နောက်ဆုံးသတင်း/ဆောင်းပါးများ



RFA မြန်မာပိုင်း
3.11.2017

အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီး အစိုးရအရာရှိတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို စည်းရုံးပြောဆိုလှုပ်ရှားနေတဲ့ BROUK ခေါ် ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာအဖွဲ့ရဲ့ ဥက္ကဌ ဦးထွန်းခင်ကို ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေရဲ့ အခြေအနေ၊ အာဆာအဖွဲ့ရဲ့ လှုပ်ရှားမှု စတာတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဝါရှင်တန်ဒီစီမြို့ RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။





MYARF
RB News
2.11.2017

မောင်တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ်​သို့ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​သွား​ရောက်​ခဲ့ပြီး ​ဒေသဆိုင်ရာ အာဏာပိုင်​များ ​စိတ်​ကြိုက်​ ကြိုတင်​​ခေါ်စုထား​သော ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

နိုဝင်​ဘာလ (၂) ရက်​​နေ့၊ နံနက်​ ၁၀ ခန့်​အချိန်​တွင်​ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​သည်​ ​မောင်​​တောမြို့နယ်​ ပန်း​တောပြင်​​ကျေးရွာကို သွား​ရောက်​ခဲ့ပြီး ဦးစွာပထမ ပန်း​တောပြင်​​အုပ်​စု ရွာသစ်​ရွာ၌ စက်​တင်​ဘာလက မီးရှို့ခံခဲ့ရသော ​နေအိမ်​များ ပြန်​လည်​​ဆောက်​​လုပ်​ရန်​ ပြင်​ဆင်​နေမှု အခြေအနေများကို ၁၀ မိနစ်​ခန့်​ သွား​ရောက်​ကြည့်​ရှုခဲ့သည်​။ ထို့​နောက်​ ယင်းရွာသစ်​၌ စီစဉ်​ထား​သော မဏ္ဍပ်တွင်​ ဒေသဆိုင်ရာ အာဏာပိုင်​များက စိတ်ကြိုက်ရွေးချယ်၍ ကြိုတင်​​ခေါ်စုထား​သော ဒေသခံများနှင့်​ ​တွေ့ဆုံခဲ့သည်။

ထိုသို့ ​တွေ့ဆုံစဉ်​ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​က မီး​ရှို့ခံရ​သော​ကျေးရွာများ ပြန်​လည်​​ဆောက်​လုပ်​​နေသည့်​ အ​ခြေအ​နေများကို သိချင်လို၍ ကိုယ်​တိုင်​ လာ​ရောက်​ ကြည့်​ရှုခြင်းဖြစ်​​ကြောင်း၊ မီးရှို့ခံရ​သော အိမ်​များ ပြန်​လည်​​ဆောက်​လုပ်​​နေခြင်းမှာ ရွာသူရွာသားများ အဆင်​​ပြေရန်​ဖြစ်​​ကြောင်း၊ လူတိုင်း​ အေး​အေးချမ်းချမ်း ​နေထိုင်​စေလို​ကြောင်းနှင့်​ ထိုသို့ဖြစ်​လာ​ရန်​ အားလုံးကဝိုင်းဝန်း လုပ်​​ဆောင်​ရမည်​ဖြစ်​​ကြောင်း၊ က​လေးများကို ပညာသင်​​ပေးစေချင်​​ကြောင်း၊ က​လေး​များ၏ အနာဂတ်​​ကောင်းမွန်​ရန်​ ပညာ​ကောင်း​ကောင်းတတ်​ရန်​ လိုအပ်​​ကြောင်း တို့ကို ​ပြောဆိုခဲ့သည်​။ 

ဒေါ်​အောင်​ဆန်းစုကြည်​၏ ခရီးစဉ်​နှင့်​ပတ်​သက်​၍ ​မောင်​​တောမြို့​ခံ တစ်​ဦးဖြစ်​သူ ဦးမြင့်​​ဇော်​ကို ​​RB News က ဆက်​သွယ်​​မေးမြန်းကြည့်​​ရာ ၎င်းက --

"​ဒေါ်​အောင်​ဆန်းစုကြည်​က ဒီကိုလာတယ်​လို့သာ ​ပြောတယ်​။ တကယ်​တမ်း အာဏာပိုင်​​တွေ စိတ်​ကြိုက်​ ကြိုတင်​​ခေါ်စုထား​တဲ့ လူ​အနည်းငယ်​နဲ့သာ ​တွေ့သွားတာ။ သူသွားခဲ့တဲ့ ပန်း​တောပြင်​ရွာသား​တွေကို အာဏာပိုင်​​တွေက အရင်​ကတည်းက အမျိုးမျိုး ​ခြောက်​ထားတာ ရှိတယ်​။ လူကြီး​တွေလာရင်​ မြန်​မာလက်​နက်​ကိုင်​​တွေက ​ဒေသခံ​တွေအ​ပေါ် ဘာမှ မရက်​စက်​ခဲ့ဘူးဆိုပြီး ​ပြောဖို့​။ ဘယ်​ကပဲလာလာ အဲ့ရွာကိုပဲ ​ခေါ်သွားတယ်​။ အစိုးရစိတ်​ကြိုက်​ လူ​တွေ​မွေးစားထားနိုင်​လို့​လေ။ တကယ်​တမ်းက ဒေါ်အောင်ဆန်းစုကြည် အ​နေနဲ့ တကယ်​ခံခဲ့ရတဲ့လူ​တွေနဲ့ ​တွေ့ဆုံ ​မေးမြန်းကြည့်​ရမှာ။ ပြီး​တော့ အချိန်​ကလည်း နည်းလွန်းတယ်​။ ဆယ်​မိနစ်​​​လောက်​သာသာပဲ ​အချိန်​​ပေးတာ။" ဟု ပြောပါသည်။

ပန်း​တောပြင်​​ကျေးရွာသည်​ ​မောင်​​တော​မြို့နယ် တောင်​ပိုင်းရှိ ​ရိုဟင်​ဂျာရွာ​ ၂၅ ​ရွာအနက်​ အပြည့်​မီးရှို့မံခံရသည့် ​ကျေးရွာ သုံးရွာမှ တစ်​ရွာဖြစ်​သည်။

မောင်​​တောခရိုင်​၏ လူ့အခွင့်​အ​ရေး ​​စောင့်​ကြည့်​​လေ့လာ​ရေးတာဝန်​ခံ ဦးမျိုးမြင့်​က​ ဒေါ်​အောင်​ဆန်းစုကြည်​၏ ​မောင်​​တောခရီးစဉ်​သည်​ ပြစားမှုတစ်​ခုသာ ဖြစ်​​ကြောင်း ​သုံးသပ်​သည်​။

"ဒါက နိုင်​ငံတကာကို ပြစားတဲ့ ခရီးစဉ်​တစ်​ခုထက်​ မပိုပါဘူးလို့ ထင်​တယ်​။ သူက မီးရှို့ခံရတဲ့ အိမ်​​တွေ ပြန်​​ဆောက်​​နေတဲ့ အ​နေအထားကို သိချင်​လို့ပဲ လာတယ်​လို့ လူ​တွေနဲ့​တွေ့တဲ့အခါ ​အတိအလင်း​ပြောသွားတာကိုကြည့်​ရင်​ သူက ဒီရိုဟင်​ဂျာ​တွေရဲ့ ဖိနှိပ်​ခံရမှု​တွေ၊ နယ်​​မြေရှင်းလင်း​ရေး​ခေါင်းစဉ်​နဲ့ ရိုဟင်​​ဂျာ​တွေအ​ပေါ် စစ်​တပ်​က လုပ်​သွားတဲ့ တရားလွန်​ ညှဉ်းပန်းနှိပ်​စက်​မှု​တွေ၊ ပြီး​တော့ ဒီလူ​တွေရဲ့ အ​ခြေခံလူ့အခွင့်​အ​ရေးအားလုံး ဆုံးရှုံးခံ​နေရမှု​တွေကို စိတ်​မဝင်​စားဘူး ဆိုတဲ့ သ​ဘောပါပဲ။ လူတွေ ဘယ်လိုခံစားနေရတယ် ဆိုတာနဲ့ ပတ်​သက်​ပြီး ​တွေ့ဆုံခဲ့တဲ့ လူ​တွေဆီကလည်း တစ်​ခွန်းတစ်​ပါဒမှ ​မေးမြန်းတာမျိုး မရှိဘူး။ အဓိကအချက်​က ရိုဟင်​ဂျာ​တွေရဲ့ နိုင်​ငံသားအခွင့်​အ​ရေးကိစ္စ​တွေကို လုံးဝ ထည့်​မ​ပြောခဲ့တာပါပဲ။" ဟု ဦးမျိုးမြင့်က ၎င်း၏ အမြင်ကို သုံးသပ်သည်။

ဒေါ်​အောင်​ဆန်းစုကြည်​က က​လေး​များကို ပညာသင်​​ပေးဖို့ လိုအပ်​​ကြောင်းဆိုပြီး ​ပြောခဲ့​​သော်​လည်း လက်​​တွေ့မှာ ရခိုင်​ပြည်​နယ်​က ရိုဟင်​ဂျာ​များ၏ ပညာသင်​ယူနိုင်​​ရေး အခွင့်​အလမ်းကို ​ခေတ်​အဆက်​ဆက်​ အစိုးရ လက်ထက်တွင်သာမက လက်​ရှိအစိုးရလက်​ထက်​တွင်လည်း နည်းမျိုးစုံဖြင့် ကန့်​သတ်​ထားသည်​။ ၂၀၁၂ ခုနှစ်​​မှစ၍ ရိုဟင်​ဂျာကျောင်းသား/သူများ တက္ကသိုလ်​ပညာ သင်ကြားခွင့် ဆုံးရှုံးခံ​နေရ​သည်​။ ​အမှတ်​မီ​​​နေသော်​လည်း အသက်​​မွေးဝမ်း​ကျောင်း ဘာသာရပ်​များကို သင်​ယူခွင့်​မရသည်​မှာလည်း နှစ်ပေါင်း ၂၀ ကျော် ရှိနေပြီဖြစ်သည်။

မောင်​​တော ​ဒေသခံ ပညာတတ်​လူငယ်​တစ်​ဦးက --

"ပြောစရာရှိရင်​ ​စော​စောစီးစီး​ပြောပါ။ ပြဿနာကြီးသွားရင်​ ​ဖြေရှင်းရခက်​တယ်​ ဆိုပြီး​ပြောသွားတဲ့ အချက်​က အင်​မတန်​ နားလည်​ရခက်​တယ်​။ ကျွန်တော်တို့ ရိုဟင်​ဂျာ​တွေ နှစ်​အ​တော်​ကြာကြာထိ ဆုံးရှုံးခံလာ​နေရတဲ့ နိုင်​ငံသားအခွင့်​အ​ရေး​တွေ၊ အ​ခြေခံလူ့အခွင့်​အ​ရေး​တွေကို ​ဥပ​ဒေ​ဘောင်​အတွင်းက ​တောင်းဆိုလာတာ နှစ်​နဲ့ချီခဲ့ပြီပဲ။ အဲ့ဒါကို အခုမှလာပြီး ပြဿနာမကြီးထွားခင်​ ​စော​စောစီးစီး တင်​ပြပါတဲ့။ ​တွေ့ဆုံပွဲသွား​တွေ့တဲ့ လူ​တွေက​လည်း အစိုးရက စီစဉ်​ထားတဲ့လူ​တွေ​ဖြစ်​တယ်​။ ပြီး​တော့ ​နေ့စဉ်​ရက်​ဆက်​ ညှဉ်းးပန်း​နေတဲ့ နယ်​ခံအာဏာပိုင်​​တွေရဲ့ ရှေ့​မှောက်​မှာ သူတို့မ​ကောင်း​ကြောင်း​တွေ ဘယ်လို​ပြောထွက်​ရဲပါ့မလဲ​။ အရင်​က အဲ့ရွာမှာပဲ နိုင်​ငံခြားသံတမန်​​တွေနဲ့ စကား​ပြောတဲ့လူကို အာဏာပိုင်​​တွေက ဖမ်းဆီးဖို့ လိုက်​ရှာတာကြောင့် အဲဒီလူလည်း ထွက်ပြေးသွားရပြီ။ ဆို​တော့ ဒီအ​ခြေအ​နေ​တွေကို ​ဒေါ်​အောင်​ဆန်းစုကြည်​က သိရှိထားပုံမ​ပေါ်ဘူး" ဟု ​ဝေဖန်​သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ​ပန်း​တောပြင်​​ကျေးရွာမှ ထွက်​ခွာသွားပြီးနောက်​ ​​မောင်​​တောမြို့ကို ရဟတ်​ယာဉ်​ဖြင့် ဝေဟင်ပေါ်မှ လှည့်​လည်​ကြည့်​ပြီး​နောက်ေ​မာင်​တော​မြောက်​ပိုင်း ​တောင်​ပြိုသို့ ခရီးဆက်ခဲ့သည်။ ထိုမှတဆင့် နေ့လည်​ ၁ နာရီခန့်​ အချိန်​တွင်​ စစ်တွေမြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။


(ဓါတ်ပုံ - Myanmar State Counsellor Office)
Saed Arkani
RB News
31.10.2017

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပေါက်တောမြို့နယ် အနောက်ရွဲရွာသို့ သွားနေသည့် စက်လှေ နစ်မြှပ်ပြီး (၃) ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။ 

ပေါက်တောမြို့နယ် ငှက်ချောင်းကျေးရွာရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည် (၃) ဦး၊ အနောက်ရွဲရွာရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည် (၄) ဦးတို့သည် လွန်ခဲ့သည့် နှစ်လကျော်က စစ်တွေမြို့သို့ ဆေးကုသရန် လာရောက်ခဲ့သည်။ ၎င်းတို့သည် ဒေသဆိုင်ရာ အာဏာပိုင်များက NVC လက်မခံသောကြောင့် ငါးဖမ်းစက်လှေများ ငါးဖမ်းထွက်ခွင့် ပိတ်ပင်ထားသောကြောင့် ၎င်းတို့၏ နေရပ်သို့ ပြန်လည် ထွက်ခွာနိုင်ခြင်း မရှိဘဲ စစ်တွေမြို့တွင် အချိန်ကာလ ကြာရှည်စွာ နေထိုင်ခဲ့ရသည်။ 

အောက်တိုဘာလ (၃၀) ရက်နေ့ ည ၈ နာရီအချိန်တွင် ၎င်းတို့ (၇) ဦးသည် စက်လှေတစ်စီးဖြင့် စစ်တွေမြို့ စံပြရွာ ကမ်းခြေမှ စက်လှေတစ်စီးဖြင့် ပေါက်တောမြို့နယ် အနောက်ရွဲရွာသို့ ထွက်ခွာ သွားခဲ့ရာ လမ်းခရီးတွင် စက်လှေ နစ်မြှပ်ခဲ့ပြီး (၄) ဦး အသက်ရှင်နိုင်ခဲ့သော်လည်း (၃) ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ 

သေဆုံးခဲ့သူ (၃) ဦးမှာ --

(၁) အာန်ဆာရ်မျာ (ဘ) ဦးဘာဆာမျာ (အသက် ၁၆ နှစ်) - ငှက်ချောင်းဒုက္ခသည်စခန်းတွင် န၀မတန်း ပညာသင်ကြားနေသူ

(၂) ဦးမိုဟာမတ် (ဘ) ဦးလာလ်မျာ (အသက် ၅၅ နှစ်) - ငှက်ချောင်းဒုက္ခသည်စခန်းမှ

(၃) ဦးဇီယာဟူစိန်း (ဘ) ဦးနာရာဘူဂျာ (အသက် ၅၄ နှစ်) - ငှက်ချောင်းဒုက္ခသည်စခန်းမှ -- တို့ဖြစ်သည်။ 

အောက်တိုဘာလ (၃၁) ရက်နေ့ နံနက်ပိုင်းတွင် အာဏာပိုင်များက သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးရန် စစ်တွေဆေးရုံကြီးသို့ သယ်ဆောင်သွားခဲ့သည်။ 







MYARF
RB News
31.10.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ ရိုဟင်ဂျာကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ရွာမျက်နှာဖုံးများ စသည့် လူပုဂ္ဂိုလ် (၅၀) ကျော်ကို မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ဆင့်ခေါ်၍ ၎င်းတို့ထဲမှ လူ (၁၀) ဦးကို ရွေးချယ်၍ ဗီဒီယိုမှတ်တမ်းတစ်ခု ရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်ခြင်း မစတင်မီ အစည်းအဝေး တစ်ရပ်ကျင်းပပြီး ရိုက်ကူးသည့်အခါ မေးမြန်းမည့် မေးခွန်းများနှင့် ဖြေဆိုရမည့် အဖြေများကို ပြောကြားခဲ့သည်။ 

“မေးခွန်းတွေမှာ အဓိက ပါဝင်တဲ့ အချက်နှစ်ချက်ကတော့ ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို စစ်တပ်က မီးရှို့ခဲ့သလား၊ ရိုဟင်ဂျာတွေကို နည်းမျိုးစုံနဲ့ သတ်ဖြတ်တာ လည်လှီးသတ်ဖြတ်တာ အပါအ၀င် ဘယ်သူတွေက သတ်ခဲ့တာလဲပေါ့” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

“ဖြေရမယ့် အဖြေကတော့ မီးရှို့တာလည်း ARSA သတ်ဖြတ်တာလည်း ARSA .. မြန်မာ့တပ်မတော်ကတော့ အင်မတန်ကို အပြစ်မဲ့ပေါ့ဗျာ” ဟု ၎င်းက ဆက်လက်ပြောပါသည်။ 

အဆိုပါ ဗီဒီယိုမှတ်တမ်းတွင် ပါဝင်ဖြေဆိုသူများကို သတင်းဌာနများ၊ အိုင်အန်ဂျီအိုများမှ ဆက်သွယ် မေးမြန်းလာပါက ဗီဒီယိုမှတ်တမ်းတွင် ဖြေကြားထားသည်များမှာ ဖြစ်ရပ်အမှန်သာ ဖြစ်ကြောင်း၊ အရှိကို အရှိအတိုင်း ဖြေကြားထားသည်ဟု ရဲရဲဝံ့ဝံ့ ဖြေကြားပေးရန် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ အကြီးအကဲများက မှာကြားခဲ့ကြောင်း သိရှိရသည်။ 

ဗီဒီယိုမှတ်တမ်းတွင် ပါဝင်သူအချို့မှာ --

(၁) ဦးဟာလာ (ခ) မော်နိရ်အာမတ် (တာဝန်ခံ၊ ရွှေဇား)
(၂) ဦးမူဘီနူရ်လောက် (ရာအိမ်မှူး၊ ကပ္ပကောင်း၊ ရွှေဇား)
(၃) ဦးအလီ (ရ.ယ.က ဥက္ကဌဟောင်း၊ ရွှေဇား)
(၄) ဦးရှော်ဖီအုလ္လာ (ရပ်မိရပ်ဖ၊ ဂုံးနား၊ ရွှေဇား)
(၅) ဦးရွှေမောင် (လုပ်ငန်းရှင်၊ မြောက်ရွာ၊ ရွှေဇား) -- တို့ဖြစ်ကြသည်။

သြဂုတ်လ (၂၅) ရက်နေ့ နံနက်အစောပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းများနှင့် တပ်မတော်တပ်ရင်း တစ်ခုကို ARSA လက်နက်ကိုင်အဖွဲ့မှ တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ ရိုဟင်ဂျာရွာ ၂၈၈ ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။ မြန်မာစစ်တပ်က ကလေး၊ လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး မရွေး သတ်ဖြတ်ခဲ့မှုကြောင့် အနည်းဆုံး ၄၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟု ဒေသခံများက ပြောပါသည်။ စစ်သားများက ရိုဟင်ဂျာများကို နေအိမ်များမှ နှင်ထုတ်၍ နေအိမ်များကို မီးရှို့ခဲ့ခြင်းကြောင်း အနည်းဆုံး ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံနေရသည်။ 

ယခုအခါ ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ ဖိအားများအပြင် ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြစ်လာနိုင်သည့် အခြေအနေ ရှိနေသောကြောင့် မြန်မာစစ်တပ်နှင့် အစိုးရတို့ ပူးပေါင်း၍ နိုင်ငံတကာအား လိမ်ညာနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိရာ ဒေသဆိုင်ရာအာဏာပိုင်များက ၎င်းတို့နှင့် နီးစပ်သော အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် လုပ်ငန်းရှင်များကို ဆင့်ခေါ်၍ ကြိုတင်သင်ပေးထားသည့် ထွက်ဆိုချက်များကို ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်ခြင်း ဖြစ်သည်။ 

(ဓါတ်ပုံ Al Jazeera)
Rohingya Eye
RB News
30.10.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာမှ ကုန်တင်ကုန်ချ အလုပ်သမားများကို လ.၀.က ၀န်ထမ်းတစ်ဦးက ကုန်တင်ကုန်ချရန်ဟု ခေါ်ဆောင်သွားပြီး ၀ိုင်းဝန်း ရိုက်နှက် ထိုးကြိတ်ကာ အတင်းအဓမ္မ NVC ကဒ်ပြား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာလ (၂၈) ရက်နေ့တွင် မောင်တောမြို့နယ် ရွှေဇားကျေးရွာမှ ရွာသား (၄) ဦးသည် အမှတ် (၁) နယ်စပ်ကုန်သွယ်ရေးစခန်း၌ ဦးသိန်းအောင်၏ ကုမ္ပဏီတွင် ကုန်တင်ကုန်ချ ပြုလုပ်ရန် ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် ပစ္စည်းများကို စက်လှေပေါ်သို့ တင်နေစဉ် နေ့လည် ၂ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် လ.၀.က ရုံးမှ ၀န်ထမ်းတစ်ဦး ရောက်ရှိလာပြီး၊ ရွှေဇားကျေးရွာအုပ်စု၊ ဂူနားရွာ မူလတန်းကျောင်းတွင် ကယ်ဆယ်ရေး ပစ္စည်းများ ချရန်ဟု ပြောဆို၍ ၎င်းတို့ (၄) ဦးကို ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့သည် မူလတန်းကျောင်းတွင် ပစ္စည်းများချအပြီး ၎င်းတို့အား ကျောင်းထဲသို့ ခေါ်ဆောင်သွားကာ NVC ကဒ်များ အတင်းအဓမ္မ ပေးအပ်ရန် စီစဉ်နေသည်ကို တွေ့သည့်အခါ NVC ကဒ်လက်မခံနိုင်ဟု ငြင်းဆန်ခဲ့သည်။

