဗိုလ်ကြီးအဆင့် ရှိသူက   “ မောင်တော တစ်မြို့လုံးမှာ ငါ့ကို ဟန့်တားနိုင်တဲ့ လူဆိုတာ မရှိဘူး မှတ်ထား” ဟု အော်ဟစ် ခြိမ်းခြောက်၍ အချိန်အနည်းငယ် အကြာတွင် ဦးအာဇိတ်ကို လက်ထိပ်ခတ်၍ စစ်တပ် စခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း မျက်မြင် သက်သေများက RB News သို့ပြောသည်။ 

ဦးအာဇိတ်သည် ယင်းကျေးရွာ အတွက် မြို့နယ် သားသတ်လိုင်စင်စီ၏ တရားဝင် ကိုယ်စားလှယ် တစ်ဦး ဖြစ်သည်။ ၎င်းသည် စည်ပင်သာယာရေး အဖွဲ့၏ စံနှုန်းနှင့် အညီ စည်းကြပ် သတ်မှတ်ထားသည့် ဈေးနှုန်း အတိုင်းသာ ဈေးကောက် ကောက်ခံခဲ့ခြင်း ဖြစ်ပြီး ဗိုလ်ကြီးနှင့် အဖွဲ့က ၎င်းကို မတရားသဖြင့် ထိုးကြိတ် ရိုက်နှက်ခြင်း၊ ရိုက်နှက်နေခြင်းကို အဝေးမှ ကြည့်နေသည့် လူအုပ်ကို ဗိုလ်ကြီးနှင့် အဖွဲ့က ညစ်ညမ်းစွာ ဆဲဆိုခြင်း၊ လူမျိုးရေး ဘာသာရေးအရ စော်ကား၍ ပြောဆိုခြင်းများ ပြုလုပ်ခြင်းသည် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် တမင် ရည်ရွယ်၍ ကြံစည် ပြုလုပ်ခဲ့ခြင်းသည် ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။ 

အဆိုပါ ဗိုလ်ကြီးသည် လွန်ခဲ့သည့် မေလတွင် သီဟိုဠ်ကျွန်း တောင်ရွာမှ မော်လ၀ီ ဆွေယောဒ်နူရ် (ဘ) ဦးမူဇဲရ် မတရားသဖြင့် ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်ခဲ့ကြောင်း သိရှိရသည်။ သြဂုတ်လတွင်လည်း ဟာဘီရွာမှ ဦးမူဆာအလီကို ညပိုင်းတွင် နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး နောက်တစ်နေ့တွင် ငွေကျပ် (၇) သန်းညှစ်၍ ပြန်လည် လွှတ်ပေးခဲ့သည်။ 



MYARF
RB News
15.9.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဘုရားပြင်အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ဒေသခံ ရိုဟင်ဂျာ ရွာသားများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

(၁) စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်သော ဘက္ကရီအီးဒ်နေ့တွင် ကုရ်ဘာနီ သားကောင်းများ၏ သားရေစိမ်းများကို အုပ်ချုပ်ရေးမှူး ဦးမောင်ကြီး၊ ဦးမောင်ညွန့်၊ ဦးအောင်ဝင်း တို့ (၃) ဦးထံ သွားရောက်၍ အခမဲ့ ပေးအပ်ခဲ့ရသည့် အပြင် ငွေကျပ် တစ်ထောင်စီနှင့် အသား တစ်ပိဿာခွဲစီ ပေးခဲ့ရသည်။ ဘုရားပြင်အောင်ပ ကျေးရွာအုပ်စုတွင် သားကောင်ရေ (၁၅၀) ကျော်မှ ငွေကျပ် တစ်သိန်းခွဲကျော် ကောက်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

အထက်ဖော်ပြပါ (၃) ဦးတို့သည် ရာအိမ်မှူးများနှင့် အတူ ရိုဟင်ဂျာရွာထဲသို့ ညအချိန်မတော် ၀င်ရောက်၍ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခြင်း၊ မုဒိန်းကျင့်ခြင်းများပါ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

(၂) ဘက္ကရီအီးဒ်ပွဲနေ့၌ လမ်းဘေးတွင် ယာယီဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချ နေသူများထံမှ ငွေကျပ် ငါးသောင်းစီ အတင်းအဓမ္မ ကောက်ခံခဲ့သည်။ ငွေကျပ် ငါးသောင်း မပေးနိုင်သူများကို ဈေးရောင်းချခွင့် မပြုဟု အာဏာဖြင့် ခြိမ်းခြောက် ပြောဆိုမှုကြောင့် ဈေးရောင်းချမည့် ရိုဟင်ဂျာများက ငွေကျပ် ငါးသောင်းစီကို မလွှဲမရှောင်သာ ပေးခဲ့ရသည်။  

(၃)  အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးသည် သစ်တောဦးစီးဌာနမှ ဦးစီးမှူးကို ပေးရန်ဟု ဆိုကာ ရိုဟင်ဂျာရွာသားများထံမှ တစ်အိမ်လျှင် ငွေကျပ် တစ်ထောင်စီ ကောက်ခံခဲ့ရာ၊ ငွေကျပ် ၁၀ သိန်းကျော် ကောက်ခံရရှိခဲ့သော်လည်း သစ်တောဦးစီးမှူးကို ငွေကျပ် ၂ သိန်းသာ ပေးခဲ့ကြောင်း သိရသည်။

(၄) လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ယင်းကျေးရွာမှ ဦးဇူဘိုင်ရ် (ဘ) ဦးအီလီယာစ်နှင့် ၎င်း၏ ဇနီးတို့ ကွာရှင်း ပြတ်စဲခဲ့သည်။ ယခုအခါ အုပ်ချုပ်ရေးမှူးက ကွာရှင်းခဲ့မှုမှာ တရားမ၀င်ဟု ဆိုကာ ငွေကျပ် ၆ သိန်းခွဲ ညှစ်ယူခဲ့သည်။ ငွေမပေးပါက တရားရုံးတွင် အမှုဖွင့်၍ ထောင်ကျသည် အထိ လုပ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက RB News  သို့ပြောသည်။ 

(၅) ၂၀၁၆ ခုနှစ် ဧပြီလတွင် ရာအိမ်မှူးများ ခန့်ထားခဲ့ရာတွင် ဒီမိုကရေစီ နည်းလမ်းကျကျ ရွာသူရွာသားများ၏ ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ခြင်း မပြုဘဲ၊ ရာအိမ်မှူး ဖြစ်ချင်သူများထံမှ ငွေကျပ် နှစ်သိန်းစီ ယူ၍ လူဆိုးလူကောင်း မခွဲခြားဘဲ ခန့်အပ် တာဝန်ပေးအပ်ခဲ့သည်။ အောင်ပ အကွက် (၅) ရာအိမ်မှူး အဖြစ် ဦးဘော်ဒီရာမာန် (ဘ) ဦးဟာနီဘာ ကို ခန့်အပ်ခဲ့ပြီး၊ (၄) လအကြာတွင် ဦးဆော်လိမ် (ဘ) ဦးကုလ္လာမျာ ထံမှ ငွေကျပ် (၃) သိန်း လာဘ်ငွေယူ၍ သြဂုတ်လ (၁၅) ရက်နေ့က ဦးဘော်ဒီရာမာန် နေရာတွင် ဦးဆော်လိမ်ကို အစားထိုး ခန့်အပ်ခဲ့သည်။ 

(၆) စက်တင်ဘာလ (၈) ရက်နေ့တွင် သိမ်တောင်ပြင် ကျေးရွာအုပ်စုမှ ဦးအာလောမ် (ဘ) ဦးအဒူရော်မာန်ကို BD ပြေး တရားခံဟု စွပ်စွဲကာ ဖမ်းဆီး၍ ငွေကျပ် (၅) သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့သည်။ 

အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက “အုပ်ချုပ်ရေးမှူး ရာထူး ရဖို့အတွက် ငွေ သိန်း ၁၀၀ ကျော် ကုန်ကျခံရတယ်။ အဲဒီငွေတွေကို မင်းတို့ [ရိုဟင်ဂျာများ] ဆီက ရအောင် ယူရမယ်။ ပြီးတော့ န.တ.လ ရွာထဲမှာ သူဌေးကြီး ဆိုပြီး ထင်ရှားလာအောင် ကြိုးစားမယ်” ဟု ကြွေးကြော်လေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

အုပ်ချုပ်ရေးမှူး၏ လုပ်ပိုင်ခွင့် အခွင့်အာဏာကို အလွဲသုံးစား ပြုလုပ်၍ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူး ဦးမောင်ကြီး၏ လုပ်ရပ်များကို အထက် အာဏာပိုင်များက စုံစမ်း စစ်ဆေး၍ အမြန်ဆုံး အရေးယူပေးပါရန် တောင်းဆိုကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 






ကိုဇော်ဝင်းလှိုင်
14.9.2016

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၀ါရှင်တန်ဒီစီ မြို့တော်ကို ရောက်တော့မယ့် အချိန်နဲ့ တိုက်ဆိုင်ပြီး အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ အားလုံးကို ပြန်လည် ရုပ်သိမ်းပေးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံကို ရောက်လာတဲ့အခါ လက်ရှိ အမေရိကန်က ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ် အရေးယူမှုတွေ အားလုံး ပြန်လည် ရုပ်သိမ်းပေးမလားဆိုတဲ့ မေးခွန်းတွေ မြန်မာ့အရေး စိတ်ဝင်စားသူတွေအကြား ထွက်ပေါ်နေတာပါ။

လက်ရှိ အမေရိကန်က ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ မြန်မာစစ်ခေါင်းဆောင်ဟောင်းတွေ၊ စစ်တပ်အသိုင်းဝိုင်းနဲ့ နီးစပ်သူတွေ၊ ခရိုနီတွေအပေါ် ပစ်မှတ်ထား အရေးယူထားတဲ့ ပိတ်ဆို့မှုတွေ ဖြစ်တာကြောင့် အခုချိန်မှာ ပြန်မရုပ်သိမ်းသင့်သေးဘူးဆိုပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတွေက သမ္မတ Barack Obama အစိုးရကို တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၃ ရက်၊ အင်္ဂါနေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းပေးရေးကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ သဘောထားကို လက်ထောက်ပြောခွင့်ရ Mark Toner က အခုလို ရှင်းပြခဲ့ပါတယ်။

“စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးတယ်ဆိုတာဟာ မြန်မာအစိုးရဘက်က ဒီမိုကရေစီအရေး ပြုပြင် ပြောင်းလဲမှုတွေ ရှိလာနေတယ်လို့ ကျနော်တို့ဘက်က ယူဆတဲ့အခါမှာ ရုပ်သိမ်းပေးတာ ဖြစ်ပါတယ်။ ပိတ်ဆို့ အရေးယူထားမှု အားလုံးကို ပြန်ရုပ်သိမ်းပေးဖို့ ကျနော်တို့ဘက်က အဆင်သင့် မဖြစ်သေးပါဘူး။ တချို့ကတော့ ဆက်ကျန်နေဦးမှာ ဖြစ်ပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေ အသုံးကျတယ်လို့ ကျနော်တို့ဘက်က ယူဆသ၍ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကို ဆက်ထားခွင့် ကျနော်တို့မှာ ရှိပါတယ်။ လူ့အခွင့်အရေးကိစ္စ၊ မြန်မာနိုင်ငံမှာ ပိုမိုပြည့်စုံပြီး အင်အား တောင့်တင်းတဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖြစ်ကြမှာပါ။ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရှိလာနေတယ်ဆိုတာ မှန်ပေမဲ့ လုပ်ဆောင်စရာတွေလည်း အများကြီး ကျန်နေပါသေးတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာ အဲဒီကိစ္စတွေကို အလေးပေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၃ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စုကို အတိုက်အခံ ခေါင်းဆောင်အဖြစ်နဲ့ တခေါက်ရောက်ခဲ့ပေမဲ့ အခုတကြိမ်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနဲ့ နိုင်ငံတော်အကြီးအကဲ တဦးအဖြစ်နဲ့ လာရောက်ခြင်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာမှာကို လှိုက်လှဲစွာ ကြိုဆိုကြောင်း Mark Toner က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပပြီး ဒီမိုကရေစီနည်းလမ်းနဲ့အညီ အောင်မြင်တဲ့ အစိုးရအပြောင်းအလဲတွေ လုပ်ဆောင်ပြီးတဲ့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နဲ့ ပထမဆုံးအကြိမ် လာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကို ကျနော်တို့ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံသားတွေအတွက် အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ ရပ်တည်ချက်ကတော့ ပြောင်းလဲမသွားပါဘူး။ လူတိုင်း သဟဇာတ မျှတစွာနဲ့ အတူလက်တွဲ နေထိုင်နိုင်တဲ့၊ လူတဦးချင်းစီရဲ့ အခွင့်အရေးတွေကို ပြည့်ဝစွာ အသုံးချခွင့်ရှိတဲ့၊ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာတာကို မြင်ချင်ပါတယ်။ ကျနော်တို့ရဲ့ နှစ်နိုင်ငံအကြားမှာ ရင်းနှီးတဲ့ ဆက်ဆံမှုရှိအောင် ကြိုးစား လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံကို ရောက်လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့မှာပဲ အမေရိကန် အထက်လွှတ်တော်က အထင်ကရ အမတ်တွေဖြစ်ကြတဲ့ ရီပတ်ဘလစ်ကန်ပါတီက အာရီဇိုးနားပြည်နယ် အထက်လွှတ်တော်အမတ် John McCain နဲ့ ဒီမိုကရက်ပါတီက Maryland ပြည်နယ် အထွက်လွှတ်တော်အမတ် Ben Cardin တို့ ၂ ဦးက - မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းကာလမှာ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရေး အပါအ၀င် မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကဲစမ်းမှုတွေကို အကူအညီပေးရည်ရွယ်ပြီး “၂၀၁၆ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ ဥပဒေကြမ်း” - လို့ အမည်ပေးထားတဲ့ အချက် (၅) ချက်ပါ ဥပဒေကြမ်းတခုကို လွှတ်တော်မှာ တင်သွင်းခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ သမ္မတ Barack Obama နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ နေ့လည်စာ အတူစားသုံးမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၅ ရက်၊ ကြာသပတေးနေ့ နေ့လည်ပိုင်းမှာတော့ အမေရိကန် လွှတ်တော်အဆောက်အဦးအတွင်းမှာ ကျင်းပမယ့် ဧည့်ခံပွဲကို တက်ရောက်မှာဖြစ်ပြီး ညနေပိုင်းမှာတော့ US Chamber of Commerce စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးအဖွဲ့နဲ့ US – ASEAN Business Council အမေရိကန် အာဆီယံ စီးပွားရေးကောင်စီအဖွဲ့တို့ ပူးတွဲ ကျင်းပတဲ့ ဂုဏ်ပြု ညစာစားပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။




