နောက်ဆုံးသတင်း/ဆောင်းပါးများ
ငါတို့ရဲ့ မဟာစိတ်ဓာတ်ကြီး
ရေးသားသူ -- အာဇာတ်​ဘိန့်​အာရ်​ခါန်​ (MYARF)
RB ကဗျာ
3.4.2015
ဘာသာတရားကို တလွဲသုံး 
အမုန်းတရားပေါင်း များစွာနဲ့ 
ငါတို့ နှလုံးသားထဲက ယုံကြည်မှုကိုတော့ ဘယ်တော့မှ ဖယ်ရှားနိုင်မှာ 
မဟုတ်ဘူး။
အာဏာကို လိုသလိုသုံး 
သနားကြင်​နာစိတ်​ ကင်းမဲ့စွာနဲ့ 
အားနည်းသူတွေရဲ့ ဥစ္စာဓနများ ဘယ်လောက်ပဲ ဖျက်ဆီးဖျက်ဆီး .. 
ငါတို့ နှလုံးသားထဲက ပိုင်ဆိုင်မှုကိုတော့ 
ဘယ်တော့မှ ဖျက်​ဆီးနိုင်မှာ မဟုတ်ဘူး။
လူနည်းစုတစ်စု ဆိုပြီး 
လူမဆန်မှု​ပေါင်း များစွာနဲ့ 
ဘယ်လောက်ပဲ သတ်ဖြတ်သတ်ဖြတ်... 
ငါတို့ နှလုံးထဲက အန်​တုပြမှုကို​တော့ 
ဘယ်တော့မှ ​ဖျောက်​ပစ်​နိုင်​မှာ မဟုတ်​ဘူး။
တစ်ဘက်သတ် နည်းဥပဒေတွေ ပြဌာန်း 
ယုတ္တိမဲ့ စီမံကိန်း​တွေနဲ့ ဘယ်လောက်ပဲ ရက်စက်ရက်စက်... 
ငါတို့ ရသင့်ရထိုက်တာ​တွေကို​တော့ 
ဘယ်တော့မှ မပေးဘဲနေနိုင်မှာ မဟုတ်ဘူး။
မျက်ကန်းဝါဒီတွေ 
သမိုင်းမှန်​ကို အ​မှောင်​ချဖို့ 
ဘယ်လောက်ပဲ လိမ်ညာလိမ်ညာ... 
ငါတို့ ဗီဇထဲက 'ရိုဟင်ဂျာ' ​သွေးကို​တော့ 
ဘယ်တော့မှ ​ပြောင်းပစ်​နိုင်​မှာ မဟုတ်ဘူး။
ခိုးဝင်လာတယ်​ဆိုပြီး 
အာဏာပြလို့ အ​ခြေအမြစ်​မဲ့စွပ်​စွဲ 
ဘယ်လောက်ပဲ နှင်​ထုတ်​ဖို့ ကြိုးစားကြိုးစား 
ငါတို့ချစ်​​သော အမိမြေ မြန်မာနိုင်​ငံ​ကို 
ဘယ်တော့မှ စွန့်ခွာသွားမှာ မဟုတ်ဘူး။
ဒါတွေကတော့ တခြားမဟုတ် 
ငါတို့ ရိုဟင်​ဂျာလူမျိုးရဲ့ 
ခိုင်​မာပြတ်​သားလှတဲ့ 
မဟာစိတ်ဓာတ်ကြီးပါပဲ။
- ဧပြီလ (၃) ရက်နေ့မှာ ကျရောက်တဲ့ (၂၄) နှစ်ပြည့် အမှတ်တရ မွေးနေ့ ကဗျာ လက်ဆောင်မွန် အနေနဲ့ ရေးဖွဲ့လိုက်ခြင်းဖြစ်​ပါတယ်​။ ဒီကဗျာလေးထဲက ဖော်ပြချက်တွေ ဖြစ်ကြတဲ့ ခိုင်​မာပြတ်​သာတဲ့ မဟာအားမာန် စိတ်ဓာတ်ကြီးနဲ့ ဒီနှစ်ရဲ့ မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်​သန်း​တော့မှာ ဖြစ်ပါတယ်။
(ဓါတ်ပုံ - ရိုက်တာ/မင်းဇေယျာ)
အ​မေ့သား
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
31.3.2015
အ​မေ
သား- ရုပ်​ဆိုးလည်း 
ရုပ်လှဖို့ထက်​ စိတ်​လှဖို့ ပိုအ​ရေးပါ​ကြောင်းကို
သား အရင်​လို စိတ်​မေ​ကာင်းမဖြစ်​မိပါ။ 
××××× 
အ​မေ 
သား- ​ငွေ​ရေး​ကြေး​ရေးမှာ မချမ်းသာပေမယ့်
စိတ်​နှလုံးအရာမှာ ချမ်းသာဖို့ဆိုတာ ပိုအ​ရေးကြီး​ကြောင်းကို 
သား အရင်​လို မညည်းညူတတ်​ပါ။ 
××××× 
အ​မေ 
