နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News
19.8.2018

No Man’s Land -- မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားတွင် ရိုဟင်ဂျာဒုက္ခသည်များ ခိုလှုံနေသည့် No Man’s Land ကို မြန်မာစစ်တပ်က ၀င်ရောက် စီးနင်းမည်ဟု ဒုက္ခသည်များက ပြောဆိုသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားရှိ No Man’s Land တွင် ရိုဟင်ဂျာဒုက္ခသည် ၅၀၀၀ ခန့် ခိုလှုံလျက်ရှိသည်မှာ တစ်နှစ်နီးပါးရှိနေပြီ ဖြစ်သည်။ ယခင်က ၆၀၀၀ ကျော်ရှိခဲ့သော်လည်း မြန်မာလက်နက်ကိုင်တပ်ဖွဲ့များက ခြိမ်းခြောက်ခြင်း၊ ကလေးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခြင်း တို့ကြောင့် တစ်ထောင်ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ၀င်ရောက် သွားကြသည်။

ယခုလ သြဂုတ်လ (၉) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်၍ ရိုဟင်ဂျာများ နေရပ်ပြန်ရေးအတွက် ဆွေးနွေးစဉ် နယ်စပ်မျဉ်းတွင် ခိုလှုံနေသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လူသားချင်းစာနာသည့် အထောက်အပံ့များ ပေးခွင့် မပေးရန် တားမြစ်ခဲ့သည်။ 

ဒုက္ခသည်များအား မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ၀င်ရောက်လာရန် ဒေသဆိုင်ရာအာဏာပိုင်များ၊ နေပြည်တော်မှ ၀န်ကြီးများ သွားရောက်၍ ပြောဆိုခဲ့သော်လည်း မိမိတို့၏ တောင်းဆိုချက်များ မရပါက ပြန်သွားမည် မဟုတ်ကြောင်း ဒုက္ခသည်များက အကြောင်းပြန်ခဲ့သည်။ 

ယခုအခါ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းရန် ပြင်ဆင်လျက် ရှိသည်ဟု ဒုက္ခသည်များက ပြောပါသည်။

“ကျွန်တော်တို့ တိကျတဲ့ သတင်းရင်းမြစ်တွေနေ သတင်းတွေ ရထားတယ်။ မြန်မာစစ်တပ်က ကျွန်တော်တို့ No Man’s Land ကို ၀င်စီးမယ်၊ ကျွန်တော်တို့ ကိုယ်တိုင်က အကုန်မြင်နေရတော့ လက်နက်တွေနဲ့ position ယူနေတာလည်း မြင်နေရတယ်။ ကျွန်တော်တို့ကို အကြမ်းဖက် သတ်ဖြတ်မှာကို ကြောက်နေရတယ်၊ အခုလည်း ခြံစည်းရိုးနားမှာ ကင်းလှည့်နေတယ်” ဟု ဒုက္ခသည်များ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးဒိလ်မိုဟာမတ်က RB News သို့ပြောပါသည်။

ဒုက္ခသည်တစ်ဦးဖြစ်သူ ဦးအာရိဖ်အုလ္လာ ကလည်း “ညကျရင် တစ်ညလုံး ခြံစည်းရိုးနားမှာ ကင်းလှည့်လိုက် တောင်ပေါ်တက် နေရာယူပြလိုက်နဲ့ အမျိုးမျိုး ခြိမ်းခြောက်ပြတယ်။ ကျွန်တော်တို့ စိုးရိမ်တာက လက်နက်အားကိုးနဲ့ ကျွန်တော်တို့ကို သတ်ဖြတ်မှာကိုပဲ၊ ကျွန်တော်တို့ကို ဒီလို ခြိမ်းခြောက်တာထက် ကျွန်တော်တို့ တောင်းဆိုနေတာတွေ လိုက်လျောပြီး ညှိနှိုင်းတာမျိုးသာ လုပ်သင့်တယ်” ဟု ဆိုသည်။

မြန်မာဘက် အခြမ်းတွင် နေရာယူထားသည့် တပ်ရင်းမှာ တပ်ရင်း ၃၅၂ ဖြစ်သည်ဟု သိရှိရပြီး၊ တပ်ရင်းမှူး ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး နေဌေးအောင် သည် တောင်ပြိုလက်ယာရှိ ကျောင်းတွင် အခြေစိုက်၍ ၎င်း၏ လက်အောက်ငယ်သားများကို အမိန့်ပေးနေခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။




MYARF
RB News
19.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖိုးခေါင်းချောင်းကျေးရွာမှ အပြစ်မဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးကို အကြမ်းဖက်သမားများနှင့် ဆက်နွယ်နေသည်ဟု နယ်ခြားစောင့်ရဲများက မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့သည်။

ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းကျေးရွာမှ ဖော့ယာစ် (ဘ) ဦးအစ္စမိုင်လ် (အသက် ၂၅ နှစ်) သည် သြဂုတ်လ (၁၅) ရက်နေ့တွင် မောင်တောမြို့သို့ သွားရောက်ရန် ၎င်း၏ မော်တော်ဆိုင်ကယ်ဖြင့် သွားနေစဉ် ဘူးသီးတောင် အငူမော်လမ်းရှိ ကကျက်ဘက်ကျေးရွာအုပ်စု၊ တပ်ရာရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများက ၎င်းအား အကြမ်းဖက်သမားများနှင့် ဆက်နွယ်မှုရှိသည်ဟု မဟုတ်မမှန် စွပ်စွဲခဲ့သည်။ ၎င်းအား ဖမ်းဆီး၍ တပ်ရင်း ၅၃၃ သို့ ခေါ်ဆောင်သွားနေစဉ် ဖိုးခေါင်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက မြင်သွားပြီး ဖော့ယာစ်သည် အကျင့်စာရိတ္တကောင်းမွန်သူတစ်ဦး ဖြစ်ကြောင်း၊ ယခု လက်ရှိ ကျေးရွာအခြေစိုက် အရန်မီးသတ်တပ်ဖွဲ့တွင် ၂ ရစ်ဖြင့် တာဝန်ထမ်းဆောင် နေကြောင်း ထောက်ခံ ပြောဆိုပေးသော်လည်း ငွေကျပ် ၅ သိန်း ညှစ်ယူပြီးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



MYARF
RB News
17.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စုသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အမှတ် (၁၁) နယ်မြေ လက်အောက်ခံဖြစ်သော်လည်း မြို့နယ် နယ်ထိန်းရဲတပ်ဖွဲ့က ကျူးကျော်ဝင်ရောက်၍ ဒေသခံများထံမှ ငွေညှစ်လျက်ရှိသည်။

သြဂုတ်လ (၁၁) ရက်နေ့က မြို့နယ် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ၎င်းတို့၏ လက်ကိုင်တုတ်ဖြစ်သူ တပ်ရာရွာမှ အလုပ်သမားခေါင်းဆောင် မိုဟာမတ်ရှားကဲရ် (ဘ) ဦးဇော်လာအာမတ် နှင့်အတူ ဟူဆောင်း (ဘ) ဦးလာလူး (အသက် ၂၄ နှစ်) နှင့် အီမာန်ဟူစိန်း (ဘ) ဦးအဒူရော်မာန် (အသက် ၂၃ နှစ်) တို့ကို မူးယစ်ဆေးဝါး သုံးစွဲနေသည်ဟု စွပ်စွဲပြောကြား၍ ငွေကျပ် ၄ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

သြဂုတ်လ (၁၁) ရက်နေ့တွင် ညသန်းခေါင်ယံအချိန်တွင် တပ်ရာရွာမှ ဦးလီယာကောတ်အလီ၏ နေအိမ်ကို ဧည့်စာရင်း စစ်ဆေးရန်ရှိသည်ဟု ဆိုကာ ၀င်ရောက်စစ်ဆေးပြီး တရားဥပဒေနှင့် ဆန့်ကျင်သည်များ ရှာဖွေ မတွေ့ရှိသော်လည်း ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့သည်။ 

လွန်ခဲ့သည့် ဇူလိုင်လကလည်း တပ်ရာရွာမှ အ၀တ်ဟောင်းများ ရောင်း၍ အသက်မွေးဝမ်းကျောင်းပြုနေသူ ဦးယာစီးန် ကို မူးယစ်ဆေးဝါး သုံးစွဲနေသည်၊ အကြမ်းဖက်သမားများကို ကျွေးမွေးရန် စီစဉ်ပေးခဲ့သည်ဟု စွပ်စွဲ၍ ငွေညှစ် (၃) သိန်း ညှစ်ယူခဲ့သည့်အပြင် ၎င်းအား သြဂုတ်လ (၁၄) ရက်နေ့တွင် တဖန် ငွေညှစ်ရန် လိုက်ရှာခဲ့ကြောင်း ဒေသခံများက ပြောပါသည်။


MYARF
RB News
17.8.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ရိုဟင်ဂျာကျောင်းသား/သူ များကို NVC ထုတ်ပေးရန် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဓါတ်ပုံများ ယူလာရန် ဆရာ/မ များက မှာကြားထားသည်။ 

သြဂုတ်လ (၁၇) ရက်နေ့ နေ့လည် ၁၂း၃၀ နာရီအချိန်တွင် မောင်တောမြို့နယ် ကညင်တန်း (မြို့မ) ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) ၌ ရိုဟင်ဂျာကျောင်းသား/သူများကို လာမည့် တနင်္လာနေ့ သြဂုတ်လ (၂၀) ရက်နေ့တွင် NVC (နိုင်ငံသားစိစစ်ခံရမည့်သူများ၏ သက်သေခံကတ်ပြား) ထုတ်ပေးရန်အတွက်ဟုဆိုကာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဓါတ်ပုံ (၅) ပုံ ယူလာရန် ဆရာ/မများက ကျောင်းအုပ်ကြီးမှ ပေးပို့သည့်စာကို စာသင်ခန်းတိုင်းတွင် ဖတ်ပြ၍ ကြေညာခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

အလားတူ မြို့မတောင်ရပ်ကွက် (ယခင် အမှတ် (၂) ရပ်ကွက်) ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၂) တွင်လည်း ထိုကဲ့သို့ ကြေညာခဲ့သည်။ 

အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) တွင် ကျောင်းသားအချို့က “ကျွန်တော်တို့က NVC ယူစရာမလိုဘူး၊ ကျွန်တော်တို့ရဲ့ မိဘတွေက နိုင်ငံခြားသားတွေ မဟုတ်တဲ့အတွက် မယူနိုင်ဘူး” ဟု ပြောဆိုသောအခါ ဆရာ/မ အချို့က “နင်တို့ NVC ယူကိုရယူရမယ်၊  NVC ရှိမှ ကျောင်းဆက်တက်ခွင့်ရမယ်၊ ဆယ်တန်းအောင်ရင် တက္ကသိုလ်သွားတက်ခွင့်ရမယ်၊ ရန်ကုန်သွားလို့ရမယ်” ဟု မက်လုံးများ ပေးခဲ့ကြောင်း သိရသည်။ 

ရိုဟင်ဂျာများကို ၁၉၅၀ ခုနှစ် အစောပိုင်းတွင် အခြားသော တိုင်းရင်းသားများနည်းတူ အမျိုးသားမှတ်ပုံတင်များ ထုတ်ပေးခဲ့ပြီး၊ တိုင်းရင်းသားဟု အသိအမှတ်ပြုခဲ့သော်လည်း၊ ၁၉၈၉ ခုနှစ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးမည်ဟု လျှောက်လွှာများ တင်ခိုင်းပြီးနောက် ၁၉၉၄ ခုနှစ်တွင် ယာယီသက်သေခံကတ်ပြားများ ထုတ်ပေး၍ နိုင်ငံမဲ့များ ပမာ ပြုလုပ်ခဲ့ပြီး၊ ယာယီသက်သေခံကတ်ပြားများကို ၂၀၁၅ ခုနှစ်တွင် တရားမ၀င်တော့ဟု ဆိုကာ NVC များ ထုတ်ပေးခဲ့ရာ၊ သန်းဂဏန်းကျော် ရိုဟင်ဂျာများမှ နှစ်ထောင်ဝန်းကျင်ခန့်သာ အတင်းအဓမ္မ ပေးခြင်း၊ အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် ရယူခဲ့သည်။ 




MYARF
RB News
14.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကျောက်ဖြူသားသေကံ ကျေးရွာအုပ်စုမှ ကျေးရွာတာဝန်ခံက ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ထောက်ပံ့ကြေးရရှိရန် ငွေသွင်းရမည်ဟု ဆိုကာ ငွေကျပ် တစ်သောင်းစီ ကောက်ခံခဲ့သည်။ 

သြဂုတ်လ (၁၂) ရက်နေ့က ကျောက်ဖြူသားသေကံ ကျေးရွာအုပ်စုမှ ကျေးရွာတာဝန်ခံ ဦးအဗ်ဒူရ်ရော်ဟိမ်း (ဘ) ဦးအဗ်ဒူရှဖီ (အသက် ၃၅ နှစ်) သည် ရာအိမ်မှူး ယူဆုဖ် (ဘ) ဦးမိုဟာမတ်ဟာရှိမ်း (အသက် ၂၆ နှစ်) ကို သေကံရွာရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများထံမှ တစ်ဦးလျှင် ငွေကျပ် တစ်သောင်းစီ ကောက်ခံခိုင်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် ထောက်ပံ့ကြေးများကို ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ချပေးပြီး၊ မြို့နယ်မှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တဆင့် ထုတ်ပေးလျက် ရှိရာ ယခင်က နှစ်ကြိမ် ထုတ်ပေးခဲ့ပြီး ဖြစ်သည်။ ထိုသို့ ပေးရာတွင်လည်း အဆိုပါ ကျေးရွာတာဝန်ခံနှင့် ရာအိမ်မှူးတို့ ပူးပေါင်း၍ ရွာရှိ ထောက်ပံ့ကြေးငွေ ရရှိခဲ့သော အမျိုးသမီးများကို အပြည့်အ၀ မပေးဘဲ ငွေကျပ် နှစ်သောင်းကျော်စီ ဖြတ်ယူခဲ့ကြောင်း၊ ယခုလည်း ထောက်ပံ့ကြေး ရရှိနိုင်ရန် အတွက် စာရင်းပေးသွင်းရမည်ဟု ဆိုကာ တစ်ဦးချင်းစီမှ ငွေကျပ် တစ်သောင်းစီ ကောက်ခံခဲ့ခြင်း ဖြစ်သည်။ 

ထောက်ပံ့ကြေး ရရှိနိုင်ရန် အတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ အိမ်ထောင်စု လူဦးရေစာရင်း၊ မှတ်ပုံတင်၊ ကလေးအား ကာကွယ်ဆေး တိုက်ကျွေးသည့် လက်မှတ် တို့ဖြင့် စာရင်းပေးသွင်းရသည်။ ယခုအခါ ကလေးမွေးစာရင်းပါ တင်ပြရန် တောင်းခံနေသည်ဟု သိရသည်။ အဆိုပါစာရင်းများကို ကျေးရွာမှ မြို့နယ်ရုံး၊ မြို့နယ်မှ ပြည်နယ်ရုံးသို့ ပေးပို့ရပြီး ပြည်နယ်ရုံးမှ စိစစ်ပြီး စည်းမျဉ်းနှင့် မကိုက်ညီသူများကို ဖယ်ကာ၊ ထောက်ပံ့ကြေး ရရှိမည့်သူများ၏ စာရင်းကို မြို့နယ်သို့ ပြန်လည် ချပေးပြီးနောက် မြို့နယ်မှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တဆင့် ထုတ်ပေးခြင်း ဖြစ်သည်။ 

