နောက်ဆုံးသတင်း/ဆောင်းပါးများ
Photo via http://www.insightonconflict.org
ငါ့ ​အာရ်ကာန် ရွှေ​မြေကြီး
ရေးသားသူ - မိုဟာမတ်ဇူဘိုင်ရ်
RB ကဗျာ
18.1.2016
- အမိမြေဝယ် ဒုက္ခသည်နှယ်
လူသားမဆန် နှိပ်စက်ခံ​နေ 
ရင်​ထဲနာကျင်​ တဆစ်​ဆစ်​ပဲ ... 
ကမ္ဘာ့အလယ်​ အာရ်ကာန်မြေမှာ 
သမိုင်းခိုင်​မာ ငြင်းဖို့ခက်​တဲ့ 
ရိုဟင်​ဂျာမျိုး ရှိပါလျက်​နှင့်
မရှိဆိုကာ ဇွတ်​ငြင်းတဲ့ခါ 
အို…ငါ့ ​အာရ်ကာန် ရွှေ​မြေကြီး...။
- ငါတို့အသက် ပုရွက်ဆိတ်လို 
အစုလိုက်သတ် မရှိတန်​ဖိုး 
သူများပြည်သို့ ငါတို့လှမ်းရ... 
ရောက်​ရာအရပ်​မှာ သူ့ကျွန်လုပ်ပြီး 
ရတဲ့ချွေးခ မိသားစုဆီ 
ငါတို့ကိုယ်​စီ ပို့​ပေး​နေလည်း 
ယူနီဖောင်းသမား လက်​နက်​အားဖြင့် 
အဆက်​မပြတ်​ စီးကျတဲ့ခါ 
ရင်နာလွန်းလို့ ​ဟစ်​ခေါ်ချင်​သည် 
အို…ငါ့ ​အာရ်ကာန်ရွှေ​မြေကြီး...။
- ဒီမြေမှာမွေး ဒီ​ရေကို​သောက်​ 
ဒီလေကိုရှူ ဒီ​မြေ​ပေါ်ထွား 
ဌာ​နေလူမျိုး ရိုဟင်​ဂျာ​သား 
အမုန်းမျိုးစုံ ခံ​နေရလည်း 
ချစ်လွန်းလို့သာ ဟစ်​​ခေါ်ချင်​သည် 
အို…ငါ့ အာရ်ကာန်ရွှေ​မြေကြီး.....။
ဥယျာဉ်မှူးကောင်း လိုအပ်နေပြီိ 
ရေးဖွဲ့သူ - ရိုဟင်းစိုးမိုးဝင်း (MYARF)
RB ကဗျာ
4.1.2015
လူသားအကျိုး ဆောင်ကြဉ်းမစွမ်း သစ်ပင်နွမ်းတွေ 
သုတ်သင်မွမ်းမယ့် ရေလောင်းစွမ်းဆောင် ကရုဏာရှင် 
ဥယျာဉ်မှူးကောင်း ရှုမြင်လိုချင် ။
လူသားအမော ချမ်းငြိမ်းစေအောင် 
ရိပ်ရသစ်ပင် တိုးပွားလာကောင်း 
အားသစ်ချီကာ ဝေဆာဖူးပွင့် 
ဥယျာဉ်မှူးကောင်း တည်မြဲစေချင် ။
ကျေးသာရကာ ကျာကျာကျည်ကျည် 
သိုက်အုံဆောက်တည် ပျော်ဘုံအလယ် 
တေးသံကျူးအောင် စွမ်းဆောင်ရှင်လောင်း 
ဥယျာဉ်မှူးကောင်း ပေါ်ထွက်စေချင် ။
မြန်မာဟူသော ကြီးဥယျာဉ်ဟောင်း 
ကမ္ဘာ့ဘောင်လယ် မွှေးပျံ့တင့်တယ် 
ပျော်ဖွယ်လန်းမြေ ပျိုးထောင်မှူးကြီး 
ဥယျာဉ်မှူးကောင်း လိုအပ်နေပြီ့ ။
ထိန်းသိမ်းစို့ကွယ့့် ရင့်ပန်းအနွယ် 
ရေးဖွဲ့သူ --- ရိုဟင်းစိုးမိုးဝင်း
RB ကဗျာ
3.1.2016
