နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News
20.10.2016

ဘရာဆဲလ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အောက်တိုဘာလ (၉) ရက်နေ့ နံနက်ပိုင်းမှ စ၍ အပြစ်မဲ့ ရိုဟင်ဂျာ ပြည်သူများကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ နေအိမ်များ မီးရှို့ခြင်း၊ ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိရာ ဥရောပရောက် ရိုဟင်ဂျာများ ဦးစီး၍ ယနေ့ အောက်တိုဘာလ (၂၀) ရက်နေ့ နေ့လည် ၁၂ နာရီမှစ၍ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရာဆဲလ်မြို့ရှိ ဥရောပကော်မရှင်နှင့် ဥရောပပါလီမန် အဆောက်အအုံများ ရှေ့တွင် ကန့်ကွက် ဆန္ဒပြခဲ့သည်။

ဆန္ဒပြပွဲသို့ ဥရောပနိုင်ငံ အသီးသီးရှိ ရိုဟင်ဂျာများ၊ Burma Action Belgium နှင့် Christian Solidarity Worldwide တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်ခဲ့သည်။

ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာရိုဟင်ဂျာများ အသင်း (BROUK) ဥက္ကဌ ဦးထွန်းခင် က ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ အနောက်ပိုင်း အာရ်ကာန်ဒေသ၏ မူလဘူတ တိုင်းရင်းသားများ ဖြစ်ပြီး (၇) ရာစုမှ စ၍ အခြေချ နေထိုင်သည့် လူမျိုးများ ဖြစ်ကြောင်း၊ လူဦးရေအားဖြင့် ၃ သန်းခွဲခန့် ရှိပြီး ၁ သန်းခွဲကျော်မှာ နိုင်ငံတွင်း ညှဉ်းပန်းနှိပ်စက်မှု မျိုးစုံကြောင့် နိုင်ငံကို စွန့်ခွာခဲ့ရကြောင်း၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံ၏ အခြားသော တိုင်းရင်းသား လူမျိုးစုများကဲ့သို့ တိုင်းရင်းသား လူမျိုးစုတစ်စု အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရကြောင်း၊ ယခုအခါ မြန်မာအစိုးရ ဆေးကုသခွင့်၊ ကလေး မွေးဖွားခွင့်၊ လက်ထပ်ခွင့်၊ ပညာသင်ကြားခွင့်များ အားလုံး ကန့်သတ်ထားကြောင်း၊ အစိုးရကိုယ်တိုင် ဦးစီးပြီး ရိုဟင်ဂျာများ အပေါ် အကြမ်းဖက်မှုများ ပြုလုပ်လျက် ရှိကြောင်း၊ စစ်တွေနှင့် အခြားမြို့များတွင် ရိုဟင်ဂျာများ၏ နေအိမ်များကို မီးရှို့၍ ဆိုးရွားလှသည့် ဒုက္ခသည်စခန်းများတွင် ပိတ်လှောင်ထားကြောင်း၊ ရိုဟင်ဂျာများ မိခင်နိုင်ငံတွင်းမှ ထွက်သွားရန် အစိုးရကိုယ်တိုင် တွန်းအားပေးနေသည်ကို တွေ့ရကြောင်း၊ ယခု မောင်တောမြို့တွင်လည်း နေအိမ်များကို မီးရှို့၍ ရိုဟင်ဂျာများကို ဒုက္ခသည်စခန်းများတွင် ထားရန် စီစဉ်လျက် ရှိကြောင်း၊ လူသားချင်း စာနာသည့် အထောက်အပံ့များ မရရှိအောင် ပိတ်ဆို့ထားကြောင်း၊ စားနပ်ရိက္ခာများ လာသည့် လမ်းကြောင်းများကိုလည်း ပိတ်ဆို့ထားကြောင်း၊ ရိုဟင်ဂျာများ အငတ်ဘေး ကြုံ၍ အစုလိုက်အပြုံလိုက် သေကြေအောင် စနစ်တကျ စီမံနေသည်ကို တွေ့ရကြောင်း၊ အောက်တိုဘာလ (၉) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများ တိုက်ခိုက်ခံရပြီးနောက် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ နေအိမ်များ မီးရှို့ခြင်းကို ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း၊ ယင်းနေ့မှစ၍ အပြစ်မဲ့ ရိုဟင်ဂျာ ပြည်သူ ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ နေအိမ်ပေါင်း ၁၂၀၀ ခန့် မီးရှို့ခဲ့သည့် အတွက် ပြည်သူ တစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်လျက် ရှိကြောင်း၊ ရိုဟင်ဂျာများ၏ နေအိမ်များမှ အဖိုးတန် ပစ္စည်းများ၊ ဆိုင်ခန်းများမှ ပစ္စည်းများကို မြန်မာစစ်တပ်က လုယက်ခဲ့ကြောင်း၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုလုပ်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