ထို့နောက် ၎င်းတို့အား မြို့နယ် လ.၀.က ဦးစီးမှူး ဦးအောင်ကျော်စိန် ဦးဆောင်သည့် လ.၀.က ၀န်ထမ်းများက လက်သီးဖြင့် ထိုးကြိတ်ခြင်း၊ ဆူပူကြိမ်းမောင်းခြင်းများ ပြုလုပ်၍ ညှဉ်းပန်းနှိပ်စက်သော်လည်း ၎င်းတို့က NVC ကဒ်လက်မခံဘဲ ထွက်ပြေးရန် ကြိုးစားနေစဉ် ကျောင်းအပြင်ဘက်တွင် လုံခြုံရေး တာဝန်ယူထားသည့် နယ်ခြားစောင့်ရဲများက ၎င်းတို့အား ၀ိုင်းဝန်း ထိုးကြိတ်ရိုက်နှက်၍ အတင်းအဓမ္မ NVC ကဒ် ထုတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထိုးကြိတ် ရိုက်နှက်ခံရပြီး NVC ကဒ် အတင်းအဓမ္မ ပေးခံရသူများမှာ --

(၁) ဦးအဘူဆီဒိတ် (ဘ) ဦးအဒူရှုကူရ် - စေတီပြင်၊ ရွှေဇားကျေးရွာအုပ်စု

(၂) ဦးရှော်ဘီအာလောမ် (ဘ) ဦးအဒူမာလဲခ် - ဂူနားရွာ၊ ရွှေဇားကျေးရွာအုပ်စု

(၃) ဦးအီဆုဖ် (ဘ) ဦးဖော်ဇော်လ်အာမတ် - ဂူနားရွာ၊ ရွှေဇားကျေးရွာအုပ်စု

(၄) အမည်မသိ -- တို့ဖြစ်ကြသည်။

ယင်းနေ့ ညနေ ၄ နာရီအချိန်တွင် အဆိုပါကျောင်းသို့ ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် UEHRD အဖွဲ့ ရောက်ရှိလာပြီး NVC ကဒ် ထုတ်ပေးနေမှုကို ကြည့်ရှုစစ်ဆေးခြင်း၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

အတင်းအဓမ္မ NVC ကဒ် ထုတ်ပေးပြီးနောက် အစိုးရ သတင်းဌာနများတွင် လိုလိုလားလား လာရောက်ထုတ်သယောင် ၀ါဒဖြန့်ထားသည့် ဓါတ်ပုံ 



RB News
30.10.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှ တဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံရန်သွားနေသော ရိုဟင်ဂျာအချို့ထံမှ နယ်ခြားစောင့်ရဲများက လုယက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

အောက်တိုဘာလ (၂၉) ရက်နေ့ နေ့လည် ၂း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာအုပ်စုကို ဖြတ်သန်း၍ တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံရန် သွားနေသော ရိုဟင်ဂျာအချို့ထံမှ နယ်ခြားစောင့်ရဲများက လုယက်ခဲ့သည်။ 

လုယက်ခံရသူများမှာ --

(၁) ဦးအစ္စလာမ် (ဘ) ဦးအဒူဇော်လိလ် (အသက် ၄၇ နှစ်) ထံမှ ငွေကျပ် တစ်သိန်းငါးထောင်ကျပ်နှင့် ရွှေနှာခေါင်းပန်း (၁) ပွင့်

(၂) ဦးဆော်လီမူလ္လာ (ဘ) ဦးဆော်ဒူလ္လာ (အသက် ၄၀ နှစ်) ထံမှ ရွှေဆံထုံးပန်း ၃ ခု နှင့် လက်စွပ် ၁ ကွင်း

(၃) ဒေါ်နုရ်ဘာရ် (အသက် ၅၈ နှစ်) ထံမှ ငွေကျပ် ၈ သောင်း

(၄) ဦးမာမတ်ဒူလ္လာ (အသက် ၂၅ နှစ်) ထံမှ Symphony ဖုန်းတစ်လုံး -- တို့ဖြစ်သည်။

လုယက်ခံရသူများမှာ ဘူးသီးတောင်မြို့နယ် ဖရုံချောင်းကျေးရွာအုပ်စု ဒိုးတန်း (၁) ရွာမှ ဒေသခံများ ဖြစ်ကြည်။ 

(ဓါတ်ပုံ AP)

(ဓါတ်ပုံ - Reuters / Jorge Silva)

RB News
26.10.2017

ဂျင်နိုဆိုဒ် (လူမျိုးပျောက်အောင်လုပ်ခြင်း) တွင် နောက်ဆုံးနှစ်ဆင့်ဖြစ်သော- လူအစုလိုက်အပြုံလိုက် အမြစ်ပြတ်ခြေမှုန်း ခြင်းနှင့် တိုင်းပြည်၏သမိုင်းမှ အဖျောက်ခံရခြင်း စသည့်အလားလာများနှင့် ရိုဟင်ဂျာများ နောက်ဆုံး ရင်ဆိုင်နေရဖွယ် ရှိပါသည်။

နဗီးဂေါ်ဒွန် - ရေးသားသည်။

ကျွန်တော်သည် မကြာသေးမှီကပင် မြန်မာပြည်၏ အခြေနေများနှင့် ပတ်သတ်၍လည်းကောင်း၊ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသောဇ၀တ်မှုများတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ မည်သို့ရှိမည်ကို လည်းကောင်း၊ ဆွေးနွေးရန် မစ္စ ပက်နိဂရင်းအား သွားရောက်တွေ့ဆုံခဲ့ပါသည်။

လန်ဒန်မြို့၊ ကွင်းမေရီတက္ကသိုလ်၏ အပြည်ပြည်ဆိုင်ရာ အစိုးရ ရာဇ၀တ်မှုများ ဖော်ထုတ်ရေးအဖွဲ့ (ISCI) တွင် တည်ထောင်သူ ဒါရိုက်တာတစ်ယောက်လဲဖြစ်၊ ကမ္ဘာလုံးဆိုင်ရာ ဥပဒေရေးရာဌာန၏ ပါမောက္ခ တစ်ယောက်လဲဖြစ်သည့် မစ္စ ပင်နိဂရင်းမှာ လွန်ခဲ့သော ငါးနှစ်တာကာလကပင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို ပြုမူဆက်ဆံပုံများအပေါ် အနီးကပ် စောင့်ကြည့် မှတ်တမ်းတင်နေသူ တစ်ဦးလည်း ဖြစ်ပါသည်။ ၁၂ လတာ-ကြာမြင့်ခဲ့သော မြေပြင်ကွင်းဆင်းစစ်ဆေးမှုများနှင့် အင်တာဗျူးပေါင်း ၂၀၀ ကျော်တို့ကို အခြေခံ၍ သူမ၏ ၂၀၁၅ ခုနှစ် အစီရင်ခံစာတွင်၊ ရိုဟင်ဂျာများ သတ်ဖြတ်ခံရခြင်း၊ နှိပ်စက်ညဉ်းပန်းခံရခြင်းနှင့် မုဒိမ်းကျင့်ခံရခြင်း၊ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရခြင်း၊ မြို့ရွာများ ဖျက်ဆီးခြင်းခံရခြင်း၊ လယ်ယာများသိမ်းဆည်းခံရခြင်း၊ နှင့် အတင်းအကျပ် လုပ်အားပေး ခိုင်းစေခံရခြင်းအပါဝင် စနစ်တကျနှင့် ကျယ်ကျယ် ပြန့်ပြန့် လူ့အခွင့်ရေး ချိုးဖောက်ခံနေရကြောင်း သက်သေ အထောက်ထားပေါင်း မြောက်မြားစွာကို (ISCI) က တွေ့ရှိခဲ့ရ လေ၏။ ဒယ်နီယလ် ဖယ်ရီစတိန်း Daniel Feierstein ၏ “ဂျင်နိုဆိုဒ် ကို လူမှုအလေ့ကျင့်သဖွယ် အသုံးချကြခြင်း” ခေါင်း စဉ်ဖြင့် ရေးသားထားသည့် အစီရင်ခံစာတွင် ဂျင်နိုဆိုဒ် မြောက်စေသော အချက် (၆) ချက်ရှိရာ မြန်မာအစိုးရမှ အချက် လေးချက်ကို လုံးဝကျူးလွန်ပြီးဖြစ်ကြောင်း ISCI က ဖော်ပြထားသည်။

၎င်းတို့မှာ-


(၁) နှိမ့်ချဆက်ဆံခြင်း (stigmatization) နှင့် လူမဆန်စွာ ဆက်ဆံခံရခြင်း (dehumanization)
(၂) အစဉ်အမြဲ နှောက်ယှက်ခြင်း၊ ဒုက္ခပေးခြင်း (harassment)၊ အကြမ်းဖက်ခံရခြင်း (violence) ထိတ်လန့်ကြောက်ရွံစေခြင်း (terror)
(၃) အထီးကျန်ဖြစ်အောင် ဖယ်ကြဉ်ထားခြင်း(isolation) နှင့် သီးသန့်ခွဲခြား၍ပိတ်လှောင်ထားခြင်း(segregation)
(၄) အုပ်စုတစ်စုကို ပစ်မှတ်ထား၍ စနစ်တကျ အားအင်ချိနဲ့သွားအောင် လုပ်ဆောင်ခြင်း (the systematic weakening of the target group) တို့ဖြစ်ပါသည်။

ယခုအခါတွင် ရိုဟင်ဂျာတို့မှာ လူမျိုးကွယ်ပျောက်အောင် အလုပ်ခံရခြင်း- ဂျင်နိုဆိုဒ် နောက်ဆုံး ၂ဆင့်နှင့် ရင်ဆိုင်နေ ရသည့် လက္ခဏာ ရှိနေပါသည်။ ၎င်းတို့မှာ-

(၅) အစုလိုက် အပြုံလိုက် အမြစ်ပြတ် ချေမှုန်းခံရခြင်း(mass annihilation) နှင့်
(၆) တိုင်းပြည်၏ သမိုင်းကြောင်း ဖျောက်ခံရခြင်း (erasure of the group from Myanmar’s history) တို့ ဖြစ် ကြပါသည်။

နယ်ဗီးဂေါ်ဒန် ။ ။ ပယ်နီဂရင်းရေ…… ရိုဟင်ဂျာတွေ ဒုက္ခရောက်လာရတဲ့ နောက်ခံအကြောင်းရင်းတွေနဲ့ ဒီနေ့ ဒီအချိန်ထိ ဖြစ်လာခဲ့ရပုံ အဆင့်ဆင့် နဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပြောပြပေးပါလား။

ပယ်နီဂရင်း ။ ။ ယနေ့အချိန်မှာ မြန်မာလို့ လူသိများတဲ့ ဗမာ့နိုင်ငံတော်ဟာ ၁၉၄၈-မှာ လွတ်လပ်ရေးရတယ်။ တိုင်းပြည်ဟာ ကျယ်ပြန့်လှတဲ့ ဗြိတိသျှကိုလိုနီလက်အောက်ခံ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ များစွာမကွာခြားပဲ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသများဟာလည်း ဘာသာရေးလိုင်းအမျိုးမျိုးပေါ်မူတည်ပီး တစ်စိတ်တဒေသ အဆုံးဖြတ်ပေးပါတယ်။ ဘင်ဂေါပြည်နယ်မှာဆိုရင်လည်း အများစုက ဟိန္ဒူဘာသာဝင်တွေ၊ ဘင်္ဂလားဒေ့ရှ်မှာ အများစုက အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗမာပြည်ဟာဆိုရင်လည်း အများစုက ဗုဒ္ဓဘာသာဝင်တွေပါပဲ။

မွတ်စလင်တွေ ဖြစ်ကြတဲ့ ရိုဟင်ဂျာတွေဟာ အသစ်တည်ထောင်ခါစ ဗမာပြည်မှာ အခုအခါ ရခိုင်ပြည်နယ်ဖြစ်လာတဲ့ နေရာမှာ ရာစုနှစ်ပေါင်းများစွာနီးပါးလောက်အထိကို နေထိုင်လာခဲ့ပီးသူတွေ ဖြစ်ကြပါတယ်။ ၁၉၅၀ ခုနှစ်မှာ၊ သူတို့ကို နိုင်ငံသားကဒ်တွေ ထုတ်ပေးပြီး လွတ်လပ်ရေးရပြီးခါစ ပထမဆုံး ၀န်ကြီးချုပ် ဦးနု လက်ထက်မှာ မဲပေးပိုင်ခွင့်တွေ ဘာတွေ ရခဲ့ကြပါတယ်။၁၉၇၀-နှောင်းပိုင်း မတိုင်ခင်အထိ၊ ရိုဟင်ဂျာတွေဟာ အရေးကြီးတဲ့ အစိုးရရာထူးတွေမှာ အရပ်သား ၀န် ထမ်းတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ မြန်မာ့အသံက တရားဝင်ထုတ်လွှင့်တဲ့ ရေဒီယိုအစီစဉ်မှာဆိုရင်လည်း ရိုဟင်ဂျာ ဘာသာစကားနဲ့ တစ်ပတ်ကို သုံးကြိမ်ကျ ထုတ်လွှင့်ပေးခဲ့ပါတယ်။ နောက်ပြီး ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို ကျောင်းသုံးပြဌာန်းစာအုပ်တွေမှာ၊ ပြန်တမ်းဝင် မှတ်တမ်းမှတ်ရာတွေမှာ ရေးသားအသုံးပြုခဲ့ကြပါတယ်။

၁၉၈၀ အစောပိုင်းအရောက်မှာတော့၊ မြန်မာ့သမိုင်းနဲ့ ပထ၀ီဝင်ကနေ ရိုဟင်ဂျာ အမည်နာမကို ဖျောက်ပစ်ဖို့ အန္တိမ ရည်မှန်းချက်တွေ စတင်လုပ်ဆောင်လာကြတဲ့ ကနဦးအဆင့်ကို ကျမတို့ အရင်ဆုံး မျက်ဝါးဝါးထင်ထင် စတင်မြင်တွေ့လာရပြီ ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်လည်းကျရော၊ ရိုဟင်ဂျာနာမည်ကို မြန်မာ့တရားဝင်အသိမှတ်ပြု တိုင်းရင်းသား ၁၃၅မျိုး စာရင်း ကနေ ဖယ်ရှားပစ်လိုက်ပြီး နိုင်ငံသားအဖြစ်ကနေ ရုတ်သိမ်းလိုက်ပါတော့တယ်။ ဆယ်စုနှစ်နည်းနည်းလောက် ထပ်ကြာလာတော့ ရိုဟင်ဂျာ ကလေးတိုင်းကို မွေးဖွားခွင့်လက်မှတ်တွေ ထုတ်ပေးဖို့ အစိုးရက ရုတ်ချည်းဆိုသလို ငြင်းဆန်လိုက်ပါတယ်။ အဲဒီ အချိန်ကစပြီး ရိုဟင်ဂျာဆိုတဲ့ အမည်နာမကိုလည်း တရားဝင် ကျောင်း သုံး၊ရုံးသုံးစာအုပ်တွေကနေ အပြီးတိုင် စတင် ဖယ်ရှားလိုက်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ နာမည်လေးတစ်လုံးကို ပြောမိရုံနဲ့တင် မည်သူ့ကိုမဆို ရှုတ်ချခံရပါတယ်။ ၂၀၁၂ ခုနှစ်မှာ အစိုးရက ဦးဆောင်တဲ့ ရခိုင်အကြမ်းဖက်မှုအပြီးမှာ၊ ရိုဟင်ဂျာတွေကို လုံခြုံ ရေးသီးသန့်ဇုံတွေထဲမှာ၊ ထိန်းသိမ်းရေးစခန်း တွေထဲမှာ၊ ဂျူးလူမျိုးတွေ လိုထားတဲ့ လှောင်ပိတ်နေတဲ့ ဂက်တို အကျဉ်းစခန်း တွေထဲမှာ၊ အကျဉ်းစံရွာတွေထဲမှာ ထည့် လိုက်ပြီး ကန့်သတ်ထားလိုက်ပါတော့တယ်။ အဆင့်မြင့် ပညာသင်ကြားခွင့်၊ အသက်မွေးမှု အတတ်ပညာအားလုံးကို တက်ရောက်သင်ကြားခွင့် ပိတ်ပင်ခံလိုက်ရပြီး တပ်မတော်နဲ့ အစိုးရဌာနတွေမှာ လည်း တာဝန်ထမ်းဆောင်ခွင့်တွေကနေ ကျဉ်ထားခံလိုက်ရပါတော့တယ်။

နောက်ဆုံးမှာ၊ ၂၀၁၄ ခုနှစ်လည်းရောက်ရော ရိုဟင်ဂျာတွေကို သန်းခေါင်စာရင်း ကောက်ယူခြင်းမပြုပဲ ချန်လှပ်ထားလိုက်ပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မပေးတာထက်စာရင် ဒါဟာ ကျွန်မရဲ့ ဦးနှောက်ထဲမှာ တကယ့်ကို အရေးပါ ပါတယ်။ သမိုင်းက ကျမတို့ကို သင်ပေးခဲ့သလိုပဲ၊ အဲဒီနောက်မှာတော့၊ အစိုးရက လူတွေကို ထည့် တွက်စဉ်းစားဖို့ ရပ်လိုက်တဲ့ သဘောက သူတို့ကို အစိုးရက စီမံခန့်ခွဲဖို့နဲ့ အုပ်ချုပ်ဖို့ ထည့်သွင်း မစဉ်းစားတော့ဘူးလို့ အဓိပ္ပါယ်ရပါတယ်။ (ဒီတိုင်းပြည်နဲ့ ဘာမှ မဆိုင်တော့ဘူးဆိုတဲ့ သဘောပေါ့။) အဲဒီလို လူတွေဟာ ကြီးကြပ်ခွင့်နဲ့ စီမံခန့် ခွဲခွင့် မခံရတော့တဲ့အခါများမှာ၊ သူတို့ကို အစိုးရက လူပိုလူလျှံတွေ၊ ၀န်ထုပ်ဝန်ပိုးတွေလို့ သဘောထားလာကြပါတယ်။

နယ်ဗီးဂေါ်ဒန် ။ ။ လက်ရှိ ပဋိပက္ခနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မပြောခင်၊ ဒုက္ခသည် စခန်းတွေထဲမှာ၊ ထောင်သဖွယ်ဖြစ်နေတဲ့ ရွာတွေထဲမှာ၊ ဂျူးလူမျိုးတွေကို ထားသလို ပိတ်လှောင်ထားတဲ့ ဂက်တိုစခန်းတွေထဲမှာ ရိုဟင်ဂျာတွေကို ဘယ်လို စုရုံးပီးထားခဲ့ကြသလဲ? နောက်ပြီး သူတို့ အဲဒီနေရာတွေမှာ ဘယ်လို နေထိုင်စားသောက် နေကြရသလဲဆိုတာ ပြောပြပေးပါလား?

