နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News
8.4.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သာက တပ်ရာရွာမှ ဒေသခံရိုဟင်ဂျာအမျိုးသမီးများကို ရိုက်နှက်၍ မုဒိမ်းကျင့်ရန်အထိ ကြိုးစားခဲ့သည်။

ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ တပ်ရာရွာရှိ ဒေါ်ရာဘီယာခါတူ၏ နေအိမ်သို့ ဧပြီလ (၄) ရက်နေ့မှ (၆) ရက်နေ့အတွင်း (၃) ညတိတိ ညတိုင်း ကျူးကျော်ဝင်ရောက်၍ နားမခံသာအောင် ဆဲဆိုကြိမ်းမောင်း၍ ရိုက်နှက်ခဲ့သည်။ ဒေါ်ရာဘီယာခါတူတွင် သမီးပျို နှစ်ဦးရှိပြီး ၎င်းတို့အား အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ညသန်းခေါင်ယံအချိန်တွင် အပြင်သို့ ခေါ်ထုတ်၍ မေးမြန်းစရာရှိသည်ဟု အကြောင်းပြ၍ မုဒိမ်းကျင့်ရန် ကြံစည်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်ကျော်သာသည် ၎င်းနှင့်အတူ အပေါင်းပါ နှစ်ဦး ခေါ်ဆောင်လာပြီး အင်အားဖြင့် အမျိုးသမီးများကို ကာအိနြေ္ဒပျက်ပြားစေသည့်အထိ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ ဦးမောင်ကျော်သာက နယ်ခြားစောင့်ရဲများကို ဖုန်းဆက်ခြင်း၊ ရဲစခန်းသို့ ဖုန်းဆက်ခြင်းများ ပြုလုပ်၍ ဒေါ်ရာဘီယာခါတူကို ဖမ်းဆီးခေါ်ဆောင်သွားမည်ခြင်းဟု ခြိမ်းခြောက်ခြင်း၊ နောင်တွင်လည်း ညတိုင်း လာ၍ နှောက်ယှက် ရိုက်နှက်မည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။

အလားတူ ဦးမောင်ကျော်သာသည် ဧပြီလ (၆) ရက်နေ့ ည (၈) နာရီမှာ ညသန်းခေါင်ယံကျော် ဧပြီလ (၇) ရက်နေ့ နံနက် (၁) နာရီထိ တပ်ရာရွာမှ ဒေါ်ဟူဆောင်းဘာနို၏ နေအိမ် အိပ်ခန်းထဲသို့ ကျူးကျော်ဝင်ရောက်၍ မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သည်။ ဒေါ်ဟူဆောင်းဘာနိုသည် အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး၊ ကလေးများကိုရှေ့သို့ ပို့၍ အကာအကွယ်ယူကာ ဦးမောင်ကျော်သာ၏ မုဒိမ်းကျင့်ရန် ကြိုးစားမှုကို ရှောင်ရှားနိုင်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ မုဒိမ်းကျင့်ရန် ကြံစည်သည့် အကြံ မအောင်မြင်သောအခါ ဒေါ်ဟူဆောင်းဘာနိုကို ရိုက်နှက်ကန်ကျောက်ခြင်းများ လူမဆန်စွာ ပြုလုပ်ခဲ့သည်။

ထို့အပြင် ယင်းနေ့ ဧပြီလ (၆) ရက်နေ့ ညပိုင်းတွင် ဒေါ်အာမီနာခါတူ၏ နေအိမ်သို့ ဦးမောင်ကျော်သာနှင့် အပေါင်းပါ နှစ်ဦး ကျူးကျော်ဝင်ရောက်၍ ဒေါ်အာမီနာခါတူ၏ သားဖြစ်သူ မိုဟာမတ်ရှာကေရ်သည် အိမ်နီးချင်း ဒေါ်ဟူဆောင်းဘာနိုနှင့် တရားမ၀င် ခိုး၍ ပေါင်းသင်းနေသည်ဟု လုပ်ကြံစွပ်စွဲ၍ မိုဟာမတ်ရှာကေရ်ကို ဖမ်းဆီးရန် ရှာဖွေခဲ့သည်။ မိုဟာမတ်ရှာကေရ်ကို နေအိမ်တွင် ရှာမတွေ့သောအခါ ထမင်းထိုင်စားနေသည့် မိသားစုဝင်များ အားလုံးကို အထိတ်တလန့် ဖြစ်အောင် ပြုလုပ်ခြင်း၊ သုံးဘီးကားကို ခြေဖြင့် ကန်ကျောက်ခြင်း၊ ဖိုက်ဘာထိုင်ခုံတစ်လုံးကို ရိုက်ချိုးခြင်းများ ပြုလုပ်ခဲ့သည်။

မိသားစုဝင်များ ထမင်းစားပြီးနောက် အားလုံးကို လူမဆန်စွာ ရိုက်နှက်၍ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန် ပြောဆိုခဲ့သည်။ အကယ်၍ ဘင်္ဂလားဒေ့ရှ်သို့ ထွက်မပြေးပါက သတ်ပစ်မည်ဟု ဦးမောင်ကျော်သာက ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။




မလေးရှားနိုင်ငံသို့ ရိုဟင်ဂျာ ၅၆ ဦး တင်ဆောင်၍ ရောက်ရှိသွားသည့် စက်လှေ (မတ်လ ၃၁ ရက်) 

RB News
8.6.2018

စစ်တွေ/ကွာလာလမ်ပူ -- မတ်လ (၂၄) ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရိုဟင်ဂျာ ၁၄၀ ဦးခန့် တင်ဆောင်၍ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားသည့် စက်လှေနှစ်စီး ပျောက်ဆုံးနေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များမှ စုံစမ်းသိရှိရသည်။

မတ်လ (၃၁) ရက်နေ့တွင် ရိုဟင်ဂျာ ၅၆ ဦးတင်ဆောင်ထားသည့် စက်လှေတစ်စီးသည် မလေးရှားနိုင်ငံသို့ ကောင်းမွန်စွာ ရောက်ရှိသွားခဲ့သည်။ ၎င်းတို့အား မလေးရှားရေတပ်မှ ကယ်တင်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဌာနက ထိန်းသိမ်းထားသည်။ ယင်းစက်လှေနှင့်အတူ စစ်တွေမြို့ သဲချောင်းမှ အခြားစက်လှေနှစ်စီးလည်း ထွက်ခွာသွားခဲ့သော်လည်း ယင်းစက်လှေနှစ်စီး ပျောက်ဆုံးလျက် ရှိသည်။ 

“မတ်လ (၃၁) ရက်နေ့က မလေးရှားကို စက်လှေတစ်စီးရောက်သွားတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒါပေမဲ့ အမျိုးသမီး၊ ကလေးတွေ အများစုပါဝင်တဲ့ လူ ၁၄၀ လောက် တင်ပြီး ထွက်သွားတဲ့ စက်လှေနှစ်စီး ပျောက်နေတယ်။ အဲဒီစက်လှေတွေနဲ့ ကျွန်တော်တို့ အဆက်အသွယ် ပြတ်နေတယ်။ ဘယ်ရောက်နေလဲဆိုတာ မသိတော့ဘူး။ သူတို့ရဲ့ ဆွေမျိုးတွေကတော့ အရမ်းကို စိတ်ပူနေကြတယ်” ဟု စစ်တွေမြို့မှ ရိုဟင်ဂျာတစ်ဦးဖြစ်သူ ဦးမိုဟာမတ် (အမည်ရင်းမဟုတ်) က RB News သို့ပြောပါသည်။

စက်လှေများနှင့် ထွက်ခွာနေသူများမှာ ၂၀၁၂ ခုနှစ်တွင် နေအိမ်များမှ မောင်းထုတ်ခံရပြီး၊ နေအိမ်များ မီးရှို့ခံရခြင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည့် ရိုဟင်ဂျာများ ဖြစ်ကြသည်။ အနည်းဆုံး ၁၄၀၀၀၀ ကျော် ဒုက္ခသည်စခန်းများတွင် သီးသန့်ခွဲခြားထားသည်မှာ ၆ နှစ်နီးပါး ရှိနေပြီဖြစ်သည်။ လာမည့် သီတင်းပတ်များတွင် စက်လှေများ ထပ်မံ၍ ထွက်ခွာမည့် အခြေအနေရှိသည်ဟု ဒေသခံများက ဆိုသည်။ 

“ကျွန်တော်တို့က ဘယ်ကိုမှ သွားလာ လှုပ်ရှားလို့မရဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေကို ပိတ်ဆို့ထားတယ်။ ကျွန်တော်တို့ အလုပ်လုပ်လည်း လုပ်လို့မရဘူး။ အစားအသောက်လည်း လုံလုံလောက်လောက်မရဘူး။ ကျွန်တော်တို့မှာ မျှော်လင့်ချက်ကင်းမဲ့နေတယ်။ ဘယ်တော့များ ဒီလို အတိဒုက္ခတွေ အဆုံးသတ်သွားမလဲဆိုတာ မသိဘူး။ အကျဉ်းထောင်လို စခန်းတွေထဲ နေနေရတာ ၂၀၁၂ ခုနှစ်ကတည်းကပဲ။

“အဲဒါကြောင့် မလေးရှားမှာ ဆွေမျိုးရှိသူတွေက အေးဂျင့်တွေကို ငွေပေးတယ်။ ဒီမှာရောင်းချဖို့ ရှိသူတွေက ရောင်းချပြီး အေးဂျင့်ကို ပေးပြီး မလေးရှားကို ထွက်နေကြတယ်။ နောက်ထပ် စက်လှေနှစ်စီးလည်း မကြာခင် ထွက်ဖို့ ရှိနေတယ်” ဟု စစ်တွေမြို့မှ ရိုဟင်ဂျာတစ်ဦးက ပြောပါသည်။ 

မလေးရှားသို့ထွက်ခွာနေသူ တစ်ဦးလျှင် ငွေကျပ် ၇ သိန်း အေးဂျင့်ကို ပေးရပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို စက်လှေတစ်စီးလျှင် ငွေကျပ် သိန်း ၁၀၀ ပေးရကြောင်း၊ စက်လှေတစ်စီးလျှင် လူ ၁၀၀ ခန့်ထိ တင်ဆောင်နိုင်ကြောင်း စစ်တွေမြို့မှ သတင်းရင်းမြစ်များက ပြောသည်။

Saed Arakani နှင့် M.S. Anwar တို့က သတင်းပေးပို့သည်။

RB News
2.4.2018

လန်ဒန် ။ ။ မြန်မာ ရိုဟင်ဂျာ အသင်း (ယူကေ) ၏ နှစ်ပတ်လည် အစည်းအဝေးကို မတ်လ (၃၁) ရက်နေ့က ကျင်းပခဲ့ပြီး လန်ဒန်မြို့တွင် နေထိုင်နေကြသည့် ရိုဟင်ဂျာမိသားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဘဘာပတိအဖြစ် ဦးဘစိန်က ဆောင်ရွက်ပြီး၊ အခမ်းအနားမှူးအဖြစ် ဦးသီဟဂျမာလ်မှ ဆောင်ရွက်ခဲ့သည်။ အစည်းအဝေး အစီအစဉ်များအရ အသင်း၏ လှုပ်ရှား ဆောင်ရွက်မှုများကို ဥက္ကဌ ဖြစ်သူ ဦးထွန်းခင်က အကျယ်တ၀န့် ရှင်းလင်းတင်ပြပြီး၊ ဘဏ္ဍာရေး ရှင်းတမ်းကို ဘဏ္ဍာရေး အတွင်းရေးမှူး ဦးစောလွင်က ဖတ်ကြားတင်ပြသည်။ စာရင်းအင်းထားသိုမှု၊ သုံးစွဲမှု အခြေအနေများကို စာရင်းစစ်အဖွဲ့ ခေါင်းဆောင် ဦးဘစိန်မှ ရှင်းလင်းတင်ပြခဲ့သည်။ 