ဖြစ်​ခွင့်​မသာခဲ့ပေမယ့်
အမှားနှင့်​အမှန်​၊ အထူနှင့်​အပါး၊ အဖြူနှင့်​အမည်း
သား အရင်​လို အားမငယ်​တတ်​ပါ။ 
××××× 
အ​မေ 
မတရားမှု​တွေ အုပ်​စိုး​နေတဲ့နယ်​​ပယ်​မှာ 
သား- ​မွေးလာ​​ပေမယ့်
သား- အရင်​လို စိတ်​ဓာတ်​ကျ ဝမ်းနည်းမ​နေ​တော့ပါ။
မိတ္တီလာ​နေ့ (သို့မဟုတ်​) ကမ္ဘာကြီး ငို​ကြွေး​သော​နေ့
ရေးသားသူ -- ယျာတင် (MYARF)
RB ကဗျာ
20.3.2015
အဲ့ဒီနေ့ပေါ့
အပြစ်ကင်းစင်တဲ့ ကျောင်းသားလူငယ်တွေ
အလျှံငြီးငြီး လောင်ကျွမ်းတဲ့ မီးပုံထဲမှာ
မီးအစာဖြစ်ခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
နေရောင်က မှောင်မိုက်ခဲ့
အမုန်းတရားလေပြင်းတွေ
အရှိန်အဟုန်ပြင်းပြင်း တိုက်ခိုက်ခဲ့တာ။
အဲ့ဒီနေ့ပေါ့
နို့ရည်ပြည့်ရင်အုံနဲ့ မိခင်များက
နို့တိုက်ကျွေးမယ့် သားငယ်လေးကို
လိုက်ရှာခွင့်မရခဲ့တာ။
အဲ့ဒီနေ့ပေါ့
အငြိုးလှိုင်းတွေ ထန်နေတဲ့ကြားမှာ
အားကိုးစရာမဲ့သူများ ဟိုပြေးဒီပြေးနဲ့
လျှာမြေကျ ရွာလည်ခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
နုနယ်တဲ့ မိန်မသားလေးများ
ဒူးထောက် အသနားခံလည်း
မညှာမတာ ​ခြွေမွခံခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
လေပြည်တွေတိုက်ခဲ့တဲ့ အရပ်မှာ
အမုန်းမုန်​တိုင်းက အငြိုးကြီးစွာ တိုက်​ခိုက်​လို့
လူ​သေ​အလောင်း​တွေ ​နေရာယူခဲ့တာ။
အဲ့ဒီနေ့ပေါ့
အနှစ်နှစ်အလလ ချွေးစက်ပေါင်းများစွာနဲ့ရင်းပြီး
ရတဲ့ ချွေးစတွေနဲ့ ဆောက်ခဲ့တဲ့ နားခိုရာ
မျက်​စိတစ်​မှိတ်​အတွင်း ဖြိုဖျက်ခံလိုက်ရတာ။
အဲ့ဒီနေ့ပေါ့
အမေက သားမရှာအားနဲ့
သားက အမေ မရှာအားခဲ့လို့
သားအမိ တစ်သက်တာ ဝေးကွာခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
အမြင်အာရုံတွေဝေဝါး အသိတရားမဲ့သွား
လူ့စိတ်ကင်းမဲ့တဲ့ ပတ်ဝန်းကျင်ကြောင့်
နှလုံးသားထဲမှာ တစ်ဆစ်ဆစ် နာကျင်ခဲ့တာ။
အဲ့ဒီနေ့ပေါ့
မျက်ရည်ကုန်ခန်းသွားခဲ့
သွေးရည်တွေပင်လယ်ဖြစ်ခဲ့
သက်ရှိခန္ဓာများ မီးကင်ခံခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
အကြမ်းဖက်သမားအချို့ကြောင့်
တန်ဖိုးရှိလှတဲ့ လူ့ဇိဝိန်ပေါင်းများစွာ ဆုံးရှုံးခံခဲ့ရတာ။
အဲ့ဒီနေ့ပေါ့
မတရားမှုတွေအတွက်
ကမ္ဘာကြီး ငိုကြွေးလည်း
လူစုတစ်သိုက် ပြုံးပျော်ကျေနပ်ခဲ့တာ။
အဲ့ဒီနေ့ပေါ့
လူနေတဲ့အရပ်မှာ
လူသားဖြစ်လျက်နဲ့
လူသားမဆန်စွာ ညှဉ်းပန်းချေမှုန်းခံခဲ့ရတာ။
အဲ့ဒီ​နေ့​ပေါ့
...................