ပယ်နီဂရင်း ။ ။ ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုက ရိုဟင်ဂျာတွေကို ဒုက္ခသည်စခန်းတွေထဲမှာ စုပေါင်းထားလိုက်လို့ရတဲ့ အဓိက လက်သည်ပါပဲ။ အစိုးရက ကျောထောက်နောက်ခံပြုပေးထားတဲ့ အမုန်းစကားစုပေါင်းဆောင်ရွက်မှုတွေရဲ့ အကျိုး ဆက်နဲ့ ဗုဒ္ဓဘာသာ သံဃာထုအတွင်းမှာ အရှင်ဝီရသူဦးဆောင်တဲ့ သဘောထားတင်းမာတဲ့ အုပ်စုတစ်စုတွေရဲ့ စည်းဝါးကိုက် ဆောင်ရွက်မှုတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်လာတတဲ့ အကျိုးဆက်ကြောင့်လည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မတိုင်ခင် တင်းမာမှု တွေရှိခဲ့တာ တောင် ရိုဟင်ဂျာတွေဟာ အထူးသဖြင့်ဗုဒ္ဓဘာသာကြီးစိုးတဲ့ ရခိုင်ပြည်နယ်မှာ တစ်ခြား တိုင်းရင်း သားတွေအားလုံးနဲ့ ဒိုးတူ ဘောင်ဖက် ကျောင်းတက်ခဲ့ကြသေးတာပဲ။ အတူတူ နေထိုင်ခဲ့ကြတယ်၊ အပြန်လှန် ရောင်းဝယ် ဖောက်ကားခဲ့ကြတယ်။ တစ်ယောက်ရဲ့ ပွဲလမ်းသဘင်တွေမှာ တစ်ယောက်က အေးအတူပူအမျှ အပြန်အလှန် ပါဝင်ဆင်နွှဲ ခဲ့ကြတယ်ဆိုတာ ရှင့် စိတ်ထဲမှာ မှတ်ထားရမယ်။

နှစ်တွေသာ ကြာလာတယ်၊ ဒါပေမဲ့လည်း မွတ်စလင်ဆန့်ကျင်ရေးရောဂါဟာ ထိထိရောက်ရောက် တိုင်းပြည်ကို ၀ါးမြိုလာခဲ့တယ်။ မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်လာတဲ့ သူစိမ်းကြောက်အမျိုးသားရေးဝါဒအဆင့်ဟာ အံ့သြစရာကောင်းလောက် အောင် မြင့်တက်လာပြီး လူတန်းစွာအလွှာအသီးသီးကိုလည်း ထိုးဖောက်နေရာယူလာပါတော့တယ်။ မန္တလေး၊ ရန်ကုန်နဲ့ တစ်ခြားမြို့တွေမှာ အခြေစိုက်နေထိုင်ကြတဲ့ မွတ်စလင်တွေရဲ့ ဘ၀တွေဟာ အရမ်းကို အခက်ခဲတွေ ဖြစ်လာပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကတော့ - အဲဒီထက် နှစ်ဆ- နှိပ်ကွပ်တဲ့ဒဏ်ကို ခံရပါတယ်။ သူတို့ကို တိုင်းတစ်ပါးက ၀င်ရောက်လာသူများဆိုပြီး အထွေထွေကြောက်စိတ်ရော၊ သူတို့လူမျိုးအပေါ်မှာသာ သီးသန့်ဦးတည်တဲ့ လူမျိုးရေးမုန်းတီးမှု့ရော၊ နှစ်မျိုးစလုံးပါတဲ့ နှိပ်ကွပ်တဲ့ဒဏ်ကို ခံစားနေရတာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်အကြမ်းဖက်မှုဟာ ရိုဟင်ဂျာ အမျိုးသားသုံးယောက်ကနေ ဗုဒ္ဓဘာသာအမျိုးသမီးတစ်ယောက်ကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ပစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုတ်ချည်း ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါဟာ စစ်တွေနဲ့ အနီးနားတ၀ိုက်မှာ အကြမ်းဖက်ချင်လို့ ရမယ်ရှာတာသာဖြစ်ပြီး အဲဒီအကြမ်းဖက်မှုတွေကို ရခိုင်အမျိုးသားရေးဝါဒီတွေက ကျူးလွန်ခဲ့ကြပြီး သဘောထား တင်းမာတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေနဲ့ ရခိုင်နိုင်ငံရေးသမားတွေက ခလောက်ဆန်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ အင်တာဗျူးထားတဲ့ လူတွေဆီကနေ ကြားခဲ့ရတာက ပထမ သုံးရက်အတွင်း လုံခြုံရေးတပ်သားတွေက လက်ပိုက်ကြည့် နေကြပါတယ်။ သူတို့ကြားဝင် မဆောင်ရွက်ခင်အထိ လူတွေ လုပ်ချင်သပ လုပ်လို့ရအောင် အကြမ်းဖက်မှုကို တမင်လွှတ် ထားပေးခဲ့တာ လုံးဝရှင်းပါတယ်။ ဒီလောက်တောင် လူတွေ ၂၀၀ လောက်သေတာတောင် အကြမ်းဖက်မှုရဲ့ နောက်ဆက် တွဲ အနေနဲ့ လူတွေကို ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း လုံးဝမရှိခဲ့ပါဘူး။

မီးလောင်နေတဲ့ သူတို့အိမ်တွေကနေ ရိုဟင်ဂျာတွေထွက်ပြေးနေတုန်း သူတို့ကို ကျွန်မတို့ အခုခေါ်နေတဲ့ ဒုက္ခသည်တွေ စုပေါင်းထားတဲ့ စခန်းတွေထဲမှာ နွားတွေကိုမောင်းသွင်းသလို အုပ်လိုက်မောင်းသွင်းလိုက်ပါတယ်။ သူတို့ကို အဲဒီ နေရာ မှာပဲ ထည့်ထားတာဟာ ငါးနှစ်ကျော်လောက်တောင်ရှိပါပြီ။ မပြောပလောက်တဲ့ အရေတွက်လေးလောက်ပဲ စစ်တွေ မှာ ကျန်ရစ်ခဲ့ပီး အောင်မင်္ဂလာ အမိုးပွင့်ဂက်တိုထဲမှာ ရိုဟင်ဂျာတွေ နေထိုင်နေရပါတယ်။ သူတို့ကို ဘယ်ဆီမှာနေ မှန်းမသိ ရတဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်က အကာကွယ်ပေးထားတယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ လူတကာပြောကြားချက်တွေ အရ- သူဟာ ရခိုင်အမျိုးသားရေးသမားတွေနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေကို ဆန့်ကျင်ပြီး ရိုဟင်ဂျာတွေကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးကနေ အကာကွယ်ပေးရန် သူ ရပ်တည်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အောင်မင်္ဂလာဒုက္ခသည်စခန်းဟာ ဘာမှ မရတဲ့ ပိတ်လှောင်ဂတ်တိုစခန်းနဲ့ တူပါတယ်။ ဒုက္ခသည်စခန်းအဖြစ်လည်း စာရင်းမ၀င်လို့ World Food Program ကနေ ထောက်ပံ့တဲ့ အစားသောက်တွေလည်းမရရှိပါဘူး။ အဲဒါကြောင့် အဲဒီမှာနေထိုင်တဲ့ ရိုဟင်ဂျာတွေဟာ မွတ်စလင် အသိုင်းဝိုင်းဘက်ကနေ ထောက်ပံ့တဲ့အရာကိုပဲ မှီခိုစားသောက်နေရပီး အစိုးရဆီကပေးတဲ့ ရိက္ခာရာရှင်တွေကိုလည်း အကန့်သတ်နဲ့သာ ရကြပါတယ်။

ကျွန်မတို့ ဒုက္ခသည်စခန်းတွေနဲ့ ပိတ်လှောင်ခံ ဂက်တိုစခန်းတွေကို ၂၀၁၄-၁၅ ခုနှစ်က ကသွားကြည့်တဲ့အခါ၊ အတော်လေး ကို အံ့သြ တုန်လှုပ်သွားမိပါတယ်။ Claudia Card ရဲ့ “ဂျင်နိုဆိုဒ်ကို သရုပ်ခွဲကြည့်ခြင်း”ကို ကိုးကားဖို့ လူမှုဇာတ်သိမ်းခန်း ဖြစ်စဉ်တစ်ခုကို ကျွန်မတို့ အရှေ့မှာ မျက်ဝါးထင်ထင်မြင်တွေ့နေရသလိုပဲ၊ ဒုက္ခသည်စခန်းတွေဟာ မသတီစရာတောင် ကောင်းပါတယ်။ သူတို့ရဲ့ နေ့စဉ်ဘ၀တွေဟာ နွားချေးတွေကို ကောက်မယ်၊ ပြီးယင်လောင်စာအတွက် အခြောက်ခံ ရောင်းမယ်ပေါ့။ ဆေးခန်းတွေတော့ ရှိပါရဲ့- ဒါပေမယ့် ဒေသခံဆရာဝန်တွေကလည်းမရှိ၊ သူနာပြုတွေကလည်းမရှိ၊ ဆေးခန်းသုံး ပစ္စည်းတွေနဲ့၊ ဆေးဝါးတွေကလည်း မလုံလောက်လို့ ကျန်းမာရေး စောင့်ရှောက်မှုဟာလည်း မရသလောက်ပါပဲ။ ရခိုင် ဆရာဝန်တွေတော့ ဒုက္ခသည်စခန်းကို တစ်ပတ်နှစ်နာရီ လူသောင်းချီကို ကုပေးဖို့ လာကြတယ် လို့တော့ ပြောတာပဲ။ ဒါပေမယ့် တစ်ခါတုန်းက နယ်စည်းမခြားဆရာဝန်များအသင်းကြီး Médecins Sans Frontières ဆိုတာ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် ဒုချီးယားတန်းရွာက ရွာသား နှစ်ဆယ့် နှစ်ယောက်ကို သေနတ် ဒဏ်ရာ၊ အရိုက်ခံရတဲ့ ဒဏ်ရာနဲ့ ဓားထိုးခံထားရတဲ့ ဒဏ်ရာတွေကို ကုသပေးလိုက်ရတယ်လို့ ထုတ်ပြောခဲ့လို့ ၂၀၁၄ ခုနှစ်မှာ ရခိုင်ပြည်နယ် ကနေ (နောက် ပိုင်းမှာ တစ်ပြည်လုံးကနေ) မောင်းထုတ်ခံလိုက်ရတယ်။

ဒုက္ခသည် စခန်းက အိမ်သာတွေကလည်း စုပေါင်းအိမ်သာတွေသာဖြစ်ကြပြီး ဒုက္ခသည်စခန်းရဲ့ အပြင်ဖက်မှာပဲ တည်ရှိပါတယ်။ စုပေါင်းနေတဲ့အဆောင်တွေကနေ ခပ်ဝေးဝေးသွားရလို့၊ ကျွန်မထင်ပါတယ်လေ- မိန်းမတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒုက္ခသည်စခန်းက ထွက်သွားရင် အကြမ်းဖက်ခံရမှာကို စိုးရွံပြီး လူတွေက အတော်လေးကို ကြောက်နေရရှာတယ်။ သူတို့ ကြောက်လည်းကြောက်စရာပဲလေ- စစ်တွေဘက်ကို အရဲစွန့်ပီးထွက်တဲ့သူတွေဆိုရင် ရက်ရက်စက်စက် အတိုက်ခံရတာကို ကျွန်မတို့ရဲ့ ကွင်းဆင်းလေ့လာမှုတွေက ဖော်ပြနေတယ်။

ကျွန်မတို့မြင်တွေ့ခဲ့တဲ့ လူတွေဟာဆိုရင် စိတ်ဓာတ်တွေ အကြီးကျယ်ကျနေကြတယ်။ လိုအပ်တာထက် ပိုလျှံနေတဲ့ တဲအိမ် တွေထဲကို ကျွန်မတို့ ရောက်သွားတဲ့အခါ၊ လူတွေဟာ ဘာမှလုပ်စရာလည်းမရှိ၊ ၀င်ငွေရဖို့ အလုပ်ကိုင်လည်းမရှိ၊ တည်ခင်းဖို့လည်း အစားအစာလည်းမရှိ၊ ဘယ်မှ သွားစရာလည်စရာလည်း မရှိလို့ လူတွေ ကြမ်းပြင်ပေါ်မှာ ဒီအတိုင်းပဲ လှဲနေကြရရှာတယ်။ အမှန်စင်စစ်၊ သူတို့ တစ်ခုခုလုပ်ဖို့အတွက် သူတို့မှာဘာဆိုဘာမှ အခွင့်လမ်းလည်းမရှိဘူး။ အဖက်ဖက်က ကြည့် ရင်၊ Giorgio Agamben သုံးနှုန်းထားတဲ့ "ဗလာလက်မဲ့ဘ၀" ကို ကျမတို့ မူလလက်ရာအတိုင်း မျက်ဝါးထင်ထင် မြင်တွေ့ နေရသလိုပဲ။

နယ်ဗီးဂေါ်ဒန် ။ ။ ၂၀၁၅-ခင်ဗျားရေးသားတဲ့ အစီရင်ခံစာမှာ ရိုဟင်ဂျာတွေဟာ ဂျင်နိုဆိုဒ်- ခြိမ်းခြောက်ခံနေရပီ ဆိုပီး ခင်ဗျားရေးသားခဲ့တယ်။ အမှန်တကယ် ကျနော်တို့ လက်ရှိမှာ မြင်တွေ့နေရတာက ဂျီနိုဆိုဒ် ကို အဆင့်ဆင့် သွားနေတာလား? ဒါမှမဟုတ် ‘လူမျိုးတုန်း ရှင်းလင်းမှု’ (“ethnic cleansing” ) ဆိုတဲ့ အသုံးအနှုန်းနဲ့ ပိုသင့်တော်မယ်လို့ ခင်ဗျား ထင်ပါသလား။ ဒါကို ဘာကြောင့် ကျွန်တော် မေးရသလဲဆိုတော့ ကုလသမဂ္ဂရဲ့ ပြောကြားချက်အရ၊ ‘လူမျိုးတုန်း ရှင်းလင်းမှု’ ဆိုတာ “သက်ဆိုင်ရာဒေသတူ မှီတင်းနေထိုင်ကြတဲ့ လူမျိုးစုတစ်စု (ဒါမှမဟုတ်) ဘာသာရေးအုပ်စုတစ်စုရဲ့ အရပ်သား တွေကို အကြမ်းဖက်ခြင်း၊ ကြောက် မက်ဖွယ် လှုံ့ဆော်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ ဖယ်ရှားရှင်းလင်းပစ်ဖို့ နောက် လူမျိုးစု တစ်စု (ဒါမှမဟုတ်) ဘာသာရေး အုပ်စု တစ်စုကနေ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးနည်းအရ တမင်တကာ ကြံစည်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ပါ။ နောက်တစ်နည်းပြောရယင်၊ အကြမ်းဖက်မှုပါတဲ့ ‘လူမျိုးတုန်းရှင်းလင်းမှု’ဆိုတာ လူဦးရေတစ်ချို့ကိုပဲ အပြောင်ရှင်းပစ်တာလို့ ရည်ညွန်း ပါတယ်။ နောက်ပြီး သူ့မှာ အကြမ်းဖက်မှုကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ တိကျတဲ့ပမာဏက အရေးပါလေ့ရှိပါတယ်။ ဒါပေမယ့် ဂျင်နိုဆိုဒ် အကြမ်းဖက်မှုကျတော့၊ အဲဒါနဲ့ မတူတော့ဘူး။ လူဦးရေကို မျိုးဖြုတ်ပစ်တာ။ သူရဲ့ ရည်ရွယ်ချက်က ခန္ဓာကိုယ်ကိုပဲ ဦးတည်တာ၊ အရေးပါတဲ့ တိကျတဲ့ပမာဏတော့ ရှိနေပေမဲ့ နောက်ဆက်တွဲ အကျိုးဆက်အစွယ်ပွားလေးတော့ ရှိပါတယ်။

ပယ်နီဂရင်း ။ ။‘လူမျိုးတုန်း ရှင်းလင်းမှု’ဆိုတဲ့ ဝေါဟာရမှာ အတော်တော်များများ ပြဿနာရှိပါတယ်။ ပထမ သူ့မှာ တရားဝင် အားကိုးအားထား လက်ကိုင်ပြုစရာ ဘာတစ်ခုမှမရှိပါဘူး။ မြန်မာနိုင်ငံမှာ သူတို့ မြင်တွေ့နေရတာတွေကို ‘လူမျိုး တုန်းရှင်းလင်းမှု’ လို့ ပြောလိုက်ရင် နိုင်ငံခြားအစိုးရများအတွက် အတော်လေးလွယ်ကူစေပါတယ်၊ အကြောင်းကတော့ သူတို့ ၀င်ရောက် စွက်ဖက်စရာလည်းမလိုဘူး၊ ထိုနည်းတူစွာပဲ သူတို့ အကြမ်းဖက်မှုကိုကာကွယ်ဖို့ နဲ့ ရိုဟင်ဂျာတွေကို အကာကွယ်ပေးဖို့၊ အကြမ်းဖက်တဲ့ လက်သည်တွေကိုရှာပီး အပစ်ပေးဖို့ တာဝန်မရှိတော့လို့ပါပဲ။ နောက်ထပ်ပြဿနာက ‘လူမျိုးတုန်း ရှင်းလင်းမှု’ဆိုတာဟာ ဘောစနီးယား မွတ်စလင်တွေကို လူမျိုးပြုတ်သွားအောင် တိုက်ခိုက်တဲ့ကိစ္စရပ်တွေမှာ အကာကွယ်ယူဖို့ ဆလိုဘိုဒန် မီလော့ဆီဗစ် ကိုယ်တိုင်က ကနဦးကျင့်သုံးခဲ့တဲ့ စကားလုံးပါ။ ဒါဟာ ပြစ်မှုကျူးလွန်တဲ့သူက သုံးတဲ့ စကားလုံးဖြစ်ပါတယ်။

Raphael Lemkin က ဂျင်နိုဆိုဒ်ဆိုတဲ့ဝေါဟာရကို သူစတင် တီထွင်ခဲ့စဉ်အခါတုန်းက အဲဒါကိုသုံးပီး နိုင်ငံတကာ ဥပဒေ တစ်ခု ဖြစ်လာအောင် မိတ်ဆက်ပေးဖို့ သူတိုက်ပွဲဝင်ခဲ့စဉ်အခါမှာ ဂျင်နိုဆိုဒ်ဆိုတာဟာ ဆင့်ကဲဖြစ်စဉ် တစ်ခုဆိုတာကို သူ နားလည်လာခဲ့ပါတယ်။ ဂျင်နိုဆိုဒ်ဆိုတာ နှိမ်ချဆက်ဆံခြင်းတို့၊ လူမဆန်အောင်ပြုမှုခြင်းတို့ စတဲ့ အလေ့ထတွေနဲ့ အစပျိုးတယ်။ အဲဒါကို ကျွန်မတို့ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာကြာအောင် မြင်တွေ့လာခဲ့ပြီးဖြစ်တယ်။ ရိုဟင်ဂျာတွေကို ကိုယ့်တိုင်းပြည်နဲ့မဆိုင်တဲ့ ‘သူစိမ်းတစ်ရံဆာတွေ’လို့ မြင်လာအောင်ဖန်တီးခဲ့တဲ့ ဖြစ်စဉ်မှာ၊ နှိမ်ချ ဆက်ဆံခြင်းကို ဆက်လက် လုပ်ဆောင်မြဲ လုပ်ဆောင်ရေင်း ဒုက္ခပေးတဲ့အဆင့်ကို ရောက်လာပါတယ်။ အဲဒီအဆင့်မှာ အများပြည်သူနဲ့သက်ဆိုင်တဲ့ အခွင့်ရေးများ (civil rights) - ဥပမာ- မဲပေးပိုင်ခွင့်တို့၊ တစ်နေရာမှ တစ်နေရာကို ခရီးသွားခွင့်တို့၊ နောက်ပြီး မိမိစိတ် ကြိုက် ကလေးယူပိုင်ခွင့်တို့ - ကို တဖြည်းဖြည်းချင်းနဲ့ ဖယ်ရှားပစ်လိုက်ပါတယ်။ ရိုဟင်ဂျာတွေဟာ ဒီအခွင့်ရေးတွေကိုလည်း ငြင်ပယ်ခြင်းခံရတဲ့အပြင် အခြားမြောက်မြားစွာသော အခွင့်ရေးများကိုလည်း လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ ဒုက္ခပေးခံရတဲ့အဆင့် ရောက်လာတော့၊ ကြိုကြားကြိုကြားတိုက်ခိုက်မှုတွေကို ကျွန်မတို့ မကြာခဏ ဆိုသလို မြင်တွေ့လာ ရပါတယ်။ ပစ်မှတ်ထားခံရတဲ့ အုပ်စုကို အကြမ်းဖက်ရာမှာ ဒေသခံလူအင်အားတွေ နဲ့ ချိတ်ဆက်ပြီး အကြမ်းဖက်မှုကို စမ်းသပ်လာပါတယ်။ ကျွန်မ စောစောက ရှင်းပြခဲ့သလိုပဲ၊ ၂၀၁၂ ခုနှစ်မှာ ရခိုင်တိုင်းရင်းသားတွေ ဦးဆောင်တဲ့ အကြမ်းဖက်မှုတွေကြောင့်၊ ရိုဟင်ဂျာတွေဟာ စုပေါင်းထားမယ့် မြေကွက်လပ်တွေထဲကို အတင်းမောင်းသွင်းခံလိုက်ရပြီး ကျန်ရှိ ရခိုင် အသိုင်းဝိုင်းရဲ့ မြင်ကွင်းထဲကနေ ဖယ်ရှားပစ်လိုက်ပါတော့တယ်။ သူတို့ဟာ လုံးဝကို အထီးကျန်သွားပါပြီ။ ရိုဟင်ဂျာတွေကို အမြစ်ပြတ်ချေမှုန်းတဲ့ လုပ်ငန်းစဉ်မှာ ဒေသခံတွေအနေနဲ့ အေးအေး ဆေးဆေး နာခံပီး တက်တက်ကြွကြွ ပါဝင်ဖို့အတွက် ဒီလိုအလေ့ထတွေအားလုံးဟာ မဖြစ်မနေ လိုအပ်ပါတယ်။

၁၉၃၀-မှာ ဖြစ်ခဲ့တဲ့ ဂျူးလူမျိုးတို့ရဲ့သမိုင်းက ကျွန်မတို့ကို ဘာသင်ပေးခဲ့သလဲဆိုတော့ အုပ်စုတစ်စုကို အထီးကျန်ဖြစ်အောင် လုပ်ပြီးရင် စနစ်တကျ အားအင်ချိနဲ့သွားအောင်တဲ့အခါ အစားသောက် မရအောင်လုပ်ပစ်မယ်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေမရအောင် ကန့်သတ်ပစ်မယ်၊ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်လို့မရအောင် လုပ်ပစ်တဲ့အခါ - သူတို့ရဲ့ အသိုင်းဝိုင်းဟာလည်း မှန်မှန် ပြိုဆင်းသွားခဲ့ပြီး အုပ်စုဟာလည်း အလွန်အမင်း အားအင်ချိနဲ့လာပါတယ်။ ဒါဟာ ရိုဟင်ဂျာ တွေ အခုဖြစ်နေတာနဲ့ တစ်ထပ်တည်းပါပဲ။ မြန်မာအစိုးရမှာ ဒီလိုကိစ္စတွေကို တက်တက်ကြွကြွနဲ့ လုပ်ဆောင်ပေးမယ့် ၀ိုင်းဝန်းကူညီတဲ့သူ အုပ်စုတစ်စု ရှိနေပါတယ်။ ဥပမာပြရယင်၊ ရခိုင်ဒေသခံ နိုင်ငံရေးသမားတွေဟာ ၂၀၁၂ ခုနှစ် အကြမ်း ဖက်ဖို့အစီစဉ်ဆွဲရာမှာ ပါဝင်ပတ်သက်ခဲ့ကြပါတယ်။ သူတို့တွေက ဘတ်စ်ကားတွေကို စီစဉ်ပြီး ရခိုင်ယောင်္ကျားတွေ၊ မိန်းမတွေကို လိုက်ကောက်ခါ ရိုဟင်ဂျာအိမ်တွေ မီးရှို့ရအောင် စစ်တွေမြို့ထဲကို သယ်ဆောင်လာခဲ့တယ်ဆိုတာ ကျွန်မ တို့သိနေပါတယ်။ ISCI နဲ့ အင်တာဗျူးလုပ်ရာမှာ ဒီအစီစဉ်တွေမှာ ပါဝင်ခဲ့တဲ့ ရခိုင်အမျိုးသားရေးသမားတွေက သူတို့ ခေါ်လာတဲ့ အဲဒီလူတွေ အတွက် အစားသောက်တွေ ဘယ်လို အခမဲ့ဝေပေးခဲ့ရတယ်၊ ဘယ်လို သူတို့ကို လက်နက်တပ်ဆင်ပေးခဲ့ရတယ်ဆိုတာကို ပြန်ပြောင်း ပြောပြကြပါတယ်။