ကလေး အသက်တစ်လ မှ ၁၈ လ အထိ ကလေးများကို နို့တိုက်နေသည့် မိခင်များကို ငွေကျပ် ၉ သောင်း၊ ကိုယ်ဝန်ဆောင်များကို ပထမ ၃ လ၊ ဒုတိယ ၃ လနှင့် တတိယ ၃ လ ခွဲကာ ၆ သောင်းမှ ၇ သောင်းခွဲထိ ပေးကြောင်း သိရသည်။




MYARF
RB News
13.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သိမ်တောင်ပြင်ကျေးရွာမှ အသက် (၁၆) နှစ် အရွယ် မိန်းမပျိုတစ်ဦးကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ငွေညှစ်ခဲ့သည်။

ဇူလိုင်လ (၂၃) ရက်နေ့တွင် သိမ်တောင်ပြင်ကျေးရွာမှ ဦးအဗ်ဒုရ်ရာဟ်မာန် (ဘ) ဦးဝလီဘောက်ရှူး၏ အသက် (၁၆) နှစ် အရွယ် သမီးဖြစ်သူကို တရားမ၀င် ပေါင်းသင်း၍ ကိုယ်ဝန်ရှိနေသည်ဟု ကျေးရွာတာဝန်ခံ ဦးရော်ရှိတ် (ဘ) ဦးဟာဆောင်း (အသက် ၃၁ နှစ်) နှင့် ဦးလာလားမျာ (ဘ) ဦးအဒူလီ (အသက် ၅၆ နှစ်) တို့က ယခင် ပုဂ္ဂိုလ်ရေး ရန်ငြိုးဖြင့် မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ဖခင် ဖြစ်သူထံမှ ငွေကျပ် (၆) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

“မိကောင်းဖခင် သားသမီးကို ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံက မဟုတ်မမှန် လုပ်ကြံ စွပ်စွဲတယ်။ ဘေးပတ်ဝန်းကျင်ကလည်း အဲလိုစွပ်စွဲနေတာ လုံးဝ မှန်ကန်မှုမရှိဘူးလို့ သက်သေခံပြီး ထွက်ဆိုတာလည်း မရဘူး။ တာဝန်ခံနဲ့ အဖွဲ့က နယ်ခြားစောင့်ရဲ နယ်မြေတာဝန်ခံ ဦးသန်းနဲ့ နယ်ခြားစောင့်ရဲ နာမည်တွေ ရွတ်ပြပြီး ခြိမ်းခြောက်ပြီး ငွေညှစ်တော့ တောင်းသလောက် ပေးလိုက်ရတယ်။ ပေးလိုက်ရတာထက် မိန်းမပျိုလေးတစ်ယောက်ကို ကာအိနြေ္ဒပျက်ပြားအောင်၊ ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုတာက ပိုဆိုးတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဦလာလားမျာ ဆိုသူသည် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ နှစ်ပေါင်း ၂၀ ကြာ သိမ်တောင်ပြင်ကျေးရွာတွင် ရ.ယ.က အဖွဲ့ဝင် တာဝန်ယူထားစဉ် ရွာသားများကို ညှဉ်းပန်းနှိပ်စက်မှု မျိုးစုံ ပြုလုပ်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် န.စ.က၊ နယ်ခြားစောင့်ရဲများ၏ လက်ကိုင်တုတ်အဖြစ် ရပ်တည်၍ နယ်ခြားစောင့်ရဲများ ငွေညှစ်နိုင်ရန် မဟုတ်မမှန် လုပ်ကြံမှုများ ဖန်တီး၍ ဝေစုယူကာ အသက်မွေးဝမ်းကျောင်း ပြုနေသည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
13.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သပြေကုန်းရပ်ကွက်မှ မူးယစ်ဆေးဝါး သုံးစွဲသူတစ်ဦးကို နယ်ထိန်းရဲအဖွဲ့က ဖမ်းဆီးရမိပြီးနောက် ၎င်း၏ ထွက်ဆိုချက်ဟု ဆိုကာ အပြစ်မဲ့ဒေသခံများကို မဟုတ်မမှန် စွပ်စွဲ၍ ငွေသိန်းချီ ညှစ်လျက်ရှိသည်။

သပြေကုန်းရပ်ကွက် (ယခင် အမှတ် ၄ ရပ်ကွက်) မှ ဆိုင်ကယ်ကယ်ရီသမား အဇီဇူရ်ရဟ်မာန် (ခ) အာဂျီကာန် (ဘ) ဦးဖူတူနား (အသက် ၂၅ နှစ်) ကို ဘူးသီးတောင် နယ်ထိန်းရဲတပ်ဖွဲ့မှ ဘူးသီးတောင် - အငူမော် လမ်းတစ်လျှောက် ကကျက်ဘက်ကံပြင် ကျေးရွာအုပ်စု၊ တပ်ရာရွာမှ WY စိတ်ကြွဆေးပြား ၂၀ နီးပါးဖြင့် လွန်ခဲ့သည့် တစ်လခန့်က ဖမ်းဆီးရမိခဲ့ပြီး၊ တရားစွဲဆိုထားသည်။

ယခုအခါ သပြေကုန်းရပ်ကွက် နယ်ထိန်းတာဝန်ခံ နေမင်းထွန်းနှင့် အဖွဲ့သည် ယင်းရွာမှ ဆယ်အိမ်မှူးများ ဖြစ်ကြသည့် ဆောဒု (ခ) မောင်မောင် (ဘ) ဦးဟာလာမျာ (အသက် ၃၃ နှစ်)၊ အီနုစ် (အသက် ၅၀ နှစ်)၊ အလီ (အသက် ၅၈ နှစ်) တို့နှင့် ပူးပေါင်း၍ ဖမ်းဆီးခံရထားသည့် အာဂျီကာနီ၏ ထွက်ဆိုချက်အရဟု ဆိုကာ အပြစ်မဲ့ ဒေသခံများကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ငွေကျပ် သိန်းချီ ညှစ်ယူလျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထိုကဲ့သို့ မတရားသဖြင့် ငွေညှစ်နေသည်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးစော (အသက် ၅၅ နှစ်) က သိရှိသော်လည်း ဟန့်တားရမည့်အစား ငွေညှစ်သူများနှင့် ပူးပေါင်း၍ ဝေစုခွဲယူနေသည်ဟု ဒေသခံများက ပြောပါသည်။ 

သပြေကုန်းရပ်ကွက်မှ ဆောဒု (ခ) မောင်မောင်သည် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်မှစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစော အတွက် နည်းလမ်းမျိုးစုံ ဖန်တီး၍ ငွေရှာပေးသည့် လက်ကိုင်တုတ်၊ လူယုံတော် တပည့်အဖြစ် သစ္စာရှိရှိ ရပ်တည်၍ ဒေသခံများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်လျက်ရှိသည်။ ရပ်ကွက်အတွင်း သမီးရည်းစားဖြစ်နေသည်ဟု သတင်းရလျှင် တရားမ၀င် ပေါင်းသင်းနေသည်၊ ဖုန်းထဲတွင် နိုင်ငံခြားဖုန်းနံပါတ် ရှိလျှင် အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်နေသည်၊ ဖုန်းထဲတွင် Facebook app တွေ့လျှင် မဟုတ်မမှန် သတင်းလွှင့်သည်၊ အိမ်တွင် ၀ါးနံရံ ပြိုလဲနေလျှင်ပင် အိမ်အဆောက်အဦ ပြုပြင်နေသည်၊ ဧည့်စာရင်းတိုင်ရသည့် ဥပဒေ ဖျက်သိမ်းလိုက်သော်လည်း အိမ်တွင် ဧည့်သည်မြင်လျှင် ဧည့်စာရင်း တိုင်ကြားခြင်းမရှိ စသည့် စွပ်စွဲချက် အမျိုးမျိုးဖြင့် ခြိမ်းခြောက်၍ ငွေညှစ်မှုများ ပြုလုပ်လာသည်မှာ ကာလ ကြာမြင့်လာသဖြင့် ယခုအခါ အုပ်ချုပ်ရေးမှူး သာမက ရဲတပ်ဖွဲ့ဝင်များက ၎င်းကို ငွေညှစ်နိုင်ရန် လက်ကိုင်တုတ်အဖြစ် အသုံးပြုနေသည်ဟု ဒေသခံများက ဆိုသည်။ 

“WY လုပ်ငန်းလုပ်နေသူတွေက လစဉ် ဆက်ကြေးပေးနေတော့ လုပ်နေသူတွေကို မဖမ်းတဲ့အပြင် သယ်ယူ ပို့ဆောင်ရေးအတွက် ကူညီပေးနေတာတွေပါ ရှိတယ်။ အပြစ်မဲ့ ဒေသခံတွေကိုကျတော့ မဟုတ်မမှန် စွပ်စွဲပြီး ငွေညှစ်တယ်။ တရားဥပဒေ စိုးမိုးမှုလုံးဝ မရှိတော့ အာဏာပိုင်တွေ တောင်းသလောက်ပေးပြီး လွတ်အောင် လုပ်ရတယ်” ဟု သပြေကုန်း ရပ်ကွက်သားတစ်ဦးက RB News သို့ပြောသည်။

ဖမ်းဆီးခံရသူ၏ ထွက်ဆိုချက်ဟု ဆိုကာ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲခံရပြီး ငွေညှစ်ခံရသူများမှာ --

(၁) ဦးလေးလေ (အသက် ၃၂ နှစ်) - ဆိုက္ကားနင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ - ညှစ်ခံရငွေကျပ် ၃ သိန်း

(၂) ဦးတာဟဲရ် (ဘ) ဦးဟာဖီးဇ်အဟ်မဒ် (အသက် ၃၃ နှစ်) - အထည်ဆိုင်ရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ - ညှစ်ခံရငွေကျပ် ၁၅ သိန်း

(၃) ဦးအာဘူလ်နော်ဆောရ် (ဘ) ဦးအာဘူ (အသက် ၃၆ နှစ်) - ငါးရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ - ညှစ်ခံရငွေကျပ် ၃ သိန်း

(၄) ဦးနုရ်ကော်ဘီရ် (ခ) ဟာလာယာ (ဘ) ဦးအီနုစ် (အသက် ၂၉ နှစ်) - သုံးဘီး တက္ကစီမောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ - ညှစ်ခံရငွေကျပ် ၃ သိန်း

(၅) မိုဟာမတ်ဟောက် (ဘ) ဦးမုခ်တာရ်အဟ်မဒ် (အသက် ၁၈ နှစ်) - လျှပ်စစ်ပစ္စည်းဆိုင် ရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ - ညှစ်ခံရငွေကျပ် ၆ သိန်း

(၆) ဦးအဗ်ဒုလ္လာ (အသက် ၂၉ နှစ်) - မောင်တောမြို့မှ ကုန်ပစ္စည်းအနည်းငယ်စီ ယူဆောင်လာပြီး ဘူးသီးတောင်မြို့တွင် ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ - ညှစ်ခံရငွေကျပ် နှစ်သိန်းခွဲ

(၇) ဦးအာမာန်အုလ္လာ (ဘ) ဦးအေဘာဒုလ္လာ (အသက် ၄၀ နှစ်) - သုံးဘီး တက္ကစီမောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ - ညှစ်ခံရငွေကျပ် ၃ သိန်း

(၈) ဦးအယာတုလ္လာ (အသက် ၃၀ နှစ်) - မုန့်ဟင်းခါးရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ - ညှစ်ခံရငွေကျပ် သုံးသိန်းခွဲ -- တို့ဖြစ်ကြသည်။



MYARF
RB News
12.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းမှ ခြေထောက်တွင် ဒဏ်ရာရှိတဲ့ ရိုဟင်ဂျာ တစ်ဦးကို နယ်ခြားစောင့်ရဲများက အကြမ်းဖက်သမားဟု စွပ်စွဲ ဖမ်းဆီး၍ ငွေညှစ်ခဲ့သည်။

ရသေ့တောင်မြို့နယ် ဖက်လိပ်ကျေးရွာအုပ်စု၊ သပြေတောရွာမှ ဒေသခံတစ်ဦးဖြစ်သည့် အဗ်ဒုလ်မဂျီဒ် (အသက် ၂၅ နှစ်) သည် လွန်ခဲ့သည့် နှစ်နှစ်ကျော်က ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ကံဒါရွာတွင် အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ပြီး ကျပန်းအလုပ်သမားဘ၀ဖြင့် နေထိုင်လျက်ရှိသည်။ ၂၀၁၇ ခုနှစ်တွင် ၎င်း၏ ဇနီးဖြစ်သူနှင့် မသင့်မတင့်ဖြစ်ကာ ခိုက်ရန်ဖြစ်ပွားရာ ဇနီးသည်က ၎င်း၏ ခြေချင်းဝတ်နောက်၍ အကြောကို ဓါးဖြင့် တစ်ချက်ခုတ်ခဲ့သဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထိုဒဏ်ရာကောင်းသွားသော်လည်း ၎င်းသည် ယခု အချိန်ထိ ပုံမှန်လမ်းမလျှောက်နိုင်သေးဘဲ ထောနဲ့ ထောနဲ့ လျှောက်နေရသည်။

၎င်းသည် ကျပန်းအလုပ်လုပ်ရန် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ကင်းချောင်းကျေးရွာအုပ်စုသို့ ရောက်ရှိနေစဉ် အတွင်း သြဂုတ်လ (၉) ရက်နေ့တွင် နယ်ခြားစောင့်ရဲများက ၎င်းကို မြင်ကာ ယမန်နှစ်က ARSA နှင့် အစိုးရစစ်တပ်ကြား တိုက်ပွဲတွင် ပါဝင်ခဲ့ခြင်းကြောင့် သေနတ်ဒဏ်ရာရရှိပြီး ကောင်းမွန်စွာ လမ်းမလျှောက်နိုင်ခြင်း ဖြစ်သည်ဟု လုပ်ကြံစွပ်စွဲ၍ ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ တပ်ရာရွာရှိ စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်သားများနှင့် ပူးပေါင်း၍ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ 

သြဂုတ်လ (၁၀) ရက်နေ့တွင် ဖိုးခေါင်ချောင်းမှ ဒေသခံအချို့က အဆိုပါစခန်းသို့ လိုက်သွားပြီး အဗ်ဒုလ်မဂျီဒ်သည် အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူ မဟုတ်ဘဲ သာမာန်ဆင်းရဲသည့် ကျပန်းအလုပ်သမား တစ်ဦး ဖြစ်ကြောင်းနှင့် ၎င်းတွင်ရှိသည့် ဒဏ်ရာသည် ဇနီးဖြစ်သူနှင့် ခိုက်ရန်ဖြစ်ပွားစဉ် ရရှိထားသည့် ဒဏ်ရာဖြစ်သည်ဟု အာမခံ၍ ပြောဆိုသဖြင့် အပြစ်မဲ့တစ်ဦးမှန်း သိရှိသွားသော်လည်း အဗ်ဒုလ်မဂျီဒ်၏ အင်္ကျီအိတ်ထဲရှိ မိသားစုအတွက် ပင်ပန်းခံ ရှာဖွေထားသည့် ငွေကျပ် ၄ သောင်းကို နယ်ခြားစောင့်ရဲများက လုယက်နှိုက်ယူသည့်အပြင် နောက်ထပ် ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။