...................
.............................................။
••• မိတ္တီလာမှ မွတ်စလင်များ အကြမ်းဖက် ညှဉ်းပန်း ချေမှုန်းခံခဲ့ရသော ၂၀၊၃၊၂၀၁၃ ရက်နေ့ ကို အောက်မေ့၍ ရေးဖွဲ့ပါသည်။ လူလူချင်း နှိပ်စက်မှုမှ ကင်းဝေးပြီး ငြိမ်းချမ်းကြပါစေ။
(ဓါတ်ပုံ - Reuters)
"မေမေသို့"
ရေးသားသူ - ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
4.3.2015
မေမေ့ 
မဟာပထဝီမြေကြီးရဲ့ အာရ်ကာန်ဆိုတဲ့ ရိုဟင်ဂျာ့မြေပေါ်မှာ 
ငမိုက်သားသေနတ်ကိုင် လူရမ်းကားတွေနဲ့ထိတွေ့ခွင့်ရအောင် 
သားကိုမွေးဖွားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ 
ဓမ္မနှင့်အဓမ္မ မခွဲခြားတတ်တဲ့ အာဏာရှင်တွေရဲ့ တိုင်းပြည်မှာ 
သားကို မွေးဖွားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ 
မင်းသားခေါင်းစွပ် ဘီလူးမင်းများ ကပြနေတဲ့ ဇာတ်ပွဲကို ကြည့်ရှုနိုင်အောင် သားကိုပို့ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ 
လောဘဇာတ်ကောင် ၊ ဒေါသဇာတ်ကောင် ၊ မောဟဇာတ်ကောင်တွေနဲ့ 
ရိုက်ကူးနေတဲ့ ဒါရိုက်တာမာနရဲ့ ရုပ်ရှင်ရိုက်ကွင်းဆီ 
သားကို လေ့လာရေးခရီးထွက်ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ မတရားသက်သေနောက်လိုက်တွေနဲ့ ပူးပေါင်းလိမ်ညာပြီး 
အားအင်ချည့်နဲ့တဲ့လူသားတွေကို အနိုင်ကျင့်အနိုင်ယူနိုင်ရန် 
လမ်းခင်းပေးနေတဲ့ တရားရုံးဘက်တော်သားများကို 
သိခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ "ထိတွေ့မှုတိုင်းတွင် သဲလွန်စများကျန်ရစ်နေမြဲ၊ ပြစ်မှုတိုင်းတွင် 
သဲလွန်စများကျန်ရစ်နေမြဲ" ဟူသော အိုင်အိုမှုခင်းစစ်တွေရဲ့ လက်ကိုင်ဆောင်ပုဒ်ကို မှတ်သားခွင့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
မေမေ့ အမွေ စံထိုက်သူတစ်ယောက် ဖြစ်ပါလျှက်နှင့် မိမိ မစံစားရဘဲ 
အခြားသူတစ်ယောက် စံစားသွားရတာကို မြင်ပြီး 
"စံခွင့်ရှိပေမဲ့ မစံလိုက်ရသူ" ဟု ကောက်ချက်ချခွင့် ပေးတဲ့အတွက် 
ကျေးဇူးတင်ပါတယ် မေမေရဲ့။
"ပုရွက်​ဆိတ်​များ၏ စည်းလုံးမှု"
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
3.3.2015
မိုးဦးရာသီ၊ မိုးသည်း​လေပြင်း 
ရေလျှံလွန်း​တော့၊ သူတို့အိမ်​ထိ 
ရေဖုံးလွှမ်းပြီး၊ ဖရိုဖရဲ 
သူတို့တစ်​​တွေ၊ ဒုက္ခ​ရောက်​​၏။
ခိုစရာအိမ်​၊ ပျက်​ဆီးသွားလို့ 
တကွဲတပြား၊ ဖြစ်​မည့်​အ​ရေး 
တွေ့ကြုံရ၍၊ ဟို​ပြေးဒီ​ပြေး 
သူတို့တစ်​​တွေ၊ သောက​ရောက်​​၏။