ကိုဉာဏ်ဝင်းအောင်
14.9.2016

နိုင်ငံတော်ရဲ့  အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း အမေရိကန် အစိုးရက မြန်မာနိုင်ငံပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်း လိုက်တာမျိုး မဖြစ်သင့်ဘူးလို့ မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ လေ့လာ သုံးသပ်သူတွေက ပြောဆိုလိုက်ကြပါတယ်။ ဒီကနေ့ စတင်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း အခုလိုပြောလိုက်ကြတာပါ။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အပြည့်အဝ မရောက်သေးတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် ချထားတဲ့ စီးပွားရေးဒဏ်ခတ်မှု အားလုံးကို မရုပ်သိမ်းသင့် သေးဘူးလို့ ၀ါရှင်ဒီစီအခြေစိုက် မြန်မာ့အရေးလုပ်ဆောင်သူ ဒေါက်တာစိန်ဝင်းက သုံးသပ်ပါတယ်။

“ဒီမိုကရေစီ အပြည့်အ၀ သွားနိုင်ဖို့ လိုတယ်။ အဲဒီတော့ အပြည့်အ၀ မရောက်မချင်း Sanction အကုန်လုံးကိုတော့ မလျော့သင့်ဘူးလို့ ကျနော် မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘာမှ မပြောင်းသေးတာ။ ပြင်ဆင်ဖို့တောင်မှ အကြောင်း မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ ရှင်းရှင်းပြောရင်တော့ ဒီမိုကရေစီ မရရင် တိုင်းပြည်ရဲ့ ရေရှည် စီးပွားရေး တိုးတက်မှုက မဖြစ်နိုင်ဘူး။”

မြန်မာပြည်သူလူထုအတွက် အကျိုးတစုံတရာ ဖြစ်မလာသေးပဲနဲ့တော့ လူပုဂ္ဂိုလ်တဦးချင်းပေါ် ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေကို မရုပ်သိမ်း သင့်သေးဘူးလို့ ပြောလာသူကတော့ ၀ါရှင်ဒီစီ မြန်မာသံရုံးရဲ့ သံမှူးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ် ဖြစ်ပါတယ်။

“အဓိကကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မိသားစုပေါ့လေ၊ နောက် အရပ်သားထဲကတော့ ခရိုနီပေါ့လေ၊ သူတို့နဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေ ပါကြပါတယ်။ တိုင်းပြည်က သူတို့ ခိုးထား ၀ှက်ထားတဲ့ ပိုက်ဆံတွေ တော်တော်များများက အဲဒီပုဂ္ဂိုလ်တွေ လက်ထဲမှာ ရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော် အကြံပြုချင်တာပေါ့လေ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို တိုင်းပြည်သိအောင် ကြေညာပြီးတော့မှ ထိုက်သင့်တဲ့ အခွန်ဘဏ္ဍာပေါ့လေ၊ အခွန်ဆောင်ပြီးတော့မှ သူတို့ကို ပြန်သုံးသင့်ပါတယ်။ မြန်မာ ပြည်သူ ပြည်သားတွေအတွက်ကို ဘာမှ မလုပ်ပေးဘဲနဲ့တော့ Sanction lift (ပြန်မရုပ်သိမ်း) ပေးသင့်သေးပါဘူး။”

ရခိုင်ပြည်နယ် ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက် NLD အစိုးရက ရခိုင်အကြံပေးကော်မရှင်ကို ဖွဲ့စည်း လုပ်ဆောင်လာတဲ့ပေါ် ကြိုဆိုကြောင်းနဲ့ အပြု သဘောဆောင်တဲ့ ရလဒ်တွေကို မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း တိုက်တွန်းသူကတော့ အမေရိကန်အခြေစိုက် ရိုဟင်ဂျာအသင်း ဥက္ကဌ ဒေါက်တာ ၀ါကာအူဒင်ဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ကိုဖီ အာနန် ကော်မရှင်ကို စပြီးတော့လုပ်တာ ကျနော် ကြိုဆိုပါတယ်။ အဲဒါကို ကျနော် အားပေးပါတယ်။ ကျနော်တို့ ပြောချင်တာက ကိုဖီ အာနန်က အင်မတန် အတွေ့အကြုံရှိတဲ့ Diplomat (သံတမန်) တယောက်၊ အဲဒီတော့ ရခိုင်ဘက်ကရော၊ မူဆလင် ရိုဟင်ဂျာဘက်ကရော သူ့အပေါ်မှာ ယုံကြည်မှုရှိဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ အရေးအကြီးဆုံးကတော့ ရခိုင်ပြည်မှာ ငြိမ်းချမ်းရေးအတွက် ရိုဟင်ဂျာနဲ့ ရခိုင်တွေနဲ့ အဆက်အသွယ်ကောင်းအောင်၊ ရန်လိုမှုမရှိအောင် အစိုးရကလုပ်တာကို ကျနော်တို့ ထောက်ခံပါတယ်။”

မြန်မာ့တပ်မတော်နဲ့ အမေရိကန်စစ်တပ်ကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေကို အမေရိကန်လွှတ်တော်မှာ ဆွေးနွေးနေကြတာကြောင့် မြန်မာ့တပ်မတော်က လက်ရှိအတိုင်းသွားနေရင်တော့ အဲဒီ ပူးပေါင်း ဆောင်ရွက်မယ့်အစီစဉ်ကို ပြန်သုံးသပ်သင့်တယ်လို့ ထောက်ပြသူကတော့ နိုင်ငံတကာရောက် ကချင်မဟာမိတ်အဖွဲ့ဥက္ကဌ ကိုဂွမ်ဆမ် ဖြစ်ပါတယ်။

“ကျနော်တို့ ကြားရသလောက်ကတော့ အမေရိကန် စစ်တပ်ကနေပြီးတော့ မြန်မာစစ်တပ်ကို ပညာသင်ပေးတာတို့ ဘာတို့ လွှတ်တော်ကနေပြီးတော့ ဒီနေ့ရော Statement (ကြေညာချက်) တွေ ထုတ်နေတာတော့ ကျနော်တို့ တွေ့လိုက်ရတယ်။ ကျနော်တို့ ပြည်နယ်တွေမှာတော့ စစ်တပ်ကနေပြီးတော့ ဒီလူ့အခွင့်အရေး ချိုးဖောက်တဲ့ဟာတွေ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာတွေ အများကြီး ရှိနေသေးတယ်။ အဲဒီလိုဆိုတော့ ဘာမှ မယ်မယ်ရရ ပြုပြင်ပြောင်းလဲမှု မရှိသေးတဲ့ တပ်မတော်တခုက ဒီလို နိုင်ငံကြီးတခုနဲ့ ပူးပေါင်းလာပြီဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေအတွက် အများကြီး နစ်နာတယ်။”

ခရီးစဉ်အဆုံးမသတ်ခင် ဒီသီတင်းပတ် အကုန်လောက်မှာ တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုထားကြပါတယ်။




ဦးကျော်ဇံသာ
14.9.2016

သမ္မတ Obama နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ၀ါရှင်တန်မြို့ တော်ရှိ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့ မနက် ၁၁ နာရီခွဲမှာ တစ်နာရီကြာခန့် တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုအပြီး ခေါင်းဆောင်နှစ်ဦးတို့ဟာ သတင်းထောက် တွေနဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ စီးပွားရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေကို အလေးထား ပြောကြားခဲ့ကြပါတယ်။

သမ္မတ အိုဘားမားကတော့ မြန်မာနိုင်ငံကို GSP လို့ခေါ်တဲ့ ကုန်သွယ်ရေးအထူးခံစားခွင့် ပြန်လည်ပေးအပ်ဖို့ရှိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားရာမှာတော့ - မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေးအတွက် အမေရိကန်ပြည်သူတွေနဲ့တကွ ကွန်ဂရက်လွှတ်တော်၊ NGO အဖွဲ့အစည်းတွေအပြင် အထူးသဖြင့် သမ္မတ အိုဘားမားကိုလည်း ပုဂ္ဂိုလ်ရေးအရ အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီဖြစ်စဉ်အတွက် အားထုတ်မှုတရပ်အနေနဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာကို အသိအမှတ်ပြု ပြောကြားပြီး၊ အခုအခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် တံခါးဖွင့်လှစ်ထားပြီဖြစ်တာကြောင့် ပိတ်ဆို့ဒဏ်ခတ်မှုအားလုံးကို ရုပ်သိမ်းချိန်တန်ပြီလို့လည်း ပြောကြားသွားပါတယ်။

အခုလောလောဆယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ အဲဒီနောက် ကွယ်လွန်သူ သမ္မတဟောင်း အေဗရာဟင် လင်ကွန်း အထိမ်းအမှတ်ကို သွားရောက်ပြီး ညနေပိုင်းမှာတော့ ၀ါရှင်တန်မြို့တော်ရှိ မြန်မာသံရုံး ညစာစားပွဲကို တက်ရောက်မှာဖြစ်ပါတယ်။

(သမ္မတအိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် အပြည့်အစုံကို ဘာသာပြန်ဆိုချက်နဲ့အတူ အောက်ပါလင့်မှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။)

သမ္မတ အိုဘားမား - "မြန်မာပြည်သူ ပြည်သားတွေဟာ အခု အစိုးရသစ် တက်လာအပြီး အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေနဲ့ စီးပွားရေး လုပ်ပိုင်ခွင့် အသစ်တွေအရ အကျိုးအမြတ်တွေ ခံစားနေရပါပြီ။ တချိန်တည်းမှာပဲ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံကို GSP လို့ခေါ်တဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်တွေ ပြန်လည်ပေးအပ်ဖို့ ရှိပါတယ်။ ဒါဟာ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ပြန်လည် ၀င်ရောက်နိုင်ရေး၊ ကုန်သွယ်ရေးနဲ့ စီးပွားရေး အကျိုးခံစားခွင့်တွေလည်း ဖြစ်ပါတယ်။ ဒီလို ပြန်လည်ပေးအပ်မှုတွေနဲ့ အကျိုးခံစားခွင့်တွေကို ပေါင်းစည်းလိုက်မယ်ဆိုရင် အမေရိကန် စီးပွားရေးကုမ္ပဏီတွေရော၊ အကျိုးအမြတ် အဓိကမထားတဲ့ လုပ်ငန်းတွေအတွက်ပါ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်နိုင်ရေး ဆွဲဆောင်မှုပေးနိုင်မယ့်အပြင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီရေးရာ ဦးစားပေးမှု အစီအစဉ်တွေကိုပါ ဖြစ်ထွန်းလာပါစေလိမ့်မယ်။

မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးအကူးအပြောင်းတွေ စတင်ဖြစ်ထွန်းလာတာနဲ့အတူ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေပါ ပေါ်ထွက်လာပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ငြိမ်းချမ်းရေး ညီလာခံခေါ်ယူပြီး နှစ်ရှည်လများ ပြဿနာတရပ်အနေနဲ့ ရှိနေခဲ့တဲ့ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင်အရေးကို ဖြေရှင်းဖို့ ကြိုးစားနေတာပါ။ ရခိုင်ဒေသ အပါအ၀င် တိုင်းရင်းသားတွေအကြား မညီမျှမှုတွေနဲ့ သမိုင်းစဉ်တလျှောက်ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနေတာလည်းဖြစ်တာမို့ ဒါဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ဆယ်စုနှစ်တွေနဲ့ချီ ခံစားခဲ့ရပြီး ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေခဲ့တဲ့ မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ မျှော်လင့်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပြီလို့ ပြောနိုင်ပါတယ်။ ကျနော့်အနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတယောက်အဖြစ် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက် လည်ပတ်ခဲ့စဉ်ကတည်းက မြန်မာနိုင်ငံရဲ့ အလားအလာကောင်းတွေကို တွေ့မြင်ခဲ့ရပြီး ဒီအလားအလာကောင်းတွေ လက်တွေ့ ပေါ်ထွက်လာရေး ဦးဆောင်နိုင်ဖို့ ဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်တယ်ဆိုတာလည်း သိရှိခဲ့ပါတယ်။