MYARF
RB News
11.8.2018

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ အပြစ်မဲ့ ဒေသခံရိုဟင်ဂျာတစ်ဦးကို ရခိုင်ဇနီးမောင်နှံ၏ စက်လှေကို ၀င်တိုက်သည်ဟု ဆိုကာ ဖမ်းဆီးထားပြီး အပြစ်မရှိသူဟု သိရှိသွားသော်လည်း ပြန်လည် လွတ်ပေးရန်အတွက် အချိန်ကြန့်ကြာလျက်ရှိသည်။

သြဂုတ်လ (၄) ရက်နေ့ ည ၉ နာရီခန့်အချိန်၌ မိုးသည်းထန်စွာ ရွာနေချိန်တွင် ရခိုင် ဇနီးမောင်နှံ နှစ်ဦးသည် မျှစ်ရောင်းပြီးနောက် လောင်းလှေတစ်စီးဖြင့် အုမ္မော်ဒီ ရိုဟင်ဂျာရွာ အနီး ကုလားတန်မြစ်ဖျား ပီချောင်း တစ်လျှောက်မှ ၎င်းတို့၏ နေအိမ်သို့ ပြန်နေစဉ် စက်လှေကြီးတစ်စီးက ၀င်တိုက်သည်ကို ခံခဲ့ရသည်။ စက်လှေကြီး တိုက်ခံရခြင်းကြောင့် အမျိုးသမီး ရေထဲပြုတ်ကျသွားပြီး ပျောက်ဆုံးသွားခဲ့သည်။ အမျိုးသား အသက်ရှင်နိုင်ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်များက သြဂုတ်လ (၅) ရက်နေ့တွင် ရိုဟင်ဂျာရွာထဲသို့ ၀င်ရောက်၍ ရွာသားများကို စစ်ဆေးပြီးနောက် အပြစ်မဲ့ ဒေသခံရိုဟင်ဂျာ နှစ်ဦးကို ဖမ်းဆီး၍ ညနေ ၅ နာရီအချိန်တွင် ကျောက်တော် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးသွားသူနှစ်ဦးမှ မော်လ၀ီ ဖောယာဇ် (အသက် ၃၀ နှစ်) ကို ရာဇသတ်ကြီး ပုဒ်မဖြင့် ချုပ်နှောင်ထားပြီး၊ ကျန်သည့်တစ်ဦးကို ယင်းနေ့တွင်ပင် ပြန်လည် လွှတ်ပေးခဲ့သည်။

ရဲစခန်းက ရခိုင် ဇနီးမောင်နှံ နှစ်ဦး၏ လောင်းလှေကို ၀င်တိုက်ခဲ့သည့် စက်လှေကြီးနှင့် ပတ်သက်၍ တိကျမှန်ကန်သည့် အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားသည့် မော်လ၀ီ ဖောယာဇ် အပြစ်မဲ့ တစ်ဦး ဖြစ်သည်ကို သိရှိသွားပြီးနောက် ပြန်လည် လွှတ်ပေးမည်ဟု ပြောကြားနေသော်လည်း မြို့နယ် ရဲတပ်ဖွဲ့မှူးသည် ခရိုင် အစည်းအဝေးတက်ရောက်ရန် ခရီးလွန်နေသောကြောင့် ကြန့်ကြာလျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။



MYARF
RB News
11.8.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်းကျေးရွာသို့ တောတောင်များမှ ဆင်ကြီး ၀င်ရောက်လာပြီး နေအိမ်များ ဖျက်ဆီးနေခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြသည်။ 

သြဂုတ်လ (၆) ရက်နေ့ ညပိုင်းတွင် ငန်းချောင်းကျေးရွာသို့ တောတောင်များမှ ဆင်ကြီးများ ၀င်ရောက်လာပြီး လူနေအိမ် (၁၀) လုံးကျော် ဖျက်ဆီးခဲ့သည်။

အလားတူ သြဂုတ်လ (၄) ရက်နေ့ ညပိုင်းတွင် လူနေအိမ် (၂၀) ကျော် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဖျက်ဆီးခံရသည့် နေအိမ်များမှာ ၂၀၁၇ သြဂုတ်လ နောက်ပိုင်းတွင် တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသည့် မိသားစုများ၏ နေအိမ်များ ဖြစ်သောကြောင့် အသက်ဆုံးရှုံးမှု မရှိသော်လည်း ၀င်ရောက် ဖျက်ဆီးသည့် ဆင်အရေအတွက် များပြားလာသောကြောင့် လူနေသည့် အိမ်များကို အိပ်ပျော်နေစဉ် လာရောက် ဖျက်ဆီးလျှင် အသက်အန္တရာယ် ရှိနိုင်သောကြောင့် ဒေသခံများ အလွန် စိုးရိမ်နေကြသည်။



MYARF
RB News
11.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဒု-အိုးသည်မ ကျေးရွာတွင် သူစိမ်းများ ရောက်ရှိနေသည်ဟု သတင်းမှားကြောင့် ၀င်ရောက် စစ်ဆေးပြီးနောက် သတင်းမှားမှန်း သိရှိသွားခဲ့သည်။

ဘူးသီးတောင်မြို့နယ် ဒု-အိုးသည်မ ကျေးရွာတွင် သူစိမ်း ၇၀ ဦးကျော် ရောက်ရှိနေသည်ဟု မဟုတ်မမှန် သတင်းပြန့်နှံ့နေခြင်းကြောင့် သြဂုတ်လ (၆) ရက်နေ့က နယ်ခြားစောင့်ရဲများ ယင်းကျေးရွာသို့ ရောက်ရှိလာပြီး ၀င်ရောက် စစ်ဆေးခဲ့သည်။

နယ်ခြားစောင့်ရဲများက ယင်းနေ့တွင် စစ်ဆေးခဲ့ပြီးနောက် နောက်တစ်ရက်လည်း စစ်ဆေးရဦးမည်ဟု ဆိုကာ ရွာသားများအား ၎င်းတို့အတွက် နေ့လည်စာ ပြင်ဆင်ထားရန် မှာကြား၍ ထွက်ခွာသွားခဲ့သည်။ 

သြဂုတ်လ (၇) ရက်နေ့ နံနက် (၆) နာရီ အချိန်တွင် ရွာထဲသို့ နယ်ခြားစောင့်ရဲများ ပြန်လည် ရောက်ရှိလာပြီး တစ်ရွာလုံးရှိ ရွာသူရွာသားများကို အိမ်ထောင်စု လူဦးရေ စာရင်းများနှင့် တိုက်ဆိုင်၍ စစ်ဆေးခဲ့သည့် အပြင် ဒု-အိုးသည်မ၊ ငွေတောင်နှင့် အနီးအနားရှိ တောတောင်များထဲသို့ပင် ၀င်ရောက် စစ်ဆေးခဲ့သော်လည်း သူစိမ်း တစ်ဦးမှ မတွေ့ရှိခဲ့ဘဲ ပြောဆိုထားသည့်အတိုင်း စီစဉ်ထားသည့် နေ့လည်စာကို စားသုံး၍ နေ့လည် ၃ နာရီ အချိန်တွင် ရွာမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

“မဟုတ်မမှန် သတင်းကြောင့် ရွာသားတွေ အားလုံး အလကားနေ စိတ်အနှောက်အယှက် ဖြစ်ရတဲ့အပြင် သူတို့အတွက် ချက်ပြုတ်ကျွေးမွေးရတော့ ၀န်ထုပ်ဝန်ပိုးလည်း ဖြစ်တယ်။ ကျွန်တော်တို့ လုပ်ကိုင်စားသောက်ဖို့ မလွယ်ကူတဲ့ အချိန်မှာ သူတို့ကိုပါ ချက်ပြုတ်ကျွေးမွေးရတာ အခက်အခဲ ဖြစ်တယ်။ သူတို့တာဝန်အရ လာတာ ကျွန်တော်တို့ ကျွေးမွေးရတယ်။ သက်သက်အနိုင်ကျင့်တာပါ” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။


MYARF
RB News
11.8.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားတံတားအနီး၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့က အပြစ်မဲ့ ဒေသခံရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိသည်။

သြဂုတ်လ (၆) ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ပေါင်းဇားရွာသို့ ပြန်နေသည့် ဦးနုရ်ဟာဖီးဇ် (ဘ) ဦးဟာမိတ်ဟူစိန်း (အသက် ၃၅ နှစ်) ကို ရွှေဇားတံတားအနီး၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက “မင်း ဘင်္ဂလားဒေ့ရှ်သွားတာ ငါတို့သိတယ်၊ ဒုက္ခမရောက်ချင်ရင် ငါတို့ကို ငွေ ဘယ်လောက် ပေးနိုင်မလဲပြော” ဟု အခြေအမြစ်မရှိ စွပ်စွဲပြီးနောက် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကြေး အမြောက်အမြား တောင်းခံခဲ့သည်။ အပြစ်မဲ့ဖြစ်သည့် ဦးနုရ်ဟာဖီးဇ်လည်း ဖမ်းဆီးမခံရရေးအတွက် နောက်ဆုံးတွင် ၎င်းတွင်ပါရှိသည့် ငွေကျပ် သုံးသောင်း ပေးခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

အလားတူ သြဂုတ်လ (၁) ရက်နေ့ နေ့လည်ပိုင်းတွင် အဆိုပါ ရဲတပ်ဖွဲ့ဝင်များသည် ရွှေဇားကျေးရွာအုပ်စု၊ စေတီပြင်ဈေးတွင် လဘက်ရည်ဆိုင်ထိုင်နေသည့် ဦးဒိလ်မိုဟာမတ် (ဘ) ဦးဇာဟိတ်ဟူစိန်း (အသက် ၃၅ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

ဇူလိုင်လ (၂၇) ရက်နေ့တွင် အဆိုပါရဲတပ်ဖွဲ့ဝင်များသည် ရွှေဇားနှင့် လှဘော်ဇား ကြားရှိ တံတားအနီးတွင် လှဘော်ဇား ရွာသား ဦးဂျာဘဲဒ် (အသက် ၃၀ နှစ်) ကို “မင်းအဖေ ဘင်္ဂလားဒေ့ရှ် သွားတာ ငါတို့သိတယ်၊ ဒုက္ခမရောက်ချင်ရင် ငါတို့ကို ငွေ ၁၀ သိန်း ပေးရမယ်” ဟု ပြောဆို စွပ်စွဲ၍ ခြိမ်းခြောက်ကာ ငွေကျပ် (၅) သိန်း ညှစ်ယူခဲ့သည်။

ထို့အပြင် ပေါင်းဇားကျေးရွာတွင် အာဏာပိုင်များ၏ လက်ကိုင်တုတ်တစ်ဦး ဖြစ်သည့် မိုဟာမတ်အာလောမ် (ဘ) ဦးမိုဟာမတ်အစ္စလာမ် (အသက် ၄၅ နှစ်) သည် ကျေးရွာအုပ်ချုပ်ရေး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့နှင့် ရင်းနှီးသည်ကို အခွင့်ကောင်းယူ၍ ရွာသားများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးလျက်ရှိသည်။ မဟုတ်မမှန် သတင်းများ ဖန်တီး၍ နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ အပြစ်မဲ့ ရွာသားများထံမှ ငွေညှစ်လျက် ရှိသည့်အပြင် လွန်ခဲ့သည့် တစ်လခွဲခန့်က တစ်ဖက်နိုင်ငံတွင် ဒုက္ခသည်ဘ၀ဖြင့် ခိုလှုံနေသည့် လုပ်အားပေးကျောင်းဆရာ ဦးဆားဘဲရ် (ယခင် ဘူးသီးတောင်တွင် နေထိုင်သူ) ပိုင်ဆိုင်သည့် နှစ်ထပ်အိမ်ကို မိုဟာမတ်အာလောမ်က ဖျက်ဆီး၍ သစ်သားများကို ၎င်း၏ တူ ဖြစ်သူ အုစ်မာန်ဂေါ်နီ (ဘ) ဦးအစ္စမိုင်လ် (အသက် ၂၅ နှစ်) အား အိမ်ဆောက်ရန် ပေးလိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

လွန်ခဲ့သည့်နှစ် စက်တင်ဘာလက နယ်ခြားစောင့်ရဲများ ရွာထဲသို့ လာရောက်၍ ရွာသားများအား လူနေအိမ် (၅) လုံးကို အကြောင်းမဲ့ ဖျက်ဆီးခိုင်းခဲ့ကြောင်း သိရသည်။




MYARF
RB News
9.8.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကညင်တန်း (မြို့မ) ကျေးရွာအုပ်စု အပြစ်မဲ့ ဒေသခံ (၄) ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ငွေကျပ် သိန်း (၄၀) ညှစ်ယူခဲ့သည်။

သြဂုတ်လ (၆) ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် ကညင်တန်း (မြို့မ) ကျေးရွာအုပ်စု ကညင်တန်းရွာမှ မောင်နီရွာသို့ WY စိတ်ကြွဆေးပြားများ သယ်ဆောင်နေသည့် လူငယ် (၃) ဦးကို ရဲတပ်ဖွဲ့ဝင်များက နောက်ယောင်ခံ လိုက်နေသည်ကို လူငယ်များက ရပ်မိသွားပြီး၊ နှစ်ဦး ထွက်ပြေးသွားသော်လည်း ကျန်သည့် တစ်ဦး ဖြစ်သည့် ဟာရှိမုလ္လာ (ဘ) ဦးမူဇဲရ် (အသက် ၂၂ နှစ်) ကို ရဲတပ်ဖွဲ့ဝင်များက စိတ်ကြွှဆေးပြားနှင့် အတူ ဖမ်းဆီးနိုင်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက ၎င်းကို စစ်ဆေးမေးမြန်းပြီး ၎င်း၏ ထွက်ဆိုချက်အရ မောင်နီရွာရှိ ဟာဂျီအာယုပ် (ဘ) ဦးအီမာန်အလီ (အသက် ၅၃ နှစ်) ၏ နေအိမ်နှင့် ဦးဆောလိမ်း (ဘ) ဦးမူဇဲရ် တို့၏ နေအိမ်များကို စစ်ဆေးရန် သွားရောက်နေစဉ် အိမ်သူအိမ်သားများက ရဲတပ်ဖွဲ့ဝင်များလာနေသည်ကို တွေ့ရှိ၍ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။ 