ဒါတွေတင် မကသေးပါဘူး၊ ဂျင်နိုဆိုဒ်လုပ်ပြီး လူမျိုးကို အမြစ်ပြတ်ချေမှုန်းတယ်ဆိုတာဟာ လူတွေအများအပြား သေကြေပျက် စီးအောင် လုပ်တာတစ်ခုတည်းနဲ့ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ လူမျိုးနာမည်ကိုပါ ဖျက်ဆီးပစ်လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီအခြေနေကို စတင်လုပ်ဆောင်နေပီ ဖြစ်ပါတယ်။ တစ်နှစ်ခွဲကျော်လောက် ၀န်ကြီးချုပ်ရာထူးနဲ့ ညီမျှတဲ့ ရာထူးတစ်နေရာကို ရယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် သံအမတ်ကို သူမရဲ့ ရုံးကို ခေါ်ပြီး ရိုဟင်ဂျာလို့ မခေါ်ဖို့ ခေါ်ပြောပါတယ်။ ထိုနည်းတူစွာပဲ၊ ကျွန်မတို့အဖွဲ့ကြီးကို မြန်မာပြည်မှာ အလုပ်လုပ်ခွင့်ပေးခဲ့စဉ်တုန်းက၊ ကျမတို့ဟာ ရိုဟင်ဂျာလို့ မသုံးနှုန်းဖြစ်ဖို့ အလွန်ကို ဂရုစိုက်ခဲ့ရပါတယ်။ လူမျိုး နာမည်တစ်ခုကို ပျောက်ကွယ်သွားအောင်လုပ်တဲ့ ဒီဖြစ်စဉ်ဟာ လမ်ကင်း Lemkin ရဲ့ ဂျင်နိုဆိုဒ်အသုံးနှုန်းနဲ့ တစ်ထပ်တည်းပါပဲ။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ကနေ စပြီး ဒီဖြစ်စဉ်ကြီးတစ်ခုလုံးဟာ ဇာတ်ရှိန်မြင့်တက်လာခဲ့ပါတယ်။ ကျွန်မ နားလည်ထားသလောက်ဆိုရင်၊ မြန်မာအစိုးရက ငြင်းဆန်နေပေမယ့် ကျေးရွာတွေ ဆက်လက်ဖျက်ဆီးခံနေရပါတယ်။ လူဘယ်လောက်သေသလဲဆိုတာ ကျွန်မတို့ အခုထိ မသိသေးပါဘူး၊ ဒါပေမယ့် ထောင်နဲ့ချီ သေတယ်ဆိုတာကလည်း ယုံမှား သံသယဖြစ်စရာ မရှိပါဘူး။ နဖ်မြစ်ကို ဖြတ်ပြီး လူသန်းတစ်ဝက်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးသွား ခဲ့ရပါတယ်။ လူအများစုကြီး နားမလည်တာက ယခင် ၂၀၁၂ မတိုင်ခင်တုန်းကတည်းက ထွက်ပြေးသွားကြတဲ့ လူ ခုနှစ်သိန်းလောက် ကို လူငါးသိန်းလောက်က သွားပေါင်းကြတာပဲ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နဖ်မြစ်တကြောမှာ၊ ရိုဟင်ဂျာ တစ်သန်း ကျော်ဟာ စိုးရိမ်ထိတ်လန့်ပြီး စာရင်းသွင်းမှတ်တမ်းတင်ခြင်းမခံရပဲ ဒုက္ခသည်စခန်းတွေမှာ ဖြစ်သလို နေထိုင်နေရသလိုပဲ လူပေါင်း သိန်းဂဏန်းနဲနဲခန့်ဟာလည်း ရခိုင်ဒေသမှာ ဖြစ်သလို နေထိုင်နေရပါတယ်။

ရှုထောင့်အမျိုးမျိုးအရ ကြည့်ရင်၊ မြန်မာနိုင်ငံဟာ ဂျင်နိုဆိုဒ် အောင်မြင်နေပါတယ်။ ရခိုင်ဒေသမှာ နေထိုင်နေတဲ့ ရိုဟင် ဂျာတွေကို လူတွေက ဘင်္ဂါလီလို့သာ ခေါ်ဆိုကြပါတယ်။ ဘင်္ဂါလီဆိုတဲ့ ဝေါဟာရဟာ တရားမ၀င် ၀င်ရောက်လာသူများ အဖြစ် မြန်မာပြည်က သတ်မှတ်ပါတယ်။ အခုကျွန်မတို့ မြင်တွေ့နေရတာတွေက ရိုဟင်ဂျာတွေရဲ့ အမည်နာမ၊ ကိုယ်ပိုင် လက္ခဏာတွေကို ဖျောက်ဖျက်ပစ်လိုက်ပြီးတဲ့အခါမှာ လူမှုရေးအရ အသစ်ပြန်လည်ဖွဲ့လည်းလိုက်တာပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖွားသေစာရင်းပြောင်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ အစိုးရက နေရာချထားပေးတဲ့ နတလ ရွာတွေမှာ ဗုဒ္ဓဘာသာ အကျဉ်းသားဟောင်းတွေကို ပြန်ပြီး နေရာချထားပေးလိုက်ပါတယ်။ အဲဒီ ဒေသမှာ ထွက်မပြေးပဲကျန်နေတဲ့ ရိုဟင်ဂျာတွေနဲ့ အမြဲတမ်း ပြဿနာတက်ပြီး ရန်လိုတဲ့ အသိုင်းဝိုင်းတစ်ခုကို အမြဲဖန်တီးထားဖို့ပဲ ဖြစ်ပါတယ်။

နဗီးဂေါ်ဒန် ။ ။ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေတဲ့အပေါ် ကမ္ဘာကြီးက ပြစ်တင်ရှုံ့ချနေပါတယ်။ ရိုဟင်ဂျာတွေ ကို အကြမ်းဖက်မှုအသစ်ကိစ္စမှာ သူမရဲ့ အခန်းကဏ္ဍကို နည်းနည်းလောက်ဖြစ်ဖြစ် ခင်ဗျားဘယ်လိုမြင်ပါသလဲ။

ပယ်နီဂရင်း ။ ။ နှုတ်ဆိတ်ပြီးနေပါတယ်ဆိုတဲ့ အဲဒီအယူဆကို ကျွန်မ စိန်ခေါ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ်တော့ နှုတ်ပိတ်ပြီး မနေခဲ့ပါဘူး။ လမ်းတစ်လျှောက်ခြေလှမ်းတိုင်းမှာ သူမဟာ ပွဲစားတစ်ယောက်လို ကျင့်သုံးတဲ့ သူပါ။ ကြောက်စရာကောင်းတဲ့ ဂျင်နိုဆိုဒ်ရာဇ၀တ်မှု့မှာ သူမကိုယ်တိုင် ပါဝင်ကျူးလွန်ခဲ့သူတစ်ယောက်အဖြစ် သူမကို စဉ်းစားဖို့ အနောက်တိုင်းက လူတွေအတွက် ဘယ်လောက်အထိ ခက်ခဲမယ်ဆိုတာ ကျွန်မသိပါတယ်။ သူမဟာ နိုဗယ်လ်ဆုရှင်တစ်ယောက်၊ ကွန်ကရက်ကပေးတဲ့ရွှေတံဆိပ်ဆုရှင်တစ်ယောက်နဲ့ အခြား ဂုဏ်ပြုဆုပေါင်းများစွာကိုလည်း ရရှိထားသူ တစ်ယောက် ဖြစ်နေပြန်ပါတယ်။ ဟင်နရီ ကစ်ဆင်ဂျာဆိုရင် နိုဗယ်လ်ဆုရှင်တစ်ယောက်ဖြစ်ပေမဲ့ ကမ္ဘောဒီးယားမှာ ဗုံးခွဲတဲ့ လက်သည်ဖြစ်နေတာကိုလည်း ကျွန်မတို့ မမေ့သင့်ပါဘူး။ လွန်ခဲ့တဲ့ ၁၉ လကစပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ၀န်ကြီးချုပ်ရာထူးနဲ့ ညီမျှတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ရထားတယ်ဆိုတာ နှလုံးသွင်းထားဖို့ အရေးကြီး ပါတယ်။ အများပြောနေကြသလို သူမဟာ မြန်မာနိုင်ငံမှာ အရေးသိပ်မပါလှတဲ့ ပါဝါမရှိတဲ့ ခေါင်းဆောင်တစ်ယောက် ဆိုတာတော့ မဟုတ်ပါဘူး။

သူမရဲ့ အာဏာသက်တမ်းအတွင်းမှာ၊ ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို သူမ တစ်ကြိမ်တစ်ခါမှ မဝေဖန်ခဲ့ဖူးပါဘူး။ အကြမ်းဖက်မှုအားလုံးကို ရှုတ်ချပါတယ်။ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ရှုတ်ချပါတယ်လို့ ဒီလောက်ပဲပြောတယ်။ သူပြောတာများ မသိရင် မျိုးနွယ်စုနှစ်ခုက စနစ်တကျနဲ့ တစ်ဖက်နဲ့တစ်ဖက်ပဋိပက္ခတွေဖြစ်နေသလိုလို……… ကျွန်မ အဲဒါကို ‘ပဋိပက္ခ’လို့ ဘယ်တော့မှ မခေါ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ သီးသန့်လူမျိုးတစ်မျိုးကို ပစ်မှတ်ထားပြီးတော့ တစ်ဖက်သတ် အမြစ်ပြတ်သုတ်သင်ချေမှုန်းနေတာ။ သူမဟာ၊ ကျွန်မ အရင်ကပြောခဲ့သလိုပဲ၊ အမေရိကန်သံအမတ်ကို ခေါ် တယ်၊ သူနဲ့ တစ်ခြား သံတမန်တွေအားလုံးကိုလည်း ရိုဟင်ဂျာဆိုတဲ့ အသုံးနှုန်းကို မသုံးဖို့ ခေါ်ပြောတယ်။ ရိုဟင်ဂျာတွေကို ဖျက်ဆီးပစ်ဖို့ အမုန်းတရားတော်တွေကို ဟောကြားနေတဲ့ ဘုန်းတော်ကြီးတွေကျတော့ သူမဘယ်တော့မှ ရှုတ်ချမှုတွေ မလုပ်ဘူး။ ရခိုင်မြောက်ပိုင်း အခြေနေတွေနဲ့ ပတ်သက်လာရင် သူမ အမြဲမပြတ် လိမ်နေတတ်တယ်။ တစ်ဖက်မှာလည်း အဲဒီဒေသကို အရောက်သွားချင်တဲ့ နိုင်ငံတကာအသိုင်းဝိုင်းကို အဆက်မပြတ် ငြင်းဆန်လွှတ်တယ်။ ပြီးတော့ သူမရဲ့ အစိုးရက ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို အပစ်ဖုံးကွယ်ပေးတဲ့ အနေနဲ့ သူမကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ပတ်သတ် နေတယ်။

ဒါပေမဲ့ လက်ရှိအရေးအခင်း မဖြစ်ခင်မှာတောင်၊ အကြမ်းဖက်မှုကို မျိုးစေ့ချထားပေးတဲ့သူတွေအထဲမှာ သူမလည်း ပါ၊ပါတယ်။ အရင်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မွတ်စလင် လွှတ်တော်အမတ်တွေ ပါခဲ့ပေမယ့်လည်း၊ ၂၀၁၅ ရွေးကောက်ပွဲ မှာတော့ ပါတီစာရင်းကနေ မွတ်စလင်ရွေးချယ်ခံတွေကို ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ငြင်းဆန်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ သူမကို ထောက်ခံတဲ့ အစ္စလာမ်မုန်းတီးတဲ့ မဲဆန္ဒရှင်အသိုင်းအ၀ိုင်းကို ကျောသပ်ရင်သပ် လုပ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ၂၀၁၇ မှာ၊ ကုလသမဂ္ဂကနေ ထုတ်ပြန်တဲ့ လောလောလတ်လတ် အစီရင်ခံစာထဲမှာ မြန်မာ့လုံခြုံရေးတပ်သားတွေက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့တယ်၊ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ အထောက်ထားတွေကို ထုတ်ပြန်ပြီးတဲ့နောက်မှာ အောင်ဆန်းစုကြည်ရုံး ကနေ ဒါတွေဟာ သတင်းတုတွေ “fake news” ၊ ဒါတွေဟာ မုဒိန်းတုတွေ“fake rape” ပါ ဆိုပြီး ကြေညာခဲ့ပါတယ်။ ဒါဟာ ဒေါ်နယ်ထရမ့်က ဒီဝေါဟာရကို အသုံးပြုနေတဲ့ အချိန်နဲ့ တစ်ထပ်တည်းပါပဲ။

များမကြာမီက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုသံသရာဟာ ဒီကုန်လွန်သွားတဲ့ သြဂုတ်လထဲမှာ စတင်ဖြစ်လာတဲ့အခါ၊ သူမရဲ့ ရုံး ဖေ့ဘုတ်ကနေ နိုင်ငံတကာ အသိုင်းဝိုင်းတွေဟာ အကြမ်းဖက်သမားတွေကို အားပေးကူညီနေတယ်၊ သူတို့ မကောင်းမှု ကျူးလွန်နေတာကို အားပေးအားမြောက်ပြုနေတယ်ဆိုပြီး ရယ်စရာကောင်းတဲ့ မဟုတ်ကဟုတ်ကတွေကို ရေးသားခဲ့ပါတယ်။ သြဂုတ်လတုန်းက နယ်ခြားစောင့်ကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ အာဆာ (Arakan Rohingya Salvation Army ) တပ်မတော်ကို သူမက ရည်ညွန်းခဲ့တာဖြစ်ပါတယ်။ သူမပြောခဲ့တဲ့ အကျိုးဆက်ကြောင့်၊ လူသားချင်း စာနာတဲ့ အကူညီပေးရေး အေဂျင်စီတွေအားလုံးဟာ ရခိုင်ပြည်နယ်ထဲက မောင်းထုတ်ခံလိုက်ရပါတယ်။ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဟာ ရက်သတ္တပတ် ပေါင်းများစွာ အစားသောက်တွေ ပေးမယ့်ကမ်းမယ့် သူမရှိဘဲနဲ့ စွန့်ထားခံ လိုက်ရပါတယ်- နောက်ထပ်လုပ်ရပ်တစ်ခုက လူအစုလိုက် အပြုံလိုက် စွန့်ခွာထွက်ပြေးသွားတဲ့ အခြေနေတွေ ဆိုက်ရောက်လာတော့တာပဲ။ သူမဟာလည်း အမြဲတမ်း စစ်တပ်နဲ့ တစ်သမတ်တည်း၊ သူမကိုယ်သူမ စစ်တပ်နဲ့ တစ်သားတည်းထားပြီး တော့ ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်တဲ့ စစ်တပ်ရဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချဖို့ ငြင်းဆန်နေခဲ့တာ ဖြစ်ပါတယ်။

သူမနဲ့ တပ်မတော် မိတ်ဖက်ဆက်ဆံရေးဟာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ စစ်အာဏာသိမ်းခေါင်းဆောင်တွေကို နှစ်ပေါင်းများစွာ ဆန့်ကျင်ရပ်တည်ခဲ့သူတစ်ဦးအဖြစ် အနောက်တိုင်းနိုင်ငံတွေက သူမကို သတ်မှတ်ထားပါတယ်။ သူမရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းဆိုသူဟာလည်း ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရရှိအောင် ဦးဆောင်ကြိုးပမ်းခဲ့တယ်ဆိုတာ ကျွန်မတို့ သိထားဖို့ လိုပါတယ်။ ဒါကြောင့်မို့ စစ်တပ်နဲ့ သူမရဲ့မိသားစုဟာ သမိုင်းကြောင်းရ ချိတ်ဆက်မှုရှိနေပါတယ်။ သူမဟာ ဗမာပြည်က ဗုဒ္ဓဘာသာ ဆွေကြီးမျိုးကြီးထဲက ဗမာတစ်ယောက်ဖြစ်ပါတယ်။ အမှန်စင်စစ် သူမဟာ နေအိမ် အကျယ်ချုပ် ဘ၀နဲ့ ၁၅ နှစ်တိတိ နေခဲ့ရသူဖြစ်ပေမယ့်လည်း အင်းယားကန်ဘေးက အင်မတန်လှပတဲ့ အိမ်လေးထဲမှာ နေခဲ့ရသူဖြစ်ပါတယ်။ သူမကို အကျဉ်းချခဲ့တာ စစ်အာဏာသိမ်းခေါင်းဆောင်တွေဖြစ်ပေမယ့် သူမ အကျဉ်းစံဘ၀ကနေ လွတ်မြောက်ပြီး သိပ်မကြာခင်မှာပဲ သူမဟာ မြန်မာစစ်တပ်ကို ချစ်မြတ်နိုးတဲ့အကြောင်း တိုင်းသိပြည်သိကြေညာခဲ့ပါတယ်။ ဒီလို သိသာထင်ရှားတဲ့ ၀ိရောဓိဖြစ်မှုကို ဘယ်သူတစ်ယောက်လာပြီး ရှင်းပြနိုင်မလဲ? ။

ကျွန်မရဲ့ အသိမှာတော့၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်မှကို ရည်မှန်းချက်ကြီးတယ်၊ သူမရဲ့ ကနဦး ရည်မှန်း ချက်က နိုင်ငံတော်သမ္မတ ဖြစ်ရေးပါ- အဲဒါကို ရဖို့အတွက်ဆိုရင် သူမ ဘာပဲလုပ်ရလုပ်ရ လုံးဝကိုရက်စက်တဲ့ နိုင်ငံရေး သမားတစ်ဦးပါ။ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ။ သူမဟာ အင်္ဂလန် နိုင်ငံသားတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး သား နှစ်ယောက်ဟာလည်း ယူကေမှာမွေးတာကြောင့် သူမအနေနဲ့ နိုင်ငံတော်သမ္မတ ဖြစ်ခွင့်မရှိပါဘူး။ သူမ သွားနေတဲ့ နိုင်ငံရေးကြိုးပမ်းမှု အလုံးစုံဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်သာ အကွက်ချစီစဉ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ၊ ဘာပဲဖြစ်ဖြစ်လေ၊ စစ်တပ်ရဲ့ ကူညီပံ့ပိုးမှုမပါပဲ မဖြစ်နိုင်ဘူး။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်၊ သူမ စေ့စပ် ညှိနှိုင်းခဲ့တဲ့ သဘောတူညီမှုတွေအရ စစ်တပ်က ပါလီမန်မှာ ၂၅ ရာခိုင်နှုန်း ရာထူး ထိမ်းသိမ်းထားပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲဖို့ဆိုရင် ၇၅ ရာခိုင်နှုန်းနဲ့အထက် သဘောတူမှ ရပါလိမ့်မယ်။ တစ်နည်းဆိုရယင် စစ်တပ်မပါပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြောင်းလဲနိုင်ပါဘူး။ အဲဒီရဲ့ အကျိုးဆက်ကြောင့်၊ သူမအနေနဲ့ စစ်တပ်ကို ပြစ်တင်ဝေဖန်ဖို့ ငြင်းဆန်ခဲ့ရုံ သာမက၊ အဓိက ၀န်ကြီးဌာန သုံးခုဖြစ်တဲ့ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်စည်ပင်လို နေရာမျိုးတွေမှာ စစ်တပ်ကို ဆက်လက်ထိမ်းချုပ်ခွင့် ပေးလိုက်ရတာပဲဖြစ်ပါတယ်။ နောက်တစ်နည်းပြောရယင်၊ သူမနဲ့ ရန်သူတော်တွေဖြစ် ခဲ့တဲ့ သူတွေနဲ့ သူမဟာ မသူတော်တွေနဲ့မဟာမိတ်ဖွဲ့ခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လိုလိုလားလား အနစ်နာခံပေးဆပ်လိုက်ရတာတွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာမှ ရိုဟင်ဂျာတွေကို အမြစ်ပြတ်ချေမှုန်းပစ်ရေးဟာလည်း တစ်ခုအပါဝင် ဖြစ်ပါတယ်။

The Nation မှ A Hero Turned Villain: Aung San Suu Kyi and the Annihilation of Myanmar’s Rohingya ကို ဘာသာပြန်ဆိုထားပါသည်။

