နောက်ဆုံးသတင်း/ဆောင်းပါးများ

Rohingya Eye
RB News
7.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာမှ စ.ရ.ဖ သတင်းပေးများက စ.ရ.ဖ အဖွဲ့အမည် အသုံးပြု၍ ဒေသခံ ရွာသားများထံမှ ငွေသိန်းချီ ညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူကျေးရွာအုပ်စု၊ ရွာကြီးရွာမှ ဦးရော်ဖိခ် (ဘ) ဦးဟာဘီရာမာန် (အသက် ၄၇ နှစ်) နှင့် ဦးကေဖာယာတ်အူလ္လာ (အသက် ၂၇ နှစ်) တို့နှစ်ဦးသည် အလယ်သံကျော်ကျေးရွာ အခြေစိုက် စ.ရ.ဖ အဖွဲ့၏ သတင်းပေးများ ဖြစ်ကြပြီး၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် အဆိုပါ ရွာကြီးရွာမှ ဦးအစ္စလာမ် (ဘ) ဦးအော်လီအာမတ် (အသက် ၅၀ နှစ်) ကို အလယ်သံကျော် စ.ရ.ဖ အဖွဲ့မှ ဆင့်ခေါ်သည်ဟု ပြောဆိုခဲ့သည်။ ၎င်းတို့က အကယ်၍ မသွားလိုလျှင် ငွေကျပ် သိန်း ၅၀ ပေးရမည်ဟု ဆိုကာ ငွေကျပ် သိန်း ၅၀ တောင်းခံခဲ့သည်။ ဦးအစ္စလာမ်က အကြောင်းမဲ့ ဖမ်းဆီးခံရပြီး ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်၍ ငွေကျပ် သိန်း ၃၀ ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ၎င်းအား မသင်္ကာဖွယ်ရာလူများကို ထောက်ပံ့ပေးနသည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။ 

စ.ရ.ဖ သတင်းပေး နှစ်ဦးသည် ယင်းရွာမှ ရှော်ကော်သ်အူလ္လာ (ဘ) ဦးမော်နီအူလ္လာ (အသက် ၂၁ နှစ်) က တဖက်နိုင်ငံမှ ဆင်းမ်ကဒ်သုံးစွဲနေသည်ဟု ကျောက်ပန္ဒူကျေးရွာ အခြေစိုက် စစ်တပ်စခန်းသို့ လုပ်ကြံ သတင်းပို့ခဲ့ရာ စစ်သားများက ရှော်ကော်သ်အူလ္လာ ကို ဖမ်းဆီး၍ ငွေကျပ် ၂၁ သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့သည်။ 

အလားတူ ၎င်းတို့နှစ်ဦးသည် ဦးနူရ်ကာမာလ် (ဘ) ဦးမာမတ်နော်ဘီ (အသက် ၂၈ နှစ်) ထံမှ ငွေကျပ် သိန်း ၂၀၊ ဦးဆော်နာမူလ္လာ (ဘ) ဦးအစ္စမိုင်လ် (အသက် ၆၀ နှစ်) ထံမှ ငွေကျပ် ၁၅ သိန်း ကို စ.ရ.ဖ အဖွဲ့၏ အမည်များ သုံး၍ လုပ်ကြံစွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်ခဲ့သည်။ 

“ရော်ဖိခ်ဆိုတဲ့လူက အရင်က ဘာမှမရှိဘူး။ အခုတော့ သူဆောက်နေတဲ့အိမ်က တော်တော်ကြီးတယ်။ ဒီငွေတွေ ဘယ်ကရလာလဲ၊ ရွာသားတွေကို မတော်မတရားလုပ်ပြီးတော့ ငွေရှာပြီး ရနေတာပါ။ ရွာမှာ အဆိုးဆုံး လူဖြစ်နေတဲ့ အတွက် သက်ဆိုင်ရာက စီစစ်ပြီး အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု ဒေသခံလူကြီး တစ်ဦးက ပြောပါသည်။ 




Rohingya Eye
RB News
7.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာအုပ်စု၊ န.တ.လ ရွာမှ အမျိုးသမီးတစ်ဦးသည် ရိုဟင်ဂျာများပိုင်ဆိုင်သည့် နွားများ ၎င်း၏ စိုက်ခင်းထဲသို့ ၀င်ရောက်သည်ဟု စွပ်စွဲ၍ နွားများကို ဖမ်းဆီးထားပြီး နွားပိုင်ရှင်များထံမှ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဇန်န၀ါရီလ (၃၀) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ န.တ.လ ရွာမှ ဒေါ်ဖြူမချေ (အသက် ၄၀ နှစ်) သည် မြင်းလွတ်မြို့နယ်ခွဲ၊ ဟော်ရော်သိလ္လာရွာမှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွားများက ၎င်း၏ စိုက်ခင်းထဲသို့ ၀င်ရောက်ခဲ့သည်ဟု လုပ်ကြံ၍ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွား ၂၃ ကောင်ကို ထိန်းသိမ်း၍ နွားပိုင်ရှင်များထံမှ ငွေညှစ်ခဲ့သည်။

ငွေညှစ်ခံရသည့် နွားပိုင်ရှင်များမှာ --

(၁) ဦးနူရ်မိုဟာမတ် (ဘ) ဦးနော်ဇိရ် (အသက် ၃၀ နှစ်) ထံမှ နွား ၃ ကောင် အတွက် ငွေကျပ် ၁၈၀၀၀/-
(၂) ဦးနူရူဟူဆောင်း (ဘ) ဦးဟာမ်းဖူး (အသက် ၃၅ နှစ်) ထံမှ နွား ၄ ကောင် အတွက် ငွေကျပ် ၁၈၀၀၀/-
(၃) ဦးဘိုင်လာ (ဘ) ဦးဟာလူ (အသက် ၄၀ နှစ်) ထံမှ နွား ၃ ကောင် အတွက် ငွေကျပ် ၂၀၀၀၀/-
(၄) ဦးအာမာန်အူလ္လာ (ဘ) ဦးဆွေတာမောက် (အသက် ၆၅ နှစ်) ထံမှ နွား ၆ ကောင် အတွက် ငွေကျပ် ၄၅၀၀၀/-
(၅) ဦးအီဗြာဟိမ်း (ဘ) ဦးဆွေတာမောက် (အသက် ၃၀ နှစ်)ထံမှ နွား ၄ ကောင် အတွက် ငွေကျပ် ၁၈၀၀၀/-
(၆) အာရော်ဖ်အူလ္လာ (ဘ) ဦးဘော်ရှီရ်အာမတ် (အသက် ၂၀ နှစ်) ထံမှ နွား ၃ ကောင် အတွက် ငွေကျပ် ၃၀၀၀၀/- တို့ဖြစ်ကြသည်။

“အခုလို ငွေညှစ်တာက မဟုတ်မမှန် လုပ်ကြံ စွပ်စွဲပြီး ငွေညှစ်တာပါ။ အဲဒီလို လုပ်လို့ရအောင်လည်း ဒေသခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပံ့ပိုးပေးနေတယ်။ တကယ်လို့ သူတို့ရဲ့ နွားတစ်ကောင်ကိုသာ ရိုဟင်ဂျာတစ်ယောက်က ထိန်းသိမ်းထားမယ်ဆိုရင် ဖမ်းပြီး ထောင်ချမှာ သေချာတယ်။ ဥပဒေက ဗုဒ္ဓဘာသာဝင်အတွက် တစ်မျိုး၊ အစ္စလာမ်ဘာသာဝင်တွေ အတွက် တစ်မျိုး၊ ဒီဒေသမှာက ဒီလို စံနှုန်းနဲ့ အုပ်ချုပ်နေတာ၊ ဒီလို စနစ်တကျ ခွဲခြားဆက်ဆံမှုတွေ ရှိနေသရွေ့ ဒီဒေသမှာ တရားဥပဒေ စိုးမိုးရေးတို့၊ သဟဇာတဖြစ်မှုတို့ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး” ဟု လူ့အခွင့်အရေး စောင့်ကြည့်နေသူတစ်ဦးက RB News သို့ပြောသည်။




MYARF
RB News
6.2.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှ ကလေး (၃) ဦး၏ မိခင် အမျိုးသမီးတစ်ဦးကို စစ်သားများက နေအိမ်မှာ ဆွဲထုတ်ခေါ်ယူသွားပြီး တစ်ညလုံး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇန်န၀ါရီလ (၂၉) ရက်နေ့ ညနေပိုင်းတွင် စစ်သားတစ်စုသည် မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာသို့ ရောက်ရှိလာပြီး၊ ပြူးမချောင်းကမ်းစပ်ရှိ တောတောင်ထဲတွင် စခန်းချခဲ့သည်။ အဆိုပါ တောတောင်ထဲတွင် လူနေအိမ်အချို့ရှိရာ စစ်သားများက လူနေအိမ်များရှိရာသို့ သွား၍ ကလေး (၃) ယောက် မိခင် ဒေါ် ------ (ဘ) ဦး ------ (အသက် ၂၇ နှစ်) ကို အတင်းအဓမ္မ ဆွဲခေါ်လာပြီး တစ်ညလုံး အုပ်စုဖွဲ့ မုဒိမ်းကျင့်ကာ မနက်မိုးလင်းမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဒေါ် ------- မုဒိမ်းကျင့်ခံရသည့် သတင်းကို ရွာသားများ ကြားသိပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦး ကျော်ကျော်ထံသို့ သွားရောက်၍ စစ်သားများက အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သည်ကို အဘယ်ကြောင့် သက်ဆိုင်ရာသို့ တိုင်တန်းခြင်း မပြုတာလဲဟု မေးမြန်းခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသားများကို နှစ်သိမ့်စကား ပြောမည့်အစား၊ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးကို ကာကွယ်ပေးရမည့် အစား ရွာသားများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ယခုအခါ ကျေးရွာအုပ်ချုပ်ရေးမှူးက နယ်ခြားစောင့်ရဲများ၊ စစ်သားများ ခေါ်ယူလာပြီး ၎င်းအား ပြစ်တင်ဝေဖန်သည့် ရွာသားများကို ဖမ်းဆီးရန် လိုက်လံရှာဖွေ နေသဖြင့် ရွာတွင် မနေနိုင်ဘဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။ 




MYARF
RB News
6.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာများကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်၍ ငွေညှစ်ခြင်း၊ ရိုဟင်ဂျာပိုင် ပစ္စည်းများကို မတရားလုယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် နွားရုံတောင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးသည် ဖေဖော်ဝါရီလ (၄) ရက်နေ့ ညနေ ၄း၃၀ နာရီအချိန်တွင် ဂဏန်းရှာသူများ ဟန်ဆောင်၍ ဂဏန်းဖမ်းဗုံး ၁၅ လုံးခန့်ဖြင့် သီဟိုဠ်ကျွန်းရွာသို့ ဆိုင်ကယ်စီး၍ ၀င်ရောက်လာခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးကို သတတင်းပေးပို့ခြင်း မပြုလုပ်ဘဲ ဂဏန်းဗုံး ထောင်၍ ပြန်သွားခဲ့သည်။ ၎င်းတို့နှင့် အတူ ရခိုင်ရွာသားတစ်ဦးလည်း ပါလာခဲ့သည်။ ဖေဖော်ဝါရီလ (၅) ရက်နေ့ ညနေ (၄) နာရီတွင်လည်း သီဟိုဠ်ကျွန်းကျေးရွာမှ ဦးအဒူရော်ဇက်၏ ပုဇွန်ကန်သို့ သွားရောက်၍ ဦးအဒူရော်ဇက်၏ သားဖြစ်သူ မာမတ်ကာဆိမ်း ပိုင်သည့် ဆိတ်ထီးတစ်ကောင်ကို ဖမ်း၍ သတ်ဖြတ်ကာ အိတ်ထဲထည့်၍ ယူဆောင်သွားခဲ့သည်။

ဇန်န၀ါရီလ (၃) ရက်နေ့ နံနက်ပိုင်းတွင် မြို့မကညင်တန်း ကျေးရွာအုပ်စု ဒိလ်ဖာရာရွာမှ ဦးနူရ်မာမတ် (ဘ) ဦးဒိလ်မာမတ် (အသက် ၃၇ နှစ်) သည် ရွာသစ်ကေရပ်ကွက် (အမှတ် ၅ ရပ်ကွက်) ဈေးသို့ အမဲသားရောင်းရန် သွားနေစဉ် မောင်တောခရိုင် ဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ကြပ်လှမြင့်နှင့် အဖွဲ့က ဖမ်းဆီး၍ ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် ရခိုင်အိမ်များ မီးရှို့ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူခဲ့သည်။ တပ်ကြပ်လှမြင့်နှင့် အဖွဲ့ နေ့စဉ် ဆင်ခြေဖုံးရပ်ကွက်များတွင် လှည့်လည်၍ ဒေသခံများကို မတရားဖမ်းဆီးပြီး အမျိုးမျိုး စွပ်စွဲ၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။            

မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စုမှ ကွမ်းရွက်ရောင်းသူ ဦးအဒူဂေါ်ဖာရ် (ဘ) ဦးဆုလ်တာန် (အသက် ၃၅ နှစ်) သည် ဇန်န၀ါရီလ (၃၁) ရက်နေ့ ညနေ (၄) နာရီအချိန်တွင် အကြွေးဆပ်ရန် အတွက် စက်ဘီးစီး၍ မြို့မကညင်တန်း ကျေးရွာသို့ သွားနေစဉ် မြို့မဘောလုံးကွင်း အနီးရှိ ဟိန္ဒူရွာလမ်းတွင် ရဲနှစ်ဦးက ဖမ်းဆီးပြီး ဘောလုံးကွင်းထောင့်ရှိ ကင်းစခန်းတွင် ချုပ်နှောင်ထားခဲ့သည်။ ၎င်းအား ရဲများက ရိုက်နှက်၍ ပါလာသည့် ငွေကျပ် (၄)သိန်းကို လုယူ၍ ည (၆) နာရီ အချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

မောင်တောမြို့နယ် (၄) မိုင် အခြေစိုက် မ.က.ဖ အဖွဲ့သည် သီဟိုဠ်ကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိလာပြီး လူဦးရေ စစ်ဆေးရာတွင် ရိုက်ခဲ့သည့် ဓါတ်ပုံများကို ပေး၍ ဓါတ်ပုံလာယူသူများထံမှ ငွေကျပ် ၁၅၀၀/- စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။







ခင်ဖြူထွေး
6.2.2017

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ မိန်းခလေးငယ်တွေကို မတရားပြုကျင့်တာ အပါအ၀င် လုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်အရာရှိတွေကို အရေးယူပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခု ဖြစ်တဲ့ Human Rights Watch (HRW) က တိုက်တွန်းလိုက်ပါတယ်။

မျက်မြင်တွေ့ခဲ့သူတွေကို တွေ့ဆုံမေးမြန်းထားတယ်လို့ ဆိုတဲ့ ဒီအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တွေ အရ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကနေ ဇန်န၀ါရီလ ကာလအတွင်း ရိုဟင်ဂျာ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ မတရားပြုကျင့် ခံရတဲ့ ဖြစ်ရပ်ပေါင်း ၂၃ ခုရှိတယ်လို့ ဆိုပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့လည်း တောင်းဆိုထားပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

အောက်တိုဘာလ ၉ ရက်နေ့ နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်သူတွေကို ရှာဖွေ နှိမ်နင်းတဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာမူစလင် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အုပ်စုဖွဲ့ မတရားပြုကျင့်တာ အပါအ၀င် လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်တဲ့ဖြစ်ရပ်တွေ အများအပြား ရှိခဲ့တဲ့အကြောင်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန် ပြောဆိုနေကြတာပါ။

ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ မျက်မြင်တွေ့ခဲ့သူတွေကို တွေ့ဆုံမေးမြန်းခဲ့တာမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကနေ ဒီနှစ် ဇန်န၀ါရီလအတွင်း ရိုဟင်ဂျာအမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ မတရားပြုကျင့်ခံရတဲ့ ဖြစ်ရပ်ပေါင်း ၂၈ ခု ရှိခဲ့တဲ့အကြောင်း နယူးယောက်မြို့အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Human Rights Watch က ပြောပါတယ်။

“အမျိုးသမီးနဲ့ အသက် ၁၃ နှစ်အရွယ်အထိပါ ပါတဲ့ မိန်းခလေးငယ်တွေကို တဦးချင်းရော၊ အုပ်စုဖွဲ့ပါ မတရားပြုကျင့်တာနဲ့ တခြား လိင်ပိုင်းဆိုင်ရာ ထိပါးတဲ့လုပ်ရပ်ပေါင်း ၂၈ ခု ကျမတို့ တွေ့ခဲ့ရပါတယ်။ မြန်မာစစ်သားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စနစ်တကျ စီစဉ်ကျူးလွန်ခဲ့ပုံ ရတာကိုလည်း ကျမတို့ တွေ့ခဲ့ရပါတယ်။ သူတို့က ကျေးရွာတွေထဲကိုဝင်၊ အမျိုးသားတွေကို သတ်၊ အမျိုးသမီးတွေကို သီးခြားခွဲထုတ်ပြီး တဦးချင်း ဒါမှမဟုတ် အုပ်စုဖွဲ့ မတရားပြုကျင့်ကြတာပါ။ တချို့ဖြစ်ရပ်တွေမှာတော့ အမျိုးသား အမျိုးသမီးတွေ အားလုံးကို တနေရာတည်းမှာခေါ်ပြီးတော့မှာ အမျိုးသမီးတွေကို သက်သက်တနေရာခွဲထုတ်ပြီး အုပ်စုဖွဲ့ မတရားကျင့်တဲ့ ဖြစ်ရပ်တွေ တွေ့ခဲ့ရတာပါ။”

Human Rights Watch အဖွဲ့ပြောခွင့်ရ Priyanka Motaparthy ပြောသွားတာပါ။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ အခုလို စွပ်စွဲ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရကတော့ မဟုတ်မှန်ကြောင်း အစဉ်တစိုက် ငြင်းဆိုထားတာပါ။ ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ရှိရင် သူတို့ကို ပြောဖို့လည်း မြန်မာအစိုးရဘက်က ပြောဆိုထားတာပါ။ မြန်မာအစိုးရ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဘက်က မတရားပြုကျင့်ခံရတဲ့ အမျိုးသမီး နှစ်ဦးကို မေးမြန်းထားတဲ့ ရုပ်သံဖိုင်နဲ့ ပတ်သက်ပြီးတော့လည်း ကော်မရှင်ရဲ့ မျှတမှုအပေါ် HRW က မေးခွန်းထုတ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့် ခံရသူတွေကို မေးမြန်းရာမှာ လိုက်နာသင့်တဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လိုက်နာခြင်း မရှိဘဲ၊ သူတို့လိုရာ ရအောင် ဖိအားပေး မေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ HRW က ဝေဖန်ပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ အရေးကြီးတဲ့ အကြောင်းလည်း HRW ပြောခွင့်ရ အမျိုးသမီး Priyanka Motaparthy က ပြောပါတယ်။