ရဲတပ်ဖွဲ့ဝင်များက လူမရှိတော့သည့် နေအိမ်များကို မစစ်ဆေးတော့ဘဲ အနီးအနားရှိ ဦးရော်ဖိတ် (ဘ) ဦးနာဂု၏ နေအိမ်ထဲသို့ ၀င်ရောက်၍ ဆားဒဲက်အုလ္လာ (ဘ) ဦးနာဂု (အသက် ၂၇ နှစ်) နှင့် အဒူဟိုက်ရှ် (ဘ) ဦးရော်ဖိတ် (အသက် ၂၀ နှစ်)၊ ဦးမိုဟာမတ်တော်ယုပ်၏ နေအိမ်မှ ယာဆဲရ် (ဘ) ဦးမိုဟာမတ်တော်ယုပ် (အသက် ၂၅ နှစ်) နှင့် အာယာစ် (အသက် ၂၃ နှစ်) တို့ (၄) ဦးကို မတရားသဖြင့် ဖမ်းဆီး၍ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ဖမ်းဆီးခံရသူ (၄) ဦးစလုံးမှာ အပြစ်မဲ့များ ဖြစ်ကြပြီး၊ ၎င်းတို့အား အချုပ်ခန်းထဲတွင် ပုဒ်မပေါင်းစုံတပ်၍ တစ်ညလုံး ခြိမ်းခြောက်ပြီး သြဂုတ် (၇) ရက်နေ့ နေ့လည်ပိုင်း တစ်ဦးထံမှ ငွေကျပ် (၁၀) သိန်းစီ ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



Rohingya Eye
RB News
6.8.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စု ဟာဘီရွာမှ လုပ်ကြံစွပ်စွဲ ဖမ်းဆီးခံရသူများ လွတ်မြောက်လာနိုင်ရန် ငွေကျပ် သိန်း ၂၄၀၀ သုံးစွဲခဲ့သော်လည်း ပြန်လည် လွတ်မြောက်မလာဘဲ အမှုရင်ဆိုင်နေရသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့က မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စု ဟာဘီရွာမှ ဒေသခံရိုဟင်ဂျာ (၃၈) ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး သက်ကြီးရွယ်အိုနှင့် အသက်မပြည့်သူ (၈) ဦးကို ရက်ပိုင်းအကြာတွင် ပြန်လည် လွှတ်ပေးခဲ့သည်။

ကျန်ရှိသည့် (၃၀) ဦးကို အုပ်စုနှစ်စုခွဲ၍ (၂၄) ဦးကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ကျီးကန်းပြင်ရှိ နေအိမ်များ မီးတင်ရှို့သည်ဟု လုပ်ကြံစွပ်စွဲပြီး၊ (၆) ဦးကို ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ကျောက်ပြင်ဆိပ်ရှိ ကင်းစခန်းကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

“အားလုံးက တကယ်ကို အပြစ်မဲ့တွေပါ။ ကျီးကန်းပြင်က အိမ်တွေကို အောင်ဇေယျရွာက န.တ.လ ဗုဒ္ဓဘာသာဝင်တွေ မီးရှို့ခဲ့တာ၊ ဖမ်းခံရသူတွေက ပြစ်မှုကျူးလွန်တဲ့ အထောက်အထား လုံးဝ မရှိဘူး” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“တရားရုံးကလည်း အာဏာပိုင်တွေဘက်က စွပ်စွဲတာတွေကို အတည်ယူလို့မရခဲ့ဘူး။ ကျီးကန်းပြင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ကိုယ်တိုင်က ဖမ်းခံရသူတွေက ပြစ်မှုကျူးလွန်ထားခြင်း မရှိဘူးလို့ ထွက်ဆိုခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။

ဖမ်းဆီးခံရသူများသည် အပြစ်မဲ့များ ဖြစ်သော်လည်း ငွေပေးမှ ပြန်လည် လွတ်မြောက်နိုင်မည်ဟု ယုံကြည်သောကြောင့် သက်ဆိုင်ရာဌာနများကို ပေးရန်အတွက် နယ်ခြားစောင့်ရဲများနှင့် တရားရုံးဝန်ထမ်းများက တစ်ဦးလျှင် ငွေကျပ် သိန်း (၁၀၀) စီ ပေးရန် တောင်းခံသောအခါ (၂၄) ဦးအဖွဲ့က ပေးရန် သဘောတူခဲ့ပြီး ငွေကျပ် သိန်း (၂၄၀၀) ပေးခဲ့သည်။ (၆) ဦးအဖွဲ့လည်း ငွေသိန်းပေါင်းများစွာ ပေးခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ မိသားစု ဆွေမျိုးများက ထုတ်ဖော်ပြောခြင်း မရှိကြပေ။

(၂၄) ဦးအဖွဲ့က နယ်ခြားစောင့်ရဲများနှင့် တရားရုံးဝန်ထမ်းများကို ပေးခဲ့သည့် ငွေကျပ် သိန်း (၂၄၀၀) ဆုံးရှုံးသွားပြီး အခြေအမြစ်မရှိ စွဲချက်မှာ ယခုထိ ကျန်ရှိနေပြီး ၎င်းတို့အား ပုဒ်မ ၅၀၅ (က)၊ (ခ)၊ (ဂ)၊ (ဃ) တို့ဖြင့် ထပ်မံ၍ တရားစွဲဆိုထားကြောင်း သိရသည်။

ထို့အပြင် မောင်တောခရိုင်တရားရုံးက ဟာဘီရွာသား အပြစ်မဲ့ ၁၁၄ ဦးကို ဖမ်းဆီးရန် ဇူလိုင်လ (၂၆) ရက်နေ့က ၀ရမ်းထုတ်ထားသည်။ ၎င်းတို့အား အလားတူ ပုဒ်မများဖြင့် တရားစွဲဆိုမည်ဟု ဒေသခံများက ပြောပါသည်။




RB News
2.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် နယ်ခြားစောင့်ရဲများနှင့် ရဲတပ်ဖွဲ့ဝင်များက ရရှိထားသည့် အခွင့်အာဏာကို အသုံးချ၍ ငွေညှစ်ခြင်း၊ ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိသည်။ 

ဇူလိုင်လ (၃၁) ရက်နေ့ ညနေ (၄) နာရီအချိန်တွင် ဖောင်တော်ပြင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး ဒုရဲအုပ် အောင်မြင့်မြတ်သည် စခန်းရှေ့မှ ဖြတ်သွားသည့် မောင်နုရွာမှ အသက် (၂၂) နှစ် အရွယ် အာရ်ရာဖ်အာမတ် ကို စခန်းထဲသို့ ခေါ်သွင်း၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ 

“စခန်းမှူး ဒုရဲအုပ်အောင်မြင့်မြတ် ကိုယ်တိုင် စခန်းထဲကို ခေါ်သွင်းပြီး လူမဆန်စွာ ရိုက်တယ်။ ထိုးကြိတ်တယ်၊ ကန်ကျောက်တယ်။ အခု အဲဒီကောင်လေးကို ဆေးကုနေရတယ်၊ စခန်းမှူးက ဇွန်လ ၂၁ ရက်နေ့မှာ ပြောင်းလာတာ။ ဗမာလူမျိုး၊ ရွာသားတွေကို ဆဲဆိုတာတွေ၊ ခြိမ်းခြောက်တာတွေ၊ ရိုက်နှက်တာတွေ မကြာခဏလုပ်နေတယ်၊ လိုင်စင်ရသောင်းကျန်းသူလို သောင်းကျန်းနေတော့ ရွာသူရွာသားတွေ အရမ်းကို စိုးရိမ်နေကြတယ်” ဟု ရပ်မိရပ်ဖ တစ်ဦးက RB News သို့ပြောပါသည်။ 

စခန်းမှူး ဒုရဲအုပ်အောင်မြင့်မြတ်နှင့် ပတ်သက်၍ ရွာသူရွာသားများက တပ်ရင်း (၅၆၄) မှ အရာရှိများကို တင်ပြခဲ့ရာ အရာရှိများက ရှေ့ဆက်၍ သောင်းကျန်းပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပါမည်ဟု ပြောဆို၍ နှစ်သိမ့်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ်တွင် ကင်းစခန်းများ ယခင်ကထက်များပြားလာပြီး ဇွန်လ (၂၀) ရက်နေ့က ဖုံညိုလိပ်ကျေးရွာရှိ တံတားသစ်တွင် ကင်းစခန်းတစ်ခု အခြေစိုက်ပြီးနောက် နယ်ခြားစောင့်ရဲများက ကင်းစခန်းရှေ့မှ ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်တက္ကစီများ၊ သုံးဘီးတက္ကစီများမှ ငွေကျပ် တစ်ထောင်စီ ကောက်ခံလျက်ရှိသည်။ 

“ဗုဒ္ဓဘာသာဆိုရင် မကောက်ပါဘူး။ ရိုဟင်ဂျာမွတ်စလင်တွေကိုချည်း ရွေးကောက်တာပါ၊ တစ်ခေါက်ကို တစ်ထောင်စီကောက်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

ဘူးသီးတောင်မြို့မဈေးတွင်လည်း ရဲစခန်းမှ စခန်းမှူးကိုယ်တိုင်သွား၍ ရိုဟင်ဂျာဆိုင်များမှ ဆိုင်ရှင်များကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိသည်။ 

“ဆိုင်ကြီးတွေကို ရွေးပြီး ငွေညှစ်တယ်၊ တစ်ဆိုင်ကို အနည်းဆုံး တစ်သိန်းကနေ ငါးသိန်းထိ ညှစ်တယ်။ ငွေမပေးရင် လက်ထိပ်ခတ်ခေါ်သွားပြီး စခန်းရောက်မှ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပြီး ငွေညှစ်တယ်” ဟု မြို့မဈေးမှ လူတစ်ဦးက ပြောပါသည်။ 

မြစ်ကမ်းတစ်လျှောက်ရှိ ကင်းစခန်းများမှ နယ်ခြားစောင့်ရဲများကလည်း စက်လှေများမှ ငွေညှစ်နေခြင်းကြောင့် စက်လှေခ ကြီးမားလာပြီး ခရီးသွားလာရန် ခက်ခဲနေသည်။ 

“အထူးသဖြင့် အမှတ် (၂) ရပ်ကွက် အခြေစိုက် ကင်းစခန်းက နယ်ခြားစောင့်ရဲတွေက စက်လှေတစ်စီးကနေ အနည်းဆုံး ငါးထောင်ကနေ တစ်သောင်းထိယူတယ်။ ပြီးတော့ မောင်နုရွာမှာရှိတဲ့ နယ်ခြားစောင့်ရဲတွေက နှစ်ထောင်၊ ခြင်းသမားရွာမှာရှိတဲ့ စစ်တပ်က တစ်ထောင်၊ မေယုတံတားကြီးက ရဲတပ်ဖွဲ့ဝင်တွေက နှစ်ထောင်၊ မြို့မဈေးမှာ တာဝန်ကျနေတဲ့ ရဲတွေက ငါးထောင် ယူတယ်။ တောင်ဘဇာကနေ ရိုဟင်ဂျာစက်လှေဆိုရင် ထွက်လို့မရဘူး။ ကီနီစီရွာ (ကျီးနုတ်သီး) ကနေ ဘူးသီးတောင် ရောက်တဲ့အထိ လမ်းမှာ ပေးရသမျှ အရမ်းများတော့ ခရီးသည်တွေ အတွက် ၀န်ထုပ်ဝန်ပိုး အရမ်းကြီးလာတယ်။ ဒါတွေကလည်း လူတွေကို ကျပ်တည်းအောင် တမင်လုပ်နေတာ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

“တောင်ဘဇာမှာ ကျွန်တော်တို့ ရိုဟင်ဂျာတွေ အများကြီး မရှိတော့ဘူး။ အဲဒီက ရိုဟင်ဂျာတွေ စက်လှေနဲ့ သွားလာလို့ မရဘူး။ တောင်ဘဇာ အုပ်ချုပ်ရေးမှူးရဲ့ ညီက သူ့စက်လှေ လုပ်ငန်းရှိတော့ မွတ်စလင်တွေရဲ့ စက်လှေ ကပ်ဖို့ မပေးဘူး။ အဲဒီတော့ မွတ်စလင်တွေက ကျီးနုတ်သီးကို ၃ မိုင်လောက် လမ်းလျှောက်သွားပြီးမှ စက်လှေ စီးလို့ရတယ်” ဟု ၎င်းက ဖြည့်စွက် ပြောသည်။ 

ဘူးသီးတောင်မြို့ပေါ်နှင့် ကျေးလက်ဒေသများတွင် ရဲများနှင့် နယ်ခြားစောင့်ရဲများက နည်းမျိုးစုံဖြင့် ငွေညှစ်လျက်ရှိပြီး ငွေကျပ် သိန်းဆယ်ဂဏန်းထိ ညှစ်ယူလျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

“အာဆာနဲ့ အဆက်အသွယ်ရှိတယ်၊ တဖက်နိုင်ငံမှာ ခိုလှုံနေတဲ့လူတွေနဲ့ ဆက်သွယ်နေတယ်၊ အကြမ်းဖက်သမားတွေကို ထမင်းကျွေးတယ် ဆိုပြီး စွပ်စွဲချက်တွေနဲ့ လုပ်ကြံ ခြိမ်းခြောက်တယ်၊ လူတွေကို ဆင့်ခေါ်ပြီး ငွေညှစ်တာ၊ လွန်ခဲ့တဲ့ ဇွန်လ တတိယပတ်တုန်းက ပဒကာအုပ်စုက ဦးအာဘူလ်ဟာရှိမ်း အပါအ၀င် ရွာသား (၇) ယောက်ကို ကျောင်းတောင်က နယ်ခြားစောင့်ရဲတွေက အာဆာကလူတွေကို ထမင်းကျွေးတယ်လို့ လုပ်ကြံစွပ်စွဲပြီး ငွေကျပ် ၁၁ သိန်းစီ ညှစ်ယူခဲ့တယ်၊ သူတို့တွေကို တော်တော်လေး နှိပ်စက်တယ်၊ အပ်စိုက်တယ်၊ ပြီးတော့ ဓါးနဲ့ထိုးတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

မြို့ပေါ်တွင်လည်း နယ်ထိန်းရဲများက နေ့စဉ်နေ့တိုင်း လူငယ်များကို ပစ်မှတ်ထား၍ မူးယစ်ဆေးဝါး သုံးစွဲနေသည်ဟု လုပ်ကြံစွပ်စွဲပြီး ငွေကျပ် ၃ သိန်းမှ ၅ သိန်းထိ ညှစ်ယူလျက်ရှိသည်။ 

“လူငယ်တွေကို WY သုံးနေတယ်၊ ဆေးခြောက်ရှုနေတယ်၊ ရောင်းနေတယ်လို့ စွပ်စွဲပြီး ဖမ်းတယ်၊ ပြီးတော့ ငွေ ၃ သိန်းကနေ ၅ သိန်းထိ ညှစ်တယ်။ လွန်ခဲ့တဲ့ အပတ်ကလည်း (၄) ရပ်ကွက် အာယာတူလ္လာ ဆီက ငွေ ၇ သိန်း ညှစ်တယ်၊ အမှတ် (၅) ရပ်ကွက်က ဖော်ယာစ်အပါအ၀င် (၅) ယောက်ဆီက (၁၅) သိန်းညှစ်တယ်၊ နေ့တိုင်း ငွေညှစ်ခံနေရတယ်၊ ပြီးတော့ မီဒီယာတွေကို ပြောရင် ဒီထက်နှစ်ဆ ပေးရမယ်ဆိုပြီး ခြိမ်းခြောက်” ဟု မြို့ခံတစ်ဦးက ပြောပါသည်။ 