Rohingya Eye
RB News
26.10.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စုသို့ မြို့နယ် လ.၀.က အဖွဲ့နှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်းအဖွဲ့ လာရောက်၍ NVC အတင်းအဓမ္မ ထုတ်ပေးနေခြင်းကြောင့် ဒေသခံရိုဟင်ဂျာများ တဖက်နိုင်ငံသို့ ထွက်ပြေးလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ယနေ့ အောက်တိုဘာလ (၂၆) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ် လ.၀.က ဦးစီးမှူး ဦးအောင်ကျော်စိန် ဦးဆောင်သည့် လ.၀.က အဖွဲ့နှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု ဂူးနာရွာရှိ မူလတန်းကျောင်းသို့ ရောက်ရှိလာခဲ့သည်။ 

၎င်းတို့သည် လမ်းမှ ဖြတ်သန်းသွားသည့် ရိုဟင်ဂျာကလေးငယ် အသက် ၁၀ နှစ်အထက်များကို အတင်းအဓမ္မ ခေါ်၍ NVC ထုတ်ပေးခဲ့ကြောင်း၊ အောက်တိုဘာလ (၁၂) ရက်နေ့မှစ၍ ယင်းကျေးရွာတွင် အဆိုပါ အဖွဲ့က NVC ကဒ်များ လာရောက် ထုတ်ပေးခဲ့သော်လည်း ယနေ့ ထုတ်ပေးသည့် ပုံစံသည် အလွန်ကြမ်းတမ်းကြေငာ်း၊ ယခုကဲ့သို့ လုပ်ရပ်ကြောင့် ဒေသခံများက ကြောက်ရွံလာပြီး ထွက်ပြေးလျက် ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ဒေသခံတစ်ဦးက “သူတို့ရဲ့ လုပ်ရပ်ကြောင့် ရွာသားအချို့  တဖက်နိုင်ငံကို ထွက်ပြေးနေတယ်။ လူတွေက အသွားအလာလည်း လုပ်လို့မရဘူး။ အလုပ်အကိုင်လည်း မရှိကြဘူး။ စိတ်ပျက်ပြီး အိုးအိမ် စွန့်ခွာပြီး သွားနေကြတာကို အတော်လေး စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့နေရတယ်” ဟု ပြောပါသည်။ 



RB News
25.10.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာမှ ရိုဟင်ဂျာလူငယ် တစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ့ အောက်တိုဘာလ (၂၅) ရက်နေ့ ၁၁ နာရီအချိန်တွင် မောင်တောမြို့နယ် ရွှေဇားကျေးရွာမှ မုစ်တာဖာကာမာလ် (ဘ) ဦးဟာဆန် (အသက် ၁၈ နှစ်) သည် ဈေးဝယ်ရန် အတွက် ရွှေဇားတံတားကို ဖြတ်သန်းသွားနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

၎င်းအား နာရီဝက်အကြာခန့် ထိန်းသိမ်းထားခဲ့ပြီး ငွေကျပ် ၃ သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ရဲတပ်ဖွဲ့ဝင်များက ၎င်းအား နောက်နောင် NVC ကဒ်မပါဘဲ မလာရန်၊ လာရောက်ပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

ရွှေဇားတံတားကို သြဂုတ်လ (၂၅) ရက်နေ့မှ စ၍ ပိတ်ထားခဲ့ပြီး လွန်ခဲ့သော ၃ ရက်ခန့်မှစ၍ ကားများဖြင့် ဒေသခံအချို့ ဖြတ်သန်းသွားလာကြောင်း ဒေသခံများက ပြောပါသည်။


MYARF
RB News
25.10.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခရိုင်အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်၍ ခြိမ်းခြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များတွင် မီးရှို့ခံခဲ့ရသည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများကို မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ယနေ့ အောက်တိုဘာလ (၂၅) ရက်နေ့တွင် ဆင့်ခေါ်၍ အစည်းအဝေး တစ်ရပ်ကျင်းပခဲ့သည်။ 

အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံတကာ အဖွဲ့အစည်းများ မောင်တောနှင့် ဘူးသီးတောင်မြို့နယ် များသို့ မကြာခင် လာရောက်နိုင်ကြောင်း၊ ၎င်းတို့ ရောက်ရှိလာပါက မီးရှို့ခဲ့မှုနှင့် ပတ်သက်၍ မေးမြန်းလာလျှင် ARSA အဖွဲ့က မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဖြေကြားရမည် ဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံသို့ ကူးသွားသူများကိုလည်း ARSA အဖွဲ့က ခြိမ်းခြောက်သည့် အတွက် ထွက်ပြေးသွားသည်ဟု ဖြေကြားရမည် ဖြစ်ကြောင်း၊ အကယ်၍ မှာကြားသည့် အတိုင်း မဖြေဆိုပါက “ကျန်တဲ့ ရွာတွေ ဘယ်လိုဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ပေါ့” ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

သြဂုတ်လ (၂၅) ရက်နေ့ နံနက် အစောပိုင်းတွင် ARSA အဖွဲ့က နယ်ခြားစောင့်ရဲစခန်းများကို ၀င်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ ရိုဟင်ဂျာရွာ ၂၈၈ ရွာ မီးရှို့ဖျက်ဆီးခဲ့သည်။ မြန်မာစစ်တပ်၏ လူမဆန်စွာ သတ်ဖြတ်မှုကြောင့် အနည်းဆုံး ရိုဟင်ဂျာအရပ်သား ၄ ထောင်နီးပါး သေဆုံးခဲ့ရပြီး၊ ယနေ့အချိန်ထိ ၆၃၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေရသည်။

(ဓါတ်ပုံ HRW)
RB News
23.10.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးရွာမှ ဒေသခံရိုဟင်ဂျာများကို တပ်ရင်း ၅၅၂ သို့ခေါ်ဆောင်သွားပြီး အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

အောက်တိုဘာလ (၂၂) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စု အမှတ် (၅) ရပ်ကွက်မှ ဦးဟာဘီစ်ရာမာန် အပါအ၀င် ဒေသခံရိုဟင်ဂျာ (၁၀) ဦးကို အာဏာပိုင်များက တပ်ရင်း (၅၅၂) သို့ခေါ်ဆောင်သွားပြီး စစ်သားများက ရွာများကို မီးရှို့ခဲ့ခြင်း မရှိခဲ့ကြောင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပစ္စည်းများ လုယက်သွားခြင်း မရှိခဲ့ကြောင်း၊ ARSA အဖွဲ့ကသာ ပြုလုပ်ခဲ့ခြင်းကို ရွာသားများက တွေ့ရှိခဲ့သည်ဟု အတင်းအဓမ္မ လက်မှတ်ထိုးခိုင်း၍ ဗီဒီယို ရိုက်ကူးမှတ်တမ်းယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ယခုကဲ့သို့ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းမှုများကို အခြားကျေးရွာများတွင်လည်း ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ 



(ဓါတ်ပုံ Reuters)

ဇော်ဝင်း (၈၈ ဗကသကျောင်းသားဟောင်း) ရေးသားသည်။
21.10.2017

ရခိုင်ပြည်နယ်ဟာ မဟာဗျူဟာအရအရေးပါတယ်ဆိုတာ အားလုံးသိကြပြီး ဖြစ်မှာပါ။ တရုတ်ရဲ့ အမြွှာပိုက်လိုင်းရှိတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းရှိတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုံရှိတယ်။ အမြွှာပိုက်လိုင်းဟာ မြန်မာနိုင်ငံကရေနံနဲ့ ဓာတ်ငွေ့ကို တင်ပို့ဖို့သက်သက် မဟုတ်ဘူး။ အာဖရိ၊ အရှေ့အလယ်ပိုင်းအပါအဝင် ကမ္ဘာတဝန်းက တရုတ်ရေနံမှန်သမျှကို တင်ပို့ဖို့ဖြစ်တယ်။

အရင်က တရုတ်ရေနံနဲ့ ဓာတ်ငွေ့တွေဟာ မလက္ကာရေလက်ကြားကို ဖြတ်ပြီး တင်ပို့နေရတာဖြစ်တယ်။ အခုမလက္ကာရေလက်ကြားကို ဖြတ်စရာ မလိုတော့ တရုတ်အတွက် ကီလိုမီတာ ၅၀၀၀ (မိုင်ပေါင်း ၃၀၀၀ ကျော်) သက်သာသွားတယ်။ ဒါ့အပြင် မလက္ကာရေလက်ကြားဟာ အမေရိကန်ရဲ့ စစ်ရေးစိုးမိုးမှု အောက်မှာရှိတယ်။ မလက္ကာရေလက်ကြားကို မှီခိုနေရတာဟာ တရုတ်အနေနဲ့ အမေရိကန်ရဲ့ စစ်ရေးခြိမ်းခြောက်မှုအောက်မှာ အမြဲကျရောက်နေရသလိုဖြစ်နေတယ်။ အဲဒီအခြေအနေဟာ တရုတ်အတွက် ဘယ်လိုမှ စိတ်အေးစရာမရှိဘူး။ တောင်ဆူဒန်နဲ့ ချတ်ဒ် နိုင်ငံတို့မှာ တရုတ်ဟာ အလားတူ အခြေအနေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အမေရိကန်ရဲ့လက်ချက်ကို ခံစားခဲ့ရပြီးဖြစ်တယ်။ (အမေရိကန်နဲ့ တရုတ်ရေနံလုပွဲကြောင့် ဆူဒန်နှစ်ခြမ်းကွဲခဲ့ရတာကိုလည်း ကျနော်တို့အမြဲသတိရနေသင့်တယ်။)

ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာလည်း တရုတ်အတွက် အရေးကြီးတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ တရုတ်ရဲ့ ပုလဲသွယ်စီမံကိန်းလို့ အမေရိကန်က နာမည်ပေးထားတဲ့ ပုလဲပုတီးထဲက ပုလဲတလုံးလည်း ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်က စစ်တကောင်းဆိပ်ကမ်း၊ ပါကစ္စတန်က ဂွာဒါ ဆိပ်ကမ်း၊ သီရိလင်္ကာက ကိုလံဘိုဆိပ်ကမ်းတို့ကလည်း အဲဒီပုလဲပုတီးထဲက တခြားပုလဲလုံးတွေ ဖြစ်တယ်။ အဲဒီပုလဲပုတီးဟာ တရုတ်ရဲ့ ရန်သူတော် အိန္ဒိယကို ရေကြောင်းကနေ ဝိုင်းထားနိုင်မယ့် ပုလဲပုတီးလည်း ဖြစ်တယ်။ မော်လ်ဒိဗ်နဲ့ ဆိုမားလီးယားတို့လို တခြားရေကြောင်းအချက်အချာဌာနတွေကိုပါ ပေါင်းစပ်ထည့်သွင်းပြီး တရုတ်ရဲ့ စစ်ရေး၊ စီးပွားရေး ကွန်ရက်တွေနဲ့ ဆက်စပ်လိုက်ရင် တရုတ်ပြည်မကနေ ဆူဒန်ဆိပ်ကမ်းအထိရောက်အောင်ကျယ်ပြန့်တဲ့ ကွန်ရက်ကြီး တခုလည်း ဖြစ်တယ်။ ပုလဲပုတီးဟာ ခေတ်သစ်ပိုးလမ်းမကြီးလို့ခေါ်တဲ့ ရပ်ဝန်းတခု၊ လမ်းတခုရဲ့ တစိတ်တဒေသလည်း ဖြစ်တယ်။ ဒါကိုကြည့်ရင် ရခိုင်ဟာ တရုတ်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ သိသာထင်ရှားနေပါပြီ။ တဆက်တည်း စဉ်းစားဖို့ရာကတော့ တရုတ်အတွက် အရေးပါတဲ့အရာမှန်သမျှဟာ အမေရိကန်အတွက်လည်း အရေးပါတယ်ဆိုတာပါပဲ။

ကမ္ဘာမှာ ဒီနေ့ခေတ်ဖြစ်နေတဲ့ စစ်ပွဲအားလုံးဟာ ၁။ ရေနံကိုစိုးမိုးဖို့ ၂။ ပထဝီနိုင်ငံရေးဆိုင်ရာ သေနင်္ဂဗျူဟာ အချက်အချာ တွေကို စိုးမိုးဖို့အတွက် တိုက်နေတဲ့ တိုက်ပွဲတွေချည်းပဲ။ ရေနံအကျိုးစီးပွားနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ သေနင်္ဂဗျူဟာ အချက်အချာဆိုတာကလည်း တကယ်တော့ သိပ်ဆက်စပ်နေတယ်။ ပထဝီနိုင်ငံရေး ဆိုင်ရာ သေနင်္ဂဗျူဟာအရ အချက်အချာကျမကျဆိုတာကလည်း အဓိကအားဖြင့် အချက်နှစ်ချက်အပေါ် အခြေခံလေ့ရှိတယ်။ ပထမတချက်ကတော့ အင်အားကြီး နိုင်ငံတွေကို ဝိုင်းရံနေတဲ့နေရာတွေ၊ အဲဒီအင်အားကြီး နိုင်ငံတွေဆီကို လက်လှမ်းမီတဲ့ နေရာတွေဟာ သေနင်္ဂဗျူဟာအရ အရေးပါကြတယ်။ စစ်တုရင်ခုံပေါ်မှာ အရပ်ရှစ်မျက်နှာကို စိုးမိုးနိုင်အောင် အလယ်ဗဟို လေးကွက်ကို စိုးမိုးဖို့ကြိုးစားရတာနဲ့ သဘောတရား အတူတူပဲဖြစ်တယ်။ ဒုတိယအချက်ကတော့ ရေနံအမြောက်အမြားထွက်တဲ့ဒေသ သို့မဟုတ် ရေနံအမြောက်အမြားသယ်ပို့နိုင်တဲ့ လမ်းကြောင်းပေါ်ကဒေသတွေဟာလည်း သေနင်္ဂဗျူဟာအရ အချက်အချာကျတယ်။ အဲဒီသီအိုရီနဲ့ စဉ်းစားကြည့်ရင် မြန်မာနိုင်ငံဟာ သေနင်္ဂဗျူဟာအရ အချက်အချာဒေသဖြစ်ဖို့ အတွက် လိုအပ်တဲ့ အချက် နှစ်ချက်စလုံးနဲ့ ကိုက်ညီနေတယ်။

ဒီပထဝီနိုင်ငံရေးသီအိုရီဟာ ရခိုင်အရေးအပေါ်မှာ တော်တော်လေး သြဇာညောင်းတာကို သတိထားမိတယ်။ ဒီသီအိုရီအပေါ်အခြေခံစဉ်းစားကြတဲ့အခါ အမြင်နှစ်မျိုးထွက်လာတယ်။ ပထမတမျိုးကတော့ ရခိုင်မှာ တရုတ်အကျိုးစီးပွားတွေ သိပ်ရှိနေတယ်။ ဒါ့ကြောင့် တရုတ်နဲ့ စစ်အစိုးရတို့ ပေါင်းပြီး ရခိုင်ပြည် မငြိမ်မသက်ဖြစ်အောင် လုပ်တယ်၊ ရိုဟင်ဂျာပြဿနာကို ဖန်တီးတယ်ဆိုတဲ့ အမြင်ပါ။ တကယ်တော့ ဒီအမြင်ဟာ ရှေ့နောက်မညီဘူး။ ဒီအမြင်မဖြစ်နိုင်ကြောင်းကို အချက်အလက်တော်တော် များများပြပြီး သက်သေထူလို့ ရတယ်။ တရုတ်ဟာ သူ့အိမ်နီးနားမှာ ဆူဆူပူပူ ဖြစ်မှာကို မလိုလားဘူး။ ဒါက တကယ်တော့ တရုတ်တနိုင်ငံတည်း မဟုတ်ဘူး။ ဘယ်နိုင်ငံမဆိုဟာ သူတို့အိမ်နားမှာ အပူကွက် ပေါ်ထွန်းလာတာကို ကြိုက်နှစ်သက်လေ့မရှိဘူး။ ဒါကပထမအချက်။ ဒုတိယတချက်က တရုတ်ဟာ ရခိုင်ပြည်နယ်ကို စီးမိပြီးသားဖြစ်တယ်။ သူကစင်ပေါ်ကလူ။ စင်ပေါ်ကလူတို့ရဲ့ သဘာဝဟာ တည်မြဲအနေ အထား အတိုင်းရှိစေချင်ကြတယ်။ ဒါမှ သူတို့အသာစီးရထားပြီးသား အခြေအနေဟာ ကြံ့ခိုင်တောင့်တင်းမယ်။ ရခိုင်ပြည်ဆူပူခြင်းထက် ငြိမ်းချမ်းခြင်းက တရုတ်အတွက်ပိုပြီး အကျိုးရှိတယ်။ ဒါ့ကြောင့် ရခိုင်ရိုဟင်ဂျာ အရေးဟာ တရုတ်အတွက် ဘယ်လိုမှ အကျိုးဖြစ်ထွန်းစရာ အကြောင်းမရှိလို့ ရခိုင် အရေးတရုတ်ဖန်တီးတယ်ဆိုတဲ့ အမြင်ဟာ ကျိုးကြောင်းဆီလျော်တဲ့ အမြင်မဟုတ်ဘူး။

ဒုတိယအမြင်ကတော့ ရခိုင်ပြည်နယ် မငြိမ်မသက်ဖြစ်အောင် အမေရိကန်က လုပ်တယ်ဆိုတဲ့ အမြင်ဖြစ်တယ်။ ဒီအမြင်နဲ့ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင်အသံထွက်လာတာကတော့ ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒမစ်ထရီ မိုဆရာကော့ဗ် ကိုကိုးကား ရေးသားထားတဲ့ စပွတ်တနစ်သတင်းဌာနထုတ် ဆောင်းပါးဖြစ်ပါတယ်။ မိုဆရာကော့ဗ် ရဲ့အမြင်မှာ အဓိက အချက် ၃ ချက်ပါတယ်။

၁။ ဒါဟာ တရုတ်ဆန့်ကျင်ရေးကစားပွဲဖြစ်တယ်။ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ်လုပ်ထားတဲ့ ရခိုင်ဒေသကို ဝင်ပြီးနှောက်တာဖြစ်တယ်။
၂။ အရှေ့တောင်အာရှမှာ မွတ်ဆလင် အစွန်းရောက်ဝါဒကို ဓာတ်ဆီလောင်းမီးမွှေးပေးတာဖြစ်တယ်။
၃။ အာဆီယံအဖွဲ့ အတွင်းမှာ ပဋိပက္ခမျိုးစေ့ချပေးတာဖြစ်တယ်။ ( မွတ်ဆလင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ မြန်မာတို့ကို မသင့်မတင့်ဖြစ်အောင်ဖန်တီးတာဖြစ်တယ်။)

ပထမအချက် တရုတ်အကျိုးစီးပွားကို ကမောက်ကမဖြစ်အောင်လုပ်ချင်လို့ အမေရိကန်က ရခိုင်ပြည်နယ် မငြိမ်မသက်ဖြစ်အောင် လုပ်ချင်တယ်ဆိုရင် ဒါဟာ ကျိုးကြောင်းဆီလျော်တဲ့ ယူဆချက်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ရခိုင်အရေးဟာ အမေရိကန်ကစတာ ဟုတ်ရဲ့လား။ အမေရိကန်မှာ စနိုင်တဲ့ အခြေအနေရှိသလား။

ဒုတိယအချက် အရှေ့တောင် အာရှမှာ မွတ်ဆလင် အစွန်းရောက်ဝါဒကို အမေရိကန်က ဓာတ်ဆီလောင်း မီးမွှေးပေးတယ်ဆိုတဲ့ အယူအဆဟာ တာလီဘန်နဲ့ အယ်လ်ခိုင်းဒါးကို အမေရိကန်မွေးမြူသင်တန်းပေးခဲ့ပုံ နဲ့ အိုင်အက်စ်ကို အမေရိကန်တို့ စတင်လက်နက်တပ်ဆင်ပေးခဲ့ပုံ နမူနာတွေကိုကြည့်ပြီး ပြောတာဖြစ်ပုံရပါ တယ်။ ဒါပေမယ့် ARSA ကိုမွေးဖွားပေးတဲ့ လက်သည်ဟာ အမေရိကန်ဟုတ်ရဲ့လား။ အာဆာဟာ ဘယ်သူ့ကြောင့် ပေါ်ပေါက်လာရတာလဲ။

တတိယအချက် အာဆီယံထဲမှာ ပဋိပက္ခမျိုးစေ့ကို မွေးမြူပေးတယ်ဆိုတဲ့အချက်ကို သံသယရှိပါတယ်။ အာဆီယံလို အဖွဲ့အစည်းမျိုးကို အမေရိကန်က ဖျက်ဆီးလေ့မရှိပါဘူး။ တပည့်ဖြစ်လာအောင် မွေးမြူလေ့ရှိပါတယ်။

၂၀၁၁-၂၀၁၂ မှာ ရခိုင်မှာ တရုတ်မြန်မာရေနံတူးဖော်ရေးပရောဂျက်စတဲ့အချိန်မှာ ရိုဟင်ဂျာတွေ နိုင်ငံတကာကို သိန်းနဲ့ချီပြီး ဒုက္ခသည် အဖြစ်ထွက်ပြေးကြတာဟာ တိုက်ဆိုင်မှုတခုမဖြစ်နိုင်ဘူး၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ လက်ချက်ဖြစ်မယ်လို့ ရုရှား People’s Friendship University တက္ကသိုလ်ရဲ့ ညွန်ကြားရေးမှူး ဒမစ်ထရီ အီဂိုချန်ကော့ဗ် ကိုကိုးကားပြီး စပွတ်တနစ် ဆောင်းပါးကကောက်ချက် ချပါတယ်။ ဒီကောက်ချက်က ဝေးလွန်းလှပါတယ်။ ရိုဟင်ဂျာတွေ လှေစီးပြီး ထိုင်းတို့ မလေးရှားတို့ အင်ဒိုနီးရှားတို့ သြစတြေးလျတို့ဘက်ကို ထွက်ပြေးတာဟာ အမေရိကန်လက်ချက် ဆိုတာ ဖြစ်နိုင်ခြေရှိမရှိ ကျနော်တို့ မြန်မာတွေ အသိဆုံးပါ။ တကယ်တော့ ပင်လယ်ထဲမှာမျောနေတဲ့ ရိုဟင်ဂျာတွေကို ဟိုနိုင်ငံကလက်မခံဒီနိုင်ငံကလက်မခံဘဲ ပင်လယ်ထဲ ပြန်မျှောတဲ့အချိန်ကျမှသာ အနောက်တိုင်းမီဒီယာတွေနဲ့ အနောက်နိုင်ငံတွေသိကြတာပါ။