“ရခိုင်ပြည်နယ်တွင်းက ကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး ကိုင်တွယ် ဖြေရှင်းမှ ရလိမ့်မယ်လို့ ကျမတို့ ယူဆပါတယ်။ ဒီလို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခွင့်ပြုဖို့ မြန်မာအစိုးရကို ကျမတို့ တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ သူတို့တပ်ဖွဲ့ဝင်တွေရဲ့ မတရားပြုကျင့်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ သတိပေးခံနေရတာတွေ ရှိပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်ကိုယ်တိုင်က ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး အပြစ်ကျူးလွန်သူတွေကို ဖော်ထုတ် အပြစ်ပေးဖို့လိုပါတယ်။ ဒါမှသာ နောက်ထပ် ဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။”

ဒီအတောအတွင်း ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကလည်း သိပ်မကြာခင်ကပဲ အစီရင်ခံစာ တစောင်ထုတ်ပြန်ခဲ့တာမှာ မြန်မာအစိုးရရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၁၀၁ ယောက် မတရားပြုကျင့်ခံရတာ ဒါမှမဟုတ်ရင်လည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ ရှိခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid al- Hussein ကိုယ်တိုင်ကလည်း ရခိုင်ပြည်နယ်တွင်း မွတ်ဆလင်တွေ အခုလို ညှင်းပမ်းခံရတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းကတဆင့် တိုက်ရိုက်ပြောဆိုခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေကို အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပြန်ပြောခဲ့တဲ့အကြောင်း လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Zeid al- Hussein ပြောထားပါတယ်။

MYARF
RB News
6.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း စံပယ်ကုံးနဲ့ လောင်းဒုံ ကျေးရွာများတွင် တပ်ရင်း ၅၃၆ မှ တပ်ရင်းမှူးက ရွာသားများနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး၊ ရွာသားများက တောတောင်များထဲသို့ သွားရောက်၍ ထင်းခုတ်ခြင်း လုပ်ကိုင်ရန် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း တပ်ရင်းမှူးက စစ်ကြောင်းများက ပစ်ခတ်မည်ဖြစ်သောကြောင့် ခွင့်မပြုခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီလ (၃) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် တပ်ရင်း ၅၃၆ မှ တပ်ရင်းမှူးနှင့် အဖွဲ့သည့် စံပယ်ကုံးကျေးရွာသို့ ရောက်ရှိလာပြီး ရွာသားများကို ကျောင်းသို့ ဆင့်ခေါ်ကာ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။ စံပယ်ကုံးကျေးရွာတွင် ကျင်းပသည့် အစည်းအဝေးသည် နံနက် ၁၀း၃၀ နာရီ အချိန်တွင် ပြီးဆုံးခဲ့ပြီး နံနက် ၁၁ နာရီအချိန်တွင် လောင်းဒုံကျေးရွာ၊ ဆင်သေပြင်ကျေးရွာသို့ သွားရောက်၍ ရွာသားများကို ကျောင်းသို့ ဆင့်ခေါ်၍ အစည်းအဝေး ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တပ်ရင်း ၅၃၆ မှ တပ်ရင်းမှူးက “အောက်တိုဘာလ ၉ ရက်နေ့ တိုက်ခိုက်မှုက ဘယ်သူတွေရဲ့ လက်ချက်လဲဆိုတာ သိကြလား၊ အဲဒီလူတွေကို မြင်ဖူးလား” ဟု မေးမြန်းခဲ့ရာ ရွာသားများက လူတစ်စုက ပြုလုပ်ခဲ့သည်ဟု ကြားကြောင်း၊ သို့သော်လည်း မည်သူမည်ဝါဆိုသည်ကို မသိကြောင်း ဖြေဆိုခဲ့သည်။ ထို့နောက် တပ်ရင်းမှူးက “ဒီတိုက်ခိုက်မှုကို ဘင်္ဂလားဒေ့ရှ်က လူတစ်စုနဲ့ ဒီကဒေသခံလူတွေ ပူးပေါင်းလုပ်ခဲ့တာ၊ သူတို့က ချက်ချင်းလာလုပ်တာ မဟုတ်ဘူး၊ ရှစ်လလောက်ထိ အချိန်ဆွဲပြီး လုပ်တာကို ခင်ဗျားတို့ ဘာကြောင့်မသိတာလဲ၊ ခင်ဗျားတို့ရွာတွေမှာ လူကောင်းတွေရှိသလို လူဆိုးတွေလည်း ရှိတယ်။ အဲဒီ လူဆိုးအနည်းငယ်ကြောင့် တစ်ရွာလုံး ဒုက္ခခံနေရတာ၊ စစ်တပ်က လူဆိုးတွေကို ဖမ်းဖို့ ရွာထဲဝင်လာရင် ခင်ဗျားတို့ တစ်ရွာလုံး ထွက်ပြေးကြတယ်။ ရွာသားတွေက စစ်တပ်နဲ့ ပူးပေါင်းမှု မရှိရင် လူဆိုးလူကောင်း ခွဲရခက်တယ်၊ အဲဒါကြောင့် လူကောင်းတွေပါ ဒုက္ခရောက်နေကြတယ်။ ရွာထဲမှာ မြေတူးထားတဲ့ အမှတ်အသားတွေ တွေ့ရင် လက်နက်တွေ ၀ှက်ထားတာလားဆိုပြီး သံသယနဲ့ တူးကြည့်ရင် ရွာသားတွေဝှက်ထားတဲ့ အ၀တ်အစားတွေ၊ အိမ်သုံးပစ္စည်းတွေသာ တွေ့ရတယ်။ စစ်တပ်ပြန်သွားရင် အဲဒီပစ္စည်းတွေကို အခြားလူတွေက လုသွားတယ်။ ခင်ဗျားတို့က စစ်တပ်က လုသွားတယ်လို့ ခင်ဗျားတို့လူတွေကိုပြော၊ မီဒီယာတွေကိုပြော၊ ဖေ့စ်ဘုတ်ပေါ်တင်၊ အဲဒီလိုနဲ့ စစ်တပ်ကို အပြစ်တင်ကြတယ်။ အဲဒီလို မလုပ်ကြနဲ့၊ စစ်တပ်နဲ့ ပူးပေါင်းမှသာ ခင်ဗျားတို့ အေးချမ်းစွာ နေနိုင်မယ်၊ ခင်ဗျားတို့က လူဆိုးတွေကို ဖမ်းပေးလို့မရဘူး။ ဖမ်းပေးရင် ခင်ဗျားတို့ကို သတ်ပစ်တယ်၊ ဖမ်းခေါ်သွားတယ်။ အဲဒါငါတို့သိတယ်၊ အခုအဲလို လုပ်လို့မရဘူး။ လူဆိုးတွေ ရောက်လာရင် သူတို့နဲ့လည်း ခင်ခင်မင်ခင်နေရမယ်၊ သူတို့မသိအောင် စစ်တပ်ကို သတင်းပို့ရမယ်” ဟု ပြောကြားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထို့နောက် တပ်ရင်းမှူးက “ခင်ဗျားတို့ထဲမှာ စစ်တပ်နဲ့ ပူးပေါင်းမယ့်သူတွေ ရှိလား” ဟု မေးမြန်းရာ ရွာသားများက ပူးပေါင်းမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ ထိုသို့ ပြောဆိုပြီးနောက် တပ်ရင်းမှူးက ရွာသားများကို မေးမြန်းစရာရှိလျှင် မေးမြန်းပါဟု ပြောဆိုရာ ရွာသားများက ၎င်းတို့အနေဖြင့် တောတောင်များကို မှီခိုနေရသည့် ဆင်းရဲသားများဖြစ်ကြောင်း၊ တောတောင်များသို့ သွား၍ မရတော့သဖြင့် စားဝတ်နေရေး အလွန်ခက်ခဲလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အား တောတောင်သို့ သွားရောက် အလုပ်လုပ်ခွင့်ပေးရန် ပန်ကြားခဲ့သည်။

တပ်ရင်းမှူးက “ခင်ဗျားတို့ တောတောင်ထဲသွားပြီး ချုံပုတ်ထဲမှာ ထင်းခုတ်မယ်၊ သစ်ခုတ်မယ်၊ စစ်ကြောင်းတွေ ၀င်လာရင် တောထဲမှာ မြင်တာနဲ့ ပစ်သတ်မယ်၊ ခင်ဗျားတို့ သေရမယ်၊ အဲဒါကြောင့် တောတောင်ထဲ သွားဖို့ ခွင့်မပြုတာပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။







အင်ကြင်းနိုင်
5.2.2017

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖေါ်ပြထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာကို ရိုဟင်ဂျာဒုက္ခသည်တွေက ကြိုဆိုလိုက်ပါတယ်။ ဒီအစီရင်ခံစာပါ အထောက်အထား အချက်အလက်တွေအရ နိုင်ငံတကာဥပဒေ အကျိုးဆောင်တွေကနေ သူတို့ရင်ဆိုင်နေရတဲ့ ညှမ်းပမ်း နှိပ်စက်ခံရမှုတွေကို ဖြေရှင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

ရိုက်တာသတင်းကို အခြေခံပြီး မအင်ကြင်းနိုင်က ဆက်ပြီး ပြောပြမှာပါ။

ဘူးသီးတောင်၊ မောင်တော မြို့နယ်တွေမှာနေထိုင်တဲ့ မွတ်စလင်တွေအပေါ် ညှမ်းပမ်းနှိပ်စက်မှုတွေဟာ အင်မတန်ကို ဆိုးရွားပြင်းထန်ကြောင်း ဖေါ်ပြထားတဲ့ ဖေဖေါ်ဝါရီလ (၃)ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာကို ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ဒုက္ခသည်တွေက ကြိုဆိုလိုက်ပါတယ်။ ဒါအပြင် သူတို့ ပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်အောင် ကုလသမဂ္ဂဘက်က ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဒုက္ခသည် ရိုဟင်ဂျာ ကျောင်းသားတဦးက အခုလိုပြောပါတယ်။

“အချိန်တွေကြာပြီးတဲ့နောက်မှာ ကျနော်တို့ဟာ တကယ့်ကို ညှင်းပမ်းနှိပ်စက်ခံနေရတယ်ဆိုတဲ့ အချက်အလက်အထောက်အထားတွေနဲ့ ဖေါ်ပြထားတဲ့ အစီရင်ခံစာတစောင်ကို ကုလသမဂ္ဂက ကမ္ဘာသိအောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအတွက် ကုလသမဂ္ဂကိုရော၊ ကုလသမဂ္ဂ ဥပဒေအကျိုးဆောင်တွေကို ကျနော် ကျေးဇူးတင်ပါတယ်။ ကုလသမဂ္ဂက ထောက်ပြထားတဲ့ အချက်အလက်တွေအရ ဥပဒေအကျိုးဆောင်တွေကပဲ ကျနော်တို့ရဲ့ ပြဿနာကို တတ်နိုင်သလောက် အမြန်ဆုံး ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ (၉)ရက်နေ့က နယ်စပ်ကင်းရဲစခန်းတချို့ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးမှာ ဒေသခံ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေနဲ့ ရွာတွေကို မီးရှို့ဖျက်စီးမှုတွေ စတဲ့ ညှမ်းပမ်းနှိပ်စက်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုထိ စွပ်စွဲပြောဆိုနိုင်တဲ့ အခြေအနေမျိုးတောင် ရောက်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကို ထွက်ပြေးလာပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူ တွေကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ သွားရောက်တွေ့ဆုံ မေးမြန်းမှုတွေအရ မွေးကင်းစကလေးတွေ၊ လမ်းလျှောက်တက်စကလေးတွေအပါအ၀င် အမျိုးသမီးတွေနဲ့ အသက်အရွယ်ကြီးသူတွေကို လုံခြုံရေးတပ်တွေက သတ်ဖြတ်ခဲ့ကြောင်း မျက်မြင်သက်သေတွေက ထွက်ဆိုခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒီအစီရင်ခံစာပါ ပြင်းထန်တဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး သူတို့ စိုးရိမ်မှုတွေရှိနေပြီး စုံစမ်းစစ်ဆေးမှုတွေကို အမြန်ဆုံးဆောင်ရွက်မှာဖြစ်ပြီး၊ လူ့အခွင့်ရေးချိုးဖေါက်မှု ကျူးလွန်တာတွေရှိပါက အရေးယူသွားမှာဖြစ်တယ်လို့ မြန်မာအစိုးရဘက်က ကုလသမဂ္ဂကို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

အလားတူ သောကြာနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းဆက်စကားပြောဆိုခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid al- Hussein ကလည်း စုံစမ်းစစ်ဆေးမှုတွေကို ဆောင်ရွက်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ကတိပေးပြောဆိုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Rohingya Eye
RB News
5.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာအုပ်စုမှ အသက် (၁၃) နှစ် အရွယ် ရိုဟင်ဂျာကလေးတစ်ဦးကို စစ်သားများက ဖမ်းဆီးခေါ်ဆောင်သွားပြီး လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ယနေ့ ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ကျီးကန်းပြင်ကျေးရွာအုပ်စု၊ အနောက်ရွာမှ အသက် (၁၃) နှစ်အရွယ်ရှိသည့် ဟာဆောင်း (ဘ) ဦးဇူဘာရိတ် သည် ၀ါးပိတ်ရွာ၏ အနောက်ဘက်ရှိ ရိုဟင်ဂျာများပိုင် ငါးကန်တွင် ငါးဖမ်းနေစဉ် စစ်သားများက ဖမ်းဆီးခေါ်ဆောင်၍ ၀ါးပိတ်ရှိ ယာယီစခန်းချထားသည့် နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ 

စစ်သားများက ဖမ်းဆီးခေါ်ဆောင်သွားသည့် ကလေးကို လူမဆန်စွာ ရိုက်နှက်၍ ညနေ ၄ နာရီခွဲ အချိန်တွင် ပြန်လည်လွှတ်ပေးခဲ့သည်။ ရိုက်နှက်ခံရသည့် ကလေးသည် သေချာလမ်းမလျှောက်နိုင်သော်လည်း အနောက်ရွာသို့ ကြိုးစား၍ ပြန်လာခဲ့ရာ ရွာသားများက တွေ့သည်နှင့် မိဘများထံ ပို့ပေးခဲ့သည်။ 

ဒဏ်ရာများစွာ ရရှိထားသည့် ကလေးမှာ ဆေးကုသခွင့် ရရန် နောက်နေ့ မနက်အထိ စောင့်ရမည် ဖြစ်သောကြောင့် ညအတွင်း အခြေအနေ ဆိုးရွားလာမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိနေကြသည်။ အခြေအနေကောင်းမွန်စွာဖြင့် နောက်နေ့ နံနက်ပိုင်းတွင် ဆေးကုသရန် အသက်ရှင်နေလျှင်လည်း မိဘများမှာ ဆေးကုသရန်ပင် ငွေကြေးမရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရသည့် ကလေးမှာ ကျီးကန်းပြင်ကျေးရွာအုပ်စု အလယ်ရွာမှ ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင် က အလယ်ရွာမှ ရွာသားများကို မောင်းထုတ်လိုက်သောကြောင့် အနောက်ရွာတွင် မိဘများနှင့် အတူ ခိုလှုံလျက်ရှိခြင်း ဖြစ်သည်။ 

လွန်ခဲ့သည့် သောကြာနေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီး Zeid Al Hussein က ဖုန်းဆက်၍ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများနှင့် ပတ်သက်၍ ပြောကြားခဲ့သော်လည်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ညှဉ်းပန်းနှိပ်စက်မှုများ ရပ်တန့်မသွားသည်ကို တွေ့ရှိရသည်။ 

စစ်သားများ၏ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသည့် ဟာဆောင်း

ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး aက်ာမရှင်နာ မင်းကြီးရုံး OHCHR က သောကြာ ဒီကနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာ။ 

ကိုဥာဏ်ဝင်းအောင်
3.2.2017

ရခိုင်ပြည်နယ် မြောက်ဖက်ခြမ်း မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာမူဆလင်တွေကို ရိုက်နှက် သတ်ဖြတ်တာအပါအဝင် မူဆလင် အမျိုးသမီးတွေကိုလည်း အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံး OHCHR က သောကြာ ဒီကနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြလိုက်ပြီး၊ လူသားထုပေါ် ရာဇဝတ်မှု ကျူးလွန်သလို ဖြစ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ OHCHR ရဲ့စွပ်စွဲချက်တွေ မှန်မမှန်ဆိုတာကို မြန်မာအစိုးရက ရခိုင်စုံစမ်းရေးကော်မရှင်က တဆင့် ပြန်လည် စိစစ်သွားမှာဖြစ်ပြီး ကျူးလွန်ကြောင်းထင်ရှားရင် အရေးယူဆောင်ရွက်သွားမယ်လို့ သမ္မတရုံးက တုံ့ပြန်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံး OHCHR ရဲ့ စုံစမ်းရေးအဖွဲ့တဖွဲ့ဟာ မကြာသေးခင်က မြန်မာ-ဘင်္ဂလားဒေ့ခ်ျနယ်စပ် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံဘက်ခြမ်းကိုသွားပြီး မြန်မာပြည်ဖက်က ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်ဆိုသူ ၂၀၄ ဦးနဲ့ တွေ့ဆုံမေးမြန်းမှုပေါ် အခြေခံပြီး အစီရင်ခံစာကို ပြုစုထားတာလို့ OHCHR ရဲ့ပြောခွင့်ရပုဂ္ဂိုလ် Rupert Colville ကပြောပါတယ်။

“ကျနော်တို့ရတဲ့ အချက်အလက်တွေဟာ မကြာသေးခင်က ဘင်္ဂလားဒေ့ခ်ျနယ်စပ်ကို ရောက်လာတဲ့ ဒုက္ခသည်တွေကို ကျနော်တို့အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့တဲ့ အချက်တွေဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ရခိုင်ဒေသထဲကို သွားရောက်ပြီး မေးမြန်းနိုင်ခွင့် မရခဲ့ပါဘူး။ ဒါဟာ အဲဒီဒေသအတွက် ကျနော်တို့ဖက်က ပထမဆုံးအကြိမ် စနစ်တကျလေ့လာမေးမြန်းခဲ့တာမျိုး ဖြစ်ပါတယ်”

အစီရင်ခံစာထဲမှာ လသားကလေးနဲ့ ကလေးငယ်တွေလည်း အသတ်ခံရပြီး၊ အကြမ်းဖက် ရိုက်နှက်တာတွေ လူမသိသူမသိ ပျောက်ဆုံးသွား တာတွေနဲ့ အခြားသော လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို မြန်မာအစိုးရလုံခြုံရေးတပ်ဖွဲ့တွေက ကျုးလွန်ခဲ့ကြောင်း OHCHR ရဲ့အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