ဆန္ဒပြပွဲသို့ တက်ရောက်သည့် Burma Action Belgium မှ ဒါရိုက်တာ Pierre-Yves Gillet နှင့် Christian Solidarity Worldwide မှ Advocacy Officer Lucy တို့က ၎င်းတို့ အနေဖြင့် ရိုဟင်ဂျာများ ဆုံးရှုံးသွားသော အခွင့်အရေးများ ပြန်လည် ရရှိရေးအတွက် အမြဲ အားပေး ကူညီနေမည် ဖြစ်ကြောင်း၊ မြန်မာအစိုးရ အနေဖြင့် အပြစ်မဲ့ ရိုဟင်ဂျာပြည်သူများကို ကာကွယ်ပေးရန် အလွန်အရေးကြီးကြောင်း တို့ကို ပြောကြားခဲ့သည်။

ဆန္ဒပြပွဲတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ဥရောပနိုင်ငံများသို့ တောင်းဆိုချက်များကို အင်္ဂလိပ်၊ ပြင်သစ်၊ ဒဲနီးရှ် ဘာသာတို့ဖြင့် ဖတ်ကြားခဲ့သည်။

ဘယ်လ်ဂျီယံနိုင်ငံ အခြေအစိုက် ဘယ်လ်ဂျီယံရေဒီယိုရုပ်မြင်သံကြားနှင့် ပြင်သစ်နိုင်ငံမှ မီဒီယာများက ဆန္ဒပြပွဲသို့ လာရောက်၍ သတင်းယူခဲ့သည်။

ဆန္ဒပြပွဲကို ဥရောပကော်မရှင်ရှေ့တွင် နေ့လည် ၁၂ နာရီမှ စတင်ခဲ့ပြီး ၁ နာရီ အချိန်တွင် ဥရောပပါလီမန်သို့ ချီတက်၍ နေ့လည် ၂း၃၀ နာရီတွင် ပြန်လည်စတင်ပြီး နေ့လည် ၃း၃၀ နာရီ အချိန်တွင် အဆုံးသတ်ခဲ့သည်။











RB News
20.10.2016

တိုကျို ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရိုဟင်ဂျာ ပြည်သူများကို ဥပဒေမဲ့ သတ်ဖြတ်နေခြင်း အတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် ယနေ့ အောက်တိုဘာလ (၂၀) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ကန့်ကွက် ဆန္ဒပြပွဲ တစ်ရပ်ကျင်းပခဲ့သည်။ 

ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း - ဂျပန် (BRAJ) မှ ဦးစီး၍ ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ ဂျပန်နိုင်ငံရောက် ရိုဟင်ဂျာများ၊ ရိုဟင်ဂျာအရေး အားပေးသည့် အသိုင်းအ၀ိုင်းများ ပေါင်း၍ ၈၀ ကျော် ပါဝင်ခဲ့သည်။ ဂျပန်နိုင်ငံမှ မီဒီယာကြီး ၄ ခု လာရောက်၍ သတင်းယူခဲ့သည်။ 

ဦးစွာ BRAJ ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်က ယခုလ ၉  ရက်နေ့တွင် မောင်တောမြို့၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပြောကြားပြီး၊ အဆိုပါ တိုက်ခိုက်မှုကို အကြောင်းပြ၍ မောင်တောမြို့နယ် မြောက်ပိုင်းမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ပြည်သူများကို သတ်ဖြတ်ခြင်း၊ နေအိမ်များ မီးရှို့ခြင်း ဖမ်းဆီးခြင်းများကို ကန့်ကွက် ရှုတ်ချကြောင်း၊ လက်နက်ကိုင် အာဏာပိုင်များက ဥပဒေမဲ့ ပြုလုပ်နေခြင်းများကို အမြန်ဆုံး ရပ်တန့်ပေးရန် တောင်းဆိုခဲ့သည်။ 