RB News
1.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သေကံခွဆုံကျေးရွာအုပ်စုရှိ အစိုးရကျောင်းတွင် ဆရာ/မ များလာရောက် ပညာသင်ကြားပေးခြင်း မရှိသောကြောင့် ကျောင်းသား/သူများ ပညာသင်ကြားရန် အခက်ကြုံတွေ့လျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သေကံခွဆုံကျေးရွာအုပ်စု ၀က်မကျကျေးရွာရှိ အစိုးရကျောင်းတွင် နိုင်ငံတော်မှ ဆရာ/မ ၁၀ ဦးကျော် ခန့်ထားသော်လည်း တစ်ဦးမှ လာရောက်၍ ကျောင်းသား/သူများကို ပညာသင်ကြားပေးခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသိန်းလှသည် စေတီတောင်အုပ်စုတွင် နေထိုင်ပြီး၊ တာဝန်ကျနေသော ၀က်မကျကျေးရွာနှင့် နီးစပ်သော်လည်း တစ်လတွင် တစ်ကြိမ်မျှသာ လာရောက်ကြောင်း၊ ၎င်းအား ကျောင်းကော်မတီဝင်များက ဝေဖန်ပြောဆိုသဖြင့် ကော်မတီဝင်များကို အမျိုးမျိုး ခြိမ်းခြောက် အော်ငေါက်ကြောင်း ဒေသခံများက ပြောပါသည်။ 

ကျောင်းအုပ်ဆရာမကြီးက ကျောင်းဖွင့်စအချိန်တွင် အန်ဂျီအိုအဖွဲ့အစည်းများက ထောက်ပံ့ပေးအပ်ခဲ့သည့် ကျောင်းဝတ်စုံများ ထုတ်ပေးစဉ် တစ်စုံလျှင် ငွေကျပ် ၅၀၀ စီ ကောက်ခံခဲ့ကြောင်း သိရသည်။ 

“၀က်မကျ ကျေးရွာက ကျောင်းတစ်ကျောင်းတည်း မဟုတ်ဘူး။ နယ်ပိုင်းမှာ ရှိသမျှ ကျောင်းတော်တော်များများကို အစိုးရခန့် ဆရာ/မ တွေ မလာကြဘူး။ အဲဒီတော့ ကျောင်းသားကျောင်းသူတွေ ပညာသင်ဖို့ အတော်လေး ခက်ခဲနေတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 



MYARF
RB News
26.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သေကံခွဆုံကျေးရွာအုပ်စု မုစ်တောဘိစ်ရွာ တာဝန်ခံနှင့် အဖွဲ့က WFP မှ စာရင်းပြုစုခိုင်းသည်ဟု ဆိုကာ စာရင်းပြုစု၍ ငွေကြေးကောက်ခံခဲ့သည်။ 

သေကံခွဆုံကျေးရွာအုပ်စု မုစ်တောဘိစ်ရွာ တာဝန်ခံ ဦးယာဟားယား (ဘ) ဦးအီလီယာစ်သည် WFP မှ အထောက်အပံ့ရသူများအား ထပ်မံစာရင်းပြုစုခိုင်းသည်ဟု ဆိုကာ ရွာသားများကို ဇူလိုင်လ (၂၂) ရက်နေ့တွင် ရွာသားများကို ရာအိမ်မှူး ဦးဟူဆောင်း (ဘ) ဦးနုရ်မာမတ်နှင့် ဦးနူရုလ်ဟောက် (ဘ) ဦးဟာဘီရာမာန် တို့မှတဆင့် ၎င်း၏ နေအိမ်သို့ ဆင့်ခေါ်၍ စာရင်းပြုစုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် နှစ်ထောင်စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

မုစ်တော်ဘိစ်ရွာတွင် အိမ်ထောင်စု ၂၅၀ ခန့်ရှိပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှစ၍ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများတွင် WFP မှ ဆန်၊ ဆီ၊ ဆား၊ ပဲ စသည်များ လစဉ် ထောက်ပံ့ပေးလျက်ရှိသည်။ လစဉ် ထောက်ပံ့ရာတွင် လွယ်ကူစေရန်အတွက် WFP မှ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူပြီး အိမ်ထောင်စုအလိုက် ကဒ်ပြားများ ထုတ်ပေးထားသည်။ WFP ၀န်ထမ်းများ အကြောင်းကြားသည့်နေ့တွင် ရွာသားများက အဆိုပါကဒ်များကို ကိုင်၍ WFP ၏ ဆန်ဂိုဒေါင်များသို့ သွား၍ ထောက်ပံ့သည်များကို ထုတ်ယူရသည်။ 

သေကံခွဆုံကျေးရွာအုပ်စုမှ ဒေသခံများသည် စေတီတောင်ကျေးရွာရှိ WFP မှ အထောက်အပံ့များကို ထုတ်ယူသည်။ မုစ်တော်ဘိစ်ရွာတာဝန်ခံ ဦးယာဟားယားက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသူများကိုပါ လက်ရှိရွာတွင် နေထိုင်နေသည်ဟု စာရင်းသွင်း၍ ကဒ်များရယူထားပြီး အထောက်အပံ့ထုတ်ယူသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။ 

ဇူလိုင်လ (၂၃) ရက်နေ့တွင် အထောက်အပံ့များ ပေးမည်ကို ကြိုသိထားသောကြောင့် တစ်ရက်အလိုတွင် ရာအိမ်မှူးနှင့် ၎င်း၏ တပည့်တို့မှ တဆင့် ရွာသားများကို ဆင့်ခေါ်၍ စာရင်းပြုစုခိုင်းထားသည်ဟု ဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် နှစ်ထောင်စီ ကောက်ခံခဲ့ခြင်း ဖြစ်သည်။ စာရင်းမသွင်းပါက အထောက်အပံ့များ ရမည်မဟုတ်ကြောင်း ပြောဆို၍ ခြိမ်းခြောက်သောကြောင့် ရွာသားများက ငွေသွင်း၍ စာရင်းပေးသွင်းခဲ့သည်။ 

မုစ်တော်ဘိစ်ရွာရှိ အိမ်ထောင်စု ၂၅၀ ခန့်မှ ငွေကျပ် ၅ သိန်းခန့် လိမ်လည် ကောက်ခံထားသည့်အပြင် ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသူများ၏ အမည်များကို စာရင်းသွင်း၍ လိမ်လည်ထုတ်ယူနေသည်ကို WFP မှသိရှိသွားပြီး ယနေ့ ဇူလိုင်လ (၂၆) ရက်နေ့တွင် ၀န်ထမ်းများ လာရောက်၍ အိမ်ထောင်စုအလိုက် စစ်ဆေးခဲ့ရာ ၃၄ ကဒ် ပိုနေသည်ကို တွေ့ရှိခဲ့သည်။ 

“ကျေးရွာတာဝန်ခံက ရွာသားတွေကို အမျိုးမျိုး ခြိမ်းခြောက်ပြီး အမြဲဆဲဆိုငွေညှစ်တယ်၊ ငွေညှစ်လို့မရတဲ့သူတွေကို ညောင်ချောင်းနယ်မြေက နယ်ခြားစောင့်ရဲတွေနဲ့ ပေါင်းပြီး ဈေးနေ့တွေမှာ ညောင်ချောင်းဈေးသွားရင် အဲဒီကနေ ဖမ်းပြီး ငွေညှစ်တယ်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မောင်သန်းညွန့်က ဝေစုရနေတော့ တာဝန်ခံလုပ်သမျှကို ဘာမှ မပြောဘူး၊ ငြိမ်ပြီး ကြည့်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 



MYARF
RB News
26.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘုရားပြင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူး၏ အမည်ကိုသုံး၍ ဒေသခံတစ်ဦးထံမှ ငွေညှစ်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပကျေးရွာအုပ်စု အမှတ် (၉) ရပ်ကွက်မှ ဦးအီလီယာစ်၏ သမီးတစ်ဦးသည် သိမ်တောင်ပြင်ကျေးရွာမှ ၎င်း၏ ချစ်သူအမျိုးသားနှင့်အတူ ဇူလိုင်လ (၂၄) ရက်နေ့ ညပိုင်းတွင် ခိုးရာလိုက်ပြေးသွားခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး သိရှိသွားပြီး ဇူလိုင်လ (၂၅) ရက်နေ့ မွန်းလွှဲပိုင်းတွင် ဦးမောင်ကြီးက ၎င်း၏တပည့်ဖြစ်သူ ဒိလ်မာမတ်မှတဆင့် ဦးအီလီယာစ်ကို ဆင့်ခေါ်၍ ဒိလ်မာမတ်၏ နေအိမ်တွင် သမီးခိုးရာလိုက်သွားသည်ကို အကြောင်းပြု၍ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဦးမောင်ကြီးက ငွေကျပ် (၃) သိန်း မပေးလျှင် နယ်မြေရုံးသို့ ပို့၍ ဒီထက်မက ရအောင်ယူမည်ဟု ခြိမ်းခြောက်ခဲ့သည့်အပြင် ယခုယူသည့် (၃) သိန်းမှ တစ်သိန်းခွဲကို ညောင်ချောင်း နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးအား ခွဲဝေပေးရမည်ဟု ပြောကြားခဲ့သည်။ 

“ဘုရားပြင်အောင်ပ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးမှာ တပည့် ၁၁ ယောက်ရှိတယ်။ အဲဒီထဲမှာ ဦးမော်တော်လော်ဖ်ရဲ့သား ဒိလ်မာမတ်က ထိပ်ဆုံးက ပြေးနေတဲ့ တပည့်တစ်ယောက်၊ သူ့အိမ်ကိုသုံးတယ်။ အဲဒီမှာ ငွေညှစ်တယ်။ ဒိလ်မာမတ်ကလည်း ဝေစုရတော့ အုပ်ချုပ်ရေးမှူးကို မဟုတ်မမှန်သတင်းတွေ ပို့တယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး မတရားသဖြင့် ရိုက်နှက်တယ်၊ ငွေညှစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။



MYARF
RB News
26.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်တွင် အလုပ်လုပ်ခိုင်းပြီးနောက် ဖမ်းဆီးထားခဲ့ထားသည့် ရိုဟင်ဂျာ (၄) ဦးကို ငွေကျပ် ၃၂ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာမှ ဒေသခံရိုဟင်ဂျာ (၄) ဦး ဖြစ်ကြသည့် --

(၁) ဦးမိုဟာမတ်ရဖိခ် (ဘ) ဦးရော်စောအလီ (အသက် ၃၂ နှစ်)
(၂) ဦးအာဘူကာလာမ် (ဘ) ဦးမိုဟာမတ်ကာဆိမ်း (အသက် ၃၀ နှစ်)
(၃) အိုမာရ် (ဘ) ဦးနူရူဇာမာ (အသက် ၁၈ နှစ်)
(၄) မွန်ဇူရ်ရာမန် (ဘ) ဦးရှော်ဘီရောန် (အသက် ၁၉ နှစ်) -- တို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်ပိုင် ဒေဝေါ်နဒီဂေါက်ကွင်းတွင် ဇွန်လ (၂၄) ရက်နေ့ထိ အလုပ်လုပ်ခိုင်းပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် ဖမ်းဆီးထားခဲ့သည်။

၎င်းတို့အား ဇွန်လ (၁၉) ရက်နေ့မှစ၍ အလုပ်လုပ်ခိုင်းပြီး အလုပ်ပြီးဆုံးသည့် ဇွန်လ (၂၄) ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလားဆင်းမ်ကဒ်များ တွေ့ရှိသည်ဟု ဆိုကာ လုပ်ကြံ ဖမ်းဆီးပြီးနောက် အကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည်ဟု ထပ်မံ လုပ်ကြံစွပ်စွဲခဲ့သည်။ ထို့နောက် ၎င်းတို့အား အမှတ် (၆) နယ်မြေ (ကျောက်လှေကား) စခန်းသို့ ပို့ဆောင်ခဲ့သည်။ ထိုမှတဆင့် မောင်တောတရားရုံးတွင် ရမန်ယူ၍ လေးမိုင်ရှိ အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်းသို့ ပို့ဆောင်၍ ချုပ်နှောင်ထားခဲ့သည်။

၎င်းတို့ (၄) ဦးအား နယ်ခြားစောင့်ရဲများက စစ်ဆေးစဉ် လူမဆန်စွာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ဦးမိုဟာမတ်ရဖိခ်၏ မုတ်ဆိတ်မွှေးများကို နယ်ခြားစောင့်ရဲများက ဆွဲနှုတ်ခဲ့ကြောင်း၊ အစားအသောက်လည်း ကောင်းမွန်စွာ မကျွေးကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ တစ်လတိတိ အချုပ်ခန်းထဲတွင် ညှဉ်းပန်းနှိပ်စက်ပြီးနောက် ပြစ်မှုကျူးလွန်ထားသည်ကို မတွေ့ရသော်လည်း တစ်ဦးချင်းစီထံမှ ငွေကျပ် (၈) သိန်းစီ ညှစ်ယူခဲ့သည်။ ဇူလိုင်လ (၂၄) ရက်နေ့တွင် တရားရုံးမှ လွတ်မိန့်ချခဲ့သော်လည်း တရားရုံးမှ ပြန်သွားခွင့်မပေးဘဲ အမှတ် (၆) နယ်မြေစခန်းသို့ ခေါ်ဆောင်သွား၍ နယ်မြေစခန်းမှ တဆင့် လွှတ်ပေးခဲ့သည်။

ငွေညှစ်ခံရမှုနှင့် ပတ်သက်၍ “တရားရုံးမှာ တစ်ယောက်ကို ၅ သိန်းစီ၊ နယ်ခြားစောင့်ရဲအတွက် တစ်ယောက်ကို ၃ သိန်းစီ ပေးခဲ့ရတယ်။ လေးယောက်လုံးက နေ့စားအလုပ်သမားတွေဆိုတော့ ၈ သိန်းစီကို အတော်လေး ခက်ခက်ခဲခဲနဲ့ ရှာခဲ့ရတယ်။ သူတို့ ပြစ်မှုကျူးလွန်ထားတာ လုံးဝ မရှိဘူး။ ဖမ်းခံရရင် ငွေမပေးဘဲ လွတ်လမ်းမရှိဘူးလေ။ အပြစ်မရှိရင်လည်း ငွေပေးရတယ်။ ပိုဆိုးတာက တစ်လတိတိ အတော်လေးကို ညှဉ်းပန်းနှိပ်စက်ခံလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ချုပ်နှောင်ခံထားရစဉ် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် (၄) ဦးလုံး ကျန်းမာရေး ချို့တဲ့နေသော်လည်း တရားရုံးနှင့် နယ်ခြားစောင့်ရဲများအတွက် ငွေကျပ် (၈) သိန်းစီ အကြွှေးတင်နေသောကြောင့် ဆေးကုသရန်ပင် လမ်းမမြင် ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။