OHCHR စုံစမ်းရေးအဖွဲ့က မေးမြန်းခဲ့သူတွေထဲမှာ သတ်ဖြတ်မှုကို ကိုယ်တိုင်မြင်ခဲ့သူတွေပါသလို တွေ့ဆုံမေးမြန်းခဲ့တဲ့ ၂၀၄ ယောက်ထဲက ထက်ဝက်နီးပါးဟာ သူတို့ရဲ့မိသားစုဝင်တဦးဦး အသတ်ခံရတာ ဒါမှမဟုတ် ပျောက်ဆုံးနေတာမျိုးတွေ ထွက်ဆိုခဲ့ကြတယ်လို့ OHCHR အစီရင် ခံစာကဆိုပါတယ်။ ဒါ့အပြင် တွေ့ဆုံမေးမြန်းခဲ့တဲ့ထဲပါတဲ့ အမျိုးသမီး ၁၀၁ ဦးထဲကတဝက်ကျော်ဟာ မုဒိန်းအကျင့်ခံရတာ ဒါမှမဟုတ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခံရတယ်လို့ ထွက်ဆိုခဲ့ကြကြောင်း OHCHR အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နယ်မြေ ရှင်းလင်းရေးအတွင်း ဒေသခံတွေကို ကာကွယ်ရမယ့်အစား နို့စို့ကလေးတဦးကိုသတ်ခဲ့တာမျိုး မိခင်အမျိုးသမီးကိုပါ ၀ိုင်းပြီး အဓမ္မကျင့်ခဲ့ ကြောင်းကိုလည်း သူတို့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ရခိုင်ဒေသအခြေအနေကို ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံးက စိုးရိမ်ကြောင်းနဲ့ တရားဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ပေးဖို့ OHCHR အဖွဲ့ကတောင်းဆိုလိုက်ပါတယ်။

“ အခုလုပ်ရပ်တွေကို ကြည့်ရင် လူသားထုပေါ် ရာဇဝတ်မှု ကျူးလွန်သလိုဖြစ်နေပါတယ်။ မြန်မာအစိုးရက ဒီလိုလုပ်ရပ်မျိုးတွေကို ရပ်သင့်ပြီဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကိုလည်း တရားဥပဒေအရ အရေးယူဖို့တိုက်တွန်းပါတယ် ”

OHCHR အဖွဲ့က ထုတ်ပြန်တဲ့အစီရင်စာနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်းနဲ့ မြေပြင်မှာ ပြန်လည်စိစစ်မှုတွေလုပ်ပြီး လူ့အခွင့်ရေးချိုးဖေါက်မှု ကျူးလွန်တာတွေရှိပါက အရေးယူသွားမှာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

“တော်တော်လေးကို ပြင်းပြင်းထန်ထန် ပြောကြားထားတဲ့ အချက်တွေဖြစ်ကြောင်း တွေ့ရတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ကျနော်တို့အနေနဲ့ တော်တော်လေး စိုးရိမ်ပူပန်ရပါတယ်။ ကျနော်တို့အနေနဲ့ ဒီစွပ်စွဲမှုတွေ မှန်မမှန်ကို ဦးမြင့်ဆွေဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေ တဆင့် ကျနော်တို့အမြန်ဆုံး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင် ကနေပြီးတော့ ဒီလိုချိုးဖေါက်မှုတွေ ဒီလိုမျိုး လုပ်ဆောင်ချက်တွေ ရှိတယ်ဆိုတဲ့ ခိုင်မာတဲ့သက်သေ အထောက်အထားတွေ ရှိရင်တော့ ကျနော်တို့အနေနဲ့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက် မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်”

ရခိုင်ပြည်နယ် မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေ့ရဲ့ နယ်မြေရှင်းလင်းရေး ဆိုတာဟာ ဘယ်လို စီမံချက်မျိုးလဲဆိုတာနဲ့ အဲဒီ စီမံချက်ဟာ နိုင်ငံတော်လုံခြုံရေးအတွက် ဘယ်လိုရည်မှန်းချက်တွေထားပြီး လုပ်ဆောင်နေတာလဲဆိုတာကို လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad Hussein ကမေးခွန်းထုတ်လိုက်ပါတယ်။

၂၀၁၆ အောက်တိုဘာ ၉ ရက် မောင်တော အကြမ်းဖက်တိုက်ခိုက်ခံရမှုနောက်ပိုင်း ဘင်္ဂလားဒေ့ခ်ျနယ်စပ်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ သောင်း ၆ ထောင်လောက် ရှိတယ်လို့ ကုလသမဂ္ဂရဲ့စာရင်းတွေမှာ ဖေါ်ပြပါတယ်။ အဲဒီထဲက မြန်မာနိုင်ငံနဲ့ သက်ဆိုင်သူတွေကို ပြန်လည်စိစစ် လက်ခံသွားရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ခ်ျနဲ့ မြန်မာအစိုးရတို့ကြား မကြာသေးခင်က ဆွေးနွေးခဲ့ကြပါတယ်။



ထက်အောင်ခန့်
3.2.2017

ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုင်းအ၀ိုင်းတွေကို လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့ ဖို့ မလေးရှား လူမှုအသင်းအဖွဲ့တွေရဲ့ Food Flotilla For Myanmar - မြန်မာနိုင်ငံ အတွက် စားနပ်ရိက္ခာ ပို့ဆောင်မယ့် အစီအစဉ် စားနပ်ရိက္ခာတွေ တင်ဆောင်လာတဲ့ သင်္ဘောဟာဆိုရင် ဒီကနေ့မှာ မလေးရှားနိုင်ငံ၊ Klang ဆိပ်ကမ်းကနေ ထွက်လာနေ ပါပြီ။ ရန်ကုန်ဆိပ်ကမ်းကို သင်္ဘော ရောက်မယ့်နေ့ ကို ဖေဖော်ဝါရီ ၇ ရက်နေ့ လို့ နိုင်ငံတော်သမ္မတရုံး ကပြောသလို မလေးရှားနိုင်ငံ လာတဲ့ သတင်း တချို့ မှာတော့ ဖေဖော်ဝါရီ ၉ ရက်နေ့ ရောက်မယ် လို့ ဖော်ပြ ထားပါတယ်။ ရောက်ရှိ လာမယ့် ထောက်ပံ့ ပစ္စည်းတွေကိုတော့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံရုံးနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး ကူညီထောက်ပံ့ရေးတွေ ပြုလုပ် သွားမှာဖြစ်ပါတယ်။

ဒီကနေ့မှာဆိုရင် သဘောင်္ဆိပ်ကမ်းကနေ ထွက်ခွါတဲ့ အခမ်းအနားကို မလေးရှားဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ သင်္ဘော မှာတော့ နောက်ဆုံးပေါ် ခေတ်မှီဆက်သွယ်ရေး နည်းစနစ်တွေကိုတပ်ဆင်ထားပြီး အစားအစာတန်ချိန် ၂၂၀၀ ကျော်ကိုတင်ဆောင်လာပါတယ်။ ရောက်ရှိလာတဲ့ ကူညီထောက်ပံ့ ရေးပစ္စည်းတွေကိုရန်ကုန်ဆိပ်ကမ်းမှာပဲ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက လက်ခံသွားမှာပါ။

ထောက်ပံ့ရေး ပစ္စည်းတွေကိုတော့ ရခိုင်ပြည်နယ် မောင်တောမြို့ကို အဓိကထား ပေးဝေ သွားမယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက VOA ကို အခုလိုပြောပါတယ်။

"ရန်ကုန်ဆိပ်ကမ်းမှာ ကျနော်တို့ သွားလက်ခံမယ်။ လက်ခံပြီးတာနဲ့ ကျနော်တို့ လူမှုကယ်ဆယ်ရေး ဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ရခိုင်ကိုပို့မယ် ရခိုင်ကိုပို့ပြီး အဲ့ဒီ့မှာ ပြည်နယ်အစိုးရလက်ထဲကို အပ်ပြီးတော့ ထုံးစံအတိုင်း မျှဝေမယ် အကုန်လုံးကို။ အဓိကကတော့ အကုန်လုံးပဲ အဓိကကတော့ ရခိုင်တပြည်နယ်လုံးပဲ။ မောင်တောကို အဓိကပေါ့။"

စားနပ်ရိက္ခာပို့ဆောင်မည့် အစီအစဉ်ကို တရားဝင်လမ်းကြောင်းကဆောင်ရွက်ဖို့ သံတမန်ရေးအရ သတိပေးပြီးနောက်ပိုင်းမှာပဲ မြန်မာအစိုးရနဲ့ မလေးရှားအစိုးရတို့ သဘောတူညီချက် ရယူခဲ့ပြီး အခုလို Food Flotilla For Myanmar အစီအစဉ်ကိုသင်္ဘောနဲ့တင်ပို့တာဖြစ်ပါတယ်။

အခုလိုထောက်ပံ့တာဟာ မြန်မာအစိုးရအနေနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို လမ်းဖွင့်ပေး တာဖြစ်ပြီးတော့ မြန်မာနိုင်ငံ အနေနဲ့ လူသားချင်းဆိုင်ရာ ကူညီ ထောက်ပံ့မှုတွေကို ပိတ်ပင်ထားတာမရှိဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အခုလိုပြောပါတယ်။

"အဓိက ကတော့ ကျနော်တို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ နဲ့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ ရန်ကုန်မှာ တွေ့ပြီးတော့ ပြောလိုက်တဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီ အထောက်အပံ့တွေ လမ်းဖွင့်ပေးလိုက်တဲ့ အစီအစဉ်ပဲဖြစ်တာပေါ့။ အဲ့တော့ မြန်မာနိုင်ငံ အစိုးရအနေနဲ့ လူသားချင်းဆိုင်ရာ ကူညီ ထောက်ပံ့မှုတွေကို ပိတ်ပင်ထားတာ မရှိဘူး။ အာဆီယံနိုင်ငံတွေက ကူညီတယ်ဆိုရင် ကျနော်တို့ ဒီလို ဒီလိုလုပ်ပါ။ ညှိနှိုင်းဆောင်ရွက်မယ်လို့ ကျနော်တို့ ပြောထားတဲ့အတိုင်း ဆောင်ရွက်ပေးတာဖြစ်တယ်။"

ဒါ့အပြင် မကြာသေးခင်ကပဲ အင်ဒိုနီးရှားနိုင်ငံက ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုင်းအ၀ိုင်းတွေကို ၂ နှစ်နိုင်ငံသဘောတူညီချက် နဲ့ ထောက်ပံ့ရေးပစ္စည်း ပို့ဆောင်ခဲ့ပါသေးတယ်။

Cox’s Bazar ဒုက္ခသည်စခန်း

သားညွန့်ဦး
2.2.2017

ကုလသမဂ္ဂ အတွင်းရေးမှုးဟောင်း ကိုဖီအာနန်ကော်မရှင်လို့ လူသိများတဲ့ ရခိုင်ပြည်နယ်အရေးအကြံပေးကော်မရှင်က ကော်မရှင်အဖွဲ့ဝင်သုံးဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာရှိတဲ့ မြန်မာဘက်က ဒုက္ခသည်တွေကို ထားတယ်ဆိုတဲ စခန်းတွေကို အခု သီတင်းပတ်အတွင်း သွားရောက်ကွင်းဆင်းကြည့်ခဲ့ပါတယ်။ မကြာခင်က ရောက်ရှိလာတယ်ဆိုတဲ့ ဒုက္ခသည်တွေထဲ မြန်မာနိုင်ငံက နေထိုင်ခွင့်အထောက်အထားတွေ ကိုင်ဆောင်သူတွေ တွေ့ရပြီး သူတို့ရဲ့ စခန်းအတွင်းအခြေအနေဟာ အတော်လေး ဆိုးဆိုးဝါးဝါးနေထိုင်နေကြရတယ်လို့ သိရပါတယ်။ ဒီအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရ၀န်ကြီးတွေနဲ့ လည်း တွေ့ဆုံခဲ့တာပါ။

အဲဒီမှာ ပါသွားတဲ့ထဲက ကော်မရှင်အဖွဲ့ဝင်တဦးလည်းဖြစ် ဦးအေးလွင်ကို ကိုသားညွန့်ဦးက ဒီခရီးစဉ်နဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို စတင် ပြောပါတယ်။

“ဦးအေးလွင်။ ။အကြံပေးကော်မရှင်ကနေပြီးတော့ ဘင်္ဂလားဒေ့်ရှ်ကို သွားလေ့လာသင့်တယ် ဆိုပြီးအကြံပြုတော့ ဟိုဘက်အစိုးရက အကြံပြုပြီးတော့ တာဝန်ယူပေးတယ်လေ။ တာဝန်ယူပေးတော့ ကျနော်တို့ ၃ ရက်သွားဖြစ်ပါတယ်။

ကိုသားညွန့်ဦး။ ။အဲဒီက ရှိတဲ့ ဒုက္ခသည်စခန်းတွေဘက်ကို ရောက်ပါသလား။

ဦးအေးလွင်။ ။ရောက်ပါတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ဆိုတော့ အဲဒီဘက်က အခြေအနေလေးတွေ နည်းနည်းရှင်းပြပေးပါလား။ ဘယ်လိုအနေအထားရှိပါသလဲ သူတို့ပြောနေတာက ဘင်္ဂလားဒေ့ရှ်က ဒီနှစ်ပိုင်းထဲမှာကို သူတို့ဆီကို ရောက်လာတဲ့လူက သောင်းဂဏန်းရှိတယ်လို့ပြောနေပါတယ်။

ဦးအေးလွင်။ ။အဲလိုတော့ ပြောတယ် ကျနော်တို့က Cox’s Bazar ရောက်ပါတယ်။ အဲဒီမှာ သူတို့ Camp တွေလည်းခွဲထားပါတယ်။ တခုက ၉၀ ပတ်ဝန်းကျင်ကရောက်တဲ့ Registered camp ဆိုပြီးတော့ စနစ်တကျပေါ့နော် UN တို့ဘာတို့ဘက်ကနေ လုပ်ထားတာ တွေရှိတယ်။ နောက်တခုက Makeshift ဆိုပြီးတော့ နည်းနည်းလေး အဆင့်နိမ့်တာပေါ့လေ၊ နောက်ပြီးတော့ New arriver ဆိုတာကတော့ တော်တော့်ကို အခြေအနေဆိုးပါတယ်၊ တဲတွေဘာတွေကလည်း တော်တော်လေး ခနိုးခနဲ့နဲ့ အဲလိုလေး နေနေရတဲ့ ဟာလေးတွေ တွေ့တယ်။ အရေအတွက်အတိအကျကတော့ ကျနော်တို့လည်း အတည်မပြုနိုင်ဘူးလေ၊ တွေ့တာကတော့ လူတော်တော်များများတွေ့ခဲ့ပါတယ်။

ကိုသားညွန့်ဦး။ ။ New Arriver ဆိုတာဘယ်ကာလလောက်က ရောက်လာတဲ့ သူတွေလဲ။

ဦးအေးလွင်။ ။အခုကျနော်တို့ ၉ ရက်နေ့ နောက်ပိုင်းရောက်လာတာပါ။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့၊ အဲဒါလူတော်တော်များများလား သောင်းဂဏန်းရှိတယ်လို့ပြောလို့ အဲဒီလောက် အထိရှိနိုင်ပါသလား။

ဦးအေးလွင်။ ။အဲဒါကတော့ ကျနော်တို့ မခန့်မှန်းနိုင်ဘူး တွေ့တော့တွေ့တယ် လူတော်တော်များများလေ။ နောက်တနေရာတည်းမှာမဟုတ်ဘူး နေရာတော်တော်များများမှာ ရှိနေကြတာ

ကိုသားညွန့်ဦး။ ။သူတို့က တကယ်ပဲ မြန်မာနိုင်ငံထဲက ထွက်ပြေးလာသူတွေပဲလား၊ မြန်မာနိုင်ငံက လူတွေပဲလား။

ဦးအေးလွင်။ ။ကျနော်တို့က မေးတဲ့အခါမှာ ဗမာလို့ပြောနိုင်တဲ့လူတွေရှိတယ်၊ နောက်ပြီး ခေါက်ချိုးမှတ်ပုံတင် ပြနိုင်တဲ့လူတွေရှိတယ်။ နောက်ပြီးတော့ White Card ကို ပြန်အပ်တဲ့အခါမှာ ရတဲ့ Receipt လေးတွေ၊ အဲဒါတွေကို ပြနိုင်တဲ့လူတွေရှိတယ်။ တချို့က မြန်မာလိုမပြောနိုင်ပေမယ့် သူတို့ရွာ ဘယ်မှာ ရှိတယ်ဆိုတာကို ကျနော်တို့ မေးသမျှ သူတို့ပြောနိုင်တယ်။ ရွာကိုသူတို့ရဲ့ ဘာသာစကားနဲ့ သူတို့ပြောတာပေါ့နော် အဲဒါကို ကျနော်တို့က ရခိုင်နာမည်ကော သိလားဆိုတော့ သူတို့ ရခိုင်နာမည်ကို ပြောနိုင်တဲ့လူတွေရှိတယ်။ ကျနော်တို့တွေ့သမျှလူတွေကတော့ ခုန ကျနော်တို့မေးတဲ့ မေးခွန်းတခုသို့မဟုတ် တခုနဲ့ကတော့ ဖြေနိုင်ကြပါတယ်။

ကိုသားညွန့်ဦး။ ။အဲဒီလူတွေနဲ့ ပတ်သက်လို့ နိုင်ငံသားစိစစ်မှုတွေ ကျနော်တို့ မြန်မာအစိုးရဘက်က လုပ်တာမျိုးတွေရော စရှိနေပြီလား။

ဦးအေးလွင်။ ။ သူတို့ ဒု-၀န်ကြီးခေါင်းဆောင်တဲ့အဖွဲ့ပေါ့နော် ၊ ကိုယ်စားလှယ်အဖြစ်နဲ့ လာထားတာရှိတယ်၊ ရှိပြီးတော့ သူတို့ စလုပ်တော့မယ်ဆိုတဲ့သတင်း အကြောင်းလေးတွေတော့ သိခဲ့ရပါတယ်။

ကိုသားညွန့်ဦး။ ။နောက်တချက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ နိုင်ငံခြားရေးဌာနက တော်တော်လေး အစည်းအဝေးထိုင်နေတယ်လို့ သိရပါတယ်၊ အဲဒါကို သူတို့ ဘယ်လိုကိုင်တွယ်မလဲပေါ့ တချို့ Option တခုဆိုရင် ကျွန်းတကျွန်းကို ပို့မယ်လို့ အဲဒါမျိုးအထိပြောတာရှိတယ်၊ အဲဒီတော့ နိုင်ငံခြားရေးဌာနက ဘာတွေလုပ်ဆောင်နေပါသလဲ။

ဦးအေးလွင်။ ။အဲဒါ ကျနော်သတင်းစာထဲဖတ်ရတယ်၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ပါတယ်။ တွေ့တုန်းကတော့ အဲဒါတွေကို သိပ်ပြောသံမကြားဘူး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တယ်၊ ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့တယ်၊ ၀န်ကြီးချုပ်ရဲ့ အတိုင်ပင်ခံ နဲ့လည်း တွေ့တယ်။ အဲဒီကျွန်းပို့မယ်ဆိုတာ သူတို့ ဘင်္ဂလားဒေ့ရှ်သတင်းစာမှာ ကျနော်တို့လည်းဖတ်လိုက်ရတယ်၊ သို့သော် သူတို့ တခုပြောတာကတော့ သူတို့အတွက် ၀န်ထုတ်ဝန်ပိုးဖြစ်နေတယ်ဆိုတာ ပြောပါတယ်။ ဒီလူတွေက ဒီကိုရောက်လာပြီးတော့ တဲ တွေဘာတွေဆောက်ဖို့အတွက် သစ်ပင်တွေခုတ်တော့ သစ်တော ပြန်းတီးရေးဖြစ်တယ်၊ နောက်ပြီးတော့ သူတို့အတွက် ဒေသခံများက အစက ကြည်ကြည်ဖြူဖြူလက်ခံတယ် ၊ ကြာလာတဲ့အခါမှာ သူတို့အတွက် အလုပ်အကိုင်ရှာဖွေရေးမှာလည်း အပြိုင်အဆိုင် ဖြစ်လာတာတွေရှိတယ်။ နောက်မြန်မာပြည်ဘက်ကနေပြီးတော့ trafficking ကလည်း သူတို့အတွက် အရမ်းကို မြင့်တက်စေတယ်ဆိုပြီးတော့ သူတို့ပြောတဲ့ပုံစံကတော့ သူတို့အတွက် အင်မတန်မှ ကြီးမားသော ၀န်ထုတ်ဝန်ပိုး ဖြစ်တယ်ဆိုတဲ့ လေသံတွေတော့ ပြောပါတယ်။