ကျနော်တို့အနေနဲ့ အနာဂတ်အတွက် အများကြီး မျှော်လင့်ပါတယ်။ လက်ရှိ ရှိပြီးသား ချစ်ခင်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာဖို့လည်း မျှော်လင့်ပါတယ်။ ဒါ အစိုးရသစ်နဲ့တင်မကဘဲ မြန်မာပြည်သူတွေအတွက်လည်း အရေးကြီးပါတယ်။ အမေရိကန်နိုင်ငံသားတွေကိုလည်း မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ကြဖို့ ကျနော့်အနေနဲ့ အားပေးပါတယ်။ မြန်မာနိုင်ငံဟာ သာယာလှပတဲ့အပြင်၊ ထူးခြားတဲ့ ယဉ်ကျေးမှု၊ ရင်းနှီးပျူငှာတဲ့ ပြည်သူတွေ ရှိနေတာပါ။ ဒါ့အပြင် ကမ္ဘာလှည့်ခရီးသွားတွေကို ကြိုဆိုဖို့ လုပ်ငန်းစဉ်တွေလည်း ဖွံ့ဖြိုးလာနေပြီလို့ ကျနော် ယုံကြည်ပါတယ်။ ကျနော့်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိ ဆောင်ရွက်ခဲ့သမျှတွေအတွက် ချီးကျူးဂုဏ်ပြုပါတယ်။ ဒေါ်စုပြောသလိုပဲ လုပ်စရာတွေ အများကြီး ဆက်ပြီး ကျန်နေသေးတယ်ဆိုတာလည်း ကျနော်တို့ နားလည်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဒါဟာ ဆက်လျှောက်ရမယ့် လမ်းမှန်ပါပဲ။ လွန်ခဲ့တဲ့ ၅ နှစ်ကဆို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို မြန်မာပြည်သူတွေရဲ့ ရွေးကောက်ခံ (အစိုးရ) တာဝန်ရှိပုဂ္ဂိုလ်တဦးအနေနဲ့ (၀ါရှင်တန်ဒီစီကို) လာရောက်နိုင်မယ်ဆိုတာ မျှော်မှန်းကြည့်လို့တောင် မရနိုင်ခဲ့ပါဘူး။ အခု မြင်ခဲ့ရတဲ့ နိုင်ငံတကာ ပြောင်းလဲမှုတွေထဲမှာ (မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုဟာ) ကောင်းမွန်တဲ့ ပြောင်းလဲမှုတခုပါပဲ။ ကျေးဇူးတင်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည် - "

ဒီနေရာကိုရောက်ရှိလာတဲ့အတွက် အထူးဝမ်းသာတယ်ဆိုတာ ပြောစရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျမတို့ရဲ့ ဒီမိုကရေစီတိုက်ပွဲကို တောက်လျှောက် ကူညီလာတဲ့ အမေရိကန်ပြည်ထောင်စုက လူတွေအားလုံးကို ကျေးဇူးတင်ဖို့ အခွင့်အလမ်းတရပ် ဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ မပြီးဆုံးသေးပါဘူး။ သမ္မတ အိုဘားမား ပြောသလိုပဲ လွန်ခဲ့တဲ့ ၅ နှစ်က လူတွေမမျှော်လင့်နိုင်တဲ့ အဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျမကတော့ ဒီလို ဖြစ်လာလိမ့်မယ်ဆိုတာ ယုံကြည်မှုအပြည့်အ၀ ရှိခဲ့ပြီးသားပါ။ အခု ကျမတို့ ရှေ့ဆက်သွားရမှာဖြစ်ပါတယ်။ ကျမတို့ တိုင်းပြည်မှာ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။

ကျမတို့ပါတီက အမြဲတမ်းပြောနေသလိုပဲ အရေးအကြီးဆုံးက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ကျမရဲ့ တိုင်းပြည်မှာ လွတ်လပ်ရေးရပြီးကတည်းက တိုက်ပွဲတွေဖြစ်လာတာ ဆယ်စုနှစ်နဲ့ ရှိလာခဲ့ပါပြီ။ တနိုင်ငံလုံး ငြိမ်းချမ်းနေတယ်ဆိုတာ တခါမှ မကြုံခဲ့ရပါဘူး။ အမြဲတမ်း တိုက်ပွဲတွေ ဖြစ်နေတာပါ။ တနေရာမဟုတ် တနေရာ၊ တချိန်မဟုတ် တချိန် ဖြစ်နေတာပါ။ ကျမတို့ တိုင်းပြည်မှာ တရားဝင် သတ်မှတ်ထားတဲ့ တိုင်းရင်းသား မျိုးနွယ်ပေါင်း ၁၃၅ မျိုး ရှိပါတယ်။ သူတို့အားလုံးကို စည်းလုံး ညီညွတ်စွာနဲ့ ရည်ရွယ်ချက် တခုတည်းအတွက် စုစည်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမတို့ကတော့ လုပ်နိုင်မယ် လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံး လိုချင်ကြတာဟာ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပဲ ဖြစ်ပါတယ်။ မတူကွဲပြားမှုကို အင်အားအဖြစ် စုစည်းနိုင်တဲ့ ပြည်ထောင်စုတခု အဲဒီအထဲမှာ ကျမတို့ရဲ့ မတူကွဲပြားမှုတွေကို လွတ်လပ်စွာ ဖော်ထုတ်ကျင့်သုံးနိုင်ရမယ်။ ဒီလိုကွဲပြားမှုတွေဟာ တိုင်းပြည်ရဲ့ အင်မတန်ကြီးမား ကြွယ်ဝသော အရင်းအမြစ်ပဲ ဖြစ်ပါတယ်။ ဒါကို ဖြစ်အောင် အခု ကျမတို့ ကြိုးပမ်းနေပါတယ်။

ကျမတို့ရဲ့ မိတ်ဆွေအားလုံးကို ဒီအတွက် အထူး ကျေးဇူးတင်ပါတယ်။ ဒီဖြစ်စဉ်မှာ အမေရိကန်ပြည်ထောင်စုက အများဆုံး ကူညီခဲ့တာပါ။ ဒါပေမဲ့ ညီညွတ်မှုဖြစ်ဖို့အတွက် တိုးတက်ဖွံ့ဖြိုးမှုလည်း လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အကန့်အသတ်နဲ့ရှိနေတဲ့ အရင်းအမြစ်တွေကို အချင်းချင်း လုယက်တိုက်ခိုက်နေကြရတဲ့ အဖြစ်မရောက်အောင် လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကျမတို့ဟာ ရုပ်ပိုင်းဆိုင်ရာ သယံဇာတတွေကို ပိုမို ဖွံ့ဖြိုးလာအောင် လုပ်ရမယ်။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးအတွက်သာမက ဒါတွေကိုပါ သုံးသပ်ဖို့ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက်တာပါ။ ကျမတို့ ပြည်သူတွေ ရုပ်ပိုင်းဆိုင်ရာ ပိုမို ချမ်းသာကြွယ်ဝအောင် လုပ်ရမယ်။ ဒါမှသာ နိုင်ငံရေး လုပ်ဆောင်ချက်တွေကို ခိုင်မာစေမှာ ဖြစ်ပါတယ်။

လူမှုအသိုင်းဝိုင်းချင်း ရန်ပွဲတွေဖြစ်နေတာကို ကျမတို့ လျစ်လျူရှုထားလို့ မရပါဘူး။ ဒါ သိပ်အရေးကြီးပါတယ်။ အချိန်ဆွဲမနေဘဲ ချက်ခြင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ ပထမအဆင့်အနေနဲ့ စတင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျမတို့နိုင်ငံမှာ ဘယ်နိုင်ငံသားတယောက်ကိုမဆို နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရရှိစေရမှာ ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ထိုက်သူ အားလုံးဟာလည်း နိုင်ငံသားဖြစ်ရမှာပါ။ ဒီလုပ်ရပ်ကို အမြန်ဆုံးနဲ့ အမျှတဆုံး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်မှာ ကျမတို့လုပ်ဖို့ ကြိုးစားနေတာပဲ။ ကျမတို့ဟာ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် စိတ်စေတနာသန့်သန့်နဲ့ အားထုတ်နေတာ ဖြစ်တယ်ဆိုတာကို ကမ္ဘာက အသိအမှတ် ပြုစေချင်ပါတယ်။ ရခိုင်ပြည်နယ်က မတူကွဲပြားတဲ့ လူ့အသိုင်းအ၀ိုင်း နှစ်ခုဟာ အင်မတန် ဆင်းရဲနွမ်းပါးတဲ့ဒေသ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျမတို့အားလုံး အတူတကွ ပူးပေါင်းပြီး ဒီဒေသရဲ့ ဖွံ့ဖြိုးမှုအလားအလာအားလုံးကို ကူညီပေးမယ် ဆိုရင် - ဆင်းရဲနွမ်းပါးမှုကို ပပျောက်အောင် လုပ်ပေးနိုင်မယ်ဆိုရင် - အဲဒီဆင်းရဲနွမ်းပါးမှုကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရတဲ့ ကျမတို့တနိုင်ငံတည်းကို ကူညီယုံသာမက - မတူကွဲလွဲမှုကို စည်းလုံးညီညွတ်ဖြစ်အောင် ဖန်တီးပြီး စိတ်ဝမ်းကွဲမှု တွေကို ကျော်လွှားနိုင်တယ်ဆိုတဲ့ နမူနာအဖြစ် ကမ္ဘာကြီးတခုလုံးကို ကူညီနိုင်မှာ ဖြစ်ပါတယ်။ ကျမတို့ဟာ သံသယတွေ၊ အထင်မြင်လွဲမှားမှုတွေကို ဘယ်ဖယ်ပြီး အတူတကွ လက်တွဲပြီး တိုးတက်အောင်ဖြစ်နိုင်ပါလိမ့်မယ်။

ကျမတို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် အမေရိကန် ကွန်ဂရက်လွှတ်တော်ဟာ အထူးကောင်းမွန်တဲ့ မိတ်ဆွေ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ကျမတို့နိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းဖို့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ပေးခဲ့တာဟာ ကွန်ဂရက်ရဲ့ လုပ်ဆောင်ချက်တွေအထဲ တခုအပါအ၀င် ဖြစ်ပါတယ်။ ဒီအချိန်ဟာ ကျမတို့နိုင်ငံ စီးပွားရေးကို ထိခိုက်စေမယ့် ဒဏ်ခတ်ပိတ်ဆို့ မှုတွေအားလုံးကို ဖယ်ရှားပစ်ဖို့ အချိန်ရောက်ပြီလို့ ကျမတို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လိုတဲ့ သူတွေအတွက် တံခါးဖွင့်ပေးနိုင်မယ့်အချိန် ရောက်နေပြီ ဖြစ်လို့ပါပဲ။ လူတိုင်းကို ကျမတို့နိုင်ငံလာဖို့ ဖိတ်ခေါ်ပါတယ်။ ဘာကြောင့် အဲဒီမှာ ရင်းနှီးမြှုပ်နှံစေချင်သလဲဆိုတာ လာကြည့်စေချင်ပါ တယ်။ ရှင်တို့ရော၊ ကျမတို့ပါ အားလုံး အကျိုးရှိအောင် ဘယ်လိုရင်းနှီးမြှုပ်နှံသင့်သလဲ ဆိုတာကိုလည်း လာကြည့် စေချင်ပါတယ်။ အကျိုးအမြတ်ရအောင် မလုပ်နိုင်တဲ့ စီးပွားရေးသမားဟာ အသုံးမကျဘူးလို့ ကျမအမြဲပြောခဲ့ပါတယ်။ ဒါကြောင့် ကျမတို့ဆီကို လာကြပါ။ သူတို့အတွက်လည်း ဘယ်လို အမြတ်အစွန်းရအောင် လုပ်ကြမလဲဆိုတာ သိမှာ ဖြစ်ပါတယ်။ ကိုယ့်အကျိုးစီးပွားအတွက်တောင် မလုပ်နိုင်ရင် သူများအကျိုးစီးပွားအတွက်လည်း လုပ်ဆောင်နိုင်မှာ မဟုတ်ပါ ဘူး။ ဒါကြောင့် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေကို ကျမတို့က သိပ်လာစေချင်ပါတယ်။ သူတို့အတွက် အကျိုးရှိမယ့် အခွင့်အလမ်းတွေကို အသုံးချစေချင်ပါတယ်။ ကျမတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို မကြာခင် အတည်ပြု တော့မှာပါ။ နောက်ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဖြစ်နိုင်မယ်ထင်ပါတယ်။ ဒီဥပဒေနဲ့အတူ ပိတ်ဆို့မှုတွေကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ကမ္ဘာအနှံ့က လူအများအပြားကို စွဲဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျမတို့နိုင်ငံဟာ မကြာခင် အဆင့်အတန်း မြင့်မားလာတော့မယ့် အခြေအနေမှာ ရှိနေပါပြီ။ ဒါပေမဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာ ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီ တစိတ်တဒေသမျှသာ ဖြစ်ပါတယ်။ တခြားလုပ်စရာတွေ အများကြီး ရှိနေပါတယ်။ ကျမတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လုံးဝ ဒီမိုကရေစီ စစ်စစ် မဟုတ်သေးပါဘူး။ စစ်တပ်ကို နိုင်ငံရေးမှာ အထူး အဆင့်အတန်း ပေးထားရ ပါတယ်။ ကျမတို့ဟာ အထူးသဖြင့် ကျမဟာ ပုဂ္ဂိုလ်ရေးအရ စစ်တပ်ကို အထူး သံယောဇဉ်ရှိပါတယ်။ ကျမအဖေ ထူထောင်ခဲ့တဲ့ စစ်တပ်ဖြစ်လို့ပါ။ ကျမတို့စစ်တပ်ကို ပြည်သူလူထု ချစ်ခင်လေးစားတဲ့ ဂုဏ်သရေရှိတဲ့ စစ်တပ် ဖြစ်စေချင် ပါတယ်။ ကျမတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်တွေကို ကမ္ဘာ့အလယ်မှာ ကာကွယ်ပေးနိုင်တဲ့ စစ်တပ်လည်း ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဆိုတာ နိုင်ငံရေးမှာ ပါဝင်သင့်တယ်လို့ ကျမမယုံကြည်ပါဘူး။ ဒါကြောင့် ကျမတို့နိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင် ဖွဲ့စည်းပုံပြင်ဖို့ ဆက်လက် အားထုတ်သွားမှာ ဖြစ်ပါတယ်။

