နိုင်ငံတော်သမ္မတ ဦးထင်ကျော်
နေပြည်တော်
ပြည်ထောင်စုမြန်မာနိုင်ငံ
ရက်စွဲ ။ ။ ၂၀၁၇ ခုနှစ် ဇွန်လ (၄) ရက်
အကြောင်းအရာ ။ ။ ဗီဒီယိုမှတ်တမ်းများအပြင် အမေ့လျော့ခံ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူပေးပါရန် တင်ပြခြင်း
လေးစားစွာဖြင့်
၁။ ၂၀၁၇ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက "လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များအား စုံစမ်းစစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူသွားမည်" ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ကို ဖတ်လိုက်ရပါသည်။ အဆိုပါ သတင်းထုတ်ပြန်ချက်သည် စစ်ဝတ်စုံဝတ်အချို့က အရပ်ဝတ် (၄) ဦးကို ကိုယ်ထိလက်ရောက်ပြုမှုနေသည့် (၁၇) မိနစ်ကြာမြင့်သော ဗီဒီယိုနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက် ဖြစ်သည်ဟု သိရှိရပါသည်။
၂။ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် "မြန်မာနိုင်ငံအစိုးရအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့ပါက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သန္နိဌာန်ချမှတ်ထားပြီ ဖြစ်ပါသည်" ဟု ပါရှိသည်ကို တွေ့ရှိရပါသည်။ ထိုသို့ သတင်းထုတ်ပြန်သည်ကို ပြည်သူများအနေဖြင့် အထူးကြိုဆိုပါသည်။
၃။ ကျွန်ုပ်တို့ ရခိုင်ပြည်နယ်၊ မောင်တောနှင့် ဘူးသီးတောင် ဒေသများတွင် လက်နက်ကိုင် စစ်တပ်များ၊ နယ်ခြားစောင့်ရဲများနှင့် ရဲတပ်ဖွဲ့ဝင်များသည် အပြစ်မဲ့သော အရပ်သား ရိုဟင်ဂျာများအပေါ် နေ့စဉ်ရက်ဆက် လူ့အခွင့်အရေးချိုးဖောက်နေလျက်ရှိပါသည်။ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ အမျိုးသားများကို မတရားအသင်းအဖွဲ့နှင့် ဆက်နွယ်နေသည်ဆိုသော အခြေအမြစ်မရှိသော စွပ်စွဲချက်များဖြင့် မတရား ဖမ်းဆီးနေခြင်း၊ အခြားသော စွပ်စွဲချက်မျိုးစုံဖြင့် ဖမ်းဆီးပြီး ငွေညှစ်နေခြင်း၊ အသွားအလာများ ကန့်သတ်ပိတ်ပင်နေခြင်း စသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အစိုးရ လက်နက်ကိုင် အဖွဲ့အစည်းများက နေ့စဉ်ရက်ဆက်ဆိုသလို ကျူးလွန်နေလျက်ရှိပါသည်။ ဒေသခံ အပြစ်မဲ့ ရိုဟင်ဂျာများအပေါ် အစိုးရလက်နက်ကိုင်အဖွဲ့အစည်းများက ဤသို့ လူ့အခွင့်အရေးချိုးဖောက်နေသည်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးက ပြောင်းပြန်သတင်းထုတ်ပြန်ပြီး အများပြည်သူကို လှည့်စားနေလျက်ရှိသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။
၎။ မောင်တောနှင့် ဘူးသီးတောင် ဒေသများတွင် ဒေသခံများအပေါ် အစိုးရလက်နက်ကိုင်များ၏ ဥပဒေပ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို နေ့စဉ်နှင့်အမျှ လူမှုကွန်ရက်ပေါ်တွင်ဖြစ်စေ၊ သတင်းဌာနများမှတဆင့်ဖြစ်စေ တင်ပေးပြီး အစိုးရတာဝန်ရှိများကို သိစေသော်လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ဖြစ်ရပ်မှန်များကို တကယ်မလေ့လာ မစူးစမ်းဘဲ အခြေအမြစ်မရှိသော စွပ်စွဲချက်များဆိုကာ ပယ်ချလျက်ရှိနေသည်။ ဤသို့ ပယ်ချနေသည်ကြားကပင် လွန်ခဲ့သော ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာ၌ အစိုးရလက်နက်ကိုင်များက ဒေသခံရိုဟင်ဂျာများစွာကို ဖမ်းဆီးပြီး အမျိုးမျိုး ညှဉ်းပန်း နှိပ်စက်နေသော ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့ နှံ့ခဲ့ပါသည်။ အဆိုပါ ဗီဒီယိုဖိုင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးက ငြင်းဆန်ပယ်ချနိုင်ရန် အလျဉ်းမရှိခဲ့ကြောင်း တွေ့ရှိရပါသည်။