ကိုသားညွန့်ဦး။ ။အခု အသစ်ရောက်လာတဲ့လူတွေကို နိုင်ငံတကာ အဖွဲ့အစည်း ဥပမာ UNHCR တို့ ကူညီတာကော မရှိဘူးလားခင်ဗျ။

ဦးအေးလွင်။ ။သူတို့က စာရင်းကို မယူရသေးဘူး ၊ ကျနော်တို့ကို လိုက်ပြတာပဲလေ၊ စနစ်တကျ သူတို့ ဘာမျ မလုပ်ရသေးဘူးခင်ဗျ။”

ရခိုင်ပြည်နယ်အရေးအကြံပေးကော်မရှင်ရဲ့ အဖွဲ့ဝင် ဦးအေးလွင်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။




မြင့်မြင့်ခိုင်
2.2.2017

လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အများ ပြည်သူမြင်ကွင်းမှာ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ တရားမျှတမှုမရှာနိုင်ရင် တပ်မတော် နဲ့ လက်ရှိ NLD အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်နိုင်တယ် ဆိုတဲ့ ပြောဆိုမှုတွေ အများပြည်သူကြား ကျယ်ကျယ် လောင်လောင် ပေါ်ထွက်လာနေတာပါ။ ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရတာ ဒီကနေ့ဆိုရင် ၄မြောက်ရှိပြီ ဖြစ်ပေမယ့်လည်း အာဏာပိုင်တွေဘက်က တိကျတဲ့ သတင်းထုတ်ပြန်မှု မရှိတဲ့အပေါ် အမှုမှန် ပေါ် ပေါက်ရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ အများစုက ထောက်ပြနေကြတာပါ။သတင်း အပြည့်အစုံ ကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် လူမြင်ကွင်းမှာ လုပ်ကြံခံရပြီး သေဆုံးတာ ဒီကနေ့ဆိုရင် ၄ရက် မြောက်ရှိသွားပါပြီ။ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုအပေါ် စုံစမ်းစစ်ဆေးမှု အခြေအနေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က အခုချိန်ထိ တိကျရေရာတဲ့ သတင်းထုတ်ပြန်တာမရှိတာကြောင့် အမှုမှန် မပေါ်ပေါက်မှာကို အများစုက စိုးရိမ်နေကြတာပါ။

ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ အမှန်တရားကို ပြည်သူတွေ သိခွင့်မရဘူးဆိုရင် တပ်မတော်နဲ့ လက်ရှိ NLD အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်လို့ ဥပဒေပညာရှင်တဦးဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“သေချာတာတခုတော့ ရှိတယ်။ အမှုမှန်မဟုတ်ဘူးလို့ ပြည်သူတွေမယုံကြည်တဲ့နေ့မှာ တပ်မတော်အတွက်လည်းမကောင်းဘူး၊ လက်ရှိအစိုးရ အတွက်လည်းမကောင်းဘူး၊ NLD အတွက်လည်းမကောင်းဘူး၊ ဒါတော့ သေချာတယ်။ အဲဒီတော့ အမှုမှန်ပေါ်ပေါက်အောင် ၀ိုင်းဝန်းကြိုးစားသင့်တယ်။ ဒါဆရာပြောချင်တယ် အဲလိုပေါ်ပေါက်ဖို့လည်း ဆရာတို့ ဆန္ဒရှိတယ်။ သို့သော် လက်ရှိ သွားနေတဲ့ နှုန်းထားနဲ့ အနေအထားတွေအရတော့ ဘုရားခိုးဂိုဏ်းနဲ့ အဆုံးသတ်လိုက်မှာကို အင်မတန်စိုးရိမ်တယ်။ တကယ်တော့ ဘုရားခိုးဂိုဏ်းအဆင့်နဲ့ လုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး အဲလိုဆရာယူဆတယ်လေ။”

မြန်မာပြည်ဟာ ဆယ်စုနှစ်ပေါင်းများစွာ တရားဥပဒေစိုးမိုးရေးနဲ့ ကင်းကွာခဲ့ရပြီး ၂၀၀၈ခုနှစ် ကမာရွတ် မြို့နယ် စိမ်းလဲ့ကန်သာလမ်းက ငါးလောင်းပြိုင်လူသတ်မှု အပါအဝင် ပြီးခဲ့တဲ့နှစ်က မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရဲအရာရှိဟောင်း မိသားစုတစုလုံး သေဆုံးခဲ့ရတဲ့ လေးလောင်းပြိုင် လူသတ်မှုလို အမှုတွေ ကိုတောင် အခုချိန်ထိ ဖော်ထုတ်နိုင်ခြင်းမရှိတာမို့ ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှုမှာလည်း အမှုမှန် ဖော် ထုတ်နိုင်ခြင်းရှိပါ့မလားဆိုတဲ့ စိုးရိမ်ချက်တွေ ပေါ်ထွက်လာတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ ရဲစစ်ဆေးချက်တွေ အင်တာနက်ပေါ် ပေါက် ကြားခဲ့တာကြောင့် လုံခြုံရေးတာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးချက်အပေါ် ပြည်သူတွေအနေနဲ့ မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပါတယ်။

ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ဆက်စပ်တဲ့ စုံစမ်းစစ်ဆေး ဆောင်ရွက်နေတာတွေဟာ အားရစရာ မရှိသလို အမှုမှန်ပေါ်ပေါက်ရေးဟာ လက်ရှိအစိုးရနဲ့ပြည်ထဲရေးဝန်ကြီးဌာန အဓိကမှာ တာဝန်ရှိတယ် လို့ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးကောင်စီ အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောပါတယ်။

“အခုလက်တွေ့အနေနဲ့ ရလဒ်တွေကရပြောမယ်ဆိုရင် ဒီလောက်အရေးကြီးတဲ့ ကိစ္စတွေမှာ စာရွက်စာတန်းတွေပေါက်ထွက်လာတယ်။ နောက်တခါ ဒီလောက် စာရွက်စာတန်းတွေပေါက်ထွက်လာတဲ့အခြေအနေ ရောက်တဲ့အခြေအနေမှာလည်း ပြန်လည် တုန့်ပြန်ပြီးတော့ ပြည်သူကို ရှင်းလင်းတဲ့ဟာမျိုးကိုလည်း အားရစရာမရှိဘူး။ ဆရာဦးကိုနီ လုပ်ကြံခံရတဲ့ဖြစ်စဉ်ကို အခု အမှန်တရားပေါ်ဖို့ ကိစ္စမှာ ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ပြောတာထက် လက်ရှိအစိုးရအဖွဲ့မှာ တာဝန်ရှိပါတယ်။ လက်ရှိအစိုးရအဖွဲ့ တိတိကျကျပြောရင်တော့ ပြည်ထဲရေးဝန်ကြီးဌာန ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဦိးကိုနီရဲ့ဖြစ်စဉ်ကို အမှန်တရားအတိုင်း ပေါ်ထွက်လာအောင် ကျနော်တို့ တိတိကျကျ နဲ့ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက်မယ်ဆိုရင် နိုင်ငံသားပြည်သူတွေရဲ့ ယုံကြည်အားကိုးမှု ချစ်ခင်လေးစားမှုကို ရရှိမှာ ဖြစ်ပါတယ်လို့ အကြံပြုပြောကြားလိုပါတယ်။”

ရှေ့နေကြီး ဦးကိုနီဟာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အတက်ကြွဆုံးသူ တဦး ဖြစ်ခဲ့သလို လုပ်ကြံခံရပြီး မသေဆုံးခင် ၂၀၁၆ ဒီဇင်ဘာလ ၃၀ရက်နေ့မှာတောင် NLD လွှတ်တော် အမတ်တွေကို ရွေးကောက်ပွဲကတိတခုဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး အကောင်ထည်ဖော်ဖို့ တိုက် တွန်းခဲ့ပါသေးတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းကတော့ ဦးကိုနီ လုပ်ကြံ ခံရမှုဟာ နိုင်ငံရေးနဲ့ တနည်းတဖုံ ဆက်စပ်နေတယ်လို့ ယုံကြည်သလို ဒီဖြစ်ရပ်ကြောင့် လုံခြုံရေးနဲ့ ပတ် သက်လို့ ပေါ့ဆမှုကို သတိပြုမိစေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က ဒီသတင်းကြားတာနဲ့ စဉ်းစားကြည့်လိုက်တော့ ကိုနီလိုလူမျိုးဟာ ပုဂ္ဂိုလ် ရေးအရ ဒီလိုဖြစ်စရာအကြောင်း ကျနော်လုံးဝမတွေ့ဘူး။သိလို့ပြောတာတော့ မဟုတ်ဘူး သူ့ကို ပုဂ္ဂိုလ် အရသိတယ်၊ သူလိုက်နေတဲ့ အမှုတွေကိစ္စတွေလည်း ကျနော်တို့နဲ့ ပြိုင်ပြီးတော့ လိုက်နေတာဆိုတော့ ကျနော်တို့သိတယ်။ ဒီလိုအသက်အန္တရာယ်ဖြစ်လောက်တဲ့ ဖြစ်လောက်တဲ့ ကိစ္စမျိုးဖြစ်စရာအကြောင်းမရှိဘူး။ အဲဒါဆိုရင် ကိုနီဘာဖြစ်လို့လဲဆိုတာ ပြန်ဆက်ပြီးစဉ်းစားရမယ်၊ ဆက်ပြီးစဉ်းစားတဲ့ အခါကျတော့ နိုင်ငံရေးက တနည်းမဟုတ်တနည်း နွယ်နေမယ်လို့ ယုံကြည်တယ်။”

အစိုးရအနေနဲ့ အမှုမှန်ပေါ်ပေါက်ဖို့ အကောင်းဆုံးဆောင်ရွက်နိုင်ဖို့ပဲ မျှော်လင့်ကြောင်းပြောလာသူက လုပ်ကြံသတ်ဖြတ်ခံရတဲ့ ရှေ့နေကြီး ဦးကိုနီရဲ့ သမီးဖြစ်သူ မအေးသီခိုင်ပါ။

“အခုအချိန်မှာတော့ ကျမတို့က ဘာကိုမှ ပြောလို့မရသေးဘူးလို့ထင်တာပဲ၊ ဘာကြောင့်လဲဆိုတော့ ကျမတို့က Crime Investigator လည်းမဟုတ်ဘူးလေ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့သူတွေက အကောင်းဆုံးလုပ်မယ်လို့တော့ မျှော်လင့်ပါတယ်။ အဲဒီတော့ ကျမတို့ကတော့ ဒီလူ့ကို သံသယ ရှိပါတယ်ဆိုပြီး မပြောလိုပါဘူး ပြောခွင့်လည်းမရှိဘူးလို့ ထင်ပါတယ်။”

လူအများရှေ့မှာ ဦးကိုနီကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဦးကြည်လင်းဆိုသူကိုတော့ လက်ရှိမှာ ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်ပြီး ဒီလုပ်ကြံမှုနောက်ကွယ်က ကွင်းဆက်တရားခံလို့ သံသယရှိသူတွေကို ခေါ်ယူ စစ် ဆေးမှုတွေ လုပ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုထားပေမယ့် အခုချိန်ထိ သတင်းတိတိကျကျ ထုတ်ပြန် ပေးတာမရှိသေးပါဘူး။

RB News
2.2.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကျောက်ဖြူသားသေကံ ကျေးရွာအုပ်စု၊ သေကံရွာမှ ရာအိမ်မှူးက မောင်တောမြို့မှ အောက်တိုဘာလ (၉) ရက်နေ့ ပြဿနာကို အခွင့်ကောင်းယူ၍ ရွာသားများထံမှ ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ကျောက်ဖြူသားသေကံ ကျေးရွာအုပ်စု၊ သေကံရွာမှ ရာအိမ်မှူး ဦးအဒူရော်ကိမ်းသည် မောင်တောမြို့မှ အောက်တိုဘာလ (၉) ရက်နေ့ ပြဿနာကို အခွင့်ကောင်းယူကာ လွန်ခဲ့သည့် တစ်လအတွင်း ရွာသားများထံမှ ငွေကျပ် သိန်း (၅၀) ခန့် ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ရာအိမ်မှူး ဦးအဒူရော်ကိမ်း (ဘ) မော်လ၀ီအဒူရှော်ဘီ (အသက် ၄၅ နှစ်) သည် လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ထောက်လှမ်းရေး (၁၈) ၏ သတင်းပေးလုပ်ခဲ့ပြီး၊ တပ်ဖွဲ့မှူး၏ လက်မှတ်အတုထိုးမှုဖြင့် ထောင်ဒဏ် (၃) နှစ် ကျခဲ့သည်။ ထောင်မှလွတ်လာပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးကို လာဘ်ငွေများ၊ လက်ဆောင်များပေးပြီး ရာအိမ်မှူး ရာထူးရယူကာ ရွာသားများကို အမြဲဒုက္ခပေးလေ့ရှိကြောင်း သိရှိရသည်။ 

ဇန်န၀ါရီလ (၁၄) ရက်နေ့တွင် ၎င်းနှင့် ကျေးရွာတာဝန်ခံ ဦးမာမတ်ကာဆိမ်း (ဘ) ဦးနော်ဘီဒိန် (အသက် ၄၂ နှစ်) တို့ကို တပ်မမှ စစ်သား (၁၀) ဦးက လာရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ရာအိမ်မှူးက ငွေပေး၍ ပြန်လည် လွတ်မြောက်လာခဲ့ပြီး၊ ၎င်းကုန်ကျခဲ့သည့်ငွေများကို ဆင်းရဲသားရွာသားများအား ဒုက္ခပေး ငွေညှစ်၍ ပြန်ရှာမည်ကို ရွာသားများက အထူးစိုးရိမ်လျက် ရှိနေခဲ့ကြသည်။ 

ဇန်န၀ါရီလ (၂၀) ရက်နေ့တွင် ရွာသား (၆) ဦးကို တပ်မမှ ပေးလိုက်သည့် စာရင်းတွင် ပါလာသည်ဟု ပြောဆို၍ တစ်ဦးလျှင် ငွေကျပ် တစ်သိန်းခွဲစီကို ယင်းနေ့တွင်ပင် ၎င်းထံပေးရမည်ဟု ပြောဆိုခဲ့ပြီး၊ ရွာသား (၅) ဦးကို အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေကျပ် ၇ သိန်းခွဲ ညှစ်ယူခဲ့သည်။ ရွာသားတစ်ဦးဖြစ်သူ ဦးအဒူရှကူရ် (အသက် ၄၂ နှစ်) က ငွေမပေးနိုင်သဖြင့် ဇန်န၀ါရီလ (၃၁) ရက်နေ့ နံနက် (၇) နာရီတွင် အုပ်ချုပ်ရေးမှူးရုံးသုံး ခေါ်ယူ၍ အမျိုးမျိုး ခြိမ်းခြောက်သော်လည်း ငွေမပေးသဖြင့် ကျီးကန်းပြင် ဌာနချုပ်ကို တိုက်ခိုက်ရာတွင် ပါဝင်သူဟု အမှုဖွင့် ထောင်ချမည်ဟု ခြိမ်းခြောက်ခြင်း၊ ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူး၏ အမည်ကို သုံး၍ ခြိမ်းခြောက်ခြင်းများအပြင် တစ်နေကုန် ထိုးကြိတ်ရိုက်နှက်ခဲ့သည်။ ဦးအဒူရှကူရ်က မခံနိုင်တော့သဖြင့် နောက်ဆုံးတွင် ည ၇ နာရီ၌ ငွေကျပ် ၄ သိန်း ပေး၍ ပြန်လည် လွတ်မြောက်လာခဲ့သည်။ 

ဒေသခံများက ရာအိမ်မှူးသည် လက်နက်ကိုင် အာဏာပိုင်များထက် ပိုမိုဆိုးရွားလျက် ရှိသည်ဟု ဆိုသည်။ 

ငွေကျပ်တစ်သိန်းခွဲစီ ညှစ်ခံရသူများမှာ --

(၁) မော်လ၀ီကာမာလ် (ဘ) ဦးမာဆိဒိတ် (အသက် ၄၅ နှစ်) 
(၂) ဦးမာတာမီးန် (အသက် ၃၇ နှစ်)
(၃) ဦးဟာဖီးဇ်ဂျော်မိလ် (အသက် ၄၄ နှစ်)
(၄) ဦးအုစ်မာန်ဂေါ်နီ (ဘ) ဦးဒိလ်မာမတ် (အသက် ၃၅ နှစ်)
(၅) ဦးမာကာဆိမ်း (ဘ) ဦးလှမျာ (အသက် ၄၁ နှစ်) -- တို့ဖြစ်ကြသည်။ 




အကျဉ်းသားဟောင်း ဦးအောင်စိုးကို အင်းစိန်မြို့နေအိမ်တွင် တွေ့ရပုံ။ ဦးအောင်စိုးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လူမှုရေး လုပ်ငန်းတစ်ခုတွင် စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် ကူညီ ဆောင်ရွက်လျက်ရှိသည် (ဓာတ်ပုံ - ဇော်ထက်/Myanmar Now)

ဆွေဝင်း
1.2.2017

ရန်ကုန် – ရှေ့နေဦးကိုနီကို ရန်ကုန်လေဆိပ်တွင် လုပ်ကြံခဲ့သည့် ဦးကြည်လင်းနှင့် ဘုရားခိုးဂိုဏ်းတွင် လက်တွဲလုပ်ကိုင်ဖူးသူတစ်ဦးက ရန်ကုန်မြို့လယ်တွင် လုပ်ကြံသတ်ဖြတ်မှုတစ်ခု တာဝန်ယူပေးရန် ယမန်နှစ်က ကမ်းလှမ်းခဲ့ကြောင်း အကျဉ်းသားဟောင်းတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ကမ်းလှမ်းမှုကို သူက ငြင်းပယ်လိုက်ပြီးနောက်ပိုင်း ဦးကြည်လင်းက တာဝန်ကို လက်ခံကာ အမှုကျူးလွန်လိုက်သည်ဟု ယူဆကြောင်း ထုတ်ဖော်ပြောဆိုသူမှာ ရန်ကုန် အင်းစိန်မြို့နယ်၊ ဖော့ကန် ရပ်ကွက်တွင် နေထိုင်သော ၅၁ နှစ် အရွယ် ဦးအောင်စိုး ဖြစ်သည်။