ပင်​လယ်​ပမာ၊ ရေပြင်​ကျယ်​မှာ 
အားကိုးစရာ၊ ဆံမျှင်​​တောင်​မှ 
သူတို့တစ်​​တွေ၊ မ​လျှော့အားမာန်​။
အေးတူပူမျှ၊ လက်များကိုတွဲ 
ဆွေး​ဆွေး​နွေး​နွေး၊ မကွဲပြားဘဲ 
သူတို့တစ်​​တွေ၊ ​ရင်​မှာပိုက်​ဇွဲ။
နေစရာအိမ်​၊ ပျက်​ဆီးသွား၍ 
ထို​ရေ​ပေါ်​နေ၊ ရှင်​သန်​နိုင်​ဖို့ 
သူတို့တစ်​​တွေ၊ ရုန်းကန်​တတ်​၏။
သေလည်းမပူ၊ ရှင်​လည်းအတူ 
စည်းစည်းလုံးလုံး၊ ​နေဖို့သာလို 
ခိုင်​မာဆုံးဖြတ်​၊ နှောင်​ထုံးဖွဲ့၍ 
သူတို့တစ်​​တွေ၊ အရှုံးမ​ပေး။
နီနီရဲရဲ၊ သတ္တဝါများ 
သေးငယ်​​သော်​လည်း၊ ဇွဲမ​လျှော့ပါ 
တစ်​စိတ်​​မွေးလို့၊ ညီညွှတ်​လို့သွား 
သူတို့ရင်​ဆိုင်​၊ အန္တရာယ်​များ။
စည်းလုံးအားနှင့်​၊ ​နောက်​ဆုံးတစ်​​နေ့ 
ရှင်​သန်​နိုင်​ခွင့်​၊ ရလိုရငြား 
သူတို့တစ်​​တွေ၊ ​​တိုက်​ပွဲဝင်​၏။
ဖြစ်ချင်လိုက်တာ ………………
ရေးသားသူ - ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
10.2.2015
လူသားတစ်ယောက်ပဲ အရိုင်းအစိုင်းကင်းမဲ့ခြင်းရဲ့အသီးအပွင့်တွေကို
မှီဝဲရင်း ... လွတ်လပ်ခြင်းရဲ့တောင်ပြန် လေညင်းတွေ ရှုရှိုက်နိုင်သူပဲ 
ဖြစ်ချင်လိုက်တာ ... ။
တောပန်းတစ်ခက်ပဲ 
အဂါရဝတရား ဆုပ်ကိုင်ထားတဲ့ ရမ်းကားသူလက်ပါးစေတို့ရဲ့ 
မာယာကျော့ကွင်းမှလွတ်မြောက်ရင်း ... သဒ္ဓါကြည်ဖြူ မေတ္တာဖြူတဲ့ 
လူသားတစ်တွေ အနမ်းခြွေတတ်တဲ့ပန်းပဲ ဖြစ်ချင်လိုက်တာ ... ။ 
ညမွှေးပန်းတစ်ပွင့်ပဲ 
ကျေးလက်မြို့ပြ၊ တဲသားတိုက်သား၊ မောင်ဖြူမောင်မဲ၊ ကျောသားရင်သား၊ 
သူမွဲသူကြွယ်၊ ပါဂျဲရိုးပိုင်ရှင်ခြေထောက်ရှင် စတဲ့ ဝိသေသလက္ခဏာတွေနဲ့ ခွဲခြားမောက်မာတတ်တဲ့ဦးရိုင်းတွေရဲ့ ဂန္ဓာရုံစက်အတွင်းက 
လွတ်မြောက်ရင်း ... နေရာတကာ ညီမျှခြင်းရေးတတ်တဲ့ ဦးယဉ်တွေရဲ့ 
အစေခံတန်းလျားမှာ ထုံသင်းမွှေးကြူနေတဲ့ပန်းတစ်ပွင့်ပဲ ဖြစ်ချင်လိုက်တာ ... ။
ဖယောင်းတိုင်လေးတစ်တိုင်ပဲ 
အမှောင်ထုမှာ နေပျော်တတ်တဲ့ငမိုက်သားမုဆိုးကောင်တွေရဲ့ 
ပြောက်ကျားဘောင်းဘီရှည်အိပ်ကပ်ထဲမှ လွတ်မြောက်ရင်း ... 
ကမ္ဘာတစ်ခွင်အလင်းဆောင်ဖို့ အားထုတ်ကြိုးပမ်းနေသူတွေရဲ့ 
စာကြည့်စားပွဲပိုင် ဖယောင်းတိုင်လေးတစ်တိုင်ပဲ ဖြစ်ချင်လိုက်တာ ... ။
အမေ့သားတစ်ယောက်ပဲ 
ဘဝမာရသွန်ပြိုင်ပွဲကြီးရဲ့ပန်းတိုင်ရောက်လုနီးနီး 
အရှုံးပေးလမ်းဖြတ်ထွက်သွားတဲ့သူတွေ၊ 
ချိုမြိန်တဲ့အသီးအပွင့်တွေဖူးပွင့်လုနီးနီး သည်းမခံဘဲ 
ယာခင်းဖျက်ဆီးတတ်တဲ့သူတွေရဲ့ ဖော်ရွေမှုမှ ကင်းဝေးရင်း ... 