- ဘူမိနက်သန် ၊ ရိုဟင်းမြေမှ 
တို့ဘိုးဘွားတွေ ၊ ချမ်းငြိမ်းကာဖြင့် 
သက်ဆုံးကျေပွန် ၊ နိုင်ငံ့တာဝန် 
မခွဲမခြား ၊ ဘာသာလူသား ။
- ယနေ့ချိန်ခါ ၊ စွန်းရောက်တွေကြောင့် 
မျက်ကန်းခေါင်းဆောင် ၊ အာဏာရှင်တောင် 
ရိုဟင်းသားကို ၊ အာရကန်မွေ 
အမွေပြတ်အောင် ၊ ကြိုးပမ်းဝံ့စွ ။
- ဆိုးသွမ်းရိုင်းပျ ၊ ဆင်ခြင်တုံမဲ့
ဒုစရိုက်ရှင် ၊ သူယုတ်တွေကို 
စိတ်ရှည်သည်းခံ ၊ ရိုဟင်ဂျာစံ 
ပျားပိတုန်းဖွယ် ၊ ရိုလူမျိုးနွယ် ။
- ဖြောင့်မတ်သိမ်မွေ့ ၊ အပြောအဆို 
ရေချမ်းအိုးလို ၊ မြတ်မြတ်နိုးနိုး 
ဝါရိတ္တစောင့် ၊ စာရိတ္တကောင်း 
ဤနှယ်လူမျိုး ၊ မဖျောက်ရအောင် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ (#ရိုလူမျိုး = ရှေးပဝေသဏီကပင် ရခိုင်ပြည်၌ နေထိုင်လာသော ရိုဟင်ဂျာလူမျိုးများ #)
"ကမ္ဘာကြီးက ငိုပွဲဆင်"
ရေးသားသူ - ရိုဟင်းစိုးမိုးဝင်း (MYARF)
RB ကဗျာ
27.12.2015
မိမိအပေါ် အလွန်ကောင်းသူကိုပင်
သစ္စာမဲ့တတ်တဲ့ လူသားအချို့ကြောင့်
ကမ္ဘာကြီးက ငိုပွဲဆင်နေတယ့့်။
မိမိမှသာလျှင် အနိုင်ရရှိမှ 
ကျေနပ်တဲ့ လူသားအချို့ကြောင့် 
ကမ္ဘာကြီးက ငိုပွဲဆင်နေတယ့့်။့
မေတ္တာထက် ဂုဏ်ပကာသနဘက် 
ဦးစားပေးတဲ့ လူသားအချို့ကြောင့် 
ကမ္ဘာကြီးက ငိုပွဲဆင်နေတယ့့်။
စိတ်နောက်ကိုယ်ပါ တဇွတ်ထိုး 
လုပ်တတ်တဲ့  လူသားအချို့ကြောင့် 
ကမ္ဘာကြီးက ငိုပွဲဆင်နေတယ့့်။့
မရခင် ဖျာလိုလိပ်၊ထိပ်ပေါ်တင်၍ ရပြီးက 
ဖျာလိုခင်း နင်းချေတတ်တဲ့ လူသားအချို့ကြောင့် 
ကမ္ဘာကြီးက ငိုပွဲဆင်နေတယ့့်။
နီးစပ်မှုမှဖြစ်ပေါ်လာသော မေတ္တာအပေါ် 
အပြန်အလှန်နားလည်မှု အပြည့်အဝမထားတတ်တဲ့ လူသားအချို့ကြောင့် 
ကမ္ဘာကြီးက ငိုပွဲဆင်နေတယ့့်။
(ဓါတ်ပုံ - Reuters)
အချိန်​မလွန်​ခင်​ နိုးထပါ 
ယျာတင် (MYARF)
RB ကဗျာ
7.10.2015
အိုး ... အာရ်ခါန်မြေဖွား မျိုးရိုဟင်ဂျာ 
သင်​သည်​ မြန်မာ့ တိုင်းရင်းသား 
သင်​သည်​ မြန်​မာ့ နိုင်​ငံသား 
သင့်​သမိုင်းသည်​ ခိုင်​မာလှ၏။ 
သို့ဖြစ်သော်လည်း 
သင်ဖွားရာ​မြေ သင်၏မြေကို 