ရှေ့ဆက်ပြီး တိုးတက်လာမယ့် လမ်းကြောင်းတလျှောက်မှာ ကျမတို့နဲ့အတူ ပါဝင်လာဖို့ အမေရိကန်ပြည်ထောင်စုနဲ့ မိတ်ဆွေအားလုံးကို ကျမတို့ မျှော်လင့်နေပါတယ်။ တိုးတက်မှုဆိုတဲ့နေရာမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအရ တိုးတက်မှုတွေ ဖြစ်ပါတယ်။ တချိန်ချိန်မှာ ဒီကမ္ဘာပေါ်က ကျမတို့လောက် ကံမကောင်းတဲ့သူတွေကို ကျမတို့လည်း ကူညီလာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျမတို့ကို ကူညီခဲ့ကြတဲ့ အမေရိကန်ပြည်သူတွေကိုသာမက ကွန်ဂရက် လွှတ်တော်၊ NGO အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် သမ္မတ အိုဘားမားကိုလည်း ကျမတို့နိုင်ငံကို ပထမဦးဆုံးလာရောက်တဲ့ အမေရိကန်ပြည်ထောင်စု သမ္မတတဦးဖြစ်တဲ့အတွက် ကျမတို့ လူထု အထူးသဖြင့် လူငယ်ထုရဲ့ အလားအလာကို အသိအမှတ်ပြုပြီး ပြောခဲ့တဲ့အတွက် ဖြစ်ပါတယ်။"

ဗွီဒီယိုအပြည့်အစုံကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။

Rohingya Eye
RB News
14.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ (၃၈) ဦးသည် စက်တင်ဘာလ (၁၂) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် ဦးရှဥ့်ကျ ကျေးရွာသို့ သွားရောက်ကာ ဒေသခံ ရိုဟင်ဂျာ (၈) ဦး၏ နေအိမ်များကို စီးနင်း ၀င်ရောက်၍ ရှာဖွေခဲ့သည်။ ထိုသို့ ရှာဖွေရာတွင် တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိသော်လည်း နေအိမ်များမှ လူငယ် (၈) ဦးကို နယ်မြေရုံးသို့ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

ထို့နောက် ဖမ်းဆီးခံရသူ (၈) ဦးကို အပြင်လောကတွင် မရှိသည့် RSO နှင့် အဆက်အသွယ် ရှိသူများ ဖြစ်ပြီး၊ လက်နက်များကို နေအိမ်များတွင် သိမ်းဆည်းထားသည်ဟု အခြေအမြစ်မရှိ လုပ်ကြံ စွပ်စွဲခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ကျဘန်းအလုပ်နှင့် အပ်ချုပ်သည့် အလုပ်များ လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။ ၎င်းတို့အား “လက်နက်တွေကို ဘယ်မှာသိမ်းထားလဲ” ဟု ထပ်ခါတလဲလဲ စစ်ကြော မေးမြန်းလျက် ရှိပြီး၊ ၎င်းတို့ မိမိတို့အား လုပ်ကြံစွပ်စွဲနေသည်ကို ငြင်းဆန်နေသောကြောင့် ညှဉ်းပန်း နှိပ်စက်လျက်ရှိရာ၊ ဆက်လက် ညှဉ်းပန်းနှိပ်စက် နေလျှင် အသက် အန္တရာယ်ပင် ရှိလာနိုင်သည်ဟု နယ်မြေရုံးနှင့် နီးစပ်သူများက RB News သို့ပြောသည်။

၎င်းတို့အား မိသားစုများနှင့် တွေ့ခွင့်မပေးသည့် အပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ပင် တွေ့ဆုံခွင့် မပေးကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသည့် အပြစ်မဲ့ (၈) ဦးမှာ --

(၁) အာရောဖ် (ဘ) ဦးနူရ်အာလောမ် (အသက် ၂၁ နှစ်)
(၂) မော်လ၀ီအာယုဖ် (ဘ) ဦးကာမာလ် (အသက် ၂၇ နှစ်)
(၃) ခိုက်ဆဲရ် (ဘ) ဦးမိုဟာမတ်အလီ (အသက် ၂၈ နှစ်)
(၄) ဦးဖောရီးဇူလ္လာ (ဘ) ဦးမိုဟာမတ်ဆောယောဒ် (အသက် ၃၉  နှစ်)
(၅) ဦးဇာဖောရ် (ဘ) ဦးဂူရာမျာ (အသက် ၄၀ နှစ်)
(၆) ဦးရှော်ရှုအာလောမ် (အသက် ၃၃ နှစ်)
(၇) ဆော်လိမ် (ဘ) ဦးအာမတ် (အသက် ၂၁ နှစ်)
(၈) ဦးကေဖာဒူလ္လာ (ဘ) ဦးမိုဟာမတ်ဆော်လိမ် (အသက် ၃၁ နှစ်) - တို့ဖြစ်ကြသည်။

“ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ ၀င်ရောက် တိုက်ခိုက်နေတာ ရခိုင်လက်နက်ကိုင် အဖွဲ့တွေပဲ ရှိတယ်။ ရခိုင်လူမျိုးတွေဘက်က လက်နက်တွေ သိမ်းဆည်း ရမိတာတွေလည်း အများကြီးပါပဲ။ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း သူတို့နိုင်ငံထဲမှာ RSO မရှိဘူးလို့ ပြောထားတဲ့ကြားက နယ်ခြားစောင့်ရဲတွေက RSO နဲ့ အဆက်အသွယ်ရှိတယ်။ လက်နက်တွေ ရှိတယ်ဆိုပြီး ဘာမှ အထောက်အထား မရှိဘဲ ညှဉ်းပန်း နှိပ်စက်နေတာတွေ အရမ်းများနေပါပြီ။ အခု အစိုးရလက်ထက်မှာလည်း ဒီလို ဆက်လုပ်နေတာက အာဏာရှင် အစိုးရရဲ့ မူဝါဒ အတိုင်း ဆက်လုပ်နေတာလို့သာ ပြောရမယ်။ အရပ်သား ဒီမိုကရေစီ အစိုးရ တက်လာတော့လည်း ရိုဟင်ဂျာတွေရဲ့ အခြေအနေ ပြောင်းလဲမှု မရှိဘူး။ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတို့က အခုဖမ်းဆီး ထားတဲ့ အပြစ်မဲ့တွေကို အမြန်ဆုံး လွှတ်ပေးဖို့ အောက်ခြေက လက်နက် အာဏာပိုင်တွေကို အမိန့်ပေးဖို့ တောင်းဆိုပါတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။





သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ASEAN-US Summit တွင်တွေ့ဆုံစဉ်

ကိုအောင်လွင်ဦး
13.9.2016

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီသီတင်းပတ် အမေရိကန် ခရီးစဉ်နဲ့ အတူ တချိန်က စစ်အစိုးရတွေ လက်ထက်က ချမှတ်ထားခဲ့တဲ့ မြန်မာနိုင်ငံ အပေါ်  ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ကွဲပြားတဲ့ သဘောထား အမြင်တွေလည်း တကျော့ပြန် ထွက်ပေါ်လာနေပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်မှုတွေကြောင့် တိုင်းပြည်ဖွံ့ဖြိုးရေးမှာ အဟန့်အတား ဖြစ်နေရတယ်လို့ မြင်သူတွေရှိသလို၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေ မခိုင်သေးတဲ့အတွက် ဆက်ထားသင့်တယ်လို့ ယူဆသူတွေလည်း ရှိနေကြတာပါ။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ အမေရိကန် ပြည်ထောင်စုက မကြာသေးခင်နှစ်တွေကစလို့ ပိတ်ဆို့အရေးယူမှု အများစုကို လျှော့ပေါ့တာ၊ ဖယ်ရှားတာတွေ လုပ်ခဲ့ပေမဲ့ ဒဏ်ခတ်မှုတချို့ ကျန်နေဆဲ ဖြစ်ပါတယ်။ သမ္မတ ဘရက်ခ်အိုဘားမား အစိုးရက ၂၀၁၂ ခုနှစ်ကစလို့ ဒဏ်ခတ်မှုတွေ လျှော့ပေါ့လာပေမဲ့ ဘဏ္ဍာရေး ၀န်ဆောင်မှု လုပ်ငန်းတွေမှာ ဆက်လက်ကန့်သတ်မှုတွေ၊ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေနဲ့ စီးပွားရေးမလုပ်ဖို့ တားမြစ်တာတွေ၊ ကျောက်မျက်လုပ်ငန်းက ထုတ်ကုန်တွေ တင်သွင်းခွင့်မပြုတာတွေ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အဟန့်အတားဖြစ်စေတဲ့ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ်တာတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာ့အရေး ကျွမ်းကျင်သူ ၀ါရင့်သတင်းစာဆရာ Bertil Lintner ကတော့ မြန်မာ့နိုင်ငံရေးမှာ သြဇာလွှမ်းမိုးနေဆဲဖြစ်တဲ့ စစ်တပ်ကို ဖိအားပေးနိုင်ဖို့၊ အထူးသဖြင့် လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းနေရာယူထားတာတွေ အဆုံးမသတ်မချင်း ပစ်မှတ်ထား အရေးယူမှုတွေကို ဆက်ထားသင့်တယ်လို့ မြင်ပါတယ်။

“ဒဏ်ခတ်မှုတွေကိုသာ ပြန်ရုပ်သိမ်းလိုက်မယ်ဆိုရင်၊ သူတို့လိုချင်တာအားလုံး ရသွားပါလိမ့်မယ်။ အခွင့်အရေးရစရာ မရှိတဲ့အတွက် နောက်ထပ် ဘာမှ အပြောင်းအလဲတွေ မလုပ်တော့ဘဲ၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ လက်ရှိဥပဒေတွေအတိုင်း ဆက်သွားနေပါလိမ့်မယ်။ အစိုးရအနေနဲ့ လုပ်ပိုင်ခွင့်အာဏာ အကန့်အသတ်နဲ့သာ ရှိနေတယ် ဆိုတာကိုလည်း သဘောပေါက်ရပါလိမ့်မယ်။ အရေးကြီတဲ့ ၀န်ကြီးဌာန ၃ ခုကိုလည်း စစ်တပ်က ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ အခြေခံဥပဒေဟာလည်း စစ်တပ်က သဘောမတူဘဲ ပြင်လို့မရပါဘူး။ ဒါကြောင့်လည်း ဒီမိုကရေစီ ရနေပြီလို့ ပြောလို့မဖြစ်နိုင်သေးပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ဒီလိုဖြစ်ဖို့လည်း အချိန်ယူရဦးမယ်လို့ ထင်ပါတယ်။”

အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ နိုင်ငံရေးအရ ဖိအားတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့လည်း၊ စီးပွားရေးလို တိုင်းပြည်ဖွံ့ဖြိုးမှုတွေမှာ ထိခိုက်နေတာတွေ ရှိတယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ အထူးသဖြင့်ကတော့ အပြောင်းအလဲတွေနဲ့အတူ စီးပွားရေးအခွင့်အလန်းတွေ ပေါ်ပေါက်လာပေမဲ့ ပြည်တွင်း၊ ပြည်ပလုပ်ငန်းတွေအနေနဲ့ အမေရိကန်ရဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေမှာ ကန့်သတ်မှုတွေကြောင့် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးနိုင်တဲ့ အခြေအနေမျိုးတွေ ရှိနေတယ်လို့လည်း မြန်မာနိုင်ငံမှာ အကြီးဆုံး ပုဂ္ဂလိကဘဏ်လုပ်ငန်းဖြစ်တဲ့ ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင် ကပြောပါတယ်။

“Sanction ကသူက ဥပဒေက ရှိနေတာကို သူကတော့ ကြားမှာတော့ Sanction ကိုဖြေလျော့ပေးတာတော့ ရှိတာပေါ့။ ဒါပေမယ့် အဓိက ကအရေးကြီးတာက ဥပဒေက ရှိနေတာကို၊ ဥပဒေက ရှိနေတော့ ဥပမာ-Sanction လုပ်ပြီးသားဆိုရင်လည်း ပြန်ထည့်လို့ရတာကို အဲဒါလေးတွေကို အကြောင်းပြုပြီးတော့မှ အဓိက အမေရိကန်စီးပွားရေးတို့၊ အဓိကအားဖြင့်တော့ ဘဏ်ပေါ့နော်။ အမေရိကန်ဘဏ်တွေက ၀င်မလာသေးဘူး ဖြစ်နေတာ၊ အမေရိကန်ဘဏ်တွေမ၀င်လာသေးတော့ ဥရောပဘဏ်တွေလည်း မ၀င်ရဲဘူး။ ဆိုတော့ ဘဏ်တွေမ၀င်လာသေးတဲ့ ကာလက စီးပွားရေးလုပ်ငန်းကြီးတွေလည်း လာမှာမဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းကြီးတွေက FDI နဲ့မ၀င်လာဘူးဆိုရင် တိုင်းပြည်အတွက်ကတော့ အလားအလာသိပ်ပြီးတော့ မကောင်းဘူးပေါ့ဗျာ။”

အာရှဒေသနဲ့ သြဇာချိန်ခွင်လျှာညှိမယ်လို့ ကြေညာထားတဲ့ သမ္မတ အိုဘားမား အစိုးရဟာ အရှေ့တောင်အာရှ ဒေသမှာ တချိန်က ရန်ဘက်ဖြစ်ခဲ့ဖူးတဲ့ ဗီယက်နမ်လို နိုင်ငံမျိုးနဲ့တောင် ဆက်ဆံရေးတွေ ပုံမှန်ဖြစ်ဖို့ မကြာသေးခင်က ကြိုးပမ်းလာတာတွေကို ကြည့်မယ်ဆိုရင်၊ မြန်မာနိုင်ငံကိုလည်း ပထ၀ီဝင်နိုင်ငံရေး လိုအပ်ချက်အရ ပိုမိုရင်းရင်းနှီးနှီး ဆက်ဆံလာမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ အထူးသဖြင့်ကတော့ စစ်အစိုးရတွေ လက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေးအရ မြန်မာနိုင်ငံအပေါ် သြဇာညောင်းခဲ့သလို၊ အခုအခါ ဒေသတွင်းမှာ သြဇာအရှိန်အ၀ါ ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကို ထိန်းနိုင်ဖို့ မြန်မာနိုင်ငံနဲ့ နီးစပ်အောင် ကြိုးပမ်းနိုင်တယ်လို့ ၀ါရင့်သတင်းစာဆရာ Bertil Lintner ကမြင်ပါတယ်။

“မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ၊ တရုတ်နဲ့ အိန္ဒိယသမုဒ္ဒရာတို့ကြား တည်ရှိနေပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်နိုင်ဖို့ မြန်မာနိုင်ငံကို အသုံးချလိမ့်မယ်လို့၊ ၁၉၈၅ ခုနှစ်လောက်ကတည်းက ခန့်မှန်းခဲ့ကြတာတွေဟာ အခုအချိန်မှာ လက်တွေ့ဖြစ်လာနေပါပြီ။”

အမေရိကန် ခရီးစဉ်အတွင်းမှာတော့ သမ္မတ အိုဘားမားက ၀ါရှင်တန်၊ အိမ်ဖြူတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံမှာ ဖြစ်သလို၊ ဒုသမ္မတ ဂျိုးဘိုင်ဒင်၊ နိုင်ငံခြားရေးဝန်ကြီး John Kerry တို့နဲ့ပါ တွေ့ဆုံမှာဖြစ်ပြီး၊ ဒီနောက်မှာတော့ နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း မိန့်ခွန်းပြောကြားမှာလည်း ဖြစ်ပါတယ်။




ကိုမိုးဇော်
13.9.2016

ရခိုင်ပြည်နယ်မှာ လွှတ်တော် ကိုယ်စားလှယ်နေရာ အများစု အနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီ အတွင်းမှာ ညီညွှတ်ရေး ပြိုကွဲနေပြီး ပါတီတွင်းက အင်အားစုအချို့ ခွဲထွက်မယ့် အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။ ရခိုင်ပြည်နယ်က လူမှုရေး ၊နိုင်ငံရေးလှုပ်ရှားသူတွေ ကတော့ ပါတီတွင်း ညီညွတ်ရေး ပျက်ပြားတာကို နှစ်ဖက်ပြန်လည် စေ့စပ်ဆွေးနွေးပြီး အစဉ်အလာကောင်းတွေ ချမှတ်စေလိုကြောင်း ပြောကြပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ANP ခေါ် ရခိုင်အမျိုးသားပါတီဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲနဲ့ ၂၀၁၀ရွေးကောက် ပွဲမှာ ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ် အများဆုံးရခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD နဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ပါတီတို့ ပေါင်းစည်းထားတာဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်မှာ နှစ်ပါတီပေါင်းစည်းလိုက်တဲ့ ရခိုင်အမျိုးသားပါတီANP ဟာ ၂၀၁၅ရွေးကောက်ပွဲမှာလည်း ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးရခဲ့တာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ သဘောထားကွဲပြားမှုတွေမြင့်တက်နေပြီး ALDပါတီဝင်ဟောင်းတွေဖက်က အနာဂတ်အတွက် လမ်းကြောင်းသစ်တခု ရွေးခြယ်မယ်အခြေအနေကို ရောက်ရှိနေတယ်လို့ ALD ပါတီရဲ့ အတွင်းရေးမှုးဟောင်း ဦးမျိုးကျော်က အခုလို ပြောပါတယ်။

“ကျနော်တို့ မူလ ALD က ဗဟိုအလုပ်မှုဆောင်တွေခေါ်ပြီးတော့ ကျနော်တိုစည်းဝေးတယ်။ အဲဒီအစည်းအဝေးရဲ့ဆုံးဖြတ်ချက် အရ ဒီလ ၁၀ ရက်နေ့မှာ ကျနော်တို့ မူလက ပါခဲ့တဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်တွေကို ခေါ်ပြီးတော့ အစည်းအဝေးလုပ်တယ်။ အဲဒီအစည်းအဝေးကတခါ ဆုံးဖြတ်တာကတော့ လာမယ့်လမှာ ကျနော်တို့ မြို့နယ်တွေမှာရှိတဲ့ ရခိုင်အမျိုးသားအကျိုးစီးပွားကို လိုလားတဲ့လူတွေနဲ့ ကျနော်တို့ ထပ်ပြီးတော့ ကိုယ်စားလှယ်တွေအနေနဲ့ ရခိုင်ပြည်တနေရာမှာ အစည်းအဝေးလုပ်ဖို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်။”

လောလောဆည်အခြေအနေမှာတော့ ANP ပါတီက ခွဲထွက်ပြီး ပါတီသစ်ထောင်ရေးကို ဆုံးဖြတ်ထား မရှိဘဲ ပါတီတွင်းသဘောထားကွဲလွဲမှုတွေကို ညှိနှိုင်းဖို့လည်း ကမ်းလှမ်းထားကြောင်း ပြောပါတယ်။

“ကြားကနေပြီးတော့ ကျနော်တို့ ၂ ပါတီ ပေါင်းစဉ်က ပါခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ လူမှုအဖွဲ့ ဥက္ကဋ္ဌတွေရဲ့ နာယကတွေရှေ့မှာ ကျနော်တို့ကတော့ ဆွေးနွေးကြရအောင်လို့တော့ ခေါ်ထားပါတယ်ခင်ဗျ။”

လက်ရှိ ANP ပါတီရဲ့ ဥက္ကဌနဲ့ အရင် RNDP ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကတော့ လူထုကို ကိုယ်စားပြုဆောင်ရွက်ရေးကို ဦးစားပေးလိုကြောင်း ပြောပါတယ်။

“ကျနော်တို့ပါတီက ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် အင်မတန်လိုအပ်တဲ့လိုအပ်ချက်တွေကို ရဲရဲရင့်ရင့်ဆုံးဖြတ်ချက်ချနေကြတဲ့ ကာလဖြစ်ပါတယ်။ လိုအပ်လို့ပေါ့နော် အမျိုးသားလုံခြုံမှုစည်းတွေကို ကာနေရတဲ့ ကာလဖြစ်ပါတယ်။ အဲဒီကာလမျိုးမှာ အခုလိုသတင်းတွေ ကြားလာရတာပါ။”

စစ်တွေမြို့က ပရဟိတအရေးဆောင်ရွက်သူ ဦးဇော်ဇော်မင်းကတော့ ဒီလို အမြင်သဘောထားကွဲပြားမှုတွေ အပေါ်မှာ သူ့အမြင်ကို အခုလို ပြောဆိုပါတယ်။

“ကိုယ့်အမြင်သူ့အမြင်ပေါ့ ဒီလိုစားပွဲဝိုင်းမှာပြောဆိုတယ် ဒါကို အားနည်းချက်တွေပြန်ထုတ် ၊ အဲဒါကိုမှ အားသာချက်တွေ ဘယ်လိုလုပ်ပြီးတော့မှ ရှေ့ဆက်ကြမလဲဆိုတဲ့ အပိုင်းလေးကိုလည်း သွားစေချင်တယ်။”

ရခိုင်အမျိုးသမီးအစည်းအရုံး RWU ရဲ့ ဒုဥက္ကဌ စောစံငြိမ်းသူက ပါတီ၂ရပ်ပေါင်းစည်းရေး အပေါ်မှာအခုလို သုံးသပ်ပြောဆိုပါတယ်။

“ပြောမယ်ဆိုရင် နှလုံးသားမပါပဲနဲ့ပေါ့နော် အပြင်ပိုင်းပေါင်းစည်းတဲ့ပုံစံမျိုးပဲဖြစ်တာကြောင့် အခုလိုမျိုးအနေအထားတွေဖြစ်နေရတယ်ဆိုတဲ့ဟာကိုပဲ ကျမအနေနဲ့ မြင်ပါတယ်။”

ဆက်လက်ပြီးတော့လည်း အခုလို တိုက်တွန်းထားပါတယ်။

“အခုလိုမျိုး ပြန်လည်ပြီးတော့ စိတ်ဝမ်းကွဲပြားမှုတွေဖြစ်နေတဲ့ အနေအထားမျိုးတွေကို ၂ ဘက်စလုံးကနေ သေသေချာချာပြန်လည်သုံးသပ်ပြီးတော့ တကယ့်ရင်ထဲကလာတဲ့စေတနာတွေနဲ့ ကိုယ်တိုင်ကိုကျ ပေါင်းစည်းလိုတဲ့ ဆန္ဒကို အခြေခံပြီးတော့ ပြန်လည်ပြီးတော့ ညှိနှိုင်းဖြေရှင်းပေါင်းစည်းသွားနိုင်ဖို့အတွက်ကို ဦးတည်ပြီးတော့ သွားတာ ပိုကောင်းပါတယ်လို့ ၊ ဒီလိုပုံစံမျိုးဆိုရင်တော့ အမျိုးသားရေးအတွက် ကောင်းတဲ့ လက္ခဏာဖြစ်ပေါ်လာနိုင်ပါတယ်။

ANP ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာရခိုင်ပြည်နယ်က၄၇ နေရာ အနက် ၂၃ နေ ရာ အနိုင်ရထားပြီး အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် ၃၅ နေရာမှာ ၂၂ နေရာရရှိထားတာဖြစ်ပါတယ်။

ဘာလင်မြို့တွင် ညီလာခံ တက်ရောက်နေသည့် လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင်


RB News
13.9.2016

ဘာလင်၊ ဂျာမဏီ ။ ။ စက်တင်ဘာလ (၁၄) ရက်နေ့ ဂျာမဏီ စံတော်ချိန် နံနက် ၁၀း၃၀ နာရီ (မြန်မာစံတော်ချိန် နေ့လည် ၃ နာရီ) အချိန်တွင် ဂျာမန်လွှတ်တော်တွင် လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ ဘာသာရေး ဖိနှိပ်ခြင်းနှင့် လွတ်လပ်စွာ ကိုးကွယ်ခွင့် မြှင့်တင်ရေးနှင့် ပတ်သက်၍ ပူးတွဲ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပမည် ဖြစ်သည်။

အဆိုပါ ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင် အပါအ၀င် ဂျာမဏီနိုင်ငံမှာ အာဏာရပါတီ CDU/CDU လွှတ်တော်အမတ်များအုပ်စု ဥက္ကဌ Mr Volker Kauder, ဗြိတိန်နိုင်ငံမှ လွှတ်တော်အမတ် Ms Baroness Elizabeth Berridge, ပါကစ္စတန်နိုင်ငံမှ လွှတ်တော်အမတ် Ms Asiya Nasir, အီရတ်နိုင်ငံမှ လွှတ်တော်အမတ် Ms Vian Dakhil, နော်ဝေးနိုင်ငံမှ လွှတ်တော်အမတ် Mr Abid Raja တို့ပါဝင်မည် ဖြစ်သည်။

မြန်မာနိုင်ငံမှ လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင်က မြန်မာနိုင်ငံမှ ရိုဟင်ဂျာများနှင့် မြန်မာမွတ်စလင်များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် ဘာသာရေး အခွင့်အရေးများ ချိုးဖောက်ခံနေရမှုများကို ဆွေးနွေးမည် ဖြစ်ကြောင်း သိရှိရသည်။

ပူးတွဲသတင်းစာ ရှင်းလင်းပွဲကို အောက်ပါလင့်ခ်မှ အထက်ဖော်ပြပါ အချိန်တွင် တိုက်ရိုက် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

ကြည့်ရှုရန်လင့်ခ် -- https://www.periscope.tv/cducsubt

အလားတူ စက်တင်ဘာလ (၁၄) ရက်နေ့ ဂျာမဏီ စံတော်ချိန် နံနက် ၁၁း၃၀ နာရီမှ ည ၇ နာရီထိ (မြန်မာစံတော်ချိန် ညနေ ၄ နာရီမှ ည ၁၁း၃၀ နာရီထိ) “ခုခံကာကွယ်ရမည့် အခွင့်အရေး - လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ကာကွယ်ခြင်းနှင့် အားပေးခြင်း” ခေါင်းစဉ်ဖြင့် နိုင်ငံရေး ညီလာခံတစ်ရပ်ကို ဂျာမန်လွှတ်တော်တွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါ ညီလာခံတွင် ဂျာမန်ဝန်ကြီးချုပ် ဒေါက်တာအန်ဂျလာမာခဲလ် ကိုယ်တိုင်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားမည် ဖြစ်သည်။

နိုင်ငံရေးညီလာခံ ကျင်းပနေစဉ် အပိုင်း (၃) ပိုင်းခွဲ၍ ဟောပြောမည် ဖြစ်ပြီး၊ ပထမပိုင်းတွင် “ဘာသာရေး လွတ်လပ်ခွင့် အတွက် စိန်ခေါ်မှု - ပါလီမန်အမတ်များ၏ လူနည်းစုများအတွက် အခွင့်အလမ်း” ကို ဆွေးနွေးဟောပြောမည် ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲကို ဂျာမဏီစံတော်ချိန် နေ့လည် ၃ နာရီမှ ၄ နာရီထိ (မြန်မာစံတော်ချိန် ည ၇း၃၀ နာရီမှ ည ၈း၃၀ နာရီထိ) အောက်ပါလင့်ခ်တွင် တိုက်ရိုက် ကြည့်ရှုနိုင်မည်ဖြစ်သည်။

ကြည့်ရှုရန်လင့်ခ် -- www.cducsu.de


ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင် အပါအ၀င် ဂျာမန်လွှတ်တော် ဒုတိယဥက္ကဌ Mr Johannes Singhammer, အီရတ်နိုင်ငံမှ လွှတ်တော်အမတ် Ms Vian Dakhil, ပါကစ္စတန်နိုင်ငံမှ လွှတ်တော်အမတ် Ms Asiya Nasir တို့ပါဝင်ဆွေးနွေးမည် ဖြစ်သည်။