ပန်းတိုင်ဆီရှေ့ချီတက်နေတဲ့ အားမာန်ပြည့်ပုရွက်ဆိတ်ကလေးတွေကို ချီးကျူးအားပေးလက်ဆင့်ကမ်းထောက်ပံ့သူအမေ့သားတစ်ယောက်ပဲ 
ဖြစ်ချင်လိုက်တာ ... ။
ငါတို့သည်​ မြန်​မာ့တိုင်းရင်းသား
ရေးသားသူ - ယျာတင်​ (MYARF)
RB ကဗျာ
9.2.2015
နိုင်​ငံသား၏ အမြင့်​မားဆုံး
မဲ​ပေးပိုင်​ခွင့် အခွင့်​အ​ရေး 
ငါတို့ ​ခေတ်​အဆက်​ဆက်​​ တကယ်​ရရှိခဲ့သည်​။
နိုင်​ငံအကျိုး​ဆောင်​ရွက်​နိုင်​ဖို့ ပြည်​သူ့အမတ်​များ 
ခေတ်​အဆက်​ခက်​ ​တကယ်​တင်​​မြောက်​နိုင်​ခဲ့သည်​။
သို့​သော်​လည်းပဲ 
နာဇီစိတ်​ထား လူမျိုးကြီးဝါဒ 
ပိုင်​စိုးထားတဲ့ တစ်​ချို့လူက 
မြန်​မာ့သမိုင်း စာမျက်​နှာမှာ 
အခိုင်​အမာရှိနှင့်​​နေတဲ့ ရာဇာဝင်​မှန်​ကို 
ပြောင်းပြန်​လှန်​ဖို့ ကြိုးစားခဲ့​သေးသည်​။
သို့​ရာသို့​စေ 
သမိုင်း​မှန်​ကို အ​မှောင်​ချဖို့ 
ကြိုးစားသူခဲ့သူ မှန်​သမျှသည်​ 
တရားမျှတမှု​ရှေ့​မှောက်​ လက်​​မြှောက်​ရ​မြဲပင်​။ 
နောင်​တစ်​ချိန်​မှာလည်း သမိုင်းတရာခံသာဖြစ်​မည်​ပင်​။
ပြည်​သူတို့၏ အခွင့်မဟာ 
ဆုံးရှုံးရဖို့ ကိန်းဆိုက်​​နေခါ 
လူနည်းစုလည်း ငါတို့မမူ 
မ​ကြောက်​မရွံ့ ဇွဲမ​လျှော့ဘဲ 
ဥပ​ဒေ​ဘောင်​ထဲက ငြိမ်းချမ်းစွာ 
ခေါင်း​မော့ရင်​​မော့ တိုက်​ပွဲဝင်​လို့ 
အခွင့်​မဟာ တို့ထိန်းသိမ်းမည်​။ 
ငါတို့သည်​ မြန်​မာနိုင်​ငံသား 
ငါတို့သည်​ မြန်​မာ့တိုင်းရင်းသားပဲမဟုတ်ပါလား။
ဒီဇမ္ဗူက မနုသား ငါ
ရေးသားသူ - ယျာတင် (MYARF)
RB News
20.1.2015
- ​ရေခံ​မြေခံကောင်း​ပေမယ့် 
ဖိနှိပ်​မှုရာသီဥတု​အောက်​မှာ ငါ့ကို​မွေး​လေ​တော့ 
ငါ့ခန္ဓာကိုယ်​က ထင်​သလိုမဖွံ့ဖြိုးခဲ့ဘူး။ 
ရှုရှိုက်​​နေရတဲ့ ​သွေး​ငွေ့ရော​အောက်​စီဂျင်​​က 
ငါ့နှလုံးသားကို သန့်​စင်​​ပေးမ​နေ​တော့ 
ခန္ဓာကိုယ်​မှာ ​သောက​တွေငြိလို့ 
ဝမ်းနည်​စရာ​တွေ အမြစ်​တွယ်​လာ​ခဲ့တယ်​ ...။ 
တစ်​ချို့က ဖိနှိပ်​ခံသံသရာမှာ​မျှော။ 
တစ်​မိုးတည်း​အောက်​​က မနုသားများအ​ကြောင်း 
ပြောရရင် အချိန်​ကုန်​သာအဖတ်​တင်​မယ်​။ 
စိတ်​ဓာတ်​ညံ့ဖျင်း​နေသူအချို့​ကြောင့် 