သင့်မြေဟူ၍ ပြောခွင့်မဲ့၏။ 
ချိုးဖောက်မှုနှင့် ကြုံနေရ၏။ 
သင်၏အသွား အလာများလည်း 
ပိတ်ပင်ထားမြစ် ခံနေရ၏။ 
သင်၏စာပေ ထုံတမ်းဓလေ့ 
ဖော်ကျူးခွင့်မှာ တားခံရ၏။ 
သင်ဝတ်ပြုရာ ဗလီများလည်း 
သော့ခတ်ထားခြင်း ခံနေရ၏။ 
သင်၏ထိမ်းမြား အိမ်ထောင်ပြုခွင့် 
ခက်ခဲမှုနှင့် ပြည့်နှက်လေ၏။ 
သင်၏ပညာ သင်ယူခွင့်လည်း 
ကန့်သတ်ထားခြင်း ခံနေရ၏။ 
သင်၏အမေ အဖေတို့လည်း 
ရက်​ရက်​စက်​စက်​ သတ်ခံရ၏။ 
သင်၏နေ့ရက် ဘဝသည်လည်း 
ဒုက္ခသည်ဖြစ် ဖြတ်သန်းရ၏။ 
သင်၏မျိုးဆက် သားသမီးလည်း 
ဘဝဖျက်ဆီး ခံနေရ၏။ 
သင့်​မွေးမြေပေါ် အ​ခြေတကျ 
သင်နေခွင့်လည်း အခက်ကြုံ၏။ 
သင့်​လူသားဂုဏ်​ သင်​၏သိက္ခာ 
ဘယ်​မှာပုန်း​အောင်း ​နေပါသနည်း။ 
အိုး... အာရ်ခါန်မြေဖွား မျိုးရိုဟင်ဂျာ 
တစ်​ချိန်​တစ်​ခါ ဤအ​ကြောင်းများ 
သင်​ခဏ​​လောက်​ ​တွေးဖူးသလား။ 
အို...အသင်​လူသား 
အချိန်​မလွန်​ခင်​ နိုးထပါ။့ 
မယူမြိုင်မှ အဖြူရောင်မေတ္တာ
ရေးသားသူ- နီဂြောဓ (MYARF)
RB ကဗျာ
16.9.2015
မြင့်မားသီခေါင် မယူတောင်ပေါ်
ရင်သပ်ရှုမော မနောလန့်အောင်
တောင်ထွတ်ကြီးက အစွန်းနှစ်ခု
ထွတ်ကြီးဘေးနား ဥသျှစ်ပင်အို
အုပ်မိုးနေလျက် ပုသိမ်ထီးလို
ထွတ်ကြီးကြားမှာ စမ်းရေနှစ်ပေါက်
ကျောက်စမ်းရေလည်း အေးမြင်စင်ကြည်
ယိုစီးနေလျှက် မျက်စိစုံလို
အရုဏ်လင်းရောင် ပထမဆုံး
ဖြာဆင်းလာတော့ မျက်နှာသစ်ဖို့
အနှိုင်းမဲ့တဲ့ တောင်ထွတ်ကြီးသို့။
ရာဇဝင်က တမူထူးခြား
တောင်ထွတ်ကြီးမှာ ချစ်စဖွယ်ရာ
ကာယာပူရီ ဘုရင်မနန်း
ကြံ့ခိုင်ခမ်းနား စိုက်ထူတည်ခဲ့
အရှိန်အဝါ အပြည့်အစုံ
ရက်စက်ညှဉ်းပန်း နေညမပြတ်
ကွိုခ်ျသျှောရ်ဇမ္ဗူ သူစိုးစံခဲ့။
ယုဇနပေါင်း သန်းထောင်ကျော်က
မယူပြည်က ဒေသခံများ
ညှဉ်းပန်းသူကို အနိုင်တိုက်ရန်
သဲကန္တာရ ကာရ်ဘလ္လာမှ
စစ်သူရဲကောင်း ဟားနီဖာထံ
သပြေခက်လို စစ်ကူတောင်းခဲ့
ဗိုလ်ပေါင်းရံပါ အစုံပါလျက်
ဟားနီဖာတို့ စစ်ချီတက်လာ
ကြိမ်ပေါင်းသုံးခါ တိုက်ချေခဲ့တော့
ဘုရင်မကို အောင်နိုင်သိမ်းခဲ့