အစည်းအဝေးတွင် ဥက္ကဌ ဦးထွန်းခင်နှင့် အတူ ဦးနူရုလ်အစ္စလာမ်၊ ဧည့်သည်တော် ဒေါက်တာမောင်ဇာနည် တို့က ကာကွယ်စောင့်ရှောက်မှု ရှိသော ဇာတိမြေသို့ ရိုဟင်ဂျာများ အကာအကွယ် အစောင့်အရှောက်နှင့် ပြန်ခွင့် ရရှိရေးတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။

အစည်းအဝေး အစီအစဉ်များအရ အမှုဆောင် (၁၁) ဦး ပါဝင်သော ဗဟိုအလုပ်အမှုဆောင်အသစ် အဖွဲ့ ရွေးချယ်ပြီး ဥက္ကဌအဖြစ် ဦးထွန်းခင်ကို လည်းကောင်း၊ အတွင်းရေးမှူး အဖြစ် ဦးသီဟဂျမာလ်ကို လည်းကောင်း ပြန်လည် ရွေးချယ် တင်မြှောက်ခဲ့သည်။

ထို့နောက် ရိုဟင်ဂျာရင်သွေးငယ်များအား ပညာရည်ထူးချွန်ဆုပေးပွဲ ကျင်းပပြုလုပ်ပြီး ဆု (၃) ဆုကို ပညာရေး ကော်မတီအတွင်းရေးမှူး ဒေါ်ခင်လှ က ချီးမြှင့်ပေးအပ်ခဲ့သည်။ 










Rohingya Eye
RB News
31.3.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောတောင်ကျေးရွာတွင် ငါးဖမ်း၍ ၀မ်းစာရှာနေသည့် ဒေသခံရိုဟင်ဂျာများထံမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှူးက လစဉ်ကြေး ငါးသောင်းကျပ်စီ တောင်းခံနေသည်။ 

မတ်လ (၃၀) ရက်နေ့ နေ့လည် ၂ နာရီခန့်အချိန်တွင် သရက်အုပ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင် (၆) ဦးတို့သည် မြောတောင်ကျေးရွာသို့ ဆိုင်ကယ် (၃) စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆင့်ခေါ်ခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ရောက်ရှိလာသောအခါ “ဒီရွာမှာ ပိုက်ကွန်နဲ့ ငါးဖမ်းနေတဲ့ ရွာသားဘယ်နှစ်ယောက်ရှိလဲ” ဟု မေးမြန်းခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက (၈) ဦးခန့် ရှိကြောင်း ရိုးသားစွာ ဖြေဆိုခဲ့သည်။ 

ထို့နောက် ကင်းစခန်းမှူးက ငါးဖမ်းသူများသည် ၎င်းထံမှ ခွင့်ပြုချက်ယူရမည် ဖြစ်ကြောင်း၊ ၎င်း၏ စခန်းသို့ လစဉ် ငွေကျပ် ငါးသောင်းစီ ပေးသွင်းရမည် ဖြစ်ကြောင်း၊ လစဉ်ကြေး မပေးပါက ငါးဖမ်းခွင့်ရမည် မဟုတ်ကြောင်း ပြောကြား၍ လစဉ် ဆက်ကြေးတောင်းခံခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။

ကင်းစခန်းမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးကို “ဒီလူတွေကို ငါအခု ဘာပြောလဲဆိုတာ ရှင်းပြပြီး ငွေယူပေးနိုင်မလား၊ ဒါမှမဟုတ် ဒီလူတွေကို ငါတို့နဲ့ လာတွေ့ခိုင်းမလား၊ ဒါမှမဟုတ် ငါတို့ သူတို့အိမ်တွေကို သွားရမလား” ဟု မေးမြန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာသားများကို ရှင်းပြ၍ ပြန်လည်တင်ပြမည်ဟု ကတိပေးခဲ့သည်။ 

မြောတောင်ကျေးရွာတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့မတိုင်မီ ဒေသခံရိုဟင်ဂျာ မိသားစု (၆၀၁) စု လူဦးရေအားဖြင့် (၅၀၀၅) ဦး ရှိခဲ့သည်။ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်၍ နေအိမ်များ မီးရှို့ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ အသက်အရွယ်မရွေး ပစ်သတ်ခြင်း၊ လည်လှီး သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခြင်း၊ ကလေးငယ်များကို မီးထဲသို့ ပစ်သွင်း၍ သတ်ဖြတ်ခြင်း တို့ကြောင့် ယခုအခါ မိသားစု (၃၇) စု လူဦးရေအားဖြင့် (၁၃၅) ဦးသာ ကျန်ရှိတော့သည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက လိုင်စင်ရ သောင်းကျန်းသူများကဲ့သို့ လစဉ် ဆက်ကြေး တောင်းခံနေသည်များ မပေးနိုင်လျှင် တဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံမည်ဟု တထစ်ချယူဆ၍ တွန်းအားပေးနေခြင်းဖြစ်သည်။




RB News
30.3.2018

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်၊ နာဂရာကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာမှ ဗလီရှေ့ဆောင်ဆရာတစ်ဦးကို မတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်အစွန်းရောက်တစ်ဦးက ရိုက်နှက်ခဲ့ခြင်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

မော်လ၀ီ ဦးအာမတ်ဟူဆောင်း (အသက် ၅၇ နှစ်) သည် နာဂရာကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာ (နော်ယာဖာရာ) မှ ဗလီရှေ့ဆောင်ဆရာတစ်ဦး ဖြစ်ပြီး ငါးဖမ်း၍ ၀မ်းစာရှာဖွေနေသူ ဖြစ်သည်။ ၎င်းသည် မတ်လ (၃၀) ရက်နေ့ နံနက် (၇) ခန့်တွင် လေးမြို့မြစ်၏ တစ်ဖက်ခြမ်းတွင် ကွန်ပိုက်ဖြင့် ငါးဖမ်းနေစဉ် ကျွန်းတောကျေးရွာမှ ဦးကျော်ဇောအောင်၏ သားဖြစ်သူက ဦးခေါင်းကို သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့သည်။ ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲအက်၍ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

မော်လ၀ီ ဦးအာမတ်ဟူဆောင်း ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ သရက်အုပ်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးများက ပန်းမြောင်းရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ လာရောက်၍ စစ်ဆေးမေးမြန်းခြင်း မရှိသေးကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

“ကျွန်တော်တို့က အရေးကြုံရင်လည်း ရဲစခန်း သွားလို့မရဘူး။ ကျွန်တော်တို့ သွားလို့ရတာ အနားမှာရှိတဲ့ ရိုဟင်ဂျာရွာ နှစ်ရွာပဲရှိတယ်။ အဲဒါကလည်း နာဂရာကျေးရွာအုပ်စုထဲမှာ ရှိတဲ့ ရွာနှစ်ရွာပါ။ အခြား ဘယ်နေရာကိုမှ သွားခွင့်မရှိဘူး” ဟု ပြောသည်။

နာဂရာကျေးရွာအုပ်စုတွင် ရွာငယ် (၁၁) ရွာရှိပြီး သရက်အုပ်ကျေးရွာလည်း အပါအ၀င် ဖြစ်သည်။ ရွာငယ် (၁၁) ရွာတွင် သရက်အုပ် အပါအ၀င် ရွာ (၃) ရွာမှာ မွတ်စလင်ရွာများ ဖြစ်ပြီး၊ မွတ်စလင်များသည် မွတ်စလင်ရွာများသို့သာ သွားလာခွင့်ရှိပြီး အခြားမည်သည့်ရွာကိုမှ သွားလာခွင့် မရှိသည့်အပြင် ရဲစခန်းသို့ပင် သွားရောက်ခွင့် မရှိပေ။

မော်လ၀ီ ဦးအာမတ်ဟူဆောင်း ရရှိသည့် ဒဏ်ရာမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသော်လည်း လုံလောက်သည့် ဆေးဝါးကုသမှု အတွက် ဆေးရုံသို့ သွားခွင့်မရှိကြောင်း၊ နာဂရာကျေးရွာအုပ်စု အတွင်းရှိ ဒေသခံရိုဟင်ဂျာများသည် ၂၀၁၂ ခုနှစ်မှစ၍ ရွာအပြင်သို့ လုံးဝ ထွက်ခွင့်မရတော့ပဲ ပိတ်ဆို့ခံထားရကြောင်း၊ ၀င်ငွေရှာရန် အခွင့်အလမ်း လုံးဝ မရှိတော့သဖြင့် ရရာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျှင်လည်း အစိုးရ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ ရခိုင်အစွန်းရောက်များ၏ မတရားသဖြင့် ရိုက်နှက်မှုကို မကြာခဏ ခံရသောကြောင့် လူသေဆုံးမှုများပင် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 






ယျာတင် (ရိုဟင်းသား)
RB News
30.3.2018

ရိုဟင်​ဂျာ အဆို​တော်​တစ်​ဦးအ​ကြောင်း

(သို့မဟုတ်​)

ကျပ်​တည်း​နေမှု၊ နှလုံးသားအနာတရ၊ အ​ခြေအ​နေ​ကြောင့်​ ဖြစ်​​ပေါ်လာတဲ့ နာကျင်​မှု​တွေကို တစ်​ဖက်​တစ်​လမ်းက ​ဖြေ​လျှော့​ပေး​နေသူ

(၁)

သီချင်းဆိုတာ စည်းမခြားထားတဲ့ အနုပညာထဲက အနုပညာ တစ်​မျိုးပါပဲ။ လူမျိုးတိုင်းမှာ သူ့နည်းသူ့ဟန်​နဲ့ သီချင်းဆိုတဲ့ အဆို​တော်​​တွေ ရှိစမြဲပါ။ တစ်​ချို့က သင်​တန်း​တွေ ​သေချာတက်​ပြီး စည်းစနစ်​ကျကျ သီချင်းဆိုတဲ့ အဆင့်​မြင့်​ အဆို​တော်​​ ဖြစ်​လာသလို တစ်​ချို့ကျ​တော့လည်း သင်​တန်းတက်​ခွင့်​မရ၊ အခြားနည်းနဲ့လည်း ​လေ့လာခွင့်​မရဘဲ ဝါသနာအရ သီချင်း​တွေသီဆိုရင်း အဆို​တော်​​ ဖြစ်​လာတတ်​ပါတယ်​။ အဆင့်​မြင့်​တဲ့ အဆို​တော်​​၊ ဒါမှမဟုတ်​ သာမန်​အဆို​တော်​၊ ဘယ်​အမျိုးအစားထဲကပဲ ဖြစ်​ပါ​စေ အဆို​တော်​ဆိုတာ အနုပညာသည်​ဝင်​ပဲ မဟုတ်​ပါလား။

(၂)