လျှံအန်​လာတဲ့ နှလုံးသားအက်​ကွဲသံ​တွေ 
နာကျင်​​​ရေရွတ်​သံ​တွေ 
သိမ်​ငယ်​ ငိုရှိုက်​သံ​တွေပဲ 
ငါ့နားရွက်​ကို အမြဲတိုက်​စား​နေ​လေတယ်​ ... ။
- ​​ရေခံ​မြေခံကောင်း​ပေမယ့် 
ညှဉ်းပန်းမှုရာသီဥတု​ပြင်းထန်​မှု​ကြောင့် 
မြေပြင်​နဲ့ ​လေဟာပြင်​တို့က 
ငါ့ကို ပိုင်​ဆိုင်​​နေ​ပေမယ့်
ငါတော့ ဘာကိုမှ ပိုင်​ဆိုင်​ခွင့်မရရှာဘူး။ 
စိမ်းလန်းတဲ့​မြေကြီးတစ်​ခွင်​မှာ 
မီး​တောင်​က ​ပေါက်​ကွဲ​နေ​လေ​တော့ 
ငါသာယာခဲ့ဖူးတဲ့ ပြည်​ကြီးလည်း 
ရစရာမရှိ​အောင်​ မျက်​နှာညိုး​နေရတယ်​။ 
လူသွားလာဖို့​ ဖောက်​တဲ့လမ်း​ပေါ်မှာ 
ငါ့အသွားအလာ​တွေ ကန့်​သတ်​​ခံ​နေရတယ်​။ 
ငြိမ်းချမ်းမှုပြယုဂ်​ဖြစ်​တဲ့ ဝတ်​ပြုအိမ်​​တော်​​တွေရဲ့ 
အဝင်​ဂိတ်​ဝမှာ ​သော့ခ​လောက်​ကြီးကြီးမားမား 
ဆင်​မြန်းထား​ရလေတယ်​။ 
ချိန်​ခွင်​လျှာ တစ်​ဖက်​​စောင်း​ဖြစ်​​နေတာ 
ချိန်​ခွင်​လျှာရဲ့ အပြစ်​လား 
ချိန်​ခွင်​လျှာ ထိန်းသိမ်းသူရဲ့ အပြစ်​လား 
ငါ့မှာ ​ဝေဖန်​ဖို့အခွင့်သာမ​နေပြန်​ပါဘူး ...။
- ​ရေခံ​မြေခံကောင်း​ပေမယ့် 
ဘောလုံးပွဲတစ်​ပွဲလည်း မဟုတ်​ဘဲနဲ့ 
ဘက်​လိုက်​ခံရတဲ့ မိနစ်​​တွေ 
ငါ့ဘဝမှာ နှစ်​များဖြစ်​လာခဲ့တယ်​။ 
ကြိုးဝိုင်းထဲ မဝင်​ချင်​တဲ့သူကိုမှ 
အတင်းဆွဲ​ခေါ်ပြီး ပွဲပြိုင်​​စေ​လေ​တော့ 
ငါ့မှာ သ​ရေပွဲ​တောင်​ ​မျှော်​လင့်ခွင့်မသာခဲ့ဘူး။ 
ဥပ​ဒေမဲ့ အနိုင်​ယူသူရဲ့ ​လှောင်​ရယ်​သံ​အောက်​မှာ 
ငါ့​မျှော်​လင့်ချက်​​တွေ တစ်​စစီမ​ကြေမွဖို့ပဲ 
အားတင်​ထားရတဲ့ အထဲ 
ငါ့​မျက်​ရည်​​တွေလည်း 
တစ်​ခါတစ်​ခါ ​သွေးစက်​ဖြစ်​လာခဲ့တယ်​။ 
ဒါ​ပေမယ့် ငါ လဲ​နေရာက အမြဲထပြဖို့ကြိုးစားမိပါရဲ့ ...။
- ​ရေခံ​မြေခံကောင်း​ပေမယ့် 
ရက်​စက်​မှုရာသီဥတု​ပြင်းထန်​မှု​ကြောင့် 
ငါ့ပညာ​ရေးအသီး​တွေ မှည့်လာခွင့် 
ငါ့​မျော်​လင့်ချက်​ပန်းပွင့်တွေ ​ဝေဆာခွင့် 
ငါ့လူသားဂုဏ်​သိက္ခာတွေ သာယာခွင့် 
ဘာအခွင့်မှ ငါ့ဘက်​ကရပ်​တည်​မ​နေဘူး။ 
အရာရာတစ်​ဖက်​သတ်​ဖိနင်းခံရမှု​ကြောင့် 