BRAJ ဒု-ဥက္ကဌ ဦးအောင်တင်က မြန်မာအစိုးရ အနေဖြင့် ဥပဒေမဲ့ လုပ်ရပ်များကို ပြုလုပ်နေသောကြောင့် ဂျပန်အစိုးရအနေဖြင့် စီးပွားရေး ပိတ်ဆို့ရန်၊ အခြားသော အကူအညီများ ပိတ်ဆို့ရန်၊ မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ ဥပဒေမဲ့ အပြစ်မဲ့ ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်မှုအတွက် နိုင်ငံတကာ စုံစမ်းရေးအဖွဲ့မှ ဖြစ်စဉ် အစအဆုံးကို စုံစမ်း၍ အရေးယူပေးရန် တောင်းဆိုခဲ့သည်။ 

ဆန္ဒပြပွဲသို့ ပါဝင်ခဲ့သည့် လူငယ်တစ်ဦး ဖြစ်သူ မရှီဂုဖ်ယာစ်မီးန် က နိုင်ငံတွင်းရှိ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ၏ အခွင့်အရေးသည် ငှက်တစ်ကောင်လောက်တောင် မရှိကြောင်း၊ ငှက်တစ်ကောင်သည် လွတ်လွတ်လပ်လပ် ငှက်သိုက်ပြုလုပ်ပြီး ကလေးမွေးနိုင်ကြောင်း၊ အဲဒီကလေးအတွက် လွတ်လပ်စွာ အစားအစာ ရှာနိုင်ကြောင်း၊ ရိုဟင်ဂျာများမှာ သွားလာရေး၊ စီးပွားရေး၊ ပညာရေးနှင့် လက်ထပ်ခွင့် အစစအရာရာ ပိတ်ပင်ခံထားရကြောင်း ၎င်း၏ အမြင်ကို နှိုင်းယှဉ်ပြခဲ့သည်။

ထို့နောက် မောင်အာတာရ်ကာမာလ် က သမ္မတထံ ပေးမည့် မြန်မာဘာသာဖြင့် စာကို ဖတ်ကြားခဲ့ပြီး၊ BRAJ မှ ဦးမိုဟာမတ်ဆော်လိမ်က အင်္ဂလိပ်ဘာသာဖြင့် စာကို ဖတ်ကြား၍ ဆန္ဒပြပွဲကို ညနေ (၄) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့သည်။ 

























RB News
19.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်နှမ ကျေးရွာအုပ်စုသို့ စစ်သားများနှင့် န.တ.လ ရွာသားများ ၀င်ရောက်၍ အပြစ်မဲ့ ရွာသားများကို ဖမ်းဆီးခြင်း၊ ရိုက်နှက်၍ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ အောက်တိုဘာလ (၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမ ကျေးရွာအုပ်စု၊ တောင်ရွာသို့ စစ်သားများနှင့် န.တ.လ ရွာသား ၃၀ ခန့် ရောက်ရှိလာပြီး၊ တစ်အိမ်တက်ဆင်း စစ်ဆေးကာ အမျိုးသားများကို ထိုးကြိတ် ရိုက်နှက်ခြင်း၊ အမျိုးသမီးများကို အိမ်အပြင်ဘက်တွင် ထိုင်ခိုင်းထားပြီး အိမ်ထဲသို့ ၀င်ရောက်ပြီး ရွှေ၊ ငွေ၊ ရတနာများ၊ အဖိုးတန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ မီးဖိုချောင်မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီပါ မကျန် လုယက်၍ အိတ်များနှင့် ထည့်ပြီး အစိုးရမှ တရားဝင် လိုင်စင်ထုတ်ပေး ထားသည့် ဓါးပြများကဲ့သို့ ယူဆောင် သွားကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထို့အပြင် အမျိုးသမီးများ၏ ခန္ဓာကိုယ်တွင် ၀တ်ဆင်ထားသော ရွှေ၊ ရတနာများကို စစ်သားများ ကိုယ်တိုင် ချွတ်ယူ၍ လုယက်ခဲ့သည်။ အ၀တ်အစားများ ထဲသို့ လက်ထည့်၍ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ မုဒိန်းကျင့်ခံရသည့် အမျိုးသမီး အချို့ ရှိသော်လည်း အမျိုးသမီးများ၏ သိက္ခာကြောင့် ဖော်ပြရန် မလွယ်ကူကြောင်း ဒေသခံများက ပြောပါသည်။