သူသည် ၂ဝဝ၉၊ ၂ဝ၁ဝ ပြည့်နှစ်တို့တွင် မန္တလေးအိုးဘိုထောင် အဆောင်အမှတ် (၃) တွင် ရှိနေစဉ် ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်တို့နှင့် ဆုံတွေ့ခဲ့သူ ဖြစ်သည်။

ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်တို့မှာ ဘုရားခိုးမှုဖြင့် နှစ်ရှည်ထောင်ကျနေသူ အမှုတွဲများ ဖြစ်ကြောင်း ဦးအောင်စိုးက ပြောကြားပြီး၊ ထိုအချိန်က အိုးဘိုအကျဉ်းထောင်တွင် တာဝန် ထမ်းဆောင်ခဲ့သူ အကျဉ်းဦးစီးတာဝန်ရှိသူတစ်ဦး နှင့် နှစ်ရှည်ထောင်ကျခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘိုဘို ခေါ် စမ်းချောင်းဘိုဘိုကလည်း ထိုအချက်ကို အတည်ပြု ပြောဆိုသည်။

၎င်းတို့ ၃ ဦးလုံးသည် ၂ဝ၁၄ ဇန်နဝါရီတွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ကြသည်။

၂ဝ၁၆ ဇွန်လတွင် ဦးအောင်ဝင်းဇော်က ဦးအောင်စိုး နေထိုင်ရာ အင်းစိန်မြို့နယ်သို့ ခဲရောင် ပါဂျဲရိုးကားဖြင့် ရောက်ရှိလာပြီး လူသတ်ရမည့်အလုပ် ရှိကြောင်း၊ လူမျိုးခြား ဘာသာခြား နိုင်ငံခြား သံတမန်တစ်ဦးကို နေ့ခင်းကြောင်တောင် မြို့လယ်ခေါင်တွင် ပစ်သတ်ရမည့် အလုပ်ဖြစ်ကြောင်း၊ အလုပ် အောင်မြင်လျှင် အားလုံးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဦးအောင်စိုးက ဆိုသည်။

“ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်ဘာသာအတွက် အကျိုးရှိမယ်၊ ခင်ဗျား ငွေကြေးလည်း ထိုက်ထိုက်တန်တန် ရမယ်။ ဘယ်လောက်ရမှာလဲလို့ မေးလိုက်တော့ ကျွန်တော့်ကို ခင်ဗျား ဘယ်လောက်လိုချင်လဲ၊ လောလောဆယ် (သိန်း) ၃ဝဝ ပါတယ်၊ ခင်ဗျား ၅ဝဝ ယူမလား၊ ၁,ဝဝဝ ယူမလား မေးတယ်” ဟု ဦးအောင်စိုးက Myanmar Now နှင့် ဇန်နဝါရီ ၃၁ ရက်နေ့က အင်းစိန်မြို့နယ်ရှိ သူ၏အိမ်တွင် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

အလုပ်လက်ခံပါက သေနတ်ပစ် လေ့ကျင့်ရန် တောတွင်းသို့ ချက်ချင်း လိုက်ရမည်၊ လုပ်ကြံမှု ပြုလုပ်သည့်အခါ ဦးအောင်ဝင်းဇော် ကိုယ်တိုင် ကား သို့မဟုတ် ဆိုင်ကယ်ဖြင့် စောင့်ပြီး သူ့အား ခေါ်ယူ ထွက်ပြေးမည်၊ ကျူးလွန်မှု အထမြောက်ပြီးသည်နှင့် ကရင်ပြည်နယ်ရှိ DKBA တပ်များ လှုပ်ရှားရာ နယ်မြေဘက်သို့ တိမ်းရှောင်ရမည်ဟု သူ့အား ပြောဆိုခဲ့ကြောင်း ဦးအောင်စိုးက ရှင်းပြသည်။

ဦးအောင်စိုးက ဒုစရိုက်အမှောင်လောကကို ပြန်မသွားလိုတော့ကြောင်း၊ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်ပြီး မိသားစုနှင့်အတူ နေထိုင်လျက် ရှိနေကြောင်း ပြောဆိုပြီး ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။

ထိုအလုပ်ကို သူ့အားလာရောက်အပ်နှံခြင်းမှာ သူသည် ယခင်က တပ်ထဲသို့ နှစ်နှစ်ခန့် ဝင်ရောက်ဖူးပြီး သေနတ်ပစ်တတ်ခြင်း၊ အကျဉ်းထောင်အတွင်း နေထိုင်စဉ် အခြားသော ရာဇဝတ် အကျဉ်းသား အများအပြားကဲ့သို့ အကျဉ်းဦးစီးဝန်ထမ်းတို့ကို ကျွန်သာသာ ရိုကျိုး၍ နေသူမဟုတ်ဘဲ သဘောထားတင်းတင်းမာဖြင့် နေတတ်သူဖြစ်သောကြောင့်ဟု ယူဆကြောင်း ဦးအောင်စိုးက ပြောသည်။ ဦးအောင်စိုးမှာ အရပ် ၆ ပေခန့်ရှိပြီး၊ ခိုင်မာ တောင့်တင်းသော ခန္ဓာကိုယ်ရှိ၍ ထောင်တွင်းလူဆိုးများ အချင်းချင်းကြားပင် ကြောက်ရွံ့ရသူဖြစ်သည်ဟု အကျဉ်းသားဟောင်းတချို့က ပြောဆိုသည်။

ယခုအချိန်တွင် အသက် ၄၈ နှင့် ၅ဝ ကြားရှိမမည်ဟု ယူဆရသည့် ဦးအောင်ဝင်းဇော်မှာ အသားညိုညို၊ ပိန်ပိန်ပါးပါး၊ အရပ်ရှည်သူဖြစ်ကြောင်း၊ တပ်မတော် အရာရှိငယ်ဘဝတွင် ပြစ်ချက်ဖြင့် ထုတ်ပယ်ခံရဖူးပြီး နောက်ပိုင်းတွင် ဘုရားခိုးဂိုဏ်းတချို့နှင့် ပေါင်းပြီး စီးပွားရှာရင်း ထောင်ကျခဲ့သူဖြစ်ကြောင်း ဦးအောင်စိုး၏ ပြောဆိုချက်အရ သိရသည်။

“သူ့ကို ဘာလုပ်နေလဲလို့ ကျွန်တော်က မေးတော့ သူက သူ့ကို တိုက်ခန်းပေးထားတယ်၊ ကားပေးထားတယ်၊ လက်ရှိ ဒီအလုပ်တွေ လုပ်ရတယ် (လို့ ဖြေတယ်)” ဟု ဦးအောင်စိုးက ပြောသည်။

အိုးဘိုထောင်တွင် အတူရှိစဉ် ဦးအောင်ဝင်းဇော်သည် သူ၏အမှုတွဲ ဦးကြည်လင်းနှင့် နီးနီးကပ်ကပ် ဆက်ဆံကြောင်း၊ ၄င်းတို့ နှစ်ဦးလုံးသည် ငွေရလျှင် ဘာမဆိုလုပ်မည့် လူစားများ ဖြစ်ကြောင်း ဦးအောင်စိုးက ဆိုသည်။

ထောင်တွင်းကာလတွင် ဦးကြည်လင်းသည် အေးဆေး တည်ငြိမ်စွာ ပြောဆို နေထိုင်တတ်ပြီး၊ သူ့ကိုထိလျှင် ပြန်လည်တုန့်ပြန်ရန် အသင့်ရှိသည့် အနေအထား တွေ့ခဲ့ရကြောင်းလည်း သူက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်လေဆိပ်ရှေ့တွင် ဖမ်းဆီးရမိသည့် ဦးကြည်လင်း၏ဓာတ်ပုံကို ဖေ့ဘုတ် လူမှုကွန်ရက်တွင် တွေ့ရှိခဲ့ပြီးနောက် သူ့ကို လာရောက် ကမ်းလှမ်းခဲ့သော အလုပ်မှာ ဦးကိုနီအား သတ်ရန်ဖြစ်သည်ဟု ခိုင်ခိုင် မာမာ ယုံကြည်ကြောင်း ဦးအောင်စိုးက ဆိုသည်။

“သူတို့နှစ်ယောက်လုံးက ထောင်ထဲမှာတုန်းကတည်းက စိတ်တူကိုယ်တူတွေ။ အတူတူ စားတယ်။ အတူတူ အိပ်တယ်။ နှစ်ယောက်လုံးက ငွေရရင် ဘာမဆို ဂရုမစိုက်ဘူး၊ သူတို့က တွဲဖက်ညီတယ်။ ကျွန်တော် မှားသွားရင်တော့ မတတ်နိုင်ဘူး။ ဒါပေမယ့် ကြည်လင်း မျက်နှာကို မြင်လိုက်ကတည်းက သူတို့ အတူလုပ်ကြတယ်လို့ ပြောနိုင်တယ်။ သူတို့တွေ သူငယ်ချင်း အရင်းရင်းခေါက်တွေ” ဟု ဦးအောင်စိုးက ပြောဆိုသည်။

ဦးအောင်စိုး လုပ်ကြံမှုကျူးလွန်ရန် ကမ်းလှမ်းခံရသည် ဟူသော ပြောဆိုချက် မှန်ကန်မှု ရှိမရှိကို Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး အစ္စလမ်ဘာသာဝင် ရှေ့နေ ဦးကိုနီလုပ်ကြံခံရခြင်းသည် ပုဂ္ဂိုလ်ရေးအငြိုးအတေးလော၊ ဘာသာရေးလူမျိုးရေးကိုအကြောင်းခံသည်လော သို့တည်းမဟုတ် နိုင်ငံရေးအရလုပ်ကြံခြင်းဖြစ်သည်လောဆိုသည်ကို ယခုအချိန်ထိ ရှင်းလင်းမှု မရှိသေးပေ။ ဇန်နဝါရီ ၃ဝ ရက်က ထုတ်ပြန်သော နိုင်ငံတော်သမ္မတရုံးကြေညာချက်တွင်မူ ယခုလုပ်ကြံမှုသည် နိုင်ငံတော်တည်ငြိမ်ပျက်ပြားစေရန် လုပ်ဆောင်မှုဖြစ်သည်ဟု ရေးသားထားသည်။

ဦးအောင်စိုးက သူ့အနေဖြင့် ယခုကဲ့သို့ တရားဝင် ထုတ်ဖော်ပြောဆိုမှုများကြောင့် အသက်အန္တရာယ် ကျရောက်နိုင်သည်ကို သဘောပေါက်သော်လည်း အကျဉ်းထောင်အတွင်းတွင် အသက်ဘေးနှင့် ကြိမ်ဖန်များစွာ ရင်ဆိုင်ခဲ့ဖူးသောကြောင့် အလွန်အမင်းစိုးရိမ်စိတ်များ မရှိတော့ကြောင်း၊ ယခုအမှုနှင့် ပတ်သက်၍ နောက်ကွယ်မှ ခိုင်းစေသူများကို ဖော်ထုတ်နိုင်စေလိုသောကြောင့် ထုတ်ဖော် ပြောဆိုရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဦးအောင်စိုးသည် လုယက်မှုများ ကျူးလွန်မှုဖြင့် ၁၉၉၆ တွင် ထောင်ဒဏ် ၅၈ နှစ် ချမှတ်ခံရပြီး၊ ၂ဝ၁၄ ဇန်နဝါရီ ၃ ရက်နေ့တွင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သည်။ ဘုရားခိုးမှုဖြင့် ၂ဝဝ၃ ခုနှစ်မှစ၍ ထောင်ဒဏ်အနှစ် ၂ဝ ကျနေသော ဦးကြည်လင်းသည်လည်း ထိုနေ့တွင်ပင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွတ်မြောက်ပြီးနောက် အကျဉ်းထောင်များ၊ ရဲဘက်စခန်းများတွင် ဖြစ်ပျက်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို မီးမောင်းထိုးပြသည့်အနေဖြင့် “အုတ်ရိုးအတွင်း သံဆူးကြိုးဝင်းမှ လူဆိုးများ” ဟူသော စာအုပ်ကို အင်းစိန်အောင်စိုး ကလောင်အမည်ဖြင့် ရေးသား ထုတ်ဝေခဲ့သည်။

ထို့အပြင် သူသည် အားလပ်ချိန်များတွင် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အမေ့အိမ်ပညာဒါနစာသင်ကျောင်းတွင် ကလေးငယ်များကို ဆံပင် အခမဲ့ ညှပ်ပေးခြင်း၊ သူ၏ဘဝအတွေ့အကြုံပေါ် အခြေခံပြီး ပညာပေး ဟောပြောခြင်းတို့ဖြင့် လုပ်အားပေးလျက်ရှိသည်။ ။

ယျာတင် (ရိုဟင်းသား)
RB News
2.1.2017

ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် ဦးကိုနီကတော့ ဘယ်သူမှ မမျှော်လင့်ဖူးတဲ့ မသမာသူတွေရဲ့ လက်ချက်ကြောင့် လုပ်ကြံ ခံလိုက်ရပါပြီ။ တိုင်းပြည်အပေါ် ထားခဲ့တဲ့ ရှေ့နေကြီးရဲ့ စိတ်ထားကြောင့် အမှန်တရားကို ချစ်ခင်မြတ်နိုးကြတဲ့ ပြည်သူတွေကလည်း ရှေ့နေကြီး လုပ်ကြံခံခဲ့ရမှုအတွက် ဖြေမဆည်နိုင်အောင် ပူဆွေးသောက ရောက်နေကြပါပြီ။

အာဏာရှင်အလိုကျ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရေး အကျပ်အတည်း၊ အဲ့ဒီ ဖွဲ့စည်းပုံကြောင့် NLD ပါတီရဲ့အကျပ်အတည်း တွေကို ရှေ့နေကြီးက သူတတ်တဲ့ ပညာနဲ့ အမှန်တရားဖက်က မားမားမတ်မတ် ရပ်တည်ပြီး အများကြီး ကူညီပေးခဲ့ပါတယ်။ ဘယ်သူမှ မမြင်နိုင်တဲ့ ဥပဒေရှုထောင့်တွေကို အများပြည်သူနားလည်နိုင်အောင် အလွယ်ကူဆုံးနဲ့ ရှင်းပြပြောဆိုနိုင်တာမှာလည်း နှစ်ယောက်မရှိခဲ့သူပါ။ တကယ့် ဥပဒေပါရမီရှင်ကြီးမို့ တိုင်းပြည်အတွက် အစားထိုးဖို့လည်း အင်မတန် ခက်ခဲပါတယ်။ ဒီနေ့လို ကမ္ဘာ့အကျပ်တည်းဆုံးလို့ သတ်မှတ်နိုင်တဲ့ မြန်မာ့နိုင်ငံရေးလောကမှာ ရှေ့နေကြီးလို ပုဂ္ဂိုလ်တစ်ဦး ရှိနေခဲ့ခြင်းဟာ ဒီမိုကရေစီကို သွားချင်နေတဲ့ မြန်မာနိုင်ငံတော်အတွက် ဘုရားသခင်ပေးတဲ့ အထူးဆုလာဒ်လို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်အာဏာရှင်အလိုကျ ရေးဆွဲခဲ့ပေမယ့် ထိုဖွဲ့စည်းပုံ အခြေခံဥပဒေထဲကပဲ ဒေါ်အောင်ဆန်းစုကြည်ကို အဆင့်မြင့်အုပ်ချုပ်ရေး ရာထူး ဖန်တီးပေးနိုင်ခဲ့တဲ့ ရှေ့နေကြီးရဲ့ တမူထူးခြားတဲ့ အရည်အချင်းဟာ ရှေ့နေကြီးရဲ့ ဥပဒေပါရမီကို သက်သေခံနေခြင်းပါပဲ။ အခုတော့ အဲ့လို ရဲရင့်ခြင်း၊ ထူးထူးခြားခြား တော်လွန်းခြင်း၊ အမှန်တရား ဘက်တော်သား ဖြစ်ခြင်း၊ အဓမ္မမှုကို အရှိုက်ထိ ထိုးနှက် အလေးထိုးနိုင်ခြင်း စတဲ့ ပါရမီရှင် ရှေ့နေကြီးကတော့ ကျနော်တို့ ပြည်သူအပေါ် လေးလွန်းတဲ့ တာဝန်တွေ တင်ပေးပြီး အရာရာကို နှုတ်ဆက်သွားခဲ့ပါပြီ။ 

ဒီလိုမျိုး ထူးကဲတဲ့ ဥပဒေပါရမီရှင် တစ်ဦး လွင့်ပါသွားခြင်း ခံရတာဟာ တိုင်းပြည်အတွက် အင်မတန် နစ်နာမှုကြီးတစ်ခုပါလို့ ပြည်သူတွေကလည်း နားလည် သဘောပေါက်ပြီး ရှေ့နေကြီးအတွက် နှမြောတသနေကြတယ်။ အသံတွေ ပေးနေကြတယ်။ ရှေ့နေကြီး လုပ်ကြံခံရမှုအတွက် တရားမျှတမှုကို တောင်းဆိုနေကြတယ်။ ရှေ့နေကြီးကို လုပ်ကြံသူတွေရဲ့ ဇစ်မြစ်ကို ဖော်ထုတ်ပြီး အရေးယူစေချင်တယ်။

ယခုအခါ Social မီဒီယာပေါ်မှာဆိုရင်လည်း ရှေ့နေကြီးအကြောင်း၊ လဘက်ရည်ဆိုင်ထိုင်လည်း ရှေ့နေကြီးအကြောင်း၊ ဈေးတွေ လမ်းဆုံလမ်းခွတွေမှာလည်း ရှေ့နေကြီးအကြောင်း၊ ပြောရရင် ရှေ့နေကြီးကို မိမိတို့ရဲ့နှလုံးသားတစ်နေရာမှာ နေရာပေးနေကြတာနဲ့အညီ မိမိတို့ရဲ့ နှုတ်ဖျားတိုင်းမှာလည်း ရှေ့နေကြီးအကြောင်းပဲ နေရာယူထားချိန် ဖြစ်ပါတယ်။ ရှေ့နေကြီးရဲ့ ဈာပန အခမ်းအနားကို ကြည့်ရင် ရှေ့နေကြီးကို ချစ်တဲ့ ပြည်သူတွေ၊ ရှေ့နေကြီး လုပ်ကြံခံရမှုကို နှမြောတသနေတဲ့ ပြည်သူတွေကို တွေ့မြင်ရမှာပါ။

တဆက်တည်းမှာပဲ ရည်ရွည်ချက်ကြီးကြီးနဲ့ ရှေ့နေကြီးကို လုပ်ကြံခဲ့သူတွေကလည်း ရှေ့နေကြီးအတွက် အသံတွေ ပေးနေကြတဲ့ လူတွေရဲ့အာရုံကို ပြောင်းပစ်နိုင်ဖို့ ထပ်ဆင့်ကြိုးစားလာနိုင်တာကို ကျနော်တို့ အထူးသတိပြုရပါမယ်။ ရှေ့နေကြီးအတွက် အသံတွေ ပေးနေကြတာမှာ လူမျိုးဘာသာ မရွေးဘူး။ အားလုံးညီကြတယ်။ ညီညာခြင်းရဲ့ အလှတရားတွေကို ရှေ့နေကြီးကြောင့် ပိုပြီး မြင်တွေ့နေရပါတော့တယ်။ ဒီတော့ ဒီအချက်ကို မသမာသူတွေက ဖြိုခွင်းလာနိုင်ပါတယ်။ ကျနော်တို့ အင်မတန် သတိထားရမယ့် အချက်ပါပဲ။