အခု​ခေတ်​မှာ အဆို​တော်​​တွေ သီချင်းသွင်းတဲ့ တီးဝိုင်းကို ကြည့်​လိုက်​ရင်​ ကိရိယာတန်​ဆာပလာ​တွေ အများအပြားကို ​တွေ့မြင်​ရမှာ ဖြစ်​ပါတယ်​။ ကျွမ်းကျင်​သူ​တွေက ကိုယ့်​​နေရာနဲ့ကိုယ်​ တာဝန်​ယူပြီး ကျွမ်းကျင်​စွာ တီးခတ်​​ပေးရတယ်​။ ဆိုလိုချင်​တာက သီချင်းတစ်​ပုဒ်​ ဖြစ်​လာဖို့ဆိုတာ တီးမှုတ်​စရာ၊ အသံသွင်းစရာ စတဲ့ ကိရိယာတန်​ဆာပလာ​​တွေ အများအပြား လိုအပ်​​နေတယ်​လို့ ဆိုလိုတာပါ။ သီချင်း​ကောင်းတစ်​ပုဒ်​ ဖန်​တီးဖို့ဆိုတာကလည်း လွယ်​ကူတဲ့ အလုပ်​တစ်​ခု​တော့ မဟုတ်​တာ ​သေချာပါတယ်​။ တီးခတ်​မှုလည်း​ကောင်းရပြီး အသံသွင်းရတာလည်း မှန်​ဖို့လိုသလို ဆို​နေတဲ့ အဆို​တော်​ရဲ့ အသံလည်း သံစဉ်​နဲ့ ကိုက်​ညီပြီး သာယာဖို့လိုပါတယ်​။ ပြီး​တော့ သီချင်းရဲ့ စာသား​တွေကလည်း ထိမိဖို့လိုပါလိမ့်​မယ်​။

(၃)

အခု ဒီ​ဗီဒီယိုမှာ ... ရိုဟင်​ဂျာ အဆို​တော်​​က သီချင်းဆို​နေတဲ့အခါ တီးခတ်​စရာဆိုလို့ ကိရိယာနှစ်​ခုပဲ ရှိ​နေတာ ​တွေ့ရပါတယ်​။ တစ်​ခုက မီဒီလင်​ဖြစ်​ပြီး အဲ့ဒီမယ်ဒလင်​ကို တစ်​​ယောက်​က တီး​ပေး​နေတယ်​။ ​နောက်​တစ်​ခုက စတီးခွက်​ပါပဲ။ အဲ့ဒီ စတီးခွက်​ကို အဆို​တော်​ကိုယ်​တိုင်​က တီးခတ်​​နေပါတယ်​။ ဒီကိရိယာနှစ်​ခု​ပေါင်းပြီး သီချင်းတစ်​ပုဒ်​ ဖန်​တီး​နေပါတယ်​။ အသံသွင်းစရာအဖြစ်​က​ မိုဘိုင်းဖုန်းကို အသုံးပြုထားဟန်​ရှိပါတယ်​။

အဆင့်​မြင့်​ တီးဝိုင်းနဲ့အတူ သီဆို​​နေတဲ့ သီချင်းမဟုတ်​​ပေမယ့်​ ဒီအဆို​တော်​ရဲ့ သီချင်းဟာ ရင်​ကိုထိ​စေတဲ့ သီချင်းတစ်​ပုဒ်​ ဖြစ်​လို့​နေပါတယ်​။ ဘာ​ကြောင့်​လဲ ဆို​တော့ အဆို​တော်​ရဲ့ အသံ​ကောင်းမွန်​မှု နဲ့ ဒုက္ခသည်​ဘဝ​ရောက်​​နေကြတဲ့ ရိုဟင်​ဂျာ​တွေရဲ့ ပကတိအ​ခြေအ​နေအ​ပေါ် အ​ခြေခံကာ စပ်​ဆိုထားတဲ့ သီချင်းရဲ့ စာသား​တွေ​ကြောင့်​ပဲ ဖြစ်​ပါတယ်​။

သီချင်း စာသားအချို့ကို မြန်​မာလို အနီးစပ်​ဆုံး ဘာသာပြန်​ကြည့်​ရ​အောင်​ ...

(🎵🎵🎵 မုတ်​သုန်​ရာသီ ​ရောက်​ပြီး မုတ်​သုန်​​လေ တိုက်​ခတ်​တဲ့အခါ .... ရိုဟင်​ဂျာတို့ အ​ခြေအ​နေ ဘယ်​လို ဖြစ်​​နေပါ့မလဲ ...) ၂

🎵🎵🎵 ငါတို့မသိဘူး ... ကမ္ဘာကြီးက၊ UN အဖွဲ့က ငါတို့ကို ကူညီဖို့ ဘာ​တွေ ​တွေး​တော​နေမလဲ ... ရိုဟင်​ဂျာတို့ အ​ခြေအ​နေ ဘယ်​လို ဖြစ်​ပါ့မလဲ ...

🎵🎵🎵 မုတ်​သုန်​ရာသီ ​ရောက်​ပြီး မိုးရွာ​ချ​နေတဲ့အခါ ... ရိုဟင်​ဂျာတို့ အ​ခြေအ​နေ ဘယ်​လို ဖြစ်​ပါ့မလဲ ...

🎵🎵🎵 တာပလင်​နဲ့ ကာရံထားတဲ့ ငါတို့ရဲ့ ​သေးငယ်​တဲ့ တဲအိမ်​များ ...
🎵🎵🎵 ​ရှေ့​ရောက်​လာ​တော့မယ်​ မုန်​တိုင်းနဲ့မိုးကို .... ငါတို့ အလွန်​တရား​ကြောက်​ရွံ့မိပါတယ်​ ....။

(၄)

သီချင်းကို စာနဲ့​ရေးမထားဘဲ လက်​တန်းဆို​နေပုံ။ အံ့ဩမှင်​သက်​စရာအစွမ်း နဲ့ အဆို​တော်​။ ​​အေး​လေ ... စာနဲ့​ရေးပြီး အလွတ်​ကျက်​ထားစရာမှမလိုတာ။ သူတို့ရဲ့ ဘဝ​ပေးအ​ခြေအ​နေက သူတို့ရဲ့ နှလုံးသားတိုင်းမှာ စကားလုံး​တွေ အ​မြောက်​အမြား ​မွေးဖွား​ပေး​နေမှာပဲ မဟုတ်​လား။ အထူးသဖြင့်​ သူ့လို အဆို​ပိုင်း ဝါသနာပါတဲ့ အနုပညာသည်​တစ်​ဦးမှာ စကားလုံး​တွေ သူများထက်​ပိုပြီး ရင်​ထဲဖြစ်​​ပေါ်​နေမိမှာ အမှန်​ပင်​။

လူ့​လောကကို ​ရောက်​လာကတည်းကစပြီး အမိုးပွင့်အကျဉ်းထောင်ထဲမှာပဲ ​နေခဲ့ရသူ​တွေ ဖြစ်​တာနဲ့အညီ သူတို့တစ်​​တွေဟာ ဘယ်​အနုပညာကိုမှ professional ဆန်​ဆန်​ ​လေ့လာသင်​ယူခွင့်​ မရရှိခဲ့ကြပါဘူး။ ဒါ​ပေမယ့်​ ပြင်းထန်​တဲ့ စိတ်​ဓာတ်​နဲ့ ဝါသနာက မိမိ ဖြစ်​ချင်​တာကို ဖြစ်​လာ​စေပါတယ်​။ တစ်​ခု​တော့ ရှိတယ်​။ အခွင့်​အ​ရေးတစ်​ခုသာ ရခဲ့ရင်​ အဲ့ဒီဝါသနာကို အဆင့်​မြင့်​မြင့်​နဲ့ ​မွေးထားခွင့်​ရမိမှာပါပဲ။ ဘယ်​လိုပင်​ ဖြစ်​ပါ​စေ။ ဒီအဆို​တော်​က ကျ​နော်​တို့ရဲ့ အဆင့်​မြင့်​တဲ့ ချီးကျူးမှုနဲ့ ထိုက်​တန်​ပါတယ်​။ ဒုက္ခသည်​ဘဝ​ရောက်​ ရိုဟင်​ဂျာ အဆို​တော်​ကို ကျ​နော်​ စာ​ရေးသူက အ​ဝေးတစ်​​နေရာမှ ​​လေး​လေးစားစား အ​လေးပြု​​အပ်​​ကြောင်း ဒီစာပုဒ်​က သက်​​သေဖြစ်​ပါ​စေ။

(၅)

အောက်​က စာပိုဒ်​​တွေဟာ UNHCR Bangladesh ရဲ့ Facebook page မှာ ​ရေးတင်​ထားတာကို အနီးစပ်​ဆုံး ဘာသာပြန်​ထားခြင်း ဖြစ်​ပါတယ်​။ (အင်္ဂလိပ်​လို ဒီမှာ ဝင်​ဖတ်​လို့ရပါတယ်​ -- https://bit.ly/2uvbJPA)

သူ့နာမည်​က Mohammed Sayedul Islam။ မြန်​မာနိုင်​ငံသား ရိုဟင်​ဂျာ ပရို-အဆို​တော်​ တစ်​ဦးဖြစ်​နေသူ Islam ဟာ ယခု​တော့ ဘင်္ဂလား​ဒေရှ့်​နိုင်​ငံ၊ ကူတုပါလောင် ဒုက္ခသည်​စခန်းမှာ ဒုက္ခသည်​တစ်ဦးပါ။ ၁၀ နှစ်​သားအရွယ်​ မသန်​မစွမ်း သားဖြစ်​သူ Umar ရဲ့ ကျန်းမာ​ရေးအသုံးစရိတ်​ ကာမိရန်​ အပါအဝင်​ သူ့မိသားစု အသက်​ရှင်​​ရေးမှာ အ​ထောက်​အကူဖြစ်​​စေရန်​အတွက်​ အဆိုပိုင်းကို သူဆက်​လက်​ လုပ်​​ဆောင်​လာ​နေခဲ့ပါတယ်​။

"ကျ​နော်​က သီချင်း​တွေကို (​ရေးမထားဘဲ) လက်​တန်းဆိုနိုင်​တယ်​" လို့ သူက ဆိုပါတယ်​။ တစ်​ခါတစ်​ရံ လူ​တွေက သူတို့ရဲ့ ပုဂ္ဂလိက အ​ကြောင်းအရာ​တွေကို သီချင်း​အဖြစ်​ စပ်​ဆိုခိုင်းတယ်​လို့လည်း သူက ​ပြောပါတယ်​။

"ကျ​နော့်​ သီချင်းက လူ​တွေရဲ့လိုအပ်​ချက်​ကို ဖြည့်​ဆည်း​ပေးရာ​ရောက်​ပါတယ်​။ ကျ​နော့်​သီချင်း​ကြောင့်​ လူ​တွေ သူတို့ရဲ့ နာကျင်​မှုဒဏ်​က​နေ သက်​သာရတယ်​လို့ ထင်​တယ်​။ ကျ​နော်​က သူတို့အတွက်​ နှစ်​သိမ့်​မှု​တွေ ယူ​ဆောင်​လာတယ်​။ ကျ​နော်​က လူ​တွေအတွက်​ ​ပျော်​ရွှင်​မှုအနည်းငယ်​ ယူ​ဆောင်​လာတယ်​" ဆိုပြီး အိစ္စလာမ်​က ရှင်းပြပါတယ်​။

"ကျ​နော်​က စိတ်​​ရောဂါအထူးကုဆရာဝန်​ တစ်​​ယောက်​လိုပါပဲ​။ နှလုံးကု ဆရာဝန်​တစ်​​ယောက်​လို​ပေါ့။ ကျ​နော်​က လူ​တွေရဲ့ စိတ်​ဒဏ်​ရာ​တွေကို ကုသ​ပေးတဲ့ ဆရာဝန်​ တစ်​​ယောက်​​ပေါ့​ဗျာ" လို့ သူက ဆက်​​ပြောပြပါတယ်​။