ရက်စက်ကြမ်းကြုတ်သည့် စစ်သားများ၏ လုပ်ရပ်ကို သိရှိ၍ ရွာထဲမှ အမျိုးသားများ ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့သောကြောင့် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှု လွတ်မြောက် ခဲ့သော်လည်း ရွာအတွင်းတွင် ကျန်ခဲ့သည့် သက်ကြီး ရွယ်အို အပါအ၀င် အမျိုးသား (၁၈) ဦး အဖမ်းခံခဲ့ရသည်။ ဖမ်းဆီးခဲ့သူ (၁၈) ဦးမှ သက်ကြီးရွယ်အို (၄) ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်သည့် (၁၄) ဦးကို မောင်နှမ ကျေးရွာနှင့် ကပ်လျက် ရှိသော အောင်မင်္ဂလာ ရခိုင်ရွာသို့ ခေါ်ဆောင်သွားပြီး လူမဆန်စွာ ရိုက်နှက်၍ ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။




RB News
19.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာသို့ စစ်သားများ ၀င်ရောက်၍ တစ်အိမ်တက်ဆင်း စစ်ဆေးကာ ဒေသခံ ရိုဟင်ဂျာများ၏ ရွှေ၊ ငွေနှင့် အဖိုးတန် ပစ္စည်းများ လုယက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာလ (၁၀) ရက်နေ့တွင် မောင်တောမြို့နယ် ဦးရှဥ့်ကျ ကျေးရွာသို့ မြန်မာစစ်တပ် ၀င်ရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာမိရ်ဟာကိမ်း၊ ဦးမိုဟာမတ်အလီ (ဘ) ဦးမူဘာရဲခ်အလီ (အသက် ၅၅ နှစ်)၊ မော်လ၀ီဆွေတာလောမ်၊ ဦးဖော်ရိတ်အာလောမ် (ဘ) ဦးဘော်ဆိရ်အာမတ် (အသက် ၃၅ နှစ်) နှင့် ပူတူယာ (ဘ) ဦးနူရူ (အသက် ၁၇ နှစ်) တို့ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

ယနေ့ အောက်တိုဘာလ (၁၉) ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ဖမ်းဆီးထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာမိရ်ဟာကိမ်း၊ ဦးမိုဟာမတ်အလီ တို့နှင့် အတူ ဦးရှဥ့်ကျ ကျေးရွာသို့ နံနက် (၈) နာရီ အချိန်တွင် ရောက်ရှိလာပြီး တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ရွှေ၊ ငွေသားနှင့် အဖိုးတန် ပစ္စည်းများ လုယက်ခဲ့ကြောင်း၊ အိမ်သုံး ဘီရိုများကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

လုယက်ခံရသူ အချို့၏ အမည်များမှာ --

(၁) ဦးရှာကဲရ်မိုဟာမတ် (ဘ) ဦးဇော်လာလ်အာမတ်
(၂) ဦးဆုလ်တာန်အာမတ် (ဘ) ဦးဇော်လာလ်အာမတ်
(၃) ဦးအဘူ (ဘ) ဦးမော်နိရ်အာမတ်
(၄) ဦးနူရ်အာမတ် (ဘ) ဦးဂူရာမျာ
(၅) ဦးအီဆုပ် (ဘ) ဦးအဒူဇော်ဘော်ရ် -- တို့ဖြစ်သည်။

ဆက်လက်၍ ကျေးရွာတွင်းရှိ ဈေးဆိုင်ခန်း အချို့မှ တံခါးများကို ရိုက်ချိုး၍ ပစ္စည်းများကို စစ်သားများ၊ စစ်သားများနှင့် အတူပါလာသည့် န.တ.လ ရွာသားများက လုယက်၍ ကားများဖြင့် တင်ဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။

လုယက်ခံရသည့် ဆိုင်ခန်း ပိုင်ရှင်အချို့မှာ --

(၁) ဦးရှောမ်ရှုအာလောမ် (အသက် ၃၉  နှစ်)
(၂) ဦးရှာကဲရ် (ဘ) ဦးဂူရာမျာ (အသက် ၂၈ နှစ်)
(၃) ဒိရ်မာမတ် (ဘ) ဦးအဒူဇော်လိပ် (အသက် ၂၀ နှစ်) -- တို့ဖြစ်သည်။