စဉ်းစားကြည့်ပါ။ ရှေ့နေကြီးအတွက်ပေးနေတဲ့ အသံက ကြီးမားတယ်။ ဒီလို ဒီကြီးမားတဲ့ အသံတွေကို ဖျောက်နိုင်ဖို့ မသမာသူတွေက ဒီထက်ကြီးတဲ့ လုပ်ကြံမှုတွေ ဖန်တီးလာနိုင်ပါတယ်။ ရှေ့နေကြီးအပေါ် ထားတဲ့ အာရုံတွေ လုံးဝပြောင်းသွားအောင် ကြီးမားတဲ့ လုပ်ကြံမှုတွေနဲ့ ဆက်လက် လှုပ်ရှားလာနိုင်တယ်။

ဒီတော့ ရှေ့နေကြီးရဲ့ အဖြစ်အပျက်မှာ ညီကြတဲ့ ပြည်သူကို ခွဲနိုင်ဖို့ သူတို့မသမာသူတွေ လုပ်လာနိုင်တာက လူမျိုးရေးဘာသာရေး ပဋိပက္ခတစ်ခု ဖန်တီးပေးနိုင်တာပါပဲ။ သူတို့မသမာသူတွေမှာ အဲ့လို ပြဿနာတွေကို ဖန်တီးပေးရာမှာ အတွေ့အကြုံလည်း ရှိပြီးသားမို့ လွယ်လွယ်လေး ဖန်တီးပေးနိုင်ပါတယ်။ ရှေ့နေကြီးရဲ့ အဖြစ်အပျက်ကို လုံးဝ အာရုံလွှဲသွားအောင်၊ ပြည်သူကြားမှာ လုံးဝကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားအောင် အင်မတန် ကြီးမားတဲ့ အကွက်တွေနဲ့ လှုပ်ရှားလာနိုင်ပါတယ်။

မြန်မာပြည်သူ အများဆုံး ဝမ်းနည်း ပူဆွေးသောကရောက်နေကြချိန်မှာပဲ တစ်ချို့ မသမာသူတွေကတော့ ရှေ့နေကြီး လုပ်ကြံခံခဲ့ရမှုကို အားရဝမ်းသာတဲ့ပုံစံနဲ့ Social မီဒီယာတွေမှာ အောင်ပွဲခံနေသလို ဝါဒဖြန့်ရေးသား နေကြတာ တွေ့မြင်နေရပါပြီ။ ဒါက သပ်သပ်ကို မီးမွှေးချင်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ ပြည်သူတွေ အထူးသတိပြုရမယ့် အချိန်အခါ ရောက်နှင့်နေပါပြီ။

အထူးသဖြင့် ကျနော်တို့ မွတ်စလင် ညီအစ်ကို မောင်နှမများအနေဖြင့် ယခုအချိန်မှာ မိမိတို့ရဲ့ အသွားအလာ၊ အပြောအဆို၊ အလုပ်အကိုင်တွေကို သတိရှိရှိနဲ့ ဆောင်ရွက်ကြဖို့ အင်မတန် အရေးကြီးပါတယ်။ မသမာသူတွေက မိမိကို မခံနိုင်အောင် ဆွပေးပြီး ပြဿနာဖြစ်လာအောင် လမ်းခင်းပေးလာနိုင်ပါတာမို့ ကျနော်တို့တတွေ အသိတရားနဲ့ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ပြဿနာမီး အမျိုးမျိုးကို နည်းလမ်းအသွယ်သွယ်နဲ့ မွေးပေးလာနိုင်ပါတယ်။ ကျနော်တို့ သတိရှိရှိ လက်ရှောင်ဖို့ အရေးကြီးပါတယ်။ တိုင်းပြည်ကို ချောက်ထဲရောက်စေချင်နေတဲ့ မသမာသူတွေရဲ့ ထောင်ချောက်ထဲမှာ မိမိပါမသွားအောင် အလေးထားပြီး နေရမယ့် အချိန်အခါ ရောက်နှင့်နေပြီမို့ ကျနော်တို့ တိုင်းသူပြည်သားကောင်း အနေနဲ့ အထူး သတိ ဝီရိယနဲ့ နေကြပါ။ သတိဟူသည် ပိုသည်မရှိ ဆိုတဲ့ စကားအတိုင်းပေါ့လေ။
ရှေ့နေကြီးရဲ့ သမီးပြောခဲ့သလို ရှေ့နေကြီးဟာ ဒီအလုပ်တွေကို တိုင်းပြည်အတွက် လုပ်ဖို့လိုလို့ လုပ်သွားခဲ့တာ၊ သေဖို့ရှိလို့ သေသွားခဲ့တာပဲလေ။ ဒီတော့ ရှေ့နေကြီး ဦးကိုနီ မရှိတော့ပေမယ့် သူချမှတ်ပေးခဲ့တဲ့ လမ်းစဉ်တွေ၊ သူပြပေးခဲ့တဲ့ ထိုးဖောက်နည်းတွေနဲ့ပဲ ကျနော်တို့ ပြည်သူတွေက မသမာသူတွေကို တရားဥပဒေအတိုင်း အလှဲထိုး အနိုင်တိုက်ကြရမှာပါ။ ရှေ့နေကြီးကို ချစ်ခင်မြတ်နိုးတဲ့ ကျနော်တို့ပြည်သူတွေရဲ့ တာဝန်ပါပဲ။ တာဝန်သိ ပြည်သူဆိုတာ ဘယ်လိုမျိုးလဲ။ ရှေ့နေကြီး ဦးကိုနီကို ကယ်ဖို့ကြိုးစားရင်း အသက်ပေးဆပ်သွားခဲ့ရတဲ့ ကိုနေဝင်းဟာ ကျနော်ပြည်သူတွေအတွက် အကောင်းဆုံး ဥပမာပဲမဟုတ်လား။
ဒီတော့ အဓမ္မတရားကို အနိုင်တိုက်ရမှာ သည်းခံမှုတရားနဲ့ အကြမ်းမဖက်တဲ့ လမ်းစဉ်သည်သာ အထိရောက်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းပဲ ဆိုတာကိုတော့ ကျနော်တို့ တိုင်းသူပြည်သားတွေ အထူးသတိချပ်ဖို့ လိုအပ်ကြောင်းပါ။
Rohingya Eye
RB News
31.1.2017

မောင်တော ။  ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျကျေးရွာမှ ယာယီ အုပ်ချုပ်ရေးမှူးသည် ဆွဲ၊တင်၊စစ် ကို အကြောင်းပြ၍ ငွေကောက်ခံခြင်း၊ အင်ဒိုနီးရှားမှ ထောက်ပံ့ပစ္စည်းများ လက်ခံရယူသည့် မိသားစုများထံမှ ငွေကောက်ခံခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျကျေးရွာမှ ယာယီအုပ်ချုပ်ရေးမှူး ဦးအာဘူလ်ကာလာမ်သည် အစိုးရ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ကြီးဖြစ်သူ ဦးရှာကဲရ်မိုဟာမတ် (ဘ) ဦးဇော်လာလ်အာမတ် (အသက် ၅၇ နှစ်) နှင့် အကြံပေးချက် အတိုင်း ရွာသားများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဇန်န၀ါရီလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့ထိ ပြုလုပ်ခဲ့သည့် ဆွဲ၊တင်၊စစ် တွင် စစ်ဆေးမခံခဲ့သည့် အိမ်ထောင်စုများကို ပြန်လည် စစ်ဆေးခဲ့ရာ ဇန်န၀ါရီလ (၂၈) ရက်နေ့နှင့် (၂၉) ရက်နေ့များတွင် စစ်ဆေးခံခဲ့သည့် အိမ်ထောင်စု (၇၀) စုမှ တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သောင်းစီ အတင်းအဓမ္မ ကောက်ခံခဲ့သည်။ 

ဇန်န၀ါရီလ (၂၈) ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံမှ ထောက်ပံ့ပေးခဲ့သော ပစ္စည်းများကို လက်ခံရယူခဲ့သည့် အိမ်ထောင်စု ၅၀၀ ထံမှ ငွေကျပ် ၅၀၀ စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

“ရွာက မဟုတ်မမှန်သတင်းတွေရလို့ အာဘူကာလာမ်ကို ဒေသခံ အာဏာပိုင်တွေက ယာယီခန့်ထားတာ စ်ြပေမယ့် ဒီလူက အုပ်ချုပ်ရေးမှူး အရည်အချင်း ရှိတဲ့လူမဟုတ်ဘူး။ ရွာကို အုပ်ချုပ်ဖို့ ခန့်ထားတာလည်း ရွာသားတွေဆီက ငွေညှစ်ဖို့ သီးသန့်ခန့်ထားတာ လို့ထင်ရတယ်။ သူ့ကို အရေးယူတာ၊ တားမြစ်တာ မတွေ့ရဘူး။ သူ့ကို ဆက်ပြီး တာဝန်ပေးထားမယ် ဆိုရင် အစိုးရ သိက္ခာကျဖို့ဘဲ ရှိတယ်” ရွာမှ လူကြီးတစ်ဦးက ပြောသည်။ 



Rohingya Eye
RB News
31.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများတွင် ဒေသခံအာဏာပိုင်များက ငွေယူ၍ ရက်သတ္တပတ် သုံးပတ်ကြာ ဆီဗုံးခွံများဖြင့် ဖောင်ဖွဲ့၍ ငါးဖမ်းခွင့် ပေးခဲ့သော်လည်း ယခုအခါ NVC ကဒ်ကိုင်မှသာ ငါးဖမ်းခွင့်ပေးမည်ဟု ဆိုကာ ပိတ်ပင်လိုက်ကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ အင်းဒင်ကျေးရွာတွင် ငါးဖမ်းပိုက်ကွန် ၅၆ ခု ရှိပြီး၊ ငါးဖမ်းပိုက်ကွန် တစ်ခုလျှင် လူ (၄) ဦးစီ လိုက်ပါသွားလေ့ရှိသည်။ အဆိုပါ ပိုက်ကွန်များကို ဆီဗုံးအခွံများဖြင့် ရေထဲတွင် မျှောကာ ပင်လယ်ကမ်းခြေအနေီးတွင် ငါးဖမ်းကြခြင်း ဖြစ်သည်။ 

ဇန်န၀ါရီလ (၅) ရက်နေ့တွင် အင်းဒင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများသည် တံငါးသည် ၂၂၄ ဦးကို ဖမ်းဆီး၍ တစ်ဦးချင်းစီထံမှ ငွေကျပ် ၂၅၀၀၀/- စီ ညှစ်ယူခဲ့သည်။ ထို့အပြင် ငါးဖမ်းနိုင်ရေးအတွက် အင်းဒင် အခြေစိုက် စ.ရ.ဖ အဖွဲ့ကို ငါးဖမ်းပိုက်ကွန် တစ်ခုလျှင် ငွေကျပ် ၂၅၀၀၀/- စီ ပေးခဲ့ရသည်။ အင်းဒင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်စိန်ကိုလည်း ပိုက်ကွန်တစ်ခုလျှင် ငွေကျပ် တစ်သောင်းစီ ပေးခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ငါးဖမ်းသမားများက ငွေကြေးမြောက်မြားစွာ ပေး၍ ငါးဖမ်းခွင့် ရယူခဲ့သော်လည်း ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ငါးဖမ်းခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံများက ပြောပါသည်။ 

အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်စိန်က ဆက်လက်၍ ငါးဖမ်းလိုပါက NVC ကဒ်ရှိမှသာ ရမည်ဖြစ်ကြောင်း၊ ၎င်းအား အင်းဒင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးက ပြောဆိုခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း ငါးဖမ်းသမား တစ်ဦးထံမှ သိရှိရသည်။ 

အလားတူ ကျောက်ပန္ဒူ ကျေးရွာတွင်လည်း NVC ကဒ်အတွက်ဟု ဆိုကာ ငါးဖမ်းခွင့် ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။ 

“NVC ကဒ်အတွက် ဘယ်လိုပဲ ဖိအားပေးပေး ကျွန်တော်တို့ဘက်ကတော့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး၊ ကျွန်တော်တို့ စားစရာမရှိ ငတ်ပြတ်လာအောင် အစိုးရက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ မြင်တယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ယခင်က ငါးဖမ်းစက်လှေများဖြင့် ပင်လယ်ပြင်တွင် ငါးဖမ်းနိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် ပိတ်ပင်ခဲ့သည်။ ဇန်န၀ါရီလ (၅) ရက်နေ့ နောက်ပိုင်းမှစ၍ ဒေသခံ အာဏာပိုင်များကို ငွေပေး၍ ဆီဗုံးခွံများဖြင့် ဖောင်ဖွဲ့၍ ငါးဖမ်းပိုက်ကွန်များဖြင့် ပင်လယ်ကမ်းခြေ အနီးတ၀ိုက်တွင် ငါးဖမ်းခွင့် ရခဲ့သော်လည်း ဇန်န၀ါရီလ (၂၇) ရက်နေ့မှစ၍ NVC ကဒ်ကိုင်မှ ငါးဖမ်းခွင့် ပေးမည်ဟု ဆိုကာ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ 


(ဓါတ်ပုံ - Esther Htusan/AP)

RB News
31.1.2017

ပေါက်တော ။  ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတစ်ဦးကို ရခိုင်အစွန်းရောက် အချို့က ၀ိုင်းဝန်း၍ ဓါး၊ လှံများဖြင့် တိုက်ခိုက်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ဇန်န၀ါရီလ (၃၁) ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် အဗ်ဒူရာဟ်မာန် (ဘ) ဦးအဗ်ဒူလ္လတီ (အသက် ၂၅ နှစ်)၊ နူရ်မာမတ် (ဘ) ဦးနူရ်အဟ်မတ် (အသက် ၂၇ နှစ်) နှင့် အဗ်ဒူခါလစ် (ဘ) ဦးအလီအဟ်မတ် (အသက် ၃၀ နှစ်) တို့သည် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှ တောတောင်များကို ကျော်ဖြတ်၍ အနောက်ရွဲ့ရွာသို့ သွားရောက်ကာ ငါးပုဇွန်များ ၀ယ်ယူခဲ့ပြီး နံနက် ၁၀ နာရီ အချိန်တွင် တောတောင်များကို ကျော်ဖြတ်၍ ၎င်းတို့ နေထိုင်ရာ ကြိမ်နီပြင်ဒုက္ခသည် စခန်းသို့ ပြန်သွားနေစဉ် တောင်ကြားလမ်း၌ ရခိုင်အစွန်းရောက် အုပ်စုတစ်စုက ဓါး၊ လှံများဖြင့် တိုက်ခိုက်ခဲ့ရာ အဗ်ဒူရာဟ်မာန် ဆိုသူမှာ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိဘဲ ရခိုင်အစွန်းရောက်များ၏ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အဗ်ဒူရာဟ်မာန်သည် ထိုနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အဗ်ဒူရာဟ်မာန်နှင့် အတူ ရှိနေခဲ့သူ နှစ်ဦးမှာ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့သည်။ “ကျွန်တော်တို့ မနက်စောစော ကြိမ်နီပြင် ဒုက္ခသည်စခန်းကနေ တောတောင်တွေ ဖြတ်ပြီး အနောက်ရွဲ့ရွာမှ ငါးပုဇွန်တွေ သွားဝယ်ခဲ့တယ်။ အဲဒီကနေ မနက် ၁၀ နာရီလောက်မှာ ပြန်လာကြတယ်။ တောင်ကြားလမ်းတစ်ပိုင်း ရောက်တော့ အဗ်ဒူရာဟ်မာန်က အလေးသွားချင်တယ် ပြောပြီး တောထဲဝင်သွားတယ်။ ကျွန်တော်တို့က သူနဲ့ ကိုက် ၄၀ လောက် အဝေးမှာ စောင့်နေတယ်။ နာရီဝက်လောက်အကြာမှာ သူပြန်မလာတော့ ကျွန်တော်တို့ စိုးရိမ်စိတ်ဝင်လာတယ်။ ခဏကြာတော့ သူ့ဆီကဖုန်းဝင်လာတယ်။ ဟဲလို ဟဲလို နှစ်ကြိမ်လောက်ပြောပြီး ဘာမှ ဆက်မပြောတော့ဘူး။ အဲဒါနဲ့ ကျွန်တော်တို့ သွားကြည့်တော့ ဒဏ်ရာပေါင်းများစွာနဲ့ တောထဲမှာ မှောက်လျက် လှဲနေတာ တွေ့ရတယ်။ သူ့ကို ကိုင်ကြည့်တော့ အသက်မရှိတော့ဘူး။

မနှစ်ကည်း အဲဒီနေရာမှာ အဲဒီတောင် အနီးတ၀ိုက်မှာ ရှိတဲ့ ဆင်အိုင် ရခိုင်ရွာက ရခိုင်တွေလာပြီး ရိုဟင်ဂျာ လူငယ်တစ်ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့တယ်။ အခုလည်း သူတို့လက်ချက် ဖြစ်နိုင်တယ်” ဟု အသက်အန္တရာယ်မှ လွတ်မြောက်လာသူ တစ်ဦးက ပြောပါသည်။ 

လွတ်မြောက်လာသူများသည် ကြိမ်နီပြင် ဒုက္ခသည်စခန်း တာဝန်ခံများကို အကြောင်းကြားပြီးနောက် စခန်းတာဝန်ခံများက ဒုက္ခသည်စခန်းတာဝန်ကျ ရဲလုံထိန်းများကို အကြောင်းကြားခဲ့သည်။ ထို့နောက် ဆင်တက်မော် ရဲကင်း ၁၂ မှ ရဲမှူးကျော်မြင့်အောင်နှင့် ရဲတပ်သားများနှင့် အတူ ဒုက္ခသည်စခန်းမှ လူကြီးများပါ သွားရောက်၍ အဗ်ဒူရာဟ်မာန်၏ ရုပ်အလောင်းကို သယ်ယူလာခဲ့သည်။ 

နေ့လည် ၂ နာရီ အချိန်တွင် ရုပ်အလောင်းကို ပေါက်တောဆေးရုံသို့ ယူဆောင်သွားပြီး ခွဲစိတ်မှုများ ပြုလုပ်ပြီး ည ၈ နာရီအချိန်တွင် အလောင်းကို ပြန်လည် သယ်ဆောင်ယူလာကာ ကြိမ်နီပြင် သင်္ချိုင်းတွင် မြေမြှပ်သဂြိုဟ်ခဲ့ကြောင်း သိရှိရသည်။ 