အခု ဒီ​ဗီဒီယိုမှာ ဆို​နေတဲ့ သီချင်းဟာ ....​ရောက်​လာ​တော့မယ်​ မုတ်​သုန်​ရာသီနဲ့ ပတ်​သက်​ပြီး ဒုက္ခသည်​စခန်းက ရိုဟင်​ဂျာ​တွေရဲ့ စိတ်​ပူပန်​မှုကို ​ပုံ​ဖော်​​စပ်​ဆိုထားတဲ့ သီချင်းတစ်​ပုဒ်​ ဖြစ်​ပါတယ်​။









RB News
28.3.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာမှ သြဂုတ်လ (၁၆) ရက်နေ့တွင် ဖမ်းဆီးခံရသူ (၂၂) ဦးကို ထောင်ဒဏ် (၃) နှစ်စီချမှတ်လိုက်သည်။

၂၀၁၇ ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့ နံနက် (၇) နာရီခန့်တွင် ဦးလှဖေကျေးရွာအတွင်းသို့ လက်နက်ကိုင် အာဏာပိုင်များ ရောက်ရှိလာပြီး အပြစ်မဲ့ ဒေသခံရိုဟင်ဂျာ (၄၉) ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးသို့ ခေါ်ဆောင်သွားခဲ့ပြီး၊ သက်ကြီးရွယ်အိုများနှင့် အသက်အရွယ် ငယ်ရွယ်သူများ (၂၅) ဦးကို ငွေညှစ်၍ ညောင်ချောင်း နယ်မြေစခန်းမှတဆင့် ပြန်လည် လွှတ်ပေးခဲ့သည်။

ကျန်သည့် (၂၄) ဦးကို ဘူးသီးတောင်မြို့ရှိ အကျဉ်းထောင်သို့ ပို့ဆောင်၍ ပုဒ် ၁၇/၁ နှင့် ၁၇/၂ တို့ဖြင့် တရားစွဲဆိုခဲ့ရာ နောက်ဆုံးတွင် ၁၇/၂ ကို ပယ်ဖျက်ပေးခဲ့သော်လည်း ၁၇/၁ ဖြင့် ဆက်လက် တရားစွဲဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ယနေ့ မတ်လ (၂၈) ရက်နေ့တွင် တရားစွဲဆိုခံထားရသူ (၂၄) ဦးအနက် ဦးအာရော်ဖ်အူလ္လာနှင့် ဦးအီလီယာစ် တို့နှစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ကျန်သည့် (၂၂) ဦးကို ထောင်ဒဏ် (၃) နှစ်စီ ချမှတ်လိုက်သည်။

“လွှတ်လာတဲ့နှစ်ဦးကတော့ တရားသူကြီးကို တစ်ယောက်က သိန်း (၇၀)၊ နောက်တစ်ယောက် (၇၅) သိန်း ပေးလို့ လွတ်လာတယ်လို့ ကြားတယ်။ ကျန်တဲ့ (၂၂) ယောက်ကိုတော့ ထောင်ဒဏ် (၃) နှစ်စီ ချလိုက်ပြီး အကျဉ်းထောင်ကို ခေါ်သွားလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ထောင်ဒဏ်ချမှတ်ခံရသူ (၂၂) ဦးစလုံးသည် အပြစ်မဲ့များဖြစ်ပြီး၊ မတရားသဖြင့် ထောင်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။




RB News
28.3.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငါးရန့်ချောင်းကျေးရွာအုပ်စုတွင် ယာယီအခြေစိုက်ထားသည့် ၅၅၂ တပ်ရင်းမှ ဗိုလ်ကြီးနှင့် တပ်ဖွဲ့ဝင်များက ဒေသခံရိုဟင်ဂျာများကို နေ့စဉ်နေ့တိုင်း နည်းမျိုးစုံ ဒုက္ခပေးနေသည်ဟု ဒေသခံများက ပြောပါသည်။

ငါးရန့်ချောင်းကျေးရွာအုပ်စုရှိ ကင်းစခန်းသို့ လွန်ခဲ့သည့် ၁၀ ရက်ခန့် ၅၅၂ တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ကြောင်း၊ ၎င်းတို့က ဒေသခံရိုဟင်ဂျာများထံမှ ငွေညှစ်ခြင်း၊ စိုက်ခင်းများ သီးနှံများ၊ ငါးဖမ်းသမားများထံမှ ငါးများနှင့် ပုဇွန်များကို ဆက်ကြေးတောင်းခံသကဲ့သို့ နေ့စဉ်နေ့တိုင်း တောင်းယူနေသည်။ 

“စိုက်ခင်းတွေထဲက ကောက်ပဲသီးနှံတွေကို သူတို့ စိတ်ကြိုက်ခူးယူတယ်။ ရွာထဲက ကြက်၊ ငှက် ဘာမှ မကျန်ဘူး။ ငါးဖမ်းသမားတွေ တွေ့တာနဲ့ ငါးနဲ့ပုဇွန် လုယူတယ်။ အခုဆိုရင် ပုဇွန်ရတာနဲ့ သူတို့ကို သွားပေးရတယ်။ မပေးရင် ညှဉ်းပန်းနှိပ်စက်မှာကို စိုးရိမ်ရတဲ့အတွက် အကုန်ပေးနေရတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

မတ်လ (၂၇) ရက်နေ့က ငါးရန့်ချောင်းနှင့် ကျီးနှုတ်သီး စက်လှေများဖြင့် ငါးဖမ်းနေသူများကို ဆင့်ခေါ်၍ အမှန်တကယ် စက်လှေပိုင်ရှင်များနှင့် ပိုင်ရှင်မဲ့ဖြစ်နေသည့် စက်လှေများကို သုံး၍ ငါးဖမ်းနေသူများကို အုပ်စုခွဲရာ ပိုင်ရှင်မဲ့ဖြစ်နေသည့် စက်လှေများကို သုံးနေသူ (၁၃) ဦး တွေ့ရှိခဲ့သည်။ ၅၅၂ တပ်ရင်းမှ ဗိုလ်ကြီးက အဆိုပါ (၁၃) ဦးကို ငွေကျပ် (၁၅) သိန်းကို မတ်လ (၂၈) ရက်နေ့တွင် နောက်ဆုံးထား ပေးရမည်ဟု အမိန့်ပေးခဲ့ပြီး၊ ကျေးရွာမှ လူကြီးများက ညှိနှိုင်းပေးမှုကြောင့် ငွေကျပ် (၅) သိန်း ပေးခဲ့ရသည်။

“လူတွေက စားဝတ်နေရေး ခက်ခဲနေတော့ တစ်ဖက်နိုင်ငံကို ထွက်ပြေးခိုလှုံနေသူတွေရဲ့ စက်လှေတွေကို ယူသုံးပြီး ငါးဖမ်းကြတယ်။ မနေ့က အဲလို ငါးဖမ်းနေတဲ့ ဒေသခံ (၁၃) ယောက်ကို ငွေ (၁၅) သိန်း အတင်းအဓမ္မ ညှစ်တော့ လူတွေလည်း ငွေမတတ်နိုင်ဘူး။ ဒီနေ့ နောက်ဆုံးထား ပေးရမယ်ဆိုတော့ ကျေးရွာအုပ်ချုပ်ရေး လူကြီးတွေက သွားတောင်းပန်ပြီးတော့ နောက်ဆုံးမှာ ငွေ (၅) သိန်း ပြေလည်သွားတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

“အမျိုးသမီးတွေ လမ်းသွားရင် ကာအိနြေ္ဒပျက်ပြားတဲ့ အထိ နှောက်ယှက်တယ်၊ အမျိုးသမီးတွေ ၀တ်ရုံခြုံထားတာကို အတင်းအဓမ္မ ချွတ်ခိုင်းတာတွေ လုပ်တယ်၊ အမျိုးသားတွေကို မင်းတို့က အကြမ်းဖက်သမားတွေ ၅၅၂ တပ်ရင်းကို တိုက်ခိုက်ခဲ့တဲ့လူတွေ မင်းတို့ကို ဖမ်းရမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်တယ်။ ဒီဗိုလ်ကြီးနဲ့ စစ်သားတွေ ရွာကိုရောက်လာပြီးကတည်းက ဒုက္ခမျိုးစုံ ကြုံတွေ့နေရတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။




MYARF
RB News
19.3.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ်ကျေးရွာအုပ်စုမှ အစ္စလာမ်ဘာသာရေးကျောင်းကို ဘင်္ဂလီ-ရခိုင်များက မီးရှို့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများ ပြောဆိုနေကြသည်။ 

မတ်လ (၁၈) ရက်နေ့ နံနက် ၂း၃၀ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ်ကျေးရွာအုပ်စု အာရှိက္ကားရွာ မြောက်ပိုင်းရှိ အစ္စလာမ်ဘာသာရေးကျောင်း၏ ခေါင်မိုးထိပ်မှ စတင်၍ မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်နေသည်ကို ယင်းကျောင်း ပတ်ဝန်းကျင်မှ ဒေသခံ ရိုဟင်ဂျာများက မြင်တွေ့သွားပြီး အော်ဟစ် အကူအညီတောင်းခံခဲ့ရာ ဒေသခံရွာသူရွာသားများ ရောက်ရှိလာပြီး မီးငြိမ်းသတ်ခဲ့သည်။ 

ရွာသူရွာသားများ ချက်ချင်း ရောက်ရှိလာပြီး မီးငြိမ်းသတ်ခဲ့သောကြောင့် ကျောင်း၏ ခေါင်မိုးအနည်းငယ်သာ မီးလောင်ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရွာသူရွာသားများ မီးငြိမ်းသတ်နေစဉ် ဆူညံမှုကြောင့် သရက်အုပ် ရခိုင်ရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ မိုးပေါ်ထောင်၍ သေနတ်နှစ်ချက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ မီးလောင်ရာနေရာသို့ လာရောက် ကြည့်ရှုခြင်း မရှိခဲ့ဟု ဒေသခံများက ဆိုသည်။ 

နံနက်မိုးလင်းမှသာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး စစ်ဆေးခဲ့ရာ ရွာသားများက ခေါင်မိုးထိပ်မှ မီးစတင်လောင်ကျွမ်းနေသည်ကို မြင်တွေ့ခဲ့ကြောင်း၊ ကျောင်းထဲတွင် ကောက်ရိုး အနည်းငယ် တွေ့ရှိကြောင်းကို တင်ပြခဲ့ရာ နယ်ခြားစောင့်ရဲများက မီးရှို့သူကို စုံစမ်းရမည်ဟု ပြောကြား၍ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

မတ်လ (၁၇) ရက်နေ့ ည ၁၁ နာရီခန့် အချိန်တွင် ဘင်္ဂလီ-ရခိုင် နှစ်ဦးကို ရွာထဲတွင် တွေ့ရှိ၍ ဒေသခံ ရိုဟင်ဂျာရွာသားများက မေးမြန်းခဲ့ရာ ဖားရှာရန် လာရောက်ခြင်း ဖြစ်သည်ဟု ဖြေဆိုခဲ့သည်။ ဘာသာရေးကျောင်း မီးမလောင်မီ ၃ နာရီခန့် အချိန်တွင် ရောက်ရှိလာပြီး မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် အဆိုပါ ဘင်္ဂလီ-ရခိုင်နှစ်ဦးကသာ မီးရှို့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။ 

သရက်အုပ်ကျေးရွာအုပ်စု ရခိုင်ရွာသည် အိမ်ခြေ (၁၅) လုံးခန့်သာ ရှိသော ရွာငယ်ဖြစ်သည်။ သရက်အုပ်ကျေးရွာအုပ်စုရှိ ရိုဟင်ဂျာများနှင့် ရခိုင်များသည် ရင်းနှီးခင်မင်စွာ နေထိုင်ကြသူများ ဖြစ်ကြသည်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ရခိုင်ရွာသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂလီ-ရခိုင် မိသားစု (၄) စု ရောက်ရှိလာပြီး နေထိုင်လျက်ရှိသည်။ 