အောက်တိုဘာလ (၁၀) ရက်နေ့တွင် ဖမ်းဆီးသွားသူ (၅) ဦးမှ (၃) ဦးကို စစ်သားများက သတ်ဖြတ်လိုက်သည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



RB News
19.10.2016

လန်ဒန် ။ ။ ယနေ့ အောက်တိုဘာလ (၁၉) ရက် နေ့လည် ၁ နာရီမှ ၂ နာရီထိ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် မြန်မာ ရိုဟင်ဂျာများ အသင်း (BROUK) မှ ဦးစီး၍ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အပြစ်မဲ့ ရိုဟင်ဂျာ ပြည်သူများကို ဥပဒေမဲ့ သတ်ဖြတ်နေခြင်း အတွက် လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြပွဲ တစ်ရပ်ကျင်းပခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲသို့ လန်ဒန်မြို့ရှိ ရိုဟင်ဂျာများ၊ ဘရတ်ဖို့ဒ်ရှိ ရိုဟင်ဂျာများ ၆၀ ကျော် ပါဝင်ခဲ့ပြီး၊ အခြား အဖွဲ့အစည်းများမှ ၂၀ ကျော် ပါဝင်ခဲ့သည်။

ရှေးဦးစွာ BROUK မှ ဥက္ကဌ ဦးထွန်းခင်က ဆန္ဒပြရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး၊ အောက်တိုဘာလ (၉) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့များ တိုက်ခိုက်ခံရပြီးနောက် အပြစ်မဲ့ ရိုဟင်ဂျာ ပြည်သူ ၁၀၀ ကျော်ခန့်ကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က သတ်ဖြတ်ခဲ့ကြောင်း၊ ရိုဟင်ဂျာရွာ အချို့ကို ရွာလုံးကျွတ်နီးပါး မီးရှို့မှုများ ရှိခဲ့ကြောင်း၊ အပြစ်မဲ့ ပြည်သူ တစ်သောင်းကျော် အိုးအိမ် စွန့်ခွာခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေရကြောင်း၊ စစ်တပ်မှ စားနပ်ရိက္ခာ လာရာ လမ်းကြောင်းများ ပိတ်ဆို့ ထားသဖြင့် အပြစ်မဲ့ ပြည်သူများမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း၊ စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် အငတ်ဘေးဖြင့် ပြည်သူအများအပြား သေကြေနိုင်သောကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အမြန်ဆုံး ကာကွယ်ပေးရန် လိုအပ်ကြောင်း၊ ရိုဟင်ဂျာများသည် ငြိမ်းချမ်းသော နည်းဖြင့် မိမိတို့ ဆုံးရှုံးနေသော အခွင့်အရေးများကို ပြန်လည် ရယူလိုကြောင်း၊ မိမိတို့ အနေဖြင့် ဆုံးရှုံးနေသော အခွင့်အရေး အတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အာရ်ကာန် ရိုဟင်ဂျာ အမျိုးသား အစည်းအရုံးမှ ဦးနူရူအစ္စလာမ်က ယခု ဖြစ်ပျက်နေသည့် ပြဿနာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အမြန်ဆုံး ၀င်ရောက် ဖြေရှင်းပြီး အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်နေခြင်းကို အမြန်ဆုံး ရပ်တန့်ပေးရေး၊ ဗြိတိန်၊ အမေရိကန်၊ ဥရောပနှင့် ကုလသမဂ္ဂ တို့မှ Responsibility to Protect (R2P) ဖြင့် အမြန်ဆုံး ကာကွယ်ပေးရေး တို့အတွက် တောင်းဆိုခဲ့သည်။

လန်ဒန် အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် Restless Beings မှ ဒါရိုက်တာ Mr Marbur Ahmed က ရိုဟင်ဂျာများကို လူမျိုးတုန်း သတ်ဖြတ်နေသည်ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြောင်း၊ ရိုဟင်ဂျာများ ဆုံးရှုံးနေသည့် အခွင့်အရေးများ ပြန်လည် ရရှိရေးအတွက် အမြဲ အားပေး ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။














