Pages

Wednesday, June 13, 2018

လယ်မြေများ၊ ပုဇွန်ကန်များ အမည်ပြောင်းရန် အတွက် မြေတိုင်းစာရေးများက အဆမတန် ငွေယူနေ

Rohingya Eye
RB News
13.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ မြေတိုင်းစာရေးများသည် ၎င်းတို့ တာဝန်ကျရာ ကျေးရွာအသီးသီးတွင် လယ်မြေပိုင်ရှင်များ၊ ပုဇွန်ကန်ပိုင်ရှင်များ အမည်ပြောင်းပေးခြင်း ဆောင်ရွက်ပေးရန်အတွက် ငွေကြေး အမြောက်အမြား ယူနေသည်။ 

ယခင်က လယ်မြေပိုင်ရှင်များ၊ ပုဇွန်ကန်ပိုင်ရှင်များ ကွယ်လွန်သွားလျှင်လည်း မိသားစုဝင်များက အမည်မပြောင်းဘဲ ဆက်လက် လုပ်ကိုင်နိုင်ခဲ့သော်လည်း ယခုနှစ်မှစ၍ ပိုင်ရှင်များ ကွယ်လွန်သွားလျှင် သက်ရှိထင်ရှားရှိသည့် မိသားစုဝင်များ၏ အမည်သို့ ပြောင်းလဲရမည်ဟု မေလ (၁၂) ရက်နေ့က မြို့မကညင်တန်းကျေးရွာအုပ်စု၊ မောင်နီရွာတွင် သက်ဆိုင်ရာဌာနက ပြောဆိုခဲ့သည်။ 

အမည်ပြောင်းလျှင် မြေတိုင်းစာရေးအား လယ်မြေ ၀.၄ ဧက အတွက် ငွေကျပ် နှစ်သောင်းငါးထောင်၊ ပုဇွန်ကန်တစ်ဧကလျှင် ငွေကျပ် ခုနှစ်သောင်းငါးထောင် ပေးနေရသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

မြေတိုင်းစာရေး တောင်းခံသည့် ငွေကို မပေးပါက ပိုင်ရှင်မဲ့ မြေဟု သတ်မှတ်မည်ကို စိုးရိမ်ရသည်ဟု လယ်မြေပိုင်ရှင် တစ်ဦးက သုံးသပ်ပြောဆိုသည်။

“မြေတိုင်းစာရေး တောင်းတဲ့ငွေမပေးဘူးဆိုရင် ကျွန်တော်တို့ ဘိုးဘွားပိုင်မြေတွေကို ပိုင်ရှင်မဲ့ သတ်မှတ်ပြီး ကုမ္ပဏီတွေကို ငှားရမ်းဖို့လုပ်နိုင်တယ်” ဟု ပြောသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင်ကျေးရွာ၊ ငန်းချောင်းကျေးရွာနှင့် ငါးစကြူးကျေးရွာ စသည့် ကျေးရွာများတွင်လည်း လယ်မြေပိုင်ရှင်များထံမှ မြေတိုင်းစာရေးများက အမည်ပြောင်းခိုင်း၍ ငွေယူခဲ့ကြောင်း ဒေသခံများက ဆိုသည်။ 

မြေတိုင်းစာရေးများသည် ရွာတစ်ရွာလျှင် ငွေကျပ် သိန်းတစ်ရာ နီးပါးရရှိနေသည်ဟု ဒေသခံများက ပြောပါသည်။ 

လယ်မြေပိုင်ရှင်းတစ်ဦးက “ကျွဲ၊ နွားတွေ ရှားသွားတာကြောင့် စပါးစိုက်ပျိုးရန် အခက်အခဲ ဖြစ်နေတဲ့အချိန်မျာ ဒီလိုမျိုး ငွေညှစ်နေတာတွေက အရမ်းကို ရက်စက်သလို ဖြစ်နေတယ်။ လယ်မြေပိုင်ရှင် နာမည် ပြောင်းပေးရမှာ သူတို့တာဝန်ပဲ၊ အခုလို အကျပ်အတည်းမှာ အဆမတန် ငွေညှစ်နေတာက အထက်က အမိန့်အတိုင်း လုပ်နေတာလား၊ အောက်ခြေက လုပ်နေတာလား ဆိုတာတော့ သိချင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 



No comments:

Post a Comment