မတ်လ (၁၇) ရက်နေ့ ည ၁၁ နာရီအချိန်တွင် ဖားရှာရန် ၀င်ရောက်လာသည်ဟု ပြောဆိုခဲ့သူနှစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်မှ လာရောက်နေထိုင်သည့် ဘင်္ဂလီ-ရခိုင် မိသားစု (၄) စုမှ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသူ ဘင်္ဂလီ-ရခိုင်များသည် ရိုဟင်ဂျာများ၏ ကျွဲ၊ နွားများနှင့် ပစ္စည်းများကို လုယက်ခြင်း၊ ရိုဟင်ဂျာများကို ရန်ရှာခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ 



MYARF
RB News
19.3.2018

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု မြို့အ၀င် တံတားရှိ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများကို NVC လက်ခံရန် ခြိမ်းခြောက်နေသည်ဟု ဒေသခံများက ဆိုသည်။ 

ရွှေဇားကျေးရွာအုပ်စု မြို့အ၀င် တံတားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက တံတားပေါ်မှ ဖြတ်သန်းသွားသည့် ရိုဟင်ဂျာများကို စစ်ဆေး၍ NVC လက်ခံယူရန်၊ မယူပါက သွားလာခွင့်ပြုမှာ မဟုတ်ကြောင်း ခြိမ်းခြောက် ပြောဆိုသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

မတ်လ (၁၇) ရက်နေ့တွင် ရွှေဇားကျေးရွာနှင့် အခြားကျေးရွာများမှ ရိုဟင်ဂျာများသည် ရွှေဇားတံတားကို ဖြတ်၍ မြို့ထဲဈေးသို့ သွားနေစဉ် နယ်ခြားစောင့်ရဲများက ၎င်းတို့ကို စစ်ဆေး၍ NVC ယူရန် ပြောကြားခဲ့သည်။ နောက်တစ်ကြိမ်ဆိုလျှင် NVC မပါဘဲ သွားလာခွင့် ပြုမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။ 

ယနေ့ မတ်လ (၁၉) ရက်နေ့တွင်လည်း အဆိုပါ နယ်ခြားစောင့်ရဲများက တံတားပေါ်မှ ဖြတ်သန်းသွားလာသည့် ရိုဟင်ဂျာများကို စစ်ဆေး၍ NVC မရှိဟု ဆိုကာ ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ 

ရွှေဇားကျေးရွာနှင့် ယင်းရွာ၏ မြောက်ဘက်ရှိ ကျေးရွာများမှ ရိုဟင်ဂျာ အများစုမှာ မြို့ထဲတွင် အရောင်းအ၀ယ် ပြုလုပ်သူများ ဖြစ်ကြသောကြောင့် ရွှေဇားတံတားကို ဖြတ်သန်း မသွားလာနိုင်လျှင် စားဝတ်နေရေးပါ ကျပ်တည်းလာမည်ကို အထူးစိုးရိမ်ရသည်ဟု ဒေသခံများက ဆိုသည်။ 

ယခင်က နိုင်ငံသားများသာ ကိုင်ဆောင်ရသည့် အမျိုးသားမှတ်ပုံတင်များကို ရိုဟင်ဂျာများ ကိုင်ဆောင်ခဲ့ပြီး၊ နိုင်ငံတော်မှ ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုကို ပယ်ဖျက်ရန် အတွက် နှစ်ရှည်စီမံကိန်းဖြင့် ယာယီသက်သေခံကတ်ပြားများ ထုတ်ပေးခြင်း ပြုလုပ်ခဲ့ပြီးနောက် ၀ှိုက်ကတ်ဟု လူသိများခဲ့သည့် ယာယီသက်သေခံကတ်ပြားများကို ဖျက်သိမ်း၍ ၂၀၁၅ ခုနှစ်မှစ၍ နိုင်ငံသားစိစစ်ခံရမည့်သူများ ကိုင်ဆောင်ရသည့်ကတ်ပြား ခေါ် NVC ကိုထုတ်ပေးလျက်ရှိရာ ရိုဟင်ဂျာများက ကိုင်ဆောင်ရန် ငြင်းဆိုနေသော်လည်း အစိုးရက နည်းမျိုးစုံဖြင့် အတင်းအဓမ္မ ထုတ်ပေးရန် ကြိုးစားလျက်ရှိသည်။ 



MYARF
RB News
17.3.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ်ကျေးရွာအုပ်စု ရခိုင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ပစ္စည်းများ ခိုးယူလျက်ရှိသည်။ 

မတ်လ (၁၂) ရက်နေ့ နေ့လည်ပိုင်း အချိန်တွင် သရက်အုပ်ကျေးရွာအုပ်စု ရခိုင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲများသည် ကားတစ်စီးဖြင့် သူဦးလာကျေးရွာ (ခုလာဘိလ်) သို့ သွားရောက်၍ ဦးဆီရာဇူ၏ အိမ်အလွတ်ထဲသို့ ၀င်ရောက်ကာ ကုတင်တစ်လုံး ယူဆောင်သွားခဲ့သည်။ ဦးဆီရာဇူသည် ၎င်း၏ နေအိမ်ကို သော့ခတ်၍ မိသားစုနှင့် အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယာယီခိုလှုံလျက် ရှိနေခြင်း ဖြစ်သည်။ 

“နယ်ခြားစောင့်ရဲတွေကတော့ အိမ်အလွတ်တွေထဲကို မကြာခဏ ၀င်ပြီး အဖိုးတန် ပစ္စည်းတွေကို လိုင်စင်ရ သူခိုးဒမြတွေလို ယူသွားလေ့ရှိတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အဆိုပါ နယ်ခြားစောင့်ရဲများသည် မတ်လ (၁၃) ရက်နေ့ နေ့လည်ပိုင်းတွင် သူဦးလာကျေးရွာသို့ ထပ်မံသွားရောက်၍ လယ်ကွင်းတွင် ကျက်စားနေသော ဥက္ကဌဟောင်း ဦးအဒူဆော်လာမ်၏ နွားမတစ်ကောင်ကို သေနတ်ဖြင့်ပစ်ခတ်ပြီးနောက် ကားပေါ်တင်၍ ယူဆောင်သွားခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ်နေချိန်တွင် အနီးအနားတွင် နွားကျောင်းနေသည့် ရွာသားတစ်ဦးက လှမ်းကြည့်နေသဖြင့် ၎င်းကို ခဲဖြင့် ပစ်ပေါက်၍ ခြောက်လှန့်ခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ်၍ ယူဆောင်သွားသော နွား၏ တန်ဖိုးမှာ ကျပ် လေးသိန်းကျော် ရှိသည်။ 

အလားတူ ယခုလ လဆန်းပိုင်းကလည်း အဆိုပါ နယ်ခြားစောင့်ရဲများသည် သူဦးလာကျေးရွာမှ ဦးဟာမိတ်၏ ကျပ် ၅ သိန်းခွဲတန်ဖိုးရှိ ကိုယ်ဝန်ဆောင် နွားမကြီးတစ်ကောင်ကို သေနတ်ဖြင့် ပစ်ခတ်၍ ကားပေါ်တင် ယူဆောင်သွားခဲ့သည်။ 

မတ်လ ပထမပတ်တွင် သူဦးလာကျေးရွာရှိ လမ်းပေါ်တွင် သွားလာနေသော မြောတောင်ရွာနှင့် မြို့မတောင် ရပ်ကွက်တို့မှ ဒေသခံနှစ်ဦးကို အဆိုပါ နယ်ခြားစောင့်ရဲများက စစ်ဆေးပြီး ဥပဒေမဲ့ ပစ္စည်းတစ်စုံတစ်ရာ မရရှိခဲ့သော်လည်း အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေညှစ်ခဲ့သေးသည်။ 

“သရက်အုပ် အခြေစိုက် နယ်ခြားစောင့်ရဲတွေက အနီးအနား ကျေးရွာတွေကို ကားတွေနဲ့ အမြဲလှည့်ပြီး ဒေသခံ ရိုဟင်ဂျာတွေကို မတရား ဖမ်းဆီးငွေညှစ်၊ လုယက်တာတွေ ပြုလုပ်လေ့ရှိတယ်။ အခု နယ်ခြားစောင့်ရဲ ကင်းစခန်းတိုင်းမှာ ကားတစ်စီးစီ ရှိတယ်။ အခုဆို လုံထိန်း ၀တ်စုံတွေသာ ၀တ်ဆင်နေကြတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ 



RB News
11.3.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သင်္ဂနနှင့် မိကျောင်းဈေး ကျေးရွာအုပ်စုများရှိ ရိုဟင်ဂျာများ၏ မြေများပေါ်တွင် ဗုဒ္ဓဘာသာ ကျေးရွာများ တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။ 

မတ်လ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေနှင့် ဌာနဆိုင်ရာ အရာရှိများသည် သင်္ဂနနှင့် မိကျောင်းဈေးကျေးရွာအုပ်စုများသို့ မြေပုံများနှင့် တကွ ကွင်းဆင်း၍ ဗုဒ္ဓဘာသာကျေးရွာများ တည်ဆောက်မည့် နေရာများကို ကြည့်ရှုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

မိကျောင်းဈေးကျေးရွာအုပ်စု ဗိုလ်ကြီးချောင်းအနီးရှိ ကူဒူဖာရ် တောင် အနီးရှိ ရိုဟင်ဂျာများ၏ မြေများပေါ်တွင် ဗုဒ္ဓဘာသာဝင်များ အတွက် အိမ်ခြေ ၁၀၀ တည်ဆောက်မည်ဖြစ်ပြီး၊ သင်္ဂနကျေးရွာအုပ်စုရှိ သင်္ချိုင်းဟောင်းအနီး၊ ဂူဖီလမ်းမအနီးတွင် အိမ်ခြေ ၁၀၀ တည်ဆောက်ရန် စီစဉ်နေသည်ဟု ဒေသခံများက ဆိုသည်။ 

“အစိုးရက ရိုဟင်ဂျာတွေကို ပြန်ခေါ်လာပြီး မူလနေရာမှာ နေရာပြန်ချပေးမယ် ဆိုပြီး လိမ်နေတာပါ။ တကယ်တမ်းမှာ ရိုဟင်ဂျာတွေရဲ့ နေရာအားလုံးကို နည်းမျိုးစုံနဲ့ သိမ်းနေတယ်။ အခု ဆောက်မယ့် ရွာနှစ်ရွာကလည်း ရိုဟင်ဂျာတွေရဲ့ မြေနေရာတွေပေါ်မှာပါ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဘူးသီးတောင်မြို့နယ် နန့်ရာကုန်းကျေးရွာအုပ်စု၊ မောင်နှမရွာတွင်လည်း ရိုဟင်ဂျာများ၏ နေအိမ်များကို ရခိုင်ရွာသားများက ဖျက်ဆီးပြီးနောက် အာဏာပိုင်များက ရိုဟင်ဂျာများ၏ မြေများပေါ်တွင် ရခိုင်လူမျိုးများအတွက် နေအိမ်များ ဆောက်လုပ်ပေးနေသည်ဟု မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောပါသည်။ 

နန့်ရာကုန်း မောင်နှမရွာ၌ ရိုဟင်ဂျာများ၏ မြေပေါ်တွင် ရခိုင်လူမျိုးများ အတွက် အိမ်များ ဆောက်လုပ်နေသည်ကို အဝေးမှ မြင်တွေ့ရစဉ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra'ad al-Hussein (ဓါတ်ပုံ - Reuters)