MYARF
RB News
19.10.2016

မောင်တော ။    ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ငါးခူးရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှ တပ်ရင်းမှူးက ငါးခူးရကျေးရွာမှ ကျေးရွာမျက်နှာဖုံး ပုဂ္ဂိုလ်များအား နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများ တိုက်ခိုက်ခဲ့သူများအား ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် အာဏာပိုင်များနှင့် ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့ပြီး ပူးပေါင်းခဲ့သူ ၁၁ ဦးကို ပြန်လာခွင့်မပေးဘဲ ဖမ်းဆီး ချုပ်နှောင်ထားခဲ့ကြောင်း၊ ၎င်း ၁၁ ဦးထဲမှ နှစ်ဦးကို သတ်ပစ်လိုက်ကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာလ (၁၈) ရက်နေ့၊ နံနက် (၉) နာရီခန့် အချိန်၌ ငါးခူးရ နယ်ခြားစောင့် တပ်ရင်းမှ တပ်ရင်းမှူးဖြစ်သူက ၎င်းနှင့် သိကျွမ်းနေသူ ငါးခူးရ ကျေးရွာမှ မျက်နှာဖုံး ပုဂ္ဂိုလ်များကို အောက်တိုဘာလ (၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု၌ ပါဝင်ခဲ့သူများကို ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် ပူးပေါင်း ကူညီပေးကြပါရန် ဖုန်းဆက်၍ ခေါ်ခဲ့ရာ ငါးခူးရ ကျေးရွာမှ အောက်အမည်ပါ ၁၁ ဦးတို့ သွားရောက်ခဲ့သည်။

၁။ ဦးအီဆုပ်အာလီ (ဘ) ဦးမာမူရော်ဖိက်- အသက် ၆၅ နှစ်။
၂။ ဦးအန္နာဝါရ် (ဘ) ဦးယူရှား - အသက် ၄၂ နှစ်။
၃။ ဦးဆာဒဲက်အာမတ် (ဘ) ဦးအာယုပ်- အသက် ၄၁ နှစ်။
၎။ ဦးဂျိန္နားခါန် (ဘ) ဦးနူရ်အာလောမ်- အသက် ၄၀ နှစ်
၅။ ဦးရှားအာလောမ် (ဘ) ဦးမာမတ်အာလောမ်
၆။ ဦးအန္နာဝါရ်ဝါ (ဘ) ဦးအစ္စလာမ်
၇။ ဦးအန္နာဝါရ် (ဘ) ဦးဟူးဆိန်အာမတ်
၈။ ဦးအန္နာဝါရ် (ဘ) ဦးဖော်ယာစ်အာမတ်
၉။ ဦးအဒူဇော်ဘ္ဘောရ် (ဘ) ဦးအမောက်အာလီ
၁၀။ ဦးခင်မောင်ထွန်း (ခ) ဆီရာစ်ဇူဒ္ဒိန်း (ဘ) ဦးဒီဒါရ်အာမတ်
၁၁။ ဦးမူစ်တာက်အာမတ် (ဘ) ဦးဇော်ကိရ်အာမတ်။

၎င်းတို့ထဲမှ နှစ်ဦးသည် ပန်းနာနှင့် သွေးတိုးရောဂါများဖြင့် သေဆုံးသွားသည်ဟု ယနေ့ ညနေပိုင်း ဘီဘီစီ မြန်မာပိုင်း သတင်းတွင် ဖော်ပြခဲ့သည်။ သို့သော်လည်း အစိုးရမှ ပေးသည့်သတင်းများမှာ လုံးဝ မှန်ကန်မှု မရှိသဖြင့် ဘီဘီစီ မြန်မာပိုင်းမှ ပြောသည့် သတင်းလည်း မှန်ကန်မှုရှိမှာ မဟုတ်ကြောင်း ဒေသခံများက ပြောပါသည်။

ပြည်ထဲရေးဝန်ကြီး ဦးကျော်ဆွေက အောက်တိုဘာလ (၁၇) ရက်နေ့၌ မီဒီယာများသို့ ပြောကြားရာတွင် ဖမ်းဆီးထားသည့် လူများကို ညှဉ်းပန်းနှိပ်စက်ခြင်း မရှိကြောင်း ICRC က လာစစ်ချင်ရင်လည်း စစ်နိုင်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။ သို့သော် ဖမ်းဆီးထားသူများထဲမှ အများအပြား အသတ်ခံရသည်ဟု ယုံကြည်ရသည်ဟု ဒေသခံများက RB News သို့ပြောသည်။ လွန်ခဲ့သည့် အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဖမ်းဆီးခဲ့သော အသက် ၅၈ နှစ်အရွယ်၊ အောင်စစ်ပြင်ကျေးရွာအုပ်စု၊ ရီဒါရွာမှ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မောင်တောရုံးခွဲ၏ အသိုင်းအ၀ိုင်း မြှင့်တင်ရေး ဆောင်ရွက်သူ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးကရိမ်းမူလ္လာကိုလည်း ယမန်နေ့က ညှဉ်းပန်းနှိပ်စက်၍ သတ်ခဲ့သည်။