ငါ့နှလုံးသားနုနု​လေး​ထဲ 
အမာရွတ်​​​ပေါင်းများစွာ သ​န္ဓေတည်​လာတာ 
ထူး​တော့မထူးဆန်းပါဘူးထင်​ပါရဲ့။ 
ငါ့နှလုံးသားထဲကအမာရွတ်​တွေ 
တစ်​ဆစ်​ဆစ်​နာကျင်​လာတဲ့အခါ 
မှေးစက်​ခွင့်ရဖို့ ရင်​ခွင်​တစ်​ခုရယ် 
ဘာလို့ ဒီဇမ္ဗူတစ်​ခွင်​မှာ 
ငါ့အတွက်​ ရှား​ပါးနေရတာ​လဲ ...။
- ​ရေခံ​မြေခံကောင်း​ပေမယ့် 
ဓား၊ ​သေနတ်​ တို့ရဲ့ အစာဖြစ်​ခဲ့ရတဲ့ဇီဝန်​များ 
လောင်​ကျွမ်းသွားခြင်းခံရတဲ့ အသက်​များ 
ပင်​လယ်​ငါးစာ ဖြစ်​ခဲ့ရတဲ့ ခန္ဓာများ 
သိက္ခာဆယ်​ဖို့ ​ပေးဆပ်​ခဲ့ရတဲ့​သွေးစက်​များ 
မတရားသဖြင့် ​လှောင်​ပိတ်​ခံခဲ့ရမှုများ 
ခက်​ခဲစွာရှာ​ဖွေခဲ့တဲ့ တစ်​သက်​တာရိက္ခာများ 
တစ်​ခဏအတွင်း ညှစ်​ခံခဲ့ရမှုများ 
တစ်​ခဏအ​ပျော်​အတွက်​ တစ်​သက်​တာကို 
မညှာမတာ ရိုက်​ချိုးပစ်​ခြင်းခံခဲ့ရမှုများ 
မျှော်​လင့်ချက်​​ပေါင်းများစွာ အဆုံးသတ်​ခံခဲ့ရမှုများ 
မတရားအနိုင်​ကျင့်​ခံရမှု​ကြောင့် 
ကျခဲ့ရတဲ့မျက်​ရည်​များ 
စတဲ့ အ​ကြောင်းအရာ​များက 
ငါ့နှလုံးသား​ကျောက်​စာ စာမျက်​နှာမှာ 
နေ့စဉ်​နဲ့အမျှ ကမ္ဗည်းလာလာထိုး​နေ​တော့ 
လူမျိုးတုံးသတ်​ဖြတ်​မှုသမိုင်းစာအုပ်​ကလည်း 
ထူသထက်​ထူလာပါ​တော့တယ်​ ...။
ဖိနှိပ်​မှုရာသီဥတု 
ခွဲခြားမှုရာသီဥတု 
ရက်​စက်​မှုရာသီဥတု 
စတဲ့ အ​ရောင်​အနံ့ဆိုး​တဲ့ ရာသီဥတုများမှ 
လွတ်​လပ်​ပြီး ​အေးချမ်းသာယာတဲ့ 
တန်းတူပြီး ဂုဏ်​သိက္ခာပြည့်ဝတဲ့ 
ရာသီဥတု တစ်​ခု​ကို 
လှလှပပ ပုံ​ဖော်​ဖန်​တီးယူဖို့ 
အမာရွတ်ရင့်နေတဲ့ နှလုံးရည်​နဲ့ 
ရှေ့တိုးဖို့​ အခက်တွေ့​နေလည်း 
ရိုဟင်​ဂျာသား ငါ ဇွဲမ​လျှော့​ဘဲ 
ရှေ့သို့သာ ချီတက်​​နေ​​ဆဲပါ။
ငါတို့ သန္နိဌာန်
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
3.1.2015
နှစ်​သစ်​ဝင်​၍ (၃)ရက်​​မြောက်​ဟာ
ရိုဟင်​ဂျာတို့ရဲ့ အမျိုးသား​နေ့ပါ ...
နေ့ထူး​နေ့မြတ်​ အခမ်းအနား
ချုပ်​ချယ်​မှုလှိုင်း ထန်​​နေတဲ့ကြားက
အစဉ်​မပျက်​ တို့​တွေကျင်းပ ...။
ခမ်းခမ်းနားနား မဖြစ်​ခဲ့လည်း
ရည်​ရွယ်​ချက်​က ထည်​ထည်​ဝါဝါ ...