စပွတ်တနစ်ဆောင်းပါးမှာပါတဲ့ နောက်တချက်ကတော့ ဆိုးရော့စ်က ငွေကြေးအများအပြားထောက်ပံ့ထား တဲ့ Burma Task Force အဖွဲ့တွေဟာ မြန်မာနိုင်ငံထဲမှာ ၂၀၁၃ ခုနှစ်ကတည်းက လည်ပတ်လှုပ်ရှားနေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချက်ဟာမှားပါတယ်။ Burma Task Force မှာပါတဲ့ အဖွဲ့ တစ်ဖွဲ့မှ မြန်မာနိုင်ငံတွင်းမှာ လှုပ်ရှားခွင့် မရပါဘူး။ Burma Task Force မှာပါတဲ့ အဖွဲ့ တွေက ဒီအဖွဲ့တွေပါ။

၁။ Burmese Rohingya Association of North America, ၂။ Free Rohingya Campaign, ၃။ Council on American-Islamic Relations (CAIR), ၄။ Council of Islamic Organizations of Greater Chicago (CIOGC), ၅။ Islamic Circle of North America (ICNA NY and Canada), ၆။ Islamic Council of New England (ICNE), ၇။ Islamic Organization of North America (IONA), ၈။ Islamic Society of North America (ISNA), ၉။ Justice For All, ၁၀။ DawaNet, ၁၁။ Majlis Shura of Atlanta, ၁၂။ Michigan Muslim Community Council, ၁၃။ Muslim Alliance of North America (MANA), ၁၄။ Muslim Public Affairs Council (MPAC), ၁၅။ Muslim Ummah of North America (MUNA), ၁၆။ Muslim Leadership Council of New York ၁၇။ Muslim Peace Coalition USA

Burma Task Force မှာပါတဲ့ အဖွဲ့အားလုံးဟာ မွတ်ဆလင် အဖွဲ့အစည်းတွေဖြစ်ပြီး အားလုံး ပြည်ပ အခြေစိုက်တွေချည်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအဖွဲ့တွေက ရခိုင်ပဋိပက္ခကို ဖန်တီးတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

ဆိုးရော့စ်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ပြောခဲ့ရာမှာ “မြန်မာ့နိုင်ငံရေးကူးပြောင်းမှုဖြစ်စဉ်ကို လောလောလတ်လတ် ခြိမ်းခြောက်နေတဲ့ အရာကတော့ မွတ်ဆလင်ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ ရိုဟင်ဂျာတွေအပေါ် မတော်မတရားလုပ်နေတာကို တရားဝင် ခွင့်ပြုပေးထားတဲ့ အချက်ဖြစ်ပါတယ်” လို့ ပြောခဲ့ဖူးတာမှန်ပါတယ်။ Burma Task Force ကို အမေရိကန်နဲ့ ဆိုးရော့စ်တို့က ငွေကြေးထောက်ပံ့မှုတွေ ပေးနေတာလည်း အမှန်ပါပဲ။ ဒါပေမယ့် ဒါကိုကြည့်ပြီး ဆိုးရော့စ်တို့ အမေရိကန်တို့က ရိုဟင်ဂျာတွေကို မြှောက်ပေးနေတာပဲလို့ ပြောရင် မပြည့်စုံပါဘူး။ အမေရိကန်နဲ့ ဆိုးရော့စ်တို့က ငွေကြေးထောက်ပံ့နေတဲ့ တခြား အဖွဲ့အစည်းတွေကိုလည်း ကြည့်ဖို့လိုပါလိမ့်မယ်။ အမေရိကန် NED နဲ့ ဂျော့ခ်ျဆိုးရော့စ်တို့ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေထဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပါဝင်ကြပါတယ်။ ပြည်တွင်းမှာ သူတို့က အများဆုံးရကြပါတယ်။ ရိုဟင်ဂျာအပေါ်မှာ သူတို့ရဲ့သဘောထားဟာ Burma Task Force ရဲ့ သဘောထားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒါကိုကြည့်ပြီး ပြောမယ်ဆိုရင် ဆိုးရော့စ်ငွေကြေးထောက်ပံ့ထားတဲ့ အဖွဲ့အစည်းတွေဟာ ရိုဟင်ဂျာတွေကို မြန်မာ့မြေပေါ်က အပြီးအပိုင် မောင်းထုတ်နေကြပါတယ်လို့ ပြောရမလိုဖြစ်နေပေဘူးလား။

နောက်တခုထောက်ပြချင်တာက ARSA ဟာ အကြမ်းဖက် အဖွဲ့အစည်း (terrorist organization) ပါလို့ ပထမဆုံးပြောတဲ့ အဖွဲ့အစည်းဟာ အစိုးရစစ်တပ်ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရစစ်တပ်လက်ထဲမှာ ဘာအထောက်အထားမှမရှိပါဘူး၊ အထောက်အထား နှမ်းတစေ့မှ မပြနိုင်ပါဘူး။ ARSA ကို အကြမ်းဖက်နဲ့ တကယ်တန်း ကြိုးစားဆက်စပ်ပေးတဲ့ အဖွဲ့အစည်းက အိုင်စီဂျီခေါ် နိုင်ငံတကာ ပဋိပက္ခဆိုင်ရာအဖွဲ့ (International Crisis Group) ဖြစ်ပါတယ်။ သူတို့ဆက်စပ်ပေးတာက အာဆာခေါင်းဆောင် အာတာအူလာဟာ ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျမှာ နေခဲ့ဖူးတယ်ဆိုတဲ့အချက်နဲ့ ဆော်ဒီအာရေဗျအခြေ စိုက် ရိုဟင်ဂျာတွေက အာဆာကို ငွေကြေးကူညီထောက်ပံ့တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒါကလုံလောက် ခိုင်မာတဲ့ သက်သေအထောက်အထား မဟုတ်ပေမယ့် အိုင်စီဂျီက အဲသလိုပြောတဲ့ အချက်ကို နိုင်ငံတကာ (အထူးသဖြင့် အနောက်နိုင်ငံတွေ) က အလေးအနက်ထားပါတယ်။ အာဆာကို အဲသလို အကြမ်းဖက် အဖွဲ့ အစည်း အမည်ပေါက်အောင် ကူညီပေးတဲ့ အိုင်စီဂျီအဖွဲ့ရဲ့ အမှုဆောင်အဖွဲ့ဝင် သို့မဟုတ် အိုင်စီဂျီ ဂေါပက စာရင်းမှာ (Board of Trustees မှာ) ဆိုးရော့စ်ပါပါတယ်။ အဲဒါတင်မကပါဘူး။ အိုင်စီဂျီဟာ အာဆာကို ကြီးထွားမလာအောင် ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုပြီး မြန်မာအစိုးရနဲ့ စစ်တပ်ကို တိုက်ရိုက်ဆက်သွယ် အကြံပေးနေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

ဒီတော့ ဆိုးရော့စ်နဲ့ အမေရိကန်ဟာ ရိုဟင်ဂျာဘက်သားတွေ၊ ရိုဟင်ဂျာတွေကို မြှောက်ပေးပြီး ရခိုင်ပြည် မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ စပွတ်တနစ်ရဲ့ မှတ်ချက်ဟာ တိမ်လွန်းပါတယ်။ ဖြစ်ချင်းဖြစ်ရင် အမေရိကန်နဲ့ ဆိုးရော့စ်ဟာ နှစ်ဘက်စလုံးခွကစားနေတဲ့သူသာ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် သေချာတာတခုကတော့ ရခိုင်ပြဿနာကို စပြီးမီးမွှေးသူဟာ အမေရိကန်နဲ့ ဆိုးရော့စ် မဟုတ်ဘူး။ ဒီပြဿနာဟာ အပြင်ဘက်က ဖန်တီးတဲ့ ပြဿနာ မဟုတ်ဘူး။ ရခိုင်ပြည်နယ်ထဲက စတဲ့ ပြဿနာ။ အမေရိကန်နဲ့ ဆိုးရော့စ်ဟာ ရခိုင်ပြည်နယ်ထဲမှာ ပြဿနာကို စတင်မီးမွှေးနိုင်လောက်အောင် ခြေကုတ်မရှိဘူး။

ရခိုင်ပြဿနာကို စပြီးမီးမွှေးသူဟာ ARSA အာဆာလည်း မဟုတ်ဘူး။ အာဆာမှာ အဲသလောက် အင်အား မရှိဘူး။ အာဆာရဲ့ အင်အားဟာ တရာတောင် ပြည့်ချင်မှပြည့်မယ်။ အာဆာဟာ ပဋိပက္ခကို စတင်သူမဟုတ်ဘူး။ စစ်တပ်ရဲ့ မတရားဖိနှိပ်စော်ကားမှုတွေကို မခံနိုင်လို့ ရရာလက်နက်ကိုင်ပြီး ထပုန်ကန်တဲ့ သူပုန်သူကန် အဆင့်လောက်ပဲရှိတယ်။ အာဆာဟာ ခုခံသူမျှသာဖြစ်တယ်။

တကယ်တန်းပြဿနာကို စတင်သူဟာ အစိုးရစစ်တပ်ပဲဖြစ်တယ်။ ရခိုင်တပြည်လုံး မီးဟုန်းဟုန်းတောက်အောင်၊ ရိုဟင်ဂျာတွေကို သတ်ဖြတ်မောင်းထုတ်သူဟာ အစိုးရ စစ်တပ်ပဲ ဖြစ်တယ်။ ရိုဟင်ဂျာအရပ်သားတွေကတော့ သန်းရွှေ၊ သိန်းစိန်၊ မင်းအောင်လှိုင် စစ်အာဏာရှင်အုပ်စုရဲ့ စစ်တပ်ကြီးစိုး ရေး စီမံကိန်းမှာ ဓားစာခံဖြစ်ခဲ့ရတဲ့ သားကောင်တွေမျှသာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ မခံမရပ်နိုင်ဖြစ်လာပြီး အာဆာဆိုတဲ့ အဖွဲ့အစည်းပေါ်ထွက်လာအောင် ဖန်တီးသူဟာလည်း အစိုးရစစ်တပ်ပဲ ဖြစ်တယ်။ အာဆာကို မွေးမြူဖန်တီးသူဟာ အမေရိကန်မဟုတ်ဘူး၊ ဆိုးရော့စ်မဟုတ်ဘူး၊ စစ်တပ်နဲ့ စစ်အာဏာရှင်တွေသာဖြစ်တယ်။ စစ်တပ်နဲ့ စစ်အာဏာရှင်တွေဟာ ရခိုင်ပြဿနာ ရေရှည်ဖို့ ပဋိပက္ခ အဓွန့်ရှည်ဖို့ အတွက် အာဆာကို ပြီးပြတ်အောင် မသုတ်သင်ဘဲ ကြီးထွားလာအောင် အချိန်ပေး စောင့်ဆိုင်းမွေးမြူပေးသူလည်း ဖြစ်တယ်။ အာဆာဟာ ကေအိုင်အေ မဟုတ်ဘူး၊ တအာင်းမဟုတ်ဘူး၊ ကိုးကန့်မဟုတ်ဘူး။ သူတို့ထက် အဆပေါင်းများစွာသေးငယ်သလို သူတို့လိုမျိုး ခေတ်မီလက်နက်လည်း ကိုင်ဆောင်နိုင်ကြတဲ့ အဖွဲ့အစည်းမျိုးမဟုတ်ဘူး။ အဲသလို အဖွဲ့မျိုးကို စစ်တပ်က ဖျက်ဆီးချေမှုန်းပစ်ဖို့ ဟာ ဘာမှမခက်ခဲဘူး။ အဲသလို မခက်ခဲတဲ့ အလုပ်ကို ခက်ခဲသယောင်လုပ်တာဟာ စစ်တပ်ဖြစ်တယ်။ အာဆာကို ဧရာမကြီးအဖြစ်သရုပ်ဖော်ပြောဆိုသူဟာလည်း စစ်တပ်ပဲ ဖြစ်တယ်။ အာဆာကို ကြီးထွားလာအောင် လွှတ်ပေးထားသူဟာလည်း စစ်တပ်ပဲ ဖြစ်တယ်။ ဘာ့ကြောင့် အဲသလိုလုပ်သလဲ ဆိုတော့ ဗုဒ္ဓဘာသာ အစွန်းရောက်စိတ်ဓာတ် ထွန်းကားလာဖို့၊ စစ်တပ်မရှိရင် မဖြစ်လို့ လူတွေထင်လာဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လူတွေဆန့်ကျင်လာဖို့၊ စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့ဖူးတဲ့ ရခိုင့်အစဉ်အလာကို သုတ်သင်ဖျက်ဆီးနိုင်ဖို့၊ သံဃာထုကြားမှာ ရွှေဝါရောင်စိတ်ဓာတ် ဘယ်တော့မှပြန်ပြီး ခေါင်းထောင်ထမလာဖို့ပဲ။ အတိုချုပ်ပြောရရင် စစ်အာဏာရှင်စနစ် ရာသက်ပန် သက်ဆိုးရှည်ရေးပဲ။

စစ်အာဏာရှင်ဟာ သူတို့ကောင်းစားရေး အတွက် ရခိုင်၊ ရိုဟင်ဂျာနဲ့ ဗုဒ္ဓဘာသာကို ချနင်းခဲ့ပြီ။ ရခိုင်ပြည်ကို မီးလောင်တိုက်သွင်းခဲ့ပြီ။ ဒီမီးကို တရုတ်ကစမွှေးတာလည်း မဟုတ်ဘူး။ အမေရိကန်က စမွှေးတာလည်း မဟုတ်ဘူး။ ဒါပေမယ့် ဒီမီးကို ရေရှည်ဆက်ပြီးမွေးမြူနေမယ်ဆိုရင်တော့ မြန်မာ့မြေပေါ်မှာ တရုတ်နဲ့ အမေရိကန် အားပြိုင်တဲ့ အဆင့်ထိရောက်လာနိုင်တယ်။ နိုင်ငံကြီးတွေက သူတို့အကျိုးအတွက် အသုံးချလာနိုင်တယ်။ အဲဒီအခြေအနေထိဆိုက်ပြီဆိုရင်တော့ မြန်မာ့နောင်ရေးဟာ အင်မတန် ရင်လေးစရာ ဖြစ်လာတော့မှာပါပဲ။

(စစ်အာဏာရှင်တွေ ရိုဟင်ဂျာပဋိပက္ခကို အကွက်ချစီစဉ်ခဲ့ပုံအကြောင်း ဆက်ရေးပါဦးမယ်။)

အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini

ကိုဇော်ဝင်းလှိုင်
17.10.2017

ဥရောပကောင်စီက တနင်္လာနေ့မှာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အရေးပါတဲ့ အခြေခံ ဆုံးဖြတ်ချက်တခုဖြစ်ကြောင်း အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini က ပြောကြား လိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်း လုံခြုံရေး တပ်အင်အား အလွန်အကျွံသုံးစွဲမှုကြောင့် ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် အကြီးတန်း တာဝန်ရှိသူတွေကို ဖိတ်ကြားမှု ဆိုင်းငံ့ထားမှာ ဖြစ်သလို လက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ပြန်လည် သုံးသပ်မယ်လို့ ဥရောပ ကောင်စီက ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်တပ်အကြီးတန်း အရာရှိတွေအပေါ် ပစ်ထား ပိတ်ဆို့ အရေးယူမှုတွေကို အောက်တိုဘာလ ၁၆ ရက်နေ့က Luxemburg မှာ ပြုလုပ်တဲ့ အီးယူ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲကနေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂဟာ ကမ္ဘာ့တ၀ှမ်း လူ့အခွင့်အရေးကို ဦးစားပေးတဲ့ နိုင်ငံခြားရေး မူဝါဒကို ချမှတ် ဆောင်ရွက်နေဆဲဖြစ်တဲ့ အဖွဲ့အစည်း တခုဖြစ်ကြောင်း အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini က တနင်္လာနေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ချခဲ့တဲ့အကြောင်းကိုလည်း အခုလို ဆက်လက် ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကျမတို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အားလုံးလဲ တွေ့ကြပြီး ဖြစ်မှာပါ။ အဲဒီ ဆုံးဖြတ်ချက်ဟာ ရှေ့လုပ်ငန်းစဉ်တွေအတွက် အရေးပါတဲ့ အခြေခံ ဆုံးဖြတ်ချက်တခု ဖြစ်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလကုန်မှာ ASEM - အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲ မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရှိနေတာကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ၀န်ကြီးတွေ အနေနဲ့ ဆွေးနွေးဖို့ အခွင့်အလန်းတခုဖြစ်ပါမယ်။”

အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးအဆင့် စည်းဝေးပွဲကို အခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံ၊ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက်လည်း Ms. Mogherini က သတင်းစာရှင်းလင်းပွဲ အတွင်း ထပ်လောင်း တောင်းဆိုခဲ့ပါတယ်။

“အကြမ်းဖက်မှုတွေ ချက်ခြင်း အဆုံးသတ်ရေးအတွက် ကျမတို့ တောင်းဆိုပါတယ်။ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အချိန်မဆိုင်းဘဲ ချက်ခြင်း လုပ်ဆောင်ခွင့်ပြုဖို့ မြန်မာအစိုးရကို တောင်းဆိုပါတယ်။ နောက်ပြီးတော့ ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက်လည်း ကူညီ လုပ်ဆောင်ပေးဖို့ တောင်းဆိုပါတယ်။”

ဥရောပကောင်စီက အချက် (၈) ချက်ပါ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာမှာ - ရခိုင်ပြည်နယ်တွင်း လုံခြုံရေး တပ်အင်အား အလွန်အကျွံသုံးစွဲမှုကြောင့် ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် အကြီးတန်း တာဝန်ရှိသူတွေကို ဖိတ်ကြားမှု ဆိုင်းငံ့ထားမှာ ဖြစ်သလို လက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ပြန်လည် သုံးသပ်မယ့်အကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။

လက်ရှိ ကျင့်သုံးနေတဲ့ လက်နက်နဲ့ စစ်သုံးပစ္စည်း ရောင်းချမှု တားမြစ်မှုကိုလည်း ဆက်လက်ထားရှိဖို့ ဥရောပ သမဂ္ဂက အတည်ပြုလိုက်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက လူသားချင်း စာနာမှုနဲ့ လူ့အခွင့်အရေး ဆိုင်ရာ အခြေအနေတွေဟာ အလွန် စိုးရိမ်ဖွယ်ရာ ကောင်းကြောင်း၊ အိမ်တွေကို မီးရှို့မှုတွေနဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြေမြုပ်မှိုင်းထောင်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ်ဆိုတဲ့ စိုးရိမ်ဖွယ်ကောင်းတဲ့ သတင်းတွေ ဆက်လက် ထွက်ပေါ်နေကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာတွေအများစု ပါဝင်တဲ့လူပေါင်း ၅ သိန်းနီးပါး ထွက်ပြေးရကြောင်း၊ လူအများအပြား အချိန်တိုတိုအတွင်း ထွက်ပြေးကြရတဲ့ ဖြစ်ရပ်ဟာ လူနည်းစုတွေအပေါ် ပစ်မှတ်ထား လုပ်ဆောင်တဲ့ သင်္ကေတဖြစ်ကြောင်း၊ ဒါကြောင့် ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် အရေးတကြီး ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း စာနာမှု အကူအညီပေးရေးနဲ့ သတင်းမီဒီယာတွေ သွားရောက် သတင်းယူခွင့်ကို ကန့်သတ် ထိန်းချုပ်ထားကြောင်း၊ ဒါကြောင့် လိုအပ်ချက်တွေကို သိရှိနိုင်ဖို့နဲ့ အကူအညီပေးနိုင်ရေးတို့အတွက် အပြည့်အ၀ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်းလည်း ဥရောပကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှု အားလုံးကို ဘက်ပေါင်းစုံက ချက်ချင်းရပ်ဖို့လည်း ဥရောပ ကောင်စီက တောင်းဆိုသလို မြန်မာ စစ်တပ် အနေနဲ့ စစ်ဆင်ရေးတွေကို ရပ်ဖို့၊ အရပ်သားတွေကို ခွဲခြားဆက်ဆံမှု မရှိဘဲ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ ပြဌာန်းချက်တွေနဲ့ အညီ အသေအချာ ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

အခြေအနေတွေ တိုးတက်မှု မရှိရင် ဥရောပ ကောင်စီဘက်က နောက်ထပ် အရေးယူမှုတွေ ဆက်ပြီး လုပ်သွားဖို့ ရှိသလို အခြေအနေတွေ တိုးတက်လာခဲ့ရင်လည်း တုံ့ပြန်ဖို့ အဆင်သင့်ရှိနေပါတယ်လို့ ဥရောပ ကောင်စီ ကြေညာချက်က ပြောပါတယ်။