ငါးခူးရ ဒေသခံတစ်ဦးက “တနေ့က ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသခံတွေကို တိုက်ခိုက်သူတွေကို ဖော်ထုတ်နိုင်ဖို့ ပူးပေါင်း ကူညီပေးကြပါ ဆိုပြီး မှာကြားတဲ့အတိုင်း ဒီလူတွေကလည်း အာဏာပိုင်တွေနဲ့ ပူးပေါင်းခဲ့တာပါ။ တပ်ရင်းမှူးက ဖုန်းဆက်ခေါ်တာနဲ့ သွားပူးပေါင်းခဲ့တာပဲ။ ဒါပေမယ့် ဒီလူတွေကို ဖမ်းဆီးပြီးတော့မှ အကြမ်းဖက်သမား လုပ်ပစ်တာတော့ လုံးဝမတရားဘူးဗျာ။ ကျနော်ထင်တယ်။ အာဏာပိုင်တွေက ဒီကျေးရွာတွေက အပြစ်မဲ့ လူတွေ အထူးသဖြင့် ပညာတတ်နဲ့ ငွေရေးကြေးရေး အဆင်ပြေသူတွေကို ဒီပုံစံနဲ့ ဖမ်းဆီးပြီးတော့ အကြမ်းဖက်သမား လုပ်ပစ်မှာပဲ။ အာဏာပိုင်တွေကို ပြန်မေးခွင့်လည်း မရဘူး။ မေးတာနဲ့ သတ်ပစ်တယ်။ သူတို့လက်ထဲ ရောက်သွားရင်တော့ သေခြင်းတရားကိုပဲ မျှော်နေရမှာပါ။ တရားဥပဒေဆိုတာ ဒီမှာ မရှိဘူးဗျာ။” ဟု ၀မ်းနည်းစွာ ပြောသည်။

ယခု ဖမ်းဆီးခြင်းခံရသူများသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရရန် အင်တိုက်အားတိုက် ကူညီပေးခဲ့သူများ ဖြစ်ပြီး ဒေသခံအာဏာပိုင်များနှင့် နီးနီးစပ်စပ် နေသူများလည်း ဖြစ်သည်။

အလားတူ ယနေ့ အောက်တိုဘာလ (၁၉) ရက်နေ့၊ မွန်းလွှဲ ၁ နာရီခန့်အချိန်တွင် ငါးခူရ အလယ်ရွာရှိ ဦးကေဖာယဒ်အူလ္လာနှင့် ဦးအီဆာခ် တို့၏ နေအိမ်များသို့ စစ်သားအဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး အိမ်နောက်ဖေးရှိ မြေနေရာ တစ်ခုကို တူးဖော်ကာ တစ်စုံတစ်ခုရှာသည့် ပုံစံလုပ်၍ တစ်စုံတစ်ခု မြုပ်နှံသွားခဲ့သည်။ ထိုစစ်သားအဖွဲ့ ပြန်သွားပြီး ငါးမိနစ်ခန့်အကြာတွင် နောက်ထပ် စစ်သားအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ပထမ စစ်သားအဖွဲ့ မြုပ်နှံသွားခဲ့သော နေရာကို တူးဖော်ကာ လက်နက် တစ်လက် ထုတ်ယူလိုက်ပြီး ၎င်းတို့တွင် အသင့်ပါလာသော ကင်မရာဖြင့် အားလုံးကို ဗီဒီယို ရိုက်ယူသွားခဲ့သည်။

ထို့အပြင် လူငယ်ငါးဦးကိုလည်း ယနေ့ ထပ်မံဖမ်းဆီး သွားခဲ့သည်။ ၎င်းတို့သည် ယမန်နေ့က ဖမ်းဆီးခြင်းခံရသော ဦးဂျိန္နားခါန် နှင့် ဦးဆီရာစ်ဇူဒ္ဒိန်း တို့၏ သားနှစ်ဦးစီ ဖြစ်ပြီး နောက်ဦးမှာ ဦးဆီရာစ်ဇူးဒ္ဒိန်း၏ ညီဖြစ်သည်။