“ကျွန်တော်တို့ အခုကျင်းပနေတဲ့ ညီလာခံနဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ နိုင်ငံတကာက လွှတ်တော်အမတ်ပေါင်း များစွာ ပါဝင်တယ်။ ဆွေးနွေးပွဲနဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာများ၊ မြန်မာမွတ်စလင်များ ဘာသာရေးနဲ့ ပတ်သက်ပြီး ဖိနှိပ် နှိပ်ကွပ်ခံနေရတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အကြောင်းတွေက ဆွေးနွေးပွဲရဲ့ သုံးပုံတစ်ပုံလောက်မှာ ပါနေတယ်။ အားလုံးကလည်း မြန်မာနိုင်ငံက မွတ်စလင်အရေးကို ပိုပြီး စိတ်ဝင်စားကြတယ်။ ရိုဟင်ဂျာတွေကလည်း အစ္စလာမ်ဘာသာ ကိုးကွယ်လို့ ပိုပြီး ဖိနှိပ်ခံနေရတာဆိုတာကို အားလုံးလက်ခံကြတယ်” ဟု လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင်က RB News သို့ပြောပါသည်။



Rohingya Eye
RB News
12.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က စက်တင်ဘာလ (၂) ရက်နေ့တွင် တရားဝင် အမိန့်စာ ထုတ်၍ နေအိမ်များတွင် အာရဗီ စာသင်ကြားခွင့်ကို ပိတ်ပင်လိုက်ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က သြဂုတ်လ (၁၆) ရက်နေ့တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခန်းမဆောင်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လတစ်ဝက် အစည်းအဝေး ကျင်းပခဲ့ရာတွင် နှုတ်ဖြင့် ဗလီများနှင့် နေအိမ်များတွင် အာရဗီ စာသင်ကြားနေမှုကို တားမြစ်ပေးရန် ဟုဆိုကာ ညွန်ကြားခဲ့ပြီးနောက် စက်တင်ဘာလ (၂) ရက်နေ့တွင် တရားဝင် အမိန့်စာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် အချိန်မှစ၍ ဗလီများတွင် အာရဗီစာ သင်ကြားခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ပုဒ်မ ၁၄၄ အရ ဗလီ၊ အများသွားလာနေသည့် နေရာ၊ ဈေး၊ ကျောင်းနှင့် ပန်းခြံရှေ့များတွင် လူငါးဦးထက် ပိုမစုရဟုသာ ပါရှိပြီး၊ နေအိမ်များတွင် မစုဝေးရဟု မပါရှိသဖြင့် အများစုက မိမိတို့၏ ကလေးငယ်များကို နေအိမ်တွင် သင်ကြားလျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ ကလေးတွေကို အိမ်မှာတောင် ဘာသာရေး မသင်ပေးရဘူးဆိုရင် ဒီကလေးတွေ ဘာသာမဲ့တွေ ဖြစ်ကုန်မှာပေါ့။ ဗလီမှာလည်း မသင်ရ၊ အိမ်မှာလည်း မသင်ရဆိုရင် သူတို့ ရုံးမှာ သွားသင်လိုက်ချင်တယ် လို့သာ မေးလိုက်ချင်တော့တယ်” ကလေးမိဘ တစ်ဦးက မကျေမနပ် ပြောဆိုပါသည်။

နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၄ တွင် “ငြိမ်ဝိပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခြားအချက်ပြဌာန်းချက်တို့နှင့်သော်လည်းကောင်း၊ မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်တည်ဆောက်နိုင်သော အခွင့်အရေး တို့ကို အညီအမျှ ရရှိစေရမည်” ဟု ရေးသား ပြဌာန်းထားသည်။

နေအိမ်များတွင် အာရဗီစာ သင်ကြားခြင်းသည် ငြိမ်ဝိပိပြားရေးကို ထိခိုက်နိုင်ခြင်း မရှိသလို၊ အခြား ပြဌာန်းချက် များနှင့်လည်း ငြိစွန်း နေခြင်းမရှိသောကြောင့် လွတ်လပ်စွာ ကိုးကွယ် တည်ဆောက်နိုင်သော အခွင့်အရေးကို အာဏာပိုင်များက ခွင့်ပြုရမည် ဖြစ်သည်။

ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ နေအိမ်များတွင် ဘာသာရေးနှင့် ပတ်သက်၍ လွတ်လပ်စွာ ကိုးကွယ် တည်ဆောက်ခွင့် ရှိသော်လည်း အစ္စလာမ် ဘာသာဝင် များကို တားမြစ် ကန့်သတ် ပိတ်ပင်ခြင်းမှာ နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၄ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်သည်။

အခြားသော ကလေး မိဘတစ်ဦးက “ဒီမှာ ပဋိပက္ခတွေ ဖြစ်ပွားပြီးတဲ့နောက်မှာ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ အခြေခံ အာရဗီစာတွေကို အေးအေးချမ်းချမ်း သင်နိုင်ခဲ့တယ်။ အခု ဒီမြို့နယ် အုပ်ချုပ်ရေးမှူး ရောက်လာပြီးမှ ဟန့်တား ပိတ်ပင်နေတာက ကျွန်တော်တို့ ကလေးတွေ အတွက် ကြီးမားတဲ့ ဆုံးရှုံး နစ်နာမှု ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရ အနေနဲ့ အောက်ခြေ အာဏာပိုင်တွေက လုပ်နေတာတွေကို ပြန်လည် သုံးသပ်ပြီး ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောပါသည်။


MYARF
RB News
10.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ် အခြေစိုက် ကျီးကန်းပြင် စစ်ဆေးရေး စခန်းမှ နယ်ခြားစောင့်ရဲ များက မြန်မာနိုင်ငံ၏ နိုင်ငံသား စီစစ်ရေး ကဒ်ပြား ကိုင်ဆောင်ထားသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရခိုင်လူမျိုး အမျိုးသား (၄) ဦးကို ဘင်္ဂလားဒေ့ရှ် ငွေ တာကာ ၁၀ သိန်းနီးပါးနှင့် အတူ သြဂုတ်လ (၃၁) ရက်နေ့ ည ၉  နာရီခန့်အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဖမ်းဆီးရမိသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာဒေါရ်ဘောန်ခရိုင်၊ ရွာတော် ဇာတိဖြစ်ကြပြီး မောင်တော မြို့နယ် မြောက်ပိုင်း၊ ကံပြင် ရခိုင်ရွာမှ တဆင့် ခိုးဝင်လာခြင်း ဖြစ်သည်။ ၎င်းတို့ကို မောင်တော မြို့နယ်၊ အမှတ် (၃) ရပ်ကွက်မှ ရခိုင်လူမျိုး တစ်ဦးက လမ်းပြ၍ ခေါ်ဆောင်သွားစဉ် ကျီးကန်းပြင် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ် အခြေစိုက်ရာ ကျီးကန်းပြင် စစ်ဆေးရေး စခန်းမှ နယ်ခြားစောင့်ရဲများက မသင်္ကာ၍ စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ၎င်းတို့ (၅) ဦးထံမှ ဘင်္ဂလားငွေ တာကာ ၁၀ သိန်း နီးပါး လက်ဝယ် ဖမ်းဆီးရမိပြီး၊ နှစ်ဦးထံမှချင်းပြည်နယ်၊ ပလက်ဝမြို့နယ် လ.၀.က မှ ထုတ်ပေးထားသည့် နိုင်ငံသား စီစစ်ရေးကဒ်ပြား ရရှိခဲ့သည်။ 

ရခိုင်စကား၊ ဗမာစကား ပီသစွာ မပြောတတ်သည့် အပြင်၊ မြန်မာနိုင်ငံဖက်မှ နေရာဒေသကိုလည်း သိကျွမ်းခြင်း မရှိသော အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၄) ဦးနှင့် အမှတ် (၃) ရပ်ကွက်မှ လမ်းပြတစ်ဦး တို့ကို အမှတ် (၆) နယ်မြေ၊ ပြင်ဖြူ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ခေတ္တ ထိန်းသိမ်းထားခဲ့ပြီး၊ နောက်တစ်နေ့တွင် မောင်တောခရိုင်၊ လ.၀.က သို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ထို့နောက် ခရိုင် လ.၀.က က မောင်တောမြို့နယ် ရဲစခန်းသို့ လွှဲပြောင်း ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ခိုးဝင်လာသူများသည် ရခိုင်လူမျိုး ဖြစ်သဖြင့် နယ်ခြားစောင့်ရဲ များက အရေးယူပိုင်ခွင့် မရှိသောကြောင့် လ.၀.က သို့ လွှဲပြောင်းပေးခဲ့ရခြင်း ဖြစ်သည်ဟု မောင်တော ခရိုင် လ.၀.က ရုံး စာရေးတစ်ဦးထံမှ စုံစမ်း သိရှိရသည်။ 

ဖမ်းဆီးထားသူ (၅) ဦးတို့ကို ဆက်လက် အရေးယူ ဆောင်ရွက်ခြင်းရှိ/မရှိ ကို စုံစမ်းရန် ခက်ခဲနေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ရခိုင်ပြည်နယ် အနှံ့ လ.၀.က ရုံးများတွင် အရာရှိ အများစုမှာ ရခိုင်လူမျိုးများ ဖြစ်ပြီး တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသည့် ရခိုင်လူမျိုးများကို စစ်ဆေးခြင်း မရှိဘဲ မှတ်ပုံတင် ထုတ်ပေးလေ့ရှိကြောင်း ဌာနဆိုင်ရာများနှင့် နီးစပ်သူတစ်ဦးက RB News သို့ပြောသည်။ 

ဘင်္ဂလားဒေ့ရှ်သို့ မကြာခဏ သွားလာနေသည့် မြို့ခံ တစ်ဦးက “ဘင်္ဂလားဒေ့ရှ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားကဒ်၊ နိုင်ငံကူးလက်မှတ် ကိုင်ထားပြီး၊ မြန်မာဘက်က နိုင်ငံသား စီစစ်ရေးကဒ် ကိုင်ထားတဲ့ ရခိုင်တွေ အများကြီးပါဘဲ။ မြန်မာဘက်ကို ကူးရင် မြန်မာနိုင်ငံသားကဒ်နဲ့ သွားလာ လှုပ်ရှားပြီး၊ ဘင်္ဂလားဒေ့ရှ်ကို ပြန်ရောက်ရင် ဘင်္ဂလားမှတ်ပုံတင်နဲ့ သွားလာ လှုပ်ရှားတယ်။” ဟုပြောပါသည်။

“နေ့စဉ်နဲ့ အမျှ ခိုးဝင်နေတဲ့ သူတွေက ရခိုင်လူမျိုးတွေ ဖြစ်ပေမယ့်လည်း မြန်မာ အာဏာပိုင်တွေကတော့ ရခိုင်ပြည်နယ်က ဌာနတိုင်းရင်းသား ရိုဟင်ဂျာတွေကို ခိုးဝင်လာတဲ့ ဘင်္ဂလီဆိုပြီး အမြဲလိုလို စွပ်စွဲ ပြောဆိုနေတာက ကိုးကွယ်တဲ့ ဘာသာကြောင့် ဆိုတာ သိသာထင်ရှားနေတယ်” ဟု ဆက်လက်ပြောပါသည်။ 



Rohingya Eye
RB News
9.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့် သည် စက်တင်ဘာလ (၈) ရက်နေ့က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံများကို ဆင့်ခေါ်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမဆောင်တွင် အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ကုရ်ဘာနီ သားကောင်များကို သတ်မှတ်ထားသည့် နေရာတွင်သာ လုပ်ရမည်ဟု မှာကြားရာ၊ မြို့ပေါ် ရပ်ကွက်မှ ရိုဟင်ဂျာ အုပ်ချုပ်ရေးမှူး တစ်ဦးက ကုရ်ဘာနီ သားကောင်များကို သတ်မှတ် ထားသည့် နေရာတွင် လုပ်ရမည်ဆိုရပါက အခက်အခဲများ ရှိလာမည် ဖြစ်ကြောင်း၊ ပုဒ်မ (၁၄၄) ရှိသည့် အတွက် လူ (၅) ဦးထက် ပိုမစုအမိန့်နှင့်လည်း ကိုက်ညီမည် မဟုတ်ကြောင်း၊ သားကောင်တစ်ကောင် အတွက် လူ (၄) ဦး လိုအပ်ကြောင်း၊ အားလုံး စုပေါင်း၍ တစ်နေရာတွင် လုပ်ရမည် ဆိုပါက လူအစုအဝေး ဖြစ်လာမည် ဖြစ်ကြောင်း၊ အားလုံးတွင် ဓါးများလည်း ပါလာမည် ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် နေရာသို့ သွားလာသည့် အချိန်တွင် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားလာမည်ကို စိုးရိမ်မိပါကြောင်း၊ မိမိတို့၏ ခြံမြေများတွင်သာ ယခင်နှစ်များက အတိုင်း လုပ်မည်ဆိုလျှင် ပို၍ သင့်တော်မည် ဖြစ်ကြောင်း ပြန်လည် တင်ပြခဲ့သည်။

ခေတ်အဆက်ဆက် အစိုးရများ လက်ထက်တွင် ကုရ်ဘာနီ သားကောင်များကို မိမိတို့၏ ခြံမြေများတွင် လုပ်ခဲ့ပြီး၊ ယခုနှစ်တွင် သတ်မှတ်ထားသည့် နေရာတွင်သာ လုပ်ရမည်ဟု ပြောဆိုလာခြင်း ဖြစ်သည့်အတွက် မောင်တောမြို့မှ ဒေသခံ ရိုဟင်ဂျာ မွတ်စလင်များ အလွန် အံ့သြလျက် ရှိနေကြသည်။

