RB News
7.7.2017
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ၎င်း၏ လက်ထောက်ဖြစ်သူမှ တဆင့် အပြစ်မဲ့ ရိုဟင်ဂျာရွာသားများကို ၎င်း၏ နေအိမ်သို့ ဆင့်ခေါ်၍ လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ရိုက်နှက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။
ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ၎င်း၏ လက်ထောက်ဖြစ်သူ အီဆုပ် (ဘ) ဦးအာဘူလ်ဟာရှိမ်း မှ တဆင့် ယင်းကျေးရွာအုပ်စု ရပ်ကွက် (၉) မှ ဒေသခံများ ဖြစ်ကြသော ဦးဟာဖီးဇ်အာမတ် (ဘ) ဦးမာမတ်အစ္စလာမ်နှင့် ဦးဟာရှိမ်းမုလ္လာ (ဘ) ဦးဘော်ဒီရာမာန် တို့ကို ဇူလိုင်လ (၃) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အုပ်ချုပ်ရေးမှူး၏ နေအိမ်ရှိ ဂန့်ဂေါမြိုင်အောင်ပ န.တ.လ ရွာသို့ ဆင့်ခေါ်ခဲ့သည်။
ထို့နောက် ဆင့်ခေါ်ခံရသူနှစ်ဦးကို ရသေ့တောင်မှ လာသည့် လူစိမ်းတစ်ဦးကို ဧည့်ခံကျွေးမွေးခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ချုပ်နှောင်ထားခဲ့သည်။
ချုပ်နှောင်ခံခဲ့ရသူ နှစ်ဦးစလုံးက မဟုတ်မမှန်သည့် ကိစ္စတစ်ခုဖြစ်၍ ၀န်မခံသောအခါ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးနှင့် ၎င်း၏ လက်ထောက်ဖြစ်သူ အီဆုပ်တို့နှစ်ဦးစလုံးက တုတ်များဖြင့် ဦးဟာဖီးဇ်အာမတ်ကို လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် နှစ်သိန်း တောင်းခံခဲ့သည်။ ဦးဟာဖီးဇ်အာမတ်ကို ရိုက်နှက်နေစဉ် ဦးဟာရှိမ်းမုလ္လာလည်း ရိုက်နှက်ခံရတော့မည်ကို စိုးရိမ်သည်ကတစ်ကြောင်း၊ ရွာသားတစ်ဦးကို မိမိ၏ ရှေ့မှောက်တွင် ညှဉ်းပန်းနှိပ်စက်နေသည်ကို ကြည့်မနေသည်က တစ်ကြောင်းတို့ကြောင့် အုပ်ချုပ်ရေးမှူး တောင်းသည့် ငွေကျပ် နှစ်သိန်း ပေးပါမည်ဟု ကတိပြုခဲ့သည်။ အုပ်ချုပ်ရေးမှူးက ငွေကျပ် နှစ်သိန်း ရမည်ဟု ကတိရမှ ရိုက်နှက်နေခြင်းကို ရပ်တန့်ခဲ့ပြီး၊ နောက်ဆုံးတွင် ငွေကျပ် နှစ်သိန်း ပေး၍ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးသည် အုပ်ချုပ်ရေးမှူး ရုံးတွင် ရုံးမထိုင်ဘဲ နေအိမ်မှနေ၍ ၎င်း၏ လက်ထောက်ဖြစ်သူ အီဆုပ်မှ တဆင့် ရိုဟင်ဂျာရွာသားများကို တစ်ဦး (သို့မဟုတ်) နှစ်ဦးစီ ဆင့်ခေါ်၍ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ရိုက်နှက်၍ ငွေညှစ်ခြင်းများကို မကြာခဏ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောပါသည်။

No comments:
Post a Comment