ရောက်​​နေရတဲ့ ကျွန်​ဘဝက
လွှတ်​​မြောက်​ဖို့ရာ ဝိုင်းဝန်းကြံဆ ...။
လူအလွှာစုံ တက်​တက်​ကြွကြွ
ပါဝင်​ဆင်​နွှဲ ​ဆွေး​နွေးချိန်​ခါ
သန္နိဌာန်​​တွေ အခိုင်​အမာ
ချမှတ်​နိုင်​တာ ဂုဏ်​ယူစရာ ...။
ညှဉ်းပန်းဖိနှိပ်​ ခွဲခြားဆက်​ဆံ
ခံရလွန်းလို့ ​ခြေကုန်​လက်​ပန်း
ဒုက္ခသံသရာ ဤဘဝက
အပြီးအပိုင်​ ကျွတ်​နိုင်​ခြင်းငှာ
အမျိုးသားမာန်​ ဝိညာဉ်​ထဲသို့
ကိုယ်​စီသွင်းလို့ အား​တွေဖွားကြ ...။
အမာရွတ်နှင့် စိတ်နှလုံးရှင်များ
မတူအတွေး တစ်ကိုယ်အတ္တ
ဆက်မထားဘဲ ဘေးဖယ်ထားကြ ...။
မှေးမှိန်​သွားတဲ့ စိတ်​ဓာတ်​ခွန်​အား
ဤ​နေ့မြတ်ကို အစွဲပြု၍
ဝင်းဝင်းလက်​လက်​ ထွန်း​ပြောင်​ဖို့ရာ
အာဇာနည်​စိတ်​ ဖန်​တီးယူကြ ...။
စိတ်​ဝမ်းကွဲစိတ်​ ခန္ဓာထဲက
တစ်​စက်​မကျန်​ အပြီးဖယ်​ရှား ...
မေတ္တာမျှလို့ တစ်​စိတ်​ပမာ
တူရာစိတ်​ဖြင့်​ ရင်​ချင်းထိကြ ...။
ပန်းတိုင်​တည်​ရာ ခရီးလမ်းမှာ
ငရဲမင်းပမာ အုပ်​ချုပ်​သူများက
နှိပ်​စက်​မှုဖြင့်​ ကာဆီး​နေကာ
ခေါင်းငုံ့မခံ မယိုင်​​ခြေလှမ်း
ဇာတိပြင်းစိတ်​ နှလုံးသွင်းလို့
ချီတက်​ဖို့ရာ သစ္စာဆိုကြ ...။
ဘုံပန်းတိုင်သို့ တူတူလျှောက်ချိန်
တရားမျှတမှု ဥ​ပေက္ခာပြုခံရတဲ့ခါ
အ​မှောင်​ရင့်​လို့ လမ်း​တွေ​ပျောက်​သွားလည်း
မျှော်​လင့်​ချက်​မပျက်​ မာန်​ခဲဝင့်​လျက်
ရိုဟင်​ဂျာများရဲ့ အခွင့်​အ​ရေးရတနာ
တိုက်​ပွဲဝင်​၍ အရယူသွားမှာ
အမျိုးသား​နေ့ရဲ့ ထူးခြားတဲ့သန္နိဌာန်​ပါ ...။
* ၂၀၁၅ ခုနှစ်​ ဇန်​နဝါရီလ (၃)ရက်​​နေ့တွင်​ ကျ​ရောက်​​သော ရိုဟင်​ဂျာ အမျိုးသား​နေ့ကို ဂုဏ်​ပြု၍ ​ရေးသားခြင်း ဖြစ်​ပါသည်​။
ကျောက်ဆောင်မှသည် သဲသောင်ဆီသို့ 
ရေးသားသူ - ရိုဟင်စိုးမိုးဝင်း
RB ကဗျာ
2.1.2015
ရိုဟင်ဂျာတွေ့ 
လှိုင်းထန်နေတဲ့ ပင်လယ်ပြင်ဝယ် 
နောက်ပြန်မလှည့်ပါရစေနဲ့ 
ကျောက်ဆောင်မှသည် သဲသောင်ဆီသို့ 
သက်တမ်းတိုတို ရှိုက်သံပြင်းနဲ့ 
ရှည်လျားခရီး ရွက်လွင့်နေပြီ 
လောင်စာကုန်ငြား တက်ကျိုးလည်းပဲ 
နိမိတ်ပုံလှ ထုဆစ်နေတာ 
အံ့မခန်းဖွယ် လေးစားစရာ။
ရိုဟင်ဂျာတွေ့ 
လှိုင်းဒဏ်လေဒဏ် ခံနိုင်လူသား 
လွတ်လပ်ခြင်းရဲ့ လေပြည်တွေနဲ့ 
အနာဂတ်ကို ဝပြောချင်တာ 
ငြိမ်းချမ်းမှုရဲ့ အနမ်းတွေနဲ့ 
ဒဏ္ဍာရီဇာတ်လမ်းခင်းဖို့သာ 
နောက်ဆုံးထွက်သက်ထိကြိုနေတာ 
အဖြူထည်နှလုံးသားတွေနဲ့ 
ပဲ့ကိုင်မှုက အားကျစရာ။
Rohingya Exodus