“မြို့ကြီးတွေမှာ ခြံမြေ အလွတ်မရှိလို့ သတ်မှတ်ထားတဲ့ နေရာမှာ လုပ်ရတာ သဘာဝကျတယ်။ ကျွန်တော်တို့ မောင်တောမြို့က မြို့ကြီးလည်း မဟုတ်ဘူး။ အားလုံး လိုလိုမှာ ခြံမြေ အလွတ် ရှိကြတယ်။ နှစ်စဉ်နှစ်တိုင်း ကိုယ့်ခြံထဲမှာဘဲ လုပ်လာတာ။ အခု သတ်မှတ်ထားတဲ့ နေရာမှာ လုပ်ရမယ် ဆိုရင် မလုပ်တာသာလျှင် ပိုကောင်းမယ်။ ဟိုမှာ ရဲအစောင့်တွေရှိမယ်။ အသားတွေကို အိမ်သယ်တဲ့ အခါမှာ အခက်အခဲ ပေါင်းစုံ ကြုံတွေ့ လာမယ်” ဟု မြို့ခံ ဒေသခံ ရိုဟင်ဂျာတစ်ဦးက RB News သို့ပြောပါသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်သည် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် အစည်းအဝေး ပြုလုပ်တိုင်း ၎င်းသည် ပြည်ခိုင်ဖြိုး ပါတီ၏ သစ္စာခံ တစ်ဦး ဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလေ့ ရှိသည်။

မြို့ခံ တက်ကြွလှုပ်ရှားသူ တစ်ဦးက “ဦးလှမြင့်ရဲ့ လုပ်နည်းလုပ်ဟန်တွေက လက်ရှိ အစိုးရရဲ့ မူဝါဒတွေနဲ့ ကိုက်ညီမှု မရှိဘဲ၊ ယခင် ဦးသိန်းစိန် အစိုးရလက်ထက်က မူဝါဒ အတိုင်း ဆက်သွားနေတယ်။ ယခင် အစိုးရ မရှိတော့ပေမယ့် အဲဒီ အစိုးရရဲ့ မူဝါဒတွေကို ဆက်လက် အကောင်အထည် ဖော်နေတယ်။ သူက ဖိနှိပ်မှုနဲ့ ဘက်လိုက်တဲ့ အုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးနေတယ်။ အခုသူ့လက်ထက်မှာ ရိုဟင်ဂျာတွေရဲ့ လယ်မြေတွေကို အတင်းအဓမ္မ သိမ်းတာတွေ လုပ်နေတဲ့ အပြင်၊ အခု ကုရ်ဘာနီကိုလည်း သတ်မှတ်ထားတဲ့ နေရာမှာ လုပ်ခိုင်းပြီး ပဋိပက္ခ တစ်ခုခု ဖန်တီးဖို့ အကွက်ကျကျ စီစဉ်နေတယ်လို့ ထင်ရတယ်။ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်ပွားလာရင် အစိုးရက ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေလည်း ပျက်ပြားသွားမယ်ဆိုပြီး တမင် ရည်ရွယ်ပြီး လုပ်နေတယ်လို့ ထင်ရတယ်။ အဲဒါကြောင့် တာဝန်ရှိတဲ့ အာဏာပိုင်တွေ အနေနဲ့ သေချာ စုံစမ်းပြီး အမြန်ဆုံး တားမြစ်ပေးဖို့ လိုပါတယ်။” ဟု ပြောပါသည်။




MYARF
RB News
8.9.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အပိုင် ကျောက်ချောင်း ကျေးရွာ ယာယီ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးက ဒေသခံ ရိုဟင်ဂျာ ရွာသား (၄) ဦးကို ထိုးကြိတ် ရိုက်နှက်၍ ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

လူမဆန်စွာ ရိုက်နှက်ခံရပြီး ငွေညှစ်ခံရသူ ဦးအာခ်တာရ်ဟူဆောင်း (ဘ) ဦးဆော်ယောက်တာမောက် (အသက် ၃၁ နှစ်) အပါအ၀င် (၄) ဦးတို့သည် ကျေးရွာအတွင်း ပုဇွန် မွေးမြူရေးကန် လုပ်နေသူများ ဖြစ်ကြပြီး ၎င်းတို့ ပုဇွန်ကန်နှင့် ကပ်လျက်ရှိနေသည့် အခြား ပုဇွန်ကန် တစ်ကန်ကို နစ်နာ ဆုံးရှုံးအောင် ပြုလုပ်ခဲ့သည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး နှစ်ဦးတို့က လုပ်ကြံ ဖန်တီးပြီး ၎င်းတို့အား စက်တင်ဘာလ (၅) ရက်နေ့က ရုံးသို့ ဆင့်ခေါ်ပြီး လူမဆန်စွာ ရိုက်နှက်ကာ ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

အုပ်ချုပ်ရေးမှူးသည် အဆိုပါ ရွာသား (၄) ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ထောက်ခံမဲ မပေးခဲ့သည်ကို အငြိုးထား၍ လုပ်ကြံခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 





MYARF
RB News
8.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြင်းလွတ် ကျေးရွာတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်၏ အမိန့်ဖြင့် အီးဒ်နေ့ အတွက် ရောင်းဝယ်နေသည့် ကျွဲနွား တစ်ကောင်လျှင် ငွေကျပ် တစ်သောင်းစီ ဆက်ကြေး သဖွယ် ကောက်ခံနေကြောင်း သတင်း ရရှိပါသည်။ 

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်၏ အမိန့်အရ ဆက်ကြေး ကောက်ခံနေသူ များမှာ --

(၁) ဦးအေနာယတ်အူလ္လာ (ဘ) ဦးဖော်ဇော်လ်ကော်ရိမ်း (အသက် ၄၀ နှစ်)၊ မြင်းလွတ် မြောက်ရွာမှ
(၂) ဦးဂျဘိုး (ဘ) ဦးဟာရှိမ်း (အသက် ၃၃ နှစ်)၊ မြင်းလွတ် ချိတ္တာရွာမှ
(၃) ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးအီဆုပ်ဇော်လာလ် (အသက် ၃၅ နှစ်) မြင်းလွတ် အရှေ့ရွာမှ
(၄) ဦးအဒူလ်ဟာဖီးဇ် (ဘ) ဦးလားဇူး (အသက် ၂၅ နှစ်) မြင်းလွတ် အလယ်ရွာမှ
(၅) အမည်မသိ (ဘ) ဦးအဘုလ်ကာလာမ် (အသက် ၂၅ နှစ်) ဇော်မတက် ကျေးရွာအုပ်စုမှ -- တို့ဖြစ်သည်။ 

အထက်ဖော်ပြပါ (၅) ဦးသည် မြင်းလွတ်နှင့် ဇော်မတက် ကျေးရွာများသာမက မောင်တော မြို့နယ် တောင်ပိုင်း တစ်လျှောက်လုံးတွင် ဈေး၌ ရောင်းဝယ်နေသည် ဖြစ်စေ၊ ရွာတွင်း ရောင်းဝယ်နေသည် ဖြစ်စေ နွားတစ်လျှင် ငွေကျပ် တစ်သောင်းစီ ကောက်ခံလျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ယခင်နှစ်များတွင် ယခုကဲ့သို့ ကောက်ခံခြင်း မရှိခဲ့သော်လည်း ယခုနှစ်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး၏ အမိန့်အရ ကောက်ခံနေခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုကဲ့သို့ ကောက်ခံနေမှုကြောင်း နွားဈေးများ တက်လာရာ ကုရ်ဘာနီ အီးဒ်လုပ်မည့် ရိုဟင်ဂျာများ အတွက် ၀န်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာသည်ဟု ဒေသခံများက ပြောပါသည်။ 




Rohingya Eye
RB News
8.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ဒိုးတန်း (လူးဒိုင်းန်) ကျေးရွာမှ မော်လ၀ီ ကော်လိမ်မူလ္လာ (ဘ) ဦးဆွေယောဒ်ကော်ရိမ်း (အသက် ၃၅ နှစ်) သည် အာရဗီစာ ကျူရှင်ပြ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်သည်။ စက်တင်ဘာလ (၆) ရက်နေ့ နံနက် (၁) နာရီ အချိန်တွင် ငါးခူရ ကျေးရွာ အခြေစိုက် နယ်မြေ (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ များက ၎င်း၏ အိမ်ကို ၀န်းရံကာ နယ်မြေရုံးသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

၎င်းအား တရားမ၀င် အဖွဲ့အစည်းများနှင့် ဆက်သွယ်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခြင်း ဖြစ်ပြီး၊ နယ်ခြားစောင့်ရဲ များက လွှတ်ပေးရန် အတွက် ငွေကျပ် သိန်း (၅၀) တောင်းခံခဲ့သည်။ ၎င်းက ငွေကျပ် သိန်း (၅၀) ပေးရန် မတတ်နိုင်ကြောင်း ပြောသောအခါ နယ်ခြားစောင့်ရဲ များက လူမဆန်စွာ နေ့ည ညှဉ်းပန်း နှိပ်စက်ခဲ့သည်။ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ဦးခေါင်းနှင့် ကျောဘက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

နယ်ခြားစောင့်ရဲ များ၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ကို မခံနိုင်တော့သဖြင့် ယနေ့ စက်တင်ဘာလ (၈) ရက်နေ့ ည (၈) နာရီ အချိန်တွင် ငွေကျပ် (၁၅) သိန်းပေး၍ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ကြောင့် လမ်းမလျှောက်နိုင်သောကြောင့် ထမ်း၍ အိမ်သို့ ခေါ်ဆောင်လာရပြီး၊ ယခုအခါ ပြင်ပဆေးခန်းတွင် ဆေးကုသမှု ခံယူနေကြောင်း အဆိုပါ ဒေသခံက ဖြည့်စွက် ပြောသည်။

မော်လ၀ီ ကော်လိမ်မူလ္လာ သည် ရွာတွင် အများ ကြည်ညို လေးစားမှုကို ခံရသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပြီး၊ မည်သည့် တရားမ၀င် အဖွဲ့အစည်းနှင့်မှ အဆက်အသွယ် မရှိကြောင်း ဒေသခံ ရွာသားများက ပြောပါသည်။ နယ်ခြားစောင့်ရဲများက ငွေညှစ်ရန် လုပ်ကြံ စွပ်စွဲခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ဒီမိုကရေစီ အစိုးရ လက်ထက်တွင် စစ်အစိုးရ လက်ထက်ကနှင့် မထူးမခြားနား ဖြစ်နေသဖြင့် အစိုးရ အနေဖြင့် ထိရောက်စွာ ကိုင်တွယ် ဖြေရှင်း ပေးရန် တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
8.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်ရှေ့  စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာလျှင် ဗုဒ္ဓဘာသာဝင် များမှ အပင် ကျန်ဘာသာဝင်များကို ကားပေါ်မှဆင်းခိုင်းပြီး တန်းစီခိုင်းကာ ပါလာသည့် ယာယီသက်သေခံ လက်မှတ် အပ်နှံထားသည့် စာရွက်များကို နယ်ခြားစောင့်ရဲ များက သိမ်းဆည်း၍ ငွေကျပ် ငါးရာ၊ တစ်ထောင်စီ အတင်းအဓမ္မ ညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ရွာထွက်လက်မှတ် ထောက်ခံစာဖြင့် သွားလာနေသည့် ရိုဟင်ဂျာများထံမှလည်း ငွေကျပ် တစ်ထောင်စီ ညှစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။

ထို့အပြင် ရိုဟင်ဂျာများ၏ ဖုန်းများကို စစ်ဆေးပြီး နိုင်ငံခြား ဖုန်းနံပါတ် တွေ့လျှင် ငွေကျပ် နှစ်သောင်း အထက် ညှစ်သည်ဟု ဆိုသည်။

ပြည်နယ် ၀န်ကြီးချုပ် ဖြစ်သူ ဦးညီပု က ရခိုင်ပြည်နယ်သူ / သား များ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးသည် ပြည်နယ်အစိုးရ၏ မူဝါဒ တစ်ရပ်ဟု ပြောဆိုသော်လည်း အောက်ခြေတွင် နယ်ခြားစောင့်ရဲများ လူမိုက်ဆန်ဆန် ငွေညှစ်လျက် ရှိနေကြောင်း၊ ပြည်နယ် အစိုးရအနေဖြင့် ယခုကဲ့သို့ ခရီးသွားပြည်သူများကို နှောက်ယှက် ငွေညှစ်နေသည်ကို အမြန်ဆုံး ရပ်တန့်ပေးရန် တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။




ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် သတင်းစာရှင်းလင်းပွဲ

မြင့်မြင့်ခိုင်
8.9.2016

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်အနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးမှာ မဟုတ်ပဲ ရခိုင်ပြည်နယ်က နှစ်ဖက် အသိုင်းအဝိုင်းကြား တင်းမာမှုတွေကို လျှော့ချနိုင်ဖို့အတွက် အကြံ ပြုချက်တွေ ပေးနိုင်ဖို့သာဖြစ်တယ်လို့ ကော်မရှင် ဥက္ကဌ တာဝန်ယူထားတဲ့ ကုလ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်က ပြောဆိုလိုက်ပါတယ်။ ရခိုင်အကြံပေးကော်မရှင်အနေနဲ့ တဖက်တည်းကို အာရုံ စိုက်လုပ်ဆောင်မှာ မဟုတ်ဘဲ အသိုင်းအဝန်းအားလုံးအတွက်ရည်ရွယ်ပြီး အကြံပြုသွား မှာဖြစ်တယ်လို့ ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုဖီအာနန်က ပြောလိုက်တာပါ။ ဒါနဲ့ ပတ် သက်လို့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က ပြောပြပေးပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် သတင်းစာရှင်းလင်းပွဲ
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာ နန်က ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းစစ်ဆေးမှာမဟုတ် ဘဲ ရခိုင်ပြည်နယ်က နှစ်ဖက်အသိုင်းအဝိုင်းကြား တင်းမာမှုတွေကို လျှော့ချဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အ တွက်အထောက်အကူဖြစ်မယ့် အကြံတွေပေးသွားမှာဖြစ်တယ်လို့ ဒီကနေ့ရန်ကုန်မှာပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းဖို့နဲ့ လူ့အခွင့်အရေး အစီရင်ခံစာရေးဖို့ ဒီကို ရောက်နေတာ မဟုတ်ပါဘူး။ ဒီကော်မရှင်ရဲ့ တာဝန်နဲ့ ပတ်သက်လို့ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြော ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်က အကြံပြုချက်တွေ ပေးဖို့ပဲဖြစ်ပါတယ်။ ဒီအကြံပေး ချက်တွေက ရခိုင်ပြည်နယ်က နှစ်ဖက်အသိုင်းအဝိုင်းကြားက တင်းမာမှုတွေကို လျှော့ချပေးနိုင်ဖို့နဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုဖို့အတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့တော့ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်နဲ့ အစီရင်ခံစာကို စောင့်ကြည့်ပါလို့ပဲ ပြောချင်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒီမှာ ရဲတွေလို စုံစမ်းစစ်ဆေးသူလို ပုံစံမျိုးနဲ့ ရောက်နေတာမဟုတ်ပါဘူး။ အစိုးရရဲ့တောင်းဆိုချက်အရ ကျွန်တော်တို့ ဒီကိုရောက်ရှိနေတာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဒီ ကော် မရှင်ကို မြန်မာကော်မရှင်အဖြစ်သာရှုမြင်ပါတယ်။ ကျွန်တော်တို့က နိုင်ငံတကာရဲ့ အမြင်တွေ ထည့်သွင်း စဉ်းစားနိုင်ဖို့အတွက် ပါဝင်တာဖြစ်ပါတယ်။"