ရဲမှူးကျော်မြင့်အောင်က “ဒီလူသတ်မှုက ခင်ဗျားတို့ စီးပွားရေးသမား အချင်းချင်း မတည့်တာကြောင့် ဖြစ်ခဲ့တာ ဖြစ်ပြီး ရခိုင်တွေရဲ့ လက်ချက် လုံးဝ မဖြစ်နိုင်ဘူး၊ ရခိုင်တွေရဲ့ လက်ချက်လို့ စွပ်စွဲရင် ခင်ဗျားတို့ ဒုက္ခရောက်မယ်” ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒုက္ခသည်စခန်းမှ လူကြီးအချို့က ပြောပါသည်။ 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာမွတ်စလင်များသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့ နောက်ပိုင်းတွင် ရခိုင်အစွန်းရောက်များနှင့် အစိုးရတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး၊ တိုက်ခိုက်မှုကြောင့် ဒေသခံရိုဟင်ဂျာ (၅) ဦး သေဆုံးခဲ့ရသည့်အပြင် ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ ချောင်းရွာ၊ လင်ဘာဒီယာ၊ ချအိတ်ရွာ၊ ငှက်ချောင်းရွာ၊ ဇော်ဂျီရွာ၊ ဒုံရွာ၊ ကံပြင်ရွာဟောင်း၊ ကံပြင်ရွာသစ်၊ ဆူလီဖရန်၊ မင်းသာဖက်၊ ကြိမ်နီပြင် စသည့် ရွာ (၁၃) ရွာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ 

အဆိုပါ ရွာ (၁၃) ရွာမှ ရိုဟင်ဂျာမွတ်စလင် သုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခသည်ဘ၀သို့ ရောက်ရှိသွားပြီး တစ်သောင်းကျော်မှာ နေရပ်စွန့်ကာ၍ စစ်တွေမြို့သို့ ထွက်ပြေးကာ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက် ရှိနေကြသည်။ 

ကျန်သည့် ဒုက္ခသည် ၂၅၃၅၁ ဦးအနက် ငှက်ချောင်းရွာ၊ လင်ဘာဒီယာရွာ၊ ဇော်ဂျီရွာ၊ ဒုံရွာနှင့် ချအိတ်ရွာ စသည့် (၅) ရွာမှ အိမ်ထောင်စု ၁၅၈၄ စု လူဦးရေအားဖြင့် ၇၇၀၂ ဦးတို့သည် ငှက်ချောင်းဒုက္ခသည် စခန်းတွင် နေထိုင်လျက်ရှိပြီး၊ ကံပြင်ရွာသစ်၊ ကံပြင်ရွာဟောင်း၊ ဆူလီဖရန်၊ မင်းသာဖက်နှင့် ကြိမ်နီပြင် စသည့် ရွာ (၅) ရွာမှ အိမ်ထောင်စု ၁၂၁၂ စု လူဦးရေအားဖြင့် ၅၄၃၀ ဦးတို့သည် ကြိမ်နီပြင် ဒုက္ခသည်စခန်းတွင် နေထိုင်လျက်ရှိကြသည်။ ရပ်ကွက် (၃)၊ ရပ်ကွက် (၄) နှင့် ချောင်းရွာ စသည့် ရွာ (၃) ရွာမှ အိမ်ထောင်စု ၁၁၇၄ စု လူဦးရေအားဖြင့် ၄၅၁၇ ဦးတို့သည် အနောက်ရွဲ့ ဒုက္ခသည်စခန်းတွင် နေထိုင်လျက် ရှိကြသည်။ 

ပေါက်တောမြို့နယ်သည် ဖွံ့ဖြိုးမှု အလွန်နှောင့်နှေးသည့် မြို့နယ်ဖြစ်ပြီး လူဦးရေ ၇၅% မှာ ဆင်းရဲသားများ ဖြစ်ကြသည်။ တစ်ရွာမှတစ်ရွာသို့ သွားရန် ကားလမ်းမရှိသောကြောင့် တောတောင်များ၊ လယ်ကွင်းများ ဖြတ်၍ အသွားအလာ ပြုလုပ်နေရသည်။ ကြိမ်နီပြင်ဒုက္ခသည်စခန်းမှ ဒုက္ခသည်အချို့သည် ၎င်းတို့နေထိုင်သည့် ကြိမ်နီပြင်ဒုက္ခသည်စခန်း၏ အနောက်ဖက်၌ တည်ရှိသော အနောက်ရွဲ့ကျေးရွာ (ရိုဟင်ဂျာရွာ) နှင့် အနောက်ရွဲ့ဒုက္ခသည်စခန်း တောင်ဖက်၌ တည်ရှိသော ဆင်တက်မော်ကျေးရွာ (ရိုဟင်ဂျာရွာ) များသို့ တောတောင်ကျော်ဖြတ်၍ သွားရောက်ကာ ငါးပုဇွန် အရောင်းအ၀ယ်များ ပြုလုပ်ကြသည်။ 

Saed Arkani မှ သတင်းပေးပို့သည်။ 

သတ်ဖြတ်ခံရသူ အဗ်ဒူရာဟ်မာန်


MYARF
RB News
30.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဆေးအိုးကျကျေးရွာသို့ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် ဆေးအိုးကျကျေးရွာမှ ဦးမာမတ်ဟူဆောင်း က ယင်းကျေးရွာမှ ဦးရော်ဖိတ်ထံမှ ငွေရရန်ရှိရာ ပြန်မစပ်သဖြင့် ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် ဖုံညိုလိပ် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (စခန်း အမှတ် ၂၁) သို့ တိုင်တန်းခဲ့ရာ ယင်းနေ့ ည ၆း၃၀ နာရီ အချိန်ခန့်တွင် ဖုံညိုလိပ်ကျေးရွာ အခြေစိုက်  နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင် (၁၅) ဦး ရောက်ရှိလာပြီး ဦးရော်ဖိတ်ကို ဖမ်းဆီးခဲ့သည်။ 

ထို့နောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် များသည် အဖွဲ့နှစ်ဖွဲ့ခွဲကာ ရွာ၏ တောင်ဖက်နှင့် မြောက်ဖက်တွင် တစ်ဖွဲ့စီ လူသူမမြင်အောင် ပုန်းအောင်းနေကာ ရွာ၏ မရှိဆင်းရဲသူများ တောင်ယာ၊ လယ်ကွင်း၊ ချောင်း စသော လုပ်ငန်းခွင်များမှ အိမ်ပြန်လာစဉ် ခေါ်၍ မေးခွန်းများ မေးမြန်းကာ အချိန်ဆွဲပြီး၊ ည (၇) နာရီကျော်သွားသည့်အခါ ညမထွက်ရအမိန့် ကျော်လွန်သည်ဟု ဆိုကာ ရွာသား (၇) ဦးကို ဖမ်းဆီး၍ စခန်းသို့ခေါ်ဆောင်သွားခဲ့သည်။ 

ဇန်န၀ါရီလ (၂၅) ရက်နေ့တွင် ဖမ်းဆီးခံသူများ၏ မိသားစုများက စခန်းသို့သွား၍ စခန်းမှူးအား မိမိတို့မှာ ဆင်းရဲသားများ ဖြစ်ကြောင်း၊ တောင်ယာ၊ လယ်ယာစိုက်ပျိုးခြင်း၊ မြစ်ချောင်းများမှ ငါးဖမ်းခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသူများ ဖြစ်ကြောင်း ရှင်းလင်းပြောပြခဲ့သဖြင့် စခန်းမှူးက အစပိုင်းတွင် တစ်ဦးလျှင် ငွေကျပ် ၅ သိန်းစီ တောင်းခံခဲ့သော်လည်း နောက်ဆုံးတွင် ငွေကျပ် တစ်သိန်းခွဲစီ ညှစ်ယူပြီး (၆) ဦးကို လွှတ်ပေးခဲ့သော်လည်း ကျန်သည့်တစ်ဦးကို မူးယစ်ဆေးဝါး သုံးစွဲသူဟု စွပ်စွဲ၍ နောက်ထပ်တစ်ရက် ချုပ်နှောင်ထားပြီး ဇန်န၀ါရီလ (၂၆) ရက်နေ့တွင် ငွေကျပ် ၇ သိန်းခွဲ ညှစ်ယူ၍ လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဖမ်းဆီးခံရပြီး ငွေကျပ် တစ်သိန်းခွဲစီ ညှစ်ခံရသူများမှာ --

(၁) ဦးဒိလ်မာမတ် (ဘ) ဦးအိုမောရ်ဟိုက်ဒေါရ် (အသက် ၃၅ နှစ်) 
(၂) ဦးဒိလ်မာမတ် (ဘ) ဦးမာမတ်ဆုလ်တာန် (အသက် ၃၆ နှစ်)
(၃) ဆုလ်တာန်အာမတ် (ဘ) ဦးကာဒိရ် (အသက် ၁၆ နှစ်)
(၄) ဇာဟီးဒူလ္လာ (ဘ) ဦးမာမတ်အာမီးန် (အသက် ၁၇ နှစ်)
(၅) ဇူဘိုင်ရ် (ဘ) ဦးဟာဘီအိုလ္လာ (အသက် ၁၉ နှစ်) 
(၆) အမည်မသိ -- တို့ဖြစ်ကြပြီး 

ငွေကျပ် ၇ သိန်းခွဲ ညှစ်ခံရသူမှာ ဆော်နာအူလ္လာ (ဘ) ဦးဇော်မိရ်ရှားဟ် (အသက် ၂၀ နှစ်) -- တို့ဖြစ်ကြသည်။ 

ရရှိရန်ရှိသည့် ငွေများ ပြန်မပေးဟု ဆိုကာ တိုင်တန်းခံရသူ ဦးရော်ဖိတ် ကိုမူ ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ချုပ်နှောင် ထားကြောင်း သိရှိရသည်။ 

ဇန်န၀ါရီလ (၂၆) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ သတင်းပေးဖြစ်သူ ဦးအီနုစ် (ဘ) ဦးမာမတ်ဇော်လိလ် က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကာမာလ်ဟူစိန်းနှင့် ပတ်သက်၍ မဟုတ်မမှန် သတင်းပေးခဲ့သဖြင့် နယ်ခြားစောင့်ရဲများက အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေသန်းချီ ညှစ်ခဲ့ကြောင်း သိရှိရသည်။ 







RB News
30.1.2017

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အား ဇန်န၀ါရီလ (၂၉) ရက်နေ့ ညနေ (၅) နာရီခန့်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အငှားယာဉ်များ ရပ်နားထားရာနေရာတွင် သေနတ်သမားတစ်ဦးက ဦးခေါင်းကို သေချာချိန်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

ရှေ့နေ ဦးကိုနီသည် ထိုနေရာ၌ လဲကျသွားပြီး သေဆုံးသွားခဲ့သည်။ ထိုမှတဆင့် မြောက်ဥက္ကလာပ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အစိုးရသတင်းများက ထုတ်ပြန်ကြေညာခဲ့သည်။

သေနတ်ဖြင့် အကြမ်းဖက် ပစ်ခတ်သူမှာ မန္တလေးမြို့မှ ဖြစ်ပြီး အသက် (၅၃) နှစ် အရွယ် ဦးကြည်လင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များတွင် ရေးသားဖော်ပြထားသော်လည်း မည်သည့် အကြောင်းကြောင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ကိုမူ ယခုအချိန်ထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

သေနတ်ဖြင့် ပစ်ခတ် အကြမ်းဖက်သူကို ၀ိုင်းဝန်း၍ ဖမ်းဆီးပေးသူ အငှားယာဉ်မောင်း ဦးနေ၀င်း (အသက် ၄၂ နှစ်) ကိုလည်း အကြမ်းဖက်သမားက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး၊ ဦးနေ၀င်း ကို သက်ဆိုင်ရာမှ ဆေးရုံသို့ ခေါ်ဆောင်သွားစဉ် လမ်း၌ သေဆုံးသွားကြောင်း သိရှိရသည်။

ဥပဒေပညာရှင် ဦးကိုနီ သည် မြန်မာနိုင်ငံတွင် ဥပဒေရေးရာနှင့် ပတ်သက်၍ အဓိက အားထားနေရသူတစ်ဦး ဖြစ်ပြီး၊ ယခု လုပ်ကြံခံရခြင်းသည် နိုင်ငံတော်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်သည်။

ဦးကိုနီ၏ ရုပ်ကလာပ်ကို ယနေ့ ဇန်န၀ါရီလ (၃၀) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် ရေဝေး မွတ်စလင် သင်္ချိုင်းတွင် အစ္စလာမ်ဘာသာ ထုံးထမ်းစဉ်လာနှင့် အညီ မြေမြှပ်သဂြိုဟ်မည် ဖြစ်ပါသည်။

ဦးကိုနီ သည် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် အတူ အင်ဒိုနီးရှားနိုင်ငံသို့ ဇန်န၀ါရီလ (၂၂) ရက်နေ့တွင် သွားရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့်နေ့တွင် လေဆိပ်၌ လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။

အကြမ်းဖက်သမား၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့သည့် ဥပဒေ ပညာရှင် ဦးကိုနီ၊ အငှားယာဉ်မောင်း ဦးနေ၀င်း တို့အတွက် RB News ၀ိုင်းတော်သားများမှ မိသားစုများနှင့် အတူ ထပ်တူထပ်မျှ ကြေကွဲ ၀မ်းနည်းရပါကြောင်း။

---

ဦးကိုနီရဲ့ ကိုယ်ရေး အကျဉ်း (ဘီဘီစီမြန်မာပိုင်းမှ ဖော်ပြချက်)

ဦးကိုနီကို ဖခင် ဦစူလတန်၊ မိခင် ဒေါ်ခင်လှ (ခ) ဒေါ်ဟလီမာတို့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ မြို့နယ်၊ အင်းရွာကျေးရွာမှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ် ရှိပြီ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကသာမြို့ အ.ထ.က (၁) ကျောင်း ကနေ အောင်မြင်ခဲ့ပြီး ရန်ကုန် ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်ကနေ ၁၉၇၅ ခုနှစ်မှာ B.A (Law) ဘွဲ့၊ ၁၉၇၆ ခုနှစ်မှာ LL.B ဘွဲ့တွေ ရရှိခဲ့ပါတယ်။

၁၉၇၅-၁၉၇၆ ပညာသင်နှစ်အတွင်းမှာ ရန်ကုန်တက္ကသိုလ် ဥပဒေအသင်းကြီးရဲ့ ဒုတိယဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၇၇ ခုနှစ်ကနေ ၁၉၇၉ ခုနှစ် အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာန မှာ နည်းပြဆရာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တက္ကသိုလ် နည်းပြ ဘဝမှာပဲ ရှေ့နေကြီး ဆရာ ဦးကိုယုရဲ့ ရှေ့နေချိန်းဘားမှာ အလုပ်သင် ရှေ့နေ၊ အမှုလိုက် ရှေ့နေ စတဲ့ တာဝန်များကိုလည်း ပူးတွဲထမ်းဆောင်ခဲ့ပါတယ်။

ကျောင်းဆရာ အလုပ်ကို ဝါသနာပါ နှစ်သက်တဲ့အတွက် မေတ္တာဖြင့် ဟောပြောပို့ချမှုများကိုလည်း တတ်နိုင်သမျှ ပြုလုပ် ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က စပြီး Laurel Law Firm ကို တရားဝင် မှတ်ပုံတင် တည်ထောင်ကာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ထမ်းဆောင်ခဲ့ပါတယ်။

ဦးကိုနီဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဝင် တဦးဖြစ်ပြီး ပါတီအတွက် ဥပဒေရေးရာ အတိုင်ပင်ခံ အဖြစ်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

ဦးကိုနီဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာများကို အထူးကျွမ်းကျင်သူ အဖြစ် ဥပဒေလောကရဲ့ အသိအမှတ် ပြုခြင်းခံရသူပါ။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အချိန်ကစပြီး ပါတီရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေကို ကွယ်လွန်ချိန် အထိ တက်တက်ကြွကြွ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဦးကိုနီဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ကောင်းမွန် စေဖို့ရာလည်း စွမ်းဆောင်ခဲ့သူ ဖြစ်တဲ့ အပြင် ဘာသာပေါင်းစုံချစ်ကြည်ရေး အလုပ်တွေကိုလည်း ကွယ်လွန်ချိန် အထိ လုပ်ဆောင်ခဲ့ပါတယ်။



ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူပေးရန် တောင်းဆိုခြင်း-

ဇန်န၀ါရီလ (၂၉ ) ရက်၊ ၂၀၁၇

လက်ရှိ အာဏာရ အစိုးရ ပါတီဖြစ်သော NLD ပါတီ၏ ဥပဒေ အကြံပေး ပညာရှင် ရှေ့နေကြီး ဆရာဦးကိုနီ လုပ်ကြံခံမှု အပေါ် ကျွန်ုပ်တို့ Civil Rights Movement မှ အလွန်အမင်း စိတ်မကောင်း ဖြစ်မိပါသည်။

လက်နက် ကိုင်ဆောင်မှုအား တင်းကျပ်ထားသော နိုင်ငံလည်း ဖြစ်၊ မြို့ပြ(သေနတ်)လက်နက်မဲ့ ဇုံလည်း ဖြစ်သော နေရာတွင် ဥပဒေပညာရှင်ကြီး ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသည် ဆိုခြင်းမှာ အဆိုပါ လုပ်ကြံမှုအား တရားဝင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ တိုက်ရိုက်ပါဝင် ပတ်သက်သည်ဟု ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ မှတ်ချက်ပြုသည်။

အဆိုပါ အမှုအား တိတိကျကျ ပြတ်ပြတ်သားသား ကိုင်တွယ်၍ တရားအစစ်အား ပြတ်ပြတ်သားသား အရေးယူပေးရန် အာဏာပိုင် အဖွဲ့အစည်းအားလုံးအား တောင်းဆိုပါသည်။


မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

Rohingya Eye
RB News
29.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာအပါအ၀င် မြောက်ပိုင်းရှိ ကျေးရွာ အချို့တွင် အင်ဒိုနီးရှားနိုင်ငံမှ အထောက်အပံ့ ပစ္စည်းများ ပေးဝေခဲ့ရာ ဆွဲ၊တင်၊စစ် တွင် မပါဝင်ခဲ့သူများကို ခွဲဝေ မပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာတွင် အိမ်ထောင်စု (၂၁၇) စုရှိပြီး၊ ဆွဲ၊တင်၊စစ် စစ်ဆေးခဲ့ရာတွင် အိမ်ထောင်စု (၁၅၅) စုသာ ဓါတ်ပုံအရိုက်ခံခဲ့ကြောင်း သိရှိရသည်။ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ယင်းကျေးရွာမှ အိမ်ခြေ ၄၇ လုံးနီးပါးကို စစ်သားများက မီးရှို့ဖျက်ဆီးခဲ့သည်။ မီးရှို့ဖျက်ဆီးခံရသည့် အိမ်များမှ မိသားစုဝင်များသည် လုံခြုံသော နေရာသို့ထွက်ပြေးခိုလှုံနေကြသဖြင့် အချိန်မီ စစ်ဆေးခံရန် လာရောက်ခြင်း မရှိခဲ့ကြောင်း၊ အချို့သော မိသားစုဝင်များက စစ်တပ်ကိုကြောက်ရွံ၍ လာရောက်၍ စစ်ဆေးခံခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