MYARF
RB News
25.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံရိုဟင်ဂျာများကို တပ်မ (၁၅) က အတင်းအဓမ္မ ခိုင်းစေလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ကကျက်ဘက်ကံပြင်အုပ်စုရှိ ရိုဟင်ဂျာပိုင် လယ်မြေ ဧက (၆၀) ကျော်ကို လွန်ခဲ့သည့် (၁၅) နှစ်ခန့်က တပ်မ (၁၅) က အတင်းအဓမ္မ သိမ်းဆည်းခဲ့သည်။

ရိုဟင်ဂျာများကို နှစ်စဉ်နှစ်တိုင်း ဆင့်ခေါ်၍ လုပ်အားခ အနည်းငယ်ပေးကာ ယင်းလယ်မြေများတွင် စိုက်ပျိုးလေ့ရှိသည်။ 

ယခုအခါ အလယ်ချောင်းကျေးရွာ၊ မြောင်းနားကျေးရွာ၊ ကကျက်ဘက်ကျေးရွာနှင့် ဘဂုံးနားကျေးရွာ စသည့် ကျေးရွာအုပ်စု (၄) ခုမှ ဒေသခံရိုဟင်ဂျာများကို ဆင့်ခေါ်၍ ယင်းလယ်မြေများတွင် လုပ်အားခတစ်ပြားမှ မပေးဘဲ အတင်းအဓမ္မ ခိုင်းစေလျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

တပ်မ (၁၅) က အတင်းအဓမ္မ ခိုင်းစေရာတွင် ရိုဟင်ဂျာများကိုသာ ရွေးချယ်၍ စိုက်ပျိုးခိုင်းပြီး၊ ဗုဒ္ဓဘာသာဝင်များကို ခိုင်းစေခြင်း လုံးဝမရှိကြောင်း ဒေသခံများက ပြောပါသည်။

ရိုဟင်ဂျာများကို သွားလာလှုပ်ရှားမှုအားလုံး ကန့်သတ်ထားသောကြောင့် ၀မ်းစာအတွက် ရှာဖွေရန်ပင် ခက်ခဲနေချိန်တွင် လူမျိုးဘာသာခွဲခြား၍ အတင်းအဓမ္မ ခိုင်းစေနေခြင်းမှာ နိုင်ငံတွင်းက ထွက်သွားသွားရန် တမင် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန်နေကြသည်။




MYARF
RB News
22.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ကျေးရွာများသို့ သွားရောက်၍ ကုလသမဂ္ဂ အေဂျင်စီအဖွဲ့မှ လာရောက်မေးမြန်းလျှင် မှာကြားထားသည့်အတိုင်း မပြောပါက အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။ 

ဇူလိုင်လ (၁၉) ရက်နေ့နှင့် (၂၀) ရက်နေ့များတွင် ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ကျေးရွာများသို့ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ရွာသူရွာသားများကို တွေ့ဆုံ၍ မကြာခင် UNDP နှင့် UNHCR တို့လာရောက်မည် ဖြစ်ကြောင်း၊ ၎င်းတို့ လာရောက်၍ ကျေးရွာအခြေအနေများကို မေးမြန်းပါက တိတိကျကျ မပြောဆိုရန် မှာကြားခဲ့သည်။ 

“ထွေအုပ်နဲ့ ရဲတွေ လာတာပါ။ သူတို့က မကြာခင် UNDP နဲ့ UNHCR လာမယ်။ ခင်ဗျားတို့ ရွာကနေ လူဘယ်လောက် ထွက်ပြေးလဲ မေးရင် နည်းနည်းလေးပဲ ထွက်ပြေးသွားပြီး အများစု ကျန်ခဲ့တယ်လို့ ဖြေခိုင်းတယ်။ စားဝတ်နေရေး အဆင်ပြေလား မေးရင် အဆင်ပြေတယ်၊ အာဏာပိုင်တွေက ခြိမ်းခြောက်တာ နှောက်ယှက်တာ ရှိလားလို့ မေးရင် မရှိဘူး၊ အစိုးရက အကူအညီပေးလားလို့ မေးရင် ကူညီတယ်၊ အခု ရွာထဲမှာ နေရတာ အခက်အခဲရှိလားလို့ မေးရင် မရှိဘူး၊ အခြေအနေတည်ငြိမ်လားလို့ မေးရင် တည်ငြိမ်နေတယ်၊ ဒါမေးရင် ဒါဖြေဆိုတဲ့ ပုံစံမျိုး မှာသွားတယ်။ တကယ်လို့ သူတို့ မှာတဲ့အတိုင်း မပြောဘူးဆိုရင် အရေးယူခံရမယ်လို့ ခြိမ်းခြောက်သွားတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ဇူလိုင်လ (၂၁) ရက်နေ့တွင် UNDP နှင့် UNHCR တို့မှ ကိုယ်စားလှယ်များသည် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာအချို့ကို သွားရောက်မေးမြန်းရာ ရွာသူရွာသားများက အာဏာပိုင်များ၏ ရှေ့မှောက်တွင် ဖြေကြားရသဖြင့် အခြေအနေမှန်ကို ဖွင့်ဟ ပြောကြားနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ 

ယနေ့ ဇူလိုင်လ (၂၂) ရက်နေ့တွင် အဆိုပါ ကိုယ်စားလှယ်များသည် မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အတူ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများသို့ သွားရောက်ခဲ့သည်။ ယင်းကျေးရွာများတွင်လည်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့် ကြိုတင်သတိပေးခဲ့သောကြောင့် ရွာသူရွာသားများက အခြေအနေမှန်ကို ဖွင့်ဟနိုင်ခြင်း မရှိကြောင်း သိရသည်။ 

UNDP နှင့် UNHCR တို့မှ ကိုယ်စားလှယ်များသည် ဒေသအခြေအနေနှင့် လူများ ရပ်တည်နိုင်မှု အခြေအနေများကို လေ့လာစုံစမ်းနေခြင်း ဖြစ်သည်။ 



MYARF
RB News
22.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာများမှ အစိုးရစာသင်ကျောင်းများတွင် အစိုးရခန့် ဆရာ/မ များ လာရောက်၍ စာသင်ကြားပေးခြင်း မရှိပေ။

၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် စစ်တပ်က ရိုဟင်ဂျာကျေးရွာအများစုကို မီးရှို့ဖျက်ဆီးပြီးနောက် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ကျေးရွာအနည်းငယ်သာ ကျန်ရှိတော့သည်။ ယင်းကျေးရွာများရှိ အစိုးရကျောင်းများတွင် အစိုးရခန့် ဆရာ/မ လာရောက်၍ စာသင်ကြားပေးခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ကျေးရွာအချို့တွင် ကျောင်းအုပ်ကြီးများက ယခင်နှစ်က ခန့်ထားခဲ့သည့် ရွာခန့် ဆရာများကို ဖုန်းဆက်၍ ကျောင်းဖွင့်ခိုင်းကာ ကျောင်းသား/သူများ လက်ခံစေပြီး ရွာခန့်ဆရာများကိုသာ စာသင်ကြားခိုင်းခဲ့သည်။ ရွာခန့်ဆရာများကလည်း ကျောင်းအုပ်ကြီးများ ညွန်ကြားသည့်အတိုင်း ကျောင်းများဖွင့်လှစ်၍ စာသင်ကြားပေးလျက် ရှိသည်။ အချို့ကျောင်းများတွင် ကျောင်းဖွင့်စချိန်တွင် အစိုးရခန့် ဆရာ/မ လာရောက်၍ ကျောင်းဖွင့်ပြီး ကျောင်းသား/သူများ လက်ခံခဲ့သော်လည်း လာရောက်၍ စာသင်ကြားပေးခြင်း လုံးဝ မရှိပေ။

“ကျွန်တော်တို့ ရွာတွေမှာ အစိုးရခန့် ဆရာ/မ တွေမလာတော့ ရွာသူရွာသားတွေက ရွာထဲမှာရှိတဲ့ ပညာတတ်လူငယ်တွေကို ရွာခန့်ဆရာတွေ အဖြစ် ခန့်အပ်ပြီး ကလေးတွေကို စာသင်ပေးနေရတယ်။ အချို့ရွာတွေမှာ အခုထိ ကျောင်းမဖွင့်သေးတာတွေလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

ဘူးသီးတောင်မြို့နယ်တွင်လည်း ကျောင်းများဖွင့်လှစ်၍ ကျောင်းသားများ လက်ခံခဲ့သည်။ အချို့ကျောင်းများတွင် ဆရာ/မ ကျောင်းသို့လာရောက်သော်လည်း ကျောင်းသား/သူများကို ပညာသင်ကြားပေးခြင်း မရှိကြောင်း၊ ကျောင်းသို့ လာရောက်ခြင်း မရှိသည့် ဆရာ/မလည်း အများအပြားရှိသည်ဟု ဒေသခံများက ဆိုသည်။ 

၂၀၁၂ ခုနှစ် ဇွန်လ နောက်ပိုင်းမှစ၍ ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ရိုဟင်ဂျာရွာများရှိ ကျောင်းများတွင် ဆရာ/မများ ပုံမှန်ကျောင်းသို့ လာရောက်ခြင်း၊ စာသင်ကြားပေးရန် ပျက်ကွက်မှုများစွာ ရှိကြောင်း သိရသည်။ 

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ ကျောင်းအများစုတွင် လုံခြုံရေး အကြောင်းပြကာ ကျောင်းသို့ လုံးဝ လာရောက်ခြင်း မရှိကြောင်း၊ မြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ ရပ်ကွက်များရှိ ကျောင်းများတွင် ဆရာ/မ လာရောက်သော်လည်း စာသင်ကြားပေးခြင်း မပြုလုပ်ဘဲ ဖုန်းများဖြင့် ဂိမ်းကစားခြင်း၊ ဖေ့စ်ဘုတ်ကြည့်ခြင်း၊ chatting လုပ်ခြင်းများဖြင့် ကျောင်းသား/သူများ၏ တန်ဖိုးရှိသည့် စာသင်ချိန်များကို ဖြုန်းတီးလေ့ရှိသည်။ 

နယ်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာများတွင် ဆရာ/မများ လာရောက်၍ စာသင်ကြားပေးခြင်း လုံးဝမရှိသော်လည်း ဗုဒ္ဓဘာသာဝင်များ နေထိုင်သော ကျေးရွာများတွင် ပုံမှန်သွားရောက်၍ စာသင်ကြားပေးလျက်ရှိသည်။ 

ရိုဟင်ဂျာကျောင်းသား/သူများ စာသင်ကြားနိုင်ရန် ရွာသူရွာသားများက ရွာအတွင်း ငွေကြေးကောက်ခံ၍ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပညာတတ်လူငယ်များကို ဆရာခန့်၍ စာသင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်နေရသည်မှာ ယခုဆိုလျှင် ခြောက်နှစ်ကျော်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။ 




MYARF
RB News
22.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ အဖွဲ့ဝင် (၅၀) ဦးခန့်နှင့် စစ်သား (၅၀) ဦးခန့်တို့သည် ပြိုင်းတောင်ကျေးရွာကို ၀န်းရံပိတ်ဆို့ စစ်ဆေးခဲ့သည်။ 

ညောင်ချောင်း နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ အဖွဲ့ဝင် (၅၀) ဦးခန့်နှင့် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်ကြောင်းမှ စစ်သား (၅၀) ဦးခန့်တို့သည် ဇူလိုင်လ (၂၀) ရက်နေ့ နေထွက်ချိန်ခန့်တွင် ပြိုင်းတောင်ကျေးရွာသို့ ရောက်ရှိလာပြီး စစ်သားများက ရွာအပြင်ဘက်မှ ၀န်းရံပိတ်ဆို့ထားပြီး နယ်ခြားစောင့်ရဲ အချို့က ခွဆုံနှင့် အချက်အချာကျသော နေရာတွင် နေရာယူထားခဲ့သည်။ 

ကျန်သည့် နယ်ခြားစောင့်ရဲအချို့နှင့် မ.က.ဖ အဖွဲ့ဝင်များက ရိုဟင်ဂျာနေအိမ် (၅) အိမ်သို့ ၀င်ရောက်၍ အိမ်သူအိမ်သားများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် အညီ စစ်ဆေးခဲ့ပြီး၊ နေအိမ်များအတွင်း ရှာဖွေ စစ်ဆေးခဲ့သည်။ 

ထို့နောက် နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ အဖွဲ့ဝင်များသည် အာရ်ဗီစာသင်ကျောင်းတွင် နေရာယူပြီး၊ ရွာသားများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့်အတူ အာရ်ဗီစာသင်ကျောင်းသို့ ဆင့်ခေါ်ခဲ့သည်။ ယင်းအာရ်ဗီစာသင်ကျောင်းတွင် မိသားစုတစ်စုချင်းစီကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲများ၊ မ.က.ဖ အဖွဲ့ဝင်များနှင့် စစ်သားများ ရွာထဲသို့ မရောက်လာမှီ ကျေးရွာအတွင်းမှ လယ်သမားအချို့နှင့် ငါးဖမ်းသမားအချို့သည် ၎င်းတို့၏ လုပ်ငန်းခွင်သို့ ရောက်နှင့်သွားပြီး ဖြစ်သောကြောင့် စစ်ဆေးနေစဉ် ရွာထဲသို့ ပြန်ဝင်လာ၍ စစ်ဆေးခံနိုင်ခြင်း မရှိခဲ့ပေ။

စစ်ဆေးစဉ် စစ်ဆေးခံရန် ပျက်ကွက်ခဲ့သည့် လယ်သမားများနှင့် ငါးဖမ်းသမားများနှင့် ပတ်သက်၍ မ.က.ဖ အဖွဲ့ဝင်များက မေးမြန်းရာ မိသားစုဝင်များက လုပ်ငန်းခွင်သို့ ရောက်နေကြောင်း ရှင်းပြသော်လည်း မ.က.ဖ အဖွဲ့ဝင်များက ခရီးလွန်၊ မတွေ့ရှိဟု မှတ်တမ်းတင်ယူသွားခဲ့သည်။ အိမ်ထောင်စုလူဦးရေစာရင်းတွင် မည်သို့မျှ မှတ်သားခြင်း မရှိသော်လည်း လုပ်ငန်းခွင်သို့ ရောက်ရှိနေသည်ကို ခရီးလွန်ဟု မှတ်တမ်းတင်သွားသောကြောင့် မိသားစုဝင်များက စိုးရိမ်ပူပန်လျက်ရှိနေကြသည်။ 

ထို့နောက် စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် ပြိုင်းတောင်ကျေးရွာအုပ်စု ဒိုင်းနက်ရွာရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို ၀င်ရောက်စစ်ဆေးခဲ့သည်။ ယင်းဘုန်းကြီးကျောင်းတွင် ၂၀၁၂ ခုနှစ်၌ တရားမ၀င် သိုလှောင်ထားသည့် သေနတ် ၃၅ လက်ခန့် ဖမ်းဆီးရမိခဲ့သောကြောင့် ၀င်ရောက် စစ်ဆေးခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများကဆိုသည်။ 