ရခိုင်အကြံပေးကော်မရှင်အနေနဲ့ လက်တွေ့ မြေပြင်အခြေအနေတွေကို လေ့လာရာမှာ တဖက်တည်းကို အာရုံစိုက် တာမျိုးမဟုတ်ဘဲ အသိုင်းအဝိုင်းအားလုံးအတွက် အထောက်အကူဖြစ်မယ့် အကြံပြုချက်တွေ ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ကော်မရှင်ဥက္ကဌ ကိုဖီအာနန်က ပြောဆိုလိုက်ပြီး သူ့အနေနဲ့ အချိန်လည်း မဆွဲဘဲ အလောလည်းမကြီးပဲ အစီရင်ခံတင်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အကြံပေး ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ဟာ ရခိုင်ပြည်နယ်ကို ၂ရက်တာ သွားရောက် လေ့လာခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ လွတ်လပ်စွာ သွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ လိုအပ်ချက်တွေ အပါအဝင် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို နား လည်နိုင်ဖို့အတွက် သမိုင်းကြောင်း ကိစ္စတွေကို ခရီးစဉ်အတွင်း အဓိက ဆွေးနွေးခဲ့တာလည်း ဖြစ်ပါ တယ်။

ရခိုင်အကြံပေးကော်မရှင်အနေနဲ့ နယ်စပ်ဖြတ်ကျော်သွားလာမှု ကိစ္စတွေနဲ့ ပတ်သက်လို့လည်း အိမ်နီး ချင်းတိုင်းပြည်တွေနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်အောင်လည်း ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ကိုဖီ အာနန်က ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံတွင်းမှာတင်မကဘဲ အိမ်နီးချင်းတွေနဲ့လည်း နယ်စပ်အခြေ အနေ တွေ၊ နယ်စပ်ဖြတ်ကျော်သွားလာမှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုပိုကောင်းအောင် ကိုင်တွယ်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်နိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးလုပ်သွားမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ အကြံပေးချက်တွေနဲ့ အစီရင်ခံစာထုတ်ပြန်တဲ့ အခါမှာ အသိုင်းအဝိုင်းအားလုံးကို အကူညီပေးဖို့ဖြစ်ပါတယ်။ တဖက်တည်းကို အာရုံစူးစိုက်ရုံနဲ့ ပြဿနာတွေ ပြေလည်သွားမှာမဟုတ်ဘဲ အားလုံးအတွက် အထောက်အကူဖြစ်အောင် အကြံပြုသွားမှာဖြစ်ပါတယ်။”

ကော်မရှင်ရဲ့အကြံပြုချက်တွေဟာ လက်ရှိ ရခိုင်ပြည်နယ်က နှစ်ဘက်အသိုင်းအဝိုင်းကြား သဘောထား ကွဲလွဲနေတဲ့ “ရိုဟင်ဂျာ၊ ဘင်္ဂါလီ” ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်တဲ့ ပြဿနာတွေကိုလည်း လျှော့ပါး သွား စေမယ်လို့ မျှော်လင့်ကြောင်း ကိုဖီအာနန်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောဆိုသွား ပါတယ်။

ရခိုင်အကြံပေးကော်မရှင်ရဲ့ အခုတခေါက် ရခိုင်ခရီးစဉ်အတွင်းမှာ ဖိနှိပ်ချုပ်ချယ်တဲ့ ဖြစ်ရပ်မျိုးတွေ မတွေ့ခဲ့ရဘူးလို့ ကော်မရှင် ဥက္ကဌ ကိုဖီအာနန်က ပြောပါတယ်။ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကတော့ တကယ့်မြေပြင်အခြေအနေမှာ ဖိနှိပ်မှုတွေရှိမရှိ သိနိုင်ဖို့အတွက် အချိန်ယူလေ့လာဖို့လိုတယ်လို့ ပြော ပါတယ်။

“ကျနော်တို့အနေနဲ့ လက်တွေ့မြေပြင်အခြေအနေမှာ ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိမရှိဆိုတာကို အချိန်ယူစောင့်ကြည့်လေ့လာဖို့ လိုတယ်” လို့ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ပြောသွားတာပါ။

ရခိုင်အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်ဟာ ရခိုင်ပြည်နယ်ကို သွားရောက်ပြီးနောက် ဒီကနေ့ မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အရေးအကြံပေးကော်မရှင်ကို မကြာသေးခင်ကာလက ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကော်မရှင်မှာ နိုင်ငံတကာ က ပုဂ္ဂိုလ်တွေ ပါဝင်မှုနဲ့ ပတ်သက်လို့ ကန့်ကွက်ခံရမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်ခံမှာ မဟုတ်ဘူး လို့တော့ ပြောဆိုထားပါတယ်။

ရခိုင်အကြံပေးကော်မရှင်အနေနဲ့ မြေပြင်အခြေအနေတွေကို ကွင်းဆင်းလေ့လာပြီးနောက် ၁၂လ အ တွင်း အစီရင်ခံထုတ်ပြန်သွားမှာလည်းဖြစ်ပါတယ်။



ဗွီအိုအေမြန်မာပိုင်း
8.9.2016

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ရခိုင်ပြည်နယ် အရေး အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီ အာနန်ဟာ ရခိုင်ပြည်ဘက်ကို သွားပြီးတဲ့ နောက် ဒီကနေ့မှာတော့ သမ္မတ ဦးထင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ သီးခြားစီတွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ပြောဆို ဆွေးနွေးပါတယ်။



ဒီကိစ္စဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စရပ်တခု ဖြစ်တာကြောင့် ကိုဖီ အာနန်ရဲ့ ကျွမ်းကျင်တဲ့ခေါင်းဆောင်မှုနဲ့ ပြဿနာ ကို ချဉ်းကပ်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း သမ္မတဦးထင်ကျော်ကပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံတာမှာတော့ ရခိုင်ပြည်နယ် ဗြိတိသျှကိုလိုနီလက်အောက် ကျသွားခဲ့တာကနေစပြီး သမိုင်းကြောင်းဖြစ်ရပ်တွေ ကိုဖီ အာနန်ကို ရှင်းပြပါတယ်။

မစ္စတာ ကိုဖီ အာနန်ဘက်ကလည်း ကော်မရှင်အနေနဲ့ လူထုသဘောထားတွေ တောင်းခံတာမှာ လိုအပ်ချက်တွေကို ရှင်းရှင်း လင်းလင်း သိလိုတဲ့အကြောင်း၊ ကော်မရှင်အနေနဲ့ အခုကိစ္စမှာ ဆုံးဖြတ်ချက်ပေးမှာမဟုတ်ဘဲ သက်ဆိုင်သူတွေ၊ နှစ်ဖက် အသိုက်အ၀န်းတွေနဲ့ တွေ့ဆုံပြီးတော့ လေ့လာသုံးသပ်ပြီး အကြံပေးတာ၊ အကြံပြုတာကိုပဲ ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း စသည်ဖြင့် အခုတွေ့ဆုံပွဲတွေအတွင်း ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်ကို မကြာသေးခင်က ပဲ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ကော်မရှင်မှာ နိုင်ငံခြားသားတွေ ပါနေတဲ့အပေါ် ကန့်ကွက် ပြောဆိုတာတွေ ရှိထားတာပါ။ ကော်မရှင် ကိုပြန်ဖွဲ့ဖို့ မကြာသေးခင်က လွှတ်တော်မှာတင်တဲ့ အဆိုကတော့ မဲခွဲဆုံးဖြတ်တာမှာ မအောင်မြင်ခဲ့ပါဘူး။



နေ့စွဲ၊ ၂၀၁၆ ခု စက်တင်ဘာ ၈ ရက်

စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ သို့ အကြံပေးခြင်း

မြန်မာ နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါဝင် မြန်မာ့တပ်မတော်တွင်း ဆုံးဖြတ်ချက် ပြု နိုင်သူတို့အား ကျွန်ုပ်တို့ Civil Rights Movement (For Burma) အဖွဲ့မှ စေတနာကောင်းဖြင့် ရိုးသားစွာ အကြံပြုလိုပါသည်။

ရခိုင်ပြည်နယ် ကိစ္စ အပါအ၀င် မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်နေသော၊ ဖြစ်ပေါ်ခဲ့သော- ပဋိပက္ခများ၊ ပြသနာများ၊ စစ်မက်ဖြစ်ပွားမှုများမှာ- နိုင်ငံရေး ဆိုင်ရာ ဖြေရှင်းမှုများ အပေါ် မကျေမနပ် ဖြစ်မှုများမှ စတင်ခဲ့ခြင်းများသာ ဖြစ်ပြီး- စစ်ဘက်ဆိုင်ရာ မကျေနပ်မှုများမှ စတင်ခဲ့ခြင်း အလျှဉ်း မရှိခဲ့ပါ။

သို့သော်လည်း မကျေနပ်ကြသော အုပ်စု၊ လူမျိုးစုတို့နှင့် နိုင်ငံရေးအားဖြင့် ဖြေရှင်းမှုတို့တွင် တိကျသော အဖြေ မထွက်သည်အား- အားမရ၍ ဖြစ်စေ- တိုင်းပြည်၏ အချုပ်အခြာ ထိခိုက်မည်ဟု စိုးရိမ်၍ ဖြစ်စေ- စစ်တပ်အင်အားစုမှ နိုင်ငံတော် အာဏာအား စိုးမိုးချုပ်ကိုင် လိုက်သည်မှ စ၍- ရှိရင်းစွဲ ပြသနာများမှာ ရှင်းလင်းသွားခြင်း မရှိသည့် အပြင် ပိုမို ရှုပ်ထွေးနက်နဲလာလျှက်- ကမ္ဘာ့ မျက်နှာစာ၌ “မြန်မာ စစ်ဘက်ဆိုင်ရာမှ လူ့အခွင့်အရေး ချိုးဖေါက်မှု၊ မုဒိန်းမှု၊ -- စသည်ဖြင့် နောက်ဆုံး တွင် စစ်ရာဇ၀တ်မှု များထိ -“ ပတ်သက်သည်ဟု မှတ်ချက်ပြုခံခြင်းကို ခံလာရတော့သည်။

ယခု အခြေအနေနှင့် ယခုခေတ်ကာလတွင်- မြန်မာနိုင်ငံ အနေဖြင့် လူထုကိုယ်စားပြု အစိုးရတစ်ရပ် ပေါ်လာခြင်း၊ ပြသနာ အရပ်ရပ်အား ခေါင်းခံဖြေရှင်းမည့် နိုင်ငံရေးသမားများ ပေါ်လာခြင်း- အဆိုပါ နိုင်ငံရေးပိုင်း ဆိုင်ရာ ခေါင်းဆောင်များနှင့် ဖြစ်တည်လာသော အစိုးရ အား လည်း ပြသနာများ ဖြေရှင်းရာတွင် ကမ္ဘာ့ အသိုင်းအ၀ိုင်းမှ အလုံးအရင်းဖြင့် ကူညီနေသော၊ ကူညီလိုသော အချိန် ဖြစ်လာ သဖြင့် - တပ်မတော် အနေဖြင့်သော်လည်းကောင်း တပ်မတော်ခေါင်းဆောင်များ အနေဖြင့် သော်လည်းကောင်း- မိမိတို့ နှစ်ပေါင်းများစွာ ဖြေရှင်း၍ မရခဲ့သည့် ပြသနာတို့၌ ဆက်လက်၍ လက်ထည့်လိုခြင်းများမှ- ရိုးရှင်းစွာ ရှောင်ဖယ်ပေးလျှက်- နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်တို့အား - ပြည်သူရွေးချယ်ထားသည့် အစိုးရ၏ တာဝန်ပေးမှုအားဖြင့်သာ ရပ်တည်သော တပ်မတော်တစ်ရပ် အဖြစ် အသွင်ပြောင်းလဲရန်- ကမ္ဘာ့မျက်နှာစာတွင် အမည်းစက်ဖြင့် မှတ်ချက်ပြုခံနေရခြင်းများမှ ပါးပါးနပ်နပ် ရှောင်ထွက်နိုင်ရန်နှင့် တိုင်းပြည်၏ အာဏာအား ချုပ်ကိုင်ခြင်းတည်းဟူသော အခန်းကဏ္ဍများသည် အချုပ်အခြာ အား ကာကွယ်ခြင်းမမည်- တိုင်းပြည်၏ နယ်နိမိတ်ဧရာယာအား ကာကွယ်စောင့်ရှောက်သည့် တာဝန်အား ယူခြင်းသည်သာ အချုပ်အခြာအား ကာကွယ်စောင့်ရှောက် ခြင်း ဖြစ်သည်ဟု- ဆင်ခြင်သုံးသပ်ပါရန် ရိုးသားစွာ အကြံပေးလိုပါသည်။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

Rohingya Exodus