သမ္မတကြီးခင်ဗျား --

၅။ အမျိုးသမီးများကို အစိုးရလက်နက်ကိုင်များက မုဒိမ်းကျင့်နေချိန် မည်သူက ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်နိုင်မည်နည်း။ ထိုသို့ စစ်တပ်၏ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုကို ကော်မရှင်ရှေ့မှောက်၌ ထွက်ဆိုဝန်ခံခဲ့ဖူးသည့် မောင်တော မြောက်ပိုင်း ကြက်ရိုးပြင်ကျေးရွာမှ အမျိုးသမီးအချို့ကို ဒေသအာဏာပိုင်များက ထိုသို့ဝန်ခံရကောင်းလားဆို၍ ဖမ်းဆီးသတ်ပစ်ရန် ရှာဖွေနေ၍ အဆိုပါ အမျိုးသမီးများသည်လည်း နိုင်ငံထဲမှ ထွက်ခွာရပြီး အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံ၌ ခိုလှုံနေရပါသည်။ ကျွန်ုပ်တို့ ပြည်သူများသည် အကယ်၍ မတရားသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုမခံရလျှင် ဤကဲ့သို့ ဖိအားများအောက်တွင် အဘယ်ကြောင့် ဝန်ခံရမည်နည်း။ ဤသို့ ကာယကံရှင် ကိုယ်တိုင်က ဝန်ခံခဲ့သည်ကိုလျှင် မဟုတ်မမှန် စွပ်စွဲချက်ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ပြည်သူကို လှည့်စားသော ထုတ်ပြန်ချက်များ ထုတ်ခဲ့ဖူးပါသည်။
၆။ ပြည်သူ့အသံကို အလေးထားခြင်းသည် အစိုးရကောင်းတစ်ရပ်၏ တာဝန်ဖြစ်ပါသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ပြည်သူက တိုက်ရိုက်အသံမထုတ်နိုင်သောအခါ နည်းအမျိုးမျိုးဖြင့် အသံထွက်လာပါသည်။ ခေတ်မီတိုးတက်လာသော ခေတ်ဖြစ်သည့်အလျောက် လူမှုကွန်ရက်၊ သတင်းဌာနများကို ကြည့်လျှင် ရိုဟင်ဂျာများအပေါ် အာဏာပိုင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သိရှိနိုင်မည်ဖြစ်ပါသည်။ အကယ်၍ ပြည်သူများ၏ မတရားလူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို လျစ်လျူရှုသည့်အပြင် အပြန်စွပ်စွဲနေမှုများ များပြားလာလျှင် မတရား ခံနေရသူများသည်လည်း မထူးဇတ်ခင်းသော ဘဝသို့ ရောက်ရှိသွားမည်မှာ သဘာဝပင် ဖြစ်ပါသည်။
၇။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် အာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်နှင့်အညီ နိုင်ငံတော်အတိုင်ပင်ခံရုံး၏ မဟုတ်မမှန် သတင်းထုတ်ပြန်ချက်များကို စီစစ်၍ မှန်မှန်ကန်ကန် သတင်းထုတ်ပြန်ပေးရန် အတွက် ညွှန်ကြားပေးပါရန် အလေးအနက် တင်ပြလိုက်ပါသည်။ ထို့အပြင် မတရား လူ့အခွင့်အရေးချိုးဖောက်ခံနေရသော ရိုဟင်ဂျာပြည်သူများ၏ အသံကို လျစ်လျူရှုမထားဘဲ၊ ဗီဒီယိုမှတ်တမ်းများအပြင် အခြားသော အမေ့လျော့ခံ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကိုလည်း တည်ဆဲဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူပေးပါရန် လေးစားစွာ လေးလေးနက်နက် တင်ပြလိုက်ပါသည်။
မောင်တောခရိုင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့

No comments:
Post a Comment