အီးယူအနေနဲ့ မြန်မာစစ်တပ် ထိပ်တန်းအရာရှိတွေအပေါ် ပစ်မှတ်ထား ရေးယူမှုတွေလုပ်ဆောင်တာနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် တောင်းဆိုနေတဲ့ တချိန်ထဲမှာဘဲ ဒုက္ခရောက်သူတွေအတွက် အကူအညီတွေလည်း ပေးနေတယ်ဆိုတာကို Ms. Mogherini က သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ကျမတို့ အီးယူ ဥရောပသမဂ္ဂအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို တိုးမြင့် လုပ်ဆောင်ပေးနေပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက အကူအညီပေးရေး လုပ်ငန်းတွေမှာ ပါဝင် ကူညီဖို့အတွက်လည်း ကျမတို့ဘက်က အဆင်သင့် ရှိနေပါတယ်။”

ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးတဲ့ အရေးကြီးကိစ္စ အပါအ၀င် ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အ၀နဲ့ အလျင်အမြန် အကောင်အထည် ဖော်နိုင်ရေးအတွက် အဆင်သင့်ရှိကြောင်း၊ အထူးသဖြင့် မြန်မာအစိုးရကို အီးယူက ပံ့ပိုးဖို့ အဆင်သင့် ရှိတဲ့အကြောင်း၊ အကြံပေးချက်တွေကို အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရက ဖွဲ့စည်းတဲ့ ၀န်ကြီးအဆင့် ကော်မီတီကိုလည်း အီးယူက ကြိုဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။




၂၈ စက္ကန့်​ ဖန်​သားပြင်​​​ပေါ်က ရိုဟင်​ဂျာ့ဘဝ တစ်​စိတ်​တစ်​ပိုင်း

ရေးသားသူ - ယျာတင်​ (ရိုဟင်းသား)
RB ကဗျာ
17.10.2017

(၁)

စိမ်းလန်းတဲ့ ​ချုံပုတ်​ကို​နောက်​ခံထား
ချုံပုတ်​​ရှေ့က ​ချောင်းတစ်​ခုလား
ချောင်းအလွန်​ လူတစ်​အုပ်​ မြင်​ရတာ ဝိုးတဝါးဝါး
သူတို့ ဘယ်​သူ​တွေများလဲ။

(​၂)

အုံ့မှိုင်းဖုံးလွမ်းလျက်​ရှိတဲ့ မီးခို​ရောင်​တိမ်​လွှာပြင်
ထို​တိမ်​လွှာပြင်​အောက်​ လူတစ်အုပ်
ထိုလူအုပ်​ထဲမှာ အထုပ်​ထမ်းသူက ထမ်းလျက်​နဲ့
သူတို့ ဘယ်​ကမ္ဘာကို ခရီးနှင်​​နေတဲ့ ခရီးသားလဲ
အဲ့ဒီမြေပြင်​မှာ ပူပင်​​သောက​တွေ ခင်းထား​​လေသလား
မရွှင်​မပြရုပ်​​သွင်​နဲ့လူသားများ ရုတ်​လျက်​သဲလျက်​။

(၃)

ဖျော့​တော့​တော့ စပုဒ်​ရှပ်​အ​ရောင်​က
သူ့မျက်​နှာ​သေး​သေးကိုလည်း သွားလွှမ်းဖုံးထား
သွားနုလဲတဲ့ သက်​ရွယ်​က
အပြစ်​ကင်းစင်​တာ သက်​​သေဖြစ်​မလား
အို ... ဒီက​လေး နက်​နက်​နဲနဲ ရှိုက်​​နေလျက်
ရှိုက်​သံက နှလုံးသားရဲ့​ဗဟိုက ထွက်​လာဘိအလား
စီးကျလာတဲ့ ပါးပြင်​​ပေါ်က မျည်​ရည်​ပူစပ်​​နေမလား
ကြည့်​​နေတဲ့ မျက်​လုံး​တွေမှာ
သူ့ဆုံးရှုံးမှုက ကြီးမား​နေ​ကြောင်း​တော့ သိသာ။

(၄)

သဲပြင်​က ​အမိုးအကာမဲ့၊ ​နေ​ရောင်​ကလည်းကျဲကျဲ
ထိုအဆီးအကာမဲ့ ​နေပူ​ပြင်းပြင်းအောက်​မှာ
အမျိုးသမီးတစ်​ဦး ​ခြေကုန်​လက်​ပန်းကျ​နေသလား
သမီးရင်​ခွင်​ကိုတိုးကာ လဲ​လျောင်း​နေလျက်
နွမ်းနယ်​​နေတဲ့ အ​မေကို ပိုက်​ထားတဲ့သမီးက
မျက်​ရည်​ကို လက်​က​လေးနှင့်​ သုတ်​​နေလျက်
တစ်​ချို့သားသမီး​တွေ မိခင့်​ကိုယ်​​ပေါ်မှာ ​ခွေထိုင်​​နေလျက်
က​လေးငယ်​ နှစ်​​ယောက်​ ​ကောင်းကင်​​အောင်​က တိမ်လွှာကို ​ငေးကြည့်​​နေလျက်
ဒါဟာ ...
စိတ်​ကူးနဲ့ဆွဲတဲ့ ပန်းချီကားတစ်​ချပ်​လို့ ထင်​​နေသလား
ထင်​သလို မဟုတ်​တာ​ ငါတို့ ရှိ​နေဆဲပါ ထင်​ထင်​ရှားရှား။

(၅)

အိုး ... ​လောကဓံအ​တွေ့အကြုံရင့်​တဲ့ အဘွားအို
မြေး​လေးပုခုံး​ပေါ် နားခိုဖို့ လဲကျ​နေတာလား
လဲကျ​နေလို့ နားခို​နေတာလား
မောပန်းလွန်းတဲ့ အဘွားရဲ့အမှီခံ ​မြေး​လေးရဲ့ရှိုက်​အငို​ကြောင့်
ဟောဒီနှလုံးသားကို တစ်​စီ​ကြေမွသွား​စေတယ်​။

(၆)

ဝိုးတဝါးမြင်​​နေရတဲ့ ​တောင်​တန်း
ထို​တောင်​တန်း​အ​ပေါ်မှာ မီးခိုး​ရောင်​ တိမ်​ပြင်​များ
ထိုတိမ်​ပြင်​နောက်​ခံက အပြာ​ရောင်​​ကောင်းကင်
ရှေ့မှာ ကမ်းမမြင်​ရတဲ့ ပင်​လယ်​ပြာ တစ်​ခု
ထိုပင်​လယ်​​ရေ​ပေါ်မှာ ​လှေ​ဗလာ တစ်​စီး
ပဲ့ကိုင်​ရှင်​နတ္တိ ဦးတည်​ရာမရှိ
ပင်​လယ်​​ရေလှိုင်း ရိုက်​ခတ်​ရာအောက်​မှာ
သည်​​လှေရဲ့အနာဂတ်​ ဒီပင်​လယ်​မှာ
ဘယ်​​လောက်​ကြာကြာ သာယာ​နေမှာလဲ။

(၇)

ထို​လှေကသယ်​လာတဲ့ ရိုဟင်​ဂျာ​တွေရဲ့အနာဂတ်​ဟာလည်း
မ​ရေရာမှု​တွေပြည့်​နှက်​​နေတဲ့ ​လှေရဲ့အနာဂတ်​အတိုင်းလား။


Heartbreaking moments of Rohingya refugees arriving on the shore after crossing the River to Bangladesh, Sept 30, 2017. (Credit - AFP)




MYARF
RB News
15.10.2017

မောင်​​တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ် ရွှေဇား​ကျေးရွာသို့ ​​လာ​ရောက်​​သော မြို့နယ်​ လ.ဝ.က အဖွဲ့နှင့်​ နယ်​ခြား​စောင့်​ရဲအဖွဲ့က NVC လက်​မခံလျှင်​ ရွာလုံးကျွတ်​ မီးရှို့ပစ်​မည်​ဟု ​ဒေသခံရိုဟင်​ဂျာ​ကျေးရွာသားများကို ​ခြိမ်း​ခြောက်​၍ ​ဒေသခံအချို့ကို NVC အတင်းအဓမ္မ ထုတ်​​ပေးခဲ့​ကြောင်း သတင်းရရှိပါသည်​။

မြို့နယ်​ လ.ဝ.က အဖွဲ့နှင့်​ နယ်​ခြား​စောင့်​ရဲများအဖွဲ့သည်​ ​အောက်​တိုဘာလ (၁၃) ရက်​​နေ့က စပြီး မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်​စုသို့ ​သုံးရက်​ဆက်တိုက် ​ရောက်​ရှိလာခဲ့သည်​။ ပထမ​နေ့နှင့်​ ဒုတိယ​နေ့တွင်အဆိုပါ NVC ထုတ်ပေးရေးအဖွဲ့သည်​ ​ရွှေဇား​ကျေးရွာအုပ်​စု ဂုံးနားရွာသို့ သွား​ရောက်​ခဲ့ပြီး ​ဒေသခံရွာသားများကို NVC လက်​ခံရန်​ အမျိုးမျိုး ဖြား​ယောင်း၍ စည်းရုံးခဲ့​သော်​လည်း ရွာသားများက NVC သည်​ ၎င်းတို့ကိုင်​​ဆောင်​ရမည့်​ ကဒ်​ပြားတစ်​ခုမဟုတ်​​ကြောင်း၊ ၎င်းတို့သည်​ အမျိုးသားမှတ်​ပုံတင်​ကဒ်​ပြား ကိုင်​​ဆောင်​သူများ သို့မဟုတ်​ ၎င်းတို့၏ သားသမီး ​မြေးမြစ်​များ ဖြစ်​​​သော​ကြောင့်​ တည်​ဆဲဥပ​ဒေအရပင်​လျှင်​ NVC ကို ၎င်းတို့ကိုင်​​ဆောင်စရာ မလို​အပ်​ကြောင်း အကျိုးအ​ကြောင်း​ပြောပြပြီး NVC ကို လက်​ခံရန်​ ငြင်းဆန်​ခဲ့သည်​။

သို့​သော်​ အဆိုပါ မြို့နယ်​ လ.ဝ.က အဖွဲ့နှင့်​ နယ်​ခြား​စောင့်​ရဲအဖွဲ့တို့သည် ယနေ့ အောက်​တိုဘာလ (၁၅) ရက်​​နေ့ရက်​​တွင် ရွှေဇား​ကျေးရွာ၊ ​မြောက်​အုပ်​စု၊ ကပ္ပ​ကောင်းရွာသို့ ​လာရောက်၍ ရွာသားများကို NVC လက်​ခံရယူရန်​ ခြိမ်း​ခြောက်​ ဖိအား​ပေးခဲ့သည်။ အဆိုပါ NVC ထုတ်ပေးရေးအဖွဲ့၏ ရွာသားများအ​ပေါ် ခြိမ်း​ခြောက်​ပုံကို ​ဒေသခံတစ်​ဦး​က --

“အဲ့ဒီ NVC ထုတ်ပေးမယ့်အဖွဲ့က ကျွန်တော်တို့ရွာကို လာတာ ဒီ​နေ့နဲ့ဆို သုံးရက်​ရှိပြီ။ အရင်​နှစ်​ရက်​မှာ အမျိုးမျိုးဖြား​ယောင်းပြီး NVC လက်​ခံဖို့ စည်းရုံးခဲ့တယ်။ လူ​တွေကလည်း တည်​ဆဲဥပ​ဒေ​ဘောင်​အတွင်းက ပြန်​​ချေပ​မေးခွန်းထုတ်​လာ​တော့ ဒီ​နေ့က အရမ်းကိုခြိမ်းခြောက်ခဲ့တယ်။ သူတို့ထုတ်​​ပေးတဲ့ NVC လက်​မခံရင်​ တခြားရွာ​တွေကို မီးတင်​ရှို့သလို မီးရှို့ပစ်​ပြီး ခွေး​ပြေးဝက်​​ပြေး ​ပြေးရ​အောင်​ လုပ်​ပစ်​မယ်​လို့ ပက်​ပက်​စက်​စက်​ကို ခြိမ်း​ခြောက်​ခဲ့တယ်​” ဟု RB News သို့ပြောသည်။

နောက်​ဆုံးတွင်​ အဆိုပါ NVC ထုတ်ပေးရေးအဖွဲ့သည်​ ဦးကော်​ဘိရ်​အမတ်​အိမ်​သို့ အတင်းအဓမ္မဝင်​​ရောက်​ပြီး ဦးကော်​ဘိရ်​အမတ်​ကို NVC အတင်းထုတ်​​ပေးခဲ့သည်​။ ထို့အပြင်​ G.E အလုပ်​လုပ်​ပြီး ပြန်​လာ​သော အလုပ်​သမားအချို့ကိုလည်း လမ်းမှ ဖမ်းဆီး​၍ NVC အတင်းအဓမ္မထုတ်​​ပေး၍ လွှတ်​​ပေးခဲ့သည်​။ အတင်းအဓမ္မထုတ်​ပေးသည့် NVC ကိုလက်​ခံရ​သော ​ဒေသခံအချို့တို့မှာ -

၁။ အာ​လောမ်​ (ဘ) ​ဦးဇော်​ဟိရ်​အမတ်
၂။ အ​ဗ်​ဒူ​မော်​​တော်​လောပ်​ (ဘ) ဦးအ​ဗ်​ဒူရှုက္ကူရ်
၃။ ဖိုက်​ဆဲလ်​ (ဘ) ဦးဟား​ဆောန့်
၎။ အာယုပ်​ခါန်​ (ဘ) ဦးဟာလာမျာ
၅။ ဇူဘိုက်​ရ်​ (ဘ) ​ဦးဘော်​ဒီအာ​လောမ်
၆။ မာမတ်​ဟားယာတ်​ (ဘ) ဦးအာဘုလ်​​ဖော်​ယာစ်
၇။ ဟားဘဲစ်​အမတ်​ (ဘ) ဦးရှားမ္မျာ တို့ဖြစ်​ကြသည်​။

မောင်​​တောမြို့နယ်​တွင်​ ​ရိုဟင်​ဂျာ​ကျေးရွာ တစ်​ရာ​ကျော်​ရှိခဲ့ရာ ၉၀% ​ကျော်​​သောကျေးရွာများကို အစိုးရလက်​နက်​ကိုင်​အဖွဲ့နှင့်​ အစွန်းရောက်​ရခိုင်​များက ပူး​ပေါင်း၍ မီးရှို့​ခဲ့သည်​။ ​ရွှေဇား​ကျေးရွာသည်​ မီးမရှို့ရ​သေးဘဲ ကျန်​ရှိ​နေ​သောရွာ ရွာအနည်းငယ်​ထဲတွင်​ တစ်​ရွာလည်း ဖြစ်​သည်​။ ​ရွှေဇား​ကျေးရွာအုပ်​စု ​ဂေါင်​ညာရွာတွင်​လည်း အိမ်​​ခြေ ၅၀ နီးပါးကို လွန်ခဲ့သည့်လတွင် မီးရှို့ခဲ့​သေးသည်​။ သို့​သော်​ ​ရွာငယ်​ ၁၄ ခုရှိ​သော ​ရွှေဇား​ကျေးရွာသည်​ ​မောင်​​တောမြို့နယ်​ရှိ ​ကျေးရွာများတွင်​ အကြီးဆုံး​ကျေးရွာ ဖြစ်​သလို မြန်​မာအာဏာပိုင်​များက စီးပွား​ရေးဇုံအဖြစ်​ လျာထား​သော ​နေရာတစ်​ခုလည်း ဖြစ်​သည်​။ 

မောင်​​တောခရိုင်​၏ လူ့အခွင့်​အ​ရေး​စောင့်​ကြည့်​​လေ့လာ​ရေးအဖွဲ့မှ ဦးမျိုးမြင့်​ကို NVC အဖွဲ့၏ ခြိမ်း​ခြောက်​မှုနှင့်​ပတ်​သက်​၍ RB News မှ ဆက်​သွယ်​​မေးမြန်းခဲ့ရာက ၎င်းက -

“သူတို့ အဓိက ​ရွှေဇားကို ပစ်​မှတ်​ထားတာ အ​ကြောင်း နှစ်​ခုရှိတယ်​။ ပထမတစ်​ခုက ​ရွှေဇားရွာမှာ NVC ​ထုတ်​​ပေးလို့ ​အောင်​မြင်​ရင်​ ဒီမှာ ကျန်​ရှိ​နေတဲ့ လူဦး​ရေရဲ့ ၅၀ ရာခိုင်​နှုန်းကို ​နိုင်​လိုက်​တဲ့သ​ဘောဖြစ်​သွားမယ်​။ ဒုတိယ တစ်​ခုက ဒီရွာကို မြန်​မာအစိုးရက လိုချင်​​နေပုံရတယ်​။ ဘာလို့ဆို​တော့ သူတို့က အဲ့ဒီရွာမှာ စီးပွား​ရေးဇုံတည်​​ထောင်​မယ်​ဆိုပြီး ဆိပ်​ကမ်း​တွေဘာ​တွေ​တောင်​ ​ဆောက်​​နေတယ်​။ NVC ကိုလက်​မခံရ​ကောင်းလား၊ ဒီ​ကောင်​​တွေ ဥပ​ဒေလိုက်​မနာဘူး ဘာညာအ​ကြောင်းရှာပြီး မီးရှို့ချင်​​နေပုံရတယ်​။

လူ​တွေက​တော့ ဒီကဒ်​က အာရ်​ကာန်​ရဲ့ဌာနေဖြစ်​တဲ့ ငါတို့ရိုဟင်​ဂျာနဲ့ ဘယ်​လိုမှမပတ်​သက်​ဘူး ဆိုပြီး ခံယူထား​တော့ သူတို့ ဘယ်​လိုပဲ ခြိမ်း​ခြောက်​ခြိမ်း​ခြောက်​ လက်​ခံမှာ မဟုတ်​ဘူး။ ငါတို့ရဲ့ အရာရာကို သူတို့ ဖျက်​ဆီးပစ်​ပြီပဲ။ အခုက ​သေမထူး ​နေမထူးနဲ့ ဘဝမျိုးမှာ ဒီလို ​ပေါက်​ကရတွေ လာလုပ်​​နေတာ လူ​တွေကို တမင်​ ဒုက္ခ​ပေး​နေတယ်​လို့ ထင်​တယ်​။ အဓိကက လူ​တွေ တစ်​​ယောက်​မကျန်​ အကုန်​ထွက်​​ပြေးသွား​အောင်​ လုပ်​​နေတာပါပဲ” ဟု ဖြေဆိုသည်။ 

ဒီမိုက​ရေစီ အစိုးရအ​နေဖြင့်​ ပြည်​သူများ လက်​မခံချင်​သည့်​ NVC ကို ပြည်သူအား ခြိမ်း​ခြောက်​ အနိုင်​ကျင့်၍ ​အတင်းထုတ်​​ပေး​နေခြင်းသည်​ ပြဿနာကို ​ဖြေရှင်း​နေသည်​ဟု ဆိုလိုရာ မ​ရောက်​ဘဲ ကြီးနိုင်​ငယ်​ညှင်း ဖိနှိပ်​​နေသည့်​ မင်းဆိုးမင်းညစ်​များ၏ လုပ်​ရပ်​ဆိုးသာ ဖြစ်​​ကြောင်း၊ ပြည်​​ထောင်​စုအစိုးရအ​နေဖြင့်​ ​ဒေသခံရိုဟင်​ဂျာများထဲမှ ​လူကြီးများနှင့်​ ​ပွင်းလင်းမြင်​သာ​စွာ သေချာ ​ဆွေး​နွေးပြီးမှ နိုင်​ငံသားစီစစ်​​ရေး လုပ်​ငန်းများကို လုပ်​သင့်​​ကြောင်း ဦးမျိုးမြင့်​က ဖြည့်​စွက်​​ပြောပါသည်။

ရိုဟင်​ဂျာပြည်​သူများ အ​နေဖြင့်​လည်း ရိုဟင်​ဂျာများနှင့်​ မည်​သို့မျှ မအပ်​စပ်​​သော NVC ကို ဥပ​ဒေ​ဘောင်​အတွင်းက ​ထောက်​ပြ၍ လက်​မခံကြရန်​ မောင်​​တောခရိုင်​၏ လူ့အခွင့်​အ​ရေး​စောင့်​ကြည့်​​လေ့လာ​ရေးအဖွဲ့မှ ဦးမျိုးမြင့်​က ​နှိုးဆော်သည်ဟု ဆိုသည်။ 







ယျာတင် (ရိုဟင်းသား)
RB News
11.10.2017

အကြမ်းဖက်ဂုဏ်​ထူးရခဲ့တဲ့ ဝီရသူအဖွဲ့ကို အစိုးရလုံခြုံ​ရေးအစီအမံနဲ့ ရခိုင်​ပြည်​နယ်​ကို ခဏခဏ ပို့​နေတာ​တွေအတွက်​ လက်​ရှိအစိုးရမှာ တာဝန်​ရှိပါတယ်​။ ဒီအကြမ်းဖက်​ဘုန်းကြီးဟာ ပြဿနာကို တကယ်​မီး​မွေး​နေတာ သိရက်​သားနဲ့ အစိုးရက ဒီအတိုင်းလွှတ်​ထားတာ တကယ်​ ​မေးခွန်းထုတ်​ဖို့ ​ကောင်းပါတယ်​။ ရခိုင်​​မြောက်​ပိုင်းမှာ ပြဿနာ မဖြစ်​ခင်​ ရက်သတ္တပတ်အနည်းငယ် အလိုမှာ ဒီအကြမ်းဖက်​ဘုန်းကြီး ရခိုင်​ပြည်​နယ်​ကို လာသွားခဲ့တယ်​။ ဒီအကြမ်းဖက်​ဘုန်းကြီးဟာ ​မောင်​​တော၊ ဘူးသီး​တောင်​နဲ့ ရ​သေ့​တောင်​ကို မွတ်စလင် ကင်းစင်​နယ်​​မြေ ဖြစ်​​စေရမယ်​လို့ ကြုံးဝါးထားတာလည်း ရှိတယ်​။ ရိုဟင်​ဂျာ​တွေကို တိရစ္ဆာန်​နဲ့ ခိုင်းနှိုင်းထားတာလည်း ရှိတယ်​။ ​နောက်​လည်း အဆိုးဆုံး စကားလုံး​တွေနဲ့ တိုက်​ခိုက်ခဲ့​တာ​တွေရှိတယ်​။ ဒါ​တွေကို အစိုးရက ဥပ​ဒေ​ဘောင်​ထဲက ယခုထိ ​ဖြေရှင်း​ပေးတာ မရှိ​သေးဘူး။ ဒီကိစ္စအတွက်​ ကျ​နော်​တို့ တရားအတိုင်း အသံထုတ်​ဖို့လိုတယ်​။

