Pages

Saturday, April 29, 2017

အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ ငွေကျပ် ၁၁ သိန်း ညှစ်

Rohingya Eye
RB News
29.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမကျေးရွာအုပ်စုမှ အသက် ၁၅ နှစ် အရွယ် လူငယ်တစ်ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ ငွေကျပ် ၁၁ သိန်း ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ မောင်နှမ ကျေးရွာအုပ်စု၊ အောင်မင်္ဂလာရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ အချို့နှင့် ယင်းရွာမှ ရဲဝန်ထမ်းဟောင်း ဦးသန်းလွင် (အသက် ၅၅ နှစ်) တို့ပူးပေါင်း၍ ဧပြီလ (၂၅) ရက်နေ့ နံနက် ၉  နာရီအချိန်တွင် အလယ်ရွာမှ ဇူဘိုင်ရ် (ဘ) ဦးနူရူဆလာမ် (အသက် ၁၅ နှစ်) ကို နေအိမ်မှ အပြင်ထွက်နေစဉ် လမ်းပေါ်မှ ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင် ထားခဲ့သည်။ 

၎င်းအား ဘင်္ဂလားဆင်းမ်ကဒ်ဖြင့် မိသည်ဟု လုပ်ကြံစွပ်စွဲ၍ နောက်တစ်နေ့တွင် ငွေကျပ် ၁၁ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဇူဘိုင်ရ်၏ ဖခင်ဖြစ်သူက ယခင်က တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သော်လည်း ယခုအခါ တောင်ယာသို့ သွားရောက်နိုင်ခြင်း မရှိသောကြောင့် မိသားစုကို ခက်ခက်ခဲခဲ ရုန်းကန်ကျွေးမွေးနေရသည့် ကာလတွင် ယခုကဲ့သို့ မတရားသဖြင့် ငွေညှစ်ခံရခြင်း ဖြစ်သည်။

“အခုဆိုရင် တောင်ယာကိုလည်း သွားလို့မရဘူး၊ အသွားအလာ အခက်အခဲကြုံနေရတယ်၊ အလုပ်လက်မဲ့ ဖြစ်နေတဲ့အချိန်မှာ မတရားသဖြင့် ငွေညှစ်ခံရတာပါ။ အခုရဲတွေကိုပေးရတဲ့ငွေတွေကိုလည်း ရွာသားတွေဆီက အလှူခံပြီး ပေးတာ” ဟု ရပ်ရွာလူကြီးတစ်ဦးက ပြောပါသည်။




No comments:

Post a Comment