နံနက် ၁၁ နာရီခန့်တွင် နယ်ခြားစောင့်ရဲများ၊ မ.က.ဖ အဖွဲ့ဝင်များနှင့် စစ်သားများသည် သိမ်တောင်ပြင် ကျေးရွာဘက်သို့ ထွက်ခွာသွားပြီး၊ သိမ်တောင်ပြင်ကျေးရွာတွင် နေ့လည်စာ သုံးဆောင်ကာ နယ်မြေစခန်းသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။ 

ပြိုင်းတောင်ကျေးရွာအုပ်စုတွင် ယခင်က အိမ်ခြေ ၂၅၀ ခန့်ရှိခဲ့ပြီး ယခုအခါ အိမ်ခြေ ၁၀၀ ကျော်သာ ကျန်ရှိတော့သည်။ 




မေယုတာရာ
RB News
21.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မြို့နယ် စခန်းမှူးအပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင်များက မြို့မဈေးရှိ ဈေးဆိုင်ရှင်များကို အကြောင်းအမျိုးမျိုးပြ၍ ငွေညှစ်လျက်ရှိသောကြောင့် ဈေးဆိုင်များ ဆက်လက်ရပ်တည်နိုင်ရေးအတွက် စိုးရိမ်နေရသည်။ 

ဘူးသီးတောင်မြို့နယ် မြို့မဈေးမှ ဈေးဆိုင်များသည် စီးပွားရေးကျပ်တည်းမှု ရင်ဆိုင်နေရချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူးအပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ရဲတပ်ဖွဲ့ဝင်များက အလှူငွေ၊ ရန်ပုံငွေ ဟု ခေါင်းစဉ်တပ်၍ ငွေကျပ် သုံးသောင်းမှ ငါးသောင်းထိ ဆိုင်ကြီး၊ ဆိုင်ငယ်မရွေး လစဉ်ဆက်ကြေး ကောက်ခံနေသလို ကောက်ခံနေခြင်းကြောင့် ၀န်ထုပ်ဝန်ပိုး ဖြစ်နေရသည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အလှူငွေ၊ ရန်ပုံငွေဟု ခေါင်းစဉ်တပ်သော်ငြားလည်း မည်သည့်အတွက် အလှူငွေ၊ ရန်ပုံငွေ ဖြစ်သည်ကို ရှင်းလင်းပြရန် တောင်းဆိုလျှင်လည်း ရှင်းလင်းဖြေကြားခြင်း မရှိပေ။ အလှူငွေ၊ ရန်ပုံငွေ ထည့်ရန် ငြင်းဆန်သည့် ဆိုင်ရှင်များထံသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အကြောင်းအမျိုးမျိုး ဖန်တီး၍ ငွေကျပ် ၃ သိန်းမှ ၅ သိန်း ညှစ်ယူသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

“ကျွန်တော်တို့ ဒီမှာ လူတွေ တစ်ဝက်ကျော် တစ်ဖက်နိုင်ငံကို ထွက်ပြေးခိုလှုံနေရတော့ ဆိုင်တွေ အရောင်းအ၀ယ်လည်း အရင်လို မဖြစ်တော့ဘူး။ ဒီလိုအချိန်မျိုးမှာ သူတို့က ဆိုင်ငယ်တွေကတောင် လစဉ် သုံးသောင်း ကောက်တယ်။ လစဉ် ဆက်ကြေးလို ပေးနေရတော့ ဈေးထဲမှာ ဆိုင်ဆက်လက်ရောင်းနိုင်မလား ဆိုတာ စိုးရိမ်စရာဖြစ်လာတယ်” ဟု ၎င်းက ဆိုသည်။ 

မြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် လုံထိန်းရဲများကလည်း ဈေးအတွင်းသို့ နေ့စဉ် ၀င်ရောက်၍ ဆိုင်ရောင်းသူများကို လူကုန်ကူးမှု၊ မတရားအသင်းနှင့် ဆက်နွယ်မှု စသည့် ခေါင်းစဉ်များတပ်၍ ငွေကြေး အမြောက်အမြား ညှစ်ယူလျက်ရှိသည်ဟု သိရသည်။ 




MYARF & Rohingya Eye
RB News
20.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပေါင်းဇားကျေးရွာမှ ငါးဖမ်းသမားများကို နယ်ခြားစောင့်ရဲများက သေနတ်ပစ် ဖမ်းဆီးပြီး နယ်စပ်ခြံစည်းရိုး ကျော်တက်သူများအား ဖမ်းဆီးသည်ဟု အစိုးရက လိမ်လည်၍ သတင်းထုတ်ပြန်ခဲ့သည်။ 

ဇူလိုင်လ (၁၆) ရက်နေ့ မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် ပေါင်းဇားကျေးရွာမှ ဒေသခံများဖြစ်ကြသည့် ဦးဒိလ်မာမတ် (ဘ) ဦးနော်ဇိရ်အာမတ်နှင့် ဦးဖာရုခ် (ဘ) ဦးမုစ်တာမတ် တို့သည် ပေါင်းဇားကျေးရွာ အနောက်ဘက်ရှိ ပုဇွန်ကန်သို့ သွားရောက်၍ ငါးဖမ်းရန်သွားကြရာ ဦးဒိလ်မာမတ်က ခြံစည်းရိုး အပြင်ဘက်ရှိ ပုဇွန်ကန်တွင် ငါးဖမ်းနေခဲ့ပြီး၊ ဦးဖာရုခ်သည် ခြံစည်းရိုး အတွင်းပိုင်းရှိ ပုဇွန်ကန်တွင် ငါးဖမ်းနေခဲ့သည်။ 

ညနေ ၄ နာရီခန့် အချိန်တွင် ပေါင်းဇားကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ဆိုင်ကယ်လေးစီးဖြင့် ခြံစည်းရိုးတစ်လျှောက် ကင်းလှည့်နေစဉ် ငါးဖမ်းသမားနှစ်ဦးကို မြင်သောအခါ ခြံစည်းရိုးအပြင်ဘက်တွင် ငါးဖမ်းနေသည့် ဦးဒိလ်မာမတ်ကို ချက်ချင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နံရိုးတွင် ကျည်ဆံထိမှန်၍ လဲကျသွားသဖြင့် နယ်ခြားစောင့်ရဲများက ဆွဲထူ၍ ခြံစည်းရိုးအတွင်းထဲသို့ ခေါ်ယူလာခဲ့သည်။ ထို့နောက် ခြံစည်းရိုးအတွင်းပိုင်းတွင် ငါးဖမ်းနေသည့် ဦးဖာရုခ်ကို ရိုက်နှက်၍ ခြံစည်းရိုးပေါ်သို့ အတင်းအဓမ္မ တက်ခိုင်းကာ ခြံစည်းရိုး ကျော်၍ ၀င်လာသည့် ပုံစံဖြင့် ဓါတ်ပုံရိုက်ခဲ့သည်။ 

၎င်းတို့နှစ်ဦးအား ထိုနေရာမှ ပေါင်းဇား ကင်းစခန်းသို့ ခေါ်ဆောင်သွားပြီး ထိုမှတဆင့် နယ်မြေ ၆ (ကျောက်လှေကားစခန်း) သို့ ခေါ်ဆောင်သွားခဲ့သည်။ 

ထို့နောက် ညနေ ၆ နာရီအချိန်တွင် သေနတ်ကျည်ဆံထိမှန်၍ ဒဏ်ရာရရှိခဲ့သူ ဦးဒိလ်မာမတ်ကို မောင်တောဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ ဦးဖာရုခ်ကို နယ်မြေ (၆) တွင် ချုပ်နှောင်ထားသည်ဟု ဒေသခံများက RB News သို့ပြောသည်။ ည ၇ နာရီအချိန်တွင် ဦးဒိလ်မာမတ်ကို ထိမှန်သည့် ကျည်ဆံကို ဆရာဝန်များက ထုတ်ယူနိုင်ခဲ့သည်။ ကျည်ဆံထိမှန်သည့် နံရိုးကို ခွဲစိတ်ကုသရမည်ဟု ဆရာဝန်များက ပြောခဲ့သည်။ 

ဦးဒိလ်မာမတ်အား ဆေးရုံတွင် နယ်ခြားစောင့်ရဲ (၄) ဦးက စောင့်ကြပ်လျက်ရှိပြီး၊ ၎င်း၏ ဇနီးမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မှ တွေ့ဆုံခွင့်မရှိကြောင်း သိရသည်။ 

မြန်မာအစိုးရ၏ သတင်းထုတ်ပြန်ရေးကော်မတီ လူမှုကွန်ယက် စာမျက်နှာတွင် နတ်မြစ်အား ဖြတ်ကူး၍ နယ်စပ်ခြံစည်းရိုးကို ကျော်၍ ၀င်လာခဲ့သည်ဟု လိမ်လည်၍ ရေးသား ဖော်ပြခဲ့သည်။

၎င်းတို့နှစ်ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ခိုလှုံနေသူများ မဟုတ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဆွဲ၊တင်၊စစ် တွင် ပါဝင်ခဲ့သူများ ဖြစ်ကြောင်း ဒေသခံများက အခိုင်အမာပြောဆိုနေကြသည်။ 

မြန်မာအစိုးရက ကာရံထားသည့် နယ်စပ်ခြံစည်းရိုးသည် မြေကောင်းသည့်နေရာများ ရွေး၍ ကာထားသဖြင့် များသောအားဖြင့် ပုဇွန်ကန်များ၏ အလယ်မှ ဖြတ်သန်း၍ ကာရံထားသည်။ ထို့ကြောင့် ပုဇွန်ကန်များ ခြံစည်းရိုး အပြင်ဘက်တွင် ရှိနေသည့် ပုဇွန်ကန်များနှင့် လုပ်ကိုင်စားသောက်နေသည်ကို နယ်ခြားစောင့်ရဲများနှင့် အုပ်ချုပ်ရေးအာဏာပိုင်များက ကောင်းစွာသိရှိသည်။ ထိုကဲ့သို့ ရှိနေသည်မှာ ပေါင်းဇားကျေးရွာ တစ်ရွာတည်း မဟုတ်ဘဲ မောင်တောမြောက်ပိုင်းရှိ ကျေးရွာတိုင်းတွင် ခြံစည်းရိုး၏ အပြင်ဘက်တွင် ပုဇွန်ကန်များ ရှိနေသည်။ အဆိုပါ ပုဇွန်ကန်များနှင့် လုပ်ကိုင်စားသောက်ခွင့်လည်းရှိသည်။

အစိုးရက လိမ်လည်၍ သတင်းထုတ်ပြန်ထားသည့် သတင်းမှ ဓါတ်ပုံ



MYARF
RB News
20.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာအုပ်စုမှ ဒေသခံရိုဟင်ဂျာ ညီအစ်ကိုနှစ်ဦးကို နယ်ခြားစောင့်ရဲများက မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးရန် ကြိုးစားနေသည်။ 

ဇူလိုင်လ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ နယ်ခြားစောင့်ရဲများသည် ကျီးကန်းပြင်ကျေးရွာအုပ်စုရှိ မိသားစု ၅၀ ခန့်သာ ကျန်ရှိတော့သည့် အနောက်ရွာကို ၀န်းရံပိတ်ဆို့ကာ ဦးဟာရွန်၏ သားနှစ်ဦး ဂျမိလ်နှင့် မုစ်တောဖိစ် တို့ညီအစ်ကိုနှစ်ဦး နေထိုင်သောအိမ်ကို ၀င်ရောက်စစ်ဆေးပြီး အဆိုပါ ညီအစ်ကိုနှစ်ဦးကို ဖမ်းဆီးရန် ရှာဖွေခဲ့သည်။ 

ဂျမိလ်နှင့် မုစ်တောဖိစ် တို့ညီအစ်ကိုနှစ်ဦးသည် ၎င်းတို့အား ဖမ်းဆီးရန် လာရောက်နေသည်ကို ကြိုတင် သတင်းရရှိထားသောကြောင့် တိမ်းရှောင်သွားခဲ့သည်။

၎င်းတို့နှစ်ဦးအား ဘူးသီးတောင်မှ တရားမ၀င် တောင်ကျော်၍ ကျွဲ၊ နွားများ သယ်ယူရောင်းချနေသည်၊ လူကုန်ကူးမှု ပွဲစားလုပ်နေသည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးရန် ရှာဖွေနေခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။

နယ်ခြားစောင့်ရဲများက အဆိုပါညီအစ်ကိုနှစ်ဦးကို လွန်ခဲ့သည့်လကလည်း တစ်ကြိမ် ရှာဖွေခဲ့သည်။ 

မောင်တောမြို့နယ်တွင် အနည်းအကျဉ်းသာရှိနေသည့် ရိုဟင်ဂျာများမှာ တောတောင်များထဲသို့ သွားလာခွင့် လုံးဝ မရှိပေ။ တောတောင်များထဲတွင် စစ်သားများ အချိန်ပြည့်ကင်းလှည့်နေပြီး၊ ရခိုင်၊ မြို၊ ဒိုင်းနက်၊ ခမီး စသည့်လူမျိုးများကလည်း ရိုဟင်ဂျာများကို တောတောင်များထဲတွင်တွေ့လျှင် ရိုက်နှက်သတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိသည်။ 

ဤကဲ့သို့သော အချိန်အခါမျိုးတွင် ရိုဟင်ဂျာများက တောင်ကျော်၍ ကျွဲ၊ နွားများ သယ်လာရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ ရခိုင်နှင့် ဒိုင်းနက်များက သယ်ဆောင်လာလေ့ရှိကြောင်း၊ ကျီးကန်းပြင် အနောက်ရွာကဲ့သို့ လူအနည်းငယ်သာ ကျန်ရှိတော့သည့် ရွာကို နယ်ခြားစောင့်ရဲများက မကြာခဏ ၀န်းရံပိတ်ဆို့ စစ်ဆေးခြင်းသည် ဒေသခံရွာသားများကို ခြိမ်းခြောက်၍ ထွက်ပြေးသွားရန် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ ဒေဝေါ်နဒီဂေါက်ကွင်း၌ အလုပ်လုပ်ရန် ခေါ်ဆောင်သွားပြီး လေးရက်တိတိ အလုပ်ခိုင်းပြီးနောက် ဇွန်လ (၂၄) ရက်နေ့တွင် လုပ်ကြံဖန်တီး ဖမ်းဆီးလိုက်သည် ဒေသခံ (၄) ဦးကိုလည်း ယခုအချိန်ထိ လွှတ်ပေးခြင်း မရှိသေးပေ။




RB News
19.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ရိုဟင်ဂျာတစ်ဦးကို ရိုက်နှက်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးသို့ ပို့ဆောင် လိုက်သည်။ 