ကာယာပူရီ ဘုရင်မနပ်
စစ်ဘက်ရန်သူ မုန်းတီးပေမယ့်
သူ့ရဲ့စွမ်းရည် ဂုဏ်ပြုတာမို့
ဟားနီဖာရဲ့ ကမ်းလှမ်းစာကို
ရိုသေလေးစား လက်ခံလိုက်ပြီး
မေတ္တာကွင်းထဲ မိသွားသလို
စစ်နိုင်သူရဲ ဟားနီဖာကို
လက်ထပ်ချည်နှောင် ရင်ထဲပွေ့ခဲ့။
မိဖုရားချော ကာယာဖူရီ
အစ္စလာမ်ခံ နှလုံးလှသန့်
ရွှေစင်ကဲ့သို့ ယဉ်ပါးလာလျက်
နှစ်ကိုယ်တစ်နန်း စံကြရခဲ့
အစ္စလာမ်ရဲ့ အေးချမ်းလှတဲ့
အရိပ်သာယာ အောက်ရောက်ခဲ့တော့
ညှဉ်းပန်းနှိပ်စက် ဇမ္ဗူပြည်ကြီး
ချမ်းမြေ့သာယာ ကြွယ်ဝလှခဲ့
ရိုဟင်မျိုးစေ့ ပျိုးချပေးရင်း
မေတ္တာဖြူနဲ့ ကောင်းကင်ပြာအောက်
အာဒမ်ဧဝ သံစဉ်ပမာ
သစ္စာပြည့်နဲ့ ရွှင်ပျော်ခဲ့တာ
မရဏမင်း ရောက်လာထိပင်။
အတုမဲ့တဲ့ သူ့ရဲ့မေတ္တာ
ဟားနီဖူရီ နှစ်ဦးစလုံး
မင်္ဂလာရှိ နတ်ရွာစံပြီး
စစ်မှန်မေတ္တာ သတိရလျက်
ဒီတောင်ထွတ်ကြီး နှစ်ခုလုံးက
သည်းသည်းထန်ထန် အမြဲငိုနေ
ငိုကြွေးမျက်ရည် စမ်းသွင်ပြောင်းလို့
တောင်ဘေးနံမှ အမြဲစီးယို။
ဒီဇာတ်လမ်းဟာ နှစ်ထောင်ပေါင်းက
ဖြတ်သန်းလာတာ တို့များဆီမှာ
ကျောက်သားပေါ်မှာ စွဲမြသလို
ဒီမေတ္တာလည်း လွမ်းတမ်းတရ
ရှင်သန်တော့မယ် ထာဝရပင်
ခုထိဒိဌ ကောင်းကင်ပြာထဲ
ငေးစိုက်ကြည့်ရင် ရှုမြင်ခံစား
နက်ရှိုင်းလှတဲ့ ဟားနီဖူရီ
မေတ္တာဇာတ်ရဲ့ အနှစ်ရသာ။
တောင်ခြေအောက်မှာ ရိုဟင်ရွာငယ်
ဘုရင်မိဖု အစွဲပြု၍
မှည့်ကြလာနေ မောင်နှမတဲ့။
ယခုထိပင် ရှေးထုံးဓလေ့
နေဝင်ချိန်ခါ တောင်ထွတ်ကြီးက
နေခြည်ပြာကျ ရောင်စုံဆည်းဆာ
တောင်ခြေအောက်ကို ရိုဟင်မလေး
ရေခပ်သွားပြီး ပြန်ဦးအလာ
ကာယာဖူရီ ဟားနီဖာရဲ့
မမေ့နိုင်တဲ့ အချစ်ဇာတ်လမ်း
အတွေးပေါ်လို့ ပြောဆိုကြရင်း
ခပ်တဲ့ရေလည်း အေးမြသန့်လို့
ချိုသာချိုအေး ချိုမြိန်တယ်လေ။
စာညွှန်း။ ။ မယူ = မေယုဒေသကို ခေါ်သော အသံထွက်
ကွိုခ်ျသျှောရ် = ကာယာဖူရီ စိုးခဲ့စဉ်က မေယုဒေသအမည်
ကျွန်မ တာဝန်ကျေပြီလားဟင်
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
1.9.2015
အရပ်ရှစ်မျက်နှာကို ဝန်းရံထားတဲ့
မဟာမြိုင်ကြီးအလယ်က ကျွန်မ....