RB News
9.3.2018

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြီးအကဲဖြစ်သူ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေ အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အတွက်  ကုလသမဂ္ဂ အထွေထွေ ညီလာခံက မြန်မာအစိုးရ ကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ တရားစွဲဆိုဖို့ ဒီနေ့ သောကြာနေ့ (မတ်လ ၉) မှာ ပြောကြားလိုက်တယ်လို့ Reuters သတင်းဌာနက ရေးသား ဖော်ပြထားပါတယ်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra'ad al-Hussein က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်တွေ ကျူးလွန်ထားတယ်လို့ သံသယ ဖြစ်နေရတဲ့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးခွင့်တွေ ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားတယ်။

ဆွဇ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က သတင်းစာရှင်းလင်းပွဲမှာ “ကျွန်တော်တို့ကတော့ လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်တွေ ဖြစ်ပွားခဲ့တယ်လို့ ခိုင်ခိုင်မာမာ သံသယ ဖြစ်နေတယ်။ ဒါပေမယ့် ဒါကို တရားရုံးကနေသာ အတည်ပြုလို့ရမယ်” လို့ Zeid Ra'ad al-Hussein ပြောကြားခဲ့ပါတယ်။ 

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းမှာ မြန်မာအစိုးရနဲ့ စစ်တပ်က ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ သေနတ်၊ လောင်ချာတွေနဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဓါးနဲ့ လည်လှီး ခုတ်ဖြတ် သတ်ဖြတ်ခြင်း၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို မုဒိမ်းကျင့်ခြင်း၊ ရိုဟင်ဂျာများရဲ့ ရွာပေါင်း ၃၆၀ နီးပါးကို မီးရှို့ ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့ပြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid က လူမျိုးစုရှင်းလင်းသုတ်သင်ခြင်းရဲ့ ပြဌာန်းပါ ဥပမာအတိုင်း လို့ ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှာ ပြောကြားခဲ့ပြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ကိုယ်စားလှယ်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို အကြိမ်ကြိမ် သွားရောက် စစ်ဆေးပြီးတဲ့နောက် ယခုအခါ လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်လို့ ပြောကြားနေခြင်း ဖြစ်ပါတယ်။ 

မြန်မာအစိုးရက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပါမောက္ခ ရန်ဟီးလီ ကိုလည်း ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားလိုက်တဲ့ အပြင်၊ နိုင်ငံတကာ က တောင်းဆိုနေတဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့ကိုလည်း ပြည်ဝင်ခွင့် မပေးတာကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာတော့ မြန်မာအစိုးရနဲ့ စစ်တပ်ကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတင်ဖို့ အပူတပြင်း ကြိုးပမ်းနေတာ အများအပြား ရှိနေပါတယ်။ 

မြန်မာနိုင်ငံကို အကြိမ်ကြိမ် ၀င်ရောက် လေ့လာခဲ့တဲ့ ပါမောက္ခ ရန်ဟီးလီ ကတော့ လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ အသွင်အပြင် လက္ခဏာတွေကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံ အခြေစိုက် Channel 4 သတင်းဌာနဲ့ သီးသန့် အင်တာဗျူးမှာ ပြောဆိုထားပြီး၊ မကြာသေးခင်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း အလားတူ ပြောဆိုခဲ့ပါတယ်။ 

မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ရာဇ၀တ်မှု တစ်ခုမှ ကျူးလွန်ထားခြင်း မရှိသယောင် အမြဲပြောဆိုလေ့ရှိပြီး၊ လွန်ခဲ့တဲ့ ရက်ပိုင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းစဉ်က ဓါတ်ပုံတွေကို ၁၉၄၂ ခုနှစ်တုန်း ရိုဟင်ဂျာ-ရခိုင် အဓိကရုဏ်းမှာ ရိုဟင်ဂျာတွေက ရခိုင်တွေကို သတ်ဖြတ်ခဲ့တဲ့ ဓါတ်ပုံတွေ ဖြစ်တယ်လို့ ဓါတ်ပုံတွေနဲ့ ၀ါဒဖြန့်နေတာတွေလည်း ရှိနေပါတယ်။

RB News
8.3.2018

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် စမ်ဘာလေ ကျေးရွာ၌ ၂၀၁၂ ခုနှစ်က မီးရှို့ခံရသည့် ဗလီမြေနေရာတွင် ပြန်လည်တည်ဆောက်သည့် ဗလီ ကို အာဏာပိုင်များ ဖျက်ဆီးလိုက်သည်။

မင်းပြားမြို့နယ် စမ်ဘာလေ ကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော်ကို ၂၀၁၂ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင် အစွန်းရောက်များက အကြမ်းဖက် ဖျက်ဆီးခဲ့သည်။

ယင်းဗလီဝတ်ကျောင်းတော် နေရာတွင် ၂၀၁၇ ခုနှစ်မှစ၍ ရွာသားများ၏ လှူဒါန်းငွေများဖြင့် တဖြေးဖြေး တည်ဆောက်လာခဲ့ရာ မတ်လ (၇) ရက်နေ့မှ စ၍ အာဏာပိုင်များ ဖျက်ဆီးလိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

“၂၀၁၂ ခုနှစ်ကတည်းက ကျွန်တော်တို့ အာဏာပိုင်တွေကို အကြိမ်ကြိမ် တောင်းဆိုတယ်။ ဘာမှ မလုပ်ပေးဘူး။ နောက်ဆုံး နားလည်မှုနဲ့ လုပ်လိုက်ပေမယ့် မနေ့က သွပ်တွေကို ဖြုတ်တယ်။ ဒီနေ့ အကာအရံတွေ အကုန်ဖြုတ်လိုက်တယ်။ တိုင်တွေချည်း ကျန်တော့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဗလီဝတ်ကျောင်းတော်ကို ဖျက်ဆီးရန် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လ.၀.က ၀န်ထမ်းများနှင့် ရခိုင်ရွာသားများ လာရောက်၍ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ်တွင် မီးရှို့ခံခဲ့ရပြီးနောက်တွင် ၀တ်ပြုဆုတောင်းရန် နေရာမရှိ ဖြစ်နေရခဲ့ပြီး၊ နေရာစီမံပြီး ဖျက်ဆီးခံလိုက်ရသဖြင့် ၀တ်ပြုရန် နေရာမရှိတော့ဟု ဒေသခံများက ဆိုသည်။




Rohingya Eye
RB News
7.3.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု တာဝန်ခံ၏ သတင်းမှားပေးမှုကြောင့် ရွာသားတစ်ဦး တိမ်းရှောင်နေရသည်။

ယနေ့ မတ်လ (၇) ရက်နေ့ နေ့လည် ၃ နာရီခန့် အချိန်တွင် ရွှေဇား ဒီ(ပ်) ဖာရာ၌ အမည်မသိသူတစ်ဦးကို WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၄ သိန်းနှင့်အတူ စ.ရ.ဖ အဖွဲ့နှင့် မူးယစ်အဖွဲ့ တို့က ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ စိတ်ကြွဆေးပြားများ၏ ပိုင်ရှင်များမှာ ရွှေဇား စေတီပြင်ရွာမှ ဇူးဟာရူး (ဘ) ဦးအာဘူဇော်မိလ် (အသက် ၂၃ နှစ်) နှင့် ဆွေယာဒ်ကာဆိမ်း (ဘ) ဦးအာဘူဇော်မိလ် (အသက် ၃၀ နှစ်) တို့ ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

ည ၁၁ နာရီခန့် အချိန်တင် စ.ရ.ဖ အဖွဲ့နှင့် မူးယစ်အဖွဲ့ တို့သည် ကား (၅) စီးဖြင့် ရွှေဇားကျေးရွာအုပ်စုသို့ ၀င်ရောက်လာပြီး ကျေးရွာတာဝန်ခံ ဖြစ်သူ ဦးမော်နိရ်အာမတ်နှင့် အတူ စိတ်ကြွဆေးပြား ပိုင်ရှင်များကို ဖမ်းဆီးရန် ကြိုးစားနေစဉ် စိတ်ကြွဆေးပြား ပိုင်ရှင်များသည် နေအိမ်မှ တိမ်းရှောင်သွားပြီး၊ ကျေးရွာတာဝန်ခံကို ဖုန်းဆက်၍ “ခင်ဗျားကို ဖုန်းဆက်မယ်၊ ကျွန်တော်တို့ အိမ်ကို မ၀င်ခိုင်းဘဲ အခြားအိမ်တစ်အိမ် ၀င်ခိုင်းပါ” ဟု ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ထိုသို့ ဖုန်းဆက်ပြောဆိုသောကြောင့် ကျေးရွာတာဝန်ခံက ပိုင်ရှင်မှန်များ၏ နေအိမ်ကို ပြမပေးဘဲ အပြစ်မဲ့တစ်ဦး ဖြစ်သည့် ဂျာနီအာလာမ် (ဘ) ဦးမင်ဂိရ်၏ နေအိမ်ကို ၀င်ခိုင်းခဲ့သည်။

ကျေးရွာတာဝန်ခံ၏ မဟုတ်မမှန် သတင်းပေးမှုကြောင့် ဂျာနီအာလာမ် ဆိုသူသည် နေအိမ်မှ တိမ်းရှောင်နေရသည်ဟု သိရှိရသည်။

ဂျာနီအာလာမ်သည် ကောင်းကောင်းမွန်မွန် ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေသူ တစ်ဦး ဖြစ်သည်။ ယခုကဲ့သို့ မဟုတ်မမှန် သတင်းပေးမှုကြောင့် အလွန်ကြောက်ရွံ စိုးထိတ်နေသည်ဟု ဒေသခံများက ပြောပါသည်။

ကျေးရွာတာဝန်ခံ ဦးမော်နိရ်အာမတ်သည် ယခုကဲ့သို့ မဟုတ်မမှန် လုပ်ကြံ လီဆယ်၍ ရွာသားများကို ဒုက္ခပေးနေသည်မှာ အကြိမ်ကြိမ် ဖြစ်နေပြီ ဖြစ်ကြောင်း၊ ၎င်းကြောင့် စိတ်မချမ်းမသာ အမြဲဖြစ်နေရသည်ဟု ဒေသခံများက ဆိုသည်။




RB News
7.3.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အင်းချောင်းကျေးရွာတွင် ဗုဒ္ဓဘာသာဝင်များကို အထောက်အပံ့များ ပေးအပ်လျက် ရှိသော်လည်း ရိုဟင်ဂျာမွတ်စလင်များကို လုံးဝ ထောက်ပံ့ပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။

ဘူးသီးတောင်မြို့နယ် အင်းချောင်းကျေးရွာတွင် ယနေ့ မတ်လ (၇) ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာမှု အကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) မှ ဆန်၊ ဆီ၊ ဆားနှင့် လူသုံးကုန် ပစ္စည်းများကို ဒိုင်းနက်နှင့် အခြား ဗုဒ္ဓဘာသာဝင်များကို ဖြန့်ဖြူးပေးခဲ့သော်လည်း ရိုဟင်ဂျာမွတ်စလင်များကို လုံးဝ ထောက်ပံ့ပေးခြင်း မရှိဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းမှစ၍ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာနေအိမ်များကို မီးရှို့ခြင်း၊ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် ပစ်သတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ ဓါးဖြင့် ခုတ်သတ်ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို မုဒိမ်းကျင့်ခြင်း တို့ကြောင့် (၇) သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံလျက်ရှိပြီး၊ မီးရှို့မခံရသည့် ရွာများတွင် ကျန်နေသည့် ရိုဟင်ဂျာများကို ရွာများထဲမှ ထွက်ခွင့် မပေးဘဲ ပိတ်လှောင် ထားသည်။ ထိုကဲ့သို့ ပိတ်လှောင် ထားခြင်းကြောင့် ငတ်မွတ်မှုနဲ့ ကြုံတွေ့နေရသူများမှာ နေ့စဉ်နေ့တိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံရန် ထွက်ခွာလျက် ရှိသည်။