စစ်ဆေးခံခြင်း မရှိသည့် မိသားစု အများအပြားမှာ ကျေးရွာတွင် နေထိုင်လျက် ရှိနေလျက်ရှိပြီး၊ ဇန်န၀ါရီလ (၂၇) ရက်နေ့ နေ့လည် (၂) နာရီတွင် ယင်းကျေးရွာသို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ရောက်ရှိလာပြီး အင်ဒိုနီးရှားနိုင်ငံမှ ထောက်ပံ့ပေးခဲ့သည့် ပစ္စည်းများ ခွဲဝေပေးခဲ့ရာ ဆွဲ၊တင်၊စစ် စစ်ဆေးခံခဲ့သည့် မိသားစု (၁၅၅) စုကိုသာ ခွဲဝေပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ကျားခေါင်းတောင် ကျေးရွာအတွက် ထမိန် အထည် (၂၀၀)၊ ဂျူံ (၄၉) အိတ် ခွဲတမ်း ရရှိခဲ့သော်လည်း ခွဲဝေရာတွင် လူဦးရေ (၁၅၅၀) ဦးမှ လူတစ်ဦးလျှင် ဂျူံ (၃) ဗူး၊ ခေါက်ဆွဲခြောက်ထုပ် (၃) ထုပ်စီ ရရှိခဲ့ပြီး၊ အိမ်ထောင်စု တစ်စုလျှင် ထမိန် တစ်ထည်စီ၊ စုစုပေါင်း အိမ်ထောင်စု (၁၅၅) စု အတွက် (၁၅၅) ထည် ရရှိခဲ့သည်။ ဆွဲ၊တင်၊စစ် တွင် ၀င်ရောက်၍ စစ်ဆေးခံခြင်း မရှိခဲ့သည့် မိသားစုများမှာ ရွာအတွင်းတွင် နေထိုင်လျက် ရှိသော်လည်း အထောက်အပံ့ ပစ္စည်းများ မရရှိခဲ့ကြောင်း သိရှိရသည်။

အင်ဒိုနီးရှားမှ ပေးပို့ရာတွင် ဘီစကွတ်များ ပါရှိသော်လည်း ကျားခေါင်းတောင် ကျေးရွာတွင် မရှိခဲ့ကြောင်း၊ ပွင့်ဖြူချောင်း ကျေးရွာတွင်မူ လူတစ်ဦးလျှင် ဘီစကွတ် (၃) ထုပ်၊ ခေါက်ဆွဲခြောက် (၅) ထုပ်၊ ဂျူံ တစ်ကီလိုဂရမ် နီးပါးစီနှင့် အိမ်ထောင်စုတစ်စုလျှင် ထမိန်တစ်ထည်စီ ရရှိခဲ့ကြောင်း၊ အိမ်ထောင်စု (၂၈၀) စု ရှိသော်လည်း အိမ်ထောင်စု (၁၆၀) သာ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

အလားတူ ရေခပ်ချောင်းခွဆုံ ကျေးရွာတွင် ထမိန် (၃၅၀) ထည်၊ ဘီစကွတ် အထုပ်ကြီး ၂၃ ထုပ်၊ ခေါက်ဆွဲခြောက် အထုပ်ကြီး (၁၈၀)၊ ဂျူံ (၈၀) အိတ် ခွဲတမ်းချပေးခဲ့ရာ လူတစ်ဦးလျှင် ခေါက်ဆွဲခြောက် ၂ ထုပ်၊ ဂျူံတစ်ကီလိုဂရမ်နီးပါးနှင့် ဘီစကွတ် ၂ ထုပ်စီ ရရှိခဲ့ကြောင်း၊ ယင်းကျေးရွာတွင် လူဦးရေ တစ်ဝက်သာကျော်သာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဇန်န၀ါရီလ (၂၈) ရက်နေ့တွင် ဦးရှည်ကျ ကျေးရွာတွင်လည်း အင်ဒိုနီးရှားမှ ထောက်ပံ့ပစ္စည်းများ ပေးခဲ့ပြီး၊ အိမ်ထောင်စု တစ်စုလျှင် ထမိန် တစ်ထည်၊ လူတစ်ဦးလျှင် ဘီစကွတ် (၁) ထုပ်၊ ခေါက်ဆွဲခြောက် တစ်ထုပ်နှင့် ဂျူံနှစ်ဗူးစီ ပေးခဲ့ပြီး လူဦးရေ (၇၀၀၀) ကျော်ရှိရာမှ (၄၀၀၀) ကျော်သာ ရရှိခဲ့သည်။

လူ့အခွင့်အရေး စောင့်ကြည့်နေသူ တစ်ဦးက “အင်ဒိုနီးရှားနိုင်ငံက ဒုက္ခရောက်နေတဲ့သူတွေ အတွက် အကူအညီပေးခဲ့တာ ဖြစ်ပေမယ့် အိမ်မီးရှို့ခံရတဲ့လူတွေ မရတာ တွေ့ရတယ်။ အချို့နေရာမှာ ဘီစကွတ်မုန့် မရတာ ရှိတယ်။ အချို့နေရာမှာ ထမိန်မရတာ ရှိတယ်။ အစိုးရကနေ တဆင့် ပေးလို့ ပို့တဲ့အတိုင်း မရတာလို့ထင်တယ်” ဟု ပြောသည်။


အင်ဒိုနီးရှားနိုင်ငံမှ ပေးပို့သည့် စားသောက်ဖွယ်ရာများ

RB News
28.1.2017

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့မှ အဖွဲ့ဝင် (၃) ဦးပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အာဏာပိုင်များနှင့် ရိုဟင်ဂျာအရေး တွေ့ဆုံဆွေးနွေးရန် အတွက် ယနေ့ ဒက္ကားမြို့သို့ ရောက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် The Daily Star သတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။

ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစစ်တပ်၏ သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်မှုများမှ လွတ်မြောက်ရန် အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသူများ နေထိုင်လျက်ရှိသည့် နေရာများသို့လည်း သွားရောက်ကြည့်ရှုမည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သံတမန်သတင်းများအရ ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လေးရက်ကြာ နေထိုင်မည်ဖြစ်ပြီး၊ ကော့ဇ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းနှစ်ခုအတွင်းသို့ ထပ်မံရောက်ရှိသည့် ရိုဟင်ဂျာဒုက္ခသည် ၆၅၀၀၀ ကို သွားရောက်ကြည့်ရှုမည် ဖြစ်ကြောင်း The Daily Star ၏ သတင်းတွင် ရေးသားဖော်ပြထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ပြီး၊ ရခိုင်နှင့် ရိုဟင်ဂျာ လူ့အသိုင်းအ၀ိုင်းနှစ်ခု ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်အောင် တစ်နှစ်အတွင်း အကြံပေး အစီရင်ခံစာတစ်ရပ် တင်သွင်းပေးရန် ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလကုန်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို လာရောက်တွေ့ဆုံမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်များက ပြောကြားကြောင်း The Daily Star ၏ သတင်းတွင် ဖော်ပြထားသည်။

ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ကိုယ်စားလှယ်အဖွဲ့တွင် ဦးဝင်းမရ၊ ဦးအေးလွင်နှင့် Mr Ghassan Salame တို့ပါဝင်သည်။ ကိုယ်စားလှယ် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံမှ တရားဝင်နှင့် တရားမ၀င် ရိုဟင်ဂျာ ဒုက္ခသည်များ အားလုံးကို ပြန်လည် ခေါ်ဆောင်သွားရန် ပြောကြားမည် ဖြစ်သည်။

၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တရားဝင် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး၊ ရိုဟင်ဂျာများသည် တရားဝင် မြန်မာနိုင်ငံသားများ ဖြစ်သောကြောင့် ပြန်လည် ခေါ်ယူသွားမည် ဖြစ်ကြောင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ ဒုက္ခသည်များ ပြန်လည်ခေါ်ယူသွားရေး အတွက် မည်သို့မဆို ပူးပေါင်းဆောင်ရွက်ရန် ရှိကြောင်း၊ တရားမ၀င် ဒုက္ခသည် ၃ သိန်းမှ ၅ သိန်းထိ ရှိကြောင်း၊ တရားဝင် ၃၂၀၀၀ ရှိကြောင်း သတင်းတွင် ရေးသားထားသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ ရိုဟင်ဂျာ ဒုက္ခသည်များ (ဓါတ်ပုံ - The Daily Star) 
Rohingya Eye
RB News
27.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူးသည် တပ်ရင်း ၅၅၂ မှ တပ်ရင်းမှူး၏ သြဇာ အရှိန်အ၀ါကိုသုံး၍ ဒေသခံရွာသားများထံမှ ငွေကြေးများ ကောက်ခံလျက် ရှိသည့် အပြင် စိတ်ကြွဆေးပြား ရောင်းဝယ်ဖောက်ကားခြင်းများလည်း ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူး ဦးအာဘူလ်ကာလာမ် (ဘ) ဦးဘော်နီအာမီးန် (အသက် ၄၅ နှစ်) သည် ယခင်က GE ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်သမား ဘ၀ဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူတစ်ဦး ဖြစ်ပြီး၊ ဗမာစကားကျွမ်းကျင်မှု၊ စစ်တပ်မှ အရာရှိများနှင့် ခင်မင်ရင်းနှီးမှု၊ ပွဲလန့်လျှင် ဖျာခင်းတတ်သူ တစ်ဦးဖြစ်သောကြောင့် ကပ္ပားကောင်း ကျေးရွာအခြေစိုက် တပ်ရင်း ၅၅၁ မှ တပ်ရင်းမှူး၏ အမိန့်ဖြင့် ယာယီအုပ်ချုပ်ရေးမှူး တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

၎င်းသည် တပ်ရင်းမှူးအား ငွေကျပ် (၁၃) သိန်း ပေးခဲ့ရသည်ဟု အကြောင်းပြချက်ပေးကာ ဇန်န၀ါရီလ (၅) ရက်နေ့မှ စတင်၍ ငွေကြေးတတ်နိုင်သည့် ရွာသားများထံမှ တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းမှ တစ်သိန်းထိ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

အဆိုပါငွေများကို ၎င်း၏ တပည့်များဖြစ်ကြသူ ဦးရှောမ်ရှုလ်ဟာကိမ်း (ဘ) ဦးကာဒိရ် (အသက် ၃၀ နှစ်)၊ ဦးမော်သီရာမန် (ဘ) ဦးဟမ်းဇား (အသက် ၅၈ နှစ်)၊ ဦးဖေရှုစ်အာမတ် (ဘ) ဦးဆာလေအာမတ် (အသက် ၄၀ နှစ်) တို့က ကောက်ခံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

တပ်ရင်း ၅၅၁ မှ တပ်ရင်းမှူးသည် မောင်တောမြို့ပေါ်သို့ သွားသည့်အခါတိုင်း ဦးရှောမ်ရှုလ်ဟာကိမ်း ကိုလည်း ခေါ်သွားပြီး ရွာသို့အပြန်တွင် WY စိတ်ကြွဆေးပြားများ သယ်ယူလာပြီး ဦးမော်သိရာမန်နှင့် ပူးပေါင်း၍ ရောင်းဝယ် ဖောက်ကားလျက် ရှိကြောင်း သိရှိရသည်။ ၎င်းတို့နှစ်ဦး ကိုယ်ကျိုးစီးပွားအတွက် တပ်ရင်းမှူးကို ငွေကျပ် ၃ သိန်းခွဲတန် ဖုန်းတစ်လုံးနှင့် အားကစားဝတ်စုံ တစ်စုံ လက်ဆောင်ပေးခဲ့ပြီး၊ အဆိုပါ လက်ဆောင် ပစ္စည်းများအတွက် ကုန်ကျငွေကို ယာယီအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအာဘူလ်ကာလာမ်က ရွာသားများထံမှ အတင်းအဓမ္မ ကောက်ခံလျက် ရှိသည်။

လာမည့် ဖေဖော်ဝါရီလတွင် ဦးရှည်ကျ ကျေးရွာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး အသစ် ရွေးကောက် တင်မြှောက်ရန် အတွက် ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောဆိုသံများ ထွက်ပေါ်ပြီးနောက် ယာယီ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအာဘူလ်ကာလာမ်က ၎င်းကို မဲမပေးသည့် ရွာသားများကို တရားခံစာရင်းတွင် ထည့်သွင်းမည်ဟု ပြောဆိုခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသည်။

၎င်းသည် လွန်ခဲ့သည့် အပတ်တွင် ရွာအတွင်း၌ စားနပ်ရိက္ခာ ထောက်ပံ့ရန် ရောက်ရှိလာသည့် WFP ၀န်ထမ်း အချို့ကို မထီမဲ့မြင် ပြုလုပ်ခဲ့သည့်အတွက် WFP ၀န်ထမ်းများ စိတ်ပျက်၍ ပြန်သွားခဲ့သည်။ ရွာသားများက ၎င်း၏ အပြုအမှုကြောင့် စားနပ်ရိက္ခာ အထောက်အပံ့များ ရရှိနေသည်များ ရပ်တန့်သွားမည်ကို အထူးစိုးရိမ်လျက် ရှိနေကြသည်။




MYARF
RB News
27.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ သိမ်တောင်ပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ ကျေးရွာတာဝန်ခံ အပါအ၀င် ရွာမျက်နှာဖုံး ဒေသခံ (၂၀) ဦးကျော်ကို လုပ်ကြံဖန်တီးမှုများ ပြုလုပ်၍ ဖမ်းဆီးထောင်ချရန်နှင့် ငွေညှစ်ရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ သိမ်တောင်ပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သန်းဝင်းနှင့် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကျေးရွာတာဝန်ခံ အပါအ၀င် ရွာမျက်နှာဖုံး ဒေသခံ (၂၀) ဦးကျော်တို့ကို လုပ်ကြံဖန်တီးမှုများပြုလုပ်ပြီး စစ်ဆေးနေကြောင်း သိရှိရသည်။ 

ဇန်န၀ါရီလ (၁၁) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ သိမ်တောင်ပြင် ကျေးရွာမှ ဦးရော်ရှိတ်အာမတ် (ဘ) ဦးမောင်တုလ်အာမတ်သည် ရွာအတွင်းရှိ ဆိုင်တစ်ဆိုင်တွင် ထိုင်နေစဉ် ၎င်း၏ ယောက်ဖအရင်းဖြစ်သူ ဦးရှိုရ်မာမတ် (ဘ) ဦးဆုလ်တာန်နှင့် စကားများခဲ့ရာ ဦးရော်ရှိတ်အာမတ်က ဦးရှိုရ်မာမတ်ကို ဆဲဆိုခဲ့သည်။ ဦးရှိုရ်မာမတ်၏ ဖခင်ဖြစ်သူ ဦးဆုလ်တာန်သည် ယခင်က ရခိုင် ဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့သူဖြစ်ပြီး၊ နောက်ပိုင်း အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာသူ ဖြစ်သည်။ နှစ်ဦးသား စကားများစဉ် ဦးရော်ရှိတ်အာမတ်က “မင်းရဲ့အဖေက ရခိုင်၊ မင်းကလည်း ရခိုင်ပဲ” ဟု ပြောဆိုခဲ့သည်ကို ဦးရှိုရ်မာမတ်က မကျေနပ်၍ ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (စခန်း ၂၆) သို့ တိုင်တန်းခဲ့သည်။ 

ထိုကဲ့သို့ တိုင်တန်းသည်ကို နယ်ခြားစောင့်ရဲများက ရခိုင်လူမျိုးကို ဆဲဆိုခဲ့သည်ဟု လုပ်ကြံဖန်တီး၍ ရော်ရှိတ်အာမတ် အပါအ၀င် စကားများသည့် အချိန်တွင် ဆိုင်၌ ရှိနေခဲ့သည့် ဒေသခံ (၁၀) ဦးကျော်နှင့် ကျေးရွာ တာဝန်ခံတို့ကို ဇန်န၀ါရီလ (၂၄) ရက်နေ့မှစ၍ စခန်း ၂၆ တွင် စစ်ဆေးလျက် ရှိသည်။ စစ်ဆေးနေသူများကို နံနက်ပိုင်းမှစ၍ တစ်နေကုန် စစ်ဆေးပြီး ညနေပိုင်းမှသာ အိမ်ပြန်စေသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးကျော်သန်းဝင်းက ဇန်န၀ါရီလ (၂၂) ရက်နေ့တွင် ဦးလာလ်မျာ (ဘ) ဦးအဒူလာမျာ၏ နေအိမ်တွင် ရိုဟင်ဂျာများ အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု ဆိုကာ ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ လုပ်ကြံ ဖန်တီး၍ အစီရင်ခံခဲ့သည်။ ထိုသို့ အစီရင်ခံခဲ့သည်ကို အကြောင်းပြု၍ နယ်ခြားစောင့်ရဲများက ယခုစစ်ဆေးလျက် ရှိသည့် ရွာသားများနှင့် ကျေးရွာတာဝန်ခံတို့ကို ဖမ်းဆီး၍ ထောင်ချမည်လားဟု ဒေသခံများက စိုးရိမ်မကင်း ဖြစ်လျက်ရှိနေကြသည်။ ထိုကဲ့သို့ လုပ်ကြံဖန်တီးမှုများကြောင့် အမျိုးသားများသည် ၎င်းတို့၏ နေအိမ်များတွင် ညအိပ်ရန်ပင် မ၀ံ့မရဲဖြစ်နေကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကျီးကန်းပြင်၊ ငါးခူရနှင့် ကိုးတန်ကောက်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများ တိုက်ခိုက်မှု နောက်ပိုင်းတွင် တည်ငြိမ်နေသော ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်းနယ်မြေတွင် ဆူပူအုံ့ကြွမှုများ ဖြစ်စေရန် နယ်ခြားစောင့်ရဲများနှင့် ရခိုင်၊ ဒိုင်းနက်လူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးများက အကြိမ်ကြိမ် ကြိုးစားခဲ့သည့်အပြင် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၂၃) ဦးကျော်ကို မတရားသဖြင့် ဖမ်းဆီး၍ ချုပ်နှောင်ထားသည်။ ထိုသို့ ကြိုးပမ်းရာတွင် နယ်ခြားစောင့်ရဲများနှင့် ရခိုင်၊ ဒိုင်းနက် ကျေးရွာအုပ်ချုပ်ရေးမှူးများက လုပ်ကြံဖန်တီးမှုများ ပြုလုပ်ပြီး စစ်တပ်ကိုပါ ခေါ်၍ အသုံးချခြင်းများ ပြုလုပ်လျက်ရှိသည်။ 

ရိုဟင်ဂျာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံများကို ပြည်ထဲရေး ၀န်ကြီးဌာနက ခန့်အပ်ထားသော်လည်း တပ်မတော်နှင့် နယ်ခြားစောင့်ရဲများ၏ ဥပဒေမဲ့ ခိုင်းစေခြင်းများ အမြဲခံနေရသည့် အပြင် ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ထောင်ချခံရခြင်းများပါ ခံနေရကြောင်း၊ ယခုလည်း သိမ်တောင်ပြင် ကျေးရွာတာဝန်ခံကို လုပ်ကြံဖန်တီးမှုများ ပြုလုပ်ပြီး ဖမ်းဆီးထောင်ချမည်လားဟု စိုးရိမ်နေကြောင်း၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများ၏ ဘ၀မှ ကြက်၊ ငှက်များကဲ့သို့ပင် လုံခြုံမှုမရှိကြောင်း ဒေသခံများက ပြောပါသည်။ 



Rohingya Exodus