အဲ့ဒီ မဟာမြိုင်ကြီးတွေ 
အလယ်ကဖောက်ထွက်ပြီး 
တောင်ထိပ်ကို အရောက် လှမ်းနိုင်ရမယ်လို့ 
စိတ်ပိုင်း ဖြတ်ထားခဲ့သလိုပဲ 
ကျွန်မ တကယ်လည်း အရောက်လှမ်းနိုင်ခဲ့ပြီလေ....
ဒါပေမယ့် ရှင်တို့ သိလား....
ကျွန်မ ချီတက်ရာ သွားလမ်းက 
လမ်းဆစ်တွေနဲ့ ကြမ်းတမ်းခဲ့တာ.... 
ကျွန်မ ချီတက်ရာ သွားလမ်းက 
ဆူးတွေနဲ့ ပြည့်နှက်ခဲ့တာ... 
ကျွန်မ ချီတက်ရာ သွားလမ်းက 
မရဏလမ်းလို ခက်ခဲခဲ့တာ..... 
ကျွန်မ ချီတက်ရာ သွားလမ်းမှာ 
ကျားသရဲများ ပေါ့နေခဲ့တာ..... 
ကျွန်မ ချီတက်ရာ သွားလမ်းက 
ကန္တာရာခရီးလို ဖြစ်ခဲ့တာ..... 
ကျွန်မ ချီတက်ရာ သွားလမ်းမှာ 
ပိတ်ဆို့မှုတွေ လျှံနေခဲ့တာပါ ရှင်...
ဒီ့အပြင် 
ကျွန်မ ချီတက်ရာ သွားလမ်းက 
ကျွန်မ အသားအရေကို မကြိုက်ခဲ့ဘူး... 
ကျွန်မ ချီတက်ရာ သွားလမ်းက 
ကျွန်မ မျက်နှာသွင်ပြင်ကို မနှစ်သက်ခဲ့ဘူး... 
ကျွန်မ ချီတက်ရာ သွားလမ်းက 
ကျွန်မ ကိုးကွယ်ရာကို မုန်းခဲ့ဖူးတယ် ရှင်.....
ဒီနည်းတွေနဲ့ပေါ့ 
ကျွန်မ ချီတက်ရာ သွားလမ်းက 
ကျွန်မကို အကြိမ်ကြိမ် စိတ်ဓာတ်ကျခိုင်းခဲ့တာပါ 
ကျွန်မကို အကြိမ်ကြိမ် ချော်လဲစေချင်ခဲ့တာပါ....
ဒါပေမယ့် 
ကျွန်မ အားမငယ်ခဲ့ဘူး... 
ကျွန်မ အားမလျှော့ခဲ့ဘူး.... 
ကျွန်မ ကြိုးစားမှုကို မရပ်လိုက်ဘူး... 
ကျွန်မ ရည်မှန်းချက် အထိမခံခဲ့ဘူး...
ကျွန်မ အားလျှော့ခဲ့ရင် 
ကျွန်မ လဲကျခဲ့ရင် 
ကျွန်မကို လှောင်ပြောင်နေမယ့်သူက 
ဝါးခနဲ့ ထခုန်မိမှာကို ကျွန်မ သိပြီးသားပါ... 
အဲ့လို လှောင်ပြောင်နေမယ့်သူတွေကို 
ကျွန်မ အလှည့်မပေးချင်ခဲ့ပါဘူး ရှင်...
ကျွန်မလေ 
နောင်လာနောက်သားတွေအတွက် 
အနာခံပြီး လမ်းဖောက်ပေးချင်ခဲ့တာပါ ရှင်... 
ဖယောင်းတိုင်လို လောင်ကျွမ်းခံပြီး 
အလင်းဆောင် ပေးချင်ခဲ့တာပါ ရှင်.... 