နေရပ်စွန့်ခွာလိုစိတ် မရှိသူများသည် အထောက်အပံ့များ ရရှိရန် မျှော်မှန်းလျက် ရှိသော်လည်း ၎င်းတို့အား မည်သည့် အဖွဲ့အစည်းကမှ လာရောက် ထောက်ပံ့ပေးခြင်း မရှိဟု ဆိုသည်။

“အဓိက ကတော့ မြို့နယ် အုပ်ချုပ်ရေးက ခွင့်ပြုချက် မပေးလို့ ကျွန်တော်တို့ကို လာမပေးတာလို့ သိရတယ်။ UEHRD ကတော့ အစိုးရ အဖွဲ့အစည်း ဆိုတော့ ကျွန်တော်တို့ကို ပေးမှာ မဟုတ်မှန်းသိတယ်။ အစိုးရ ကိုယ်တိုင် ကျွန်တော်တို့ ငတ်နေရင် ထွက်ပြေးသွားမယ်ဆိုပြီး လုပ်နေတာ ဆိုတော့ အစိုးရ ပေးမှာကို မမျှော်မှန်းဘူး။ ဒါပေမယ့် နိုင်ငံတကာ ကြက်ခြေနီလို အဖွဲ့က ပေးမလားဆိုပြီး မျှော်နေတာ။ သူတို့ကိုလည်း မယက က ခွင့်ပြုချက် မပေးဘူးလို့ သိရတယ်”  ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စုတွင် အိမ်ခြေ ၄၂၀ ကျော် ကျန်ရှိနေပြီ၊ မိသားစု ၂၀၀ ကျော်မှာ စားဝတ်နေရေး အတွက် အလွန်ပင် အခက်အခဲ ကြုံတွေ့နေရသည်ဟု သိရှိရသည်။



RB News
6.3.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာရှိ ကျောင်းတွင် ယာယီစခန်းချ ထားသည့် တပ်ရင်း ၃၅၂ မှ တပ်ရင်းမှူးသည် လူတစ်ဦးကို ရှာမတွေ့သဖြင့် နွားများ သိမ်းဆည်း သွားခဲ့သည်။

စိမ်းညှင်းပြား ကျေးရွာအုပ်စု ရပ်ချောင်းရွာမှ ဦးမာမတ်နုရ် (ဘ) ဦးကာဆိမ်း ကို တပ်ရင်း ၃၅၂ မှ တပ်ရင်းမှူး ကိုယ်တိုင် အကြိမ်ကြိမ် လာရောက် ရှာဖွေခဲ့ရာ မတ်လ (၅) ရက်နေ့ ည ၇ နာရီ အချိန်တွင်လည်း လာရောက် ရှာဖွေခဲ့သည်။ လာရောက် ရှာဖွေစဉ် မတွေ့ရှိသဖြင့် ခြံထဲတွင် မွေးမြူထားသည့် နွား ၅ ကောင်ကို သိမ်းဆည်း သွားကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

“တပ်ရင်းမှူးက ဘာအတွက် လာရှာလဲတော့ မသိဘူး။ အကြိမ်ကြိမ် လာရှာတယ်။ အရင်တစ်ခါတုန်းက ဦးမာမတ်နုရ်ရဲ့ ဇနီးကို ဖမ်းခေါ်သွားဖို့လုပ်သေးတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးက မလုပ်ပါနဲ့ဆိုပြီး ၀င်တားလို့ ဖမ်းမသွားတာ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဦးမာမတ်နုရ်ကို လာရောက်ရှာဖွေစဉ် ကျေးရွာတာဝန်ခံ၊ ဆယ်အိမ်မှူး တစ်ဦးတို့ ပါဝင်ခဲ့ပြီး၊ နွား ၅ ကောင်ကို နွားကျောင်းသားနှင့်အတူ ဂူတာပြင်ကျေးရွာရှိ ကျောင်းသို့ ယူဆောင်သွားကြောင်း သိရှိရသည်။




RB News
6.3.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သိမ်တောင်ပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က မင်္ဂလာဆောင်ပွဲများ ကျင်းပလျှင် အကြောင်းအမျိုးမျိုးပြ၍ ငွေညှစ်လျက် ရှိသည်။ 

သိမ်တောင်ပြင် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များက ဒေသခံ ရိုဟင်ဂျာများ မင်္ဂလာဆောင်ပွဲ ကျင်းပလျှင် ငွေကျပ် အနည်းဆုံး ၅ သောင်းမှ ၁ သိန်းထိ ညှစ်ယူနေသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

အဓိက ငွေညှစ်သူမှာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ဝင်း ဖြစ်ပြီး၊ ၎င်းနှင့် အတူ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများလည်း ပါဝင်သည်ဟု ဆိုသည်။ 

“ခေါင်းစဉ်ကတော့ မျိုးစုံတပ်တယ်။ နယ်ခြားစောင့်ရဲတွေကို ပေးရမယ်ဆိုပြီးလည်း ပြောတယ်။ မင်္ဂလာဆောင်ပွဲတစ်ပွဲမှာ သတို့သား၊ သတို့သမီး တို့ရဲ့ မိဘတွေ ပွဲစီစဉ်ပေးသူ တစ်ယောက်မှ မကျန် အကုန်လုံးဆီက အနည်းဆုံး ၂ သောင်းကနေ ၅ သောင်း၊ တစ်ချို့လူတွေဆီကဆိုရင် တစ်သိန်းထိ ယူတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ဝင်းနှင့် အဖွဲ့သည် မတ်လ (၂) ရက်နေ့က မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ဦးနူရ်အာလောမ်၊ ဦးနိုရို (ဘ) ဦးနာဂိုး၊ ဦးရှူနာမျာ၊ ဦးဟာရှိမ်း (ဘ) ဦးလေရူး တို့ထံမှ ငွေညှစ်ခဲ့ကြောင်း သိရှိရသည်။ 



RB News
5.3.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ရိုဟင်ဂျာနေအိမ် ၁၅ လုံး မီးရှို့ခံခဲ့ရသည်။

မတ်လ (၅) ရက်နေ့ နံနက် ၁၂ နာရီခန့် (မတ်လ ၄ ရက်နေ့ ညသန်းခေါင်ယံ) အချိန်တွင် ဘူးသီးတောင်မြို့နယ် ရွက်ညိုတောင် (ရိုဟင်ဂျာဒေါင်) ကျေးရွာအုပ်စု အလယ်ရွာမှ ရိုဟင်ဂျာနေအိမ်တစ်လုံး မီးရှို့ခံခဲ့ရသည်။

အဆိုပါ နေအိမ်မီးရှို့သူများကို ရွာသားများက မီးရှို့နေစဉ် မတွေ့ရှိခဲ့သော်လည်း ရွာအတွင်းသို့ ရခိုင်ရွာသားများ ၀င်ရောက်ခဲ့သည်ကို တွေ့ရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

မီးရှို့ခံရသည့် နေအိမ်မှ ပိုင်ရှင်သည် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုဒဏ်ကို ကြောက်ရွံ၍ တစ်ဖက်နိုင်ငံတွင် တိမ်းရှောင်နေသူ ဖြစ်သည်ဟု သိရှိရသည်။

တစ်ဖန် ညနေ ၄း၂၀ နာရီခန့် အချိန်တွင် ခြင်းသမား ကျေးရွာအုပ်စု မိုနုဖာရာ (မောင်နုရွာ) ၏ လူမနေတော့သည့် ရိုဟင်ဂျာ နေအိမ် (၁၄) လုံးကို နယ်ခြားစောင့်ရဲများက မီးရှို့ဖျက်ဆီးခဲ့သည်။

“အိမ်တွေကတော့ နယ်ခြားစောင့်ရဲ ကင်းစခန်းနဲ့ ကပ်နေတဲ့ အိမ်တွေပါ။ အိမ်ရှင်တွေကတော့ တဖက်နိုင်ငံမှာ ခိုလှုံနေကြတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရိုဟင်ဂျာ ကျေးရွာ ၃၆၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ကျေးရွာပေါင်း ၆၀ နီးပါးကို ဘူဒိုဇာများ သုံး၍ မြေညှိခဲ့သည်။ ယခုအခါ ကျေးရွာများတွင် ကျန်ရှိနေသည့် နေအိမ်များကို မီးရှို့ခြင်း၊ ရွာထဲရှိ ရိုဟင်ဂျာများ မနေရဲတော့အောင် မီးရှို့ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိသည်။

ရွက်ညိုတောင်မှ ရိုဟင်ဂျာနေအိမ် တစ်လုံး မီးလောင်နေစဉ် 
မောင်နုရွာမှ နေအိမ်များ မီးလောင်သွားပြီးနောက် ရိုက်ကူးထားသည့်ပုံ

MYARF
RB News
5.3.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်သိန်းကျေးရွာအုပ်စုရှိ ရိုဟင်ဂျာနေအိမ် (၃) လုံးထဲသို့ နယ်ခြားစောင့်ရဲများ ၀င်ရောက်၍ ဓါးပြသဖွယ် လုယက်ခဲ့သည်။

မတ်လ (၄) ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန်တွင် စေတီတောင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၇) ဦးနှင့် စေတီတောင်ရွာမှ ရခိုင်ရွာသား တစ်ဦး တို့သည် ဘုရားပြင်သိန်းကျေးရွာအုပ်စု၊ ဖဲရူလ္လာ (ပြင်လှ) ကျေးရွာသို့ သွားရောက်၍ ဦးရှောမ်ရှူ (ဘ) ဦးအလီအာဘောရ်၊ ဒေါ်ခေါ်တီဇာ၊ ဦးအာဘူရှော်မာ တို့၏ နေအိမ်များထဲသို့ ၀င်ရောက်၍ တရားခံ တစ်ဦး ပုန်းနေသည်ဟု သတင်းရရှိသဖြင့် ရှာဖွေမည်ဟု အကြောင်းပြကာ ၀င်ရောက်ခဲ့သည်။ 

ထို့နောက် နေအိမ်အတွင်းရှိ အိမ်သားများနှင့် အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကား၍ အိမ်ပြင် ထုတ်ထားက နေအိမ်များအတွင်း စိတ်ကြိုက် မွှေနှောက်၍ သေတ္တာများကို ဖျက်ဆီးကာ အဖိုးတန် ပစ္စည်း၊ ရွှေ၊ ငွေများ လုယက်ယူဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲများသည် ဦးရှော်မ်ရှူ နေအိမ်မှ ငွေကျပ် ၁၆ သိန်း နှင့် ရွှေ ၅ မူးသားကျော်၊ ဒေါ်ခေါ်တီဇာ နေအိမ်မှ ငွေကျပ် ၃ သောင်းနှင့် ဦးအာဘူရှော်မာ၏ နေအိမ်မှ ငွေကျပ် ၅ သောင်းနှင့် တစ်မတ်သားခန့်ရှိ ရွှေနားကွင်း တစ်ရံ လုယက်ယူဆောင် သွားခဲ့သည်။ 




MYARF
RB News
5.3.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပေါင်းဇားကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကို စ.ရ.ဖ အရာရှိများက ရာထူးမှ ရပ်စဲပစ်မည်ဟု ဆိုကာ ခြိမ်းခြောက်ခဲ့သည်။

