Rohingya Eye
RB News
11.5.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ အခြေစိုက် စ.ရ.ဖ ရုံးမှ တပ်ကြပ်အဆင့်ရှိသူ အောင်လှမြင့်သည် ရုံးမှ ထမင်းချက်အား ငွေညှစ်နိုင်ရန် အခွင့်အလမ်း ရှာမပေးသည့် အတွက်ဟု ဆိုကာ လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ အခြေစိုက် စ.ရ.ဖ ရုံးသို့ လွန်ခဲ့သည့် တစ်ပတ်က တပ်ကြပ် အဆင့်ရှိသူ အောင်လှမြင့် ရောက်ရှိလာခဲ့သည်။ ၎င်းသည် မေလ (၆) ရက်နေ့တွင် သောက်စားမူးယစ်ပြီးနောက် စ.ရ.ဖ ရုံးတွင် ထမင်းချက် တာဝန်ထမ်းဆောင်လျက် ရှိသော အင်းဒင်ကျေးရွာအုပ်စု အလယ်ရွာမှ ဦးယာစီးန် (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၃၀ နှစ်) ကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
အောင်လှမြင့်၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော ဦးယာစီးန်သည် ပြင်ပ ဆေးခန်းတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။ ဦးယာစီးန်ကို ရိုက်နှက်ရခြင်းမှာ ရွာသားများအား မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်နိုင်ရန် အခွင့်အလမ်း ရှာဖွေ မပေးသောကြောင့် ဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။
“စ.ရ.ဖ တပ်ကြပ် အောင်လှမြင့် ကတော့ လူမဆန်ဘူးလို့ ပြောရမယ်။ သူ့ကို ချက်ပြုတ်ကျွေးမွေး နေတဲ့လူ တစ်ယောက်ကို ဒီလောက် မရက်စက်သင့်ဘူး။ ထမင်းချက် တစ်ယောက်က ငွေညှစ်နိုင်ဖို့ ဂွင်မဖန် ပေးနိုင်လို့ ရိုက်တယ်ဆိုတာ တော်တော် ယုတ်မာတာပဲ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
ဦးယာစီးန်သည် စ.ရ.ဖ ရုံးတွင် လုပ်ကိုင်နေသည့် ထမင်းချက်အလုပ် မလုပ်တော့ဟုဆိုကာ နုတ်ထွက်ရန် တင်ပြခဲ့သော်လည်း အောင်လှမြင့်က ပစ္စည်းပျောက်ဆုံးသည်ဟု ဆိုကာ ထောင်ချမည်ဟု ခြိမ်းခြောက် သောကြောင့် အလုပ်ဆက်လက် လုပ်ကိုင်နေသည်ဟု သိရှိရသည်။

No comments:
Post a Comment