ရှင်းရှင်းပြောရရင် 
ကျွန်မရဲ့ မျိုးဆက်သစ်တွေအတွက် 
ကျွန်မ အတုယူစရာ ဖြစ်ချင်ခဲ့တာပါ ရှင်... 
နောက်ပြီး 
ကြိုးစားအားထုတ်မှုက အရာရာကို 
အောင်နိုင်စေတယ်ဆိုတာ 
ကျွန်မ လက်တွေ့ပြသချင်ခဲ့တာပါ ရှင်....
ကဲ့... ကျွန်မ တာဝန်ကျေပြီ မလားဟင်...
ကျွန်မ ဆက်လက်ပြီး ရင်ဆိုင်ချီတက်ဖို့လည်း အသင့်ပါပဲရှင်....
••• ဘူးသီတောင်မြို့နယ်မှ ဘာသာစုံ ဂုဏ်ထူးရှင် ရိုဟင်ဂျာသူလေး မမြတ်နန္ဒာခင်၏ အောင်မြင်မှုကို ဂုဏ်ပြု၍ ရေးဖွဲ့ပါသည်။
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
21.6.2015
ပန်းတိုင်ရှိရာသို့
နှင်ရတဲ့ခရီး ကြမ်းတမ်းသမို့
အကြိမ်ကြိမ်လဲလို့ ပြေးလမ်းလွဲလည်း
အားမာန်မပျက် ပြန်ပြန်ထ၍
ပန်းတိုင်ရှိရာ ငါပြေးနေ၏။
ချွေးစက်နှင့်လူ ခရီးပန်းသူ
ခြေကုန်လက်ပန်း ကျသည်ကြားက
ဇွဲ၊လုံလကို အဖော်ပြု၍
ပန်းတိုင်ရှိရာ ငါပြေးနေ၏။
ခရီးပန်း၍ မောဟိုက်နေလည်း
လွတ်လပ်မှုသာ တစ်ခုတည်းပါ
ထိုအတွေးကို ရင်မှာပိုက်၍
ပန်းတိုင်ရှိရာ ငါပြေးနေ၏။
ဖိနှိပ်ရက်စက် ပြင်းထန်လွန်းလည်း
အပြုံးမပျက် ရှေ့သို့သာချီ
ကျွန်ဘဝက လွတ်မြောက်ချင်ပြီ
ရိုဟင်ဂျာသားငါ
ပန်းတိုင်ရှိရာ ပြေးမြဲပြေးမည်။
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
13.6.2015
အဲ့ဒီပွဲပေါ့
×××××
အဲ့ဒီပွဲပေါ့
ငါ့ရင်ခုန်နှုန်းကို မြန်စေခဲ့တာ။
အဲ့ဒီပွဲပေါ့
ငါ့ခန္ဓာပေါ် ချွေးထွက်စေခဲ့တာ။
အဲ့ဒီပွဲပေါ့
နာရီကို ပိုမြန်စေချင်ခဲ့တာ။
အဲ့ဒီပွဲပေါ့
ငါ့အသားတွေကို တုန်ရီစေခဲ့တာ။
အဲ့ဒီပွဲပေါ့
ငါ့နှလုံးသားထဲ ကြည်နူးမှုတွေမွေးဖွားပေးခဲ့တာ။
အဲ့ဒီပွဲပေါ့
အားပါတရ လက်ခုပ်တီးခွင့်ပေးခဲ့တာ။
အဲ့ဒီပွဲပေါ့
အနိုင်ရဲ့အရသာကို စားခွင့်ပေးခဲ့တာ။
အဲ့ဒီပွဲပေါ့
အော်ဟစ်အားပေးရ ကျိုးနပ်စေခဲ့တာ။
အဲ့ဒီပွဲပေါ့
ခုန်ပေါက်ပြေးလွှား အောင်ပွဲခံခွင့်ပေးခဲ့တာ။
အဲ့ဒီပွဲပေါ့
ငါ့အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့တာ။
အဲ့ဒီပွဲပေါ့
မြန်မာ့အလံကို အမြတ်တနိုးဝှေ့ခွင့်ပေးခဲ့တာ။