မတ်လ (၃) ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် မောင်တောမြို့ အခြေစိုက် စ.ရ.ဖ မှ ဗိုလ်ကြီးနှင့် ယင်း စ.ရ.ဖ ရုံးမှ စ.ရ.ဖ (ရေတပ်) ဗိုလ်ကြီးတို့ နှစ်ဦးသည် မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၆) နယ်မြေစခန်း (ကျောက်လှေကား နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း) သို့ သွားရောက်ခဲ့သည်။ ၎င်းတို့သည် ကျောက်လှေကား စခန်းမှ နယ်ခြားစောင့်ရဲ အချို့နှင့် အတူ ညနေ ၄ နာရီခန့်အချိန်တွင် ပေါင်းဇားကျေးရွာ (အာရှိက္ခားဖာရာ) သို့သွားရောက်၍ အာဏာပိုင်များ၏ သတင်းပေး ဦးမာမတ်အာလောမ် (ဘ) ဦးမာမတ်အစ္စလာမ် ကို ခေါ်ယူ၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနော်ဂျီမုလ်ဟာဆောင်း ကို သွားရောက် တွေ့ဆုံခဲ့သည်။

စ.ရ.ဖ ဗိုလ်ကြီးများက ကျေးရွာအုပ်ချုပ်ရေးမှူး ကို ကျေးရွာတွင် အကြမ်းဖက် လူဆိုးများနှင့် စိတ်ကြွဆေးပြား ရောင်းချနေသူများ ရှိနေသောကြောင့် ၎င်းတို့၏ အမည်စာရင်းများ ပြုစုပြီး စ.ရ.ဖ သို့ ပေးရန် ပြောဆိုရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာတွင်းတွင် အကြမ်းဖက်လူဆိုးများ မရှိပါဟု ဖြေကြားခဲ့သည်။ စ.ရ.ဖ ဗိုလ်ကြီးများက ကျေးရွာအုပ်ချုပ်ရေးမှူး ဖြေကြားသည်ကို လက်မခံဘဲ လူဆိုးများ၏ အမည်စာရင်း မပေးပါက ကျေးရွာအုပ်ချုပ်ရေးမှူး ရာထူးမှ ရပ်စဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာထဲမှာ စ.ရ.ဖ က ပြောသလို လူဆိုးတွေ မရှိတော့ စာရင်းလုပ်စရာ မရှိဘူးလေ။ အဲဒါကြောင့် ဘာစာရင်းမှ မပေးလိုက်ဘူး။ စ.ရ.ဖ ဗိုလ်ကြီး နှစ်ယောက်ကတော့ မောင်တောမြို့ပေါ်ကို ပြန်မသွားဘဲ နယ်ခြားစောင့်ရဲတွေနဲ့ အတူ ကျောက်လှေကား စခန်းမှာ ညအိပ်တာကြောင့် ရွာသားတွေက ညအချိန်မှာ ရွာကိုဝိုင်းပြီး ၀င်စီးမှာကို ကြောက်ရွံပြီး ရွာမှာမနေတော့ဘဲ တိမ်းရှောင်နေခဲ့တယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

မတ်လ (၄) ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ စ.ရ.ဖ ဗိုလ်ကြီးနှစ်ဦးသည် သတင်းပေး ဦးမာမတ်အာလောမ်နှင့် အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံ ထပ်မံရောက်ရှိလာပြီး ထပ်မံ၍ စာရင်းတောင်းခံခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ၎င်း၏ရွာတွင် လူဆိုးမရှိဟု သေချာပြောပြသော်လည်း စ.ရ.ဖ ဗိုလ်ကြီးများက ၎င်းအား ရာထူးမှ ရပ်စဲမည်ဟု ပြောဆိုသည့် အပြင် ဒုက္ခရောက်အောင်ပါ လုပ်မည်ဟု ခြိမ်းခြောက်၍ ကျောက်လှေကား နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ပြန်လည် ထွက်ခွာသွားပြီး ယင်းစခန်းတွင်ပင် ညအိပ်ခဲ့ကြောင်း သိရှိရသည်။

စ.ရ.ဖ ဗိုလ်ကြီးနှစ်ဦး ကျောက်လှေကား စခန်းတွင် ညအိပ်သောကြောင့် ရွာသားများက ၎င်းတို့၏ သတင်းပေးက မဟုတ်မမှန် စာရင်းများ ပေးခဲ့သလား၊ ညပိုင်းတွင် ရွာကိုဝင်စီးလေမလားဟု တွေးပူကြကာ အမျိုးသားများ ရွာမှ တိမ်းရှောင်နေခဲ့ကြောင်း ဒေသခံများက ပြောပါသည်။






RB News
4.3.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ယာဉ်ထိန်းရဲ (၃) ဦးသည် ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခြင်း၊ ငွေကြေးများ လုယက်ယူခြင်းများ နေ့စဉ်နေ့တိုင်း ပြုလုပ်နေသည်။

ယာဉ်ထိန်းရဲ (၃) ဦးမှာ တပ်ကြပ်ကြီး သန်းရွှေ၊ ထွန်းထွန်းဦးနှင့် ထွန်းမြင့် တို့ဖြစ်ကြပြီး၊ များသောအားဖြင့် အမှတ် (၅) ရပ်ကွက်တွင် အခြေစိုက်၍ ဆိုက်ကယ်ကယ်ရီသမားများ၊ တက္ကစီသမားများအပြင် နယ်ပိုင်းမှ ဈေးဝယ်ရန် လာရောက်သူများကို ပစ်မှတ်ထား၍ ငွေညှစ်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။

“သန်းရွှေဆိုတဲ့ လူက နယ်ကလူတွေကို အဓိက ပစ်မှတ်ထားပြီး ငွေညှစ်တယ်။ အဲလို ငွေညှစ်ရင်းနဲ့ ငွေကြေးလည်း တော်တော်ချမ်းသာနေပြီ။ သူ့သမီးအလတ် သီရိပိုင် ဆိုသူက ၂၀၁၁ မှာ တက္ကသိုလ်တက်နေရင်း စိတ်ကြွဆေးပြား ရောင်းဝယ်ခဲ့လို့ အဖမ်းခံခဲ့ဖူးတယ်။ စခန်းမှူးနဲ့ ပိုင်တော့ ချက်ချင်း ပြန်လွတ်လာတယ်။ ပြည်သူ့ဝန်ထမ်း တစ်ယောက် ဖြစ်ပြီး ဥပဒေကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေသူတစ်ယောက်ပါ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

အခြားဒေသခံတစ်ဦးက “သန်းရွှေ၊ ထွန်းထွန်းဦးနဲ့ ထွန်းမြင့် တို့ကြောင့် ကျွန်တော်တို့ ဆိုင်ကယ်ကယ်ရီ လုပ်ရတာ မလွယ်ဘူး။ တွေ့တဲ့နေရာမှာ ဆိုင်ကယ်ကို တားပြီး၊ အိတ်ထဲ ရှိသမျှ ငွေကို လိုင်စင်ရ ဒမြလို လုယူတယ်” ဟု လုယက်ခံရသည့် ဆိုင်ကယ်ကယ်ရီသမား တစ်ဦးက ပြောသည်။

ရခိုင်လူမျိုးများ ဆိုင်ကယ်ဦးထုပ် မဆောင်းလျှင် ပြဿနာမရှိသော်လည်း ရိုဟင်ဂျာများ ဆိုင်ကယ် ဦးထုပ် မဆောင်းမိလျှင် ကြီးမားသော ပြဿနာ ဖြစ်ကြောင်း၊ ရခိုင်လူမျိုးတစ်ဦးဦးက ရိုဟင်ဂျာလူမျိုးတစ်ဦးဦးကို ယာဉ်ဖြင့် တိုက်မိလျှင် မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

နှစ်ပေါင်းများစွာ နေ့စဉ်နေ့တိုင်း ငွေညှစ်ခြင်း၊ လုယက်ခြင်းများကြောင့် ဒေသခံများ အခက်ကြုံနေရပြီး၊ လွန်ခဲ့သည့် ၆ လ ကျော်မှစ၍ လုပ်ကိုင်စားသောက်၍ မရသောကြောင့် ငွေညှစ်၊ လုယက်ခံရလျှင် စားဝတ်နေရေး အတွက်ပင် အလွန်ခက်ခဲသွားကြောင်း ဆိုင်ကယ်ကယ်ရီသမားများနှင့် တက္ကစီသမားများက ပြောပါသည်။

အဆိုပါ ယာဉ်ထိန်းရဲ (၃) ဦးကို နိုင်ငံတော်အစိုးရမှ တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက် ပေးပါရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။

MYARF
RB News
3.3.2018

မောင်တော ။ ။ စစ်သားများသည် နယ်ခြားစောင့်ရဲ ၀တ်စုံများ ၀တ်ဆင်၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပန်းတောပြင် ကျေးရွာအုပ်စုသို့ ၀င်ရောက် စခန်းချထားသည်။ 

မတ်လ (၂) ရက်နေ့တွင် လက်နက်အပြည့်ပါ အင်အား ၅၀ ခန့်ရှိသည့် စစ်သားများသည် နယ်ခြားစောင့်ရဲ ၀တ်စုံများ ၀တ်ဆင်၍ မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာသို့ ၀င်ရောက်လာပြီး ကျေးရွာ ဥက္ကဌဟောင်း ဦးအီလီယာစ်၏ အိမ်အလွတ်တွင် စခန်းချ၍ တစ်ညအိပ်ခဲ့သည်။ 

ယနေ့ မတ်လ (၃) ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် ပန်းတောပြင်ကျေးရွာအုပ်စု ရွာကြီးသို့ ၀င်ရောက်၍ ရွာဝင်အစပိုင်းရှိ ဦးမာမတ်ရှားဟ်၏ နေအိမ် အလွတ်တွင် စခန်းချ၍ နေထိုင်လျက်ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ စစ်သားများ အုပ်စုထဲမှ စစ်သားအချို့သည် ရွာထဲရှိ ဆိုင်များသို့ သွားရောက် ဈေးဝယ်ယူ၍ ယင်းအိမ်တွင် ချက်ပြုတ်စားသောက်ပြီး ယခု ညအချိန်ထိ ရှိနေသေးသည်ဟု ဒေသခံများက ဆိုသည်။

ယခုအချိန်ထိ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခြင်း၊ နှောက်ယှက်ခြင်း မရှိသေးကြောင်း၊ လွန်ခဲ့သည့် အပတ်ကလည်း နယ်ခြားစောင့်ရဲ ၀တ်စုံများ ၀တ်ဆင်၍ စစ်သားအဖွဲ့ တစ်ဖွဲ့ ပန်းတောပြင်ကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ရွာသစ်တွင် တစ်ည၊ ရွာကြီးတွင်တစ်ညအိပ်၍ နောက်နေ့တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ 

၎င်းတို့က ဖမ်းဆီးခြင်း၊ နှောက်ယှက်ခြင်းများ မပြုလုပ်သော်လည်း စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ ရိုဟင်ဂျာများ၏ ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်း လုယက်ခြင်း၊ အပြစ်မဲ့များကို ဖမ်းဆီးခြင်း၊ ရိုက်နှက် သတ်ဖြတ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ရွာထဲသို့ စစ်သား (သို့) နယ်ခြားစောင့်ရဲများ ၀င်လာလျှင် အထိတ်တလန့် ဖြစ်ရသည်ဟု ဒေသခံများက ဆိုသည်။ 



Rohingya Exodus