၁။ ဖရ်ဝါစ်ခါန်း (ဘ) ဦးဂျိန္နားခါန် - အသက် ၁၉ နှစ်။
၂။ ----------- (ဘ) ဦးဂျိန္နားခါန် - အသက် ၁၇ နှစ်။
၃။ အဘူး (ဘ) ဦးဆီရာစ်ဇူဒ္ဒိန်း - အသက် ၂၀ နှစ်။
၎။ အချေး (ဘ) ဦးဆီရာစ်ဇူဒိန်း - အသက် ၁၈ နှစ်။
၅။ ဆာဒဲက် (ဘ) ဦးဒီဒါရ်အမတ် - အသက် ၂၈ နှစ်။

နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်တွင် အကြမ်းဖက်သမား နာမည်ဖြင့် အပြစ်မဲ့ ပြည်သူများကို သက်သေအထောက်အထား မရှိဘဲ စွပ်စွဲ ဖမ်းဆီးခြင်း၊ ဖမ်းဆီးသူများကို လူမဆန်စွာ ရိုက်နှက်၍ သတ်ဖြတ်နေခြင်းများသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောသည့် တရားဥပဒေအတိုင်း လုပ်ဆောင်ပါသည်ဆိုသော စကားနှင့်လည်း လုံးဝခြားနားနေပါသည်။

ဒေသခံလူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက “သူတို့နဲ့ အတွေ့မခံရင်လည်း ပစ်သတ်တယ်။ သူတို့နဲ့ ပူးပေါင်းတော့လည်း ဖမ်းဆီးပြီး သတ်ပစ်တယ်။ ဒီကလူတွေ ထွက်ပြေးစရာလည်း မရှိဘူး။ ဘယ်သူမှလည်း လာမကူကြဘူး။ လူတွေ အစာရေစာလည်း ပြတ်လပ်နေတယ်။ အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေဆို အာဏာပိုင်တွေရဲ့ ညှဉ်းပန်းမှုတွေကို မြင်တွေ့နေရတော့ ကြောက်ရွံ့စိတ်ဝင်လာတယ်။ ကျနော်ထင်တယ်။ ဒေသခံအာဏာပိုင်တွေက ၂၀၁၂ လို လူတွေ အစုလိုက်အပြုံလိုက် ဖမ်းပြီး သတ်ပစ်မှာဘဲ။ ဖမ်းဆီးသမျှ လူတွေကို အကြမ်းဖက်စာရင်းထဲ ထည့်ပစ်မှာဘဲ။ တိုက်ခိုက်တဲ့ အဖွဲ့ထဲမှာ လူပေါင်းရာကျော်ပါဝင်တယ်ဆိုပြီး လုပ်ကြံ ထုတ်ပြန်ခဲ့ကတည်းက သံသယဖြစ်နေတာ။ သူတို့ လူတွေ အများကြီး ဖမ်းချင်လို့ အဲ့လို စာရင်းထုတ်ထားတာလေ။ ပြီးတော့ လက်လုပ်သေနတ်တွေက သူတို့မှာ အသင့်ရှိတယ်။ လူတွေရဲ့အိမ်ခြံထဲလာပြီး မြုပ်မယ်။ ပြီးရင် ပြန်တူးမယ်။ ကင်မရာရိုက်မယ်။ ပြဇာတ်ပေါ့ဗျာ။ သူတို့ ရွာထဲဝင်တာနဲ့ လူတွေလည်း မနေရဲဘူး။ အဲ့တော့ သူတို့ လုပ်ကြံချင်သလို လုပ်လို့ရတာပဲ။ ရှောင်မနေလည်း မရဘူး။ ရှောင်နေလည်း ဒီလို လက်နက်မြုပ် ပြန်တူးတာတွေ လုပ်တယ်။ လူတွေ ယုံကြည်မှု ပျောက်ဆုံးနေတယ်ဗျာ။ ဘယ်သူ့ကို့ကို အားကိုးရမှန်း မသိဘူး ဖြစ်နေတယ်။ တရားဥပဒေ ဆိုတာ အခု မောင်တောမှာ သုည ရာခိုင်နှုန်းတောင်မရှိဘူး" ဟု ပြောသည်။

အသတ်ခံရသူ နှစ်ဦး


Rohingya Exodus