အဲ့ဒီပွဲပေါ့
ငါ့မျက်လုံးကို အပျော်မျက်ရည်ပြည့်စေခဲ့တာ။
အဲ့ဒီပွဲပေါ့
မြန်မာနိုင်ငံသားဖြစ်တာကို ဂုဏ်ယူစေခဲ့တာ။
---------
##၂၀၁၅ ခုနှစ် ဇွန်လ (၁၃) ရက်နေ့၊ ဆီးဂိမ်ပြိုင်ပွဲ၌ ဗီယမ်နမ် ယူ-၂၃ ဘောလုံးအသင်းကို ထိုက်ထိုက်တန်တန် အနိုင်ယူခဲ့သော မြန်မာ ယူ-၂၃ ဘော်လုံးအသင်းကို ဂုဏ်ပြု၍ ရေးဖွဲ့လိုက်သည်။
ရေးသားသူ - အိမ်ဝေးသူ (KZ)
RB ကဗျာ
17.5.2015
# ပင်လယ်ပြင်မှ ရိုဟင်ဂျာရှိုက်သံ #
~~~~~~~~~~~~~~~~~~~~~~~
သပြေခက်တွေမပါခဲ့ဘူး။
ကံတစ်စက် ၊ ယုံကြည်ချက်တစ်ဖက်နဲ့
ပင်လယ်ပြင်ထဲ...ငါတို့ ထွက်ခဲ့တယ်။
x
ငါတို့ သယ်ဆောင်လာတာ
မုန်းတီးခြင်းတွေ မဟုတ်ရပါဘူး။
လူမမည်ကလေးတွေရဲ့
အက်ကြောင်းထပ်နေတဲ့ ဆာလောင်မှုတွေပါ။
x
ငါတို့ သယ်ဆောင်လာတာ
ပဋိပက္ခတွေလည်း မဟုတ်ရပါဘူး။
သက်ကြီးရွယ်အိုတွေရဲ့
ကောက်ရိုးတစ်မျှင်စာ ခိုကိုးလိုမှုတွေပါ။
x
ငါတို့ သယ်ဆောင်လာတာ
လက်နက်ကြီးငယ်တွေ မဟုတ်ရပါဘူး။
သားသည်မိခင်တွေရဲ့
အတောမသတ်နိုင်တဲ့ ငိုညည်းသံတွေပါ။
x
ငါတို့ သယ်ဆောင်လာတာ
အဆိပ်ပန်းတွေလည်း မဟုတ်ရပါဘူး။
လူငယ်တွေရဲ့
ကမ်းမမြင်လမ်းမမြင် အနာဂတ်တွေပါ။
x
ငါတို့
ဂုဏ်သိက္ခာတွေကို ချနင်းခံခဲ့သလို
အသက်တွေကိုလည်း ရင်းခဲ့တယ်။
ငါတို့ မွတ်သိပ်မှုအတွက်
သူတောင်းစားလို ရေငုံနှုတ်ပိတ်ခဲ့သလို
ကျောတစ်ခင်းစာအတွက်
စစ်သည်တော်လိုလည်း သတ္တိရှိခဲ့တယ်။
x
ငါတို့ အားနည်းချက်တွေကိုစုပြီး
မိုးပျံပူဖောင်းတွေ ဆောက်ပစ်လိုက်မယ်။
ငါတို့ မျက်ရည်တွေကိုပေါင်းပြီး
အားဆေးရည်တွေ ဖော်ပစ်လိုက်မယ်။
x
ကမ္ဘာကြီးရေ
ဒုက္ခတွေ ပွေ့ပိုက်လာတဲ့ ငါတို့ကို
ဒေါသတွေနဲ့ မဆီးကြိုလိုက်ပါနဲ့။
နာကျင်မှုတွေနဲ့ ရောက်လာတဲ့ ငါတို့ကို
ဥပေက္ခာတွေနဲ့ မစောင့်ကြိုလိုက်ပါနဲ့။
x
လူကို
ကယ်တင်တတ်တဲ့ လူတွေရဲ့
ကြီးကျယ်ခမ်းနားတဲ့ လူသားစိတ်ဓာတ်ကို
လှေတစ်စင်းနဲ့ ရိုဟင်ဂျာတို့ အလေးပြုပါရစေ။
--------------------
အိမ်ဝေးသူ(KZ)
--------------------
Rohingya Exodus