ဘုရားပြင်အောင်ပကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးသည် ရာအိမ်မှူး ဦးမူဟိဘူလ္လာ (ဘ) ဦးဆွေယာဒ်ကာဆိမ်းနှင့် ပူးပေါင်း၍ ဇူလိုင်လ (၁၈) ရက်နေ့ ညနေ ၅ နာရီခန့်အချိန်တွင် ဖိုးခေါင်ချောင်းကျေးရွာအုပ်စုမှ ရွှေ့ပြောင်းနေထိုင်သူတစ်ဦး ဖြစ်သည့် ဦးကာဒိရ်ဟူဆောင်း (ခ) ဘူတီယား (ဘ) ဦးအဒူရာမာန် (အသက် ၅၂ နှစ်) ကို အမှတ် (၁) ရပ်ကွက်၏ ရာအိမ်မှူးဖြစ်သူ ဦးမူဟိဘူလ္လာ၏ နေအိမ်သို့ ရွာဆော်မှတဆင့် ဆင့်ခါ်၍ လူမဆန်စွာ ရိုက်နှက်၍ ကြိုးဖြင့် ချည်နှောင်၍ ညောင်ချောင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဦးကာဒိရ်ဟူဆောင်းသည် ယခင်လယ်သမားတစ်ဦးဖြစ်ပြီး ယခုအခါ ဈေးတွင် အထည်ဆိုင်ရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်သည်။ လွန်ခဲ့သည့်တစ်လခန့်က အိုးသည်ရွာတွင် တံတားတစ်ခု ဆောက်လုပ်ပေးရန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ရာ ငွေကျပ် ၁၀ သိန်းကျော် မတတ်နိုင်၍ ဆောက်လုပ်မပေးသဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ရခိုင်လူမျိုး စာရေးတစ်ဦးနှင့် ပူးပေါင်း၍ ဆင့်ခေါ်စာ တစ်စောင်ပို့၍ ငွေကျပ် ၅ သိန်း ညှစ်ယူရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ဦးကာဒိရ်ဟူဆောင်းက ငွေကျပ် ၅ သိန်းပေးရန် ငြင်းဆန်ခဲ့သဖြင့် ယခုကဲ့သို့ ရိုက်နှက်၍ နယ်မြေရုံးသို့ ပို့ဆောင်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။ 

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး သြဇာအာဏာကို အလွဲသုံးစား ပြုလုပ်၍ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဦးကာဒိရ်ဟူဆောင်းကို ယခုအချိန်ထိ ချုပ်နှောင်ထားပြီး အမှုတစ်ခုခုဆင်၍ ထောင်ချမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

ဒေသဆိုင်ရာအာဏာပိုင်များ၏ မူဝါဒသည် ရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်၍ ထွက်ပြေးသွားရန် ကြိုးစားနေခြင်းဖြစ်သည်မှာ သိသာထင်ရှားနေသည်ဟု ဒေသခံများက ဝေဖန်ပြောဆိုသည်။ 

ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ငွေကြေး ထောက်ပံ့ရာတွင်လည်း ဘုရားပြင်အောင်ပတွင် ကိုယ်ဝန်ဆောင် ၁၆၀ ကျော်ရှိသည့်အနက် ၁၅ ဦးကိုသာ ငွေကျပ် ၄ သောင်းမှ ၅ သောင်းထိ ထောက်ပံ့၍ ကျန်ငွေများကို မြို့နယ်အုပ်ချုပ်ရေးနှင့် ပူးပေါင်း၍ ခေါင်းပုံဖြတ်စားလိုက်သည်ဟု ဒေသခံများက ပြောပါသည်။ 

မိုးစပါးစိုက်ပျိုးရာတွင် အလုပ်သမားများကို ငွေမပေးဘဲ အတင်းအဓမ္မ ခိုင်းစေမှုများ ရှိနေကြောင်း သိရသည်။ 




MYARF
RB News
16.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာတွင် နယ်ခြားစောင့်ရဲများက ရွာသူရွာသားများကို ခေါ်ယူစစ်ဆေးပြီးနောက် ယင်းရွာရှိ စာသင်ကျောင်းတွင် ချုပ်နှောင်ထားသည်။ 

ယနေ့ ဇူလိုင်လ (၁၆) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာသို့ မကျီးချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းမှ ရဲမှူးဦးဆောင်သော အင်အား ၁၀၀ ခန့်ရှိသည့်အဖွဲ့ ရောက်ရှိလာပြီး၊ ရွာကို ၀န်းရံပိတ်ဆို့ပြီးနောက် ရွာထဲတွင် စစ်ဆေးလျက်ရှိသည်။

စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့က ယင်းရွာရှိ စာသင်ကျောင်းတွင် နေရာယူထားပြီး ရွာသူရွာသားမျာကို စာသင်ကျောင်းသို့လာရောက်၍ စစ်ဆေးခံရန် အမိန့်ထုတ်ပြီးနောက် ရွာသူရွာသားများက အစစ်ဆေးခံရန် သွားရောက်ရာ သွားရောက်စစ်ဆေးခံသည့် မိသားစုများအားလုံးကို စာသင်ကျောင်းထဲတွင် အကျဉ်းသားများသဖွယ် ထိန်းသိမ်းချုပ်နှောင် ထားကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

"ဟုတ်​တယ်​။ သူတို့က အမိန့်​ထုတ်​ထား​တော့ လူ​တွေ အစစ်​​​ဆေးခံဖို့ သွားတယ်​။ စစ်​​ဆေးပြီး​တော့မှ ဘယ်​သူ့ကိုမှ အိမ်​ပြန်​လာခွင့်​မ​ပေးဘဲ စာသင်​​ကျောင်းထဲ သွင်းထားပြီး ချုပ်​ထားတယ်​။ ဒီထဲမှာ လူအို​တွေ၊ နို့စို့က​လေး​တွေ ပါ​နေ​တော့ သူတို့​တော့ အ​တော်​ ဒုက္ခ​ရောက်​​နေတယ်​" ဟု ရွာသားတစ်ဦးက ပြောပါသည်။ 

ထို့အပြင်​ အဆိုပါ စစ်​​ဆေး​ရေးအဖွဲ့ ဦး​ဆောင်​သူ မကျီ​ချောင်းစခန်း ရဲမှူးက ယင်းစာသင်​​ကျောင်းကိုလည်း စာသင်​ရန် ခွင့်​မပြုသလို မြို့​ပေါ်​ကျောင်းသွားတက်​ရသည့်​ ​ကျောင်းသား​များကိုလည်း ရွာထဲက ထွက်​ခွင့်​မ​ပေး​​ကြောင်း သိရသည်​။ 

ယခုလို ရွာကိုဝန်းရံပိတ်​ဆို့၍ ရွာသူရွာသားများကို စစ်​​ဆေးပြီး ​စာသင်​​ကျောင်းထဲ တစ်​စုတစ်​စည်းတည်း ချုပ်​​နှောင်​ထား​နေခြင်းထဲတွင်​ ကျန်းမာ​ရေးမ​ကောင်းသည့်​ လူအိုများလည်း ရှိ​နေရာ ၎င်းတို့ အလွန်​တရာ ဒုက္ခ​ရောက်​​နေရသည်​ဟု ဒေသခံများကဆိုသည်။ 

ဤကဲ့သို့ စစ်​ဆင်​​ရေးမျိုးကို ရာမ်​ဒါန်​ဥပုသ်လ၌လည်း တစ်​ကြိမ် လုပ်​ခဲ့ဖူး​ကြောင်း၊ ပြည်​​ထောင်​စု အစိုးရက နယ်​​မြေရှင်းလင်း​ရေး ရပ်​တန့်​လိုက်​သည်​ဟု ​ကမ္ဘာကို လိမ်​ညာ​ပြောဆို​နေ​သော်​လည်း လက်​​တွေ့​မြေပြင်​၌ နယ်​​မြေရှင်းလင်း​ရေး စစ်​​ဆင်​​ရေးက ယ​နေ့အချိန်ထိ ရှိ​နေ​ကြောင်း ​ဒေသခံတစ်​ဦးကဆိုသည်​။ 

စစ်​​ဆေး​ရေးအဖွဲ့ မည်သည့်အချိန်တွင် ပြန်မည်ကို မသိရသောကြောင့် လူသားများကို တိရစ္ဆာန်​သဖွယ်​ ဥပ​ဒေပ ဒုက္ခ​ပေး​နေ​သော ဤစစ်​​ဆေးအဖွဲ့ကို အထက်​တာဝန်​ရှိပုဂ္ဂိုလ်​များအ​နေဖြင့်​ ချက်​ချင်းဟန့်​ထား​ အ​ရေးယူ​ပေးရန်​ လိုအပ်​​ကြောင်း ​ဒေသခံများက လိုလားသည်ဟု ပြောပါသည်။


MYARF
RB News
10.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဧတာလျာကျေးရွာအုပ်စု ဇူလာရွာတွင် ဆင်းရဲသား လယ်သမားများအတွက် MHDO မှ ထောက်ပံ့ပေးသော ဓါတ်မြေသြဇာအိတ်များကို ရာအိမ်မှူးများက စိတ်ကြိုက် ချယ်လှယ်၍ အလွှဲသုံးစား ပြုလုပ်ခဲ့သည်။ 

ဇူလိုင်လ (၈) ရက်နေ့က မောင်တောမြို့နယ် ဧတာလျာကျေးရွာအုပ်စု ဇူလာရွာတွင် MHDO က ဆင်းရဲလယ်သမားများအတွက် ဓါတ်မြေသြဇာ ၅၆ အိတ်ထောက်ပံ့ပေးခဲ့သည်။ အဆိုပါ ဓါတ်မြေသြဇာအိတ်များကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ ရာအိမ်မှူးများ ဖြစ်ကြသည့် ဦးဆာဒဲခ်နှင့် ဦးအဒူမူနာဖ် တို့လက်ထဲသို့ အပ်နှံခဲ့ပြီး၊ ၎င်းတို့က ဓါတ်မြေသြဇာများ ခွဲဝေပေးရာတွင် ဆင်းရဲသားလယ်သများများကို ရွေးချယ်၍ ခွဲဝေပေးခြင်း မပြုလုပ်ဘဲ ၎င်းတို့၏ ဆွေမျိုးသားချင်းများကိုသာ ခွဲဝေပေးခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ဓါတ်မြေသြဇာအိတ်ရရှိခဲ့သူ အများစုမှာ လယ်သမားများ မဟုတ်သောကြောင့် ဓါတ်မြေသြဇာအိတ်များကို ရရချင်းပင် ရောင်းချခဲ့သည်။

“ဓါတ်မြေသြဇာအိတ်ရတဲ့လူတွေ အများစုက လယ်သမားတွေ မဟုတ်ဘူး။ သူတို့အတွက် အသုံးမ၀င်တော့ နှစ်သောင်းခွဲတန်တဲ့ ဓါတ်မြေသြဇာအိတ်ကို တစ်သောင်းနဲ့ ပြန်ရောင်းလိုက်ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

လွန်ခဲ့သည့် မေလတွင်လည်း MHDO က ဆင်းရဲသားများအတွက်ဟု ဆိုကာ ဆိတ်များ ထောက်ပံ့ပေးခဲ့သည်။ ထိုစဉ်အခါကလည်း အဆိုပါ ရာအိမ်မှူးနှစ်ဦးက ယခု ဓါတ်မြေသြဇာ ခွဲဝေပေးသည့် ဆွေမျိုးသားချင်းများကိုသာ တစ်မိသားစုလျှင် ဆိတ်နှစ်ကောင်ကျစီ ခွဲဝေပေးခဲ့သည်။ ဆိတ်များခွဲဝေ ပေးမည်ဟုဆိုကာ အိမ်ထောင်စု ၁၂၀ စုမှ ငွေကျပ် ၂၅၀၀ စီကောက်ခံခဲ့သော်လည်း အမှန်တကယ် ခွဲဝေပေးသည့်အချိန်တွင် ၎င်းတို့၏ ဆွေမျိုးသားချင်းများ ဖြစ်သည့် အိမ်ထောင်စု ၆၀ ကိုသာ ဆိတ်နှစ်ကောင်ကျစီ ခွဲဝေပေးခဲ့သည်။ ငွေပေးပြီး ဆိတ်များ မရရှိသည့် မိသားစုများက ဝေစုမရသောကြောင့် ရာအိမ်မှူးများကို ဝေဖန်ပြောဆိုသောအခါ နောက်တစ်ကြိမ်တွင် ပေးမည်ဟု နှစ်သိမ့်ခဲ့သည်။ ယခု ဓါတ်မြေသြဇာအိတ်များ ခွဲဝေပေးရာတွင်လည်း ဆွေမျိုးသားချင်းများကိုသာ ခွဲဝေပေးသဖြင့် ရွာသားများနှင့် ရာအိမ်မှူးများအကြား စကားများခဲ့ရသည်ဟု ဒေသခံများက ပြောပါသည်။ 



MYARF
RB News
10.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လေးမြို့စခန်းမှ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာရွာများကို စစ်ဆေး၍ ငွေကြေးကောက်ခံခဲ့သည်။

ဇူလိုင်လ (၇) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အရှေ့ဘက် ဖုံညိုလိပ် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အမှတ် (၂၄) လေးမြို့စခန်းမှ နယ်ခြားစောင့်ရဲများသည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ကျောက်ဖြူသား သေကံကျေးရွာအုပ်စု သို့သွားရောက်၍ ရွာသားများအားလုံးကို ကျောင်း၌ စုခိုင်းပြီး မိသားစုတစ်စုချင်းစီကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲများက စားသုံးစရိတ်ဟု ဆိုကာ မိသားစုတစ်စုလျှင် ငွေကျပ် တစ်ထောင်စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဇူလိုင်လ (၈) ရက်နေ့တွင်လည်း အဆိုပါ နယ်ခြားစောင့်ရဲများသည် သေကံခွဆုံကျေးရွာသို့ သွားရောက်၍ ရွာသားများကို ကျောင်းတွင် စုခိုင်းပြီး မိသားစုတစ်စုချင်းစီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး ၎င်းတို့အတွက် စားသုံးစရိတ်ဟု ဆိုကာ မိသားစုတစ်စုလျှင် ငွေကျပ် နှစ်ထောင်စီ ကောက်ခံခဲ့သည်။ 

ငွေများကို နယ်ခြားစောင့်ရဲများ ကိုယ်တိုင် မကောက်ခံဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့် ကောက်ခံခဲ့သည်။ ငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးများအား ကောက်ခိုင်းသည်ကို အခွင့်ကောင်းယူ၍ သေကံခွဆုံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းညွန့်က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အတွက်ပါ ငွေကျပ် တစ်ထောင်စီ ပေါင်းထည့်၍ မိသားစုတစ်စုလျှင် ငွေကျပ် နှစ်ထောင်စီ ကောက်ခံခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ စစ်ဆေးမှုမျိုးကို ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာများနှင့် မောင်တောမြို့နယ်ရှိ ကျေးရွာများတွင် ပြုလုပ်ခဲ့သော်လည်း မည်သည့်ကျေးရွာတွင်မှ ငွေကြေး ကောက်ခံခြင်း မရှိခဲ့ကြောင်း သိရသည်။ 

လုံခြုံရေးအတွက် သီးသန့် စစ်ဆေးဆောင်ရွက်ခြင်းသာ ဖြစ်ပြီး၊ ဆွဲ၊တင်၊စစ် ဆိုလျှင် ဓါတ်ပုံရိုက်ခ ကောက်ခံခြင်းများ ပြုလုပ်သည်။ ယခုစစ်ဆေးမှုသည် ဆွဲ၊တင်၊စစ် မဟုတ်ဘဲ ငွေကြေး ကောက်ခံခြင်းမှာ လက်နက်ပြ၍ အနိုင်ကျင့်ခြင်း တစ်မျိုးသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။ 



Rohingya Exodus