ARSA၊ AA ဒါမှမဟုတ်​ အခြားတိုင်းရင်းသား လက်​နက်​ကိုင်​​တွေရဲ့ လုပ်​ရပ်​​တွေကို အကြမ်းဖက်​တယ်​လို့ ​ပြောသလိုမျိုး ဒီဘုန်းကြီးအဖွဲ့ရဲ့ လုပ်​ရပ်​​တွေကိုလည်း အကြမ်းဖက်​မှု​ သက်ရောက်​တယ်​လို့ အစိုးရက ပြည်​သူကို တရားဝင်​ချပြဖို့လိုတယ်​။ သတင်းစာ​တွေမှာ အတိအလင်းထည့် ကြေညာဖို့လိုတယ်​။ ဥပ​ဒေအရ ထိထိ​ရောက်​​ရောက်​ အ​ရေးယူဖို့လိုတယ်​။ မဟုတ်​ရင်​ မြန်​မာပြည်​ရဲ့ ဥပ​ဒေက အကြမ်းဖက်​ရင်​ဖက်​ပါ​စေ ဘုန်းကြီးဖြစ်​ရင်​ အကာအကွယ်​​ပေးတဲ့ အသွင်​​ရောက်​​နေမယ်​။ ဒီဘုန်းကြီးရဲ့ အမုန်းတရား ထွင်​ထွင်​​ဟောခွင့်​ရ​နေခြင်းက မြန်​မာနိုင်​ငံရဲ့ ဒီမိုက​ရေစီအ​ရေး၊ တရားဥပ​ဒေစိုးမိုးမှုအ​ရေးမှာ အင်​မတန်​ ပိတ်​ဆို့ဟန့်​ထားမှုဖြစ်​​နေတာ အသိဉာဏ်​ရှိသူတိုင်း သိရှိနေသလို လက်​​တွေ့​ရင်​ဆိုင်​​နေရပြီးလည်း ဖြစ်​တယ်​။ ဒီ့အတွက်​လည်း ကျ​နော်​တို့ မျှမျှတတ အသံထုတ်​ဖို့လိုပါတယ်​။

အပြစ်​မဲ့တဲ့လူ​တွေကို သတ်​ဖြတ်​တာ၊ ဒါမှမဟုတ်​ သတ်​ရန်​ အား​ပေးလှုံ့​ဆော်တာ၊ အမုန်းတရားဖြန့်​တာ​ စတဲ့ ဥပ​ဒေပ လုပ်​ရပ်​ဆိုးတွေ ကျူးလွန်​သူ ဘယ်​သူမဆို အကြမ်းဖက်​သမားပါပဲ။ အဖွဲ့ဖြစ်​ရင်​ အကြမ်းဖက်​အဖွဲ့အစည်းပါပဲ။ ဘုန်းကြီးမို့လို့ အကြမ်းဖက်​သမား၊ အကြမ်းဖက်​အဖွဲ့အစည်း မ​ပြောရဘူးလို့​ပြောရင်​ ​ဒေါ်​အောင်​ဆန်းစုကြည်ရဲ့ တရားဥပ​ဒေစိုးမိုး​ရေးဆိုတာလည်း လူရယ်​စရာ ပြက်​လုံး​လောက်​ပဲ ဖြစ်​​လိမ့်​မယ်​။ ဒီ့အတွက်​ ကျ​နော်​တို့ ညီတူညီမျှ အသံထုတ်​ဖို့လိုပါတယ်​။

ရခိုင်​ပြည်​နယ်​အ​ရေးနဲ့ပတ်​သက်​ပြီး အသံထုတ်​​နေသူ​တွေကလည်း မျှမျှတတ အသံထုတ်​ဖို့လိုပါတယ်​။ ARSA ရဲ့လုပ်​ရပ်​​တွေဟာ ဥပ​ဒေအရ၊ Logic အရ၊ ကမ္ဘာ့ပညာရှင်​များရဲ့ သတ်​မှတ်​ချက်​အရ အကြမ်းဖက်​မှု​ရောက်​ခဲ့ရင်​ သူတို့ကိုလည်း ​ဝေဖန်​​ထောက်​ပြရမယ်​။ ရှုတ်​ချရမယ်​။ ကျ​နော်​ကိုယ်​တိုင်​လည်း ပြင်းပြင်းထန်​ထန်​ ​ဝေဖန်​ရှုတ်​ချပါမယ်​။ ရိုဟင်​ဂျာမို့လို့ အကြမ်းဖက်လုပ်​ရပ်​ လုပ်​​နေသူ​တွေကို အကာအကွယ်​​ပေး​ပြောဆိုဖို့ မရှိပါဘူး။ (ARSA ဖြစ်​​ပေါ်လာခြင်းရဲ့ ဆက်​စပ်​အ​ကြောင်းတရား​တွေအ​ကြောင်းကို လက်​​တွေ့​လေ့လာချက်​အရ​ရော၊ logic အရ​ရောက်​ နောက်​မှ ​ရေးပြမယ်​)

တစ်​ဆက်​တည်းမှာပဲ မြန်​မာအစိုးရက လူနည်းစု ရိုဟင်​ဂျာ​တွေကို နှစ်​​ပေါင်းများစွာကတည်းက စီမံကိန်းကျကျ ဖိနှိပ်​ရက်​စက်​ညှဉ်းပန်းလာတယ်​။ သူတို့ရဲ့ နိုင်​ငံသားအခွင့်​အ​ရေး​တွေကို အပထား၊ အ​ခြေခံလူ့အခွင့်​​တွေကို​တောင်​ ပိတ်​ဆို့ထားတယ်​။ ဒီအပြင်​ လူ ၆-သိန်း​ကျော်​ကို ဒုက္ခသည်​ဘဝ​ တွန်းပို့ခဲ့တာ​တွေ၊ အပြစ်​မဲ့ က​လေးသူငယ်​​တွေ၊ အားနွဲ့တဲ့အမျိုးသမီး​တွေ၊ အိုမင်းမစွမ်းဖြစ်​​နေတဲ့ သက်​ကြီးရွယ်​အို​တွေ များစွာကို သတ်​ဖြတ်​တာ​တွေ၊ သူတို့အိမ်​​တွေကို မီးရှို့တာ​တွေ၊ အ​ခြေအမြစ်​မရှိတဲ့ စွပ်​စွဲချက်​နဲ့ ဖမ်းဆီးပြီး နှစ်​ရှည်​​ထောင်​ဒဏ်​ချမှတ်​တာ​တွေ၊ လူ​ထောင်​​ပေါင်းများစွာကို Black list အဖြစ်​ ​ကြေငြာခဲ့တာ​တွေ စတဲ့ လူမဆန်​တဲ့ မတရားမှု​တွေအတွက်​လည်း ဥပ​ဒေ​ဘောင်​အတွင်းက ကျ​နော်​တို့ ​ထောက်​ပြဖို့လိုတယ်​။ ရှုတ်​ချဖို့လိုတယ်​။ ဒီ့အတွက်​လည်း ကျ​နော်​တို့ မျှတညီမျှစွာ အသံထုတ်​​ပေးဖို့ လိုပါတယ်​။

ထောက်​ခံသင့်​တဲ့ ပုဂ္ဂိုလ်​၊ အဖွဲ့အစည်း​တွေကို ​ထောက်​ခံရမယ်​လို့ ခံယူရင်​ ရှုတ်​ချသင့်​တဲ့ပုဂ္ဂိုလ်​​၊ အဖွဲ့အစည်း​တွေကိုလည်း ရှုတ်​ချရမယ်​။ ဒါကို မျှတမှုလို့​ခေါ်တယ်​။ တရားမျှတမှုကို ရင်​မှာ ပိုက်​ပြီး မျှတတဲ့ အသံထုတ်​မှု​တွေ ကျ​နော်​တို့ ရဲရဲဝံ့ဝံ့ထုတ်​ဖို့လိုတယ်​။

ခင်​​ဗျားတို့ရဲ့ အသံထုတ်​မှု၊ ​ထောက်​ပြမှု​တွေဟာ ညီမျှပါ​စေ။ မျှတပါ​စေ။ အ​ကြောက်​တရားထဲ ပိတ်​မိပြီး အားကြီးသူအလိုကျ (အကြမ်းဖက်​မှု​ရောက်​​ရောက်​) အသံထုတ်​​နေတာထက်​ အသံတိတ်​ပြီး​နေတာ ပိုသာမြတ်​ပါတယ်​။

ရိုဟင်​ဂျာဆိုတာလည်း လူသားပါပဲ​။ ကမ္ဘာ့အဆိုးဆုံး ဖိနှိပ်​ရက်​စက်​ညှဉ်​ပန်းမှုဒဏ်​ကို နှစ်​ရှည်​လ​ပေါင်းများစွာ ဖိစီးခံစား​နေရသူ​တွေပါ။ ဒီလူ​တွေကို တစ်​ဖက်​သတ်​ လက်​ညိုးထိုးပြီး အပြစ်​တင်​ အသံထုတ်​​​နေတာ​တွေကို victim blaming လို့​ခေါ်တယ်​။ Victim blaming ​တွေလုပ်​​နေသူ​မှာ တကယ်​​တော့ တရားမျှတမှု မရှိလို့ပါပဲ။ ရိုဟင်​​ဂျာတွေ လက်​ရှိခံစား​နေရတဲ့ဘဝနဲ့ တစ်​ရက်​​လောက်​သာ ​နေကြည့်​ရင်​ Victim blaming လုပ်​​နေတာ​တွေကို ငါတို့ ဒီတစ်​သက်​ လုပ်​ခဲ့မှာ မဟုတ်​ပါဘူးဆိုတာ ကျ​နော်​ ရဲရဲကြီးအာမခံပါတယ်​။

သင်​တို့ ငါတို့ရဲ့ အသံထုတ်​မှု​တွေ တရား​ပါ​စေ။ ညီမျှပါ​စေ။ မျှတပါ​စေ။

နိုင်​ငံ​တော်​အလံ နဲ့ သက်​မဲ့ရိုက​လေး

ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
RB ကဗျာ
10.10.2017

ဘယ်​ဖက်​ရင်​အုံး​အောက်​တည့်​တည့်​ နီရဲတဲ့ နှလုံးသားရှိတယ်
ဝါ၊စိမ်း၊နီ၊ အလယ်​မှာ ကြယ်​တစ်​ပွင့်​နဲ့ အလံ​တော်
အဲ့ဒီအလံ​တော်​ကို နှလုံးသားရှိရာ ဘယ်​ဖက်​ရင်​အုံးနဲ့ ကပ်​ထားတယ်

ဪ ....
သူတို့က နိုင်​ငံ​တော်​ကို ချစ်​မြတ်​နိုးတယ်
သူတို့က အလံ​တော်​ကို တန်​ဖိုးထားတယ်​။
အသက်​ရှိတုန်းကလည်း ​နှလုံးသားနဲ့ကပ်​ထားတဲ့အလံ​တော်
အသက်​မရှိ​တော့လည်း ​ဆက်​လက်​လွှင့်​​ထူနေဆဲပါ
သူတို့က နိုင်​ငံ​တော်​ကို ချစ်​မြတ်​နိုးစွာ ဝတ်​ဆင်​ထားတယ်
သူတို့က အလံ​တော်​ကို အသက်​နဲ့လဲပြီး တန်​ဖိုးထားတယ်​။

ဒီမှာ ...!!!
ခိုးဝင်​ခေါ်တာ ခင်​​ဗျားတို့အပိုင်း
ကိုယ့်​နိုင်​ငံကို ကိုယ်​ချစ်​မြတ်​နိုးတာ ကိုယ့်​အပိုင်း
ကိုယ့်​အလံ​တော်​ကို ကိုယ်​တန်​ဖိုးထားတာ ကိုယ့်​အပိုင်း
လူဆိုတာ ကိုယ့်​သမိုင်း ကိုယ်​​ရေးရတာ​လေ။

နိုင်​ငံ​တော်​ရဲ့ ခွဲခြားဖိနှိပ်​မှု သား​ကောင်​ဖြစ်​နေရသူများ
အသက်​​​တွေကို နတ်​မြစ်​အလယ်​မှာ ​ပေးဆပ်​ခံလိုက်​ရတယ်​။
ဒါ​ပေမယ့်​....!!!
ကိုယ်​ချစ်​တဲ့ နိုင်​ငံ​တော်​အလံကို
နှလုံးသားအ​ပေါ်တည့်​တည့်​ ဘယ်​ဖက်​ရင်​အုံးနဲ့ ကပ်​ထား​နေဆဲပါ
ဟုတ်​တယ်​ ...
သူတို့က နိုင်​ငံ​တော်​ကို ချစ်​မြတ်​နိုးစွာ ဝတ်​ဆင်​ထားတယ်
သူတို့က အလံ​တော်​ကို အသက်​နဲ့လဲပြီး တန်​ဖိုးထားတယ်​။


[ဓါတ်​ပုံ - ဖိနှိပ်​ရက်​စက်​မှုဒဏ်​ကို မခံနိုင်​၍ တိုင်းတစ်​ပါးသို့ ထွက်​​ပြေးခိုလှုံနိုင်​ရန်​ ကြိုးစားရင်း နတ်​မြစ်​အလယ်​မှာ ​လှေမြုပ်​၍ အသက်​ဆုံးပါးသွားသည့်​ ရိုဟင်​ဂျာ က​လေးငယ်​များ]





RB News
8.10.2017

ဘာလူခါလီ၊ ဘင်္ဂလားဒေ့ရှ် ။ ။ သြဂုတ်လ (၂၅) ရက်နေ့မှစ၍ မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ထောင်ပေါင်းများစွာသော အပြစ်မဲ့ ရိုဟင်ဂျာပြည်သူများ သေဆုံးခဲ့ရပြီး ၅ သိန်းကျော် အိုးအိမ်စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ ခိုလှုံနေရသည်။

သြဂုတ်လ (၂၅) ရက်နေ့မှစ၍ ရိုဟင်ဂျာများ၏ နေအိမ်များကို မြန်မာစစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ရခိုင်အစွန်းရောက်များက နေ့စဉ်နေ့တိုင်း မီးရှို့ဖျက်ဆီးလျက်ရှိပြီး၊ အိုးအိမ်စွန့်ခွာသွားသည့် ရွာများမှ ရိုဟင်ဂျာများပိုင် ပစ္စည်းများ၊ ကျွဲ၊ နွားများကို ရခိုင်အစွန်းရောက်များက ခိုးယူလျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ဥက္ကဌ ဦးထွန်းခင် က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာကျောင်းသားများနှင့် တွေ့ဆုံ မေးမြန်းခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ငါးဘာသာဂုဏ်ထူးဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကိုမောင်မောင်မြင့်က ၎င်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဂုဏ်ပြုခဲ့သော်လည်း တက္ကသိုလ် တက်ခွင့်မရခဲ့ဟု ပြောဆိုသည်။ ၎င်းက မြန်မာနိုင်ငံဖွား တစ်ဦးဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို တိုင်းရင်းသားဟု အသိအမှတ် ပြုခဲ့သော်လည်း ယခုအခါ တက္ကသိုလ်တက်ခွင့်ပင် မပေးတော့သည်ကို မေးခွန်းစရာ ဖြစ်နေသည်ဟု ဆိုသည်။

ဦးထွန်းခင် က တွေ့ဆုံမေးမြန်းထားသည့် ကျောင်းသားနှစ်ဦး ကိုမောင်မောင်ရွှေနှင့် ကိုမောင်မောင်မြင့် တို့၏ ဗီဒီယိုကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။





"နာကျည်းလွန်းပါ​တယ်​"

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
5.10.2017

အ​မြောက်​သံ၊ ​သေနတ်​သံတွေကို ကာရံလုပ်​ပြီး
သေ​ကြေပျက်​စီးမှုကို က​ဗျာလုပ်​ရ​အောင်
ဒီနှလုံးသားမှာ အစွမ်းအစ နည်းတယ်​။

လောင်​ချာ​တွေ၊ အ​မြောက်​​တွေ
ကျည်​ဆံ​တွေ၊ ​ဗုံး​တွေ
မုန်းတီးမှု​တွေ၊ မနာလိုမှု​တွေ
ငါတို့ဌာ​နေမှာ တစ်​ဖက်​သတ်​ လာဖူးပွင့်​​​တော့
ဌာ​နေထဲက ငှက်​က​လေး​တွေ
ရှောင်​နိုင်​ရာသို့ ဝရုန်းသုန်​ကာ ပျံသန်းသွားချိန်
ငှက်​က​လေး​တွေရဲ့ အ​တောင်​ပံ​တွေ
ရိုက်​ချိုးခံရတဲ့ သတင်းစကားများ
ကြားရများ​တော့ နားခါးလွန်းပါတယ်​။

ပြာလင်​​သော​ကောင်းကင်​​ကို​ ​နောက်​ခံထားပြီး
ပျံသန်းခွင့်​ မသာဘူး
မီးခိုး​တွေက တိမ်​တိုက်​​တွေ​အစား ​နေရာယူ
မိုးသား​တွေ​တောင်​ စိတ်​​ကောက်​သွားတယ်​။

ကောင်းမှာပဲ... မိုး​တွေ ရွာသွန်းရင်​​လေ
လူ​နေအိမ်​​တွေကို ဝါးမြို​နေတဲ့ မီးကို
မီးထဲအပစ်​ခံရတဲ့ အပြစ်​မဲ့ က​လေး​တွေကို
မိုးစက်​​တွေက သပ်​​ပေးနိုင်​ခဲ့မှာ​ပေါ့။

အ​တောင်​စုံ ချိုးခံရတဲ့ လူတွေရဲ့ မျက်​ရည်​စက်​​တွေ
နေရာမှားမှာ စွန့်​ပစ်​ခံပစ္စည်း ဖြစ်​​နေရခြင်း မရှိရင်
မီး​တောက်​ထဲက အိမ်​​လေး​တွေကို
အဲ့မျက်​ရည်​စက်​​တွေက ကယ်​နိုင်​ခဲ့မှာ။
မီး​တောက်​ထဲ အပစ်​ခံရတဲ့ က​လေးငယ်​ကိုလည်း
မျက်​ရည်​စက်​​တွေက သွားခြုံ​ပေးနိုင်​​ခဲ့မှာပဲ။

လူ့ဂုဏ်​သိက္ခာ​သေး​သေး​လေး အတွက်
ပေးဆပ်​ရမှုက မတန်​တဆဖြစ်​​နေရ​လေ​တော့
ရှေးက ကဝိ​တွေရဲ့ဆိုစကား နည်းပ​ဒေသ​တွေ​​တောင်
မှားယွင်းကုန်​​လေပြီ။

ကမ္ဘာ့အဖိနှိပ်​ခံဆုံး ဂုဏ်​ပုဒ်​မှ
အဆင့်​​လျှော့ပစ်​ချင်​​နေတဲ့ လူ​တွေကို
အကြမ်းဖက်​သမားဆိုပြီး အပြစ်​တင်​ရက်​ရင်
သင့်​လူသား ဝိ​သေသ​တွေဟာ
တောထဲက ကျားရိုင်းထက် မသာ​လောက်​ပါဘူး။

မျက်​စိအဆုံးမှာ ​ကောင်းကင်​ရှိတယ်
မျှော်​လင့်​ချက်​ကို အဲ့အထိ ဆွဲဆန့်​လိုက်​တယ်​။
ဇီဝိန်​​တွေကို လမ်းခင်းလို့
အာဇာနည်​​တွေ ဆက်​​လျှောက်​ခဲ့တယ်​။
ဒါ​တွေက
မ​နေ့ညက မက်​မိတဲ့ အိပ်​မက်​ပါ​လေ။

အမိဝမ်းမှ ထွက်​လာကတည်းက
မမြည်းစမ်းနိုင်​ခဲ့တဲ့ လူ့ဂုဏ်​သိက္ခာ​တွေ
ကမ္ဘာပတ်​ပြီး ရှာ​တွေ့ခွင့်​မရ​တော့တဲ့ အခါ
ကိုယ့်​အိုးနဲ့ ကိုယ်​တိုင်​ ချက်​စားချင်​​နေတဲ့
သင်​တို့ ငတ်​မွတ်​​နေသူ​တွေရဲ့လုပ်​ရပ်​က
လုံးဝဥဿုံ မမှန်​ကန်​ရင်​​တောင်
တစ်​စက်​​လေးမှ မမှားပါဘူး။

အရွယ်​စုံ ​လောင်​စာ​တွေရဲ့ ​ပေးဆပ်​ရမှု​တွေ
မေ့ရခက်​မယ့်​ ​သမိုင်းမှာ
ခမ်းနားကြီးကျယ်​စွာ ​ရေးမိခွင့်​ရဖို့
ငါတို့မှာ
အသက်​​စုံ​တွေ စာမျက်​နှာ လုပ်​နေရတာ
တကယ်​​တော့
ဟောဒီအသည်းထဲမှာ နာကျည်းလွန်းပါတယ်​။

Rohingya Exodus